Friday, August 29, 2008

စိတ်ရှုပ်ထွေးခြင်းရဲ့ နောက်ဆက်တွဲ

ခုတလော ဘလော့မလည်နိုင်၊ ဘာစာမှ မရေးနိုင် မဖတ်နိုင်နဲ့ စိတ်ညစ်ညူးစရာ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နှက်နေတယ်။ စကားလဲ မပြောချင် သူများပြောတာတွေလဲ စိတ်ရှည်ရှည် နားမထောင်ချင် ဖြစ်ချင်တိုင်း ဖြစ်နေတာပါပဲ။ အရှုပ်တွေကိုလဲ မြင်နေ တွေ့နေ ရသလို ခံစားနေရသေးတယ်။

ကျမအနေနဲ့ … ဘလော့ရေးတဲ့ အချိန်တနှစ်ကျော်အတွင်း သူများဆီက မေးလ်နဲ့ပို့လာတာတွေကို တင်ခဲတယ်။ ကျမသေချာဖတ်ပြီး တော်တော်ကြိုက်မှ တင်သင့်တယ် ထင်မှ တင်တာ များတယ်။ (ဥပမာ အခုရက်ပိုင်းတင်တဲ့ ဂမ်ဘာရီ အကြောင်းလိုမျိုး)။ ကိုယ်ပိုင်ဘလော့မှာ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်လမ်းကြောင်းနဲ့ ကိုယ် လုပ်ထားရက်သားနဲ့ ဘာလို့ ဟိုဟာ မတင်လဲ။ ဒီဟာ မတင်လဲ ဆိုလာတဲ့ အီးမေးလ် တွေကိုလည်း စိတ်ကုန်တယ်။ နောက်.. ဘလော့သိပ်မလည်ဖြစ်တော့တဲ့ အတွက် အသစ်ဘလော့တွေကိုလဲ မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘလော့လာလည်ပြီး လင့်ချန်ထားတဲ့ ဘလော့တွေကိုတော့ ပြန်လည်ဖြစ်အောင် လည်ပေးခဲ့ပေမယ့် နောက်ပိုင်း မရောက်တော့တာတွေလဲ ရှိနေသေးတယ်။ ကျမကို ဘလော့ရေးပြီး ထင်ရာလုပ်နေတယ် ဆိုသူတွေအတွက်တော့ ထင်ရာလုပ်ချင်လို့ ကိုယ်ပိုင် ဘလော့တခု လုပ်ထားတာပါလို့ပဲ ပြောကြားချင်ပါတယ်။

ကိုယ်တိုင် သတင်းလုပ်နေရလို့ သတင်းတော်တော်များများ ကျမတို့ အဦးဆုံးရတတ်ပေမယ့် ကျမဘလော့ကို သတင်းတင်ခဲတာလဲ သတိထားမိကြမှာပါ။ ဒါ ကျမရဲ့ လွတ်လပ်ခွင့်ပဲ လို့ ယူဆတဲ့အတွက် ကိုယ်ယုံကြည်ရာ ကိုပဲ ရေးမယ်။ ကိုယ် တင်ချင်တာကိုပဲ တင်မယ်။ ပေါ်ပင်ဖြစ်ချင်လဲ ဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ကျမကို ကန့်သတ်ဖို့ ကြိုးစားလာသူတွေကိုတော့ ပေါ်တင်ပဲ စိန်ခေါ်နိုင်ပါတယ်။

နောက်တခု…

ခု နောက်ပိုင်း တွေ့နေရတဲ့ အဖြစ်အပျက်တွေမှာ ချဲဂဏန်း ထွက်ပြီးမှ အတိတ်ကို ပြန်ကောက်ပြတတ်တဲ့ လူတွေလို ပေါက်ဖော်တွေ တော်တော်များများတွေ့နေရတာပဲ။ ဖတ်ရတာ တော်တော် စိတ်ညစ်စရာ ပြောချင်စရာတွေပြည့်လို့။ ကိုယ်တိုင်ဘာမှ ၀င်လဲ မလုပ်ခဲ့ ၊ ခုချိန်ထိလဲ ပြည်သူနဲ့ တသားတည်းမရှိ။ ပြောလိုက်ရင်တော့ နအဖကို ဘယ်လို ဆန့်ကျင်တယ် က ပါးစပ်ကမချဘူး။ ဘလော့ပေါ် ရေးလိုက်တာကျတော့ ဒီမိုကရေစီ အင်အားစုရဲ့ အားနည်းချက်တွေ ၊ တကယ် လက်တွေ့လုပ်နေသူတွေရဲ့ အခက်အခဲတွေကို မစာနာ၊ ပတ်စပို့စ်ကိုင် ပြီး ထင်ရာ ကြားရာတွေ ရေး၊ နောက် အဆိုင်လမ်လျှောက် ကမ့်မ၀င်ရပဲ ရသွားတာတွေနဲ့….. အော်…. တရားကျစရာ ပါပဲလေ။ ဘယ်လောက် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သွားသလဲ၊ စွန့်ခဲ့ဘူးလဲ။ ပြည်တွင်းမှာရော နအဖကို ဘယ်လောက် အတိုင်းအတာထိ ဆန့်ကျင်ခဲ့ဘူးလဲ၊ သိချင်စမ်းပါဘိ၊ ဒီနေ့ ဒီကိုလာ ၊ ဒီအတွက် ပိုက်ဆံ ဒီလောက်ထည့် ဒါမျိုး အသေးအဖွဲလေး တောင်မှ မဆန့်ကျင်ခဲ့ဖူးပဲနဲ့ အတိုက်အခံ တော်လှန်ရေးသမား နာမည်ခံချင်သူတွေကလည်း ရှိသေးရဲ့။

နိုင်ငံအရေးကျွမ်းကျင်သူတို့ နိုင်ငံရေးအကဲဖြတ်တို့ ဆိုတဲ့ နာမည်ပေးခံရသူ တချို့ကို ထောက်ပြပြီး တော်လှန်ရေး အင်အားစုထဲက လူတွေကို တန်းညှိစော်ကားလိုက်တာမျိုး ကျတော့လည်း မခံချင်ဘူး။ ဒီနေ့ မီဒီယာမှာ နာမည်ကြီးတိုင်းလဲ တော်လှန်ရေးစိတ်အပြည့်ရှိတယ် ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒီလိုပဲ မီဒီယာပေါ်ကို အခြေအနေအရ မတက်ပဲ နေတဲ့လူတွေ၊ တက်ချင်စိတ် မရှိလို့ နေတဲ့လူတွေ လဲ တော်လှန်ရေးထဲမှာ ရှိတာပဲ။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးမှာ သူတို့ အုပ်စုတွေ ထောက်ပြနေတဲ့ ဖောက်ပြန်သူ ညံ့ဖျင်းသူ လူနည်းစုပဲ ရှိနေတာမှ မဟုတ်ပဲ။ ဒီလိုလူမျိုးတွေ ဆိုတာ ဘယ်နေရာ ဘယ်အစုအဖွဲ့မှာ မဆို ရှိနေတာချည်း ဆိုတာ သဘာဝ၊ တကယ့် လက်တွေ့ ကိုယ်တိုင်ကောင်းတဲ့ ၀န်းကျင်၊ ကောင်းတဲ့ လူကို တွေ့ချင်ရင် ကိုယ်တိုင်လဲ ကောင်းတဲ့ စိတ်ကလေး မွေး၊ ကောင်းတဲ့ လုပ်ရပ်ကလေးတွေနဲ့ ဆိုရင် အမြုတေ ရှိရာ အမြုတေ လာစုမှာပါပဲ။ ဒီတော့ သူများကို ထိုးနေတဲ့ လက်ညှိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိုးပြီး သူများကို ပြောတဲ့အပြစ်မျိုး ကိုယ်ဆီမှာရော ရှိနေမလား၊ ကိုယ်လဲ သူ့လိုအခြေအနေဆို သူ့လို လုပ်မိမလား၊ အခုငါရော သူတို့လောက် တကယ်စွန့်နိုင်ပြီလား သေချာစဉ်းစား ကြည့်ကြပါဦး။

တကယ်တော့ ဒီဖက်မှာ အမာခံရပ်တည်နေတဲ့ လက်ရှိတော်လှန်ရေး နယ်ထဲမှာ ဆက်လက်ရှိနေတဲ့ လူအတော်များများဟာ သူတို့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘ၀တခုကို ဗမာပြည်ထဲမှာ ထူထောင်ရင်တောင် အခုပြောနေတဲ့ လူတွေထက် သာလွန်မြင့်မားတဲ့ သူတွေ ဖြစ်မှာပါ။ နလပိန်တုံး ပညာမဲ့ တွေ မဟုတ်ဘူး။ တချို့တွေဟာ ပညာဆက်သင်ယူခွင့်တွေကိုတောင် စွန့်လွှတ်ပြီး ရပ်ခံနေကြတာပါ။ အဖွဲ့အစည်း ကိုယ်စားပြု ပညာတော်သင်ထွက်သွားပြီး ရောက်တဲ့နိုင်ငံမှာ အဆိုင်လမ်ခံ၊ ပြီးတော့မှ ဘယ်လိုတော်လှန်ရေး လုပ်ခဲ့တယ်။ နိုင်ငံကိုဘယ်လိုချစ်တယ် ဘာတွေ စွန့်ခဲ့တယ် အော်နေသူတွေနဲ့ လားလားမှ မတူတဲ့ လူတွေလဲ ရှိနေပါသေးတယ်၊

အင်း နည်းနည်းဒေါသတွေ များနေသေးတယ် ။ ရေးတာလဲ ရပ်ဦးမှ…
သေချာတာကတော့ ဝေဖန်ရေးတွေ ရေးမယ်ဆိုရင် ကိုယ်ဝေဖန်မယ့် လူတွေလောက် ကိုယ် လုပ်ခဲ့ပြီးပြီလား လို့တော့ မေးကြည့်ချင်ပါသေးတယ်။ မုန့်ဟင်းခါးကောင်းမကောင်း ၊စာတပုဒ် ကောင်းမကောင်း ဝေဖန်နေတာမှ မဟုတ်တာပဲလေ၊ ဘ၀တွေ အသက်တွေ အခွင့်အရေးအားလုံး ရင်းထားတဲ့ လူတွေကို ဝေဖန်နေတာမို့ ဒီလောက်တော့ ပြန်မေးသင့်တယ် ထင်လို့ပါ။

တိုက်ဆိုင်သူ ကိုသာ ရည်ရွယ်ပါသည်။
(ဒီစာစုကို ဆက်ရေးဖြစ်လဲ ရေးဖြစ်ပါဦးမယ်၊ မရေးဖြစ်ခဲ့ရင်လဲ မရေးဖြစ်ဘူးပေါ့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, August 26, 2008

ဂမ္ဘာရီ ဆိုတာ...

ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီ ဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင် ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ သမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးက ပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလို မပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ် လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့် မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယားဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်း ဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန် လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာ အာဏာသိမ်းလို့ သမ္မတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမန်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထား ချပေးခဲ့တာ ဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမ္မတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေး အကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ် လျှောက်လဲပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင် လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း။

ဂါမဏိ

Monday, August 25, 2008

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်သံ

အန်တီကတော့ ပြတ်ပြတ်သားသား
အန်တီစုက ဂမ်ဘာရီကို ဒီတခေါက်(၂၀၀၈ ရဲ့ သြဂုတ်လ) မတွေ့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမ သဘောကျလိုက်တာ။ ကုလအနေနဲ့ ကြားဝင်ဖြန်ဖြေချက်တွေက ၉၀ ရွေးကောက်ပွဲ အကောင်အထည်ဖော်ပေးပါ ဆုံးဖြတ်ပြီး ဖော်မပေးတော့ ဘာမှ မလုပ်။ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင် ကြားဝင် ဆွေးနွေးပေးတယ် ပြောပြီး နအဖရဲ့ လမ်းစဉ်အတိုင်း လျှောက်ခိုင်း။ တကယ်ဆို နအဖ လမ်းစဉ်အတိုင်း လျှောက်မယ်ဆို ဘယ်သူမှတောင် ကြားဝင်စရာ မလိုပါဘူး။ နာမည်ကောင်းယူပြီး ဗမာပြည်က သယံဇာတတွေ အလကားပေးရတာလဲ သက်သာဦးမယ်။ ခုက တကယ့်ကို လိုအပ်နေတဲ့ ကြားဝင်ဖြေရှင်းမှုကို မလုပ်ခဲ့ကြဘူး။

ဒီ့အတွက် အန်တီ့အနေဲ့ ဒီလို ဆုံးဖြတ်ချက် ပြတ်သားပြလိုက်တာကို ကျေနပ်စွာဖြင့် ဂုဏ်ယူမိပါတယ်။ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင် ချင်တဲ့ စိတ်နဲ့ ဒီပို့စ်ကို ရေးသားခဲ့တာပါ။

နောက် ဒီညနေ အယ်ဂျာဇီးယား ရုပ်သံရဲ့ အောက်ဖက်စာတန်းထိုးနေရာမှာ ဒီလို စာတမ်းလေး ကို ထုတ်လွှင့်တာလဲ ကြည့်လိုက်ရပါတယ်။

Aung San Su Kyi reported to be on hunger strike. တဲ့

အန်တီစုကတော့ တိုက်ပွဲကို ဆက်လက်အရှိန်မြှင့် ပြီထင်ပါရဲ့။ ခုလို ဇာတ်မျောကြီးမှာ ကုလလဲ မကယ်နိုင်ပါဘူး။ ကျမတို့ ပြည်သူ ပြည်သားတွေ အားလုံး အန်တီစုကို နမူနာ ယူလို့ ဆက်လက် အရှိန်မြှင့် တိုက်ကြရအောင်။ ဒီ စစ်အာဏာရှင် အုပ်စု တနေ့ပြုတ်ကျရမှာပဲ။ ဒါ ကျမတို့ရဲ့ ခံနိုင်ရည် နဲ့ တုန့်ပြန်နိုင်စွမ်းတွေ အပေါ် မူတည်နေတယ် မဟုတ်လား။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, August 16, 2008

ဘ၀ဒိုင်ယာရီ အမှတ်(နှစ်) အခန်း(၂)


အခန်း(၂)

မနက်တော်တော်စောစောမှာပဲ နိုးနေတယ်။ ကျမအခန်းဘက်ကို လမ်းလျှောက်လာတဲ့ အသံတချို့ကြားရလို့ ခေါင်းထောင်ကြည့်လိုက်တော့ အဖြူအပြာဝတ် ထောင်ဝါဒါမ ၂ ယောက်နဲ့ ညနေအ၀င်တွေ့လိုက်တဲ့ ခပ်၀၀ အသက်ကြီးကြီး ၂ ရစ်နဲ့ တယောက်ကို တွေ့လိုက်တယ်။အိပ်ယာက နိုးပြီလား လို့ခပ်ရွှင်ရွှင် နှုတ်ဆက်သံနဲ့ ၀င်လာတဲ့ သူတို့က တိုက်ခန်းဘက်ကို ကျော်ပြီး အဆောင်ဖက်ကို သွားတာဖြစ်ပါတယ်။ သိပ်မကြာဘူး ထောင်က သံချောင်းခေါက်သံ ကြားလိုက်ပြီး လူတွေရဲ့ စီစီညံနေတဲ့ အသံတွေ စကြားရတယ်။ မိလ္လာအိုးကို ဘယ်လိုသွန်ရပါ့မလဲ လို့ တွေးနေတုန်း ၀ါဒါတယောက်နဲ့ ကောင်မလေးတယောက် အခန်းသော့ဖွင့်ပြီး မိလ္လာအိုး လာချပေးတယ်။ မျက်နှာသစ် သွားတိုက်အတွက်ကတော့ အပြင်မှာ လူများနေလို့ သူတို့ ပြီးမှ ဆင်းရမတဲ့။ ဒါနဲ့ ခပ်ငူငူပဲ ထိုင်နေလိုက်တယ်။ ထောင်ဆိုတာ ခုမှ ရောက်ဖူးတော့ ဘာလုပ်ရမယ်ဆိုတာ ဘာမှကို မသိသေးတာ။ သူတို့ လုပ်ခိုင်းတာ ကြည့်လုပ်ရမှာပဲ လို့ စဉ်းစားထားတယ်။ နာရီဝက်လောက်ကြာတော့ မျက်နှာသစ်ဖို့ လာဆိုပြီး တိုက်ခန်းလေးက လှမ်းမြင်ရတဲ့ ရေကန်ရှည်မျောမျော ဖက်ဆီကို ခေါ်သွားတယ်။ ကျမ အဲဒီရေကန်ဖက်ကို သွားနေတော့ ရေကန်မျက်နှာချင်းဆိုင်က သစ်သားတိုင်တွေ နဲ့ ဆောက်ထားတဲ့ သစ်သားဆောင်ကြီးကြီး အထဲက လူတွေတန်းစီကြည့်နေတာ တွေ့ရတယ်။ ကိုယ့်သူငယ်ချင်းတွေဖြစ်မယ် တွေးပြီး သူတို့ဖက်ကို အပြတ်မျက်နှာလှည့်ပြီး ကြည့်လိုက်တော့ ရယ်ပြီး လက်ပြနှုတ်ဆက်နေတဲ့ သူငယ်ချင်းတွေကို မြင်လိုက်ရတယ်။ ဘယ်သူမှ မလာကြနဲ့ စကားမပြောကြနဲ့ ဆိုတဲ့ အမိန့်ပေးသံကြားရပေမယ့် သူတို့က အထဲက စကားတွေ အော်ပြောနေသေးတယ်။

နေကောင်းတယ် မဟုတ်လား ဘာလိုသေးလဲ ဆိုတဲ့ အသံတွေကို ခေါင်းညိတ်ပြရင်း မျက်နှာသစ်လိုက်တယ်။ မျက်နှာသစ်နေတုန်းခုန မိလ္လာအိုးချပေးတဲ့ ကောင်မလေးက အိုးကို အထဲပြန်ထည့်ပေးနေတယ်။ အင်း ဒီတိုက်ထဲမှာ ဘယ်လောက်နေရဦးမယ်မသိဘူးလို့ တွေးနေမိပေမယ့် ထောက်လှမ်းရေးတုန်းကလို အလုံပိတ် အမှောင်မဟုတ်တဲ့အပြင် ကိုယ့်သူငယ်ချင်းတွေရဲ့ အားပေးသံတွေ လူချင်းမြင်နေရတာတွေကြောင့်တော့ အားတက်ပြီး နေပျော်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အားလုံးပြီးတော့ သူတို့ကို လက်ပြနှုတ်ဆက်ပြီး ကိုယ့်အခန်းဆီ ပြန်လာလိုက်တယ်။

ရေကန်မှာ စောင့်ပေးနေတဲ့ အကျဉ်းသူက တိုက်ရှေ့ထိ လိုက်ပို့ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။ အန်တီ့ နာမည် မကြည်အောင်ပါတဲ့။ ဒီမိန်းမထောင်မှာ တန်းစီးတဲ့။ အော .. ထောင်တန်းစီး ဆိုတာမျိုးက သိပ်ဆိုးတယ်။ အမှုကြီးတွေမှ တန်းစီးလုပ်ရတယ်လို့ စာအုပ်တွေထဲ ဖတ်ဖူးတာမို့ အန်တီက ဘာမှုနဲ့ ကျတာလဲ လို့ မေးမိသေးတယ်။ သူက လူသတ်မှုတဲ့။ ဟိ .. စိတ်ထဲမှာ ကျောချမ်းသွားသေးတယ်။

လိုတာရှိရင် အန်တီ့ကိုမှာပါ။ အဆောင်ပေါ်က သူငယ်ချင်းတွေကို ပြောစရာရှိရင်လဲ ပြောခိုင်းပါ တဲ့။ ဒီဖက်ကို သူနဲ့ ၀ါဒါမတွေက လွဲရင် ဘယ်သူမှ လာခွင့်မရှိဘူးတဲ့။
အော် ..ဘာဖြစ်လို့လဲ အန်တီ ဆိုတော့ နင်က သီးသန့်အကျဉ်းသူ နောက် တိုက်ပိတ်လေတဲ့။ ဒါ့ကြောင့် ဘယ်သူနဲ့မှ တွေ့ခွင့်မရှိဘူး။ အမှုအတွက် ရုံးထွက်ရဦးမယ် မဟုတ်လား။ အမှုပြီးမှ အဆောင်ပေါ်ပြောင်းရမှာ တဲ့။ အင်းပေါ့လေ ။ ဒါဆို အန်တီတော့ လာစကားပြောပါဦး ပျင်းတာနဲ့ သေမယ်လို့ ပြောလိုက်တော့ အေးအေးတဲ့။

အဲဒီနေ့က မနက်မုန့်ကို ပေါင်မုန့်ကျွတ်စားပြီး ထောင်က ဝေတဲ့ ဆန်ပြုတ်ကို သောက်လိုက်တယ်။ တော်ပါသေးရဲ့ ။ဆန်ပြုတ်က သိပ်မကောင်းပေမယ့် ပူပူ ငန်ငန်လေး ဖြစ်နေတော့ အတော်ပဲ ဖြစ်သွားတယ်။ ဒါပေမယ့် မနက်မုန့်စားပြီးတာ သိပ်မကြာသေးခင် တိုက်တန်းထိပ်နားက တံခါးခေါက်သံ ကြားရပြီး ထမင်းလာပြီ ဆိုတဲ့ လူသံတွေ ကြားရတယ်။ မနက်စာ ထမင်းကို တန်းစီယူနေတာ ဖြစ်မယ်။ ကျမအတွက် ခုနတန်းစီးက ဇလုံလာတောင်းပြီး ထမင်းယူလာပေးတယ်။ ထမင်းက အရောင်တော်တော်ဆိုးတယ်။ ပြီးတော့ ပြဲနေပေမယ့် မနပ်ဘူး။ ဟင်းကတော့ ပဲဟင်းရည်ပဲ။ ကုလားပဲ ဟင်းအချို။ အရည်ကတော့ ကျဲတယ်။ အဲဒီအချိန်တုန်းကသာ ကုလားပဲ။ အခုအချိန်မတော့ အမည်းရောင်ပဲ တဲ့။ အများအားဖြင့် ပဲတောင် မပါတော့ဘူးတဲ့။

ထမင်းဇလုံကို အပေါ်က ပုဂံပြားတခု ယူလာ ပိတ်ပြီး သံတိုင်ကြားက စောင်းသွင်းတယ်။ ပဲ ဟင်းထည့်ထားတဲ့ ဇလုံလေးကို သံတိုင်အပြင်မှာ ချပေးတယ်။ ထမင်းစားတာ သံတိုင်ခြားပြီး ဟင်းခပ်စားရတာ ရယ်စရာကောင်းသား။ သူတို့ ထမင်းထဲမှာ ပုံပေးတဲ့ ငါးပိက အစိမ်းကြီးလား မသိ။ ငါးပိစိမ်းပေါ် ငရုတ်သီး ဆီသတ်ထားတဲ့ ဆီနည်းနည်း ဆမ်းပေးထားတယ်။ အင်း ငါးပိတော့ အစကတည်းက မကြိုက်တော့ မစားဖြစ်ဘူး။ ပဲဟင်းရည်က ဘာအရသာမှ မရှိ။ ပြုတ်ထားတာ ဆားတောင်မထည့်ဘူးထင်တယ်။ အဆောင်ပေါ်က သူငယ်ချင်းတွေက ဟင်းပေးလိုက်တယ်ဆိုပြီး တန်းစီးက ကျွတ်ကျွတ်အိတ်လေး တခု ယူလာပေးတယ်။ နောက် သူလဲ အပြင်က လှေခါးထစ်ကလေးမှာ ထိုင်ပြီး အတွင်းနဲ့ အပြင် သံတိုင်ခြားလို့ ကျမနဲ့ထမင်းတူတူ လာစားတယ်။

နေ့လည်လောက်ကျတော့ မနေ့က ကျမအိမ်ကို သွားပြောခိုင်းတဲ့ ထောင်ဝါဒါမ နေ့လည်ဂျူတီချိန်းပြီး ၀င်လာတော့တယ်။ သူ့ဆွဲခြင်းထဲမှာ ကျမအတွက် ကျမအိမ်က ထည့်ပေးလိုက်တဲ့ကော်ဇလုံ နဲ့ ကော်ဇွန်းလေးရယ် ခေါက်ဆွဲကြော်တထုတ်ရယ် ၀ှက်ယူလာပေးတယ်။ မနပ်တဲ့ ထမင်းကို ၀င်သလောက် စားထားတာမို့ ခေါက်ဆွဲကြော်ကို ညနေမှ စားမယ် ဆိုပြီး ကော်ဇလုံထဲ ထည့်သိမ်းထားလိုက်တယ်။ အဲဒီခေါက်ဆွဲကြော်စားရင် ကလေးကို နည်းနည်းကျွေးပါနောတဲ့။ အဲဒီထောင်ဝါဒါမက သူခါးထစ်ခွင်ချီထားတဲ့ ၉ လသား ကလေးလေးကို ပြပြီး တောင်းနေတယ်။ (အင်း … ထောင်ထဲမှာ ဒီလိုပဲ တောင်းစားနေကျ ထင်တယ်။) လာခဲ့လေ.. ညနေထမင်းစားချိန်ကျရင် ပြန်မထွက်သေးဘူး မဟုတ်လား။ ကျမက အဲလိုပြောပေမယ့် သူက ခုံတန်းလေးနေရာမှာ နောက်ထပ် ခုံတန်းတခု ထပ်ချပြီး နေရာ ယူထားလိုက်ပြီ။ အော်… သူ ဒီနေရာမှာ စောင့်နေတော့မှာကိုး ။ သူ ကလေးကို ချသိပ်ပြီး တချောင်းထိုးအပ်ကလေး ကိုင်လို့ ပုဝါ ထိုးနေတယ်။ တန်းစီးနဲ့အတူ အခြား ထောင်ကျတွေ သူ့အနားကို လာသလိုလိုနဲ့ ကျမကို လာကြည့်ကြတယ်။ ကိုယ့်လူတွေတော့ လာတာ မတွေ့ရဘူး။ လာလို့မရကြဘူးဖြစ်မယ်။ ခုန ၀ါဒါမကို စကားထိုင်ပြောပြီးနေ့လည် အချိန်ကို ကုန်လွန်လိုက်တယ်။ ညက ကြမ်းပိုးထိုးတဲ့ဖျာကိုလည်း အပြင်ထုတ်မယ် ပြောပြီး ထုတ်ထားလိုက် တယ်။

တန်းစီးမကတော့ အဆောင်ပေါ်က လူတွေ နင့်ဆီလာချင်လို့ အဆောင်မှုးအလစ် ချောင်းနေတယ်လို့ လာပြောတယ်။ ကျမ မှတ်မိသလောက်တော့ ထောင်ကို စရောက်တဲ့ အချိန်မှာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်လား မသိဘူး။ အဲဒါပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ ဒါပေမယ့် ထောင်ဝင်စာ တွေ့လို့မရသေးဘူး ဆိုတာကို မှတ်မိနေတယ်။ ကျမ အိမ်ကတော့ သတင်းရသွားတာ သေချာနေပြီ ဆိုတော့ နောက်ပိုင်းရက်တွေ အတွက် နည်းနည်း စိတ်အေးရပြီပေါ့။

ညနေ ထောင်ပိတ်ခါနီးမှာ တန်းစီး ကျမဆီကို အထုတ်တခု ပိုက်ပြီးရောက်လာတယ်။ အထဲမှာ စောင်နဲ့ အ၀တ်အစားတချို့ဖြစ်နေတယ်။ အဆောင်မှုးဆီကို ကျမ သူငယ်ချင်းက သွားပို့ ပေးထားတာတဲ့။ သူသယ်လာတာကို လူမသိစေချင်ဘူး တဲ့။ တန်းစီးကတော့ မိန်းမထောင်က အဆောင်မှုးကို အကြောင်း အပေါင်း သင့်တယ်ထင်တယ် ။ သူ ကိုယ်တိုင်တက်တက်ကြွကြွ ယူလာပေးတယ်။ တကယ်တော့ ထောင်ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ နေတတ်ရင် အကျယ်ကြီးလို့ အားပေးတတ်တဲ့ ကျမသူငယ်ချင်းတယောက်ကို သတိရလိုက်မိတယ်။ သူလဲ ခုချိန် အင်းစိန်ထောင်ထဲမှာ ဘယ်လိုနေမယ် မသိဘူး။ သူက ကျမထက် နည်းနည်းစောပြီး ၀င်သွားရတာပဲ။ ကျမကလည်း ခုချိန်ထိတော့ ဒုက္ခမတွေ့သေးဘူး။ အင်း.. ထောင်ထဲကနေ ဒုက္ခမတွေ့သေးဘူး ပြောလို့ တမျိုးဖြစ်နေမလားမသိဘူး။ နောက်ပိုင်း ကျမပြောပြမယ့် ထောင်ထဲက ဒုက္ခတွေကို သိရရင်တော့ ခု ပြောတာကို နားလည်လာလိမ့်မယ်။( နောက်မှသိရတာက စောင်ထည့်ပေးတဲ့ သူငယ်ချင်းက ကျမတို့မြို့မှာ နာမည်ကြီး အကျီ င်္ချုပ်တဲ့ဆိုင်။ အဲဒီအန်တီကြီးရဲ့ သမီးက သူတို့ဆိုင်မှာ အလုပ် လုပ်တာတဲ့။ ဒီတော့ ကျမသတင်းကို ကြားတာနဲ့ အဲဒီသူငယ်ချင်းက သူ့သမီးကတဆင့် ပေးခိုင်းလိုက်တာ။ နောက်ပိုင်းလဲ အဲဒီသူငယ်ချင်းပို့ပေးတဲ့ ငါးခူကြော်တွေ ။ ကြက်သားကြော်တွေလည်း စားရသေးတယ်။)

ဒီလိုနဲ့ နေလာလိုက်တာ တနင်္လာနေ့ ထောင်ပိုင်စစ်မယ့်နေ့ ရောက်လာတယ်။ မနက်စောစော ကျမကိုလည်း ထောင်ပိုင်လာရင် သူမေးတာ ကောင်းကောင်း ဖြေပေးနော်လို့ တန်းစီးကလာပြောတယ်။ သူတို့ကလည်း အပေါ်အောက်အဖြူတွေ ၀တ်လို့။ အမှိုက်ကောက်နေတဲ့ အဖွားကြီးတွေလည်း အဖြူဝတ်စုံတွေနဲ့ ကျမရဲ့တိုက်ခန်းရှေ့မှာတောင် လာကောက် နေသေးတော့တယ်။ အမှိုက်ကောက်နေတဲ့ အဖွားကြီး တယောက်က ကျမအခန်းရှေ့ရောက်တော့ ဟိုကြည့်ဒီကြည့် ကြည့်ပြီးကျမဆီကို အထုပ်သေးသေးလေးတခု လာပေးတယ်။ ကျမလဲ အမြန် ယူပြီး အခန်းချောင်လေးထဲ သွားဖွင့်ကြည့်တော့ ဘောပင်မင်ချောင်းလေးရယ် စာရွက်လွတ်လေးတရွက်ရယ်နဲ့ စာရေးထားတဲ့ စာရွက်ပိုင်းလေး တခုတွေ့တယ်။

အမရေ…
ရေးချင်တာ ရေးမှာလို့ ရအောင် ပို့ပေးထားတာ။ ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားနော်။ ဟင်းတွေ လိုရင် တန်းစီးဒေါ်ကြည်အောင်နဲ့ မှာလိုက်ပါ။ သူ့ကိုတော့ အကုန်မယုံပါနဲ့။ စကားအကုန်မပြောပါနဲ့။ မသန်းသန်းမြင့်ကို တချို့အကူအညီ တောင်းလို့ရမယ်။ ကျမတို့ အိမ်ကိုလည်း အကြောင်းကြားထားတယ်။ အမအိမ်ကို သွားပြောပေးဖို့။ သိပ်မကြာခင် တွေ့ရမယ်။
ဒါပဲနော်
သစ္စာဖြင့်
…….

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, August 11, 2008

ဘ၀ဒိုင်ယာရီ အမှတ် (နှစ်)

မိတ်ဆက် နိဒါန်း
ဘ၀ဒိုင်ယာရီ အမှတ် ၂ ကို ဆက်ရေးပါလို့တောင်းဆိုလာသူတွေများတာကြောင့်(ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် မြှင့်လိုက်တယ်) အလုပ်များနေတဲ့ ကြားကပဲ ကြိုးစားရေးလိုက်တယ်။ ကိုယ့်အတွက်လဲ အမှတ်တရ သိမ်းထားစရာ ဖြစ်တာပဲ မဟုတ်လား။ တကယ်က ကိုယ့်အကြောင်းကို ရေးနေတာထက် အတွေ့အကြုံတခုကို ဝေမျှပေးချင်တာပါ။ စာလာဖတ်တဲ့သူထဲက တဦးဦးလဲ ဒီလိုအဖြစ်အပျက်မျိုးကို တွေ့ကြုံတဲ့အခါ နည်းနည်းတောင့်ခံနိုင်လိမ့်မယ် လို့ ယူဆလို့ပါ။ တချို့အခြေအနေက နည်းနည်းလေး တောင့်ခံထားလိုက်တာနဲ့ အများကြီး ပြောင်းလဲ နိုင်တယ်ဆိုတာကို ကျမက လက်တွေ့ သိခဲ့ ရတာမို့ ခုချိန်မှာ တွေ့ကြုံလာသမျှကို ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ စိတ်ဓါတ် အမြစ်တွယ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုတဲ့ စကားလေးကို မသိချင်ယောင်ဆောင်လို့ ဘ၀ ဒိုင်ယာရီ အမှတ်(၂) ထောင်တွင်း အတွေ့အကြုံကို ဖောက်သည်ချခွင့် ပြုပါတော့။

အပိုင်း(၁)

အကျဉ်းထောင်ကိုအသွား…….

ခေါင်းကိုစွပ်ပြီး ကျမကို တင်ခေါ်လာတဲ့ ကားက မြို့အ၀င်နားကိုရောက်တော့ ခေါင်းစွပ်ချွတ်လိုက်ပါပြီ။ နေ၀င်ဆည်းဆာမှ လှပနေတဲ့ ကျမတို့မြို့လေးရဲ့ညနေကို လယ်ကွင်းတွေဖြတ် ၊ ဈေးတွေကို ဖြတ်လို့ မြို့လည်က အကျဉ်းထောင် တည်ရှိရာကို ဦးတည်လာနေပါတယ်။ လမ်းတလျှောက်မှာ ကိုယ့်အသိများ တွေ့မလား လို့ သေချာ ကြည့်နေပေမယ့် ကံဆိုးစွာ မတွေ့ခဲ့ရပါဘူး။ တွေ့ရင်တော့ ထောင်ကို သွားပဟဲ့လို့ အကြောင်းကြားချင်လို့ပါ။ ဒါနဲ့ပဲ ထောင်ရှေ့လမ်းကို ချိုးကွေ့ ကားကို ထောင်ရှေ့မှာ ရပ်ပြီး ကားရှေ့ခန်းက ထောက်လှမ်းရေး အရာရှိတယောက် ဆင်းသွားတာ တွေ့ရပါတယ်။ ကျမကတော့ အီးတူးသောင်ဇင် ကားနောက်ခန်းမှာ အစောင့် စစ်သား ၂ယောက်နဲ့ ထိုင်ကျန်နေခဲ့ပါတယ်။ ကျမရဲ့ရှေ့မှာ အကျဉ်းထောင်ထဲကို ရုံးထုတ်က ပြန်လာတဲ့ အချုပ်သားတွေ တန်းစီဝင်နေတာလဲတွေ့နေရတယ်။ သူတို့ ၀င်ပြီးတဲ့ထိ ထောက်လှမ်းရေး အရာရှိက ပြန်မလာသေးဘူး။ ကျမလဲ အသိတွေ့မလား မျက်လုံးကို ပြူးကျယ်နေအောင် လိုက်ကြည့်နေတာပဲ။ ဘာဖြစ်တယ်မသိ ။ ကျမတို့ မြို့မှာ အင်မတန်လူသိများတဲ့ ကျမက ဒီနေ့မှာမှ ဘယ်သူမှကို မတွေ့ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ နေက ကျလာနေပြီ။ ဘယ်ကိုများ ထပ်သွားရဦးမလဲ လို့တောင် စိတ်ထဲက တွေးမိလာနေပြီ။

ထောက်လှမ်းရေးအရာရှိနဲ့အတူ အကျဉ်းထောင် အရာရှိတယောက်ပါလာတာ တွေ့တယ်။ ကျမက ထောင်ဝင်စာ လာတွေ့သူတွေနဲ့ ပါလာဖူးတော့ ဒီအရာရှိကို မြင်ဖူးသလိုလိုပဲ လို့ သေချာကြည့်လိုက်မိတယ်။ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဘိုရုပ်ပေါက်နေတဲ့ ထောင်ဝန်ထမ်းအရာရှိ တယောက်ပဲ ။ အဲဒီအချိန်က သူ့နာမည်ကို မသိသေးဘူး။ အနားကပ်လာတော့ ရင်ဘတ်က နာမည်ကို သေချာ ဖတ်လိုက်တယ်။ ဦးထွန်းဦး၊ ထောင်မှုးကြီး တဲ့။ ကျမကို ကားအောက်ဆင်းဖို့ခေါ်ပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ ဒါနဲ့ ခပ်မြန်မြန်ဆင်းပြီး ကားပေါ်က စစ်သားတွေကိုတောင် ကျမက နှုတ်ဆက် လိုက်သေးတယ်။ ထောက်လှမ်းရေးအရာရှိက ကျမကို ခပ်ငေးငေးကြည့်နေတယ်။ သူက ကျမထက်ကြီးလှ ၅ နှစ်လောက်ပဲ ထင်တယ်။ ထောင်မှုးကြီးနောက်ကနေ ထောင်ထဲဝင်တဲ့ တံခါးကြီးအတိုင်း ၀င်လိုက်တယ်။ တကယ်ဆို အကျဉ်းသားဆိုရင် တံခါးပေါက်သေးသေးလေးကနေ ခါးကုန်းခေါင်းငုံ့ဝင်ရအောင် လုပ်ထားတဲ့ ထောင်ထုံးစံအရ ကျမက တံခါးပေါက်သေးက ၀င်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ကျမက ထောင်မှုးကြီးကို ဖွင့်ပေးတဲ့ တံခါးပေါက်အကြီးကနေပဲ ခပ်တည်တည်ဝင်လိုက်တယ်။ ထောင်ဝါဒါတွေကလည်း ဘာမှမပြောပါဘူး။ ထောင်ရုံးခန်းမှာ ခဏထိုင်စောင့်ခိုင်းတယ်။ နောက် ထောင်မှုးကြီးနောက်မှာ အရစ်သုံးရစ်ပါတဲ့ ထောင်ဝါဒါတယောက် နဲ့ ကျမ တို့ လမ်းလျှောက်ရင်း မိန်းမဆောင်ဖက်ကို ထွက်လာခဲ့တယ်။ မိန်းမဆောင်သွားတဲ့လမ်းမှာ ယောက်ျားလေး အဆောင်တချို့ဘေးက ဖြတ်သွားရတယ်။ အဲဒီယောက်ျားလေး အဆောင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ ထားတာတဲ့။ သူတို့ကလည်း ကျမ ရောက်လာမယ် ဘယ်လို သတင်းကြားတယ်မသိ ။ ထောင်မပိတ်ခင် လမ်းလျှောက် လွှတ်တဲ့ အချိန်လဲ ဖြစ်နေတော့ တပျော်တပါးကြီး မတ်တပ်ရပ် နှုတ်ဆက်ကြတယ်။ အဲဒီထဲမှာ ကဗျာဆရာ ကိုအောင်ဝေးပါတယ်။ ဒေါက်တာသက်မင်း ပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ တော်တော်များများပါတယ်လေ။ သူတို့တွေက ကျမကိုဖမ်းမိတယ်ကြားပြီး တလလောက်သတင်းအစအန ပျောက်နေတော့ စိုးရိမ်နေဆဲ ခုလို ကျန်းကျန်းမာမာ မြင်ရတော့ ၀မ်းသာ သွားတယ်လို့ ထောင်ကလွတ်လာတော့ ပြန်ဆုံချိန်မှာ ပြောပြကြတယ်။

ကျမကလဲ ၀မ်းသာအားရ ပြန်ပြီး နှုတ်ဆက်တာပေါ့။ လက်တဖက်က ရေဘူးကို ပိုက်။ တဖက်က ကျွပ်ကျွပ်အိတ်ကို ဆွဲလို့ ပါးစပ်က အသံအော်ကျယ်ကျယ်နဲ့ ရယ်လို့ နှုတ်ဆက်နေတဲ့ ကျမကို ထောင်မှုးကြီးက တအံ့တသြကြည့်ရင်း နင်တို့ နိုင်ငံရေးမှုတွေက လာလိုက်ရင် ဒီလိုချည်းပါလားတဲ့။ ထောင်ထဲကို ပြုံးရယ်ပြီးဝင်လာတာ နိုင်ငံရေးမှု တွေပဲနော်တဲ့။ ကျမကို အားရပါးရ ချီးကျူးလိုက်တယ်။ ကျမကလည်း ဘာဝမ်းနည်းစရာ ရှိလို့လဲ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ် တွက်ပြီးသားပါလို့ ပြန်ပြောပစ်လိုက်တယ်။

ကျမ မိန်းမဆောင်ထဲ ၀င်လိုက်တော့ အဆောင်အကြီးတခုနဲ့ အသစ်ဆောက်ပြီးစ တိုက်သစ် တန်းလျားလေးတခု တွေ့လိုက်တယ်။ ကျမကို စောင့်နေပုံပေါက်တဲ့ ထမိန်နက်ပြာ အကျီ င်္ အဖြူဝတ် မိန်းမတွေကိုတော့ တန်းစီရပ်နေလျက်သား တွေ့လိုက်ရတယ်။ လူတွေ သွားလာနေတာတော့ မတွေ့ရဘူး။ ကျမကို ထားဖို့ လုပ်ထားတဲ့ နေရာနဲ့ ပတ်သက်လို့ မိန်းမထောင်က အကြီးအကဲနဲ့ ကျမကို လိုက်ပို့တဲ့ ထောင်မှုးကြီးနဲ့ စကား အခြေအတင် ပြောနေတယ်။ ကျမကလည်း ခပ်ဝေးဝေးမှာ မတ်တပ်ရပ်လို့ ကိုယ့်သူငယ်ချင်းတွေကို မျက်လုံးတောင်းမှောက် လိုက်ရှာနေပေမယ့် တယောက်မှ မတွေ့ရဘူး။ သူတို့တွေ စကားပြောနေတုန်း နောက်ထပ် ယောက်ျားထောင်မှုးတယောက် ၀င်လာတာ တွေ့ရတယ်။ နောက် သူကပဲ အသစ်တိုက်တန်းက ဒုတိယမြောက်အခန်းကို နေစေဖို့ အမိန့်ပေးနေတာ တွေ့တယ်။ ဒါ သူတို့လို သီးသန့်တွေအတွက် ဆောက်လိုက်တာ မဟုတ်လားလို့ ခပ်မာမာပြန်ပြောနေသံလည်း ကြားတယ်။

ဒီနောက်တော့ ခပ်ငယ်ငယ်နဲ့ ပျော့ပြောင်းတဲ့ မျက်နှာရိပ်ရှိတဲ့ ၀ါဒါမကလေးတယောက်က တံခါးသော့ကိုဖွင့်ပြီး ကျမကို အထဲ သွင်းလိုက်တယ်။ လှေခါးတထစ်တက်ရတဲ့ ၈ပေ ပတ်လည်လောက်ရှိပြီး အလယ်တံခါးပေါက်မှာ သံတိုင်တွေတပ်ထားတဲ့ တိုက်ခန်းထဲမှာတော့ ပျဉ်ခင်းထားတာကိုတွေ့ရတယ်။ ကိုယ့်မှာလည်း အခင်းပါမလာတော့ ကျွတ်ကျွတ်အိပ်ထဲမှာ ပါလာတဲ့ လုံချည်အပိုတထည်နဲ့ ဖုန်တွေခါပြီး ခင်းထာလိုက်တယ်။ နောက် ရေဘူးကိုဘေးချ မီးသီးလေး လင်းနေတဲ့ မျက်နှာကျက်ကို ကြည့်ပြီး လှဲချနေလိုက်တော့တယ်။ ဟူး … ညနေစာ လဲ မစားရသေးဘူး ။ ဗိုက်ဆာလိုက်တာ။ လှဲနေတုန်း တံခါးသော့ဖွင့်ပြီး မိလ္လာအိုးတလုံးကို ကောင်မလေး တယောက်က လာသွင်းပေးသေးတယ်။ အဆောင်ဘက်က တံခါး သော့ခတ်သံတွေ တစ်ခန်း လူဘယ်နှစ်ယောက် ။ နှစ်ခန်း လူဘယ်နှစ်ယောက်။ သုံးခန်း လူဘယ်နှစ်ယောက်ဆိုတဲ့ အော်သံတွေ ကြားရပြီး တံခါးသော့ကို ဆွဲလှုပ်ပြီးစစ်ဆေးသံကို ကြားနေရတယ်။ အော် … အဆောင်တွေ ပိတ်တာပဲလို့ သိလိုက်တယ်။ တကယ်က ထောင်အခေါ်အဝေါ်အရ တန်းပိတ်တယ်လို့ ခေါ်တယ် ဆိုတာ နောက်ပိုင်းသိလာတယ်။

ခဏကြာတော့ အခန်းဝက သံတိုင်နားမှာ ၀ါဒါတယောက်လာရပ်တယ်။ ကိုယ်နဲ့ ရွယ်တူလောက် ရှိမယ်ထင်တာမို့ ဟဲ့ ထမင်းမစားရသေးဘူး လို့ ပြောလိုက်တော့ ဟုတ်လား ဆိုပြီး ခဏလေး သွားရှာပေးမယ် နင်တို့လူတွေ လာကြည့်ခိုင်းလို့ ဆိုပြီး ခပ်သုတ်သုတ်ထွက်သွားတယ်။ အော် .. ငါရောက်နေတာ သိပြီပေါ့.. လို့ အားတက်သွားတယ်။ ဒီမှာတော့ အပြင်လူနဲ့ စကားပြောရတော့မယ် လေ။ သိပ်မကြာဘူး ။ ကော်ဇလုံလေး တခုကိုင်ပြီး ထမင်းနဲ့ ဟင်းကို ကျွတ်ကျွတ်အိပ်ထဲ ထည့်ထားတာတွေ သယ်လာပေးတယ်။ ဒါက မြင့်မြင့်အေး ပေးလိုက်တာ။ ဒါက တင်မာဦး နာမည်တွေ တခုပြီးတခု ပြောနေတယ်။ ဒါနဲ့ နင်အခင်းမရှိဘူးလားတဲ့။ အင်းဆိုတော့ အေး ပြီးရင်သွားယူပေးမယ် လို့ ထပ်ပြောတယ်။ သူတို့တွေက ဘာပါလာလဲ ကြည့်ခိုင်းတာတဲ့။ ဘာမှ ပါမလာဘူးလို့ နောက် ငါ့အိမ်ကိုလည်း အကြောင်းကြားပေးဦးလို့ ပြောတော့ အင်းတဲ့ ခပ်အေးအေးပဲ ပြောတယ်။ အဲဒီနေ့က သူတို့ဆီက ငံပြာရည်ကြော်နဲ့ ငါးခြောက်ကြော်နဲ့ ထမင်းစားလိုက်တယ်။ ထမင်းစားနေတုန်း အဲဒီတယောက်သယ်လာတဲ့ အောက်ခံ ဖျာကြမ်းရယ် စောင်ပါးတထည်ရယ် ကို အားရပါးရ ယူခင်းလိုက်ပြီး အိပ်ဖို့လုပ်တော့ သူက စကားပြောချင်ပုံပဲ။ အခန်းရှေ့နားမှာ ခုံတန်းလေးတခု လာချပြီးထိုင်တယ်။ ကိုယ်ကလည်း စကားမပြောဖြစ်တာ ကြာနေတဲ့ လူဆိုတော့ နာမည် ဘယ်သူလဲ လို့ စမေးလိုက်တယ်။ သန်းသန်းမြင့်တဲ့ သူ့မှာ ကိုးလအရွယ်သားလေး လဲ ရှိတယ်တဲ့။ ကလေးသွားခေါ်ပြမယ်ဆိုပြီး ခဏပြန်ထွက်သွားတယ်။ သူ ပြန်လာတော့ ရွှေကျီးပေါင်မုန့် ခြောက်တထုပ်ပါလာပြန်ရော။ အဆောင်ပေါ်က နင့်သူငယ်ချင်းတွေ ပေးလိုက်တာတဲ့။ မနက်မုန့်စားဖို့တဲ့။ အော် တယ်ဟုတ်ပါလားပေါ့။ ထောင်ဆိုတာ အေးဆေးပါပဲလား လို့တောင် တွေးမိသေး။

သူနဲ့ စကားစမြည်ပြောပြီး သူက ကျမရဲ့ ဆိုင်ကို သိနေတော့ သွားအကြောင်းကြားပေးမယ် ဆိုတာ သေချာပြောပြနေတယ်။ အင်း ကောင်းတာပေါ့ ။ နို့မို့ အိမ်က စိတ်ပူနေမယ်လို့ ပြောလိုက်ပြီး မိတ်ဆွေဖွဲ့လိုက်တယ်။ သူကလဲ လိုတာရှိရင် သူ့ကို မှာနိုင်ကြောင်း ပြောပြီး မိတ်ဆက်ပေါ့။ အဆောင်ပေါ်က ဘုရားရှိခိုးသံထွက်လာမှ သူ ပြန်သွားတော့ အိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်မရဘူး။ ဘယ်ရမလဲ သယ်လာပေးတဲ့ ဖျာကြမ်းက ကြမ်းပိုးတွေ အများကြီးပဲ ။ ခြေထောက်မှာကိုက်ထားလိုက်တာ ရဲနေတဲ့ အဖုအပိန့်တွေ နဲ့။ ဒါနဲ့ ဖျာကြမ်းကို ဖယ်ပြီးခြေရင်းဖက်မှာ သွားထောင်ထားလိုက် တယ်။ ပြီးတော့ ဖျာကြမ်းပေါ်ခင်းထားတဲ့ လုံချည်ကို ပြန်ခင်းပြီး စောင်ကို ခေါင်းမြီးခြုံထားလိုက်တယ်။ ရောက်ခါစဆိုတော့ နည်းနည်းကြောက်တာနဲ့ ခေါင်းကိုပါ ခြုံထားလိုက်တာလေ။

ညတော်တော်နက်တဲ့အချိန်မှာ အားလုံးကောင်း ဆိုတဲ့ အော်သံတွေလဲကြားရတယ်။ အော် .. ငါထောင်ကို ရောက်ပါပေါ့လား လို့ သတိတရ ဖြစ်မိလိုက်တဲ့အချိန်ပဲ။

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, August 7, 2008

First lady Trip

MISS Laura Bush and Dr Cynthia Mg
ကျမရိုက်တဲ့ ဗွီဒီယို ကလစ်ထဲကနေ ပြန်ရိုက်ပေးထားတဲ့ ပုံပေါ့

လော်ရာဘုရှ် လာသွားတယ်..

ဒီနေ့မဲဆောက်ကို အမေရိကန်က သမ္မတကတော် မစ်လော်ရာဘုရှ် လာလည်သွားတယ်။ သူ့ခရီးစဉ်ကို မှတ်တမ်းတင် သတင်းယူဖို့ စာရင်းပေးထားတဲ့ သတင်းထောက်တွေကို နှစ်မျိုး နှစ်စားခွဲလိုက်တယ်။ တမျိုးကတော့ သူနဲ့အတူပါလာတဲ့ မှတ်တမ်းအဖွဲ့ရယ် ၊ ထိုင်းမှာ မှတ်ပုံတင်ထားတဲ့ မီဒီယာအဖွဲ့တွေ ဖြစ်ပြီး နောက်တမျိုးကတော့ ထိုင်းမှာ မှတ်ပုံတင်မထားတဲ့ မီဒီယာအဖွဲ့ နဲ့ မြန်မာ့သတင်းမီဒီယာသမားများပေါ့။
စာရင်းပေးထားတဲ့ ကျမတို့ ချိန်းထားတဲ့ မနက် ၁၀ နာရီခွဲဟိုတယ်ကို အရောက်သွားရပြီး နာမည် စာရင်းထဲမှာ ပါတဲ့ လူ ဟုတ်မဟုတ် စစ်ဆေးတယ်။ နောက်ကားပေါ်တင်ပြီး မယ်တော်ဆေးခန်းကို သွားရတယ်။


ဖြစ်ချင်တော့ နာမည်စာရင်းထဲမှာ ထည့်ထားပြီးပေမယ့် ခု စာရင်းလက်ခံသူ စာရင်းထဲမှာ မပါတဲ့ လူ ၂ ယောက်က ကားထွက်ခါနီးမှ ရောက်လာတယ်။ ကားမထွက်ခင်လဲ နာမည်စာရင်းထဲ မပါသေးတဲ့ မဇ္ဈိမက သတင်းထောက်ကိုလဲ သေချာပြောပြပြီး ခွင့်ပြုချက်ယူရသေးတယ်။ ခု ကားထွက်ခါနီးမှ ရောက်လာတဲ့ ၂ ယောက်ကို ဘာပြောတာမှ နားမထောင်တော့ပဲ လက်မခံတော့ဘူး။

ဒါပေမယ့်လဲ ဒီလူတွေနဲ့ မယ်တော်ဆေးခန်းဆိုတာ သူ့အိမ်ကိုယ့်အိမ်လိုဖြစ်နေတဲ့ ဥစ္စာ ကျမတို့ လဲ ထွက်လာရော သူတို့ကလည်း ဆိုင်ကယ်နဲ့ ဆက်လိုက်လာရော ဆိုပါတော့။
ကျမတို့ အုပ်စု ၁၀ ယောက်ကို ဆေးခန်းအ၀င်ဝမှာ ပစ္စည်းတွေ အကုန်ချခိုင်းပြီး စစ်ဆေး။ ဟိုဘက်လှည့် ဒီဘက်လှည့် နောက်လှည့် ပြီးပြီ စသဖြင့်ပေါ့။ ပစ္စည်းတွေကိုတော့ သူတို့ခေါ်လာတဲ့ အထဲက အမည်းတယောက်နဲ့ သူ့ခွေးက စစ်သလားမမေးနဲ့။
သူတို့ကလဲ စစ်ချင်သလိုစစ်။ ကျမတို့ကလည်း ပြောချင်သလို ပြော ၊ ရယ်ချင်သလိုရယ် ပေါ့လေ။ ပြီးတော့ ကျမတို့ကို အခန်းတခုထဲ ထည့်ထားလိုက်ပါရော။

ဇာတ်လမ်းက ခုမှ စမှာ…….။
ကျမတို့အခန်းထဲမှာ ထိုင်နေတုန်း ( အဲဒီအခန်းကလဲ ဒေါက်တာစင်သီယာမောင်ရဲ့ ရုံးခန်းလေ) ခုန ဟိုတယ်ရှေ့မှာ မလိုက်ရပဲ ကျန်ခဲ့တဲ့ ၂ ယောက်က ၀င်လာပါတယ်။ ဟဲ့ နင်တို့ဘယ်လိုဝင်လဲ ဆိုတော့ ဒီလိုပဲ ရှေ့ပေါက်က ၀င်လာတာလေတဲ့။ နင်တို့ကို မစစ်ဘူးလား ဆိုတော့ မစစ်ဘူးလေတဲ့။ ဟမ် ဘယ်လိုလဲပေါ့။ သူတို့ကလည်း ငါတို့နယ်ပဲဟာ ကိုယ့်ဖာသာ ၀င်လာတယ်ဘာဖြစ်လဲ ဘာညာ လေကြီး မိုးကြီးတွေ ပြောလို့။ သိပ်မကြာဘူး။ သတင်းထောက်တွေကို တာဝန်ခံတဲ့ တယောက် ၀င်လာပြီး ဒီ နှစ်ယောက်က ဘယ်လိုရောက်လာတာလဲ ဖြစ်ရော…။ နောက်ထပ် သိပ်မကြာဘူး စစ်ဆေးရေးမှာ အကြီးဆုံးတယောက် ၀င်လာပြီး သူုတို့ဘယ်လိုဝင်လာလဲ ဘာညာဘာညာတွေ မေးရော။ သူတို့ကလည်း ဒီရှေ့ပေါက်တခုတည်းကပဲ ၀င်လာတာပေါ့။ အဲဒီရှေ့ပေါက်မှာကလည်း ထိုင်း ထောက်လှမ်းရေးတွေက မည်းနေအောင် ချထား။ သူတို့အဖြူတွေကလည်း ပြည့်ကျပ်သိပ်နေ အဲဒီကြားထဲက ခုန ၂ ယောက်က သူတို့ ၀င်လာတာ ဘယ်သူမှ မတားမစစ်ဘူး ဆိုတော့ သူတို့ဖာသာလဲ စကားတွေ များကြရော …ဟီး ကျမတို့ကလည်း ရယ်ချင်နေကြတာ မျက်နှာတွေက စပ်ဖြီးဖြီး။ ဗိုက်က ဆာတော့ အခန်းထဲက ရေခဲသေတ္တာထဲက ရှိတာတွေလဲ ယူစားထားလိုက်သေး။

သူတို့ ၂ ယောက်ကို အပြင်ပြန်ထွက်ဖို့ ပြန်ခေါ်သွားပြီး ကျမတို့ကို ပစ္စည်းသပ်သပ် ထား၊ လူသပ်သပ်ရပ်ပါ ဆိုပြီး ထပ်လာ စစ်ပြန်ရော။ ဟားဟား …ဟို ၂ ယောက်ကိုလဲ အပြင်ထိ ပြန်ခေါ်သွားပြီး နောက် ခဏလေးကြာတော့ အထဲကို ပြန်ခေါ်လာ ပြန်စစ် အိုးးးးးးးးးးးး အလုပ်ကို ရှုပ်နေတာပဲ။ လော်ရာဘုရှ်မလာခင် ကျမတို့ လဲ အထပ်ထပ်စစ်ဆေးခြင်းကို အသေအလဲ ခံနေရသပေါ့။

ဟော လာတော့မယ် ဆိုတော့ ကျမတို့ကို ခေါ်ထုတ် သူလာမယ့်လမ်းကို ရိုက်လို့ရမယ့်နေရာမှာ နေရာချ။ ဒါပေမယ့် ကိုယ့်ရှေ့မှာ သူတို့ လုံခြုံရေးတွေက ကွယ်နေတော့ အတင်းအရှေ့တိုးရိုက်၊ သူတို့က ပြန်တွန်း လော်ရာဘုရှ်နောက်ဖက်ကနေပဲ နေရပြန် ။ ကိုယ့်ဖက်လှည့်လာတော့လဲ အလင်းရောင်က ဆန့်ကျင်ဖက်က ဖြစ်နေ ။ ကိုယ်ကြိုက်တဲ့ နေရာလဲ မယူရ။ သူသွားသမျှလဲ လိုက်ရိုက်ခွင့်မရ။ ဒါနဲ့ သူဆေးခန်းတွေ သွားနေတော့ ကျမတို့အခန်းထဲ ပြန်နေရပြန်ရော။ အပေါ့အလေးသွားဖို့ ခွင့်မတိုင်ရတဲ့။ ဘယ်သူမှ ထွက်ခွင့်မရ။

နောက် ဆရာမ စင်သီယာမောင်နဲ့ စကားပြောကြတော့လဲ သူတို့ခေါ်လာတဲ့ အဖွဲ့ပဲ ရိုက်ခွင့်ရှိပြန်ရော။။ ကျမတို့လဲ ဘာတွေလဲဟ ပေါ့ ဒေါကန်လို့ …. မဆုံးခင် လာ..ထွက်လာတော့ … ဆိုပြီး သူတို့ တားထားတဲ့ ကြိုးလေးတွေ နောက်မှာ ရပ် စောင့်။ နောက်ဒေါက်တာစင်သီယာမောင်နဲ့မစ်စလော်ရာဘုရှ် နှစ်ယောက်တွဲ ထွက်လာ သူတရစပ် ပြောတာတွေ ရိုက်ကူး ဘာမှမေးခွန်းမလာခင် သူကလက်ပြနှုတ်ဆက်လို့ ကားပေါ်တက် သွား။ ကားထွက်သွားတာလေးကို ရိုက် ဟူးးးးးးးးးးးးးးး

အမေရိကန်အစိုးရနဲ့ အမေရိကန်ပြည်သူတွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အားလုံးသိနေပါတယ်၊ ဒါ့ကြောင့် မြန်မာနိုင်ငံဒီမိုကရေစီ ရသည်ထိ စစ်အစိုးရကို ဖိအားသုံးသွားပါ့မယ် … လို့နောက်ဆုံးအနေနဲ့ ပြောကြားသွားပါကြောင်းဝေမျှ လိုက်ရပါတယ်။

(ဒီနေ့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ရုပ်မြင်သံကြားအစီအစဉ်မှာ လွှင့်ဖို့ တင်ပေးလိုက်ပြီ။
ပြောဖို့ ကျန်သေးတယ်။ အဖွားကြီးက အသက်ကြီးပေမယ့် အသားအရေကအစ နုဖတ်နေတာပဲ။ တော်တော်လှတယ် ၊ ဓါတ်ပုံထဲကထက် အပြင်မှာ ပိုပြီးလှတယ် )


နောက်ဆုံး တချက် ပြောချင်သေးတယ်။
ကိုယ့်တိုင်းပြည်လွတ်မြောက်ဖို့၊ အာဏာရှင်ကို တိုက်ထုတ်ဖို့ ကိုယ်တိုင်ပဲ အားကိုးရမယ် ဆိုတာ ပို ပို သိလာတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, August 3, 2008

မနေ့က အနှစ် ၂၀

ဒီစာတမ်းရဲ့ သမိုင်းအကျဉ်း
အင်မတန် စာရေးပျင်းတဲ့ ကျမရဲ့ ပီအေဆီကို ၂၀၀၈ ခုနှစ် ဖုန်းမော်နေ့ မတ်လ ၁၃ ရက်အတွက် ဧရာဝတီမဂ္ဂဇင်းက ဗျူးတဲ့မေးခွန်းတွေ ပို့လာတယ်။ မေးခွန်းတွေကို စီကာ စဉ်ကာ ဖြေပေးဖို့ စာမရိုက်ချင်လို့ ကျမကို ရိုက်ခိုင်းတယ်။ အဲဒီတုန်းက သူက ဘေးကဖြေ ကျမ က ရိုက်ပြီး ပို့လိုက်ရော။

ဒါနဲ့ မပြီးသေးပဲ သူတို့ စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းများက ဖုန်းမော်နေ့ နှစ်စဉ်ကျင်းပတော့ အခမ်းအနားမှုး လုပ်ရင်းနည်းနည်း ပြောစရာ စကားတွေ ပွားများလိုက်ပါလေရော။
ဒီအကျိုးဆက်က သူ့ကို အလုပ်သမားတွေအတွက်ထုတ်တဲ့ ရောင်ခြည်ဦးစာစောင်က ကိုမိုးဆွေက မတ် ၁၃ ရက်နေ့အကြောင်း တခုခုရေးပေးတဲ့။ သူမရေးတတ်တော့ ဘယ်လို လုပ်ရပါ့တဲ့။ ကျမက ဟိုတခါ အင်တာဗျူးဖြေထားတဲ့ စာတွေကို နည်းနည်းပြန်စီလိုက်ပြီး ပို့လိုက်လေ ဆိုတော့မှာ ဟိုရွှေ့ ဒီရွှေ့ လုပ်ပြီး ပို့လိုက်တယ်။

ခု တခါ အဲဒီစာစောင်ကပဲ ၈၈ အမှတ်တရ တခုခု ရေးပေးဦးတဲ့။ ဒီတခါတော့ ကျမနဲ့နည်းနည်း မကြည်ထားတဲ့ အရှိန်နဲ့ ဘာမှ မပြောပဲ ကြည့်နေလိုက်တာ နောက်ဆုံးနေ့ ရောက်နေပြီဆိုပြီး ဖုန်းနဲ့ ဆက်မေးနေသံကြားတယ်။ နောက် အဲဒီတညလုံး ကွန်ပျူတာရှေ့မှာ တကုတ်ကုတ်ရေးနေလိုက်တာ နောက်နေ့ ဒက်စတော့ပေါ်မှာ အောက်က ဆောင်းပါးလိုလို စာတမ်းလိုလို စာသားတပုဒ်ကိုတွေ့တာပဲ။ ဒါနဲ့ ဖတ်ကြည့်ပြီး ဘလော့ပေါ် တင်လိုက်မယ်နော် လို့ ခွင့်တောင်းတော့ မကြားချင်ယောင်ဆောင်နေလို့ ကိုယ်ကလည်း မသိချင်ယောင်ဆောင်ပြီး ခု စာသားလေးတွေကို တင်ပေးလိုက်တယ်။ ဖတ်ကြည့်ကြစေချင်လို့ပါ။

မနေ့က အနှစ်၂၀

မင်းဇော်(၁၀၁)

အဲဒီနေ့ကိုရောက်ဖို့ ငါတို့ကျောင်းသား၊ပြည်သူတွေပါဝင်တဲ့ တိုက်ပွဲစဉ်တွေနဲ့ တပွဲပြီးတပွဲတိုက်ရင်း ချီတက် ခဲ့ကြရတယ်၊ ၁၉၈၈ မတ်လက စတင်ခဲ့တဲ့ ငါတို့ကျောင်းသားတွေရဲ့ ခေတ်သစ် မတ်လတော်လှန်ရေးဟာ အဲဒီနေ့မှာ ခေတ်တခုကို ပြောင်းလဲစေမယ့် ပြည်သူ့တော်လှန်ရေး ဖြစ်ခဲ့တယ်၊၊ အဲဒါဟာ ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်ဆိုတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်တယ်၊၊

အဲဒီနေ့မှာ တပြည်လုံးက ပြည်သူလူထုတွေဟာ မဆလတပါတီ အာဏာရှင်စံနစ်ကို အလိုမရှိတော့ကြောင်း လမ်းမတွေပေါ် ထွက်ပြီး စီတန်းလှည့်လည်ခဲ့ကြတယ်၊ ကြွေးကြော်ခဲ့ကြတယ်၊ ဆနွပြခဲ့ကြတယ်၊ ဒီမိုကရေစီ ရရှိရေး -ဒို့အရေး လုပ်ခဲ့ကြတယ်၊၊
ဒီမိုကရေစီရရှိရေး - တပြည်လုံးအရေး လုပ်ခဲ့ကြတယ်၊

၈၈ရဲ့ အဲဒီနေ့ကစလို့ မြန်မာပြည်သူတွေဟာ တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ အုပ်စိုးသူ အာဏာရှင်တွေကို ဆန့်ကျင်ခဲ့တြတယ်၊၊ မြို့တိုင်းနယ်တိုင်းရဲ့လမ်းမလမ်းမတွေပေါ်မှာ ညီညွတ်စုစည်းနေတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး ကြွေးကြော်သံတွေ မြည်ဟိန်းနေခဲ့တယ်၊၊ မြန်မာပြည်သမိုင်းမှာ ကာလအတော်ကြာကြာ ပျောက်ကွယ်နေခဲ့ရတဲ့ သမိုင်းဝင် ခွပ်ဒေါင်းအောင်လံတော်ဟာ မြန်မာတပြည်လုံးမှာ တလူလူ လွှင့်ထူနိုင် ခဲ့တယ်၊၊ လူပင်လယ်ကြီးနဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံတွေ၊ ခွပ်ဒေါင်းအလံတွေဟာ အင်မတန် လိုက်ဖက်ခဲ့တယ်၊၊ ကျက်သရေရှိခဲ့တယ်၊၊

အဲဒီနေ့ကို လွယ်လွယ်နဲ့ ရောက်ခဲ့တာတော့ မဟုတ်၊၊ ၈၈ရဲ့အစ မတ်လ ဖုန်းမော်၊ နောက် တံတားနီ၊၊ ဇွန်၂၁ မြေနီကုန်း၊ စသဖြင့် ဆက်တိုက် တိုက်ခဲ့ကြရတယ်၊၊ အသက်တွေ သွေးတွေ ပေးခဲ့ကြရတယ်၊၊ ရန်သူ မဆလအာဏာရူးတွေဟာ ဒီနေ့ကိုမရောက်နိုင်ဖို့ တပြည်လုံး မပါဝင်လာနိုင်စေဖို့ ကြောက်သွားအောင် နောက်ဆုတ်သွားအောင် ကြမ်းပြခဲ့တယ်၊ရမ်းပြခဲ့တယ်၊ ဖမ်းပြခဲ့တယ်၊ သတ်ပြခဲ့တယ်၊၊ တစုချင်းရှိနေတဲ့ ကျောင်းသားတွေနဲ့ တစုံလုံးဖြစ်တဲ့ ပြည်သူလူထုတွေ မပူးပေါင်းမိအောင် နည်းမျိုးစုံနဲ့ ကနဦး လှုပ်ရှားမှုတွေကို ဖြိုခွင်းခဲ့တယ်၊၊ ဒီလိုတပွဲချင်း ဖြိုခွင်းတာ ချေမှုန်းတာကို ကြောက်လို့ နောက်ဆုတ် လက်လျော့သွားမိရင် မြန်မာပြည်ခေတ်သစ်သမိုင်းမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးဆိုတာ ရှိလာလိမ့်မယ် မဟုတ်ဘူး၊၊

ဒါဟာ မြန်မာပြည်သမိုင်းမှာ တကယ်ဖြစ်ခဲ့တယ်၊၊ ၈၈မှာ တကယ်ဖြစ်ခဲ့တယ်၊၊

အဲဒီနေ့မှာ တပြည်လုံးပြည်သူ့တော်လှန်ရေးကြီး စခဲ့ကြတယ်၊၊ အဲဒီနေ့က ၈၈ရဲ့ ရှစ်လပိုင်း ရှစ်ရက်နေ့က မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီကို လမ်းမတွေပေါ်ထွက် တောင်းဆိုခဲ့ကြတယ်၊၊ အဲဒီနေ့မှာလည်း တပါတီအာဏာရှင်တွေဟာ ဒီမိုကရေစီမပေး ကျည်ဆံတွေသာပေးခဲ့ကြတယ်၊၊
ရန်ကုန်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ---၊
ပုသိမ်မြို့သဘောင်္ဆိပ်မှာ----၊
--------- -- မှာ၊
------------—မှာ မြန်မာတွေ သွေးမြေကျခဲ့ရတယ်၊ သွေးရည်ကျခဲ့ကြတယ်၊၊

ဒါပေမဲ့ ငါဒို့ နောက်မဆုတ်ခဲ့ကြ၊ လက်မလျော့ခဲ့ကြ၊၊ ဒူးမထောက်ခဲ့ကြ၊၊

၂၆နှစ်ကျော် တိုင်းပြည်ကိုဖျက်ဆီး ကိုယ့်ပြည်သူကိုအနိုင်ကျင့်ဗိုလ်ကျလာခဲ့တဲ့ မဆလတပါတီအာဏာရှင်ကို ငါတို့ပြည်သူ့အားနဲ့ အမြစ်ကနေ တွန်းလှန်တော့မယ်၊ ဖယ်ရှားတော့မယ်၊ ဒီမိုကရေစီခေတ်သစ်မြန်မာပြည် ထူထောင်တော့မယ်၊၊
ပစ်စမ်း၊ အာဏာရူးတွေ ပစ်စမ်း၊ ငါတို့အားလုံးအတွက် ဒီမိုကရေစီရဖို့ ငါတို့အသက်တွေရင်းမယ်၊၊

၈ရက်နေ့မှာ ပစ်သတ်ခဲ့တယ်၊ ၉ရက်နေ့မှာ ပစ်သတ်ခဲ့တယ်၊၊
--------ရက်နေ့မှာ ပစ်သတ်ခဲ့တယ်၊၊ ငါတို့မမှုတော့၊ ငါတို့လိုချင်တဲ့ပန်းတိုင် ရောက်ဖို့ ငါတို့ပြည်သူအားလုံး စုစည်းမိကြပြီ၊ လက်ချင်းချိတ်ခဲ့ကြပြီ၊၊
မြို့ကြီးမှာလည်း ဒီမိုကရေစီ၊ မြို့ငယ်မှာလည်း ဒီမိုကရေစီ၊ ကျေးလက်မှာလည်း ဒီမိုကရေစီ၊ တပြည်လုံးမှာ ဒီိမိုကရေစီ ဒီမိုက
ရေစီ ဒီမိုကရေစဒီမိုကရေစီ - - - - - -

ဝန်ထမ်း၊ကျောင်းသား၊အလုပ်သမား၊လယ်သမား၊အလွှာစုံ၊ ကလေးလူကြီးပါမကျန်အရွယ်စုံ လူမျိုးစုံ မြန်မာပြည်သူတွေ ကိုယ်စီကိုယ်စီ အသင်းအဖွဲ့အလံ၊ ခွပ်ဒေါင်းအလံ ကိုင်စွဲကြပြီ၊၊ နေ့ဖက် လှည့်လည်ချီတက် ဆ²ပြ-ညဖက်ကိုယ့်ရပ်ကိုယ့်ရွာ လုံခြုံရေး တာဝန်ယူခဲ့ကြတယ်၊၊ ဘုန်းကြီး ရဟန်း၊ ကျောင်းသားပြည်သူ ပူးပေါင်းပြီး ရပ်ရွာအေးချမ်းရေး ကြိုးပမ်းခဲ့ကြတယ်၊၊ ကိုယ့်ပြည်သူအချင်းချင်း အခက်အခဲတွေ စုပေါင်းဖြေရှင်းခဲ့ကြတယ်၊ အပြန်အလှန် ယိုင်းပင်းကူညီခဲ့ကြတယ်၊၊

အဲဒီနေ့တွေမှာ အာဏာရှင် အာဏာရူးနေ၀င်းနဲ့ စန်းယု၊စိန်လွင်၊မောင်မောင် စစ်အရူးတွေကို ငါတို့ပြည်သူတွေ ဖြုတ်ချနိုင်ခဲ့တယ်၊၊ ဆိုရှယ်လစ်အတုအလိမ် မဆလပါတီကို မြန်မာ့မြေပေါ်မှာ အပြီးတိုင် မြေမြှုပ် သဂြိင်္ုလ် နိုင်ခဲ့တယ်၊၊

အဲဒီနေ့တွေမှာ မြန်မာပြည်လွတ်လပ်ရေးကို ဦးဆောင်ရယူပေးရာမှာ အဓိကကျတဲ့ ကျောင်းသားဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္ဂများ အဖွဲ့ချုပ်(ဗကသ)ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တယ်၊၊

အဲဒီနေ့တွေမှာ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကျောင်းသားခေါင်းဆောင်မိုးသီးဇွန်တို့ ပေါ်ထွက် လာခဲ့တယ်၊၊

အဲဒီနေ့တွေမှာ အနာဂါတ်မြန်မာပြည်သစ်ရဲ့ အာမခံချက်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေါ်ထွက်လာခဲ့တယ်၊၊

အဲဒီနေ့တွေမှာ သတ္တိရှိတဲ့ မြန်မာပြည်သူလူထုရဲ့ ငြိမ်းချမ်းတဲ့ တိုက်ပွဲအရှိန်အဟုန်ဟာ ကမ္ဘာ့နိုင်ငံ အတော်များများရဲ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာ အားမာန်တွေ ဖြစ်စေခဲ့တယ်၊၊

အဲဒီနေ့တွေမှာ ဖြစ်တည်ခဲ့ပြီ ဖြစ်တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးအောင်စိတ်ဟာ ဘယ်လိုအခက်အခဲ အတားအဆီးတွေပဲရှိရှိ ဒီမိုကရေစီရေးပန်းတိုင်ကို မရောက်မချင်း မတွန့်မဆုတ် ဆက်လက် ချီတက်တော့မှာ ဖြစ်တယ်၊၊ ဒီမိုကရေစီ မြန်မာပြည်၊ ပြည်ထောင်စုမြန်မာပြည်၊ စည်ပင်ဖွံ့ဖြိုးတိုးတက်တဲ့မြန်မာပြည် အဖြစ် ရောက်ကို ရောက်လာရမှာဖြစ်တယ်၊၊ ၊၊

(လွန်ခဲ့သော မနေ့ကအနှစ်၂၀ခဲ့ပြီဖြစ်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွင်း အသက် ပေးလှူသွားခဲ့ကြသော ရဟန်း၊ရှင်၊လူ၊ ကျောင်းသား၊ ပြည်သူအပေါင်းအား ဦးညွတ် ဂုဏ်ပြု လိုက်ပါတယ်)

Friday, August 1, 2008

၈၈၈၈


မေ့နိုင်ပါရိုးလား... ဒီနေ့ရက်တွေ

အနှစ် နှစ်ဆယ်ဆိုတာ သမိုင်းစာမျက်နှာအရ ဆိုရင် စာတကြောင်းနဲ့လဲ ပြီးသွားနိုင်တာပဲ။ အဖြစ်အပျက်နည်းနည်းများနေရင် တမျက်နှာပေါ့။ အဲ…… အပြောင်းအလဲ အကြီးကြီး ဖြစ်သွားခဲ့ရင်တော့ စာမျက်နှာ များများနဲ့ ဖွင့်လှစ်ကြပြန်လေရောပေါ့လေ။

တကယ်တော့ အနှစ် နှစ်ဆယ်အတွင်းမှာတင်မကပါဘူး။ အခက်အခဲတွေ အန္တရာယ်တွေ နဲ့ တွေ့တိုင်း စည်းလုံးရမယ် ညီညွတ်ရမယ်ဆိုတာ ဟိုး ရှေးရှေး ပုံပြင်တွေထဲမှာကတည်းက သင်ကြားပေးပြီးသားပဲ မဟုတ်လား။ လူတိုင်း သိထားပြီးသား သဘောတရား ။ ဒါပေမယ့် လက်တွေ့ ကျင့်သုံးနိုင်ဖို့အတွက်ရာမှာတော့ အဲဒီညီညွတ်ခြင်းတရားမှာ စွန့်လွှတ်မှုတွေ ပါလာပြီ မို့ အောင်မြင်ဖို့ရာ ခဲယဉ်းလှပါတယ်။

တကယ့် စစ်မှန်တဲ့ ညီညွတ်ရေးဆိုတာ ကိုယ့်အကျိုး သူ့အကျိုးမကြည့်ပဲ တဘက် တစု ကျမတို့ အနေနဲ့ ပြောရရင် ဒီမိုကရေစီအင်အားတစုလုံးရဲ့ အကျိုး၊ နိုင်ငံ တခုလုံးရဲ့ အကျိုးကိုပဲ ကြည့်ရလိမ့်မယ်။

အဲဒီအခါ ကိုယ်နာမည်ကြီးချင်မှုတွေ…။ တခါတရံ ကိုယ့် အစွမ်းအစတွေ….။
ကိုယ့်မာနတွေ…။ ကိုယ့်ပညာတွေ….။
နောက်ဆုံး ကိုယ့်ရရှိနေတဲ့ နေရာ ဆိုတာ ကိုတောင် စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ရလိမ့်မယ်။
တိုင်းပြည်ကောင်းဖို့ရာအတွက် ကျရာတာဝန် ထမ်းဆောင်မယ်ဆိုရင် အတ္တတွေ ကင်းစင်နိုင်မှ စစ်မှန်တဲ့ ညီညွတ်မှုကို ရရှိနိုင်ပါလိမ့်မယ်။

ခုချိန်ထိ မရရှိနိုင်သေးတဲ့ ညီညွတ်ခြင်းမှာ ဘာတွေ လိုအပ်နေသလဲ ဆိုတာ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင်က ဗဟိုပြုလို့ သုံးသပ်ကြရလိမ့်မယ်။

ဘက်တဘက်တည်း ရှိနေတဲ့ အချိန်အခါမှာ တောင်မှ…

ငါ နဲ့သူနဲ့ သူတို့နဲ့ ငါတို့နဲ့ စစ်အုပ်စုကို ပြုတ်ကျစေချင်တဲ့ ဆန္ဒတွေ ထပ်တူညီနေကြပြီ။
ဒီအခါမှာ ငါတို့ ရွေးချယ်တဲ့လမ်းနဲ့ သူတို့ရွေးချယ်တဲ့လမ်း မတူတဲ့အတွက် ငါတို့မှန်နေတယ် သူတို့မှားနေတယ် ငါတို့ ကိုထောက်ခံသူများတယ် ဒါ့ကြောင့် ငါတို့နဲ့လာပေါင်း ငါတို့ လမ်းစဉ်လိုက် နင်တို့ကို ငါတို့ တာဝန်ယူတယ် ဒီလို ညီညွတ်စေခဲ့သလား….။

ငါတို့နဲ့မတူတဲ့ သူတို့ဆီ ထောက်ခံကူညီနေသူတွေကို ငါတို့ဆီလာအောင် စည်းရုံးရမယ်။ ငါတို့ မှန်တယ် ဆိုတာ သက်သေပြဖို့ ငါတို့ ကြိုးစားရမယ်။ ငါတို့ ခုလိုဖြစ်နေအောင် နှောင့်ယှက်နေတဲ့ သူတို့ကို အရင်ရှင်းပြီး ငါတို့လမ်းဆက်မှ ခရီးပေါက်မယ် ဒီလိုစည်းရုံးရေး ဆင်းနေမိသလား…။

ငါတို့တွေးတာတွေ အကုန်မှန်နေတယ်… သူတို့လုပ်နေတာတွေ ဟိုဟာလဲ မှား ဒီဟာလဲမှား.. ငါတို့ပြောသလို လုပ်သင့်တယ် … ဒီလိုလုပ်မှကို မှန်မယ်…..
ငါတို့ကမှ .... ငါတို့ကမှ…… ငါတို့ကမှ…… ဒီလိုနည်းနဲ့ ညီညွတ်အောင် စည်းရုံးမိနေသလား..။

ငါတို့က တကယ်လုပ်နေတာလေ။ သူတို့တကယ်လာလုပ်ကြည့်ပါလား… ခဏနဲ့ အော်သွားမယ်… လက်တွေ့မရှိပဲ အာကျယ်နေကြတယ်…. ဒီလိုနည်းနဲ့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။

ဝေဖန်တာ လက်မခံဘူးလား လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိတယ်……
ဆိုပြီး အပြစ်တွေချည်း ရှာကြံပြောလို့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။


ဒါက စဉ်းစားရမိသလောက်လေးတွေပါ။
တကယ့်စည်းလုံးညီညွတ်မှုဆိုတာ နအဖတွေလို သူခိုးတွေ ဓါးမြတွေလို အထက်အမိန့်ကို ဘာမှ ပြန်မပြောပဲ နာခံရတဲ့ စည်းလုံးမှုမျိုး ဖြစ်နေရမှာလည်း မဟုတ်ဘူး မဟုတ်လား။

အပြန်အလှန်နားလည်မှု ၊ လေးစားမှု ဟာ ရင်ထဲမှာ သေချာ ကိန်းဝပ် နေမှ ဖြစ်မယ် ဆိုရင် ကျမတို့ အတ္တတွေကို တကယ်စွန့်လွှတ်နိုင်တဲ့ နေ့ကျမှ တကယ့်ညီညွတ်မှု အစစ်ကို ရရှိပါလိမ့်မယ်။

ကျမ ကိုယ်တိုင်လဲ တိုင်းပြည်အတွက် ဖြစ်ရမယ်လို့ ခံယူထားပေမယ့် တကယ့် အခက်အခဲတွေတွေ့တဲ့အခါ ငါဆိုတဲ့ အတ္တကို ပျောက်ပျက်အောင် မဖျောက်နိုင်သေးပါဘူး။
ငါ့ကို လာကျောတယ် ထင်တယ်။ ငါ့ကို ပညာပြနေပါလား။ ငါထင်တာမမှားဘူး ဒီလို ငါ … ငါ.. တွေနဲ့ လုံးခြာ လိုက်နေဆဲ …..။

ဒါပေမယ့်လဲ သမိုင်းထဲက အောင်ပွဲတွေမှာတော့ စည်းလုံးညီညွတ်မှုကို တည်ဆောက် ရရှိနိုင်ခဲ့တာချည်းပဲမို့…..
ခဲယဉ်းတယ် ဆိုပေမယ့် ....။
လူတိုင်းလက်တွေ့ မကျင့်သုံးသေးနိုင်သေးဘူး ဆိုပေမယ့် … ။
စစ်မှန်တဲ့အမှန်တရား ဆိုတာ အောင်ပွဲခံရမယ်ဆိုတဲ့ လောကပါလ တရားကလဲ ရှိနေပြန်သေးတော့....
တနေ့ ညီညွတ်စည်းလုံးမှုတွေ နဲ့ အောင်ပွဲခံရမယ် မလွဲမသွေ ....ဆိုတဲ့ ကောက်ချက်ကိုသာ စစ်တမ်းဖွဲ့ယူရတော့မယ်ပေါ့။

မိမိကိုယ်ထက် တိုင်းပြည်ကို ချစ်သူတွေ ပေါများနိုင်ပါစေ….။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်