Sunday, November 15, 2009

ဂျာမဏီကို ရောက်ခဲ့တယ်...

အင်တာနက်ပျက်နေတော့ တီဗွီချည်း ထိုင်ကြည့်ဖြစ်နေတယ်။ ဒါနဲ့ပဲ နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်းပြိုတဲ့ နှစ် ၂၀ ပြည့် သတင်းတွေကို ကြည့်ဖြစ်ရင်း ဂျာမဏီကို အလည်တခေါက် ရောက်ခဲ့တာလေး ရေးချင်လာမိတယ်။( မနှစ်က နှစ်သစ်ကူးကို ဂျာမဏီမှာ သူငယ်ချင်းတွေနဲ့ဆုံခဲ့တယ်။)

အဲဒီဂျာမဏီခရီးစဉ်ရဲ့ စီစဉ်သူအစက ဒိန်းမတ်ကို လာခဲ့ပါလို့ ဘလော့စီဘောက်ကနေ လာဖိတ်တဲ့ ကိုသက်ဦးပါပဲ။ ကျမ နော်ဝေးကိုရောက်နေတုန်း ဒိန်းမတ်ကို လာလည်ဖို့ ဖိတ်ခေါ်ပြီးတော့ ကျမက ဆက်သွယ်ပြီး ရက်ချိန်းတော့ ကျမသွားချင်တဲ့ ရက်မှာ သူတို့က ဂျာမဏီကို သွားဖို့စီစဉ်ထားတယ်တဲ့။ ဒါနဲ့ ဗီဇာလဲ ထပ်ယူစရာမလိုဘူးဆိုတော့ ကျမလဲ ဂျာမဏီထိ လိုက်လာမယ်ပေါ့။ အဲဒီမှာ သူနဲ့ ဆုံမယ့် မြို့ကို သွားဖို့ လေယာဉ်လက်မှတ်ဈေးကြည့်တာ ၀ယ်ပေးတာ အကုန်လုံးကို စီစဉ်ပေးပါတော့တယ်။
ဆိုက်ရောက်မယ့် လေဆိပ်ကိုပါ လာကြိုပေးပါ့မယ်တဲ့…
အမလေး ၀မ်းသာလိုက်တာပေါ့… လာခဲ့မယ်.. စိတ်ချလို့ ..
ကျမကလဲ လမ်းသလားနေရမယ်ဆို နှစ်ခါမခေါ်ရတဲ့ လူဆိုတော့ မမိုက်လားးး။ နောက်ပြီး ဂျာမဏီမှာ ကျမနဲ့ သူငယ်တန်းကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်း သူငယ်ချင်းနဲ့ ကောလိပ်မှာ ခင်တဲ့ သူငယ်ချင်း လင်မယားစုံတွဲကလဲ ရှိနေသေးတယ်။ နောက် တမြို့တည်းက သူငယ်ချင်းတယောက်လဲ ရှိသေးတယ်။ ဒီတော့ ဒီလမ်းကို ကျမမသွားရင် ဘယ်သူသွားမလဲနော်….။ ဒီလိုနဲ့ ဂျာမဏီက ဖရန့်ဖွတ်ဆိုတဲ့ မြို့ကို လေယာဉ်စီးပြီး သွားခဲ့တယ်။
ရထားစောင့်တော့ ဘူတာမှာ လူကလဲ ရှင်းလွန်းလို့ ဓါတ်ပုံရိုက်ယူလိုက်တာ..
နော်ဝေးကနေ ဘတ်ဂျက်လေယာဉ်စီးတော့ အသွားမှာ အခွန်ပဲဆောင်ရတယ်။ လေယာဉ်ခက ဖရီးလေ … ဟဟ။ ကျောပိုးအိတ်ထဲ အ၀တ် ၂ စုံထည့်ပြီး ဒီတိုင်းသွားလိုက်တာပဲ။ နော်ဝေးနိုင်ငံ အော်စလိုလေယာဉ်ကွင်းကနေ ဂျာမဏီ ဖရန့်ဖွတ်မြို့ အနားက မြို့ကို လေယာဉ်စီးရတာ ၂ နာရီလောက်ပဲ ကြာတယ်။ လေယာဉ်ဆိုက်တော့ အထွက်ပေါက်နားမှာ စောင့်နေတဲ့ ကိုသက်ဦးကို တန်းတွေ့တာပဲ။ ရှာစရာတောင်မလိုဘူး။ ကိုသက်ဦးက နာရီမှားပြီး စောရောက်နေတာတဲ့။ အားနာစရာတော့ ကောင်းနေတာပါပဲ။ အဲဒီလေယာဉ်ကွင်းကနေ ဖရန့်ဖွတ်ကို ကားစီးဖို့ လက်မှတ်ဖြတ်တော့ ၁၂ ယူရို ကျတယ်။ ကားက နည်းနည်းစောင့်ရမယ်ဆိုလို့ အပြင်မှာအေးတာနဲ့ အထဲကို ပြန်ဝင်ပြီးစောင့်ရတယ်။
၂နာရီကြာ ကားစီးပြီး ဖရန့်ဖွတ်မြို့ထဲကို ရောက်တယ်။ ဖရန့်ဖွတ်မြို့ဘူတာကြီးကနေ ကိုသက်ဦးတည်းနေတဲ့ အိမ်ကို ရထားတဆင့်စီးရသေးတယ်။ ကိုသက်ဦးက ရထားလက်မှတ်အပိုတစောင်ပါ ယူလာတော့ ကျမအတွက် လက်မှတ်ထပ်ဝယ်စရာ မလိုဘူးပေါ့။
ထိုင်စောင့်ဖို့ ခုံလေးတွေက မိုက်တယ်နော်

ဒါနဲ့ပဲ ကား တဆင့် ရထားတဆင့်စီးပြီး ကိုသက်ဦးတို့ တည်းနေတဲ့ အိမ်ကို ရောက်တယ်။ အိမ်မှာလဲ ကိုသက်ဦး မဟေသီရဲ့ လက်ရာဟင်းတွေ အစုံအလင်နဲ့ ညစာထမင်းစားဖို့ စောင့်နေကြတာတွေ့ရတယ်။ ကိုသက်ဦးမဟေသီက တော်တော်ချောသလို သမီးတွေကလဲ အချောလေးတွေချည်းပဲ။ ( တကယ်ပြောတာ) ကိုသက်ဦးရဲ့ မိသားစုက မဲဆောက်ကို ရောက်ဖူးတော့ မဲဆောက်က အသိမိတ်ဆွေတွေ သတင်းမေး နောက် အလာပသလာပတွေ ပြောပြီး ကျမကို အိပ်ခိုင်းတယ်။ မနက်ကျ ဖရန့်ဖွတ်မြို့က မြန်မာဘုန်းကြီးကျောင်းကို သွားလည်မယ်လို့ ပြောတယ် နောက် ဖရန့်ဖွတ်မြို့ထဲ လျှောက်လည်မယ် တဲ့။ အိပ်ဆိုတော့လဲ အိပ်ရတာပဲပေါ့။ ဒီခရီးစဉ်မှာ သူက ဒါရိုက်တာကြီးကိုးးး။
ဘုန်းကြီးကျောင်းအသွားလမ်းကလေး
နောက်နေ့ မနက်ရောက်တော့ ဘုန်းကြီးကျောင်းကို အရင်သွားတယ်။ ကျမကလဲ ရောက်တဲ့နောက် ဘုန်းကြီးနဲ့လဲ မဲဆောက်မှာ ခင်နေတော့ အင်တာဗျူးလေး ရိုက်သွားဦးမယ်ဆိုပြီး ကင်မရာကို အသင့်ပြင်ပြီး ဘုန်းကြီးကို လျှောက်တယ်။ ဘုန်းကြီးကလဲ ရပါတယ်တဲ့။ အဆင်ကိုပြေလို့။ အဲဒီက ပြီးတော့ ဖရန့်ဖွတ်မြို့ထဲကို လျှောက်လည်ကြတယ်။
စီးပွားရေးမြို့တဲ့ မနက်စောစောမှာ လူရှင်းလိုက်တာ(နှစ်သစ်ကူးဖို့ ရုံးတွေမှာ လူတောင်မရှိဘူး ထင်ပါရဲ့)
ဖရန့်ဖွတ် မြို့ဟာ ဂျာမဏီရဲ့ စီးပွားရေးမြို့တော်ဖြစ်တာမို့ စားသောက်ဆိုင်တွေ ကုမ္ပဏီတွေ၊ ရှော့ပင်းစင်တာတွေနဲ့ တော်တော်စည်းကားတယ်။ အဲဒီမြို့က စားသောက်ဆိုင် တော်တော်များမျာကို တရုပ်တွေကဖွင့်ထားပြီး အဲဒီဆိုင်တွေမှာ မြန်မာနိုင်ငံသားတွေ ရှိတယ်။ တမြို့တည်းမှာ မြန်မာ ငါးရာကျော်ရှိတယ်။ ကျမလာလည်တယ်ဆိုတဲ့ သတင်းက ဒီအသိုင်းအ၀ိုင်းမှာ ပြန့်နှံ့တာလဲ မြန်တယ်။ ဘူတာမှာ အလုပ်တခုနဲ့ တခု အပြောင်း အချိန်မှာ မြန်မာတွေ စုတွေ့ကြလေ့ ရှိတာမို့ တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ ဂျာမဏီက အော်စလိုလောက်မအေးပေမယ့် အပူချိန်ကတော့ မိုင်းနပ် ပါပဲ။ ကျမရောက်တုန်းက မိုင်းနပ် သရီး စင်တီဂရိတ်ထင်တယ်။
ကားတွေများပုံက ခွင့်ယူပြီး နယူးရီးယားကြိုဖို့ ဈေးဝယ်ထွက်ကြသတဲ့

စီးပွားရေးမြို့တော်ဖြစ်လေတော့ ကားတွေလဲ တော်တော်များတယ်။ နော်ဝေးက လာတဲ့ကျမကတော့ နော်ဝေးမှာ ကားသိပ်မတွေ့ရသလောက် လမ်းမပေါ်ကားကျပ်နေတဲ့ ဂျာမဏီကမြင်ကွင်းကို ဓါတ်ပုံရိုက်ယူလာသေးတယ်။ နောက် စီးပွားရေးရဲ့ အဓိက ငွေကြေးအဖြစ် ယူရိုငွေကို သုံးတဲ့ ဂျာမဏီမှာ ယူရိုသင်္ကေတ နဲ့လဲ ဓါတ်ပုံရိုက်ရတယ်လို့ ကိုသက်ဦးက အကြံပေးတာနဲ့ အဲဒီရှေ့ကိုလဲ အရောက်သွားပြီး ဓါတ်ပုံရိုက်လိုက်သေးတယ်။
ယူရိုငွေတွေ ကိုင်မသုံးနိုင်ပေမယ့် ယူရိုတံဆိပ်ကြီးနဲ့တော့ မစိမ်းပါဘူး လို့ သက်သေပြဖို့
ရထားစီးလိုက် လမ်းလျှောက်လိုက်နဲ့ သွားပြီး တော်တော်ကြာလာတော့ ဗိုက်ဆာလာတာနဲ့ ကိုသက်ဦးက ဈေးသက်သာပြီး စားလို့ကောင်းတဲ့ တရုပ်ဆိုင်တဆိုင်ကို ခေါ်သွားမယ်ဆိုပြီး ခေါ်သွားတယ်။ ကျမတို့လဲ တွေ့တဲ့ တရုပ်ဆိုင်ကို ၀င်လိုက်ပြီး ထိုင်ပြီးမှ ဆိုင်မှားသွားပြီတဲ့။ နေပါစေတော့ ဒီဆိုင်မှာပဲ စားတော့မယ် ဆိုပြီး မစားရတာ ကြာနေတဲ့ ထမင်းကြော်မှာစားတယ်။ ကိုသက်ဦးက ခေါက်ဆွဲကြော် ။ ဘာသောက်မလဲ ဆိုတော့
ကိုသက်ဦးက ကိုကာကိုလာ ကျမက ရေ မှာလိုက်တယ်။ စားပြီးသောက်ပြီး ရှင်းတော့ ကုတ်နဲ့ ရေက ဈေးတူတူပဲ။ ဟိ ကျမက ရေဆို အလကားရမယ်ထင်တာလေ။ (ကျမက အချိုရည်လဲ မကြိုက်ပါ) ဒါပေမယ့် ဆိုဒါရေတွေ မဟုတ်တာမို့ ကျေးဇူးတောင် တင်ပါသေးတယ်။ ဆွီဒင်မှာတုန်းက ရေမှာတိုင်း ဆိုဒါချည်း သောက်နေရတာကိုး။

စားသောက်ပြီးတော့ ကျမသူငယ်ချင်းတွေနေတဲ့ ကိုလုံးမြို့ကို ခရီးဆက်ဖို့ ဘူတာကို သွားရပါတယ်။ အော်စလိုမှာ ကတည်းက ဖရန့်ဖွတ်ကနေ ကိုလုံးသွားဖို့ ရထားလက်မှတ်ကိုလဲ ကြိုဝယ်ဖို့ ပြောထားတာမို့ အင်တာနက်ထဲကပဲ ကိုသက်ဦးက ၀ယ်ပေးထားပါတယ်။ အဲဒါ နေရာ လက်မှတ်ကလေးနဲ့ ငွေရှင်းပြီးတဲ့ လက်မှတ်လေးကို ကျမကို သေသေချာချာပေးထားတယ်။ ငွေရှင်းပြီးသား လက်မှတ်ကတော့ ပြစရာမလိုတော့ဘူးထင်တယ် နေရာလက်မှတ်ကတော့ ပြရမယ်ထင်တယ်နဲ့ ကျမတို့ မြန်မာပြည်ထုံးစံအတိုင်း စဉ်းစားလို့လက်မှတ်ကို သိမ်းပြီး ခရီးဆက်ခဲ့ပါတော့တယ်။

ဖရန့်ဖွတ်မြို့ရဲ့ ဘူတာရုံ

စီးသွားရမယ့် ရထားနဲ့အတူ..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

15 comments:

မီယာ said...

ပျော်စရာကြီးနော် အမရေ... ဒီဘက်ကို ဘယ်တော့ လာလည်မှာလဲ

ဖြိုး said...

ဟိဟိ.. သမီးတို့ကို ချောတယ် ပြောလို့..
ကျေဇူးကမ္ဘာလောက်ကြီးတင်တယ်နော်..

Moe Cho Thinn said...

ရောက်ဖူးချင်လိုက်တာ။ နောက်နှစ် summer ကျရင်တော့ Europe သွားလည်နိုင်ဖို့ ကြိုးစားအုံးမယ်။

JuneOne said...

အယ် ရေမှာရင် ဆိုဒါပေးသတဲ့လား။
ခရီးသွားရတာသဘောကျတယ်။

Anonymous said...

ဆက်ရေးပါဦးခင်ဗျာ

မရောက်ဖူးတဲ့အရပ်တွေမို့ ဗဟသုတုအဖြစ်ငေးသွားပါတယ်

Thet Oo said...

မခင်မင်းဇော် နော်ဝေးကနေ ဂျာမနီကိုအလာမှာ ရောက်ခဲ့တဲ့ လေယာဉ်ကွင်းက Frankfurt-Hahn လေဆိပ်ပါ။ အဲဒီကနေ မြို့ထဲကို ဘတ်စကား ၂ နာရီ စီးရပြီး ကားခက ၁၂ ယူရို ဖြစ်ပါတယ်။ ( ၂ ယူရို မဟုတ်ပါ)
အဲဒီလေယာဉ်အကြောင်း ကျနော့် ဘလော့ဂ် မှာ ပို့စ်တခု ရေးဖူးပါတယ်။ ဒီမှာပါ။
http://www.thetoodk.co.cc/2009/01/frankfurt-hahn-airport.html
ဖရန့်ဖွတ်ကနေ ကိုလုံးကို ဆက်သွားတဲ့အကြောင်းလည်း ရေးပါဦး။
ခင်မင်စွာဖြင့် အားပေးလျှက်...

ခင်မင်းဇော် said...

ကိုသက်ဦးရေ.. ၁၂ နဲ့ ၂ နဲ့ မှားတတ်ပ ဟိဟိ ပြင်လိုက်ပြီ။

Ree Noe Mann said...

အားကျလိုက်တာ အမရယ်။

ကျနော်လည်း ရောက်ဖူးချင်လိုက်တာ။

ရီနို

တန်ခူး said...

မ ရေ… ဂျာမဏီက မ ပုံလေးက နုနေတာပဲ… ကလေးလေးကျနေတာပဲ… new yrအတွက် ခွင့်ယူပြီး ဈေးဝယ်ထွက်တယ်တဲ့… ကောင်းလိုက်တဲ့ဘ၀တွေနော်… ဒီမှာလဲ ကုတ်နဲ့ ရေနဲ့ ဈေးတူတူပဲ မ ရဲ့…

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဒေါ်ခင်မင်းဇော်တို့ ကတော့
နော်ဝေ ဒိန်းမတ် ဂျာမဏီ ရောက်ပြီး ကျွန်နော့်ဆီကျ မလာသွားဘူး မောင်ငြိမ်းချမ်းပြောတော့လာမယ်ဆိုလို့  မျော်လို့ 
ဦးမင်းဇော် ကြီးနဲ့ တွေ့ မှ တိုင်ပြောဦးမယ်

zawburma said...

ဒီဘူတာ က သန့်ရှင်းသမား က အလုပ်လဲမလုပ်ဘူး မတ်တပ်ရပ်နေပါလာ

Nge Naing said...

အစ်မရေ လာဖတ်သွားတယ်။ မသီတာ Face book မှာ အစ်မပုံ တွေ့လိုက်သေးတယ်။

ခင်မင်းဇော် said...

အင်တာနက်ပျက်နေလို့ .. ကောမန့်တွေ မပြန်နိုင်ဖြစ်သွားတယ်..
ရီနိုရေ.. အမလဲ ကိုယ့်စားရိတ်နဲ့ ကိုယ်သာဆို သွားဖြစ်မယ် မထင်ပါဘူး။ အသိမိတ်ဆွေတွေက ဖိတ်ခေါ်ကူညီကြလို့ပါ။
ကိုတိုးကြီးတို့ ဖင်လန်ကို မလာဖြစ်ဘူးပြောလို့ မောင်ကြီးငြိမ်းချမ်းက ဂျာမဏီသွားဖို့ ခရီးစရိတ်ပို့ပေးလိုက်တာလေ..

Unknown said...

hi!! nice trip.

Unknown said...

ဲရောက်ပါတယ်ခင်ဗျာခရီးသွားဗဟုသုတလဲရပါတယ်
ကျေးဇူးအထူးပါ