Saturday, February 4, 2012

တို့ငယ်ငယ်တုန်းဝယ်…

ရေးလက်စ ပို့စ်တခုတောင် အစမသတ်ရသေးပဲ ပျင်းနေတာမို့ စာရေးအားရအောင် ဒီ tag ပို့စ်လေးကို အားစိုက်ခွန်စိုက် ရေးလိုက်ပါတယ်။

ကျမငယ်ငယ်ကတော့ အမေဖက်မှာ မြေးဦး၊ အဖေကတော့ ညီအကိုမောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးသားဆိုပေမယ့်လဲ တမိသားစုလုံးချစ်တဲ့ အငယ်ဆုံးသားဆိုတော့ သူ့သမီး ဖြစ်တဲ့ မြေးကိုလဲ သည်းသည်းလှုပ်ပေါ့။ ဒီတော့ ရလဒ်က အတော့်ကို စွာပါတယ်။ ပုသိမ်တဖက်ကမ်း သဘောင်္ကျင်း မှာလဲဖြစ် ဆွေမျိုးတွေ တန်းစီနေတဲ့ လမ်းမှာ ဖြစ်ပြန်တော့ မောင်နှမ၀မ်းကွဲတွေနဲ့ ဆော့ကြကစားကြပါပဲ။ အဲဒီအခါ ပြန်ခါနီးတိုင်း ကလေးတယောက်က အမြဲ ငိုရတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ တယောက်မဟုတ် တယောက်နား ကပ်ပြီး နားရွက်တွေ လက်မောင်းတွေ မှီရာကို ကိုက်လိုက်တဲ့ ကျမကြောင့်တဲ့။ အဲဒါ မောင်နှမအရင်းကိုတော့ မကိုက်ဘူးတဲ့။ ၀မ်းကွဲတွေ အတော်များများ အကိုက်ခံရဘူးတယ်။ ၀မ်းကွဲထဲမှာလဲ အသက်တွေက မတိမ်းမယိမ်းတွေ ၊ တနှစ်တည်းမွေးပြီး လပိုင်းကွာတာ တွေရော တနှစ်နှစ်နှစ်ခြားတွေရော ၂၀ ကျော် ရှိတယ်၊ ၊နောက်ပိုင်း ပုသိမ်ဖက်ကမ်းကို ပြောင်းလာကြတော့လဲ အိမ်တွေက သိပ်မဝေးကြဘူး။

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ တအိမ်အိမ်မှာ စုပြီးဆော့ကြတာပဲ။ ပုသိမ်နဲ့ သိပ်မဝေးတဲ့ ကန်ကြီးဒေါင့်လိုမျိုး နေရာတွေနဲ့ ပုသိမ်ထဲမှာ ရှိတဲ့ ဘုရားပေါင်းစုံ အကုန်လုံးနီးပါးကို တအိမ်တမျိုး ချက်ပြုတ်ပြီး အပတ်တိုင်း သွားခဲ့ကြတယ်။ လူကြီးတွေက ဘုရားဖူး ပြီး ဘာတွေ လုပ်တယ် မမှတ်မိပေမယ့် ကလေးတွေကတော့ အသားကုန်ဆော့ခဲ့တာတော့ တော်တော်ပျော်ဖို့ကောင်းတယ်။ ပုသိမ်က ဘုရားတွေကလဲ ၀င်းကျယ်ကျယ် ကားလမ်းနဲ့ ဝေး၊ သစ်ပင်တွေနဲ့ပြခန်းတွေ လှိုဏ်ဂူတွေ များတော့ စိန်ပြေးတမ်းတို့၊ တူပုန်းတမ်းတို့ ဆော့ခဲ့ကြတာ တော်တော်ပျော်ဖို့ကောင်းတယ်။ မသွားဖြစ်တဲ့ အပတ်တွေဆိုရင် ဇယ်ခုတ်တမ်းဆော့ကြတယ်။ ကျောက်စရစ်ခဲ အလုံးလှလှလေးတွေ သေချာ ရှာပြီး ၇ လုံးရရင် ဇယ်ခုတ်တာမှ သိပ်မိုက်တာပဲ။ ပြောရင်း ခုတောင် ခုတ်ချင်လာသလိုပဲ။ တလုံးမြှောက်တလုံးကောက်ကနေ တိုးတိုးသွားတာ နောက်ဆုံး ၁လုံးမြှောက်ပြီး အောက်က ကျဲပြန့်နေတဲ့ ကျောက်စရစ်ခဲတွေကို အမြန်စုကောက်ပြီး ပြန်ဖမ်းရတာ ပညာတော်တော်ပါတယ်လေ။ နောက်တခုက ဇယ်တောက်တမ်းဆော့တာ၊ မန်ကျည်းစေ့တွေကို ရာနဲ့ချီ စုဆောင်းထားပြီး ရောင်းတောင် ရောင်းခဲ့သေးတယ်၊ ဇယ်တောက်တမ်းဆော့တဲ့အထဲမှာ မောင်နှမ၀မ်းကွဲအကိုတယောက်က ယောက်ျားလေးဖြစ်ပြီး တော်တာတော့ မှတ်မိတယ်။ သူ့ကို ဇယ်ပြရင် ဘယ်လောက်ထပ်နေနေ ဝေးနေနေ သူက ၀င်အောင် တောက်နိုင်တယ်။ ကိုယ့်မောင်နှမ ၀မ်းကွဲတွေချည်း ဆော့နေရာက လမ်းထဲကတခြားကလေး တွေပါလာရင် တိုင်ဦးတမ်း၊ ဖန်ခုန်တမ်း၊ ကျောက်ရုပ် လုပ်တမ်း လူများများနဲ့ ကစားနည်းတွေ ပြောင်းကစားကြတယ်။

Sunday, November 13, 2011

အချစ်နှင်းဆီဖြူ (ဖြစ်တည်ခြင်း အခန်း နှစ်)

                                                          ဒီပုံလေးကို ဒီက ယူပါတယ်။
ဖြစ်တည်ခြင်း (၂)

ရင်ထဲမှာ..
သူ့ကိုချစ်ခြင်းတွေ ဖွဲ့တည်နေခဲ့တာ ဘယ်အချိန်တုန်းကလဲ ဆိုတာကို သတိမပြုမိပါဘူး။

အဲဒီနေ့ကတော့…
စာအုပ်တအုပ်အကြောင်း ငြင်းခုန်နေခဲ့တာပဲ။ ဂျူးရဲ့ အမှတ်တရ ဆိုတာ တော့ မှတ်မိတယ်။ ကော်ရည်ခေါက်ဆွဲဆိုင်မှာ ထိုင်ရင်း ကော်ရည်ခေါက်ဆွဲသောက်ရင်း စကားက အဲဒီစာအုပ်အကြောင်း ရောက်သွားတာ။ အဲဒီထဲ လက်ထပ်ခြင်းသဘောတရားကို ငြင်းခုန်ပြောဆိုနေရင်းက ငါ့ကိုလက်ထပ်ပါလားလို့ ဗြုန်းစားကြီးပြောချလိုက်တော့ တော်တော်အံ့အားသင့်သွားတယ်။ နေရာဒေသ ရွေးချယ်ပုံကြီးကလဲ ဘာသီချင်းမှလဲ မရှိ၊ ဘာနမိတ်ပုံမှလဲ မရှိ၊ ပြန်စဉ်းစားရင်တောင် ရင်ခုန်စရာ တကွက်မှမရှိတဲ့ ပူလောင်လောင် ကော်ရည်ဆိုင်ထဲ ။ ဘယ်လိုဖြစ်လို့ အဆင့်တွေက ကျော်သွားလဲ လို့ ကိုယ်မေးလိုက်ချိန်တုန်းက ရင်လဲ မခုန်မိပါဘူး။ အံ့သြသွားတာ တခုပဲ ရှိတယ်။ ပြီးတော့ အဲလိုပြောလိုက်တဲ့ အချိန်ကာလက တို့တွေ စသိကြပြီး ၇ နှစ် ကြာခဲ့တဲ့အချိန်လေ။
အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို(သို့မဟုတ်) links to this post ကို ကလစ်ပါ။

Tuesday, November 8, 2011

အချစ်နှင်းဆီဖြူ


                                              နှင်းဆီဖြူပုံလေးကို ဒီက ယူပါတယ်။
 ဖြစ်တည်ခြင်း(၁)
 
ကျနော် အခု အရမ်းလွမ်းနေပါတယ်ဗျာ။ ကျနော့်ရဲ နှင်းဆီဖြူက မနက်တိုင်း လဘက်ရည်ကို ခုံခုံမင်မင်သောက်တတ်တဲ့၊ အသုပ်စုံကို မက်မက်စက်စက် စားတတ်တဲ့၊ ဘယ်တော့မှ အကြံမပေးတတ်တဲ့ ကျနော့်ကို ဘာဟင်းချက်ရင်ကောင်းမလဲ လို့ နေ့တိုင်းမပျက်မကွက် မေးတတ်တဲ့၊ ကျနော်ကိုယ်တိုင် မမျှော်လင့်ခဲ့တဲ့ တာဝန်ကျေမှု ၊ဂရုစိုက်မှုတွေနဲ့ ချစ်ခင်မြတ်နိုးမှုတွေကို ပြည့်ပြည့်၀၀ပေးအပ်နိုင်လွန်းတဲ့။ နင်က အေးအတူ ပူအပြေးလို့ ခဏခဏပြောတတ်တဲ့ (သူမ တခါတလေ အလုပ်ထဲ အဆင်မပြေတာ ၊ တချို့ ဆက်ဆံရေး အဆင်မပြေတာာတွေ ကျနော့်ကို တိုင်တည်ပြောပြတိုင်း ကျနော်က သူ့ကို မခံစားစေချင်စိတ်နဲ့ ဘာမှ မှတ်ချက်မပေးပဲ ရေငုံနှုတ်ပိတ်နေတတ်တာကို သူက မျှဝေမခံစားဘူးလို့ ဆိုချင်တာ)၊ သူမကို အရမ်းလွမ်းနေတယ် ၊ သတိရနေတယ်ဗျာ။
သူမလား။ ကျနော်နဲ့ ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ မြို့ကို အလုပ်ကိစ္စနဲ့ သွားနေတာ ရက်ပေါင်း ၃၀လောက် ကြာမယ်တဲ့ဗျား။
ဒီနေ့တော့ ကျနော် သူမကို အရမ်းလွမ်းတယ်ဗျာ။
ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။

Tuesday, October 18, 2011

၄၉နှစ်ပြည့်မှ အစပြု အတွေးမှတ်စု

             ဒီနေ့ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) ရုံးခန်းရှေ့က ပိုစတာ
 အသက် ၄၉ နှစ်ဆိုတာ လူ့လောကကြီးကို ထက်ဝက်ထက် မက အများကြီးကျော်ခဲ့တာပေါ့။
ကျမသူငယ်ချင်းတချို့ဆို ၄၀ မပြည့်ခင်ကတည်းက လူ့လောကကြီးကို ကျောခိုင်းသွားခဲ့ကြပြီ။

ဒီလိုအကျဉ်းကျခံဘ၀ကြီးထဲမှာ နေနေရတဲ့ စိတ်ခံစားချက်က ဘယ်လိုမှ ပြန်မပြောပြချင်တော့ဘူး။ ဒါပေမယ့် ခံစားသိနိုင်ပါတယ်။ နားလည်နိုင်ပါတယ်။

  သူလို လူမျိုးက ဒီလိုဒုက္ခတွေ တွေ့ကြုံခံစားရလဲ ဘာအကြောင်းပြချက်နဲ့မှ ယုံကြည်ချက်ကို ကျောခိုင်းမသွားခဲ့ဘူး။  ကိုယ်လုပ်ရမယ့် အလုပ်တွေကို တစိုက်မတ်မတ် ခုချိန်ထိ မတွန့်မဆုတ် ခိုင်ခိုင်မာမာ ရပ်တည်နေပြတာကိုပဲ ကျမကတော့လေးစားပြီးရင်း လေးစားခဲ့တယ်။

၁၉၈၈ ကာလတုန်းက မင်းကိုနိုင် ဆိုတာ သူတဦးတည်းပိုင်နာမည်လေး မဟုတ်ခဲ့  သေးပါဘူး။ နောက်ပိုင်းမှာ အဲဒီနာမည်ကို တယောက်က ယူဖို့ သဘောတူညီကြပြီးကတည်းက ဒီနာမည်ရဲ့ သမိုင်းကို အတောက်ပဆုံးထွန်းလင်းစေခဲ့သူ ၊ ကြီးကျယ်မြင့်မြတ်ခဲ့သူပါပဲ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ ၁၉၈၈ ရဲ့ သြဂုတ်လ ၂၈ ရက်မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပြီး ဥက္ကဌတာဝန်ကို ခိုင်ခိုင်မတ်မတ် ထမ်းဆောင်နိုင်ခဲ့သူ။ အဲဒီနောက် ၁၆ နှစ်ကျော် အကျဉ်းကျခံပြီး ပြန်လည်လွတ်မြောက်လာချိန်မှာလဲ တွန့်ဆုတ်သွားခြင်း အလျဉ်းမရှိ၊ ပြည်သူတွေအတွက် ပြည်သူ့အသံကို ရင်ဘတ်နဲ့ ခံစား နှလုံးသားနဲ့ ကြားနာ ဦးနှောက်နဲ့ ပိုင်းဖြတ်လို့ ရဲရဲကြီးရှေ့ကို တက်ခဲ့တဲ့သူ၊ ဘာအကြောင်းနဲ့မှ နောက်မဆုတ်ဘူးတဲ့၊ ဟောဒီလမ်းမတွေ ပေါ်မှာ ငါတို့ရဲဘော်ရဲဘ  က်ပြည်သူတွေရဲ့  သွေးတွေနဲ့ ၀ိဥာဉ်တွေက ဒီမိုကရေစီ ဒီမိုကရေစီနဲ့ အော်ဟစ်နေဆဲတဲ့။

ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။

Sunday, October 16, 2011

ဘလော့ထဲက အမှတ်တရများ

အင်တာနက်ထဲက အတုအယောင်ကမ္ဘာလို့ ပြောချင်သလိုပြော…
အဲဒီလောကကြီးထဲ ယူတတ်ရင် ကျေနပ်စရာတွေ ရတတ်တာပါပဲ။
ကျမကတော့ blog ဘလော့တခုလုပ်မိရင်း စာတွေရေးချင်တာ ရေးခဲ့တယ်။ ဖတ်ချင်တဲ့ ဘလော့တွေ ၀င်ဖတ်တယ်။ ဒီလိုနဲ့ တကယ့်အပြင်မှာတွေ့ဆုံရသလို ခင်မင်းရင်းနှီးစွာ စနောက်ရင်း တယောက်ရင်ဘတ်တယောက်မြင်တတ်ခဲ့တဲ့ သူငယ်ချင်းတွေ ညီမတော်တွေ အများကြီးကို ရရှိစေခဲ့တယ်။
နောက် facebook ဆိုတဲ့ မျက်နှာ စာအုပ်ထဲ ၀င်လိုက်ပြန်တော့လဲ ပျောက်ဆုံးနေတဲ့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ ဆွေမျိုးတွေကို ပြန်တွေ့ရပြန်တယ်။ ဘယ်လောက် ကောင်းလိုက်သလဲနော်။ အဲဒီထဲက အမှတ်တရ အဖြစ်အပျက်ကလေးတွေ ပြန်ပြောပြချင်တယ်။

အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ကို ကလစ်ပါ။

Sunday, October 9, 2011

သစ်တပင်ချင်းကို မကြည့်မိပဲ တောအုပ်ကြီးကို မြင်ကြပါစေ

အပိုင်း(၁)
ဘုန်း...
ခွပ် ....
အင့်...
နင်တို့လို မလောက်လေး မလောက်စားလေးတွေက ငါတို့လို စစ်တပ်ကြီးကို ဘယ်လိုတော်လှန်မလဲ။
အေးအေးဆေးဆေးမနေဘူး။ သိပ်တတ်နေတယ် ထင်နေသလား။
ပြောစမ်း။ ဒီစာစောင်တွေ ထုတ်ဖို့ ဘယ်သူက ငွေပေးလဲ။ ဘယ်သူက သင်ပေးလဲ။

...........
............
အံမယ် အံတောင်ကြိတ်ထားသေး။ နင့်နာမည်ကို နင့်ရှေ့က လူတွေပြောထားခဲ့ပြီ။ နောက်ဘယ်သူတွေ ပါသေးလဲ။ ခုနေပြောထားနော်။ ငါတို့ လက်သီးစာ ကောင်းကောင်းကျွေးထားတာတောင် ခေါင်းမာတုန်း။ နောက်ထပ် ဒါ့ထက်ဆိုးတာတွေလာမယ်။

........................
...........................
ဒူးထောက်ထား။ လက်ကို ခေါင်းပေါ်တင်ထား။ ခေါင်းစွပ်ကို ဖွင့်မကြည့်နဲ့။ ဘယ်သူတွေလဲ စဉ်းစားထား ။ ငါပြန်လာရင် ပြောနိုင်အောင် လုပ် ။

အပိုင်း(၂)
ဟာ...... ဒူးထောက်ခိုင်းထားသလားး။
ထ.....ထ.. ဒီထိုင်ခုံမှာ ထိုင်ပါဦး။ ကော်ဖီသောက်မလား လဘက်ရည်သောက်မလား။
သမီးတို့လို ကျောင်းသူလေးတွေကို ခုလိုနှိပ်စက်တာတော့ ဒီကောင်တွေတရားလွန်တယ်။
ဘဘတို့က ဒါမျိုး မလုပ်ချင်ဘူး။
ပညာတတ်ကလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ် ဆိုတာဒီကောင်တွေ ပြောထားရက်နဲ့
သူ့ကိုအရေးယူခိုင်းရမှာပဲ။ သမီးလဲ ခဏနားပါဦး။
.................
ကဲ .. သမီးကလဲ ပြောပြပါဦး။ ဘယ်သူတွေနဲ့ ဒီစာစောင်တွေကို ထုတ်ဖို့ ပြောဖြစ်ကြလဲ။
စာစောင်က ထုတ်မယ်ဆို  ပိုက်ဆံလဲ လိုတယ်မဟုတ်လား။ သမီးတို့ အကုန်စုခံလိုက်တာလား။
ဘဘတို့က လူငယ်တွေ ကျောင်းသားတွေကို ဘာမှမလုပ်ဖူး စိတ်ချ။
ခု သမီးရှေ့က ခေါ်မေးတဲ့ သူငယ်ချင်းတွေကိုလဲ အကုန်လွှတ်ပေးမှာ စိတ်ချ။
သမီးလဲ ဘာမှမကြောက်နဲ့။ သမီးတို့ ကျောင်းတက်နေတုန်းအရွယ်တွေက ဒီလိုပဲလေ။
သူငယ်ချင်းတွေနဲ့ဆို တက်ညီလက်ညီလုပ်တတ်ကြတာ ဘဘတို့ နားလည်တယ်။ ဘဘတို့တုန်းကလဲ ဒီလိုပဲ ။ ဒီအရွယ်ကို ဖြတ်သန်းခဲ့တာပဲ။ ကဲ သမီးသိသလောက်ပြောပါဦး။
.....................
.........................

အပိုင်း (၃)
အပျော့ပဲ လာလာ၊ အမာပဲလာလာ။ ဘာကိုမှ အဖြေမပေးဖို့ ကျမတို့ ဦးနှောက်တွေက အသိပေးထားတာမို့ ပါးစပ်တွေက ပိတ်ရက်ပါပဲ။ ဒီလိုပဲ ချော့တခါ ခြောက်တလှည့်နဲ့
စစ်ကြောရေးတွေကို ဖြတ်သန်းခဲ့ကြရတယ်။

စစ်ကြောရေးကို ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်သူတွေဟာ လူတွေဘယ်လိုပြောင်းပြောင်း အဲဒီလူတွေအားလုံးဟာ စစ်အာဏာရှင်အတွက် စစ်အုပ်စုအတွက် သူတို့ လိုသလို ပုံပြောင်းလုပ်ဆောင်နေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်။ ဒီလူဟာ ကိုယ့်သူငယ်ချင်းနဲ့ ဆုံတုန်းက ပတ်ကြမ်းတိုက်ပြီးလက်သီးတွေ ကောင်းကောင်းသုံးခဲ့ပေမယ့်
နောက်သူငယ်ချင်းတယောက်ဆီမှာတော့ ပျော့ပြောင်းနူးညံ့သူပေါ့။
လူတွေဘယ်လိုပြောင်းပြောင်း မူကတော့ တခုတည်း။ စစ်ချက်မှာ နောက်ထပ် နာမည်အသစ်တွေ ရရှိလာရေးပဲလေ။

.............
အခုလက်ရှိအချိန်မှာရော.. ယူနီဖောင်းဝတ်ကို ချွတ်ထားပေမဲ့ သူတို့က စစ်အုပ်တွေပဲ မဟုတ်လား။
တယောက်ချင်းက ပျော့ပြောင်းချင်ယောင်ဆောင်ထားပေမဲ့ စစ်အုပ်စု နက်ဝပ်ကြီးက တည်ရှိနေဆဲပါ။
ဒီတော့ တယောက်ချင်းကို မြင်ပြီးပြောင်းလဲနေပြီလို့ ယူဆကြည့်မယ်ဆို စစ်အုပ်စု နက်ဝပ်ကြီးက ဟားတိုက်ရယ်မောနေပါလိမ့်မယ်။ ပုံသဏ္ဍာန်တွေနဲ့ အယောင်ဆောင်ပြနေပေမယ့် အတွင်းသဏ္ဍာန်အနှစ်သာရကို မြင်နေရင် ဘာမှလိမ်လို့ရမှာ မဟုတ်ဘူး။ ဒါကို မာကျောတယ်ဆိုလဲ ပြောကြပါစေ။ ကျမကတော့ပြတ်သားတယ်လို့ပဲ ခံယူထားလို့ပါ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, September 27, 2011

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် လှုပ်ရှားမှုအပေါ် ဦးဝင်းတင် သဘောထား

ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ ဘာမှ ငြိမ်စရာမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။  တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူးဆိုတာတော့ ..အဲဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တယ်။
(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး  ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)

Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရ

ဒီနေ့ ငြိမ်းချမ်းစွာ မေတ္တာပို့စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို နအဖ လက်ကိုင်တုတ်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ နေ့။ ၂၀၀၇ စက်တင်ဘာကဆိုတော့ ခု ၄ နှစ်ပြည့်ခဲ့ပြီပေါ့။ ပြည်ပမှာလဲ အမှတ်တရအထိမ်းအမှတ်ပွဲတွေ ပြုလုပ်သလို ပြည်တွင်းမှာလဲ ကျင်းပကြတယ်ဆိုတာ သတင်းရတယ်။ နေ့လည် ၁၂ နာရီခွဲလောက် ဒီက အခမ်းအနားတခုက အပြန်အိမ်မှာ ချက်တင်ဘောက်ထဲ လာရိုက်တင်ထားတာ တွေ့လိုက်ရပြီ။ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြုလုပ်တဲ့ မြောက်ဥက္ကလာပ မကွေးကျောင်းတိုက် က ဆွမ်းကပ်အပြီး ဆူးလေကို သွားဖို့ ကား ၃စီးနဲ့ အသွားမှာ တားဆီးခံရရာက လမ်းလျှောက်ပွဲ ဖြစ်သွားခဲ့တာတဲ့။
လမ်းလျှောက်တာနဲ့ ဆူဆူပူပူဖြစ်မယ်လို့ ထင်တဲ့လူတွေက စစ်အုပ်စု ဘက်က တင်မဟုတ်ပဲ ကိုယ့်လူတွေလို့ ထင်ထားတဲ့ လူတွေကပါ ပြောလာတော့ တော်တော်အံ့သြတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို နှောင့်ယှက်နိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ကျမက လုံးဝ လက်မခံပါဘူး။ ဆန္ဒမစောပါနဲ့ တဲ့ ။ နောက်တောင်ကျနေသလားလို့ ကျမက ထင်တယ်။

ဘယ်သူကိုမှ ဘာမှ မပြောချင်ပါ။ ဒါပေမဲ့ ခုတွေ့နေတဲ့ တွေ့ဆုံမှုမှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ၀ပ်ရှော့တခုတက်ဖို့ အသွား ဦးသိန်းစိန်နဲ့ တွေ့တယ်။ နအဖရဲ့ အကြီးမားဆုံးဒေါက်တိုင် ခေတ်ပျက်သူဌေးဇော်ဇော်နဲ့ ဘောပွဲ ကြည့်တယ်။ ဒါတွေဟာတွေ့ဆုံဆွေးနွေးရေးလား။ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးလား၊ ကျမကတော့ မယုံကြည်ပါဘူး။ အစကတည်းက မမှန်တဲ့ တွေ့ဆုံမှု ဟာ ပျက်မှာပါပဲ။ ဦးသိန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့အားလုံးနဲ့ ထမင်းလက်ဆုံစားနေတဲ့ ပုံတွေ ထွက်လာသလို ဆည်တည်ဆောက်ရေး ကိုတောင် နိုင်ငံတော်ဧည့်သည်တော်အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ရတဲ့ ၊အဲဒီသွားရောက်လေ့လာခဲ့ရတဲ့ အချိန်တုန်းကထက် အခုက ပိုနေသလား။

ကျမတော့ လုံးဝမထင်ဘူး။ အဲဒီတုန်းက တွေ့ဆုံတဲ့ အဆင့်က ပိုမြင့်ပါသေးတယ်။ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတခုရဲ့ ခေါင်းဆောင်အနေနဲ့ တွေ့ဆုံခဲ့တာပ့ါ။ အခုတွေ့ဆုံမှုတွေကို သူတို့ဘက်က ပြောနေတာ အားလုံး ပြန်ဆန်းစစ်ရင် ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်အနေနဲ့ လို့ ချည်း ပြောတာကို မြင်နေကြားနေရတာပါပဲ။ ကမ္ဘောဒီးယားမှာလဲ ဦးခင်အောင်မြင့် ပြောခဲ့တယ်။ သမတအကြံပေး ဦးကိုကိုလှိုင်လဲ တသံတည်းပဲ။ ဒီတော့ ဘာကို မျှော်လင့်ကြသလဲ၊ တခါလိမ်ရင် လိမ်သူအမှာ ၂ခါအလိမ်ခံရရင်တော့ ခံရသူတွေ အများသာ ဖြစ်တော့မှာပါ။ ကျမတို့ ဥာဏ်မမှီတာလဲ ဖြစ်နိုင်ပါတယ်။ မမှီလက်စနဲ့ လိုက်မနေတော့ပါဘူး။ ကိုယ်မြင်တာလေးပဲ ရေးရတော့မှာပေါ့။ ကိုယ်ပိုင်တဲ့ဘလော့ ကိုယ့်စာမျက်နှာကိုး။
ဒီပုံကိုတော့ မြင်တာနဲ့ ရင်ထဲ ထိလွန်းလို့ ဘလော့ပေါ်တင်ပြီး သိမ်းထားလိုက်ပါပြီ။
ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ အဲဒီတုန်းက ကျဆုံးခဲ့သူတွေ ၊ ဖမ်းဆီးခံ နှိပ်စက်ခံ ထောင်ဒဏ်ကျခံခဲ့ရသူတွေအတွက် ဒီနေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတဲ့ နော်အုန်းလှနဲ့ အတူ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က မိတ်ဆွေများကို ထောက်ခံပါတယ်။ ကျေးဇူးအထူး တင်ရှိသလို လေးစားစွာ အလေးပြုလိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို ဒီမိုကရေစီရေးမှာ အသက်စွန့် သွားခဲ့သူများက ကောင်းချီးပေးမှာပါ။

စာကြွင်း .. ဒီနေ့ အဲဒီသတင်းကို တင်တဲ့ Eleven Media Group ကိုတော့ တော်တော်အထင်သေးသွားတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, September 23, 2011

ဆက်လက်စီးဆင်းနိုင်ပါစေ မိခင် ဧရာဝတီ


                                        ဒီဇိုင်နာ သီဟမောင်မောင် ရဲ့ ပုံကို ယူသုံးပါသည်၊
မြစ်တစင်းက သူ့ရဲ့ မှီခိုရာ ပင်လယ်ကြီးဆီကို စီးဆင်းအလာ ခိုဝင်ခါနီးလေ တလျှောက်လုံး သယ်ဆောင်လာခဲ့တဲ့ သဘာဝတရားရဲ့ အနှစ်သာရတွေကို မြေကမ္ဘာအတွက် သွန်ချပေးခဲ့လေပေါ့။ အဲဒီလိုနဲ့ သူက သူ့ကို ဖြတ်သန်းစီးဆင်းခွင့်ပြုတဲ့ နိုင်ငံတခုအတွက် သူ့ကို အားကိုးချစ်ခင်ကြတဲ့ လူသားမျိုးနွယ်တွေအတွက် ပုံဖေါ်ပေးထားတဲ့ မြစ်ဝကျွန်းပေါ်ဆိုတဲ့ မြေဆီမြေနှစ်တွေနဲ့ စိုက်ပျိုးရေးထွန်းကားရာ ဒေသကို ဖန်တီးပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အဲဒီအဆီအနှစ်များ သွန်အန်ချပေးခဲ့ရာ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဟာ ကျမရဲ့ ချက်မြှပ်ဇာတိလေးပါ။ 
မြစ်ကမ်းနဘေးနားမှာ မွေးခဲ့ပေမဲ့ ကျမသိခဲ့ မြစ်ကလေးနာမည်က င၀န်မြစ်တဲ့။ ဧရာဝတီမြစ်ကြီးက ပင်လယ်ကြီးဆီခိုဝင်ခါနီး ကိုယ်ပွားချန်ထားခဲ့တဲ့ မြစ်မွှာလေးထဲက နာမည်အကြီးဆုံး မြစ်ပေါ့။ အဲဒီ မြစ်ကမ်းပါးမှာ ငယ်ဘ၀တွေ ဖြတ်သန်းခဲ့ရတာမို့ ပင်လယ်ကြီးနဲ့မြစ်တွေရဲ့ ချစ်တင်းနှောရာ ဒီရေတက်ချိန်တွေမှာ ရေငန်တွေဝင်လာတတ်တာ၊ အဲဒီလို ရေငန်ဝင်ချိန်မှာ စားရတဲ့ ပင်လယ်ငါးဆိုတာ လူတွေရဲ့ကျန်းမာရေးကို ဘယ်လို အထောက်အကူအပြုတာ…. မြစ်ဝကျွန်းပေါ် ဆိုတာ မြန်မာနိုင်ငံရဲ့ စပါးကျီဆိုပြီး တင်စားပြောခဲ့လို ဒီဒေသထွက် ပေါ်ဆန်းမွှေးဆိုတာ ချက်နေရင်းရတဲ့ မွှေးရနံ့မှာတင် ဘယ်ဆန်နဲ့မှ မတူနိုင်တာ စသော အစရှိသော ထူးခြားချက်တွေ ပြန်ပြောရင် မြစ်ကြီးဧရာဝတီရဲ့ ကျေးဇူးတွေကို ဘယ်လိုမေ့လို့ ရမှာလဲ ၊ ဘယ်မှာ ကင်းလွတ်နိုင်ပါ့မလဲ။

ခုတော့ မြစ်ရဲ့ ထိပ်ပိုင်း မြစ်ဆုံမှာ ဆည်ကြီးတခုတည်ဆောက်တော့မယ်ဆိုတော့ သဘာဝ ပညာရှင်တွေက ကြုံတွေ့လာနိုင်တဲ့ အဆိုးအကောင်းအကျိုးအပြစ်တွေ စာတမ်းပြုစုတင်ပြကြသတဲ့၊ အဲဒီထဲမှာ ပင်လယ်ထဲကို စီးဝင်ခိုတွယ်မဲ့ ဧရာဝတီက ဆည်တည်ဆောက်လိုက်လို့ ရေစီးနှေးသွားရင် ပင်လယ်ကြီးထဲက ရေငန်တွေက လိုက်ပါ ၀င်ရောက်လာတော့မှာတဲ့။ ဒါဆိုရင် ရေစီးနှေးသွားမယ့် မြစ်ကြီးဆီက သယ်ဆောင်လာ မယ့် မြေဆီမြေနှစ်တွေ မြစ်ဝကျွန်းပေါ်ထိမရောက်လာနိုင်တော့သလို ပင်လယ်ရေငန်တွေ မထွက်တော့ပဲ ခိုတွယ်နေတော့မယ့် မြစ်ဝကျွန်းပေါ်က စပါးကျီတွေပျက်မယ်၊ ရေချိုငါး၊  ရေငန်းငါးတွေရဲ့ ခိုလှုံနေထိုင်ရာတွေ ပျက်ယွင်းတော့မယ် ၊မြစ်ဖျားက အကျိုးဆက်ကို မြစ်အောက်ပိုင်းက ခံစားရမှာတွေကလဲ မြစ်ဆုံဒေသနဲ့အကျိုးတူဆက်နွယ်နေတာပါပဲ။ ပင်လယ်ကြီးကရော ဒီတိုင်းခွင့်လွှတ်နေမယ်လို့ ထင်ပါသလား၊ မြစ်ဧရာကို ဖျက်ဆီးတဲ့အတွက် သူကလဲ ကလဲ့စားချေဦးမှာပါ။ ဒီတော့ကျမတို့ ဘာလုပ်ကြမှာလဲ။

မြစ်ဆုံမှာ ရေကာတာတည်ဆောက်မယ့် ဒီ စီမံကိန်းကို၊
မြစ်ဧရာရဲ့ လွတ်လပ်စွာ စီးဆင်းမှုကို နှောင့်ယှက်ဖျက်ဆီးမယ့် ဒီစီမံကိန်းကို၊
မြန်မာနိုင်ငံရဲ့ တည်ရှိနေမှုကို ချေဖျက်မယ့် ဒီစီမံကိန်းကို၊
မြန်မာလူမျိုးရဲ့ ရပ်တည်မှုကို ပျက်သုန်းသွားစေမယ့် ဒီစီမံကိန်းကို၊
အားလုံးသော မြန်မာပြည်သူပြည်သားများနဲ့ အတူ ကန့်ကွက်ပါကြောင်း သိစေအပ်ပါသည်။

ဆက်လက်စီးဆင်းနိုင်ပါစေ မိခင် ဧရာဝတီ၊

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ခေါင်းစဉ်အောက်က အပြောင်းအလဲများ

အပိုင်း တစ်..
ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သတင်းတွေ ဖတ်မိတဲ့ သတင်းတွေထဲမှာ မိုးမခက ဘဘဦးဝင်းတင်ရဲ့ အပြောင်းအလဲဖြစ်ဖို့ အပြင်အဆင်တွေရှိပြီလား ဆိုတဲ့ စကား ကြိုက်တယ်၊ နောက် ဗွီအိုအေကနေ ရွှေပြည်ကြီးမှာ သတင်းသွားယူခွင့်ရခဲ့တဲ့ ဒေါ်ခင်စိုးဝင်းကို ဦးကျော်ဇံသာက ပြန်ဗျူးထားတဲ့ အင်တာဗျူးလေး တော်တော်ကြိုက်မိတယ်။ သူမြင်ခဲ့ ကြားခဲ့တွေ့ခဲ့တာလေးတွေ ပြန်ပြောထားတာ တကယ့်ကို သတင်းသမားပီသတယ်။

နေပြည်တော်ကြီးက လူမရှိသူမရှိ တဲ့ နေရာကြီး ၊ အဲဒီမှာ ၈လမ်းသွား လမ်းမကြီးနဲ့ကောင်းမွန်လှတဲ့ ပလက်ဖောင်းတွေကို ရန်ကုန်ကို ရွှေ့ပေးလို့ ရရင် ရွှေ့ပေးလိုက်ချင်တယ် ဆိုတာ ဖတ်ရတာ မျက်စိထဲ တန်းမြင်တာပဲ။ နောက် မြစ်ဆုံရေကာတာ ကိစ္စ တွေ့ခဲ့မိသမျှ ဦးဌေးဦး တယောက်ပဲ ထောက်ခံတယ် ဆိုတာ၊ လွှတ်တော် ၂ ရပ်ရဲ့ မီဒီယာပေါ် သဘောထား၊ ပြည်သူလူထုတွေရဲ့ အကြောက်တရား၊ စီးပွားရေး ပိတ်ဆို့တဲ့ ဆန်ရှင်အပေါ် လူထုရဲ့ သဘောထားတွေ သေချာပုံဖေါ်ပြောပြနိုင်တာလေးကို အရမ်းသဘောကျတယ်။ 

 အပိုင်း နှစ်
အဲဒီနောက် ဆက်ပြီး စဉ်းစားမိတာက(စဉ်းစားတိုင်းလဲ အကုသိုလ်တော့
များပါတယ်) မြန်မာပြည်ကြီးထဲမှာ ပြည်သူ့အသံနားထောင်ချင်ပါတယ်၊ ပြည်သူ့ဆန္ဒတွေ ဖြည့်ဆည်းပေးချင်ပါတယ်၊ တရားဝင် လွှတ်တော်ကြီးထဲက တိုက်ပါမယ်ဆိုပြီး ရွေးကောက်ပွဲ ဆန့်ကျင်မှုတွေကို မျက်စိမှိတ် မကြားချင်ယောင်ဆောင်ပြီး အသက်ပေးပြီး တိုက်ပွဲ ၀င်ကြမဲ့ သဏ္ဍာန်တွေနဲ့ ကြံ့ဖွတ်မဟုတ်သော ဒီမိုကရက်များး ။ ကဲ .. ခုတော့ ဘာများ ပြောနိုင်ကြလို့လဲ။ အဆိုတောင် မတင်သွင်းတဲ့ လူတွေ မြင်နေရတယ်။ ဘာမှ မသိလို့ ဟိုမေးဒီမေး တွေကလဲ ရှိသေး။ ဟိုဟာလေး လုပ်ပေးပါဦး ဒီဟာလေး ကဘယ်လိုလုပ်ထားလဲ ထမေးတာကိုပဲ အလုပ်ကြီး ထင်နေကြတာ ကိုး ။ သူတို့ကိုယ် သူတို့ သတင်းထောက်လိုလို ထင်နေသလားမသိ၊ ဘာအကြံပေးတာ ဘယ်လို လုပ်ချင်တယ်ဒါမျိုး မရှိဘူး။ မေးခွန်းလေး ထုတ်လိုက် ဟိုက ဘာပြောပြော ကွန့်မေးဖို့ ကြောက်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့  ဟုတ်နေကြတာပဲ။
ဆက်ဖတ်မယ်ဆိုရင် ခေါင်းစဉ် (သို့မဟုတ်) links to this post ကို ကလစ်ပါ