Saturday, August 11, 2007

တာရာမင်းဝေ အမှတ်တရ


စာရေးဆရာ တာရာမင်းဝေခေါ် ရွှေဘုန်းလူရဲ့ ဈာပနကို သူငယ်ချင်းတစု ပို့ပေးတဲ့ ပန်းခြင်းတခု၊ သူ့အတွက် ၈၈ မျိုးဆက်က ရေးသားပေးတဲ့ စာပိုဒ်လေး တပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ ရွှေဘုန်းနဲ့ ကျမက အရမ်းခင်တဲ့ သူငယ်ချင်း မဖြစ်ခဲ့ပေမဲ့ သူ့အခင်ဆုံး သူငယ်ချင်း တယောက်က ကျမအခင်ဆုံး သူငယ်ချင်း တယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က သူ့အကျိုးအတွက်လည်း မဟုတ်၊ ကျမအကျိုးအတွက်လည်း မဟုတ်တဲ့ အလုပ်တခု မှာ သဘောထား ကွဲခဲ့ကြပြီး စကားမပြောဖြစ် တော့ပေမယ့် သူ့နဲ့ ကျမက လမ်းကြောင်း တခုတည်းမှာ အတူ လျှောက်ခဲ့ကြတာပါ။ သူ့စာအုပ်တွေ နာမည်ကြီးလာတော့..... သူအိမ်ထောင်ပြုလိုက်တော့......၊ သူသားလေး တယောက်ရလာတော့........... အချိန်တိုင်းမှာ ကျမတို့ မနီးမဝေး.........။
သူကွယ်လွန်တဲ့ သတင်းကြားတော့ ကျမက စာချရေးဖို့ အင်အားမရှိတော့ပါဘူး။ အင်မတန် ရိုးသားတဲ့ သူ့ရဲ့မျက်နှာ ပုံပန်းသဏ္ဍာန်၊ အားမနာတတ်တဲ့ သူအကျင့်တွေကို ပြန်လည်မြင်ယောင်မိပါတယ်။ သူ လာလာအိပ်တတ်တဲ့ ကျမသူငယ်ချင်း အိမ်မှာ ၊ သူ လာလာနေတတ်တဲ့ ကျမသူငယ်ချင်း စာပေထုတ်ဝေရေး ရုံးတခုမှာ သူ့အရိပ်တွေ ရှိနေဦးမှာပါ။ သူနဲ့ ထောင်ထဲမှာ အတူနေခဲ့တဲ့ ရဲဘော်တွေထဲက ကျမခင်တဲ့ ရဲဘော်တယောက် ဆုံးသွားတယ် သတင်းကြားတော့ ဘာမဆိုင်ညာမဆိုင် ရွှေဘုန်းကို သတိရသွားမိသေးတာ ကလည်း နိမိတ်လေများလား။
ရဲဘော်ရဲဘက် တယောက်အဖြစ် အမြဲသတိရနေတော့မှာပါ။ ကောင်းရာသုဂတိ လားပါစေ။


သရက်ထောင်မှ အမှတ်တရ

၈၈ မျိုးဆက်တို့ရဲ့ အမှတ်တရ

သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို သူတတ်နိုင်သလောက် ထမ်းဆောင်ခဲ့ပါတယ်။

2 comments:

Chit Lay Pyay said...

အမရေ တာရာမင်းဝေအတွက် အမနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်၊

hnin said...

အစ်မ၊ သိုးလေးလည်း အဲဒီအကြောင်းကြားတုန်းက ထပ်တူ ၀မ်းနည်းရပါတယ်။ ပြီးတော့ သိုးလေး မှားခေါ်မိတာကိုလည်း တောင်းပန်တယ်နော်။ သမိုင်းထဲကရက်စွဲများကိုဖတ်တုန်းက သိုးလေးက သေချာမသိဘူး၊ အဲဒါကြောင့်ပါ။