Saturday, August 16, 2008

ဘ၀ဒိုင်ယာရီ အမှတ်(နှစ်) အခန်း(၂)


အခန်း(၂)

မနက်တော်တော်စောစောမှာပဲ နိုးနေတယ်။ ကျမအခန်းဘက်ကို လမ်းလျှောက်လာတဲ့ အသံတချို့ကြားရလို့ ခေါင်းထောင်ကြည့်လိုက်တော့ အဖြူအပြာဝတ် ထောင်ဝါဒါမ ၂ ယောက်နဲ့ ညနေအ၀င်တွေ့လိုက်တဲ့ ခပ်၀၀ အသက်ကြီးကြီး ၂ ရစ်နဲ့ တယောက်ကို တွေ့လိုက်တယ်။အိပ်ယာက နိုးပြီလား လို့ခပ်ရွှင်ရွှင် နှုတ်ဆက်သံနဲ့ ၀င်လာတဲ့ သူတို့က တိုက်ခန်းဘက်ကို ကျော်ပြီး အဆောင်ဖက်ကို သွားတာဖြစ်ပါတယ်။ သိပ်မကြာဘူး ထောင်က သံချောင်းခေါက်သံ ကြားလိုက်ပြီး လူတွေရဲ့ စီစီညံနေတဲ့ အသံတွေ စကြားရတယ်။ မိလ္လာအိုးကို ဘယ်လိုသွန်ရပါ့မလဲ လို့ တွေးနေတုန်း ၀ါဒါတယောက်နဲ့ ကောင်မလေးတယောက် အခန်းသော့ဖွင့်ပြီး မိလ္လာအိုး လာချပေးတယ်။ မျက်နှာသစ် သွားတိုက်အတွက်ကတော့ အပြင်မှာ လူများနေလို့ သူတို့ ပြီးမှ ဆင်းရမတဲ့။ ဒါနဲ့ ခပ်ငူငူပဲ ထိုင်နေလိုက်တယ်။ ထောင်ဆိုတာ ခုမှ ရောက်ဖူးတော့ ဘာလုပ်ရမယ်ဆိုတာ ဘာမှကို မသိသေးတာ။ သူတို့ လုပ်ခိုင်းတာ ကြည့်လုပ်ရမှာပဲ လို့ စဉ်းစားထားတယ်။ နာရီဝက်လောက်ကြာတော့ မျက်နှာသစ်ဖို့ လာဆိုပြီး တိုက်ခန်းလေးက လှမ်းမြင်ရတဲ့ ရေကန်ရှည်မျောမျော ဖက်ဆီကို ခေါ်သွားတယ်။ ကျမ အဲဒီရေကန်ဖက်ကို သွားနေတော့ ရေကန်မျက်နှာချင်းဆိုင်က သစ်သားတိုင်တွေ နဲ့ ဆောက်ထားတဲ့ သစ်သားဆောင်ကြီးကြီး အထဲက လူတွေတန်းစီကြည့်နေတာ တွေ့ရတယ်။ ကိုယ့်သူငယ်ချင်းတွေဖြစ်မယ် တွေးပြီး သူတို့ဖက်ကို အပြတ်မျက်နှာလှည့်ပြီး ကြည့်လိုက်တော့ ရယ်ပြီး လက်ပြနှုတ်ဆက်နေတဲ့ သူငယ်ချင်းတွေကို မြင်လိုက်ရတယ်။ ဘယ်သူမှ မလာကြနဲ့ စကားမပြောကြနဲ့ ဆိုတဲ့ အမိန့်ပေးသံကြားရပေမယ့် သူတို့က အထဲက စကားတွေ အော်ပြောနေသေးတယ်။

နေကောင်းတယ် မဟုတ်လား ဘာလိုသေးလဲ ဆိုတဲ့ အသံတွေကို ခေါင်းညိတ်ပြရင်း မျက်နှာသစ်လိုက်တယ်။ မျက်နှာသစ်နေတုန်းခုန မိလ္လာအိုးချပေးတဲ့ ကောင်မလေးက အိုးကို အထဲပြန်ထည့်ပေးနေတယ်။ အင်း ဒီတိုက်ထဲမှာ ဘယ်လောက်နေရဦးမယ်မသိဘူးလို့ တွေးနေမိပေမယ့် ထောက်လှမ်းရေးတုန်းကလို အလုံပိတ် အမှောင်မဟုတ်တဲ့အပြင် ကိုယ့်သူငယ်ချင်းတွေရဲ့ အားပေးသံတွေ လူချင်းမြင်နေရတာတွေကြောင့်တော့ အားတက်ပြီး နေပျော်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အားလုံးပြီးတော့ သူတို့ကို လက်ပြနှုတ်ဆက်ပြီး ကိုယ့်အခန်းဆီ ပြန်လာလိုက်တယ်။

ရေကန်မှာ စောင့်ပေးနေတဲ့ အကျဉ်းသူက တိုက်ရှေ့ထိ လိုက်ပို့ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။ အန်တီ့ နာမည် မကြည်အောင်ပါတဲ့။ ဒီမိန်းမထောင်မှာ တန်းစီးတဲ့။ အော .. ထောင်တန်းစီး ဆိုတာမျိုးက သိပ်ဆိုးတယ်။ အမှုကြီးတွေမှ တန်းစီးလုပ်ရတယ်လို့ စာအုပ်တွေထဲ ဖတ်ဖူးတာမို့ အန်တီက ဘာမှုနဲ့ ကျတာလဲ လို့ မေးမိသေးတယ်။ သူက လူသတ်မှုတဲ့။ ဟိ .. စိတ်ထဲမှာ ကျောချမ်းသွားသေးတယ်။

လိုတာရှိရင် အန်တီ့ကိုမှာပါ။ အဆောင်ပေါ်က သူငယ်ချင်းတွေကို ပြောစရာရှိရင်လဲ ပြောခိုင်းပါ တဲ့။ ဒီဖက်ကို သူနဲ့ ၀ါဒါမတွေက လွဲရင် ဘယ်သူမှ လာခွင့်မရှိဘူးတဲ့။
အော် ..ဘာဖြစ်လို့လဲ အန်တီ ဆိုတော့ နင်က သီးသန့်အကျဉ်းသူ နောက် တိုက်ပိတ်လေတဲ့။ ဒါ့ကြောင့် ဘယ်သူနဲ့မှ တွေ့ခွင့်မရှိဘူး။ အမှုအတွက် ရုံးထွက်ရဦးမယ် မဟုတ်လား။ အမှုပြီးမှ အဆောင်ပေါ်ပြောင်းရမှာ တဲ့။ အင်းပေါ့လေ ။ ဒါဆို အန်တီတော့ လာစကားပြောပါဦး ပျင်းတာနဲ့ သေမယ်လို့ ပြောလိုက်တော့ အေးအေးတဲ့။

အဲဒီနေ့က မနက်မုန့်ကို ပေါင်မုန့်ကျွတ်စားပြီး ထောင်က ဝေတဲ့ ဆန်ပြုတ်ကို သောက်လိုက်တယ်။ တော်ပါသေးရဲ့ ။ဆန်ပြုတ်က သိပ်မကောင်းပေမယ့် ပူပူ ငန်ငန်လေး ဖြစ်နေတော့ အတော်ပဲ ဖြစ်သွားတယ်။ ဒါပေမယ့် မနက်မုန့်စားပြီးတာ သိပ်မကြာသေးခင် တိုက်တန်းထိပ်နားက တံခါးခေါက်သံ ကြားရပြီး ထမင်းလာပြီ ဆိုတဲ့ လူသံတွေ ကြားရတယ်။ မနက်စာ ထမင်းကို တန်းစီယူနေတာ ဖြစ်မယ်။ ကျမအတွက် ခုနတန်းစီးက ဇလုံလာတောင်းပြီး ထမင်းယူလာပေးတယ်။ ထမင်းက အရောင်တော်တော်ဆိုးတယ်။ ပြီးတော့ ပြဲနေပေမယ့် မနပ်ဘူး။ ဟင်းကတော့ ပဲဟင်းရည်ပဲ။ ကုလားပဲ ဟင်းအချို။ အရည်ကတော့ ကျဲတယ်။ အဲဒီအချိန်တုန်းကသာ ကုလားပဲ။ အခုအချိန်မတော့ အမည်းရောင်ပဲ တဲ့။ အများအားဖြင့် ပဲတောင် မပါတော့ဘူးတဲ့။

ထမင်းဇလုံကို အပေါ်က ပုဂံပြားတခု ယူလာ ပိတ်ပြီး သံတိုင်ကြားက စောင်းသွင်းတယ်။ ပဲ ဟင်းထည့်ထားတဲ့ ဇလုံလေးကို သံတိုင်အပြင်မှာ ချပေးတယ်။ ထမင်းစားတာ သံတိုင်ခြားပြီး ဟင်းခပ်စားရတာ ရယ်စရာကောင်းသား။ သူတို့ ထမင်းထဲမှာ ပုံပေးတဲ့ ငါးပိက အစိမ်းကြီးလား မသိ။ ငါးပိစိမ်းပေါ် ငရုတ်သီး ဆီသတ်ထားတဲ့ ဆီနည်းနည်း ဆမ်းပေးထားတယ်။ အင်း ငါးပိတော့ အစကတည်းက မကြိုက်တော့ မစားဖြစ်ဘူး။ ပဲဟင်းရည်က ဘာအရသာမှ မရှိ။ ပြုတ်ထားတာ ဆားတောင်မထည့်ဘူးထင်တယ်။ အဆောင်ပေါ်က သူငယ်ချင်းတွေက ဟင်းပေးလိုက်တယ်ဆိုပြီး တန်းစီးက ကျွတ်ကျွတ်အိတ်လေး တခု ယူလာပေးတယ်။ နောက် သူလဲ အပြင်က လှေခါးထစ်ကလေးမှာ ထိုင်ပြီး အတွင်းနဲ့ အပြင် သံတိုင်ခြားလို့ ကျမနဲ့ထမင်းတူတူ လာစားတယ်။

နေ့လည်လောက်ကျတော့ မနေ့က ကျမအိမ်ကို သွားပြောခိုင်းတဲ့ ထောင်ဝါဒါမ နေ့လည်ဂျူတီချိန်းပြီး ၀င်လာတော့တယ်။ သူ့ဆွဲခြင်းထဲမှာ ကျမအတွက် ကျမအိမ်က ထည့်ပေးလိုက်တဲ့ကော်ဇလုံ နဲ့ ကော်ဇွန်းလေးရယ် ခေါက်ဆွဲကြော်တထုတ်ရယ် ၀ှက်ယူလာပေးတယ်။ မနပ်တဲ့ ထမင်းကို ၀င်သလောက် စားထားတာမို့ ခေါက်ဆွဲကြော်ကို ညနေမှ စားမယ် ဆိုပြီး ကော်ဇလုံထဲ ထည့်သိမ်းထားလိုက်တယ်။ အဲဒီခေါက်ဆွဲကြော်စားရင် ကလေးကို နည်းနည်းကျွေးပါနောတဲ့။ အဲဒီထောင်ဝါဒါမက သူခါးထစ်ခွင်ချီထားတဲ့ ၉ လသား ကလေးလေးကို ပြပြီး တောင်းနေတယ်။ (အင်း … ထောင်ထဲမှာ ဒီလိုပဲ တောင်းစားနေကျ ထင်တယ်။) လာခဲ့လေ.. ညနေထမင်းစားချိန်ကျရင် ပြန်မထွက်သေးဘူး မဟုတ်လား။ ကျမက အဲလိုပြောပေမယ့် သူက ခုံတန်းလေးနေရာမှာ နောက်ထပ် ခုံတန်းတခု ထပ်ချပြီး နေရာ ယူထားလိုက်ပြီ။ အော်… သူ ဒီနေရာမှာ စောင့်နေတော့မှာကိုး ။ သူ ကလေးကို ချသိပ်ပြီး တချောင်းထိုးအပ်ကလေး ကိုင်လို့ ပုဝါ ထိုးနေတယ်။ တန်းစီးနဲ့အတူ အခြား ထောင်ကျတွေ သူ့အနားကို လာသလိုလိုနဲ့ ကျမကို လာကြည့်ကြတယ်။ ကိုယ့်လူတွေတော့ လာတာ မတွေ့ရဘူး။ လာလို့မရကြဘူးဖြစ်မယ်။ ခုန ၀ါဒါမကို စကားထိုင်ပြောပြီးနေ့လည် အချိန်ကို ကုန်လွန်လိုက်တယ်။ ညက ကြမ်းပိုးထိုးတဲ့ဖျာကိုလည်း အပြင်ထုတ်မယ် ပြောပြီး ထုတ်ထားလိုက် တယ်။

တန်းစီးမကတော့ အဆောင်ပေါ်က လူတွေ နင့်ဆီလာချင်လို့ အဆောင်မှုးအလစ် ချောင်းနေတယ်လို့ လာပြောတယ်။ ကျမ မှတ်မိသလောက်တော့ ထောင်ကို စရောက်တဲ့ အချိန်မှာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်လား မသိဘူး။ အဲဒါပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ ဒါပေမယ့် ထောင်ဝင်စာ တွေ့လို့မရသေးဘူး ဆိုတာကို မှတ်မိနေတယ်။ ကျမ အိမ်ကတော့ သတင်းရသွားတာ သေချာနေပြီ ဆိုတော့ နောက်ပိုင်းရက်တွေ အတွက် နည်းနည်း စိတ်အေးရပြီပေါ့။

ညနေ ထောင်ပိတ်ခါနီးမှာ တန်းစီး ကျမဆီကို အထုတ်တခု ပိုက်ပြီးရောက်လာတယ်။ အထဲမှာ စောင်နဲ့ အ၀တ်အစားတချို့ဖြစ်နေတယ်။ အဆောင်မှုးဆီကို ကျမ သူငယ်ချင်းက သွားပို့ ပေးထားတာတဲ့။ သူသယ်လာတာကို လူမသိစေချင်ဘူး တဲ့။ တန်းစီးကတော့ မိန်းမထောင်က အဆောင်မှုးကို အကြောင်း အပေါင်း သင့်တယ်ထင်တယ် ။ သူ ကိုယ်တိုင်တက်တက်ကြွကြွ ယူလာပေးတယ်။ တကယ်တော့ ထောင်ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ နေတတ်ရင် အကျယ်ကြီးလို့ အားပေးတတ်တဲ့ ကျမသူငယ်ချင်းတယောက်ကို သတိရလိုက်မိတယ်။ သူလဲ ခုချိန် အင်းစိန်ထောင်ထဲမှာ ဘယ်လိုနေမယ် မသိဘူး။ သူက ကျမထက် နည်းနည်းစောပြီး ၀င်သွားရတာပဲ။ ကျမကလည်း ခုချိန်ထိတော့ ဒုက္ခမတွေ့သေးဘူး။ အင်း.. ထောင်ထဲကနေ ဒုက္ခမတွေ့သေးဘူး ပြောလို့ တမျိုးဖြစ်နေမလားမသိဘူး။ နောက်ပိုင်း ကျမပြောပြမယ့် ထောင်ထဲက ဒုက္ခတွေကို သိရရင်တော့ ခု ပြောတာကို နားလည်လာလိမ့်မယ်။( နောက်မှသိရတာက စောင်ထည့်ပေးတဲ့ သူငယ်ချင်းက ကျမတို့မြို့မှာ နာမည်ကြီး အကျီ င်္ချုပ်တဲ့ဆိုင်။ အဲဒီအန်တီကြီးရဲ့ သမီးက သူတို့ဆိုင်မှာ အလုပ် လုပ်တာတဲ့။ ဒီတော့ ကျမသတင်းကို ကြားတာနဲ့ အဲဒီသူငယ်ချင်းက သူ့သမီးကတဆင့် ပေးခိုင်းလိုက်တာ။ နောက်ပိုင်းလဲ အဲဒီသူငယ်ချင်းပို့ပေးတဲ့ ငါးခူကြော်တွေ ။ ကြက်သားကြော်တွေလည်း စားရသေးတယ်။)

ဒီလိုနဲ့ နေလာလိုက်တာ တနင်္လာနေ့ ထောင်ပိုင်စစ်မယ့်နေ့ ရောက်လာတယ်။ မနက်စောစော ကျမကိုလည်း ထောင်ပိုင်လာရင် သူမေးတာ ကောင်းကောင်း ဖြေပေးနော်လို့ တန်းစီးကလာပြောတယ်။ သူတို့ကလည်း အပေါ်အောက်အဖြူတွေ ၀တ်လို့။ အမှိုက်ကောက်နေတဲ့ အဖွားကြီးတွေလည်း အဖြူဝတ်စုံတွေနဲ့ ကျမရဲ့တိုက်ခန်းရှေ့မှာတောင် လာကောက် နေသေးတော့တယ်။ အမှိုက်ကောက်နေတဲ့ အဖွားကြီး တယောက်က ကျမအခန်းရှေ့ရောက်တော့ ဟိုကြည့်ဒီကြည့် ကြည့်ပြီးကျမဆီကို အထုပ်သေးသေးလေးတခု လာပေးတယ်။ ကျမလဲ အမြန် ယူပြီး အခန်းချောင်လေးထဲ သွားဖွင့်ကြည့်တော့ ဘောပင်မင်ချောင်းလေးရယ် စာရွက်လွတ်လေးတရွက်ရယ်နဲ့ စာရေးထားတဲ့ စာရွက်ပိုင်းလေး တခုတွေ့တယ်။

အမရေ…
ရေးချင်တာ ရေးမှာလို့ ရအောင် ပို့ပေးထားတာ။ ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားနော်။ ဟင်းတွေ လိုရင် တန်းစီးဒေါ်ကြည်အောင်နဲ့ မှာလိုက်ပါ။ သူ့ကိုတော့ အကုန်မယုံပါနဲ့။ စကားအကုန်မပြောပါနဲ့။ မသန်းသန်းမြင့်ကို တချို့အကူအညီ တောင်းလို့ရမယ်။ ကျမတို့ အိမ်ကိုလည်း အကြောင်းကြားထားတယ်။ အမအိမ်ကို သွားပြောပေးဖို့။ သိပ်မကြာခင် တွေ့ရမယ်။
ဒါပဲနော်
သစ္စာဖြင့်
…….

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

ရွှေဂျမ်း said...

အမရဲ့ ဘ၀ဒိုင်ယာရီတွေက ဖတ်လို့ ကောင်းလိုက်တာ။ တကယ်ကြုံတွေ့ခဲ့ရတဲ့ အမအတွက် စိတ်မကောင်းသလို စိတ်အားမလျှော့တဲ့ အမကိုလည်း အရမ်းချီးကျူးပါတယ်။ နောက်ရေးမယ့် အပိုင်းတွေကိုလည်း စောင့်ဖတ်နေမှာပါ။

ကိုပေါ said...

စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ထောင်ထဲရောက်နေသူ ရဲဘော်အချင်းချင်း ဖေးမကြတဲ့အချက်ကို နှစ်သက်မိပါတယ်။

Unknown said...

အရင်ကတည်းက စောင့်ဖတ်တာပါ
ဆက်ရေးပါနော်

Khin Ma Ma Myo said...

အစ်မရေ။ ဒီလိုအခြေအနေမျိုးကိုရဲရဲဝံ့ဝံ့တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ခဲ့တဲ့ အစ်မကို အရမ်းလေးစားမိတယ်။ အမှန်တရားပေါ်အခြေခံထားတဲ့ ယုံကြည်ချက်ကို ဘယ်အရာကမှရိုက်မချိုးနိုင်တာကို အစ်မသက်သေပြလိုက်တာပဲ

ကေကေ said...

အစ်မရေ..စောင့်ဖတ်နေပါတယ်..

M.Y. said...

ကလေးလေး နဲ့ ထောင်ဝါဒါမ ခေါက်ဆွဲကျော် ထိုင်မျှော်နေတဲ့ပုံမြင်ယောင်ရင်း စိတ်ထဲမကောင်းပါ။ သူတို့ တော်တော်တန်ဖိုးထားရှာမယ်..

မြန်မြန်ဆက်ပါဦး..(အချိန်ရရင်ပေါ့)

ZMT said...

အန်တီရေ ဖတ်ရတာ စိတ်လည်းမကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ စိတ်မကောင်းဘူးဆိုတာက အန်တီ နဲ့အတူ လက်ရှိ ထိန်းသိမ်းထားသူတွေ အတွက် စိတ်မကောင်းတာပါ။ စိတ်ဝင်စားတာက တော့ အန်တီ နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာ ယုံကြည်ချက်အတွက် ဘယ်လို ကြံ့ကြံ့ နေနေကြတယ်ဆိုတာကို ဖတ်ရလို့ပါ။ ဆက်ရေးပါအန်တီ ကျွန်တော်တို့ ကိုရီးယားကား ကြည့်နေရသလိုပဲ ဇာတ်ရှိန်တက်လေ ကြေငြာဝင်လေ ဇာတ်ရှိန်တက်လေ နောက်တစ်ပတ် စောင့်ရလေ ဖြစ်နေလို့ :)

Kaung Kin Ko said...

ဒိုင်ယာရီလာ ဖတ်သွားပါတယ်။