မိတ်ဆက် နိဒါန်း
ဘ၀ဒိုင်ယာရီ အမှတ် ၂ ကို ဆက်ရေးပါလို့တောင်းဆိုလာသူတွေများတာကြောင့်(ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် မြှင့်လိုက်တယ်) အလုပ်များနေတဲ့ ကြားကပဲ ကြိုးစားရေးလိုက်တယ်။ ကိုယ့်အတွက်လဲ အမှတ်တရ သိမ်းထားစရာ ဖြစ်တာပဲ မဟုတ်လား။ တကယ်က ကိုယ့်အကြောင်းကို ရေးနေတာထက် အတွေ့အကြုံတခုကို ဝေမျှပေးချင်တာပါ။ စာလာဖတ်တဲ့သူထဲက တဦးဦးလဲ ဒီလိုအဖြစ်အပျက်မျိုးကို တွေ့ကြုံတဲ့အခါ နည်းနည်းတောင့်ခံနိုင်လိမ့်မယ် လို့ ယူဆလို့ပါ။ တချို့အခြေအနေက နည်းနည်းလေး တောင့်ခံထားလိုက်တာနဲ့ အများကြီး ပြောင်းလဲ နိုင်တယ်ဆိုတာကို ကျမက လက်တွေ့ သိခဲ့ ရတာမို့ ခုချိန်မှာ တွေ့ကြုံလာသမျှကို ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ စိတ်ဓါတ် အမြစ်တွယ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုတဲ့ စကားလေးကို မသိချင်ယောင်ဆောင်လို့ ဘ၀ ဒိုင်ယာရီ အမှတ်(၂) ထောင်တွင်း အတွေ့အကြုံကို ဖောက်သည်ချခွင့် ပြုပါတော့။
အပိုင်း(၁)
အကျဉ်းထောင်ကိုအသွား…….
ခေါင်းကိုစွပ်ပြီး ကျမကို တင်ခေါ်လာတဲ့ ကားက မြို့အ၀င်နားကိုရောက်တော့ ခေါင်းစွပ်ချွတ်လိုက်ပါပြီ။ နေ၀င်ဆည်းဆာမှ လှပနေတဲ့ ကျမတို့မြို့လေးရဲ့ညနေကို လယ်ကွင်းတွေဖြတ် ၊ ဈေးတွေကို ဖြတ်လို့ မြို့လည်က အကျဉ်းထောင် တည်ရှိရာကို ဦးတည်လာနေပါတယ်။ လမ်းတလျှောက်မှာ ကိုယ့်အသိများ တွေ့မလား လို့ သေချာ ကြည့်နေပေမယ့် ကံဆိုးစွာ မတွေ့ခဲ့ရပါဘူး။ တွေ့ရင်တော့ ထောင်ကို သွားပဟဲ့လို့ အကြောင်းကြားချင်လို့ပါ။ ဒါနဲ့ပဲ ထောင်ရှေ့လမ်းကို ချိုးကွေ့ ကားကို ထောင်ရှေ့မှာ ရပ်ပြီး ကားရှေ့ခန်းက ထောက်လှမ်းရေး အရာရှိတယောက် ဆင်းသွားတာ တွေ့ရပါတယ်။ ကျမကတော့ အီးတူးသောင်ဇင် ကားနောက်ခန်းမှာ အစောင့် စစ်သား ၂ယောက်နဲ့ ထိုင်ကျန်နေခဲ့ပါတယ်။ ကျမရဲ့ရှေ့မှာ အကျဉ်းထောင်ထဲကို ရုံးထုတ်က ပြန်လာတဲ့ အချုပ်သားတွေ တန်းစီဝင်နေတာလဲတွေ့နေရတယ်။ သူတို့ ၀င်ပြီးတဲ့ထိ ထောက်လှမ်းရေး အရာရှိက ပြန်မလာသေးဘူး။ ကျမလဲ အသိတွေ့မလား မျက်လုံးကို ပြူးကျယ်နေအောင် လိုက်ကြည့်နေတာပဲ။ ဘာဖြစ်တယ်မသိ ။ ကျမတို့ မြို့မှာ အင်မတန်လူသိများတဲ့ ကျမက ဒီနေ့မှာမှ ဘယ်သူမှကို မတွေ့ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ နေက ကျလာနေပြီ။ ဘယ်ကိုများ ထပ်သွားရဦးမလဲ လို့တောင် စိတ်ထဲက တွေးမိလာနေပြီ။
ထောက်လှမ်းရေးအရာရှိနဲ့အတူ အကျဉ်းထောင် အရာရှိတယောက်ပါလာတာ တွေ့တယ်။ ကျမက ထောင်ဝင်စာ လာတွေ့သူတွေနဲ့ ပါလာဖူးတော့ ဒီအရာရှိကို မြင်ဖူးသလိုလိုပဲ လို့ သေချာကြည့်လိုက်မိတယ်။ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဘိုရုပ်ပေါက်နေတဲ့ ထောင်ဝန်ထမ်းအရာရှိ တယောက်ပဲ ။ အဲဒီအချိန်က သူ့နာမည်ကို မသိသေးဘူး။ အနားကပ်လာတော့ ရင်ဘတ်က နာမည်ကို သေချာ ဖတ်လိုက်တယ်။ ဦးထွန်းဦး၊ ထောင်မှုးကြီး တဲ့။ ကျမကို ကားအောက်ဆင်းဖို့ခေါ်ပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ ဒါနဲ့ ခပ်မြန်မြန်ဆင်းပြီး ကားပေါ်က စစ်သားတွေကိုတောင် ကျမက နှုတ်ဆက် လိုက်သေးတယ်။ ထောက်လှမ်းရေးအရာရှိက ကျမကို ခပ်ငေးငေးကြည့်နေတယ်။ သူက ကျမထက်ကြီးလှ ၅ နှစ်လောက်ပဲ ထင်တယ်။ ထောင်မှုးကြီးနောက်ကနေ ထောင်ထဲဝင်တဲ့ တံခါးကြီးအတိုင်း ၀င်လိုက်တယ်။ တကယ်ဆို အကျဉ်းသားဆိုရင် တံခါးပေါက်သေးသေးလေးကနေ ခါးကုန်းခေါင်းငုံ့ဝင်ရအောင် လုပ်ထားတဲ့ ထောင်ထုံးစံအရ ကျမက တံခါးပေါက်သေးက ၀င်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ကျမက ထောင်မှုးကြီးကို ဖွင့်ပေးတဲ့ တံခါးပေါက်အကြီးကနေပဲ ခပ်တည်တည်ဝင်လိုက်တယ်။ ထောင်ဝါဒါတွေကလည်း ဘာမှမပြောပါဘူး။ ထောင်ရုံးခန်းမှာ ခဏထိုင်စောင့်ခိုင်းတယ်။ နောက် ထောင်မှုးကြီးနောက်မှာ အရစ်သုံးရစ်ပါတဲ့ ထောင်ဝါဒါတယောက် နဲ့ ကျမ တို့ လမ်းလျှောက်ရင်း မိန်းမဆောင်ဖက်ကို ထွက်လာခဲ့တယ်။ မိန်းမဆောင်သွားတဲ့လမ်းမှာ ယောက်ျားလေး အဆောင်တချို့ဘေးက ဖြတ်သွားရတယ်။ အဲဒီယောက်ျားလေး အဆောင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ ထားတာတဲ့။ သူတို့ကလည်း ကျမ ရောက်လာမယ် ဘယ်လို သတင်းကြားတယ်မသိ ။ ထောင်မပိတ်ခင် လမ်းလျှောက် လွှတ်တဲ့ အချိန်လဲ ဖြစ်နေတော့ တပျော်တပါးကြီး မတ်တပ်ရပ် နှုတ်ဆက်ကြတယ်။ အဲဒီထဲမှာ ကဗျာဆရာ ကိုအောင်ဝေးပါတယ်။ ဒေါက်တာသက်မင်း ပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ တော်တော်များများပါတယ်လေ။ သူတို့တွေက ကျမကိုဖမ်းမိတယ်ကြားပြီး တလလောက်သတင်းအစအန ပျောက်နေတော့ စိုးရိမ်နေဆဲ ခုလို ကျန်းကျန်းမာမာ မြင်ရတော့ ၀မ်းသာ သွားတယ်လို့ ထောင်ကလွတ်လာတော့ ပြန်ဆုံချိန်မှာ ပြောပြကြတယ်။
ကျမကလဲ ၀မ်းသာအားရ ပြန်ပြီး နှုတ်ဆက်တာပေါ့။ လက်တဖက်က ရေဘူးကို ပိုက်။ တဖက်က ကျွပ်ကျွပ်အိတ်ကို ဆွဲလို့ ပါးစပ်က အသံအော်ကျယ်ကျယ်နဲ့ ရယ်လို့ နှုတ်ဆက်နေတဲ့ ကျမကို ထောင်မှုးကြီးက တအံ့တသြကြည့်ရင်း နင်တို့ နိုင်ငံရေးမှုတွေက လာလိုက်ရင် ဒီလိုချည်းပါလားတဲ့။ ထောင်ထဲကို ပြုံးရယ်ပြီးဝင်လာတာ နိုင်ငံရေးမှု တွေပဲနော်တဲ့။ ကျမကို အားရပါးရ ချီးကျူးလိုက်တယ်။ ကျမကလည်း ဘာဝမ်းနည်းစရာ ရှိလို့လဲ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ် တွက်ပြီးသားပါလို့ ပြန်ပြောပစ်လိုက်တယ်။
ကျမ မိန်းမဆောင်ထဲ ၀င်လိုက်တော့ အဆောင်အကြီးတခုနဲ့ အသစ်ဆောက်ပြီးစ တိုက်သစ် တန်းလျားလေးတခု တွေ့လိုက်တယ်။ ကျမကို စောင့်နေပုံပေါက်တဲ့ ထမိန်နက်ပြာ အကျီ င်္ အဖြူဝတ် မိန်းမတွေကိုတော့ တန်းစီရပ်နေလျက်သား တွေ့လိုက်ရတယ်။ လူတွေ သွားလာနေတာတော့ မတွေ့ရဘူး။ ကျမကို ထားဖို့ လုပ်ထားတဲ့ နေရာနဲ့ ပတ်သက်လို့ မိန်းမထောင်က အကြီးအကဲနဲ့ ကျမကို လိုက်ပို့တဲ့ ထောင်မှုးကြီးနဲ့ စကား အခြေအတင် ပြောနေတယ်။ ကျမကလည်း ခပ်ဝေးဝေးမှာ မတ်တပ်ရပ်လို့ ကိုယ့်သူငယ်ချင်းတွေကို မျက်လုံးတောင်းမှောက် လိုက်ရှာနေပေမယ့် တယောက်မှ မတွေ့ရဘူး။ သူတို့တွေ စကားပြောနေတုန်း နောက်ထပ် ယောက်ျားထောင်မှုးတယောက် ၀င်လာတာ တွေ့ရတယ်။ နောက် သူကပဲ အသစ်တိုက်တန်းက ဒုတိယမြောက်အခန်းကို နေစေဖို့ အမိန့်ပေးနေတာ တွေ့တယ်။ ဒါ သူတို့လို သီးသန့်တွေအတွက် ဆောက်လိုက်တာ မဟုတ်လားလို့ ခပ်မာမာပြန်ပြောနေသံလည်း ကြားတယ်။
ဒီနောက်တော့ ခပ်ငယ်ငယ်နဲ့ ပျော့ပြောင်းတဲ့ မျက်နှာရိပ်ရှိတဲ့ ၀ါဒါမကလေးတယောက်က တံခါးသော့ကိုဖွင့်ပြီး ကျမကို အထဲ သွင်းလိုက်တယ်။ လှေခါးတထစ်တက်ရတဲ့ ၈ပေ ပတ်လည်လောက်ရှိပြီး အလယ်တံခါးပေါက်မှာ သံတိုင်တွေတပ်ထားတဲ့ တိုက်ခန်းထဲမှာတော့ ပျဉ်ခင်းထားတာကိုတွေ့ရတယ်။ ကိုယ့်မှာလည်း အခင်းပါမလာတော့ ကျွတ်ကျွတ်အိပ်ထဲမှာ ပါလာတဲ့ လုံချည်အပိုတထည်နဲ့ ဖုန်တွေခါပြီး ခင်းထာလိုက်တယ်။ နောက် ရေဘူးကိုဘေးချ မီးသီးလေး လင်းနေတဲ့ မျက်နှာကျက်ကို ကြည့်ပြီး လှဲချနေလိုက်တော့တယ်။ ဟူး … ညနေစာ လဲ မစားရသေးဘူး ။ ဗိုက်ဆာလိုက်တာ။ လှဲနေတုန်း တံခါးသော့ဖွင့်ပြီး မိလ္လာအိုးတလုံးကို ကောင်မလေး တယောက်က လာသွင်းပေးသေးတယ်။ အဆောင်ဘက်က တံခါး သော့ခတ်သံတွေ တစ်ခန်း လူဘယ်နှစ်ယောက် ။ နှစ်ခန်း လူဘယ်နှစ်ယောက်။ သုံးခန်း လူဘယ်နှစ်ယောက်ဆိုတဲ့ အော်သံတွေ ကြားရပြီး တံခါးသော့ကို ဆွဲလှုပ်ပြီးစစ်ဆေးသံကို ကြားနေရတယ်။ အော် … အဆောင်တွေ ပိတ်တာပဲလို့ သိလိုက်တယ်။ တကယ်က ထောင်အခေါ်အဝေါ်အရ တန်းပိတ်တယ်လို့ ခေါ်တယ် ဆိုတာ နောက်ပိုင်းသိလာတယ်။
ခဏကြာတော့ အခန်းဝက သံတိုင်နားမှာ ၀ါဒါတယောက်လာရပ်တယ်။ ကိုယ်နဲ့ ရွယ်တူလောက် ရှိမယ်ထင်တာမို့ ဟဲ့ ထမင်းမစားရသေးဘူး လို့ ပြောလိုက်တော့ ဟုတ်လား ဆိုပြီး ခဏလေး သွားရှာပေးမယ် နင်တို့လူတွေ လာကြည့်ခိုင်းလို့ ဆိုပြီး ခပ်သုတ်သုတ်ထွက်သွားတယ်။ အော် .. ငါရောက်နေတာ သိပြီပေါ့.. လို့ အားတက်သွားတယ်။ ဒီမှာတော့ အပြင်လူနဲ့ စကားပြောရတော့မယ် လေ။ သိပ်မကြာဘူး ။ ကော်ဇလုံလေး တခုကိုင်ပြီး ထမင်းနဲ့ ဟင်းကို ကျွတ်ကျွတ်အိပ်ထဲ ထည့်ထားတာတွေ သယ်လာပေးတယ်။ ဒါက မြင့်မြင့်အေး ပေးလိုက်တာ။ ဒါက တင်မာဦး နာမည်တွေ တခုပြီးတခု ပြောနေတယ်။ ဒါနဲ့ နင်အခင်းမရှိဘူးလားတဲ့။ အင်းဆိုတော့ အေး ပြီးရင်သွားယူပေးမယ် လို့ ထပ်ပြောတယ်။ သူတို့တွေက ဘာပါလာလဲ ကြည့်ခိုင်းတာတဲ့။ ဘာမှ ပါမလာဘူးလို့ နောက် ငါ့အိမ်ကိုလည်း အကြောင်းကြားပေးဦးလို့ ပြောတော့ အင်းတဲ့ ခပ်အေးအေးပဲ ပြောတယ်။ အဲဒီနေ့က သူတို့ဆီက ငံပြာရည်ကြော်နဲ့ ငါးခြောက်ကြော်နဲ့ ထမင်းစားလိုက်တယ်။ ထမင်းစားနေတုန်း အဲဒီတယောက်သယ်လာတဲ့ အောက်ခံ ဖျာကြမ်းရယ် စောင်ပါးတထည်ရယ် ကို အားရပါးရ ယူခင်းလိုက်ပြီး အိပ်ဖို့လုပ်တော့ သူက စကားပြောချင်ပုံပဲ။ အခန်းရှေ့နားမှာ ခုံတန်းလေးတခု လာချပြီးထိုင်တယ်။ ကိုယ်ကလည်း စကားမပြောဖြစ်တာ ကြာနေတဲ့ လူဆိုတော့ နာမည် ဘယ်သူလဲ လို့ စမေးလိုက်တယ်။ သန်းသန်းမြင့်တဲ့ သူ့မှာ ကိုးလအရွယ်သားလေး လဲ ရှိတယ်တဲ့။ ကလေးသွားခေါ်ပြမယ်ဆိုပြီး ခဏပြန်ထွက်သွားတယ်။ သူ ပြန်လာတော့ ရွှေကျီးပေါင်မုန့် ခြောက်တထုပ်ပါလာပြန်ရော။ အဆောင်ပေါ်က နင့်သူငယ်ချင်းတွေ ပေးလိုက်တာတဲ့။ မနက်မုန့်စားဖို့တဲ့။ အော် တယ်ဟုတ်ပါလားပေါ့။ ထောင်ဆိုတာ အေးဆေးပါပဲလား လို့တောင် တွေးမိသေး။
သူနဲ့ စကားစမြည်ပြောပြီး သူက ကျမရဲ့ ဆိုင်ကို သိနေတော့ သွားအကြောင်းကြားပေးမယ် ဆိုတာ သေချာပြောပြနေတယ်။ အင်း ကောင်းတာပေါ့ ။ နို့မို့ အိမ်က စိတ်ပူနေမယ်လို့ ပြောလိုက်ပြီး မိတ်ဆွေဖွဲ့လိုက်တယ်။ သူကလဲ လိုတာရှိရင် သူ့ကို မှာနိုင်ကြောင်း ပြောပြီး မိတ်ဆက်ပေါ့။ အဆောင်ပေါ်က ဘုရားရှိခိုးသံထွက်လာမှ သူ ပြန်သွားတော့ အိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်မရဘူး။ ဘယ်ရမလဲ သယ်လာပေးတဲ့ ဖျာကြမ်းက ကြမ်းပိုးတွေ အများကြီးပဲ ။ ခြေထောက်မှာကိုက်ထားလိုက်တာ ရဲနေတဲ့ အဖုအပိန့်တွေ နဲ့။ ဒါနဲ့ ဖျာကြမ်းကို ဖယ်ပြီးခြေရင်းဖက်မှာ သွားထောင်ထားလိုက် တယ်။ ပြီးတော့ ဖျာကြမ်းပေါ်ခင်းထားတဲ့ လုံချည်ကို ပြန်ခင်းပြီး စောင်ကို ခေါင်းမြီးခြုံထားလိုက်တယ်။ ရောက်ခါစဆိုတော့ နည်းနည်းကြောက်တာနဲ့ ခေါင်းကိုပါ ခြုံထားလိုက်တာလေ။
ညတော်တော်နက်တဲ့အချိန်မှာ အားလုံးကောင်း ဆိုတဲ့ အော်သံတွေလဲကြားရတယ်။ အော် .. ငါထောင်ကို ရောက်ပါပေါ့လား လို့ သတိတရ ဖြစ်မိလိုက်တဲ့အချိန်ပဲ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

14 comments:
“ကျမကလည်း ဘာဝမ်းနည်းစရာ ရှိလို့လဲ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ် တွက်ပြီးသားပါလို့ ပြန်ပြောပစ်လိုက်တယ်။”
မှတ်သားလောက်ပါပေတယ်...မခင်မင်းဇော်။ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ် ဆိုတာ တွက်ပြီးသားပါ....တဲ့။ တချို့တွေ နားလည်ရ ခက်ကောင်းခက်ပါလိမ့်မယ်။
အမရေ
ဘ၀ဒိုင်ယာရီကို မျှော်လိုက်ရတာ။ သိပ်ဖတ်ကောင်းတာ။ ဆက်ရေးနော်။ စောင့်ဖတ်မယ်။
ချစ်သော
ချိုသင်း
မျှော်နေတာကြာပြီ...အခုမှပဲ ဖတ်ရတယ်။ အထွေအထူးတင်စရာမရှိရင် ခပ်စိပ်စိပ်လေး တင်ပေးပါအစ်မရေ....နောက် အချိန်၊နေရာ၊ဒေသ တွေကိုလည်း တတ်နိုင်သလောက်အကြမ်းဖျင်းပဲ ဖြစ်ဖြစ်ဖော်ပြပေးပါ...ကျွန်တော်က မှတ်တမ်းအတိအကျ ဖြစ်စေချင်လို့ပါ ခင်ဗျာ....ညိုထက်ညို
ဘ၀အတွေ့အကြုံတွေလာဖတ်သွားတယ် အမ။ စောင့်ဖတ်နေမယ်နော်။ လူကထောင်ကျနေပေမဲ့  စိတ်တွေကို ထောင်မချထားဘဲ သူ့နေ့ရက်တွေကို ဖြတ်သန်းတယ်လို့ သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ် အမရေ။
အမ .. ဒါကို စောင့်ဖတ်နေရတာ ရက်ပေါင်းများစွာ ..း)
ဒီဒိုင်ယာရီကိုအဆုံးအထိရေးပါလို့ ပဲတောင်းဆိုလိုက်ပါသည်
ဒါပဲလား...ခေတ်ဟောင်းတေးတွေ ပြန်သီပြီး တသက်လုံး ဂါရဝအပြုခံချင်နေတာလား... အခုကော ဘာတွေလုပ်နေလဲ ..ဒါကိုရေးတာ ပိုအဆင်ပြေလိမ့်မယ်...နှောင်းခေတ်တေးပဒေသာ အခန်းလုပ်နေတာလား...ငါတို့ ကတော့ စစ်တပ် မကောင်းမှန်းသိပေမယ့် ဘယ်အဖွဲ့ အစည်းကိုမှလဲ မယုံဘူး...ယုံကြည်စရာလဲ မတွေ့ဘူး..ယုံကြည်အားကိုးရလောက်အောင်လဲ ဘာတွေလုပ်ပြကြလို့လဲ ..တဆိတ်ရှိ ပြည်သူတွေကိုပဲ မြှောက်ပေး...ဟားဟား...ဘာပဲပြောပြော..ဂါရဝ အပြုခံချင်တယ်ဆိုရင်တော့ ရပါတယ်...ဂါရဝ ပြုလိုက်ပါတယ်ဗျာ...ဟားဟားဟား...
အမ ခပ်စိပ်စိပ်လေးတင်ပေးပါ
စောင့်နေတာကြာပါပြီ..
အခုလိုအတွေ့အကြုံဝေမျှပေးတာ
ကျေးဇူးပါ..
အစ်မ အပင်မြင့်လေ လေတိုက်ခံရလေဆိုတော့
ခွင့်လွတ်ပေးလိုက်ပါ...
ဟိဟိ..ဘာပင်ကြီးလဲ ဟင်..မြင့်နေတာက..ဘေစကိုင်းပင်ကြီးလား...ထင်းဆိုက်လို့လဲ မရ. အိမ်ဆောက်လို့လဲ မရ...အညွန့်လေးတွေတော့ တချို့ ကြိုက်တတ်တဲ့ သူတွေ က တို့စရာလုပ်စားတယ်ကြားဖူးတယ်... ဟဲဟဲ ..အညွန့်လေးတွေ တောင် လူတိုင်းမစားတဲ့ ဘောစကိုင်းပင်ကြီးဆိုရင်တော့....ဘယ်က ဘယ်လိုမြင့်တယ်ဆိုတာလေး သိခွင့်ရှိရင် သိချင်ပါတယ်ခင်ညာ.....
အန်တီရေ ဘ၀ဒိုင်ယာရီကို သေချာလာဖတ်ရှုသွားပါတယ်။ အတွေ့အကြုံတွေဆိုတာ ဘ၀အတွက် အဖိုးတန်တဲ့အရာတွေပါပဲ။
ဆက်ရေးပါဦးနော်… အမရဲ့ အတွေ့အကြုံကို ဖတ်ဖို့ စောင့်နေပါတယ်။
တီရေ လေးစားပါတယ်
>>aung + ohn...don't blame her !
Do self-examination first !
Wat have you done for your family and our mother land ???
-just think yourself first !!!
မအားတဲ့ကြားက ဒီပို့စ်ကိုအစအဆုံးလာဖတ်သွားတယ်၊ချီးကျူးဂုဏ်ပြုပါတယ်။ပြည်တွင်းမှာမကြုံခဲ့မရင်းနှီးဘူးခဲ့တာစိတ်မကောင်းဘူး၊
Post a Comment