Friday, August 29, 2008

စိတ်ရှုပ်ထွေးခြင်းရဲ့ နောက်ဆက်တွဲ

ခုတလော ဘလော့မလည်နိုင်၊ ဘာစာမှ မရေးနိုင် မဖတ်နိုင်နဲ့ စိတ်ညစ်ညူးစရာ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နှက်နေတယ်။ စကားလဲ မပြောချင် သူများပြောတာတွေလဲ စိတ်ရှည်ရှည် နားမထောင်ချင် ဖြစ်ချင်တိုင်း ဖြစ်နေတာပါပဲ။ အရှုပ်တွေကိုလဲ မြင်နေ တွေ့နေ ရသလို ခံစားနေရသေးတယ်။

ကျမအနေနဲ့ … ဘလော့ရေးတဲ့ အချိန်တနှစ်ကျော်အတွင်း သူများဆီက မေးလ်နဲ့ပို့လာတာတွေကို တင်ခဲတယ်။ ကျမသေချာဖတ်ပြီး တော်တော်ကြိုက်မှ တင်သင့်တယ် ထင်မှ တင်တာ များတယ်။ (ဥပမာ အခုရက်ပိုင်းတင်တဲ့ ဂမ်ဘာရီ အကြောင်းလိုမျိုး)။ ကိုယ်ပိုင်ဘလော့မှာ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်လမ်းကြောင်းနဲ့ ကိုယ် လုပ်ထားရက်သားနဲ့ ဘာလို့ ဟိုဟာ မတင်လဲ။ ဒီဟာ မတင်လဲ ဆိုလာတဲ့ အီးမေးလ် တွေကိုလည်း စိတ်ကုန်တယ်။ နောက်.. ဘလော့သိပ်မလည်ဖြစ်တော့တဲ့ အတွက် အသစ်ဘလော့တွေကိုလဲ မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘလော့လာလည်ပြီး လင့်ချန်ထားတဲ့ ဘလော့တွေကိုတော့ ပြန်လည်ဖြစ်အောင် လည်ပေးခဲ့ပေမယ့် နောက်ပိုင်း မရောက်တော့တာတွေလဲ ရှိနေသေးတယ်။ ကျမကို ဘလော့ရေးပြီး ထင်ရာလုပ်နေတယ် ဆိုသူတွေအတွက်တော့ ထင်ရာလုပ်ချင်လို့ ကိုယ်ပိုင် ဘလော့တခု လုပ်ထားတာပါလို့ပဲ ပြောကြားချင်ပါတယ်။

ကိုယ်တိုင် သတင်းလုပ်နေရလို့ သတင်းတော်တော်များများ ကျမတို့ အဦးဆုံးရတတ်ပေမယ့် ကျမဘလော့ကို သတင်းတင်ခဲတာလဲ သတိထားမိကြမှာပါ။ ဒါ ကျမရဲ့ လွတ်လပ်ခွင့်ပဲ လို့ ယူဆတဲ့အတွက် ကိုယ်ယုံကြည်ရာ ကိုပဲ ရေးမယ်။ ကိုယ် တင်ချင်တာကိုပဲ တင်မယ်။ ပေါ်ပင်ဖြစ်ချင်လဲ ဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ကျမကို ကန့်သတ်ဖို့ ကြိုးစားလာသူတွေကိုတော့ ပေါ်တင်ပဲ စိန်ခေါ်နိုင်ပါတယ်။

နောက်တခု…

ခု နောက်ပိုင်း တွေ့နေရတဲ့ အဖြစ်အပျက်တွေမှာ ချဲဂဏန်း ထွက်ပြီးမှ အတိတ်ကို ပြန်ကောက်ပြတတ်တဲ့ လူတွေလို ပေါက်ဖော်တွေ တော်တော်များများတွေ့နေရတာပဲ။ ဖတ်ရတာ တော်တော် စိတ်ညစ်စရာ ပြောချင်စရာတွေပြည့်လို့။ ကိုယ်တိုင်ဘာမှ ၀င်လဲ မလုပ်ခဲ့ ၊ ခုချိန်ထိလဲ ပြည်သူနဲ့ တသားတည်းမရှိ။ ပြောလိုက်ရင်တော့ နအဖကို ဘယ်လို ဆန့်ကျင်တယ် က ပါးစပ်ကမချဘူး။ ဘလော့ပေါ် ရေးလိုက်တာကျတော့ ဒီမိုကရေစီ အင်အားစုရဲ့ အားနည်းချက်တွေ ၊ တကယ် လက်တွေ့လုပ်နေသူတွေရဲ့ အခက်အခဲတွေကို မစာနာ၊ ပတ်စပို့စ်ကိုင် ပြီး ထင်ရာ ကြားရာတွေ ရေး၊ နောက် အဆိုင်လမ်လျှောက် ကမ့်မ၀င်ရပဲ ရသွားတာတွေနဲ့….. အော်…. တရားကျစရာ ပါပဲလေ။ ဘယ်လောက် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သွားသလဲ၊ စွန့်ခဲ့ဘူးလဲ။ ပြည်တွင်းမှာရော နအဖကို ဘယ်လောက် အတိုင်းအတာထိ ဆန့်ကျင်ခဲ့ဘူးလဲ၊ သိချင်စမ်းပါဘိ၊ ဒီနေ့ ဒီကိုလာ ၊ ဒီအတွက် ပိုက်ဆံ ဒီလောက်ထည့် ဒါမျိုး အသေးအဖွဲလေး တောင်မှ မဆန့်ကျင်ခဲ့ဖူးပဲနဲ့ အတိုက်အခံ တော်လှန်ရေးသမား နာမည်ခံချင်သူတွေကလည်း ရှိသေးရဲ့။

နိုင်ငံအရေးကျွမ်းကျင်သူတို့ နိုင်ငံရေးအကဲဖြတ်တို့ ဆိုတဲ့ နာမည်ပေးခံရသူ တချို့ကို ထောက်ပြပြီး တော်လှန်ရေး အင်အားစုထဲက လူတွေကို တန်းညှိစော်ကားလိုက်တာမျိုး ကျတော့လည်း မခံချင်ဘူး။ ဒီနေ့ မီဒီယာမှာ နာမည်ကြီးတိုင်းလဲ တော်လှန်ရေးစိတ်အပြည့်ရှိတယ် ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒီလိုပဲ မီဒီယာပေါ်ကို အခြေအနေအရ မတက်ပဲ နေတဲ့လူတွေ၊ တက်ချင်စိတ် မရှိလို့ နေတဲ့လူတွေ လဲ တော်လှန်ရေးထဲမှာ ရှိတာပဲ။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးမှာ သူတို့ အုပ်စုတွေ ထောက်ပြနေတဲ့ ဖောက်ပြန်သူ ညံ့ဖျင်းသူ လူနည်းစုပဲ ရှိနေတာမှ မဟုတ်ပဲ။ ဒီလိုလူမျိုးတွေ ဆိုတာ ဘယ်နေရာ ဘယ်အစုအဖွဲ့မှာ မဆို ရှိနေတာချည်း ဆိုတာ သဘာဝ၊ တကယ့် လက်တွေ့ ကိုယ်တိုင်ကောင်းတဲ့ ၀န်းကျင်၊ ကောင်းတဲ့ လူကို တွေ့ချင်ရင် ကိုယ်တိုင်လဲ ကောင်းတဲ့ စိတ်ကလေး မွေး၊ ကောင်းတဲ့ လုပ်ရပ်ကလေးတွေနဲ့ ဆိုရင် အမြုတေ ရှိရာ အမြုတေ လာစုမှာပါပဲ။ ဒီတော့ သူများကို ထိုးနေတဲ့ လက်ညှိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိုးပြီး သူများကို ပြောတဲ့အပြစ်မျိုး ကိုယ်ဆီမှာရော ရှိနေမလား၊ ကိုယ်လဲ သူ့လိုအခြေအနေဆို သူ့လို လုပ်မိမလား၊ အခုငါရော သူတို့လောက် တကယ်စွန့်နိုင်ပြီလား သေချာစဉ်းစား ကြည့်ကြပါဦး။

တကယ်တော့ ဒီဖက်မှာ အမာခံရပ်တည်နေတဲ့ လက်ရှိတော်လှန်ရေး နယ်ထဲမှာ ဆက်လက်ရှိနေတဲ့ လူအတော်များများဟာ သူတို့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘ၀တခုကို ဗမာပြည်ထဲမှာ ထူထောင်ရင်တောင် အခုပြောနေတဲ့ လူတွေထက် သာလွန်မြင့်မားတဲ့ သူတွေ ဖြစ်မှာပါ။ နလပိန်တုံး ပညာမဲ့ တွေ မဟုတ်ဘူး။ တချို့တွေဟာ ပညာဆက်သင်ယူခွင့်တွေကိုတောင် စွန့်လွှတ်ပြီး ရပ်ခံနေကြတာပါ။ အဖွဲ့အစည်း ကိုယ်စားပြု ပညာတော်သင်ထွက်သွားပြီး ရောက်တဲ့နိုင်ငံမှာ အဆိုင်လမ်ခံ၊ ပြီးတော့မှ ဘယ်လိုတော်လှန်ရေး လုပ်ခဲ့တယ်။ နိုင်ငံကိုဘယ်လိုချစ်တယ် ဘာတွေ စွန့်ခဲ့တယ် အော်နေသူတွေနဲ့ လားလားမှ မတူတဲ့ လူတွေလဲ ရှိနေပါသေးတယ်၊

အင်း နည်းနည်းဒေါသတွေ များနေသေးတယ် ။ ရေးတာလဲ ရပ်ဦးမှ…
သေချာတာကတော့ ဝေဖန်ရေးတွေ ရေးမယ်ဆိုရင် ကိုယ်ဝေဖန်မယ့် လူတွေလောက် ကိုယ် လုပ်ခဲ့ပြီးပြီလား လို့တော့ မေးကြည့်ချင်ပါသေးတယ်။ မုန့်ဟင်းခါးကောင်းမကောင်း ၊စာတပုဒ် ကောင်းမကောင်း ဝေဖန်နေတာမှ မဟုတ်တာပဲလေ၊ ဘ၀တွေ အသက်တွေ အခွင့်အရေးအားလုံး ရင်းထားတဲ့ လူတွေကို ဝေဖန်နေတာမို့ ဒီလောက်တော့ ပြန်မေးသင့်တယ် ထင်လို့ပါ။

တိုက်ဆိုင်သူ ကိုသာ ရည်ရွယ်ပါသည်။
(ဒီစာစုကို ဆက်ရေးဖြစ်လဲ ရေးဖြစ်ပါဦးမယ်၊ မရေးဖြစ်ခဲ့ရင်လဲ မရေးဖြစ်ဘူးပေါ့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

4 comments:

ဂျူနို said...

မခင်မင်းဇော်ရေ
ကျမဖေဖေပြာတတ်တဲ့ စကားလေး ပြန်ပြောချင်ပါတယ်။
ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ပျက်ရုံ ဘဲရှိမှာပေါ့တဲ့။
သူများကိုယ် လက်ညိုးတစ်ချောင်းထိုးရင် ကျန်တဲ့လက်လေးချောင်းက ကိုယ့်ပြန်ထိုးမှာ သတိရပါတဲ့။
ကိုယ့်သမိုင်းကိုယ်ရေးကြတာပါတဲ့။
အယ်ဇီ

ကိုပေါ said...

အစစ်ဘဲ မခင်မင်းဇော်ရေ....

စင်္ကာပူမှာ တက်ကြွစွာ လှုပ်ရှားနေသူတွေကိုလည်း ဒီလိုဘဲ ဝေဖန်ကြတာပါဘဲ။ ဒီလှုပ်ရှားသူတွေဟာ သူတို့ရဲ့ ဘ၀နဲ့ ရင်းပြီး လှုပ်ရှားနေကြရတာပါ။

တချို့ကလည်း စေတနာယောင်ယောင် ဘာယောင်ယောင်ပေါ့လေ။ မင်းတို့မရှိရင် စင်္ကာပူမှာ တော်လှန်ရေး မျိုးဆက်ပြတ်သွားမှာ စိုးလို့ပါ....လို့ စကားခံပြီး အတုံးလိုက် အတစ်လိုက် အားမနာပ ဝေဖန်နေသူတွေရှိတယ်။ သူတို့ကိုမေးချင်တာက ကျနော်တို့မရှိရင် ခင်ဗျားတို့ ၀င်လုပ်ပေါ့ဗျာ။ ဒီလိုဆိုရင် ဘာမျိုးဆက်ပြတ်စရာရှိသလဲ။ ကျနော်တို့ တစုတဖွဲ့ဘဲ နိုင်ငံရေး လုပ်ရမယ်လို့ စာချုပ်ချုပ်ထားလို့လား။

ဒီအချိန်မှာ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဆိုတာမှန်းသိသိနဲ့ ၀င်မလုပ်ဘဲ ဘေးထိုင်ဘုပြောနေတဲ့သူတွေဟာ ရုရှားက စစ်ဗိုလ်တွေထက်တောင် ကျနော်တို့ တော်လှန်ရေးကို အန္တရာယ်ပေးနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားက စစ်ဗိုလ်စကားကို ဘယ်ပြည်သူကမှ နားယောင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီ တော်လှန်ရေးသမားယောင်ယောင်၊ အကဲဖြတ်ယောင်ယောင်၊ အကဲခတ်ယောင်ယောင်တွေက အများကိုေ၀၀ါးစေတယ်။ ထွေပြားစေတယ်။ ရှေ့ထွက်လာမယ့်လူတွေကို တန့်သွားအောင်လုပ်နိုင်တယ်။ ကိုယ့်တာဝန်ကိုယ်မကျေဘဲ ဘေးကနေ ကဖျက်ယဖျက်လုပ်တဲ့ အဲဒီလူတွေဟာ တချိန်မှာတော့ သမိုင်းတရားခံအဖြစ်တော့ ရောက်ရဦးမှာပါ။ ဒီးဒုတ်ဦးဘချိုစကားကိုဘဲ ပြန်ကိုးကားလိုက်ပါရစေ။

နိုင်ငံရေးဟူသည် နိုင်ငံသားများ၏ အရေးပင်ဖြစ်သည်။ နိုင်ငံရေးကို စွမ်းစွမ်းတမံလုပ်နေသောသူသည် သူ့တာဝန်သူ ကျေပွန်အောင်ထမ်းဆောင်နေခြင်းမျှသာဖြစ်၍ အထူးတလည် ကျေးဇူးမတင်ထိုက်။ သို့သော် နိုင်ငံရေးကို အလျှဉ်းမလုပ်သူများကား ပြည်လှေးပြည်မွှားများသာဖြစ်၏။ ထို့ထက်ပို၍ နိုင်ငံရေးကို ကိုယ်တိုင်လည်းမလုပ်၊ လုပ်နေသူများကိုလည်း ကဖျက်ယဖျက် နှောင့်ယှက်တတ်သူကား တိုင်းပြည်ရန်သူ နံပါတ်တစ်ပင် ဖြစ်ပေတော့သည်။

ဘလော့ဂါလောကမှာလည်း အဲဒီလို ရန်သူ နံပါတ် တစ် တွေ ကြိုးကျားကြိုးကျား ပေါ်ပေါက်လာတာကို တွေ့ရပါတယ်။

ကန့်ကေ် said...

အမေရ
ဒေါသတွေချည်းပဲ လှိမ့်ထွက်နေရမယ်ဆိုရင် ကိုယ်ပဲ အကုသိုလ်များယုံရှိလိမ့်မယ်။
ကိုယ့်ဖာသာ ကိုယ်၊ ကိုယ့်အလုပ်ကိုယ်လုပ် သူ့လမ်းသူ သွားလိမ့်မယ်။
သူ့လမ်းသူ မရွေးနိုင်ကြသေးခင်တော့ (သူ့ခြေထောက်နဲ့ သူ မရပ်နိုင် မလျှောက်နိုင်ကြသေးခင်တော့) ကိုယ့်ခြေတောက်ကို လာအမှုရှာနေကြဦးမှာပဲ။
(ခက်နေတာကလည်း သူတို့ကိုယ်တိုင်က ခြေထောက်ဆိုတာကို ဘယ်လိုသုံးရတယ်ဆိုတာ နားမလည်ကြတာလား၊ မသိ)
(ကလေးစကားနဲ့) ထမင်းသိုး ဟင်းသိုး လို့ပဲ သဘောထားလိုက်ပါတော့။

m a w k o e said...

နိုင်ငံရေးဟူသည် နိုင်ငံသားများ၏ အရေးပင်ဖြစ်သည်။ နိုင်ငံရေးကို စွမ်းစွမ်းတမံလုပ်နေသောသူသည်သူ့တာဝန်သူ ကျေပွန်အောင်ထမ်းဆောင်နေခြင်းမျှသာဖြစ်၍ အထူးတလည် ကျေးဇူးမတင်ထိုက်။ သို့သော် နိုင်ငံရေးကို အလျှဉ်းမလုပ်သူများကားပြည်လှေးပြည်မွှားများသာဖြစ်၏။ ထို့ထက်ပို၍ နိုင်ငံရေးကို ကိုယ်တိုင်လည်းမလုပ်၊ လုပ်နေသူများကိုလည်း ကဖျက်ယဖျက် နှောင့်ယှက်တတ်သူကား တိုင်းပြည်ရန်သူ နံပါတ်တစ်ပင် ဖြစ်ပေတော့သည်။
Thank you Ko Paw, Thank you Ma Kmz for this words.