Tuesday, July 31, 2007

တိမ်ရောင်စုံချိန်မှာ(၃)


ကျမတို့အတွက် ရ နှစ်ကျော် ကာလကို အားတင်းဖြတ်ကျော်ရင်း ကျမထောင်က လွတ်မြောက် လာခဲ့ပါတယ်။ လွတ်မဲ့ရက်ကို ကြိုမသိပဲ လွတ်ခဲ့တဲ့ ကျမက အမေ့ဆီကို ကြိုအကြောင်း မကြားနိုင်ခဲ့ပါဘူး။ နေ့လည်လွတ်တာမို့ ကျမထက် အရင်စောလွတ်သွားတဲ့ မြို့ခံထောင်ကျဖက် သူငယ်ချင်းအိမ်တွေ ခဏသွားရင်း နောက်တနေ့မှာ ကျမတို့ မြို့လေးဆီကို ရထားစီးလို့ ပြန်ခဲ့ပါတယ်။

ဘူတာကနေ ကျမတို့အိမ်ကို အပြန်လမ်းတလျှောက်မှာ သိတဲ့လူတွေလဲ သိသလို နှုတ်ဆက်၊ မသိတဲ့ လူတွေကိုလဲ မသိသလိုကြည့်ပြီး ပျော်ရွှင်စွာ ပြန်ခဲ့တာပေါ့။ ဒါပေမဲ့ ကျမတို့ ရပ်ကွက်ထဲ ရောက်တော့ အိမ်ပုံစံတွေက အရင်နဲ့ မတူ၊ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတဲ့ အပြင် ကျမတို့ အိမ်ဝင်းနား ရောက်ခါနီးမှာတော့ ထူးခြားချက်ကို ကျမ သိလိုက်ရ ပါပြီ။ ကျမတို့ ရပ်ကွက် မီးလောင်ခံထားရပြီလို့ ။ စိတ်ထဲကပူပူပင်ပင်နဲ့ အိမ်ဖက်ဆီ အမြန် လျှောက်လာတော့ ကျမတို့ ခြံဝန်းထဲမှာ အိမ်မည်ကာရှိတဲ့ အိမ်လေးတလုံးကို တွေ့လိုက်ရပါ တယ်။ အိမ်ရှေ့မှာ အမေက ခြံဝန်းလေးကို အမှိုက်လှဲနေတယ်ထင် ရပါတယ်။ ကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်နေတာ တွေ့လိုက်ရတယ်။


အမေလို့ ကျမခေါ်သံကြားလိုက်တော့ လှည့်ကြည့်လိုက်တဲ့ အမေ့မျက်လုံးတွေ ကတော့ တောက်ပ ရွှန်းစိုသွားတာကို တွေ့ရပါတယ်။ မီးလောင်လိုက်တာ တရပ်ကွက်လုံး ပြာဖြစ်သွား တာပဲ သမီးရေ။ လွန်ခဲ့တဲ့ ၃ လလောက်ကပေါ့။ သမီးကို ပြောရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ မပြောဖြစ်ခဲ့တာလေ… တဲ့။ ကျမတို့ခြံနဲ့ ဆက်နေတဲ့ ခြံက အမ၀မ်းကွဲတွေလဲ မီးလောင်တဲ့ အထဲ ပါသွားတဲ့ အပြင် အတွင်းပစ္စည်းတောင် မရလိုက်ဘူးတဲ့။ အမေကတော့ အတွင်းပစ္စည်း လေးတွေရအောင် ယူလိုက်နိုင်လို့ အခုလို ဒီနေရာလေးမှာပဲ ဆက်နေနိုင်တာပေါ့ သမီးရယ်လို့ ပြုံးပြုံးရွှင်ရွှင် ပြောပြနေပါသေးတယ်။

အမေ ခုနက ဘာလုပ်နေတာလဲ ကြည့်လိုက်တော့ အုန်းလက်ကြွေတွေကို လိုက်ကောက် နေတာ မြင်လိုက်ရပါတယ်။ ဘာလုပ်ဖို့လဲ အမေဆိုတော့ အုန်းတံမြက်စည်း လုပ်မလို့လေတဲ့။ အော်….. ဆိုပြီး ကျမဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ အိမ်ထဲကို ၀င်လိုက်တော့ အုန်းတံမြက်စည်း လေးငါးခုကို တွေ့လိုက်ရပါတယ်။ ဈေးထဲမှာ သွားသွင်းရောင်းတယ် သမီးရဲ့။ အမှိုက်ကလည်း ပိုက်ဆံရှာလို့ ရတယ်လေ လို့ အမေက ကျမကို ခပ်အေးအေး ပြောပြနေပါ တယ်။ ကျမတို့ ခြံနောက်ပိုင်းက အုန်းပင်တွေကတော့ မီးလောင်တာကို မသိသလို စိမ်းလန်း နေတာ တွေ့ရလို့ နည်းနည်း ၀မ်းသာမိပါသေးတယ်။ အဖေက သူ့အုန်းပင်တွေကို သိပ်နှစ်သက်တာ မဟုတ်လား။

အမေ အဖေ့သတင်းဘာကြားသေးလဲလို့ ထောင်ထဲမှာ မေးခွင့်မရတဲ့ မေးခွင့်မသာခဲ့တဲ့ မေးခွန်းကို ကျမမေးဖြစ်ခဲ့ပါတယ်။ သမီးအဖေတော့ တောထဲမှာ အသက်ရှင်လျှက်ပဲလို့ ၉၄ ၊ ၉၅ လောက်က သတင်းရတယ်လေ။ သူလုပ်ချင်ရာကို လုပ်နေနိုင်တယ် ဆိုပဲ အမေ ကျေနပ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ လူဖြစ်ခဲ့ရတဲ့ အမေတို့ ကုသိုလ်ကံပဲပေါ့ သမီးရယ်။ အခု သမီး ပြန်ရောက်လာတော့ အမေ ပိုတောင်ပျော်သေးတယ်။ အခုဆို မနက်ပိုင်းမှာ အမေ မုန့်ဟင်းခါးရောင်းတယ် သမီးရဲ့။ ရောင်းကောင်းသား ၊ အမေနဲ့ သမီး စားဖို့တော့ လောက်ပါ တယ်။ အခုဒီခြံကိုတောင် သူများတွေ လာတောင်းဝယ်ကြတယ်။ ဘာလို့ ရောင်းရမှာလဲနော်။ ဒီမြေ ဒီခြံကို အမေတို့ချွေးနည်းစာနဲ့ သမီးအဖေ လုပ်အားတွေနဲ့ ပိုင်ဆိုင်ထားတာပဲဟာ။ အခုသမီး ပြန်လာသလိုပဲ သမီးအဖေပြန်လာရင်လဲ ဒီနေရာကိုပဲ သူပြန်လာမှာလေ ။ ဟုတ်တယ်မလား သမီးနဲ့ အမေ ဒီက စောင့်နေတာပေါ့နော်။

စကားအရှည်ကြီးကို မနားတမ်းပြောရင်း အမေက အဖေ့ကိုမျှော်နေကြောင်း သိစေလိုက်တယ် ထင်ပါရဲ့။ ကျမတို့ အဲဒီနေ့က စကားတွေ ပြောလို့ မကုန်သလိုပဲ။ တခါမှ မသိဘူးတဲ့ တစိမ်းတွေရဲ့ စောင့်ရှောက်မှုတွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ စောင့်ရှောက်မှုတွေ အကြောင်းအမေက စီကာပတ်ကုံး ပြောနေလေရဲ့။ ကျမလွတ်လာမှန်းသိလို့ လာတွေ့တဲ့ သူငယ်ချင်းတွေ ရှိသလို လာမတွေ့ရဲတဲ့ သူငယ်ချင်းတွေ အိမ်နီးချင်းတချို့တွေကိုလည်း အမေက စိတ်မနာဖို့ စိတ်မကောင်းမဖြစ်ဖို့ ကျမကို တရားချနေသေးတယ်။

အမေက ကျမထင်ထားတာထက် လောကဓံကို ပိုပြီးခံနိုင်တယ် ဆိုတာကို ကျမ သိလိုက်ရ ပါတယ်။ အခက်အခဲတွေကြားမှာ အမေဟာ ရုန်းကန်နိုင်တယ်။ နောက် စိတ်ဓါတ်ခိုင်မာတယ် ဆိုတာကို အဖေသိရင် ကျေနပ်နေမှာပါပဲ။

ကျမပြန်ရောက်ပြီး အမေနဲ့ မုန့်ဟင်းခါးဆိုင်လေးမှာ အတူ ရောင်းချခဲ့ပါတယ်။ ကျမပါ ကူညီလိုက်တော့ အမေ့ဆိုင်လေးဟာ အင်မတန် လူကြိုက်များတဲ့ ရောင်းအားကောင်းတဲ့ ဆိုင်လေး ဖြစ်ခဲ့ပါတယ်။ ကျမပြန်ရောက်လာပြီးတဲ့နောက် စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်လို့ ထင်ရတဲ့ အမေ့ဘ၀လေးမှာ မထင်မှတ်ပဲ ကံကြမ္မာက အလစ်ဝင် တိုက်ခိုက်ပြန်ပါတယ်။ အမေမှာ ရှိနေတဲ့ မကြာခဏ ဗိုက်အောင့် ရောဂါဟာ အစာအိမ်ကင်ဆာတဲ့။ အမေကတော့ အပြုံးမပျက်ပါဘူး။ အမျိုးထဲက အမ၀မ်းကွဲတယောက်ကိုခေါ်လို့ ကျမဘ၀ကို (သူမရှိတဲ့ အချိန်မှာ) တယောက်တည်း အားမငယ်စေဖို့ စီမံပေးနေပြန်ပါတယ်။ မုန့်ဟင်းခါးဆိုင်လေးကို အမ၀မ်းကွဲ အပျိုကြီးနဲ့ ကျမ ဆက်ထွက်ခဲ့ပြီး အမေ့ဆေးဖိုးကို ကြိုးစားရှာဖွေရပါတယ်။ အမေ့ရဲ့ နောက်ဆုံးအချိန်ကို ဆရာဝန်တွေက ၆ လလောက်လို့ ပြောပေမယ့် ကျမတို့ကတော့ တတ်နိုင်သလောက် ပြုစုကုသ ပေးချင်ဇောနဲ့ ကြိုးစားခဲ့ပါတယ်။

အမေက အင်မတန် ခံရခက်တဲ့ ပူလောင်မှုတွေနဲ့ ကင်ဆာရောဂါကို တချက်မှ မငြီးငြူပဲ တရားနဲ့ရှုမှတ်ရင်း၊ သက်သာဖွယ်အဖြစ် ကျမတို့ တိုက်တဲ့ဆေးဝါးတွေကို သောက်သုံးရင်း သူ့ရဲ့ နောက်ဆုံး အချိန်တွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ ကျမကတော့ ထောင်ကထွက်လာမှာ အမေ့ကို အရင်ထက်ပိုတွယ်တာလာသလို ပိုလို့နားလည်လာပါတယ်။ အမေဟာ စကားထဲမှာ အဖေ့အကြောင်းပြောခဲပေမယ့် နေ့တိုင်းမျှော်နေတယ် ဆိုတာကို သိသာစေတဲ့အချက်က အမြဲ ထမင်းပိုချက်တတ်တာ၊ အဖေကြိုက်တတ်တဲ့ ဟင်းတွေကို မကြာခဏချက်တာတွေက သိသာစေပါတယ်။ အမေနေမကောင်းတော့ ကျမထမင်းချက်ရင်လဲ အမေ့လို အမြဲပဲ ထမင်းပိုချက် ပေးတတ်ခဲ့ပါပြီ။

ကျမထောင်က လွတ်လာပြီး နှစ်နှစ်ကျော်ကျော်မှာပဲ အမေ ဆုံးပါးသွားခဲ့ပါတယ်။ နိုင်ငံရေးကို ဘာမှနားမလည်တဲ့ အမေက နိုင်ငံအတွက် အလုပ်လုပ်ပေးချင်တဲ့၊ စွန့်လွှတ်အနစ်နာခံချင်တဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူအတွက် သူတတ်နိုင်သလောက် စိတ်ဓါတ်ခွန်အားအပြင် သူ့မျှော်လင့်ချက်၊ သူ့ဘ၀တွေကို စွန့်လွှတ်ပေးဆပ်ရင်း ၊ သူခံစားချက်တွေကို မြိုသိပ် ထိန်းသိမ်းရင်းနဲ့ ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။ အမေ့ စွန့်လွှတ်မှုတွေ အတွက် ဘယ်သူတွေ သိသိမသိသိ သမီးကတော့ ထာဝရ လေးစားနေဦးမှာပါအမေရယ်။ အမေ့လို အမေတွေ သမီးတို့ တိုင်းပြည်မှာ အများကြီးရှိနေဦးမယ့် ခေတ်ကြီးမဟုတ်လား အမေရယ်။ အမေ ကွယ်လွန်တော့ အမေ့ရဲ့ ခေါင်းအုံးအောက်က စာလေးတစောင်ကို ဖတ်ရပါတယ်။

ကိုညိုမောင်ရေ…
နိုင်ငံရေးကို ဘာမှနားမလည်ပေမဲ့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်မဲ့ ယောက်ျား တယောက်ကို ပေးလှုခဲ့တယ်လို့ ကျမ သဘောထားပါတယ်။ ကျမတို့ ဒီဘ၀ ပြန်မဆုံ နိုင် တော့ဘူး ဆိုတာကို သိလိုက်ရတော့ ကျမ နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်တော့မှ ပြန်မလာ နိုင်တော့မဲ့ သူကို နှုတ်ဆက်ခဲ့ပါတယ်။
နှုတ်ဆက်ခဲ့ပါတယ်။
…………………
မခင်သစ်

ရိုးရိုးလေးနဲ့ ကျမအဖေကို နှုတ်ဆက်သွားကြောင်း ထပ်ခါထပ်ခါ ရေးထားခဲ့တဲ့ စာတစောင် ပါပဲ။ အဲဒီစာထဲမှာ မဆုံးနိုင်တဲ့ အသံမဲ့စကားတွေ၊ မပျောက်ပြယ်မဲ့ ချစ်ခြင်းမေတ္တာတွေ ပျော်ဝင်နေတယ်ဆိုတာ ကျမခံစားသိနေပါတယ် အမေ။


Monday, July 30, 2007

အန်တီစု ကိုယ်တိုင်ရေး ကဗျာများ

ချစ်စွာသော ဘလော့ဂါမိတ်ဆွေရောင်းရင်းတို့ရေ……….
ပြိုင်ပွဲလေးတခုကျင်းပပေးချင်လို့…..
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ကဗျာ ကျမဆီမှာ ၅ ပုဒ်ရှိတယ် လို့ ပြောခဲ့ပေမယ့် တကယ်ပြန်ကြည့်လိုက်တော့ (၃) ပုဒ်ပဲရှိတာကို တွေ့ရပါတယ်။ အခု ကျမက မူရင်း အင်္ဂလိပ်လို ရေးထားတာကို တင်ပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့သူများက ကွန်မန့်ထဲမှာ ဘာသာပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ (ဘလော့လောကထဲမှာ အင်မတန်တော်တဲ့ ဘာသာပြန်နိုင်သူ၊ ကဗျာရေးနိုင်သူ၊ စာရေးနိုင်သူ ရွက်ပုန်းသီးတွေ အများကြီးရှိပါတယ်။)
အကောင်းဆုံးပြန်ဆိုနိုင်သူကို အွန်လိုင်းထဲက ကြိုက်နှစ်သက်ရာ မုန့်အမျိုးမျိုးကို အ၀ကျွေးမှာဖြစ်တဲ့အပြင် အန်တီ့ဓါတ်ပုံတွေကိုလည်း ချီးမြှင့်မှာ ဖြစ်ပါတယ်။

ထို့နောက်မှာတော့…………

ဒီကဗျာတွေကို လွတ်မြောက်နယ်မြေမှ စာရေးဆရာဂါမဏိ ဘာသာပြန်ထားတာတွေ ရှိပါတယ်။ ကျမတင်တဲ့ အင်္ဂလိပ်ကဗျာတွေကို ဘာသာပြန်ချိန် ၃ ရက်ပေးပြီးရင် ဆရာဂါမဏိ ဘာသာပြန်ထားတာလေးကို တင်ပေးပါ့မယ်။ နှိုင်းယှဉ်ဖတ်ကြည့်ကြတာပေါ့နော်။
နီးစပ်ရာဘလော့တွေကိုလည်း လက်တို့ သတင်းပေးလိုက်ပါဦးလို့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်



Free bird towards a free Burma
(By Daw Aung San Suu Kyi)

My home...
where I was born and raised
used to be warm and lovely
now filled with darkness and horror.

My family...
whom I had grown with
used to be cheerful and lively
now living with fear and terror.

My friends...
whom I shared my life with
used to be pure and merry
now living with wounded heart.

A free bird...
which is just freed
used to be caged
now flying with an olive branch
for the place it loves.

A free bird towards a Free Burma.


တိမ်ရောင်စုံချိန်မှာ

အပိုင်း(၂)

ဖေဖေပြောခဲ့တဲ့ ကိုယ့်တာဝန်ကို ကျေအောင်ထမ်းတဲ့ အနေနဲ့ ကျမကလည်း ကျောင်းသား လူငယ် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ အဖွဲ့ဝင်အဖြစ် ၀င်လိုက်ပါတယ်။ အမေကတော့ အဖေကလည်း တောခိုသွား သမီးကလည်း ပါတီဝင်အဖြစ် စည်းရုံးရေးတွေ ဆင်းနဲ့ တော်တော် စိတ်ဆင်းရဲ ဖြစ်လို့ပါပဲ။ အမေက ကျမကိုလည်း နိုင်ငံရေး မလုပ်စေချင်ပါဘူး။ အဖေ့ကို တားမရသလို ကျမကို တားမရတဲ့အခါ အမေ့စကားသံတွေဟာ တဖြည်းဖြည်း တိုးတိတ်လာသလို အမေ့တရားမှတ်ချိန် တွေလည်း တိုးတိုးလာနေပါတယ်။


ဒီလိုနဲ့ ၁၉၉၀ ရွေးကောက်ပွဲ မစခင်အချိန်မှာပဲ ကျမကို ဖမ်းဆီးပါတော့တယ်။ ကျမတို့ကို တရားမ၀င် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု ဆိုပြီး တရားစွဲခံရပါတယ်။ တကယ်တော့ အဲဒီပုဒ်မနဲ့ မတရားဖမ်းဆီးခဲ့တာပါ။ တရားမ၀င်အဖွဲ့ ဆိုတာကို ဘယ်မှာလဲလို့တောင် ကျမတို့က ပြန်မေးခဲ့ရတဲ့ မေးခွန်းကို မသိချင်ယောင်ဆောင်ပြီး ထောင်ချခဲ့တာပေါ့။

ကျမကို အမိန့်ချတဲ့နေ့ က အမေ့မျက်နှာကို ခုထိမျက်စိထဲမှာ မြင်ယောင်နေတုန်း။ သူ့ရဲ့ မျှော်လင့်ချက်တွေ အနာဂါတ်တွေကို ပုံအောထားရတဲ့ တဦးတည်းသော သမီးကျမကို ထောင်ဒဏ်ရှစ်နှစ်လို့ တရားသူကြီးက ချမှတ်လိုက်သံအပြီးမှာ ဖျတ်ကနဲ လှမ်းကြည့်လိုက်တဲ့ ကျမကို ပြန်ကြည့်လိုက်တဲ့ အမေ့ရဲ့ အကြည့်။ သနားခြင်းနဲ့အတူ ဖြစ်ရလေဆိုတဲ့ အကြည့်ပါ။ ကျမတို့ အမှုတွဲက အယောက် ၂၀ လောက်ဆိုတော့ လာတဲ့မိဘ ညီအကို မောင်နှမကတင် အများကြီးပေါ့၊ အဲဒီအများကြီးထဲက ကျမအတွက် အားကိုးရာ နောက်ဆံတင်းစရာ အမေ ကတော့ တယောက်တည်း ထီးတည်းရပ်လို့ တိတ်ဆိတ်ငြိမ်သက်နေတာကို တွေ့ရတော့ ကျမရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်စွာ မျက်ရည်ကျမိပါတော့တယ်။ ကျမကို ချမှတ်ခံလိုက်ရ တဲ့ ထောင်ဒဏ် ရှစ်နှစ်ကြောင့် မဟုတ်ပဲ ကျမအတွက် အမေ စိတ်ဆင်းရဲခဲ့ရပြီ ဆိုတာကို အဲဒီအချိန်က ခံစားလိုက်ရလို့ပါ။

အဖေ့သတင်းလဲ မကြားရတဲ့အချိန်၊ သမီးဖြစ်သူကလည်း ထောင်နှစ်ရှည်ကျရပြီ ဆိုတော့ အမေ ဘယ်လိုတောင့်ခံမလဲလို့ ကျမ မတွေးတတ်ခဲ့ပါဘူး။ အမေက အင်မတန် ရိုးသား အေးဆေးပြီး ကြောက်တတ်သူလဲ ဖြစ်ပါသေးတယ်။

ကျမတို့ မြို့လေးကနေ ကျမဆီကို ထောင်ဝင်စာလာတွေ့ရတဲ့ အမေဟာ မနက်အစောကြီး ရထားစီး လာရပါတယ်။ ကျမကို နေ့လည် ၂ နာရီလောက်မှ တွေ့ခွင့်ရပြီး ညနေဖက် ဘူတာရုံမှာ ရထားစောင့်အိပ် ၊ မနက် ၄ နာရီ ရထားနဲ့ ပြန်တဲ့ အမေ့ကို ထောင်ထဲက မြို့ခံ ထောင်ကျဖက်တွေက ပင်ပန်းရင် မလာပါနဲ့ အမေ၊ ကျမတို့ ရိက္ခာထုပ်တွေနဲ့ မျှစားလို့ ရပါတယ် လို့ တောင်းပန်ပြောရင်း ၂ လ ၃ လမှ တခါလာတွေ့ဖို့ နားချကြပါတယ်။ တနှစ် အတွင်းမှာ အရမ်းအိုစာသွားတဲ့ အမေ့ကို ကြည့်ရင်း ကျမကတော့ ဘာမှ မပြောနိုင်ခဲ့ပါဘူး။ အမေ ဘာတွေ ဘယ်လို ရုန်းကန်နေမလဲလို့ တွေးကြည့်ရင်တောင် ရင်နာရပါတယ်။ အမေက စီးပွားရေးလည်း မလုပ်တတ်ဘူးလေ။

အဖေ့ကို ဒီအချိန်မှာ တမ်းတနေမလားလို့လည်း တွေးမိတဲ့ အချိန်တွေ ရှိပါသေးတယ်။ အဖေရဲ့ သတင်းကလည်း လုံးဝကို မြုပ်နေပါတယ်။ အမေက ထောင်ဝင်စာ လာတွေ့ရင် စကား သိပ်မပြောပါဘူး။ ကျမမေးတဲ့ အဆင်ပြေလားအမေဆိုရင် အင်းတခွန်းထဲ ပြန်ဖြေတာမျိုးပဲ ရှိပါတယ်။ ကျမက ရပ်ကွက်ထဲက အကြောင်း ဆွေမျိုးတွေ အကြောင်း မေးရင်း စကားပြော နေရပါတယ်။ ဒါပေမဲ့ အမေနဲ့ ကျမတိုင်ပင်မထားပဲ စောင့်စည်းမိတာကတော့ အဖေ့အကြောင်း မပြောမိအောင်ပါ၊ တကယ်လဲ ကျမတို့ သားအမိ ထောင်ဝင်စာ တလျှောက်လုံး အဖေ့ အကြောင်း တခါမှ မပြောဖြစ်ခဲ့ပါဘူး။

တကယ်တော့ အဖေ့ကို မုန်းသွားလို့ မေ့သွားလို့ မဟုတ်ဘူးဆိုတာ အမေရော၊ ကျမရော ရင်ထဲက သိပါတယ်။ ကျမတို့ သားအမိ အပြောချင်ဆုံး စကားတွေကလည်း အဖေနဲ့ ပတ်သက်ရာတွေပဲ ဆိုတာကို မပြောပဲနေလိုက်ခြင်းဖြင့် ပြောနေကြတာပါပဲလေ။


Sunday, July 29, 2007

တိမ်ရောင်စုံချိန်မှာ


ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ရက်ကို နီးလာပြန်ပြီ။ အဲဒီနေ့က စလို့ ဘ၀တွေ တဆစ်ချိုးသွားခဲ့ကြတဲ့ မိသားစုတွေ ကျမတို့ တိုင်းပြည်မှာ ဒုနဲ့ဒေးပါပဲ။ ဘာလိုလိုနဲ့ ၁၉ နှစ်ပြည့်တော့မယ်နော်။ ကျမ ကိုယ်တိုင်လည်း အဲဒီကစလို့ ရည်မှန်းချက်တွေ ပြောင်း၊ မျှော်လင့်ချက်တွေပြောင်း၊ ဘ၀တွေ ပြောင်းလဲသွား လိုက်တာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ၀န်းကျင်တွေမှာ ကျင်လည် ရှင်သန်နေရတာ ခုထိ ဆိုပါတော့။ အဲဒီလိုပဲ ကျမသူငယ်ချင်း တယောက်ရဲ့ ဘ၀လေးကို သတိတရနဲ့ ရေးမိတဲ့ ရသစာစုလေး တပုဒ်ကို တင်ပေးလိုက်ပါတယ်။ မျှဝေခံစား ကြည့်ပေးပါဦး။ နည်းနည်းရှည်သွားလို့ အပိုင်းခွဲ တင်ပေးလိုက်ပါတယ်။


အပိုင်း (၁)

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပြီး နေ့နဲ့ည မကွဲပြားတဲ့၊ ကမ္ဘာမှာ ထိပ်တန်းနာမည်ကြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ သမီးရောက်နေတယ် အမေ။ သမီးတို့ နေတဲ့ အထပ်မြင့် အိမ်ယာတခုရဲ့ အပေါ်ထပ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့် လိုက်ရင် ရောင်စုံမီး တွေနဲ့ လှလိုက်တာ။ ဒီနေ့ ဘယ်လိုမှ အိပ်မရပဲ ကောင်းကင်က ကြယ်တွေ စုံညီနေတဲ့ ညကို ကြည့်ရင်း အဖေနဲ့အမေ့ကို သမီး သတိရနေပါတယ်။ အခုချိန်မှာ အမေသာ သမီးအနားမှာ ရှိနေရင် သိပ်ကောင်းမှာပဲ။ သမီး လုပ်နေရတဲ့ အလုပ်တွေကို မြင်ရင်အမေက ဘာပြောနေမလဲ ဟင်၊ အမေ့တသက်တာမှာ၊ အဖေ့ တသက်တာမှာ ဘယ်လိုမှ တွေးထင်မထားတဲ့ အလုပ်အမေရဲ့ ။ သမီးကြီးလာရင် တက္ကသိုလ်က ဆရာမ လုပ်မယ်နော် အမေလို့ ငယ်တုန်းက ပြောခဲ့ဘူးတာလဲ မေ့ထားလိုက်ပါပြီ အမေရယ်။ အခု သမီး လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်မှာ အရောင်း စာရေးမပေါ့။ ဒါတောင်မှ သမီးက အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်လို့ အမေရဲ့။ သမီးတယောက် ဒီမှာ အဆင်ပြေနေ တယ်လို့ ပြောလို့ ရပေမယ့် အနာဂါတ် မျှော်လင့်ချက် ဆိုတာကတော့ သမီးရဲ့ မွေးဖွားရာ ဇာတိတိုင်းပြည်ရဲ့ အနာဂါတ် ပေါ်မှာပဲ ပုံအောထားဆဲပါ အမေရယ်။

တကယ်တော့……

အမေ့ကို ဆံပင်တွေ တခေါင်းလုံးဖြူနေတဲ့ မိန်းမကြီးတယောက်အဖြစ် ပြောင်းလဲသွား စေတဲ့ အချိန်တွေနဲ့ အတူ အဖြစ်အပျက်တွေ ကလည်း များသားနော်။ တောမကျ မြို့မကျ ကျမတို့ရဲ့ မြို့လေးမှာ ကျမတို့အိမ်က နှစ်ဆောင်ပြိုင် ဆင်ဝင်အိမ်ကြီးနဲ့ တော်တော့်ကို ခမ်းနားထည်ဝါ တယ်လို့ သုံးလို့ရပါတယ်။ ဒီအိမ်ကြီးမှာပဲ ကျမကို အဖေနဲ့ အမေက လူလားမြောက်စေခဲ့ ပါတယ်။ အဖေကတော့ ရိုးသားတဲ့ ကြိုးစားတဲ့ ပရိဘောဂ ပစ္စည်းတွေကို ထုတ်လုပ် ရောင်းချ သူအဖြစ် ကျမတို့မြို့မှာ လူသိများပါတယ်။ ဒါတွေက အခုပြန် ပြောပြရင် ရွှေထီးဆောင်းချိန်လို့ သုံးရမယ် ထင်ပါတယ်လေ။ ရိုးသားဖြောင့်မတ်သလို မဟုတ်မခံ စိတ်ဓါတ်ရှိတဲ့ အဖေဟာ သူတို့ ကျောင်းတက်ခဲ့တဲ့ ကာလ ၁၉၆၂ ၀န်းကျင် လောက်က အဖြစ်အပျက်တွေကို ဘယ်တော့မှ မမေ့ခဲ့ဘူးဆိုတာကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့မှပဲ ကျမ သိရတော့တယ်လေ။ အဖေက ကျမကို မွေးဖွားချိန်က စလို့ အလုပ်ကြိုးစားခဲ့တာ သမီးကို ပညာတတ် တယောက်ဖြစ်အောင် ဆိုဆုံးမခဲ့တာတွေရဲ့ နောက်က တွန်းအားတွေဟာ ဘာတွေလဲလို့ အဲဒီရှစ်လေးလုံးလူထု လှုပ်ရှားမှု ဖြစ်တော့မှ သိခဲ့ရတာလဲ အမှန်ပါ။

အဖေက ၁၉၆၂ ခုနှစ်က ပထမနှစ်ကျောင်းသားဘ၀ ပဲရှိသေးတယ်တဲ့။ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အတူ ကျောင်းဝင်းထဲမှာ လှည့်လည်ဆန္ဒပြနေခဲ့ပြီးမှ သေနတ်နဲ့ မပစ်ခင် အချိန်လေးမှာပဲ ရန်ကုန်မြို့ထဲကို ခဏဆင်းသွားခဲ့တာတဲ့။ အဖေက သူကံကောင်း ခဲ့လား။ ကံဆိုးခဲ့လား ဆိုတာ ဒီနေ့ထိဝေခွဲလို့ မရသေးဘူးလို့ ပြောပြခဲ့ပါတယ်။ သူ့သူငယ်ချင်း ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတာ၊ သူနဲ့ ဆန္ဒပြဖော်ပြဖက်တွေ သေနတ်ပစ်ခံပြီး ကျဆုံးခဲ့တာတွေအပေါ်မှာ သူကဘာမှ မလုပ်ပေးနိုင်ခဲ့ပဲ တာဝန် ပျက်ကွက်ခဲ့သလို တာဝန်မဲ့ သလို ဖြစ်ခဲ့တာတွေအတွက် သူကျောင်းပြီးအောင် မတက်တော့ပဲ စာသင်ခန်းကို ကျောခိုင်းထွက်ခွာခဲ့ တယ်။ နောက် အစိုးရအလုပ် ဘယ်တော့မှ မလုပ်ဘူးဆိုပြီး ပရိဘောဂ လက်သမား အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျမဒုတိယနှစ် တက်နေတဲ့အချိန် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုဖုန်းမော် ကျဆုံးတဲ့ အဖြစ်ကစလို့ ကျောင်းပိတ် လိုက်ဖွင့်လိုက် နဲ့ မတည်မငြိမ် ဖြစ်လာတော့ အဖေက ကျမကို အရေးကြီးတဲ့ အချိန်ရောက်ပြီ သမီးတဲ့။ ကျမကို ငယ်စဉ်ကနေ ခုချိန်ထိ တခါမှ မပြောဖူးတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ၊ မတရားသတ်ဖြတ်ခံရမှုတွေကို အဖေက စိတ်ပါ လက်ပါနဲ့ ပြောပြပါတော့ တယ်။ အဲဒီအချိန်က အဖေ့မျက်နှာဟာ နာကျည်းနေတဲ့ လူတယောက်က ၀မ်းနည်းကြေကွဲစွာ ပြောပြနေသလိုပဲလို့ ကျမခံစားမိ ပါ တယ်။

ကျောင်းပိတ်လို့ ကိုယ့်မြို့လေးကို ကျမပြန်ရောက်တိုင်း မတ် ၁၄တုန်းကဘယ်လို၊ မတ် ၁၅ တုန်းကဘယ်လို ၊ ၁၆ ရက်နေ့တုန်းက သမီးဘယ်လိုပြေးခဲ့တာ သိလားအဖေလို့ ပြောပြတဲ့ အခါ အဖေက သေသေချာချာ နားထောင်ပြီး အသေအချာ ပြန်မေးတတ်ပေမဲ့ အရမ်းအေး ဆေးတဲ့ အမေကတော့ ၀င်မလုပ်ပါနဲ့ သမီးရယ်။ တော်ကြာ ကျောင်းထုတ်ခံ နေရမယ်တဲ့။ ဒါ့ထက်ဆိုးရင် ထောင်ကျ နေပါဦးမယ်လို့ ၀င်ပြောတတ်ပါတယ်။

အဲဒီတုန်းက အဖေက ကျောင်းသားတွေအရေးကို ကျောင်းသားတယောက်က ၀င်လှုပ်ရှား တာကို မကန့်ကွက်ပါနဲ့ ကွာ။ ဒါသူလုပ်ကို လုပ်ရမဲ့ တာဝန်တဲ့။ ကျမကို မတားပဲနဲ့ တခုခု ဖြစ်လာခဲ့ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင်၊ အလွတ်ပြေးနိုင်အောင် စသည်ဖြင့် သင်ပေးပါ တော့တယ်။ စစ်ထောက်လှမ်းရေးတွေက ကျောင်းဝင်းထဲမှာလည်း ရှိနေနိုင်တယ် ဆိုတာကို သူ့ခေတ်အခြေအနေနဲ့ နှိုင်းယှဉ် သတိပေးပါတယ်။ သမီးတို့မျိုးဆက် အလှည့်မှာ သမီး နိုင်သလောက်ဝန်ကို သမီးထမ်းနိုင်ရမယ်တဲ့။

ဒုတိယအကြိမ် ကျောင်းပြန်ဖွင့်တော့ အဖေ့ သတိပေးချက်တွေနဲ့ အတူ ကျမတို့ သူငယ်ချင်း တသိုက် လှုပ်ရှားကြပါတယ်။ ဇွန်လ ၂၁ ရက်နေ့က မြေနီကုန်း အဖြစ်အပျက်နဲ့ လှည်းတန်း လမ်းထိပ် အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ကျမကတော့ စစ်သား ဆိုတာနဲ့ လုံထိန်း ဆိုတာကို မုန်းတီး သွားပါတော့တယ်။

ထုံးစံအတိုင်း မြို့လေးကို ပြန်ရောက်လို့ အဖေ့ကို ပြန်ပြောပြတဲ့အခါ အဖေကတော့ တောက် တခေါက်ခေါက်နဲ့ပေါ့။

ဒီလိုနဲ့ ………ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် လူထုလှုပ်ရှားမှု ဖြစ်ပွားတော့ ကျမတို့ မြို့လေးက ရှစ်ရက်နေ့မှာ ဆန္ဒပြပွဲ မဖြစ်ခဲ့ပါဘူး။ နောက်တနေ့ ကိုးရက်နေ့ ရောက်တဲ့အခါမှာတော့ကျမတို့ မြို့လေးရဲ့ ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်းရင်း ကြွေးကြော်သံတွေ တိုင်နေတဲ့ ဖေဖေ့ကို တွေ့ရပါတော့တယ်။ အမေက ကြောက်တတ်တော့ အဖေ့ကို တားပါသေးတယ်။

မခင်သစ်ရေ..
ဒီသမိုင်းတကွေ့က ပြည်သူ့လှုပ်ရှားမှုမှာ ငါမပါခဲ့ရဘူးဆိုရင် တာဝန်မကျေ ဖြစ်ရတော့မယ်ကွ၊
လို့ အဖေကပြောရင်း ကျမတို့မြို့လေးရဲ့ သပိတ်ကော်မတီမှာ တက်ကြွစွာ တာဝန်ထမ်းဆောင် ပါ တော့တယ်။ အဖေဟောတဲ့ တရားတွေမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ အတူ ၆၂ လူသတ်ပွဲအကြောင်း၊ ၇၄ အလုပ်သမားသပိတ်နဲ့ လူသတ်ပွဲ၊ လူဖမ်းပွဲတွေ အကြောင်း စုံနေတာပါပဲ။ မြို့ကလူတွေနဲ့ ကျမသူငယ်ချင်းတွေကတော့ သဘောတွေကျ လက်ခုပ်တွေ တီးလို့၊ ကျမ ကိုယ်တိုင်လည်း အဖေ့ကို အရင်ထက် ပိုလေးစားမိလာပါတယ်။

အရာရာ သတိရှိရမယ် ဆိုတဲ့ ဖေဖေက စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းချိန်မှာ အဝေးကို ထွက်ခွာဖို့ ပြင်ဆင်ပြီးနေပါပြီ။ အမေနဲ့ ကျမကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ အဲဒီနေ့က အဖေ့ ကျောပြင်ကို ငေးကြည့်ရင်း အမေက မျက်ရည်တွေတွေ ကျလို့။ အံကို တင်းတင်းကြိတ်လို့။

အပိုင်း(၂) ဆက်ရန်..........

Tuesday, July 24, 2007

အန်တီစုရဲ့ ဆောင်းပါးများ


ငြိမ်းချမ်ရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါး(၃)

ကျမတို့ ပြည်သူတွေကြားထဲမှာ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် တိုင်ပြည်ဆင်းရဲရတယ် ဆိုတဲ့ စစ်အုပ်စုရဲ့ ၀ါဒဖြန့်မှုကို ရိုးသားစွာ ယုံကြည်ခဲ့ကြတယ်။ လက်တွေ့မှာလည်း စီးပွားရေး ပိတ်ဆို့လိုက်လို့ စက်ရုံတွေ ပိတ်လိုက်ရတာ၊ အထည်စက်ရုံတွေက အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရတာ၊ တချို့ဆို မကောင်းတဲ့ အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်တွေထဲ ရောက်သွားရတာ စသဖြင့် တွေ့နေကြရတာဆိုတော့ စိတ်မကောင်းစွာ ခံစားရင်း ဒါဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့်ဆိုတဲ့ အမြင်ပိုခိုင်မာလာကြပါတယ်။

တကယ်တော့ စီးပွားရေး ပိတ်ဆို့မှုမစတင်စဉ် ကတည်းက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်နေခဲ့ပါပြီ။ ဥရောပ ၊ အမေရိကန် စီးပွားရေး ပိတ်ဆို့ပေမဲ့ အရှေ့တောင်အာရှ အာစီယံနိုင်ငံတွေက မပိတ်ဆို့ပါဘူး၊ ကျမတို့နိုင်ငံရဲ့ သယံဇာတ အရင်းအမြစ်တွေ ရောင်းချရငွေတွေကို ပြည်သူ့အကျိုး မှန်မှန်ကန်ကန် အသုံးချမယ်ဆို နိုင်ငံရော ပြည်သူတွေပါ ခုလို ဆင်းရဲ မွဲတေနေမှာ မဟုတ်ပါဘူး။

အခု ရခိုင်ကမ်းရိုးတန်းမှာ တွေ့ရှိနေရတဲ့ အိမ်နီးချင်းတရုပ်၊ ထိုင်း၊ အန္ဒိယတို့ အလုအယက်ဝယ်နေရတဲ့ ဓါတ်ငွေ့သိုက်တွေရဲ့ ပမာဏဟာ ကမ္ဘာမှာ စတုတ္ထအကြီးဆုံး၊ အာရှမှာ အကြီးမားဆုံး သဘာဝဓါတ်ငွေ့သိုက်တွေပါ။ စင်္ကာပူလို၊ ဟောင်ကောင်လို တနိုင်ငံလုံး (ဖွံ့ဖြိုးပြီးနိုင်ငံလို) တနေ့လုံး ထိန်ထိန်ညီး မီးမပြတ်ပေးထားပြီး စက်ရုံအလုပ်ရုံတွေမှာ သုံးဖို့လျှပ်စစ်ဓါတ်အား အပြည့်အ၀ ပေးခဲ့ရင်တောင် နှစ် ၆၀ အပြည့်အ၀ သုံးနိုင်မယ့် ဓါတ်ငွေ့သိုက်လိုမျိုး ဓါတ်ငွေ့သိုက် ၄ ခုတိတိ ကျမတို့ နိုင်ငံ ပိုင်ဆိုင်ထားပါတယ်။

ပြီးတော့ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ရင် ပိတ်ဆို့ထားမှုတွေ ရပ်တန့်သွားမယ်လို့ ကျေညာထားပြီးဖြစ်ပါတယ်။ တကယ် တိုင်းပြည်နဲ့ တကွ ကိုယ့်ပြည်သူတွေကို ချစ်တယ်၊ စီးပွားရေးပိတ်ဆို့တာကို ရပ်တန့်စေချင်ရင် စတင်အကောင်အထည် ဖော်ပြရမှာက စစ်အုပ်စုပဲဖြစ်ပါတယ်။

အခု စီးပွားရေးပိတ်ဆို့မှုတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို ထင်ဟပ်ပေါ်လွင်စေမယ့် အန်တီကိုယ်တိုင်ရေး ဆောင်းပါးလေးကို တင်ပြလိုက်ပါတယ်။



အောင်မြင်သောဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးတည်စေမည့် အဓိက စီးပွားရေး သော့ချက်များ



မကြာသေးမီ သတင်းပါတ်တွေ အတွင်း သတင်းစာဆရာ အများကမေးလာ ကြတဲ့အကြောင်းတစ်ရပ်ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒတွေ အကြောင်းပါပဲ။ တစ်ယောက်နှစ်ယောက်က ဆိုရင် ကျမတို့အနေနဲ့ ဈေးကွက် စီးပွားရေးစနစ် ဆိုတာကို အယုံအကြည်ရော ရှိရဲ့လား လို့ မေးမြန်းခဲ့ကြပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်တွေအကြောင်း သိရှိသူ နိုင်ငံခြားသားအနည်း အကျဉ်းပဲရှိ မယ်ဆိုတာ တွက်လို့ရနိုင်ပါတယ်။ ဒီကြေညာချက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာ လည်းမရှိတဲ့ အတွက် ကြေညာချက် ရှိခဲ့ကြောင်းသိတဲ့ နိုင်ငံခြားသားတွေ အတွက်တောင် ကြေညာချက် ထဲမှာ ဘာတွေပါလဲ ဆိုတာကို အတိအကျသိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လောလော ဆယ် အားဖြင့်တော့ သတင်းလောကက သိချင်နေတာတွေလဲ ပြောကြားသွားပြီး ဖြစ်အောင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပါတ် သတ်ပြီး အချက် (၁၁) ချက်နဲ့ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ထားခဲ့တာကို ပြန်ပြီးဖော်ပြလိုပါတယ်။ အဲဒါတွေကတော့-

(က) ကုန်ဈေးနှုန်း၊ ငွေကြေးနဲ့ အလုပ်အကိုင် များ တည်ငြိမ်မှုကို ဦးစားပေး ဆောင်ရွက်ရမယ်။ ပြည်တွင်းငွေကြေးကို ပြည်သူအများက ယုံကြည်စိတ်ချ အောင် ဆောင်ရွက်မည်။
(ခ) သင့်တင့်လျောက်ပတ်သော ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေးမူဝါဒတို့ကို ချမှတ်၍ အစိုးရ ဘတ်ဂျတ်ကို ပိုင်နိုင်စွာ ကွပ်ကဲဆောင်ရွက် မည်။
(ဂ) မြန်မာငွေနှင့် နိုင်ငံခြားငွေများ လဲလှယ် ရေးနှုန်းကို ပြန်လည်သုံးသပ်၍ လိုအပ်သလို ပြင်ဆင်သွားပါမည်။
(ဃ) အားဖြည့်လောင်စာ၊ ပို့ဆောင်ရေး ယာဉ်၊ ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် အထောက်အကူပြုမည့် ပစ္စည်းများကို ဦးစား ပေးသွင်းကုန်များ အဖြစ် တင်သွင်း မည်။
(င)နိုင်ငံခြားပို့ကုန်အမျိုးအစား စုံအောင်ကြိုးပမ်းမည်။
(စ)နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများဆထက်ထမ်းပိုး တိုးပွား လာစေရန် အလို့ငှာ နိုင်ငံခြားရင်းနှီး မြုပ်နှံမှု ဥပဒေကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ပေး မည်။
(ဆ)နိုင်ငံခြားကြွေးမြီများ လျော့ပါးရေးနှင့် အကူအညီများထပ်မံရရှိရေးကို ကြိုးပမ်းမည်။
(ဇ)စီးပွားရေးလုပ်ငန်းတို့ကို ချုပ်ချယ်ထား သော ဥပဒေများ၊ အမိန့်များ၊ စည်းမျဉ်းများ နှင့် တခြားကန့်သတ်ကွပ်ကဲမှုတို့ကို ပြန် လည်သုံးသပ်၍ ပြင်ဆင်တန်ပြင်ဆင်၊ ဖျက် သိမ်း တန်ဖျက်သိမ်း ဆောင်ရွက်မည်။
(ဈ) ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် လက်ရှိအခွန် စနစ် အရပ်ရပ် ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်မည်။
(ည) စီးပွားရေးအစိတ်အပိုင်း အသီးသီးသည် ဈေးကွက် စီးပွားရေးကို တင်းပြည့် ကျပ်ပြည့် အခြေခံကြရမည်။ အထူးသဖြင့် ပုဂ္ဂလိကပိုင်စီးပွားရေး ကို အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် အားပေးမည်။
(ဍ) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုမို တိုးတက်အားပေးသွားပြီး အဆင်ပြေ ချောမွေ့ပြေပြစ်အောင် ဆောင်ရွက်မည်။

စီးပွားရေးဆိုင်ရာ ရည်မှန်းချက် တွေကို ဒီလိုချပြလိုက်ဖို့က လွယ်ပါတယ်။ လုပ်ငန်းစဉ်တွေကို ဘယ်လိုအကောင်အထည် ဖော်ယူနိုင်မလဲ ဆိုတာဘဲ မေးစရာ ပြဿနာ တစ်ခုပါ။ အဲဒီမှာ UNDP ကုလသမဂ္ဂဖွံ့ဖြိုး ရေးအစီအစဉ်ကို မြန်မာ့စီးပွားရေးနဲ့ ပတ်သတ်ပြီး အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ဟားဗတ်စ်တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာဒေးဗစ်ဒါပိစ်ရဲ့ အယူအဆတွေ ဟာ NLD ရဲ့ သဘောထားတွေနဲ့ အတော် ဆင်တူတာကို သွားတွေ့ရပါတယ်။

Prospects for Sustainable Growth in Myanmar ဆိုတဲ့စာတမ်းမှာ ဒေါက်တာ ဒါပိစ် က စီးပွားရေး ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ အတိုးနှုန်း တွေ သတ်မှတ်ယုံ၊ ငွေကြေးလဲလှယ် နှုန်းတွေ သတ်မှတ်လိုက်ယုံတင်မကပါ ဘူး။ ဒီမူဝါဒတွေဟာ ဘယ်ဆီကို ဦးတည်နေသလဲ ဆိုတာနဲ့အတူ အားကိုး အားထားပြုနိုင် လောက်အောင် ခိုင်ခိုင်မာမာရှိမှု၊ အယုံအကြည်ရှိမှု၊ ဒီအချက်တွေ ခြုံငုံပြီး ပါဝင်ရမှာဖြစ် တဲ့အပြင် လုပ်ငန်းစဉ်တိုင်း လိုလိုဟာ မှန်ကန်တဲ့ ဦးတည်မှု လမ်းကြောင်းမှာ ရှိနေမှာဖြစ်တယ်လို့ သုံးသပ် တင်ပြထား ပါတယ်။ အားကိုးအားထား ပြုနိုင်လောက်အောင် ခိုင်ခိုင် မာမာရှိမှုနဲ့ အယုံအကြည် ရယူနိုင်မှုဆို တာဟာ ကောင်းမွန်တဲ့ စီးပွားရေး လုပ်ငန်းတိုင်း အတွက် အခြေခံပါတယ်။ ဒါကြောင့် အောင် မြင်တဲ့ဈေးကွက် စီးပွားရေးလုပ်ငန်းစဉ် တစ်ရပ်ကို တည်ဆောက်ဖို့ လိုတယ်ဆိုရင် ဒီအချက် ကိုပဲ ပထမဆုံး အခြေခံထူထောင် သွားရမှာ ဖြစ်ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေး အပါဆုံးဟာ ဥပဒေစိုးမိုးမှု အပေါ်မှာ အခြေခံအဖြစ် တည်ဘို့ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယုံကြည်ထားတာ ဟာလဲ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။ ဒေါက်တာဒါပိစ်ရဲ့ ရေးသားချက် တွေကိုထပ်ပြီး ကိုးကား ဖော်ပြရမည်ဆိုရင် အရေးပါပြီး ပြန်လည်ပြုပြင်ရန် ခက်သည့် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေး ပြဿနာ များဆိုပြီး သူက မြန်မာနိုင်ငံ အတွင်း ဖြစ်နေတဲ့ အခြေအနေတွေကို ပြန်လည် ပြောင်းလဲ ယူနိုင်ရေးအတွက် ထိရောက်မှုရှိတဲ့ ဥပဒေ စနစ်တစ်ရပ်နဲ့ အတူ ပြည်သူလူထုက ဘဏ်တွေ မှာ ငွေတွေထည့်ဝင် စုဆောင်းရဲလာအောင် အနာဂတ်အတွက် ရင်းနှီးမြုပ်နှံမှုတွေလုပ်ရဲ လာအောင် ယုံကြည်မှုတွေ ဖြစ်စေမယ့် မူဝါဒတွေ နှင့် လုပ်ငန်းဌာနတွေ ထူထောင်ပေးဖို့လဲ လိုအပ်တယ်လို့ ရေးသား ထားတာကို တွေ့ ရပါတယ်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေ အပေါ် ဘယ်လို သဘောထားရှိသလဲ လို့ ကျမကို မေးလာကြတဲ့ အခါမှာတော့ ဒီအချိန်ဟာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ အချိန် မဟုတ်သေးဘူးလို့ဘဲ ပြောကြားခဲ့ ပါတယ်။ ဒါဆိုရင် အခုရင်းနှီး မြုပ်နှံကြစို့ဆိုတဲ့အစား တခြား မည်သည့် နည်းလမ်းများ ရှိလဲလို့ပြန်လည် မေးခွန်း ထုတ်လာကြသူတွေ ကိုတော့ အနာဂတ် ရေးအတွက် ရင်းနှီးမြုပ်နှံရေး ဖြစ်တယ်လို့ ကျမ ဖြေခဲ့ပါတယ်။ သဘောကတော့ ကိုယ်ကျိုး တစ်ခုတည်း ကြည့်မယ် ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် အရင်းအနှီး စိုက်ထုတ် ပေးကြပါလို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ် ထွန်းကားလာတဲ့မြန်မာ နိုင်ငံဟာ စီးပွားရေး အရ နိုးကြားတက်ကြွပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ လဲ ဖြစ်မှာ အမှန်ပါဘဲ။

(အောင်ဆန်းစုကြည်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


Monday, July 23, 2007

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၃ နှစ်ပြည့် အမှတ်တရ


ဒီနေ့ ဇူလိုင်လ ၂၃ ရက်နေ့ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တာ ၄၃ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဒီနေ့ ခေတ် မျိုးဆက်သစ်တွေနဲ့ သိပ်မရင်းနှီးလှတဲ့ ငြိမ်းချမ်းရေး လိုလားသူ ဆရာကြီးနဲ့ အနည်းအကျဉ်း မိတ်ဆက်ပေးလိုတဲ့အတွက် ဒီပို့စ်လေးကို တင်ပေးလိုက်တာပါ။ အပြည့်အစုံကြီး မဟုတ်ပေမဲ့ ဆရာကြီးဘ၀နဲ့ ခံယူချက်ကို တစိတ်တဒေသ ဖတ်မှတ်မိမယ်လို့ ယုံကြည်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီပြည်သူ့ အရေးတော်ပုံကြီး နောက်ပိုင်း နိုင်မြန်မာရဲ့ ခေတ်သစ် ကမ္ဘာမကြေဘူး သီချင်းမှာ ကိုယ်တော်မှိုင်း…. ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဘိုးရေ လို့ ခေတ်လူငယ်တွေက ဆရာကြီးကို တိုင်တည်ကြတော့ စစ်အုပ်စုထိပ်သီးကြီးတွေက စာစောင်တွေ ဂျာနယ်တွေမှာ သခင်ကိုယ်တော်မှိုင်း အစား ရွှေတောင် ဆရာလွန်းလို့ပဲ သုံးစွဲရမယ်လို့ ညွှန်ကြားခဲ့ဖူးပါတယ်။


ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ထူးချွန်သောစွမ်းရည်များအရ ဆုအမျိုးမျိုး ၊ ဘွဲ့တံဆိပ်အမျိုးမျိုးကို ရရှိခဲ့သော်လည်း ရတိုင်း လက်ခံခဲ့သည် မဟုတ်ပေ။ ဆရာကြီး ဘ၀တလျှောက်လုံး ပယ်ဆု၊ ယူဆု၊ တောင်းဆု ဟု ဆုသုံးမျိုး သုံးစားရှိသည် ကို တွေ့ရ ပါတယ်။

စစ်မဖြစ်မီ ကိုလိုနီခေတ်တုန်းက ဝေလမင်းသား အကြိုတော်ရတုကို ရေးရန် ဆုတော်ငွေ တထောင်ပေးကာ တိုက်တွန်းခဲ့တာကို ရန်သူကို ချီးမွမ်းထောမနာ မလုပ်နိုင်လို့ ပြောကာ ခါးခါးသီးသီးငြင်းပယ်ခဲ့ပါတယ်။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကို လက်ခံဖို့ တိုက်တွန်း ခဲ့ရာမှာလည်း ပြတ်သားစွာ ဆက်လက်ငြင်းဆန်ခဲ့ပါတယ်။

လွတ်လပ်ရေး ရပြီးတဲ့နောက် ပြည်ထောင်စုအစိုးရက စာပေဆုအဖြစ် အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့ပြန်ရာ ဆရာကြီး မငြင်းသာပဲ လက်ခံခဲ့ရပေမဲ့ နှစ်မြို့ဟန်မတူ။ ဆိုဗီယက် ယူနီယံမှ စတာလင်ငြိမ်းချမ်းရေးဆုကြီးကို ပေးအပ်ခဲ့ပြန်သည်။ ငြိမ်းချမ်းရေး ကြိုးပမ်းချက် အတွက် ပေးသောဆုဖြစ်သဖြင့် အတန်နှစ်သိမ့်ဖွယ် ဖြစ်သောလည်း လှိုက်လှဲဂုဏ်ယူဟန် မရှိ။ အရှေ့ဂျာမဏီက ပေးသော ဒေါက်တာဘွဲ့ (မဟာပညာကျော်ဘွဲ့) ကိုလည်း ချစ်ကြည်ရေးသဘော အရလက်ခံရသော်လည်း နှစ်သက်လိုလားသည့်အသွင် မပြ။

ဆရာကြီး အလိုလား အနှစ်သက်ဆုံးဖြစ်ရုံမက ၄င်းကိုရလျှင် သေပျော်ပါပြီကွာ ဟုပင် ညည်းညူတမ်းတနေရသော ဆုကြီးကား ပြည်တွင်းငြိမ်းချမ်းရေး သာ ဖြစ်ပါပေသည်တကား။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်လာမည့် မောင်လွန်းကို ၁၈၇၆ ခု မတ်လ ၂၃ တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာတွင် အဖဦးစံဒွန်း အမိဒေါ်အုန်းတို့မှ ဖွားမြင်ခဲ့ပြီး အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ပတ်သက်လို့ ယနေ့ခေတ် လူငယ်တယောက်က သူ့အမြင် သူ့အတွေးနဲ့ စပ်ခဲ့တဲ့ ကဗျာလေး တပုဒ်ကို ကြိုက်နှစ်သက်စွာ ဝေမျှလိုက်ပါတယ်။ ကဗျာရေးသူက ညိုထွန်းဖြစ်ပြီး ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကရေးစပ်ထား တယ်လို့ မှတ်တမ်းတင်ထားပါတယ်။အမေရိကန်ရောက် ဦးအောင်စောဦး(မှိုင်းရာပြည့် ကျောင်းသား ခေါင်းဆောင် ဟောင်း) ပြုစုရေးသားထားတဲ့ ငြိမ်းချမ်းရေးဖခင်ကြီး ဒေါက်တာ သခင်ကိုယ်တော်မှိုင်း နှစ် ၁၃၀ ပြည့် အထူးထုတ်စာအုပ်ထဲက ကူးယူတင်ပြထားတာ ဖြစ်ပါတယ်။

တို့တာဝန်

အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ ပုံရိပ်ကို
ဂိုဂယ်( google) မှာ ရှာကြည့်တယ်
မတွေ့ရဘူး။

ရာဟူး(yahoo) မှာရော
အမ်အက်စ်အန် (msn)မှာရော
ထပ်ရှာတယ်။
မတွေ့ရဘူး။
စိတ်တော်တော်ပူသွားတယ်။

ဒါနဲ့ အဖသခင်အောင်ဆန်းနဲ့
ဒို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ပုံရိပ်ကို
ထပ်ရှာတယ်။
တော်ပါသေးရဲ့
တွေ့ရတယ်
အများကြီး။

မိတ်ဆွေတို့
ဒီနှစ်ဟာ မှိုင်းတရာ့သုံးဆယ်ပြည့်
မှိုင်းရဲ့ ပုံရိပ်
မှိုင်းရဲ့ ကဗျာ
မှိုင်းရဲ့ စာ
မှိုင်းရဲ့ အတ္ထုပတ္တိ
ကမ္ဘာက သိအောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့။

ညိုထွန်း

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်



Sunday, July 22, 2007

သမီးရဲ့ဖေဖေ



(ခါကာဘိုရာဇီ)မိုးကြိုး အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့ဖူးတဲ့ ၊ နောက် ကျမရဲ့ ဘလော့ မိတ်ဆွေကြီး ကိုမောင်ရင် တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသူတဦး နဲ့ သူမရဲ့ ဖခင်တို့ရဲ့ မေတ္တာဖွဲ့ ဖြစ်ရပ်မှန် ရသစာစုလေးကို တင်ပေးလိုက်ပါတယ်။
အောက်ပါပုံလေးကတော့ ကျမတို့ ပုသိမ် အကျဉ်းထောင်ထဲက မိန်းမအကျဉ်းဆောင် ပုံပါ၊ ပုံထဲမှာ မြင်နေရတဲ့ မိန်းကလေး တွေကတော့ နိုင်ငံရေးအကျဉ်းသူတွေထဲက တချို့ဖြစ်ပါတယ်။ ဒီပုံက (၁၉၉၀) ခုနှစ်က ခိုးရိုက်ထားတဲ့ ရှားပါးပုံလေးပါ။
မူပိုင် ခင်မင်းဇော် ဖြစ်ပါတယ်။



သမီးရဲ့ဖေဖေ


သမီး အငယ်ဆုံးလေး ၁၉၉၀ ခုနှစ်က အင်းစိန်ထောင်ထဲမှာ အချုပ် ၃ လ ရှိနေစဉ်တုန်းကတည်းက ကျုပ် သိပ်စိတ်ပူ နေခဲ့မိတယ်။ ဒီကလေးမက မခံချင်စိတ်သိပ်ကြီးတယ်။ မဟုတ်တာကို ဘယ်တော့မှ ငုံ့မခံတတ်ဘူး။ သူ့ကို ဘယ်လိုမှ ပြောရတော့မှာ မဟုတ်ဘူး ဆိုတာ သိနေတော့ သူလုပ်ချင်တာကို အန္တရာယ်ကင်းကင်း လုပ်နေနိုင်အောင်ပဲ အစွမ်းကုန် ကူညီနေမိတော့တယ်။ သူ့ သူငယ်ချင်း လေးတွေ အိမ်မှာလာတည်းရင် ကိုယ်က လက်ခံထားပြီး တတ်နိုင်သလောက် ကူညီပေးနေရတယ်။ ကလေးတွေဆိုတော့ ဒီအစိုးရ ဘယ်လောက်ထိ ယုတ်မာမယ်။ ရက်စက်မယ် ဆိုတာကို မခန့်မှန်းတတ် သေးဘူး။ ကျုပ်ကတော့ ရေတပ်ထွက် စစ်သားတယောက် ဆိုတော့ သိနေတယ်။ စစ်တပ်ချင်း အတူတူ၊ စစ်သားချင်း အတူတူ။ တိုင်းပြည်တာဝန် ထမ်းတာချင်း အတူတူ ကြည်းတပ်ကမှ ပိုမြင့်မြတ်တယ်လို့ ခံယူထားတဲ့ သူတွေနဲ့ ဆက်မနေချင် တော့တာနဲ့ ကျုပ်တပ်ထဲက ထွက်ခဲ့တယ်။ တပ်ထွက် ဆိုတော့ ဘာလုပ်ရမယ် ဘာကိုင်ရမယ်လည်း သိပ်စဉ်းစားမရတာနဲ့ ကိုယ်ကျွမ်းကျင်တဲ့ ကားပစ္စည်း အဟောင်းလေးတွေကို မဂိုလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းမှာ ချရောင်း နေလိုက်တော့တယ်။ အဲဒီဝင် ငွေနဲ့ပဲ ကျုပ်သားသမီး သုံးယောက်ကို ကျွေးမွေးလာခဲ့တာပါ။

ကျုပ်မိန်းမအကြောင်း လာမမေးပါနဲ့ဗျာ။ အငယ်မ သုံးနှစ်သမီးကတည်းက အိမ်ထောင်ကွဲသွား ခဲ့တာ။ သူနဲ့ ကလေးတွေကို ထည့်လိုက်ရမှာ စိတ်မချတာနဲ့ ကလေးသုံးယောက်လုံး တာဝန်ယူခဲ့တာ ဒီနေ့ထိပါပဲ။ ကျုပ်လား နောက်မိန်းမ ထပ်ယူဖြစ်မှာ။ ကျူပ်ကလေးတွေ ကို မိထွေးဆိုတာ မတွေ့စေချင်ဘူး။ ကိုယ်တိုင်ပြုစုပေးမယ်။ ကိုယ်တိုင်ကလွဲလို့ ဘယ်သူနဲ့မှ စိတ်မချတာ ကျုပ်ကလေး တွေကို သိပ်ချစ်လို့ပေါ့ဗျာ။

အခုတော့ ရွေးကောက်ပွဲ အနိုင်ရရင် ရတဲ့ ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်မှာပါဆိုပြီး မပြန်တဲ့ အခါမှာတော့ ကျောင်းသား လူငယ် လေးတွေက ဘယ်ကျေနပ်ပါ့မလဲဗျာ။ ဂတိမတည်တဲ့သူ ဘယ်သူ့ကို မဆို မကျေနပ်ဘူးဆိုတာ ဖြစ်သင့်တာပါ။ စစ်တပ်က မျက်စိစပါးမွှေးစူးတဲ့ သူတော်တော်များများကို ရွေးကောက်ပွဲ ပြီးကတည်းက ဖမ်းလိုက်တာ သောက်သောက်လဲ။ ကျုပ်သမီးလေးလဲ ပါသွားပါရောလား။

ပထမတခါက ၃ လပဲဖြစ်ပေမဲ့ နောက်တခါက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတဲ့အခါ မှာ ကျောင်းသားတွေ ဆန္ဒပြတယ်။ အဲဒီအခါမှာ တော့ သမီးသူငယ်ချင်းတွေရော သမီးရော ကျောင်းသားကလေး တွေ အများကြီးအဖမ်းခံရတာပေါ့။ စစ်ခုံရုံးနဲ့ အမြန်ဆုံး စစ်ပြီး ချလိုက်တဲ့ ထောင်ဒဏ်က ကလေးတွေနဲ့ မမျှပါဘူး ဗျာ။ အနည်းဆုံးတောင်မှ ထောင်ဒဏ် ဆယ်နှစ်တဲ့။ ကျုပ်သမီး ထောင်ဒဏ် ဆယ်နှစ် အချခံလိုက်ရတာ ကြားရတော့ အဖေတယောက် အနေနဲ့ ထောင်ထဲမှာ နေရမဲ့ သမီးဘ၀လေးကို သနားလိုက်တာ။ သမီးတို့ ကလေးတွေ ကတော့ မျက်နှာတချက်မပျက်ဘူး၊ ခပ်တည်တည် ခပ်မာမာတွေနဲ့၊ ကျုပ်သမီးကဆို အဖေ ဘာမှမပူနဲ့နော်။ အထဲမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သမီးနေနိုင် တယ် တဲ့ ။ သူတို့ကငယ်သေးတော့ မိဘတွေရင်ထဲကို ဘယ်မြင်နိုင်ပါ့မလဲနော်။

ကျုပ်သမီးနဲ့ အတူတူ ထောင်ချခံရတဲ့ သမီးတယောက်ဆို အဖေမရှိဘူး။ သူ့အမေ ကလည်း နယ်မှာတဲ့။ သူ့ဦးလေးကပဲ သူ့ကို လာကြည့်တာ တွေ့ရတယ်။ အဲဒီသမီးလေးကို ကြည့်တဲ့အခါမှာလည်း ၀မ်း နည်းတာ အားငယ်တာ မတွေ့ရဘူး။ ထောင်ဒဏ်ချပြီး ထောင်ထဲကို ပြန်ဝင်သွားတဲ့ ကလေးတွေကို ကြည့်ပြီး အပြင်မှာ မိဘတွေက မျက်ရည်ကျရတယ်။ ကျုပ်သမီးလေး ထောင်ကျတုန်းက အသက် ၁၈ နှစ်ပဲ ရှိသေးတာ ကလား။ စဉ်းစားကြည့်ပါဦးဗျာ။ ကျုပ်ဖြင့် အဲဒီဆယ်နှစ် ဆိုတာကြီးကို ပြန်ပြီး ကြားယောင်ရင်း အိပ်မရခဲ့တာ အတော်ကြာတယ်။ ကျုပ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ ကျုပ်ကိုယ်ကျုပ် စိတ်မချဖူးဗျာ။ သားကြီးနဲ့ သမီးလတ်ကလည်း အိမ်ထောင်ကျသွားတော့ ကျုပ်ကို သိပ်မကူနိုင်တော့ဘူး။ သူတို့လည်း သူတို့မိသားစုနဲ့သူတို့ မနည်း ရုန်းကန်နေရတာ မဟုတ်လား။ သားကြီးဆို နေဖို့အဆင်မပြေလို့ ကျုပ်အိမ်ပဲ ခေါ်တင်ထားတာ။

သမီးကို နှစ်ပတ်တခါ ထောင်ဝင်စာတွေ့နိုင်ဖို့ ကျုပ်ကြိုးစားရတယ်။ သူ့အတွက် ပြည့်ပြည့်စုံစုံလေး ယူသွားချင်တယ်။ အထဲမှာ သူမျက်နှာမငယ် ရအောင်လေ။ အိမ်က သားက ထောင်ဝင်စာသွားဖို့ ၂၀၀၀ ထုတ်ပေးပေမဲ့ ဘယ်လောက်မှာလဲ။ သူကလည်း ဒါ့ထက်ပိုမပေးနိုင်ဘူး။ ကျုပ်ကလည်း တနေ့လုပ် တနေ့စားဖြစ်နေတော့ ခက်ခဲတယ်။ ဒါပေမဲ့ ဖြစ်အောင် ကြိုးစားရတာပေါ့ဗျာ။ တနေ့ရောင်းရတဲ့ ငွေလေးထဲက ထန်းလျက်ထုပ်လေးဝယ် လိုက်၊ မြေပဲလေး ၀ယ်လိုက်နဲ့ တပတ် ထောင်ဝင်စာပြီး နောက်တပတ်အတွက် ထပ်ပြီးစုနဲ့ လုံးချာလိုက်နေတာပဲ။ သမီးထောင်ထဲမှာ ခြောက်နှစ်လောက် ရလာတော့ ဈေးရောင်းကလည်း ပါးလာတယ်။ ဈေးနှုန်းတွေကလည်း တက်လာလိုက်တာ ပြောမပြချင် လောက်အောင်ပါပဲ။

သမီးကိုတော့ ပြောပြမိသေးတယ်။ ဈေးရောင်း မကောင်းတော့ ထောင်ဝင်စာထုပ်က သေးသေးလာတယ် သမီးရယ်လို့၊ အဖေ စိတ်မကောင်းဘူး။ ဒါပေမဲ့ အဖေရှိနေ သ၍တော့ ထောင်ဝင်စာထုပ် မပို့နိုင်ရင်တောင် လူကိုယ်တိုင်တော့ ရောက်အောင် လာမယ် သမီးရေလို့ပေါ့။ သမီးက စိတ်ဓါတ်ကြံ့ခိုင်တယ် ပြောရမယ်။ ထောင်ဝင်စာ သိပ်မပေး နိုင်လည်း ရပါတယ် အဖေရယ်တဲ့ ၊၊ အထဲမှာ အားလုံး စုစားကြတာပဲ။ သမီးပုံစံထမင်းလည်း စားနိုင်ပါတယ်တဲ့ ၊၊ အဖေ လူပဲလာလည်း ရပါတယ်လို့ ရယ်ရယ်ပြုံးပြုံးပဲ ပြောပြသွားသေးသဗျာ။

သမီးထောင်ထဲမှာနေတာ (၇)နှစ်ပြည့်တော့မယ်။ နောက်တခေါက် ထောင်ဝင်စာသွားဖို့ လေးရက်ပဲ လိုတော့တယ်ဗျာ။ သမီးလေးကို စိတ်ဓါတ် ခွန်အား သွားပေးနေတာပေါ့ဗျာ။ ဒီနေ့ ဈေးရောင်းကောင်း တယ်။ ကျုပ်ဆီက ကားပစ္စည်းဟောင်း တခုကို ဈေးသိပ်မဆစ်ပဲ ၀ယ်သွားတယ်။ ဒါနဲ့ သမီးဖို့ ၀က်အူချောင်းဝယ်ထားလိုက်တယ်။ သွားမယ့်နေ့မှ ကြော်ယူသွားမယ်။

နောက်သူငယ်ချင်း တယောက်ကို ပစ္စည်းတခု ၀ယ်ရောင်း လုပ်ဖို့ အကြံပေးထားတာ သူလုပ်လိုက်တာ မြတ်တယ်တဲ့။ ကျုပ်ကို ဂုဏ်ပြုဦးမယ်တဲ့ဗျာ။ ကျုပ်ကလည်း ငွေရင်းမရှိလို့ ကိုယ်တိုင် မလုပ်နိုင်လို့ ပိုက်ဆံရှိတဲ့ သူငယ်ချင်းကို အကြံပေး ကြည့်တာပါ၊၊ သူမြတ်တယ် ဆိုတော့လည်း ကိုယ်လည်း ပြောပြရကျိုးနပ်တယ်ပေါ့။ ပျော်တာပေါ့ဗျာ။ ဒါနဲ့ သူလိုက်ကျွေးတဲ့ဆိုင်မှာ စားလည်းစား သောက်လည်း သောက်လိုက်မိတယ်။ သောက်တာကတော့ တော်တော် များသွားတယ်။ အိမ်ရောက်တော့ ခေါင်းတောင်မထူနိုင်ဘူး။ အိပ်ရာထဲကို တွဲပို့ခံလိုက်ရတယ်။

----------------------------------------------------------------------

ဒီအပါတ်ထောင်ဝင်စာကို အဖေမလာဘူး။ တခါမှ မလာဘူးတဲ့ အမက လာတွေ့တယ်။ အဖေဘာလို့ မလာတာလည်း မေးတော့ ဘုန်းကြီးဝတ်သွားတယ်တဲ့။ သမီးကိုလည်း ဘာမှ မပြောခဲ့ဘူးအဖေရယ်။ အမကတော့ အဖေ မလာနိုင်လည်း အကိုနဲ့ အမ တယောက်တလှည့် လာမှာပေါ့လို့ ပြောသွားတယ်။ အဖေက သမီးကို သံယောဇဉ် ဖြတ်နိုင်သွားပြီပေါ့။ အဲဒီနေ့က ထောင်ဝင်စာ ထုပ် ထဲမှာ ၀က်အူချောင်းတွေပါတယ်။

သူများတွေကို အမေတွေက ထောင်ဝင်စာ လာတွေ့ရင် ကျမလည်း အမေ့ကို လာတွေ့စေချင်တယ်။ ဒါပေမဲ့ အမေက ကျမတို့ အိမ်ထောင်စု စာရင်းထဲမှာ နာမည်မပါဘူးလေ။ ဒါ့ကြောင့် အမေက ထောင်ဝင်စာ လာတွေ့လို့ မရတော့ဘူး။ အမေ့ကို သိပ်မခင်တွယ်မိပေမဲ့ အဖေမလာတဲ့ အခါတော့ အမေ လာစေချင်တာ အမှန်ပဲ။ အမနဲ့ အကိုကိုတော့ မပြောရဲဘူး။ သူတို့က စိတ်ဆိုး နေဦးမယ်။ အဖေကလည်း ဘာဖြစ်လို့ ဘုန်းကြီးဝတ်သွား တာလဲ မသိပါဘူး။ တကယ်ဆိုရင် ကျမ ထောင်ထဲမှာ ဇာထိုးပန်းထိုး လုပ်ရတော့ ထောင်ပိုင်ကြီးက ဆုမှတ်ရက်တွေ ပေးမှာတဲ့။ ထောင်အခေါ်ကတော့ အေကွာ၊ ဘီကွာ ပေါ့။ ကျမတို့ကို အေကွာပေးမယ်လို့ ထောာင်ပိုင်ကြီး ဦးတင်ဖေက ပြောထားတယ်။ အေကွာ သာရရင် ကျမ ဆယ်နှစ်က လျော့ရက် ၃ နှစ် နီးပါးရမှာ။ ကဲ ကျမထောင်က လွတ်မှ ဘုန်းကြီးဝတ်လိုက် ပြီးရော။

ထောင်ထဲမှာနေသားကျသွားတော့လည်း သိပ်မခက်ခဲ တော့ပါဘူး။ နိုင်ငံရေးသမားတွေက စုစုစည်းစည်း ရှိပြီး လူညီနေတော့ နေရတာ အဆင်ပြေပါ တယ်။ ကိုယ်နဲ့ ယုံကြည်ချက် တူသူတွေနဲ့ နေရတာမို့ အားငယ်စရာလည်း မရှိဘူးလေ။ တခါတရံ စိတ်အခန့်မသင့် တာလေးတွေ ရှိကြပေမဲ့ ထောင်အာဏာပိုင်နဲ့ တိုက်စရာ ရှိနေရင်တော့ အားလုံးက စိတ်ဓါတ်ညီပြီး တသံတည်း ထွက်တတ်တာမို့ စိတ်ညစ်စရာလည်း လုံးဝမရှိ။ ကိုယ့်ထက် အသက်ကြီးသူတွေ၊ အတွေ့အကြုံစုံသူတွေ ဆီက ဗဟုသုတတွေ လေ့လာ ဆည်းပူးရင်းနဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားလိုက်တာ ၊ ကျမ ထောင်သက် (၇) နှစ်ကျော် လာတာကို ပြန်စဉ်းစားကြည့်ရင် ဘာမှ မဟုတ်တော့ သလိုပါပဲ။ တယောက်နဲ့ တယောက် အားပေးရင်း၊ အပြင်က သိလာတဲ့ သတင်းလေးတွေ ဖလှယ်ရင်း မျှော်လိုက်ရတဲ့ လွှတ်တော် ဆိုတာလည်း ခဏခဏပါပဲ။ ရိုးရိုး အကျဥ်းသူတယောက်ဆိုရင် ရုံးချိန်းထွက်ပြီး ပြန်လာတိုင်း လွှတ်တော်အကြောင်း ပြောလွန်းလို့ ဒေါ်လွှတ်တော်လို့တောင် နာမည်တွင် သွားတော့တယ်။

ထောင်ထဲကို ရောက်ခါစက ကိုယ်မကောင်းတဲ့ မိန်းမထောင်ကျတွေနဲ့ ထားမယ်ဆိုတော့ လန့်သွားခဲ့တာ ကိုလည်း အခုပြန်ပြောပြကြရင်း ရယ်မောနေနိုင်ပြီ။ ကျမတို့ မိန်းမဆောင်နဲ့ ကပ်လျက်ရှိနေတဲ့ ဟိုဖက်ကအဆောင်က နိုင်ငံရေးမှု ယောက်ျားတွေ ထားတာတဲ့။ အဲဒီဖက်က ရိုက်တဲ့ အသံတွေကြားရင်တော့ ကျမတို့ဖက်ကလည်း ဘယ်လိုမှ မနေနိုင်တော့ဘူး။ တခုခုတော့ လိုက်လုပ်ရမှ။ နိုင်ငံရေးမှုချင်းမို့ သိသိ မသိသိ တအုပ်စုတည်းလို့ ကျမတို့တွေက ခံယူထားကြတာ မဟုတ်လား။ စစ်အစိုးရကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင်ဆန့်ကျင် ကျမတို့နဲ့ ရန်သူတူနေတဲ့ ဘက်တဘက်တည်းလို့ ကျမတို့က ယုံကြည်ထားတယ်။ အမှုတွဲတွေကလည်း စုံမှစုံပဲ။ ကွန်မြူနစ်ပါတီ၊ဒီချုပ်၊ ဗကသ၊ မကသ၊ ၁၇(၁)ဆိုတဲ့ တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ကျောင်းသား လူငယ်အများစုကတော့ ၅(ည)ဆိုတဲ့ နိုင်ငံရေးမှု၊ ပုဒ်မ ၆၊ ၇ ဆိုတဲ့ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ တရားမ၀င်စာစောင် ထုတ်ဝေမှု၊ ဘယ်လိုပုဒ်မတွေနဲ့ပဲ ၀င်လာလာ သီးသန့် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသူတွေက တရောင်တည်း တသွေးတည်း၊ ဒါဟာ သိပ်ကောင်းတဲ့ အားသာချက် တွေပေါ့။

ကျမထောင်ထဲရောက်တော့ အခန်ကျဉ်းလေး ထဲမှာ ၈ ယောက်၊ ကျောင်းသူတွေချည်းပဲ။ ကျောင်းချင်း မတူလို့ မသိခဲ့ကြပေမဲ့ တခန်းထဲမှာ နေကြရတဲ့အခါ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြရင်းနဲ့ အပြင် ပြန်ရောက်ရင် ဘာတွေ ဘယ်လိုဆက်လုပ်ကြမယ်။ ဘယ်သူနဲ့ ဘယ်လို ဆက်သွယ်ကြမယ်နဲ့ ပိုပြီးတော့တောင် ချစ်ခင်ရင်းနှီး သွားကြသေးတယ်။ ကျမအတွက်တော့ တဘ၀စာ မိတ်ဆွေကောင်းတွေကို ထောင်ထဲကနေ ရရှိခဲ့တယ်။ ဆယ်နှစ် ကျတာကို မေ့သွားလောက်အောင် ကျမတို့တွေက စိတ်တူကိုယ်တူတွေ ဖြစ်သွားခဲ့ကြတယ်။

နောက်လေးလ လောက်ကြာတော့ ကျောင်းသူကျောင်းသား တော်တော်များများ ကို နှစ်အများကြီးကျထားတာကနေ ပုဒ်မ(၄၀၁)နဲ့ ပြန်လွှတ်လိုက် ပြန်ရော။ ကျမတယောက်ပဲ အခန်းထဲမှာ ကျန်ခဲ့တော့ လွတ်တော့မဲ့ သူတွေက သူတို့လွတ်တာကို မပျော်နိုင်ဖြစ်လို့၊၊ ထောင်ဗူးဝကို နောက်ပြန် လှည့်ကြည့်ရင် နောက်တခေါက် ထပ်လာရမယ် ဆိုတော့ မယုံဘူး။ လှည့်ကြည့်မှာပဲ ဆိုတဲ့ ကျမသူငယ်ချင်း တယောက်ကို ထောင်ထဲကနေ လှည့်ကြည့်ဖြစ်ရဲ့လားလို့ ကျမအဖေ ထောင်ဝင်စာ လာတုန်းကမေးတော့ လှည့်ကြည့်ရုံတင်ဘယ်ကမလဲ ထောင်ဝင်စာလာရတဲ့ နေ့တွေတိုင်း သူ ထောင်ဗူးဝမှာ ရှိနေတာတဲ့။ ထောင်ထဲက သူတွေသိချင်မယ့် သတင်းတွေကို သူက လာပေးနေမြဲပေါ့။

အဲလိုနဲ့ ကျမတို့စိတ်ဓါတ်ကြံ့ခိုင်စွာ ဖြတ်ကျော်ခဲ့တာ ၈ နှစ်ကျော်တော့ လျှော့ရက်နဲ့ ထောင်က လွတ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ အဖေ ဘုန်းကြီးဝတ်တဲ့ ဆီသွားမယ်ဆိုတော့ အမက ငိုပြီးပြောပြတယ်။ အဖေဆုံးတာ တနှစ်ကျော် သွားခဲ့ပြီတဲ့။ အဖေ မလာနိုင်တာ လူ့လောကကြီးမှာ မရှိတော့ တာပါလားလို့ သိရတဲ့ အခိုက်မှာ ကျမမျက်ရည်မကျနိုင်ပဲ ဆို့သွားခဲ့တယ်။ အမရော အကိုရော အဖေဆုံးရတာ ကျမကြောင့်တဲ့။ အပြစ်တင် စကားတင်း ဆိုကြတာ သူတို့တင်မကဘူး။ အမျိုးတွေ အားလုံးပါပဲ။ ကျမကို သိပ်ချစ်ပြီး သိပ်မျှော်လင့်တဲ့ အဖေက ကျမအတွက် အမြဲပဲ စိတ်မကောင်း ဖြစ်နေရတာတဲ့။ ဘာ့ကြောင့်လဲ ပြောပြကြပါဦး လို့ မေးတော့ ကျမအတွက် ထောင်ဝင်စာ ထုတ် သေးမှာကို အဖေက စိတ်အမြဲ ပူနေရတာတဲ့။ ကျမထောင်က လွတ်လာခဲ့ရင် အနာဂတ် ပျောက်နေမှာ လည်း စိုးရိမ်နေသေးသတဲ့။ ကျမဘာမှ ပြန်မပြောနိုင်ခဲ့ ပါဘူး။

အဖေနေခဲ့တဲ့ အခန်းလေးမှာလည်း အကိုတို့ လင်မယားက ၀င်နေကြပြီ။ အဖေ့ သံသေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ အဖေရေးလက်စ ဒိုင်ယာရီလေးကို တွေ့ရတယ် ။ အဖေဒိုင်ယာရီရေးတဲ့ အကျင့်မရှိတာ သိထားတော့ ဘာတွေများ ရေးခဲ့ပါလိမ့်လို့ ဖတ်ကြည့်မိတဲ့ အခါမှာတော့ ဖခင်တယောက်ရဲ့ မေတ္တာကို ကျမ သေသေချာချာ ခံစားမိလိုက် ရပါတော့တယ်။

အဖေ့ဒိုင်ယာရီထဲမှာ အဖေက ကျမကို ဖမ်းသွားတဲ့ နေ့ကစပြီး သူ့ခံစားချက်တွေကို အသေးစိတ် ရေးထားခဲ့တာပါလား။ ကျမအတွက် ထောင်ဝင်စာ နည်းမှာ အမြဲစိုးရိမ်တဲ့ အတွက် သူတနေ့ရတဲ့ ငွေထဲက နည်းနည်းချင်း ၀ယ်စုထားတဲ့ အစားအစာ တွေကို သူ့ရဲ့သား ကျမအကို ယူစားတာကို မကျေနပ်တဲ့အကြောင်း စိတ်ဆိုးခဲ့ရတဲ့ အကြောင်းနဲ့ ထောင်ထဲမှာရှိနေတဲ့ ကျမက အမေ့ကို တွေ့ချင်ရှာမှာပဲလို့ တွေးပြီးရေးထားတဲ့ သူ့ခံစားမှုတွေ အများကြီးပါပဲ။ စာကြောင်းတိုင်းဟာ ကျမကို စိတ်ထိခိုက် စေခဲ့ပါတယ်။ အဖေ့မေတ္တာကို ယုံကြည်ခဲ့ပေမဲ့ အဲဒီလောက်အဖေ ခံစားရလိမ့်မယ်လို့ တွေးထင် မထားခဲ့လို့ပါပဲ။ ဒါပေမဲ့ အဖေက ကျမရဲ့ လုပ်ဆောင်ချက်တွေ၊ နိုင်ငံရေး ရပ်တည်ချက်တွေ အတွက် သူအမြဲ ဂုဏ်ယူနေကြောင်းလဲ ရေးထားပါသေးတယ်။ အဖေ့ရဲ့ တချို့သော ဈေးဝယ်ဖောက်သည် ကားဝပ်ရှော့ တွေက အဖေ့သမီး နိုင်ငံရေးမှုနဲ့ ထောင်ကျနေတာ သိလို့ ပိုပြီး အားပေး ၀ယ်ယူခဲ့တယ် ဆိုတာလည်း အဖေက ထည့်ရေးထား ပါသေးတယ်။ အဲဒီအခါမျိုးမှာ အဖေက သမီးအတွက် ဂုဏ်ယူကျေနပ် နေမှာပဲလို့ ကျမက မြင်ယောင်တွေးမိရင်း အဖေကြောက်ခဲ့တဲ့ အနာဂတ်ပျောက်တဲ့ သမီး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ရင်ထဲက လေးလေးနက်နက် ဂတိပေးနေမိပါတော့တယ်။

(နိုင်ငံရေး အကျဉ်းသူဟောင်းတဦးရဲ့ ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ထားပါသည်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, July 20, 2007

မြင်လိုက်ရတဲ့ ကိုယ်ကျင့်တရား

ခုတလော လူနဲ့ ကိုယ်ကျင့်တရား အကြောင်းကို ကျမက သိပ်ကိုစိတ်ဝင်စားနေချိန်မှာ ချစ်မိတ်ဆွေလေး တယောက်နဲ့ အကျင့်စာရိတ္တ ၊ အကျင့်သိက္ခာ စသဖြင့် ခေါင်းစဉ်တွေ တပ်ပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်၊

စကားပြောဖြစ်ကြစဉ်က လူသိများတဲ့ ထင်ရှားကျော်ကြားတဲ့ အောင်မြင်နေတဲ့ လူပုဂ္ဂိုလ်အတိအကျတွေနဲ့ ပြောဖြစ်ခဲ့ကြပေမယ့် နောက်ဆုံး အနှစ်ချုပ်လိုက်တော့ ဘယ်သူတွေပဲ ဖြစ်နေပါစေ၊ လူတယောက် အသက်ရှင်နေစဉ်မှာ အဓိက စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့် တရားတော့ရှိသင့်တယ်လို့ ကျမတို့ သဘောတူ လိုက်ကြပါတယ်။ အဲဒီထဲမှာ အရေးအကြီးဆုံး စောင့်ထိန်းရမဲ့ ကိုယ်ကျင့်တရားကို ဘာသာတရားတိုင်းမှာ တားမြစ်ထားတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှု (တနည်း) လူမှုရေးဖောက်ပြန်မှုကို သတ်မှတ်လိုက်ပါတယ်။


လူတယောက်မှာ ဘယ်နေရာ ဘယ်အဆင့်မှာပဲရှိနေပါစေ။ သူဟာ ဆင်းရဲသူလည်း ဖြစ်နိုင်တယ်။ ချမ်းသာသူလည်း ဖြစ်နိုင်တယ် ။ နောက်နာမည်ကြီးသူ နာမည်မကြီးသူ ။ အောင်မြင်သူ ရှုံးနိမ့်မှုတွေ့နေသူ ဘယ်သူမဆိုဖြစ်နိုင်တယ်။ အဲဒီသူဟာ အိမ်ထောင်ရေး မဖောက်ပြန်သူ ၊ လူမှုရေး မဖောက်ပြန်သူဆိုရင် အနည်းဆုံး သူ့အိမ်သူ သူ့အိမ်သား သူ့သားသမီး သူ့ဆွေမျိုးတွေက လေးစားလိမ့်မယ်။ ပြီးကိုယ်တိုင် လိပ်ပြာသန့်သန့်နဲ့ အားလုံးကို ရင်ဆိုင်နိုင်မယ်။ ဘယ်တော့မှ သူ့ဆီမှာ စိုးရွံ့စိတ်ကို မတွေ့ရဘူးလေ။ ဒါက အနိမ့်ဆုံး အဆင့်ကနေ စဉ်းစားဖြစ်ကြတာပါ။

နောက်တခါထပ်ပြောဖြစ်တာက လူသာမန်မဟုတ်ပဲ လူထုက အသိအမှတ်ပြု ချစ်ခင် လေးစားသူ အဆင့်ရောက်လာတဲ့ အခါမှာလည်း အဲဒီကိုယ်ကျင့်တရားကို ပိုလို့ အလေးထား သင့်တယ် ဆိုတဲ့ အကြောင်းဖြစ်ပါတယ်။ ကျမတို့ နှစ်ယောက်တည်း သဘောတူနေတဲ့အချက် ဆိုတော့ အခြားသူတွေကလည်း လက်မခံပဲ လွတ်လပ်စွာ သဘောထားကွဲနိုင်ပါတယ်။ အထူးသဖြင့် ကျော်ကြားလူသိများ လေးစားခံနေရသူ တွေအနေနဲ့ ကိုယ့်ကို အားကျအတု ယူနိုင်ဖို့ ကိုယ်တိုင်က စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းခြင်းအားဖြင့် ရှေ့ဆောင်လမ်းပြရမယ်လို့ ကျမတို့က ခံယူထားလို့ပါ။ လူနဲ့ တိရိစ္ဆာန် ကွာခြားမှုက ဆင်ခြင်ဥာဏ်ပဲ မဟုတ်ပါ လား။ ဆင်ခြင်ထိန်းသိမ်းနိုင်ဖို့က လူတိုင်း မလုပ်နိုင်ပါဘူး။ မကောင်းမှန်းသိပေမဲ့ မရှောင် လိုက်နိုင်ဘူးဆိုမျိုးကို ကြားနေရတာ များနေပြီမဟုတ်ပါလား၊

ကိုယ်ဟာ လူသာမန်ထဲကပေမဲ့ လူတိုင်း မထိန်းသိမ်းနိုင်တာကို ထိန်းသိမ်းနိုင်တယ် ဆိုတာနဲ့ အလွှာပါးပါးလေး တခု ခြားသွားပါပြီ။ အဲဒါကတော့ စိတ်ဓါတ် အဆင့်မြင့်သွားတာပါပဲ၊
လူတွေကို အဓိက ခွဲခြား ကွဲပြားသွားစေတာကတော့ အဲဒီထိန်းသိမ်းနိုင်တဲ့ ဆင်ခြင်တုံ တရားပဲ ဖြစ်မယ် ထင်ပါတယ်။ ပညာဘယ်လောက် တတ်တတ် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့အခါ တန်ဖိုးမရှိတဲ့လူ ဖြစ်သွားနိုင် ပါတယ်။

တဖြည်းဖြည်းနဲ့ ကျမတို့ ပြောဖြစ်သွားတာက ဒီနေ့ခေတ်မှာ လူတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက်တန်ဖိုးထားမှုရှိတယ် မရှိဘူး ဆိုတဲ့ အကြောင်းကိုလည်း ဆက်လက် ရောက်ရှိသွားပြန်ပါတယ်။ ကျမကတော့ ဒီနေ့ခေတ်မှာတော့ အရင်ခေတ်လောက် တန်ဖိုးထားမှု မရှိဘူးလို့ ထင်တဲ့အကြောင်း ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင် ခေတ်ကဆိုရင် လူမှုရေး ဖောက်ပြန်သူတွေကို ပတ်ဝန်းကျင်က ရှောင်ကျဉ်တာ၊ မိဘဖြစ် နေရင် သူ့သားသမီးတွေပါ လောင်းရိပ်မိတတ်တာ (လူမှာအမျိုး ကြက်မှာ အရိုး၊ ငှက်ပျောပင် စိုက် မိလိုက်ဖလိုက်) စသည်ဖြင့် ခိုင်းနှိုင်းတတ် ကြတာမျိုးတွေ ရှိခဲ့တာတွေရှိပေမဲ့ ဒီနေ့ခေတ် လူတွေမှာတော့ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပဲ။ သူတို့က အတင်းလိုက်နေတော့ မရှောင်နိုင် တော့တာ ဖြစ်မယ် စသည်ဖြင့် ဖြေတွေး ပေးကြတယ်။ သူကတော့ အဆိုတော်ပဲ၊ သူကတော့ နိုင်ငံရေးသမားပဲ၊ သူက ပိုက်ဆံရှိ တာကိုး၊ သူကအာဏာရှိတယ်လေ အစရှိသလို ဆင်ခြေ ပေါင်းစုံနဲ့ ခွင့်လွှတ်တတ်ကြတယ်။ ခွင့်လွှတ်ခြင်းတရားဟာ ကောင်းပေမဲ့ မကောင်းတာကို မတားမြစ် မပိတ်ပင်ပဲ ခွင့်လွှတ်တတ် လာတာကတော့ ဆုတ်ယုတ်ခြင်းပဲလို့ မြင်မိတဲ့ အကြောင်းလဲ ပြောဖြစ်ကြတယ်။ ခေတ်ကြီးကိုက ဆုတ်ကပ်ကိုးလို့ ကျမသူငယ်ချင်းက ပြောပါသေးတယ်။

အဲဒီလိုအချိန်မှာ ဒွေးကွယ်လွန်တဲ့ သတင်းရရှိလာပါတယ်။ ကဲ ကျမတို့ စမ်းသပ်လို့ ရပြီလို့ စဉ်းစားမှုရှိလာပါတယ်။ လူအများစုက ဘာကို အလေးထားသလဲ၊ ကိုယ်ကျင့်တရား ဆိုတာ စောင့်ထိန်းဖို့ လိုသလား။ ဘယ်လိုအခြေအနေ အဆင့်အတန်းတွေက စောင့်ထိန်းဖို့ လိုသလဲ။ စမ်းသပ်ဖို့ ကွင်းတခုအဖြစ် ကျမတို့ မမေဓါဝီဘလော့က ကွန်မန့်တွေကိုဖတ်ဖြစ်ရင်း စဉ်းစားမိတာပါ။ဒါကြောင့် အထက်က ကွန်မန့် ၃၀ ကျော်လောက်မှာ လူကောင်းလူတော်တွေချည်းပဲ စောစောစီးစီး ခေါ်သွားတယ်ဆိုတဲ့ အဆိုတခုကို တွေ့ရပြီးတဲ့နောက်မှာ ကျမက ကွန်မန့် ၀င်ရေးလိုက်ပါတယ်။ ဒွေးက လူကောင်းလူတော်လားလို့။

ကျမစိတ်ထဲမှာ အချက်အလက်နဲ့ လူကောင်းလူတော်လို့ သတ်မှတ်ရင် သတ်မှတ်တယ် ဘာကြောင့် ဒီလို…..ဆိုတာမျိုးနဲ့ ပြန်ဖြေလိမ့်မယ်လို့ တွေးထင်ထားတာ အမှန်ပါ။

အံ့သြဘွယ်ကောင်းတာက ဘလော့လောကမှာ မယဉ်ကျေးတဲ့သူတွေ ဆဲဆိုရိုင်းစိုင်း တဲ့ သူတွေ ရှိတယ်ဆိုတာ သိလိုက်ရတာပါပဲ။ ဆွေးနွေးငြင်းခုံခြင်းကို ကျမတို့ အများစု မယဉ်ပါး သေးဘူး အကျင့်မဖြစ်သေးဘူးလို့လည်း ကောက်ချက်ချမိပါတယ်။ ကျမရေးတဲ့ အထဲမှာ မိုက်ရိုင်းတဲ့ စကားလုံး မပါခဲ့တာ ပြန်ဖတ်ကြည့်ရင် သိမှာပါ။ ပြီးတော့ ကျမက ကိုယ်ဘယ်သူ ဆိုတာကိုလည်း ထင်ထင်ရှားရှား ပြထားပါသေးတယ်။ ဒါက ဘာကို ဖေါ်ပြချင်သလဲ ဆိုရင် ကိုယ်ပြောတဲ့ စကားကို ကိုယ်တာဝန်ခံတယ် ဆိုတာ ပြချင်လို့ပါ။ နေရာတကာမှာ စံပေတံ မထားလို့ အခုလို စိတ်ဓါတ်တွေ ၊ တာဝန်ယူမှုတွေ နိမ့်ကျနေတဲ့ လူတွေများ များလာတယ် ဆိုတာလည်း ပိုပြီးလက်ခံမှု ဖြစ်လိုက်ရပါတယ်။

တနည်းအားဖြင့် တနေရာရာမှာ အောင်မြင်မှုရလာခဲ့ရင် အဲဒီအောင်မြင်မှုကြောင့် ကိုယ်ကျင့်တရား ဖောက်ဖျက်ခွင့် လိုင်စင်လည်း အလိုအလျောက် ရရှိတယ်လို့ သတ်မှတ်သူတွေ ရှိနေတယ် ဆိုတာကို ထင်ထင်ရှားရှား ၀မ်းနည်းဖွယ် တွေ့လိုက်ရတာပါပဲ။

အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့ မရနိုင်တဲ့ အပြစ်အနာအဆာ မဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်း တစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။(ဘလော့တခုမှာ ဖတ်ဖူးတာပါ။)

အဲဒီအဆိုကို ကျမက အရမ်းသဘောကျ ထောက်ခံလိုက်ပါတယ်။ မှားခွင့်ရှိတယ်။ မှားမိတာနဲ့ အဲဒီအမှားမျိုး နောက်ထပ် မမှားရတော့ဘူး။ မမှားအောင် ထိန်းသိမ်းရတော့မယ်။ အသိဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ကိုယ့်စိတ်ကို နိုင်အောင် ထိန်းလိုက်နိုင်ပြီ ဆိုရင်တော့ လူတော်တင် မကတော့ဘူး လူကောင်းပါ ဖြစ်သွားပါပြီ။

ကျမကတော့ ကျမ၀န်းကျင်မှာ ကိုယ်ကျင့်တရား ဖောက်ပြန်သူတွေ့ခဲ့ရင် ဘယ်တော့မှ ခွင့်လွှတ်ဖို့ မစဉ်းစားနိုင်အောင် ဒေါသ ထွက်မိပါတယ်။ ဒါက ကျမနဲ့ ရင်းနှီးတဲ့သူတွေ အသိပါ။ နောက်ပြီး …….လူတွေဟာ တနေရာမှာ ကိုယ်ကျင့်တရား ဖောက်ဖျက်မိသွားရင်( လူမှုရေးမှာ ဖောက်ဖျက်တယ် ဆိုပါတော့)သူဟာ နိုင်ငံရေးမှာလဲ ဖောက်ပြန်ဖို့ အများကြီး အလားအလာ ရှိသွားပြီ။ နိုင်ငံရေး ပြောလို့ မရောထွေးပါနဲ့ လို့ ပြောလာရင်လဲ နိုင်ငံရေးဆိုတာ အားလုံးနဲ့ ဆက်စပ်နေပါတယ်လို့လဲ တခါတည်း ဖြေပေးလိုက်ပါ့မယ်။

ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူတိုင်းနေ့စဉ်အလုပ် တွေဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေပါတယ်တဲ့။ နိုင်ငံရေး ဖွံဖြိုးတိုးတက် တည်ငြိမ်နေမှ ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀တွေလည်း တည်ငြိမ် အေးချမ်းသာယာ ပါလိမ့်မယ်တဲ့။

ဒီတော့ ကျမကတော့ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် ကိုယ်ကျင့်တရားစံနဲ့ တိုင်းတာပြီး လူတွေကို ပေါင်းသင်း ဆက်ဆံတတ်ပါတယ်။ (ဒါကြောင့်လဲ အလိမ်အညာ ဖောက်ပြန်ရေးသမား နအဖကို ပေါင်းလို့ မရတာ ဒီနေ့ထိပေါ့။)

လွတ်လပ်စွာတွေးတောခွင့် လွတ်လပ်စွာကွဲလွဲခွင့်တွေကို လေးစားသူများနဲ့ ကျမ အပြန်အလှန် ဆွေးနွေးချင်ပါတယ်။

Wednesday, July 18, 2007

အာဇာနည်မျိုး သေရိုးမရှိ




အမှတ်ရမိတဲ့ အာဇာနည်နေ့ တနေ့



၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မှာ ကျမတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် အဖြစ် ထိန်းသိမ်းခဲ့ပါတယ်။ ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့သလဲဆိုတဲ့ ဖြစ်စဉ်ကတော့ ဒီလိုပါ။ အဲဒီ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ အတူ အာဇာနည် ကုန်းကို ချီတက် အလေးပြုမယ်ဆိုပြီး ကျေညာထားခဲ့ပါတယ်။လူထုကလည်း ပူးပေါင်းပါဝင်ဖို့ အလွန် တက်ကြွစွာ စုရုံးနေပါပြီ။ စစ်အုပ်စုကလည်း အာဇာနည်နေ့မှာ လူအုပ်စုနဲ့ ချီတက် အလေးပြုခဲ့ရင် ပုဒ်မ၁၄၄ (လူငါးယောက်ထက်ပိုမစုရ) နဲ့ ဖမ်းဆီးအရေးယူမယ်လို့ ကျေညာထားတဲ့အပြင် အဖမ်းမခံပဲ ဆက်လက်ချီတက်တဲ့သူ များလာရင် အကြမ်းဖက် နှိမ်နင်းဖို့အတွက် ရန်ကုန်မြို့အတွင်းမှာ စစ်အင်အားကို တိုးချဲ့ ချထားလိုက်ပါတယ်။ အဲဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကလူကြီးတွေနဲ့ အခြားနိုင်ငံရေးသမား ဟောင်းကြီး တွေက ဒေါ်အောင်ဆန်းစုကြည်ကို အစီအစဉ်ဖျက်လိုက်ဖို့ နဲ့ ကိုယ့်ရဲ့ နောက်လိုက်ကောင်းတွေကို အဓိပ္ပါယ်မဲ့ မသေစေချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တားဆီးပါတော့တယ်။ နောက်ဆုံး အစီအစဉ်ကို ဇူလိုင်လ ၁၉ ရက်နေ့ မနက်စောစောမှာ ဖျက်သိမ်းလိုက်ကြောင်း ကျေညာလိုက်ပါတယ်။
အဲဒီကျေညာချက်ကို မသိတဲ့ သူတွေ အများကြီးလလမ်းပေါ်ကို ရောက်လာကြပါသေး တယ်။ တချို့တွေလည်း ခေတ္တအဖမ်းခံရ၊ တချို့တွေလည်း အရင်ထဲက ဖမ်းချင်တာနဲ့ ရောပြီး ဖမ်းဆီးထောင်ချနဲ့ နိုင်ငံရေးလှုပ်ရှားသူများ ၀န်းကျင်မှာ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားကို သိသွားတဲ့ စစ်အုပ်စုဟာ သူမကို လွှတ်ထားရင်တော့ မဖြစ်တော့ဘူးဆိုပြီး အမြန်ဆုံး အစည်းအဝေးထိုင်ပြီး ဖမ်းဆီးထိန်းသိမ်း လိုက်ပါတော့တယ်။
ဒီအဖြစ်အပျက်ဟာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မကျင်းပမှီ ၊ ပါတီတွေ မဲဆွယ်ချိန် အဖြစ်ပေးချိန်တွေ ရောက်ဖို့ အများကြီးလိုပါသေးတယ်။ စစ်အုပ်စုရဲ့ အတွေးထဲမှာ တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထိန်းထားလိုက်ရင် ကျန်တဲ့ သူတွေနဲ့ ပြည်သူတွေကိုတော့ ငါတို့ နိုင်ပြီးသားလို့ တွက်ထားပုံရပါတယ်။
သူတို့စစ်အုပ်စုရဲ့ အထင်နဲ့ အမြင်ကတော့ အစဉ်အလာအတိုင်း လွဲသွားခဲ့တယ် ဆိုတာ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲရဲ့ အဖြေက အထင်အရှားပြခဲ့ပါတယ်။

ဒီလိုနဲ့…………….
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေထဲက နိုင်ငံရေးကစားကွက်ရွှေ့ဖို့ ၊ သူတို့စွဲထားတဲ့ ပုဒ်မ ၁၀(ခ) နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်တကြိမ် သက်တမ်း တိုးခွင့်ကလည်း နောက်ဆုံး ငါးကြိမ်မြောက်ပြည့်သွားပြီးမို့ လွှတ်ကိုလွှတ်ရမယ့် ရက်ဇူလိုင်လ ၂၀ ရက် မတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ယုံကြည်မှု တည်ဆောက်ပြမယ် လို့ ကြွေးကြော်သံနဲ့ ၁၉၉၅ ဇူလိုင်လ ၁၀ ရက်နေ့မှာ လူထုခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။
လွှတ်ပေးခဲ့တာကလည်း ဇူလိုင်လ ဖြစ်နေလေတော့ ပြည်သူလူထုကြားမှာ ဒေါ်အောင်ဆန်းစုကြည် တော့ ဒီနှစ်အာဇာနည်နေ့ကို လာမှာပဲလို့ တယောက်စကား တယောက်နား ကနေ သတင်းစကား ပြန့်နေပါတော့တယ်။ ကိုယ့်ခေါင်းဆောင်လာရင် သူနဲ့အတူ ပြည်သူလူထုတွေက အာဇာနည်ခေါင်းဆောင်ကြီးတွေကို စုစုစည်းစည်း အလေးပြုချင်ကြတဲ့ ဆန္ဒကလည်း များနေတာမို့ အဲဒီ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ဟာ တော်တော် လူများတယ်လို့ ပြောရမယ်။ ရောက်နှင့်သူတွေကလည်း လာတော့မလားဆိုပြီး မပြန်ကြ ၊ နောက်ထပ် လူတွေက ရောက်လာနဲ့ လုံခြုံရေးအရ ရှာဖွေရေးလည်း မလုပ်တဲ့အချိန်ဆိုတော့ လူတွေက များမှများပါပဲ။
စစ်အုပ်စုရဲ့ အာဇာနည်နေ့အခမ်းအနားကိုလည်း ကျမတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖူးဆိုတော့ လူထုကလည်း အများကြီးမျှော်လင့်ကြတာပေါ့။ ကျမတို့လည်း လူထုထဲက လူတွေဆိုတော့ အဲဒီနေ့က ညနေထိဇွဲကောင်းကောင်းနဲ့ စောင့်ပြီး တနာရီတခါ အလေးပြုနေတဲ့ ပြည်သူတွေနဲ့ အတူအလေးပြုခဲ့ရတာလဲ အကြိမ်ကြိမ်လေ။
ပျားပန်းခတ်မျှ ဆိုသလို လူတွေ ပြည့်ကျပ်နေပြီး တယောက်နဲ့ တယောက် အကြည့်တွေမှာလည်း တို့တွေ ဘက်တဘက်ထဲကနော်ဆိုတဲ့ တက်ကြွလေးစားတဲ့ အကြည့်တွေနဲ့ ဆိုတာလည်း သိသာထင်ရှားစွာ မြင်မိခံစားမိနေကြပါသေးတယ်။
နယ်မြို့လေးမှာနေတဲ့ ကျမအဖို့ အာဇာနည်ကုန်းကို အာဇာနည်နေ့မှာ ရောက်ရှိပြီး ကိုယ့်လိုပဲ တကယ့်ကို ရင်ထဲကလေးစားနေကြတဲ့ ပြည်သူလူထု အစစ်အမှန်တွေနဲ့ အတူတကွ လှိုက်လှိုက်လှဲလှဲ ဦးညွတ်အလေးပြုခဲ့ရတာလဲ ပထမဆုံးနဲ့ နောက်ဆုံး တကြိမ်တည်းသော အတွေ့အကြုံအဖြစ် ဘ၀တသက်တာမှာ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။

(ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လှိုက်လှဲစွာ
ဦးညွတ်အလေးပြုလိုက်ပါသည်၊)

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Friday, July 13, 2007

အန်တီစု ရဲ့ဆောင်းပါးများ


ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးဆောင်းပါး(၂ )

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ဆောင်းပါး ဖြစ်တဲ့ ဒီတပုဒ်မှာတော့ လူမသိ သူမသိ ပေးဆပ်ရဲသူတွေကို မှတ်တမ်းတင်ဖို့ ရေးခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေ လိုသလို ခေါင်းဆောင်ကောင်း ကလည်း အဲဒီ နောက်လိုက်ကောင်းတွေကို အသိအမှတ်ပြုပေးတယ်ဆိုတာ အင်မတန် မင်္ဂလာရှိတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူအများစုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဖြောင့်မတ်တည်ကြည်မှု ၊ ဥာဏ်ပညာကြီးမား ထက်မြက်မှု နဲ့အတူ ကျမတို့ နိုင်ငံကို ကမ္ဘာ့ အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်အောင် ပြုလုပ်ပေးနိုင်မယ့် ခေါင်းဆောင်အဖြစ် ချစ်မြတ်နိုးစွာ လက်ခံထားပြီး ဖြစ်ပါတယ်။ ကျမတို့ ချစ်ခင်တဲ့ ပြည်သူ့ခေါင်းဆောင်ကလည်း တဖန်ပြန်လည် ပြီးတော့ သူ့ကို လေးစားတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် တန်ဖိုးထားတတ်ပံ၊ု စည်းကမ်းရိုသေပုံ ၊သတ္တိရှိပုံ တွေကို တင်ပြထားတာ ဖြစ်ပါတယ်။

အခုဆောင်းပါးခေါင်းစဉ်ကို ပေးဆပ်ခြင်း လို့ အမည်တပ်ထားပါတယ်။


ပေးဆပ်ခြင်း

ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ လူတွေရဲ့အသိအမှတ် အပြုမခံရပဲ၊ သတင်းလောကရဲ့ သတိထား စောင့်ကြည့်မှု မခံရဘဲနဲ့ ပြသရဲတဲ့ ဒီလိုသတ္တိမျိုးဟာ ကျမတို့ အပေါ်လွှမ်းမိုးနေပြီး လေးစားဂုဏ်ယူတဲ့ စိတ်တွေ ပေါ်ပေါက်လာစေကာ လူသားတွေ ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးတွေအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေ ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးလက ကျမနေအိမ်မှာ အကျယ်ချုပ် ချခံနေရာကနေ လွတ်လာပြီးတဲ့နောက် ရက်သတ္တတပတ်ပြီး တပတ် ကုန်သွားတာနဲ့အမျှ ဒီလိုသတ္တိမျိုးကို ကျမတွေ့လာခဲ့ပါတယ်။

ကျမတို့ရဲ့ စနေ၊ တနင်္ဂနွေ လူထု ဆွေးနွေးပွဲကို ရဲရဲရင့်ရင့် လာနေကြတဲ့ ကျမတို့ကို ထောက်ခံ အားပေးသူတွေဟာ စစ်မှန်တဲ့ အင်းအားတွေဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတဲ့ ပြယုဂ် တစ်ခုပါပဲ။ အဲဒီ အထဲမှာ ဆွေးနွေးပွဲကို တစ်ရက်တောင် မပြတ်ပဲ အမြဲလာပြီး ကျမတို့ရဲ့ စိတ်ထဲမှာလည်း မိသားစုသဖွယ်ဖြစ်နေတဲ့ သူတွေ ပါရှိနေပါတယ်။

ကျမတို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်နေတဲ့အမေဟာ ကျမရဲ့မိခင်ကြီးဘ၀ နောက်ဆုံး အချိန်တွေမှာထုံးခဲ့တဲ့ ဆံထုံးပုံစံအတိုင်း ဦးခေါင်းရဲ့ အပေါ်ပိုင်းလောက်မှာ ဆံထုံးထုံး ထားပါတယ်။ အမေရဲ့မျက်နှာမှာ ပူပင်သောက ကင်းတဲ့ အပြုံးကိုအမြဲတွေ့ရပြီး ပန်းသေးသေးလေး တွေကို ပန်လေ့ရှိပါတယ်။ သူဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့ အဘရယ် ၀င်းပကြည်လင်နေတဲ့ မျက်နှာ ပိုင်ရှင် မြေးငယ်လေး တို့နဲ့ အတူ လာပါတယ်။ လေးဘက်လေးတန်မှာ စစ်ထောက်လှမ်းရေး ကင်မရာများရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဒီမိုကရေစီ ယုံကြည်အသက်ဝင်ကာ သစ္စာစောင့် သိကြသော လူစုရဲ့အလယ်ခေါင်မှာ အမြဲရှိပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင် တာတွေက မြန်မာပြည်ဒီမို ကရေစီ ထွန်းကားရေးအတွက် လုံးဝအလျော့ မပေးပဲ ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသနေပါတယ်။

အဲဒီလိုတုန်လှုပ်မှုမရှိပဲ ခိုင်ခိုင်မာ မာယုံကြည်ထားတဲ့သူတွေဟာ စနေ၊ တနင်္ဂ နွေနေ့မနက် စောစောဆိုရင် ကျမရဲ့နေအိမ် ရှေ့ကသူတို့ရဲ့ ထိုင်နေကျ နေရာလေးကို ရောက်လာကြပါတယ်။ သူတို့ဟာ ခြံစည်းရိုးရဲ့ မျက်နှာချင်းဆိုင်နေရာမှာ သတင်းစာ စာရွက်ကိုပဲဖြစ်ဖြစ် ပလပ်စတစ် အခင်းကို ဖြစ်ဖြစ် ခင်းထိုင်ကာ ပူပြင်းလှတဲ့နေရဲ့ အရှိန်ကနေ သက်သာရာ ရအောင် သစ်ပင်လေးရဲ့ သေးငယ်တဲ့ အရိပ်အောက်မှာ အရိပ်ခို ကြပါ တယ်။ မိုးကောင်းတဲ့ရက်တွေဆိုရင် သူတို့ တစ်တွေဟာ ခင်းထိုင်တဲ့ ပလပ်စတစ် အခင်းလေးကို အမိုးလုပ်ပြီး ဒလဟောရွာနေတဲ့ မိုးရေအောက်မှာ မလျော့သော စိတ်ဓါတ်တွေ နဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ထိုင်နေကြပါ တယ်။

ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ကျမ တို့ ညနေလေးနာရီမှာ စကားပြောဖို့ ထွက် လာပြီဆိုရင် သူတို့ဟာ ခြံတံခါးရှေ့မှာ မြတ်နိုးတဲ့အပြုံးလေး တွေနဲ့ ကြိုဆိုနေပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံများဖြစ်တဲ့ လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ပြသခွင့်တွေရဲ့ အရေးပါပုံကို ယုံကြည် လက်ခံလို့ ကျမတို့ရဲ့ လူထု ဆွေးနွေးပွဲကို လာကြတဲ့ ထောင်နဲ့ချီပြီး ရှိတဲ့သူတွေရဲ့ နှလုံး သည်းပွတ် ဖြစ်ပါတယ်။ သူတို့ဟာ ကျမပြောတာတွေကို သေသေချာချာ ဂရုစိုက် နားထောင် ပါတယ်။ ပြီးတော့ ချက်ကျလက်ကျနဲ့ ရယ်မောဖွယ်ရာတွေနဲ့ ပြန်လည် တုံ့ပြန်ကြပါ တယ်။ အချိန်တွေ ကြာလာတာနှင့်အမျှ နိုင်ငံခြားသား တွေ သတင်းထောက်တွေက ကျမ ရဲ့ ပရိတ်သတ်တွေထဲမှာ တကယ့်ကို ယဉ် ယဉ်ကျေးကျေး ရှိတာတွေ စိတ်ကောင်း စိတ်မြတ်ရှိ ကြတာတွေကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အဓိက အားပြုပြီး ပြောတဲ့ အကြောင်းအရာ ဟာလည်း နိုင်ငံရေး အကြောင်း ပဲဖြစ်ပါတယ်။ ကျမတို့တစ်တွေ ပြည်သူ တွေဆီက လာတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သက်တဲ့ စာတွေကို ဖြေကြားပေးရပါတယ်။ ကျမတို့တစ်တွေ နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ကျမတို့တစ်တွေ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လွတ်လပ်ခွင့်၊ တရားမျတမှုနှင့် လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုကြပါ တယ်။ ကျမတို့တစ်တွေ တိုင်းပြည်ရဲ့ တိုးတက်မှု၊ အဆင်ပြေချောမွေ့မှုတွေကို ထိခိုက် စေနိုင်တဲ့ မူဝါဒတွေ အစီအစဉ်တွေကို ဝေဖန် ကြပါတယ်။ ကျမတို့တစ်တွေ သမိုင်းကိုလည်း ပြန်ပြောင်းလေ့လာကြပါတယ်။

ကျမတို့သုံးယောက်ဟာ တစ်ယောက်စီအလိုက် ကိုယ်အဓိကအထူးပြု ပြောဆိုရမယ့် အကြောင်းအရာ တွေကို ပြောဆိုကြပါတယ်။ တစ်ခါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ခဲ့၊ ရဟန်းအဖြစ်နဲ့ နှစ်ဝါလည်းရခဲ့၊ ဥပဒေပညာ ဘွဲ့ကိုရထားတဲ့ ဦးတင်ဦးက တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဥပဒေရေးရာ တွေကို ပြောဆိုပါတယ်။ သူဟာ နိုင်ငံရေးနဲ့ အမှန်တရားတွေကို ဗုဒ္ဓဟောကြားဆုံးမခဲ့တဲ့ ဇာတကတွေ၊ နိပါတ်တွေနဲ့ ခိုင်နှိုင်းပြီး သရုပ်ပေါ်အောင် ပြောနိုင်တဲ့ သူဖြစ်ပါတယ်။ အာဏာပိုင်တွေက အန်န်အယ်လ်ဒီ အပေါ် ပြုမူတဲ့ အရာတွေကို ဥပဒေ ရှုထောင့် ကနေ ရှုမြင်သုံးသပ် ပြပါတယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ အမိန့်ပေးသလို အားနဲ့ မာန်နဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ အတွက် မိုက်ကလိုဖုန်းတောင် မလိုပါဘူး။ သူနဲ့သိပ်ပြီးမရင်းနှီးတဲ့ ပရိသတ်တွေတောင် သူ့ရဲ့စကားတွေကို ကြားရုံနဲ့တင် ရိုးသား ဖြောင့်မတ်မှုကို အလွယ်တကူ တွေ့မြင်နိုင် ပါတယ်။

ဦးကြည်မောင်ကတော့ စီးပွားရေး၊ သမိုင်းနဲ့ ပညာရေး ဆိုင်ရာအကြောင်းတွေကို အဓိကထားပြီး ရယ်မော စရာတွေကို ကောင်းကောင်း ပြောတတ်တဲ့သူ ဖြစ်ပါတယ်။ ကျမနေအိမ်ရဲ့ မျက်နှာချင်း ဆိုင်လမ်းရဲ့ ဟိုဖက်ခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြဲတမ်း စောင့်ကြည့်နေတဲ့ နေရာရှိပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲပြု လုပ်နေတဲ့ အချိန်မှာဆိုရင် ဗွီဒီယိုရိုက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ခြံစည်းရိုးမှာ ကင်မရာထောင်ပြီး အကုန်လုံးကို မှတ်တမ်းတင်ပါတယ်။ အဲဒီလို ဗွီဒီယိုရိုက်တဲ့အဖွဲ့ရဲ့ အနားပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ တခြားလုံခြုံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ဟာ ကျမ ပြောတာတွေကို သေသေချာချာ နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ ဦးကြည်မောင် ပြောတဲ့ ဟာသတွေကို အားရပါးရ ရယ်ကြပါ တယ်။ သူတို့ရဲ့ မျက်နှာမှာ သွားတွေအဖွေး သား ပေါ်နေတာကို ကျမတို့ တွေ့ရလို့ပါပဲ။

(တချို့ဟာသတွေမှာ သူတို့တစ် တွေကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောတာတွေ ဖြစ်ပါတယ်။) သူမကြာမကြာ ပြောလေ့ရှိတဲ့ မြေးငယ်လေး ပုံပြင်ဟာ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့အလွန်တူပြီး အတော် လူကြိုက်များပါတယ်။

ကျမကတော့ ပရိသတ်တွေထဲက လာတဲ့ စာတွေကို ပြန်လည် ဖြေကြားပေးပြီး မြန်မာနိုင်ငံရဲ့ အတိတ်ကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ ကမ္ဘာပေါ်ရှိ ကမ္ဘာနေရာ တွေက နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောဆိုဆွေးနွေး ပါတယ်။ မကြာခဏဆိုသလိုပဲ ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲကို တစ်နှစ်ကျော် ကြာစေခဲ့တာက ယုံကြည်ချက် ခိုင်မာတဲ့ ကျမတို့ ပရိတ်သတ်ရဲ့ အင်အားနဲ့ စိတ်ဆန္ဒတွေ ကြောင့်ပါပဲ။ အဲဒီကာလတုန်းက အာဏာပိုင်တွေ လူထုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလေ လူထုက သွေးစည်း ညီညွှတ်တာကို ပြတဲ့အနေနဲ့ ပိုပြီးလာလေပါပဲ။ အာဏာပိုင် တွေက လူထုဆွေးနွေးပွဲတွေ မပြုလုပ်စေချင်လို့ ကျမအိမ်ကို လာတဲ့ လမ်းကိုပိတ်ထားတာတောင် ပြည်သူတွေက သူတို့ အနီးဆုံး လာလို့ရတဲ့ နေရာအထိလာပြီး သူတို့ဟာ လွတ်လပ်စွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင် ရုန်းကန်းသွားမယ် ဆိုတာကို ကမ္ဘာက သိအောင် ပြသနေပါ တယ်။

Wednesday, July 11, 2007

ကျမသိတဲ့ ရာကျော့်အကြောင်း


ကျမသူငယ်ချင်းက သူ့ပါရမီဖြည့်ဖက်အတွက်ရေးတဲ့ ၀တ္ထုလေးကို တင်ထားတာတွေ့ရတယ်။ ရာကျော့်အတွက် ရေးပေးထားတဲ့ ရာကျော်တနေ့တာ လေးကို ပြန်တောင်းပြီး တင်ပေးလိုက်ပါ တယ်။ ပူးတွဲ ဖတ်ရှုလိုက်ကြပါကုန်။

တကယ်တော့ ရာကျော်ဆိုတာ ကျမသူငယ်ချင်းအတွက် တကယ့်ကို မရှိမဖြစ်ဆိုတာကို သူ့တနေ့တာကို ဖတ်ကြည့်ရင်သိမှာပါ။ မေငြိမ်းပြောသလို သူ့ဘ၀မှာ အခြမ်းလွဲခဲ့စဉ်က သူဘယ်လောက် စိတ်ညစ်ရတယ်။ ဘယ်လို အခြေအနေရှိခဲ့တယ်ဆိုတာ ကျမတို့က အသိဆုံးမို့ ကိုရာကျော်နဲ့ ဆုံဆည်းရတဲ့ ဘ၀မှာတော့ သူငယ်ချင်းကို ပျော်စေသူအဖြစ် တွေ့ရတဲ့အတွက် တကယ့်ကို မောင်နှမ အရင်းလို ခင်မင်ခဲ့ရပါတယ်။

တခါတလေ ရာကျော်နဲ့သူ သဘောကွဲလွဲတဲ့ အခါတွေမှာတောင် ကျမတို့ သူငယ်ချင်းတွေက ရာကျော်ဖက်မှာ ရပ်တည်တဲ့ သူတွေအဖြစ် ရောက်သွားအောင်ကို စိတ်သဘောထား ပြည့်ဝတဲ့ သူပါ။ ရာကျော်ဆိုတာ သူကိုယ်ပိုင်ဘ၀၊ သူ့ အတ္တမာနတွေကို မေ့ထားပြီး (မေငြိမ်းနဲ့ တကွ သူ့မိသားစုအတွက် ဆိုတဲ့) ရထားတွဲကို လမ်းမှန်ရောက်အောင် ထိန်းကျောင်းနိုင်သူပါ။ လက်တအားဖွာတဲ့ ကျမ သူငယ်ချင်းကို ထိန်းသိမ်းနိုင်သူ။ စိတ်မာတယ် ထင်ရပေမဲ့ တကယ် တမ်းကျ ထိခိုက်ခံစား လွယ်သူ ကျမသူငယ်ချင်းရဲ့ အရေးကိစ္စတိုင်းမှာ မတ်တည်နိုင်အောင် ပံ့ပိုးပေးနေသူ။ ရေရှည်ကို ကြိုမြင်တတ်ပြီး အကြံကောင်းတွေ ပေးနိုင်သူ၊ ကျမသူငယ်ချင်း တွေဝေနေတတ်တဲ့ အခါတွေမှာ ဆုံးဖြတ်ချက်တွေကို ရဲရဲရင့်ရင့် ချပေးနိုင်သူ…။ သူဟာ မေငြိမ်းအတွက် ဘုရားပေးတဲ့ဆု ဆိုတာဘယ်လောက်မှန်သလဲ သိစေချင်လို့ ကျမက မှတ်တမ်းတင် ပေးလိုက်ပါတယ်……….။



ရာကျော့်တနေ့တ


၀၆း ၀၀ နာရီ
ကလင် ကလင်
အား မနက် ၆ နာရီတောင် ရှိသွားပြီပဲ။ ဒီနေ့ တနင်္လာနေ့ ။
အင်းးးး ထမှ ထမှ ၊ ကလေးတွေ ကျောင်းရှိတယ်။
ဟင် အငယ်ကောင် စောင် ကွာ နေပါလား။ အအေးမိအုံးမယ်။
ကိုယ့်ဘေး က မမကတော့ အိပ်တုန်း။ ည တုန်းက ဘယ်နှစ်နာရီမှ အိပ်လဲမသိ။
ကလေးတွေကို သိပ်ရင်း ငါအိပ်ပျော်သွားတာတောင် ၁၂ နာရီလောက်ရှိပြီထင်တယ်။
ဝါး ………. ထမှ ထမှ

၀၆း ၁၅ နာရီ
အိုဗာတင်းဖျော်တိုက်ဖို့ ရေနွေးတည်ရမယ်။
ထမင်းကြော်စားချင်တယ်လို့ မိန်းမ ကမနေ့က ပြောထားတယ်။
ဆိုင်ကြော်လေးနော် တဲ့။ ထမင်းကြမ်း ကျန်သေးရဲ့လားမသိ။
အော် နည်းနေပါလား။ ထမင်းအိုးလည်း တည်လိုက်ဦးမှ။
ကလေးတွေတော့ အိုဗာတင်းနဲ့ ပေါင်မုန့်ပဲ ကျွေးလိုက်တော့မယ်။

၀၆း ၃၀ နာရီ
ညတုန်းက ဆော့ထားတာ ရှုပ်ပွနေတာပဲ။ တံမြက်စည်း လှည်းလိုက်ဦးမှ။
မိန်းမ အိပ်ရာကထလာရင် ရှုပ်နေတာတွေမြင်ပြီး စိတ်မကြည်ဖြစ်ဦးမယ်။
ပြီးရင် ကလေးတွေအတွက် အ၀တ်တွေ ထုတ်ထားအုံးမှ။
အကြီးမအတွက်။
အငယ်ကောင်အတွက် ပြီးပြီ၊

၀၇း ၀၀ နာရီ
ထမင်းကြော်ဖို့ ဂေါ်ဖီ ၊ ကြက်သွန်ဖြူနီလှီးထားမှ၊
ဟင် ရေခဲသေတ္တာထဲက ၀က်သားနည်းနည်းကျန်တာရော မတွေ့တော့ပါလား။
အော် ဒီမှာတွေ့ပြီ။ မိန်းမပဲ နေရာရွှေ့ထားတာဖြစ်မယ်။
နောက်… ကြက်ဥ ခလောက်ထားမှ။

၀၇း ၃၀ နာရီ
ကလေးတွေကို နှိုးတော့မှ။
ဒါမှ စားမှာ သောက်မှာနဲ့ ကျောင်းမီမယ်။
ကျဲကျဲ ။ အဲမွန် ထတော့ ထတော့ ၊ ဒီနေ့ ကျောင်းတက်ရတော့မယ်လေ၊
မျက်နှာသစ် ၊ သွားတိုက် ၊ အမြန်လုပ်လေ ငိုင်မနေနဲ့ ။
မေမေ နိုးသွားဦးမယ်၊
ပြီးရင်လာ ပေါင်မုန့်နဲ့ အိုဗာတင်းသောက်လိုက်.
ဘာ အိုဗာတင်းမသောက်ချင်ဘူး။ ငါစိတ်မရှည်ချင်တော့ဘူးနော်။ ဒါဆို ဘာသောက်မလဲ၊
အေး..နွားနို့လား။ ကဲ ရေခဲသေတ္တာထဲမှာ အအေးပဲရှိတယ်နော်။ အဲဒါပဲသောက်မလား။
သွားယူလိုက်။ ပိုက်တွေ့လား ဟုတ်ပြီ .. ကဲ ပေါင်မုန့်လာစားနော်။
ထမင်းက ၁၁ နာရီမှ စားရတာ၊ ဗိုက်ဆာလိမ့်မယ်။
ကဲ……ပြီးရင် အ၀တ်လဲမယ် လာကြ။ ဒီနေ့ဘာဝတ်စုံလဲ..
အားကစား ၀တ်စုံလား.. ရိုးရာဝတ်စုံလား…

၀၈း၃၀ နာရီ
ကျောင်းသွားမယ် ။ ဖိနပ်စီးလိုက်တော့၊
နေဦး။ သော့ခတ်လိုက်ဦးမယ် ။ ကဲလာ ဆိုင်ကယ်ပေါ်တက်။
အငယ်ကောင် နောက်မှာ မထိုင်ရဘူးနော်၊ လာ ရှေ့ကတက်။

၀၈း၄၅ နာရီ
မမတော့ အိပ်ရာက မထသေးပါလား။
ထမင်းကြော်ထားလိုက်မယ်။ နိုးလာရင် စားလို့ရအောင်။
ဟော … ကွန်ပျူတာ ဖွင့်သံကြားရတယ်။
အော…နိုးပြီကိုး။
မျက်နှာမသစ်သေးဘူး၊ ဒီကွန်ပျူတာရှေ့ အရင်ရောက်တယ်။
ယောက်ျားကိုတောင် နှုတ်မဆက်ဘဲ ကွန်ပျူတာကိုသွားနှုတ်ဆက်နေတယ်။
စိတ်ထဲကပြောတာပါ။ ပါးစပ်က ပြောမိလို့ စိတ်ဆိုးပြီး ထမင်းကြော်မစားရင်
ကိုယ်တယောက်တည်း စားနေရဦးမယ် ဟဲဟဲ…
ဟေး အမေကြီးရေ မျက်နှာသစ်ပြီးပြီလား။
ထမင်းကြော်ပူပူလေး အဆင်သင့်ပဲဟေ့။
လာစားကြမယ်၊
( ထမင်းကြော်လေးက ကောင်းလိုက်တာမောင်ရာ...
ဆိုင်ထက်တောင် ကောင်းသေး…
အိမ်မှာ ဒီလိုပဲ ခဏခဏ ကြော်စားကြမယ်နော့်)
သူ ဒီလိုပဲ ပြောမှာ သိပြီးသား၊

၀၉း၃၀ နာရီ
ဟေ့…ဒီနေ့ မိန်းမ ဟင်းချက်အလှည့်မဟုတ်လား။
မချက်သေးဘူးလား။
ဘယ်သူနဲ့ ချက်တီးလုပ်နေတယ်၊
အော်……တော်ရှာပါပေတယ်။
ဘလော့တကာလည်ပြီး စီဗုံးလိုက်ဖြည့်နေရတယ်လို့။
ဒီနေ့ ဘာစားမှာလဲ …ပြော။
ကျနော်ပဲ ချက်လိုက်ပါ့မယ် အမရယ်။
ဒါဆို လျှော်မယ့် အ၀တ်တွေ ဆပ်ပြာစိမ်ပေးထား၊
ဟင်းချက်ပြီး စက်နဲ့ လျှော်လိုက်မယ်။

၁၂း ၀၀ နာရီ
ထမင်းစားမယ်ဗျို့။ ဒီမှာ အားလုံးခူးခပ်ပြီးသား ရယ်ဒီပဲ။
ထမင်းစားမယ်လေ ။
ဒီမှာ အေးကုန်ပြီနော်၊ ထမင်းရော ဟင်းရော၊
ကဲ စားနှင့်ပြီ ဟေ့။
တနေ့နေ့ ဘလော့တကာလည်လိုက်။ ချက်တီးလုပ်လိုက်နဲ့
ထမင်းစားဖို့ ကို မနည်း ခေါ်နေရတယ်၊
လာစားတော့နော်။

၁၃း၀၀ နာရီ
ညက ဘယ်နှစ်နာရီမှ အိပ်လဲ။ အမ်… ၁ နာရီ။
ဘာတွေများလုပ်နေလို့တုန်း။
ထူးပါပေ့.. ချက်ရွမ်း ၀င်တာ ဒီလောက်တောင်……. ။
အံမာ ဘာစာဖတ်တာ အကြောင်းပြနေလဲ..
ကိုယ့်မိန်းမအကြောင်း မသိရင် ခက်မယ်..ဟင်း………။
နေ့လည်တော့ တရေး အိပ်မှ ဖြစ်လိမ့်မယ်နော်။
ဒီနေ့အပြင် မသွားရဘူး မဟုတ်လား။
ဒါဆို မောင် စာရိုက်စရာတွေ ကိုင်တော့မယ်နော်။
ညည်း ဘလော့အတွက်ရော စာ ရိုက်စရာရှိသေးလား..။

၁၅း၃၀ နာရီ
အား.. ခါးတွေ ညောင်းလိုက်တာ.. မျက်စေ့တွေလဲ ညောင်းပြီ..
တနေ့ တနေ့ ကွန်ပျူတာနဲ့ ဖက်ပြီး စာရိုက်ရတာ။
သူ့လိုလဲ ဘလော့လုပ်တာတွေ ချက်ရွမ်းဝင်တာမျိုးလည်း မရှိတော့
တခါတလေတော့လဲ ပျင်းသား..။

၁၆း ၀၀ နာရီ
ကလေးသွားကြိုလိုက်ဦးမယ်။ မိန်းမ ထမင်းအိုးတည်ထားပေးနော်။

၁၆း ၃၀ နာရီ
ကလေးတွေ ကျောင်းဝတ်စုံ လဲထားတော့နော်။
ထမင်းစားတော့မလား။ မစားသေးရင် ဆော့မလို့လား။
အေး ရန်မဖြစ်ရဘူးနော်။ အကြီးမက ကာတွန်းကားကြည့်မလို့လား။
နေဦး ဘဘ ဖွင့်ပေးမယ်။ ဟဲ့ ကွန်ပျူတာ သွားမကိုင်နဲ့နော်။
ဟဲ့ ကလေးတွေ လုမနေနဲ့။
(သူ့အဖေရေ.. ကလေးတွေက ဆူလိုက်တာကွာ..
ဒီမှာ RFA အတွက် ရေးနေတယ်လေ။)
ကဲ မင်းတို့ အမေပြောနေပြီ။
လာ ဒီကိုလာ အဲဒီနား သွားမရှုပ်နဲ့လို့ ပြောနေတယ်လေ။

၁၇း ၃၀
ရေချိုးမယ်။ အကြီးမ အရင်ချိုးတော့ ။ ပြီးရင် အငယ်ကောင် ချိုးမယ်နော်၊
ဘဘ ချိုးပေးမယ်၊ လာကြဟေ့၊
သမီး ဘာဝတ်မလဲ၊ ကြိုက်တာယူဝတ်လိုက်။
ပြီးရင် အပြင် သွားရမယ်၊ မေမေ ကိစ္စရှိတယ်တဲ့။
( ကလေးတွေ ခေါ်လို့မဖြစ်ဘူး မောင်ရ ။ အပြန်မိုးချုပ်မယ်။ )
ဒါဆို ဘယ်လိုလုပ်မလဲ။
( ပြန်ခါနီးရင် ဖုန်းဆက်လိုက်မယ်လေ။)
မနက်ဖြန် ကလေးတွေ ကျောင်းတက်ရမှာနော်။
စောစောပြန်ဖြစ်အောင် လုပ်ဦး။
ဒါဆို အခု ဘာနဲ့ သွားမလဲ၊
(ကလေးတွေ ထမင်းကျွေးပြီးရင် လိုက်ပို့လေ)
အော် …အေးအေး.. ဒါဆို ညစာ မစားတော့ဘူးပေါ့။
(ဟုတ်တယ်။ မောင် စားနှင့်လိုက်)
ဒါဆို မိန်းမပဲ ကလေး ထမင်းကျွေးပေး။
မောင် ထမင်းစားလိုက်တော့မယ်။
(အင်း ။ အင်း)

၁၈း ၀၀ နာရီ
(ပြီးပြီလား ။ကလေးတွေ ထမင်းလာဆက်ကျွေးပေးဦးလေ။
မိန်းမ ရေချိုးလိုက်ဦးမယ်)
အေး လာပြီ ခဏ ဒီမှာ ဟင်းအိုးဆေးနေလို့။

၁၈း ၃၀ နာရီ
ကဲ သားတို့သမီးတို့ မေမေ့ကို လိုက်ပို့ကြမယ်ဟေ့..လာ ။
တက် သွားစို့။ အိမ်တံခါး သေချာ သော့ခတ်ရဲ့လား။
(ခတ်ပြီးပြီ)

၂၀းး ၀၀ နာရီ
……………
၂၂း ၀၀ နာရီ
…………………
၂၃း၁၀ နာရီ
ကလင်ကလင်
အင်း… အင်း ကလေးတွေ မအိပ်သေးဘူး။ အခု လာခေါ်မယ်။
ကလေးတွေလား လိုက်မယ်တဲ့၊
အေးအေး လာပြီနော်။

၀၀း ၃၀ နာရီ
ဟေ့ ………မိန်းမ စောစော အိပ်နော်၊ အိပ်ရေးပျက်တာ များနေပြီ။
မောင်တော့ မစောင့်နိုင်တော့ဘူး…….အိပ်ပြီ။





ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, July 10, 2007

အန်တီစု ရဲ့ဆောင်းပါးများ

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆောင်းပါး (၁)

လွတ်လပ်ရေး တိုက်ပွဲ သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေး ဆောင်းပါးလေးတွေ တင်ပေးပါရစေ။
အန်တီစုဟာ ကျောင်းသားတွေကို အလေးထားသလို မြန်မာ့နိုင်ငံရေးမှာ လူငယ်မျိုးဆက်သစ်တွေကို သိပ်ပြီး မျှော်လင့်ချက် ထားပါတယ်။ အခုဆောင်းပါးမှာ လူငယ်တွေအပေါ်မှာ ထားတဲ့ ယုံကြည်ချက်ကိုတွေ့ရမှာ ဖြစ်ပါတယ်။



တော်လှန်ရေးမုန်တိုင်းအလယ်

မြန်မာနိုင်ငံတ၀န်းမှာ ကြေကွဲ ဖွယ်ရာတွေ၊ စက်ဆုပ်ထိပ်လန့်စရာတွေ၊ ဒေါသအမျက်ထွက်စရာတွေ မယုံနိုင်စဖွယ် ဖြစ်ရပ်တွေ အမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ ပြည်သူလူထုက မခံမရပ်နိုင်တော့လွန်းလို့ ရုတ်တ ရက်တညီတညွှတ်တည်း ပေါ်ထွက်လာရတဲ့ လူ့အခွင့်အရေး အပြည့်အ၀ခံစားလိုမှု တောင်းဆိုချက်ဟာ မုချဧကန်အောင်ပွဲခံရ မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ အမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ကျော်လွှား လျက်ရှိပါတယ်။

၂၆ နှစ်လုံးလုံး လွတ်လပ်စွာ တွေး တောကြံဆလုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့တာ ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့ ပင်ကို အရည်အချင်းတွေဟာ ဖိနှိပ်မှုခံခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေကို ပြန်ကြည့်ရင် အရေးóကံလာရင်တော့ ပြည်သူလူထုတရပ် လုံးဟာ သွက်လက်ဖျတ်လတ်စွာ လုပ်ကိုင် ဆုံးဖြတ်နိုင်တာကို အထင်းသားတွေ့မြင် နိုင်ပါတယ်။ အစိုးရယန္တရားလုံးဝရပ်စဲပြီး ရဲ တပ်ဖွဲ့ဝင်များကလည်း လုံòခံရေးမပေးနိုင် တော့တဲ့အခြေအနေမှာ ရဟန်း၊သံ ဃာနဲ့ ကျောင်းသားများအဓိက ပါဝင်တဲ့ရပ်ကွက် လုံòခံရေး တပ်ဖွဲ့များက တိုင်းပြည်အနှံ့ ပေါ်ထွက်လာ ကြပါတယ်။ သမဂ္ဂမျိုးစုံ၊ အဖွဲ့ မျိုးစုံဟာ ဒီမိုကရေစီရရှိရေး အတွက် ညီညွှတ်စွာဆောင် ရွက်ကြဖို့ တဖွဲ့နဲ့တဖွဲ့ ကွင်း ဆက်မပြတ် ဆက်သွယ်နိုင်ခဲ့ ပါတယ်။လွတ်လပ်စွာ အစည်း အရုံးတည်ထောင်ခွင့် တားမြစ် ထားတာကို အရင်လကမှ ချိုး ဖောက်ပြီး အသီးသီး အဖွဲ့ အစည်းတွေ ဖွဲ့ကြရတဲ့ ပြည်သူ တစ်ရပ်လုံးဟာ (ဒီလောက် အချိန်တိုအတွင်း) ဒီလောက် ညီညွှတ်မှုရှိတာ ဟာလွန်စွာပဲ အံ့သြ (ဂုဏ်ယူ)ဖွယ် ဖြစ်ပါ တယ်။ အစိုးရအုပ်ချုပ်မှု ပျက်ပြား သွားတာကြောင့် သယ်ယူပို့ဆောင် ဆက်သွယ်ရေး အခက်အခဲများရှိလာပြီး ကုန် ဈေးနှုန်းကြီး မြင့်မှုနဲ့စားနပ်ရိက္ခာရှားပါးမှုတို့ ဖြစ်ပေါ်လာ ပါတယ်။ ဒီကိစ္စတင်မက ဆေးဝါး ရှားပါးမှု ပြဿနာကိုပါ ပြည်သူလူထုက ကိုယ့် ဟာကိုယ် စုပေါင်းဖြေရှင်းနေကြပါတယ်။

ပြည်သူတွေ ဘယ်လောက် စည်း ကမ်းသေ၀ပ်ညီညွှတ်မှုရှိတယ်ဆိုတာ နောက် ဆုံးသာဓကပြရရင်တော့ အောင်မြင်လှတဲ့ စက် တင်ဘာ(၈)ရက် လူထုဆန္ဒပြပွဲမှာ လူ တစ်သန်း ကျော်ပါဝင်တာတောင် (အချင်းချင်း)လုံးဝ ပြဿနာမဖြစ်ခဲ့တာကို ထောက်ရှု နိုင်ပါ တယ်။လက်ရှိအစိုးရ ပြန်ကြားရေးက လုယက်မှု၊ မီးကွင်းပစ်နဲ့ အခြားအဖျက်လုပ်ငန်းများကို အသားပေး ဖော်ပြနေပါတယ်။ လက်ရှိအစိုးရရဲ့ အစိတ်အပိုင်းတစ်ခုက ဤဖြစ်ရပ်များကို တမင် ဖန်တီး စတင်စေခဲ့တယ်ဆိုတာလည်း ယခုသိ လာပါပြီ။ ပြည်သူလူထုတရပ်လုံးက ငြိမ်းချမ်း သာယာ ညီညွှတ်မှုကို တတ်အားသရွေ့ စွမ်း ဆောင်နေချိန်မှာ လက်ရှိအစိုးရရဲ့ တစိတ် တပိုင်းက မင်းမဲ့တိုင်းပြည်ဖြစ်အောင် အစွမ်းကုန် တွန်းပို့နေတာဟာ အလွန်ထူးဆန်း ရွံရှာစရာ ဖြစ်ရပ်တခုပါပဲ။ဒီမိုကရေစီကို တောင်းဆိုသူများ အားလုံးက သိက္ခာရှိစွာ ဆင်ခြင်ကြလို့သာ အခြေအနေဒါထက် ပိုဆိုးမသွားတာ ဖြစ်ပါ တယ်။ ဆင်ခြင်တုံတရားရှိသူတွေ ဥာဏ်မမီ လောက်အောင်ပဲ လက်ရှိအစိုးရ အဖွဲ့ဝင် တချို့ ဟာ ခေါင်းမာစွာနဲ့ ပြည်သူ တရပ်လုံးရဲ့ ဆန္ဒကို လွန်ဆန်နေကြပါတယ်။ တိုင်းပြည်မှာ ကစဥ့်ကလျားဖြစ်စေဖို့နဲ့ ရာဇ၀င်မှာ စာမတင်ဖူး လောက်အောင် သူတို့ကို ညီညီညွှတ်ညွှတ် ကန့်ကွက်သူတွေကို နစ်နာဒုက္ခရောက်စေဖို့ ဘဲ အဓိကလုပ်ကိုင် နေပုံရပါတယ်။

“အစိုးရပိုင်းအားလုံးကတော့ ဒီလိုယုတ်မာရက်စက်တဲ့လုပ်ငန်းတွေမှာ ပါဝင်ထောက်ခံနေကြမှာမဟုတ်တာ ထင် ရှားပါတယ်။ ဒီအဖျက် လုပ်ငန်းအစီအစဉ် တွေဟာလည်း အစပိုင်းမှာတင် ပျက်ပြား သွားကြရတာတွေ့ရပါတယ်။ ဒီတော့ လူ အနည်းစုကသာ သူတို့ အာဏာကို နောက်ဆုံးရနိုင်သလောက်ထိ သွေးရူးသွေးတန်း ဖက်တွယ်နေတယ်လို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။ ”
ဒီမိုကရေစီ စနစ်ရရှိဖို့ လုပ်ဆောင် နေကြသူတွေက ဘယ်သူတွေလဲလို့ မေးနိုင် စရာ ရှိပါတယ်။ သူတို့ကတော့ မဆလပါတီ လက်အောက်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွား ရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခါးစည်းခံခဲ့ကြရ တဲ့ သူများပဲ ဖြစ်ပါတယ်။

မဆလပါတီရဲ့ ရမ်းကားစွာ ဖိနှိပ် မှု၊ စီးပွားရေး(အသိပညာ) ကင်းမဲ့မှုတို့ဟာ ပြည်သူတွေ ညီညွှတ်ထကြွဖို့အတွက် မရည် ရွယ်တဲ့ တွန်းအားကြီးတရပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မဆလပါတီကို ယခုထက်ထိ သစ္စာစောင့်နေသေးသူများဟာလည်း အုပ်စိုး သူမဆလပါတီနဲ့ အအုပ်စိုးခံလူထု အကြား ကွာဟမှုကြီးမားပုံ သာဓကတစ်ခုပဲဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ လူတချို့ဟာ လက်စားချေလိုတဲ့စိတ် ရှိကြပေမယ့် အများစု ကတော့ တရားမျတသက်ညှာစွာ ထောက် ထားကြမှာ ဖြစ်လို့ပါပဲ။

“ဗမာ့တပ်မတော်ကလည်း အင်မတန်မှအရေးပါတဲ့ အခန်းကဏ္ဍပါ။ ဗမာ့ တပ်မတော်ကိုကျမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ထူထောင်ခဲ့တာပါ။ တပ်မတော်ဟာ လက်နက်ကိုင် အာဏာရှင်ဖိနှိပ်သူများအဖြစ် ပြောင်းလဲမသွားရန် ဖေဖေက အထပ်ထပ် သတိပေးဖူးပါတယ်။ လူအများစုကတော့ ဗမာ့တပ်မတော်ဟာ အာဏာရူးလူတစုရဲ့ óကိးကိုင်အလွဲသုံးစား ပြုလုပ်မှုကိုခံနေရ တယ်လို့ ယူဆနေကြပါတယ်။”

ဒီလူနည်းစုရဲ့ ရာထူးအာဏာ ဆက်လက်တည်တံ့ဖို့နဲ့ အခွင့်ထူးတွေ ဆက် လက်ခံစားဖို့ဟာ သူတို့ရဲ့ တပါတီစနစ် ရှင် သန်မှုပေါ်မှာဘဲ တည်နေပါတယ်။ လက်ရှိ အာဏာရအစိုးရ အတင်းအကြပ်စေခိုင်းမှု ကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရလို့ ဗမာ့ တပ်မတော်သား အများပြားဟာလဲ မကျေ မနပ်ဖြစ်နေတာ တနေ့တခြား ထင်ရှားလာ ပါပြီ။ ဆင်ခြင်တုံတရားရှိသူတိုင်းကတော့ ဗမာ့တပ်မတော်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူ တွေ လိုလားတောင့်တလှတဲ့ နိုင်ငံရေးစနစ်ကို စောစီးအေးချမ်းစွာ ပြောင်းလဲနိုင်မှ ဗမာ့ တပ်မတော်ကလဲ သူ့ရဲ့ စစ်မှန်တဲ့လုပ်ငန်း တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ဆက်လက် ထမ်း ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ်ဒီမိုကရေစီ တောင်းဆိုတဲ့လှုပ်ရှားမှုကြီးမှာ ကျမဘယ်လို ပါဝင် လာပါသလဲလို့ လူတော်တော်များများက မေးကြပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင်လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ကျမအဖေရဲ့ သမီးဖြစ်လေတော့ ကျမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို အစဉ်တစိုက် ဂရု ပြုခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ပြည်ထောင် စု မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ သမိုင်း နဲ့ လူမှုရေး၊ နိုင်ငံရေးပြောင်းလဲမှုများကို စိတ် ၀င်စားခဲ့ပါတယ်။ ကျမနှစ်နှစ် သမီးအရွယ်မှာ ဖေဖေကွယ်လွန်ခဲ့လို့ ဖေဖေ့ကို ရင်းရင်းနှီးနှီး မသိလိုက်ရပါဘူး။ အလိုလိုက်တဲ့ ၊ ချစ်ကြင်နာ တဲ့ ဖခင်ဖြစ်ပြီး ဖြောင့်မတ်တဲ့ သိက္ခာနဲ့ တိုင်း ပြည်အကျိုးကို အမြဲတမ်း ကိုယ်ကျိုးထက်
အလေးထားလိုလားခဲ့တဲ့ လူတယောက်လို့ပဲ နားလည် မှတ်သားခဲ့ပါတယ်။

ကျမလူလားမြောက်ပြီး ဖေဖေ့ ဘ၀နဲ့ လုပ်ဆောင်အောင်မြင်မှုတွေကို သုတေသနပြုတော့မှဘဲ သူ့သက်တမ်း (၃၂) နှစ်အတွင်းမှာ ဘယ်လောက်လုပ်ဆောင် နိုင်ခဲ့တဲ့လူ၊ ဘယ်လိုလူဆိုတာ ကျမပိုပြီး သိနားလည်ခဲ့ရပါတယ်။ အဲ့ဒီအခါမှဘဲ တိုင်း ပြည်သစ္စာစောင့်သိတဲ့ မျိုးချစ်ခေါ်င်းဆောင် တယောက်အနေနဲ့ ဂုဏ်ယူလေးစားခဲ့ရုံမကဘဲ ကိုယ်ပိုင်ခံယူချက် တော်တော်များများမှာ ဖေဖေနဲ့ ကျမ တူညီနေတာ တွေ့ရ လို့ ဖေဖေ့ကို အနီးကပ်ရင်းနှီးစွာ သိရသလိုခံစားမိပါတယ်။ ဖေဖေ့စိတ်နဲ့ နီးစပ်လွန်းလို့ ကျမဟာ ကျမရဲ့ တိုင်းပြည် ကောင်းစားရေးအတွက် လေးနက်စွာ တာဝန်ယူချင်တဲ့စိတ်တွေ ပေါ်ပေါက်ခဲ့ ပါတယ်။

၁၉၆၂ ခုနှစ်၊ ယခုလက်ရှိ အစိုးရ အာဏာသိမ်းလိုက်ချိန်မှာ ကျမဟာ အိန္ဒိယ ပြည်မှာ အထက်တန်း ကျောင်းသူတယောက် ဖြစ်ပါတယ်။ အမေက မြန်မာနိုင်ငံဆိုင်ရာ သံ အမတ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီအစိုးရနဲ့ ကျမရဲ့ဆက်ဆံရေးဟာ ပြေလည်လှတယ် မဟုတ်ပါဘူး။

အစိုးရပိုင်းလူတချို့ကတော့ ဖေဖေ့ အပေါ်သစ္စာရှိစွာ ချစ်ခင်ကြလွန်းလို့ ကျမတို့မိသားစုကိုလည်း ခင်မင်ရင်းနှီး လေးစားစွာ ဆက်ဆံခဲ့ပါတယ်။ တဘက်မှာတော့ ဖေဖေ့နာမည်ကို တွင်တွင်အသုံးချ ရင်း ဖေဖေချမှတ်ခဲ့တဲ့ တိုင်းပြည်အကျိုးðပဖို့ အဓိကကျတဲ့ ဆောင်ရွက်ချက်တွေကို လုံးဝ မလိုက်နာခဲ့တဲ့ လူတစုကရှိနေပြန်ပါတယ်။ သူတို့ထဲမှာတော့ ကျမတို့ မိသားစုအပေါ် ၀န်တိုမှုတွေပွားပြီး ကျမတို့ကို အန္တရာယ် တရပ်လို့ မြင်တဲ့လူတွေလည်း ပါနေပါတယ်။

၁၉၇၄ ခုနှစ်က ကျမအိမ်ခဏပြန်လာစဉ်၊ ကျမဟာ အစိုးရကို တန်ပြန်တဲ့ အလုပ်တွေ လုပ်မှာလားလို့ မသိမသာတီးခေါက်မေးမြန်း ခဲ့ပါတယ်။ ကျမက ဒီလိုလုပ် ချင်ရင် နိုင်ငံခြားကနေလှမ်းမလုပ်ဘူး။ နိုင်ငံ ရေးလှုပ်ရှားမှုလုပ်ရင် နိုင်ငံတွင်းမှာနေရင်း လုပ်မှာဘဲလို့ ဖြေခဲ့ပါတယ်။ ကျမနိုင်ငံခြားမှာ နှစ်အတန်ကြာ နေခဲ့လို့လည်း မြန်မာနိုင်ငံရဲ့ ပြဿနာအရပ် ရပ်ကို နိုင်ငံတကာအမြင်နဲ့ ယှဉ်ပြီး မြင်ကွင်းကျယ်ကျယ်နဲ့ သုံးသပ်လေ့လာနိုင်ခဲ့ပါတယ်။

မကြာခဏလည်း အိမ်ပြန်ခဲ့လို့ တိုင်းပြည်အတွင်း ဖြစ်ပေါ် နေသမျကိုလည်း မျက်ခြေမပြတ်ခဲ့ပါဘူး။ မဆလပါတီရဲ့လက်အောက်မှာ တတိုင်းပြည်လုံးအခြေအနေယို ယွင်းလာတယ်ဆိုတာ သိသာ လှပါတယ်။ ဒါပေမဲ့ ကျမအနေနဲ့ အင်တိုက်အားတိုက် ထောက်ခံစရာ အများစုပါဝင်တဲ့ ဆန့်ကျင် လှုပ်ရှားမှုကိုတော့ ပြီးခဲ့တဲ့ ဧပြီလအိမ်ပြန် လာတော့မှဘဲ တွေ့ရပါတယ်။

အဲ့ဒီအချိန်မှာတော့ လူတွေရဲ့ စိတ်သဘောထားတွေ များစွာပြောင်းလဲနေ တာတွေ့ရပြီး အစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှား မှု ဖြစ်ပေါ်ဖို့ အချိန်ဟာ နီးကပ်လာတာ တွေ့ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သြဂုတ်လအတွင်းက ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ပစ်ခဲ့တာကလည်း ဒီလှုပ်ရှားမှု အရှိန်ကို မြင့်မားစေခဲ့ပြီး ပြည်သူ လူထုဘက်က ရပ်တည်ဖို့ ကျမကို ဆုံးဖြတ်ချက် ချစေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ချရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နောက်ထပ် သွေးထွက် သံယိုမဖြစ် စေချင်တာကြောင့် တကြောင်း၊ နောက်တခုက အဖေ့သမီးအနေ နဲ့ တိုင်းပြည်အပေါ် တာဝန်စောင့်သိရမယ်လို့ ခံယူထားတာကြောင့် တကြောင်းဖြစ်ပါတယ်။

မှန်တာပြောရရင် အရောင်အ သွေးစုံ၊ ၀ါဒစုံတဲ့ နိုင်ငံရေး သမားဟောင်းကြီး အချို့ဟာ ကျမကို ကူညီလုပ်ကိုင်ပေးနေကြပါ တယ်။ ဒါပေမယ့်ကျမဟာ သူတို့ရဲ့ အကူအညီ ကို နားလည်မှုတစ်ချက်အပေါ် တိတိကျကျ မူတည်ပြီးမှ လက်ခံခဲ့တာဖြစ် တယ်။ သူတို့ဟာ ဒီမိုကရေစီ ရရှိရေးအတွက်သာ လုပ်ကိုင်နေ တာဖြစ်ပြီး ကိုယ်ကျိုးရှာလိုမှု၊ အနာဂတ် နိုင်ငံရေးအခြေသာမှုတို့ကို လုံးဝမပါဘူးဆိုတဲ့ နားလည်ခံယူချက်ပဲဖြစ် ပါတယ်။

တိုင်းပြည်ရဲ့ အကျိုးထက် ကိုယ့် ၀ါဒ ၊ ကိုယ့်ပါတီ၊ ကိုယ်လမ်းစဉ်တို့ကို ဦးစား ပေးမှုကို ကျမကိုယ်တိုင်က ပြင်းထန်စွာ ဆန့် ကျင်ပါတယ်။ တိုင်းပြည်တိုင်းဟာ မိမိနဲ့ သင့် တော်မယ့် မိမိအခြေအနေနဲ့ ကိုက်ညီမယ့် နိုင်ငံရေး၊ စီးပွားရေး၊စနစ်တွေ တည်ထောင် ရမှာ ဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် ကျမနဲ့ အနီးကပ် အလုပ်လုပ်တဲ့အဖွဲ့များဟာ နိုင်ငံရေးဝါဒီများလုံးဝမဟုတ်ပဲ အများစုက တော့ လူ့အခွင့်အရေး အပြည့်အ၀ပေးမယ့် ဒီမိုကရစီစနစ်ကိုသာ တောင့်တကြတဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။

ယခုအချိန်ဟာ ပြည်လုံးကျွတ် ညီညွတ်ရေး ကြိုးစားရမယ့်အချိန်ပါ။ နောင်အခါ နိုင်ငံရေးပါတီတွေထူထောင်နိုင်ဖို့ အတွက် အာဏာ အုတ်မြစ်ချထားရမယ့် အချိန်မဟုတ်ပါဘူး။ ကျမကို နိုင်ငံရေးပါတီ ထူထောင်မှာလားလို့မေးကြတော့ ကျမဒီလိုလုပ်ဖို့ မလိုလား မနှစ်òမိ့ပါဘူးလို့ ဖြေ တယ်။ ဒါပေမယ့် ကျမတို့လက်ရှိóကိးပမ်း နေကြတဲ့ ဒီမိုကရေစီစနစ်တည်တံ့ဖို့အတွက် တကယ်ဘဲ လိုအပ်မယ်ဆိုရင်တော့ ကျမ ၀င်မပါချင်တဲ့ နိုင်ငံရေးထဲကို ၀င်ပါရမှာဖြစ် ပါတယ်။

နောက်တစ်ခု ကျမကို မေးလေ့ရှိ တာကတော့ ဘယ်လောက် ကြာကြာ မြန်မာ နိုင်ငံမှာနေမှာလဲတဲ့။ ကျမ အရင်ကတည်းက ဒီမှာပဲ တနေ့ကျပြန်အခြေစိုက်ပြီး ပြည်သူ့ စာကြည့်တိုက်တွေ အòမိ့òမိ့အနယ်နယ်မှာ ဖွင့်ပြီး စာတော်တဲ့ ကျောင်းသူကျောင်းသားတွေ အတွက် စာသင်ကြေးထောက်ပံ့မှု လုပ် ငန်းတွေလုပ်ဖို့ စိတ်ကူးတွေရှိခဲ့ပါတယ်။ ဒီမို ကရေစီ စနစ်ပြောင်းလဲပြီး ကျမနိုင်ငံရေးထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒီရည်မှန်း ချက်တွေကိုတော့ အကောင်အထည်ဖော်နိုင် မယ်လို့ မျော်လင့်ပါတယ်။

နောက် ကျမကို မေးလေ့ရှိကြတဲ့ မေးခွန်းကတော့ ပြည်သူလူထု ရဲ့ ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုကြီးဟာ အောင်မြင် ပါ့မလားတဲ့၊ ကျမ ရှင်းရှင်းလင်းလင်း ရဲရဲဝံ့ဝံ့ ဖြေချင်ပါတယ်။ အောင်မြင်မှာပါလို့။ မြန်မာ နိုင်ငံသားတစ်ရပ်လုံးရဲ့ စိတ်သဘောထား လိုအင်ဆန္ဒတွေ နဲ့ ကင်းကွာနေသူ များ ယူဆနေကြသလို လုံးဝမဟုတ်ပဲ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို ရယူနိုင်ရုံမက ကောင်းမွန် နိုင်နင်းစွာ အကောင်အထည်ဖော်ပြီး တိုင်းပြည် အကျိုးပြုနိုင်မယ်လို့ ကျမတထစ်ချယုံ ကြည်ပါတယ်။

ဒီနေရာမှာ ကျောင်းသူ၊ကျောင်း သားတွေရဲ့ အားကျလေးစားစရာ လုပ်ရပ် တွေကိုလဲ ကျမမဖော်ပြပဲမနေနိုင်ပါဘူး။ ဒီ နိုင်ငံတာဝန် လှုပ်ရှားမှုမှာ သူတို့တတွေ အား လုံးသိပ်ပြီး သတ္တိရှိထက်မြက်ကြရုံမကပဲ သဘောထားပြည့်ဝကြပြီး အကြံသစ်ဥာဏ် သစ်များကို လွယ်ကူစွာ နားလည်လက်ခံနိုင် ကြပါတယ်။ သူတို့ရဲ့ စုပေါင်း စီမံခန့်ခွဲမှုတွေ စိတ်အားထက်သန်မှုတွေဟာ သိပ်ကို အံ့သြ ဂုဏ်ယူလေးစားစရာ ဖြစ်ပါတယ်။

သူတို့ဟာ တစ်နေ့ကျရင် တိုင်း ပြည်ရဲ့ ဦးဆောင်တာဝန်တွေကို ပခုံးပြောင်း ယူကြမယ့် သူတွေဆိုတာ စဉ်းစားမိရင်များ စွာနှစ်ထောင်း အားရစရာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို သူတို့ရဲ့ လက်ထဲမှာ တနေ့ကျရင် စိတ်ချလက်ချအပ်နိုင် ကြမယ်လို့ ကျမခိုင်ခိုင်မာမာယုံကြည်ပါ တယ်။ ။

Monday, July 9, 2007

၁၉ ဇူလိုင် မမေ့နိုင်



အာဇာနည်ခေါင်းဆောင်ကြီးများအား အစဉ်ဦးညွှတ်ဂုဏ်ပြုလျှက်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ မျှော်မှန်းသော ဒီမိုကရေစီစနစ်ဆီသို့ မရောက်ရောက်အောင် ချီတက်ရာလမ်းတွင် သဲတပွင့်မျှသော်လည်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်တာဝန် ကျေပွန်သော နိုင်ငံသားကောင်းများ ဖြစ်ကြရပါစေကုန်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, July 8, 2007

မျိုးဆက်လက်ဆင့်ကမ်းခြင်း...


မနေ့ က(၀၇၊ ၀၇ ၊ ၀၇)

ထိုင်း မြန်မာနယ်စပ် တနေရာမှာ ဆဲဗင်းဂျုလိုင် အမှတ်တရ နေ့ ကျင်းပပါတယ်။အဲဒီမှာ ၆၂ ခုနှစ် ဇူလိုင် အဖြစ်အပျက်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အခု လက်ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) မှာ တာဝန် ထမ်းဆောင်နေတဲ့ အထွေထွေအတွင်းရေးမှုး ပဒိုမန်းရှာ နဲ့ တွဲဖက်အတွင်းရေးမှုး(၂) စောဒေးဗစ်တာကပေါ တို့ တက်ရောက်လာတာတွေ့ ရသလို ၇၄ ၊ ၇၅ ၊ ၇၆ မျိုးဆက် တွေကိုလည်း စုံစုံညီညီ တက်ရောက်လာတာကို တွေ့ရပါ တယ်။ ၈၈ မျိုး ဆက်တွေကနေ ၉၆၊ ၂၀၀၀ နောက် ဒီကနေ့ မျိုးဆက် သစ်ကလေးတွေအထိ စုံစုံလင်လင်ကိုတွေ့ရ ပါတယ်။

အသီးသီးက ပြန်ပြောင်းပြောကြတဲ့အထဲမှာ …….



အခမ်းအနားကျင်းပရေး ကော်မတီနှင့် မျိုးဆက်အဆင့်ဆင့်

၆၂ ခုနှစ် ဆဲဗင်းဂျုလိုင်က စပြီး၆၃ ခုနှစ်ထိဖြစ်ပျက်ခဲ့တဲ့ ကျောင်းသား တိုက်ပွဲတွေ ဟာ တော် တော့်ကိုပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်တယ်။ဒါ ၆၂ ခုနှစ်မတ်လ အာဏာသိမ်းမှု အပြီးမှာ ကျနော်တို့ ကျောင်းသားတွေဟာ ဒီစစ်တပ်အာဏာသိမ်းမှုကို ကျနော်တို့လက်မခံနိုင်ဘူး။ ဒီမိုကရေစီဆိတ်သုဉ်းပြီးတော့ အမှောင်ဖုံးတဲ့ ခေတ်တခေတ်လုံးကိုထူထောင်မဲ့ စစ်အာဏာရှင်ရဲ့ ရည်မှန်းချက်ကို ကျနော်တို့ လက်မခံနိုင် ဘူး။နောက်ပြီးတော့ ကျောင်းကောင်စီကိုဖျက်သိမ်းပြီးတော့ သူတို့ကအာဏာရှင်ကြီးစိုးမှုကို ကျောင်းဝင်းထဲမှာ လာပြီးဖြန့်ဝေတဲ့ကိစ္စကို ကျနော်တို့က လက်မခံနိုင်လို့ ဆဲဗင်းဂျုလိုင် ဖြစ်ခဲ့တာ ဖြစ်တယ်... လို့ ပဒိုမန်းရှာကပြောပြသွားခဲ့တယ်။



၇၆ မှိုင်းရာပြည့်ကျောင်းသားခေါင်းဆောင် ကိုအောင်စောဦးကတော့……..

ကျနော်တို့ တကသအဆောက်အဦးနဲ့ ပတ်သက်လို့ ကျနော်တို့မျိုးဆက်တွေရဲ့(၆၂ ကျောင်းသားတွေဖြစ်ခဲ့တဲ့ မုံရွာကိုတင်ရွှေကြီးတို့ ကိုလှရွှေတို့အပါအ၀င်) သဘောထားကို အဲဒီဖက်မျိုးဆက်တွေကို ကျနော်ကမ်းချင်တယ်၊ ဒီမိုကရေစီရလို့ တိုင်းပြည်လွတ်လပ် ပြီဆိုရင် အဲဒီတကသအဆောက်အဦးနေရာမှာ မူလသမဂ္ဂအဆောက်အဦးအတိုင်းပဲ ပြန်လည် တည်ဆောက်မယ်ဆိုတဲ့ သဘောထား ကျနော်တို့ မှာရှိပါတယ်။ ကျောင်းသားထုတွေရဲ့ သမိုင်း ပြတိုက်အဖြစ်အနေနဲ့ထားဖို့ ကျနော်တို့ သဘောထားရှိပါတယ်။ နောက်အသစ် တည်ဆောက်မဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးအသစ်ကိုတော့ အသစ်ပေါ်ပေါက်လာမဲ့ နောက်မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ စိတ်ကြိုက်နေရာမှာ စိတ်ကြိုက်ပုံစံနဲ့ တည်ဆောက် ကြပါ။ တချက်တော့ မှာချင်ပါတယ်။ အဲဒီလိုတည်ဆောက်တဲ့ နေရာမှာ ဘယ်စစ်အာဏာရှင် တကောင်တမြီးရဲ့ လက်နဲ့မှ အုတ်မြစ်ချခွင့်မပေးနိုင်ပါဘူး ဆိုတဲ့ မက်ဆေ့ခ်ျကို မျိုးဆက်သစ်တွေကို ပေးခဲ့ချင်ပါတယ်…… တဲ့။

၈၈မျိုးဆက်ဖြစ်သူ ကျောင်းသားတပ်မတော်ဥက္ကဌ ရဲဘော်သံခဲကတော့…….

ဒီခေတ် ကျနော်တို့ သမိုင်းတွေဟာ ဒီစနစ်ကြီးအောက်မှာ ကျနော်တို့ အများကြီး ဒုက္ခရောက် ခဲ့ကြရပါတယ်။ ဒီစနစ်ကြီးထဲမှာပဲ ကျနော်တို့ ကြီးပြင်းခဲ့ပါတယ်။ ဒီစနစ်ကြီးကို ကျနော်တို့ ပုန်ကန်ခဲ့ရပါတယ်။ဒီလိုနဲ့ ဒီစနစ်ကြီးကိုက ကျနော်တို့ကို ပုန်ကန်ဖို့မွေးဖွား ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ ရဲ့ တာဝန်ဟာ သူပုန်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။ သူပုန်ထဖို့ ပဲ ဖြစ်ပါတယ်... တဲ့။ သူပြောတာလဲ ဟုတ်ပါတယ်နော်။ ဒီနေ့ ဘလော့လောကရဲ့ ဘလော့ဂါတွေထဲမှာတော့ သူပုန်လေးတွေ အများကြီး တွေ့နေပြီး ဖြစ်ပါတယ်။


အထက်ပါ မျိုးဆက်တွေရဲ့ စကားတွေကို နားမထောင်လိုက်ရတဲ့သူတွေအတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, July 4, 2007

မဟူရာညထဲက တိုက်ပွဲဝင်မိခင် အမေ

...
ထောင်ထဲက အတွေ့အကြုံလေးတွေ ဝေမျှပါဦးလို့ တောင်းဆိုတဲ့ ညီမငယ် ကေသွယ်အတွက်
ဒေါင်းပျိုမေ ကလောင်နာမည်နဲ့ ခေတ်ပြိုင်မှာရေးခဲ့ဘူးတဲ့ ၀တ္ထုတိုလေးတပုဒ် တင်ပေးလိုက်ပါ တယ်။ တကယ်တော့ လူကိုမတိုက် မူကိုတိုက်ပါလို့ ပြောတဲ့သူတွေ အတွက် မူဆိုတာ လူက လုပ်တာပါလို့ ကျမက ပြန်ပြောပြချင်ပါတယ်။

ဘာမဟုတ်တဲ့ လူတွေကဖန်တီးတဲ့ မူတွေနဲ့ တည်ဆောက်ထားတဲ့ ခေတ်စနစ်ကြီးထဲမှာ စတေးကြရတဲ့ အညတြတွေရဲ့ ဘ၀တွေ၊ မျှော်လင့် ချက်တွေကို ဘယ်သူတွေက စာနာဖေးမကြပါသလဲ။ လူမသိ သူမသိ ကြေကွဲကြရတဲ့ဘ၀တွေ၊ ဘာမှန်းမသိပဲနဲ့
စတေးလိုက်ရတဲ့ အဖြစ်တွေမှာ အပြစ်မဲ့ ကလေးငယ်တွေ၊ ဆန္ဒတွေ၊ တွယ်တာမှုတွေ၊ နုပျိုမှုတွေ ၊ ဘယ်လိုမှ အစားထိုးမရတဲ့ အချိန်တွေ ……..

အားလုံးသော အရာတွေကို ဥပေက္ခာပြုလို့ ၊ ပြည်သူဆိုတာ ရင်ဝယ်သားလို စောင့်ရှောက်ရမယ်ဆိုတာကို မသိကျိုးကျင်ပြုလို့ လက်တဆုပ်စာ လူတစုက ကိုယ့်အာဏာ၊ ကိုယ့်စည်းစိမ်တွေ တည်မြဲဖို့ တိုင်းပြည်ပိုင် သယံဇာတတွေနဲ့ ကြီးပွားနေချိန်မှာ ဒီလို လူတွေရှိပါသေးတယ် ဆိုတာကို ကိုယ်ချင်းစာတတ်ဖို့ ဒီအဖြစ်အပျက်ကလေးကို မှတ်တမ်းတင်လိုက်တာပါ၊

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


မဟူရာညထဲက တိုက်ပွဲဝင်မိခင် အမေ

(ဒေါင်းပျိုမေ)


“မမလေး ၊ ဟို ပတ်လည်က ဗိုက်ကြီးသည် ဗိုက်နာလို့ တဲ့။”
ခင်မမတို့ အနားမှာ လာပြီး စကားပြောနေတဲ့ ၀ါဒါမကို တန်းစီးက သတင်းပို့နေသံ ဖြစ်ပါသည်။ ခင်မမ၊ တင်မာဦး၊ အေးအေးသင်း သုံးယောက်စလုံး မတိုင်ပင်ရပဲ မတ်တပ် ထရပ်မိကြသည်။ ၀ါဒါမက တန်းစီး ဒေါ်ကြည်အောင်ကို မိန်းမထောင်နဲ့ ယောက်ျားထောင် ခြားထားတဲ့ လေးတံခါး သွားခေါက်ပြီး သတင်းပို့ဖို့ အမိန့်ပေးတော့ ခင်မမက လူနာဆီထွက်သွားနှင့်ပြီ။

ဒီမိန်းမထောင်ထဲမှာ ခင်မမတို့လို နိုင်ငံရေး အကျဉ်းသူ ၁၅ ယောက်ရှိနေသည်။ သီးသန့်လို့ ထောင်ပိုင် ထောင်မှုးတွေက နာမည်တပ်ခေါ်ပြီး သာမာန် ရာဇ၀တ်မှုနှင့် ကျသော အကျဉ်းသူများကို လုံးဝစကားသွားပြောခွင့် မပေးချေ။ ဒီလို နေရာ ကျဉ်းကျဉ်းလေးမှာ အတူနေရပြီး စကားမပြောနဲ့ဆိုတော့ သူမတို့က မလိုက်နာခဲ့။ လစ်ရင်လစ်သလို ပြော ပြောနေ၍ ၀ါဒါမတွေက သိပ်မကြည်။ အခုလည်း ဗိုက်နာနေပြီဆိုတော့ ကလေးမွေးခါနီးပြီပေါ့ ဆိုပြီး သူတို့သီးသန့်ထဲက အသက်အကြီးဆုံး ဖြစ်တဲ့ ဒီချုပ်က ဒေါ်ရင်ရွှေကို ခေါ်ပြီး ကူညီရအောင် သွားပါတော့သည်။

ဗိုက်နာလို့အော်နေတဲ့ အကျဉ်းသူက တော်တော်ငယ်ပါသေးသည်။ တကယ်တော့ ဒီထောင်ထဲကို ၀င်ဖို့က သူမ မဟုတ်ပါ။ တာဝန်ကျေ စပါး မရောင်းနိုင်လို့ သူ့ယောက်ျားကို ဖမ်းဖို့အလာ သူ့ယောက်ျားက ထွက်ပြေးသွားလို့ သူ့ကို ခေတ္တ ဖမ်းထားခြင်းသာဖြစ်သည်။ ယောက်ျားကလည်း သူ့မိန်းမ ဗိုက်ကြီးနဲ့၊ နေ့စေ့လစေ့နဲ့မို့ မဖမ်းလေတန်ဘူးလို့ တွက်ထားပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်သည်။ ဒါပေမဲ့ အခုခေတ်ကာလက မထင်မှတ်တာတွေကို မြင်ဖူးတွေ့ဖူးအောင်ကို ဖြစ်နေတဲ့ ကာလ၊ မဖြစ်နိုင်ဖူး ဆိုတာမရှိ ၊ မဖြစ်သေးတာသာ ရှိတဲ့ ကာလ။

အခုလည်း ထောင်ထဲမှာ တက္ကသိုလ်ကျောင်းသူ ငယ်ငယ်တွေ တသုတ်ပြီး တသုတ် ၀င်လာမစဲ။ ဘာရာဇ၀တ်မှုမှ မကျူးလွန် ကြပါပဲနှင့် ထောင်ထဲသို့ ရောက်လာခဲ့ကြသည်။ လက်ရှိ အာဏာရ အစိုးရကို ဆန့်ကျင်ရဲကြသူတွေမို့ သာမာန် အကျဉ်းသူတွေက လေးစားကြသည်။ သူတို့တွေက ခပ်ပျော်ပျော် ၊ ဒါပေမဲ့ စိတ်ဓါတ်တွေက မာကျောကြသည်။ သူတို့ အချင်းချင်း စည်းလုံးညီညွတ်ကြပြီး ဘာမဆို တသံတည်း ထွက်ကြသည်။ ထမင်းစားလည်းအတူတူ။ အခြား အကျဉ်းသူတွေ ထမင်းစားလျင် လိုက်ကြည့်တတ်ကြပြီး အသက်ကြီးကြီး ဟင်းမရှိသူဆိုလျင် ဟင်းတွေ လာပေးတတ်မြဲ။ အခုရောက်လာတာ မကြာသေးသည့် ဗိုက်ကြီးသည် ကောင်မလေးကို သူတို့တွေပဲ စောင့်ရှောက်ထားကြသည်။

ဗိုက်နာလို့ ညည်းနေတဲ့ ကောင်မလေးနားတွင် သီးသန့် အုပ်စုကို အားပေးလျက်တွေ့ရသည်။ ဒီနေ့ ကစနေနေ့ ဖြစ်နေသည်။ ဆရာဝန် ရှိမှာ မဟုတ်။ထို့ကြောင့် မိန်းမထောင်က မွေးတတ်သူနဲ့ပဲ မွေးပေးရတော့မည်။ ဆရာဝန် ရောက်မလာမှန်း သိရက်နှင့် ရောက်လာစေချင်စိတ်ကြောင့် မိန်းမထောင်တခုလုံး ထောင်တံခါးဝကို ခဏခဏ ကြည့်နေကြသည်။ ကလေးမွေးမည့် အမေကလည်း ဒီကလေးက သားဦးမို့ မညှစ်တတ်ပေ။ မိန်းမတွေ အုံလာလို့ တင်မာဦးက လူနည်းနည်း ရှင်းပေးပါဦးလို့ ပြောနေသံ ကြားရသည်။ ကလေးမွေးပြီးရင် ချက်ကြိုးဖြတ်ဖို့ ဓါးတောင်းနေသံနှင့် ဓါးကို မီးရှို့ဖို့ မီးခြစ်လိုက်ရှာ နေသံတွေကိုပါ တဆက်တည်း ကြားနေရသည်။
“ဆေးလိပ်သောက်တတ်သူတွေ မီးခြစ်ကလေး ရှာပေးကြပါဦး” ဒါက အေးအေးသင်း အသံ ဖြစ်သည်။ မနေ့ကမှ ရှာဖွေရေးက ၀င်ထားတာဆိုတော့ မီးခြစ်နဲ့ဓါးက အလွယ်တကူ ရှာမတွေ့ ဖြစ်နေပုံရသည်။

“ဟဲ့ ဒီလိုလိုက်ရှာလို့ ရမှာ မဟုတ်ဘူး၊ ချိုချိုဦး ဆီမှာ သွားတောင်းလိုက်၊ ဒီမှာ မွေးခါနီးနေပြီ”
ချိုချိုဦး ဆိုတာက ၀ါဒါမထဲမှာ အပေါက်အဆိုးဆုံး၊ ဒါပေမဲ့ သူက နိုင်လို့ရတဲ့သူ တွေကိုသာ ဟောက်စားလုပ်တတ်သူ။ သီးသန့် အုပ်စုကိုတော့ ကွယ်ရာမှာသာ အတင်းပြောရဲပြီး ရှေ့မှာတော့ သွားဖြဲပြနေတတ်သူ။ ချိုချိုဦး ဆီက ဓါးရပေမဲ့ မီးခြစ်က လုံးဝမရ ဖြစ်နေသည်။ ဆေးလိပ်သောက်တတ်သူတွေ ထမင်းစားပြီးချိန် မီးသွားညှိဖို့ ပေးထားတဲ့ တလုံးတည်းသော မီးခြစ်က ထောင်မှူးမဆီ ပါသွားသည်။ ကလေးမွေးမည့် ဗိုက်ကြီးသည်ကတော့ ညည်းညူနေဆဲ၊

“ဟဲ့ အေးသင်းရေ၊ ချက်ကြိုးချည်ဖို့ အပ်ချည်လုံး အဖြူယူခဲ့ပါအုံး၊၊ လေးငါးပင်ပူးပြီး ကြိုးကျစ်ထားပေးနော်။”
“အေး ဒီမှာ ငါလဲ သတိရပြီးလုပ်နေတာ ပြီးတော့မယ်၊၊ အန်တီဒေါ်ရင်ရွှေ ဘာလုပ်နေလဲ၊ အသံမကြားရပါလား၊၊”
“ဘုရားစာရွတ်နေတာထင်တယ်။ ဟဲ့ မဟုတ်သေးဘူးဟ၊ အင်္ဂုလိမာလသုတ်ကို နွယ်နွယ်နဲ့ သူနဲ့ ရွတ်နေတယ် ကလေးမွေးမဲ့ အနားမှာ ၊ နင်ဘာလုပ်နေလဲ၊ သွားပြီး ကူရွတ်ပါလား၊”
“ဟဲ့ ဟဲ့ ငါမှ မရတာ၊ နင်လဲမရဘူးမဟုတ်လား၊ ဒီပြင့် အလုပ်ပဲ ကူလုပ်ရအောင်၊ ဘာတွေလိုသေးလဲ ၊ စဉ်းစားပါဦးဟ”
“စဉ်းစား၊ စဉ်းစား၊ မရတော့ဖူးဟ၊ ငါတို့ ကလေးမွေးတဲ့ အနားသွားနေရအောင်၊ ”

ကလေးမွေးမည့် အနားတွင် လူတွေက ၀ိုင်းနေကြသည်။ လွယ်လွယ်နဲ့ မွေးနိုင်ပါ့မလား ၊ပူပန်သူတွေက ပူနေကြသည်။ ကလေးမမွေးဖူးတဲ့ သီးသန့် အပျိုမတွေက ရှေ့ဆုံးမှာ ဖြစ်နေလို့ ဒေါ်ရင်ရွှေက အော်ထုတ်နေသည်။
“သွားကြစမ်း ၊ နင်တို့ဘာမှ မလုပ်တတ်ပဲနဲ့ ၊ လာရှုပ်မနေနဲ့၊ ကလေးမွေးမဲ့ လူနာက နင်တို့ပျာနေတာ ကြည့်ပြီး ကြောက်သွားဦးမယ်။ ထမိန်အပိုတွေသာ များများသွားရှာထားကြ သွား၊၊”

တကယ်လိုအပ်မည့် ထမိန်တွေ မရှာရသေးသည့် သူတို့ခေါင်းတွေ ပုသွားကြသည်၊၊ ခင်မမက နော်အက်စတားထ၊ံ အေးအေးသင်းက တင်မာဦးထံ ပြေးသွားကြပြီး လုံချည်လိုက်ရှာနေပြန်သည်။
“လူတွေ ဘာလို့ဒီလောက် အုံနေကြတာလဲ၊ နင်တို့ အရာပါလို့လား၊ နင်တို့ မွေးပေးတတ်ရင် ဘာလို့ ဆရာဝန် ခေါ်ခိုင်းရသေးလဲ၊ ကိုယ့်ဖာသာ မွေးပေးကြပါလား၊ သေနာမတွေ၊ ကိုယ့်အလုပ် ကိုယ်လုပ်ထားကြ၊ ညနေကျမှ ယင်ကောင်မပြည့်လို့ ငိုပြနေရင် ငါနဲ့တွေ့မယ်”

ဘီးလူးဆိုင်းနဲ့ အော်ဟစ် ၀င်လာသူက ထောင်မှူးမရဲ့ လက်စွဲ ၀ါဒါမ စပယ်မိုး ဖြစ်သည်။ ကြည့်ရတာ ဆရာဝန်က လိုက်မလာပဲ သူ့ကိုပါ ဟောက်လိုက်ပုံ ရသည်။ ထောင်မှူးကြီးသမီးဖြစ်ပြီး ဦးအောင်ပြောတတ်သူ စကားကို ယုံလွယ်သူဖြစ်သည်။
ကလေးမွေးမည့်သူကတော့ နာကျင်စွာဖြင့် အော်သံထွက်လာနေဆဲ၊

“ညှစ်ချင်လာမှ ညှစ်နော်၊ တအားညှစ်နေရင် အားကုန်သွားအုံးမယ်”လက်ကို ကိုင်ပြီး အားပေးနေသူက ဖဲမှုဖြင့် ကျလာပြီး ၀မ်းဆွဲသည်လုပ်ဖူးသည့် ဒေါ်တင်တင်ဝင်းဆိုတဲ့ မိန်းမကြီးဖြစ်သည်။ ဆရာဝန်လဲမလာ၊ ဆေးမှူးလဲ မလာဖြစ်နေတော့ သူ မွေးပေးမည် ဟု ဆိုကာ လုပ်အားပေးနေသည်။ ညည်းညူသံက စိတ်လာကာ မိန်းမထောင်တခုလုံး တိတ်ဆိတ်နေတော့သည်။

အ၈ုင်္လိမာလသုတ်ကို နွယ်နွယ် တယောက်ထဲ အသံကျယ်ကျယ် ရွတ်ဖတ်နေသံက ကျန်တဲ့ မိန်းမသားတွေ၏ စိတ်ကို ခံစားစေသည်။ ယောက်ျားဖောင်စီး မိန်းမ မီးနေဆိုသည့် စကားအတိုင်း အသက်နဲ့ရင်းပြီး မွေးနေသည့် မိန်းမတယောက်အတွက် ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စိတ်မာတဲ့ မိန်းမဖြစ်ပါစေ၊ မိန်းမချင်း စာနာစိတ်က ပေါ်ပေါက်လာကြပြီ။ ဘာအထောက်အကူ၊ ဘာလွတ်လပ်ခွင့်မှ မရှိတဲ့ ဒီလို ထောင်ထဲမှာ မီးဖွားရတဲ့ ဒုက္ခကို ကိုယ်တိုင်မြင်တွေ့ရတော့ ကိုယ်ချင်းစာစိတ်၊ စိုးရိမ်စိတ်တွေနှင့် ငြိမ်သက်နေခြင်းဖြစ်သည်။ ကလေးမွေးမည့် အမေကလည်း သားဦးကိုယ်ဝန်တဲ့၊ အင်မတန် အပေါက်ဆိုးတဲ့ ၀ါဒါမတွေတောင် ခပ်ငြိမ်ငြိမ်နှင့် ကြည့်နေကြသည်။

“အူဝဲ ၊အူဝဲ ”

ကလေးငိုသံကြားရပြီး ချက်ကြိုးတန်းလန်းနှင့် ကလေးကို ဒေါ်ရင်ရွှေက လက်ကမ်းယူပြီး ချက်ကြိုးဖြတ်၊ ကြိုးချည်ခြင်းကို ဆက်လုပ်နေသည်။ ကလေးအမေက အချင်းမကျသေးလို့တဲ့။ ဒေါ်တင်တင်ဝင်းက ကလေးအမေပါးစပ်ထဲကို သူ့ဆံပင်တွေ ထိုးထည့်နေသည်။ နောက်တော့ အချင်းကျသွားသည်။ ကလေးကလည်း အနှီးထုပ်ကလေးမှာ အူဝဲ အူဝဲ အော်ကောင်းဆဲ၊ အားလုံးလည်း အခုမှ သက်ပြင်းချနိုင်တော့သည်။

ခင်မမက ဘာဖြစ်လို့ ပါးစပ်ထဲကို ဆံပင်တွေ ထိုးထည့်တာလဲလို့ စပ်စပ်စုစု သွားမေးနေပြန်သည်။
ဒေါ်တင်တင်ဝင်းက “အော် ၊ ပါးစပ်ထဲကို ဆံပင်ထည့်လိုက်တော့ အော့ချင်သလို ဖြစ်သွားမယ်လေ၊ အဲဒီတော့ အားထည့် ညှစ်ပြီးသား ဖြစ်ပြီး အချင်းကျသွားတာပေါ့။ အချင်းမကျပဲ ကပ်နေရင် သေတတ်တယ်။ ကံကောင်းလို့ အချင်းကျသွားတာမို့ တော်သေးတယ်။ အဒေါ်က အဲဒါကို စိုးရိမ်သွားတာ၊ တော်ပါသေးရဲ့ ၊ ”

ကလေးက ပိန်ပိန်လေးမို့ အားရစရာမရှိ၊ ချစ်စရာလည်း မကောင်းဘူး ဟု နော်အက်စတားက တိုးတိုးလေး သူ့လူတွေကို ပြောနေသေးသည်။ ပိန်နေပြီး အရေခွံလေးတွေက ရှုံ့နေတာမို့ မျောက်ပေါက်စလေးနဲ့ တူတယ်နော်ဆိုကာ တင်မာဦးက ထောက်ခံနေတော့သည်။ သူတို့တွေက ကလေးဆိုရင် ၀၀လေး၊ နီတာရဲလေး ၊ ချစ်စရာလေးလို့ တွေးထင်ထားပေမဲ့ မွေးကာစ ကလေးလေးတွေက ၆ ပေါင် လောက်ဆိုရင် ဒီလိုပုံပဲ ဆိုတာ မသိကြခြင်းဖြစ်မည်။ ကလေးငိုသံကတော့ ဆူညံနေဆဲ၊

“ကလေးမမွေးဘူးတဲ့ အပျိုမတွေဆိုတော့ နင်တို့တွေ မိခင်မေတ္တာကို ဘယ်လိုမှ မခံစားတတ်သေးဘူး၊မိခင်ဆိုတာ ကိုယ်မွေးတဲ့ ကလေး လှလှ မလှလှ ချစ်လိုက်တာမှ တုန်နေတာပဲ၊ နင်တို့လို ချစ်စရာကောင်းမှ ချစ်တာမဟုတ်ဘူး။ နင်တို့ သူများကလေးကို ဘယ်လောက်ချစ်ချစ် ကိုယ်မွေးလာတဲ့ ကလေးလောက်တော့ ဘယ်တော့မှ မချစ်နိုင်ဘူး။ သားသမီး အရင်းလိုချစ်တယ်ဆိုတာ ၀တ္ထုထဲမှာပဲ ရှိလိမ့်မယ်။နင်တို့ ကလေးမွေးဖြစ်ရင် အန်တီပြောတာ ဟုတ်မဟုတ် သိလိမ့်မယ်၊၊”
ဒေါ်ရင်ရွှေက သူ့လူတွေကို ရှင်းပြနေသည်။ ကလေးမတွေကတော့ ငြိမ်သက်သွားပြီး ချစ်စရာ မကောင်းဘူးလို့ ပြောမိတဲ့ နော်အက်စတားက “ဟုတ်တယ်နော်၊ ငါတို့ ပြောတာ ကြားသွားရင် စိတ်ဆိုးသွားမှာပဲ၊ အားနာလိုက်တာ” ဟု ပြောသည်။

ဘာတွေပဲ ပြောပြော ခင်မမကတော့ ဆန်မှောင်ခိုမှုနဲ့ ထောင်ကျလာတဲ့ ဆန်ပွဲရုံ သဌေးမဆီက ရေနွေးတောင်းပြီး ကော်ဖီဖျော်နေသည်။ မီးနေသည်ကို သွားတိုက်မလို့၊ မုန့်လဲထုတ်ပေးကြပါဦး ဟု ရိက္ခာကိုင်သူ နွယ်နွယ့်ဆီက မုန့်တောင်းနေသံ ထွက်လာသည်။ ထောင်ထဲမှာ ငွေကို လမ်းခင်းနိုင်သူတွေက ရေနွေးဓါတ်ဘူးနှင့် ခြင်ထောင်နှင့် နေထိုင်သည်။ သူတို့ငွေသုံးထားတာကို ကိုယ်က လူမမာအတွက် အမြတ်ထုတ်သင့်တာပေါ့ ဆိုပြီး ခင်မမက သူမတို့ဖာသာ ချမှတ်ထားတဲ့ ရေနွေးမယူရ စည်းကမ်း ဖေါက်ဖျက်မှုကို ဖြေရှင်းနေသည်။ မီးနေသည်အတွက်ဆိုတာ အားလုံးသိပြီးသားမို့ ဘာအပြစ်တင်သံမှ ထွက်မလာချေ။

တညနေလုံး ကလေးအကြောင်း ၊ မိဘ မေတ္တာအကြောင်းတွေ ပြောဆိုကြရင်း ခါတိုင်းနေ့တွေထက် အချိန်ကုန်မြန်နေသလို ထင်ကြရသည်။ တန်းပိတ်တော့ ကလေးအမေကို ပတ်လည်မှာ အေးတယ်၊ အခန်းထဲက ကုတင်ပေါ်မှာ အိပ်ရန် ထောင်မှုးမက နေရာ ရွှေ့ခိုင်းသည်။ ကုတင်ပေါ်မှာ ဆိုတော့ သွေးနုသားနုသမားအတွက် အနည်းငယ်တော်သွားသည်။ ကလေးလေးကြောင့် အမေ ကုတင် ပေါ် ရောက်သွားတာပေါ့ဆိုပြီး အကျိုးပေးမည့် ကလေးလို့ တင်မာဦးက ကင်ပွန်းတပ်နေသည်။ နွယ်နွယ်က ဘယ်လို အကျိုးပေးသလဲ ထောင်ထဲတောင်ရောက်လာပြီးမှ ဟု ချေပနေသေးသည်။

တနင်္ဂနွေနေ့မှာ ကလေးက တချက်တချက် အသက်ရှုရပ်သွား သလိုပဲ ဟု ကလေးအမေက ပြောပြသည်။ ဒေါ်ရင်ရွှေက သွားကြည့်ပြီး “ကလေးက အတွင်းတက်တက်နေတာ ထင်တယ်၊ ထောင်မှူးမကို သတင်းပို့ပြီး ဆေးခန်းပြခွင့် တောင်း၊ ကဲလာလာ ငါပါ လိုက်ပြောပေးမယ်”

ထောင်မှူးမထံသွားပြတော့ အနှီးထုပ်ထဲက ကလေးကို တချက်လှမ်းကြည့်ပြီး လေးတံခါး သွားခေါက်ပြီး သတင်းပို့လိုက် ဟုအမိန့်ရလာသည်။ ချောချောမောမော အဆင်ပြေသွားလို့ ၀မ်းသာနေစဉ် ဆေးမှူးဝင်လာတာတွေ့ရပြီး ဆရာဝန်က ပါမလာ။ နော်အက်စတား မျက်နှာက ရှုံ့မဲ့သွားပြီး ဆေးမှူးက ဘာတတ်လို့လဲဆိုပြီး ပြောနေသဖြင့် ခင်မမက ပါးစပ်ကို လှမ်းပိတ်ပေးလိုက်သည်။ “မတော် အဲဒီဆေးမှူးပါ မလာလို့ ပိုဆိုးသွားမယ် ”ခင်မမရဲ့ တိုးတိုးကြိတ်ပြောသံကို အားလုံးက နားလည်စွာ ငြိမ်သွားသည် ။ နားကျပ်တခုပဲ ပါလာပြီး ဘာဆေးမှ ပါမလာသည့် ဆေးမှူးက ကလေးကို ကြည့်ပြီး “ဒီနေ့ ဆရာဝန်မလာဘူး၊ မနက်ဖြန် တနင်္လာ တန်းစီမှ ဆရာဝန်ကို တခါတည်း ပြလိုက်နော် ၊ ကျနော်တင်ပြပေးထားမယ် ”ဟု အလွန်ငြင်သာစွာ ပြောပြပြီး ပြန်သွားသည်။

တနင်္လာနေ့တန်းစီချိန်မှာ ထောင်မှုး၊ထောင်ပိုင်အာလုံးနှင့်အတူ ထောင်ဆရာဝန်က လှည့်လည်ကြည့်ရှုရသည်။ မိန်းမထောင်ရောက်တော့ မနက် ဂ နာရီ ခွဲနေပြီ။ ကလေးအကြောင်းကို ပြောပြပြီး ကလေးကို ဆရာဝန်က ကြည့်နေသည်။ ကလေးအမေက ကြောက်ပြီး မပြောရဲဖြစ်နေလို့ သဘောနည်းနည်းကောင်းတဲ့ ၀ါဒါမ သန်းသန်းမြင့်က ကလေးအမေရှေ့ ဆရာဝန် အရောက် ပြောလေဆိုပြီး အတင်းပြောခိုင်းရခြင်းဖြစ်သည်။ ဆရာဝန်က ကလေးကိုကြည့်ပြီး “ဆေးပေးလိုက်မယ်။ ဘာမှ စိုးရိမ်စရာ မရှိဘူး၊” ဟု ပြောနေချိန်မှာပင် ကလေးက အသက်ရှု ရပ်သွားလို့ ကလေးအမေက ငိုသည်။ ကလေးကို ဆရာဝန်က လှမ်းယူပြီး ဒီလိုလှုပ်ပေးလိုက် ဆိုကာ ဘယ်ညာ ရှေ့နောက် လှုပ်ပြသွားသည်။ သူလှုပ်ပေးသွားတော့လည်း ကလေးက အသက် ပြန်ရှုနေပြန်သည်။

ဆရာဝန်ထွက်သွားတော့ သီးသန့် အကျဉ်းသူတွေ ကလေးနားရောက်သွားသည်။ သူတို့ နားမလည်နိုင်သော၊ သူတို့ မတွေ့ကြုံဖူးသော အဖြစ်အပျက်ကို မျက်ဝါးထင်ထင်တွေ့မြင် ခဲ့ရတော့ ကလေးအမေနှင့်အတူ မျက်ရည်ဝိုင်းနေကြသည်။
“ငါတို့လည်း ဘာမှ မလုပ်တတ်တော့ဘူး၊ ဒီတိုင်းထိုင်ကြည့်နေရတာ ဘယ်လိုမှ မနေတတ်တော့ဘူးဟာ၊ ကလေးကို ကလေးဆေးရုံကို ပို့ပေးသင့်တယ်လို့ ငါထင်တယ်။ ”

ခင်မမက သူ့သူငယ်ချင်းတွေကို ပြောတော့ အေးအေးသင်းက “ ဆရာဝန်က မစိုးရိမ်ရပါဘူး ဆိုပြီး ပြောသွားတာပဲဟာ၊ နင်က ဘာစိုးရိမ်နေရတာလဲ။ ကလေးလေးတွေက အဲဒီလိုပဲထင်ပါတယ်၊ ”
“ငါထင်တာတော့ ဓါးကို မီးမရှို့လို့ မေးခိုင်ပိုးဝင်သလားလို့”ခင်မမ၏ တွေးတွေးဆဆ အသံကိုကြားတော့ သူတို့ ဘာပြောရမယ်ဆိုတာ မသိကြတော့။
“ဟုတ်ချင်လည်း ဘာမှ မတတ်နိုင်တော့ဘူးလေ။ ငါတို့ တတ်နိုင်သလောက် အမေကိုပဲ အားပေးကြရမှာပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ၀မ်းထဲမှာ ကတည်းက ရောဂါပါလာတယ် ထင်ပါတယ်။ အဲဒီလိုပဲ တွေးလိုက်ကြရအောင်။”တင်မာဦးက ဘာမှ မလုပ်နိုင်တဲ့ အတူတူ တရားချပြနေသည်။

ကလေးက ခဏခဏ အသက်ရှုရပ်သွားတာ ညနေရောက်တော့ ပိုစိတ်လာသည်။ ဒေါ်ရင်ရွှေက လုံးဝမနေနိုင်တော့။ ထောင်မှူးမကို ကိုယ်တိုင်သွားပြောနေတော့သည်။ ထောင်မှူးမကိုယ်တိုင် ကလေးကို လာကြည့်ပြီး လေးတံခါးမှ တဆင့် ထောင်ဆေးရုံ ဖက်သို့ ကူးသွားလေသည်။ ၁၅ မိနစ်ခန့် အကြာတွင် ဆေးမှူးနှင့်အတူ ထောင်မှူးမ ပြန်ရောက်လာသည်။ ကလေးကို ဆေးရုံသို့ ထုတ်ပေးမယ်။ အမေပါ လိုက်သွားရမယ် ဟု ပြောတော့ အားလုံး ၀မ်းသာသွားသည်။ ကလေးအမေကို ပစ္စည်းတွေ ကူသိမ်းပေးပြီး မိန်းမထောင်လေးတံခါးထိပ်သို့ ညနေ ၄ နာရီလောက်မှာ လိုက်ပို့ကြသည်။ ကလေးကျန်းမာပါစေလို့ ဆုတောင်းပေးသံတွေ ညံသွားသည်။ ဒေါ်ရင်ရွှေကတော့ မျက်နှာသိပ်မကောင်း၊၊ ခင်မမက ဒေါ်ရင်ရွှေကို မေးနေသည်။

“အန်တီ ကလေးက နေကောင်းသွားမှာပါနော်၊၊ ဆေးရုံမှာ ဆိုတော့ ဒီထောင်ထဲထက်တော့ တော်သေးတာပေါ့။”ခင်မမ စကားကို ထောက်ခံသူ ၊ ကန့်ကွက်သူ မရှိ အားလုံး ငြိမ်နေကြသည်။
ညနေ တန်းပိတ်ချိန်ပြီးတော့ ကလေးအမေကို လိုက်စောင့်ရသော ၀ါဒါမ ပြန်လာသည်။ သူကညဂျူတီ မဟုတ်သဖြင့် သူ့ပစ္စည်းတွေ လာယူပြီး ကလေးကို အောက်စီဂျင်ပေးထားကြောင်း ပြောပြသွားသည်။

ည( ၈) နာရီလောက်မှာ မိန်းမထောင် လေးတံခါးခေါက်သံ ကြားရသည်။ အဆောင်ထိပ်ဆုံးက အခန်းမှာ နေသော ခင်မမက အိပ်နေရာက ထကြည့်သည်။ ညဖက်ကြီး ရောက်လာသူဆိုတော့ နိုင်ငံရေးမှုပဲလား လို့ သူက တွေးသည်။ ဒါပေမဲ့ ၀ါဒါမနောက်က ၀င်လိုက်လာသူက ကလေးအမေ ဖြစ်နေသည်။ ညနေက သူနှင့်အတူ ပါသွားပြီး ဆေးရုံတက်တဲ့ ကလေးလေးကတော့ ဆုံးပါးခဲ့ရှာပြီ။ ငိုပြီး ၀င်လာတဲ့ ကလေးအမေကို ကြည့်ပြီး အားလုံး စိတ်မကောင်းစွာ တိတ်ဆိတ် သွားတော့သည်။

ကလေးလေးကို အသက်ရှင်စွာ လူ့လောကထဲရောက်အောင် ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြပေမဲ့ ဘာမှ မသိသေးတဲ့ ကလေးလေး ဝေဒနာတွေ ခံစားပြီး ဆုံးပါးခဲ့ရပြီ။ ကလေးအမေကသည် သူဘာအပြစ်မှ မလုပ်ရပါပဲ ထောင်ထဲမှာ ရောက်ခဲ့၊ ကလေးတယောက်ကို အသက်နှင့်ရင်းပြီး မွေးဖွားခဲ့ ၊ ခုတော့ ဒီကလေးလေးကလည်း အသက်မရှင်သန်နိုင်ခဲ့။
ဘယ်လိုအဖြစ်တွေလဲ၊၊ ဘယ်သူ့အပြစ်တွေလဲ၊
ရေကြီးခဲ့လို့ ပျိုးပင်တွေ သေခဲ့တာအပြစ်လား။
တာဝန်ကျေစပါး ပေးအပ်ဖို့ ဘယ်မှာမှ စပါး မရှိတာအပြစ်လား။
စပါးဝယ် ပေးရအောင်ပိုက်ဆံ မရှိခဲ့တာ အပြစ်လား။
ရာသီဥတုကြောင့် ရေကြီးတာဆိုရင် ရာသီဥတုကိုပဲ အပြစ်ဆိုရမှာလား။
ကလေးကို ဆေးရုံမှာမွေးခွင့် မရခဲ့တာ ဘယ်သူ့ကြောင့်လဲ။ ဘယ်သူ့ကို အပြစ်ဆိုရမှာလဲ ၊
ကိုယ့်တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ရမယ် ဆိုတာကို နားမလည်တဲ့ နအဖကို ဒေါသသင့်ရင်း၊
ငိုနေတဲ့ ကလေးအမေကိုကြည့်ရင်း ခင်မမက နာနာကျည်းကျည်း မေးခွန်းတွေကို ရွတ်ဆိုနေခဲ့သည်။
တင်မာဦးကတော့ ဗမာပြည်မှာ လူဖြစ်ခဲ့ရတာကိုက မှားတာပါလို့ ပြောရမှာပဲ ဆိုပြီး ပေါက်ကွဲနေတော့သည်။

အဲဒီညက မိန်းမထောင်မှာ မျက်ရည်မိုးတွေ စွေခဲ့သည်။