Friday, January 23, 2009

ဘ၀ဒိုင်ယာရီ အမှတ် နှစ် ၊ အခန်း (၈)

မရေးဖြစ်တာကြာနေတဲ့ ဘ၀ဒိုင်ယာရီကိုလဲ ဆက်လက်ရေးသားနေပါပြီ။ ခရီးထွက်နေရတော့ ကိုယ့်အိမ်လို စာရေးဖို့ခံစားချက်က သိပ်မလွယ်ဘူးလေ။ ဒါနဲ့ပဲ ဘ၀ဒိုင်ယာရီက အခန်း(၇) ရေတိုက်ပွဲအပြီးလေးမှာပဲ ရပ်နေခဲ့ရတယ်။ တကယ်ဆိုရင် ထောင်ဒဏ် ၂ နှစ်ဆိုတာ အခု ထောင်ဒဏ် နှစ် ရာကျော်တွေ ၆၅ နှစ်တွေနဲ့ နှိုင်းလိုက်ရင်တော့ ခဏလေးပါပဲ။ ဒါပေမယ့်လဲ ကျမဘ၀ အတွေ့အကြုံလေးတွေကို မှတ်တမ်းတင် ထားခဲ့ချင်တာရယ်၊ ထောင်ဆိုတာ ကြောက်စရာ မဟုတ်ဘူးဆိုတာရယ်ကို မျှဝေ ပေးချင်တာတွေကြောင့် ဒီဘ၀ဒိုင်ယာရီကို ဆက်ရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆက်လက်အားပေးကြပါဦး။

အခန်း(၈)
ရေတိုက်ပွဲပြီးတော့ ထမင်းတိုက်ပွဲရှိသေးတယ်လေ။ သူကလဲ တကယ်က ကိုယ်ကစလုပ်တာ မဟုတ်ပါဘူး။ အခြေအနေအရ အခွင့်ထူးခံလို ဖြစ်သွားစေတဲ့ အဖြစ်အပျက်ကလေးပါပဲ။

ဖြစ်ပုံက .. ထောင်ထဲမှာ မနက်စာ ဆန်ပြုတ်လာတယ်။ ကိုယ့်ရှိတဲ့ခွက်တွေနဲ့ သွားပြီးခံသောက်။ နောက် ထမင်းပုံး( စည်ပိုင်း အပြတ်ထဲ ထမင်းထည့်လာတာ)လာရင်လဲ ကိုယ့်ရှိတဲ့ ကော်ဇလုံနဲ့ သူတို့ ထိုးပေးတဲ့(ဒါက ထမင်းထိုးတယ်ဆိုတာ ထောင်ကခေါ်တာလေ၊ သွပ်ပြားအရှည်ကို ကတော့ပုံ ခပ်ပက်ပက် ဆက်ထားပြီး သစ်သားလက်ကိုင်တပ်ထားတာ) ထမင်းကို သွားယူရတာပဲ။ အဲဒီမှာ လူတိုင်းတန်းစီရတယ်။ ကိုယ့်တယောက်စာ ကိုယ်ယူရတဲ့ စနစ်ပဲ။ ထမင်းယူ ပြီးရင် ဘေးမှာ ရပ်နေတဲ့ ပုံစံငပိယူ၊ နောက်ပဲဟင်းယူ အဲလိုယူရတာ။ ထုံးစံအတိုင်း အားလုံး တညီတညာတည်း ဆိုလဲ ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ။ ခုက တန်းစီးနဲ့ တည့်သူ၊ ထမင်းထိုးပေးတဲ့ သူနဲ့ တည့်သူဆိုရင် ထမင်းက တန်းစီစရာမလိုပဲ ဘယ်နှစ်ယောက်စာ ဆို ကျွပ်ကျွပ်အိတ်နဲ့ ခံယူလိုက်ယုံပဲ။ ပဲဟင်းလဲ အဲလိုပဲ ။ တယောက်ချင်းစီတဲ့လူကို ထိုးပေးတဲ့ ထမင်းက တော်တော်နည်းတယ်။ တယောက်အနေနဲ့ မ၀ဘူး။ ဘာလို့နည်းထည့်ပေးလဲ ဆိုတော့ များလို့ မစားနိုင်ပဲ ကျန်တာများနေရင် သူတို့အဆူခံရလို့တဲ့။ တကယ်က ၀က်စာအိုးထဲထည့်လို့ရတယ်။ ထမင်းအကျန် ဟင်းအကျန်ထည့်ဖို့ စဥ့်အိုးတလုံးလုပ်ထားတယ် ညနေဆို လာသိမ်းတာပဲ ၊ ထောင်မှာလဲ ၀က်တွေ ကြက်တွေမွေးရတယ်။ အကျဉ်းသားတွေ အတွက်မဟုတ်ဘူးလေ။ ထောင်ဝန်းထမ်းတွေ သက်သာချောင်ချိရေးအတွက်တဲ့ ။

အကျဉ်းသားတွေက ၀က်သားဆိုလဲ အဆီတုံးရင့်ရင့် တတုံးလောက်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စားရမယ်။ ၀က်သားမဟုတ်ရင် အမဲသား အရွတ်တုံး အသားပါတယ်ဆိုယုံ၊ ဒါးနဲ့တောင်မနည်းလှီးယူရတယ်။ ဟင်းဆိုပေမယ့် အရည်ကျဲကျဲထဲ ထည့်ပြုတ်ထားတာချည်းပဲ။ ဒါတွေမစားဘူးဆိုရင် ဘဲဥပြုတ်တလုံး ယူခွင့်ရှိတယ်။ ဒါပေမယ့် လူတိုင်းတော့ မပေးဘူး။ဘဲဥပြုတ်တာ နည်းလို့တဲ့။ သီးသန့်တွေက ထောင်ဝင်စာတွေ့ခွင့်က ကြာသပတေးနေ့ ဖြစ်နေတော့ ဘဲဥပြုတ်ပဲ ယူမယ်လို့ ပြောထားရတယ်။ ဒါမှ နောက်နေ့စားဖို့ဖြစ်မယ်လေ။ ထောင်ဝင်စာမှာက အိမ်က ဟင်းထည့်ပေးတာပဲ ဆိုတော့အဲလိုမှ အဆင်ပြေမယ်။ ဒီလိုပဲ ကြည့်ကျက်စီမံရတာပေါ့လေ။ အဆောာင်မှာနေရသလိုပါပဲ။ အဲဒီချိန်က အဲလိုပဲ ခံစားရတယ်။ ထူးထွေပြီးလဲ စိတ်မညစ်ပါဘူး။ ကိုယ်နဲ့ရွယ်တူတွေနဲ့ သီချင်းဆိုလိုက် ဘုရားစာကျက်လိုက်နဲ့၊ ပရိတ်ကြီး ၁၁ သုတ်၊ ဓမ္မစင်္ကြာ၊ ပဌာန်းအကျယ် အကုန်ရခဲ့တယ်။ ထောင်ကျတဲ့ အကျိုးပေါ့။

ထမင်းတိုက်ပွဲကို ဆက်ပြောပြရရင်တော့ ကျမတို့သီးသန့်မှာ လူကြီး ၂ယောက်ပါတယ် အသက် ၅၀ ကျော် နဲ့ ၆၀ ကျော်ပေါ့။ အဲဒါသူတို့ ၂ယောက်ကိုလဲ ထမင်းတန်းစီခိုင်းတယ်။ စီတာပါပဲ အစက။ ဒါပေမယ့် တန်းစီနေတဲ့ အချိန်မှာ ကျမတို့က အမြဲ ထိပ်ဆုံးမှာ ဖြစ်နေအောင် နေရာယူနေကျမို့ သူက ကျွတ်ကျွတ်အိတ် သမားတွေကို အရင်ဆုံးထည့်ပေးနေတာ မြင်နေရတယ်။ နေပူကျဲကျဲထဲမှာ တန်းစီနေတဲ့ လူတွေကို အရင်မပေးပဲ သူတို့ အခွင့်ထူးခံတွေကို နေ့တိုင်းအဲလိုပေးနေတော့ သိပ်မကြည်ချင်တော့ဘူး။ ဒါပေမယ့် သည်းခံနေကြသေးတယ်။ ဒီလိုအချိန်မှာပဲ ကော်ဇလုံတွေ မကိုင်ရတော့ဘူး။ ထောင်က ပုံစံပန်းကန်တွေကိုပဲ သုံးတော့မယ်။ တယောက်တပန်းကန်လာယူကြ ဆိုတဲ့အမိန့် ထုတ်လိုက်ပါလေရော။ အဲဒီအချိန်မှာ ကောင်းတယ် ကျွတ်ကျွတ်အိတ်သမားတွေ ပျောက်တော့မယ်ပေါ့။ တွေးမိကြသေးတယ်။

ဒါပေမယ့် ထောင်က ပေးတဲ့ပုံစံပန်းကန်က အကျဉ်းသူဦးရေနဲ့ မလောက်ဘူး ဖြစ်ပြန်ရော။ နောက်ပြီး ကိုယ်ရတဲ့ ပုံစံပန်းကန်ကို ကိုယ်က အပြီးယူမထားရဘူးတဲ့။ စားပြီး ပြန်လာထပ် ။ နောက်နေ့ ထမင်ပုံးလာရင် အဲဒီအထပ်ထဲက ကျရာဆွဲယူပြီး ထမင်းခံတဲ့။ ဟာ မဖြစ်ဘူးပေါ့။ သူများတွေက ဆပ်ပြာနဲ့မဆေးပဲ ရေနဲ့ပဲ ဆေးထားတာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ ကျမတို့ကလည်း ဝေဖန်တာပေါ့။ မရဘူးတဲ့။ အဲလိုပဲ လုပ်ရမယ်တဲ့။ ပန်းကန်မလောက်တဲ့ လူတွေက ဘယ်လိုစားမလဲ ဘာနဲ့စားမလဲ ဆိုတော့သူတို့က ကျွတ်ကျွတ်အိတ်နဲ့စားတဲ့။ ဒါဆိုရင် ကျမတို့ ကျွတ်ကျွတ်အိတ်နဲ့ စားမယ်လို့ ပြောတော့ မရဘူးတဲ့။ ဘာလို့မရတာလဲ ကျမတို့ နောက်ဆုံးမှာနေမယ် ၊ ကျွတ်ကျွတ်အိတ်နဲ့စားမယ်။ ဒါမှ မဟုတ်လဲ ကျမတို့ ရှေ့ဆုံးကနေ ကျွတ်ကျွတ်အိတ်နဲ့ ယူလိုက်မယ်။ လက်မခံဘူး။ ကျရာပန်းကန်နဲ့စားရမယ် ကိုယ်တိုင်ထမင်းခံရမယ်။ သူများစာ မယူရဘူး ဖြစ်ရော။ ဘယ်လိုမှ ပြောလို့ လက်မခံဘူး ထောင်မှုးမက။ သူကလဲ သက်သက်ချိုးချင်နေတာလေ။ ကျမတို့ကို။

အဲဒီလိုဖြစ်တဲ့နေ့က ထောင်ဝင်စာ လာထားတဲ့နေ့ ဆိုတော့ကိုယ့်ဆီမလဲ ဟင်းကောင်းကောင်းက ပါလာတယ်။ အရည်နဲ့ အစိုဟင်းလို့ခေါ်ရမယ့် ဟင်းတွေ ကိုယ်စီနဲ့ပေါ့။ ထောင်ဝင်စာကလဲ တယောက်ကို ၂ပတ်တခါတွေ့ခွင့်ရတော့ များများပို့နိုင်သူနဲ့ နည်းနည်းပို့နိုင်သူ တွဲပြီး အလှည့်နဲ့ ဒီတပတ် ဒီ၂ ယောက်၊ နောက်တပတ် ဟို၂ ယောက် အဲလိုလဲ လုပ်ထားရသေးတယ်။ ဒါမှ ဟင်းအစိုနဲ့ ထမင်းက စားဝင်မှာကိုး။ အခြောက်တွေနဲ့ချည်းစားရတာ မြိုမကျတော့ဘူးလေ။ အဲဒီဟင်းအစိုတွေနဲ့ ထမင်းနဲ့စားရင် ကောင်းလိုက်မယ့်ဖြစ်ခြင်းပေါ့။(အခုတော့ အင်းစိန်ထောင်မှာ ရှိနေတဲ့ ကျမအဖေဆီကို ဟင်းအစိုပို့လို့မရဘူး၊ ပို့ခွင့်မရှိဘူးတဲ့) ဒါပေမယ့် ခုနလို ညှိမရတဲ့အခါမှာတော့ ရတယ်လို့ ကျမတို့ ဒီနေ့သီးသန့်အားလုံး ထမင်းမစားတော့ဘူးလို့ ၊ ထောင်ပိုင်လေးကို အကြောင်းကြားလိုက်ပါ။ ထမင်းမစားပဲ ဆန္ဒပြတယ်လို့ ပြောလိုက်ပြီး ထမင်းလုံးဝ မယူလိုက်ကြဘူး။

ထောင်မှုးမက မျက်စိမျက်နှာပျက်လို့။ ဒါဆို တကယ်မစားဘူးပေါ့လေတဲ့ ဟုတ်တယ်လို့ ကိုယ့်ကျွတ်ကျွတ်အိတ်နဲ့ သူများတွေ ထမင်းယူသွားတာ ကျမတို့ တွေ့နေတာပဲ ၊ ကျမတို့ကို ခွင့်မပြုတာတော့ မဟုတ်သေးဘူးလေ။ ဒါ့ကြောင့် မစားတာ၊ သွားအကြောင်းကြားပေးပါလို့ သေချာပြောလိုက်တယ်။ သူက ညည်းတို့က ထောင်ပိုင်လေးနဲ့မှ စကားပြောချင်တာလားတဲ့။ ဟုတ်တယ်လေ အန်တီက ထောင်ပိုင်လေး အမိန့်ပေးရင် လက်ခံမယ်မဟုတ်လား ဆိုတော့ သူထောင်ပိုင်က ခွင့်ပြုရင် ငါကပေးရမှာပဲ ပေါ့ ဆိုပြီး မဲ့ကာ ရွဲ့ကာနဲ့ လေးတံခါးသွားခေါက်ပြီး အခြေအနေကို သတင်းပို့ တိုင်တော့တာပေါ့။

သတင်းပေးတာကလဲ အဆင့်ဆင့်ဆိုတော့ ထောင်တန်းပိတ်သွားပြီ။ ကျမတို့ လဲ ထမင်းမစားဖြစ်ဘူး။ ဒါပေမယ့် ထောင်ကထမင်းပဲ မစားတာလေ။ ထောင်ဝင်စာမှာ ပါလာတဲ့ မုန့်တွေ ရှိနေတာပဲ မုန့်စားပြီး ရေသောက်နေလိုက်ကြတာပေါ့။ဝါဒါမတွေကလည်း ဟိုဘက် ဒီဘက်မပါရဲပဲ ကျမတို့ကို အရိပ်တကြည့်ကြည့်ပေါ့။ အဲဒီနေ့က ဘာမှအကြောင်းပြန်ကြားချက် မလာဘူး။ မလာရင် နောက်နေ့တွေ ရော ထမင်းမစားပဲ နေမှာလား ဆိုတာ ကျမတို့ အချင်းချင်းတိုင်ပင်ကြရပြီပေါ့။ အခန်းတွေကလဲ မတူတော့ မနက်ထိစောင့်ကြည့်ပြီး မနက်ကျမှ ဆက်တိုင်ပင်မယ်။ ဒီညတော့ ဗိုက်ဝအောင် စားပြီး အိပ်ကြမယ်လို့ အကြံပြုကြတာမို့ စောစောပဲ အိပ်ကြတယ်။ ဒါပေမယ့် မနက်ထိ အကြောင်းမပြန်ရင် လုံးဝမစားပဲ ဆက်နေကြမယ်လို့ ကျမအခန်းထဲမှာ တူတူရှိနေတဲ့ အမနှစ်ယောက်နဲ့ တိုင်ပင်ဖြစ်တယ်။ သူတို့ကလဲ မထူးဘူး ဆက်ချပစ်မယ်တဲ့။ ပိုက်ဆံပေးနိုင်သူတွေကို ဆက်ဆံတာကျတော့ တမျိုး ဒီလိုမျိုးခွဲခြားဆက်ဆံတာမျိုးကို တိုက်ပစ်မယ်လို့ အချင်းချင်းအားပေးပြီး ဆုံးဖြတ်ထားကြတယ်။ မနက်ကျတော့ ကျန်တဲ့လူတွေလဲ သူတို့အခန်းတွေမှာ ခုလိုပဲ ဆုံးဖြတ်ထားကြတာကို သိကြရတယ်။ အသက်ကြီးတဲ့ ၂ ယောက်ကိုတော့ ကျမတို့လုပ်ရင်မပါဖို့ ပြောထားပြီး အခြေအနေစောင့်ကြည့်နေကြတယ်။

မနက်ပိုင်း တန်းဖွင့်ချိန်မှာ ထောင်မှုးမမျက်နှာက မာရေကြောရေနဲ့ပေါ့။ သူ့ရှေ့က ဖြတ်သွားချိန်မှာ မကြားတကြားစောင်းပြောသေးတယ်။ မိမနိုင်ဖမနိုင်တွေတဲ့။ ဒါနဲ့ပဲ ခပ်တည်တည် သူ့ရှေ့ရပ်လိုက်ပြီး အန်တီကလဲ နည်းသေးတာပေါ့။ အစိုးရပါ မနိုင်လို့ ထောင်ထဲပို့ထားပါတယ်ဆိုမှတော့ ဘယ်သူမှကိုမနိုင်တော့ဘူးသာမှတ်လို့ သေချာပြောပစ်လိုက်တယ်။ မျက်စောင်းထိုးလိုက်တာ မျက်နှာတောင် တပတ်လည်မတတ်။
ပြီးတော့ ကျမတို့အုပ်စု လေးတံခါးထောင်ပိုင်ဝင်လာနိုင်တဲ့ လမ်းကိုမြင်ရတဲ့ ထောင်အုတ်ရိုးဘေးနားမှာ တန်းစီထိုင်ကြရင်း ရောက်တတ်ရာရာ ပြောဆိုနေလိုက်တာပဲ။
မနက်ထမင်းပုံးလာချိန် လေးတံခါးဖွင့်သံကြားလို့ လှမ်းကြည့်လိုက်တော့ ထောင်ပိုင်လေး ဦးပြုံးချို ၀င်လာတာကိုတွေ့လိုက်တယ်။

ရုပ်ခပ်ဖြောင့်ဖြောင်ပေမယ့် သူ့ရဲ့လက်သံက တကယ်ပြောင်သတဲ့။ ဒီလောက်ပဲ အတွင်းမှာ နေတုန်းက သိထားပေမယ့် အပြင်ပြန်ထွက်လာတော့ အင်းစိန်ထောင်ထဲမှာ ဒေါက်တာတင်မျိုးဝင်းကို နံရိုးကျိုးသွားတဲ့ထိ ရိုက်တာ သူတဲ့။ နံရိုးကျိုးပြီးလမ်းမလျှောက်နိုင်လို့ တွဲသွားရတဲ့အခါမှာ ဘေးကတွဲတဲ့လူကို မတွဲခိုင်းပဲ ဒေါက်တာတင်မျိုးဝင်းကို ဒီတိုင်းလမ်းလျှောက်ခိုင်းခဲ့တယ်။ လမ်းမလျှောက်နိုင်လို့ လေးဘက်ထောက်သွားနေတဲ့အချိန်မှာ မင်းတို့ ကြည့်ထား။ တင်မျိုးဝင်းလိုကောင်ကို တောင် ဒီလိုလုပ်နိုင်တယ် ဆိုပြီးကြိမ်တ၀င့်ဝင့်နဲ့ ရိုက်ပြလိုက်သေးသတဲ့။ အဲဒါကို ပြန်ပြောပြတာက ဒေါက်တာတင်မျိုးဝင်းကို ၀င်တွဲခဲ့တဲ့ ကျမသူငယ်ချင်း ကိုစိုးနိုင် ပဲ။ ဒါတွေက တကယ့်အဖြစ်အပျက်တွေပဲ။

ကျန်တဲ့လူတွေ ပုံစံထိုင်ခေါင်းငုံနေချိန်မှာ ကျမတို့ဆီကို လာနေတဲ့ ထောင်ပိုင်လေးကိုကြည့်ရင်း အဲဒီအချိန်က အားလုံးရင်ထဲမှာ သတ္တိတွေအပြည့်နဲ့ ဘာဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတာက သေချာသလောက်ပဲ။ အံ့သြဘွယ်ရာပါပဲ။ ထောင်ပိုင်လေးက ပြုံးပြုံးရွှင်ရွှင်နဲ့ ပုံစံထိုင်မနေပဲ မြေကြီးပေါ်ပြားပြားချ ထိုင်ထားတဲ့ ကျမတို့ အုပ်စုနားမှာ လာရပ်ရင်း သူ့နောက်နားမှာ ရပ်နေတဲ့ မိန်းမထောင်မှုးကို သူတို့ကို သူတို့ပန်းကန်နဲ့ပဲ ထမင်းစားခိုင်းလိုက်ပါတဲ့။ ဒါပဲပြောပြီး ကျေနပ်သလားတဲ့ ကျမတို့ကိုလှမ်းပြောတယ်။ ပုံစံပန်းကန်မလောက်လို့ ကျမတို့ ဒီလိုတောင်းတာပါ။ နောက် ကျမတို့ထဲက လူကြီးတွေကိုလဲ ထမင်းတိုးမခံစေချင်လို့ပါ။ ကျေနပ်ပါတယ်လို့ ပြောလိုက်တယ်။ ကျမတို့ကို ရယ်ရယ်မောမောလာပြောတော့ ကျမတို့ကလဲ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တာပါ။ အဲဒီအဖြစ်အပျက်က ဘာမှမဟုတ်ဘူးဆိုပေမယ့် ကျမတို့ သီးသန့်အကျဉ်းသူတွေ ညီညွတ်တယ် တစိတ်တ၀မ်းတည်းဆိုတာကို သူတို့ အသိအမှတ်ပြုလိုက်ရသလို နောက်ပိုင်းမှာလဲ ခပ်ကြောကြော လုပ်တာမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ ထောင်မှုးမက တပတ်လောက် မခေါ်ပဲနေတာတော့ ခံလိုက်ရတာပေါ့။ နောက်တော့လဲ အရာရာပုံမှန်ပါပဲ။

ထောင်ထမင်းပြဲမနပ်နဲ့ ပဲဟင်းကျဲကျဲ၊ နောက် သဲများများနဲ့ ငရုတ်သီးတောင့်ကြော် စိုက်ထားတဲ့ ငပိစိမ်းကို အိမ်က၂ပတ်တခါပို့တဲ့ ထောင်ဝင်စာနဲ့ တွဲဖက်စားသုံးရင်း ၂ နှစ်ဆိုတာက ဘာမှမကြာလိုက်သလိုပါပဲ။ ဒီထဲမှာ ကျမတို့အရင် ထွက်သွားတဲ့ သူငယ်ချင်းတွေ၊ ကျမတို့နောက်မှ ၀င်လာတဲ့ သူငယ်ချင်းတွေနဲ့ ပုသိမ်ထောင်ထဲက သီးသန့်အကျဉ်းသူက နည်းသွားလိုက် များလာလိုက်နဲ့ ၁၀ ယောက်ဝန်းကျင်ကတော့ ပုံမှန်ရှိနေတာပါပဲ။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, January 22, 2009

အော်စလိုသွားတောလား…

မဖြစ်မနေရေးဖို့ အစပျိုးလိုက်တာပါ။ ဒီနေ့တော့ အမြည်းလို့ သဘောထားပေးပါနော်။ ဒိုင်ယာရီရယ် ဒီခရီးသွားမှတ်တမ်းရယ်ကို တလှည့်စီရေးမယ် စိတ်ကူးတယ်။ ရောက်လာခဲ့တဲ့ နေရာမှာ ကိုယ့်စိတ်ထဲက သတ်မှတ်တဲ့အတိုင်း ခံစားရတဲ့အတိုင်း အကဲဖြတ်တာတွေလဲ ပါမှာမို့ သဘောထားကွဲလွဲတာတွေ ရှိခဲ့ရင်လဲ ပို့စ်မတင်ခင်ကတည်းက တောင်းပန်ထားပါတယ်။

တကယ်က ဒီခရီးစဉ်ကို အစက သွားဖို့ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် ဆွီဒင် မီဒီယာက ခေါ်တဲ့ သင်တန်းမို့ ကိုယ့်ဌာနက ပိုက်ဆံမကုန်သလို ကိုယ်လဲရောက်ဖူးမယ် သွားရမယ့် အဖော်တွေကလဲ ကောင်းတယ် ဆိုတော့ လိုက်မယ် ဖြစ်ရော။ ဒါနဲ့ ပထမသုတ်မှာတောင် မပါပဲ ဒုတိယ သုတ်မှ လိုက်ဖြစ်တော့တယ်။ သင်တန်းက ပထမသုတ်ပြန်ခါနီးနဲ့ ဒုတိယသုတ်ရောက်ခါစမှာ ရက်ညှိ လုပ်တာဆိုတော့ အဆင်ပြေတာပေါ့။
ပထမဆုံးဘန်ကောက်ကနေ ဖင်လန်နိုင်ငံ က ဟယ်လင်စကီး မြို့တော်ကို ရောက် အဲဒီကနေ တဆင့်နော်ဝေးကို လေယာဉ်ပြောင်းစီးရတာပါ။ နော်ဝေးလေဆိပ်ကို စရောက်တော့ အ၀င်မှာ ကိုယ့်ပတ်စပို့စ် စာအုပ်ကို ပြရမယ် ထင်ပြီး ထုတ်တောင် ကိုင်ထားလိုက်သေး။ ဒါပေမယ့် ဘာအင်မီဂရေးရှင်းမှ လုံးဝကို မရှိတာတွေ့ရပါတယ်။ အော် .. ဥရောပဆိုတာ ရောက်လာလေပြီပေါ့။

အော်စလို လေဆိပ်ကလဲ အော်စလို မြို့တော်နဲ့ နည်းနည်းဝေးသေးတော့ ကြိုတင်မှာထားတဲ့အတိုင်း ရထားစီးရမယ်။ အော်စလိုသွားမယ့် ရထားကို စုံစမ်းရန်မှာ မေးမြန်းပြီးလက်မှတ်ဝယ်တော့ အတူသွားတဲ့ ၃ ယောက်မို့ ၃ ယောက်စာ လက်မှတ်ရောင်းပါ သေချာပြောပြီး လက်မှတ်ဝယ်တော့ ၉၁ ခရောင်းတဲ့။ အော် သိပ်ဈေးမကြီးဘူးပဲ တယောက်မှ ၃၀ လောက်ပဲကျတာပဲ တောင်တွေးမိသေးတယ်။ ဒါပေမယ့် ရထားပေါ်ရောက်တော့ လက်မှတ်စစ်လာတော့ ဒါတယောက်စာပဲတဲ့။ ဟမ် ဘယ်လိုလုပ်ရပါ့။ မြန်မာပြည်လို ဖမ်လိုက်မလား ဒဏ်ဆောင်ခိုင်းမလား ဘာလုပ်ရမယ်မသိဖြစ်နေတော့ လက်မှတ်စစ်က သူ့ဆီမှာလက်မှတ်ယူလို့ရတယ်။ ယူမလားတဲ့ ယူပါ့မယ်ပေါ့။ ပိုက်ဆံကို ယူအက်စ်ဒေါ်လာ ထုတ်ပေးတော့ သူမယူဘူးတဲ့။ ပေါက်ဈေးမသိလို့ဖြစ်မယ် ထင်တယ် ပြောပြီး ၃ ယောက်သား ခေါင်းချင်းဆိုင်ကြရတယ်။ ဒါနဲ့ သားသားကိုဒိန်းမတ်ကဘော်ဒါ မပိုက မုန့်ဖိုးလှမ်းပေးထားတဲ့ ဒိန်းမတ်ခရိုနာ ၅၀၀ ကို မလဲပဲ ယူလာတာ သတိရတော့ အဲဒီဒိန်းမတ်ခရိုနာ ထုတ်ပေးလိုက်တော့ ယူတယ်။ တော်ပါသေးရဲ့။ နော်ဝေးခရိုနာနဲ့ ဒိန်းမတ်ခရိုနာ မှာ တကယ်ဆို ဒိန်းမတ်က နည်းနည်းမြင့်မယ် ။ ဒဿမလောက်ပဲ ကွာ တာမို့ သူက တူတူပဲတွက်ယူလိုက်တယ်။

ဒီလိုနဲ့ မိနစ်၂၀ လောက်ရထားစီးပြီး အော်စလိုဘူတာကြီးကို ရောက်ခဲ့တယ်။ သေချာပြောထားတာက ဘူတာကနေ အပေါ်ကို တက်လာလိုက် စောင့်နေမယ် ဆိုတော့ အပေါ်တက်တဲ့လူတွေနဲ့ ရောတက်လာလိုက်တာ ကိုယ့်နာမည်ခေါ်သံတွေ ကြားနေရပြီး လူမတွေ့ဘူးဖြစ်နေသေးတယ်။ နောက်မှ အပေါ်ထပ်ကနေ ပြေးဆင်းလာကြတဲ့ ပထမသုတ်က ကိုယ့်လူတွေကိုတွေ့ရတယ်။ ဗမာစကားသံ ဆူဆူညံညံနဲ့ တယောက်တပေါက်ပြောနေလိုက်ကြတာ ရွာက ဘူတာကျနေတာပဲ။

ဒီဗွီဘီက လူတွေချည်းပဲ ဆိုတော့ရုပ်သံကနေ မြင်ဖူးကြမယ်ထင်တာပဲ။ နာမည်တွေ ရေးမတင်တော့ဘူး။

အဲဒီမှာပဲ အနွေးထည်လိုနိုင်မယ် ကြိုတွက်ပြီး အရင်ရှိသူတွေက အနွေးထည်တွေ ယူလာပေးထားတယ်။ ကျမအတွက် တေးဂီတအစီအစဉ်က မသီတာက အနွေးထည် တထည်ယူလာပေးတယ်။ အော်စလိုရုံးချုပ်မှာ ရှိနေတဲ့ လူတွေက ကိုယ်တာဝန်ယူမယ့် လူကို စောင့်ခေါ်တာမို့ ကိုယ်နေရမယ့်အိမ်ကို လိုက်သွားရတာပေါ့။

ကျမကတော့ ပထမသုတ်မိန်းကလေး ၂ ယောက်ရှိနေတဲ့ ဒီဗွီဘီရေဒီယိုက မခင်နှင်းထက် အိမ်မှာပဲ နေရမယ်လို့ နေရာချထားခံရတယ်။ ပထမသုတ်က ရောက်နှင့်နေတဲ့ နော်ဆေးဖော၊ စောလဲ့နန္ဒာ တို့ရဲ့ ခေါ်ဆောင်ရာ မနှင်းအိမ်ကို လိုက်လာတော့ အော်စလို စံတော်ချိန် ၉ နာရီခွဲ ကျော်နေပြီ။

မြေအောက်ရထားထပ်စီးပြီး ဘူတာလေးတခုမှာဆင်း။ ၆ မိနစ်လောက် လမ်းလျှောက်ရတဲ့ ခရီးမှာ ည ၁၀ နာရီထိုးခါနီး။ ခေါင်းမှာ ဓါတ်မီးလေးတပ်ပြီး ပြေးနေတဲ့နော်ဝေးတွေရယ်။ ခွေးတကောင်လက်ဆွဲပြီးလမ်းလျှောက်နေတဲ့ နော်ဝေးတွေရယ်တွေ့တော့ ဟဲ့ ညဖက်ကြီးလဲ ပြေးနေကြတာပဲလားလို့ မေးတော့ အမရေ .. သူတို့လဲဒီအချိန်ပဲ အားတယ်ထင်ပါတယ်။ အားတဲ့အချိန် လေ့ကျင့်ခန်း လုပ်တာတဲ့။ အော် ဖြစ်ရလေ လို့တွေးမိတယ်။ ကိုယ်တွေကတော့ ချမ်းလို့လေ။အနွေးထည် အထူကြီးစ၀တ်လာပြီ။ လေယာဉ် ၁၀ နာရီကျော် ဆက်တိုက် စီးလာရတော့ ထမင်းတောင်မစားတော့ပဲ အိပ်ယာထဲ တန်းဝင်ပစ်လိုက်တယ်။ အင်း မအိပ်ခင် ဆေးဆေးက အမ အိမ်ကို ဖုန်းပြန်ဆက်လိုက်ပါဦး ။ အော်စလို ရောက်ပြီဆိုတာကို ဆိုပြီး အင်တာနက်ကနေ ဖုန်းခေါ်ခိုင်းလို့ လှမ်းခေါ်လိုက်သေးတယ်။ ရောက်ခါစက ထိုင်းနဲ့နော်ဝေးက အချိန် ၅ နာရီပဲ ကွာသေးတယ်။ အော်စလို ည၁၀ နာရီဟာ ထိုင်းမှာ မနက်စောစော ၃ နာရီပဲပေါ့။ နှင်းတွေ ဘာတွေလဲမတွေ့ရသေးဘူး။ ဒါပေမယ့် ငါတော့ မြောက်ဝင်ရိုးစွန်းကိုရောက်နေပြီလို့ စိတ်ထဲမှာ မှတ်မှတ်သားသားဖြစ်မိတယ်။ ငယ်ငယ်က ပထ၀ီသင်ရတဲ့အခါမှာ အက်စကီမိုး လူမျိုးတွေရဲ့ ရေခဲကိုပဲ အိမ်ဆောက်နေတာ၊ စွပ်ဖားလေးတွေစီးတာ မျိုးကို သိပ်လုပ်ချင်ခဲ့တာမို့ ခုမြောက်ဝင်ရိုးစွန်းကို ရောက်နေတာကိုပဲ ပျော်နေမိတယ်။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, January 17, 2009

အိမ်ခြေယာမဲ့ဝေဒနာ

ဒီနေ့ စနေနေ့ မုန့်ဟင်းခါး ဖြစ်ဖြစ်၊ နန်းကြီးသုပ်ဖြစ်ဖြစ် လုပ်စားမယ်လို့
စဉ်းစားထားသော်ငြားလည်း…
မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရ နယ်ထဲက ၀ါးတော ဆိုတဲ့ ရွာကလေးက အိမ်တွေကို ဖျက်ခိုင်းတယ် လူတွေ အဖမ်းခံမလား ထွက်သွားမလား ပြောလို့
အားလုံး တောထဲကို တိမ်းရှောင်ပုန်းနေရတယ်တဲ့။
ဒီသတင်းကြားလာတော့ သတင်းယူဖို့သွားရင်း သူတို့ကိုလဲ လိုတာလေးတွေ လှုမယ် စိတ်ကူးပြီး နီးစပ်ရာကို နည်းနည်းအလှုခံလို့ ဒီနေ့ မနက် စောစောသွားဖြစ်လိုက်တယ်။
အဲဒီလို အဖျက်ခံထားလိုက်ရတယ်
အဲဒီရွာလေးကို ကျမနဲ့ဘလော်ဂါ ဂျစ်တူး ရောက်သွားဖူးတယ်။ အိမ်တန်းလေးတွေ စီရီပြီး သန့်ရှင်းသပ်ရပ်နေသလို ရွာထဲက ကိုယ့်နိုင်ငံသားတွေရဲ့ ဖော်ရွေမှုကလဲ ကျမတို့ကို ခင်မင်မှုတိုးစေခဲ့တဲ့ မှတ်မှတ်ရရရှိခဲ့ရတဲ့ ရွာကလေးပါ။ ၀ါးပင်တွေရဲ့ အရိပ်တွေအောက်မှာ သနပ်ခါးဖွေးဖွေးနဲ့ ရွာသူတွေကို ညနေခင်းမြင်ခဲ့ရတဲ့ မြင်ကွင်းကို ခုထိ မှတ်မိနေဆဲပါ။
အခုလိုတောထဲတောင်ထဲမှာ ယာယီတဲလေး ထိုးလို့
တကယ်က ထိုင်းကို လာလုပ်တဲ့ မြန်မာအလုပ်သမားတွေ မြေပိုင်ရှင်သူဌေးခွင့်ပြုချက်နဲ ခုလို စုပေါင်းနေရင်း လူဦးရေက ၂ ရာကျော် ရှိလာတာရယ်။
သန့်ရှင်းပြီး စနစ်ကျလှတဲ့ ဒီရွာလေးမှာ အန်ဂျီအိုတွေက ဆေးခန်း စာကြည့်တိုက် ရေပေးဝေရေး စနစ်တကျ ၊ ယင်လုံအိမ်သာ တွေနဲ့မို့ အိမ်ခြေက တိုးတိုးလာနေတာမှာ မြန်မာရွာကြီးကြီးတခု ဖြစ်လာနိုင်တာတွေရယ် ကြောင့် အလုပ်သမားလက်မှတ်မရှိသူတွေ နေထိုင်ခွင့်မပေးတော့တာကနေ စတာဖြစ်နိုင်ပါတယ်။
အကြောင်းရင်းသေချာ ကို ဘယ်သူကမှမသိပါဘူး။
ညဖက်ကြီးလာပြီး ဖယ်ပေးမလား အဖမ်းခံမလားပြောလို့ လက်မှတ်ရှိသူရော မရှိသူတွေပါ ထွက်ပြေးခဲ့ကြရတာကိုး။ လက်မှတ်ရှိသူတွေကရော ဘာလို့ ထွက်ပြေးရတာတုန်းဆိုတော့ မသိပါဘူး အမရယ် ။ ဒီလိုပဲ ကြောက်ကြောက်နဲ့ထွက်ပြေးခဲ့တာပါပဲတဲ့။ ကျမတို့ နိုင်ငံသားတွေမှာလဲ အကြောက်တရားက တော်တော်စွဲမြဲနေတာပဲနော်။
သူတို့ကို မြင်တဲအခါမှာ ဒေါသထွက်တာရော စိတ်မကောင်းတာရော ပေါင်းပြီးခံစားရတယ်။
ကိုယ့်မိခင်နိုင်ငံက မကောင်းတော့ အားလုံး ဒုက္ခလာခံနေရပါလားလို့ ခံစားရတာပါ။
ကျမကတော့ ထိုင်းအာဏာပိုင်တွေကိုလဲ အပြစ်မတင်ချင်တော့ပါဘူး။
သူတို့ကလဲ သူတို့ရဲ့ ဒေသ လုံခြုံရေးကို ကာကွယ်ချင်ပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အရင်းစစ်ရင်တော့ အမိမြေမှာ နေခွင့်မသာအောင် ဖိနှိပ်မှုတွေ ကျပ်တည်းလွန်းမှုတွေကနေ ဒီလို တပါးနိုင်ငံမှာ ခုလို အောက်ကျနောက်ကျ နေ နေရတဲ့အဖြစ်ကို ရောက်စေခဲ့တာပဲ မဟုတ်လား။
ဒီဘက်ကို ရောက်လာသူအများစုက တောသူတောင်သားတွေလေ ။ မြန်မာနိုင်ငံထဲမှာတုန်းကလဲ လုပ်အားပေးဟေ့ ဆိုလဲ သူတို့၊ ကင်းစောင့်ဖို့ ဆိုလဲ သူတို့၊ ပေါ်တာဆိုလဲ သူတို့ … ဒီတော့ လွတ်ရာကျွတ်ရာ အဖြစ်ပြေးခဲ့ပေမယ့်လဲ အခုကျတော့ တောထဲတောင်ထဲ ခြင်ကိုက် ဖြုတ်ကိုက် ၊ ဒီနှစ် ပိုလာတဲ့အအေးထဲမှာ အိမ်ခြေယာမဲ့ဘ၀နဲ့..
ကျမတော့ မြင်ကွင်းတွေ ကြည့်ရင်း ဒင်းတို့လူရမ်းကား လူဆိုးဗိုလ် အုပ်စုကိုပဲ အသေသတ်ချင်တော့တယ်….။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, January 16, 2009

အိမ်ကို ပြန်ရောက်ပြီ။

အော်စလိုကနေ ဘန်ကောက်။
ဘန်ကောက်ကနေ ချင်းမိုင်။
ချင်းမိုင်ကနေ ကိုယ့်နေအိမ် ပြန်ရောက်တော့ ညနေ ၆ နာရီ။
ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက် ရောက်ချင်း ပထမဆုံး ဘာမှမလုပ်နိုင်သေးခင်
သားသား မားမားကို သတိမရဘူးလား မေးလိုက်တော့ ရတော့ ရတယ် ဒါပေမယ့် သားပျော်တယ်ဟ တဲ့။
ဒင်းက အမေမရှိတော့ အမေ့ကွန်ပျူတာကို ဂိမ်းဆော့ရင်း ကောင်းကောင်းသမထားတာကိုး။ လွမ်းရကျိုးနပ်ပါရဲ့။ ၀တုတ်ပါးဖောင်း နေတာပဲ သားက အမေကို လွမ်းနေပုံ။

ဒါနဲ့ ကိုယ့်ပီအေကို မေးရတယ် အိမ်မှာ ဘာဟင်းချက်ထားသလဲ လို့။ မေးလ်ထဲမှာ ပြန်လာရင် သီးစုံပဲကုလားဟင်း စားချင်လိုက်တာ လို့ ပြောထားဘူးတာကိုး။ ချက်များထားမလား မျှော်လင့်ချက်နဲ့ မေးလိုက်တော့ ဘာမှမချက်ထားဘူးတဲ့။ ညဈေးမှာ သွားစားမယ်လေ ကြိုက်တာစား ၊ ဖတ်ထိုင်း( ထိုင်းကွတ်တီယိုခေါက်ဆွဲကြော်) စားမယ်ဆို သွားမယ်လေတဲ့။ (ကဗျာမဆန်လိုက်ပုံများ) ။ ဒါပေမယ့် သီးစုံပဲကုလားဟင်းချက်ဖို့ ဒန့်သလွန်သီး၊ ပဲသီး၊ ခရမ်းသီး၊ ရုံးပတီသီး အစုံအလင်ဝယ်ပေးထားတယ် တဲ့။( အော် အလိုက်သိတယ်ပေါ့လေ…)

ဒါနဲ့ အဲဒီညကို မဲဆောက်ညဈေးမှာ စားသောက်ရင်း ပြီးလိုက်ရတယ်။
နောက်နေ့မနက် အိမ်ကို သေချာ ကြည့်လိုက်တော့ ကြောင်မရှိ ကြွက်ထ ဆိုသလို ကြွက်တွေ တွေ့နေရတယ်။ အိမ်ကလဲ ရှုပ်နေတာပဲ။ ဒါတောင် ပြန်လာတော့မယ် ဆိုလို့ အိမ်ကို ခေါ်ရှင်းထားသေးသတဲ့။ အိမ်ရှင်းဖို့ မလုပ်သေးခင် ကိုယ့်အလုပ်က ဖုန်းဝင်လာတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီက အလုပ်အမှုဆောင်အစည်းအဝေးလေး အင်တာဗျူး ရိုက်ပေးပါဦးတဲ့။ အင်း သူ့ဆန်စားရဲရမှာကိုး။ သွားရိုက်ပေးဖို့ ဖုန်းချိန်းတော့ မေးခွန်းတွေ ပေးထားဦးဟ ၊ အဖွဲ့အစည်းနဲ့ ဆိုတော့ သူတို့နဲ့ ဘယ်လိုဖြေရမယ် တိုင်ပင်ရဦးမယ်တဲ့။ ဟုတ်ပြီ ဒါဆို ဒီလိုဒီလိုတွေမေးမယ် ၊ ဘယ်အချိန်လာရမလဲ နောက်တနာရီမှာ လာတဲ့။

အိုကေ.. ကြားချိန်လေးမှာ အမျိုးသမီးများလူမှုစောင့်ရှောက်ရေးအဖွဲ့(SAW) ရဲ့ လူကုန်ကူးခြင်းခံရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဂေဟာအသစ်ဖွင့်ပွဲသတင်း သွားရိုက်၊ နောက် အဲဒီကနေ တဆက်တည်း NCUB ရုံးကို သွားရိုက် ပြီး အက်ဒစ်လုပ် အော်စလို တိုက်ရိုက်မေးပုံစံ မေးခွန်းတွေ ရေးပေး၊ ဆာဗာပေါ်တင်ပေး၊ SAW သတင်း တပုဒ်အပြီးလုပ် ဆာဗာပေါ်တင်ပေး။ ညနေဖြစ်သွားရော။ အိမ်ကို ပြန်လာပြီး အိမ်ရှင်း။ အခု ကြွက်တွေမလာတော့ ပီအေက ကျမကို နင်က ကြောင်ဓါတ်ရှိတယ် ထင်တယ် နင်လဲ ပြန်လာရော ကြွက်လဲ မလာတော့ဘူးတဲ့ ပြောပုံက။ အိမ်မှာ ရှုပ်နေလို့ ကြွက်လာတာကို ၀န်မခံချင်ဘူး။

အမ်မလေး အိမ်ရှင်းနေရတာနဲ့ ၊ လူကြုံတွေကို ပစ္စည်းလာယူဖို့ စာရင်းစာရွက်တရွက်နဲ့ ဖုန်းခေါ်လိုက် ပေးလိုက် လုပ်နေရတာနဲ့။ တနေ့က ဘယ်လိုကုန်သွားတယ်မသိ။ သီးစုံပဲကုလားဟင်းလဲ ဘယ်လိုမှ မစားရသေး။ ရေခဲသေတ္တာထဲ ရှိနေတဲ့ ပုဇွန်ချဉ်ထုပ်ကို သုတ်ပြီး ပန်းဂေါ်ဖီကြော်နဲ့ နှစ်ပါးသွားလိုက်ရပြန်တယ် ။

နောက်တရက်..
စားချင်တာတွေ စားရမယ် မထင်နဲ့ဦး။ ရုံးချုပ်က အမိန့်တော်လာတယ်။
ဂျာမဏီမှာ ရိုက်ခဲ့တဲ့ အင်တာဗျူးတွေ အပြီးလုပ်ပို့ပါတဲ့။
အက်ဒစ်လုပ်ရပါတော့တယ်။ ဟူးးးးးးးး

ဒါပေမယ့် သီးစုံပဲကုလားဟင်းနဲ့ ငါးခူကြော် တရက်။
ဝက်သား ၊မျှစ်၊ချဉ်ပေါင် အရည်သောက် နဲ့ဝက်သားကို အကြော်မှုန့်လူးပြီးကြော်တာလေးနဲ့ တရက်…. ကိုအသေအချာ ချက်စားပြီးပါကြောင်း သတင်းကောင်းပါးရင်းးးးး
ခရီးသွားအတွေ့အကြုံလေးတွေကို ဝေမျှပါဦးမယ်လို့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, January 5, 2009

အန်တီစုရဲ့ လွတ်လပ်ရေးနေ့ အမှတ်တရ စကား

အန်တီစုက သူ့ခြံရှေ့မှာ အနီရောင်ပေါ်မှာ ရွှေဝါရောင်စာလုံးနဲ့ ပြည်သူတွေအတွက် နိုင်ငံရေး လှုပ်ရှားနေသူတွေကို စကားလက်ဆောင်ပါးသတဲ့။ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ကိုးကားလို့ပေါ့။

တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ ပြတ်ပြတ်သားသား ဆောင်ရွက်ကြတဲ့။

အန်တီကတော့ ပြတ်သားမှု ရိုးသားမှုနဲ့ ပြည်သူ့အကျိုးကိုပဲ ကြည့်ခိုင်းနေပြီနော်။
ကျမတို့ ပြည်သူတွေမှာလဲ မျိုးဆက်တွေ ရင်းနေလိုက်ရတာ။
ခုဆို ၂၀၀၇ မျိုးဆက်ဆိုတာတောင် ပေါ်လာရသေးတယ် မဟုတ်လား။
အဆုံးအရှုံး နည်းစေချင်တယ် ဆိုတာနဲ့ မျိုးဆက်တွေ ရင်းနေရတာဟာ သဘာဝ ကျပါရဲ့လား။
တန်ဖိုးချင်းကရော ဘယ်လိုရှိမလဲ။
စဉ်းစားလေ ရှုပ်လေ ကိန်းဂဏန်း တွက်ချက်မှုတွေပါပဲ။
လက်တွေ့မှာတော့ ရင်းနေရတာက သက်ရှိ မျိုးဆက်သစ် လူငယ်လေးတွေ။
အင်းးးးးးးးးးးးးးးး။
ကျမကရော ဘာများတတ်နိုင်ပါအံ့နည်း။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, January 4, 2009

၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့


ဒီပုံကို ကိုထိုက်ဘလော့က ယူလာပါသည်။
၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် တကယ့်လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့

ခရီးက ပြန်မရောက်သေးပါ... ဘလော့လေးကို သတိရလို့ ၀င်ကြည့်ပါတယ်။ လွတ်လပ်ရေးနေ့မှာ အားလုံး လွတ်လပ်ပျော်ရွှင်ကြပါစေ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်