Sunday, December 19, 2010
သူငယ်ချင်းရေ...မစောလွန်းဘူးလားးးးးး
နင်ထွက်သွားတာ စောလိုက်တာ။ တို့ဧရာဝတီတိုင်း ဗကသ မှာ ပထမဆုံးအဖမ်းခံခဲ့ရတဲ့အုပ်စုထဲက တယောက်၊ နင်တို့တင်းခံနိုင်လို့ နောက်လူတွေ ထပ်အဖမ်းမခံရတဲ့အပြင် တချို့အချုပ်နဲ့ ပြန်လွတ်ခဲ့ရတာ မမေ့ဘူး။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ လူထုနဲ့ တူတူ အာဇာနည်ကုန်းကို သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲခေါ်သံကြောင့် နယ်မြို့တွေကတို့ လူငယ်တွေ တက်ကြွလှုပ်ရှား ပြင်ဆင်ခဲ့ကြရတဲ့နေ့တွေကို သတိရတယ်။ နောက်နေ့မနက်စောစော အန်တီက ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ စကားက နယ်မြို့လေးကို အဲဒီတုန်းက အချိန်မှီမရောက်ခဲ့ပါဘူး။ တက်ကြွတဲ့ လူငယ်လေးတွေက အာဇာနည်ကျောက်တိုင်ရှေ့မှာ ဗကသ ပန်းခွေကို အရောက်ပို့ခဲ့ကြတယ်။ အဲဒီအတွက် အဖမ်းခံရတဲ့လူငယ်တွေ နည်းမှမနည်းပဲ။ အယောက် ၂၀ကျော်တယ်။ ဗကသရော လူ့ဘောင်ရော ဒီချုပ်လူငယ်တွေရော အကုန်ဖမ်းလိုက်တာ။
စစ်ကြောရေးမှာ.. ကိုယ့်ရဲဘော်တွေ အတွက် ရပ်တည်ခေါင်းခံပေးခဲ့တဲ့ နင်တို့တွေရဲ့ သတ္တိကို လေးစားခဲ့ရတာ။
အာခံမှုကို အားကျခဲ့ရတာ။
...........
ခုတော့ ကျော်ကျော်ဝင်းမရှိတော့ဘူး။
ကျောင်းဆရာ မရှိတော့ဘူး။
ဂတီးမရှိတော့ဘူး။
ပါပုမရှိတော့ဘူး။
တို့တွေ အဲဒီအချိန် စစ်အစိုးရကို အံတုတုန်းက ခုခေတ်နဲ့ မတူသလိုပဲနော်။ အဖမ်းခံရလဲ မီဒီယာတွေက မသိခဲ့။ စာစောင် ထုတ်လဲ ဘယ်ဒိုနာမှ မရှိပေါင်။ ကိုယ့်မုန့်ဖိုးတွေ စုပြီး ဖယောင်းလက်ရေးဖောက် မီးချောင်းအပျက်နဲ့ လှိမ့်ထုတ်ခဲ့ကြရတာပဲ။
ပါပုရေ…
ဂတီးရေ…
ကျောင်းဆရာရေ…
ကျော်ကျော်ဝင်းရေ….
မစွန့်ပဲစားနေသူတွေကို မြင်ရင် နင်တို့ကို သတိရတယ်။
လေကြီးလေကျယ် တိုက်ပွဲဆင်နေရင် နင်တို့ကို သတိရတယ်။
ပုသိမ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းမှာ နင်တို့ကို ဖယ်လို့မရဘူးဆိုတာတွေ သတိရတယ်။
နင်ထောင်ထဲမှာ ရှိနေတုန်း နင့်အမေဆုံးတော့ ထောင်ထဲကရေးတဲ့ ကဗျာလေးတပုဒ် အပြင်ထွက်လာတာလဲ သတိရတယ်။
အဲဒီ အိမ်သာသုံးစက္ကူပေါ်က ကဗျာလေးက ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အသံလှိုင်းက နင့်နာမည်ရင်းနဲ့ ရွတ်ဆိုသွားခဲ့တာလဲ သတိရတယ်။
အညွန့်တလူလူနဲ့နင်တို့ အနာဂတ်တွေကို ရိုက်ချိုးခံခဲ့ရတာတွေကို သတိရတယ်။
ထောက်လှမ်းရေးရဲ့ ကြိမ်းဝါးသံတွေ ၊ နှောက်ယှက်မှုတွေက ထောင်ပြင်ရောက်နေတဲ့ ဘ၀တွေထိ ထိခိုက်ခဲ့တာတွေ သတိရတယ်။
ဒါတွေကို နင်တို့က ဘာလို့ မတွန်းလှန်နိုင်ခဲ့သလဲ ဆိုတာလဲ ငါဒေါသထွက်ရတဲ့အကြောင်းတခုပဲ။ ဒါလဲ သတိရတယ်။
ကိုယ့်ကိုယ်ကိုယ်မီးလောင်တိုက်သွင်းနေတာလို့ ငါခဏခဏပြောနေရတာလဲ နင်တို့ အပြုံးမပျက်။ဒါလဲ သတိရတယ်။
ငါဒုတိယအကြိမ်ထောင်ထဲ ၀င်တော့ ကလေးလေးကို စိတ်ချ ကျနော်တို့ စောင့်ရှောက်မယ်ဆိုတာတွေ သတိရတယ်။
ခုတော့ တယောက်ပြီးတယောက် အချိန်မတိုင်ခင် ထွက်သွားနှင့်ကြရပြီ။
နင်တို့တွေ ကောင်းရာသုဂတိရောက်ပါစေ။
ငါတို့နောက်လူတွေလဲ တလှမ်းချင်း လိုက်လာနေရတာပဲ ပါပုရယ်…။
(၁၇ ရက်နေ့ ဒီဇင်ဘာ ၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ပါပုအတွက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Tuesday, December 14, 2010
ချစ်သော ဒီဇင်ဘာ
ဒီလို အေးချမ်းတဲ့ ဒီဇင်ဘာလတွေကို
ငယ်ငယ်တုန်းကတော့ ကျောင်းပေါင်းစုံလမ်းလျှောက်ထွက်တဲ့အခါမှာ ပျော်ရွှင်ခဲ့ဖူးတယ်။
တမြို့လုံးပတ်ပြီး ကာယလေ့ကျင့်ခန်းသရုပ်ပြ ခဲ့ရတုန်းကလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
အသက် ၁၆နှစ်ကျော်ခါစ...
ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်တက်တော့ ကားနဲ့ မသွားပဲ မနက်စောစော ကန်သုံးဆင့်လမ်းကို စက်ဘီးစီးရတာလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
မြူတွေဆိုင်းနေတဲ့ နှစ်တနှစ်မှာတုန်းက စက်ဘီးစီးရင်း ရှေ့ တလံလောက်ကို မမြင်ရတော့တာ။ စက်ဘီးတူတူစီးဘက်တွေနဲ့ တယောက်မျက်နှာ တယောက်ကြည့်ကြရင်း မျက်တော်တွေပေါ်က နှင်းတွေကို သဘောတကျ ရယ်မောခဲ့ရတာ ဘယ်လိုမှမမေ့နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။
အသက် ၂၀ ၀န်းကျင်
ရန်ကုန်တက္ကသိုလ်တက်တော့ ဒီဇင်ဘာချမ်းချမ်းအေးအေးထဲ မနက်စောစော အဆောင်ရှေ့က ခြံတံခါးဝမှာ လာထားတတ်တဲ့ ကိုယ့်နာမည်တပ်သစ်ခွဖြူဖြူတွေကို ဘယ်သူပေးလဲ မသိတတ်ပဲ နေ့တိုင်းဆင်းယူပြီး ဘုရားပန်းကပ်ခဲ့တာ။(အဲဒါ ဘယ်သူလဲ ခုထိမသိခဲ့ရဘူး)
အသက် ၃၀ မှာ...
ချစ်တဲ့သူ ရှိရာ လွိုင်ကော်ကို လိုက်သွားတော့လဲ ခုလိုဒီဇင်ဘာအေးအေးတွေ ကြုံရပြန်ရော။ အနွေးထည်တွေ တထပ်ကြီး ၀တ်ပြီး မနက်စောစော လမ်းထလျှောက်ကြရတာ၊ တဖြည်းဖြည်းတထည်ပြီး တထည်ချွတ်ကိုင်တော့ လက်ထဲမှာ အနွေးထည်ချည်းပုံနေတာ။ မီးပုံတွေ ဖိုပြီး ရဲဘော်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ခေါင်ရည် ရယ် အသားကင်ရယ်နဲ့ နှစ်သစ်ကြိုဆိုခဲ့ရတဲ့ နှစ်တွေ ပြန်မဆုံနိုင်သေးတဲ့ အဲဒီရဲဘော်တွေကိုလဲ အမှတ်ရမိနေသေးတယ်၊ တောင်တွေ ကြားထဲက လွိုင်ကော်ဒီဇင်ဘာရဲ့ အေးမြမှု လန်းဆန်းမှုတွေကြောင့် ဒီနေ့ထိမမေ့နိုင်ပဲ မြန်မာပြည်ပြန်ဖြစ်ရင် လွိုင်ကော်မှာ သွားနေချင်တယ်လို့ ခဏခဏပြောဖြစ်ခဲ့ရတာပါ။
အသက် ၄၀ ကျော်...
နော်ဝေးအော်စလိုဆောင်းရဲ့ အနှုတ် ၇ ချမ်းအေးမှုမှာ တိုက်ရိုက်တင်ဆက်တခုအဖြစ် ၂၀၀၈ နိုဘယ်ဆုရှင် ပိုလန်သမတဟောင်းကို နှုတ်ဆက်တဲ့ သတင်းသွားရိုက်တုန်းက ကင်မရာမန်းကလဲ လက်တွေအေးခဲ၊ တင်ဆက်သူကျမကလဲ တုန်တုန်ခိုက်ခိုက်.. အဲဒါကလဲ အမှတ်တရတခု။
ခုရောက်နေတဲ့ မဲဆောက်ကတော့ ဆောင်းဆိုတာ သိသာယုံလေးအေးနေတာပဲ ရှိပါတယ်။ ဒါပေမဲ့လဲ ဒီဇင်ဘာအငွေ့အသက် ခရစ်စမတ်သီချင်းဆိုသံတွေကတော့ ကြားနေရပြီလေ။ ခြံတံခါးဝကနေ ဟက်ပီးခရစ်စမတ် တူးယူ ဆိုတဲ့အသံသာသာလေးနဲ့ လှုပ်နှိုးလာရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ လိမ္မော်သီးတွေ သကြားလုံးတွေနဲ့ ကြိုဆိုရဦးမှာပေါ့။
ဒီလိုနဲ့ပဲ တနှစ်ပြီး တနှစ်ဖြတ်သန်းခဲ့ရ..
ပျော်ရွှင်မှုတွေကို အမှတ်တရပွေ့ဖက်လို့..
နာကျင်မှုတွေကို မေ့ပစ်နိုင်အောင်ကြိုးစားလို့..
ကျရှုံးခဲ့ရမှုတွေကို သင်ခန်းစာယူလို့...
အောင်မြင်မှုတွေက လှေခါးထစ်အသွင်ပြောင်းလို့...
ဘ၀ကြီး မဆုံးသရွေ့... ဆက်လျှောက်နေကြရဦးမှာပဲ မဟုတ်လားးးး
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Saturday, November 13, 2010
ဒေါ်အောင်ဆန်းစုကြည် တကယ် လွတ်မြောက်ပြီ။
Thursday, November 4, 2010
မဲရုံကို မသွားနဲ့၊ မဲမပေးကြပါနဲ့
မဲမထည့်ရင်ဘာဖြစ်မလဲ..
နိုင်ငံတကာ စံနှုန်းအရ မဲထည့်မယ့် လူတွေရဲ့ ရာနှုန်း၅၀ ထက်မကျော်ခဲ့ရင် ဒီရွေးကောက်ပွဲ မအောင်မြင်ဘူးဖြစ်မယ်။
ရွေးကောက်ပွဲမအောင်မြင်တော့ ဘာဖြစ်မလဲ။ စစ်တပ်ကပဲ ဆက်အုပ်ချုပ်သွားမှာပဲ မဟုတ်လား။
ရွေးကောက်ပွဲမအောင်မြင်ဘူးဆိုရင် ပြည်သူလူထုက ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပပေးမဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲဝင်တဲ့လူတွေကို မယုံကြည်ဘူးဆိုတာ ကမ္ဘာသိ ပြပြီး ဖြစ်တယ်။ အဲဒီကရလဒ်အရ ပြည်သူက ဒီအဖွဲ့အစည်း အာဏာရှင်ကို အယုံအကြည်မရှိကြောင်း လက်မခံကြောင်း ပြပြီးဖြစ်တယ်။ အဲဒီအင်အားနဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရအင်အားစုနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ဖိအားပေး တောင်းဆိုလို့ရမယ်။ သူမပေးလဲ ဒုတိယပင်လုံကို ခေါ်ပြီး တရားဝင်ပြသထားတဲ့ ပြည်သူလူထုမထောက်ခံတဲ့ စစ်အစိုးရ ကို ဖြုတ်ချနိုင်မယ်။
မဲထည့်ပြီး ဒီမိုကရက်အင်အားစုကိုမဲပေးတော့ရော မဖြစ်ဘူးလား။
နအဖက နိုင်ငံတကာအမြင်ကောင်းအောင် တချို့ နာမည်ရှိလူတွေနဲ့ တိုင်းရင်းသား တချို့ဒေသတွေမှာ အနိုင်ပေးမှာပဲ။ ဒါပေမဲ့စစ်တပ်က ၂၅ ရာနှုန်းကြိမ်းသေယူထားပြီး ကြံ့ဖွတ်ကို အများစုနိုင်အောင် လုပ်ထားမယ့် ဒီလွှတ်တော်ထဲမှာ မပြောပလောက်တဲ့ လူအရေအတွက်နဲ့ ဘာကို ပြင်လို့ ရနိုင်မလဲ။ ငွေမက်တဲ့လူဆိုရင် ငွေနဲ့ ၀ယ်သွားတာခံမဲ့ အမတ်ဖြစ်သွားလိမ့်မယ်။ ဒီတော့ မဲရုံကို မသွားပါနဲ့၊ ဒီမိုကရက်ဘက်က ဆိုပြီးလဲ မဲမထည့်ကြပါနဲ့၊ ပြည်သူ့သစ္စာဖောက်တွေ ၊ ပွဲလန့်တုန်းဖျာခင်းတွေ ၊ နအဖအောက်ဆွဲတွေက ပုံဖျက်နာမည်ယူထားတဲ့ ဒီမိုကရက်တွေ ဖြစ်လို့ပါပဲ။
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအမတ်တွေ ရမှာပဲ မဟုတ်လား။
အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ ကိုယ့်တိုင်းရင်းသားအရေးကို လုပ်နိုင်မယ်ထင်လို့ အပစ်ရပ်စဲခဲ့ကြတယ်။ ဒါပေမဲ့ ငွေနဲ့တွေ့တဲ့အခါ၊ အာဏာနဲ့ တွေ့တဲ့အခါ ပျော့ပြောင်းသွားကြတယ်။ ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေပိုင်းတွေကို ကွာဟသွားအောင် စနစ်တကျဖျက်ဆီးပေးလိုက်တဲ့အခါ သေနတ်ပါထိုးအပ်ရတဲ့ ၊ တိုက်နိုင်ခိုက်နိုင် ကိုယ့်ရဲဘော်တွေကိုပါ ထိုးအပ်ရတဲ့ နယ်ခြားစောင့်တပ် ဆိုတာမျိုး လက်ခံလိုက်ကြတယ်။ ဒါကို သင်ခန်းစာယူပြီး တိုင်းရင်းသား အမတ်ဖြစ်တဲ့အခါ ကိုယ့်နယ်ကို ဘယ်လောက်ထိတိုးတက်အောင် လုပ်မယ်လို့ ပြင်ဆင်ထားတဲ့ အမတ်စစ်စစ် ဘယ်နှစ်ယောက်တွေ့ထားပါသလဲ။
ရွေးကောက်ပွဲကို အောင်မြင်အောင်သပိတ်မှောက်နိုင်ရင် ဘယ်လိုထူးမလဲ။
ဒုတိယမေးခွန်းအတိုင်းဖြေမယ် ။ ထပ်ဖြည့်ရမယ်ဆိုရင် စစ်အစိုးရကို မထောက်ခံဘူး၊ သူ့ကိုမယုံကြည်ဘူး၊ ၁၉၆၂ ကစလို့ ၂၀၀၇ ရွှေဝါရောင်ထိ သူသတ်ခဲ့တဲ့လူတွေကိုယ်စား၊ နာဂစ် ၊ ဂီရိမှာလို ကိုယ့်နိုင်ငံသားတွေကို တာဝန်မယူလို့ သေဆုံးခဲ့ရတဲ့ ကိုယ့်နိုင်ငံသားတွေကိုယ်စား ဆန့်ကျင်ပြမဲ့ ဆန္ဒတွေကို လူအသေအပျောက်မရှိပဲ တကမ္ဘာလုံးက သိအောင်ပြနိုင်မဲ့ နောက်ထပ် လှုပ်ရှားမှုတခုလို့ ပြည်သူအားလုံးက မြင်ပြီး မဲရုံတွေ မသွားခဲ့ကြရင် မြန်မာပြည်သူတွေ နိုင်ပြီ လို့ ပြောချင်တယ်။
မဲထည့်ဖို့ နိုင်ငံပြည်ပကပြောနေသူတွေကို ဘာပြောချင်လဲ။
သူတို့ကိုယ်တိုင် စစ်အစိုးရရဲ့ ဖိနှိပ်မှုကို မခံစားခဲ့ရဖူးလို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ပြည်တွင်းပြန် နေရာဝင်ယူချင်ကြလို့။ နောက် ကိုယ့်ရဲဘော်ရဲဘက်နဲ့ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ ပြည်သူတွေနဲ့ အခုချိန်ထိ အကျဉ်းထောင်ထဲ အကျဉ်းကျနေဆဲ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို သစ္စာဖောက်ချင်လို့ ဆိုတဲ့ လူမျိုးတွေပဲလို့ မြင်မိတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Thursday, September 30, 2010
တို့နိုင်ငံ ပြည်အရေး
ခုချိန်ဆို ပိုသိသာလာတဲ့ အချက်တွေ တချက်ပြီးတချက်ပေါ်နေတာတောင်နောက်မဆုတ်ချင်ကြတာက သမိုင်းမှာ နာမည်ပျက်စာရင်းထဲ မပါမှာ စိုးရိမ်လို့ထင်ပါရဲ့။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက ကိုယ်မဲဆွယ်မယ့်စကားတွေကိုတောင် သူတို့ခွင့်မပြုရင် မရဘူး ဆိုမှတော့ ဘယ်လိုများ မဲဆွယ်ကြပါ့ဦးမလဲ။ ကိုယ်တိုင်မ၀င်ရဘူးဆိုပြီး အပယ်ခံထားရသူတွေကလဲ နောက်မဆုတ်သေးဘူး။ မဲစာရင်းမပါလို့ ဆိုပြီး မဲထည့်ချင်နေတဲ့ လူတွေကလဲ ရှိသေးတယ်။
တကယ်က ခုချိန်မှာ လုံးဝတရားမျှတမှုမရှိတဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူအတွက် လုပ်ပေးချင်တဲ့ ၊ ဒီမိုကရေစီကို ဒီလမ်းက သွားမှ ရမယ်ထင်နေတဲ့လူတွေ အသိစိတ်ပြန်ဝင်ပြီး နှုတ်ထွက်လိုက်ကြရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။
၂၀၀၈ ဥပေဒေမှာ ဘယ်လိုမှ ထွက်ပေါက်မရှိအောင် ပိတ်ထားပြီး အာဏာဟာ ငါတို့က ဆင်းသက်တယ် ဆိုတာမျိုး လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ သေချာဖတ်လေ သဘောပေါက်လေ ဖြစ်ပါတယ်။ ခု သိပ်မလိုတော့တဲ့ တလကျော်အချိန်လေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်ကြည့်ကြပါဦး။ ဘယ်နေရာက ဖောက်ထွက်နိုင်မလဲ၊ အာဏာရှင်စနစ်ကို ဘယ်လိုအပြည့်အ၀ ကာကွယ်ပေးထားတာလဲ ဆိုတာ မြင်စေချင်ပါတယ်။
နောက်ပြီးတော့ ခုချိန်မှာ ဆန့်ကျင်သလိုလို မတူသယောင်ယောင်ဝါဒဖြန့်နေတဲ့ တစညဆိုတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနဲ့ ကြံ့ဖွတ်ဟာ လွှတ်တော်ထဲမှာတော့ ပေါင်းစည်းပြီး အာဏာရှင်တည်မြဲရေးအတွက် အားသွန်ခွန်စိုက် ထောက်ပံ့ဝန်းရံကြလိမ့်မယ်။
ဒီတော့ ဘယ်လိုမှ တရားမျှတမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ဝင်စေတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ကြဖို့ ပါတီအသေးလေးတွေကို တိုက်တွန်းချင်တယ်။ ခု ၀င်ပြိုင်မဲ့အရေအတွက်မှာတင် ထောင်ကျော်နဲ့ နှစ်ရာ မပြည့်တဲ့ ဂဏန်း ဟာ ကြည့်မကောင်း ရှုမကောင်းဖြစ်နေပါပြီ။ ဘာပဲ ပြင်ပြင် ၇၅ ရာနှုန်း ထောက်ခံမှ ဆိုတဲ့အချက် အရ ၇၅ ရာနှုန်းကိုဘယ်မှာ ရှာကြမယ် စိတ်ကူးထားပါသလဲ။
သူတို့ရဲ့ ပါတီစုံဆိုတဲ့ စကားလုံး အသက်မ၀င်အောင် ဆန့်ကျင်ကန့်ကွတ်သပိတ်မှောက်လိုက်မယ်ဆိုရင်ဖြင့် သမိုင်းတရားခံ မှတ်တမ်းထဲမှာ နအဖတကိုယ်တည်း မှတ်တမ်းဝင်သွားမှာပါ။
ရွေးကောက်ပွဲ ၀င်ဖို့စာရင်းပေးသွင်းထားတဲ့ တသီးပုဂ္ဂလအမတ်လောင်းများနဲ့ ပါတီသေးလေးများ ကို ရည်ရွယ်ရေးသားထားပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Tuesday, September 14, 2010
အံ့လောက်ပါရဲ့ တို့တိုင်းပြည်
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အဖွဲ့ချုပ်ကို ပါတီအဖြစ်က ဖျက်သိမ်းတယ်လို့ သူတို့ကျေညာတော့ ပါတီတွေက ရွေးကောက်ပွဲ တခါလုပ်တိုင်း တခါပြန် မှတ်ပုံတင်ရသလား၊ နောက် ရွေးကောက်ပွဲကို သပိတ်မှောက်ရင်ရော ပါတီဖျက်သိမ်းရသလားးး ။ အင်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကို ဖော်ဆောင်မဲ့အတွက် မြန်မာ့နည်း မြန်မာ့ဟန် ရွေးကောက်ပွဲ ဥပဒေတွေ ပါပဲလို့ ပြောရမလားပဲ။
ကျမတို့ပြည်သူတွေအနေနဲ့ မဲမထည့်ပဲ ဘယ်လောက်ထိ နေပေးနိုင်ကြမလဲ ။ အကြောက်တရားကို ဘယ်လောက်ထိ တွန်းလှန်နိုင်ကြမလဲ။ အဆင်သင့်အစိုးရတခု ဖော်ဆောင်ဖို့ အတင်းကျော်ဖြတ်ရမယ့် ဒီရွေးကောက်ပွဲကို ပျက်အောင် ဘယ်လိုဖျက်နိုင်မလဲ။ ရက်ပေါင်း ၅၀ ကျော်အတွင်းမှာ ဘယ်လိုတန်ပြန်တိုက်စစ်ဆင်နိုင်မလဲ၊ မေးခွန်းတွေက တန်းစီပေါ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဒီတိုင်းအသုံးမချတော့ပဲ အဆုံးရှုံးခံကြတော့မှာလားးးးးး
နအဖကတော့ သူ့လမ်းပြမြေပုံအတိုင်း အတိမ်းအစောင်းမခံပဲ လျှောက်လှမ်းနေလေပြီ။
ပြည်သူတွေပေးတဲ့တာဝန်တွေကို ထမ်းဆောင်ပါ့မယ်လို့ ၀န်ခံပြီး ပြည်သူတွေရဲ့ အသည်းကြားက မဲပြားတွေကို
ပိုင်ဆိုင်ထားသော အို... ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ သူတို့ကို မဲပေးထားကြလေသော(ကျမအပါအ၀င်) ပြည်သူအပေါင်းတို့...
တိုင်းပြည်တပြည်သည် သူနှင့်ထိုက်တန်သော အစိုးရကိုသာ ရရှိသည်ဆိုတဲ့ စကားကို ဘယ်လိုယုံကြည်ပါသလဲ...
မေးခွန်းပြီး မေးခွန်းများသာ ထွက်ပေါ်လာချေပြီ။
အို ခင်မင်းဇော်
အသင်ဘာများ တတ်နိုင်ပါမည်နည်း။ ထိုကဲ့သို့မေးလာသော်...
ကျမတို့ယုံကြည်ချက်တူသူများ ယခုပူးပေါင်းဆောင်ရွက်နေသော လူထုတိုက်ပွဲကော်မတီမှ ကြွေးကြော်သံဖြစ်သော ပြည်သူ့အစိုးရဖွဲ့စည်းရေး တို့အရေး ကို ဘာ့ကြောင့် ဘယ်လို ဆိုတာ အသေးစိတ် ရှင်းပြချင်ပါလိမ့်မည်၊
ထပ်မံသိလိုပါလျှင်လည်း လူထုတိုက်ပွဲ ကော်မတီ၏ အခုဖြစ်ရပ်ပေါ် တုန့်ပြန်ကျေညာချက်ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါကြောင်း သိစေအပ်ပါသည်ရှင်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Tuesday, August 31, 2010
၆၇ ရက်ပဲ လိုတော့တယ်..
လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲဒီတော့ တကိုယ်ကောင်း မကြံကြပါနဲ့။ အများအတွက် လုပ်ကြပါ။ အများအကျိုးဆောင်တဲ့လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။
ဒေါ်အောင်ဆန်းစုကြည် ကမာဝက်(၁၆၊၁၂၊၁၉၈၈)
ကျမတို့ နာမည်မသေချင်လို့ လုပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူဖြစ်ကျိုးနပ်ချင်လွန်းလို့ မသေခင်မှာ လုပ်သင့်တာတွေ လုပ်ဖို့ ကြိုးစားနေတယ်။ လုပ်နိုင်သလောက် လုပ်ဖို့လဲ ကြိုးစားတယ်။ ကျမတို့ကြိုးစားမှု အရာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ လုပ်နေဖို့ကတော့ ကျမတို့ တာဝန်လို့ခံယူထားပါတယ်။ အခုလဲ ရက်ပေါင်း ၇၀တောင် မလိုတော့တဲ့ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်တဲ့အပြင် အဲဒီသပိတ်နဲ့အတူ ဘယ်လိုလူထုတိုက်ပွဲတွေ ဆင်နွဲကြမယ် ဆိုတာမျိုးကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြင်ဆင်ထားစေချင်ပါတယ်။
သြဂတ်စ်လ ၂၈ ရက်နေ့ည စနေနေ့ ဗွီအိုအေရဲ့ တိုက်ရိုက်လေလှိုင်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းကပြောသွားခဲ့တယ်။
ဒီမေးခွန်းတွေအားလုံးကို ခြုံကြည့်ရရင် အန်န်အယ်လ်ဒီက ဒီရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင် မလဲ ဘယ်လိုလုပ်မလဲဆိုတာ မေးနေကြတာ။ အန်န်အယ်လ်ဒီကတော့ ဒီရွေးကောက်ပွဲနဲ့  ပါတ်သက်ပြီးတော့ အခုလုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ ဟာမျိုး တခြားဘယ်သူမှ မပြောဘူး။ သို့ သော်ပေါ့ ကျနော်တို့ ဒီထဲမှာ အကောင်းဆုံးတွက်ပြီးတော့ ကျနော်တို့ လုပ်တယ်။
အဲတော့… ထွက်ပေါက်က ဘယ်မှာရှိသလဲဆိုတာနဲ့  ပါတ်သက်ရင် ကျနော်တို့  ဟလား နည်းလမ်းတွေ တော့မျိုးစုံ ရှိကောင်းရှိလိမ့်မယ် ပေါ့နော်။ ဥပဒေမဲ့နည်းလမ်းတွေရော ဘာညာပေါ့။ ဒါပေမယ့် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို ပြောရရင် အန်န်အယ်လ်ဒီက ပြည်သူလူထုအတွက် အကောင်းဆုံး နည်းလမ်းကိုပဲ ကျနော်တို့ လက်ခံတယ်။
အဲဒီအကောင်းဆုံးနည်းလမ်းက တွေ့ ဆုံဆွေးနွေးရေးပဲ။ ဒီလိုတွေ့ ဆုံ ဆွေးနွေးရေး သည်သာလျှင် ပြည်သူလူထုရော တိုင်းပြည်ရော အကျိုးရှိမယ်။ ကျန်တဲ့နည်းလမ်းတွေက အထိအခိုက် အကျအဆုံးတွေ အများကြီး ဖြစ်လိမ့်မယ်။ တိုင်းပြည်အတွက်လည်း နစ်နာမယ်။ ဒါကြောင့်ထွက်ပေါက်အနေနဲ့  အန်န်အယ်လ်ဒီ ဒီနေ့ အထိ ယုံကြည်နေတာက အမျိုးသားရင်ကြားစေ့ရေးကို တွေ့ ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့  သွားဖို့ ဘဲလို့  ကျနော်အဲဒီလို ပြောကြားလိုပါတယ်။
အပေါ်က ဦးဥာဏ်ဝင်းပြောသွားတာ ကြားလိုက်တော့ အံ့သြမင်သက်မိတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုစောင့်ဆိုင်းနေတဲ့အတွက် နအဖက ခုလို သူလုပ်ချင်တာတွေ ဆက်တိုက်လုပ်လို့ ရနေတာပဲ မဟုတ်လား။
ကျမအမြင်ကတော့ တွေ့ဆုံဆွေးနွေးရေး ရအောင်လို့ တိုက်ပွဲတွေ ဖော်ဆောင်ရလိမ့်မယ်။ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ ဘက်စုံထောင့်စုံက ဆင်နွဲရလိမ့်မယ်၊ ဘယ်အာဏာရှင်ကမှ သူတို့ ရှုံးမယ့်အရိပ်အယောင်မရှိပဲ၊ သူတို့ အထက်စီးကနေပြီး သူတို့ဘေးဖယ်ပေးရဖို့ အခြေအနေရောက်လာမယ့် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းလိမ့်မယ် မဟုတ်ပါဘူး။အာဏာလက်ရှိအထက်စီးကနေ အကွက်ကျကျဆက်လက်တည်မြဲနေဖို့ သူတို့ လုပ်နေတာကို မြင်နေတွေ့နေရက်နဲ့ အမျိုးသားရင်ကြားစေ့ရေးကိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကပဲ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမအနေနဲ့ လုံးဝသဘောမတွေ့ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းအဖြေပေါ်ရောက်ဖို့ လိုအပ်တဲ့တွန်းအားတွေ မဆင်နွဲပဲ မလုပ်ဆောင်ပဲ တောင်းဆိုနေယုံနဲ့တော့ ဘယ်တော့မှ ရောက်ရှိလာမှာ မဟုတ်ဘူးလို့ ကျမက ယုံကြည်တယ်။ ဒီလမ်းဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အကြာဆုံး နှိပ်စက်သွေးစုတ်ခံရမယ့်နည်းလမ်းလို့ပဲ မြင်ပါတယ်။
နိုင်ငံတကာက အားပေးထောက်ခံတာတွေနဲ့အတူ နိုင်ငံတကာခုံရုံးလဲ အားမကိုးပါနဲ့ ၊ ဒါတွေက နအဖကို ဂုဏ်သိက္ခာအရကျဆင်းအောင် လုပ်ဆောင်တဲ့အဆင့်လောက်ပဲ ရမှာပါ။ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဆိုတာကို တန်ဖိုးထားရမှန်းမသိတဲ့ နအဖစစ်အုပ်စုအတွက်ကတော့ လေပဲလို့ ထင်နေဦးမှာပါ။
အသက်တွေသွေးတွေ ဘ၀တွေ ထပ်ပြီး မဆုံးရှုံးချင်ဘူးဆိုတဲ့စကားတွေရဲ့အောက်မှာ မျိုးဆက် ဘယ်နှစ်ဆက် ရင်းနှီးပေးဆပ်ရဦးမယ်ဆိုတာကတော့ မတွက်ချင်တော့ဘူး။ ဒါပေမယ့် ကျမတို့ မျိုးဆက်တွေအထိ တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းခံရင်း စောင့်စားနေတဲ့ဘ၀ကနေ လွတ်မြောက်အောင် ပြည်သူ့ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်သင့်နေပြီလို့ အန်အန်လ်ဒီကို တိုက်တွန်းလိုက်ချင်ပါတယ်၊
ရွေးကောက်ပွဲကို သပိတ်မှောက်ယုံနဲ့မပြီးသေးပါဘူး။ မဲမထည့်ယုံနဲ့ ဒီမိုကရေစီမရနိုင်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်အချိန်တွေမှာ ဘယ်လိုတိုက်ပွဲတွေ နည်းနာတွေနဲ့ နအဖကို ဆန့်ကျင်ရဦးမယ်ဆိုတာကို ဒီမိုကရေစီလိုလားသူတိုင်း စဉ်းစားလုပ်ဆောင်သင့်ပါပြီ။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်က ပြည်သူတွေအတွက် ပြည်သူ့အကျိုးနိုင်ငံအကျိုးသယ်ပိုးချင်လို့ပါဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံကြရင်း လူထုရဲ့တာဝန်ပေးမှုတွေကို ပိုင်နိုင်ရယူထားတဲ့ ပြည့်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေအနေနဲ့ ပိုပြီး တာဝန်ရှိနေတယ်ဆိုတာကို အသိပေးရင်း ထပ်မံတိုက်တွန်းနှိုးဆော်လိုက်ပါတယ်၊
အောင်ပွဲ ဆိုတာ တိုက်ရဲသူ အတွက်ပဲ ဖြစ်ပါတယ်။ စောင့်စားနေယုံနဲ့တော့ အောင်ပွဲက ကိုယ်ဆီကို ဆိုက်ရောက်လာမယ် မထင်ကြပါနဲ့ရှင်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Sunday, August 8, 2010
၂၂ နှစ် ပြည့်ခဲ့ပြီ။
ကျမတို့ပုသိမ်မှာ မတ် ၁၃ အကြောင်း၊ မတ် ၁၆ အကြောင်းကို ပုသိမ်ကောလိပ်ကျောင်းသားတွေနဲ့ အတူ ရှေ့နေတွေ ဆရာဝန်တွေ၊ ၇၄ ကျောင်းသားဟောင်းတွေ၊ စာအုပ်ဟောင်းရောင်းနေတဲ့ နိုင်ငံရေးသမားဟောင်း ကျောင်းသားဟောင်းကြီးတွေ၊ ကျူရှင်ဆရာတွေကို လိုက်ပြီး ပြောကြတယ်။ သူတို့ဆီက အကြံဥာဏ်တွေနဲ့ ဒီတခါကျောင်းပြန်ဖွင့်ရင် ဘယ်လိုတွေက စလုပ်သင့်တယ်ဆိုတာမျိုးတွေ တိုင်ပင်ကြတယ်။ အရင်တုန်းက ဒီလူတွေနဲ့ ခုလိုစကားအကြာကြီး မပြောဖူးဘူး။ သူတို့တွေက ၀မ်းသာအားရကြိုဆိုတယ်။ ကိုယ်သိပ်မသိတဲ့ ၆၂ ခုနှစ်က အဖြစ်အပျက်တွေ ၊ ၇၄ က အဖြစ်အပျက်တွေကို အသေးစိတ် ပြောပြကြတယ်။ နိုင်ငံရေးကို လုံးဝမသိခဲ့ပဲ ကိုယ့်ကျောင်းသားတွေကို ဖိနှိပ်အသေသတ်တဲ့ဖြစ်ရပ်ကြောင့် မခံချင်စိတ်နဲ့ ဒီလိုအစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျမအတွက်တော့ တာဝန်ဆိုတာကို ပိုနားလည်လာသထက် နားလည်လာပြီး ဘယ်သူကမှမပေးတဲ့ တာဝန်ကို ကိုယ့်ပုခုံးပေါ်ပစ်တင်ရင်း ဒီအစိုးရကို ပြုတ်ကျအောင် လုပ်ကိုလုပ်မယ်။ ငါတို့ခေတ်မှာ ငါတို့တာဝန်ကျေရမယ်ဆိုတာ အခိုင်အမာဆုံးဖြတ်ဖြစ်ခဲ့တဲ့ ကာလတွေပါပဲ။
(အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို ကလစ်ပါ)
Saturday, July 31, 2010
သူ့ဝါသနာ
ဇူလိုင်လရဲ့နောက်ဆုံးနေ့ ဆိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပခဲ့တဲ့လလဲ ဖြစ်တော့ ဘောလုံးနဲ့ ပတ်သက်ပြီး ရေးလိုက်ဦးမှ စိတ်ကူးတယ်။ သူများတွေ ရေးတာဖတ်ပြီး ဒီနှစ်ဒီလထဲတော့ ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြုံခဲ့ဆုံခဲ့ပတ်သက်ခဲ့တာလေး အမှတ်ရအောင်ပါ။ နောက် ကျမရဲ့  ပီအေ၀ါသနာအကြောင်းလေးလဲ မိတ်ဆက်ချင်သေးတယ်။
မှတ်မှတ်ရရစပြောရရင်တော့...... ဘောလုံးပွဲစဉ်တွေအကြောင်း ပြောကြဆိုကြရင်း ပြိုင်ပွဲစမယ့် ပထမဆုံးနေ့မှာ ချင်းမိုင်ရောက်နေတဲ့ကျမက ဘောလုံးအသင်းအကျီ င်္တွေကို ကျမ ပီအေအတွက် ၀ယ်ပေးချင်စိတ်ပေါက်သွားခဲ့တာက စရမယ်။
ဝယ်ပေးခဲ့တဲ့ ငါးထည်။ ခု အီတလီ အသင်းအကျီ င်္ပဲ သူယူပြီး ကျန်တာတွေ ရဲဘော်တွေကို ဝေလိုက်ပြီ။
ဒီအသင်းတွေထဲက စပိန်က ဖလားရသွားတယ် ဆိုတော့ကာ အင်းးး သူမှန်းတာ မှန်တယ်ပေါ့။
ဒါပေမဲ့ ငါးသင်းထဲက တသင်းဆိုတော့လဲ မှန်နိုင်တာပဲ မဟုတ်လားးး။ နောက်ပြီး စိတ်ကူးနဲ့ လောင်းသမျှလဲ အကုန်နိုင်တယ် ဆိုပဲ။ အဲဒါနင်တကယ့် ပိုက်ဆံနဲ့ မလောင်းလို့ နိုင်တာလို့ ပြောထားရတယ်။
ဘောလုံးနဲ့ ပတ်သတ်ပြီး သူ့ဝါသနာကို ပြောပြချင်သေးတယ်။
ဘောလုံး ဆိုတဲ့ အသံကြားလို့ မရသူတွေထဲမှာသူလဲ ပါတယ်။ ဘောလုံးပွဲ ကြည့်တာ ၀ါသနာပါသလို ကိုယ်တိုင်လဲ ကန်သလားမမေးနဲ့၊ သူများအသင်းတွေကန်တာကိုလဲ မစားရ၀ခမန်း ဝေဖန်စမြုံ့ပြန်တတ်သလို ဘောလုံး ကန်ဖို့ဆို ဘယ်အချိန်ခေါ်ခေါ် ထလိုက်ဖို့ ၀န်မလေးသူ။ ၈၈ဖြစ်တော့ တောခိုခဲ့မိလို့ပေါ့ ။နို့မို့ သန်းတိုးအောင်တို့တောင် နိုင်ငံလက်ရွေးစင် ဖြစ်ခွင့်မရှိဖြစ်သွားမှာ သိလား။
ခု ဒီမှာ အသက် ၄၀ အထက် ကမ္ဘာ့ဘောလုံးပွဲ လုပ်သင့်တယ် ဆိုတဲ့အဆိုကို ဖီဖာမှာ တင်သွင်းဖို့ ပြင်ဆင်နေကြတာ သူတို့ အဖွဲ့ပေါ့။ သံလွင်ဘောလုံးအသင်းဆိုပြီး ဖွဲ့ထားလိုက်ကြတာ လူဦးရေက ၃၀ လောက်ရှိတယ်။ အသက်က ၄၀အောက်မရှိဘူး။ ၃၅အောက်တွေကို သံလွင်လူငယ်အသင်း ဆိုပြီး ခွဲထားသေး။ အမယ် သူတို့ လူကြီးအသင်းက ၀င်ကြေးလဲ ရှိ၊ လစဉ်ကြေးလဲ ရှိတယ်။ နောက် ၀တ်စုံကလဲ ၂ မျိုး ၃မျိုးနဲ့။ ဟိုအသင်းနဲ့ ချိန်းကန် ဒီအသင်းနဲ့ ချိန်းကန်ကလဲ ရှိသေး။ ကန်တာကတော့ ကွင်းသေး ၇ ယောက် ကွင်းပဲ။ တနာရီကို ဘတ် တထောင်တန် မြက်ခင်းတုနဲ့ ကွင်း၊ လဲလိုက်တာ လူကလဲ ပြောမနေနဲ့ အကန့်အသတ်မရှိ။ ဘယ်လောက်တောင် လဲ သလဲ ဆိုရင် ပထမပိုင်း နာရီဝက်မှာတင် အဲဒီလူတယောက်က ထွက်လိုက်ဝင်လိုက် ၃ ခါလောက် လုပ်ပြီးပြီ။ နောက် လူကျွံဘောမထားဘူး ဆိုတော့ တဘက် ဂိုးစည်းနားမှာ တယောက်က အသေကျွံထားသေး။ သူများနဲ့ ချိန်းကန်ဖို့ မရှိရင် ကိုယ့် အသင်း ထဲမှာ ၂ သင်းခွဲကန်ပြီး ငြင်းကြခုန်ကြသေး။
ကျမပီအေရဲ့ ကစားကွက်
ကျမကတော့ အဲဒီစနေ တနင်္ဂနွေ ပွဲတိုင်း လိုက်ကြည့်တယ်။ ရယ်ချင်လို့လေ။ ကိုယ်လဲ အကြောအချင်ပြေ ၊ ထူးခြားချက် တခုကို တိုးတိုးပြောပြရဦးမယ်။ ကျမ အားပေးတဲ့အသင်းက အမြဲရှုံးတယ်လေ။ ဒီနေ့ ဆို ချင်းမိုင်က အုပ်စုက လာကန်တော့ ကျမကို ချင်းမိုင်ဘက်ကို အားပေးတဲ့ ။ သူတို့ အသင်းက ပြောလာတယ်။ ချင်းမိုင်ဘက်က ဂိုးသမားမောတော့ ဒီဘက် အသင်းက ဂိုးသမားက ၀င်ဖမ်းပေးတာပဲ။ အံမယ် အဲဒီဘက်က ဖမ်းပေးတော့မှ လက်စွမ်းပြချက်က တဒိုင်းဒိုင်းသွင်းတာတောင် မ၀င်ဘူး။ ဒါပေမဲ့ လည်းးး ကျမ အားပေးတဲ့အသင်း ဆိုတော့ကာ ထုံးစံကို ဖျက်မရသေးဘူး။ သူတို့ ၆ ဂိုး ၅ ဂိုးနဲ့ ရှုံးသွားလေတယ်။ အမယ်.. ဒီမှာ နောက်ဆုံး အနိုင်ဂိုး ၆ ဂိုးမြောက်ကို သွင်းလိုက်တဲ့လူက နောက်တန်းတာဝန်ယူထားရတဲ့ ကျမရဲ့ ပီအေ လေ။
နောက်တန်းကလဲ ဂိုးသွင်းချင်သေး(နံပါတ် ၆ က ပီအေပေါ့)
သူတို့တွေလားးး အဲလိုပဲလေ နောက်တန်းကလဲ ဂိုးသွင်းလိုသွင်း၊ ရှေ့တန်းကလဲ ဂိုးသမားနဲ့ အပြိုင် ဂိုးပေါက်နားမှာ ကာလိုကာနဲ့။ ဒါပေမဲ့ သူတို့ အပတ်စဉ် စနေ တနင်္ဂနွေတိုင်း ဘောကန်လိုက်ရမှာ နေသာထိုင်သာ ရှိကြတယ်တဲ့။ ထူးတဲ့ဝါသနာ……
Sunday, July 18, 2010
အတိတ်ရဲ့ခြေရာ
စိတ်တွေက ၁၉၉၇ ခုနှစ်ခုလို မိုးတွင်းကာလကို ပြန်ရောက်သွားခဲ့တယ်။ ၁၉၉၇ ခုနှစ်ရဲ့ သြဂတ်စ်လ တရက်နေ့ နေ့လည် ၁၁ နာရီမှာ သားကြီးကို မွေးခဲ့တယ်။ သားမွေးရင် အံ့မင်းဇော်လို့ မှည့်မယ် ။ သမီးမွေးရင် ခင်မင်းဇော်လို့ မှည့်မယ်လို့ နာမည်ရွေးထားခဲ့တဲ့ အတွက် သားနာမည် အံ့မင်းဇော် ပေါ့။ ဒါပေမယ့် မနက် ၆ နာရီကတည်းက ရေမွှာပေါက်ပြီး မမွေးနိုင်ဖြစ်နေတာမို့ ညှပ်ဆွဲမွေးခဲ့ရတဲ့ သားက အသက်မရှည်ရှာဘူး ။ နောက်နေ့ နေ့လည် ၂ နာရီလောက်မှာ ဆုံးသွားခဲ့တယ်။ သားက အချင်းလည်ပင်းပတ်နေတာတဲ့။ ဒါ့ကြောင့် သူက ရေတွေ မွန်းခဲ့တယ် ထင်ပါတယ်။ နောက် ကလေး ကိုယ်ဝန်ရှိနေတာ မသိပဲ ငှက်ဖျားဒေသတွေ ခရီးထွက်နေတော့ ငှက်ဖျားကာကွယ်ဆေးတွေ သောက်နေတာလဲ ပါမယ် ထင်ပါရဲ့။
ပထမဆုံး ကိုယ့်ရဲ့ သားဦးမွေးတော့ အနီးအနားမှာ မိန်းမဖော်လဲ မရှိ။ ဆွေမျိုးသားချင်းမရှိ၊ နောက်ဆေးရုံမှာလဲ တကယ့်ကျွမ်းကျင်သူ အိုဂျီမရှိ၊ ခွဲစိတ်ဆရာဝန်မရှိ၊ ဖရူဆိုဆေးရုံကို သွားစစ်ဆေးနေတယ် ဆိုလား။ လွိုင်ကော်ဆိုတာ ကယားပြည်နယ်ရဲ့ မြို့တော်ဆိုပေမယ့် နယ်ဆေးရုံဆိုတော့ ဘာမှ ပြည့်ပြည့်စုံစုံမရှိတဲ့ အချိန်ပေါ့။ ကလေးညှပ်ဆွဲမွေးပေးတဲ့ ဆရာဝန်မငယ်ငယ်လေး နာမည်က နွယ်နွယ်ဝင်းတဲ့။ သူတယောက်တည်း ညှပ်ဆွဲတာ မနိုင်တော့ နောက်ထပ် ဆရာဝန်ငယ်ငယ်လေး ကောင်းမြတ် ဆိုတာကပါ ၀င်ဆွဲပေးရသေးတာကလား။ မွေးခန်းထဲမှာ အသံတိတ်နေလို့ အပြင်မှာ စောင့်နေတဲ့ သက်ဆိုင်သူကလဲ ရင်တထိတ်ထိတ်နဲ့။ ကျမတို့ ၂ယောက်တည်းပဲ ရှိနေရတဲအချိန်ပါပဲ။
ကလေးဆုံးတော့ ချက်ချင်းမငိုဖြစ်သေးဘူး။ မွေးပြီးကတည်းက အသက်ရှု ရပ်ရပ် သွားတဲ့ ကလေးနဲ့ ဘာမှ မလုပ်တတ်တဲ့အမေလက်သစ်ရဲ့ ဘ၀ကလဲ ပြန်မတွေးချင်လောက်အောင် စိတ်ညစ်ခဲ့ရတာပဲ။ နောက် ကလေးကို အောက်စီဂျင်ပေးရမယ်ဆိုတော့ ပြည်နယ်ဆေးရုံမှာ မရှိလို့ လွိုင်ကော် စစ်ဆေးရုံကနေ သွားငှားခဲ့ရတယ်။ အဲဒီချိန်တုန်းက ကယားအထူးဒေသ (၃) ရဲ့ ဆက်ဆံရေး တာဝန်ခံ လုပ်နေရတဲ့ ကျမ ပီအေက သွားငှားတော့ ထောက်လှမ်းရေးက တော်တော်ကူညီခဲ့တာပဲလေ။ စစ်ဆေးရုံမှာ ရှိတဲ့ တလုံးတည်းသော အောက်စီဂျင် ဗူးကို ငှားပေးလိုက်တယ်။ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူမို့ထင်ပါရဲ့။
ကလေးကိုယ်ဝန်ကြီးနဲ့တုန်းက အိမ်မှာရောက်နေတဲ့ ရဲဘော်တွေ ဆို စကားပြောဖြစ်တိုင်း၊ နောက် ၁၀ နှစ်ကျနော်တို့ ပြန်ဆုံရင် အံ့မင်းဇော်လေးက တော်တော်ကြီးနေမှာ။ ဘယ်လိုဆော့နေမှာ ဆိုတာမျိုးတွေကလဲ ခဏခဏ ပြောထားတာ ဆိုတော့ ကလေးဆုံးပြီးဆေးရုံးက ဆင်း ၊ အိမ်ပြန်တော့ သူတို့တွေကလဲ မျက်နှာငယ်လေးနဲ့။ ကျမကလဲ သူတို့ကိုတွေ့တာနဲ့ အံ့မင်းဇော်တော့ ပြန်ပါမလာတော့ဘူးဟယ် ဆိုပြီး ငိုတာပါပဲ။( အဲဒီတုန်းက ရောက်နေတာ ထောင်ထဲမှာ ဆုံးသွားတဲ့ သက်ဝင်းအောင် အပါအ၀င် ခု အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ၊ အာအက်ဖ်အေမှာ လုပ်သွားတဲ့ မင်းဇင်၊ ထောင်တသက်တကျွန်းကျနေဆဲ အကိုကြီးတယောက်။ နောက် အမေရိကားရောက်နေတဲ့ မင်းဇင် သူငယ်ချင်းတယောက်။ )
ဘာပဲ ဖြစ်ဖြစ် အဲဒီသားကြီး ဆုံးသွားတဲ့ အချိန်ကို ဘ၀မှာ မေ့ထားချင်ခဲ့တာ အမှန်ပါ။ ခုပြန်တွေး ပြန်ရေးတော့ ပြန်ခံစားရတယ်။ ကလေးဆုံးသွားတာကို အမေကို တိုက်ရိုက်လာပြောရလား ဆိုပြီး အစိမ်းဝတ်သူနာပြုကြီးက လာဆူတာလဲ သူ ခံနေရတာပဲ။ ကြားခါစက မငိုပဲ ပြီးမှ ငိုတော့ မတိတ်နိုင်ဖြစ်နေတာမို့ အစိမ်းဝတ်ကြီးက သွေးနုသားနုနဲ့ တခုခုဖြစ်မှာ စိုးရိမ်ရှာတာပေါ့။ သူက စိတ်မာပါတယ်လို့ ပြောရင်း ကျမကို ငုံ့ကြည့်တဲ့ မျက်လုံးတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ ။ အဲဒီချိန်တုန်းက လောကဓံကို ၂ယောက်တည်း ရင်ဆိုင်ရတာ ဘယ်တော့မှ မေ့နိုင်မယ် မထင်ဘူး။ ဘယ်တုန်းကမှ ထင်မထားတဲ့ ကိုယ့်ရဲ့ သွေးသားအရင်းအချာ ၊ တကယ့်ကို မျှော်လင့်တကြီးစောင့်ကြိုခဲ့ရတဲ့ သားဦး ဆိုတော့ ကျမအတွက် ရူးမတတ်ဆိုတဲ့စကားကို လက်တွေ့ သိရတဲ့အချိန်ပေါ့။
တချိန်လုံးငိုနေတဲ့ ကျမကို ဘယ်လိုမှ မပြောတတ် မချော့တတ်တော့တဲ့ အချိန်တွေမှာ မဂ္ဂဇင်းတွေထဲက ၀တ္တုတွေ တပုဒ်ပြီး တပုဒ် အသံထွက်ဖတ်ပြခဲ့ရတာ။ စကားပြောနေရင်းက သတိရပြီး ထ ငိုတတ်တဲ့ ကျမကို အကြောင်းအရာရွေးပြီး ပြောခဲ့ရတာ။ ကိုယ့်ကလေးဆုံးတော့ ဘယ်သူ့ကလေးမှ မကြည့်ချင်ဘူး ပြောပြောနေလို့ လူနာလာမေးတဲ့ ရဲဘော်မိန်းမတွေ ကလေးပါရင် ကလေးခေါ်မသွားဖို့ ကလေးအကြောင်းမပြောဖို့ အိမ်ရှေ့က တိတ်တိတ်ကြိတ်မှာရတာ။ ကိုယ်ငိုနေရင် ကိုယ့်မျက်လုံးတွေ သေချာကြည့်နေရတာ (ရူးသွားမှာ စိုးလို့တဲ့ ) အဲဒါတွေကို ခုနောက်ပိုင်းမှာ ပြန်ပြောပြခဲ့တာပါ။ အဲဒီတုန်းကတော့ မိဘတွေရဲ့ စွန့်ပစ်ခံမို့ တနယ်တကျေးမှာ တော်တော့်ကို ခံစားရတဲ့အချိန်ပေါ့။
ကလေးဆုံးပြီး ဆေးရုံကဆင်း။ နောက် ဆေးရုံကိုထပ်သွားပြရတဲ့အချိန်မှာတော့ အိုဂျီ ဒေါ်ခင်ထားရီ ဆိုတာ အင်္ဂလန်က ပြန်ရောက်ခါစ တာဝန်ကျလာတယ်၊ သူက အကျိုးအကြောင်းမေးရင်း ဌာနက ဆရာဝန်တွေကို နိုင်ငံခြားမှာ ဆိုရင် အဲဒါ တရားစွဲလို့ ရတယ်တဲ့။ သူဆေးရုံကို အချိန်မီရောက်ရဲ့ သားနဲ့ မွေးချိန်ကအရမ်းနောက်ကျနေတယ်တဲ့။ ကိုယ်ရှိတုန်း ထပ်ယူပါလား ။ ကိုယ် သေချာ မွေးပေးခဲ့မယ်။ ယူ့ကို ခွဲမွေးပေးခဲ့မယ် တဲ့။ အဲဒီဆရာမကတော့ ကလေးထပ်ယူဖို့ အားပေးခဲ့တယ်။ နောက်ထပ်ကလေးတောင် မယူချင်လောက်အောင် စိတ်ဓါတ်ကျနေတဲ့ကိုယ့်ကို ဆေးရုံ သွားပြတဲ့အခါတိုင်း တိုက်တွန်းလို့ ။ ကျမနဲ့လဲတော်တော်ခင်သွားတယ်။ (နောက်ပိုင်း သူပုသိမ်ဆေးရုံကြီးကို ပြောင်းလာရတော့ သူ့နဲ့ ဆုံခဲ့ရသေးတယ်။) အင်္ဂလန်ပြန်ပေမယ့်သဘောထားပြည့်တဲ့ ဆရာဝန်မတယောက်ပါပဲ။ သူ့အားကိုးနဲ့ ခုသားသားကို ကျမတို့ ယူခဲ့မိတယ်။ သားကိုခွဲမွေးပေးခဲ့ပြီး နောက်တပတ်ဆို သူပြောင်းသွားတော့တယ်။
အချိန်မတိုင်မီ ဘ၀ထဲက ထွက်သွားခဲ့ရတဲ့ ကလေး၊ ဖြူစင်ပြီး ဘာဆိုဘာမှ မသိသေးတဲ့ကလေး။ လူ့ဘ၀ရဲ့ အစမှာကတည်းက ဝေဒနာတွေ ခံစားသွားရတဲ့ ကလေးမို့ ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် ပဲ အပြစ်တင်ချင်တယ်။ ဒီကလေးကို ဘာလို့ရှင်အောင်မမွေးနိုင်ခဲ့ရတာလဲ ဆိုတာ။ အဲဒီတုန်းက ကလေးမွေးပြီးခါစ အနှီးတွေပဲ ရှိပြီး ကလေးအကျီ င်္တောင်မ၀ယ်ထားခဲ့မိတဲ့အဖြစ် ။ ဘာဆိုဘာမှ မသိခဲ့တဲ့ အဖြစ်ပါ။ နောက်ဘ၀ဆိုတာများရှိခဲ့ရင် ဒီသားကြီးနဲ့ပြန်ဆုံချင်ပါသေးတယ်။ ခုဘ၀မှာ မပြုစုလိုက်ရတာ။ ဘာမှ အတွေ့အကြုံမရှိတော့ ဘယ်လိုမှ မပြုစုတတ်တာကြောင့်လား ဆိုတာ တွေးမိတိုင်းယူကျုံးမရဖြစ်ရတယ်။ တခါတလေ မိသားစု ပျော်ရွှင်မိတဲ့အချိန်တွေမှာ သူ့ကို သတိရမိသေးတယ်။ ဒီသားကြီးသာ ရှိရင် …. ဆိုတာကို ခဏခဏတွေးမိတယ်။
တကယ်လို့ သူသာ ရှိနေရင် အခုဆို အသက် ၁၃ နှစ်ပြည့်တော့မယ်ပေါ့။
ခုချိန်မှာတော့ အသိတွေရဲ့ ကလေး ဆုံးတယ် သတင်းတွေ ကြားတိုင်း အသစ် ပြန်ဖြစ်တုန်းပါပဲ။ ကိုယ့်တုန်းက တရက်သားလေးတောင်မှ ဒီလောက်ခံစားရတာ ။ နည်းနည်းကြီးလေ ပိုခံစားရလေ ဖြစ်မှာဆိုတာကို ကိုယ်ချင်းစာနိုင်တယ်။ လောကဓံတရား ၈ ပါးထဲမှာ ခံစားခဲ့ဘူးတာတွေက ကြီးမားလွန်းပါတယ်လေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Wednesday, July 7, 2010
အသွင်တူ၏မတူ၏
ချစ်သောသူတယောက် ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်က သူ့မှာ ရှိတဲ့ အကျင့်တွေကို သတိမထားမိခဲ့ပါဘူး။ အိမ်ထောက်ဘက်ဖြစ်တော့မှ သိသိသာသာ ထိုးထွက်လာတဲ့အကျင့်တွေထဲမှာ ကျမတခါမှ မထင်မှတ်ထားတဲ့၊ မယုံနိုင်တဲ့ အကျင့်တွေ မြင်လိုက်ရတော့ အံ့သြမိတာတွေ ရှိခဲ့တာကတော့ ကိုယ်တိုင်ကြုံမှ သိနိုင်ပေလိမ့်မည် လို့ ပြောရမယ်။
အထူးခြားဆုံးဖြစ်ပြီး ကျမနဲ့ အဆန့်ကျင်ဆုံးအကျင့်ကတော့ သူ့ရဲ့ နားထောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ လူတကာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးတာ အဲဒီလိုနားထောင်တဲ့အခါမှာလဲ စိတ်ပါလက်ပါ နားထောင်တာ တော်တော့်ကို သြချရပါတယ်။ အစည်းအဝေးတွေမှာ ၊ အပ်ကြောင်းထပ် စကားပြောတတ်သူတွေနဲ့ ဆုံတွေ့နေရတဲ့အခါ၊ ခပ်ဝါ၀ါ စကားကြောရှည်သူတွေနဲ့ တွေ့တဲ့အခါ မျက်နှာတချက်မပျက်ပဲ နားထောင်နေတတ်တာ။ ဒါ့အပြင် သူသိပြီးသား ကိစ္စတခု ဒါမှမဟုတ် သူပါဝင်ပတ်သတ်ခဲ့တဲ့ကိစ္စတခု အဲလိုမျိုးကို တခြားတယောက်က သူလုပ်သယောင် ကြွားဝါ လိမ်ညာနေတာမျိုးကိုလဲ နားထောင်ပေးနေနိုင်စွမ်းရှိနေပြန်ပါတယ်။
ကျမကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ လိုရင်းမပြောပဲ ပေရှည်နေတဲ့ လူများတွေရဲ့ စကားကို စိတ်မ၀င်စားတတ်သူဖြစ်သလို သိပြီးသားတခုခုကို လာပြောနေရင်လဲ အောင့်ပြီး နားထောင်မနေချင်လို့ သိပြီးပြီလို့ ဖြတ်ပြောတတ်သူ။
ဘယ်သူနဲ့မှ စကားများဖို့ ငြင်းခုန်ဖို့ မရှိတဲ့ သူနဲ့ ကိုယ်သေချာသိတဲ့အကြောင်းအရာဆို အသေငြင်းမယ်ဆိုတဲ့ကျမနဲ့က တလမ်းစီဖြစ်နေမလား။
ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။
သူကနာမည်တွေ ဂဏန်းတွေကို မှတ်နိုင်သလောက် ကျမက လူနဲ့နာမည်တွဲ မမှတ်မိတတ်သလို သူ ရှိနေတာမို့ ဘာကိုမှလဲ ထူးမမှတ်တော့။
ကျမက ခံစားမှုကို လှုပ်လှုပ်ခတ်ခတ်ဖေါ်ပြတတ်သူဖြစ်ပြီး ဘာမှမကွယ်ဝှက်နိုင်သူ၊ သူက ခံစားမှုကို အပြင်က မသိအောင် ထိန်းချုပ်နိုင်သူ။
လဘက်ရည်ကို စွဲစွဲမက်မက် ကြိုက်တဲ့ ကျမနဲ့ ယောက်ျားဖြစ်ပြီး လဘက်ရည်မကြိုက်တဲ့သူ။
ကျမကခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ ဖြစ်ပြီး သူက အိပ်ဖို့တော်တော်အချိန်ယူရသူ။
ထူးခြားတာက အဲလို အိပ်ပျော်လွယ်တဲ့ ကျမက လူတွေရဲ့ အပြစ်အနာကို ချက်ချင်းမြင်တတ်သူ ဖြစ်ပြီး သူက လူတိုင်းကို အကောင်းမြင်တတ်သူ ဖြစ်နေတာပါပဲ။
ရေကို မက်မက်စက်စက် သောက်တတ်တဲ့ ကျမကို တအံ့တသြ ဖြစ်နေတတ်တဲ့ သူ့ကို ရေသောက်ဖို့ ခဏခဏ သတိပေးရတာကလဲ ကျမပါ။
ရေသောက်သလို ရေချိုးဖို့ ကျမမပြောမချင်း မချိုးတဲ့ သူနဲ့ ရေချိုးပြီးစ အချိန်ဆို ကိုယ့်ကိုယ်ကို သိပ်ကြိုက်တယ် ဆိုပြီး ခဏခဏ ရေချိုးတဲ့ ကျမက တကယ့်ဆန့်ကျင်ဘက်။
မီးဖိုချောင်ထဲမှာ ချက်ပြုတ်အချိန်ကုန်တာကို မကြိုက်တတ်ပဲ ၀ယ်စားလိုက် လွယ်တယ် ဆိုတဲ့ သူနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာ ကိုယ်တိုင်လုပ်ရတာကြိုက်တဲ့ ကျမက အံမ၀င်ချင်သလိုလို။
ကျမတို့ ၂ယောက်မှာ တူညီတာကတော့ အ၀တ်အစားတွေ ပစ္စည်းတွေကို အိမ်မှာ အများကြီး မထားတတ်တာ။ နည်းနည်းများလာရင် ဘယ်သူ့ပေးရမလဲ စဉ်းစားကြတာ၊ ဘာမှမစုဆောင်းတတ်တာ၊ ကိုယ့်ဆီက ပိုရင်စုဆောင်းတာထက် လိုတဲ့လူကို ပေးလိုက်တာ ပိုမြတ်တယ်လို့ ခံယူတာချင်းတူတာမို့ ထင်ပါရဲ့။ ဘုရားတရားမှာ တအားလေးလေးနက်နက် မလိုက်စားတာချင်းလဲ တူပါတယ်။(နတ်ပြည်ကိုတယောက်တည်း မရောက်ချင်ကြလို့ဖြစ်မယ်)
သီချင်းပြိုင်တူညည်းမိရင်တောင် တူနေတတ်ပါသေးတယ်။
ကိုယ်လုပ်ချင်တာကို လုပ်တဲ့နေရာမှာ ခေါင်းမာတာကတော့ တူတာမှ တပုံစံတည်း။
အတူဆုံး ထပ်တူအကျဆုံး စကားတခွန်းကတော့ တယောက်နဲ့တယောက် တွေ့လို့ အရင်ဆုံးမေးတဲ့ မေးခွန်းပါ။ သားသားဘာလုပ်နေလဲ ဆိုတဲ့အမေးစကားပါပဲ။
တထိုင်တည်းစဉ်းစားရမိသလောက် ချရေးကြည့်တာပါ။ သက်ဝေညီမကျေနပ်မယ် ထင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Monday, June 21, 2010
အန်တီစုပြီးရင် ကိုယ်
အန်တီစုမွေးနေ့ပြီး တရက်ကျော်မှာ ကျမရဲ့ မွေးနေ့ပါလို့ ပြောချင်တာပါ။(အနှစ် နှစ်ဆယ်တိတိ ကွာခြားပါတယ်)
ဒီနေ့တော့ ဘလော့လာ ရွှေပရိတ်သတ်များကို ကျမ်းခန့်သာလို့ မာပါစေလို့ ဒီစာမျက်နှာပေါ်ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘလော့လေး စတင်ရေးသားခဲ့တဲ့ ၃ နှစ်ပြည့်လဲ ဖြစ်တာမို့ ကျမ သိစေချင်တာ ခံစားစေချင်တာ ဝေမျှချင်တာတွေကို လာရောက်ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူ ဘလော့ဖတ်သူများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းဘလော့ရေးဖော်ရေးဖက်အနေနဲ့ လှည့်လည်ဖတ်ရှုဖို့ရောက်လာသည်ဖြစ်စေ။ မျက်စိလည်လမ်းမှားလို့ ဖြစ်စေ တမင်လာရောက်အားပေးကြသည်ဖြစ်စေ၊ ကောမန့်တွေနဲ့ အားပေးသည်ဖြစ်စေ၊ ကောမန့်မချပဲ တိတ်တဆိတ် ပြန်လှည့်သွားသူဖြစ်စေ အားလုံးကို ကျေးဇူးတင်နေမှာပါ။ ကျမရဲ့ ဘလော့မှာ တင်ထားသမျှအားလုံး စာဖတ်သူ တစုံတရာ(အချစ်၊ အမုန်း စသဖြင့် ရသ၉ပါး တပါးပါး) ခံစားရရှိသွားစေဖို့ ရည်ရွယ်ပါတယ်လို့လဲ ပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။
မအားတာနဲ့ ရေးဖို့ပျင်းနေတာကြောင့် အရင်ကလို ၀တ္တုတို ရှည်လေးတွေ မရေးဖြစ်နေတာကိုလဲ စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။
ကျမ စာရေးဆရာမ မဟုတ်ပေမယ့် ပရိတ်သတ်ကို ဆွဲငင်ဖမ်းစားနိုင်တဲ့အရေးအသား ဇာတ်အိမ်ကြီးတွေနဲ့ စာရေးဆရာမတဦးဖြစ်ချင်ပါတယ်။ အဲဒီအတွက် ဇွဲ ရှိဖို့ လုံ့လစိုက်ဖို့ ကိုယ့်ကိုယ်ကို အသိပေးနေဆဲပါ။
ဒါနဲ့ပဲ အသက်တနှစ်ကြီးလာပြန်တယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်းကို ဆက်လက်လျှောက်လှမ်းနေဦးမယ်။
ကိုယ့်ရွေးချယ်မှုကို ယုံကြည်ချက်က တွန်းအားပေးပါတယ်။
ကျမကို ကျေးဇူးမတင်ကြပါနဲ့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Sunday, June 20, 2010
နောက်ကျဆုတောင်းး
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက်မွေးနေ့ ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့တာ ဒီနှစ်မှာ ၁၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ မဲဆောက်နဲ့ ဝေးရာကနေ ဖုန်းတလုံးနဲ့ နောက်ဆံတင်းခဲ့ရတဲ့ ဒီနှစ်အခမ်းအနားကို အမှီရောက်အောင်ပြန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သိုက်မြိုက်စည်ကားတဲ့ အခမ်းအနားကြောင့် ရင်ထဲမှာ ၀မ်းသာဝမ်းနည်းခံစားရတယ်။
အဲဒီပွဲမှာ အန်တီ့အကြောင်းပြောကြတော့ မျက်ရည်ခဏခဏ လည်မိတယ်။ နှလုံးသားက သိပ်များနုနေသေးသလား။ ခံစားတတ်တာက အသက်အရွယ်နဲ့ ဆိုင်သလား။ သိပ်တော့ နားမလည်ဘူး။ ဒါပေမယ့် ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အမေနဲ့ တန်းတူ ချစ်ခင်လေးစားတန်ဖိုးထားတယ်။ ဒါ့ကြောင့်လဲ အန်တီနဲ့ အတူတူ ဒီမိုကရေစီရွှေပြည်သစ်ကို တည်ဆောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားအကောင်အထည်ဖော်မယ်။ အန်တီ့ရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးမယ်။ ဒါက အန်တီ့ရဲ့မွေးနေ့မှာ တယောက်တည်းပေမယ့် တည်မြဲမယ့် သစ္စာဓိဌာန်ပါပဲ။
ယာယီခရီးကိစ္စနဲ့ ဒီအခမ်းအနား ကျင်းပဖို့ လုံးပမ်းနေတာတဖက်၊ အလုပ်ကတဖက်နဲ့ ဘလော့ဖတ်ကို ခြေဦးမလှည့်နိုင်ဖြစ်နေရပါတယ်။
အန်တီ့မွေးနေ့မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအချက်တွေကြောင့် လေးစားအတုယူသလဲ ဆိုတဲ့ စကားဝိုင်းကိုလဲ ရိုက်ကူုးခဲ့သေးတယ်။
တကယ်တမ်းပြောကြတော့ အန်တီ့ရဲ့ ဂုဏ်ရည်တွေကို ပြောမကုန်နိုင်ဘူး။ ကိုယ်တိုင် ဒီစကားဝိုင်းရဲ့ အချိန်ကန့်သတ်မှုတွေကို မေ့သွားခဲ့ရတယ်။ တကယ့်အချက်တွေကို အားရပါးရ မပြောလိုက်နိုင်ခဲ့သလိုပဲ။ တထောင့်တနေရာက မြူမှုန်လောက်တော့ ဖြည့်ဆည်းပေးနိုင်လိမ့်မယ်ထင်ပါတယ်။ ကျမရဲ့ ဘ၀ ရည်မှန်းချက် အလုပ်အကိုင် အားလုံးကို ဒီမိုကရေစီတော်လှန်ရေးအတွက်ပဲ ပေးဆပ်ဖို့ ဆုံးဖြတ်ချက်က ပို ပိုခိုင်မာလာတယ်။ (ပေးဆပ်တယ်လို့ ပြောတာ မှားတယ် ပြောကြဦးမလား ။ မကျေနပ်ရင် ကိုယ်ပိုင် ရွေးချယ်မှုလို့ ပြင်ဖတ်နိုင်ပါတယ်)
အန်တီကျန်းမာပျော်ရွှင်နိုင်ပါစေ။ အန်တီ့ရဲ့ ထက်မြက်ခြင်းတွေကို တိုင်းပြည်အတွက် မျိုးဆက်သစ်တွေအတွက် ပေးဆပ်ခွင့်ရပါစေ။ ကုန်လွန်ခဲ့တဲ့အချိန်တွေမှာ အန်တီ့လို ခေါင်းဆောင်တဦးကို ရရှိပိုင်ဆိုင်ရပါလျှက် အသုံးပြုခွင့်မရသေးတဲ့အတွက် တိုင်းပြည်အတွက် လဲ နှမြောတသမိပါတယ်။
ဆုတောင်းတာကို မနှစ်သက်ပေမယ့် အန်တီ့အတွက်တော့ ဒီဆုတွေကို သစ္စာဆို ဆုတောင်းပါတယ်။ အန်တီ့ရဲ့ လမ်းညွှန်ချက် တွေ ၊ ဆုံးမစကားတွေကို တသွေမတိမ်း လိုက်နာကျင့်သုံးနိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီသစ္စာစကားကြောင့် အမှန်တရားအတွက်သာ လုပ်ကိုင်ဆောင်ရွက်တတ်တဲ့ အန်တီရဲ့ ရဲရင့်ထက်မြက်ခြင်း အရည်အချင်းအားလုံးနဲ့ တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ။
ချစ်ခင်ခြင်းများစွာဖြင့်
ခင်မင်းဇော်
Sunday, May 9, 2010
စစ်တပ်အားကိုး ပုဆိန်ရိုးများကို ကန့်ကွက်ကြ
အဲဒီဗကသအလံဟာ သမိုင်းတန်ဖိုးတွေ အပြည့်ရှိတဲ့အလံဖြစ်တယ်။ ကိုလိုနီခေတ်မှသည် စစ်အာဏာရှင်တော်လှန်ရေးမှာပါ သုံးတဲ့အလံဖြစ်တယ် ဆိုတဲ့ အင်တာဗျူးတွေကို အဲဒီအလံသူခိုး နာမည်သူခိုး ရဲထွန်းက ဒီအလံကတဲ့ ၁၉၈၈ ကမှ ဆွဲတာတဲ့… နားထောင်နေရင်းး ဘုရားတမိတော့တယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဖို့ ၀န်မလေးတဲ့ စိတ်ဓါတ်တွေနဲ့ သမိုင်းကိုလဲ ဒါးမြတိုက်ယူဝံ့ကြတယ်။
Thursday, April 29, 2010
ပညာ နဲ့ သညာ
သူတို့သင်ခွင့်ပြုတဲ့အရာတိုင်းကလဲ မမှန်ကန်ခဲ့လို့ စနစ်တွေ တခုပြီးတခု၊ ခေတ်တွေတခုပြီးတခုကို တော်လှန်ရေးတွေနဲ့ ဖောက်ထွက်စဉ်းစား လုပ်ကိုင်နိုင်သူတွေက ပြောင်းလဲ စေခဲ့တယ်။
ဒါဟာ သမိုင်းသက်သေပဲ။
ဒါ့ကြောင့် ခု လူတွေ လက်ခံနေတဲ့ သင်ကြားနေတဲ့ အရာတွေထဲမှာလဲ မှားယွင်းမှုတွေ ရှိနိုင်မယ်။
ကိုယ်တိုင်လုပ်နေတဲ့အလုပ်မှာ ဘယ်အလုပ်ဟာ ဘယ်အတိုင်းအတာထိ လုပ်ဖို့ လိုအပ်တယ်ဆိုတာ အခြေအနေ အချိန်အခါအရ ဆုံးဖြတ်နိုင်ကြတဲ့ လူတွေမှသာ ခေတ်ကိုခေါင်းဆောင်နိုင်မယ။် စနစ်ကိုခေါင်းဆောင်နိုင်မယ်။
စာအုပ်ထဲက သီအိုရီတွေကိုသာ အမြဲကျင့်သုံးနေမယ် အဲဒါတွေနဲ့သာ ချိန်ထိုးနေမယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာ ပေါ်လာစရာမရှိဘူး။ ခေတ်စနစ်တွေလဲ ပြောင်းလဲလာစရာမရှိဘူး။
အဲဒီသဘောတရားကို နားလည်နိုင်သူတွေ များပြားလာပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Rest of your post
Saturday, April 24, 2010
ပြည်သူ့အစိုးရ ပေါ်ပေါက်ရေးးးး တို့အရေးး
ဆိုင်းဘုတ်ကို ကိုယ့်ဘာသာကိုယ် ဖြုတ်ချစရာမလို၊
အန်ဂျီအိုပါလို့လဲ ပြောင်းဖို့မလိုတဲ့....
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး မှာလဲ အင်အားမရှိတဲ့ ငြိမ်းအဖွဲ့ငယ်လေးတွေပဲ ရလိုက်တယ်။
ကိုယ့်ရဲ့ လက်နက်နဲ့လူတွေကိုပါ အပြီးအပ်လိုက်ပြီး တဖြည်းဖြည်း ၀ါးမြိုသွားမယ့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ဘယ်တိုင်းရင်းသားကမှ လက်မခံဘူး။
နအဖ အကွက်တွေကို မြင်ကြဖို့လိုပြီ။
နအဖနဲ့ ပူးပေါင်းမှုအားလုံး မလုပ်ကြဖို့ ဘူးလှုပ်ရှားမှုကို တိုးမြှင့်ကြစို့။
တော်လှန်ရေး သစ္စာဖြင့်
ခင်မင်းဇော်
Rest of your post
Sunday, April 18, 2010
ဝမ်းနည်းကြောင်းလေး ရေးပေးပါ....
ဗုံးပေါက်ကွဲမှုတွေကနေ သင်ခန်းစာတွေ ယူတတ်ကြဖို့ လိုလိမ့်မယ်လို့ ဖေ့ဘွတ်တွေ လည်ဖတ်ရင်း ဘလော့တွေ လည်ဖတ်ရင်းကနေ တွေးမိသွားတယ်။
တကယ်က ခုသေတဲ့လူတွေကိုကြည့်ပြီး ကျမသနားမိတာက ကျန်တဲ့လူတွေ သနားတာနဲ့ နည်းနည်းကွာခြားမယ်။ ဘယ်လိုကွာခြားလဲ ဆိုတော့ စစ်တပ်ဆိုတာနဲ့ ပေါင်းနေရင်၊ သူတို့ စိတ်ကျေနပ်အောင် မျက်နှာချိုသွေးနေနိုင်ရင်၊ နိုင်ငံရေး ဆိုတာကြီးနဲ့ ဝေးဝေးနေနိုင်ရင် ငါတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စိတ်ချရပြီလို့ စဉ်းစားထားတဲ့လူတွေ လက်တွေ့ ကျင့်သုံးနေတဲ့လူတွေ အတွက် သူတို့အားထားလေးစားကိုးကွယ် မျက်နှာချိုသွေးနေတဲ့ အဲဒီ ဗွီအိုင်ပီ လူတန်းစားကြီးရဲ့ ဗွီအိုင်ပီ ရေကစားမဏ္ဍပ်မှာ ခုလိုလဲ သေနိုင်တယ် ဆိုတာကို အသက်နဲ့ ရင်းပြီးမှ သိလိုက်ရလို့ပဲ။
ဒီစနစ်ကြီးအောက်မှာ နိုင်ငံရေးမလုပ်ဘူး။ လက်ရှိအာဏာရှိသူနဲ့ ပေါင်းရင် အဆင်ပြေတန်ကောင်းပါရဲ့၊ အသတ်မခံရဘူး၊ အဖမ်းမခံရဘူး၊ ပစ္စည်းတွေအလုမခံရဘူး၊ အခွင့်အရေးတွေတောင်ရမယ်လို့ တွေးပြီး ဘ၀ကို လဲခဲ့ရတဲ့လူတွေပါပဲ။ ဘယ်လောက်မျက်နှာချိုသွေးသွေး မကြည်တဲ့အခါ ဖနောင့်နဲ့ အပေါက်ခံရတတ်တာတွေက ရှေ့မှာ သင်ခန်းစာတွေ ပေးသွားတဲ့ လူတွေ လဲ မနည်းပါဘူး။
Tuesday, April 6, 2010
ရင်ထဲ ရှိရာ ….ယုံကြည်ရာ
အံမယ် သူက ဆိုသေးတယ်လေ။ ခေါင်းအေးအေး ထားစဉ်းစားတာ ရေရှည်အကျိုးမျှော်တတ်တာ သူတို့ ၃ ယောက် ၄ ယောက်ပဲ ဆိုလား။ အော် ငါးဖယ်က ပြောင်းပြန်လို့။ ကိုယ့်ထက် အသက်ကြီးပေမယ့် သူ့အတွေးအခေါ်က ဘာလို့ လွဲနေပါလိမ့်လို့ စဉ်းစားရတာ ခေါင်းတောင်စားသွားသေးတယ်။
သူထောင်ထဲမှာ နေခဲ့တဲ့ နှစ်တွေကို နှမြောမိသေးတယ်။ စောစောစီးစီးသာ ခုလိုတွေးမိရင် စောစော ထွက်နေရမှာပဲဟာနော်။
ခုဆို နိုင်ငံခြားသူ(ထိုင်းမ)ကို ယူထားတဲ့ ဦးသုဝေ ဘယ်လောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲ ကို ၀င်ကြပါ မဲဆွယ်ပေးသော်လည်း ၀င်ခွင့်မရနိုင်၊
ဒေါ်သန်းသန်းနု လဲ ထိုနည်းလည်းကောင်း မြန်မာနိုင်ငံမှာ တဆက်တည်း ၁၀ နှစ် မနေထားမိလို့တဲ့ (ငယ်တုန်းက နေထားတာ မရဘူးလားမသိ) ၀င်ရဘူးတဲ့။ အင်တာဗျူးမှာ နားထောင်လိုက်ရတာ….
ဒေါက်တာခင်ဇော်ဝင်းလဲ နိုင်ငံခြားက လခစားဖြစ်နေတော့ ၀င်လို့ရပါ့မလား သူ့မှာ ပါတီလဲ မရှိ….
နိုင်ငံခြားနဲ့ ဖုန်းလဲ တကော၊ စာလေးတစောင် ၊ အင်တာဗျူးလေးတခု လုပ်မိရင်တောင် ပါတီဖျက်သိမ်းခံရမယ့် ဥပဒေအောက်မှာ…….
လွတ်မြောက်နယ်မြေက ၀င်ချင်နေတဲ့ လူတွေလဲ အခြေခံဥပဒေကို သေချာ မဖတ်မိဘူးလား။ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာလား မိဘတွေအတွက် ခုမှပဲ ပြန်စဉ်းစားမိနေတာလား။
……..
အင်းလေ..သူတို့လဲ သူတို့သမိုင်း သူတို့ရေးနေတာပဲမဟုတ်လား။
...........
.................
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပြည်သူသို့ ပန်ကြားလွှာထွက်သတဲ့။
တကယ်က တိုက်ပွဲမဆုံးသေးဘူး။ တကယ့် အာဏာဖီဆန်ရေးတိုက်ပွဲတွေက ခုမှ စမှာမို့ အရင် ဦးအောင်ရွှေလက်ထက်က မအောင်မြင်ခဲ့တာကို တောင်းပန်တာလားမသိ လို့ တွေးမိတယ်။
အန်အန်လ်ဒီမှာ လုပ်ရမယ့် လမ်းတွေ ။ တိုက်ရမယ့် တိုက်ပွဲလက်နက်တွေ ၊ နည်းနာတွေ ရှိနေပါသေးတယ်။ အဲဒါကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ကြတဲ့ အဖွဲ့ဝင်တွေ အမတ်တွေအားလုံး မှာ တာဝန်ရှိသလို အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အဖွဲ့တိုင်း ပြည်သူတိုင်းမှာလဲ တာဝန်ရှိတယ်။
အဲဒါကတော့..
၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေက ကျွန်ုပ်တို့ ရှေ့ကခေါင်းဆောင်ပေးပါ ဆိုတဲ့ မန်းဒိတ်ကို ရယူထားပြီးနောက် တခါမှ အသုံးမပြုရသေးတဲ့ အတွက် အဲဒီမန်းဒိတ်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်ရထားတဲ့ မန်းဒိတ်တွေကို အသုံးချပေးဖို့ တာဝန်။
ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ပြောပြီး သူကိုယ်တိုင်ရှေ့ဆောင်လုပ်ပြတဲ့ မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတာကို အန်အန်လ်ဒီအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ တဆင့်ပြီးတဆင့် လုပ်ဆောင်ပြကြဖို့။
ဘဘဦးဝင်းတင်ပြောတဲ့ သူသေ ကိုယ်ရှင် နည်းလမ်းတွေကို ကြံဆ တိုက်ပွဲဝင်ဖို့။
ဒီသုံးခုကို တညီတညာတည်း အဖွဲ့ချုပ်က လုပ်ကြည့်ပါ။ ပြည်သူနဲ့ တသားတည်းနေပါဆိုတာ ပြည်သူတွေလမ်းပေါ်ထွက်ရင် လိုက်ထွက်ပေးနိုင်ဖို့ နဲ့ ပြည်သူတွေ လိုက်ပါနိုင်အောင်လဲ ကိုယ်က အရင်ရှေ့ထွက်ဦးဆောင်ပြနိုင်ဖို့ပဲ မဟုတ်ပါလား။
…….
...........
လူထုတိုက်ပွဲကော်မတီ ၂၀၁၀ ရဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးနဲ့ ဘူး လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Friday, April 2, 2010
ခြေရာကောက် စစ်တမ်း
……………
တိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ အကျဉ်းသား ၀တ်စုံတွေ ၀တ်ဆင်ထားပြီး ခြေထောက်မှာ သံဒေါက်တွေနဲ့ အကျဉ်းသား ၁၀ ယောက်က တန်းစီမတ်တပ်ရပ်နေတယ်။ အခမ်းအနားမှူးက ခုနစကားကို မိုက်ခရိုဖုန်းကနေ တဆင့်ပြောပြတယ်။ ရင်ထဲကို ဆောင့်တက်သွားပြီး မျက်လုံးမှာ မျက်ရည်ချက်ချင်းဝဲတက်လာတယ်။ ဒီလိုအခင်းအကျင်း ဒီလို ၀တ်စုံတွေနဲ့ …….. ဘယ်လိုမှမခံစားနိုင်ဘူး။ နောက်ကို မျက်လုံးဝေ့ကြည့်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးကို မြင်တွေ့လိုက်တယ်။ ဘယ်ကိုမှ ဆက်မကြည့်ရဲတော့ဘူး။ မျက်ခွံကို မှိတ်ထားပြီး ခပ်တောင့်တောင့်ရပ်နေမိတုန်းမှာ နားထဲမှာ ဆက်ကြားရတာက ပုံစံအော်သံ၊ နောက် ပုံစံကြီးအော်သံ….
Sunday, March 21, 2010
ကျောခိုင်းလှည့်ထွက်သူများသို့
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ တစည နဲ့ တိုင်းရင်းသားပါတီ ၁၀ ဖွဲ့ လက်ရှိတရားဝင် တည်ရှိနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အကောင်အထည်ဖေါ်ဆောင်မှု ဘာမှမရှိပဲ သူတို့ဖာသာ ရေးတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ အသစ်ထပ်လုပ်မှာမို့ ခုန ပါတီ ၁၀ဖွဲ့က ပြန်ပြီးမှတ်ပုံတင်ရမတဲ့။ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံမတင်ရင် ပျက်ပြယ်မတဲ့။
အံမယ် သူတို့က တိုင်းပြည်အတွက် သိပ်ပြီး အစိုးရိမ်ကြီးသေးတယ်။ ပါတီက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းကိုတင် အရည်အချင်းကန့်သတ်တာ မဟုတ်ဘူး။ ကိုယ့်ဖာသာ ထောင်မယ့် ပါတီက ပါတီဝင်တွေကိုတောင် လိုက်ပြီး အရည်အချင်း သတ်မှတ်ပေးသေးတယ်။ သိပ်ပြီး စေတနာကြီးတာကိုး။ ထောင်ကျနေတဲ့ လူတွေပါတီထဲပါရင် ပါတီသိက္ခာကျမှာမို့ ပါဝင်ခွင့် မပြုဘူးတဲ့။ ထူးထွေတည့် အံ့ရာသော် ပါပဲလေ။
Sunday, March 7, 2010
2010 ရွေးကောက်ပွဲနှင့် ပတ်သတ်၍
ဦးသုဝေရော ဒေါက်တာ ခင်ဇော်ဝင်းကပါ ရွေးကောက်ပွဲ ၀င်ပြီး ပါလီမန်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်တဲ့။
ရွေးကောက်ပွဲဝင်ဖို့လာပြောနေတဲ့ ၂ ယောက်မှာ ဦးသုဝေ ဆို သူပြင်ဆင်နေတဲ့ပါတီက ခုထိတောင် မှတ်ပုံမတင်ရသေးဘူး။ ဒေါက်တာခင်ဇော်ဝင်းဆို ဘယ်ပါတီဝင်မှ မဟုတ်တဲ့ အန်ဂျီအို ၀န်ထမ်း။ သူတို့ ကိုယ်တိုင်တောင် ခုထိ ဘယ်လိုရွေးကောက်ပွဲ ၀င်ရမယ်။ ဘယ်လိုစည်းရုံးရေးဆင်းမယ် ၊ ကိုယ့်ပါတီကို ဘယ်လိုတိုးချဲ့ဖွဲ့စည်းမယ် ဆိုတာတွေ အတည်တကျ မလုပ်ရသေးပဲ သူတို့ဝင်ပြီးနိုင်ရင် ပါလီမန်ထဲက ဖွဲ့စည်းပုံကို ပြင်မတဲ့။
ဖွဲ့စည်းပုံရဲ့ အပြစ်အနာအဆာတွေထဲကမှ စစ်တပ်ရဲ့ ပါဝင်မှု ၂၅ ရာနှုန်းတင်မကပဲ ကာကွယ်ရေး စစ်ဦးစီးချုပ်က နိုင်ငံတော် ချောက်ထဲကျမယ့်အခြေအနေ၊ အချုပ်အချာအာဏာ ထိပါးလာနိုင်မယ့် အခြေအနေမှာ အာဏာသိမ်းခွင့်ရှိတယ်လို့ အပြီးသတ်အာဏာကို ချုပ်ကိုင်ထားတဲ့ အချက်ကိုတောင် မမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်တာလားးး။။
Saturday, February 13, 2010
စပ်မိစပ်ရာ ... အတင်းတိုထွာ
ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိရင် မွေးနေ့ မွေးရက် တထပ်တည်း ကျတဲ့ အသက် ၉၅နှစ်ပြည့် မွေးနေ့ကို ကျင်းပကြရမှာပါ။ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် ဗိုလ်တေဇလေးတွေ ဗိုလ်အောင်ဆန်း လေးတွေ အားကျအတုယူနိုင်ဖို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ စစ်အစိုးရလက်ထက်မှာတော့ အောင်ဆန်းဆိုတဲ့ နာမည်တောင် တတ်နိုင်သလောက် ရှောင်ကျဉ်နေကြလေတော့ မြန်မာနိုင်ငံကလေးများနေ့လုပ်ပေးဖို့ ဆိုတာကတော့ ဝေး ဝေး ပေါ့။
ပြည်ထောင်စုနေ့ မိန့်ခွန်းရှည်ကြီးထဲမှာများ ပင်လုံစာချုပ်တို့ တောင်တန်းဒေသ ခေါင်းဆောင်များတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာတွေ ပါမှာစိုးလို့များလားမသိ။ စကားတလုံးနဲ့တလုံး ပါဆယ်နဲ့ ပို့ယူရတဲ့အထိ လေးတွဲ့စွာ သတိထားဖတ်ကြားသွားပါလေရဲ့။
ပြည်ထောင်စုနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်တွေ တောင် ပြောင်းလို့ရသလောက် ပြောင်းထားပြီးမှတော့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကတော့ မသိလေ ပိုကောင်းလေလို့ သဘောထားလိုက်ရောပေါ့။
Sunday, February 7, 2010
သားသား( ၄)
ဒီတခါတော့ သားသားရဲ့ ၀ါသနာတချို့ မှတ်တမ်းတင်ထားချင်လို့ပါ။
သူက စွန့်ဦးတီထွင်တော့ဖြစ်မယ်မထင်ဘူး။ ဘာ့ကြောင့်ဆို ငယ်ငယ်က ကစားစရာအသစ်တခု ၀ယ်ပေးရင်တောင် ချက်ချင်းကိုင်မဆော့ဘူး။ သူ့ကိုတယောက်ယောက်က ဆော့ပြရသေးတယ်။ ဘာမှမဖြစ်ဘူး လို့ သူစိတ်ချမှ ကိုင်တတ်တဲ့အမျိုး။ ဒါ့ကြောင့်လဲ သူငယ်ငယ်က အပူလောင်တာ ချော်လဲတာ ဘာညာ သိပ်မရှိဘူး။ ဘယ်အလုပ်မဆို ချက်ချင်း ဇိုးကနဲ ဇတ်ကနဲ မလုပ်ဘူး။
သူ စိတ်ဝင်စားတာက discorvery လိုမျိုး မှတ်တမ်းကားတွေ ၊ နောက် ကမ္ဘာလုံး တွေပဲ။ ငယ်ငယ်တုန်းက ကမ္ဘာလုံးခပ်သေးသေးတွေပဲ ရလို့ အကြီးကြီး ရရင် ၀ယ်ပေးမယ်လို့ ပြောထားခဲ့ဘူးတော့ ထိုင်းကိုရောက်တဲ့အခါ ကမ္ဘာလုံးအကြီးကြီးတွေ တွေ့ရင် ၀ယ်ခိုင်းတတ်တယ်။
ဒါပေမယ့် ခုနည်းနည်းကြီးပြီး ကွန်ပျူတာ ကိုင်တတ်တဲ့အခါမှာတော့ google earth ကိုဒေါင်းလုပ်ဆွဲပေးခိုင်းနေပြီ။ အိမ်ကို နိုင်ငံတကာက ရဲဘော်ဟောင်းတွေ တယောက်ယောက်လာလည်ရင် ဘယ်နိုင်ငံကလဲမေးပြီး သွားရှာတာပဲ။ တခါတလေကျ သူနေခဲ့တဲ့ မြို့ ကို ပြန်သွားရှာကြည့်တတ်သလို ခုနေတဲ့ မြို့ကိုလဲ အသေအချာ လိုက်ကြည့်နေတတ်ပြီ။ သူတက်တဲ့ကျောင်း ၊ မြို့အ၀င်လမ်း ၊ ဆေးရုံ စသဖြင့် တွေ့တဲ့အခါ မိဘတွေကို ခေါ် ခေါ် ပြတာပဲ။ သူကမ္ဘာကြီးက နိုင်ငံတွေ မြို့တွေကို စိတ်ဝင်စားတာကတော့ ခုကတည်းက သားသားဘယ်တော့ အဲဒီနိုင်ငံတွေကို သွားလို့ ရတော့မလဲ လို့ ခဏခဏမေးတာပါပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အခါ သားသွားချင်တဲ့ နိုင်ငံတွေကို သွားလို့ရလိမ့်မယ်လို့ ဖြေပေးထားရတယ်။
ကိုယ့်အကြိုက်
ရေးလက်စပြတ်သွားတော့ ရေးရမှာ ပျင်း။ ရေးရမှာ ပျင်းတော့ ခေါင်းထဲက ရေးချင်တဲ့အကြောင်းလေးတွေ ပေါ်လာတာတောင် ကီးဘုတ်ကို မနှိပ်ချင် ဖြစ်ရတာမို့ ခေါင်းနဲ့ မော်နီတာ ကြိုးနဲ့ ဆက်ထားပြီး တွေးသမျှ စာလုံးပေါ်နိုင်အောင်လုပ်တဲ့ စက်ကလေးများ တီထွင်ကြရင်ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။
ငယ်ငယ်တုန်းက ဖတ်တဲ့ကာတွန်းထဲက ဖိုးဆိတ်ဖြူသာ ရှိသေးရင် သိပ်ကောင်းမယ်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူဆိုရင်တော့ ပူဆာတာ အကုန်လုပ်ပေးနိုင်မှာပဲနော်။
ဘလော့မဖတ်မလည် မရေး လုပ်နေရင်း ညီမသက်ဝေက အမကိုလဲ တဂ် တဲ့အထဲပါတယ် ပြောလာတယ်။ ဘာအကြောင်းတဂ်ထားသလဲ မေးတော့ ကိုယ်အကြိုက် လုံချည်(ထဘီ) လေးအကြောင်းတဲ့။ ဗုဒ္ဓေါလို့ တမိပါတယ်။ ဘာလို့ဆို ဒီမှာ နေတာ ဘောင်းဘီချည်းဝတ်ဖြစ်တာ များတယ် ဆိုတော့ ဘယ်လိုရေးရပါ့မလဲ ခက်လိုက်တာ လို့ ညည်းမိတယ်။ ပြီးတော့ ပြန်စဉ်းစားရင် အိမ်မှာတော့ လုံချည်ဝတ်ဖြစ်ပေမယ့် အပြင်သွားရင် ဘောင်းဘီပဲ ၀တ်ဖြစ်နေတာမို့ ဘာအကြိုက်ဆုံးလဲတောင် စဉ်းစားမရဖြစ်နေတယ်။
သေချာပြန်စဉ်းစားရင်တော့ ငယ်ငယ်က လုံချည်(ထဘီ)၀တ်ချင်လွန်းလို့ မေမေတို့ ဈေးဝယ်ထွက်တဲ့ ကျောင်းပိတ်ရက်မျိုးမှာ သူတို့ လုံချည်တွေ ယူပြီးဝတ်ရင်း ရေသီနားခတ်တမ်းဆော့ခဲ့တာကို သတိရတယ်။ တကယ်လုံချည်(ထဘီ)၀တ်ဖြစ်တာက ၉ တန်းမှပါ။ ကျမတို့ကျောင်းက ၈တန်းထိ စကဒ်ဝတ်ခွင့်ပေးပါတယ်။ ၉ တန်းရောက်ရင်တော့ မဖြစ်မနေ ထဘီဝတ်ရမယ်ဆိုတော့ ထဘီမမြဲတဲ့ ကျမအဖို့ ခါးပတ်ပတ်ဝတ်ခဲ့ရပါတယ်။ ခါးတိုအကျီ င်္နဲ့ ထဘီခါးပတ် ပတ်ဝတ်ခဲ့ရတဲ့ ငယ်ဘ၀မှာတော့ တော်တော်ခါးသက်ဖွယ်ရာပါပဲ။ နောက် ထဘီဝတ်ကျင့်ဖြစ်တယ်။ သူများတွေလို ဒီတိုင်းဝတ်ချင်လွန်းလို့ ကျောင်းပိတ်ရက်မှာ အိမ်နေရင်း စကဒ်မ၀တ်ပဲ ထဘီဝတ်နေတယ်။ လူရှေ့သူရှေ့ဆို ထဘီပြင်ဝတ်တတ်လွန်းလို့ ခဏခဏ အဆူခံခဲ့ရတဲ့ ငယ်ဘ၀ပါပဲ။
ဒါပေမယ့် အဲဒီတုန်းက ကျင့်ခဲ့တဲ့ အကျိုးကြောင့် နောက်ပိုင်းမှာ ကျမ ထဘီတခါဝတ်ထားရင် အကြာကြီးခံတယ်။ ပြန်ပြင်မ၀တ်ရတော့ဘူး။ ဒေါက်ထည့်ဝတ်တတ်တာကလဲ ကောလိပ်တတ်တော့မှပါ။ ဒေါက်လေးဒေါက် တဒေါက်ချင်းထည့်တဲ့ ပတ်လည်ဒေါက်ကို ချည်သားထည်တွေမှာ ထည့်ဖြစ်ပြီး ပွဲနေပွဲထိုင်အ၀တ်တွေမှာတော့ ၂ ဒေါက်ပြိုင် လေးဒေါက် ထည့်ပြီး ပုံကျပန်းကျဝတ်တတ်လာတယ်။
ကျမက ပတ်ထဘီတွေ လုံချည်စကဒ်တွေကို မကြိုက်ဘူး။ ကိုယ့်စိတ်ကြိုက် ချပ်ချပ်ရပ်ရပ်ပြင်ဝတ်လို့ရတဲ့ ကွင်းလိုက်လုံချည်ထဘီလေးတွေပဲ ကြိုက်ခဲ့တယ်။
ကိုယ်ဝတ်တတ်စားတတ်တဲ့ အရွယ်ရောက်တော့ တရုပ်ချည်ထည်တွေ ခေတ်စားလာတာကလဲ ကျေးဇူးးတင်စရာပဲ။ တရုပ်ချည်ထည်က အဆင်ဆန်းဆန်းလေးတွေကို ကြိုက်တတ်သလို အပွင့်နုတ်နုတ်လေးတွေကိုလဲ ကြိုက်နှစ်သက်ခဲ့တယ်။ အဲဒီတုန်းကတော့ ၀မ်းဆက်တွေ ချုပ်ဝတ်ဖြစ်ခဲ့တယ်။ အဖြူခံပေါ်မှာ ပန်းရောင် အ၀ါရောင် အစိမ်းရောင်နဲ့ ငယ်ကကြည့်ဖူးတဲ့ ဖန်စင်္ကြာထဲက ပန်းပွင့်ပုံလေးတွေ ဖော်ထားတဲ့ တရုပ်ပိတ်ဝမ်းဆက်ကလေးဟာ ကျမရဲ့ အစွဲလမ်းဆုံး ၀တ်စုံလေး ဖြစ်ခဲ့ဘူးတယ်။
အလုံးတွေပေါ်တဲ့အချိန်မှာတော့ အလုံးအကြီးကနေ အသေးဆုံးထိ အရောင်စုံ အလုံး ဆိုဒ်စုံ ၀ယ်ဝတ်ခဲ့တယ်။ အဖြူလုံးတွေချည်းပဲမို့ အပေါ်က အကျီ င်္ကို အဖြူနဲ့ပဲ တွဲဝတ်တတ်လွန်းလို့ ကျမရဲ့ အဆောင်သေတ္တာထဲမှာ ရှိသမျှအကျီ င်္ အဖြူရောင်တွေချည်းပါပဲ။ မီးခိုးရောင်ဖျော့ဖျော့ပေါ်မှာ ဖန်ခွက်အ၀ိုင်းလောက်ရှိတဲ့ အဖြူလုံးထဘီလေးတထည်ဟာလဲ ကျမရဲ့ ဖေးဘရိတ်ဖြစ်ခဲ့ဘူးတယ်။
အဲဒီခေတ်ပြီးတော့ ဒါးကြီးပါတိတ်ခေတ်၊ ဘူးပါတိတ်ခေတ်တွေရောက်လာတော့ ကျမက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါနေပြီဖြစ်တော့ အ၀တ်အစားမှာ ယောလုံချည်အညို၊ အနက် ၊ အစိမ်းရင့်တွေ ချည်း ၀တ်ဖြစ်ပြန်ပါရော။ ၂ နံစပ် အညိုယောလုံချည်မှာ ရောင်စုံ စင်္ကြာပုံလေးတွေ ပါတဲ့ ထဘီလေးတထည်ကို ကျမဖြင့် ဘယ်လိုမှ မေ့မရနိုင်တာ ဒီနေ့ထိပဲ။
ထိုင်းရောက်တော့ ပတ်ထဘီလေးတွေ ၀တ်ဖြစ်ခဲ့ပေမယ့် လုံချည်ကွင်းလိုက် ၀တ်ရတာလောက် မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့်လဲ ချည်ထည်ကိုသာ ကြိုက်နှစ်သက်တဲ့ စိတ်အခံကြောင့်ရယ် ပတ်ထဘီပေါ်က လက်နဲ့ရေးတဲ့ ပန်းပွင့်လေးတွေကို နှစ်သက်မှုရယ်ကြောင့် ၀ယ်ထားတဲ့ ပတ်ထဘီအနက်ရောင်လေးတထည်ကိုတော့ ဒီနေ့ထိ ကြိုက်မိတုန်းပါပဲ။
မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ ကျောက်ပွင့်ကပ် ပုဇွန်ဆီရောင် ဇာဝတ်စုံလေး။
ကိုယ့်အကြိုက်တွေကလဲ များလွန်းလှပါတယ် ပေါက်ရေ… ဒီလောက်ရေးဖြစ်တာပဲ ကျေနပ်ပါတော့နော်။
စာပြန်ရေးဖြစ်အောင် သတိတရ တဂ်ပေးတဲ့ ညီမပေါက်ကို အထူးကျေးဇူးတင်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်