Tuesday, August 7, 2007

ကိုဝေလင်းရဲ့ ဆောင်းပါးလေး


ရှစ်လေးလုံးအမှတ်တရ စာစုတင်ဖို့အတွက် ကိုယ်တိုင်ရေးဖို့ အချိန်မရနိုင်တော့လို့ နှင်းခါးမိုး ကလောင်နဲ့ ကဗျာရေးတဲ့ ကိုဝေလင်းရဲ့ ဆောင်းပါး တပုဒ်ကို ခွင့်မတောင်းပဲ တင်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ် ၁၁ လပိုင်းက ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ရှစ်လေးလုံး လူထူလှုပ်ရှားမှုကြီးနဲ့ စစ်တပ်အပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။ အဲဒီတုန်းက ကျမကြိုက်နှစ်သက်လို့ သိမ်းထားခဲ့တဲ့ ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။

ရှစ်လေးလုံးအမှန်အမှားနှင့်
မြန်မာ့ဒီမိုကရေစီရေးအတွေးအခေါ်တိုက်ပွဲ


၁၉၈၈ စက်တင်ဘာ အာဏာသိမ်းတဲ့အချိန်ကစပြီး အခုအထိ စစ်အာဏာပိုင်တွေက ရှစ်လေးလုံးကို ဆူပူမှုလို့ ရည်ညွှန်းသုံးစွဲနေတုန်းပါ။ တဖက်ကလည်း ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည် ဆောက်မယ်လို့ ပြောနေပြန်ပါ တယ်။ သည်ကြားထဲ ဒီမိုကရေစီဘက်သားပါ ဆိုတဲ့ သူတွေထဲက အချို့ကလည်း ရှစ်လေးလုံးဟာ စနစ်တကျ ခေါင်းဆောင်မှုမရှိဘူး၊ မအောင်မြင်ခဲ့ဘူး၊ မထိန်းနိုင်ခဲ့ ဘူး စသဖြင့် အသံထွက်လာပြန်ပါတယ်။

ရှစ်လေးလုံးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မှန်မှန် ကန်ကန် လက်ခံသိမြင်နိုင်စွမ်းမရှိရင် ဒီမိုကရေစီရေးရော၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာပါ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ကိစ္စရပ်တွေအပေါ် သဘောတူညီမှု မရနိုင်တာကို ဆက်လက် ဆုပ်ကိုင် ထားကြခြင်းဖြင့် ရှေ့မှာ အတူတကွ လက်တွဲ လုပ်ကိုင် ချင်တဲ့ စိတ်ဆန္ဒ နည်းပါးတာကို ဖော်ပြရာရောက်တယ်လို့ စောဒက တက်ကောင်း တက်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် နိုင်ငံရေးဆိုတာ အမှန်တရားကို မျက်နှာချင်း ဆိုင်ရဲတဲ့ သတ္တိရှိဖို့လိုအပ်ပါတယ်။

၁။
မြန်မာ့ဒီမိုကရေစီရေးကို အာဏာပြဿနာလို့သတ်မှတ်တာကို ခဏဘေးဖယ်ထား ပြီး အတွေးအခေါ် ပြဿနာတရပ်အဖြစ် စဉ်းစားကြည့်ကြ ရအောင်။ စစ်အုပ်စုရဲ့ အတွေးအခေါ်က ဘာလဲ။ သူတို့ပြောတဲ့ စကားတွေထက် သူတို့လုပ်ရပ်တွေကို အဓိကထား လေ့လာဆန်းစစ်ရမယ် လို့ ထင်ပါတယ်။
သူတို့ဟာ တပါတီအစိုးရဆီကအာဏာကို သိမ်းလိုက်တယ်၊ လူထုလှုပ်ရှားမှုကြီးကို အကြမ်း ဖက်ဖြိုခွဲခဲ့တယ်၊ ပါတီစုံစနစ်ကို ခွင့်ပြုခဲ့တယ်၊ ရွေးကောက်ပွဲကို လုပ်ပေးခဲ့တယ်၊ အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့တယ်၊ အမျိုးသားညီလာခံလို့ ခေါင်းစဉ်တပ်ပြီး ဖွဲ့စည်းပုံရေးဆွဲရေး ဆွေးနွေးပွဲကြီးတခုကို သူတို့ ခေါင်းခေါက် ရွေးထားတဲ့ လူအများစုနဲ့ ကျင်းပခဲ့တယ်၊ သူတို့စိတ်ကြိုက် ဖွဲ့စည်းပုံမူကြမ်းတရပ်ကို အခြေခံရမည့် မူများအဖြစ် ချပြခဲ့တယ်၊ ဆယ်စုနှစ်တခုကျော်တဲ့အထိ ဆွေးနွေးပွဲကို လက်စမသတ်ဘဲ ထားတယ်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို နယ်မြေနဲ့ စီးပွားရေး အကျိုးစီးပွားတွေခွဲဝေပေးကာ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့ပြီး နိုင်ငံရေးအရ သူတို့ကို ဆန့်ကျင်နေတာ ကိုပါ အဆုံးသတ်စေဖို့ ကြိုးစားခဲ့တယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုပိုင်းကို အပြောင်းအလဲ အများကြီး လုပ်ခဲ့တယ်။ ထိပ်ပိုင်း နှစ်ဦးကလွဲရင် အောက် ခေါင်းဆောင်မှုပိုင်းဟာ သွေးသစ်လို့ ပြောနိုင်တယ်။ သူတို့ဟာ ရှစ်လေးလုံး တုန်းက စစ်ဒေသတွေမှာ လက်တွေ့ ခေါင်းဆောင်ခဲ့သူတွေ၊ တနည်းပြောရရင် ရှစ်လေးလုံး လူထု ကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့လုပ်ငန်း (ပစ်ခတ် သတ်ဖြတ်ရာ) မှာ အောက်ခြေကနေ ကိုယ်တိုင်ပါဝင် ဆောင်ရွက်ခဲ့တဲ့ သူတွေလည်းဖြစ်တယ်။

မဆလခေတ်တုန်းက တပ်မတော်သားတိုင်း ပါတီဝင်ဖြစ်တယ်။ တပ်မတော်အရာရှိကြီးတွေဟာ ပါတီ ခေါင်းဆောင်မှုပိုင်းမှာ တာဝန်ရှိသူတွေ ဖြစ်ခဲ့တယ်။ ဗိုလ်သန်းရွှေဟာ မဆလ ဗဟိုကော်မတီဝင် ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲ မတိုင်ခင်က မဆလ တဖြစ်လည်း တစညနဲ့တပ်နဲ့ကြားမှာ နိုင်ငံရေး သံယောဇဉ် အမျှင်တန်းခဲ့ပုံ ရပေမယ့် ရွေးကောက်ပွဲမှာ တစညရှုံးနိမ့်သွားတဲ့အခါ လူထုရဲ့ မဆလ ငြင်းပယ်ရေး နိုင်ငံရေးအခြေခံကို နားလည်သွားပြီး ဆက်လက် အားကိုးလောက်တဲ့ နိုင်ငံရေးခြေကုပ် မဖြစ်နိုင်မှန်း သိလာတဲ့အတွက် တစညကို တပ်က စွန့်ခွာခဲ့တယ်။ တချိန်တည်းမှာပဲ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်သဘောတရား တပ်ထဲမှာ ကျဆုံးသွားတယ်။ ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ အမြဲတမ်း သြဇာ လွှမ်းမိုးချင်တဲ့ စစ်တပ်ဟာ သဘောတရားရေး ကွက်လပ် ကို အစားထိုးဖို့ ယာယီ အားဖြင့် မျိုးချစ်စိတ် အလံကို လွှင့်တင်ခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ တပ်တခုလုံးကို စည်းရုံး လွှမ်းမိုးနိုင်လောက်အောင် မျိုးချစ်ဝါဒ က အစွမ်းမထက်နိုင်ဘူးဆိုတာ တပ်ခေါင်းဆောင်တွေ သဘောပေါက် လာတယ်။ တပ်လူငယ်ပိုင်းက ခေတ်မီတဲ့အမြင်တရပ်ကို တောင်းဆိုနေတယ် ဆိုတာ ခေတ်ဆန်းဂျာနယ်ကို အကြောင်းရှာ ပိတ်ပစ်ရတဲ့ သာဓကကိုကြည့်ရင် သိနိုင်တယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်သစ်ဆိုတာနဲ့ ဆွဲဆောင်ဖို့ ကြိုးစားထားပေမယ့် ဘယ်လိုနည်းလမ်း သဘော တရားနဲ့ အဲဒီ နိုင်ငံတော်သစ်ကို သွားမလဲဆိုတာမှာ အခုအထိ ကွက်လပ် ဖြစ်နေတုန်းပဲ။ သိပ္ပံနည်းကျ မျိုးချစ်ဝါဒ စသည်ဖြင့် စမ်းတ၀ါးဝါး လျှောက်ရေးနေတာဟာ တပ်ကို တီးခေါက်နေတဲ့ သဘောပဲ။ သေချာတာက အနောက် ပုံစံကျ လစ်ဘရယ် ဒီမိုကရေစီအထိ လက်ခံဖို့မှာတော့ တပ်က အဆင်သင့် မဖြစ်သေးတာ အမှန်ပဲ။ ဒါပေမယ့် ဆိုရှယ်လစ်ကို မြန်မာ့ပုံစံပြောင်းခဲ့တာ မအောင်မြင်ခဲ့တဲ့ အတွက် မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီလို့ ခေါင်းစီး တပ်လာတာမျိုးကိုလည်း တပ်က ဘ၀င်ကျနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် စည်းကမ်းပိုင်း တင်းကျပ်မှုကို တပ်ရဲ့အရည်အသွေးလို့ လက်ခံထားတဲ့ တပ်အတွက် အနီးစပ်ဆုံးဖြစ်အောင် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီလို့ ယာယီဆိုင်းဘုတ် တင်ခဲ့တာပါပဲ။

၂။
မြန်မာပြည်ကိစ္စမှာ တပ်ပဲဖြစ်ဖြစ်၊ အတိုက်အခံပဲဖြစ်ဖြစ်၊ လူထုပဲဖြစ်ဖြစ် နောက်ပြန်လှည့်လို့ မရတော့ပါဘူး။ မြန်မာပြည် သမိုင်းဟာ ရှစ်လေးလုံးရဲ့ ဟိုဘက်ကို ပြန်ကွေ့လို့ မရတော့ပါဘူး။ အရပ်ထဲမှာတောင် ကိုယ့်အကြောင်း၊ သူ့အကြောင်း ပြောကြရင်း ဟဲ့ အရေးအခင်း မတိုင်ခင်ကပေါ့၊ အရေးအခင်း ပြီးကာစကလေ စသဖြင့် ကာလသတ်တဲ့ နေရာမှာ ရှစ်လေးလုံးကို ထည့်သုံး ပြောတတ် ကြပါတယ်။ လူတဦးချင်းဘ၀မှာတောင် ရှစ်လေးလုံး အရေးအခင်းကြီးဟာ သိသိမှတ်မှတ် ထည့်ပြောရလောက်အောင် အရေးကြီးခဲ့တာပါ။ မြန်မာ့သမိုင်းမှာ ဆိုရင်တော့ ပါတော်မူ၊ ဂျပန်ခေတ်နဲ့ လွတ်လပ်ရေး တို့လို တကယ့် အချိုးအကွေ့ တခု ဖြစ်ပါတယ်။ စစ်တပ်သမိုင်းမှာလည်း ရဲဘော်သုံးကျိပ်၊ အင်းစိန်တိုက်ပွဲနဲ့ တရုတ်ဖြူ ကျုးကျော်စစ်ကို ချန်လှပ် ပြောလို့မရသလို ရှစ်လေးလုံးကို ဖျောက်ပြောလို့ မရပါဘူး။ ရှစ်လေးလုံးအတွင်း စစ်တပ်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက မေ့ဖျောက်လို့ မရသလို သမိုင်းမှာလည်း ဖုံးကွယ်လို့မရပါဘူး။ ရှစ်လေးလုံး နောက်ပိုင်း တပ်ထဲမှာ ဘာတွေဖြစ်ကုန်သလဲ၊ ဘာတွေဖြစ်ခဲ့သလဲဆိုတာ တပ်အတွင်းက အသိဆုံးပါ။ ဒါကြောင့် စစ်တပ်အတွက်လည်း ရှစ်လေးလုံးဟာ အရေးကြီးတဲ့ အလှည့်အပြောင်းပါ။ မဆလပါတီသာ ရှစ်လေးလုံးမဖြစ်ဘဲ ဆက်တည်တံ့နေခဲ့ရင် ဗိုလ်သန်းရွှေ အခုအချိန် ဘာဖြစ်နေမလဲ။ အငြိမ်းစားဘ၀နဲ့ မှော်ဘီဘက်မှာ ခြံစိုက်စားရင်း ဗဟိုကော်မတီ အစည်းအဝေးမှာ ဥက္ကဌကြီး ထိုင်ခုံကို အဝေးက ထိုင်ငေးရုံသာ ရှိမှာပါ။
ရှစ်လေးလုံးမှာ လူထုက မှန်တယ်ဆိုရင် တပ်ကမှားတယ်လို့ ၀န်ခံရမှာပါ။ မဆလခိုင်းတာ လုပ်ပြီး မဆလကို ၀င်ကာ ကွယ်ရင်း တပ်ဟာ ကိုယ်တိုင်ပြစ်မှု ကျုးလွန်သူ ဖြစ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲပြီးမှာ စစ်တပ်ဟာ သူ့ကိုယ်သူ တရားခံအဖြစ်က ရွေးနုတ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် အစိုးရိမ်လွန်ပြီး အမှားတွေ ဆက်ကျူးလွန် ခဲ့ပြန်တယ်။ ဒီလိုနဲ့ ရှစ်လေးလုံးကို မှန်တယ်လို့ ဒီနေ့ အထိ မပြောရဲတဲ့ဘ၀ ရောက်လာတာပါပဲ။

တကယ်လည်း ၁၃၅၀ ပြည့်မှာဖြစ်ခဲ့တဲ့ ရှစ်လေးလုံးမှာ လူထုဘက်က ဘာမှမမှားပါဘူး။ တပါတီအစိုးရအောက်မှာ စီးပွားရေးချွတ်ခြုံကျတယ်၊ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ဆိတ်သုဉ်း တယ်၊ အနာဂတ်ပျောက်တယ်၊ ဒါကြောင့် ဒီစနစ်ဆိုးကြီးကို ကျောပေါ်က ခါချပစ်လိုက်ကြတယ်။ ဒါဟာ သမိုင်းရဲ့ တောင်းဆိုချက် တရပ်ကို ဖြည့်ဆည်း လိုက်တာပဲ။ အရေးအခင်းအတွင်း လူထုက တပ်ကို ရန်မရှာခဲ့ပါဘူး။ ပြည်သူ့စစ်သား တို့စစ်သားလို့အော်ရင်း ဖိလစ်ပိုင်မှာလို ရာမို့စ်တယောက် ပေါ်လာနိုးတောင် ကြိတ်မျှော်ကိုးခဲ့ကြဖူးပါတယ်။ ဒီတုန်းက တပ်ခေါင်းဆောင် တွေဟာ သူတို့ရဲ့ ဥက္ကဌကြီးအပေါ် သစ္စာရှိစွာနဲ့ တပ်သား တွေကို တပ်စည်းရိုးထဲ အတင်းထည့ှ်ုပီး လူထုခေါ်သံကို မကြားအောင်ခြံခတ်ပစ်ခဲ့ကြတာပါ။ သူတို့ခြံခတ်တာ နည်းနည်းသာနောက်ကျခဲ့ရင် တပ်ဟာ လူထုနဲ့အတူ လမ်းပေါ် ရောက်တော့မယ်ဆိုတာ ရှစ်လေးလုံးကို မီလိုက်တဲ့သူတိုင်း ကောင်းကောင်း သဘောပေါက်ကြပါတယ်။ ဒါကြောင့် ရှစ်လေးလုံးဟာ လူထုနဲ့ တပ်ရဲ့ရန်ပွဲ မဟုတ်ပါဘူး။ ဒါကြောင့် ၉၀ ရွေးကောက် ပွဲမှာ တပ်မဲတွေ ဘယ်ဘက်ပါခဲ့သလဲ ဆိုတာ လူတိုင်းသိပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မလုံတဲ့ တပ်ခေါင်းဆောင် တွေက တပ်နဲ့လူထုကို အတင်း ခွဲပစ်ခဲ့တာပါ။ တပ်ကို လူထုနဲ့ကွဲပြားတဲ့ အတွေးအခေါ်တွေ ၀င်အောင် အတင်း သွတ်သွင်းနေတာပါ။ ရှစ်လေးလုံး လူသတ်ပွဲတွေမှာ ကိုယ် တိုင်ပါဝင်ခဲ့တဲ့ အောက်ခြေ ခေါင်းဆောင်အချို့ကို မျိုးဆက်သစ်အဖြစ် တပ်ခေါင်းဆောင်မှုပိုင်းထဲ ခေါ်သွင်းပြီး လူထုဆန့်ကျင်ရေးကို ဆက်ဦးဆောင် စေပါတယ်။ ရှစ်လေးလုံးမှာကျုးလွန်ခဲ့တဲ့ မင်းတို့အပြစ်တွေ မပေါ်ချင်ရင် ရှစ်လေးလုံးကို ဆူပူမှုလို့ဆက်အော်ကြ၊ ရှစ်လေးလုံးက ပေါက်ဖွား လာတဲ့ အင်အားစုတွေကို နှိမ်နင်းကြလို့ ဆက်ရန်တိုက် ပေးနေတာပါ။ တကယ်တမ်းမှာ ရှစ်လေးလုံး ကို တိုင်းဖျက် ပြည်ဖျက်ဆူပူမှုလို့ ပိုင်းခြား သုံးသပ် ရှုမြင် ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်အခြေခံမျိုး တပ်မှာ ခြေခြေမြစ်မြစ် မရှိပါဘူး။ ဆိုလိုတာက လူထုနဲ့တပ်ကြားမှာ အပြောအဆို၊ အပြုအမူ ကွဲပြားမှုလေးတွေ ရှိပေမယ့် အတွေးအခေါ်အရ ထိပ်တိုက်ဆန့်ကျင်ဖြစ်နေတာ၊ ပဋိပက္ခ အသွင်ဆောင်တာ မရှိပါဘူး။ ဒါကို လစ်ဘရယ်နဲ့ သိပ္ပံနည်းကျ မျိုးချစ်ဝါဒတို့ရဲ့ အတွေးအခေါ် တိုက်ပွဲလိုလို ပုံဖော်ဖို့ကြိုး စားတာဟာ ရယ်စရာထက် မပိုပါဘူး။
၃။
လက်တွေ့မှာလည်း ဒီနေ့ တိုင်းပြည်ရဲ့ အခြေအနေဆိုးကို လူထုချည်းပဲခံနေရတာ မဟုတ်ပါဘူး။ တပ်လည်း ခံနေရတာပါ။ တပ်ထိပ်ပိုင်း အခွင့်ထူးခံ တချို့ရဲ့ အောက်ခြေလွတ်မှုကို တပ်ရဲ့ သဘောထားလို့ သတ်မှတ်လို့ မရပါဘူး။ အောက်ခြေထုရဲ့ ခံစားချက်နဲ့ ပွင့်အံမှုကသာ တပ်ရဲ့ သဘောထားအစစ် ဖြစ်ပါတယ်။ လေးသိန်းလောက်ရှိတဲ့ တပ်သားတိုင်းကို အခွင့်ထူးခံတွေဖြစ် အောင်ဖန်တီးပြီး လူထုနဲ့သွေးခွဲထားဖို့ ကြိုးစားချက်ကလည်း လက်တွေ့မှာ မအောင်မြင်နိုင်ပါဘူး။ လူထုအပေါ် အခွင့်အာဏာသုံးပြီး ဗိုလ်ကျစားဖို့ ခွင့်ပြုထားရင်လည်း ရေရှည်မှာ တပ်ပျက်တာပဲ အဖတ်တင်မှာပါ။ တဖက်ကပြန်ကြည့်ရင် လူထုကိုအုပ်စီးဖို့ တပ်ကိုတိုးချဲ့ရင်း တပ်ကြီးကြီး လာတာနဲ့အမျှ အပေါ်အောက် ကွာဟမှုကြီးလာပြီး အောက်ခြေတပ်ထုက လူထုနဲ့ တသားတည်း ပြန်ဖြစ်လာတဲ့အဖြစ်မျိုးလို့ သုံးသပ်လို့ ရပါတယ်။ အောက်ခြေတပ်ထုနဲ့ လူထုကြီးကြားမှာ အဖိနှိပ်ခံ တို့ရဲ့ လွတ်မြောက်ရေး စိတ်ဓာတ်ဟာ အတူတူပါပဲ။ ဒါကြောင့် လူထုနဲ့တပ်ကို အတွေးအခေါ်ချင်း ရန်တိုက်ပေးလို့ မရနိုင်ပါဘူး။
တကယ့် အတွေးအခေါ်တိုက်ပွဲက သူတို့ ကိုယ်လွတ်ရုန်းရေးနဲ့ ကိုယ်ကျိုး လောဘအတွက် တပ်ကို အသုံးချနေတဲ့ တပ်ခေါင်းဆောင်ပိုင်းနဲ့ လူထုဘ၀နဲ့ ခွဲခြားမရတဲ့ အောက်ခြေတပ်ထု ကြားမှာသာ အကြီးအကျယ် ဆင်နွှဲရဖို့ ရှိပါတယ်။ အောက်ခြေတပ်ထုရဲ့ အတွေးအခေါ်ဟာ လူထုနဲ့ တသားတည်း ဖြစ်လာလေ တပ်ခေါင်းဆောင်ပိုင်းရဲ့ လူထုဆန့်ကျင်ရေး အတွေးအခေါ်ဟာ ကျဆုံးလာလေ ဖြစ်မှာပါပဲ။

တချိန်တည်းမှာပဲ ဒီမိုကရေစီအင်အားစုဘက်မှာလည်း လူထုဘ၀လိုအပ်ချက်အပေါ် အသိရှိရှိ တာဝန်ဝင်ယူရင်း ရှစ်လေးလုံးမှသည် ယနေ့အထိ လူထုနဲ့အတူနေ လူထုနဲ့ အတူတိုက်ခဲ့ကြတဲ့ သူတွေနဲ့ ရှစ်လေးလုံးရေစီးမှာ ပုံစံအမျိုးမျိုးနဲ့ လှေကြုံဝင်စီးပြီး ကိုယ့်ခရီး ကိုယ်နှင်ခဲ့ကြတဲ့ သူတွေ အပါအ၀င် မိမိသမိုင်းအထုပ်ရှုပ်ကို ရှစ်လေးလုံး ကုတို့ဆိပ်မှာ မှို့အိတ်ဝင်ဖွင့်ကြသူတို့ အကြား အဓိကကျတဲ့ အတွေးအခေါ် တိုက်ပွဲတရပ် အခုမဟုတ်တောင် တချိန်မှာ မရှောင်မလွှဲသာ ဆင်နွှဲကြ ရဦးမယ် ဆိုတာပါပဲ။

ဝေလင်း

1 comment:

YeKyawAungMDY said...

ဝေဖန်ပိုင်းခြားပြီးတင်ပြထားတွေ တော်တော် လေးကောင်းပါတယ်။ ပိုပြီးသဘောကျမိတဲ့ အပိုက်ကတော့ နောက်ဆုံးအပိုဒ်လေးပါပဲ။ ကျနော် အဲဒီ နယ်စပ်မှာ ရှိတုန်းကတည်းက အဲဒီ သမိုင်းအရှုပ် ထုပ်တွေကို မြင်ခဲ့ကြားခဲ့ရပါတယ်။ ဒါပေမယ့် ဗမာပြည်ထဲ အထိ သယ်မသွားရင် ကောင်းတယ် လို့ထင်ပါတယ်။ ထူထောင်ရေးအတွက် အဟန့်အတားဖြစ်စေလို့ပါ။ အရှုပ်ထုပ် ‘‘မှို့’’ အစတွေ ကို လိုက်ကောက် ရှင်းလင်းနေရတာနဲ့ အချိန်တွေ ကုန်စေပါတယ်။