Sunday, October 26, 2008

ခရီးသွား မှတ်တမ်း ၁

အဲဒီအဆောက်အဦးကြီးမှာ နိုဘယ်လ်ဆုတွေပေးတာလေ

ခရီးတခု ထွက်နေရတယ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းတခု တက်ဖို့လေ။ အဲဒီသင်တန်းမတိုင်ခင် ရုံးချုပ်မှာ အလုပ်တွေ လေ့လာသင်ယူ ကူလုပ်ပေါ့လေ။ အေးလွန်းတဲ့ ဥရောပနိုင်ငံရဲ့ ဆောင်းရာသီ ဆိုတော့လဲ အာရှတိုက်သူ အအေးကြောက် ကျမအတွက်တော့ တော်တော်ခက်ခဲပါတယ်။

ရောက်ခါစက အိပ်ယာကနေ နိုးတော့ မနက် ၅ နာရီ ။ အပြင်ဘက်ကြည့်တော့လဲ မိုးမလင်းသေး။ ဒါနဲ့အိပ်နေ၊ အိပ်မရ နာရီထပ်ကြည့် မနက် ၇ နာရီ မိုးမလင်းသေး။ မနေနိုင်တော့ဘူး။ ဘေးက ညီမတယောက်ကို ထနှိုးပြီးမေးရတယ်။ ဆေးဆေး မိုးဘယ်အချိန်လင်းလဲပေါ့။ သူက အမ အိပ်ဦး ၈ နာရီလောက်မှ ထ အတော်ပဲတဲ့။

အမ်မလေး ကျောကိုပူနေရော။ ဒါနဲ့ ထမင်းတအိုးထတည်ထားလိုက်တယ်။ မနက်လင်းတာနဲ့ ရုံးတက်ဖို့အဆင်သင့်ပြင်ရတာပဲကိုး။ ဟင်းချက်ဖို့ကလည်း အေးတဲ့ရာသီဆိုတော့ လေထုသိပ်သည်းတော့ အညှော်တွေ လုပ်လို့ မဖြစ်ဘူး ဆိုပြန်တယ်။ ဟမ် ဒါဆို ဘယ်လိုဟင်းချက်စားကြလဲဆိုတော့ ဒီလိုပဲ မိုက္ကရိုဝေ့ဖ်ထဲ အားလုံးပေါင်းထည့် ချက်လိုက်တာပဲတဲ့။ ဖြစ်ရလေ…။

ရုံးကိုရောက်ရင်တော့ ကော်ဖီသောက်လို့ရမယ်၊ ဆူရှီတွေ စားလို့ရမယ် ။ တော်သေးတာပေါ့။ ဆူရှီက ဈေးကြီးပေမယ့် နေ့တိုင်းအလကားစားရနည်းလားနော်။ နေ့တိုင်း နှစ်သက်စွာအားပေးတယ်။ ထမင်းစားတော့လဲ ဒီလိုပဲ စုစားကြတာပဲ ။ ရုံးမှာကျမှ ထမင်းအိုးတည်ပြီး ဟင်းချက်တတ်တာကတော့ ယောက်ျားလေး အများစု။ မိန်းကလေးဆိုတော့လဲ သူတို့ ချက်တာ ကပ်စားလိုက်တာပဲ။

ကိုယ့်ကိုယ်ကိုလဲ နိုင်ငံခြားရုပ်ရှင်ထဲ ရောက်နေသလိုပဲ။ ၀တ်ရတာလဲ အထပ်ထပ်။ လူတိုင်းကလဲ ပြေးနေသလို သွားနေကြတာပဲ။ အော်.. ရထားချိန် ကားချိန်တွေက အတိအကျကိုး။ အချိန်နောက်ကို အမှီပြေးနေတာဖြစ်မယ်။ ရာသီဥတုကတော့ မှိုင်းမှုန်ဝေ နေတာပါပဲ။ ဘူတာကနေ ရုံးကို လမ်းလျှောက်ရင်း ချွေးထွက်အောင် လုပ်ရတယ်။ ကားတမှတ်တိုင် စီးဖို့ ရှိပေမယ့် မစီးချင်ပါ။ ဒီလိုလမ်းမလျှောက်ဖြစ်ရင် တနေ့လုံး ရုံးက ကွန်ပျူတာရှေ့မှာ ထိုင်နေရမယ်ဆိုတော့ ဘယ်လိုဖြစ်မလဲနော်။ လျှောက်ပါတယ် နေ့တိုင်း။

ဒီနေ့စနေဆိုတော့ မြို့ထဲက ဈေးတွေ ရှော့ပင်းမောတွေကို ၀င်းဒိုးရှော့ပင် လုပ်ပစ်တယ်။ ၀ယ်တော့မ၀ယ်ပါဘူး။ သူတို့ပိုက်ဆံကို ကိုယ်က ၆ နဲ့မြှောက်ကြည့်နေမိတာကိုး။ ကိုယ့်ဆီမှာလဲ ရှိသားပေါ့ ဒီလိုဟာတွေများ ။ ဈေးသွားသူအချင်းချင်းလဲ မ၀ယ်သေးဘူး အမတဲ့။ နောက်လတွေ လျှော့တော့မှာတဲ့ ။ ခုလဲ လျှော့တာရှိနေတာပဲ ၂၅ ရာနှုန်း ၃၀ ရာနှုန်း တချို့ ၅၀ ရာနှုန်း ဒါကိုတောင် မ၀ယ်နဲ့ဦး လျှော့ဦးမယ်ဆိုပဲ။ စောင့်ကြည့်ရမယ်ပေါ့လေ။
ဥရောပ ရုပ်ရှင်ထဲ ကိုယ်တိုင်ဝင်ရောက်နေသလိုလို

ထူးဆန်းတာကတော့ စနေဆို ပွဲရှိလို့ ထွက်သလားမှတ်ရတယ် လမ်းပေါ်လူအပြည့် ကော်ဖီဆိုင်တွေ လူအပြည့် ။ တနင်္ဂနွေဆို ခြောက်ကပ်သွားပြန်ရော။ အော်.. ဥရောပစတိုင် ဆိုတာ ဒါပဲကိုးးးးးးးးး။ မှတ်သားလိုက်ရပါတယ်။

နောက်တခုက ကျမနေတဲ့ အိမ်နားမှာ ဒီနိုင်ငံရဲ့ ၀န်ကြီးချုပ်နေတဲ့ အိမ်ရှိတယ်။ အိမ်ကလေးက ခပ်ရိုးရိုးလေးနဲ့ သူရုံးတက်ဖို့ လာခေါ်တဲ့ ကားတွေကလည်း သာမန်တွေပါပဲ။ ကျမဖြင့် သူတို့ဝန်ကြီးချုပ်ကို ခုထိတော့ မမြင်သေးဘူး။ ကျမရုံးသွားချိန်နဲ့ သူရုံးတက်ဖို့ လာခေါ်ချိန်ကတော့ အမြဲပဲ တူနေတယ်။ သူတက်တဲ့ ရုံးကလဲ ကျမတို့ ရုံးနားမှာပဲတဲ့။

ဒီမှာတော့ အ၀ါရောင် သစ်ရွက်ကလေးတွေနဲ့ အေးစိမ့်တဲ့ ရာသီနဲ့ ကဗျာဆန်ချင်သလိုလို ရှိနေပေမယ့် အလုပ်က ည ၈ နာရီကျော်မှ ပြန်နေရလေတော့ အိမ်ကခွာလာတာ ၁ လ ကျော်နေပြီ ခုထိ သိပ်မလည်ဖြစ်သေးပါဘူး။ မနက်ဖြန်လဲ နောက်တနိုင်ငံမှာ သင်တန်းတခု သွားတက်ရဦးမယ်လေ။ ပြန်လာမှ ဆက်ရေးဦးမယ်။ ခုကတော့ ဘ၀ဒိုင်ယာရီရေးဖို့ အချိန်မရသေးဘူးဆိုတာ အကြောင်းပြထားတာပါ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, October 20, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် ၊ အခန်း (၇)

အခန်း (၇)
ရေတိုက်ပွဲ ဆိုတော့ စိတ်ဝင်စားသူ များလာတယ်။ ခု ပြန်ပြောရတဲ့အခါမှာတော့ သိပ်ကြီးကျယ်တာလဲ မဟုတ်ပဲ လို့ ပြောနိုင်ပေမယ့် အဲဒီအချိန်တုန်းကတော့ ဘ၀နဲ့ချီခဲ့ကြမယ်လို့ ထင်မိတာပဲ။ ရေအသက်က တမနက်လို့တောင် တင်စားကြတာမဟုတ်လား။

ထောင်ထဲမှာ ရေလာချိန်မလာခဲ့ရင် အဲဒီနေ့အတွက် ပထမဆုံးအခက်အခဲက သောက်ရေ မရှိတော့တာပဲ။ ရေလာတဲ့အခါ ရေချိုးမချခင် ပထမဆုံးခေါ်တာ သောက်ရေ ခပ်ထည့်ဖို့ပဲ။ ရေပိုက်ကလာတဲ့ရေကို ရေစစ်တပ်ထားတဲ့ ရေအိုးနဲ့ ဒါမှမဟုတ်လဲ ရေအိုးနဲ့ခံပြီး အခန်း ၁ နဲ့ အခန်း ၂ ရှေ့နားမှာ ချထားတဲ့ ရေချိုးတဲ့စဥ့်အိုးနဲ့ လုပ်ထားတဲ့ သောက်ရေအိုးထဲကို ထည့်ရတယ်။ နောက် ကိုယ့်ဆီမှာ ရှိတဲ့ ဗူးလေးတွေထဲ ဖြည့်ထားပေါ့။ ၃ ခန်းက လူ ၁၂ ယောက် ၁၃ ယောက်ပဲဆိုတော့ အဲလို စဥ့်အိုးမရှိပဲ သောက်ရေအိုးခပ်ကြီးကြီးတလုံးကို အခန်းအထဲက ထောင့်မှာ ထားတယ်။ အဲဒီထဲကိုဖြည့်ထည့်ထား ကိုယ့်ဗူးတွေထဲ ထည့်ထား။ ဒီလောက်ပဲ။ ရေတရက်မလာတော့ရင် အဲဒီသောက်ရေက ပြတ်သွားတာပဲ။ တခါတလေ ညနေထိ မီးလဲမလာတော့တာမို့ ရေလဲမလာနိုင်ဖြစ်တတ်တယ်။ အဲဒီအခါ တန်းပိတ်ချိန်ခဏ နောက်ဆုတ်ပြီး ယောက်ျားထောင်ဖက်က တံခါးနားထိ လာပို့တဲ့ ထောင်ထဲက ရေတွင်းရှိတဲ့နေရာက ထမ်းလာတဲ့ သောက်ရေကို အကျဉ်းသူတွေက သွားထမ်းပြီး သောက်ရေအိုးတွေထဲ ထည့်ရတယ်။


အဲဒီလိုကလဲ တပတ်မှာ အနည်းဆုံးတရက်လောက်ကဖြစ်တတ်တယ်။ ဖြစ်ချင်တော့ တရက် ညနေ တန်းပိတ်ချိန်ထိ ရေမလာပေမယ့် ယောက်ျားထောင်ဖက်ကလဲ ရေထမ်းရောက်မလာဘူး။ ဒီတော့ ၀ါဒါမတွေက သောက်ရေညဖက်အတွက်လောက်တယ် မဟုတ်လား ဆိုပြီးမေးတော့ လောက်ပါတယ် ဆိုပြီး တန်းပိတ်လိုက်တယ်။ ညဖက်မှာ တချို့ ပတ်လည်က လူတွေကို အထဲက လူတချို့က ရေဗူးတွေပေးပြီး ရေဖြည့်ခိုင်းကြတယ်။ အဲဒီအခါမှာ သောက်ရေအိုးထဲမှာ ရေက ညနေကထက် တော်တော်နည်းသွားတယ်။ မနက်တန်းစီ လူစစ် လုပ်ပြီးချိန်ထိတော့ အေးဆေးပဲ ။ ရေက ယူထားတာတွေနဲ့ လောက်နေတုန်းပေါ့။ ထမင်းစားပြီးချိန်မှာတော့ ရေက လုံးဝမရှိတော့ဘူး။ သောက်ရေတွေနဲ့ ပန်းကန်ဆေးလက်ဆေး လုပ်နေကြသူတွေက ရှိနေတာကိုး။ အဲဒီအခါမှာ ခါတိုင်းလို ယောက်ျားလေး ဆောင်ဖက်ကနေလဲ ရေထမ်းကရောက်မလာနိုင်ဘူး။ ထောင်တခုလုံး ရေမလာတာဆိုပဲ။ ဒါနဲ့ သောက်ရေလဲ မရှိတော့ ရေ တထမ်း ၂ ထမ်းလောက်ဖြစ်ဖြစ် ပို့ပေးပါလို့ မိန်းမထောင်မှုးက တောင်းပန်တယ်။ ရေက ၂ ထမ်းရောက်လာတယ်။ ဒီတော့ ဒီရေ ၂ ထမ်းကို သောက်ရေအတွက်ပဲ သုံးပါ။ ဘယ်တော့ ထပ်ရမယ်မသိတာမို့ ရေသောက်ချင်သူက ဒီသောက်ရေအိုးမှာပဲ အ၀လာသောက်ပါ။ မသယ်ပါနဲ့ ။ ပြောထားတယ်။

ဘာ့ကြောင့်ဆို ရေရှားနေချိန်မှာ အဲဒီရေကို ပန်းကန်ဆေး လက်ဆေး လုပ်ရင် ခဏလေးကုန်သွားမှာ မို့ အဲလို ချမှတ်လိုက်တယ်။ ဒီလိုစည်းကမ်းမျိုးကို သီးသန့် အကျဉ်းသူတွေကို ကိုင်ခိုင်းမှ အားလုံးလိုက်နာ မယ်ဆိုတာကိုလည်း ထောင်မှုးမက သိတယ်။ တန်းစီးဆိုရင် လိုင်းဝင်ထားသူတွေကို မျက်နှာနာရမယ် မဟုတ်လား။ ဒီတော့ သီးသန့်သမားတွေထဲက ၂ ယောက်ကို သောက်ရေ အိုးစောင့်ခိုင်းလိုက်တယ်။
ထုံးစံအတိုင်းပေါ့။ သီးသန့် နိုင်ငံရေးအကျဉ်းသူတွေ ထုံးစံ စည်းကမ်းကို သေချာ လိုက်နာတယ်။ ရေသောက်ချင်သူ လာသောက် အ၀သောက် ကိုယ်ဗိုက်ထဲထည့်မယ်ဆို သောက်နိုင်သလောက်သောက် ကြည့်နေတယ်။ ဒီလိုနဲ့ နေ့လည်လောက်ရောက်တော့ ရေက ကုန်ခါနီးဖင်ကပ်လောက်ပဲ ကျန်တော့တယ်။ လာသောက်တဲ့လူတွေကို အရင်လို ခပ်မသောက်ခိုင်းပဲ တယောက်နည်းနည်း သောက်ခွင့်ကို ခပ်ပေးရတဲ့အထိဖြစ်လာတယ်။ ရေကလဲ ထပ်မရောက်လာသေးဘူး။ ရေ ထပ်ရောက်ဖို့ ရှိလား သွားမေးရင်လဲ ထပ်ရောက်ဖို့လဲ မမြင်သေးဘူးလို့ ၀ါဒါမတွေကပြောတယ်။

ဖြစ်ချင်တော့ ဖောက်ချင်သူက တန်းစီးဒေါ်ကြည်အောင် ဆိုတော့ သူက သူ့ရဲ့ လက်တိုလက်တောင်းတယောက်ကို ရေဗူးတခုနဲ့ ရေဖြည့်ခိုင်းလိုက်တယ်။ တကယ်က သူ သောက်ဖို့မဟုတ်ဘူး။ ပန်းကန်ဆေးဖို့လား သစ်သီးဆေးဖို့လား တခုခု လုပ်ဖို့ ခပ်ခိုင်းလိုက်တာ။

အဲဒီမှာ အားလုံး မျှမျှတတသောက်နိုင်ဖို့ ရေစောင့်နေတဲ့ ၂ ယောက်နဲ့ တွေ့တော့တာပေါ့။ ခပ်လို့မရဘူး ပြောတော့ တန်းစီးခပ်ခိုင်းတာ ဆိုပြီး ခပ်မာမာပြောခပ်တော့ ဒီဖက်က ၂ ယောက်ကလဲ အဖုံးကို ဖုံးလိုက်ပြီး သူ့ရေဗူးကို ဖယ်ထုတ်တယ်။ အဲဒီအချိန်မှာ တန်းစီးက သူခပ်ခိုင်းတာမို့ ထည့်ပေးလိုက်ပါလို့ လာစွာတော့တာပေါ့။ ဒီကလဲ အားလုံး တပြေးညီပဲ လုပ်နေတာမို့ ရေသောက်ချင်ရင် သူတို့လိုပဲ ကြိုက်သလောက်ခပ်သောက်သွားပါ။ ဒါပေမယ့် ဗူးထဲကိုတော့ ထည့်ခွင့်မပြုဘူး ဆိုပြီး စကားများတာပေါ့။ တန်းစီးကလဲ သူတန်းစီး အမိန့်ပေးနေတယ်ပေါ့။ ဒီဖက်ကလဲ စည်းကမ်းအရ ပြောတာပေါ့။ အကြီးအကျယ် စကားများပြီး တန်းစီးဖက်ကရပ်တဲ့လူတွေက ၀ိုင်းချဖို့လုပ်ပါလေရော။ ဒီဖက်က လူတွေကလဲ မကြောက်တတ်တဲ့လူတွေဆိုတော့ ချမယ်ဆိုလဲ ချမယ် ပေါ့။ သီးသန့် ၂ယောက်မှာ တယောက်က သိုင်းသမား ။ ကျန်တဲ့လူတွေကလည်း ကိုယ့်လူတွေ ထိတော့မယ်ဆို အကုန်ဝင်ချဖို့ ပြင်ထားပြီးသား။ သီးသန့် ၁၅ ယောက်လောက်နဲ့ တန်းစီးရဲ့ လူရင်း လူမိုက် ၄ ယောက် ၅ ယောက်လောက်နဲ့ပေါ့။ ကျန်တဲ့လူတွေကလဲ ၀ါဒါမတွေ ပြေးပြောသူပြော ။ ကြောက်လန့်တကြားအော်သူအော်။ မြှောက်ပေးသူ နဲ့ ဖြန်ဖြေသူ တွေရဲ့ အော်သံတွေ စကားသံတွေ ဆွဲသံတွေနဲ့ တော်တော့်ကို ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်နေတယ်။

အဲဒီအချိန်မှာ ထောင်မှုးမလဲ မရှိတော့ ၀ါဒါမတွေက သီးသန့်နဲ့ တန်းစီးရန်ပွဲကို မဖြန်ဖြေရဲပဲ လေးတံခါး ပြေးခေါက်တော့တာပေါ့။( မိန်းမထောင် အ၀င်တံခါးကို ခေါ်တာ) ဟိုဘက်က ထောင်မှုးတွေ ၀င်လာတယ်။ ဖြစ်ချင်တော့ အဲဒီဖက်မှာလဲ ထောင်ပိုင်လေး ရောက်နေချိန်ပေါ့။ ရန်ဖြစ်တဲ့လူတွေ ဒီဖက်ခေါ်လာ ဆိုတော့ ထောင်မှုးက ရန်ဖြစ်တဲ့ ၂ဖက်စလုံးကို ဟိုဘက်က ထောင်ပိုင်လေး ရှိနေတဲ့ ထောင်ဆေးရုံတံခါးဝ ထိခေါ်သွားတယ်။ ရန်ဖြစ်တဲ့ အထဲမှာ တန်းစီးကို ထောင်ပိုင်လေးက သိနေပေမယ့် ဒီဖက်က သီးသန့် ၂ ယောက်ကို သူကမသိဘူး။ ဒီတော့ တန်းစီးကို ခံချမယ့် ၂ယောက်ကို ဒါအမိန့်ဖီဆန်တာပဲ ဆိုပြီး ဘာမှ မမေးမစမ်းပဲ လက်ပိုက်စမ်းလို့ ပြော၊ နောက် ကြိမ်သာ ဆွဲ ကိုင်ပြီး ရိုက်ဖို့ ပြင်တာပဲ။ သီးသန့် ၂ယောက်ကလဲ ခပ်မာမာ ၂ ယောက်ဆိုတော့ လက်မပိုက်ပဲ ဘာလို့ ရိုက်ဖို့ပြင်တာလဲ ဘာကြောင့်ဖြစ်တယ် မမေးပဲ ရိုက်လို့ရသလားလို့ ခပ်တည်တည် ပြန်မေးလိုက်သတဲ့။ ဒီတော့ ထောင်ပိုင်လေးက တွန့်သွားတယ် ။ မကြောက်မရွံ့ ပြန်မေးတာမို့ ဘာလိုလူမျိုးလဲ လို့ သတိဝင်သွားပုံပဲ။ နင်တို့က ဘာတွေလဲ လို့ စမေးတယ်။ ကျမတို့က သီးသန့်အကျဉ်းသူတွေပါ ဆိုပြီး ဖြစ်ကြောင်း ကုန်စင် ပြောလိုက်တော့မှ မရိုက်ဖြစ်တော့ပဲ ဒီလိုဖြစ်တာ ရေမရှိလို့ ဆိုရင် ရေအပြည့်ဖြည့်ပေးလိုက် လို့ အမိန့်ပေးလိုက်တယ်။

ရေလာဖြည့်တဲ့ ရေထမ်းတွေကို ပျော်ပျော်ရွှင်ရွှင် ၀င်ထမ်းပေးနေတဲ့ တချို့ကလေးအမေတွေဆို ကျေးဇူးတင်လွန်းလို့ တဖွဖွနဲ့ ၀မ်းသာစကားတွေ ပြောလို့။ ကျန်တဲ့လူတွေလဲ ၀မ်းသာအားရ ရေဗူးတွေ ရေဖြည့်ကြပြီး သီးသန့်တွေကို တိုးတိုးတိတ်တိတ် လာအားပေးလို့ပေါ့။ တန်းစီးကတော့ ထောင်ပိုင်လေးက ဘာမှသူ့ကိုပြောမသွားပေမယ့် သူအရေးနိမ့်သွားတယ်ဆိုတာ သိတော့ စကားတောင် မပြောနိုင်ပဲ ချောင်မှာ ထိုင်နေတာပေါ့။
တကယ်က အစကတည်းက သေချာတင်ပြပြီး ရေတောင်းပေးလိုက်ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ဒါကို ကြည့်ရင် သူတို့က ထောင်ထဲကလူတွေကို တတ်နိုင်သလောက် ဒုက္ခဖြစ်နေတာကိုပဲ မြင်ချင်နေကြတာလို့ ကောက်ချက်ချလို့ရမယ်။ အဲဒါလဲ နေခဲ့သမျှကာလအတွင်းမှာ ဒီလိုအဖြစ်ဆင်ဆင်တွေ ခဏခဏတွေ့ခဲ့ရလို့ပဲ။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လူတွေလို့ သတ်မှတ်ဖို့ ၀န်လေးတယ်။ သူတို့စားဖို့သောက်ဖို့ ရဖို့ ပဲ စဉ်းစားပြီး တခြားအချိန်တွေဆို လူ့ဂုဏ်သိက္ခာနဲ့ ဆက်ဆံ ဖို့ ၀န်လေးကြတယ်။ လူတယောက်ဖြစ်တယ် ဆိုတာ မေ့လောက်အောင်ကို ထောင်ပုံစံ ပေးကြတယ်။ ဒီတော့ တော်ရုံလူဆို ထောင်တခါကျတာနဲ့ လန့်သွားကြပေမယ့် လူရည်လည်ပြီး စိတ်ဓါတ်အောက်တန်းကျသူတွေက သူများတွေကိုနင်းပြီး ကိုယ့်အခွင့်အရေးကို ယူတတ်တဲ့ ထောင်မကြောက်တဲ့ လူမိုက်တွေ ဖြစ်သွားကြတယ်။ ထောင်ဆိုတာ အကျင့်စာရိတ္တပြုပြင်ပေးတဲ့ စခန်းမဟုတ်တော့ပဲ လူလည်ကျနည်း လူမိုက်လုပ်နည်း တွေ ပိုတတ်လာစေတဲ့ နေရာဖြစ်နေတော့တယ်။ ဒါကတော့ အခြေခံအသိမရှိသူတွေ ဖြစ်သွားတတ်တာပေါ့။

အဲဒီအထဲမှာ ပါခဲ့တဲ့ သီးသန့်အကျဉ်းသူ ၂ယောက်မှာ တယောက်က ရန်ကုန်မှာ နာမည်ကြီး စာအုပ်ထုတ်ဝေရေးတခုကို ထူထောင်ထားနိုင်သူ တယောက်အဖြစ် လက်ရှိအချိန်မှာ တည်ရှိနေပြီး တယောက်ကတော့ အခုအမေရိကန် နိုင်ငံကို ရောက်ရှိနေထိုင်နေပြီဖြစ်ပြီး သူ့အကြောင်းကို တိမ်ရောင်စုံချိန်မှာ(၁)(၂)(၃)(၄)လို့ ကျမက အပိုင်း ခွဲပြီး ရေးသားခဲ့ဖူးတယ်။
(ဆက်ရန်)
ချစ်ခင်စွာဖြင်
ခင်မင်းဇော်

Monday, October 6, 2008

ဘ၀ဒိုင်ယာရီအမှတ် နှစ်၊ အခန်း(၆)

အခန်း(၆)
ကျမနေခဲ့ရတဲ့ ထောင်အခင်းအကျင်းကိုလည်း မျက်စိထဲမြင်အောင် ပြောပြချင်သေးတယ်။ မိန်းမထောင်ကျဆောင်မှာ အခန်း ၁ ၊ ၂၊ ၃ ဆိုပြီး သုံးခန်းရှိတယ်။ ၁ ခန်းမှာ က လူ ၁၀ ယောက်ကျော်ပဲ ထားတယ်။ တကယ့်ကို ပိုက်ဆံပေးနေနိုင်တဲ့ (စီးပွားရေးသမားတွေ အဲဒီအချိန်က ဆန်ကုန်သည်တွေများပါတယ်) လူတွေသာ နေရတယ်။ သူ့မှာ ပျဉ်ပြားတွေကို ကုတင်အကြီးကြီးလို စီရိုက်တားတဲ့ အိပ်စရာနေရာက တခန်းလုံးအပြည့် ရှိနေတယ်။ တခါတလေ အခန်းမှာ လူ ၁၃ ယောက်လောက်ရှိနေရင် တယောက်ကို ပျဉ်ပြား ၂ ပြားခွဲပဲ အိပ်ဖို့ ခွဲတမ်းရလောက်အောင် ကျဉ်းတယ်။

အခန်း၂ က တကယ် ကုတင်ရှိတာကတော့ ၁၂ လုံးလောက်ပဲ ရှိတာပါ။ ကုတင်တွေက ၈ လက်မ အကျယ်လောက် ပျဉ်ပြား ၂ ချပ်ကို အုတ်ခုံနဲ့ တင်ရိုက်ထားတယ်။ ခေါင်းအုံးဖို့ကလည်း အဲဒီ ပျဉ်းပြားပေါ်မှာ ပျဉ်ပြားတုန်းတခုကို အလယ်ချိုင့်ထားတာ ရိုက်ထည့်တာတာပဲဖြစ်တယ်။ ကုတင်တခုနဲ့တခုကြားမှာ ၂ ပေလောက်အကျယ် ရှိတယ်။ အလယ်မင်းလမ်းမကလည်း ၄ ပေလောက်ရှိမယ်။ အဲဒီအောက်မှာပဲ တခြားလူတွေက အိပ်ရတယ်။ အခန်း ၂ မှာကတော့ အယောက်၃၀ ၀န်းကျင် အမြဲရှိတယ်။


ထောင်အခင်းအကျဉ်းကို မြင်သာအောင် ပုံဆွဲပြတာပါ။ အတိအကျတော့ မြေပုံလို မဆွဲတတ်ဘူး။

အဲဒီလို တိုင်တွေနဲ့ပဲ ဆောက်ထားတာ ဖြစ်တယ်။
အခန်း ၁ ကတော့ အကျယ်ကြီးပဲ၊ ခုနလို အုတ်ခုံတွေပေါ်မှာ နှစ်ကြီးကျတဲ့လူတွေကို ပေးထားပြီး ရက်ပိုင်း လပိုင်းကျသူတွေကိုတော့ အောက်ခင်းမှာပဲ အိပ်ရတယ် အဲဒီအခန်းမှာ အနည်းဆုံးအချိန်တောင်မှ လူ ၇၀ ရှိတယ်။ နောက်ပတ်လည် ဆိုတဲ့ နေရာရှိသေးတယ်။ သူတို့ကျတော့ နှစ်နည်းနည်းကျပြီး ပိုက်ဆံနည်းနည်းပေးနိုင်တဲ့လူတွေ နေရတယ်။ သူတို့က ညဖက်ဆို ၁ ခန်း ၂ ခန်း ၃ ခန်းကို အပြင်ကနေ ပတ်ပြီးစကားပြောနေလို့ရတယ်။ အခန်းထဲမှာ နေရသူတွေထက် နည်းနည်းပိုလွတ်လပ်တယ်။ ညဖက် တခန်းနဲ့တခန်း ပေးစရာရှိတာ ဘာညာဆို သူတို့တွေကတဆင့်လုပ်ပေးရတယ်။ အဆောင်ကို ပတ်ထားတဲ့ စင်္ကြန်ပေါ့။ ညလှည့်ကျတဲ့ ထောင်ဝါဒါတွေကတော့ ၁ခန်းရှေ့ဖက် ၁၅ ပေပတ်လည်နေရာမှာ အဆောင်ရဲ့ တခါးမကြီးရှိတဲ့ အခန်းလိုနေရာမှာနေတယ် ။ အခန်းဆိုတာ တခန်းနဲ့တခန်းကိုတော့ ပျဉ်ပြားအပြည့်ကာထားပေမယ့် စင်္ကြန် ပတ်လည် တခုလုံးက သစ်သားတိုင်တွေကို ခပ်ကျဲကျဲ ကာထားတာပဲ။ ဒါမှ အထဲကို လှမ်းကြည့်လိုက်ရင် ဘယ်သူဘာလုပ်နေလဲ အကုန်မြင်နေရမှာလေ။ မီးချောင်းတွေ ပိတ်ခွင့်မရှိဘူး။ ထောင်ကို ညဖက်တွေမှာ မှောင်မနေစေရဘူး။

ထောင်ထဲမှာ အိပ်တဲ့အခါ ခေါင်းအုံးမယူရတော့ ကိုယ့်အ၀တ်အစားလေးတွေကို ကျွတ်ကျွတ်အိတ် ကလေးတွေထဲ ထည့်ပြီး ခေါင်းအုံးတယ်။ တယောက်ကို အ၀တ်အစားအပို ၂ စုံလောက်ပဲ ယူထားခွင့်ပေးတော့ ခပ်ပါးပါး ပဲပေါ့။ စောင်လဲ တယောက်တထည် ယူခွင့်ပေးတယ်။ နယ်ထောင်ဆိုတော့ ထောင်ဝင်စာထွက်ချိန်ပဲ ထောင်ပုံစံဝတ်ရတယ်။ အင်းစိန်ထောင်လိုမျိုးမှာကျတော့ ထောင်ကျဝတ်စုံပဲ နေ့တိုင်းဝတ်ရတယ်။ အပြင်အ၀တ် ၀တ်ခွင့်မရှိဘူး။ ကျမတို့ထောင်ဝင်စာ ၂ ပတ် ၁ ကြိမ်တွေ့ခွင့်ပေးတဲ့ ရက်မှာ ထောင်ကျဝတ်စုံ အဖြူကို ၀တ်ရတယ်။ ထောင်ပိုင်လှည့်တဲ့ တနင်္လာနေ့ မနက်ပိုင်း တန်းစီချိန်ကို ထောင်ဝတ်စုံ ၀တ်ပြီး တန်းစီရတယ်။ ဒီလောက်ပဲ ဆိုတော့ ထောင်ကျဝတ်စုံအဖြူတွေက ဖြူဖြူစင်စင် ရှိပါတယ်။ ခုနောက်ပိုင်းတော့ ထောင်ကျဝတ်စုံက အပြာတွေဖြစ်သွားတယ် ပြောတယ်။ ကျမလဲ သေချာတော့ မသိသေးဘူး။ ဆရာ ဦးဝင်းတင် ထွက်လာတော့ ၀တ်လာတဲ့ ၀တ်စုံအရောင်ဖြစ်မယ်။

အခင်းအဖြစ်ကတော့ မိုးကာသားတွေ ခင်းတာများတယ်။ ကြမ်းပိုးတွေ တက်လာရင် အလွယ်တကူမြင်သာအောင် အရောင်ဖျော့ဖျော့တွေခင်းပြီး တချို့ညတွေမှာ ကြမ်းပိုးစောင့်ဖမ်းကြတယ်။ တခါတလေ ပိုလိုကြမ်းပိုးသတ်ဆေးတွေကို ခိုးသွင်းပြီး ကုတင်ကို ဖျန်းကြတယ်။ အနံ့ထွက်လာတော့ စကားတွေ များကြပေါ့။ နေတာကြာလာတော့လဲ ကြမ်းပိုးကိုက်တာတောင် မသိတော့ဘူး။ အိပ်ပျော်ကြတာပါပဲ။ အများစုက ထောင်ထဲမှာ ၀ဲပေါက်ကြတယ်။ ယားနာတွေ က ယောင်ကိုင်းနေတာပဲ။ ကျမက ကံကောင်းတယ် ပြောရမယ်။ ယားနာလုံးဝမပေါက်ခဲ့ဘူး။ ကျမတို့ထဲက သူငယ်ချင်း ၂ ယောက်ဆိုရင် ထမင်းကိုတောင် လက်နဲ့စားမရအောင် လက်တွေ ယောင်နေတဲ့အထိ ယားနာပေါက်ခဲ့ကြတယ်။

အခန်း ၃ ခန်းရဲ့ နောက်ဖက်မှာ သီးသန့် ကုတင် တလုံးစီနဲ့ အခန်း ၂ ခန်းရှိသေးတယ်။ အဲဒီအခန်းတွေက ကိုယ်မကောင်းသူ ဒါမှမဟုတ် အရူးပုဒ်မနဲ့ ရောက်လာတဲ့ အရူးတွေကို ထားတယ်။ ကျမတို့ရှိနေချိန်မှာ ရောက်လာတဲ့အရူးမကတော့ သိပ်သနားဖို့ကောင်းတယ်။ ရုပ်ရည်က သန့်ပြန့်နေပြီး သူစိတ်ဖောက်ရင် သူ့ကိုဝတ်ပေးထားတဲ့ အ၀တ်တွေ အကုန်စုတ်ဖြဲ ပစ်တတ်တယ်။ ကောင်းနေချိန်မှာတော့ သီချင်းဆိုနေတာ ပဲ ။ သီချင်းဆိုလဲ သိပ်ကောင်းတယ်။
ကျမတို့အုပ်ထဲက သူ့ကို မုန့်သွားပေးနေကျ ကောင်မလေးကို နာမည်မှတ်မိတယ်။ သူ့နာမည်ကို တော့ ခုချိန်မှာ စဉ်းစားမရအောင် ကျမမေ့နေတယ်။ ကျမ သူငယ်ချင်း တယောက်ယောက်နဲ့တွေ့ရင်တော့ သတိရမိမယ်ထင်တယ်။ နောက်ပိုင်း စိတ္တဇဆေးရုံကို ပို့လိုက်တယ်။

အဲဒီထောင်ကျဆောင်နဲ့ အလျားလိုက် ဘေးချင်းကပ်ရက် ၁၅ ပေလောက်အကွာမှာ ရေချိုးကန် ရှိတယ်။ ရေချိုးကန် မှာ ရေတနေ့ ၁ ခါပဲ လာတယ်။ ၃ ပေ ၇ ပေ လောက်ရှိပြီး အနက် ၂ ပေလောက်ရှိတယ် ရေကန်၂ ခုဆက်ရှိတယ်။ ရေလာချိန်မှာ ရေချိုးချတယ်။ ရေချိုးချတဲ့အချိန်မှာ အခန်းလိုက် ဘယ်နှစ်ယောက် အဲလိုခေါ်တယ်။ ၁ ခန်း အယောက် ၂၀ ဆိုရင် အယောက် ၂၀ က ကန်တဖက်စီမှာ တန်းစီရပ်ရတယ်။ ကိုယ်ထမင်းစားတဲ့ ကော်ဇလုံနဲ့ပဲ ရေချိုးရတယ်။ တယောက်ခြောက်ခွက်ဆို ဒါ့ထက်ပိုချိုးလို့မရဘူး။ ရေကန်ဘုတ်ကိုင်က ကန်ထိပ်က တက်ကြည့်နေပြီး သူမကြည်သူကို သေချာ စောင့်ရေတယ်။ ပထမ တခွက်မှာတင်ပဲ တကိုယ်လုံး ရေစိုအောင် လုပ်နိုင်မှ ဖြစ်မယ်။ ၀ုန်းကနဲ လောင်းချိုးလို့မရဘူး။ ကိုယ့် ၆ ခွက်ထဲကပဲ ကိုယ့်အ၀တ်ကိုယ် လျှော်ရတယ်။ ကျမတို့ အဖွဲ့ကတော့ တခါတလေ တယောက်က မချိုးပဲ နေပြီး အဲဒီရေနဲ့ အ၀တ်စုလျှော်ကြတယ်။ ရေလာချိန်အတွင်းမှာ အမြန်ရေချိုးချပြီး တခါတလေ ရေမလာတော့လို့ မချိုးလိုက်ရတဲ့ အခန်းရှိတတ်တော့ အခန်းကိုလဲ အလှည့်နဲ့ခေါ်ရတယ်။ ဒီနေ့ အခန်း၁ ဦးဆုံးဆို နောက်နေ့ ၂ ၊ နောက်နေ့ ၃ အဲလို လှည့်ခေါ်ရတယ်။ ရေခွက်များများချိုးချင်ရင် ရေကန်ဘုတ်ကိုင်ကို လိုင်းဝင်ရတယ်။ တလ ဘယ်လောက်ပေါ့။ ကျမတို့ကတော့ လုံးဝမ၀င်ပဲ လောက်အောင် သုံးတယ်။ နောက်ပိုင်း ရေကန် ကိုင်တဲ့ ဘုတ်ကို အမျိုးသမီးတွေ ရာသီလာချိန်မှာ ရေပိုပေးဖို့ တောင်းဆိုပေးလိုက်တော့ ရသွားတယ်။

ရေချိုးကန်နဲ့ အဆောင်ရဲ့ ထိပ်ဖက် မိန်းမထောင်ဝင်ပေါက်နားမှာ ကျမကိုထားတဲ့ အခန်း၅ ခန်းပါတဲ့တိုက်ဆောင် ရှိတယ်။ တိုက်ဆောင်နောက်ဖက်မှာ ခပ်သေးသေးဘုရားတဆူ ရှိတယ်။ ဘုရားရှေ့မှာ လမ်းက အဆောင်ကို သွားတဲ့လမ်းပေါ့။ လမ်းဟိုဘက်မှာတော့ အုတ်တံတိုင်းအမြင့်ကြီးပေါ့။ ယောက်ျားဆောင်တွေနဲ့ခြားထားတဲ့ အတွင်းအုတ်တံတိုင်း။ အဲဒီအုတ်တံတိုင်းနဲ့ကပ်ရက်က ကျမ ထောင်ထဲဝင်လာတုန်းက လျှောက်ခဲ့ရတဲ့လမ်းပေါ့။ လမ်းနဲ့ ယောက်ျားဆောင် ကြားထဲမှာလဲ စိုက်ခင်းတွေ ရှိတယ်။ ရုံးပတီသီး ချဉ်ပေါင်ရွက် မုန်ညင်း စသဖြင့် ရာသီပေါ်တွေ စိုက်ကြတယ်။

မိန်းမဆောင်ရဲ့ နောက်ဖက်က အုတ်တံတိုင်းကတော့ အပြင်က လမ်းမကြီးနဲ့ ကပ်နေတဲ့ ထောင်ခြံဝင်းထဲက တထပ်ပေါ့။ ထောင်ခြံဝင်းက သံဆူးကြိုးတထပ်၊ အုပ်တံတိုင်းတထပ်ကိုး၊

ကျမ ထောင်ကျတဲ့ ၁၉၉၀ နှစ်ကုန်ပိုင်းမှာ ပုသိမ်မြို့ရဲ့ မိန်းမအကျဉ်းထောင်မှာ သီးသန့် အကျဉ်းသူ ၁၀ယောက် ရှိတယ်။ ကျမ မ၀င်လာခင် တသုတ်ပြန်လွတ်သွားသေးတယ်။ အဲဒီထဲက တနှစ် ထောင်ကျသူရယ် ၇ လ အချုပ်နဲ့ ပြန်လွတ်သူရယ်က တဆယ်ဝန်းကျင်ပဲ။
အဲဒီတသုတ်ပြန်လွတ်သွားချိန်နဲ့ ကျမ ထောင်ထဲရောက်မလာခင် အချိန်ခဏလေးမှာ ရေတိုက်ပွဲ တခု ဖြစ်သွားသေးတယ်တဲ့။ သီးသန့်တွေနဲ့တန်းစီးရဲ့ တိုက်ပွဲပေါ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 5, 2008

မသေဆုံးမီ ၁၀ ရက် အလို

ခရီးထွက်ရာက ပြန်လာတော့ tag အကြွေးတွေက ၂ ခုတောင် ဖြစ်နေပြီ။ ပထမများကို ရေးထားတော့ ကိုဂျူလိုင်က စီဘောက်မှာ အကြွေးဆပ်ဖို့ လာအော်တော့ သူဘာတက်ထားပါလိမ့် ဆိုပြီး သွားပြန်ရှာဖတ်ရတယ်။ အော် မသေခင် ၁၀ ရက်အလိုလို့ သိရင်တဲ့။

တကယ်က မသေချင်သေးပါ။ ဘ၀ကို တပ်မက်ပျော်ရွှင်စွာ ကျော်ဖြတ်ချင်သူ၊ အတ္တကြီးသူ တယောက်အဖြစ် လူ့ဘ၀မှာ နေတာ နှစ် ၄၀ ၀န်းကျင်ပဲ ရှိသေးတဲ့ ကျမကို သေခြင်းနဲ့ မိတ်ဆက်ပေးဖို့ ကိုဂျူလိုင်က ကြိုးစားတာဖြစ်မည်။ မသေချင်သေးပေမယ့်လဲ သေရမယ့်ဘ၀ နာရမယ့်ဘ၀ အိုရမယ့်ဘ၀ ဆိုတာကို လူအဖြစ်ပိုင်ဆိုင်ထားကတည်းက သိပြီးခဲ့ပြီမို့ တပ်မက်လှတဲ့ လူ့လောကကြီးက ထွက်ခွာဖို့ ရက်အတိအကျကို သိခွင့်ရရင်ဖြင့် အလွန်ပဲကောင်းလှပေသည်။

ကျမအတွက်ကတော့ သိပ်ပြီး တွေးထားတာမရှိပါ။ သူတပါးအပေါ်မှာ ဘယ်တော့မှ မကောက်ကျစ်ခဲ့၊ မလိမ်ညာခဲ့ ဖူးတာမို့ သံသရာ အကြွေးကင်းတယ်လို့ ခံယူထားပြီးသား။ ဒီတော့ကျမသာ သေဖို့ရက်အတိအကျ သိခဲ့ရင် ဒီ ၁၀ ရက်အတွင်းမှာ နေ့တိုင်း တိုင်းပြည်ကို ချောက်ထဲတွန်းချနေသော လူမသမာများ၊ ကိုယ့်ကိုယ်ကျိုးအတွက် သူများဘ၀တွေကို နင်းချေဖျက်နေသော လူ့ဗာလများ၊ ကိုယ်တိုင်လဲ ဘာမှမလုပ်ပဲ လက်တွေ့လုပ်နေသူတွေကို အမနာပ ပြောဆိုရေးသားနေသူများကို နေ့စဉ်ရက်ဆက် သတ်နိုင်သမျှ သတ်ပစ်ခဲ့ဦးမည်သာ။ ဒီ့အတွက် ငရဲကျမယ်ဆိုလဲ ကျေကျေနပ်နပ် ခံယူချင်ပါသည်။ ကျမက ခြင်၊ယင်၊ ပိုးဟပ် ကဲ့သို့သော ကောင်းကျိုးမပေးသည့် အင်းဆက်ပိုးများကိုလဲ အခါအခွင့်သင့်တိုင်း စိတ်ပါလက်ပါ သတ်ပါသည်။

ဒီတော့ ကျမမသေခင် ၁၀ ရက်ကစလို့ စစ်အုပ်စုနှင့်တကွ ကိုယ့်လူသူ့ဘက်သား လုပ်ချင်သူများကို တကောင်ချင်း ကျကျနန သတ်ပစ်ပါမည်။ ဘယ်အဆင့်လောက်ထိ သတ်သင့်သလဲ ဆိုတာကို ခုကတည်းက စဉ်းစားထားမှ တော်ကာကျပေလိမ့်မည်။ တခြားဘာမှကို မလိုချင်တော့ပါ။ ၁၀ရက်အတွင်းမှာ ကိုယ်သတ်ချင်တဲ့ လူများအားလုံး သတ်ခွင့်ရပါစေလို့သာ ဆုတောင်းပေးကြစေချင်ပါသည်။

(ဒီ tag ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်တော့ပါ... လို့ စဉ်းစားခဲ့သော်လည်း ဘလော်ဂါအသစ်တွေထဲက ရင်းနှီးခင်မင်စွဲရှိသော ညီမတူးတူးသာနှင့် သမီးဆုမွန်တို့ကို လက်ဆင့်ကမ်းလိုက်ပါပြီ။ ရေးပေးကြပါဦးနော်... )

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, October 2, 2008

မှတ်မိသမျှ ပထမများ

ကိုအောင်သာငယ်က tag ထားတယ်ဆိုလို့ သူ့ဘလော့က ပို့စ်ကို သွားဖတ်ကြည့်ရသေးတယ်။ တော်တော်များများက ရေးပြီးနေပြီ။ ခရီးထွက်နေလို့ မအားတာရယ် သူ့ရဲ့ ပထမဆုံးလိုမျိုး ပြန်ရေးနိုင်ဖို့ မှတ်မိအောင် ပြန်လုပ်နေတာနဲ့ နောက်ကျမှ အကြွေးဆပ်ရတယ်။ ဒါတောင် တချို့ကို လုံးဝမမှတ်မိတော့ဘူး။ ဒီတော့ မှတ်မိသမျှ ပထမ များကို ရေးပေးလိုက်ပြီနော်။
ပထမဆုံးရောက်ဖူးတဲ့ဆေးရုံ… ပုသိမ်ပြည်သူ့ဆေးရုံကြီးပေါ့။ ကိုယ့်ကို အဲဒီမှာမွေးတာကိုး။
ပထမဆုံး တက်တဲ့ကျောင်းကတော့ လူမှုဝန်ထမ်းမူကြိုကျောင်းပေါ့။ အသက် ၃ နှစ်မှာပဲ တက်ရတယ်။ စတက် တဲ့ ပထမဆုံးနေ့မှာ ငိုလိုက်ရတာ တော်တော်မောခဲ့တာတော့ ရေးရေးမှတ်မိတယ်။ လိုက်ပို့တဲ့ အဒေါ်တွေက သနားလို့ ပြန်ခေါ်မယ် လုပ်တာကို အမေ့သူငယ်ချင်း မူကြိုဆရာမက အတင်းပြန်ခိုင်းပြီး ခေါ်ထားလိုက်တာတဲ့။ အဲဒီဆရာမကို ၂၀၀၀ ခုနှစ်ဝန်းကျင် သူ ထိုင်ဝမ်က ဗမာပြည်ပြန်လာတော့ ပြန်တွေ့တယ်။ ခုရေးထားတာက သူပြန်ပြောပြတာ။

ပထမဆုံး တက်ရတဲ့ အမက (၂) အစိုးရမူလတန်းကျောင်း သူငယ်တန်းမှာတော့ ကိုယ်က ကျောင်းပါးဝနေတဲ့ ကျောင်းသူအသစ်ဖြစ်နေပြီ။လူမကြောက်တဲ့ စရိုက်ကို မူကြိုက ရခဲ့တာမို့ ကျောင်းရဲ့ကပွဲ ပြိုင်ပွဲ မှန်သမျှ ရှေ့ဆုံးကပေါ့။
ပထမဆုံးရဖူးတဲ့ ဆု… သူငယ်တန်းမှာ (ဘာသာစုံအမှတ်ပြည့် ၃ ယောက်တည်းက တယောက်)

ပထမဆုံးရဖူးတဲ့ ဘာသာရေးဆိုင်ရာဆု .. မင်္ဂလာသင်တန်း တမြို့နယ်လုံးမှာ တတိယဆု ( ၇ တန်းနှစ် နွေရာသီ တလသင်တန်း)
ပထမဆုံး သူငယ်တန်းအတန်းပိုင် ဆရာမ.. ဒေါ်တင်ရီလား ဒေါ်ကျင်ရီလား သိပ်မကွဲတော့ဘူး
ပထမဆုံးသူငယ်ချင်း တွေ တယောက်မှကို မမှတ်မိတော့ပါ။ ကျောင်းတက်တုန်းက သေချာ တွဲတဲ့ သူငယ်ချင်းမရှိ။ ဆယ်တန်းအောင်ပြီးကောလိပ်တက်တော့မှ သူငယ်ချင်းဆိုတာ အတည်ရှိလာတာ။ ရှိတော့လဲ ၇ ယောက် အုပ်စု။ တချို့ အမေရိကား၊ တချို့စင်္ကာပူ။ တချို့ ပြည်တွင်းမှာ နာမည်ကြီး(စီးပွားရေးလောကမှာပါ)

ပထမဆုံး သီချင်းဆိုပြိုင်ပွဲမှာ တတိယ ဆုရခဲ့တယ်။ ၆ တန်းနှစ်ကပေါ့ ။မြတ်ပန်းခွေ ဆိုတဲ့ သီချင်းနဲ့ ၀င်ပြိုင်ဖို့ စင်ပေါ်အသွား ခလုတ်တိုက်လဲကတည်းက ပရိသတ် လက်ခုပ်သံကို ရခဲ့တာလေ။

ပထမဆုံး အရိုက်ခံရတာ ၄ တန်းနှစ်။ ဒေါ်ကြည်ကြည်။ သချာင်္ဆရာမက စည်းကမ်းကြီးတယ်။ ခဲတံ မချွန်ပဲ အတုံးနဲ့ပဲ စာရေးလို့ လက်ဝါးဖြန့်အရိုက်ခံရတယ်။ အဲဒီကတည်းက မှတ်သွားတာ ခုထိ ခဲတံမချွန်ရင် ဘော့ပင် မင်တံထိပ်လုံး မသေးရင် စာမရေးတတ်တော့ဘူး။

သချာင်္ကို ပထမဆုံးစိတ်ဝင်စားစေခဲ့တာ.. ၈တန်းက ဆရာ ဦးလေးမောင် သူ့ကြောင့်လဲ သချာင်္ကို နှစ်တိုင်း ဂုဏ်ထူးထွက်ခဲ့တယ်။
ပထမဆုံးနေဖူးတဲ့ ပြင်ပဆောင်.. ရန်ကုန် စံရိပ်ငြိမ် ၆ လမ်းက အဆောင်ပေါ့။
ပထမဆုံး ရင်ခုန်စေခဲ့သူ.... ၉တန်းနှစ်က ကျောင်းမှာ နာမည်ကြီးထဲကတယောက်။ လက်ရေးသိပ်လှတယ်။ အဲဒီလက်ရေးအတိုင်း ရူးရူးမူးမူး ကျင့်ခဲ့ဖူးတယ်။
ပထမဆုံးရည်းစား… အသက် ၂၀ အရွယ် တတိယနှစ် မှာ။ ကိုယ့်ထက် ၃ နှစ်ကြီးတဲ့ ဆရာဝန်လောင်း တယောက်။ အိမ်မှာ အင်္ဂလိပ်လိုချည်းပြောတဲ့ သူ့မိဘတွေရဲ့ ဆိုရှယ်ကျမှုကို လန့်ပြီး နောက်ဆုတ်ချင်စိတ် ပေါ်ခဲ့တာ။ ခုသူက စစ်တပ်ထဲက ဆရာဝန်ဖြစ်နေဆိုပဲ။

ပထမဆုံးချစ်သူ… ကိုယ့်ထက် ၃ နှစ်ငယ်တဲ့ ဆရာဝန်လောင်းလေး… ။ သူ့မိဘတွေက အရာရှိအရာခံ တွေရဲ့ သမီးမျိုးကိုမှ သဘောကျသတဲ့။ ဒါနဲ့ပဲ ဝေးကွာခဲ့ရတယ်။ ခုချိန်ထိ တခါတလေ အိပ်မက်ထဲပါတတ်တယ်။ သူ့သမီးကို ကိုယ့်နာမည်ပါအောင်သူက မှည့်ထားပေးတယ်။ ကိုယ့်သားမှာတော့ သူ့နာမည်မပါခဲ့ပါဘူး။
ပထမဆုံး ဘုရားသခင်ပေးတဲ့လက်ဆောင် … ခု လက်ထပ်ထားတဲ့ အဲဒီတုန်းက အင်ဂျင်နီယာလောင်း သူငယ်ချင်းပေါ့။ အရာရာသည်းခံတယ်။ အတွင်းသိ အစင်းသိ သူငယ်ချင်းစစ်စစ်။ အဲဒီချစ်သူစစ်စစ်နဲ့ပဲ ခုထိ ဘ၀ကို လက်တွဲမဖြုတ်ပဲ ဖြတ်သန်းနေဆဲ။
ပထမဆုံးရောက်ဖူးတဲ့ မြို့ကတော့ ရန်ကုန်ပေါ့။ ၂ တန်းကျောင်းသူဘ၀က ။
ပထမဆုံး ကိုင်ဖူးတဲ့လက်နက်… လေသေနတ်ပေါ့။ လက်တည့်ဖို့နေနေသာသာ မောင်းတောင် မတင်နိုင်ခဲ့။
ပထမဆုံးသောက်ဖူးတဲ့ သေရည်… ဂျော်နီလမ်းလျှောက် (တရုပ်နှစ်ကူးတိုင်း)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ် … ဆေးပေါ့လိပ်ပဲ ၊ ထောင်ထဲမှာ ညဖက် သောက်ကြတာ။
ပထမဆုံး ကစားဖူးတဲ့ပိုကာဝိုင်း…. အဖိုးဆုံးတုန်းက ၊ ၈ တန်းကျောင်းပိတ်ရက်
ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်…..ထိုင်းနိုင်ငံပေါ့။
ပထမဆုံး ထုတ်ဝေဖူးတဲ့ စာအုပ်… ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူ့မြင်းသည်တော်
ပထမဆုံးရောက်ဖူးတဲ့ ဘလော့…… ကိုယ့်သူငယ်ချင်းအရင်းကြီး မေငြိမ်းဘလော့..
ကိုယ့်ဘလော့မှာ ပထမဆုံးတင်တဲ့ ပို့စ်…….. အကယ်စင်စစ်များနှင့် အချစ်(ကဗျာ)
ပထမဆုံး ကောမန့်ရတဲ့ ပို့စ်…………ချစ်သူ့ဒိုင်ယာရီ
ပထမဆုံးကောမန့်လာပေးသူ ……..ဘလော်ဂါ နာမည်ကြီး ရန်အောင် ပါပဲကွယ်..
ပထမဆုံး အွန်လိုင်းပေါ်က ဘလော်ဂါ ဘော်ဘော်…. စိုးဝှက်
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် မှတ်မိတာ ရွှေသွေးတေဇ ဒါထက့်နည်းနည်းကြီးလာတော့ ၂ တန်းလောက်က ပထမဦးဆုံးတီထွင်သူများအကြောင်း ထင်တယ် ဖတ်ရတယ်။ စာအုပ်နာမည်မေ့နေပေမယ့် အဲဒီစာအုပ်ထဲက ရော်ဘာတီထွင်သူတွေ ကြယ်သီးတီထွင်သူတွေ ကြွေပန်းကန်တီထွင်သူတွေ မီးသီး တီထွင်သူတွေရဲ့ စွန့်စားရမှု ဇွဲရှိမှု စောင့်စားနိုင်မှုတွေကို သိပ်သဘောကျမိတယ်။ ကိုယ့်ကိုလွှမ်းမိုးတယ်။ ဘာလုပ်လုပ် ဇွဲဝီရိယ ရှိဖို့ အရေးအကြီးဆုံးဆိုတာကို ယုံကြည်ခဲ့တာ အဲဒီကလေးဘ၀ ကတည်းက။

မှတ်မိသလောက်က ရေးချင်တာလေးတွေ ရေးပေးလိုက်တာ။ သိချင်တာလေးတွေ ရှိရင်လဲ ကောမန့်ထဲက ရေးခဲ့ပေါ့ ကိုအောင်သာငယ့်လို နောက်ဆက်တွဲ ထပ်ရေးပေးမယ်လေ။ ထပ်tag ဖို့လဲ လူကုန်သလောက်ဖြစ်နေပြီ။ ဒါပေမယ့်လို့ မောင်ကဒေါင်း တယောက် ကျန်နေသေးသလားလို့ မရေးရသေးတာ။ ရေးပါဦး ကဒေါင်းရေ...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်