Friday, July 13, 2007

အန်တီစု ရဲ့ဆောင်းပါးများ


ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးဆောင်းပါး(၂ )

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေး ဆောင်းပါး ဖြစ်တဲ့ ဒီတပုဒ်မှာတော့ လူမသိ သူမသိ ပေးဆပ်ရဲသူတွေကို မှတ်တမ်းတင်ဖို့ ရေးခဲ့တာ ဖြစ်မယ်ထင်ပါတယ်။ ခေါင်းဆောင်ကောင်း တယောက်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေ လိုသလို ခေါင်းဆောင်ကောင်း ကလည်း အဲဒီ နောက်လိုက်ကောင်းတွေကို အသိအမှတ်ပြုပေးတယ်ဆိုတာ အင်မတန် မင်္ဂလာရှိတဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူအများစုကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဖြောင့်မတ်တည်ကြည်မှု ၊ ဥာဏ်ပညာကြီးမား ထက်မြက်မှု နဲ့အတူ ကျမတို့ နိုင်ငံကို ကမ္ဘာ့ အလယ်မှာ ဂုဏ်ယူဝင့်ထည်နိုင်အောင် ပြုလုပ်ပေးနိုင်မယ့် ခေါင်းဆောင်အဖြစ် ချစ်မြတ်နိုးစွာ လက်ခံထားပြီး ဖြစ်ပါတယ်။ ကျမတို့ ချစ်ခင်တဲ့ ပြည်သူ့ခေါင်းဆောင်ကလည်း တဖန်ပြန်လည် ပြီးတော့ သူ့ကို လေးစားတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီအပေါ် တန်ဖိုးထားတတ်ပံ၊ု စည်းကမ်းရိုသေပုံ ၊သတ္တိရှိပုံ တွေကို တင်ပြထားတာ ဖြစ်ပါတယ်။

အခုဆောင်းပါးခေါင်းစဉ်ကို ပေးဆပ်ခြင်း လို့ အမည်တပ်ထားပါတယ်။


ပေးဆပ်ခြင်း

ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ လူတွေရဲ့အသိအမှတ် အပြုမခံရပဲ၊ သတင်းလောကရဲ့ သတိထား စောင့်ကြည့်မှု မခံရဘဲနဲ့ ပြသရဲတဲ့ ဒီလိုသတ္တိမျိုးဟာ ကျမတို့ အပေါ်လွှမ်းမိုးနေပြီး လေးစားဂုဏ်ယူတဲ့ စိတ်တွေ ပေါ်ပေါက်လာစေကာ လူသားတွေ ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးတွေအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေ ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးလက ကျမနေအိမ်မှာ အကျယ်ချုပ် ချခံနေရာကနေ လွတ်လာပြီးတဲ့နောက် ရက်သတ္တတပတ်ပြီး တပတ် ကုန်သွားတာနဲ့အမျှ ဒီလိုသတ္တိမျိုးကို ကျမတွေ့လာခဲ့ပါတယ်။

ကျမတို့ရဲ့ စနေ၊ တနင်္ဂနွေ လူထု ဆွေးနွေးပွဲကို ရဲရဲရင့်ရင့် လာနေကြတဲ့ ကျမတို့ကို ထောက်ခံ အားပေးသူတွေဟာ စစ်မှန်တဲ့ အင်းအားတွေဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတဲ့ ပြယုဂ် တစ်ခုပါပဲ။ အဲဒီ အထဲမှာ ဆွေးနွေးပွဲကို တစ်ရက်တောင် မပြတ်ပဲ အမြဲလာပြီး ကျမတို့ရဲ့ စိတ်ထဲမှာလည်း မိသားစုသဖွယ်ဖြစ်နေတဲ့ သူတွေ ပါရှိနေပါတယ်။

ကျမတို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်နေတဲ့အမေဟာ ကျမရဲ့မိခင်ကြီးဘ၀ နောက်ဆုံး အချိန်တွေမှာထုံးခဲ့တဲ့ ဆံထုံးပုံစံအတိုင်း ဦးခေါင်းရဲ့ အပေါ်ပိုင်းလောက်မှာ ဆံထုံးထုံး ထားပါတယ်။ အမေရဲ့မျက်နှာမှာ ပူပင်သောက ကင်းတဲ့ အပြုံးကိုအမြဲတွေ့ရပြီး ပန်းသေးသေးလေး တွေကို ပန်လေ့ရှိပါတယ်။ သူဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့ အဘရယ် ၀င်းပကြည်လင်နေတဲ့ မျက်နှာ ပိုင်ရှင် မြေးငယ်လေး တို့နဲ့ အတူ လာပါတယ်။ လေးဘက်လေးတန်မှာ စစ်ထောက်လှမ်းရေး ကင်မရာများရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဒီမိုကရေစီ ယုံကြည်အသက်ဝင်ကာ သစ္စာစောင့် သိကြသော လူစုရဲ့အလယ်ခေါင်မှာ အမြဲရှိပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင် တာတွေက မြန်မာပြည်ဒီမို ကရေစီ ထွန်းကားရေးအတွက် လုံးဝအလျော့ မပေးပဲ ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသနေပါတယ်။

အဲဒီလိုတုန်လှုပ်မှုမရှိပဲ ခိုင်ခိုင်မာ မာယုံကြည်ထားတဲ့သူတွေဟာ စနေ၊ တနင်္ဂ နွေနေ့မနက် စောစောဆိုရင် ကျမရဲ့နေအိမ် ရှေ့ကသူတို့ရဲ့ ထိုင်နေကျ နေရာလေးကို ရောက်လာကြပါတယ်။ သူတို့ဟာ ခြံစည်းရိုးရဲ့ မျက်နှာချင်းဆိုင်နေရာမှာ သတင်းစာ စာရွက်ကိုပဲဖြစ်ဖြစ် ပလပ်စတစ် အခင်းကို ဖြစ်ဖြစ် ခင်းထိုင်ကာ ပူပြင်းလှတဲ့နေရဲ့ အရှိန်ကနေ သက်သာရာ ရအောင် သစ်ပင်လေးရဲ့ သေးငယ်တဲ့ အရိပ်အောက်မှာ အရိပ်ခို ကြပါ တယ်။ မိုးကောင်းတဲ့ရက်တွေဆိုရင် သူတို့ တစ်တွေဟာ ခင်းထိုင်တဲ့ ပလပ်စတစ် အခင်းလေးကို အမိုးလုပ်ပြီး ဒလဟောရွာနေတဲ့ မိုးရေအောက်မှာ မလျော့သော စိတ်ဓါတ်တွေ နဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ထိုင်နေကြပါ တယ်။

ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ကျမ တို့ ညနေလေးနာရီမှာ စကားပြောဖို့ ထွက် လာပြီဆိုရင် သူတို့ဟာ ခြံတံခါးရှေ့မှာ မြတ်နိုးတဲ့အပြုံးလေး တွေနဲ့ ကြိုဆိုနေပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံများဖြစ်တဲ့ လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ပြသခွင့်တွေရဲ့ အရေးပါပုံကို ယုံကြည် လက်ခံလို့ ကျမတို့ရဲ့ လူထု ဆွေးနွေးပွဲကို လာကြတဲ့ ထောင်နဲ့ချီပြီး ရှိတဲ့သူတွေရဲ့ နှလုံး သည်းပွတ် ဖြစ်ပါတယ်။ သူတို့ဟာ ကျမပြောတာတွေကို သေသေချာချာ ဂရုစိုက် နားထောင် ပါတယ်။ ပြီးတော့ ချက်ကျလက်ကျနဲ့ ရယ်မောဖွယ်ရာတွေနဲ့ ပြန်လည် တုံ့ပြန်ကြပါ တယ်။ အချိန်တွေ ကြာလာတာနှင့်အမျှ နိုင်ငံခြားသား တွေ သတင်းထောက်တွေက ကျမ ရဲ့ ပရိတ်သတ်တွေထဲမှာ တကယ့်ကို ယဉ် ယဉ်ကျေးကျေး ရှိတာတွေ စိတ်ကောင်း စိတ်မြတ်ရှိ ကြတာတွေကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အဓိက အားပြုပြီး ပြောတဲ့ အကြောင်းအရာ ဟာလည်း နိုင်ငံရေး အကြောင်း ပဲဖြစ်ပါတယ်။ ကျမတို့တစ်တွေ ပြည်သူ တွေဆီက လာတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သက်တဲ့ စာတွေကို ဖြေကြားပေးရပါတယ်။ ကျမတို့တစ်တွေ နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ကျမတို့တစ်တွေ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လွတ်လပ်ခွင့်၊ တရားမျတမှုနှင့် လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုကြပါ တယ်။ ကျမတို့တစ်တွေ တိုင်းပြည်ရဲ့ တိုးတက်မှု၊ အဆင်ပြေချောမွေ့မှုတွေကို ထိခိုက် စေနိုင်တဲ့ မူဝါဒတွေ အစီအစဉ်တွေကို ဝေဖန် ကြပါတယ်။ ကျမတို့တစ်တွေ သမိုင်းကိုလည်း ပြန်ပြောင်းလေ့လာကြပါတယ်။

ကျမတို့သုံးယောက်ဟာ တစ်ယောက်စီအလိုက် ကိုယ်အဓိကအထူးပြု ပြောဆိုရမယ့် အကြောင်းအရာ တွေကို ပြောဆိုကြပါတယ်။ တစ်ခါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ခဲ့၊ ရဟန်းအဖြစ်နဲ့ နှစ်ဝါလည်းရခဲ့၊ ဥပဒေပညာ ဘွဲ့ကိုရထားတဲ့ ဦးတင်ဦးက တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဥပဒေရေးရာ တွေကို ပြောဆိုပါတယ်။ သူဟာ နိုင်ငံရေးနဲ့ အမှန်တရားတွေကို ဗုဒ္ဓဟောကြားဆုံးမခဲ့တဲ့ ဇာတကတွေ၊ နိပါတ်တွေနဲ့ ခိုင်နှိုင်းပြီး သရုပ်ပေါ်အောင် ပြောနိုင်တဲ့ သူဖြစ်ပါတယ်။ အာဏာပိုင်တွေက အန်န်အယ်လ်ဒီ အပေါ် ပြုမူတဲ့ အရာတွေကို ဥပဒေ ရှုထောင့် ကနေ ရှုမြင်သုံးသပ် ပြပါတယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ အမိန့်ပေးသလို အားနဲ့ မာန်နဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ အတွက် မိုက်ကလိုဖုန်းတောင် မလိုပါဘူး။ သူနဲ့သိပ်ပြီးမရင်းနှီးတဲ့ ပရိသတ်တွေတောင် သူ့ရဲ့စကားတွေကို ကြားရုံနဲ့တင် ရိုးသား ဖြောင့်မတ်မှုကို အလွယ်တကူ တွေ့မြင်နိုင် ပါတယ်။

ဦးကြည်မောင်ကတော့ စီးပွားရေး၊ သမိုင်းနဲ့ ပညာရေး ဆိုင်ရာအကြောင်းတွေကို အဓိကထားပြီး ရယ်မော စရာတွေကို ကောင်းကောင်း ပြောတတ်တဲ့သူ ဖြစ်ပါတယ်။ ကျမနေအိမ်ရဲ့ မျက်နှာချင်း ဆိုင်လမ်းရဲ့ ဟိုဖက်ခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြဲတမ်း စောင့်ကြည့်နေတဲ့ နေရာရှိပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲပြု လုပ်နေတဲ့ အချိန်မှာဆိုရင် ဗွီဒီယိုရိုက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ခြံစည်းရိုးမှာ ကင်မရာထောင်ပြီး အကုန်လုံးကို မှတ်တမ်းတင်ပါတယ်။ အဲဒီလို ဗွီဒီယိုရိုက်တဲ့အဖွဲ့ရဲ့ အနားပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ တခြားလုံခြုံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ဟာ ကျမ ပြောတာတွေကို သေသေချာချာ နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ ဦးကြည်မောင် ပြောတဲ့ ဟာသတွေကို အားရပါးရ ရယ်ကြပါ တယ်။ သူတို့ရဲ့ မျက်နှာမှာ သွားတွေအဖွေး သား ပေါ်နေတာကို ကျမတို့ တွေ့ရလို့ပါပဲ။

(တချို့ဟာသတွေမှာ သူတို့တစ် တွေကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောတာတွေ ဖြစ်ပါတယ်။) သူမကြာမကြာ ပြောလေ့ရှိတဲ့ မြေးငယ်လေး ပုံပြင်ဟာ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့အလွန်တူပြီး အတော် လူကြိုက်များပါတယ်။

ကျမကတော့ ပရိသတ်တွေထဲက လာတဲ့ စာတွေကို ပြန်လည် ဖြေကြားပေးပြီး မြန်မာနိုင်ငံရဲ့ အတိတ်ကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ ကမ္ဘာပေါ်ရှိ ကမ္ဘာနေရာ တွေက နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောဆိုဆွေးနွေး ပါတယ်။ မကြာခဏဆိုသလိုပဲ ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲကို တစ်နှစ်ကျော် ကြာစေခဲ့တာက ယုံကြည်ချက် ခိုင်မာတဲ့ ကျမတို့ ပရိတ်သတ်ရဲ့ အင်အားနဲ့ စိတ်ဆန္ဒတွေ ကြောင့်ပါပဲ။ အဲဒီကာလတုန်းက အာဏာပိုင်တွေ လူထုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလေ လူထုက သွေးစည်း ညီညွှတ်တာကို ပြတဲ့အနေနဲ့ ပိုပြီးလာလေပါပဲ။ အာဏာပိုင် တွေက လူထုဆွေးနွေးပွဲတွေ မပြုလုပ်စေချင်လို့ ကျမအိမ်ကို လာတဲ့ လမ်းကိုပိတ်ထားတာတောင် ပြည်သူတွေက သူတို့ အနီးဆုံး လာလို့ရတဲ့ နေရာအထိလာပြီး သူတို့ဟာ လွတ်လပ်စွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင် ရုန်းကန်းသွားမယ် ဆိုတာကို ကမ္ဘာက သိအောင် ပြသနေပါ တယ်။

4 comments:

kay said...

အမရေ..မဖတ်ဖြစ်ခဲ့တဲ့စာလေးတွေမို့..ကျေးဇူးပဲ..
စကားမစပ်..ကျွေးတာနဲ့ စားတာကို..ဘာမှခက်ခက်ခဲခဲစဉ်းစားစရာမလိုပါဘူး..
အရင်ဆုံး..စားပဲကြည့်..
ဂူးဂဲမှာ.. reader ဆိုတဲ့ feature ကိုရှာလိုက်..( ဒါမှမဟုတ်..ဥပမာပေးရရင်..ကျွန်မဘလော့ဘေးက..လိမ္မော်ရောင်လိုဂိုလေးကိုပဲဖြစ်ဖြစ်..သူ့ရဲ့အောက်က.. add google ဆိုတာလေးကိုပဲဖြစ်ဖြစ်ကလစ်လိုက်..Google i page နဲ့ Google Reader ရွေးခိုင်းလိမ့်မယ်.. Google Reader ကိုရွေးလိုက်..Google user name နဲ့ password တောင်းမယ်..sing in ၀င်လိုက်ပီးရင်..အမ reader မှာကျွန်မဘလော့ဝင်သွားပီ..ပီးရင်..အမဖတ်လေ့ရှိတဲ့ဘလော့လိပ်စာ URL တွေ ကော်ပီလုပ်ပီး..Add Subscription မှာ တခုပီးတခုလိုက်ထဲ့လိုက်.ပီး..အဟောင်းတွေမဖတ်တော့ဘူးဆိုရင်..တခုစီရဲ့ အလယ်စာဖတ်တဲ့နေရာအပေါ်မှာ..mark all as read ဆိုတာလေးကလစ်လိုက်..ဒါပဲ..နောက်ဘယ်သူအသစ်တက်လည်းဆိုတာပြလိမ့်မယ်..ကျွေးတာကိုက..မလုပ်လဲရတယ်..
အခုတောင်..ကျွန်မ reader ဖွင့်ထားလို့..အမအသစ်တင်တာ..တန်းသိပီးလာဖတ်တာ..

Anonymous said...

တကယ်တော့ ဒေါ်စုအပြင် သူ့ ကိုအဲလိုနေရာနဲ့ အချိန်မှာ အားပေးရဲတဲ့ ပြည်သူတွေရဲ့ သတ္တိကိုလည်း ကျမလေးစားမိတယ် ။

ဒီဆောင်းပါးလေးတွက် ကျေးဇူးပါ အမခင်မင်းဇော်ရေ ။

YeKyawAungMDY said...

ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်ချူပ်တင်ဦး တို့ လို ပြည်သူ ဘက်က မားမားမတ်မတ်ရပ်မဲ့ ပြည်သူ့ ဘက်သား တပ်မ တော် ခေါင်းဆောင်တွေ ပေါ်လာဖို့ လည်း အရေးကြီး ပါ တယ်။

ဂျူနို said...

တော်တော်များများက ဖတ်ဖူး နားထောင်ဖူးပါတယ်။
သူပြောတဲ့ စကားရှိသေးတယ်။
ဒီမိုကရေစီ ဘယ်တော့ရမလဲလို့ သူ့ ကို နယ်သွားတဲ့ခါ ခဏခဏ လူတွေက မေးတယ်တဲ့။
ဒီမိုကရေစီရအောင် ကိုယ်ကကော ဘာတွေ လုပ်နေသလဲလို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ ဆိုတာမျိုး ပြောဖူးတာလည်း ရှိတယ်။စကားလုံးအတိ
အတိအကျကတော့ မမှတ်မိတော့ဘူး။