Saturday, August 4, 2007

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကျေညာချက်

၈၈ မျိုးဆက်ကျောင်းသားများ၏ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၁၉)နှစ်မြောက် အထိမ်းအမှတ် ကြေညာချက်
နေ့စွဲ ။ ။ ၈၊ သြဂုတ်၊ ၂၀၀၇
စာအမှတ်။ ။ ၁၅၊ ၂၀၀၇ (၈၈)

(၁) လွန်ခဲ့သော(၁၉)နှစ်၊ ဤအချိန်၊ ဤကာလတွင် မြန်မာ့သမိုင်း တွင်သာမက၊ ကမ္ဘာ့သမိုင်းတွင်ပါ မော်ကွန်း တင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး (လူထုအုံကြွမှုကြီး) ဖြစ်ပေါ်ခဲ့သည်မှာ အထင်ကရပင် ဖြစ်သည်။
(၂) သမိုင်းသည် သင်ခန်းစာယူရန်ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်း၊ ဖြစ်ပေါ်နေသည့်အကျိုးဆက်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြရန် လိုသည်။
(၃) ရှစ်လေးလုံးလူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ထောင်နှင့်ချီ၍ သေဆုံးဒဏ်ရာ ရခဲ့ကြပြီး အကျဉ်းထောင်အသီးသီး၊ နယ်စပ်တောတောင်ဒေသအသီးသီး၊ ပြည်ပနိုင်ငံအသီးသီးတွင် ရှင်ကွဲ ကွဲနေကြရ၊ သေကွဲ ကွဲခဲ့ကြရသော မိသားစုများ၏ အနိဋ္ဌါရုံများလည်း ခံစားနေကြရဆဲဖြစ်သည်။
(၄) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘ၀အားလုံးကို ပုံဖေါ်ပြဋ္ဌာန်းသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပင်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် နိုင်ငံရေး သဘောထား ကွဲလွဲသူများကို ဖမ်းဆီးချုပ်ချယ်ပြီး တစ်ဘက်သတ် ရေးဆွဲခဲ့သည်။ တစ်ပါတီအာဏာရှင်စံနစ်၊ တံခါးပိတ် စီးပွားရေးစံနစ်ကို ကျင့်သုံးခဲ့သည်။
(၅) ထိုကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံများ၊ လွတ်လပ်စနိုင်ငံများအကြား ဖွံ့ဖြိုးမှုအဆင့်အတန်း အလား အလာ အကောင်းဆုံးဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ်သို့ ကျဆင်း သွားခဲ့ရသည်။
(၆) ပြုပြင်ပြောင်းလဲရန် ခက်ခဲသော ယင်း အခြေခံဥပဒေသည် ထိုစဉ်က နိုင်ငံ၏ ကြုံတွေ့နေရသော စီးပွားရေး၊ လူမှုရေး အထွေထွေ အကြပ်အတည်းများကို အချိန်မှီဖြေရှင်းနိုင်ရန် ပျော့ပြောင်းမှုမရှိခဲ့ချေ။
(၇) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က တစ်ဘက်သတ်အင်အားသုံးခဲ့မှု၊ ပြုပြင်ပြောင်းလဲမှု မလွယ်ကူစေရန် ရေးဆွဲထားခဲ့မှု တို့၏ ဒဏ်ကို အုပ်ချုပ်ခံနိုင်ငံသားများသာမက၊ အုပ်ချုပ်သူများပါ ခံစားခဲ့ကြရသည်။
(၈) တပ်မတော်အစိုးရ အနေဖြင့်လည်း ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး၏ တောင်းဆိုသံများကို အသိအမှတ် ပြုခဲ့ရသည်။ ပါတီစုံဒီမိုကရေစီစံနစ် နှင့် ဈေးကွက်စီးပွားရေး ကတိက၀တ်များဖြင့် အာဏာသိမ်း ယူခဲ့သည်။
(၉) သမိုင်းသည် နောက်ပြန် လျောကျရန်မဟုတ်။ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရန်ဖြစ်သည်။ နိုင်ငံသား များသည် သမိုင်း၏ အကောင်းဆုံး သက်သေများဖြစ်သည်။ ယနေ့ကာလကို ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကာလနှင့် နှိုင်းယှဉ်လေ့လာနိုင်သည်။
(၁၀) ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ရှစ်လေးလုံးလူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ရသည်။ အနာဂါတ် မြန်မာနိုင်ငံတော်တွင် အလားတူ ပေါက်ကွဲဖြေရှင်းရမှုမျိုး မကြုံတွေ့ရစေရန် ယခုရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်တွင် တည်မှီနေသည်။
(၁၁) သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆိုးကျိုး သံသရာများ ထပ်မံမပေါ်ပေါက်စေရန်မှာ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်ကြောင်း ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ နှိုးဆော်တိုက်တွန်းလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများ

3 comments:

ရွက်ဝါ said...

မျှဝေပေးတာကျေးဇူးတင်ပါတယ်။ မူရင်းကို ဘယ် webpage မှာဖတ်လို့ရနိုင်လဲ သိလို့ရနိုင်မလားခင်ဗျ။

ခင်မင်းဇော် said...

ရွက်ဝါ ရေ
အန်တီမနေ့ ညကတင်တဲ့အထိတော့ ဘယ်မှာမှ မတွေ့ မိဘူး။ အခုမနက် webpageတွေ လိုက်ကြည့်တော့ ကိုအောင်ကျော်မျိုးတို့ ရဲ့  http://myanmarisp.com/ မှာ တင်ထားတာ တွေ့ ရတယ်။ english လိုလည်းပါတယ်။ သွားလည်ပြီး ဖတ်လိုက်နော်။

ရွက်ဝါ said...

ဟုတ်။ သွားနေပါတယ်။