Friday, June 26, 2009

စိတ်ကူးတည်ရာ မှတ်တမ်း

ခုရက်ပိုင်းမှာ အိမ်မှာ လူ၃ ယောက်ရှိတာ တယောက်တလှည့်ဖျားနေတာရယ်။ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို ကျင်းပဖို့ လုပ်ရကိုင်ရ ကြိုးစားရနဲ့ရယ်... အလုပ် တော်တော်ရှုပ်သွားခဲ့ပါတယ်။ ဒါနဲ့ စာမရေးဖြစ်သလို ဘလော့လဲ မလည်ဖြစ်ခဲ့ဘူး။ ဘလော့လည်တဲ့အခါလဲ အနောနီးမတ်မရှိတဲ့ ဘလော့တွေမှာ ကောမန့်ပေးဖို့ ပတ်စ်ဝက် ရိုက်ဖို့ ပျင်းတာနဲ့ မပေးဖြစ်ခဲ့ပြန်ဘူး။ ဘလော့ရွာထဲမှာ ခုတလော မရေးနိုင် မဖတ်နိုင် နဲ့ စိတ်တွေလဲ လေးလံထိုင်းမှိုင်းစရာ အခြေအနေတွေက ဖြစ်ပျက်နေတာလဲ ပါတာပေါ့။

ဒီတလလုံးမှာ အန်တီ့အတွက် တရားစီရင်ချက် ချတော့မယ် ချတော့မယ် ဆိုတာလဲ ကြားရဲ့၊ ရုံးချိန်းရက်တွေကလဲ ပြောင်းလဲ ပြီးရင်း ပြောင်းလဲလို့။ ကျမတို့မှာ ဘာမှစိတ်မ၀င်စားနိုင်ဖြစ်ရအောင် လေးလံထိုင်းမှိုင်းရင်း စိတ်ညစ်ညူး နေရပါတယ်။ မတရားတဲ့ စစ်အစိုးရ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အန်တီ့ကို ကျန်းမာပါစေလို့ သာ ဆုတောင်းနေရဦးမှာပါ။ (ကျမက ဆုတောင်းတာကို မလုပ်ချင်ဆုံးပါ)

ကဗျာဆရာ ကိုလွမ်းဏီရဲ့ စိတ်ကူးဖန်တီးချက်ပါ


ဇွန် ၁၉ ရက်နေ့ အခမ်းအနားမှာ အန်တီ့ပုံတူမျက်နှာဖုံးတပ်ဆင်ပြီး ....
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံအရေးအကျဉ်းသားအားလုံး ....ချက်ချင်းလွှတ်(၂)
စစ်အာဏာရှင်စနစ် ..... ................................................................................ကျဆုံးပါစေ(၂)
အရေးတော်ပုံ........................................................................................... အောင်ရမည်(၂)
လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ထုံးစံအတိုင်းပါပဲလေ မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲတွေ ၊ အဲဒီမွေးနေ့ရှင်ကို လေးစားဂုဏ်ပြုချင်လို့ သူမမွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်နိုင်ငံတော်တော်များများမှာ သတ်မှတ် ကျင်းပတာရော သတင်းတွေ ကို ၀မ်းနည်းဝမ်းသာစိတ်နဲ့ ဖတ်ရ ကြည့်ရပါတယ်။

တနေ့နေ့ အန်တီလွတ်လာချိန်ကျရင်တော့ ခုထက်ပိုပြီး ပျော်ရွှင်တက်ကြွဖွယ် မွေးနေ့ပွဲနဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် တခမ်းတနား စည်ကားသိုက်မြိုက်စွာ ကျင်းပချင်ပါတယ်။ နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေနဲ့ အတူ မြန်မာပြည်သူတွေက ချီးမြှင့်ထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို အန်တီ ပျော်ရွှင် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲစေချင်ပါတယ်။

ပြည်သူအားလုံးအတွက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရောက်ဖို့ ပေးဆပ်နိုင်သမျှ ပေးဆပ်နေတဲ့ အန်တီ့ရဲ့ ယုံကြည်ချက်အပေါ် သစ္စာရှိမှုကို လေးစားဦးခိုက်ရင်း အန်တီ့စကားတိုင်းကို လိုက်နာနိုင်တဲ့ လူတယောက်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်လို့ အဓိဌာန်ပြုပါတယ်။
(ဒီနှစ် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ကျမတို့ရဲ့ စိတ်ကူးတွေရှိသမျှ အကုန်ချပြနိုင်ဖို့ ပူးပေါင်းကူညီလုပ်ဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်ထားရှိဖို့ ဒီပို့စ်ကို ရေးပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, June 15, 2009

Why do I have to fight???



Why do I have to fight???

They killed my father a year ago,
And they burnt my hut after that
I asked the city men "why me?" they ignored
"I don't know, mind your business," the men said.
One day from elementary school I came home,
Saw my sister was lifeless, lying in blood.

I looked around to ask what happened, if somebody'd known,
Found no one but living room as a flood.
Running away by myself on the village road,
Not knowing where to go but heading for my teacher
Realizing she's the only one who could help to clear my throat,
But this time she gave up, telling me strange things in fear.

Why, teacher, why.. why.. why?
I have no dad nor a sister left.
To teach me and to care for me you said, was that a lie?
This time with tearful eyes she, again, said...
"Be a grown one, young man,
Can't you see we all are dying?
And stop this with your might as soon as you can,
For we all are suffering."
(ဘာကြောင့် တိုက်ဆိုတဲ့ ကဗျာက နော်မေဦးရေးတာလို့ ဆရာဂါမဏိက ပြောပါတယ်။)
ဘာကြောင့်တိုက်

မနှစ်တုန်းက ငါ့အဖေကို သူတို့သတ်ခဲ့
ပြီးတော့ ငါ့တဲကို မီးရှို့
ဘာ့ကြောင့် ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ
မြို့ကြီးသားတွေကို မေးလဲ သူတို့လှည့်မကြည့်။
မသိဘူး ၊ကိုယ့်ဟာကိုယ် အေးအေးနေ တဲ့.....။

တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ
ငါ့အစ်မ အသက်မဲ့သွေးအိုင်ထဲမှာ။
ဘာဖြစ်တာလဲ မေးလိုက်ဖို့ရာ တယောက်ယောက်များ သိလေမလား..
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတယောက်တည်း လျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီ ခြေဦးလှည့်မိ
ငါ့အသိကို ရှင်းပေးနိုင်တာ သူတယောက်တည်းလို့ နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်
အထူးအဆန်းကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။

ဘာဖြစ်လို့လဲ ဆရာမရယ် ၊ ဘာဖြစ်လို့လဲ… ဘာ…ဘာဖြစ်လို့လဲ
ငါ့မှာ အဖေလဲမရှိတော့ အစ်မလဲ မရှိတော့။
ဆရာမပြောတော့ ငါ့ကို ကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ ညာပြောတာလားဟင်။
ဒီတခါ မျက်ရည်တွေ ကျရင်း ဆရာမ ထပ်ပြော…
ကြီးလာအောင်သာ လုပ်စမ်းပါ သားရယ်၊
တို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား၊ မင်းကြီးလာတာနဲ့ တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့ တားပစ်လိုက်၊ ဘာလို့လဲ ဆိုတော့ တို့အားလုံးခံနေရတာမို့...။

( အင်္ဂလိပ်ကဗျာမှ စာရေးဆရာ ဂါမဏိ ဘာသာပြန်ဆိုပါသည်၊)

တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
တယောက်ယောက်ကများ ချောင်းနားထောင်နေမလား
လျို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတွေကို နိုင်ငံ့သွေးနဲ့ တန်ဖိုးသင့်ပေး
ဒီတော့ မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာလေ
ရယ်မောသံတိတ် အတွေးအမြင်ဆိတ်။
ဟောဒီမြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့ လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်းအသံကိုတောင် ကြားနိုင်။

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ သွားမလဲ။
တရုတ်က လမ်းရချင်။ ပြင်သစ်က ရေနံလိုချင်နဲ့
ယိုးဒယားက သစ်ယူ၊ န၀တက ခိုးရာပါပစ္စည်းယူနဲ့...။

တိတ်ဆိတ်မြေမှာလေ..
တိတ်ဆိတ်မြေမှာ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့ အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်။ လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်အောင် ဖုံးမပစ်နိုင်ပေါ့။

(In the Quiet land
ကဗျာကို စာရေးဆရာဂါမဏိမှ ဘာသာပြန်ဆိုထားပါသည်)
တိတ်ဆိတ်မြေ ကဗျာကို သင်းအုပ်ဆရာ Wrightson Tongue ကရေးတယ်လို့ ဆရာဂါမဏိက စီဘောက်မှာ လာရေးထားပါတယ်)
ကောမန့်မှာ တယောက်က ဆရာဖေသက်နီ ဘာသာပြန်မကြိုက်ဘူး ပြောခဲ့လို့ ဆရာဂါမဏိ ဘာသာပြန်ကို ထပ်တင်ပေးထားပါတယ်။

Thursday, June 11, 2009

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)

လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, June 9, 2009

In The Quiet Land


In The Quiet Land
(By Daw Aung San Suu Kyi)

In the Quiet Land , no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.

In the quiet land of Burma ,
no one laughs and no one thinks out loud.
In the quiet land of Burma ,
you can hear it in the silence of the crowd

In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...

In the Quiet Land ....
In the Quiet Land , no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

တုံဏှိဘာဝေ နိုင်ငံမှာ

ဒီတုံဏှိဘာဝေနိုင်ငံမှာ
ဒင်းတို့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လျှို့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ ဘယ်သူမှပြောမပြနိုင်ဘူး။
သတင်းပေးတွေကို ဒီနိုင်ငံရဲ့ သွေးတွေပေးချေ။
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင် ဘယ်သူမှမပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှမရယ်မောဝံ့ကြသလို ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုကို လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ခေါ်ဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူတဦးတယောက်ကမျှ ပြောမပြနိုင်ပေဘူး။
တရုတ်တွေက လမ်းကို လိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်။
ထိုင်းတွေကတော့ သစ်ကိုယူတယ်။ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ…

ဒီတုံဏှိဘာဝေနိုင်ငံမှာလေ…
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ…
လူသတ်သမားကြောင့် တေမိဇာတ်ခင်းနေရတာ
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး။
ဒါပေမယ့် ဘယ်လိုပဲ အင်အားသုံးသုံး လွတ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့မရသလို ဘယ်အသံမျိုးနဲ့မှလည်း မဖုံးလွှမ်းနိုင်ပေဘူး။

အောင်ဆန်းစုကြည်

In the Quiet Land ကဗျာအား ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်ဘာသာဖြင့် စပ်ဆိုခဲ့ပြီး ကဗျာဆရာ ဖေသက်နီမှ မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, June 5, 2009

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး


(အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၀-၁၈၅ ကို မြန်မာပြန်သည်။)

လူတို့အားအဂတိလိုက်စား ဖောက်ပြားစေသည်မှာ အာဏာမဟုတ်၊ စိုးရိမ်ကြောက်ရွံ့ခြင်းပင် ဖြစ်ပါသည်။ အာဏာလက်လွှတ်ရမည်ကို ကြောက်ရွံ့ခြင်းသည် အာဏာ လက်ကိုင်ထားသူတို့အား ဖောက်ပြန်စေသည်။ မြန်မာအများစုသည် အဂတိတရားလေးပါးနှင့် အကျွမ်းတ၀င်ရှိကြပါသည်။ အလိုဆန္ဒကြောင့် ဖောက်ပြန်မှု(ဆန္ဒဂတိ) ဟူသည်မှာ တံစိုးလက်ဆောင်ကို လိုချင်၍၄င်း၊ မိမိချင်ခင်သူများအကျိုးအတွက်၎င်း၊ မှန်ကန်သော လမ်းကြောင်းမှ သွေဖည်သွားခြင်းဖြစ်ပါသည်။ ဒေါသဂတိဆိုသည်မှာ မိမိမုန်းတီးသူများကို ရန်ငြှိုးလုပ်လိုသဖြင့် လမ်းမှားသို့ ရောက်သွားခြင်း ဖြစ်ပါသည်။ မောဟဂတိဆိုသည်မှာ မသိနားမလည်မှုကြောင့် ဖောက်ပြန်သွားခြင်းဖြစ်ပါသည်။ သို့သော်လည်း ဤဂတိလေးပါးထဲတွင် အဆိုးဝါးဆုံးမှာ ဘယာဂတိဖြစ်ဖွယ်ရာ ရှိပါသည်။ အကြောင်းမှာ ကြောက်ရွံ့မှု(ဘယာ) သည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်အားလုံးကို နစ်မွန်းအောင်ပြု၍ တဖြည်းဖြည်း ပျက်စီးစေသည့်အပြင် အခြားအဂတိသုံးပါး၏ မူလအရင်းအမြစ်လည်း ဖြစ်တတ်ပါသည်။

လောဘသက်သက်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါက ဆန္ဒဂတိသည်ချို့တဲ့မည်ကို ကြောက်ရွံ့ခြင်း၊ မိမိချစ်ခင်သူများ၏ မေတ္တာ၊ စေတနာ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သကဲ့သို့ မိမိထက်သာသွားမည်ကို ကြောက်ရွံ့ခြင်း၊ အနှိမ်ခံရမည်ကို ကြောက်ရွံ့ခြင်း၊ နစ်နာမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ကလည်း ဒေါသဂတိကို ဖြစ်စေပါသည်။ ကြောက်ရွံ့မှုအချုပ်အနှောင်မှ လွတ်ကင်းစွာ အမှန်တရားကို လွတ်လွတ်လပ်လပ် မရှာနိုင်မချင်း မောဟကို ဖယ်ထုတ်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ကြောက်ရွံ့မှုနှင့် ဖောက်ပြန်မှုတို့သည် အလွန်နီးကပ်စွာ ဆက်သွယ်နေသဖြင့် နေရာအနှံ့အပြား၌ ကြောက်ရွံ့နေရသော လူ့အဖွဲ့အစည်းတိုင်းတွင် ဖောက်ပြန်မှုမျိုးစုံတို့သည် နက်ရှိုင်းစွာ အခြေစိုက်လာပါသည်။

၁၉၈၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲများမှ စတင်ခဲ့သော မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှု၏ အဓိကအကြောင်းရင်းသည် စီးပွားရေးအခက်အခဲ အကျပ်အတည်းများအပေါ် ပြည်သူလူထုက မကျေနပ်ချက်ပင် ဖြစ်သည်ဟု အများက ယူဆကြပါသည်။ စပ်ဟပ်၍ မရသော လမ်းစဉ်များ၊ မဆီလျော်သော အရေးယူဆောင်ရွက်မှုများ၊ တနေ့တခြား တိုးပွားနေသော ငွေကြေးဖောင်းပွမှု၊ ၀င်ငွေ၏၀ယ်အားကျဆင်းမှု စသည်တို့ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သဖြင့် တပြည်လုံးစီးပွားရေး ကစဥ့်ကလျားဖြစ်နေရသည်မှာ မှန်ကန်ပါသည်။ သို့သော်လည်း ရိုးရာဓလေ့အရ သဘောကောင်းပြီး ဆိတ်ငြိမ်စွာနေတတ်သော ပြည်သူတို့၏ သည်ခံနိုင်မှုတရား ပျက်ပြားသွားရခြင်းမှာ လက်ခံနိုင်လောက်သော လူနေမှုအဆင့်အတန်းကို ရရှိနိုင်ရန်ပင် ခက်ခဲစွာ ရုန်းကန်လှုပ်ရှားရ၍သာ မဟုတ်။ ကြောက်ရွံ့မှု၊ ဖောက်ပြန်မှုတို့ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရသည့် ဘ၀၏ ရှက်ဖွယ်ရာ အနေအထားကြောင့်လည်း ဖြစ်ပါသည်။

ကျောင်းသားများသည် ၄င်းတို၏ အပေါင်းအဖော်များ သေဆုံးရသည်ကိုသာ ကန့်ကွတ်ဆန္ဒပြနေသည်မဟုတ်ပဲ ပစ္စုပ္ပန်ဘ၀ကို အဓိပ္ပါယ်ကင်းမဲ့စေပြီး အနာဂတ်အတွက်လည်း မျှော်လင့်ချက်မပေးနိုင်သော အာဏာရှင်စနစ်က ၄င်းတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကိုပင် ငြင်းဆန်နေသည်ကို ကန့်ကွတ်နေကြခြင်းပင် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားတို့၏ ကန့်ကွတ်တောင်းဆိုမှုများသည် ပြည်သူလူထု၏ မချင့်မရဲ မခံချင်စိတ်များကို ပီပီသသ ထုတ်ဖော်ပြောဆိုနေသကဲ့သို့ ဖြစ်လေရာ ဆန္ဒပြပွဲများသည် နိုင်ငံတ၀ှမ်းလျှင်မြန်စွာ ပြန့်နှံ့သွားပါသည်။

ဤလှုပ်ရှားမှုကို စိတ်အထက်သန်ဆုံး ကူညီထောက်ခံကြသူများထဲတွင် စီးပွားရေး လုပ်ငန်းရှင်အချို့လည်း ပါဝင်ပါသည်။ ၄င်းတို့သည် ဖောက်ပြန်သောစနစ်တွင် ရှငန်သန်ရပ်တည်နိုင်ရေးအတွက်သာမက ကြီးပွားချမ်းသာရေးအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အဆက်အသွယ် ရရှိထားကြသူများပင် ဖြစ်ပါသည်။ သို့သော်လည်း ၄င်းတို့၏ ကြွယ်ဝချမ်းသာမှုက ၄င်းတို့ကို စစ်မှန်သော လုံခြုံမှုကိုသော်၎င်း၊ ကျေနပ်မှုကိုသော်၎င်း မပေးနိုင်ပါ။ တိုင်းသူပြည်သားအားလုံး ဆင်းရဲချမ်းသာမရွေး ထိုက်ထိုက်တန်တန် အသက်ရှင်သန်လိုသည်ဆိုပါက တာဝန်ရှိသော အုပ်ချုပ်ရေးစနစ် တရပ်ကား အနည်းဆုံး လိုအပ်ချက်ဖြစ်သည်ဟု ၄င်းတို့က မသိပဲမနေနိုင် ဖြစ်လာရပါသည်။ အာဏာရှင်တို့ လက်ခုပ်ထဲမှ ရေကဲ့သို့ မလှုပ်နိုင်မရှားနိုင် စိုးရိမ်ကြောက်ရွံ့နေရသော မလုံခြုံသောဘ၀ကို မြန်မာပြည်သူပြည်သားတို့ ငြီးငွေ့လာကြပါသည်။
လက်ခုပ်ထဲက
ရေဘ၀မို့
ငါတို့အေးမြရသော်လည်း…
လက်ခုပ်ထဲက
ဖန်ကွဲစတွေ
ငါတို့ဖြစ်လိုက်ချင်ပါဘိ..
(မောင်သာယာ၏ တော်လှန်ရေးဆိုတာ မှ)
အသေးငယ်ဆုံးသော ဖန်စကလေးများသည်ပင်လျှင် ၄င်းတို့၏ စူးရှချွန်ထက်ပြောင်လက်သော စွမ်းအင်ဖြင့် ၄င်းတို့အား ချေမှုန်းမည့် လက်တို့အန္တရာယ်မှ ၄င်းတို့ကိုယ် ၄င်းတို့ ကာကွယ်နိုင်စွမ်းရှိခြင်းသည် ဖိနှိက်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးစားနေသူများ၏ အရင်းအနှစ်ဖြစ်သော သူရသတ္တိနှင့် ထင်ရှားသော သင်္ကေတများဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မိမိကိုယ်မိမိ တော်လှန်ရေးသမားဟု ယူဆပြီး မြန်မာနိုင်ငံရင်ဆိုင်နေသော ပြဿနာများကို အဖြေရှာရာ၌ မနေမနားကြိုးစားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းက သတ္တိ၊ ဗျတ္တိရှိသူများကိုသာ အားမကိုးမူ၍ လူတိုင်းလူတိုင်း မိမိတို့ကိုယ်တိုင် သတ္တိ၊ ဗျတ္တိရှိသော သူရဲကောင်းများဖြစ်အောင် စွန့်စားရပေလိမ့်မည်။ သို့မှသာလျှင် ကျနော်တို့အားလုံး လွတ်လပ်ရေး အစစ် ခံစားခွင့်ရကြပေလိမ့်မည် ဟု ပြောဆိုခဲ့ပါသည်၊ (အလယ်ပစ္စယံ ညီလာခံမိန့်ခွန်း- ၂၀-၁-၄၆)

နေ့စဉ်ဘ၀ရပ်တည်ရေးအတွက် ကြောက်ရွံ့နေကြရသော ပတ်ဝန်းကျင် အခြေအနေတွင် မဖောက်ပြန်ရလေအောင် မည်မျှကြိုးစားအားထုတ်ရသည်ကို တရားဥပဒေအရ အုပ်ချုပ်သော နိုင်ငံများတွင် ကံအားလျော်စွာ နေထိုင်နေရသူများအဖို့ အလွယ်တကူသိမြင်နိုင်မည် မဟုတ်ပါ။ တရားမျှတသော ဥပဒေဟူသည်မှာ အပြစ်ကျူးလွန်သူတို့ကို မျက်နှာမလိုက်ပဲ အပြစ်ဒဏ်ခတ်၍ ဖော်ပြန်မှုကို တားဆီးကာကွယ်ခြင်းသာမဟုတ်ပါ။ ဖောက်ပြန်သော အလေ့အကျင့်များကို အားမကိုးပဲ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းထားရန်အတွက် အခြေခံလိုအပ်ချက်များကို ပြည်သူတို့က ဖြည့်ဆည်းပေးနိုင်စေမည့် လူ့အဖွဲ့အစည်းကို တည်ထောင်ရာတွင် တရားမျှတသော ဥပဒေများက အထောက်အကူပြုနေခြင်းပင် ဖြစ်ပါသည်။

ဤသို့တရားမျှတသော ဥပဒေများမရှိသည့် နေရာဒေသများတွင်မူ တရားမျှတမှုနှင့် ဟီရိသြတ္တပ္ပ တရားတို့နှင့် ကိုက်ညီသော ကျင့်စဉ်တို့ကို ခုခံကာကွယ်ရန် တာဝန်သည် သာမန်ပြည်သူတို့အပေါ်တွင် ကျရောက်လာပါသည်။ ပြည်သူတို့၏ အဆက်မပြတ် ကြိုးပမ်းမှုနှင့် တည်ကြည်စွာ ခံနိုင်ရည်ရှိမှုများ၏ စုပေါင်းအကျိုးဆက်များသည် ကြောက်ရွံ့မှုကြောင့် ဆင်ခြင်တုံတရားနှင့် အဆိုးအကောင်း သိတတ်သော စိတ်ဓါတ်တို့ ပျက်ပြားနေရသည့် နိုင်ငံတွင် လူသားတို့၏ ဆိုးသွမ်းသော စရိုက်ကို ထိန်းချုပ်ပြီး ၄င်းတို့၏ တရားမျှတမှုနှင့် ညီညွတ်မှုလိုလားသော စိတ်များကို အားပေးနိုင်မည့် ဥပဒေစည်းမျဉ်းများ စိုးမိုးသော နိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။

အတတ်ပညာ အလွန်အမင်း ထွန်းကားသော ခေတ်တွင် တီထွင်ထားသည့် သေစေနိုင်သော လက်နက်များကို အားနည်သူနှင့် အကူအညီမဲ့သူတို့အား လွှမ်းမိုးကြီးစိုးရာတွင် အင်အားကြီးသူ၊ အာဏာ ရှိသူနှင့် တရားလက်ကိုင်မရှိသူတို့က အသုံးပြုနိုင်ကြပါသည်။ ထို့ကြောင့် တိုင်းနိုင်ငံအသီးသီးတွင်၎င်း၊ အပြည်ပြည်ဆိုင်ရာ အဆင့်တွင်၎င်း ၊ နိုင်ငံရေးနှင့် ကိုယ်ကျင့်တရားကို ပိုမိုနီးကပ်စွာ ဆက်စပ်ထားရန် အလွန်ပင် လိုအပ်နေပါသည်။ ဘာသာအယူဝါဒမရွေး၊ လူမျိုးမရွေး၊ နိုင်ငံမရွေး လူသားအားလုံး ရပိုင်ခွင့်ရှိသော အခြေခံ လွတ်လပ်မှုများနှင့် အခွင့်အရေးများကို မြှင့်တင်ရန် လူတိုင်း ၊ အဖွဲ့အစည်းတိုင်း ကြိုးပမ်းအားထုတ်သင့်သည်ဟု ကုလသမဂ္ဂ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ထုတ်ပြန်ကျေညာထားပါသည်။

သို့သော်လည်း လတ်တလော အကျိုးအမြတ်ကို ရေရှည်သာယာဝပြောရေးနှင်း ငြိမ်းချမ်းရေးတို့ထက် ပို၍ ဦးစားပေးသော ကိုယ်ကျိုးရှာ အုပ်စုများကို အခြေပြု၍၄င်း၊ ပြည်သူလူထုပေးထားသော လုပ်ပိုင်ခွင့်အပေါ်တွင် အခြေမခံပဲ အတင်းအဓမ္မ လုပ်မှုအပေါ်တွင် တည်ဆောက်ထားသော အစိုးရများ ရှိနေသမျှကာလပတ်လုံး လူ့အခွင့်အရေးများကို ကာကွယ် မြှင့်တင်ရန်အတွက် အပြည်ပြည်ဆိုင်ရာက စုပေါင်းအရေးယူ ဆောင်ရွက်ခြင်းဟူသည်မှာ တပိုင်းတစသာ အကောင်အထည်ဖော်နိုင်သော ရည်မှန်းချက်အဆင့်တွင် တည်ရှိနေမည်သာ ဖြစ်ပါသည်။ လူ့မိသားစုဝင်အဖြစ် ရရှိထားသော မိမိနှင့်ခွဲခြား၍မရသော အခွင့်အရေးများကို ကာကွယ်ရာတွင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံနေကြရသူများက မိမိတို့ကိုယ်မိမိတို့ အားကိုး၍ ရုန်းကန်ကြိုးပမ်းနေရသည့် နေရာဒေသများမှာမူ ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။

အစစ်မှန်ဆုံးသော တော်လှန်ရေးဟူသည်မှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းကို ပုံဖော်သည့် စိတ်သဘောထားများနှင့် တန်ဖိုးထားမှုများကို ပြောင်းလဲရန် လိုအပ်နေပြီဟူသော အသိမှ ပေါက်ဖွားလာသော စိတ်ဓါတ်တော်လှန်ရေးပင် ဖြစ်ပါသည်။ ရုပ်ပိုင်းအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ရှု၍ အစိုးရလမ်းစဉ်များနှင့် ရှိပြီးသား လုပ်ရိုးလုပ်စဉ် ဥပဒေများကိုသာ ပြောင်းလဲရန် ရည်ရွယ်သော တော်လှန်ရေးသည် စစ်မှန်သော အောင်မြင်မှုကို ရယူနိုင်မည်မဟုတ်ပါ။ စိတ်ဓါတ်တော်လှန်ရေး မဆင်နွှဲပါက စနစ်ဟောင်းတွင် မမျှတမှုများကို ဖြစ်ပေါ်စေသည့် အင်အားစုများ ဆက်လက်လှုပ်ရှားနေမည်ဖြစ်၍ ပြုပြင်ရေးနှင့် ကိုယ်ကျင့်တရားပြန်လည်ရှင်သန်ရေးဖြစ်စဉ်ကို အမြဲတမ်း အန္တရာယ်ပေးနေမည် ဖြစ်ပါသည်။ လွတ်လပ်မှု၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ကို တောင်းဆိုနေရုံဖြင့် မလုံလောက်ပါ၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ တို့ကို တွန်းလှန်ရန် ထာဝရတည်ရှိသော အမှန်တရားအတွက် အနစ်နာခံရန်၎င်း၊ ခိုင်မြဲသော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ရန်၎င်း အားလုံး တညီတညွတ် ပြတ်သားစွာ သန္နိဌာန်ချကြရမည် ဖြစ်ပါသည်။

သူတော်စင်၊ သူတော်ကောင်း ဟူသည်မှာ အပြစ်ကျူးလွန်မှုများ ရှိခဲ့သော်လည်း မကောင်းမှုအကုသိုလ်ကို ရှောင်ကျဉ်ရန် ကြိုးပမ်းရာ၌ ဇွဲ လုံ့လ မလျှော့သူများ ဖြစ်သည်ဟု အဆိုရှိပါသည်။ ထိုနည်းတူပင် လွတ်လပ်သူဆိုသည်မှာလည်း လွတ်လပ်သော လူ့အဖွဲ့အစည်းကို ထိန်းသိမ်းထားမည့် စည်းကမ်းများကို ကာကွယ်စောင့်ရှောက် ထားနိုင်သော အဖိနှိပ်ခံများပင် ဖြစ်ပါသည်။ ပြည့်ဝ၍ ကျဉ်းကျပ်မှုမရှိသော ဘ၀ကို ရရှိရေးအတွက် လူသားတို့မျှော်လင့်တောင့်တကြသော အခြေခံလွတ်လပ်မှုများတွင် ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေးသည် နည်းလမ်းအဖြစ်၎င်း၊ နောက်ဆုံးပန်းတိုင်အဖြစ်၎င်း ထင်ရှားစွာပေါ်လွင်နေပါသည်။ အစိုးရ၏ ခြိမ်းခြောက်မှုမှ လွတ်ကင်းစေရန် အာမခံပေးနိုင်မည့် ဒီမိုကရေစီအဖွဲ့အစည်း ခိုင်မာစွာ အခြေစိုက်ထားသော တိုင်းနိုင်ငံကို တည်ထောင်လိုသူများသည် ၄င်းတို့၏ ကြောက်ရွံ့စိတ်၊ လျစ်လျူရှုစိတ်များမှ လွတ်မြောက်အောင် ပထမဆုံး ကြိုးစားကြရမည် ဖြစ်ပါသည်။

အပြောနှင့်အညီ အစဉ်ပြုလုပ်လေ့ရှိသော အောင်ဆန်းသည် သတ္တိကို အမြဲတမ်း လက်တွေ့ပြသခဲ့ပါသည်။ ကာယသတ္တိကိုသာ မဟုတ်ပဲ အမှန်တရားကို ပြောဆိုရဲခြင်း၊ ပြောသည့်စကားအတိုင်း ရပ်တည်ခြင်း၊ ဝေဖန်မှုကို လက်ခံခြင်း ၊ မိမိ၏ ချွတ်ယွင်းချက်ကို ၀န်ခံခြင်း၊ မိမိ၏ အမှားကို ပြင်နိုင်ခြင်း၊ အတိုက်အခံကို ရိုသေလေးစားခြင်း၊ ရန်သူနှင့်ဆွေးနွေးခြင်း၊ မိမိသည် ခေါင်းဆောင်တဦးဖြစ်သင့် မဖြစ်သင့်ကို ပြည်သူအား ဆုံးဖြတ်ပိုင်ခွင့်ပေးခြင်း စသောစွမ်းရည်သတ္တိများကို လက်တွေ့ပြသခဲ့ပါသည်။ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ သတ္တိများကြောင့် အောင်ဆန်းအား မြန်မာတပြည်လုံးက အမြဲတမ်း ကြည်ညိုလေးစားချစ်ခင်နေမည်သာ ဖြစ်ပါသည်။ ၄င်းတို့အားသူရဲကောင်း စစ်သည်တော်အဖြစ်နှင့်သာမကပဲ တိုင်းပြည်၏ စိတ်ဓါတ်ကို တက်ကြွသန့်စင်စေသည့် စံနမူနာထားအပ်သူအဖြစ် ချစ်ခင်မြတ်နိုးနေကြခြင်းပင် ဖြစ်ပါသည်။ မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ဂျဝါဟလာနေရူးသုံးသွားသော စကားများကို အောင်ဆန်းအကြောင်း ပြောရာတွင်လည်း သုံးနိုင်ပါသည်။ ၄င်း၏ဆုံးမသြ၀ါဒများ၏ အနှစ်သာရသည် ကြောက်ရွံ့ခြင်းကင်းမဲ့ခြင်းနှင့် အမှန်တရားပင်ဖြစ်၍ ဤစိတ်ဓါတ်များဖြင့် လှုပ်ရှားလုပ်ကိုင်ကာ လူထု၏ သာယာဝပြောရေးကို အမြဲတမ်း ဦးတည်ခြင်းပင် ဖြစ်ပါသည်။

အကြမ်းမဖက်ရေးလမ်းစဉ်ကို ရှေ့ဆောင်ဖြန့်ချီသူ ခေါင်းဆောင်ကြီးဖြစ်သော ဂန္ဒီနှင့် အမျိုးသားစစ်တပ်ကို တည်ထောင်ခဲ့သော အောင်ဆန်းသည် ပင်ကိုယ်သဘာဝအရ ကွာခြားလှပါသည်။ သို့သော် ကာလဒေသမရွေး အာဏာရှင်စနစ်များမှ ပေါ်ထွက်လာသော စိန်ခေါ်မှုများသည် ဆင်တူရိုးမှားရှိသကဲ့သို့ ထိုစိန်ခေါ်မှုကို ပြိုင်ဆိုင်အံတုရန် ထွက်ပေါ်လာသူများ၏ အရည်အသွေးများသည်လည်း တူညီလေ့ရှိပါသည်။ ဂန္ဒီ၏အကြီးမားဆုံးသော အောင်မြင်မှုတရပ်မှာ အိန္ဒိယပြည်သူပြည်သားများတွင် သတ္တိစိတ်သွင်းပေးခြင်း ဖြစ်သည်ဟု ယူဆသော နေရူးသည် နိုင်ငံရေးတွင် ခေတ်သစ်အမြင်ရှိသူ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ဆယ်ရာစု လွတ်လပ်ရေးလှုပ်ရှားမှု လိုအပ်ချက်များကို အကဲဖြတ်သောအခါတွင် ရှေးဟောင်းအိန္ဒိယပြည်၏ ဒဿနအတွေးအခေါ်များအထိ ပြန်လည်ရှာဖွေကာ ရေးသားတင်ပြထားသည်ကား လူတဦး သို့မဟုတ် တိုင်းပြည်တပြည်အဖို့ ကြီးကျယ်အမြင့်မြတ်ဆုံးသော ပါရမီသည် အဘယ ခေါ် ကြောက်ရွံ့မှုမရှိခြင်း ဖြစ်၏၊ ကာယသတ္တိသာမဟုတ် စိတ်ထဲမှာပင် ကြောက်ရွံ့မှုကင်းခြင်း ဖြစ်ပါသည်။

ကြောက်ရွံ့စိတ်မရှိခြင်းသည် ပါရမီဖြစ်ဖွယ်ရာ ရှိသော်လည်း ထို့ထက်ပို၍ အဖိုးတန်ဖွယ်ရာရှိသော်လည်း ထိုထက်ပို၍ အဖိုးတန်ဖွယ်ရာ ရှိသော သတ္တိများ ကြိုးပမ်းအားထုတ်ခြင်းဖြင့် ရရှိလာသော သတ္တိ၊ ကြောက်စိတ်ကို လိုက်လျောရသည့်အဖြစ်ကို မရောက်အောင် ပြုစုပျိုးထောင်လေ့ကျင့်၍ ရရှိသော သတ္တိ၊ အကျပ်ကိုင် ဖိနှိပ်နေသည့် ကြားမှ တည်ကြည်သိမ်မွေ့စွာ ရပ်တည်နိုင်ခြင်း၊ ကြမ်းတမ်းခက်ထန်စွာ အဆက်မပြတ် ဖိနှိပ်နေသည့်ကြားထဲမှာ ထပ်ခါတလဲ တည်ကြည်သိမ်မွေ့မှုကို ထိန်းသိမ်းခြင်းဖြင့် ရရှိသော သတ္တိ စသည်တို့ပင် ဖြစ်ပါသည်။

အခြေခံလူ့အခွင့်အရေးများ မရှိဟု ငြင်းပယ်ထားသော စနစ်အောက်တွင် ကြောက်ရွံ့စိတ်သာ နေ့စဉ်နှင့်အမျှ လွှမ်းမိုးနေပါသည်။ ထောင်ကျမည်ကို ကြောက်ရွံ့ခြင်း၊ ညှင်းပန်းနှိပ်စက်မည်ကို ကြောက်ရွံ့ခြင်း၊ သေရမည်ကို ကြောက်ရွံ့ခြင်း၊ မိတ်ဆွေမိသားစု ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း၊ ဆင်းရဲမည်ကို ကြောက်ရွံ့ခြင်း၊ အထီးကျန်ဖြစ်မည်ကို ကြောက်ရွံ့ခြင်း၊ ပျက်စီးဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ပင် ဖြစ်ပါသည်။ မွေးရာပါ လူ့ဂုဏ်သိက္ခာနှင့် မိမိကိုယ်မိမိ လေးစားမှုတို့ကို မဆုံးရှုံးရလေအောင် ထိန်းသိမ်းကာကွယ်ရာတွင် အထောက်အကူဖြစ်စေသော သတ္တိပြသည့် နေ့စဉ်လုပ်ရပ်ကလေးများကို အချည်းနှီးပင်ဖြစ်သည် သို့မဟုတ် အရာမရောက်သော လုပ်ရပ်ဖြစ်သည် ၊ အရမ်းကာရော လုပ်သည်၊ မိုက်မဲခြင်းဖြစ်သည် စသည်ဖြင့် ပြစ်တင်ရှုတ်ချကာ မိမိကပင် ဘ၀ပေးအသိဥာဏ် သို့မဟုတ် ပညာဥာဏ်ရှိသကဲ့သို့ ဟန်ဆောင်ခြင်းသည် တိတ်တခိုး အန္တရာယ်ပေးသည့် အဆိုးဝါးဆုံးသော ကြောက်ရွံ့မှုမျိုးပင် ဖြစ်ပါသည်။ အင်အားသည် အမှန်တရားဖြစ်သည်ဟူသော မူဖြင့် ဖိနှိပ်အုပ်ချုပ်သော စနစ်အောက်၏ ပုံသွင်းခြင်းခံရသူများအဖို့ အင်အားကုန်ခမ်းစေသော ကြောက်ရွံ့မှု အဆိပ်ငွေ့မှ လွတ်ကျွတ်အောာင် ရုန်းထွက်ရန်မှာ မလွယ်ကူလှပါ။ သို့သော်လည်း ကြောက်ရွံ့မှုသည် ယဉ်ကျေးသော လူသား၏ သဘာဝမဟုတ်သောကြောင့် အဖိနှိပ်ဆုံးသော အစိုးရယန္တရားအောက်၌ပင် သတ္တိသည် ထပ်ခါတလဲလဲ ထကြွလာပါသည်။

အထိန်းအချုပ်မရှိသော အာဏာကို ရင်ဆိုင်ရာတွင် သတ္တိရှိမှုနှင့် ခံနိုင်ရည်ရှိမှုတိုးအား အမြဲတမ်း ရှင်သန်နေစေသော ရေသောက်မြစ်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများကို အထွတ်အမြတ်ထားသည့်အပေါ်တွင် ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်ပြီး မည်မျှပင် ရှုံးနိမ့်မှု၊ ဆုတ်ယုတ်မှုများ ရှိစေကာမူ လူသားသည် နောက်ဆုံးတွင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု နှစ်ခုစလုံးကို ရရှိမည်ဟူသော သမိုင်းသဘောကို ယုံကြည်ခြင်းပင်ဖြစ်ပါသည်။ မိမိကိုယ်မိမိ တိုးတက်ကောင်းမွန်အောင် ကြိုးစားဖြင်း၊ မိမိကိုယ် မိမိ မကောင်းမှုမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်း စသော စွမ်းရည်တို့သည် လူသားတို့ကို တိရစ္ဆာန်ရိုင်းများနှင့် အထင်အရှားကွဲပြားစေသော အဓိကအချက်ပင် ဖြစ်ပါသည်။

လူ့တာဝန်ဝတ္တရား၏ မူလအရင်းအမြစ်မှာ လုံးဝအပြစ်ကင်းစင်ခြင်းဟူသော သဘောတရားကို နားလည်၍ အပြစ်ကင်းစင်လိုသော စိတ်ဆန္ဒ၊ အပြစ်ကင်းစင်ရန် နည်းလမ်းရှာသော အသိဥာဏ်နှင့် ယင်းနည်းလမ်းအတိုင်း လိုက်နာလိုသော စိတ်ဓါတ်၊ ယင်းနည်းလမ်းကို အဆုံးတိုင် မလိုက်နာနိုင်သည့်တိုင် ကိုယ်ပိုင်ချွတ်ယွင်းချက်အကန့်အသတ်နှင့် ပတ်ဝန်းကျင်အတားအဆီးများကို ကျော်လွန်ရန် လိုအပ်သော အတိုင်းအတာအထိ အနည်းဆုံး ရောက်ရှိအောင် ကြိုးစားလိုခြင်းတို့ပင် ဖြစ်ပါသည်။ ဆင်ခြင်တုံတရား ရှိ၍ ယဉ်ကျေးသောလူသားတို့နှင့် လျော်ကန်သင့်မြတ်သော လူ့လောကကိုလူသားတို့ စိတ်ကူးမျှော်မြင်ကြသည့်အတွက် ကြောက်ရွံ့မှုနှင့် ချို့တဲ့မှုမှ ကင်းလွတ်သော လူ့အဖွဲ့အစည်းများ တည်ထောင်ရန် မကြောက်မရွံ့ အနစ်နာခံ လုပ်ဝံ့ကြခြင်းပင် ဖြစ်ပါသည်။ သစ္စာတရား၊ ဂရုဏာတရားနှင့် တရားမျှတမှုတို့ကို ငြီးငွေ့ဖွယ်ရာ အတွေးအခေါ်ဟောင်းကြီးများဟု ဆိုကာ ပစ်ပယ်၍ မရပါ။ ရက်စက်သော အာဏာစက်ကို တွန်းလှန်ရာတွင် ဤတရားများသည်သာလျှင် အကာအကွယ်ပေးနေလျှက် ရှိတတ်ပါသည်။
(ဒေါ်အောင်ဆန်းစုကြည်)
(ဒီအချိန်မှာ အန်တီစုကိုယ်တိုင်ရေးသားခဲ့တဲ့ ဒီဆောင်းပါးကို လူတိုင်းဖတ်သင့်တယ် လို့ စဉ်းစားမိလို့ ပြန်တင်ပေးလိုက်တာပါ)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, May 27, 2009

လွန်ခဲ့တဲ့ ၁၉ နှစ်၊ ဒီနေ့ ဒီအချိန်

ဒီနေ့ မေ ၂၇ တဲ့။ လွန်ခဲ့တဲ့ ၁၉ နှစ်ကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၁၉ နှစ် ဒီအချိန်က တညလုံး မအိပ်နိုင်အောင် ပျော်ရွှင်ခဲ့ရတယ်။ အဲလို အပျော်တွေ ရဖို့ ၈၈ က ရင်းနှီးထားခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ ခုလောက် ကြာအောင် ဂတိမတည် လိမ်လည်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ကြုံလဲ မကြုံဖူးဘူးလေ။ နောက်တသက်လုံး ကြားလာခဲ့တဲ့ ၆၂ တို့ ၇၄ ၊ ၇၅၊ ၇၆ တို့တုန်းက ခုလောက်ထိ မအောင်မြင်ခဲ့ဘူးမဟုတ်လား။ ငါတို့တွေ တိုက်တော့ တယ်ဟုတ်ပါလားလို့တောင် အဲဒီအချိန်က ဂုဏ်ယူခဲ့သေးတယ်။

သိပ်မကြာခင်ပဲ ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော် ခေါ်ပေးတော့မလိုလို ၊ ကိုယ့်ဖာသာပဲ ခေါ်နိုင်တော့မလိုလို နဲ့ ဒင်းတို့ စစ်တန်းလျားအပြန်ကို စောင့်နေခဲ့ရတာလေ။
အစပိုင်းမှာလဲ စစ်တပ်က ဘာလုပ်ရမယ်တောင် မသိခဲ့ဘူးထင်ပါတယ်။ စစ်တပ်နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာလဲ ခမောက်က နိုင်ခဲ့တာ ဆိုတော့ သူတို့လဲ ပျာနေတာ ဖြစ်မယ်။

အဲဒီအချိန်တုန်းက ကျမက လူထုရဲ့ ပါဝါကို ယုံကြည်ခဲ့တဲ့ အတွက် ၊ ရွေးကောက်ပွဲ ဂတိတွေကို ယုံကြည်ခဲ့တဲ့အတွက် တကယ့်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံကို မင်းလုပ်အုပ်ချုပ်ချင်သူတွေက အာဏာရူးတွေ၊ လူလိမ်တွေ ၊ဂတိဆိုတာ မသိတဲ့ တိရိစ္ဆာန်တွေ၊ တိုင်းပြည်ကို ဖျက်ဆီးချင်သူတွေ ဖြစ်နေတာကို နောက်ကျမှသိတော့တယ်။


ဒါက ကြိမ်ချောင်းလေး ဆိုတဲ့ ရွာကို အသွား၊
ဒါက ပုသိမ်မြို့ တဖက်ကမ်းမှာ
လှေဆိပ်က တက်တော့ အဲလို စည်းရုံးရေးဆင်းလာသူတွေကို ကြိုဆိုကြတယ်၊
တရွာနဲ့ တရွာသွားရင်း ထမင်းငတ်ခဲ့တဲ့ အချိန်တွေလဲ ရှိခဲ့တယ်။

အဲဒီတုန်းက ဂျင်းကျောပိုးအိတ်ထဲ ပေါင်မုန့် တထုပ်ထည့်ပြီး နေ့မအား ညမအား( မာရှယ်လော ၁၀ နာရီထိ) တရွာဝင် တရွာထွက်၊ တလမ်းဝင် တလမ်းထွက် ဟောပြောစည်းရုံးမဲဆွယ်ပေါ့၊ မဲကို ဘယ်လိုထည့်ရတယ်၊ ကြက်ခြေခတ်တံဆိပ်တုန်းကို ဘယ်လိုနှိပ်ရမယ်၊ မဲထည့်တဲ့ အခွင့်အရေး ရဖို့ ဘယ်လို ကြိုးစားရင်းနှီးခဲ့ရတယ် ဆိုတာတွေကို ပြောပြကြရတာလေ၊

ကျမက ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေ (၂) ကိုယ်စားလှယ်လောင်း ဦးတင်ချော ရဲ့ နယ်မြေက စည်းရုံးရေးမှုး၊ နောက် ပုသိမ်အနောက်မြို့နယ် မဲအောင်နိုင်ရေးကော်မတီရဲ့ ဘဏ္ဍာရေးမှုး၊ (ဧရာဝတီတိုင်း ကျောင်းသားသမဂ္ဂ မှာလည်း ဘဏ္ဍာရေးမှုးပဲလေ၊ ဗကသ မှာကတော့ ကျောင်းသားချည်းပဲ ဆိုတော့ ၀င်ငွေမရှိတော့ ဘဏ္ဍာရေးမှုးကပဲ အားလုံး စိုက်ထုတ်အကုန်ကျခံရတဲ့ အဖြစ်ပါ၊ ဗကသ ဗဟိုက ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ စည်းရုံးရေး ဆင်းလာရင်လဲ အိမ်မှာပဲ စားသောက်ခဲ့ရတယ်၊ ၀ယ်မကျွေးနိုင်ဘူးလေ၊ မိဘအိမ်ကတော့ ခေါ်ကျွေးလိုက်လို့ ရတဲ့နေရာကိုး)

စည်းရုံးရေးခရီးစဉ်တွေက တလစာ ကြိုတင်ပြီး ရက်စွဲ၊ လိုက်ပါမယ့် လူအတိအကျနဲ့ တိုင်းငြိမ်ဝပ် ပိပြားရေးအဖွဲ့ကို တင်ရတာမို့ ခမောက်အဖွဲ့သွားမယ့် ခရီးစဉ်တိုင်းကို တစည ပါတီ စပါးနှံကလဲ လိုက်လံနှောင့်ယှက် အပြိုင်မဲဆွယ်ပေါ့။ သူတို့က သင်္ဘောစင်းလုံးနဲ့ သွားချိန်မှာ ကိုယ်တို့က လှေစီး၊ လမ်းလျှောက်၊ သူတို့က ကားနဲ့ သွားချိန်မှာ ကိုယ်တို့က စက်ဘီးစီးလမ်းလျှောက်၊ တခါတလေ စက်ဘီးက ကိုယ့်ကို ပြန်စီး၊ သူတို့က ရွာတွေမှာ အလှုပေးပြီး လူစု စည်းရုံးချိန်မှာ ကိုယ်တို့က ရွာခံတွေ ကျွေးတဲ့ ထမင်းစားပြီး စည်းရုံးဟောပြော၊ ဒါပေမယ့်လဲ ထောက်ခံမှုကတော့ အပြတ်အသတ်ပါ။(အဲဒီအကြောင်း ဆောင်းပါးလေး တပုဒ်ရေးဖူးတယ်၊ ပြန်ရှာပြီး တင်ပေးပါဦးမယ်)

ဒါပေမယ့် ဘ၀မှာတော့ အဲလိုမဲနိုင်အောင် မဲဆွယ်တာဝန်ယူစည်းရုံးခဲ့ရတဲ့ အချိန်လေးတွေနဲ့ အတူ ကိုယ်ပါဝင်ထမ်းဆောင်ခဲ့ရတဲ့ အတွက် ပြန်တွေးတိုင်းတော့ ၀မ်းသာ ပီတိဖြစ်ရပါတယ်။ လူတယောက်ဟာ သူ့ခေတ်ကြီးက ပေးအပ်တဲ့ တာဝန်ကို နိုင်သလောက် ထမ်းခဲ့တဲ့အပေါ်မှာတော့ ပီတိဖြစ်ရတာ ဂုဏ်ယူရတာဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး ထင်ပါတယ်နော်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တချို့တွေလဲ ဒီလမ်းပေါ်က လွင့်စင်ကျကြ၊ တချို့လဲ ဖိတ်စင်ခဲ့ရ၊ သူတို့ကိုလဲ သတိတရ ဖြစ်မိတယ်၊

ဒါပေမယ့် ခု လို၁၉ နှစ်ကြာတဲ့ အချိန်မှာတော့ …..သူတို့လိမ်ဆင်ကြီးတွေက ဆက်ရှိနေတုန်း။ အတင်းအဓမ္မ ယူထားတဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေတုန်း။ ခုလဲ ဘာမှ အပြစ်မရှိသူကို လုပ်ကြံ အမှုဆင်၊ တကယ့်တာဝန်ရှိတဲ့ လုံခြုံရေးတွေ ၊ ပြည်ဝင်ခွင့် ပေးလိုက်တဲ့ လူတွေကတော့ ဘာမှတရားစွဲမခံရ။

အော်…. တသက်လုံး ဒီလိုနေရမယ်တော့ မထင်ကြပါနဲ့။ ၀ဋ်ဆိုတာ လည်ကိုလည်ဦးမှာပါ။ အမှန်တရားကလဲ နိုင်ရဦးမှာပါ။ ကိုယ့်အလှည့်ကျရင်သာ……….

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, May 25, 2009

ငါတို့အားလုံးရဲ့အမေ

ရဲဝံ့တဲ့ တည်ငြိမ်မှုနဲ့ အတူ ခိုင်ခိုင်မတ်မတ် ခြေလှမ်းတွေ
ဖြောင့်မတ်မှန်ကန်တဲ့ ဦးဆောင်မှုခြေလှမ်းများဖြင့်

ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။

သွေးမုန်တိုင်းတွေ
ထန်နေချိန်တုန်းကလေ
အမေဟာ ရဲဝံ့စွာ...ရင်ဆိုင်နေ ……
သိန်းစွန်ငှက် ၀ိဥာဉ်တွေ….
ငါတို့အားလုံးရဲ့ အမေ… ။

ဗမာပြည်သစ်ရဲ့
ခယောင်းတောလမ်းထက်မှာ
ရဲရင့်စွာ ကျော်ဖြတ်ဆဲ....
ကမ္ဘာမြေတ၀ှမ်းရဲ့ ငြိမ်းချမ်းရေး ပြယုဂ်လေ
ငါတို့အားလုံးရဲ့အမေ…..။

အမေ့ရင်သွေးတွေ ညီညာပေါင်းစုနေ
ရန်သူအားလုံးကို အနိုင်ယူမလေ ….
ကျောင်းသားထု သွေးညီဟေ
မျှော်ရည်အားသစ်စေ....။
(ဒေါ်အောင်ဆန်းစုကြည် အသက် ၄၅ နှစ်မြောက် မွေးနေ့အခမ်းအနား ပုသိမ်ဒီချုပ်ရုံးမှာ ရွတ်ဆိုခဲ့ကြတဲ့ သီချင်းပါ။ သူငယ်ချင်း ဗကသ ကျောင်းသားတယောက်ရေးဖွဲ့ခဲ့ပါတယ်။)
အန်တီ....
ဘာမှ မလုပ်ပေးနိုင်တဲ့ဘ၀မို့ ကြေကွဲဝမ်းနည်းရပါတယ်။
ဒါပေမယ့် အာဏာရှင်ကို ဘယ်တော့မှ အရှုံးမပေးပါဘူး။
အသက်ရှိနေစဉ် ရောက်တဲ့နေရာက အတတ်နိုင်ဆုံး ဆန့်ကျင်နေပါ့မယ်။
အန်တီ ကျန်းမာပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, May 17, 2009

အာဏာရူးတွေ ရူးစေဖို့

တမင်အကွက်ချ ဖန်တီးထားတဲ့ဒီအကွက်မှာ ခုလိုပဲ မတရားဘူးလို့ ပြောနေယုံနဲ့ ပြီးသွားမလား။ သူခိုးက လူလိုဟစ်နေတာ မို့ ဘယ်လိုပြောရမယ်ဆိုတဲ့ စကားလုံးတောင် ရွေးချင်စိတ်မရှိတော့။

ဒီပဲယင်းမှာလဲ တကယ့်ကို လုပ်ကြံခဲ့ပေမယ့် ကံကြီးလို့ သေကံမရောက်ခဲ့ရ။ ဒါပေမယ့် မကျေနပ်တဲ့ အာဏာရူးတွေက ရိုက်နှက်သူတွေကိုတော့ တရားမစွဲ အမှုမလုပ်ပဲ သေကံမရောက်ခဲ့တဲ့ ရိုက်နှက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ လူတွေကိုတော့ ဖမ်းဆီးထောင်ချ အကျယ်ချုပ်။ အခုလဲ အကျယ်ချုပ်ထားတဲ့ အကျဉ်းသားရဲ့ အိမ်ထဲကို ခိုးဝင်တဲ့ အမှုမှာ လုံခြုံရေး ယူထားတဲ့ တာဝန်ရှိသူ တွေကိုတော့ အမှုထဲမပါ၊ သတ်မယ့်သူသာ ၀င်ပြီး သတ်သွားခဲ့ရင် ဘယ်လို ပြောမယ် အရေးယူမယ် စဉ်းစားကြည့်ပါဦး၊
ကလေးကစားကွက်တွေနဲ့ ကစားနေပုံ ပြောပါတယ်။

ဒီလိုနဲ့ ခု အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့ နီးကပ်လာပြန်တော့ ယုတ်မာကောက်ကျစ်တဲ့ နအဖက မဖြစ်ဖြစ်အောင် ထောင်ချဖို့ အကွက်ချပြန်တယ်။ ကျမတို့ခေါင်းဆောင်ကို ဒီအတိုင်း ကြည့်နေကြရတော့မှာလား။ မျိုးဆက်တွေကို ဖျက်ဆီးခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၊ ဦးတင်ဦးဆိုတာ၊ ခွန်ထွန်းဦး ဆိုတာ၊ မင်းကိုနိုင်ဆိုတာ ၊ ကိုကိုကြီးဆိုတာ….ဆိုတာ… ဆိုတာ….။
မျိုးဆက်တွေ ကို ဘာမှမသိအောင် နိုင်ငံရေးဆိုတာလူတိုင်းနဲ့ မသက်ဆိုင်ဘူး ထင်လာအောင်၊ ကြောက်လန့်အောင် ၀ါဒဖြန့်ချီနေရင်းကနေပဲ စီးပွားရေး ကျပ်တည်းမှုကြောင့် ကိုယ့်တကိုယ်ရည် အဆင်ပြေနိုင်မယ့် ကြံဖွတ်တွေ စွမ်းအားရှင်တွေ များလာနေခဲ့ပြီ။

တချိန်တည်းမှာပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကနေ စစ်တပ်ဆိုတာ ဒီလိုကမ်းကုန်အောင် မိုက်တယ်လို့ ပြလိုက်တဲ့ အခါ….
၂၀၀၈ နာဂစ်မှာ ဒုက္ခရောက်နေတဲ့ ကိုယ့်ပြည်သူလူထုကို မကြည့်ပဲ ကိုယ့်အာဏာတည်မြဲဖို့ ဆန္ဒခံယူပွဲကို အတင်းပြုလုပ်၊ လိမ်ချင်တိုင်း လိမ်လို့ရအောင် မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီမယ့် နိုင်ငံခြားအဖွဲ့တွေ၊ သတင်းထောက်တွေ ကို ၀င်ခွင့်မပေးပဲ ထားလိုက်တဲ့အခါ…
အလောင်းကောက် သဂြိုလ်တဲ့ အမှုကို လုပ်ပေးနေတဲ့ သူတွေကို ဖမ်းဆီးထောင်ချ… လိုက်တဲ့အခါ….
လူမှုကယ်ဆယ်ရေးလုပ်နေသူတွေကို ဖမ်းဆီးထောင်ချ…လိုက်တဲ့အခါ…
တို့နိုင်ငံက စစ်တပ်ဆိုတာ ဒါပဲလို့ ခု မျိုးဆက်တွေက သိသွားခဲ့ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ့် အာဏာရူးများနဲ့ ၂၀၁၀ ကို ၀င်ချင်နေတဲ့ အာဏာရူးများကို သတိလေးတော့ ပေးချင်ပါတယ်။ ၁၉၆၂ ကနေ ဒီကနေ့ ၂၀၀၉ ထိ ကျဆုံးခဲ့ရတဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ သွေးကျိန်စာကို သင်တို့မမေ့ပါနဲ့၊

အိုးးးး စစ်အာဏာရူးများးးးး၊ အကယ်ဒမစ် အာဏာရူးများ
ဝဋ်ဆိုတာ ဘယ်လိုလည်တယ်။ အမှန်တရားဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူးဆိုတာ သင်တို့ သိလာရပါတော့မယ်။ ပြည်သူလူထုက ဒဏ်ခတ်တတ်ပါတယ်။ သမိုင်းမှာ ဘယ်သူတွေ ဘယ်လို တင်ကျန်ခဲ့မယ် ဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ဒီမိုကရေစီလိုလားသူ မိတ်ဆွေ ရောင်းရင်းတို့…
ဒီနေ့ ဒီအချိန်က စတင်ပြီး ကိုယ်ရောက်ရာ နေရာကနေ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ဆက်နွယ်နေသမျှ အရာအားလုံးမှာ…
မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ… ဖို့ လိုအပ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုရင် သူ့ကို ထောက်ခံချင်တယ် ဆိုရင်တော့ သူ့ပြောစကားကို နားထောင်ဖို့ လိုပြီ ထင်ပါတယ်။ အားငယ်စရာမလိုဘူး။ ဆုတောင်းနေစရာမလိုဘူး။ လက်တွေ့ကျင့်သုံးပေးဖို့သာ လိုပါတယ်။

မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ

Tuesday, May 12, 2009

ပါလီမန်တွင်းအလည်တခေါက်

နော်ဝေး ခရီးစဉ်ထဲမှာ ပါလီမန်ထဲကို ရောက်ခဲ့တဲ့အကြောင်းလဲ ပြောပြချင်သေးတယ်။
အမျိုးသမီးအခွင့်အရေး နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း လုပ်ဖို့ နော်ဝေးအမျိုးသမီး တဦးကို ရှာတော့ နော်ဝေးအမျိုးသမီးလှုပ်ရှားမှု တွေမှာ ခေါင်းဆောင်တဦးဖြစ်ပြီး ပါလီမန်အမတ်တဦး ဖြစ်ခဲ့တဲ့ အသက် ၇၀ကျော် အမျိုးသမီးကြီးတယောက်နဲ့ ဆက်သွယ်မိတယ်။ သူကပဲ ပါလီမန်ထဲကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်။ အထဲကို သူ့ဧည့်သည်အဖြစ် ၀င်ခွင့်ကဒ်ပြား လုပ်ပေးပြီး အဲဒီမှာပဲ အင်တာဗျူးတာပေါ့။
ပါလီမန်အဆောက်အဦး ရှေ့က ရုပ်တုတွေကလဲ စိတ်ဝင်စားစရာပဲ။
ပြီးတော့ သူက ပါလီမန်အထဲကို လိုက်ပြတယ်။ ပါလီမန်အစည်းအဝေးခန်းမ၊ မဲပေးပုံစနစ်၊ သတင်းသမားတွေကို ပါလီမန်အမတ်တွေနဲ့ မျက်နှာချင်းဆိုင်က စင်မြင့်မှာ ထားပုံ။ သတင်းလွတ်လပ်ခွင့် ဘယ်လို ဆိုတာတွေပါ လက်တွေ့ လိုက်ပြတယ်။ အဲဒီလို လိုက်ပြတော့ ကျမတို့ကို ကင်မရာတွေနဲ့ဆိုတော့ ပါလီမန်အစည်းအဝေးခန်းမကို ရိုက်ခွင့်မပြုဘူး လို့ ပြောထားတယ်။ ဒါပေမယ့် ခန်းမထဲရောက်တော့ အဲဒီအမျိုးသမီးကြီးက ငါသာနင်တို့နေရာမှာဆို ဓါတ်ပုံ ရိုက်မိမှာပဲတဲ့။ ကျမတို့ကလဲ စကားနားထောင်ပြီး ရိုက်သလားမမေးနဲ့။

ပါလီမန် အစည်းအဝေးခန်းမ၊ လျို့ဝှက်မဲပေးစနစ်ကို ကိုယ့်ထိုင်တဲ့ ခုံမှာပဲ တပ်ထားတာ တွေ့ရမယ်။

ပါလီမန်အမတ်တဦးဖြစ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ခေါင်းဆောင်လှုပ်ရှားခဲ့သူ
သူနဲ့ အတူ ပါလီမန်အပေါ်ကို တက်တဲ့ လှေခါးမှာ ကျမတို့ကို လူတယောက်နဲ့ သူက မိတ်ဆက်ပေးသေးတယ်။ အသက်ခပ်ငယ်ငယ်နဲ့ နော်ဝေးတရားရေးဝန်ကြီးတဲ့။ ဖော်ရွေလိုက်သမှ လက်ဆွဲနှုတ်ဆက်၊ စကားတွေပြောလို့ ခပ်ပြုံးပြုံးနဲ့။ ပြီးတော့ ဒီအဆောက်အဦထဲမှာ ရောက်တုန်း ရောက်ခိုက် နှံ့စပ်အောင် ကြည့်သွားပါလို့ ပြောသေး။ သူနဲ့ ဓါတ်ပုံတော့ မရိုက်ဖြစ်လိုက်ဘူး။

အကုန်လိုက်ကြည့်ပြီးတော့ အဲဒီအဆောက်အဦးထဲက စားသောက်ဆိုင်မှာ နော်ဝေးအစားအစာနဲ့ ကျွေးမွေးဧည့်ခံလိုက်သေးတယ်။

အာလူးကိုအဓိကထားတယ်၊ နောက် မြင်ရတဲ့အထဲမှာ ကြိတ်သားတွေကို ဂေါ်ဖီနဲ့ ထုပ်ထားတာလဲ ပါတယ်။ စားတော့ စားတာပဲ။ ဒါပေမယ့် မကြိုက်ဘူး။ ရေသောက်မယ် ဆိုပြီး ရေဘူးယူလိုက်တုန်း ဆော်ဒါရေချည်းပဲ ။ သိပ်ခက်တယ်။ ဆော်ဒါကိုလဲ ရေအဖြစ်သောက်ရတာ မကြိုက်မိပါဘူး။

ခုလိုပဲ နော်ဝေးနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်းဆီကိုလဲ အင်တာဗျူးသွားရိုက်ဖြစ်သေးတယ်။ သူက ခုတော့ လူ့အခွင့်အရေးကို ဇောက်ချလုပ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူပေါ့။ အန်တီစုနဲ့ တွေ့ဆုံဖူးတယ်။ မနှစ် နှစ်ကုန်ခါနီးက အန်တီစု လွတ်မြောက်ရေးအတွက် နိုင်ငံခေါင်းဆောင်ဟောင်းတွေ လက်မှတ်ထိုးပြီး ယူအန်ကို တင်တဲ့ လှုပ်ရှားမှုကို သူဦးဆောင်တယ်။

ဘာပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ အားပေးတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးကပါတယ်။ ဒါကြောင့်လဲ ဒီဗွီဘီကို နော်ဝေးနိုင်ငံမှာ အခြေစိုက်ခွင့်ပေးခဲ့တာပေါ့။
သူတို့နိုင်ငံရဲ့ လူ့အခွင့်အရေးကို အလေးထားမှုတွေ ကို အားကျလေ့လာခဲ့ရင်း၊ ကိုယ့်ပြည်သူတွေကို ရင်ဝယ်သားလို သဘောထားခြင်း စတာတွေကို ကြည့်မြင်ခံစားရင်း လူကိုလူလို မဆက်ဆံတဲ့၊ လူတန်ဖိုးကို နားမလည်တဲ့ လူဆိုးဗိုလ်တွေ လက်အောက်က ကျမတို့ရဲ့ ရွှေပြည်ကြီးကို အမြန်ဆုံး လွတ်မြောက်ချင်တော့တာပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, May 5, 2009

တွေ့ချင်တဲ့ ၁၀ ယောက်ဆိုပေမယ့်...

ဘလော့ရပ်ဝန်းမှာ တွေ့ဖူးချင်သူများ ဆိုတဲ့ ပို့စ်ကို လေနုအေးရဲ့ သခင်မ မတန်ခူးက တဂ်လာပါတယ်။ တွေ့ဖူးချင်သူတွေ ရေးရရင် အများကြီးမှ အများကြီးပါ။ ကျမအားတဲ့အချိန်တွေမှာ ဘလော့တခုကနေ တဆင့်ပြီးတဆင့်သွားဖတ်တတ်တာမို့ တခါတလေ ကိုယ်ဖတ်မိတဲ့ ဘလော့ပြန်သွားဖို့ဆိုရင် ဘယ်ကနေ သွားရမယ် မသိတောင် ဖြစ်တတ်ပါတယ်။ အသီးသီး ရေးနေကြတာတွေများ ဖတ်လို့ ကောင်းကောင်းနဲ့ ဖတ်နေတာ တခါတလေ မိုးလင်းခါနီးထိ ဖြစ်သွားတတ်ပါတယ်။ ကျမက အတင်းရယ်ရအောင် ရေးတဲ့ပို့စ်တွေ မကြိုက်တတ်ပေမယ့် သရော်တော်တော် ထေ့လုံးတွေကိုတော့ ကြိုက်တတ်တယ်။
ဒီလူတွေကို တွေ့ဖူးချင်တယ်။ ပြီး....စားစရာတွေ လုပ်ရင်းစားရင်း ပြောရင်းပေါ့နော်...

ဘလော့မလုပ်ခင်ကတည်းက ဘလော်ဂါ စိုးဝှက်ကလေးကို အွန်လိုင်းမှာ မေငြိမ်းကြောင့် သိခဲ့ရတာပါ။ သူက အဲဒီတုန်းက ကယားလူမျိုးအကြောင်းရေးနေတာမို့ ကိုယ်လဲ ကယားပြည်နယ်နေခဲ့ဖူးသူအဖြစ် သူသိချင်တာတွေ မေးရင်း နောက်ပိုင်း ဘလော့လုပ်ဖြစ်တော့ တော်တော်ကူညီပေးခဲ့သူပါ။ အဲဒီအချိန်တွေတုန်းက သူပို့စ်တွေ သိပ်တင်နိုင်ခဲ့ရက်နဲ့ ခုတော့ အပျင်းရောဂါ စွဲကပ်နေရှာပြီ။ စာရိုက်ရင်း ဂျီတော့က စကားပြောရင်း တခါတလေ ဓါတ်ပုံလေးတွေ အပြန်အလှန်ဖလှယ်ရင်း တကယ့်တူမတယောက်လို ဖြစ်သွားခဲ့တာ သူ့မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ်၊ ကိုယ့်မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ် နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားရင်း ပျက်ပျက်သွားရတာတွေ ရှိခဲ့ပြီ။ သူ့ကိုတော့ လူကိုယ်တိုင် မြင်ဖူးချင်လှပြီ။

နောက်တယောက်ကတော့ ဘလော်ဂါ ရန်အောင်ပါ။ အာဇာနည်နေ့ မေလှမြိုင်သီချင်းတင်ဖို့ စာသားကို သူတယောက်တည်းနားထောင်ရင်း နားမလည်နိုင်လို့ ကူနားထောင်ပေးခိုင်းတာကို သတိရမိပါတယ်။ သူက ကျမဘလော့ကို စတင်လုပ်ချိန်က တော်တော်ကူညီပေးခဲ့သူပါ။ ဓါတ်ပုံမြင်ဖူး အသံကြားဖူးပေမယ့် လူကိုယ်တိုင်မြင်ကြည့်ချင်ပါသေးတယ်။ သူ့ရည်းစားတွေ အကြောင်းရေးနေတုန်းက အဲဒီပို့စ်ပြီးရင် အမတို့ကို တက်ဂ်ပစ်မယ် ပြောခဲ့ဖူးပြီး သူလဲ အဲဒီပို့စ်မပြီးခဲ့ဘူးထင်ပါရဲ့။ ဘလော့ပေါ်မှာ သွားသွားဖတ်ပေမယ့် ခြေရာမချန်ဖြစ်ခဲ့ပါ။ သူလဲ တချိန်က ကျောင်းသားတပ်မတော်အပေါ် မှားယွင်းစွာ ပို့စ်တင်ခဲ့ဘူးပေမယ့် သိတဲ့အချိန်မှာ တောင်းပန်ရင်း ပြန်ဖြုတ်ခဲ့ဖူးတာမို့ လေးစားဖွယ်ရာ လူငယ်တယောက်အဖြစ် မှတ်ယူထားပြီး ဆုံတွေ့ချင်ပါတယ်။

ဘလော့ကို စွဲခါစကတော့ သူ့ဘလော့လေးကိုသွား သူတင်ထားတဲ့ သီချင်းတွေ ဖွင့်ရင်း နောက်ထပ်ဘလော့တွေကို လိုက်ဖတ်ဖြစ်ခဲ့တယ်။ သူကတော့ မလေးလို့ ခေါ်တဲ့အိမ်ချမ်းမြေ့။ သူ့ဘလော့ကို နေ့တိုင်းမရောက်မရှိ။ သူအဆုံးမသတ်တဲ့ ၀တ္ထုတိုတွေကို ကိုယ့်ဖာသာ စိတ်ကူးနဲ့ အဆုံးသတ်ပစ်လိုက်တာလဲ အကြိမ်ကြိမ်။ ဘာပဲပြောပြော သူ့ကိုလဲ တွေ့ချင်တာမှ အရမ်း။ ချက်တင်မရှိ မေးလ်အဆက်အသွယ် မရှိပေမယ့် ဘာ့ကြောင့်မှန်းမသိ ခင်တွယ်မိနေသူ။ တွေ့ချင်တဲ့စာရင်းထဲ မလေးကို ထည့်ထားပါတယ်။

သူ့ဆီက တဆင့်သွားခဲ့ဖူးတဲ့ သိုးမလေး ဆိုတဲ့ ဘလော့တခုကို လိပ်စာမမှတ်မိတော့တာမို့ ခုချိန်ပြန်ရှာလို့မတွေ့မိတော့။ သိုးမလေးအဖေပြောခဲ့တဲ့ ကြယ်လေးတွေပုံပြင်၊ သိုးမလေးဖေဖေ မရှိတော့တာ စသဖြင့် ၀င်ဖတ်နေရင်း ငြိတွယ်ခဲ့ရတဲ့ ဘလော့လောကက သိုးမလေးကို ဘယ်လိုပြန်ရှာရမယ် မသိတော့ သူရှိရော ရှိနေသေးလား သိချင်ပြန် နောက်တဆင့်တက်လို့ တွေ့ချင်ပြန်။ သူဟာ သူရေးထားတဲ့အတိုင်း ဒါမှမဟုတ် ကိုယ့်ဖာသာယူဆမိတဲ့အတိုင်း စကားမပြောနိုင်တဲ့ ကလေးမလေးလား ခုထိ ရင်ထဲမှာ မြင်ချင်တွေ့ချင်မိတုန်း။

နောက် ဘလော့အဦးကာလတွေက ရေးသားခဲ့ဟန်တူပြီး အင်္ဂလန်မှာ ရှိနေတဲ့ ဘလော်ဂါတယောက်ကို အရင်က လင့်ထားဖူးပေမယ့် သူပို့စ်အသစ်မတက်တော့တာကြောင့် ဖျက်လိုက်မိတာ သူလဲ ဘယ်ရောက်နေတယ် မသိ။ spritcorner ဆိုတဲ့ သူ့ဘလော့လေးကတော့ ဘလော့ကမ္ဘာလေးထဲ ရှိနေဆဲ။ သူကိုလဲ တွေ့ဖူးချင်တယ်။ ရွှေဝါရောင်ကာလကို သူအမြင်နဲ့ ပုံဖော်ခဲ့တာလေး သတိရနေတယ်။

သူနဲ့တွဲသတိရတာက ကြာပီ ။ သူ့ကိုလဲ ကျမက သီချင်းတွေ တောင်းဖူးတယ်။ မေးလ်ထဲကနေ ကိုအံ့ကြီးသီချင်းတွေကို ပို့ပေးဖူးပြီး နောက်ပိုင်း ပို့စ်တွေ ပြန်တက်တာ တွေ့ရတယ်။ ဒါပေမယ့် တော်တော့်ကို နည်းပါတယ်။ သူ့ဘလော့မှာ တင်ထားတဲ့ အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ကြားဖူးပါစ ဆိုတဲ့စာသားလေးကို သဘောကျနှစ်ခြိုက်လွန်းတာမို့ သူ့ကိုလဲ တွေ့ချင်တယ်။ အံ့သြစရာက သူက ဘလော်ဂါ ပေါက်နဲ့ ညီအမတော်နေတာကို သူ့ပို့စ် ဖတ်ရင်းသိရပါတယ်။ ပေါက်နဲ့ ချန်ချန်းကို လဲ ပေါက်ရဲ့ ဘလော့သွားဖတ်နေရင်း ရင်းနှီးနေတာမို့ သူရေးတဲ့ ချန်းချန်းကို ထင်မိနေတုန်း နုသွဲ့ကောမန့်တွေ့တော့ ကြိမ်းသေသွားတာပေါ့။ သူတို့တွေကိုလဲ တွေ့ဖူးချင်တယ်။

အင်္ဂလန်ဘလော်ဂါထဲ တဆက်တည်း နုသွဲ့ကိုလဲ တွေ့ချင်တာပါပဲ။ စိတ်ရောဂါနဲ့ ပတ်သက်တာတွေ သူ့ကို မေးချင်လို့ပါ။ စိတ်ဒဏ်ရာ သမားတွေကို ဘယ်လို ဖြေသိမ့်ပေးရမလဲ သိချင်တာပေါ့။ သူချက်ကျွေးတာတွေစား ပြီး ကိုယ်သိချင်တာတွေ မေးလို့ရရင် သိပ်ကောင်းမှာပဲနော်။

ကလိုစေးထူးကိုတော့ သူနာမည်ရင်းပြောတော့မှ သူ့အမျိုးသမီးကို သိနေပြန်တယ်။ လူချင်းသိတာမဟုတ်ပဲ နာမည်ကြားဖူးတာပဲ ဖြစ်ပေမယ့် သူကိုလဲ တွေ့ချင်မိတယ်။ သူက စိတ်ဝင်စားအောင်ရေးတတ်တာမို့ ခေတ်ပြိုင်ဆောင်းပါးတွေကနေတဆင့် သိနေခဲ့ ပြီးဘလော့ကို ၀င်ဖတ်ဖြစ် ဒါပေမယ့် ကောမန့်တော့ ရေးခဲပါတယ်။ ခုဆိုသူက ကလေး တယောက်နဲ့လို့ သတင်းကြားမိတယ်။ ဒါ့ကြောင့်များ အရင်လို ပို့စ်တွေ သိပ်မတက်တော့တာလားမသိပါ။

ကဒေါင်းညင်သာ ကိုတော့ မြန်မာတီးရှော့မှာ စတင်သိကကျွမ်းခဲ့တာ။ အဲဒီထဲမှာက နာမည်တမျိုးဆိုတော့ သူကတော့ သိမှာမဟုတ်။ အဲဒီမြန်မာတီးရှော့က နေ ကလူသစ်၊ ကိုထိုက်၊ ကိုပေါ၊ ကိုမောင်ရင်။ ကိုသင့်။ ကိုဖိုးဇေ၊ နစ်နေမန်း၊ မသဒ္ဓါ တို့ တွေ ခုတော့ဘလော့လုပ်ကြပြီ။

ကိုပေါက ကျမထက်နောက်ကျပေမယ့် သူ့ရဲ့ တီးရှော့က စာတွေက ခုထက်တောင် လက်စောင်းထက်သေး။ သူနဲ့ ကျမက တခြားလူတွေလို ၈ျီတော့အဆက်အသွယ်မရှိ။ ဒါပေမယ့် သူရဲ့ အယူအဆတွေ နဲ့ တင်ပြရဲတဲ့ သတ္တိကို ကျမက သဘောကျတယ်။ သူ့အယူအဆထဲ တချို့မတူတာတွေတော့ ၀င်ပြောတယ် တူရင်တော့ သိပ်မပြောတော့ဘူး။ ဒီလိုလူတွေ လိုအပ်တယ် ဆိုတာ ယုံကြည်တယ်။

ကဒေါင်းက ခုနောက်ပိုင်း ပို့စ်အသစ် သိပ်မတက်နိုင်တော့။ ဒါပေမယ့် သူ့အတွေးတွေကိုတော့ ကျမက သဘောကျ ဒီတော့ တွေ့ချင်တဲ့စာရင်းထဲ တို့ထားလိုက်ပြီ။ အဲဒီမြန်မာတီးရှော့က တဖွဲ့လုံးကိုတော့ တွေ့ချင်တာ အမှန်တကယ်။

အဲဒီတုန်းက ကလူသစ်တင်ထားတဲ့ ပုံလေးက ကွန်ပျူတာမှာ အသည်းအသန် အလုပ်လုပ်နေတဲ့ပုံ။ ကိုပေါက သမိန်ပေါသွပ်ပုံ။(ကောမန့်မှာ ကိုပေါက ၀င်ပြင်ပေးထားတယ်။ သူက ညောင်ရမ်းဂွတိုတဲ့ ဟုတ်ပ။ ဘယ်လိုမေ့သွားတယ် မသိ။ လေးဂွပုံတဲ့ ပြင်ဖတ်ပေးနော်။ ခုရေးတာအမှန်) ခုတော့ ကိုသင့်ကလဲ ဘလော့ပေါ်တက်မလာတော့။ မအားလပ်ဖူးထင်ပါရဲ့။ ကလူသစ်ရဲ့ ခပ်ထေ့ထေ့ အရေးတွေကို ကျမက အမြဲတမ်းဝင်နောက်လိုက်ရမှ။ သူ့သမီးလေးကလဲ ချစ်စရာကိုး သူ့ဘလော့က ရောက်ဖြစ်နေရော။ ခုတော့ သူကလဲ တာ့တာတဲ့။ သူ့ကိုတွေ့ရင်တော့ ဒီလိုထေ့တတ်အောင် ဘယ်လိုကျင့်ခဲ့လဲ သိချင်တယ်လို့ မေးဦးမှာ။

ကိုမောင်ရင်ကတော့ဆောင်းပါးတိုင်း ကောင်းလွန်းလို့ မဖတ်ရမနေနိုင်။ သူကလဲ ကျဲသလားမမေးနဲ့။ သူ့ကိုလဲတွေ့ချင်တယ် ဘာ့ကြောင့် ဒီလောက် အတွေးအရေးကောင်းရတာလဲ ဘာကြောင့် တပြားမှ မရနိုင်တဲ့ ဘလော့ကနေ ဒီလိုစနစ်တကျ သုသေတနတွေ လုပ်ပြီး ဆောင်းပါးရေးတာလဲ မေးကြည့်ချင်လို့ပါ။ ပြီးတော့ ကျမက အဲဒီလို ရေးတတ်ချင်တယ်လေ။

ဘလော့စတင်ခါစက ပုထုဇဉ် ဆိုတဲ့ ဘလော့လေးကိုလဲ အရမ်းကိုကြိုက်နှစ်သက်ခဲ့။ သူ့ပို့စ်တွေကို ကူးယူမထားမိတာ နောင်တအခါခါ။ ဒါပေမယ့် ပန်ပန်က သူယူထားတယ် လို့တော့ ပြောဖူးရဲ့။ သူတို့ကိုလဲတွေ့ချင်တာပဲ။ ဆက်ထုံးကဗျာလေး ပြန်လာရေးပြီး တခါပြန်ပျောက်သွားတဲ့ ဘလော်ဂါ မိုးညိုရော ဘယ်တွေ ရောက်နေလဲ။ ဘလော်ဂါ စစ်အိမ်ညီညီသံလွင်မြန်မာအိုအေစစ် သူတို့တွေကိုတော့ ရွှေဝါရောင် ကာလတွေမတိုင်ခင်လေးမှာ အမှတ်တရ ရှိခဲ့ပြီး သွားသွားဖတ် လင့်တွေတောင် ချိတ်ထားခဲ့ဘူးတယ်။ သူတို့တွေနဲ့ တွေ့ချင်ပြန်သေးတယ်။

ကျမက ပျောက်သွားသူတွေကိုတမ်းတသလိုများ ဖြစ်နေပြီလား။နောက်ကျမ တက်ဂ်လုပ်ခဲ့ဘူးပြီး အရင် ချက်တင်လဲ အဆက်အသွယ်ရှိခဲ့ဘူးတဲ့ ဘလော်ဂါတယောက်ရှိပါသေးတယ်။ avril ဆိုတဲ့ နာမည်နဲ့ ဘလော့လေးပေါ့။ နောက်ပိုင်း ချက်တင်ကရော ဘလော့မှာပါ ပေါ်မလာတာ ကြာလှပေါ့။

နောက် စာရေးကျဲပေမယ့် တက်လာတဲ့ ပို့စ်တိုင်းကောင်းတဲ့ see and be seen။ သူ့ဘလော့ကို သိခါစက သူငယ်ချင်းတွေကို လိုက်ကျေညာခဲ့သေးတယ်။ သွားဖတ်ပါ ကောင်းလွန်းလို့ ဆိုပြီးလေ။ တွေ့ချင်တယ် မိဘလုပ်ကျွေးတဲ့ ဘလော်ဂါကို။ လီယိုမလေးနဲ့လဲ မြန်မြန်ဆုံစေချင်ပါတယ်လေ။

နောက် သမီးတယောက် ကောက်ရခဲ့တာလဲ ဒီဘလော့ဝန်းကျင်ထဲကပဲပေါ့။ သူကတော့ လင်းလက်ကြယ်စင်။ သူတို့ မင်္ဂလာမဆောင်ခင် သမီးရည်းစား ဘ၀ကတည်းက ကျမက မြှောက်ပေးနေကျ။ ဘာလုပ်မပေးရင် ဘယ်လို လုပ်ပစ် အဲဒီင်္လို….ိ။ ကိုအောင်မိုးနိုင်ရေ ခွင့်လွှတ်ပါ။ စလုံးမှာ မင်္ဂလာ မဆောင်ဖြစ်ခဲ့ရင် မဲဆောက်မှာ လာဆောင်ဖို့ထိ တာဝန်ယူထားခဲ့တဲ့ သမီးပေါ့။ ခုတော့ သူက ပျော်ရွှင်လို့ သူနဲ့ လူချင်းတော့ တခါမှမဆုံဖြစ်သေး။ တွေ့ချင်တယ်။

သူ့လိုပဲ တီတီလို့ခေါ်တဲ့ သားတယောက်လဲ ဖင်လန်မှာ ရှိသေးတယ်။ နော်ဝေးရောက်တုန်းက သူ့ဆီလာလည်ဖို့ ခေါ်ပေမယ့် မရောက်ဖြစ် ။ မင်းမင်းလို့ ခေါ်တယ်။ သူ့ဘလော့လေးမှာ စာလုံးပေါင်းမှားတာတွေ ပြင်ပေးဖို့ သူက ဖိတ်ခေါ်နေကျ။

အဲဒီနောက်တော့ ပန်ပန်(သူ့ရဲ့ ကဗျာတွေကို ကျမက အသည်းစွဲ)
နေနေနိုင် (သူရေးတာ ဘာမှ မဟုတ်ဘူးပြောလဲ ကြိုက်တာပဲ)
ခင်မမမျိုး( သူ့ဘလော့က ဆောင်းပါးတွေ ကြိုက်လွန်းလို့ နောက်အသစ် တင်တိုင်းမေးလ်ထဲ ပို့ပေးဖို့ တောင်းဆိုထားရသူ)
ပန်းခရမ်းပြာက မချို ဆိုလဲ သူ့ဘလော့လေး ၀င်ဝင်ဖတ်နေတာ ကြာပြီ။ ည၀တ်အကျီ င်္တွေကို အပြင်ဝတ်နေတာ သူရေးတဲ့ပို့စ်ကျမှ ကောမန့်ဝင်ရေးမိတာလေ။ သူ့လိုပဲ ပြောချင်နေတာ ကြာနေတဲ့အချိန် သူရေးတာတွေ့တော့ ၀မ်းသာအားရ။
ရွှေဂျမ်း ….သူ့ဘလော့ကို သွားတော့ သူ့အရေးအသားမှာ နစ်မြော သူ့ပန်းချီတွေကို စွဲလန်း ဒါနဲ့ ခဏခဏသွားချောင်း
လင်းးးး သူကတော့ အလွမ်းဘုရင်မ ဘယ်လိုနာအောင်ပြောပြော လွမ်းကောင်းဆဲ သူ့ကိုလဲ သူ့ပို့စ်တွေကနေ ညီမတယောက်လို ချစ်ခင်မိ အဆင်ပြေစေချင်မိ၊
ယုဝရီကို ဒေါက်တာ ရီရီဝင်းအဖြစ် ဘလော့ဝင်ဖတ်ရင်းက သူ့ဘလော့နာမည်ပြောင်းလိုက်တော့ ကြိုက်လိုက်တဲ့နာမည်။ ဒီနာမည်လှလှလေးရွေးတတ်ပါ့ပေါ့။ သူရေးတဲ့ ၀တ္ထုတပုဒ်ကို ကိုယ်တွေ့ရေးတယ်ထင်ပြီး ကောမန့် သွားပေးဖူးသေးတယ် ။ အားနာလိုက်ပါဘိ။ သူ့ပို့စ်တွေကလဲ ပြည်တွင်းက အခြေအနေတွေကို ထင်ဟပ်တာမို့ ကြိုက်တယ်။ အပြင်မှာ တွေ့ရရင်တော့ တိုးတိုးတိတ်တိတ် မေးချင်တဲ့ စကားလေးတွေ ရှိပါ့။
သူ့လိုပဲ ကောမန့်မှားပေးမိတဲ့ တယောက်ရှိသေး ။ သက်ဝေပေါ့။ ၀တ္ထုတိုလို့ တပ်ထားတာ မတွေ့ပဲ စီဘောက်မှာ သွားပြီး ရေးချင်တာ ရေးခဲ့မိတာ။ အားနာရတာလဲ မဆုံးတော့။ တွေ့ဦးမယ် သက်ဝေရေ..
သိဂီ င်္နွယ် အတိုကောက် tg nwe ကို ကလစ်ကြည့်ဖို့ မစဉ်းစားပဲ တောင်ငူနွယ်လားမသိ ဆိုပြီး သတိထားမိနေတာကနေ တနေ့တော့ ကလစ်ကြည့်ပြီး သူ့ပို့စ်တွေ တနေ့တည်း အကုန်ဖတ်ဖြစ်ရာကနေ ခင်မင်မိသွားတယ်။
သူ့လိုပဲ မီယာ့ကိုလဲကောမန့်ထဲ တွေ့တော့ နာမည်ကို ကလစ်မကြည့်မိ။ အားတဲ့ ရက်တွေမှာ လိုက်ကလစ်ကြည့်ရင်း သူ့ဘလော့ကို တွေ့တော့ အားနာမိလိုက်သေး။ တကယ့်ကို ကလစ်မကြည့်မိတဲ့ ကိုယ့်အဖြစ်။ ဘာလို့ အဲလိုတွေ မေ့နေလဲ ဆိုတာတောင်မသိ။ သူ့ကိုလဲ တွေ့ချင်တာပါပဲ။ စာရေးရင် အေးအေးလေး ရေးတတ်တာ သူ့အမှတ်အသား။
မလေးရှားက ညလေးကို အရင်က ယူဖတ်တဲ့ ရီဒါထဲ မ၀င်တော့ ဘလော့ဖျက်လိုက်ပြီ အောက်မေ့လို့ နောက်မှ သူက ဘလော့ပြောင်းသွားတာကိုး။ သူ့ကိုတွေ့ချင်တာတော့ ကြာပေါ့။
ပုံရိပ် တို့ လေးမတို့ ဘလော့တွေလဲ ကိုယ်ဘလော့လုပ်စက နေ့တိုင်းဖတ်ရတဲ့ ဘလော့တွေပါပဲ။ သူတို့တွေ ဘယ်နိုင်ငံကလည်း ဆိုတာတောင် အဲဒီတုန်းက မသိခဲ့ဘူး။
သိရင်လား … သွားလည်မလို့ပေါ့နော်။
ပီတိ ရဲ့ မေမေ့ပို့စ်တွေကလဲ ဖတ်မ၀ ။ သူက၀တယ် ဆိုတော့ တွေ့လို့ ဖြစ်ပါ့မလား။ ဒါပေမယ့် ချန်ထားလို့ မဖြစ်တဲ့ အကြောင်းတွေရှိတယ်နော် ကိုပီတိ တွေ့မှဖြစ်မယ်။ လာလည်ပါဗျို့။
တန်ခူးရဲ့ လေနုအေးကို သွားဖတ်မိတာ ကိုပေါဘလော့ကနေ တဆင့်။ ဖတ်နေရင်း သားလေးကို မြင်ယောင်မိ။ နောက်သူ့ပို့စ်တခုက ဆန်းဒေးကျောင်းပုံလေးကို လိုချင်လို့ ကြားခံတဆင့်ဆီ မေးလ်ပို့တောင်းခဲ့ဖူးပြီး လူချင်းတွေ့ချင်တဲ့ထိ ဆန္ဒက ဖြစ်မိ။

ကိုဧရာ မသီတာ ဘလော့လေးကိုလဲ အစက ဂျပန်က ထင်မိသေး။ နောက်မှ စလုံးက အင်ဂျင်နီယာတွေလို့ သိရတော့ အာအိုင်တီကို သံယောဇဉ်ကြီးတဲ့ ကိုယ်က မရောက်ရမနေနိုင်။ တကယ့်ကို အသိတရားတွေ ပေးတတ်တဲ့ ဘလော့မဟုတ်လား။ ပြီး မသီတာရဲ့ ပုံတူတကြောင်းပန်းချီလေးကို ကိုဧရာက ဆွဲပေးထားတယ်ဆိုတော့ သဘောကျလိုက်တာ။ အဲဒီမိသားစုလေးကိုလဲ မြင်ချင်မိပြန်တယ်။

ဂျူလိုင်အိပ်မက်ကတော့ ဘလော်ဂါ ထဲက ယောက်ျားလေးတွေထဲမှာ အခင်ဆုံးတောင် ပြောလို့ရတဲ့အထိ ချက်တင်ထဲမှာ စနောက်အော်ငေါက်။ သူ့ဘ၀ ကိုယ့်ဘ၀ အပြန်အလှန်ရင်ဖွင့် တွေ့ရင်လဲ ရန်ဖြစ်ဦးမယ်ထင်ပါတယ် ။

နောက် ယိုးဒယားသွားလည်မယ်လို့ သူ့ဘလော့မှာ ရေးလို့ အမကို ဆက်သွယ်လိုက်လို့ စီဘောက်ထဲ သွားအော်တော့ မေးလ်ထဲ ရောက်လာတယ် ဖုန်းနံပါတ်ပေးပါတဲ့။ အဲဒီဘလော်ဂါက တီဇက်အေ။ သူ့ကို သန့်ဇင်အောင်ဘလော့ကတည်းက အမြဲဖတ်ခဲ့တာ။ ဒါပေမယ့် ဒီကိုလာ ဖြစ်တော့မှ ကောမန့်ဝင်ရေး စီဘောက်ဝင်အော်ဖြစ်ခဲ့တယ်။ သူနဲ့ တွဲပြီးသတိထားမိတဲ့ ဘလော်ဂါက ကိုဘွိုင်းဇ်။ သူတို့ ၂ ယောက်လုံးထိုင်းကို ရောက်တော့ ဖုန်းဆက် စကားပြောပေမယ့် မဆုံဖြစ်ခဲ့ပါ။ သူတို့က အချိန်မလောက်မငကို မဒီလေးတွေနဲ့ ကုန်ချင်တာ ထင်ပါရဲ့ တညအိပ်ဆင်းလာခဲ့ပါခေါ်တာ ရောက်မလာကြ။ သူတို့ရဲ့ အသံတွေမှာတောင် ဖြူစင်မှုတွေ ပွင့်လင်းမှုတွေ ဖော်ရွေမှုတွေကို မြင်တွေ့နေရတော့ လူချင်းတွေ့ရင်တော့ တော်တော်ကို ဂရုစိုက်မယ်ထင်ပါရဲ့။
(ကြိုတင် လေသံပစ်လမ်းခင်းထားခြင်း)

သူတို့လိုပဲ တွေ့ချင်နေသေးတဲ့ဘလော်ဂါတွေ အများကြီး ။ ပြည်တွင်းက မေရာ။ စလုံးက မေ့သမီး။ တောကျောင်းဆရာ။ ရွာသားလေး။ တောင်ပေါ်သား။ စပ်မိစပ်ရာက ညိုထက်ညို။ မေရာ။ မယ်လိုဒီမောင်၊ ပင့်ဂိုးလ်……….. အများကြီးမှ အများကြီးးးးးးးးး ဒီတော့ ညီမ တန်ခူးရေ.. ၁၀ ယောက်နဲ့တော့ မလောက်ပါကွယ် .. စိတ်ထဲရှိတာ ချရေးလိုက်ပါတယ်။ လူတွေက များလွန်းတော့ လင့်တွေကို ချိတ်မပေးတော့ပါ။ သိပြီးသားတွေလဲဖြစ်နိုင်ပါတယ်။ တချို့လူတွေက ကျမဘလော့လင့်မှာ ပါပြီးသားပါ။ အဲဒီလင့်ကိုလဲ အပ်ဒိတ် လုပ်ရပါဦးမယ်။ ထပ်ထည့်ချင်သူတွေ ရှိသေးတာကိုး။
ဘယ်သူ့ကို ဆက်တက်ဂ်ရမယ်တော့ မသိ။ ဒီလိုနဲ့ ဘလော့ရွာထဲ လိုက်ပတ်ကြည့်တော့ ပြန်ရောက်ပြီလို့ လာသတင်းပို့သွားတဲ့ ညီမလေး လင်းနဲ့ ရွှေဂျမ်း တို့ကို တက်လိုက်ပါတော့မယ်... ဒန်တန့်တန် ရေးပါလေ့ကွယ်နော်..
လာဖတ်သူထဲက စင်စင်ကိုတွေ့ချင်တယ် (ဒါက ဘောနပ်)

ုဖြည့်စွက်ချက်... သုနှင်းဆီဘလော့က မွန်မွန် ကျန်ခဲ့တယ် ။ ဆောဒီးနော်။ သူ့သူငယ်ချင်းတယောက် အကြောင်း ရေးထားတာကို ဖတ်ရင်းနဲ့ သူတင်တဲ့ သီချင်းတွေ သူပြောတဲ့ ထွေရာလေးပါးတွေကို နေ့တိုင်းရောက်ဖြစ်ခဲ့ ပြီး သူ့ကိုမေ့ကျန်ခဲ့တာတော့ အမ မကောင်းတာနော် .. တွေ့ချင်တဲ့ထဲ မွန်မွန်ပါတယ်။ အမှန်တကယ်ပါ။

အထူးနောက်ဆက်တွဲ
ကျမပို့စ်မှာ အရေးအကြီးဆုံး ညီမတယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့အမနဲ့ တော့ သူ့ကြောင့်ပဲ လူချင်းတွေ့ဖူး ခင်မင်ခဲ့ရပြီး သူ့ကို ဓါတ်ပုံတွေ အပြန်အလှန်လဲ၊ ရင်တွေ အပြန်အလှန်ဖွင့်၊ စိတ်တိုရင် ဖြောင့်ဖြပေးတတ်တဲ့။ စာရေးလဲ ကောင်း ၊ ပုံဆွဲလဲတော်၊ ဓါတ်ပုံရိုက်လဲလှ၊ လူကလဲ သိပ်လှတဲ့ မမဘလော်ဂါတယောက်ကို ရေးတော့ ကျန်ခဲ့တယ်။ ပြီးတော့ ကျမဘလော့အသစ်ကလေးကို လာရောက်အားပေးခဲ့တာလဲ သူ။ ကောမန့်တွေ အစောဆုံးချတာလဲ သူ၊ ထောင်အကြောင်းလေးတွေ ရေးပါဦး တောင်းဆိုခဲ့တာလဲသူ၊ ရင်ခုန်သံချင်း ထပ်တူညီတဲ့သူ၊ အမ်မလေးးးးးးးးး စိတ်မကောက်လိုက်ပါနဲ့ ဒေါ်ကေသွယ်ရေ….. ယူနဲ့အိုင်က မကြာမီတွေ့မယ် မဟုတ်လားကွယ်… (တကယ့်အရေးကြီးပုဂ္ဂိုလ်ကျန်ခဲ့တယ်) အာဘွား တသိန်းကေ။(ဟင့် တကယ့်ကို ရေးတဲ့သူက စိတ်မကောင်းဖြစ်မိပြီ ကေ့ကို ကျန်ခဲ့လို့။ ကိုပေါပြောတာ မှန်တယ် အသက်ကြီးသွားလေပြီ၊ ဦးနှောက်အလုပ်မလုပ်တော့ပါ။ ၀န်ခံပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်