Tuesday, August 21, 2007

“လူရှင်သချိုင်းများအကြောင်း”(၁)


အခန်း(၁)

ကျောင်းသားထုညီလာခံ
(က)
အချိန်ကာလက ၁၉၉၀ ခုနှစ်ထဲမှာပေါ့။ မေလက စစ်အစိုးရက ကျင်းပပေးတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲရလဒ် အဖြေထွက်လို့ ဒီမိုကရေစီအင်အားစုတွေ ချိန်ခွင် အလေးသာ နေချိန်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရာသီဥတုတွေထဲက မိုးတွင်း ကာလဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ သင်္ကေတလက္ခဏာတစ်ခုလို့ ဆိုရမလိုပါပဲ။

မိုးတွင်းကာလနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုဟာ ဆက်စပ်နေပါတယ်။ န၀တ စစ်အစိုးရရဲ့ ညှင်းပမ်း၊ နှိပ်စက်၊ ဖမ်းဆီးမှုကြောင့် မင်းကိုနိုင်အပါအ၀င် ကျောင်းသား အများအပြား ဖမ်းဆီးခံနေရသလို၊ စစ်ထောက်လှမ်းရေးရဲ့ ညှင်းပမ်းနှိပ်စက်မှုဒဏ်တွေကို မခံရပ်နိုင်တော့လို့ နယ်စပ်ဒေသများဆီကို တိမ်းရှောင်သွားကြတဲ့ ကျောင်းသား များလည်း ရှိခဲ့ပါတယ်။

ပြန့််ကြဲနေတဲ့ကျောင်းသားများ၊ အဖွဲ့အစည်းများကို ရန်ကုန်မျက်နှာစာမှာ စုစည်းနိုင်ဖို့ အတွက် မန္တလေးမြို့ လေးပြင်လေးရပ် သံဃာသမဂ္ဂီအဖွဲ့ ဥက္ကဌ ဦးရေ၀တနှင့် ဗကသ(အထက်ဗမာပြည်) မှကျောင်းသား၊ လူငယ်ကိုယ်စား လှယ်များဖြစ်ကြသည့် မိုးကျော်ဦး၊ ကိုစန်းယု၊ ကိုမင်းမင်းဦး၊ မခင်ဥမ္မာမြင့်၊ မမြင့်မြင့်ခိုင် စတဲ့မန္တလေးက ကျောင်းသား ထုများရဲ့ ပံ့ပိုး၊ ကူညီ၊ ကြိုးပမ်းမှုဖြင့် ရန်ကုန်မြို့ ရှိကျောင်းသားအဖွဲ့အစည်းများ စုစည်းကာ ကျစ်လစ်ခိုင်မာသော ဗမာနိုင်ငံဆိုင်ရာ ကျောင်းသားမဂ္ဂများအဖွဲ့ချုပ် (အောက်ဗမာပြည်) ကို ပြန်လည်ဖွဲ့စည်း၍ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားထု ညီလာခံကြီးကို ၁၉၉၀ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့ အထိ မန္တလေးမြို့ မြတောင် ဘုန်းကြီးကျောင်း တိုက်မှာ ကျင်းပပြုလုပ်ခဲ့တယ်။

အဲဒီညီလာခံကြီးကနေပြီး ကျောင်သားထုမှ တောင်းဆိုချက်(၆)ချက်၊ အတည်ပြုချက် (၃)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၃)ရပ် ချမှတ်နိုင်ခဲ့ပါတယ်။ အဲဒီအထဲကပါဝင်တဲ့အချက် (၁)ချက် ကတော့ ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဌမအကြိမ်ကျောင်းသားထု ညီလာခံကြီးကနေ အတည်ပြုချမှတ်ထားခဲ့တဲ့ မူ(၅)ချက်ကို ဆက်လက် ကိုင်ဆွဲပြီး အထက်ဗမာပြည် ကျောင်းသားများနဲ့ အောက်ဗမာပြည်ကျောင်းသားများ ဟန်ချက်ညီညီပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်သွားဖို့ ကျောင်းသားထုက သံဓိဌာန်တွေ ချမှတ်ခဲ့တယ်။

အဲဒီနေရာမှာ ဗကသအဖွဲ့ချုပ်ရဲ့ ချမှတ်ထားတဲ့မူ(၅)ချက်ကတော့--------
(၁)။ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
(၂)။ ဒီမိုကရေစီပညာရေး
(၃)။ ဒီမိုကရေစီရေး
(၄)။ ပြည်တွင်းငြိမ်းချမ်းရေး
(၅)။ အမျိုးသားရေး ---တို့ပဲဖြစ်တယ်။

အကသတို့ရဲ့ ဆိုင်းဘုတ်ဖြုတ်ပွဲ
(ခ)
၁၉၉၀ခုနှစ် ရွေးကောက်ပွဲအပြီး အခြေခံပညာကျောင်းများ ပြန်ဖွင့်တဲ့အခါကြတော့ စစ်အစိုးရကနေပြီး ကျောင်းသားတွေဟာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးလို့ ပြောဆိုပြီးတော့ သူတို့ စစ်အစိုးရရဲ့ ပေါ်လစီဖြစ်တဲ့ ဒို့တာဝန်အရေး(၃)ပါး ဆိုင်းဘုတ်တွေကို ရန်ကုန်မြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေအနှံ့ လိုက်လံတပ်ဆင် ကြတယ်။

ကျောင်းတွေအနှံ့ စည်းရုံးရေးတွေပြုလုပ်ခဲ့တယ်။ အဲဒါတွေကိုမကျေနပ်ကြတဲ့ အခြေခံ ကျောင်းသား၊ ကျောင်းသူတွေဟာ ရန်ကုန်၊ မန္တလေး စတဲမြို့ကြီးတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန် အရေး(၃)ပါးဆိုင်းဘုတ် ဖြုတ်ချပွဲတွေ၊ စစ်အစိုးရဆန့်ကျင်ရေးပွဲတွေ ပြုလုပ်ခဲ့ကြတာကို တွေ့မြင်ခဲ့ရတယ်။ အဲဒီအချိန်မှာတော့ ရန်ကုန်မြို့မှာဆိုရင် ဗိုလ်တထောင်အမှတ်(၅)နဲ့ အမှတ်(၆) အထက်တန်း ကျောင်းတွေမှာ စစ်အစိုးရရဲ့ ဒို့တာဝန်အရေး(၃)ပါး ဆိုင်းဘုတ်တွေ ကို ကျောင်းသားတွေပဲ ရိုက်ချိုး၊ ဖျက်ဆီး၊ ဖြုတ်ချမှုတွေ အရှိန်မပြတ်ပြုလုပ်နိုင်ကြသလို၊ မန္တလေးမြို့မှာလည်းပဲ အခြေခံပညာအထက်တန်းကျောင်း တစ်ခုမှာဆိုရင် ကျောင်းဝင်း အတွင်းမှာ ရှိတဲ့ မဆလ အစိုးရရဲ့အလံကို အလံတိုင်ကနေ ဖြုတ်ချခဲ့တယ်။

ပြီးတော့ အဲဒီအလံကို ခြေထောက်မှာချည်ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ခရိုင်ကျောင်းသားများ သမဂ္ဂ(အခြေခံပညာ) ကျောင်းသူလေး တစ်ဦးဖြစ်တဲ့ မနေဆုလှိုင်ဟာ ကျောင်းကနေ ထုတ်ပယ်ခံခဲ့ရတယ်။
တစ်ချိန်တည်းမှာပဲ ဒီလို အလားတူဖြစ်ရပ်တွေဟာ ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ မြိုနယ်တွေ ဖြစ်တဲ့ ပုဇွန်တောင်၊ ပန်းဘဲတန်း၊ လသာ၊ ဒဂုံ၊ လမ်းမတော်၊ ကြည်မြင့်တိုင်၊ အလုံ၊ လှိုင်၊ ဒေါပုံအစရှိတဲ့ မြိုနယ်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။

ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှာဆိုရင် ကျားလေး ဆိုသည့် အခြေခံပညာ ကျောင်းသားတစ်ဦးမှ ဦးဆောင်ပြီး ဒို့တာဝန်အရေးသုံးပါး ဆိုင်းဘုတ် ကို ကျောင်းဝင်းအတွင်းကနေ ဖြုတ်ချခဲ့တယ်။ ပြီးတော့ အဲဒီဆိုင်းဘုတ်ကို မီးရှို့တဲ့အထိ ဖြစ်ပွားခဲ့တယ်။ စမ်းချောင်းမြို့နယ်မှာဆိုရင်လည်း အဲဒီဆိုင်းဘုတ်ကို ဖြုတ်ချပြီး ကျောင်းအဆင်းမှာ ဆန္ဒပြခဲ့ကြတယ်။ ကျောင်းသားတွေက “လူတွေအားလုံး ဗကပ၊ ခွေးတွေအားလုံး န၀တ”လို့ကြွေးကြော်ခဲ့ကြတယ်။

ဒီလို ကြွေးကြော်သံကို ဗိုလ်ခင်ညွှန့် တစ်ယောက် ကြားတဲ့အခါမှာ ဆွေ့ဆွေ့ခုန်ပြီး ဆရာအတတ်သင်သိပ္ပံကျောင်းက ဆရာ၊ဆရာမတွေကို ခေါ်ယူပြီး ဒါတွေဟာဆရာ၊ ဆရာမတွေ မဆုံးမလို့ ဖြစ်ရတာဆိုပြီး ခြိမ်းခြောက် ကြိမ်းမောင်းခဲ့တယ်။ အဲဒီအချိန်မှာပဲ မန္တလေးမြို့က အမှတ်(၉)၊ အမှတ်(၁)နဲ့ အခြားကျောင်းတွေက ကျောင်းသားတွေဟာ ကျောင်းဆင်းချိန်တိုင်း မြို့လယ်ခေါင်က ဈေးချိုနာရီစင်နား တ၀ိုက်မှာ စစ်အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံများ၊ ဆန္ဒပြမှု များ ကြိုကြားဖြစ်ပေါ်နေခဲ့တယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ဟာလည်း ရန်ကုန်မြို့လည်ခေါင်မှာရှိတဲ့ ဂန္ဓီ ခန်းမမှာစုပြီး ကြေငြာချက် ၁/၉၀ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီကြေငြာချက်ထဲမှာ ရက်ပေါင်း(၃၀)အတွင်း ပြည်သူ့လွှတ်တော်ခေါ်ပေးရန် န၀တအစိုးရ အား တောင်းဆိုထားသလို အင်းစိန်ထောင်ထဲမှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ အစာငတ်ခံတိုက်ပွဲဝင်ပြီး တောင်းဆိုနေတဲ့ အချိန် လည်းဖြစ်ပါတယ်။

ရန်ကုန်မြို့တော်မှာလည်း(၉၉၉ဆိုတဲ့-ကိုးသုံးလုံးနေ့) ၁၉၉၀ပြည့်၊ စက်တင်ဘာလ၊ ၉ရက်နေ့မှာ လှုပ်ရှားမှုတခု ပြုလုပ်ဖို့ တပ်ဦးအဖွဲ့များကလည်း တပ်လှန့်ထားကြပါတယ်။ ဒီလိုနဲ့ (၈၈၈၈)နှစ်ပတ်လည် (၂)နှစ်ပြည့် အခမ်းအနားမှာ မန္တလေးမြို့အတွင်း သံဃာတော်များ ဆွမ်းလောင်းပွဲမှာ စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းတာကြောင့် သံဃာတော် တွေရဲ့ ဒေါသယမ်းအိုးဟာ ပေါက်ကွဲတော့မယ့် အခြေအနေကို ဆိုက်ရောက်လာခဲ့တယ်။
ဒါကြောင့် န၀တက လူဖမ်းပွဲကြီးကို တပြိုင်နက် စတင်ပါတော့တယ်။

တိမ်းရှောင်ပြီ

(ဂ)
ကျနော်အဖမ်းမခံရမီ တပတ်လောက်အလိုမှာပဲ မြို့နယ်အသီးသီးက လှုပ်ရှားကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူတွေကို န၀တ စစ်ထောက်လှမ်းရေးတွေက စတင် ဖမ်းဆီးတာတွေ ပြုလုပ်နေပါပြီ။ ဒေါပုံ မြို့နယ်၊ ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တွေက အခြေခံပညာ ကျောင်းသားတွေ၊ (၉၉၉)လှုပ်ရှားမှုကို ဦးဆောင်မယ့် တပ်ဦးကရဲဘော်တွေဟာ ကျနော်တို့ အရင်သူတို့က အင်းစိန်သီးသန့် အကျဉ်းထောင်မှာ ရောက်ရှိနေခဲ့တယ်။ ဖမ်းဆီးမှုတွေ များလာတာကြောင့် ကျနော်တို့ကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံတဲ့နေရာ တွေမှာ ခိုအောင်းဖို့ နေရာရှာကြရပါတယ်။

အဲဒီအချိန်ဟာ ကျနော်တို့အတွက် ဘုရားတရား အရိပ်ဟာလည်း လုံခြုံမှု မရှိတော့ ပါဘူး။ တစ်ရက်မှာ ကျနော် ရှောင်တိမ်းနေကျဖြစ်တဲ့ ကမာရွတ်လှည်းတန်း ဂုံးဆင်းနားက အိမ်မှာ သွားအိပ်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျနော်အဖမ်းမခံရခင် တစ်ရက်အလိုမှာပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျနော်အိပ်မဲ့ အိမ်မှာ (ရကသ)က ကိုဖြိုး(ဖြိုးမင်းသိန်း) (ယခု တောင်ငူထောင်မှာ ထောင်ဒဏ် (၁၄)နှစ်ကျခံနေရသူ)နဲ့ ကြည့်မြင်ကောလိပ်က ကိုသက်ထွေး တို့နဲ့ ဆုံဖြစ်ကြပါတယ်။
ကိုဖြိုးက ကျနော့်ကို “မင်းသတိထားနေဦးနော်၊ ရဲမော်ထူး တယောက် ပျောက်နေတယ် ကြားတယ်။ မင်းနဲ့ဲ့ကောတွေ့ ဖြစ်သေးသလား”လို့မေးပါတယ်။ ကျနော်လည်း
မတွေ့ဘူး၊ တစ်နေရာမှာပဲ ပုန်းနေသလား၊ ဖမ်းပဲခေါ်သွားပြီလား မသိသေးပါဘူး။ သတင်းကြားရင် ကျနော်ပြောပါ့မယ်”
ကျွန်တော် ဖြေလိုက်တော့ ကိုဖြိုးကပဲဆက်ပြီး “မောင်ရင့်ကို မန္တလေးက ဦးရေ၀တက တွေ့ချင်လို့တဲ့ စာလည်း ပေးလိုက်တယ်။ ဖတ်ကြည့်ပြီး သွားလိုက်ပါဦး”ဆိုပြီး စာကိုထုတ်ပေးတယ်။ စာကတော့ မန္တလေးမြို့ မှာ(၈၈၈၈) နှစ်ပတ်လည်နေ့က စစ်အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပက်သက်ပြီး ကျနော့်ကို အကူအညီ တောင်းထားတဲ့ စာပါ။

စာကို အိတ်ထဲပြန်ထည့်ပြီး အိမ်ရှင်ကကျွေးတဲ့ ၀က်ခေါင်းသုတ်နဲ့ ထမင်းကို ကျနော်တို့ (၃)ဦးသား စားသောက်ကြပါတယ်။ စားသောက်ပြီးအိပ်ဖို့ နေရာအတွက် ပြင်ဆင်တုန်းမှာပဲ အိမ်ရှင်က
ဟဲ့၊ နင်တို့ဒီအိမ်မှာ အိပ်တာ စိတ်မချရဘူး။ အိမ်နဲ့ကပ်ရပ်က ဘုန်းကြီးကျောင်းမှာ သွားအိပ်။ ငါလိုက်ပို့ပေးမယ်။ အဲဒီမှာစိတ်ချရတယ်။ မနက်ကျရင်တော့ ကျောင်းထိုင်ဆရာတော် မနိုးခင် ငါတို့အိမ်ပြန်လာအိပ်ကြ” ဆိုပြီး အိမ်ရှင်လုပ်သူက ကျနော်တို့ကို တဖွဖွမှာပါတယ်။

ကျောချစရာနေရာ တစ်နေရာလုံခြုံရင် ပြီးတာပါပဲဗျာ” လို့ကျနော်တို့ ပြန်ပြောပြီး အိမ်ရှင်ဖြစ်သူ လိုက်ပို့တဲ့ အိမ်နားက ဘုန်ကြီးကျောင်းမှာ စတည်းချခဲ့ကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းထဲမှာ လူစိမ်းဝင်ရင် အော်တတ်လို့ ခွေးတွေထက် စိတ်ချမှုရှိတဲ့ ငန်းတွေ မွေးထားတယ်။ အဲဒီ တစ်ညတော့ ဘုန်းကြီးကျောင်းမှာ အိပ်ပြီး နောက်တနေ့ အာရုဏ်ဆွမ်း မကပ်ခင် ကျောင်းတိုက်ကနေ အသာလေး ထလာခဲ့ကြတယ်။

ကျနော်တို့ တည်းတဲ့အိမ်ကို အိပ်ရေးမ၀သေးတဲ့ မျက်နှာတွေနဲ့ ၀င်သွားတဲ့အခါမှာ တစ်အိမ်လုံးမှာရှိတဲ့ သူတွေအားလုံး ပြူးတူးပြဲတဲမျက်နှာတွေနဲ့ ကျွန်တော်တို့ကို ကြည့်နေတယ်။ ပြီးတော့မှ အိမ်ရှင်ဖြစ်သူက
နင်တို့ ဒီအိမ်ကို မလာကြနဲ့တော့။ ညက ထောက်လှမ်းရေးက သတင်း အတိအကျ ရထားလို့ နင်တို့ကို လာရှာတယ်။ ညက နင်တို့အ၀င်အထွက်ပဲ၊ ထောက်လှမ်းရေးတွေ၊ ရဲတွေ၊ ရ၀တတွေ တအိမ်လုံးကို ပိတ်ရှာကြတာ။ နင်တို့ကိုမတွေ့လို့ ဒေါပွပြီး အိမ်ထဲမှာ အိပ်နေတဲ့ သူတွေ အားလုံးကိုထခိုင်း၊ သူတို့ စစ်ဖိနပ်တွေနဲ့ ခြင်ထောင်တွေကို ကန်ပြီးရှာကြလေရဲ့။ သတင်းအတိအကျ ရပြီးမှ နင်တို့ကို မတွေ့တဲ့အတွက် နင်တို့ ဘယ်သွားလည်းလို့ မေးတယ်။ တစ်အိမ်လုံးက ဘယ်သူမှ မလာဘူးလို့ ဖြေတာပေါ့။ အဲဒီတော့ထောက်လှမ်းရေးက မိလို့ကတော့ကွာ၊ တစ်အိမ်လုံးကို ဖမ်းပြီး အရေခွံခွာပစ်မယ်လို့ ကျိန်းတယ်။ နောက်ပြီး အိမ်အောက်ကော၊ အိမ်နောက်ဖေးကော၊ အိမ်သာပါ နေရာအနှံ့လိုက်ရှာပြန်တယ်။ သတင်း အတိအကျ ရထားရဲ့သားနဲ့ လွတ်သွားတာ နာတယ်ကွာလို့ပြောပြီး မိလို့ ကတော့ ခင်ဗျားတို့လည်း မလွယ်ဘူးသာမှတ်လို့ ကြိမ်းပြီးပြန်သွားတယ်” အိမ်ရှင်ဖြစ်သူက မျက်နှာမှာ သွေးမရှိတော့ပဲ တုန်တုန်ရီရီ ပြောပြပါတယ်။

ညက အိပ်ရေးမ၀လို့ ဒီမနက်မှာ တရေးလောက် ပြန်အိပ်မယ်လို့ စဉ်းစားထားတဲ့ စိတ်ကူးကို ဖျက်ပြီး မျက်နှာကို ကဗျာကသီသစ်ပြီး သုံးယောက်သား အမြန်ပြန်ထွက်ခဲ့ကြ ပါတယ်။ လှည်းတန်းရောက်တော့ ကျနော်က ကိုဖြိုးနဲ့ ကိုသက်ထွေးတို့ကို “ခင်ဗျားတို့လို ခေါင်းဆောင်ကြီးတွေနဲ့ ပေါင်းအိပ်ရင် ကျနော်တို့လို ဘာမှမဟုတ်တဲ့ အညတရကောင်တွေပါ ထောင်ကျနေပါဦးမယ်”လို့ နောက်လိုက်တော့ ကိုဖြိုးက “ဟေ့ကောင် ..မင်းမမေ့ပါနဲ့ နော်။ လစ်သင့်ရင်လစ်တော့” လို့ပြန်ပြောပြီး လမ်းခွဲခဲ့ကြပါတယ်။ လစ်တော့ လစ်ချင်ပေမယ့် ချိန်းထားတဲ့ ကိစ္စတွေက ရှိသေးတော့ ဦးရေ၀တနဲ့ ချိန်းထားတဲ့နေရာကိုသွားဖို့ ပြင်လိုက် ပါတယ်။ တာမွေဘက်မှာ ဦးရ၀တနဲ့ တွေ့ပြီး ဆရာတော် အကူအညီ တောင်းထားတဲ့ ကိစ္စအတွက် အစီအစဉ်တွေ ဆွေးနွေးကြပါတယ်။ တနင်္လာ နေ့မှာပြန်ဆုံဖို့ အချိန်နဲ့နေရာ ပြန်သတ်မှတ်ပြီး ကျနော်ပြန်လာခဲ့တယ်။
ဆက်ရန်.....

No comments: