Monday, September 7, 2009

ဘ၀မှတ်တမ်းခြေရာများ

အလုပ်ပါးတာနဲ့ ဒီနေ့ ဘလော့လည်ဖတ်ပါတယ်။
ဟင်းလင်းပြင်ဘလော့ ဘေးမှာ ဖတ်လို့ရနိုင်မယ့် စာအုပ်စာရင်းမှာ မောင်ဒေါင်းရဲ့ တတောလုံးကြွေ ဆိုတာလေး မြင်တော့ အံ့သြ၀မ်းသာသွားရတယ်။
ပန်းချီအေးကို ရဲ့ လက်ရာပန်းချီကားကို မျက်နှာဖုံး လုပ်ထားတာ
ဖတ်ချင်ရင် ဒီမှာ ဖတ်လို့ရပါတယ်

ကျော်ကျော်ဝင်းရဲ့ ဒီဇိုင်း ပုံဖော်မှု
အဲဒီစာအုပ်က vertex four နာမည်နဲ့ ကျမတို့ သူငယ်ချင်း လေးယောက် ထုတ်ခဲ့တဲ့ ဒုတိယ စာအုပ်ပါ။ ပထမဆုံးထုတ်ဖြစ်တာက ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူမြင်းသည်တော် ပါ။
၁၉၉၅-၉၆ ခုနှစ်တွေ အတွင်း စာအုပ်ထုတ်ဝေရေး လုပ်ခဲ့တုန်းက အကြောင်းလေးတွေကို သတိတရ မှတ်တမ်းတင်ရင်း ပြောပြပါရစေ…

စာရေးဆရာ မောင်ဒေါင်းရော ကဗျာဆရာ အောင်ဝေး ရော ၂ယောက်စလုံး ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့သူတွေပါ။

ခုစာအုပ်ကို ထုတ်မယ်ဆိုတော့ စာအုပ်မျက်နှာဖုံးကို ပန်းချီဆရာ အေးကို ဆီကနေ အလကား သွားတောင်းခဲ့တာ ကျမပါ။ သူဆွဲထားတဲ့ ဒီပန်းချီကားကို ကျမက စာအုပ်မျက်နှာဖုံး သုံးချင်လွန်းလို့ အလကား ရအောင်ကို တောင်းတာပါ။ ပုသိမ်သားချင်းလဲ ဖြစ်၊ ကျမနဲ့ငယ်သူငယ်ချင်း၊ နောက် စစ်ကြောရေးစခန်းမှာ တချိန်တည်း ရောက်နေခဲ့ရပြီး ထောင်ထဲက နေ အထူးခုံရုံးကို ရုံးချိန်းတူတူ ထွက်ခဲ့ရသူလဲ ဖြစ်ပါတယ်။

ကျမနဲ့ တူတူ စာအုပ်ထုတ်ဖို့ ပိုက်ဆံဝိုင်းထည့် ပေးတဲ့ သူငယ်ချင်း ၃ ယောက်စလုံးကလဲ နိုင်ငံရေးမှုနဲ့ ထောင်ထွက်တွေချည်းပါ။ (ခုတော့ တယောက်အော်စီ ၊တယောက် လွတ်မြောက်နယ်မြေမှာ ကွယ်လွန် ၊တယောက်(ကျမ)လွတ်မြောက်နယ်မြေ ၊တယောက် ပြည်တွင်းမှာ အောင်မြင်သော စီးပွားရေးသမား)။

ယောက်ျားလေး ၃ ယောက် မိန်းကလေး ကျမတယောက်နဲ့ ဒီအဖွဲ့လေးစလုပ်တော့ နာမည်ကိုလဲ ၃ ယောက် တယောက်အရ ဦးစားပေးအဖြစ် ကျမကပဲ ရွေးပါတယ်။ အဖွဲ့နာမည်ရွေးချိန်က ရန်ကုန်မော်တင်လမ်းမှာ နေချိန်ပါ။ မော်တင်လမ်းအိမ်ကနေ ကမ်းနားဘက်ကို လှမ်းကြည့်ရင်း လှိုင်းတွေကို မြင်လိုက်ချိန်မှာ ဒီVertex ဆိုတဲ့ စာလုံးလေး ခေါင်းထဲကို ၀င်လာတာပါ၊

လိုဂိုကိုလဲ ပုသိမ်သား ကျော်ကျော်ဝင်း ကျမတို့လိုပဲ ဗကသ အဖွဲ့ ၀င် ထောင်ထွက် ကပဲ လုပ်ပေးတာပါ။ ၈၈ ကိုလဲ မမေ့နိုင်ဖြစ်နေတော့ ၈၈ ပါအောင် ဘယ်လို ပုံလေး လုပ်ရင်ကောင်းမလဲ စဉ်းစားပေးစမ်းပါ ဆိုတာကို မရ ရအောင် စဉ်းစားပေးခဲ့တဲ့ ကျော်ကျော်ဝင်း၊ ၈၈ အောင်မြင်ရမယ်ဆိုတဲ့ ဗွီစာလုံးပါအောင် သူကပဲ စဉ်းစားပေးခဲ့တာပါ။ လေးယောက်အဖွဲ့ဆိုတော့ ၄ ကလဲ ပါချင်နဲ့ ပါချင်တာတွေ များနေသမျှ အကုန်လုံး လိုဂိုထဲမှာ ပြည့်စုံအောင် စဉ်းစားပေးတဲ့ သူ့အိုင်ဒီယာတွေထဲက ဒီလိုဂိုလေးကိုတော့ ကျမတော်တော်ကြိုက်တာနဲ့ ရွေးပြီး ကျန် ၃ယောက်ကို အကြောင်းကြား ပြလိုက်တော့ သူတို့ကလဲ မြင်တာနဲ့ ကန့်ကွက်သူမရှိ လက်ခံခဲ့ပါတယ်။ လိုဂိုကို မပြီးမချင်း မဂိုလမ်းက သူတို့ရဲ့ ဆိုင်းဘုတ်ရေးတဲ့ အလုပ်နေရာလေးမှာ တဂျီဂျီ နဲ့နေ့ဆက်သွားစောင့်ပြီး ယူတဲ့ ကျမကို အမကိုတော့ လက်လန်တယ်လို့ အမြဲပြောတတ်တဲ့ ကျော်ကျော်ဝင်းလဲ ဆုံးပါးသွားရှာပြီ။ ကျမတို့ အဖမ်းခံရတုန်းက ထုတ်တဲ့ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်စာစောင်ရဲ့ လက်ရေးစားလုံး အားလုံးကို သူရေးပေးခဲ့တာပါ။

စာအုပ် ကို ပုံနှိပ်ထုတ်ဝေပေးတဲ့ အေဇက် ပုံနှိပ်တိုက်ကလဲ ပုသိမ်သား ပန်းချီဆရာ မြင့်ဝင်းမောင် ပိုင်တာပါပဲ။ ကျမတို့ မင်္ဂလာဆောင်တုန်းက ဖိတ်စာတွေကို မေတ္တာလက်ဖွဲ့ပုံနှိပ်ပေးခဲ့သူလဲ ဖြစ်ပါတယ်။ အဲဒီတုန်းက မင်္ဂလာဆောင်ကို ခေါ်လာတဲ့ သူတို့ သမီးလေးဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ ပျောက်ဆုံး စာရင်းနဲ့ မီဒီယာတွေမှာ တက်လာပြီးမှ အဖမ်းခံရမှန်းသိခဲ့ရတဲ့ သူကလေးပါ။ နောက်ပိုင်း ပြန်လွတ်လာတယ် လို့ သတင်းကြားပါတယ်။

အဲလိုလူတွေစုပြီး ထုတ်ဝေတဲ့ ချစ်သူမြင်းသည်တော်နဲ့ တတောလုံးကြွေ စာအုပ်ဟာ စာရေးဆရာ ကဗျာဆရာတွေကိုလဲ စာမူခတပြားမှမပေးခဲ့ရပါဘူး။ (သူတို့လက်ဆောင်ပေးဖို့ စာအုပ်တွေတော့ ပေးခဲ့ပါတယ်)။ ထုတ်ဝေခွင့်ကတော့ ၀ယ်ရပါတယ်၊

စာပေစီစစ်ရေးမတင်ခင် စာလုံးအကျအနတွေဖတ်ရတာ၊ စာအုပ်ချုပ်တာကအစ ကိုယ်တိုင် လိုက်ကြည့်ရပါတယ်၊ ဒါတောင် လုပ်ပေးသူတွေ ကူပေးသူတွေက အကုန် စိတ်ချရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါ၊ (ပုသိမ်သူပုသိမ်သားတွေက အဲလိုစည်းလုံးညီညွတ်ကြတယ် အဟုတ်ပါ။)

စာပေထုတ်ဝေရေး လုပ်ကြည့်တော့မှ စာပေကင်ပေတိုင်ရုံးကို သွားရတဲ့အခါတိုင်းတွေ့ရတဲ့ ဒုက္ခတွေ ပေးရတဲ့ ငွေကြေးတွေ အဟောက်ခံရတဲ့ အဖြစ်တွေ စောင့်စားရတဲ့ အချိန်တွေဟာ တော်တော်လေး ကြီးမားလှချည်လားလို့ သိလိုက်ရပါတယ်။ ခြေတိုအောင်သွားရတယ် ဆိုတဲ့ စကားကို လက်တွေ့ကြုံရမှ နားလည်တတ်ခဲ့ပါတယ်။

ဒုတိယ စာအုပ်ထုတ်ဖို့အားလုံး ပြီးခါနီးမှာ သူငယ်ချင်းတယောက်က ပြင်သစ်ကို သွားပါတယ်။ ကျန်တဲ့ တယောက်က သူတို့ အိမ် စီးပွားရေးကို သူဝင်လုပ်ပေးရတော့မယ်တဲ့။ နောက်တယောက်က အလွတ်ပညာသင်ကျောင်းဖွင့်ပါတယ်။ ဒါနဲ့ ကျမတယောက်တည်း လုပ်ရတာ ဆိုတော့ အိမ်ကအလုပ်လဲ ကူရသေးနဲ့ ဆက်မထုတ်ဖြစ်တော့ဘူး။ အဲဒီတုန်းက ဆက်ထုတ်ဖို့ပြောထားတာက လူငယ်စာရေးဆရာမတွေဖြစ်တဲ့ မေငြိမ်း၊ ခက်မာ ၊ မိုးချိုသင်း ၊မိုချာ့ တို့ ၄ယောက် လောက်ရဲ့ ၀တ္ထုတိုလေးတွေ စုထုတ်မလို့ပြောထားပြီးသားပါ၊ ဒါပေမယ့် ဆက်မထုတ်ဖြစ်ဘူး။ အဲလိုဆက်မထုတ်ဖြစ်တဲ့အခါကျတော့ ငွေက လိုက်သိမ်းရတာချည်း ဖြစ်နေတယ်၊ ကိုယ့်စာအုပ်တွေတင်ပေးထားတဲ့ ဖြန့်ချီရေးတွေကို ငွေလိုက်စုရတဲ့ မျက်နှာကလဲ တော်တော်ငယ်ရပါတယ် ၊ ကိုယ်တွေ့ဆိုတော့ အင်မတန်ကြီးမားတဲ့ အတွေ့အကြုံတွေပေါ့၊ ဘယ်စာပေဖြန့်ချီရေးနဲ့ ဘယ်စာပေဖြန့်ချီရေးက မတည့်တာတွေ၊ ဘယ်သူက လက်ခက်တယ် ဘယ်သူက ဘယ်လို ဆိုတာတွေကို အကြားတင်မဟုတ်ပဲ လက်တွေ့သိခဲ့ရတယ်၊ ကျမတယောက်တည်း ပဲ အားလုံး ဒိုင်ခံလုပ်ပေးခဲ့ရတဲ့ အချိန်ဆိုတော့ တခြားလူတွေထက် စာပေထုတ်ဝေရေးကို တော်တော်နားလည်သဘောပေါက်ခဲ့တယ်၊

ငွေကြေးအရ စလုပ်ခါစ ဖြစ်တဲ့အတွက် စာအုပ်ထုတ်ရင်ကျွေးတဲ့ စားစရိတ်တွေထဲကို အမြတ်တွေ ရောက်ကုန်တယ် ထင်ပါရဲ့၊ လက်ထဲမှာ ငွေကြေးအရမမြတ်ပါဘူး။ ဒါပေမဲ့ အတွေ့အကြုံတွေ အသိပညာတွေ အများကြီး ရခဲ့ပါတယ်၊ ချစ်သူမြင်းသည်တော်စာအုပ်က ပြတ်သွားလို့ ထပ်ရိုက်ရပါသေးတယ်၊ ရန်ကုန်တက္ကသိုလ် အာရ်စီ ထဲက လက်လီရောင်းတဲ့ စာအုပ်ဆိုင်က တော်တော်ဖြုန်းပေးနိုင်တယ်ဆိုတာလဲ သိရပါတယ်၊ သူ့ရဲ့ ရောင်းအားက တချို့စာပေဖြန့်ချီရေးထက်တောင် များပါသေးတယ်၊ တက္ကသိုလ်ကျောင်းသားတွေ ကဗျာကို စိတ်ဝင်စားတယ် မြတ်နိုးတယ်ဆိုတာ လက်တွေ့ပေါ့၊ တကယ်တော့ ကျမ စာအုတ်ထုတ်ဝေရေး လုပ်ဖို့ စိတ်မကုန်ခဲ့ပါဘူး။ တနေ့နေ့ တချိန်ချိန်ပြည်တွင်းကို ပြန်ရောက်ခဲ့ရင် ကိုယ့်စိတ်ကြိုက်တွေကို ထုတ်ဝေရေး လုပ်ဖို့ စိတ်ကူးရှိနေဆဲပါ၊ တနေ့နေ့တော့ ဖြစ်လာမယ် ထင်တာပါပဲ။

အဲဒီကျရင် ရှယ်ယာ ပါချင်ကြသလားးး စာရင်းလာပေးထားနော်….
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

18 comments:

kay said...

ပါမယ်..( ၁)း)

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ပါမယ်... (၂)
း)

မီယာ said...

အမရေ နိုင်ငံခြားမှာတော့ publisher တွေက သူဌေးပဲ :)

တန်ခူး said...

တို့ လဲလိုက်မယ် ချန်မထားနဲ့ … မ ရေ ပါမယ် (၃)…

JulyDream said...

စာအုပ်ထုတ်မယ်ဆို ရှယ်ယာပါချင်တယ်။ လယ်မစိုက်တော့ဘူး ဆိုရင် ပါမယ်လေ။ မဟုတ်ရင်တော့ မယုံရဲသေးဘူးကွယ်။ ဟဲဟဲ...

အိမ့်ချမ်းမြေ့ said...

ထီလက်မှတ် သွားဝယ်လိုက်ဦးမယ် အစ်မ :P

သတိရတယ်အစ်မရေ..
နေကောင်းအဆင်ပြေပါစေ။

Anonymous said...

The idea for logo is very good.

မဆုမွန် said...

ဖြန့်ချီရေး တာဝန်ယူတယ်နော်

kiki said...

V ပုံ နဲ့ 88- Logo လေး ကြိုက်တယ် အမ ရေ ..
LV နဲ့ အပြိုင် နာမယ်ကြီး ရင် ကောင်းမှာဘဲ...

နွေဆူးလင်္ကာ said...

ရောက်ပါတယ် အစ်မရေ.. ဈေးသည်ကြီး ဆန်ရွှေကို လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်

Rita said...

ပါမယ်
ရေးလဲ ရေးမယ်

မေငြိမ်း said...

လွမ်းစရာ အချိန်တွေပဲ...။

ကြည် said...

သက်ဝေ တို့ တန်ခူးတို့လို ပါဖို့ရာလည်း ပိုက်ဆံမရှိ၊ ရေးဖို့ရာလည်း ရီတာ လို လည်းမရေးတတ် ဆိုတော့ မရေ စာအုပ်ထွက်ရင်တော့ ထိပ်ဆုံးက အားပေးမဲ့ စာဖတ်သူပဲ လုပ်တော့မယ်နော်။

s0wha1 said...

မိုက်လိုက်တာ လိုဂိုလေးက

Moe Cho Thinn said...

အဲဒီတုန်းက အမတို့အုပ်စုက တကယ်ခင်ဖို့ ကောင်းတာ။ ပျော်လဲပျော်စရာကြီး။ ကိုမိုးကျော်ထွန်းက ရေခဲမုန့် ၀ယ်ဝယ်ကျွေးတာ သတိရတယ်။ အခု သူက အော်ဇီမှာလား အမ။
အမရာ..လွမ်းပါဘိ။

ခင်မင်းဇော် said...

ချိုသင်းးးရေ .. မိုးကျော်သူပါဟ.. ဟိဟိ ဟုတ်ပ အော်စီရောက်နေတယ်။ ကျောင်းဆရာက ဆုံးသွားပြီ။

Anonymous said...

emm.. funny text