နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနေလင်းရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုခံစားပေးစေချင်လို့ ဒီစာအုပ်ကို မျှဝေပေးခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်အောက်က ကျမတို့ တိုင်းပြည်မှာ လူ့အခွင့်အရေးအတွက်၊ အနာဂါတ်မြန်မာပြည်အတွက် စွန့်လွှတ်တိုက်ပွဲဝင်ရင်း စစ်အုပ်စုကို ဆန့်ကျင်သူတွေ ရရှိခံစားရတဲ့ ဆုလာဒ်ဆိုတာကို နားလည်ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျမတို့ ဘယ်တော့မှ ဒူးမထောက် အရှုံးမပေးဘူး ဆိုတာကိုလည်း ခံစားရရှိစေပါတယ်။
ကျေးဇူးတင်လွှာ
“လူရှင်သချိုင်းများအကြောင်း” အမည်ရှိ ကျနော့်၏ထောင်တွင်း နိုင်ငံရေးအကျဉ်းသမားဘ၀ အတွေ့အကြုံ များအကြောင်း ရေးသားထား သည့် စာအုပ်အား စီစဉ်ထုတ်ဝေပေးသော နိုင်ငံခြား ရေးရာကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အား လည်းကောင်း၊ ယင်းစာအုပ်အတွက် မအားလပ်သည့်ကြားမှ အမှာစာရေးသား ပေးသည့် ဆရာဦးတင့်ဇော်အား လည်းကောင်း၊ ယခုစာအုပ်အတွင်း၌ သက်ဆိုင်သည့် အခန်းကဏ္ဍများ၌ ၄င်းတို့၏ ထောင်အတွေအကြုံ များအား ၀င်ရောက်ကူညီ ရေးသားပေးကြသည့် ကိုသားညွန့်ဦး၊ ကိုဌေးအောင်၊ ကိုဘုန်းမြင့်ထွန်း နှင့် ကိုစည်သူထွဋ္ဋ်အားလည်းကောင်း၊ စာအုပ်အား ပြင်ဆင်တည်းဖြတ်ပေးသည့် ကိုမောင်မောင်ထွေးအား လည်းကောင်း၊ စာအုပ်အတွက် လိုအပ်သည့် ပန်းချီပုံများ ရေးဆွဲသည့် ကိုကျော်ဝင်းအား လည်းကောင်း၊ မျက်နှာဖုံးဒီဇိုင်းအား ရေးဆွဲပေးသည့် ကိုအိမ်ဒေါင်းနီအား လည်းကောင်း၊ ဤစာအုပ် ရေးသားထုတ်ဝေနိုင်ရန်အတွက် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပံ့ပိုးကြသူများ အားလုံးအား ကျေးဇူး အထူးတင်ရှိပါသည်။
နေလင်း (အ-က-သ)
ဆရာ့ ဥယျောဇဉ်
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် ရှစ်လေးလုံးကို သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲ အာဏာသိမ်း လိုက်သော န၀တစစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု တလျောက်လုံးတွင် အခြေခံ ကျောင်းသားများသမဂ္ဂ၊ အတိုကောက်အားဖြင့် အကသသည် အတက်ကြွဆုံးသော အဖွဲ့အစည်း ဖြစ်သည်။ထို့ကြောင့်လည်း န၀တ၊ နအဖ စစ်အစိုးရလက်ထက်၌ ဖမ်းဆီးနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံရသူများထဲတွင် အကသနှင့် ပတ်သက်သူများမှာ အများအပြားပါဝင်နေသည်။
ကျောင်းသားသမဂ္ဂများသည် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သမဂ္ဂနာမည်ကိုခံထားသော်လည်း လူမှု့ရေးလုပ်ငန်းများ၊ အပျော်အပါးအစီစဉ်များကိုသာ အာရုံစူးစိုက်ခဲ့သဖြင့် ၁၉၂၃ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သော ရန်ကုန် တက္ကသိုလ်သမဂ္ဂကို လူမှု့ရေးအသင်းအဖွဲ့ အဖြစ်သာ မှတ်တမ်းတင်ထားကြသည်။
နိုင်ငံရေးရည်မှန်းချက်ရှိသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ၁၉၃၁ခုနှစ် တွင်စတင်ဖွဲ့စည်းခဲ့ သည်၊ ကျောင်းသားထုထဲတွင် သမဂ္ဂသည် နိုင်ငံရေးနှင့် ပက်သက်သင့်၊ မသင့် ငြင်းခုံမှု နှစ်အတန်ကြာ ဖြစ်ပွား ခဲ့ပြီးမှ ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ ပါဝင်သောနိုင်ငံ အများအပြားရှိ ကျောင်းသားသမဂ္ဂများကို လေ့လာပြီးမှ ကျောင်းသားသမဂ္ဂသည် နိုင်ငံရေးနှင့် ပတ်သက်ဖို့လိုအပ်သည်၊ သို့မှသာ တိုင်းပြည်အကျိုးကို ဆောင်ရွက်သောအဖွဲ့ဖြစ်မည်ဆိုပြီး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)(Rangoon University Students Union)(RUSU) ဖွဲ့စည်းပုံကိုရေးဆွဲကာ ကျောင်းသားထု အစည်းအဝေးမှ အတည်ပြုပြီးမှ တကသကိုစတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၁၉၃၅-၃၆ ခုနှစ်တွင် တကသ ဥက္ကဌ ကိုနုနှင့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း တို့ကို တက္ကသိုလ် အာဏာပိုင်များက အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ်မြောက် ကျောင်းသားသပိတ် ဖြစ်ပွားခဲ့သည်။ (၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်ကို ပထမအကြိမ် ကျောင်းသားသပိတ်ဟု ခေါ်သည်။)
ဒုတိယအကြိမ်ကျောင်းသားသပိတ်တွင် သပိတ်စခန်းကို ရွှေတိဂုံဘုရား အလယ်ပစ္စယံ တစ်နေရာတွင်ထားခဲ့၏။ တက္ကသိုလ်ကျောင်းသားသပိတ် ဖြစ်သော်လည်း သပိတ်စခန်းတွင် လုပ်ကိုင်စရာများကို အထက်တန်း ကျောင်းသား ကျောင်းသူများကသာ လာရောက် ဆောင်ရွက်ကြရသည်။ အထက်တန်း ကျောင်းသားများသာ မပါဝင်ပါက သပိတ်ကော်မတီ၏ လုပ်ငန်းဆောင်တာများ အခက်တွေ့ဘို့သေချာသည်။ သပိတ်ကို လူထု ထောက်ခံမှုရအောင် စည်းရုံးလှုံ့ဆော်ရာတွင်လည်း အထက်တန်းကျောင်းသားများ၏ ပါဝင်မှုကအဓိက ဖြစ်ခဲ့ သည်။
ဒုတိယအကြိမ် ကျောင်းသားသပိတ်၏ အတွေ့အကြုံကိုယူပြီး တစ်နိုင်ငံလုံးတွင် အထက်တန်း ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းဖို့လိုအပ်သည်ဟု သဘောတူဆုံးဖြတ်ကာ အထက်တန်းကျောင်းများ၌ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းကြသည်။ ဗြိတိသျှ အစိုးရကလည်း ခွင့်ပြုထားခဲ့သည်။ ၁၉၃၆-၃၇ခုနှစ်ထဲတွင် အထက်တန်း ကျောင်းသားသမဂ္ဂများ၏ ကိုယ်စားလှယ်များ အစည်းဝေးကို ကျင်းပပြီး ဗမာနိုင်ငံဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကို စတင်ဖွဲ့စည်း လိုက်ကြသည်။ ပထမဆုံး ဥက္ကဌအဖြစ် ကိုလှမောင်ကို ရွေးကောက် တင်မြှောက် ကြသည်။ နောက်တနှစ်တွင် ကိုအောင်ဆန်း ဥက္ကဌ ဖြစ်လာ သည်။
အဖွဲချုပ်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) (All Burma Students' Union) ဟုခေါ်သည်။ ကျောင်းတကျောင်းချင်းအလိုက်၊ မြို့နယ်သမဂ္ဂ၊ ခရိုင်သမဂ္ဂစသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းသည်။ သမဂ္ဂနာမည် များကို ဥပမာအားဖြင့် ဗိုလ်တထောင်အထက်တန်း ကျောင်းသားများသမဂ္ဂဟု ကျောင်းအမည်တပ်၍ ခေါ်ခြင်းမှ အစပြုပြီး မြို့နယ်အမည်၊ ခရိုင်တပ်၍ အဆင့်ဆင့် ခေါ်ဆိုကြသည်။ ထိုသမဂ္ဂများသည် အခြေခံပညာ အထက်တန်း ကျောင်းသားများ သမဂ္ဂဖြစ် သော်လည်း ထိုစဉ်က အခြေခံဟူသော အမည်ကို အသုံးပြုခြင်းမရှိခဲ့။
ဗကသတွင် တက္ကသိုလ်နှင့် ကောလိပ်သမဂ္ဂများသည် အဖွဲ့ဝင်မဟုတ်ကြ။ ဗကသသည် တစ်နိုင်ငံလုံးရှိ ကျောင်းသားများကို ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ရမည်။ ထို့ကြောင့် တက္ကသိုလ်၊ ကောလိပ်သမဂ္ဂများ ပါဝင် လာနိုင်အောင် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်မှုရှိရမည်ဟု ဆုံးဖြတ်ပြီး ၁၉၅၁-၅၂ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) All Burma Fedreation of Students' Union(ABSFU)
ဟုအမည်ပြောင်းခဲ့ကြသည်။
သို့သော် တက္ကသိုလ်သမဂ္ဂများသည် ဗကသများအဖွဲ့ချုပ်၏ တရားဝင်အဖွဲ့ဖြစ်ဖို့အတွက် သက်ဆိုင်ရာ သမဂ္ဂများ၏ ဖွဲ့စည်းပုံဥပဒေကို ပြောင်းရဦးမည်ဖြစ်ရာ လက်တွေ့တွင်ပြင်ဆင်ရ ခက်ခဲသဖြင့် ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်မှုများ ယနေ့တိုင် ပြီးဆုံးခြင်းမရှိသေးပါ။ ဗကသတွင် ၁၉၆၂ ခုနှစ်က ခေါင်းဆောင်ဖြစ်ခဲ့ကြသော ဥက္ကဌကိုသက်၊ အထွေထွေ အတွင်းရေးမှုးကိုတင်ထွန်းတို့မှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသော်လည်း တကသကိုယ်စား မဟုတ်ပဲ တစ်ဦးချင်းအနေ တင်မြှောက်ခံကြရခြင်းဖြစ်သည်။
အထက်တန်းကျောင်းများ၏ ပညာရေးကို တက္ကသိုလ်ပညာရေးဟုခေါ်သော အထက်တန်း ပညာနှင့် ရောထွေးမှု ဖြစ်လေ့ရှိခြင်းကြောင့် အခြေခံပညာအထက်တန်းဟု အသုံးပြုရန် အကြံဥာဏ်ကို ကျောင်းသားများက စတင် ပေးခဲ့ကြခြင်း ဖြစ်သည်၊ ၁၉၅၈ခုနှစ် သြဂုတ်လအတွင်းက သန့်ရှင်း ဖဆပလအစိုးရ လက်ထက် တကသ အဆောက်အဦး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော “ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲ ”တွင် စတင်အကြံပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုနှီးနှောဖလှယ်ပွဲမှ ထွက်ပေါ်လာသော စာတမ်းများသည် ၀န်ကြီးချုပ် ဦးနု၏အစိုးရ အဖွဲ့ကပင် ချီးကျူးစကား ပြောခဲ့ရသည်အထိ ပြည့်စုံခဲ့သည်။ အဆင့်မြင့်ခဲ့သည်။ သို့သော်ကျောင်းသားများ ပညာရေးနှီးနှောဖလှယ်ပွဲ ပြီးဆုံး၍တစ်လကျော်အကြာတွင် ဗိုလ်ချုပ် နေ၀င်းခေါင်ဆောင်သော စစ်တပ်က ဦးနုကိုအကြပ်ကိုင်ပြီး အိမ်စောင့်အစိုးရ ဖွဲ့ခဲ့သဖြင့် ထိုပညာရေး နှီးနှောဖလှယ်ပွဲမှ ချမှတ်သော စာတမ်းများမှာ လျစ်လျူပြုခြင်း ခံသွားရသည်။ ထိုစာတမ်းထဲမှာ အချက်အလက် တချို့ကို မဆလလက်ထက်တွင် ပညာရေးဝန်ကြီး ဒေါက်တာညီညီက ၁၉၆၄ခုနှစ်၌စတင်သော ပညာရေး စနစ်သစ်တွင် ယူသုံးခဲ့ရာမှ အခြေခံပညာရေး၊ အခြေခံပညာအထက်တန်း စသည့် အသုံးနှုံးများ ခေတ်စား လာခဲ့ခြင်းဖြစ်သည်။
၁၉၈၈ခုနှစ် သြဂုတ်လ၂၈ရက်နေ့က ဗကသများအဖွဲ့ကို တကသအဆောက်အဦးဟောင်း နေရာတွင် ဖွဲ့စည်းခဲ့ပြီးနောက် အထက်တန်းကျောင်းသားများက မိမိတို့ကျောင်းအလိုက်၊ မြို့နယ်အ လိုက်သမဂ္ဂ ဖွဲ့စည်းလိုက်သောအခါ အခြေခံပညာကျောင်းသားများ သမဂ္ဂ(အကသ)အမည်ကို သုံးခဲ့ကြရာမှ ယနေ့ အကသ အဖွဲ့များ ပေါ်ပေါက်နေခြင်း ဖြစ်သည်။
ကျွန်တော်တင်ပြလိုသော သမိုင်းအတိုချုပ်ကို ကြည့်ခြင်းအားဖြင့် အကသ အဖွဲ့အစည်းများသည် ၁၉၃၆-၃၇ ခုနှစ် ကတည်းက ပေါ်ပေါက်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းတို့ ကိုယ်တိုင်ဦးစီးဖွဲ့ စည်းခဲ့ကြခြင်းဖြစ်ကြောင်း သိနိုင်ကြပါလိမ့်မည်။ အကသသည် နံမည်သာ အသစ်တခုဖြစ် နေသော်လည်း စတင်ဖွဲ့စည်းခဲ့သည်မှာ ကြာမြင့် လှပါပြီ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်တွင် တက်ကြွပါဝင်ခဲ့ကြသော အဖွဲ့ဖြစ်ခဲ့သည်။
၁၉၄၁ခုနှစ်က ဗမာလွတ်လပ်ရေးတပ်မတော် (BIA)ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းစဉ်က ရဲဘော် သုံးကျိပ်ဝင်အချို့နှင့် အရာရှိများ အများစုတို့မှာ အကသ ခေါင်းဆောင်များ၊ အကသအဖွဲ့ဝင်များဖြစ်ကြသည်။ ဤဗကသမိုင်းအစပိုင်းကို သေသေချာချာ လေ့လာခွင့်ရသူများအဖို့ ဤအချက်ပို၍ ထင်ရှားလာပါလိမ့်မည်။ အကသသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတွင် အရေးပါသော အဖွဲ့ဖြစ်သည်။ (BIA) တပ်မတော်ပေါက်ဖွား ရာတွင် အခြေခံဇစ်မြစ်လည်းဖြစ်သည်။
၁၉၈၈ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် န၀တလက်ထက်တွင် အကသများဖွဲ့စည်းခြင်း၊ လှုပ်ရှားခြင်း များကို ကြားရသိရသောအခါ ကျွန်တော့်အဖို့ မြန်မာသမိုင်းကြောင်းအတိုင်း ဆက်လက် ဖြစ်ပွားခြင်း တခုအဖြစ် နားလည်ပါသည်။ သမိုင်းပေးတာဝန်ကို လူငယ်လေးများ စွန့်စွန့်စားစား ထမ်းဆောင်ကြခြင်းဟု မြင်ပါသည်၊၊ အခြေခံ ပညာကျောင်းသားများဖြစ်၍ နိုင်ငံရေးအသိတော့ အားနည်းမှုရှိမည်။ ထိုကြောင့် လုပ်ငန်းများတွင် အခက်အခဲ ရှိမည်ဟုလည်း မျော်မှန်းထားခဲ့သည်။
အကသ စည်းရုံးရေး လုပ်ဆောင်သူများနှင့် လက်တွေ့ကြုံဆုံရသောအခါ အချို့မှာကျွန်တော် မျှော်လင့်ထား သည်ထက် နိုင်ငံရေးအားကောင်းသည်၊ ခံယူချက်ပြတ်သားသည်။ ဇွဲ၊ သတ္တိ ပြင်းထန်သည်။
အကသခေါင်းဆောင်အဖြစ် ဗကသများအဖွဲ့ချုပ်သို့ တင်မြှောက်ခြင်းခံရပြီး တာဝန်ယူခဲ့သော ကျောင်းသားများ ထဲမှတစ်ယောက်ဖြစ်သော ကိုနေလင်းကို ကျွန်တော် ၁၉၉၈ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်တွေ့ဆုံခဲ့ သည်။ သူအဖမ်းခံရပြီး စစ်ထောက်လှမ်းရေးများ၊ ထောင်မှုးထောင်ကြပ် ထောင်ဝါဒါများ၏ ညှင်းပမ်းပုံများကို ကြားရသောအခါ ကျွန်တော့်ရင်တွင်းမှာ ပူပြင်းစွာခံစားရသည်။ ကျွန်တော်ဦးနှောက်ကြောများ ပြတ်ထွက် မတတ်တင်းမာသွားသည်။ ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်နှင့် နှိုင်းစာကြည့်ရင်း ဆတ်ဆတ်ခါ နာကျည်း မိသည်။
ကျွန်တော်သည် ၁၉၅၆-၅၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့ပြီး ၁၉၅၈ခုနှစ် မှစ၍ တက္ကသိုလ်ဆရာအဖြစ် ငါးနှစ်တိုင်အောင် အမှုထမ်းခဲ့ပြီးမှ ကျောင်းသားများနှင့် နီးစပ်လွန်းသည်ဆိုပြီး မဆလက ဖမ်းဆီးခဲ့သည်။ ထောင်ဒဏ် အပြစ်ပေးခြင်းတော့မလုပ်ပဲ ထောင်ထဲမှာ ၉နှစ်နီးပါးထားသည်။ ညှင်းပမ်း နှိပ်စက်သည်။ ကိုကိုးကျွန်းသို့ပို့သည်။
အခြေခံပညာအထက်တန်း ကျောင်းသားအရွယ်တွင် အဖမ်းခံရသဖြင့် ကိုနေလင်း အဖမ်းခံရသည့် အရွယ်မှာ ငယ်လွန်းလှသည်။ သို့သော် သူ့ညှင်းပမ်းနှိပ်စက်မှု့များမှာ ကျွန်တော်တို့ထက် ဆိုးသည်။ ဒါကိုပြည်သူတွေ သိစေချင်သည်။ ကမ္ဘာကသိစေချင်သည်။
ပါးကွက်အာဏာသားတို့၏ ညှင်းပန်းနှိက်စက်မှုကိုသာမက လူငယ်လေး ကိုနေလင်းနှင့် သူ့လုပ်ဖော် ကိုင်ဖက်များ ရင်ဆိုင်ကြပုံ၊ တွေးခေါ်ကြပုံ၊ ခိုင်မာပြတ်သားကြပုံ၊ စည်းလုံးကြပုံ၊ ခံနိုင်ရည်၊ ဇွဲ၊ သတ္တိရှိပုံနှင့် ခက်ခဲကြမ်းတမ်း လှသော အခက်အခဲများ ရင်ဆိုင်ရပုံများကို မြန်မာပြည်သူများနှင့် ကမ္ဘာမှ ပို၍သိစေချင်သည်။
ဤစာအုပ်တွင် ကိုနေလင်း၏ တင်ပြထားချက်များသည် မြန်မာပြည်သူများနှင့်ကမ္ဘာမှ စိတ်ပါဝင်စားသူများ အတွက်သာမက စစ်အာဏာရှင်စနစ်၏ ချုပ်ကိုင်အသုံးချမှုကို ခံနေကြရသော ရိုးသားသည့် တပ်မတော၊် တပ်မှုး၊ တပ်သားအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အနာဂါတ်အတွင်း မှန်ကန်သော လမ်းကြောင်းကို ရှာကြံ တွေးတောကြရာ၌ များစွာအကျိုးပြုနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
စာရေးသူပြောချင်တဲ့စကား
ကျွန်တော်ထောင်က ထွက်လာကတည်းက န၀တလက်ထက်မှာ ထောင်ကျခံရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသမား တွေအကြောင်း၊ န၀တလက်ထက် အကျဉ်းထောင်များ အကြောင်းတွေကို ပြင်ပကမ္ဘာ ရှိတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ပြောပြချင်ခဲ့ပေမယ့် အခြေအနေမပေးခဲ့ပါ။
နှစ်အတော်ကြာ မြန်မာပြည်ကထွက်လာခဲ့ပေမယ့် ကျနော့်မှာအချိန်၊ ငွေကြေးအခက် အခဲတွေနဲ့ အစစအရာရာ မပြည့်စုံခဲ့တာကြောင့်လည်း စာအုပ်ထုတ်ဝေဖို့ အဆင်မပြေဖြစ်ခဲ့ပါတယ်။
၁၉၉၆-၉၇ ၀န်းကျင်လောက်မှာ န၀တလက်ထက်အကျဉ်းထောင်များ အကြောင်းနဲ့ ပက်သက်ပြီး ကိုဝင်းနိုင်ဦး ရေးသားခဲ့တဲ့ (Cries from Insein)စာအုပ်ထွက်ပေါ်လာခဲ့၍ ဖတ်ရှုခဲ့ရတယ်။ အဲဒီအချိန်မှာ ကျနော်ကြုံတွေ့ ခံစားခဲ့ရတဲ့အကြောင်းတွေ ထုတ်ဖော်ဖွင့်ဟဖို့ ပိုပြီးစိတ်အား ထက်သန်လာခဲ့တယ်။
ကျနော်ထောင်က လွတ်မြောက်လာပြီးနောက်ပိုင်း န၀တလက်ထက် အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသမားတွေရဲ့ ဆိုးဝါးပြင်းထန်လှတဲ့ ဘ၀တွေအကြောင်း ဂဃနဏသိရှိသူတွေ၊ နားလည်သူတွေ မတွေ့ရပါဘူး။ စစ်အစိုးရအကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့သူ တော်တော်များများပင် သူတို့ရင်ဆိုင် ကြုံခဲ့တာတွေ ဖွင့်ချဖို့အတွက် များစွာအခက်အခဲ ရှိခဲ့ပါသည်။
နိုင်ငံရေးအကျဉ်းသမားဆိုရင် ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေရတယ်၊ စားရတယ်လို့ သဘောပေါက် ထားကြတဲ့ ပြည်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းထောင်တွေထဲမှာ နုနယ်လှတဲ့ ဘ၀တွေကို ရင်းပြီး တိုက်ပွဲဝင်နေကြတဲ့ နိုင်ငံရေးအကျဉ်းသမားတွေအကြောင်း၊ ဆိုးရွားလှတဲ့ န၀တအကျဉ်းထောင်တွေအကြောင်း အမှန်အတိုင်းတွေ့ရှိရလေအောင် အခုလို စာအုပ်တအုပ်အနေနဲ့ ပြုစုရေးသား ထုတ်ဝေရခြင်းပဲဖြစ်ပါတယ်။ ကျနော်ထောင်ထဲမှာ ရှိနေစဉ် ကျနော့်အိမ်မှာ ထောင်ဝင်စာအတွက် မပူမပင်ရသော်လည်း ကျနော့်မိတ်ဆွေ ထဲကဖြစ်စေ၊ ကျွန်တော်ရပ်ကွက်ထဲက ကျနော့်ကို ခင်မင်တဲ့မိတ်ဆွေတွေထဲကဖြစ်စေ၊ ကျနော့်ယုံကြည်ချက် အတွက် အားပေးစကားတခွန်းကြားရစဉ် အတိုင်းမသိ ကျနော်ပျော်ရွှင်ခဲ့ရတယ်။ ကျနော်ရှေ့ဆက်ရမယ့် လမ်းတွေအတွက် ခွန်အားသစ်တွေ တိုးခဲ့ရတယ်။ ဒါ့ကြောင့် ကျနော်တွေ့ကြုံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသမား ဘ၀နဲ့ ထောင်အကြောင်းကို စာဖတ်သူတွေနားလည်စွာဖြင့် ဖတ်ရှုပြီးတဲ့အခါ ယခုထက်ထိ မြန်မာပြည် စစ်အစိုးရ အကျဉ်းထောင် တွေထဲမှာ ယုံကြည်ချက်ကြောင့် ဘ၀ကိုစွန့်လွှတ်နေကြတဲ့ ရဟန်းသံဃာများ၊ ကျောင်းသား လူငယ် များ၊ အလွှာပေါင်းစုံမှ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ထောင်ကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားများ အပေါ် စာနာနားလည်ပြီး တက်နိုင်တဲ့ထောင့်တနေရာလေးက စကားလေးတခွန်းနဲ့ ပဲဖြစ်စေ၊ အားပေးကူညီမှု တစ်ခုခုနဲ့ဖြစ်စေ၊ ကူညီထောက်ခံ သွားစေဖို့ ရည်ရွယ်ရင်း ဒီစာအုပ် ကို ရေးသားရခြင်း ဖြစ်ပါတယ်။
ယခု စာအုပ်တွင်ပါဝင်သည့် အချက်အလက်များ အားလုံးနဲ့ပက်သက်ပြီး တာဝန်ယူကြောင်း ပြောကြား လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တွေ့ကြုံခံစားခဲ့ရတာကို ရေးသားထားခြင်းဖြစ်၍ ပြည့်စုံမည်ဟုမခံယူပါ။ အားနည်းချက်များ ရှိမည်ဆိုသည်ကိုလည်း ရိုးရိုးသားသား ၀န်ခံကြောင်း ပြောချင်ပါတယ်။
“အားမလျော့နဲ့။ ဆက်သာလုပ်။ ငါတို့အမြဲအားပေးနေမယ်”ဆိုသည့် အသံများသည် အကျဉ်းထောင်များတွင် ကျနော်ကြားခဲ့ရစဉ် မြန်မာပြည် ဒီမိုကရေစီရေးအတွက် အားအင်များ အစစ်အမှန်ဖြစ်ခဲ့ကြောင်း ထပ်မံပြောချင် ပါသေးတယ်။ နိုင်ငံရေးအကျဉ်းသမားများ အမြဲလို တောင့်တသည်မှာ သူတို့ကို ထောက်ခံအားပေးသည့် လူထု၏ သဘောထား၊ လူထု၏ အသံများပင် ဖြစ်ပါတယ်၊၊
မာတိကာ
အကြောင်းအရာ စာမျက်နှာ
ကျေးဇူးတင်လွှာ---------------------------------------------- (၅)
ဆရာ့ရဲ့ ဥယျောဇဉ် ---------------------------------------------- (၇)
စာရေးသူပြောချင်တဲ့စကား------------------------------------------ (၁၃)
အခန်း(၁)
(က) ကျောင်းသားထု ညီလာခံ ------------------------------------- (၁၅)
(ခ) အကသ တို့ရဲ့ ဆိုင်းဘုတ်ဖြုတ်ပွဲ -----------------------------------(၁၆)
(ဂ)တိမ်းရှောင်ပြီး ------------------------------------------------------(၁၇)
(ဃ)မဖမ်းမခံရခင် တစ်ရက်အလို --------------------------------------- (၁၉)
အခန်း(၂)
(က) သပြေမှာ အဖမ်းခံရပြီး ----------------------------------------------(၂၂)
(ခ) စစ်ကြောရေးကို ဖြတ်သန်းစဉ် ----------------------------------------(၂၄)
(ဂ) နံရံတွေပေါ်က ကြွေးကြော်သံတွေ ----------------------------------- (၂၉)
(ဃ) အိမ်သာထဲက သောက်ရေ ----------------------------------------- (၃၂)
(င)ယောက်ဖကို ကြက်ဥတိုက်ခြင်း ---------------------------------------(၃၄)
(စ) အမှုတွဲတွေနဲ့ အတူအချုပ်သို့ ---------------------------------------- (၃၉)
အခန်း(၃)
(က) အချုပ်ထောင်မှာလူစုံပြီ --------------------------------------------(၄၂)
(ခ) စတီးဝပ်မှာ ရုံးထုတ်တဲ့နေ့ ----------------------------------------- (၄၄)
(ဂ) ၅(ည)တွေကို ခိုးမှုပုဒ်မတပ်တော့ ----------------------------------(၄၇)
(ဃ) ခြင်ထောင်တွေ၊ မွေ့ယာတွေရတဲ့ထောင် -------------------------(၄၉)
(င)ဘ၀သံသရာနဲ့ ၅(ည)တွေဘ၀--------------------------------------(၅၀)
(စ) ရမန်ယူပြီး -------------------------------------------------------- (၅၂)
(ဆ) စစ်ခုံရုံးမှာ တိုင်းပြည်ကိုချစ်တဲ့သူတွေ ----------------------------(၅၃)
အခန်း(၄)
(က) အပ်ထည်အလုပ်ခံရခြင်း -----------------------------------------(၅၅)
(ခ) ကျီးကန်းမျိုးတွေရဲ့ တောင်ယာလေဘာ အန်တုပွဲ ----------------------------(၅၇)
(ဂ) စစ်ခွေးတိုက်က ငရဲခန်း -------------------------------------- (၅၉)
(ဃ) စစ်ခွေးတိုက်မှာ နေ့စဉ် ---------------------------------------- (၆၃)
(င)စစ်ခွေးတိုက်က အပြန် ----------------------------------------------- (၆၆)
အကြောင်းအရာ စာမျက်နှာ
အခန်း(၅)
(က) မစားသင့်တဲ့ အသီးစားမိလို့ --------------------------------- (၆၈)
(ခ) ထောင်တွင်း နိစ္စဓူဝ ----------------------------------------- (၆၉)
(ဂ) အားလုံးကောင်းပါတယ် ဆရာကြီး --------------------------------(၇၂)
(ဃ) အိုးစားအကြောင်း၊ ဂြိုလ်အကြောင်း ---------------------------------- (၇၃)
(င)ဂြိုလ်ဖမ်းနည်း ----------------------------------------------------------(၇၅)
(စ) ဂြိုလ်ဖြစ်အောင်လုပ်ခြင်း -------------------------------------------------(၇၇)
အခန်း(၆)
(က) ထောင်တွင်းဗိုလ်လုပွဲ ----------------------------------------------- (၈၀)
(ခ) သွားနာနေလို့ လူသတ်တာ---------------------------------------------- (၈၂)
(ဂ) ကြိုးမိန့်နဲ့မသေပဲ ပေါက်ပြားနဲ့ သေရသူ --------------------------------------(၈၅)
အခန်း(၇)
(က) ထောင်ဆေးရုံဆိုသည်မှာ ------------------------------------------- (၉၀)
(ခ) လူသတ်ဆရာဝန် -----------------------------------(၉၃)
အခန်း(၈)
(က) အိတ်ခ်ျအိုင်ဗွီရောဂါ ပိုးပျံ့နှံ့ပုံ --------------------------------(၉၆)
(ခ) ရန်ကုန်မြို့ ရဲ့ဘိန်းစခန်း ---------------------------------------(၉၈)
အခန်း(၉)
(က) ကွပ်စိပ်ဆရာ မဟာဘုတ် -----------------------------------(၁၀၁)
(ခ)ထောင်အတွင်း ဘုရားတည် --------------------------------------(၁၀၃)
(ဂ) ရေဒီယိုဝယ်ပေးမိလို့ ထောင်ကျလာတာ --------------------------------(၁၀၅)
(ဃ) ထောင်တွင်းငွေကြေး လဲလှယ်စနစ် ------------------------------------ (၁၀၆)
(င)ထောင်စာရင်းတွေခိုးထုတ်တော့ -------------------------------------- (၁၀၈)
အခန်း(၁၀)
(က) ထောင်ပြောင်းပြီး --------------------------------------(၁၁၅)
(ခ) သရက်ထောင်အသွား လမ်းခရီးမှာ ---------------------------------------(၁၂၂)
(ဂ) ဟင်းကောင်းလို့ထမင်းတောင်းတာ -------------------------(၁၂၆)
(ဃ) ထောင်တရားစီရင်ခန်း ----------------------------------------------(၁၂၉)
အခန်း(၁၁)
(က)ထောင်ဝင်စာတိုက်ပွဲ ------------------------------------------------------(၁၃၁)
(ခ) ထောင်ဝင်စာပုံစံတိုက်ပွဲ -------------------------------------------------(၁၃၇)
အကြောင်းအရာ စာမျက်နှာ
အခန်း(၁၂)
(က) သရက်ထောင်တွင်း သက်သေထွက်ဆိုချက် ---------------------------------(၁၄၂)
(ခ) အညာခရီး -----------------------------------------(၁၅၅)
အခန်း(၁၃)
(က) ထောင်တွင်းသတင်းစာ၊ အတိုအထွာ------------------------------------(၁၆၇)
(ခ) ကိုအိုက်ကို သေဆုံးမှု ----------------------------------------(၁၆၉)
အခန်း(၁၄)
(က) ရှားရှားပါးပါး ခေါင်းဖြတ်သတ်မှု -----------------------------------------(၁၇၄)
(ခ) အမျိုးသားညီလာခံနဲ့ တိုက်ပိတ်ဒဏ်--------------------------------------(၁၇၆)
အခန်း(၁၅)
တွဲဖက်ထောင်သံတိုင်ကြားက --------------------------------------- (၁၈၄)
အခန်း(၁၆)
ဒေါနတောင်မှာ နေတဲ့ တောင်ပေါ်သားတွေ -------------------------------(၁၉၁)
အခန်း(၁၇)
ပိဋိကတ်ကိုဖျက်တဲ့ ကြွက်စုတ် -----------------------------------(၂၀၁)
အခန်း(၁၈)
ကျနော်သိခဲ့ဖူးတဲ့ သူတွေထဲက အမှတ်တရမိတ်ဆွေများ
(က) ဦးအုန်းမြင့် (သခင်ဦးအုန်းမြင့်၊ တိုးတက်ရေး ) ------------------------------------(၂၁၃)
(ခ) ဦးစိန်လှ(ဗိုလ်စိန်သံမဏိ) ------------------------------------------(၂၁၅)
(ဂ) ဆရာတော်ဦးရေ၀တ --------------------------------------------------(၂၁၆)
(ဃ) ရဲကျော်စွာ ----------------------------------------------------------(၂၂၄)
အခန်း(၁၉)
(က) သရက်ထောင်က လွတ်တဲ့နေ့ --------------------------------------------(၂၂၆)
(ခ) ထွက်တော်မူ နန်းကခွာပြီ----------------------------------------------------------(၂၂၇)
မှတ်တမ်းဓာတ်ပုံ -------------------------------------- (၂၃၀)
သရက်အကျဉ်းထောင်ပုံ -----------------------------------(၂၃၁)
သရက်အကျဉ်းထောင်တွင် ရေဆွဲလေဘာ ပန်းချီပုံ ---------------------------(၂၃၂)
သရက်အကျဉ်းထောင်၏ အဆောင်ပန်းချီပုံ ---------------------------------(၂၃၃)
တိုက်ပုံစံများ -----------------------------------------(၂၃၄)
ထပ်ဆင့် ဝေမျှသူ
ခင်မင်းဇော်
No comments:
Post a Comment