Saturday, July 25, 2009

နိုဘယ်လ်ငြိမ်းချမ်းရေး စင်တာသို့

ရေးဖို့ကျန်တဲ့ ထဲမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုဘယ်ဆုချီးမြှင့်ပြီးတဲ့ညဖက် နိုဘယ်ဆုရှင်ကို ဆီမီးတုတ်ကြီးတွေ ထွန်းပြီး ဂုဏ်ပြုနှုတ်ဆက်ပွဲကို သွားဖြစ်ကြတယ်။ ကျမတို့ တီဗွီအဖွဲ့က တိုက်ရိုက်တင်ဆက်တာကို ကျမက အစီအစဉ်တင်ဆက်သူ လုပ်ပြီး သန်းဝင်းထွဋ်က ကင်မရာမန်း လုပ်ပေးခဲ့တယ်။ ကင်မရာကိုင်တဲ့ သူ့လက်တွေက လက်အိတ်မစွပ်ရတော့ အနုတ်( ၇ )အအေးဒဏ်ကို တော်တော်ခံလိုက်ရတယ်။ အမရေ ကျနော့လက်တွေ ထုံနေပြီ လို့ သူခဏခဏပြောတာပဲ။ ကိုယ်ကလဲ ကိုယ်ပြောရမယ့် စကားတွေကို တရစပ်ပြောနေရင်း အေးလွန်းလို့ ပါးတွေတောင် တုန်တက်လာနေပြီ။
နော်ဝေးရောက် သူငယ်ချင်း ရီရီထွန်းနဲ့ အမှတ်တရ
(သတင်းကျေညာတော့ ရီမေအောင်တဲ့)
နောက် လက်အိတ်တစုံလဲ ကျပျောက်ခဲ့တယ်။ ဓါတ်ပုံကင်မရာ ထုတ်ရိုက်ရင်း လက်အိတ်ကို စွပ်မထားပဲ ချွတ်လိုက်မိတာနဲ့ ကျပျောက်သွားတာပေါ့။ အဲဒီညက နှင်းတော့မကျဘူး။ ခါတိုင်းနှစ်က နှင်းကျတော့ အအေးနည်းနည်းပေါ့တယ်လို့ပြောတယ်။ ဖင်လန်နိုင်ငံက သမတဟောင်းက နိုဘယ်လ်ဆုရတာမို့ သူတို့ အိမ်နီးချင်းနိုင်ငံဆိုတော့ လူတွေက သိပ်အထင်မကြီးတာလား မသိ ၊လာတဲ့လူ နည်းတယ်တဲ့။ သူတို့က နည်းတယ်ပြောပေမယ့် တခါမှ မကြုံဖူးတဲ့ ကျမကတော့ လူအုပ်ကြီးကို ကြည့်ပြီး များလိုက်တာလို့ တွေးမိနေတာပဲ။
(ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လက်ပြနှုတ်ဆက်တဲ့ ဟိုတယ်ကိုနောက်ခံထားလို့ ဒီဗွီဘီဝိုင်းတော်သားတွေနဲ့ နော်ဝေးရောက် နိုင်ငံရေးလှုပ်ရှားသူတချို့)
အန်တီစု ရတဲ့ နှစ်တုန်းက မိုက်ကယ်အဲရစ်ရော သား၂ ယောက်ရော တက်တယ်တဲ့။ ဆုရှင်ကိုယ်စား သူတို့ မိသားစုကို လာနှုတ်ဆက်တဲ့ လူတွေဆိုတာ များလိုက်တာမှ ခုနဲ့တခြားစီပဲတဲ့။ ကြုံခဲ့တဲ့လူတွေက ပြန်ပြောပြကြတယ်။ အဲဒီတုန်းက နော်ဝေးမိဖုရားကြီး က မျက်ရည်တောင်ကျတယ်တဲ့။ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီ အတွင်းရေးမှုး မစ္စတာ ဂိုင်းရ် လွန်ဒဲစတက် ကို အင်တာသွားဗျူးတုန်းက ပြန်ပြောပြတာ။ တကယ်တော့ အဲဒါတွေကို ဒီဗွီဘီမှာ ၂ ပိုင်းခွဲ လွှင့်ခဲ့ပြီးပြီ။ ရှည်တော့ အပိုင်းခွဲပြီး ယူကျု့စ်မှာ တင်ရမယ်။ ၁၅ မိနစ်ရှိတယ်လေ။ မတင်တတ်ဘူးဖြစ်နေတယ်။ တင်ပေးချင်ပါတယ်။ မကြည့်ဖြစ်တဲ့ လူတွေ ကြည့်စေချင်လို့ပါ။ (ဘယ်လိုတင်ရမယ်ဆိုတာ ပြောပြပေးကြပါဦး)
အဲလ်ဖရက်နိုဘယ်လ် ရုပ်တုနဲ့ ဆုရွေးချယ်ရာ ရုံးခန်း

နိုဘယ်လ်ဆုနဲ့ ပတ်သက်တဲ့အင်တာဗျူး၊ ဆုရွေးချယ်တဲ့ ကော်မတီရုံးထိုင်တဲ့ ရုံး၊ နောက် နိုဘယ်ဆုရှင်တွေနဲ့ ပတ်သက်တာတွေကို ပြခန်းလုပ်ထားတဲ့ နိုဘယ်စင်တာ စတာတွေကို
ဒီဗွီဘီ ပရိတ်သတ်တွေအတွက် တတ်သလောက်မှတ်သလောက် မိတ်ဆက်ပေးထားတာလေးတွေပေါ့။
ဒီနေရာမှာ ဘယ်သူ့ကိုပေးသင့်လဲ ဆိုတဲ့ အစည်းအဝေးထိုင်တာပေါ့။
သူတို့တွေ ဖွင့်ထားတာ ၃နှစ်ပဲ ရှိသေးတဲ့ ဒီစင်တာအကြောင်းကို ဒီဗွီဘီက တင်ဆက်ချင်လို့ မေလ်းအရင်ပို့တော့ ၀မ်းသာအားရ လက်ခံပြီး သေချာစီစဉ်ပေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သိပ်လေးစားတယ် ဆိုတာတွေ့ရတယ်။ ဂုဏ်ယူဝမ်းသာမိပါတယ်။
ဝင်တာနဲ့ ရဲရဲတောက်
ငြိမ်းချမ်းရေးနိုဘယ်စင်တာကို ၀င်လိုက်တာနဲ့ အနီရောင်ခြယ်ထားတဲ့ အခန်းကို တွေ့ရမှာပါ၊ အဲဒီအခန်းမှာ လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကို ဖွင့်လှစ်ထားပါတယ်။
ငြိမ်းချမ်းရေးဥယျာဉ်တဲ့ နာမည်ပေးထားပုံက
အပေါ်ထပ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ဓါတ်ပုံတွေကို အမှောင်ထဲမှာ စလိုက်တွေနဲ့ ထောင်ထားတဲ့ ငြိမ်းချမ်းရေး ဥယျာဉ် ဆိုတာရှိတယ်။ နောက် အဲဖရက် နိုဘယ်လ်ရဲ့ ဘ၀အကြောင်းကို စာအုပ်ကြီးတအုပ်မှာ ရေးထားတယ်။ အဲဒီစာအုပ်ကို ကွန်ပျူတာ ပညာနဲ့ လုပ်ထားတာမို့ လက်နဲ့ ထိတာနဲ့ ပြောင်းလဲ သွားအောင် လုပ်ထားပါတယ်။ တရွက်လှန်လိုက်တိုင်း အံ့သြဘွယ်ရာတွေ မြင်တွေ့ရအောင် စီစဉ်ထားတာပေါ့။ နောက် နံရံကို ကွန်ပျူတာ စခရင်တွေ နဲ့ လုပ်ထားပြီး ကိုယ်သိချင်တဲ့ နိုဘယ်ဆုရှင်အကြောင်းကိုလဲ လိုက်ရှာလို့ရတဲ့ နံရံတွေကိုလဲ တွေ့ရတယ်။ ကျန်တဲ့ဆုရှင်တွေရဲ့ အကြောင်းကို ခလုတ်လေး ရွေှ့လိုက်ရင် ဗွီဒီယိုတွေ မိန့်ခွန်းတွေကိုပါ မြင်ရကြားရပေမယ့် ဒေါ်အောင်ဆန်းစုကြည့်ကို ကလစ်လိုက်တဲ့အခါမှာ ဓါတ်ပုံလေးတွေပဲ တွေ့ရပါတယ်။ အချုပ်ခံထားတာကို ဖော်ညွှန်းတဲ့ ပြတင်းပေါက်ကလေးက အဝေးကို ငေးကြည့်နေတဲ့ ပုံလေး ပါတာပေါ့။ အဲဒီအခန်းရဲ့ တခြားနံရံတွေမှာတော့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေရဲ့ ပုံသေးသေးလေးတွေပါတဲ့ နံရံကပ်စက္ကူနဲ့ တခန်းလုံးကို ကပ်ထားတာတွေ့ရတယ်။
မှော်စာအုပ်ပါပဲ
နံရံတွေက ကွန်ပျူတာစခရင်ကြီး
အဲဒီအစီအစဉ်ကို နော်ဝေးရောက်တုန်းအမှတ်တရ တင်ဆက်ခွင့်ရခဲ့တဲ့အတွက် ကျေနပ်ဂုဏ်ယူမိပါတယ်။ ခုပုံတွေကို ဗွီဒီယိုထဲက ဓါတ်ပုံရိုက်တင်လိုက်တာပါ။
(တကယ်တော့ တဖွဲ့တနွဲ့ရေးဖို့ အားခဲထားတာပါ။ ဒါပေမယ့် မအားတာရယ်။ စာရေးဖို့ ပျင်းနေတာရယ်ကြောင့် နည်းနည်းအကျဉ်းချုပ်သလို ဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, July 21, 2009

နော်ဝေး အတိတ်ရဲ့ခြေရာတွေ

ကိုယ့်မှတ်စုစာအုပ်ကလေးကို ဖိုင်တွေ ပြန်စီရင်းနဲ့ နော်ဝေးခရီးစဉ်မှာရိုက်ခဲ့ပြီး ပျောက်နေတဲ့ ဓါတ်ပုံဖိုင်တခုကို ပြန်တွေ့တယ်။ လိုက်ပါပို့ဆောင်ပေးသူက ဒီဗွီဘီက သတင်းကျေညာသူ အေးအေးမွန်တို့ စုံတွဲပါ။ အေးမွန်နဲ့က သူအရင်လုပ်ခဲ့တဲ့ မိုးကြိုးသတင်းစာတိုက်မှာပဲ ကိုယ်ကလဲ လုပ်ခဲ့ဘူးတော့ ခင်နေပြီးသား၊ အားနာစရာမလိုတဲ့အတွက် သူတို့ အိမ်က ချက်ကျွေးတဲ့ ဒန်ပေါက်ကို စားပြီး လိုင်းကားစီးလို့ ရှေးဟောင်းသင်္ဘောပြတိုက်ကို သွားခဲ့ကြတယ်။(ဒါက ကိုယ့်ဖာသာပြောတဲ့နာမည်၊ သူတို့ မှည့်ထားတာတော့ ဘယ်လိုလဲမသိ မမေးမိခဲ့ဘူး) နော်ဝေးလူမျိုးတွေက အရင်ရေနံသဘာဝဓါတ်ငွေ့ မထွက်ခင်တုန်းက ပင်လယ်ပျော်တွေပဲ။ ရေကြောင်းကိုပိုင်နိုင်တယ် သဘောင်္တွေကို ပိုင်နိုင်တယ်။ ဒါ့ကြောင့်လဲ သူတို့ကို ဗိုက်ကင်း (Viking)လို့ခေါ်ခဲ့တာထင်ပါရဲ့။
ရုပ်ရှင်ကြည့်ရင်း မရိုက်ရဘူးရေးထားတဲ့ စာကို မမြင်ပဲ ဓါတ်ပုံရိုက်မိသွားတယ်
သဘောင်္ပုံစံတည်ထားတဲ့ ပြခန်းတွေ၊ ဟိုတုန်းက သင်္ဘောပေါ်မှာ သုံးတဲ့ ပစ္စည်းတွေ၊ မီးပြတိုက်ဟောင်းတွေ၊ နောက် နော်ဝေးရဲ့ ခေတ်ဟောင်းကနေ ခေတ်သစ်ထိ ပြောင်းလဲ လာတဲ့ သမိုင်းကြောင်းတွေကိုပြတဲ့ ရုပ်ရှင် အကုန်လုံးကို ၀င်ကြည့်ခဲ့တယ်။ အဲဒီကနေ နော်ဝေးအလံတံဆိပ်လေး ပါတဲ့ ကြွေခွက်အသေးလေး ၂ လုံး၊ နော်ဝေးတံဆိပ်ပါတဲ့ ဦးထုပ်၂ လုံး ၀ယ်လာဖြစ်ခဲ့တယ်။ ပြန်လာတော့ နော်ဝေး ညနေ ၄ နာရီဆိုတာ မှောင်မည်းနေတာပါပဲ။ ဓါတ်ပုံတွေကတော့ အများကြီးရိုက်ဖြစ်တယ်။ ပုံတင်လို့မရသူတွေ ပါနေတာရယ် ၊ အဲဒါတွေ ရှောင်ရင်လဲ ကိုယ့်ပုံချည်း ဖြစ်နေမှာရယ် ကြောင့်လူမပါပဲ ရိုက်ထားတဲ့ တချို့ကိုပဲ တင်ပေးလိုက်ပါတယ်။ တနေ့လုံးလည်လို့မပြီးနိုင်တဲ့ နေရာတခုပါပဲ။ဒီနေရာကို လိုက်ပို့တဲ့ ကိုထွန်းလူ အေးအေးမွန်တို့စုံတွဲနဲ့အတူ ရုပ်တုပန်းခြံကို လိုက်ပို့ပေးတဲ့ ကိုမိုးမောင်မောင် မပူစူးတို့ စုံတွဲ၊ လီလီဟမ်းမားကို လိုက်ပို့ပေးတဲ့ သူငယ်ချင်း ကိုဝင်းသိန်းနဲ့ အေးအေးမိုးစုံတွဲ ကို ကျေးဇူးအထူးတင်ကြောင်း ဒီနေရာက မှတ်တမ်းတင် ပြောပြချင်ပါတယ်။ နောက်တခါကျရင်လဲ မရောက်ဖြစ်လိုက်တဲ့နေရာတွေကို လိုက်ပို့ပေးကြပါဦး။

ရှေးခေတ်က သုံးတဲ့ ကျောက်ဆူးကြီး(အဲဒီမှာ ကိုယ့်ပုံနဲ့ ရိုက်လာသေးတယ်)
သင်္ဘော ပုံစံတူတွေ အများကြီးမှ အများကြီး

သဘောင်္ပုံ ဦးခန်းမှာ ( မမြင်ရလေ ပိုကောင်းလေ ဖြစ်အောင် အဝေးကရိုက်တဲ့ပုံပဲ တင်လိုက်တယ်)
( နော်ဝေးခရီးစဉ် နောက် ပို့စ် တင်ပြီးရင် ပြီးတော့မယ်၊ ပြီးရင် ဆွီဒင် ဆက်မယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, July 18, 2009

တွေးမိလေတိုင်းးးးး

ဒီပုံကို ကိုမိုးသီးဇွန်ဘလော့က ယူထားတာပါ။
၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့ ရောက်တော့မယ်ဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အင်တာဗျူး တခုကို သတိရမိပါတယ်။ မေးမိတာက ကလေးအရွယ်ပါ ။ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးးးး၊ သူ့ကို အာဇာနည်နေ့နဲ့ ပတ်သက်တဲ့အကြောင်း ဟောပြောတာတွေ နားထောင်ပြီးတော့ ဘာတွေ သိလိုက်သလဲ။ ဘယ်လို ခံစားရလဲ လို့မေးခွန်းမေးလိုက်ပါတယ် ။ သူပြန်ဖြေတာတွေထဲမှာ သူအရင်တုန်းက တွေးမိထားတာလေးတွေကိုလဲ ပြောပြတယ်။ အဲဒီထဲမှ အမှတ်အရဆုံးတခုကတော့ ….

သူများနိုင်ငံတွေမှာ ပိုက်ဆံတွေကို သူတို့ ဘုရင်ပုံနဲ့ ထုတ်တယ်တဲ့။(သူရောက်နေတဲ့ ထိုင်းနိုင်ငံက ပိုက်ဆံကိုပဲ မြင်ဖူးတာပါ) ကျနော်တို့ကို မင်းတို့ ဘုရင်ပုံပြဆိုရင် ခြင်္သေ့ပုံဖြစ်နေတာ ကျနော်ရှက်မိပါတယ်တဲ့။ ဒီနေ့မှ အာဇာနည်တွေကို လူတွေမသိအောင် လုပ်ချင်လို့ ဗိုလ်ချုပ်ပုံကို ခုလို မထည့်တော့တာလို့ သူသိရတာပါတဲ့။ သူကြီးလာရင် လူတိုင်းသိအောင် သူပြောပြချင်တယ်တဲ့။ ခြင်္သေ့ပုံကြီး မထည့်စေချင်တဲ့အကြောင်းပေါ့လေ။

ကျမစိတ်ထဲမှာ လှိုက်ကနဲ ခံစားလိုက်ရတယ်။ မျိုးဆက်သစ်ကလေးတယောက်ရဲ့အမြင် စူးရှမှုက ကျမရင်ကို ထိုးဖောက်သွားတာပဲ။ တို့တာဝန်တွေ ကျေဖို့ အများကြီးလိုပါသေးလား။ အဲဒီနောက်တော့ အတွေးတွေက ထုံးစံအတိုင်း ဆက်တွေးမိတော့တာပါပဲ။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို ဒီနေ့ ခေတ်လူငယ်တွေ မသိတော့တာ.........။
အာဇာနည်နေ့မှာ ကျမတို့ငယ်ငယ်ကလို ကျောင်းတွင်းဟောပြောပွဲတွေ၊ မြို့နယ်အလိုက် တိုင်းအလိုက် စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ ဆောင်းပါးပြိုင်ပွဲတွေ မရှိတော့တာ..........။
အာဇာနည်နေ့မှာ ကျောင်းအလိုက် ပန်းခွေတွေနဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ သွားပြီး ပန်းခွေချကြတာမျိုးတွေကို မတွေ့ရတော့တာ...............။
ရေဒီယိုက ၊နောက်... ကျမတို့မြို့မှာဆို ဆန်စက်တွေနဲ့ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ သင်္ဘောတွေက ဥသြဆွဲသံမကြားရတော့တာ...........။
ရေဒီယိုက မေလှမြိုင်သီချင်း၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မလွှင့်ပေးတော့တာ.............။
ဒါတွေအားလုံးဟာ အာဏာရှင်တွေက စနစ်တကျ အစီအစဉ်ရှိရှိနဲ့ ဖန်တီးထားတာတွေ ပါပဲ။ ဒါဟာ သူတို့မှာ မရှိတဲ့ စွမ်းရည်တွေ၊ သူတို့ လိုက်မလုပ်နိုင်တဲ့ စွန့်လွှတ်မှုတွေကို မျိုးဆက်သစ်တွေက သိသွားမှာ အတုယူပြီး သူတို့ကို ထောက်ပြဝေဖန်မှာ အဆုံးစွန်ဆုံး သူတို့ကို ခုနေရာက ဖြုတ်ချပစ်မှာကို ကြောက်လို့ပဲ မဟုတ်လား။

ကျမတို့မျိုးဆက်တွေက အာဇာနည်တွေရဲ့ ဂုဏ်ရည်တွေ သတ္တိတွေကို လက်ဆင့်ကမ်းဖော်ထုတ်ပေးရမှာဖြစ်သလို လက်ရှိတိုင်းပြည်တွင်းက သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေ ကိုလဲ ဖော်ထုတ်ပေးကြရမှာပဲ။ ဒါ့ထက်ပိုလိုအပ်တာက ကိုယ်တိုင် ဘယ်လောက်တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်မလဲ လက်တွေ့လုပ်ပြရမှာပါ။

ကျမတို့အရွယ် မျိုးဆက်ဘ၀တွေအားလုံးက အမိမြန်မာနိုင်ငံတော်ကြီးက ဘာတွေကို ရနိုင်မလဲ ဆိုတာထက် အမိနိုင်ငံတော်ကြီးကို ဘာတွေပေးဆပ်မလဲ ဆိုတာကို ပိုမိုပြသပေးရမယ့် မျိုးဆက်၊ ရင်းနှီးပေးဆပ်ပြရမယ့် မျိုးဆက်ပဲ မဟုတ်ပါလား။ ကျမကတော့ ဒီလိုပဲ ခံယူထားပါတယ်။ (ခုလက်ရှိတော့ အိမ်က သားတော်မောင်ကို ရှင်းပြနေဆဲ အချိန်ပါ။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, July 15, 2009

မေတ္တာဆုံမှတ်

သူ့ကို မျှော်လင့်တကြီးနဲ့စောင့်ကြိုခဲ့ရတယ်။
(သားဦးတုန်းက ဖိတ်စင်ခဲ့တာကိုး)
သူရောက်လာတဲ့နောက် ဘ၀ဟာတဆစ်ချိုးပြောင်းလဲ ခဲ့ပြန်တယ်။
သူ့အတွက်ပဲ ဘ၀ဖြစ်လာသလို ထင်ရလောက်အောင် ချစ်ခြင်းမေတ္တာကို ယုံကြည်လာခဲ့တယ်။
သူဟာ ခပ်ငယ်ငယ်လေးကတည်းက သူ့ဘ၀ကို သူ ဖန်တီးတတ်ခဲ့တယ်။
မိခင်နို့နဲ့ ကြီးပြင်းလာရာက တနှစ်သားအလွန်မှာ လုံးဝ နို့မစို့တော့ပဲ ငြင်းဆန်ခဲ့တယ်။
နွားနို့ပူပူထဲ ပေါင်မုန့်စိမ်ထားတာကို သူ့အစားအစာအဖြစ် သူ့ဖာသာသူရွေးချယ်ခဲ့ပြန်တယ်။
လေးဘက်ထောက်မသွားပဲ ထိုင်ရာကနေ ဖင်ရွှေ့သွားတဲ့အဆင့်၊ အဲဒီကနေ လမ်းတန်းလျှောက်ခဲ့တယ်။
သွားပေါက်နောက်ကျတယ်။ ဒါပေမယ့် သူ့သွားတွေကို သူ့ဖာသာ တိုက်တတ်ခဲ့တာ တော်တော်ငယ်ငယ်ကပဲ။ ဘေစင်ကို မမှီလို့ ခုံခုပြီး သွားတိုက်တတ်တဲ့အရွယ်ကတည်းက အိပ်ယာဝင် သွားတိုက်တဲ့အကျင့်ကို သူက နားလည်လိုက်နာတယ်။
ထမင်းကို လက်နဲ့ မစားတတ်ဘူး။ သူများလက်နဲ့ခွံ့ကျွေးရင်လဲ မစားဘူး။ သူ့ဇွန်းနဲ့ ယူစားရင်လဲ မကြိုက်ဘူး။ (အဖေအမေ လဲမရဘူးနော်) ရေခွက်ကိုလဲ သူ့အတွက်သီးသန့်ထားရတယ်။ သူ့ရေခွက်ကို ဘယ်သူမှယူသောက်လို့မရဘူး။
ပန်းရောင် က မိန်းမအရောင်ဆိုပြီး ပန်းရောင်နဲ့ ပတ်သက်တဲ့အသုံးအဆောင် အ၀တ်အစားလုံးဝ မကြိုက်ဘူး။
နောက် ကျောင်းတက်ရမယ့်အရွယ်မှာ သူတက်မယ့် ကျောင်း…… သူ့ဖာသာ သူရွေးချယ်တယ်။
၆ နှစ်သားမှာ သူ့ဖာသာသူ စက်ဘီးအသေးလေးကို ခွစီးရင်းနဲ့ စီးတတ်သွားတယ်။
၇ နှစ်သားမှာ သူ့ကို ကုတင်တလုံး လုပ်ပေးဖို့ တောင်းဆိုတယ်။
၁၀ နှစ်သားမှာ အခန်းတခုပေးဖို့တောင်းဆိုတယ်။ သူနေမယ့်အခန်းကို သူ့ဖာသာရွေးချယ်တယ်။
တဖြည်းဖြည်းသူလုပ်ရမယ့် အရာတွေကို သူ့ဖာသာ ဖန်တီးတာကို သတိထားမိလာတယ်။


သားသား ပိုင်ထူးအံ့
သူများတွေ မွေးနေ့ပွဲလုပ်လို့ လုပ်ချင်သလားမေးရင် အလုပ်ရှုပ်တယ် မလုပ်ချင်ဘူးလို့ ဖြေတတ်တယ်။
သူ့တနှစ်ပြည့်မွေးနေ့ တခါပဲ လုပ်ဖူးတယ်။
သူ့အတွက် သေသေချာချာ ပူဆာဖူးတာက ကွန်ပျူတာတလုံးပဲ။ အဲဒီမှာ VGA ကဒ်ဆိုလား တပ်ပေးဖို့ တောင်းဆိုထားတယ်။
ဝါဆိုလမှာမွေးတာမို့ ၀ါဆိုသင်္ကန်းကို သူ့နာမည်နဲ့ နှစ်တိုင်းကပ်ပေမယ့် ကိုရင်ဝတ်ခိုင်းတာ မရသေးဘူး။ ကိုရင်ဝတ်ရင်ဘာဖြစ်မလဲတဲ့။ ကုသိုလ်ရတာပေါ့ ဆိုတော့ ခုလဲ ကုသိုလ်ရတာတွေ လုပ်နေတာပဲတဲ့။ မ၀တ်ချင်ဘူးတဲ့။
ပန်းချီပြိုင်ပွဲတွေမှာ ဆုရခဲ့ဘူးပေမယ့် ခုတော့ ပန်းချီကို လုံးဝ မဆွဲချင်တော့ဘူးတဲ့။
ကြွားတာကိုလဲ သူက မုန်းတယ်တဲ့။ သားတို့ အခန်းမှာ ကြွားတတ်တဲ့တယောက်ရှိတယ်။ ဘယ်လိုတွေကြွားလဲ ပြောပါဦးဆိုရင် သူက အိမ်ကနေ ကစားစရာတွေ ယူ ယူလာတယ်။ အခွေတွေ ယူယူလာတယ် တဲ့ အဲဒါမကောင်းဘူးတဲ့။ သူ့တို့အရွယ်ချင်း ဒါက ကြွားနေတယ်လို့ သူက ယူဆပြီး ပြန်လာပြောတာလေ။
သူကြိုက်တတ်တဲ့ အစားအစာဆိုရင် ဒါမျိုး ခဏခဏလုပ်ပေးပါလို့ ပြောတတ်သေးတယ်
သူကြိုက်တာတွေက ခ၀ဲသီးကြော်ချက်၊ ၀က်သားလုံးကြော်၊ ကြက်သားကြော်၊ ၀က်သားကြံမဆိုင်၊ ငါးခူကြော်၊ ငါးမြင်းနဲ့ချဉ်ပေါင်ရွက်ဟင်း၊ ပုဇွန်ငါးဆုပ်၊ ငါးပေါင်း၊ ၀က်သားပေါင်း၊ ကင်းမွန်အချိုကြော်ချက်၊ ၁၂ မျိုးဟင်းချို၊ ကန်ပွန်းချဉ်ရွက် ဟင်းချို။ အာလူးကြော်၊ ကန်စွန်းရွက်ကြော်၊ ထမင်းကြော်၊နံပြားပဲပြုတ်၊ ဟမ်ဘာဂါ၊ ပေါက်စီ၊ နွားနို့၊
သူကြီးလာရင် ဘာလုပ်ချင်လဲလို့ မေးတော့ ခဏခဏပြောင်းလဲတဲ့အဖြေတွေက သူလက်ရှိစိတ်ဝင်စားမှုအပေါ် မူတည်နေတတ်တယ်။ ဒါပေမယ့် ဆရာဝန်လုပ်မယ်လို့ တခါမှမပြောဖူးဘူး။ ဗိုက်တွေဘာတွေခွဲရမှာ ကြောက်စရာကြီးတဲ့။
(သူက အသက် ၅နှစ်အရွယ် ငယ်ငယ်ကတည်းက အူအတက်ခွဲစိတ်ထားပြီးသား)
သူ့အဖေကတော့ သူသားကသူလုပ်ရမယ့်အရာကို သူ့ဖာသာရွေးချယ်တတ်တယ်တဲ့။
အချိန်ကျလာရင် သူရွေးချယ်ပါလိမ့်မယ်တဲ့။
ကိုယ့်ကိုမလောဖို့ ပြောတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ က သူ့ရဲ့ မွေးနေ့ပေါ့ ။ အသက် ၁၁ နှစ်ပြည့်ခဲ့ပါပြီ။
သူက တခါတလေတော့ ဘာလုပ်ရမယ် တွေဝေတတ်သလိုပဲ။ ကရကဋ် ရာသီဖွားတွေမို့ ထင်ပါရဲ့။ (အဲဒီရာသီဖွားတွေက ဘယ်တော့မဆို လမ်း ၂ လမ်းနဲ့ ရွေးချယ်နေရတတ်တယ်ဆိုလားပဲ။) အဲဒီအခါတော့ သူ ဘာလုပ်သင့်တယ် ဆိုတာ ရွေးချယ်ဖို့ မိဘကို အကူအညီတောင်းတတ်ပါတယ်။
ခုချိန်မှာတော့…. သူလမ်းလွဲမသွားဖို့၊ အချိန်မှီ စောင့်ကြည့်တည့်မတ်ပေးနိုင်ဖို့ ကိုယ်တို့မိဘတွေက အရိပ်တကြည့်ကြည့် ကြည့်နေရတုန်းပဲပေါ့။
(သူ့အကြောင်းတွေ ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, July 6, 2009

သမဂ္ဂ စိတ်ဓါတ်နဲ့အတူ

သူမနဲ့ စတင်သိရှိခဲ့တာက ကျမရဲ့ သူငယ်ချင်းတယောက်နဲ့ ပတ်သက်ဆက်နွယ်ခဲ့သည်။ သူငယ်ချင်းကလဲ တော်တော့်ကို ခင်မင်ရတဲ့ လူ။ နောက် နိုင်ငံရေး လုပ်တာချင်းလဲ တူ၊ နိုင်ငံရေးမျိုးရိုးကလဲ ဖြစ်သူမို့ သူတန်ဖိုးထားမိတ်ဆက်ပေးတဲ့ သူမကို မြင်တာနဲ့ ခင်မင်ခဲ့ရသည်။ နေ့ရက်တိုင်း သွားအတူလာအတူ အဲဒီအချိန်တုန်းက ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခါစ ၊ အန်တီ့ခြံရှေ့က တရားပွဲတွေကို တူတူသွားခဲ့ကြသည်။ နောက် မှတ်မိတာ တခုရှိသေးသည်။ သာမညဆရာတော်ဘုရားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ကူးယူဖြန့်ချီတဲ့ လူတွေဆီကို ကိုယ့်နယ်မှာ ရောင်းဖို့ ဓါတ်ပုံတွေ အများကြီး ကူးဖို့သွားမှာခဲ့ဖူးသည်။ မဟုတ်မခံစိတ်ဓါတ်ရှိသူ၊ သူငယ်ချင်းအပေါ် အနစ်နာ ခံတတ်သူ၊ အားလုံးနဲ့ တူတူ ခံစားချင်စိတ် ရှိသူ။

နောက် အဲဒီအချိန် ကျမက ရန်ကင်းက ဆယ်တန်းကျောင်းသူတယောက်ရဲ့ သိပ္ပံဘာသာတွဲကို ဂိုက်လုပ်ပေးနေချိန်၊ ရန်ကင်းက ည ၈ နာရီခွဲအပြီး အလုံကို ပြန်ရချိန်တိုင်း သူတို့ ၃၃ လမ်းထိပ်မှာ ဆင်းပြီး ကားပြောင်းစီးနေကျ၊ ကျမသူငယ်ချင်းနဲ့ သူက ကားဂိတ်နားက သစ်ပင်အောက်က အုတ်ခုံလေးမှာ ထိုင်ပြီး စောင့်ပေးနေကျ။ ပြောင်းစီးရမယ့် ၃၃ လိုင်း မှာ ယောက်ျားလေးများပြီဆို သူငယ်ချင်းက အဖော်လိုက်ပို့ပေးတာကို သူမက လက်ပြနှုတ်ဆက်ရင်း ကျန်ရစ်ခဲ့မြဲ။

တခါတရံနေ့လည်ဘက်တွေမှာ သူ့အိမ်ကို သွားခေါ်တိုင်း သူ့မောင်လေးက အအေးပုလင်းကို သူတို့အိမ်အောက်က ဆိုင်ကနေ သွားဝယ်လာပြီး တိုက်နေကျ။ နောက် အဲဒီအချိန်တုန်းက ကျမရဲ့ ပီအေနဲ့ ကျမက လက်မထပ်ရသေး။ တခါတရံ ရန်ကုန်ကို ဆင်းလာတဲ့ပီအေလောင်းကို သူမနဲ့ မိတ်ဆက်ပေးဖူးသည်။ နောက် ကျမတို့ လက်ထပ်ပွဲ လုပ်ဖို့ ရန်ကုန်မှာ ရှိနေတဲ့ ကျမက ဖိတ်စာအပ်၊ ဘုန်းကြီးကျောင်းရှာ ဘာညာဘာညာတွေ လုပ်တော့ သူကလဲ တက်ကြွစွာ ကူညီပေးခဲ့သည်။


ကျမတို့ မင်္ဂလာပွဲကို သူငယ်ချင်းနဲ့ သူက တူတူတက်ရောက်အားပေးခဲ့သည်။ အဲဒီတုန်းက ပန်းရောင် ပိုးပြောင်လုံချည်လေးနဲ့ ပန်းရောင် ဇာကို ၀တ်လာပြီး အရပ်မြင့်မြင့်မှာ ဒေါက်ဖိနပ်အမြင့်ကြီးစီးလာတဲ့ သူမကို ကျမပီအေရဲ့ ရဲဘော်သူငယ်ချင်းတွေက မျက်စိ ကျပြီး မေးမြန်း မိတ်ဆက်ကြသည်။ ဟဲ့ မလုပ်ကြနဲ့အဲဒါပိုင်ရှင်ရှိတယ်ဟလို့ တားဆီးခဲ့ရတာ မှတ်မိနေသေးသည်။ ငယ်နုပျိုရွယ်တဲ့သူမရဲ့ အရိပ်ကို ခုထိမမေ့နိုင်သူတွေ ရှိနေဆဲပါ။

၁၉၉၆ ကျောင်းသားဆန္ဒပြပွဲတွေ ဖြစ်တော့ ကျမက ရန်ကုန်ရဲ့ အဝေးမှာ။ ဒါပေမယ့် သူမရဲ့သတင်းတွေ ကြားနေရသည်။ လမ်းဟိုဘက်က ဆန္ဒပြနေတဲ့ကျောင်းသားတွေဆီကို ကူးသွားနေတဲ့ သူ့ကို လှမ်းတားတဲ့ စစ်ဗိုလ်ကို ပါးရိုက်ပစ်တယ် ဆိုတာ။ အဲဒီနောက် သူ့ကို ၀တ္တရားနှောင့်ယှက်မှု၊ ဆူပူရန်လှုံ့ဆော်မှုနဲ့ ဖမ်းတာ၊ နောက် ထောင်ခုနှစ်နှစ်အပေါင်း သုံးနှစ်လား ၊ ခုနှစ်နှစ်အပေါင်း ခုနှစ်နှစ်လား (မမှတ်မိတော့) ချမှတ်ခံရတာ။ အင်းစိန်ထောင်ကနေ သာယာဝတီကို ပြောင်းရတာ စသဖြင့် သူမသတင်းတွေကို အဝေးက နားထောင်နေရတဲ့ ဘ၀ကို ရောက်ခဲ့ရသည်။

ကိုယ်တိုင် ရန်ကုန်ကို ပြန်ရောက်ချိန် သူမအိမ်ကို တခေါက်ရောက်သေးသည်။ သူမကတော့ အဝေးကနယ်ထောင်မှာ။ သူမအိမ်က ထောင်ဝင်စာသွားတွေ့ပြီး ပါလာတဲ့ သတင်းတွေကိုသာ မေးမြန်းသိခွင့်ရခဲ့သည်။ အဲဒီအခေါက်ထောင်ကျတဲ့အထဲ ကျမသူငယ်ချင်းလဲ ပါသွားသည်။

နောက် သူငယ်ချင်းက ရက်မစေ့ပဲ ပြန်လွှတ်တဲ့ အထဲပါလာပြီး ပြန်ထွက်လာသည်။ သူ့ကို အပြေးသတင်းမေးရင် သူမရော ပြန်လွတ်တဲ့အထဲ ပါသလား မေးမြန်းကြည့်တော့ လက်မှတ်ထိုးမထွက်ဘူးတဲ့။ ဘာလက်မှတ်လဲ ဆိုတော့ နောက်မှုဖြစ်ရင် အခု ကျန်ရှိနေတဲ့ပြစ်ဒဏ်ကို ပြန်လည်ကျခံမယ်ဆိုတဲ့ အချက်ကို သူမ လက်မှတ်မထိုးဘူး သိရတော့ သူမကို ပြန်တွေ့ချင်ဇောနဲ့ လက်မှတ်ထိုးလိုက်တာ မဟုတ်ဘူးဟာ လို့ ပြောခဲ့ဖူးသည်။ ဒါပေမယ့် သူမကတော့ ခေါင်းမာမာနဲ့ ထောင်ထဲမှာ နေဆဲ။ သူမနဲ့ ထောင်ထဲမှာ တူတူနေတဲ့ နောက်သူငယ်ချင်းမတယောက် လွတ်လာပြန်ပြီး သွားတွေ့ဖြစ်တော့ သူမအကြောင်းတွေ သတင်းတွေ နားစွင့်မိရပြန်ပြီ။ တကယ့်ကို ပြေလည်တာထက်ပိုသော ချမ်းသာသော မိသားစုက ပေါက်ဖွားလာတဲ့ သူမကတော့ ထောင်ဆိုတာကို မကြောက်မရွံ့ ၊ သူမရဲ့ သတ္တိကတော့ စံတင်လောက်ပါရဲ့။

သူမ ထောင်ကလွတ်ချိန်မှာတော့ ပြန်မဆုံဖြစ်ခဲ့တော့ ကျမက ဒီဖက်ရောက်နေလေပြီ်။ လောကထဲမှာ အရှုပ်တွေလုပ်ရင်း အလုပ်တွေ ရှုပ်ရင်း သူမနဲ့ သူငယ်ချင်းရဲ့ ပြန်မဆုံနိုင် ဇာတ်လမ်းကို ကြားသိရပြီး စိတ်မကောင်းတွေ ဖြစ်ရသည်။ နောက်သူမရဲ့ လက်တွဲဖော်ရွေးချယ်မှုတွေ သိရသည်။ ဒီအသိုင်းအ၀ိုင်းထဲက ဖြစ်ပြီး ကျမက အဲဒီသူမလက်တွဲဖော်ရဲ့ အကိုနဲ့ တော်တော်ခင်မင်တာမို့ သူမရွေးချယ်မှုကို မကန့်ကွတ်မိတော့။

ဒီလိုနဲ့ သူမတို့မင်္ဂလာပွဲ ဆင်နွဲတဲ့ သတင်း.........
နောက်သူတို့ သမီးလေးသတင်း...........၊
နောက် ကိုကိုကြီးတို့ မင်းကိုနိုင်တို့ကို ထိန်းသိမ်းထားတဲ့အချိန်မှာ လက်မှတ်ကောက်ခံတဲ့ သတင်း.....၊
နောက် သူတို့ရဲ့ အဖြူရောင်လှုပ်ရှားမှု သတင်း........၊
နောက် လောင်စာဆီဈေးနှုန်းကျဆင်းဖို့လမ်းလျှောက်တဲ့ သတင်း.........၊
နောက်တော့….သမီးငယ်လေးကို ချန်ထားလို့ သူမကိုယ်တိုင် လမ်းထွက်လျှောက်တဲ့ သတင်းတွေကို မြင်ရ ကြားရ .. တချို့ကို ကိုယ်တိုင် သတင်းတွေ လုပ်ပေးခဲ့ရ… ပုန်းအောင်းနေရတဲ့ သူမဘ၀ကို နားလည်စာနာရင်း မျက်ရည်အကြိမ်ကြိမ်ကျရင်း….........
သူမအတွက်ခံစားရလွန်းလို့ သမီးဖတ်ဖို့စာကို ရေးဖြစ်ခဲ့သေးသည်။
အဲဒီစာကို အင်္ဂလန်က အဖွဲ့တခုက ဘာသာပြန်ပြီး အသံထွက်ဖတ်ရှုပေးတာလဲ အမှတ်တရဖြစ်ရသေးသည်။
ခုတော့ ၆၅ နှစ်ဆိုတဲ့ မတရားတဲ့ ပြစ်ဒဏ်နဲ့ သူမက သူမရဲ့ချစ်သမီးလေး သူမရဲ့လက်တွဲဖော်တို့နဲ့ ဝေးရာတနယ်စီမှာ….။
ပုန်းအောင်နေရစဉ် အချိန်တွေတုန်းက ဒီဖက်ကို ထွက်ခဲ့ပါလို့ အကြိမ်ကြိမ်ခေါ်ခဲ့ဘူးပေမယ့် … ငြင်းဆန်ခဲ့တဲ့ သူမကိုလဲ နားလည်ပေးနိုင်ခဲ့သည်။ သူမရဲ့ သတ္တိ သူမရဲ့ ဇွဲ ကိုတော့ ဘယ်လိုခြိမ်းခြောက်မှုမျိုးတွေကမှ လျော့ပါးသွားစေခြင်းငှာမတတ်နိုင်ပါချေ။

ဘာပဲ ဖြစ်ဖြစ် ကျောင်းသားဆိုတဲ့ သွေးနဲ့ ကျောင်းသားစိတ်ဓါတ်ကို မမှေးမှိန်ရလေအောင် သူမတို့လို လူမျိုးတွေက အရောင်တင်ပေးခဲ့သည်။ စွန့်လွှတ်နိုင်မှုတွေကို ဘယ်လိုရေးပြလို့မှ လိုက်မမှီနိုင်၊
ကျောင်းသားသမဂ္ဂကို ဖြိုဖျက်နိုင်ခဲ့ပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားစိတ်ဓါတ် သမဂ္ဂစိတ်ဓါတ်နဲ့ ကျောင်းသားသွေးကိုတော့ ဘယ်လိုအာဏာရှင်မျိုးတွေကမှ မဖြိုဖျက်နိုင် ဆိုတာကို သမိုင်းက သက်သေပြနေလေပြီမဟုတ်ပါလော။

(၈၈ မျိုးဆက်ကျောင်းသားများ ထဲက ချစ်ခင်ရပါသော နီလာသိန်းသို့ အမှတ်တရ ရေးဖွဲ့ပါသည်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, June 30, 2009

ဂုဏ်ယူစရာ အိုင်ဒီယာ


ဘိုနိုတို့ ယူတူးအဖွဲ့သားတွေ အသုံးပြုမယ့် ဒေါ်အောင်ဆန်းစုကြည့် မျက်နှာဖုံး

ကမ္ဘာကျော် အဆိုတော် ဘိုနိုရဲ့ ယူတူး တေးဂီတအဖွဲ့က သူတို့ဖျော်ဖြေပွဲတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံး ပုံ တပ်ဆင်ပေးဖို့။ အထူးသဖြင့် Walk on ဆိုတဲ့ သီချင်းကို ဆိုတဲ့အခါမှာ အဲဒီမျက်နှာဖုံး တပ်ဆင်ကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက မမေ့မလျော့ အားပေးနေတာ ပြသဖို့ နှိုးဆော်တဲ့ သတင်းတွေ ဖတ်ရတဲ့အခါ၊ နောက်သူတို့ သုံးစွဲမယ့် မျက်နှာဖုံးကို တွေ့ရတဲ့အခါမှာ ကျမတို့ ဇွန် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်မြောက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့တုန်းက နောက်ဆုံးအစီအစဉ်မှာ တပ်ဆင်ခဲ့ကြတဲ့ မျက်နှာဖုံးပုံနဲ့တရောင်တည်း တထပ်တည်း ကျနေတာကို တွေ့ရပါတယ်။ (အောက်ကပို့စ်က နောက်ဆုံးဓါတ်ပုံမှာ ကြည့်ရင်တွေ့နိုင်ပါတယ်။)

အဲဒီတော့.........
ကျမရဲ့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းနဲ့ ရွှေဦးဏှောက်၊နောက် အန်တီ့ပုံတွေထဲက မျက်နှာဖုံး လုပ်ဖို့ အသင့်တော်ဆုံးပုံကို ကူညီရွေးချယ်ပေးတဲ့ ဒီဇိုင်နာ ကိုသီဟမောင်မောင်တို့ကို ကိုယ့်ဘလော့မှာ မှတ်တမ်းတင် ဂုဏ်ယူလိုက်ပါတယ်။
အော် ...........
ဘိုနိုနဲ့တောင် အိုင်ဒီယာ တူလိုက်ပါတဲ့ ကိုယ့်ရွှေဦးနှောက် လို့ .... ကိုယ့်ဘာသာ အော်ဟစ်ရင်း
ဝမ်းသာပျော်ရွှင်စွာ ရေးသားလိုက်ရပါကြောင်းးးးးးး။

Rest of your post

Friday, June 26, 2009

စိတ်ကူးတည်ရာ မှတ်တမ်း

ခုရက်ပိုင်းမှာ အိမ်မှာ လူ၃ ယောက်ရှိတာ တယောက်တလှည့်ဖျားနေတာရယ်။ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို ကျင်းပဖို့ လုပ်ရကိုင်ရ ကြိုးစားရနဲ့ရယ်... အလုပ် တော်တော်ရှုပ်သွားခဲ့ပါတယ်။ ဒါနဲ့ စာမရေးဖြစ်သလို ဘလော့လဲ မလည်ဖြစ်ခဲ့ဘူး။ ဘလော့လည်တဲ့အခါလဲ အနောနီးမတ်မရှိတဲ့ ဘလော့တွေမှာ ကောမန့်ပေးဖို့ ပတ်စ်ဝက် ရိုက်ဖို့ ပျင်းတာနဲ့ မပေးဖြစ်ခဲ့ပြန်ဘူး။ ဘလော့ရွာထဲမှာ ခုတလော မရေးနိုင် မဖတ်နိုင် နဲ့ စိတ်တွေလဲ လေးလံထိုင်းမှိုင်းစရာ အခြေအနေတွေက ဖြစ်ပျက်နေတာလဲ ပါတာပေါ့။

ဒီတလလုံးမှာ အန်တီ့အတွက် တရားစီရင်ချက် ချတော့မယ် ချတော့မယ် ဆိုတာလဲ ကြားရဲ့၊ ရုံးချိန်းရက်တွေကလဲ ပြောင်းလဲ ပြီးရင်း ပြောင်းလဲလို့။ ကျမတို့မှာ ဘာမှစိတ်မ၀င်စားနိုင်ဖြစ်ရအောင် လေးလံထိုင်းမှိုင်းရင်း စိတ်ညစ်ညူး နေရပါတယ်။ မတရားတဲ့ စစ်အစိုးရ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အန်တီ့ကို ကျန်းမာပါစေလို့ သာ ဆုတောင်းနေရဦးမှာပါ။ (ကျမက ဆုတောင်းတာကို မလုပ်ချင်ဆုံးပါ)

ကဗျာဆရာ ကိုလွမ်းဏီရဲ့ စိတ်ကူးဖန်တီးချက်ပါ


ဇွန် ၁၉ ရက်နေ့ အခမ်းအနားမှာ အန်တီ့ပုံတူမျက်နှာဖုံးတပ်ဆင်ပြီး ....
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံအရေးအကျဉ်းသားအားလုံး ....ချက်ချင်းလွှတ်(၂)
စစ်အာဏာရှင်စနစ် ..... ................................................................................ကျဆုံးပါစေ(၂)
အရေးတော်ပုံ........................................................................................... အောင်ရမည်(၂)
လို့ ကြွေးကြော်ခဲ့ကြပါတယ်။

ထုံးစံအတိုင်းပါပဲလေ မွေးနေ့ရှင်မရှိတဲ့ မွေးနေ့ပွဲတွေ ၊ အဲဒီမွေးနေ့ရှင်ကို လေးစားဂုဏ်ပြုချင်လို့ သူမမွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်နိုင်ငံတော်တော်များများမှာ သတ်မှတ် ကျင်းပတာရော သတင်းတွေ ကို ၀မ်းနည်းဝမ်းသာစိတ်နဲ့ ဖတ်ရ ကြည့်ရပါတယ်။

တနေ့နေ့ အန်တီလွတ်လာချိန်ကျရင်တော့ ခုထက်ပိုပြီး ပျော်ရွှင်တက်ကြွဖွယ် မွေးနေ့ပွဲနဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ် တခမ်းတနား စည်ကားသိုက်မြိုက်စွာ ကျင်းပချင်ပါတယ်။ နိုင်ငံတကာက ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဆုတွေနဲ့ အတူ မြန်မာပြည်သူတွေက ချီးမြှင့်ထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကို အန်တီ ပျော်ရွှင် ဂုဏ်ယူစွာ ပါဝင်ဆင်နွှဲစေချင်ပါတယ်။

ပြည်သူအားလုံးအတွက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရောက်ဖို့ ပေးဆပ်နိုင်သမျှ ပေးဆပ်နေတဲ့ အန်တီ့ရဲ့ ယုံကြည်ချက်အပေါ် သစ္စာရှိမှုကို လေးစားဦးခိုက်ရင်း အန်တီ့စကားတိုင်းကို လိုက်နာနိုင်တဲ့ လူတယောက်ဖြစ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်လို့ အဓိဌာန်ပြုပါတယ်။
(ဒီနှစ် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပတဲ့ အခမ်းအနားမှာ ကျမတို့ရဲ့ စိတ်ကူးတွေရှိသမျှ အကုန်ချပြနိုင်ဖို့ ပူးပေါင်းကူညီလုပ်ဆောင်ခဲ့တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးကို ကျေးဇူးအထူးတင်ကြောင်း မှတ်တမ်းတင်ထားရှိဖို့ ဒီပို့စ်ကို ရေးပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, June 15, 2009

Why do I have to fight???



Why do I have to fight???

They killed my father a year ago,
And they burnt my hut after that
I asked the city men "why me?" they ignored
"I don't know, mind your business," the men said.
One day from elementary school I came home,
Saw my sister was lifeless, lying in blood.

I looked around to ask what happened, if somebody'd known,
Found no one but living room as a flood.
Running away by myself on the village road,
Not knowing where to go but heading for my teacher
Realizing she's the only one who could help to clear my throat,
But this time she gave up, telling me strange things in fear.

Why, teacher, why.. why.. why?
I have no dad nor a sister left.
To teach me and to care for me you said, was that a lie?
This time with tearful eyes she, again, said...
"Be a grown one, young man,
Can't you see we all are dying?
And stop this with your might as soon as you can,
For we all are suffering."
(ဘာကြောင့် တိုက်ဆိုတဲ့ ကဗျာက နော်မေဦးရေးတာလို့ ဆရာဂါမဏိက ပြောပါတယ်။)
ဘာကြောင့်တိုက်

မနှစ်တုန်းက ငါ့အဖေကို သူတို့သတ်ခဲ့
ပြီးတော့ ငါ့တဲကို မီးရှို့
ဘာ့ကြောင့် ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ
မြို့ကြီးသားတွေကို မေးလဲ သူတို့လှည့်မကြည့်။
မသိဘူး ၊ကိုယ့်ဟာကိုယ် အေးအေးနေ တဲ့.....။

တနေ့ ငါမူလတန်းကျောင်းက အိမ်ပြန်အလာ
ငါ့အစ်မ အသက်မဲ့သွေးအိုင်ထဲမှာ။
ဘာဖြစ်တာလဲ မေးလိုက်ဖို့ရာ တယောက်ယောက်များ သိလေမလား..
သွေးလွှမ်းတဲ့ အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတယောက်တည်း လျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီ ခြေဦးလှည့်မိ
ငါ့အသိကို ရှင်းပေးနိုင်တာ သူတယောက်တည်းလို့ နားလည်ထား
သို့သော် ဒီတခါတော့ သူမတတ်နိုင်
အထူးအဆန်းကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။

ဘာဖြစ်လို့လဲ ဆရာမရယ် ၊ ဘာဖြစ်လို့လဲ… ဘာ…ဘာဖြစ်လို့လဲ
ငါ့မှာ အဖေလဲမရှိတော့ အစ်မလဲ မရှိတော့။
ဆရာမပြောတော့ ငါ့ကို ကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ ညာပြောတာလားဟင်။
ဒီတခါ မျက်ရည်တွေ ကျရင်း ဆရာမ ထပ်ပြော…
ကြီးလာအောင်သာ လုပ်စမ်းပါ သားရယ်၊
တို့အားလုံး အသက်ငင်နေကြတာ မတွေ့ဘူးလား၊ မင်းကြီးလာတာနဲ့ တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့ တားပစ်လိုက်၊ ဘာလို့လဲ ဆိုတော့ တို့အားလုံးခံနေရတာမို့...။

( အင်္ဂလိပ်ကဗျာမှ စာရေးဆရာ ဂါမဏိ ဘာသာပြန်ဆိုပါသည်၊)

တိတ်ဆိတ်မြေ

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
တယောက်ယောက်ကများ ချောင်းနားထောင်နေမလား
လျို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။
သတင်းပေးတွေကို နိုင်ငံ့သွေးနဲ့ တန်ဖိုးသင့်ပေး
ဒီတော့ မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာလေ
ရယ်မောသံတိတ် အတွေးအမြင်ဆိတ်။
ဟောဒီမြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့ လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်းအသံကိုတောင် ကြားနိုင်။

တိတ်ဆိတ်မြေမှာ ဘယ်သူမှ မပြောနိုင်တာက
စစ်သားတွေ ဘယ်အချိန်လာပြီး
မ သွားမလဲ။
တရုတ်က လမ်းရချင်။ ပြင်သစ်က ရေနံလိုချင်နဲ့
ယိုးဒယားက သစ်ယူ၊ န၀တက ခိုးရာပါပစ္စည်းယူနဲ့...။

တိတ်ဆိတ်မြေမှာလေ..
တိတ်ဆိတ်မြေမှာ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့ အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ
ဘယ်လိုပင် ဇွတ်အတင်းလုပ်လုပ်။ လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်အောင် ဖုံးမပစ်နိုင်ပေါ့။

(In the Quiet land
ကဗျာကို စာရေးဆရာဂါမဏိမှ ဘာသာပြန်ဆိုထားပါသည်)
တိတ်ဆိတ်မြေ ကဗျာကို သင်းအုပ်ဆရာ Wrightson Tongue ကရေးတယ်လို့ ဆရာဂါမဏိက စီဘောက်မှာ လာရေးထားပါတယ်)
ကောမန့်မှာ တယောက်က ဆရာဖေသက်နီ ဘာသာပြန်မကြိုက်ဘူး ပြောခဲ့လို့ ဆရာဂါမဏိ ဘာသာပြန်ကို ထပ်တင်ပေးထားပါတယ်။

Thursday, June 11, 2009

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)

လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, June 9, 2009

In The Quiet Land


In The Quiet Land
(By Daw Aung San Suu Kyi)

In the Quiet Land , no one can tell
if there's someone who's listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won't stand.

In the quiet land of Burma ,
no one laughs and no one thinks out loud.
In the quiet land of Burma ,
you can hear it in the silence of the crowd

In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils...

In the Quiet Land ....
In the Quiet Land , no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom's a sound
that liars can't fake and no shouting can drown.

တုံဏှိဘာဝေ နိုင်ငံမှာ

ဒီတုံဏှိဘာဝေနိုင်ငံမှာ
ဒင်းတို့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လျှို့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ ဘယ်သူမှပြောမပြနိုင်ဘူး။
သတင်းပေးတွေကို ဒီနိုင်ငံရဲ့ သွေးတွေပေးချေ။
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင် ဘယ်သူမှမပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှမရယ်မောဝံ့ကြသလို ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။
ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုကို လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ခေါ်ဆောင်သွားမယ့် စစ်သားတွေ လာနေတာတောင်
ဘယ်သူတဦးတယောက်ကမျှ ပြောမပြနိုင်ပေဘူး။
တရုတ်တွေက လမ်းကို လိုချင်တယ်၊ ပြင်သစ်တွေကတော့ လောင်စာဆီကို လိုချင်တယ်။
ထိုင်းတွေကတော့ သစ်ကိုယူတယ်။ နအဖကတော့ အမြတ်အစွန်းတွေကို ယူတယ်လေ…

ဒီတုံဏှိဘာဝေနိုင်ငံမှာလေ…
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ…
လူသတ်သမားကြောင့် တေမိဇာတ်ခင်းနေရတာ
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို မကြားသိနိုင်ပေဘူး။
ဒါပေမယ့် ဘယ်လိုပဲ အင်အားသုံးသုံး လွတ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့မရသလို ဘယ်အသံမျိုးနဲ့မှလည်း မဖုံးလွှမ်းနိုင်ပေဘူး။

အောင်ဆန်းစုကြည်

In the Quiet Land ကဗျာအား ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်ဘာသာဖြင့် စပ်ဆိုခဲ့ပြီး ကဗျာဆရာ ဖေသက်နီမှ မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်