Showing posts with label Tag Game. Show all posts
Showing posts with label Tag Game. Show all posts

Saturday, February 4, 2012

တို့ငယ်ငယ်တုန်းဝယ်…

ရေးလက်စ ပို့စ်တခုတောင် အစမသတ်ရသေးပဲ ပျင်းနေတာမို့ စာရေးအားရအောင် ဒီ tag ပို့စ်လေးကို အားစိုက်ခွန်စိုက် ရေးလိုက်ပါတယ်။

ကျမငယ်ငယ်ကတော့ အမေဖက်မှာ မြေးဦး၊ အဖေကတော့ ညီအကိုမောင်နှမ ၇ ယောက်ထဲမှာ အငယ်ဆုံးသားဆိုပေမယ့်လဲ တမိသားစုလုံးချစ်တဲ့ အငယ်ဆုံးသားဆိုတော့ သူ့သမီး ဖြစ်တဲ့ မြေးကိုလဲ သည်းသည်းလှုပ်ပေါ့။ ဒီတော့ ရလဒ်က အတော့်ကို စွာပါတယ်။ ပုသိမ်တဖက်ကမ်း သဘောင်္ကျင်း မှာလဲဖြစ် ဆွေမျိုးတွေ တန်းစီနေတဲ့ လမ်းမှာ ဖြစ်ပြန်တော့ မောင်နှမ၀မ်းကွဲတွေနဲ့ ဆော့ကြကစားကြပါပဲ။ အဲဒီအခါ ပြန်ခါနီးတိုင်း ကလေးတယောက်က အမြဲ ငိုရတယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ တယောက်မဟုတ် တယောက်နား ကပ်ပြီး နားရွက်တွေ လက်မောင်းတွေ မှီရာကို ကိုက်လိုက်တဲ့ ကျမကြောင့်တဲ့။ အဲဒါ မောင်နှမအရင်းကိုတော့ မကိုက်ဘူးတဲ့။ ၀မ်းကွဲတွေ အတော်များများ အကိုက်ခံရဘူးတယ်။ ၀မ်းကွဲထဲမှာလဲ အသက်တွေက မတိမ်းမယိမ်းတွေ ၊ တနှစ်တည်းမွေးပြီး လပိုင်းကွာတာ တွေရော တနှစ်နှစ်နှစ်ခြားတွေရော ၂၀ ကျော် ရှိတယ်၊ ၊နောက်ပိုင်း ပုသိမ်ဖက်ကမ်းကို ပြောင်းလာကြတော့လဲ အိမ်တွေက သိပ်မဝေးကြဘူး။

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ တအိမ်အိမ်မှာ စုပြီးဆော့ကြတာပဲ။ ပုသိမ်နဲ့ သိပ်မဝေးတဲ့ ကန်ကြီးဒေါင့်လိုမျိုး နေရာတွေနဲ့ ပုသိမ်ထဲမှာ ရှိတဲ့ ဘုရားပေါင်းစုံ အကုန်လုံးနီးပါးကို တအိမ်တမျိုး ချက်ပြုတ်ပြီး အပတ်တိုင်း သွားခဲ့ကြတယ်။ လူကြီးတွေက ဘုရားဖူး ပြီး ဘာတွေ လုပ်တယ် မမှတ်မိပေမယ့် ကလေးတွေကတော့ အသားကုန်ဆော့ခဲ့တာတော့ တော်တော်ပျော်ဖို့ကောင်းတယ်။ ပုသိမ်က ဘုရားတွေကလဲ ၀င်းကျယ်ကျယ် ကားလမ်းနဲ့ ဝေး၊ သစ်ပင်တွေနဲ့ပြခန်းတွေ လှိုဏ်ဂူတွေ များတော့ စိန်ပြေးတမ်းတို့၊ တူပုန်းတမ်းတို့ ဆော့ခဲ့ကြတာ တော်တော်ပျော်ဖို့ကောင်းတယ်။ မသွားဖြစ်တဲ့ အပတ်တွေဆိုရင် ဇယ်ခုတ်တမ်းဆော့ကြတယ်။ ကျောက်စရစ်ခဲ အလုံးလှလှလေးတွေ သေချာ ရှာပြီး ၇ လုံးရရင် ဇယ်ခုတ်တာမှ သိပ်မိုက်တာပဲ။ ပြောရင်း ခုတောင် ခုတ်ချင်လာသလိုပဲ။ တလုံးမြှောက်တလုံးကောက်ကနေ တိုးတိုးသွားတာ နောက်ဆုံး ၁လုံးမြှောက်ပြီး အောက်က ကျဲပြန့်နေတဲ့ ကျောက်စရစ်ခဲတွေကို အမြန်စုကောက်ပြီး ပြန်ဖမ်းရတာ ပညာတော်တော်ပါတယ်လေ။ နောက်တခုက ဇယ်တောက်တမ်းဆော့တာ၊ မန်ကျည်းစေ့တွေကို ရာနဲ့ချီ စုဆောင်းထားပြီး ရောင်းတောင် ရောင်းခဲ့သေးတယ်၊ ဇယ်တောက်တမ်းဆော့တဲ့အထဲမှာ မောင်နှမ၀မ်းကွဲအကိုတယောက်က ယောက်ျားလေးဖြစ်ပြီး တော်တာတော့ မှတ်မိတယ်။ သူ့ကို ဇယ်ပြရင် ဘယ်လောက်ထပ်နေနေ ဝေးနေနေ သူက ၀င်အောင် တောက်နိုင်တယ်။ ကိုယ့်မောင်နှမ ၀မ်းကွဲတွေချည်း ဆော့နေရာက လမ်းထဲကတခြားကလေး တွေပါလာရင် တိုင်ဦးတမ်း၊ ဖန်ခုန်တမ်း၊ ကျောက်ရုပ် လုပ်တမ်း လူများများနဲ့ ကစားနည်းတွေ ပြောင်းကစားကြတယ်။

Friday, April 15, 2011

အချစ်အကြောင်း ပြောကြရအောင်

သက်ဝေရဲ့ တဂ် ပို့စ်လေးကို အစက အသစ်ရေးဖို့ပါပဲ။ ကျမဘလော့လဲ လေးထဲ ၀င်ပြီး ပို့စ်အဟောင်းတွေ ကိုယ့်ဘာသာ ပြန်ဖတ်ရင်း ရသစာစု ခေါင်းစဉ်အောက်ကို ပြန်ရောက်သွားတယ်။ အဲဒီမှာ ကိုယ်ကြိုက်တဲ့ ကိုယ့်ရင်ထဲက စကားတချို့ကို အဖြစ်အပျက်တချို့နဲ့ ရောယှက်ပေါင်းစပ်လို့ ရေးခဲ့ဖူးတဲ့ ချစ်သူ့ဒိုင်ယာရီ ဆိုတဲ့ စာစုလေးကို ပြန်ဖတ်ရင်း အချစ်အကြောင်း ပြန်ပြောပြချင်ပါတယ်။ ပို့စ်က ဘလော့ လုပ်ပြီးခါစဆိုတော့ ကြာခဲ့ပြီပေါ့။ ဒီစာစုလေးက ခေတ်ပြိုင်မှာလဲ ဖေါ်ပြခဲ့ဖူးပါတယ်။ အောက်က ခေါင်းစဉ်လေးကို ကလစ်ပြီး ဖတ်ကြည့်ကြပါဦးနော်။

ချစ်သူ့ဒိုင်ယာရီ


အဲဒီစာစုလေး တင်တုန်းက ဘလော်ဂါအသစ်လေးဆိုတော့ လူတွေ သိပ်မဖတ်ဖြစ်ခဲ့ဘူး။ ခုလိုလဲ ဘလော်ဂါမိတ်ဆွေတွေ မရှိသေးချိန်ပေါ့။ ကောမန့် တခုမှ မရ နောက် တခုရသွားးး အကြာကြီးနေပြီးမှ နောက်ထပ်တခုရ။ ဘလော်ဂါ ရန်အောင်နဲ့ ဘလော်ဂါ မယ်ရာ တို့ လာမန့် သွားတာလေး မမေ့သေးပါဘူးးး။ ခုတခေါက် ဖတ်ပြီးရင်တော့ တခုခုရေးပေးခဲ့ကြပါဦးနော်။။

ချစ်တဲ့
ခင်မင်းဇော်

Wednesday, July 7, 2010

အသွင်တူ၏မတူ၏

ချစ်သောသက်ဝေညီမကို တဂ်ပါလို့ တိုက်တွန်းလိုက်မိတဲ့ အတွက်ရေးရပါတော့မယ်။

ချစ်သောသူတယောက် ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်က သူ့မှာ ရှိတဲ့ အကျင့်တွေကို သတိမထားမိခဲ့ပါဘူး။ အိမ်ထောက်ဘက်ဖြစ်တော့မှ သိသိသာသာ ထိုးထွက်လာတဲ့အကျင့်တွေထဲမှာ ကျမတခါမှ မထင်မှတ်ထားတဲ့၊ မယုံနိုင်တဲ့ အကျင့်တွေ မြင်လိုက်ရတော့ အံ့သြမိတာတွေ ရှိခဲ့တာကတော့ ကိုယ်တိုင်ကြုံမှ သိနိုင်ပေလိမ့်မည် လို့ ပြောရမယ်။

အထူးခြားဆုံးဖြစ်ပြီး ကျမနဲ့ အဆန့်ကျင်ဆုံးအကျင့်ကတော့ သူ့ရဲ့ နားထောင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ လူတကာရဲ့ ရင်ဖွင့်သံကို နားထောင်ပေးတာ အဲဒီလိုနားထောင်တဲ့အခါမှာလဲ စိတ်ပါလက်ပါ နားထောင်တာ တော်တော့်ကို သြချရပါတယ်။ အစည်းအဝေးတွေမှာ ၊ အပ်ကြောင်းထပ် စကားပြောတတ်သူတွေနဲ့ ဆုံတွေ့နေရတဲ့အခါ၊ ခပ်ဝါ၀ါ စကားကြောရှည်သူတွေနဲ့ တွေ့တဲ့အခါ မျက်နှာတချက်မပျက်ပဲ နားထောင်နေတတ်တာ။ ဒါ့အပြင် သူသိပြီးသား ကိစ္စတခု ဒါမှမဟုတ် သူပါဝင်ပတ်သတ်ခဲ့တဲ့ကိစ္စတခု အဲလိုမျိုးကို တခြားတယောက်က သူလုပ်သယောင် ကြွားဝါ လိမ်ညာနေတာမျိုးကိုလဲ နားထောင်ပေးနေနိုင်စွမ်းရှိနေပြန်ပါတယ်။

ကျမကတော့ အဲဒါနဲ့ ဆန့်ကျင်ဘက်။ လိုရင်းမပြောပဲ ပေရှည်နေတဲ့ လူများတွေရဲ့ စကားကို စိတ်မ၀င်စားတတ်သူဖြစ်သလို သိပြီးသားတခုခုကို လာပြောနေရင်လဲ အောင့်ပြီး နားထောင်မနေချင်လို့ သိပြီးပြီလို့ ဖြတ်ပြောတတ်သူ။

ဘယ်သူနဲ့မှ စကားများဖို့ ငြင်းခုန်ဖို့ မရှိတဲ့ သူနဲ့ ကိုယ်သေချာသိတဲ့အကြောင်းအရာဆို အသေငြင်းမယ်ဆိုတဲ့ကျမနဲ့က တလမ်းစီဖြစ်နေမလား။

ကျမက ကိုယ်နဲ့ မဆိုင်လဲ မတရားဘူးထင်ရင် အမုန်းခံ ပြောတတ်သလောက် သူက သူ့ကိုစော်ကားသူကိုတောင် ဖြေးဖြေးညင်သာဆက်ဆံတတ်သူ။သည်းခံစိတ်များလွန်းလို့ ဘေးက ကျမက မနေနိုင်မထိုင်နိုင် ၀င်ပြောရင်း အသားလွတ်လူမုန်းများသူ ဖြစ်ဖြစ်လာရတာ ဒင်းကြောင့်။

သူကနာမည်တွေ ဂဏန်းတွေကို မှတ်နိုင်သလောက် ကျမက လူနဲ့နာမည်တွဲ မမှတ်မိတတ်သလို သူ ရှိနေတာမို့ ဘာကိုမှလဲ ထူးမမှတ်တော့။

ကျမက ခံစားမှုကို လှုပ်လှုပ်ခတ်ခတ်ဖေါ်ပြတတ်သူဖြစ်ပြီး ဘာမှမကွယ်ဝှက်နိုင်သူ၊ သူက ခံစားမှုကို အပြင်က မသိအောင် ထိန်းချုပ်နိုင်သူ။

လဘက်ရည်ကို စွဲစွဲမက်မက် ကြိုက်တဲ့ ကျမနဲ့ ယောက်ျားဖြစ်ပြီး လဘက်ရည်မကြိုက်တဲ့သူ။

ကျမကခေါင်းချတာနဲ့ အိပ်ပျော်တတ်သူ ဖြစ်ပြီး သူက အိပ်ဖို့တော်တော်အချိန်ယူရသူ။
ထူးခြားတာက အဲလို အိပ်ပျော်လွယ်တဲ့ ကျမက လူတွေရဲ့ အပြစ်အနာကို ချက်ချင်းမြင်တတ်သူ ဖြစ်ပြီး သူက လူတိုင်းကို အကောင်းမြင်တတ်သူ ဖြစ်နေတာပါပဲ။

ရေကို မက်မက်စက်စက် သောက်တတ်တဲ့ ကျမကို တအံ့တသြ ဖြစ်နေတတ်တဲ့ သူ့ကို ရေသောက်ဖို့ ခဏခဏ သတိပေးရတာကလဲ ကျမပါ။

ရေသောက်သလို ရေချိုးဖို့ ကျမမပြောမချင်း မချိုးတဲ့ သူနဲ့ ရေချိုးပြီးစ အချိန်ဆို ကိုယ့်ကိုယ်ကို သိပ်ကြိုက်တယ် ဆိုပြီး ခဏခဏ ရေချိုးတဲ့ ကျမက တကယ့်ဆန့်ကျင်ဘက်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်အချိန်ကုန်တာကို မကြိုက်တတ်ပဲ ၀ယ်စားလိုက် လွယ်တယ် ဆိုတဲ့ သူနဲ့ ကိုယ်တိုင်ချက်ပြုတ်ရတာ ကိုယ်တိုင်လုပ်ရတာကြိုက်တဲ့ ကျမက အံမ၀င်ချင်သလိုလို။

ကျမတို့ ၂ယောက်မှာ တူညီတာကတော့ အ၀တ်အစားတွေ ပစ္စည်းတွေကို အိမ်မှာ အများကြီး မထားတတ်တာ။ နည်းနည်းများလာရင် ဘယ်သူ့ပေးရမလဲ စဉ်းစားကြတာ၊ ဘာမှမစုဆောင်းတတ်တာ၊ ကိုယ့်ဆီက ပိုရင်စုဆောင်းတာထက် လိုတဲ့လူကို ပေးလိုက်တာ ပိုမြတ်တယ်လို့ ခံယူတာချင်းတူတာမို့ ထင်ပါရဲ့။ ဘုရားတရားမှာ တအားလေးလေးနက်နက် မလိုက်စားတာချင်းလဲ တူပါတယ်။(နတ်ပြည်ကိုတယောက်တည်း မရောက်ချင်ကြလို့ဖြစ်မယ်)
သီချင်းပြိုင်တူညည်းမိရင်တောင် တူနေတတ်ပါသေးတယ်။
ကိုယ်လုပ်ချင်တာကို လုပ်တဲ့နေရာမှာ ခေါင်းမာတာကတော့ တူတာမှ တပုံစံတည်း။

အတူဆုံး ထပ်တူအကျဆုံး စကားတခွန်းကတော့ တယောက်နဲ့တယောက် တွေ့လို့ အရင်ဆုံးမေးတဲ့ မေးခွန်းပါ။ သားသားဘာလုပ်နေလဲ ဆိုတဲ့အမေးစကားပါပဲ။


တထိုင်တည်းစဉ်းစားရမိသလောက် ချရေးကြည့်တာပါ။ သက်ဝေညီမကျေနပ်မယ် ထင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, February 7, 2010

ကိုယ့်အကြိုက်

ဘလော့လေးကို ဖုန်သုတ်သန့်စင်ရင်း ဘလော်ဂါညီမလေး ပေါက်ရဲ့ ကိုယ့်အကြိုက် tag ကိုရေးလိုက်ပါပြီ။

ရေးလက်စပြတ်သွားတော့ ရေးရမှာ ပျင်း။ ရေးရမှာ ပျင်းတော့ ခေါင်းထဲက ရေးချင်တဲ့အကြောင်းလေးတွေ ပေါ်လာတာတောင် ကီးဘုတ်ကို မနှိပ်ချင် ဖြစ်ရတာမို့ ခေါင်းနဲ့ မော်နီတာ ကြိုးနဲ့ ဆက်ထားပြီး တွေးသမျှ စာလုံးပေါ်နိုင်အောင်လုပ်တဲ့ စက်ကလေးများ တီထွင်ကြရင်ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။
ငယ်ငယ်တုန်းက ဖတ်တဲ့ကာတွန်းထဲက ဖိုးဆိတ်ဖြူသာ ရှိသေးရင် သိပ်ကောင်းမယ်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူဆိုရင်တော့ ပူဆာတာ အကုန်လုပ်ပေးနိုင်မှာပဲနော်။

ဘလော့မဖတ်မလည် မရေး လုပ်နေရင်း ညီမသက်ဝေက အမကိုလဲ တဂ် တဲ့အထဲပါတယ် ပြောလာတယ်။ ဘာအကြောင်းတဂ်ထားသလဲ မေးတော့ ကိုယ်အကြိုက် လုံချည်(ထဘီ) လေးအကြောင်းတဲ့။ ဗုဒ္ဓေါလို့ တမိပါတယ်။ ဘာလို့ဆို ဒီမှာ နေတာ ဘောင်းဘီချည်းဝတ်ဖြစ်တာ များတယ် ဆိုတော့ ဘယ်လိုရေးရပါ့မလဲ ခက်လိုက်တာ လို့ ညည်းမိတယ်။ ပြီးတော့ ပြန်စဉ်းစားရင် အိမ်မှာတော့ လုံချည်ဝတ်ဖြစ်ပေမယ့် အပြင်သွားရင် ဘောင်းဘီပဲ ၀တ်ဖြစ်နေတာမို့ ဘာအကြိုက်ဆုံးလဲတောင် စဉ်းစားမရဖြစ်နေတယ်။


သေချာပြန်စဉ်းစားရင်တော့ ငယ်ငယ်က လုံချည်(ထဘီ)၀တ်ချင်လွန်းလို့ မေမေတို့ ဈေးဝယ်ထွက်တဲ့ ကျောင်းပိတ်ရက်မျိုးမှာ သူတို့ လုံချည်တွေ ယူပြီးဝတ်ရင်း ရေသီနားခတ်တမ်းဆော့ခဲ့တာကို သတိရတယ်။ တကယ်လုံချည်(ထဘီ)၀တ်ဖြစ်တာက ၉ တန်းမှပါ။ ကျမတို့ကျောင်းက ၈တန်းထိ စကဒ်ဝတ်ခွင့်ပေးပါတယ်။ ၉ တန်းရောက်ရင်တော့ မဖြစ်မနေ ထဘီဝတ်ရမယ်ဆိုတော့ ထဘီမမြဲတဲ့ ကျမအဖို့ ခါးပတ်ပတ်ဝတ်ခဲ့ရပါတယ်။ ခါးတိုအကျီ င်္နဲ့ ထဘီခါးပတ် ပတ်ဝတ်ခဲ့ရတဲ့ ငယ်ဘ၀မှာတော့ တော်တော်ခါးသက်ဖွယ်ရာပါပဲ။ နောက် ထဘီဝတ်ကျင့်ဖြစ်တယ်။ သူများတွေလို ဒီတိုင်းဝတ်ချင်လွန်းလို့ ကျောင်းပိတ်ရက်မှာ အိမ်နေရင်း စကဒ်မ၀တ်ပဲ ထဘီဝတ်နေတယ်။ လူရှေ့သူရှေ့ဆို ထဘီပြင်ဝတ်တတ်လွန်းလို့ ခဏခဏ အဆူခံခဲ့ရတဲ့ ငယ်ဘ၀ပါပဲ။

ဒါပေမယ့် အဲဒီတုန်းက ကျင့်ခဲ့တဲ့ အကျိုးကြောင့် နောက်ပိုင်းမှာ ကျမ ထဘီတခါဝတ်ထားရင် အကြာကြီးခံတယ်။ ပြန်ပြင်မ၀တ်ရတော့ဘူး။ ဒေါက်ထည့်ဝတ်တတ်တာကလဲ ကောလိပ်တတ်တော့မှပါ။ ဒေါက်လေးဒေါက် တဒေါက်ချင်းထည့်တဲ့ ပတ်လည်ဒေါက်ကို ချည်သားထည်တွေမှာ ထည့်ဖြစ်ပြီး ပွဲနေပွဲထိုင်အ၀တ်တွေမှာတော့ ၂ ဒေါက်ပြိုင် လေးဒေါက် ထည့်ပြီး ပုံကျပန်းကျဝတ်တတ်လာတယ်။

ကျမက ပတ်ထဘီတွေ လုံချည်စကဒ်တွေကို မကြိုက်ဘူး။ ကိုယ့်စိတ်ကြိုက် ချပ်ချပ်ရပ်ရပ်ပြင်ဝတ်လို့ရတဲ့ ကွင်းလိုက်လုံချည်ထဘီလေးတွေပဲ ကြိုက်ခဲ့တယ်။

ကိုယ်ဝတ်တတ်စားတတ်တဲ့ အရွယ်ရောက်တော့ တရုပ်ချည်ထည်တွေ ခေတ်စားလာတာကလဲ ကျေးဇူးးတင်စရာပဲ။ တရုပ်ချည်ထည်က အဆင်ဆန်းဆန်းလေးတွေကို ကြိုက်တတ်သလို အပွင့်နုတ်နုတ်လေးတွေကိုလဲ ကြိုက်နှစ်သက်ခဲ့တယ်။ အဲဒီတုန်းကတော့ ၀မ်းဆက်တွေ ချုပ်ဝတ်ဖြစ်ခဲ့တယ်။ အဖြူခံပေါ်မှာ ပန်းရောင် အ၀ါရောင် အစိမ်းရောင်နဲ့ ငယ်ကကြည့်ဖူးတဲ့ ဖန်စင်္ကြာထဲက ပန်းပွင့်ပုံလေးတွေ ဖော်ထားတဲ့ တရုပ်ပိတ်ဝမ်းဆက်ကလေးဟာ ကျမရဲ့ အစွဲလမ်းဆုံး ၀တ်စုံလေး ဖြစ်ခဲ့ဘူးတယ်။

အလုံးတွေပေါ်တဲ့အချိန်မှာတော့ အလုံးအကြီးကနေ အသေးဆုံးထိ အရောင်စုံ အလုံး ဆိုဒ်စုံ ၀ယ်ဝတ်ခဲ့တယ်။ အဖြူလုံးတွေချည်းပဲမို့ အပေါ်က အကျီ င်္ကို အဖြူနဲ့ပဲ တွဲဝတ်တတ်လွန်းလို့ ကျမရဲ့ အဆောင်သေတ္တာထဲမှာ ရှိသမျှအကျီ င်္ အဖြူရောင်တွေချည်းပါပဲ။ မီးခိုးရောင်ဖျော့ဖျော့ပေါ်မှာ ဖန်ခွက်အ၀ိုင်းလောက်ရှိတဲ့ အဖြူလုံးထဘီလေးတထည်ဟာလဲ ကျမရဲ့ ဖေးဘရိတ်ဖြစ်ခဲ့ဘူးတယ်။

အဲဒီခေတ်ပြီးတော့ ဒါးကြီးပါတိတ်ခေတ်၊ ဘူးပါတိတ်ခေတ်တွေရောက်လာတော့ ကျမက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါနေပြီဖြစ်တော့ အ၀တ်အစားမှာ ယောလုံချည်အညို၊ အနက် ၊ အစိမ်းရင့်တွေ ချည်း ၀တ်ဖြစ်ပြန်ပါရော။ ၂ နံစပ် အညိုယောလုံချည်မှာ ရောင်စုံ စင်္ကြာပုံလေးတွေ ပါတဲ့ ထဘီလေးတထည်ကို ကျမဖြင့် ဘယ်လိုမှ မေ့မရနိုင်တာ ဒီနေ့ထိပဲ။

ထိုင်းရောက်တော့ ပတ်ထဘီလေးတွေ ၀တ်ဖြစ်ခဲ့ပေမယ့် လုံချည်ကွင်းလိုက် ၀တ်ရတာလောက် မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့်လဲ ချည်ထည်ကိုသာ ကြိုက်နှစ်သက်တဲ့ စိတ်အခံကြောင့်ရယ် ပတ်ထဘီပေါ်က လက်နဲ့ရေးတဲ့ ပန်းပွင့်လေးတွေကို နှစ်သက်မှုရယ်ကြောင့် ၀ယ်ထားတဲ့ ပတ်ထဘီအနက်ရောင်လေးတထည်ကိုတော့ ဒီနေ့ထိ ကြိုက်မိတုန်းပါပဲ။

ကိုယ်ကြိုက်မိတဲ့ ပတ်ထဘီလေး ၀တ်ထားတယ်။
ထောင်က ထွက်မယ့်နေ့ဝတ်ခဲ့ဘူးတဲ့ အစိမ်းရင့်ပေါ်မှာ အဖြူ ၂ ဆင့်ချိတ် အချွန်လေး၊ ဘွဲ့ယူတုန်းက ၀တ်တဲ့ အဖြူပေါ် အောက်နားရောင်စုံအချွန်းနဲ့ ဟေမာနေ၀င်းချိတ်ဆင်လေး ။
မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ ကျောက်ပွင့်ကပ် ပုဇွန်ဆီရောင် ဇာဝတ်စုံလေး။

ကိုယ့်အကြိုက်တွေကလဲ များလွန်းလှပါတယ် ပေါက်ရေ… ဒီလောက်ရေးဖြစ်တာပဲ ကျေနပ်ပါတော့နော်။

စာပြန်ရေးဖြစ်အောင် သတိတရ တဂ်ပေးတဲ့ ညီမပေါက်ကို အထူးကျေးဇူးတင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, November 9, 2009

အချစ်ဆိုသည်မှာ....

ချစ်တတ်သူများသာ ဖတ်ရန်...
၁)
ခြံဝန်းခပ်သေးသေးထဲက နှစ်ထပ်အိမ်ထဲကို ၀င်လာကတည်းက စိတ်ထဲက လေးလံနေတဲ့ ခံစားမှုမျိုးကို ခံစားနေရသည်။ သုံးနှစ်ကျော် လေးနှစ်လောက် မတွေ့ရတဲ့ မောင့်သွင်ပြင်ကို ဘယ်လိုနေမလဲ ခန့်မှန်းနိုင်ဖို့ပင် ကိုယ့်ကိုယ်ကို မသေချာတော့။ စေ့ရုံစေ့ထားတဲ့ ခြံဝန်းတံခါးကို တွန်းဖွင့်ရင်း ခပ်ဖြည်းဖြည်းလှမ်းလာခဲ့သည်။ ခြံထဲက သိပ်မကျယ်တဲ့ မြေကလေးမှာပဲ ပန်းပင်မျိုးစုံစိုက်ထားတဲ့ စင်လေးနဲ့ သီးပင်တချို့ကို စိမ်းစိမ်စိုစိုတွေ့ရတော့ မောင်က အသက်ကြီးလာတော့ အပင်စိုက်ဖို့ ၀ါသနာများ ပါလာပြီလားလို့ တွေးမိသေးသည်။ အိမ်ရှေ့တံခါးကို ဖွင့်ထားတာမို့ တံခါးရှေ့မှာ ရပ်ရင်း အိမ်ထဲကို အကဲခတ်ကြည့်လိုက်မိသည်။ တိတ်ဆိတ်ပြီး လူရိပ်လူယောင်မမြင်ရတဲ့ အိမ်ကလေးရဲ့ နံရံက မောင့်ဓါတ်ပုံကိုတွေ့မိတော့ ဒီအိမ်မှာ မောင်နေတာ သေချာတယ်ဆိုတဲ့ အသိစိတ်တမျိုးနဲ့ အားတက်လာသလိုလို ခံစားမိသည်။

ဘယ်လိုအသံထွက်ခေါ်ရမလဲ စဉ်းစားနေတုန်း ဘယ်သူနဲ့တွေ့ချင်လို့လဲ ရှင်ဆိုတဲ့ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတယောက်ရဲ့ အသံကို စကြားရပြီး လူကိုမြင်လိုက်ရတော့ မောင့်နာမည်နဲ့ တွေ့ချင်လို့ ပါ ပြောလိုက်တဲ့အသံက ဘာကြောင့်များ တိုးလွန်းသွားရပါသလဲ။ အော် အပြင်ခဏသွားတယ်။ အထဲမှာ ၀င်စောင့်ပါဦးနော်။ ပြန်လာတော့မယ်ဆိုတဲ့ စကားသံအောက်မှာ အိမ်ထဲကိုလှမ်းဝင်လိုက်မိသည်။ အိမ်ထဲမှာတော့ မောင့် ဓါတ်ပုံတပုံတည်းကလွဲပြီး ဘာဓါတ်ပုံမှ ထပ်မတွေ့ရတော့ပါ။

ခုန အဒေါ်ကြီးက သောက်ရေတခွက်ကို ကမ်းပေးရင်း သမီးရေလို့ လှမ်းခေါ်သံကို ကြားရသည်။ ကလေးသေးသေးလေးကို ချီပြီးထွက်လာတဲ့ သူ့သမီးနဲ့လဲ မိတ်ဆက်ပေးနေပြန်သည်။ မီးထွက်တာ သိပ်မကြာသေးတဲ့အကြောင်းနဲ့ သူတို့မှာလဲ ဒီသမီးတယောက်တည်းသာ ရှိတဲ့အကြောင်း ဒါ့ကြောင့် သမီးနောက်ကိုလိုက်နေတာ ဖြစ်ကြောင်း၊ သားမက်ကလဲ သဘောကောင်းတဲ့အကြောင်း ရွှန်းရွှန်းဝေ ပြောနေတာကို အလိုက်သင့် နားထောင်ရင်း မောင်အမြန်ပြန်လာပါစေ ဆုတောင်းနေမိသည်။

မောင့်နာမည်ခေါ်သံကြားပြီး ဘာတော်လဲ မေးတဲ့မေးခွန်းမှာတော့ ကျမ သူ့အမျိုးသမီးပါလို့ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်မိတယ် ထင်သည်။ ပျက်ယွင်းသွားတဲ့ သူတို့ ရဲ့ မျက်နှာတွေကို ကျမတအံ့တသြ ငေးကြည့်မိသည်။ ငါဘာများ မှားပြောမိပါလိမ့်။ နောက် ခေါင်းထဲမှာ လင်းကနဲ တချက်ဖြစ်သွားသလို ဖျတ်ကနဲ စိတ်မထိန်းနိုင်တော့ပဲ စကားလုံးတွေ သွန်ချအော်ဟစ်ပစ်မိပြီ။

မောလိုက်တာ…. မောလိုက်တာ…… အော်ဟစ်ပေါက်ကွဲနေသံတွေ ကြားမှာ ချစ်ဆိုတဲ့ ခေါ်သံတခုကို ကြားလိုက်မိသလို လို…. ဒါမောင့်အသံပဲ…. မောင်… မောင် .. မောင့်မျက်နှာပေါ်က ယူကျူံးမရ နာကျင်ကြေကွဲနေပုံကို မြင်လိုက်ရတဲ့ တခဏမှာတော့ တိတ်ဆိတ် ငြိမ်သက်သွားရပြီ။ မောင် ရယ်….။
------
------


၂)
…………
အော်……
လာသွားတယ်…
………
……………..
အေးးး ဒါ့ကြောင့် မင်းမိန်းမ မနက်က ငါ့မိန်းမ သူ့သူငယ်ချင်းဆီကို လာသွားတယ်။ ဘာတွေလာပြောလဲ မသိပါဘူး။ ငါ့နှုတ်ဆက်တာတောင် ပြန်နှုတ်မဆက်ပဲ ထွက်သွားတယ်။ မျက်နှာလဲ မကောင်းဘူး။
……………..
............
ဟေ့ကောင် .. အဲဒါ အချစ်ကွ…

၃)
အဲဒီမျက်လုံး အဲဒီအကြည့်ကို ဘယ်တော့မှမမေ့ဘူး မောင်…
ကိုယ်အဲလိုကြည့်ဖူးလို့လား…..
မြင်ဖူးလိုက်တယ်မောင်… တကယ့်ကို မခံစားနိုင်တဲ့ အကြည့်……… အမှားကျူးလွန်မိလို့ နောင်တရသလိုမျိုးမဟုတ်ဘူး။ ယူကျုံးမရဖြစ်ပြီး ကြေကွဲ ၀မ်းနည်း ဆိုတဲ့အကြည့်။ အချစ်တွေ အများကြီးပျော်ဝင်နေရက်နဲ့ ထားခဲ့ရတဲ့ အကြည့်….
ဘယ်မှာလဲ ချစ်ရာ………တကယ်လဲ မဟုတ်ပဲနဲ့……
အိပ်မက်ကို အိပ်မက်လို ထားပါ ချစ်ရာ….. ချစ် ဟိုတလောက ဆက်တိုက်ကြားတဲ့ သတင်းတွေကို စိတ်ထဲမှာ စွဲပြီး ဖြစ်တာပဲ ။
အင်းးးး ဖြစ်နိုင်တာပဲ ဒါပေမယ့် မမေ့ဘူး………. အဲဒီအကြည့်…….
အိပ်မက်မို့လို့တော်တော့တယ်။
ဟားဟားးးး
အဲဒါ မောင့်ပေါ်ထားတဲ့ ချစ်ရဲ့ အချစ်ပဲ မဟုတ်လားးးး
……….
………..
၎)
အချစ်ဆိုသည်မှာ…… အံ့သြမှုများနဲ့ဆန်းကြယ်သောအရာ
အချစ်ဆိုသည်မှာ ……လူသားတိုင်းရဲ့ နှလုံးသားထက်အရှင်သခင်
အချစ်ဆိုသည်မှာ……. ကြေကွဲခြင်းနဲ့မျက်ရည်တို့ရဲ့ကဗျာ
အချစ်ဆိုသည်မှာ……. ခံစားချက်တို့မွေးဖွားရာနေရာ
……………
အချစ်ဆိုသည်မှာ…… ကြည်နူးကြတဲ့အခိုက် လမင်းတရာ
အချစ်ဆိုသည်မှာ……. ၀မ်းနည်းတဲ့အခါ နေမင်းကဋေကဋာ
အချစ်ဆိုသည်မှာ……. တားဆီးတတ်တဲ့အိပ်စက်ခြင်းများစွာ
အချစ်ဆိုသည်မှာ…… အိပ်မက်များရဲ့အာရုဏ်ဦးအလှတရား
……….
တကယ်ဆိုရင်….. အချစ်ဟာဖြေရှင်းမရတဲ့ပြဿနာ
တကယ်ဆိုရင်….. အချစ်ဟာအဖြေရှာမရတဲ့ပုစ္ဆာ
ငါကိုယ်တိုင်အချစ်ဟာ.. ဘာလဲမသိတော့ပါ
တခါတရံအချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်တယ်
တခါတရံတော့….. အချစ်နဲ့ဝေးချင်တယ်……..။

(ထွန်းအိန္ဒြာဗိုလ်ရဲ့ ဒိုင်ယာရီ ၂ ခွေတွဲထဲက ဒီသီချင်းကို ခုတလော ခဏခဏ ဖွင့်ကြည့် နားထောင် လိုက်လို့ ဆိုညည်းမိနေတယ်။ ဒီသီချင်း ယူကျု့မှာ တင်ထားတာ ရှိရင် တယောက်ယောက် လင့် လာပေးပါနော်။)
(တန်ခူးအတွက် ဒီသီချင်းလေးနဲ့လိုက်ဖက်နိုင်မယ့် စိတ်ကူးယဉ်ရေးဖွဲ့မှုလေးကို လက်ဆောင် ပေးလိုက်တယ်၊ နောက်ကျမှ ရေးပေးလို့ ခွင့်လွှတ်ပါကွယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, October 10, 2009

ခင်မင်းဇော် အတွက်... ခ..... ဆိုတာ

ခရီးက ပြန်ရောက်တော့ စာရေးဖို့ ပြင်နေတုန်း ကိုဂျူလိုင်က တက်ဂ်တယ် ။ (မျက်နှာစာအုပ် ထဲမှာတော့ နေနေရယ် ဟနရယ်ကလဲ ရေးခိုင်းတယ်။) နောက်ကိုဂျူလိုင်က မျက်နှာစာအုပ်မှာ ရေးယုံတင်မကဘူး ဘလော့ဂ်မှာလဲ ရေးတင်တယ်။ ဒီတော့ ရေးပေးရပြန်တာပေါ့။ ဘာရယ်တော့ မဟုတ်ဘူး ပျော်စရာကြီးတော့ ဖြစ်သားး သူများရေးတာလေးတွေလဲ သိပ်ကောင်းတယ်။ ဒါနဲ့ မရေးခိုင်းတဲ့ မြန်မာလိုပါ ဆက်ရေးပေးလိုက်တယ် ။

Khin Min Zaw for K

1. What is your name : Khin min zaw

2. A four Letter Word : Kiss

3. A boy's Name : Kam

4. A girl's Name : Kaythi

5. An occupation : kicker

6. A color : Khaki

7. Something you'll wear : Kerchief

8. A food : Kele

9. Something found in the bathroom : kleenex

10. A place : Korea

11. A reason for being late : kept

12. Something you'd shout : kill

13. A movie title : Kwik Stop (2009)

14. Something you drink : Kaluah (Russia)

15. A musical group : Kid Rock

16. An animal : Kangaroo

17. A street name : Kyauk Myaung street

18. A type of car : KIA Careis (US)

19. The title of a song : Kalifornia

20. A verb : Kidnap



မြန်မာလိုလဲ စဉ်းစားရတာ ပျော်စရာ....
ခင်မင်းဇော် ဖော် ...

1. What is your name : ခင်မင်းဇော်

2. A four Letter Word : ချစ်ခြင်းအားဖြင့်

3. A boy's Name : ခိုင်မြဲ

4. A girl's Name : ခက်မာ

5. An occupation : ခြံကြီးဝန်းကျယ်

6. A color : ခရမ်းရောင်

7. Something you'll wear : ခါးပတ်

8. A food : ခေါက်ဆွဲကြော်

9. Something found in the bathroom : ခုံ

10. A place : ချင်းချောင်းခြံ( ရန်ကုန်)

11. A reason for being late : ခိုးထွက်လာရလို့

12. Something you'd shout : ချစ်တော့ဘူး

13. A movie title : ချစ်ချင်းငယ်ပြိုင်

14. Something you drink : ခေါင်ရည်

15. A musical group : ခရမ်းပြာ

16. An animal : ခွေး ၊

17. A street name : ခရေပင်လမ်း

18. A type of car : ခိုင် KIA (US) ဟေးးး စဉ်းစားလို့ ရပဟ။ ချက်ပလက် ကား ပဲ စီးတော့မယ် ဟဟ။

19. The title of a song : ချစ်သူ့သီချင်း

20. A verb : ချစ်ကြပါ

ဆက်ပြီး tag ဖို့ အတွက် ကျန်နေသေးတာလိုက်ရှာတော့
ညီမ တန်ခူး
ညီမ တူးတူးသာ
သမီး ဆုမွန် တို့ ရေးပေးကြနော်...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, August 6, 2009

အခုတလော ရဲ့အနှစ်နှစ်ဆယ်

အခုတလော
တွေးနေမိတာက
ကိုယ့်ပြည်ကို ဘယ်နေ့ပြန်နိုင်ပါ့မလဲ…..

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
သိပ်အမှန်ပြောတတ်တဲ့ အကျင့်ကို ထိန်းရဦးမယ်…...

ကျန်းမာရေး
မိုးရာသီ မျက်စိအလာဂျစ်(မိုးရေထိလို့မရဘူး မျက်လုံးယားတယ်။ ခု မျက်စဉ်းခပ်နေရတယ်။ အဲဒါကတော့ နှစ်စဉ်မိုးရာသီတိုင်း ခံစားနေကျ)...

ဖတ်ဖြစ်တဲ့စာအုပ်တွေက
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့……….၈ စက္ကန့်
နေလင်းရေးတဲ့ ……………..လူရှင်သချိုင်္င်း
မောင်သာမညဘာသာပြန်တဲ့ …….…..သဘာဝသမားတော်

ရောက်နေဖြစ်တာက
အခမ်းအနား သာရေး နာရေး မသွားမဖြစ် ကိစ္စအ၀၀…..

ရေးဖြစ်နေတာက
သတင်းအတွက် စခရစ်(scrip)တွေ၊ အင်တာဗျုးအတွက် စခရစ်(scrip)တွေ
ဘလော့အတွက် ခု ဒီပို့စ်

နားထောင်ဖြစ်နေတာက
စိုင်းထီးဆိုင် သီချင်းတွေချည်းပဲ…..

ရွတ်နေမိတဲ့ကဗျာက
ခုတလော ကဗျာမရွတ်မိဘူးးးး ဒါပေမယ့် ကဗျာတွေ့ရင် မဖတ်ရပဲ မနေနိုင်။

ဖြစ်ချင်နေတာက
first lady

စားဖြစ်နေတတ်တာက
ဆိုင်ဟင်းနဲ့ နှစ်ပါးသွားနေတာ ……

သနားနေမိတာက
လုပ်ချင်တာမှန်သမျှ မလုပ်နိုင်သေးတဲ့ ကိုယ့်ကိုယ်ကို…..

လွမ်းနေမိတာက
ပုသိမ်ကောလိပ်နဲ့ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေ….

မေ့လျော့ပစ်နေမိတာက
အသက်နဲ့ ကိုယ်အလေးချိန်

ခါးသက်နေမိတာက
တကယ်မလုပ်ပဲ အာပွားနေတဲ့ လူတွေ……

တမ်းတနေမိတာက
ကိုယ့်အိမ် ကိုယ့်ယာ ကိုယ်နိုင်ငံနဲ့ ကိုယ်ပိုင်ဘ၀တခု…

ကြိတ်ပြီးချီးကျူးနေမိတာက
ကြည့်စမ်း ဒီနှစ်အတွင်း ငါတော်တော်အလုပ်တွေ ပြီးခဲ့ပါလားးးးးး...

ကြိတ်ပြီးအထင်သေးနေမိတာက
ဒါ့ထက်ကောင်းအောင် လုပ်နိုင်ရက်နဲ့ မကြိုးစားမိတဲ့ ငါပါလားးးးးး...

ဆန္ဒမရှိတဲ့နေရာ
လူပေါ့သွမ်းတွေ ရှိရာအရပ်…..

ဆန္ဒရှိနေတဲ့ကိစ္စ
လူတိုင်းကြိုက်တဲ့ နေ့စဉ်သတင်းစာ တစောင် ထုတ်ချင်တယ်…….
ဒါမှမဟုတ်လဲ ..
စောင့်ကြည့်ရအောင် စိတ်ဝင်စားရမယ့် အပတ်စဉ် တီဗွီအစီအစဉ် တင်ဆက်သူ ဖြစ်ချင်တယ်။

မုန်းတီးနေမိတာက
နိုင်ငံကိုချောက်ထဲ တွန်းချနေသူ ဘဘကြီးတွေကို...

ချစ်နေတာက
ကိုယ့်မိသားစုဘ၀လေး...

စိတ်ပျက်နေမိတာက
ကိုယ်ကျိုးပဲ ကြည့်နေသူတွေကို……

စွဲလန်းနေမိတာက
ခြံကျယ်ကျယ်ထဲက တထပ်တိုက်လေး တလုံးးးး

လိုအပ်နေတာက
ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ့် အာဏာ……..

တောင်းနေမိတဲ့ဆု
ဒင်းတို့ မြန်မြန်ကြွကြပါစေ…….

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ကိုယ်ကျိုးရှာ အာရိုက်နေသူတွေကို မုန်းတယ်……

ဝန်ခံချင်တာက

ကိုယ်မှန်တယ်ထင်ရင် ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး။ ပေးပြီးသားဂတိကို အသက်နဲ့ ထပ်တူထိန်းချင်တယ်။ ပြီးတော့ သိပ်အညှိုးကြီးတတ်တယ်။

(ကိုဂျူလိုင် အတွက် အကြွေးဆပ်ပြီးသွားပါပြီ။ တန်ခူးကို တင်ထားတဲ့ ကြွေးတခု ရှိပါသေးတယ်၊ ဒီမှာပဲ ပူးရေးလိုက်ပါပြီ။ )
အနှစ် နှစ်ဆယ် တက်ထားတာလဲ ရှိပါသေးတယ်။ အဲဒီအတွက် ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်သေးဘူး။

နောက်အနှစ် နှစ်ဆယ်မှာ

ကိုယ့်နိုင်ငံမှာ ကိုယ့်မိသားစု ကိုယ်ပိုင်အိမ်လေးနဲ့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကလေးကို လုပ်ပြီး အေးအေးချမ်းချမ်း ပြန်နေချင်ပါတယ်လို့ပဲ အနှစ်နှစ်ဆယ် ဆန္ဒလေးကို ဖော်ထုတ်ပြသလိုက်မိပါတယ်။ ကိုယ်ချင်းစာနိုင်ကြပြီး ၀ိုင်းအကောင်အထည်ဖော်ပေး ကြရင် သိပ်ကောင်းမှာ……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, May 5, 2009

တွေ့ချင်တဲ့ ၁၀ ယောက်ဆိုပေမယ့်...

ဘလော့ရပ်ဝန်းမှာ တွေ့ဖူးချင်သူများ ဆိုတဲ့ ပို့စ်ကို လေနုအေးရဲ့ သခင်မ မတန်ခူးက တဂ်လာပါတယ်။ တွေ့ဖူးချင်သူတွေ ရေးရရင် အများကြီးမှ အများကြီးပါ။ ကျမအားတဲ့အချိန်တွေမှာ ဘလော့တခုကနေ တဆင့်ပြီးတဆင့်သွားဖတ်တတ်တာမို့ တခါတလေ ကိုယ်ဖတ်မိတဲ့ ဘလော့ပြန်သွားဖို့ဆိုရင် ဘယ်ကနေ သွားရမယ် မသိတောင် ဖြစ်တတ်ပါတယ်။ အသီးသီး ရေးနေကြတာတွေများ ဖတ်လို့ ကောင်းကောင်းနဲ့ ဖတ်နေတာ တခါတလေ မိုးလင်းခါနီးထိ ဖြစ်သွားတတ်ပါတယ်။ ကျမက အတင်းရယ်ရအောင် ရေးတဲ့ပို့စ်တွေ မကြိုက်တတ်ပေမယ့် သရော်တော်တော် ထေ့လုံးတွေကိုတော့ ကြိုက်တတ်တယ်။
ဒီလူတွေကို တွေ့ဖူးချင်တယ်။ ပြီး....စားစရာတွေ လုပ်ရင်းစားရင်း ပြောရင်းပေါ့နော်...

ဘလော့မလုပ်ခင်ကတည်းက ဘလော်ဂါ စိုးဝှက်ကလေးကို အွန်လိုင်းမှာ မေငြိမ်းကြောင့် သိခဲ့ရတာပါ။ သူက အဲဒီတုန်းက ကယားလူမျိုးအကြောင်းရေးနေတာမို့ ကိုယ်လဲ ကယားပြည်နယ်နေခဲ့ဖူးသူအဖြစ် သူသိချင်တာတွေ မေးရင်း နောက်ပိုင်း ဘလော့လုပ်ဖြစ်တော့ တော်တော်ကူညီပေးခဲ့သူပါ။ အဲဒီအချိန်တွေတုန်းက သူပို့စ်တွေ သိပ်တင်နိုင်ခဲ့ရက်နဲ့ ခုတော့ အပျင်းရောဂါ စွဲကပ်နေရှာပြီ။ စာရိုက်ရင်း ဂျီတော့က စကားပြောရင်း တခါတလေ ဓါတ်ပုံလေးတွေ အပြန်အလှန်ဖလှယ်ရင်း တကယ့်တူမတယောက်လို ဖြစ်သွားခဲ့တာ သူ့မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ်၊ ကိုယ့်မိသားစုလဲ မမြင်ပဲ သတင်းမေးဖြစ် နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ်ကြိုးစားရင်း ပျက်ပျက်သွားရတာတွေ ရှိခဲ့ပြီ။ သူ့ကိုတော့ လူကိုယ်တိုင် မြင်ဖူးချင်လှပြီ။

နောက်တယောက်ကတော့ ဘလော်ဂါ ရန်အောင်ပါ။ အာဇာနည်နေ့ မေလှမြိုင်သီချင်းတင်ဖို့ စာသားကို သူတယောက်တည်းနားထောင်ရင်း နားမလည်နိုင်လို့ ကူနားထောင်ပေးခိုင်းတာကို သတိရမိပါတယ်။ သူက ကျမဘလော့ကို စတင်လုပ်ချိန်က တော်တော်ကူညီပေးခဲ့သူပါ။ ဓါတ်ပုံမြင်ဖူး အသံကြားဖူးပေမယ့် လူကိုယ်တိုင်မြင်ကြည့်ချင်ပါသေးတယ်။ သူ့ရည်းစားတွေ အကြောင်းရေးနေတုန်းက အဲဒီပို့စ်ပြီးရင် အမတို့ကို တက်ဂ်ပစ်မယ် ပြောခဲ့ဖူးပြီး သူလဲ အဲဒီပို့စ်မပြီးခဲ့ဘူးထင်ပါရဲ့။ ဘလော့ပေါ်မှာ သွားသွားဖတ်ပေမယ့် ခြေရာမချန်ဖြစ်ခဲ့ပါ။ သူလဲ တချိန်က ကျောင်းသားတပ်မတော်အပေါ် မှားယွင်းစွာ ပို့စ်တင်ခဲ့ဘူးပေမယ့် သိတဲ့အချိန်မှာ တောင်းပန်ရင်း ပြန်ဖြုတ်ခဲ့ဖူးတာမို့ လေးစားဖွယ်ရာ လူငယ်တယောက်အဖြစ် မှတ်ယူထားပြီး ဆုံတွေ့ချင်ပါတယ်။

ဘလော့ကို စွဲခါစကတော့ သူ့ဘလော့လေးကိုသွား သူတင်ထားတဲ့ သီချင်းတွေ ဖွင့်ရင်း နောက်ထပ်ဘလော့တွေကို လိုက်ဖတ်ဖြစ်ခဲ့တယ်။ သူကတော့ မလေးလို့ ခေါ်တဲ့အိမ်ချမ်းမြေ့။ သူ့ဘလော့ကို နေ့တိုင်းမရောက်မရှိ။ သူအဆုံးမသတ်တဲ့ ၀တ္ထုတိုတွေကို ကိုယ့်ဖာသာ စိတ်ကူးနဲ့ အဆုံးသတ်ပစ်လိုက်တာလဲ အကြိမ်ကြိမ်။ ဘာပဲပြောပြော သူ့ကိုလဲ တွေ့ချင်တာမှ အရမ်း။ ချက်တင်မရှိ မေးလ်အဆက်အသွယ် မရှိပေမယ့် ဘာ့ကြောင့်မှန်းမသိ ခင်တွယ်မိနေသူ။ တွေ့ချင်တဲ့စာရင်းထဲ မလေးကို ထည့်ထားပါတယ်။

သူ့ဆီက တဆင့်သွားခဲ့ဖူးတဲ့ သိုးမလေး ဆိုတဲ့ ဘလော့တခုကို လိပ်စာမမှတ်မိတော့တာမို့ ခုချိန်ပြန်ရှာလို့မတွေ့မိတော့။ သိုးမလေးအဖေပြောခဲ့တဲ့ ကြယ်လေးတွေပုံပြင်၊ သိုးမလေးဖေဖေ မရှိတော့တာ စသဖြင့် ၀င်ဖတ်နေရင်း ငြိတွယ်ခဲ့ရတဲ့ ဘလော့လောကက သိုးမလေးကို ဘယ်လိုပြန်ရှာရမယ် မသိတော့ သူရှိရော ရှိနေသေးလား သိချင်ပြန် နောက်တဆင့်တက်လို့ တွေ့ချင်ပြန်။ သူဟာ သူရေးထားတဲ့အတိုင်း ဒါမှမဟုတ် ကိုယ့်ဖာသာယူဆမိတဲ့အတိုင်း စကားမပြောနိုင်တဲ့ ကလေးမလေးလား ခုထိ ရင်ထဲမှာ မြင်ချင်တွေ့ချင်မိတုန်း။

နောက် ဘလော့အဦးကာလတွေက ရေးသားခဲ့ဟန်တူပြီး အင်္ဂလန်မှာ ရှိနေတဲ့ ဘလော်ဂါတယောက်ကို အရင်က လင့်ထားဖူးပေမယ့် သူပို့စ်အသစ်မတက်တော့တာကြောင့် ဖျက်လိုက်မိတာ သူလဲ ဘယ်ရောက်နေတယ် မသိ။ spritcorner ဆိုတဲ့ သူ့ဘလော့လေးကတော့ ဘလော့ကမ္ဘာလေးထဲ ရှိနေဆဲ။ သူကိုလဲ တွေ့ဖူးချင်တယ်။ ရွှေဝါရောင်ကာလကို သူအမြင်နဲ့ ပုံဖော်ခဲ့တာလေး သတိရနေတယ်။

သူနဲ့တွဲသတိရတာက ကြာပီ ။ သူ့ကိုလဲ ကျမက သီချင်းတွေ တောင်းဖူးတယ်။ မေးလ်ထဲကနေ ကိုအံ့ကြီးသီချင်းတွေကို ပို့ပေးဖူးပြီး နောက်ပိုင်း ပို့စ်တွေ ပြန်တက်တာ တွေ့ရတယ်။ ဒါပေမယ့် တော်တော့်ကို နည်းပါတယ်။ သူ့ဘလော့မှာ တင်ထားတဲ့ အမှန်တရားဟာ ရှုံးနိမ့်ဖူးတယ်လို့ ရာဇ၀င်မှာ သင်တို့ကြားဖူးပါစ ဆိုတဲ့စာသားလေးကို သဘောကျနှစ်ခြိုက်လွန်းတာမို့ သူ့ကိုလဲ တွေ့ချင်တယ်။ အံ့သြစရာက သူက ဘလော်ဂါ ပေါက်နဲ့ ညီအမတော်နေတာကို သူ့ပို့စ် ဖတ်ရင်းသိရပါတယ်။ ပေါက်နဲ့ ချန်ချန်းကို လဲ ပေါက်ရဲ့ ဘလော့သွားဖတ်နေရင်း ရင်းနှီးနေတာမို့ သူရေးတဲ့ ချန်းချန်းကို ထင်မိနေတုန်း နုသွဲ့ကောမန့်တွေ့တော့ ကြိမ်းသေသွားတာပေါ့။ သူတို့တွေကိုလဲ တွေ့ဖူးချင်တယ်။

အင်္ဂလန်ဘလော်ဂါထဲ တဆက်တည်း နုသွဲ့ကိုလဲ တွေ့ချင်တာပါပဲ။ စိတ်ရောဂါနဲ့ ပတ်သက်တာတွေ သူ့ကို မေးချင်လို့ပါ။ စိတ်ဒဏ်ရာ သမားတွေကို ဘယ်လို ဖြေသိမ့်ပေးရမလဲ သိချင်တာပေါ့။ သူချက်ကျွေးတာတွေစား ပြီး ကိုယ်သိချင်တာတွေ မေးလို့ရရင် သိပ်ကောင်းမှာပဲနော်။

ကလိုစေးထူးကိုတော့ သူနာမည်ရင်းပြောတော့မှ သူ့အမျိုးသမီးကို သိနေပြန်တယ်။ လူချင်းသိတာမဟုတ်ပဲ နာမည်ကြားဖူးတာပဲ ဖြစ်ပေမယ့် သူကိုလဲ တွေ့ချင်မိတယ်။ သူက စိတ်ဝင်စားအောင်ရေးတတ်တာမို့ ခေတ်ပြိုင်ဆောင်းပါးတွေကနေတဆင့် သိနေခဲ့ ပြီးဘလော့ကို ၀င်ဖတ်ဖြစ် ဒါပေမယ့် ကောမန့်တော့ ရေးခဲပါတယ်။ ခုဆိုသူက ကလေး တယောက်နဲ့လို့ သတင်းကြားမိတယ်။ ဒါ့ကြောင့်များ အရင်လို ပို့စ်တွေ သိပ်မတက်တော့တာလားမသိပါ။

ကဒေါင်းညင်သာ ကိုတော့ မြန်မာတီးရှော့မှာ စတင်သိကကျွမ်းခဲ့တာ။ အဲဒီထဲမှာက နာမည်တမျိုးဆိုတော့ သူကတော့ သိမှာမဟုတ်။ အဲဒီမြန်မာတီးရှော့က နေ ကလူသစ်၊ ကိုထိုက်၊ ကိုပေါ၊ ကိုမောင်ရင်။ ကိုသင့်။ ကိုဖိုးဇေ၊ နစ်နေမန်း၊ မသဒ္ဓါ တို့ တွေ ခုတော့ဘလော့လုပ်ကြပြီ။

ကိုပေါက ကျမထက်နောက်ကျပေမယ့် သူ့ရဲ့ တီးရှော့က စာတွေက ခုထက်တောင် လက်စောင်းထက်သေး။ သူနဲ့ ကျမက တခြားလူတွေလို ၈ျီတော့အဆက်အသွယ်မရှိ။ ဒါပေမယ့် သူရဲ့ အယူအဆတွေ နဲ့ တင်ပြရဲတဲ့ သတ္တိကို ကျမက သဘောကျတယ်။ သူ့အယူအဆထဲ တချို့မတူတာတွေတော့ ၀င်ပြောတယ် တူရင်တော့ သိပ်မပြောတော့ဘူး။ ဒီလိုလူတွေ လိုအပ်တယ် ဆိုတာ ယုံကြည်တယ်။

ကဒေါင်းက ခုနောက်ပိုင်း ပို့စ်အသစ် သိပ်မတက်နိုင်တော့။ ဒါပေမယ့် သူ့အတွေးတွေကိုတော့ ကျမက သဘောကျ ဒီတော့ တွေ့ချင်တဲ့စာရင်းထဲ တို့ထားလိုက်ပြီ။ အဲဒီမြန်မာတီးရှော့က တဖွဲ့လုံးကိုတော့ တွေ့ချင်တာ အမှန်တကယ်။

အဲဒီတုန်းက ကလူသစ်တင်ထားတဲ့ ပုံလေးက ကွန်ပျူတာမှာ အသည်းအသန် အလုပ်လုပ်နေတဲ့ပုံ။ ကိုပေါက သမိန်ပေါသွပ်ပုံ။(ကောမန့်မှာ ကိုပေါက ၀င်ပြင်ပေးထားတယ်။ သူက ညောင်ရမ်းဂွတိုတဲ့ ဟုတ်ပ။ ဘယ်လိုမေ့သွားတယ် မသိ။ လေးဂွပုံတဲ့ ပြင်ဖတ်ပေးနော်။ ခုရေးတာအမှန်) ခုတော့ ကိုသင့်ကလဲ ဘလော့ပေါ်တက်မလာတော့။ မအားလပ်ဖူးထင်ပါရဲ့။ ကလူသစ်ရဲ့ ခပ်ထေ့ထေ့ အရေးတွေကို ကျမက အမြဲတမ်းဝင်နောက်လိုက်ရမှ။ သူ့သမီးလေးကလဲ ချစ်စရာကိုး သူ့ဘလော့က ရောက်ဖြစ်နေရော။ ခုတော့ သူကလဲ တာ့တာတဲ့။ သူ့ကိုတွေ့ရင်တော့ ဒီလိုထေ့တတ်အောင် ဘယ်လိုကျင့်ခဲ့လဲ သိချင်တယ်လို့ မေးဦးမှာ။

ကိုမောင်ရင်ကတော့ဆောင်းပါးတိုင်း ကောင်းလွန်းလို့ မဖတ်ရမနေနိုင်။ သူကလဲ ကျဲသလားမမေးနဲ့။ သူ့ကိုလဲတွေ့ချင်တယ် ဘာ့ကြောင့် ဒီလောက် အတွေးအရေးကောင်းရတာလဲ ဘာကြောင့် တပြားမှ မရနိုင်တဲ့ ဘလော့ကနေ ဒီလိုစနစ်တကျ သုသေတနတွေ လုပ်ပြီး ဆောင်းပါးရေးတာလဲ မေးကြည့်ချင်လို့ပါ။ ပြီးတော့ ကျမက အဲဒီလို ရေးတတ်ချင်တယ်လေ။

ဘလော့စတင်ခါစက ပုထုဇဉ် ဆိုတဲ့ ဘလော့လေးကိုလဲ အရမ်းကိုကြိုက်နှစ်သက်ခဲ့။ သူ့ပို့စ်တွေကို ကူးယူမထားမိတာ နောင်တအခါခါ။ ဒါပေမယ့် ပန်ပန်က သူယူထားတယ် လို့တော့ ပြောဖူးရဲ့။ သူတို့ကိုလဲတွေ့ချင်တာပဲ။ ဆက်ထုံးကဗျာလေး ပြန်လာရေးပြီး တခါပြန်ပျောက်သွားတဲ့ ဘလော်ဂါ မိုးညိုရော ဘယ်တွေ ရောက်နေလဲ။ ဘလော်ဂါ စစ်အိမ်ညီညီသံလွင်မြန်မာအိုအေစစ် သူတို့တွေကိုတော့ ရွှေဝါရောင် ကာလတွေမတိုင်ခင်လေးမှာ အမှတ်တရ ရှိခဲ့ပြီး သွားသွားဖတ် လင့်တွေတောင် ချိတ်ထားခဲ့ဘူးတယ်။ သူတို့တွေနဲ့ တွေ့ချင်ပြန်သေးတယ်။

ကျမက ပျောက်သွားသူတွေကိုတမ်းတသလိုများ ဖြစ်နေပြီလား။နောက်ကျမ တက်ဂ်လုပ်ခဲ့ဘူးပြီး အရင် ချက်တင်လဲ အဆက်အသွယ်ရှိခဲ့ဘူးတဲ့ ဘလော်ဂါတယောက်ရှိပါသေးတယ်။ avril ဆိုတဲ့ နာမည်နဲ့ ဘလော့လေးပေါ့။ နောက်ပိုင်း ချက်တင်ကရော ဘလော့မှာပါ ပေါ်မလာတာ ကြာလှပေါ့။

နောက် စာရေးကျဲပေမယ့် တက်လာတဲ့ ပို့စ်တိုင်းကောင်းတဲ့ see and be seen။ သူ့ဘလော့ကို သိခါစက သူငယ်ချင်းတွေကို လိုက်ကျေညာခဲ့သေးတယ်။ သွားဖတ်ပါ ကောင်းလွန်းလို့ ဆိုပြီးလေ။ တွေ့ချင်တယ် မိဘလုပ်ကျွေးတဲ့ ဘလော်ဂါကို။ လီယိုမလေးနဲ့လဲ မြန်မြန်ဆုံစေချင်ပါတယ်လေ။

နောက် သမီးတယောက် ကောက်ရခဲ့တာလဲ ဒီဘလော့ဝန်းကျင်ထဲကပဲပေါ့။ သူကတော့ လင်းလက်ကြယ်စင်။ သူတို့ မင်္ဂလာမဆောင်ခင် သမီးရည်းစား ဘ၀ကတည်းက ကျမက မြှောက်ပေးနေကျ။ ဘာလုပ်မပေးရင် ဘယ်လို လုပ်ပစ် အဲဒီင်္လို….ိ။ ကိုအောင်မိုးနိုင်ရေ ခွင့်လွှတ်ပါ။ စလုံးမှာ မင်္ဂလာ မဆောင်ဖြစ်ခဲ့ရင် မဲဆောက်မှာ လာဆောင်ဖို့ထိ တာဝန်ယူထားခဲ့တဲ့ သမီးပေါ့။ ခုတော့ သူက ပျော်ရွှင်လို့ သူနဲ့ လူချင်းတော့ တခါမှမဆုံဖြစ်သေး။ တွေ့ချင်တယ်။

သူ့လိုပဲ တီတီလို့ခေါ်တဲ့ သားတယောက်လဲ ဖင်လန်မှာ ရှိသေးတယ်။ နော်ဝေးရောက်တုန်းက သူ့ဆီလာလည်ဖို့ ခေါ်ပေမယ့် မရောက်ဖြစ် ။ မင်းမင်းလို့ ခေါ်တယ်။ သူ့ဘလော့လေးမှာ စာလုံးပေါင်းမှားတာတွေ ပြင်ပေးဖို့ သူက ဖိတ်ခေါ်နေကျ။

အဲဒီနောက်တော့ ပန်ပန်(သူ့ရဲ့ ကဗျာတွေကို ကျမက အသည်းစွဲ)
နေနေနိုင် (သူရေးတာ ဘာမှ မဟုတ်ဘူးပြောလဲ ကြိုက်တာပဲ)
ခင်မမမျိုး( သူ့ဘလော့က ဆောင်းပါးတွေ ကြိုက်လွန်းလို့ နောက်အသစ် တင်တိုင်းမေးလ်ထဲ ပို့ပေးဖို့ တောင်းဆိုထားရသူ)
ပန်းခရမ်းပြာက မချို ဆိုလဲ သူ့ဘလော့လေး ၀င်ဝင်ဖတ်နေတာ ကြာပြီ။ ည၀တ်အကျီ င်္တွေကို အပြင်ဝတ်နေတာ သူရေးတဲ့ပို့စ်ကျမှ ကောမန့်ဝင်ရေးမိတာလေ။ သူ့လိုပဲ ပြောချင်နေတာ ကြာနေတဲ့အချိန် သူရေးတာတွေ့တော့ ၀မ်းသာအားရ။
ရွှေဂျမ်း ….သူ့ဘလော့ကို သွားတော့ သူ့အရေးအသားမှာ နစ်မြော သူ့ပန်းချီတွေကို စွဲလန်း ဒါနဲ့ ခဏခဏသွားချောင်း
လင်းးးး သူကတော့ အလွမ်းဘုရင်မ ဘယ်လိုနာအောင်ပြောပြော လွမ်းကောင်းဆဲ သူ့ကိုလဲ သူ့ပို့စ်တွေကနေ ညီမတယောက်လို ချစ်ခင်မိ အဆင်ပြေစေချင်မိ၊
ယုဝရီကို ဒေါက်တာ ရီရီဝင်းအဖြစ် ဘလော့ဝင်ဖတ်ရင်းက သူ့ဘလော့နာမည်ပြောင်းလိုက်တော့ ကြိုက်လိုက်တဲ့နာမည်။ ဒီနာမည်လှလှလေးရွေးတတ်ပါ့ပေါ့။ သူရေးတဲ့ ၀တ္ထုတပုဒ်ကို ကိုယ်တွေ့ရေးတယ်ထင်ပြီး ကောမန့် သွားပေးဖူးသေးတယ် ။ အားနာလိုက်ပါဘိ။ သူ့ပို့စ်တွေကလဲ ပြည်တွင်းက အခြေအနေတွေကို ထင်ဟပ်တာမို့ ကြိုက်တယ်။ အပြင်မှာ တွေ့ရရင်တော့ တိုးတိုးတိတ်တိတ် မေးချင်တဲ့ စကားလေးတွေ ရှိပါ့။
သူ့လိုပဲ ကောမန့်မှားပေးမိတဲ့ တယောက်ရှိသေး ။ သက်ဝေပေါ့။ ၀တ္ထုတိုလို့ တပ်ထားတာ မတွေ့ပဲ စီဘောက်မှာ သွားပြီး ရေးချင်တာ ရေးခဲ့မိတာ။ အားနာရတာလဲ မဆုံးတော့။ တွေ့ဦးမယ် သက်ဝေရေ..
သိဂီ င်္နွယ် အတိုကောက် tg nwe ကို ကလစ်ကြည့်ဖို့ မစဉ်းစားပဲ တောင်ငူနွယ်လားမသိ ဆိုပြီး သတိထားမိနေတာကနေ တနေ့တော့ ကလစ်ကြည့်ပြီး သူ့ပို့စ်တွေ တနေ့တည်း အကုန်ဖတ်ဖြစ်ရာကနေ ခင်မင်မိသွားတယ်။
သူ့လိုပဲ မီယာ့ကိုလဲကောမန့်ထဲ တွေ့တော့ နာမည်ကို ကလစ်မကြည့်မိ။ အားတဲ့ ရက်တွေမှာ လိုက်ကလစ်ကြည့်ရင်း သူ့ဘလော့ကို တွေ့တော့ အားနာမိလိုက်သေး။ တကယ့်ကို ကလစ်မကြည့်မိတဲ့ ကိုယ့်အဖြစ်။ ဘာလို့ အဲလိုတွေ မေ့နေလဲ ဆိုတာတောင်မသိ။ သူ့ကိုလဲ တွေ့ချင်တာပါပဲ။ စာရေးရင် အေးအေးလေး ရေးတတ်တာ သူ့အမှတ်အသား။
မလေးရှားက ညလေးကို အရင်က ယူဖတ်တဲ့ ရီဒါထဲ မ၀င်တော့ ဘလော့ဖျက်လိုက်ပြီ အောက်မေ့လို့ နောက်မှ သူက ဘလော့ပြောင်းသွားတာကိုး။ သူ့ကိုတွေ့ချင်တာတော့ ကြာပေါ့။
ပုံရိပ် တို့ လေးမတို့ ဘလော့တွေလဲ ကိုယ်ဘလော့လုပ်စက နေ့တိုင်းဖတ်ရတဲ့ ဘလော့တွေပါပဲ။ သူတို့တွေ ဘယ်နိုင်ငံကလည်း ဆိုတာတောင် အဲဒီတုန်းက မသိခဲ့ဘူး။
သိရင်လား … သွားလည်မလို့ပေါ့နော်။
ပီတိ ရဲ့ မေမေ့ပို့စ်တွေကလဲ ဖတ်မ၀ ။ သူက၀တယ် ဆိုတော့ တွေ့လို့ ဖြစ်ပါ့မလား။ ဒါပေမယ့် ချန်ထားလို့ မဖြစ်တဲ့ အကြောင်းတွေရှိတယ်နော် ကိုပီတိ တွေ့မှဖြစ်မယ်။ လာလည်ပါဗျို့။
တန်ခူးရဲ့ လေနုအေးကို သွားဖတ်မိတာ ကိုပေါဘလော့ကနေ တဆင့်။ ဖတ်နေရင်း သားလေးကို မြင်ယောင်မိ။ နောက်သူ့ပို့စ်တခုက ဆန်းဒေးကျောင်းပုံလေးကို လိုချင်လို့ ကြားခံတဆင့်ဆီ မေးလ်ပို့တောင်းခဲ့ဖူးပြီး လူချင်းတွေ့ချင်တဲ့ထိ ဆန္ဒက ဖြစ်မိ။

ကိုဧရာ မသီတာ ဘလော့လေးကိုလဲ အစက ဂျပန်က ထင်မိသေး။ နောက်မှ စလုံးက အင်ဂျင်နီယာတွေလို့ သိရတော့ အာအိုင်တီကို သံယောဇဉ်ကြီးတဲ့ ကိုယ်က မရောက်ရမနေနိုင်။ တကယ့်ကို အသိတရားတွေ ပေးတတ်တဲ့ ဘလော့မဟုတ်လား။ ပြီး မသီတာရဲ့ ပုံတူတကြောင်းပန်းချီလေးကို ကိုဧရာက ဆွဲပေးထားတယ်ဆိုတော့ သဘောကျလိုက်တာ။ အဲဒီမိသားစုလေးကိုလဲ မြင်ချင်မိပြန်တယ်။

ဂျူလိုင်အိပ်မက်ကတော့ ဘလော်ဂါ ထဲက ယောက်ျားလေးတွေထဲမှာ အခင်ဆုံးတောင် ပြောလို့ရတဲ့အထိ ချက်တင်ထဲမှာ စနောက်အော်ငေါက်။ သူ့ဘ၀ ကိုယ့်ဘ၀ အပြန်အလှန်ရင်ဖွင့် တွေ့ရင်လဲ ရန်ဖြစ်ဦးမယ်ထင်ပါတယ် ။

နောက် ယိုးဒယားသွားလည်မယ်လို့ သူ့ဘလော့မှာ ရေးလို့ အမကို ဆက်သွယ်လိုက်လို့ စီဘောက်ထဲ သွားအော်တော့ မေးလ်ထဲ ရောက်လာတယ် ဖုန်းနံပါတ်ပေးပါတဲ့။ အဲဒီဘလော်ဂါက တီဇက်အေ။ သူ့ကို သန့်ဇင်အောင်ဘလော့ကတည်းက အမြဲဖတ်ခဲ့တာ။ ဒါပေမယ့် ဒီကိုလာ ဖြစ်တော့မှ ကောမန့်ဝင်ရေး စီဘောက်ဝင်အော်ဖြစ်ခဲ့တယ်။ သူနဲ့ တွဲပြီးသတိထားမိတဲ့ ဘလော်ဂါက ကိုဘွိုင်းဇ်။ သူတို့ ၂ ယောက်လုံးထိုင်းကို ရောက်တော့ ဖုန်းဆက် စကားပြောပေမယ့် မဆုံဖြစ်ခဲ့ပါ။ သူတို့က အချိန်မလောက်မငကို မဒီလေးတွေနဲ့ ကုန်ချင်တာ ထင်ပါရဲ့ တညအိပ်ဆင်းလာခဲ့ပါခေါ်တာ ရောက်မလာကြ။ သူတို့ရဲ့ အသံတွေမှာတောင် ဖြူစင်မှုတွေ ပွင့်လင်းမှုတွေ ဖော်ရွေမှုတွေကို မြင်တွေ့နေရတော့ လူချင်းတွေ့ရင်တော့ တော်တော်ကို ဂရုစိုက်မယ်ထင်ပါရဲ့။
(ကြိုတင် လေသံပစ်လမ်းခင်းထားခြင်း)

သူတို့လိုပဲ တွေ့ချင်နေသေးတဲ့ဘလော်ဂါတွေ အများကြီး ။ ပြည်တွင်းက မေရာ။ စလုံးက မေ့သမီး။ တောကျောင်းဆရာ။ ရွာသားလေး။ တောင်ပေါ်သား။ စပ်မိစပ်ရာက ညိုထက်ညို။ မေရာ။ မယ်လိုဒီမောင်၊ ပင့်ဂိုးလ်……….. အများကြီးမှ အများကြီးးးးးးးးး ဒီတော့ ညီမ တန်ခူးရေ.. ၁၀ ယောက်နဲ့တော့ မလောက်ပါကွယ် .. စိတ်ထဲရှိတာ ချရေးလိုက်ပါတယ်။ လူတွေက များလွန်းတော့ လင့်တွေကို ချိတ်မပေးတော့ပါ။ သိပြီးသားတွေလဲဖြစ်နိုင်ပါတယ်။ တချို့လူတွေက ကျမဘလော့လင့်မှာ ပါပြီးသားပါ။ အဲဒီလင့်ကိုလဲ အပ်ဒိတ် လုပ်ရပါဦးမယ်။ ထပ်ထည့်ချင်သူတွေ ရှိသေးတာကိုး။
ဘယ်သူ့ကို ဆက်တက်ဂ်ရမယ်တော့ မသိ။ ဒီလိုနဲ့ ဘလော့ရွာထဲ လိုက်ပတ်ကြည့်တော့ ပြန်ရောက်ပြီလို့ လာသတင်းပို့သွားတဲ့ ညီမလေး လင်းနဲ့ ရွှေဂျမ်း တို့ကို တက်လိုက်ပါတော့မယ်... ဒန်တန့်တန် ရေးပါလေ့ကွယ်နော်..
လာဖတ်သူထဲက စင်စင်ကိုတွေ့ချင်တယ် (ဒါက ဘောနပ်)

ုဖြည့်စွက်ချက်... သုနှင်းဆီဘလော့က မွန်မွန် ကျန်ခဲ့တယ် ။ ဆောဒီးနော်။ သူ့သူငယ်ချင်းတယောက် အကြောင်း ရေးထားတာကို ဖတ်ရင်းနဲ့ သူတင်တဲ့ သီချင်းတွေ သူပြောတဲ့ ထွေရာလေးပါးတွေကို နေ့တိုင်းရောက်ဖြစ်ခဲ့ ပြီး သူ့ကိုမေ့ကျန်ခဲ့တာတော့ အမ မကောင်းတာနော် .. တွေ့ချင်တဲ့ထဲ မွန်မွန်ပါတယ်။ အမှန်တကယ်ပါ။

အထူးနောက်ဆက်တွဲ
ကျမပို့စ်မှာ အရေးအကြီးဆုံး ညီမတယောက် ကျန်ရစ်ခဲ့ပါတယ်။ သူ့အမနဲ့ တော့ သူ့ကြောင့်ပဲ လူချင်းတွေ့ဖူး ခင်မင်ခဲ့ရပြီး သူ့ကို ဓါတ်ပုံတွေ အပြန်အလှန်လဲ၊ ရင်တွေ အပြန်အလှန်ဖွင့်၊ စိတ်တိုရင် ဖြောင့်ဖြပေးတတ်တဲ့။ စာရေးလဲ ကောင်း ၊ ပုံဆွဲလဲတော်၊ ဓါတ်ပုံရိုက်လဲလှ၊ လူကလဲ သိပ်လှတဲ့ မမဘလော်ဂါတယောက်ကို ရေးတော့ ကျန်ခဲ့တယ်။ ပြီးတော့ ကျမဘလော့အသစ်ကလေးကို လာရောက်အားပေးခဲ့တာလဲ သူ။ ကောမန့်တွေ အစောဆုံးချတာလဲ သူ၊ ထောင်အကြောင်းလေးတွေ ရေးပါဦး တောင်းဆိုခဲ့တာလဲသူ၊ ရင်ခုန်သံချင်း ထပ်တူညီတဲ့သူ၊ အမ်မလေးးးးးးးးး စိတ်မကောက်လိုက်ပါနဲ့ ဒေါ်ကေသွယ်ရေ….. ယူနဲ့အိုင်က မကြာမီတွေ့မယ် မဟုတ်လားကွယ်… (တကယ့်အရေးကြီးပုဂ္ဂိုလ်ကျန်ခဲ့တယ်) အာဘွား တသိန်းကေ။(ဟင့် တကယ့်ကို ရေးတဲ့သူက စိတ်မကောင်းဖြစ်မိပြီ ကေ့ကို ကျန်ခဲ့လို့။ ကိုပေါပြောတာ မှန်တယ် အသက်ကြီးသွားလေပြီ၊ ဦးနှောက်အလုပ်မလုပ်တော့ပါ။ ၀န်ခံပါတယ်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 16, 2009

တခါတုန်းက တက်ဂ်အကြွေး

နှစ်သစ်မကူးခင် တက်ဂ်အကြွေးကို ဆပ်ပါလို့ ပြောလာတဲ့ ဖိုးဂျူလိုင်အတွက် ရေးတဲ့ စာ

ဟိုးရှေးရှေးတုန်းက အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ ဆံပင်က တိုတို (တိုတာမှ ယောက်ျားကေလို ညှပ်ထားတော့ ထိပ်လယ်က ဆံပင်က ထောင်တောင်နေတယ်) နဲ့ ကောင်မလေးတယောက် ဆယ်တန်းအောင်လို့ ကောလိပ်တက်တဲ့အချိန်ပေါ့။

ကောလိပ်ဆိုတော့လဲ ပျော်တာပေါ့။ အသက်က ၁၆ နှစ်ကျော်ကျော် တခါတရံ အဲဒီခေတ်က မိန်းကလေးတွေသိပ်မ၀တ်တဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်အကျီ င်္လဲ ၀တ်တတ်သေးတဲ့ ကောင်မလေးပေါ့။ ကောလိပ်ကို စက်ဘီးနဲ့ ကျောင်းတက်တယ်။ သူနဲ့ တူတူကျောင်းတက်တဲ့ ကောင်မလေးတယောက်နဲ့ ဆိုတော့ ၂ ယောက် စက်ဘီးကိုယ်စီနဲ့ပေါ့။

သူတို့နေ့တိုင်း ကျောင်းတက်တဲ့အချိန်တိုင်း ကျောင်းတက်ချိန်တူတဲ့ မေဂျာတူတွေနဲ့ အမြဲတမ်း စကားမပြောဖြစ်ပေမယ့် တူတူစက်ဘီးစီးနေကျ မျက်မှန်းတော့ တမ်းမိနေတဲ့ ကောင်လေးအုပ်စုလဲ ရှိသေးတယ်။ တနေ့တော့ အဲဒီကောင်မလေးနဲ့ ကျောင်းတူတူ တက်နေကျ ကောင်မလေးက ကျောင်းမတက်ဘူး။


ကောင်မလေးကလဲ တယောက်တည်း စက်ဘီးနင်းလာရတော့ ခပ်မြန်မြန်နင်းတယ် ခါတိုင်းလို စကားတပြောပြော အေးအေးဆေးဆေးမဟုတ်ဘူး။ သူ့နောက်မှာလဲ စက်ဘီးတစီးက အမြန်လိုက်စီးနေတယ်။ သေချာ ကြည့်လိုက်တော့ ကောင်လေးတယောက် မြင်ဖူးနေကျ။ အတန်းထဲကပဲ ပရယ်တီကယ် လုပ်ရင် တခန်းတည်း။ ဒါပေမယ့် တခါမှစကားမပြောဖူးဘူး။ ကျောင်းတက်တာကလဲ ၁ လကျော် ၂ လနီးပါးပဲ ရှိသေးချိန်ကိုး ။ နောက်က စက်ဘီးအနားကပ်လာတယ်ထင်လိုက် စက်ဘီးကို မြန်မြန်စီးလိုက် လုပ်နေရင်း ခရီးတ၀က်လောက်ရောက်တော့ ကောင်မလေးနာမည် ခေါ်သံကြားရရော။ ဒုက္ခပါပဲပေါ့ ငါ့ကိုများ စကားလိုက်ပြောမလို့လား ကျောင်းကို မြန်မြန်ရောက်အောင် အားစိုက်နင်းစမ်း။
စိတ်ထဲမှာ အဲလိုပြောရင်း ခပ်မြန်မြန်အရှိန်ကို မြှင့်နင်း။ နောက်က ကောင်လေးကလဲ စကားပြောဖို့ လိုက်သလို ခပ်မြန်မြန်လိုက်နင်းရင်း နာမည်ကို တရစပ်ခေါ်။

ဒီလိုနဲ့ ကျောင်းကိုရောက်။ တနေ့ ပြီးသွားတယ်။ ကိုယ့်ကို ကျောင်းမှာကျတော့လဲ လာစကားမပြောရဲဘူး အဲဒီကိုယ်တော်က။ သူငယ်ချင်းကလဲ နေမကောင်းဖြစ်နေတော့ ကျောင်းမတက်နိုင်သေး။ သူကျောင်းမတက်မချင်းကိုယ့်မှာလဲ ဒီဒုက္ခအရှုပ်ကြီးနဲ့ စိတ်ညစ်ခဲ့ရ။

ဘုရားဘုရား ဘယ်လိုလုပ်ရပါ့။ ဒီနည်းနဲ့ ရည်းစားစကား ပြောတာလဲ တခါမှမခံဘူး။ အထက်တန်းကျောင်းမှာ တုန်းကတော့ စာပေးတာမျိုးပဲ ရှိတာကိုး။ ဒါတောင် ကျောင်းက ထိုင်ခုံထဲမှာ လာထည့်ထားတာပဲ။ ကျောင်းနဲ့ အိမ်ကလဲ နီး။ တခါကိုယ့်ကို စတဲ့ အတန်းထဲက ကောာင်လေးတယောက်ကို စီးထားတဲ့ ဒေါက်ဖိနပ်နဲ့ ကောက်ပေါက်လိုက်လို့ ခေါင်းပေါက်သွားတာလဲ ရှိဖူးတော့ ကိုယ့်ရဲ့ လက်နဲ့ ပါးစပ်ကို ကြောက်ပြီး တော်ရုံဘယ်သူမှ လိုက်စကားပြောရဲတာမဟုတ်။ ဒါနဲ့ ၃ ရက်မြောက်နေ့မှာတော့စက်ဘီးကို အရှိန်လျှော့။ နောက် စက်ဘီးကို ရပ်ပြီးဆင်းလိုက်တယ်။ နင်ဘာပြောချင်နေတာလဲ လို့ ခပ်မာမာမေးလိုက်တော့ ကိုယ်တော်ချောက ကျောင်းမတက်တဲ့ သူငယ်ချင်း ဘာလို့ ကျောင်းမတက်လဲ မေးတယ်။ နောက် နင်က ငါပြောတဲ့စကားကိုမှ နားမထောင်ပဲ စက်ဘီးကို အမြန်စွတ်စီးနေတာကိုးတဲ့။ အမ်…. နင်နဲ့ငါမှမသိတာ နင်က ဘာစကားပြောစရာလိုလို့လဲ လို့ ပြန်မေးတော့ အဲဒီ(ကျောင်းမတက်တဲ့ )ကောင်မလေးရဲ့ သူငယ်ချင်းကို သူက ချစ်ခင်နှစ်သက်မိပါသတဲ့။ ဒါ့ကြောင့် ဘာဖြစ်လို့ ကျောင်းမတက်လဲ ဆိုတာကို ကောင်မလေးကို လိုက်မေးတာပါတဲ့။ သေဟဲ့ နန္ဒိယ( ကိုယ့်ကိုယ်ကို အထင်ကြီးဦး ၊ ကောင်မလေးဆိုတာ ကျမ.ဟိဟိ)။ (မှားတဲ့အခါလဲ မှားပေမပေါ့နော်)

ကိုဂျူလိုင် တက်ဂ်ထားတဲ့ တခါတုန်းက…… ဆိုတာဒီမှာတင် ပြီးပါပြီ။


လက်ကအရှိန်မသေဘူး ဆက်ပြီးရေးချင်သေးတော့ ဇာတ်လမ်းကို ဒီနေ့ထိ ဆက်ပေးရမယ်ဆိုရင်….

၃ ရက်လောက်စိတ်ညစ်နေရတဲ့ ဒုက္ခက ကင်းလွတ်သွားပြီး အဲဒီကောင်လေးဟာ ကျမရဲ့ အခင်ဆုံး သူငယ်ချင်းထဲကို စာရင်းဝင်သွားတာ ဒီနေ့ထိပါပဲ။ ကျမသူငယ်ချင်းကလဲ သူ့ကို မကြိုက်ခဲ့ပါဘူး။ ခုလောက်ဆို ပါမောက္ခဖြစ်နေမလားမသိ။ ကျမနဲ့နောက်ဆုံးတွေ့တော့ ကထိက။

၂၀၀၅ နှစ်ဆန်းပိုင်းက ကျမ မင်္ဂလာဈေးက အပြန် ကျောက်မြောင်းသီတာလမ်းက သူငယ်ချင်းတယောက်ဆီကို ၀င် အဲဒီကနေ ဗိုလ်ချုပ်ဈေးကို သွားဖို့ ကားဂိတ်ကို လမ်းလျှောက်အထွက် ၊ကားတစီးဘေးမှာ ရပ်နေတဲ့ ဘောင်းဘီဒူးကျနဲ့ နေကာမျက်မှန်နဲ့ တယောက်က နင်-- မဟုတ်လားတဲ့၊ ကျမနာမည်ကို မေးနေတဲ့ အဲဒီတယောက်ကို မသိတာမို့ ဟုတ်တယ် နင်ကဘယ်သူလဲ ဆိုတော့ မျက်မှန်ကို ချွတ်ပြီး ရယ်ပြတဲ့ သူငယ်ချင်းက ခုန ကိုယ်တော်ပေါ့။ ငယ်ငယ်က ပိန်ပိန်မည်းမည်းလေးရှည်ရှည်လေးက ခုတော့ဝတုတ် စိုစိုပြေပြေဖြစ်လို့။

သူသဘောင်္သားလုပ်ပြီး ကျောက်မြောင်းမှာ နေတယ်တဲ့။ သူ့ထက် အသက်တော်တော်ငယ်တဲ့ ကောင်မလေးနဲ့ အိမ်ထောင်ကျပြီး ကလေးတယောက်အဖေ ဖြစ်နေလေရဲ့။ ဘယ်သွားမလို့လဲ ငါလိုက်ပို့ပေးမယ် ဆိုပြီး သူ့ကားပေါ်တင် စကော့ဈေးရောက်။ ထုံးစံအတိုင်း အစားအသောက်တန်းအရင်သွား မတွေ့တဲ့ နှစ်ပေါင်းများစွာအတွက် အာရိုက်ရင်း သူငယ်ချင်းကောင်းစားနေတာကို မုဒိတာပွားပြီး သူကျွေးတာ စား။ ခု ဒီပို့စ်ကို ရေးရင်း သူ့ကို သတိတရဖြစ်နေမိပါသေးတယ်။(သူလား နာမည်ကျော်ဂီတစာဆို မောင်ကြေးမုံနဲ့ အမျိုးအရင်းကြီးလဲ တော်တယ် သိလား) တကယ်လို့များ ဒီပို့စ်ကို သူဖတ်မိရင် ကျမကို ဆက်သွယ်လာနိုင်ပါစေသော်ဝ်။ (သူက ဘလော့တွေဘာတွေလဲ စိတ်ဝင်စားမယ် မထင်ပါဘူးလေ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, November 29, 2008

Ten Things I Hate About Myself

Tag တော့လဲ ရေးတာပေါ့
ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ရေးပါ ဆိုပါလား။ tag ထားတာက ၂ ယောက်။ Zerotrash နဲ့ တူးတူးသာ ။ အားရဲ့လားလို့လဲ မမေးမမြန်း ။ tag ထားလိုက်ကြတာ။ မရေးဖြစ်ခဲ့တဲ့ tag ကလေးတွေ တောင် ရှိသေး။ ဒါပေမယ့် အရမ်းနောက်ကျရင်လဲ မရေးချင်တော့ဘူးလေ။ ခုတော့ သိပ်နောက်မကျသေးဘူးထင်တာပဲ။ ၁၀ ချက် ပြည့်မပြည့်တော့ ချရေးကြည့်မှ သိမှာပဲ။ ခုပို့စ်ကို တခါတည်း ရေးတင်နေတာပါ။ ကိုယ့်ကိုယ်ဖော် မသူတော် ပဲ လုပ်ရတော့မှာပေါ့။
ကျမ ကိုယ်တိုင် မုန်းတဲ့ အချက်တွေကတော့..

၁) အချိန်တိကျတာ ဂတိတည်တာကိုပဲ ကြိုက်နေတာ….
( ကိုယ်တိုင်တယောက်တည်းဆို ကိစ္စမရှိပေမယ့် သူများတွေကိုပါ အဲလိုဖြစ်စေချင်တော့ စိတ်ပင်ပန်းရတာပေါ့။)
၂) စကားပြောနိုင်လွန်းနေတာ…
( စကားများတာမဟုတ်ဘူးနော်။ ကိုယ်နဲ့ရှိနေရင် သူများပျင်းနေမှာ စိုးလို့ စကားပြောပေးနေတာ ၊ တကယ်က စိတ်ထဲမှာ လုံးဝမပြောချင်ဘူး)
၃)အရွဲ့တိုက်တတ်တာ..
(တခါတလေ ကိုယ့်အတွက် ဆုံးရှုံးနိုင်တယ် ဆိုတာ သိရက်နဲ့ အရွဲ့တိုက်လုပ်လိုက်တော့ ကိုယ်ပဲ ခံရတာပေါ့။)
၎)ကိုယ်တိုင် သေချာ သိနေတဲ့ အကြောင်းအရာ တခုခုကို လာငြင်းရင် အလျှော့မပေးတတ်ပဲ အငြင်းသန်တာ…
( အဲဒီတော့ အပေါက်ဆိုးတယ် ဖြစ်ရော)
၅) ကိုယ်သိနေ တတ်နေတဲ့အရာတခုကို သူများကိုလဲ သိစေ တတ်စေချင်တာ…
( မမေးပဲ ပြောပြတတ်လွန်းလို့ တချို့တွေက ဆရာကြီး လာလုပ်တယ်ထင်ပြီး ကောတာမျိုး အရေးမစိုက်တာမျိုးခံရတော့မှ မတီးပဲ မမြည်နဲ့ ဆိုတဲ့ စကားကို နားလည်ခဲ့တယ်။ ဒါပေမယ့် အကျင့်ကတော့ မပျောက်သေးဘူး)
၆)စိတ်ထက် ပါးစပ်က မြန်လွန်းနေတာ..
(ပြောချင်တာ ပြောပါစေ။ ခံမပြောသင့်ဘူးလို့ ဦးနှောက်က စဉ်းစားဆုံးဖြတ်တာမပြီးခင် ပါးစပ်က ပြောပြီးနေပြီ။ ဒါ့ကြောင့်လဲ လူမုန်းများတာ)
၇)ကဗျာပဲ ဖတ်ဖတ် ၀တ္ထုပဲ ဖတ်ဖတ် ရုပ်ရှင်ပဲ ကြည့်ကြည့် အငိုလွယ်တတ်တာ..
(ဒါကတော့ ခံစားလွယ်တဲ့ နှလုံးသားရှိသူ ပြောရမယ်)
၈) ဒေါသကြီးတတ်တာ..
(မကောင်းမှန်းသိပေမယ့် ဆတ်ဆတ်ထိ မခံတတ်တဲ့ဒေါသကို နံပါတ်စဉ်ရေပြီး လျှော့ချနေတာ ခုထိမရသေး)
၉) သူများကို သိပ်ကူညီချင်တာ..
( တခုခု သူများအဆင်မပြေတာ မြင်နေကြားနေရရင် အကူအညီမတောင်းပဲကို ပေးချင်နေတာ။ အဲဒီအခါ တချို့က သူတို့ကို နှိမ်တယ် ထင်သွားတတ်ပြန်ရော)
၁၀) အလုပ် လောဘ ကြီးတတ်တာ…
( ကိုယ်မရှိရင်မဖြစ်တော့တဲ့အတိုင်း အလုပ်ကို သိမ်းကြုံး လုပ်နေတတ်တာ၊ ဘယ်ကောင်းမလဲလေ ။ အသာနေတတ်အောင် နေဖို့ စကျင့်နေပြီ။)
ဆက်ရေးရင် ရဦးမယ်.. သူတို့က ၁၀ ချက်ပဲ ရေးဆိုလို့ပါ။ တကယ်က ကိုယ့်ကိုယ်ကို မကြိုက်လို့ ကြိုးစားပြင်နေရတဲ့ အချက်တွေက အများကြီးပါ။ ခေါင်းထဲပေါ်လာတာလေးတွေပဲ ရေးလိုက်တာ..

ကဲ ... အကြွေးတော့ ဆပ်ပြီးလေပြီ။ မည်သူ့ကို ဆက်တက်ရမည် စဉ်းစားသော်....
ဒီတခါတော့ ဆက်လက် လက်ဆင့်မကမ်းတော့ပါဘူး။ (တကယ်က ကမ်းဖို့ လူတောင်မရှိတော့တာ..)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 5, 2008

မသေဆုံးမီ ၁၀ ရက် အလို

ခရီးထွက်ရာက ပြန်လာတော့ tag အကြွေးတွေက ၂ ခုတောင် ဖြစ်နေပြီ။ ပထမများကို ရေးထားတော့ ကိုဂျူလိုင်က စီဘောက်မှာ အကြွေးဆပ်ဖို့ လာအော်တော့ သူဘာတက်ထားပါလိမ့် ဆိုပြီး သွားပြန်ရှာဖတ်ရတယ်။ အော် မသေခင် ၁၀ ရက်အလိုလို့ သိရင်တဲ့။

တကယ်က မသေချင်သေးပါ။ ဘ၀ကို တပ်မက်ပျော်ရွှင်စွာ ကျော်ဖြတ်ချင်သူ၊ အတ္တကြီးသူ တယောက်အဖြစ် လူ့ဘ၀မှာ နေတာ နှစ် ၄၀ ၀န်းကျင်ပဲ ရှိသေးတဲ့ ကျမကို သေခြင်းနဲ့ မိတ်ဆက်ပေးဖို့ ကိုဂျူလိုင်က ကြိုးစားတာဖြစ်မည်။ မသေချင်သေးပေမယ့်လဲ သေရမယ့်ဘ၀ နာရမယ့်ဘ၀ အိုရမယ့်ဘ၀ ဆိုတာကို လူအဖြစ်ပိုင်ဆိုင်ထားကတည်းက သိပြီးခဲ့ပြီမို့ တပ်မက်လှတဲ့ လူ့လောကကြီးက ထွက်ခွာဖို့ ရက်အတိအကျကို သိခွင့်ရရင်ဖြင့် အလွန်ပဲကောင်းလှပေသည်။

ကျမအတွက်ကတော့ သိပ်ပြီး တွေးထားတာမရှိပါ။ သူတပါးအပေါ်မှာ ဘယ်တော့မှ မကောက်ကျစ်ခဲ့၊ မလိမ်ညာခဲ့ ဖူးတာမို့ သံသရာ အကြွေးကင်းတယ်လို့ ခံယူထားပြီးသား။ ဒီတော့ကျမသာ သေဖို့ရက်အတိအကျ သိခဲ့ရင် ဒီ ၁၀ ရက်အတွင်းမှာ နေ့တိုင်း တိုင်းပြည်ကို ချောက်ထဲတွန်းချနေသော လူမသမာများ၊ ကိုယ့်ကိုယ်ကျိုးအတွက် သူများဘ၀တွေကို နင်းချေဖျက်နေသော လူ့ဗာလများ၊ ကိုယ်တိုင်လဲ ဘာမှမလုပ်ပဲ လက်တွေ့လုပ်နေသူတွေကို အမနာပ ပြောဆိုရေးသားနေသူများကို နေ့စဉ်ရက်ဆက် သတ်နိုင်သမျှ သတ်ပစ်ခဲ့ဦးမည်သာ။ ဒီ့အတွက် ငရဲကျမယ်ဆိုလဲ ကျေကျေနပ်နပ် ခံယူချင်ပါသည်။ ကျမက ခြင်၊ယင်၊ ပိုးဟပ် ကဲ့သို့သော ကောင်းကျိုးမပေးသည့် အင်းဆက်ပိုးများကိုလဲ အခါအခွင့်သင့်တိုင်း စိတ်ပါလက်ပါ သတ်ပါသည်။

ဒီတော့ ကျမမသေခင် ၁၀ ရက်ကစလို့ စစ်အုပ်စုနှင့်တကွ ကိုယ့်လူသူ့ဘက်သား လုပ်ချင်သူများကို တကောင်ချင်း ကျကျနန သတ်ပစ်ပါမည်။ ဘယ်အဆင့်လောက်ထိ သတ်သင့်သလဲ ဆိုတာကို ခုကတည်းက စဉ်းစားထားမှ တော်ကာကျပေလိမ့်မည်။ တခြားဘာမှကို မလိုချင်တော့ပါ။ ၁၀ရက်အတွင်းမှာ ကိုယ်သတ်ချင်တဲ့ လူများအားလုံး သတ်ခွင့်ရပါစေလို့သာ ဆုတောင်းပေးကြစေချင်ပါသည်။

(ဒီ tag ကိုတော့ ဘယ်သူ့ကိုမှ ဆက်မတက်တော့ပါ... လို့ စဉ်းစားခဲ့သော်လည်း ဘလော်ဂါအသစ်တွေထဲက ရင်းနှီးခင်မင်စွဲရှိသော ညီမတူးတူးသာနှင့် သမီးဆုမွန်တို့ကို လက်ဆင့်ကမ်းလိုက်ပါပြီ။ ရေးပေးကြပါဦးနော်... )

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, October 2, 2008

မှတ်မိသမျှ ပထမများ

ကိုအောင်သာငယ်က tag ထားတယ်ဆိုလို့ သူ့ဘလော့က ပို့စ်ကို သွားဖတ်ကြည့်ရသေးတယ်။ တော်တော်များများက ရေးပြီးနေပြီ။ ခရီးထွက်နေလို့ မအားတာရယ် သူ့ရဲ့ ပထမဆုံးလိုမျိုး ပြန်ရေးနိုင်ဖို့ မှတ်မိအောင် ပြန်လုပ်နေတာနဲ့ နောက်ကျမှ အကြွေးဆပ်ရတယ်။ ဒါတောင် တချို့ကို လုံးဝမမှတ်မိတော့ဘူး။ ဒီတော့ မှတ်မိသမျှ ပထမ များကို ရေးပေးလိုက်ပြီနော်။
ပထမဆုံးရောက်ဖူးတဲ့ဆေးရုံ… ပုသိမ်ပြည်သူ့ဆေးရုံကြီးပေါ့။ ကိုယ့်ကို အဲဒီမှာမွေးတာကိုး။
ပထမဆုံး တက်တဲ့ကျောင်းကတော့ လူမှုဝန်ထမ်းမူကြိုကျောင်းပေါ့။ အသက် ၃ နှစ်မှာပဲ တက်ရတယ်။ စတက် တဲ့ ပထမဆုံးနေ့မှာ ငိုလိုက်ရတာ တော်တော်မောခဲ့တာတော့ ရေးရေးမှတ်မိတယ်။ လိုက်ပို့တဲ့ အဒေါ်တွေက သနားလို့ ပြန်ခေါ်မယ် လုပ်တာကို အမေ့သူငယ်ချင်း မူကြိုဆရာမက အတင်းပြန်ခိုင်းပြီး ခေါ်ထားလိုက်တာတဲ့။ အဲဒီဆရာမကို ၂၀၀၀ ခုနှစ်ဝန်းကျင် သူ ထိုင်ဝမ်က ဗမာပြည်ပြန်လာတော့ ပြန်တွေ့တယ်။ ခုရေးထားတာက သူပြန်ပြောပြတာ။

ပထမဆုံး တက်ရတဲ့ အမက (၂) အစိုးရမူလတန်းကျောင်း သူငယ်တန်းမှာတော့ ကိုယ်က ကျောင်းပါးဝနေတဲ့ ကျောင်းသူအသစ်ဖြစ်နေပြီ။လူမကြောက်တဲ့ စရိုက်ကို မူကြိုက ရခဲ့တာမို့ ကျောင်းရဲ့ကပွဲ ပြိုင်ပွဲ မှန်သမျှ ရှေ့ဆုံးကပေါ့။
ပထမဆုံးရဖူးတဲ့ ဆု… သူငယ်တန်းမှာ (ဘာသာစုံအမှတ်ပြည့် ၃ ယောက်တည်းက တယောက်)

ပထမဆုံးရဖူးတဲ့ ဘာသာရေးဆိုင်ရာဆု .. မင်္ဂလာသင်တန်း တမြို့နယ်လုံးမှာ တတိယဆု ( ၇ တန်းနှစ် နွေရာသီ တလသင်တန်း)
ပထမဆုံး သူငယ်တန်းအတန်းပိုင် ဆရာမ.. ဒေါ်တင်ရီလား ဒေါ်ကျင်ရီလား သိပ်မကွဲတော့ဘူး
ပထမဆုံးသူငယ်ချင်း တွေ တယောက်မှကို မမှတ်မိတော့ပါ။ ကျောင်းတက်တုန်းက သေချာ တွဲတဲ့ သူငယ်ချင်းမရှိ။ ဆယ်တန်းအောင်ပြီးကောလိပ်တက်တော့မှ သူငယ်ချင်းဆိုတာ အတည်ရှိလာတာ။ ရှိတော့လဲ ၇ ယောက် အုပ်စု။ တချို့ အမေရိကား၊ တချို့စင်္ကာပူ။ တချို့ ပြည်တွင်းမှာ နာမည်ကြီး(စီးပွားရေးလောကမှာပါ)

ပထမဆုံး သီချင်းဆိုပြိုင်ပွဲမှာ တတိယ ဆုရခဲ့တယ်။ ၆ တန်းနှစ်ကပေါ့ ။မြတ်ပန်းခွေ ဆိုတဲ့ သီချင်းနဲ့ ၀င်ပြိုင်ဖို့ စင်ပေါ်အသွား ခလုတ်တိုက်လဲကတည်းက ပရိသတ် လက်ခုပ်သံကို ရခဲ့တာလေ။

ပထမဆုံး အရိုက်ခံရတာ ၄ တန်းနှစ်။ ဒေါ်ကြည်ကြည်။ သချာင်္ဆရာမက စည်းကမ်းကြီးတယ်။ ခဲတံ မချွန်ပဲ အတုံးနဲ့ပဲ စာရေးလို့ လက်ဝါးဖြန့်အရိုက်ခံရတယ်။ အဲဒီကတည်းက မှတ်သွားတာ ခုထိ ခဲတံမချွန်ရင် ဘော့ပင် မင်တံထိပ်လုံး မသေးရင် စာမရေးတတ်တော့ဘူး။

သချာင်္ကို ပထမဆုံးစိတ်ဝင်စားစေခဲ့တာ.. ၈တန်းက ဆရာ ဦးလေးမောင် သူ့ကြောင့်လဲ သချာင်္ကို နှစ်တိုင်း ဂုဏ်ထူးထွက်ခဲ့တယ်။
ပထမဆုံးနေဖူးတဲ့ ပြင်ပဆောင်.. ရန်ကုန် စံရိပ်ငြိမ် ၆ လမ်းက အဆောင်ပေါ့။
ပထမဆုံး ရင်ခုန်စေခဲ့သူ.... ၉တန်းနှစ်က ကျောင်းမှာ နာမည်ကြီးထဲကတယောက်။ လက်ရေးသိပ်လှတယ်။ အဲဒီလက်ရေးအတိုင်း ရူးရူးမူးမူး ကျင့်ခဲ့ဖူးတယ်။
ပထမဆုံးရည်းစား… အသက် ၂၀ အရွယ် တတိယနှစ် မှာ။ ကိုယ့်ထက် ၃ နှစ်ကြီးတဲ့ ဆရာဝန်လောင်း တယောက်။ အိမ်မှာ အင်္ဂလိပ်လိုချည်းပြောတဲ့ သူ့မိဘတွေရဲ့ ဆိုရှယ်ကျမှုကို လန့်ပြီး နောက်ဆုတ်ချင်စိတ် ပေါ်ခဲ့တာ။ ခုသူက စစ်တပ်ထဲက ဆရာဝန်ဖြစ်နေဆိုပဲ။

ပထမဆုံးချစ်သူ… ကိုယ့်ထက် ၃ နှစ်ငယ်တဲ့ ဆရာဝန်လောင်းလေး… ။ သူ့မိဘတွေက အရာရှိအရာခံ တွေရဲ့ သမီးမျိုးကိုမှ သဘောကျသတဲ့။ ဒါနဲ့ပဲ ဝေးကွာခဲ့ရတယ်။ ခုချိန်ထိ တခါတလေ အိပ်မက်ထဲပါတတ်တယ်။ သူ့သမီးကို ကိုယ့်နာမည်ပါအောင်သူက မှည့်ထားပေးတယ်။ ကိုယ့်သားမှာတော့ သူ့နာမည်မပါခဲ့ပါဘူး။
ပထမဆုံး ဘုရားသခင်ပေးတဲ့လက်ဆောင် … ခု လက်ထပ်ထားတဲ့ အဲဒီတုန်းက အင်ဂျင်နီယာလောင်း သူငယ်ချင်းပေါ့။ အရာရာသည်းခံတယ်။ အတွင်းသိ အစင်းသိ သူငယ်ချင်းစစ်စစ်။ အဲဒီချစ်သူစစ်စစ်နဲ့ပဲ ခုထိ ဘ၀ကို လက်တွဲမဖြုတ်ပဲ ဖြတ်သန်းနေဆဲ။
ပထမဆုံးရောက်ဖူးတဲ့ မြို့ကတော့ ရန်ကုန်ပေါ့။ ၂ တန်းကျောင်းသူဘ၀က ။
ပထမဆုံး ကိုင်ဖူးတဲ့လက်နက်… လေသေနတ်ပေါ့။ လက်တည့်ဖို့နေနေသာသာ မောင်းတောင် မတင်နိုင်ခဲ့။
ပထမဆုံးသောက်ဖူးတဲ့ သေရည်… ဂျော်နီလမ်းလျှောက် (တရုပ်နှစ်ကူးတိုင်း)
ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ် … ဆေးပေါ့လိပ်ပဲ ၊ ထောင်ထဲမှာ ညဖက် သောက်ကြတာ။
ပထမဆုံး ကစားဖူးတဲ့ပိုကာဝိုင်း…. အဖိုးဆုံးတုန်းက ၊ ၈ တန်းကျောင်းပိတ်ရက်
ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်…..ထိုင်းနိုင်ငံပေါ့။
ပထမဆုံး ထုတ်ဝေဖူးတဲ့ စာအုပ်… ကဗျာဆရာ အောင်ဝေးရဲ့ ချစ်သူ့မြင်းသည်တော်
ပထမဆုံးရောက်ဖူးတဲ့ ဘလော့…… ကိုယ့်သူငယ်ချင်းအရင်းကြီး မေငြိမ်းဘလော့..
ကိုယ့်ဘလော့မှာ ပထမဆုံးတင်တဲ့ ပို့စ်…….. အကယ်စင်စစ်များနှင့် အချစ်(ကဗျာ)
ပထမဆုံး ကောမန့်ရတဲ့ ပို့စ်…………ချစ်သူ့ဒိုင်ယာရီ
ပထမဆုံးကောမန့်လာပေးသူ ……..ဘလော်ဂါ နာမည်ကြီး ရန်အောင် ပါပဲကွယ်..
ပထမဆုံး အွန်လိုင်းပေါ်က ဘလော်ဂါ ဘော်ဘော်…. စိုးဝှက်
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် မှတ်မိတာ ရွှေသွေးတေဇ ဒါထက့်နည်းနည်းကြီးလာတော့ ၂ တန်းလောက်က ပထမဦးဆုံးတီထွင်သူများအကြောင်း ထင်တယ် ဖတ်ရတယ်။ စာအုပ်နာမည်မေ့နေပေမယ့် အဲဒီစာအုပ်ထဲက ရော်ဘာတီထွင်သူတွေ ကြယ်သီးတီထွင်သူတွေ ကြွေပန်းကန်တီထွင်သူတွေ မီးသီး တီထွင်သူတွေရဲ့ စွန့်စားရမှု ဇွဲရှိမှု စောင့်စားနိုင်မှုတွေကို သိပ်သဘောကျမိတယ်။ ကိုယ့်ကိုလွှမ်းမိုးတယ်။ ဘာလုပ်လုပ် ဇွဲဝီရိယ ရှိဖို့ အရေးအကြီးဆုံးဆိုတာကို ယုံကြည်ခဲ့တာ အဲဒီကလေးဘ၀ ကတည်းက။

မှတ်မိသလောက်က ရေးချင်တာလေးတွေ ရေးပေးလိုက်တာ။ သိချင်တာလေးတွေ ရှိရင်လဲ ကောမန့်ထဲက ရေးခဲ့ပေါ့ ကိုအောင်သာငယ့်လို နောက်ဆက်တွဲ ထပ်ရေးပေးမယ်လေ။ ထပ်tag ဖို့လဲ လူကုန်သလောက်ဖြစ်နေပြီ။ ဒါပေမယ့်လို့ မောင်ကဒေါင်း တယောက် ကျန်နေသေးသလားလို့ မရေးရသေးတာ။ ရေးပါဦး ကဒေါင်းရေ...

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, September 4, 2008

လက်ရှိကိုယ့်ရဲ့ ဆန္ဒများ

ဘလော့လောကထဲမှာ ကောက်ရတဲ့မောင်တွေ ညီမတွေနဲ့ ပျော်ရွှင်ရတဲ့ အထဲမှာ ဒီလို တက်ဂိမ်း ယဉ်ကျေးမှုကလဲ ရင်းနှီးချစ်ခင်ဖွယ် မဟုတ်လား။ ဒီတော့လဲ ကိုယ့်ကို ပြန်လည် တာဝန်ပေးတော့လဲ တာဝန်ကျေရမှာပေါ့လေ။ ကိုဂျူလိုင်ရေ... ရေးလိုက်ပြီနော်...

ကိုယ့်ရဲ့နာမည် - ခင်မင်းဇော်
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကေကျု့၊ သည်းလေး၊ တရုပ်မ
ကိုယ်ဒီမှာနေတယ် - Home Sweet Home
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - မေးလ်ပို့ဆက်သွယ်လိုက် ၊ ပို့ပေးမယ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူရောင်။
အ၀တ်အစားဆိုရင် - ချည်သားစစ်စစ်
အစားအစာဆိုရင် - အသုပ်စုံ၊ ဘာပဲ သုပ်သုပ် ကြိုက်တယ်။
ပစ္စည်းဆိုရင် - အကောင်းဆုံး တံဆိပ်နဲ့သာ
သီချင်းဆိုရင် - ချိုပြုံးသီချင်းတွေ
စာရေးစာဆရာ - အများကြီးပဲ။
စာအုပ် - ဖတ်လို့ကောင်းတာ အကုန်ဖတ်တာပဲ။
Life style – တက်ကြွလှုပ်ရှား။

ကိုယ့်ရဲ့ဝါသနာ - ရှော့ပင်ထွက်ခြင်း(စိတ်ညစ်နေရင်တောင် စိတ်ပျော်သွားစေတယ်)
အလိုချင်ဆုံးလက်ဆောင် - ဆန်းပြားတဲ့ အီလက်ထရောနစ် ပစ္စည်းလေးတွေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ရဲ့ တဦးတည်းသော သား
ကိုယ့်ရဲ့ အလေးစားဆုံးသူက - မရှိသေး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ခင်ပွန်း
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်ကိုယ်တိုင်
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကပ်ဖားရပ်ဖားများ
ရင်အခုန်ဆုံးအချိန် - ဟိဟိ
အကြောက်ဆုံးအချိန် - ကိုယ်ယုံကြည်သူက သစ္စာဖောက်မှာ
အပျော်ဆုံးအချိန် - မရှိသေး
အမှတ်တရနေ့ - သားကိုမွေးတဲ့နေ့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လိုတရ ရပါလို၏

အချစ်ဆိုတာ - ချစ်တာတခုတည်း
အမုန်းဆိုတာ - ပြန်ကို မကြည့်ချင်တော့တာ
အလွမ်းဆိုတာ - သတိရတာထက် ပိုတဲ့အရာ
သံယောဇဉ်ဆိုတာ - အချစ်မဖြစ်သေးခင်
ဘ၀ဆိုတာ - လှုပ်ရှား ရုန်းကန်ရာ
သူငယ်ချင်းဆိုတာ- ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ အားပေးဖော်အားပေးဖက်
ချစ်သူဆိုတာ - အေးအတူပူအမျှ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - နောက်ကျောကို ဒါးနဲ့မထိုးတတ်သူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်မလုပ်နိုင်တာ မပြောနဲ့။

ထုံးစံအတိုင်း ကိုယ်ကလဲ ဆက် tag ဖို့ ရှိနေပါတယ်ကွယ်။
ကိုယ်ဆက်တက်ချင်တဲ့ ဘလော်ဂါများကတော့...
ကိုဂျူလိုင်လိုပဲ ဘလော့လောကထဲက ကောက်ရထားတဲ့ ချစ်ညီမများတူမလေးများ ဖြစ်တဲ့

ချစ်တဲ့ ...
ကေသွယ်
ဂျစ်တူး
ပန်ဒိုရာ
စိုးဝှက်
ခွန်မြလှိုင် ...
တို့နဲ့တကွ ဘလော်ဂါ လက်သစ်ပေမယ့် အားပေးသူ များနေသော ချစ်တဲ့
ညီမချိုသင်း တို့ကို လက်ဆင့်ကမ်း ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်..........။
(ရေးပေးကြနော်။ခြောက်ယောက်ကြီးများတောင် တက် ထားတာ ...)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, March 31, 2008

လက်တွဲဖော်


ဘ၀မှာ လက်တွဲဖော်က ဘယ်လိုအရည်အချင်းရှိရမယ် လို့ ငယ်တုန်းကတော့ စိတ်ကူးယဉ်ခဲ့ မိတာပါပဲ။

ကိုယ့်ထက် စာတော်ရမယ်ဆိုတဲ့ အချက်က အဓိက အချက် အဖြစ် ထည့်ထားတဲ့အခါ ကျောင်းမှာ အမြဲ ထိပ်ပိုင်းမှာ ရှိခဲ့တဲ့ ကျမအတွက် တော်ရုံ စဉ်းစားဖို့ လူ မရှိတော့ပါဘူး။ ဒီလိုနဲ့ ၁၀ တန်းအောင်တော့ ကျမက မိဘတယောက် နိုင်ငံခြားသားဖြစ်နေတော့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ မတက်ရပြန်ဘူး။ ပုသိမ်ကောလိပ်မှာ ကျောင်းတက်ဖြစ်တဲ့အချိန်…။ ဒီအသက်အရွယ်ရောက်လာတော့ ကိုယ့်လက်တွဲဖော်ဟာ သာမန် ဘွဲ့ရတယောက်ဖြစ်နေယုံနဲ့ မလုံလောက်တော့ ပြန်ဘူး။ ပြီးတော့ ကျမက ကိုယ့်ရင်ခုန်သံကိုလဲ ဥပေက္ခာ ပြုလောက်အောင် လောဘကကြီးလာပြန်တယ်။ ဒီလိုနဲ့ ပုသိမ်ကောလိပ်မှာ သိပ်ကြီးကျယ်တဲ့ မိန်းမတယောက်အဖြစ် လူမုန်းများခဲ့တယ်။
အချစ်ဆိုတာကို လုံးဝ အယုံအကြည်မရှိတဲ့ မိန်းမပါပဲ။ အဲဒီအချိန်မှာ အချစ်လို့ ထင်တဲ့ အထင်ကြီးမှုကိုတော့ တွေ့ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အချိန်ခဏအတွင်းမှာပဲ ဒါဟာ အချစ်မဟုတ်ဘူး ဆိုတာကိုလဲ ကျမက သေသေချာချာ နားလည် နိုင်စွမ်းခဲ့ပါတယ်။

ပုသိမ်ကောလိပ်ကနေ ကျော်ပြီး မဟာသိပ္ပံတက်ဖို့ ရန်ကုန်တက္ကသိုလ် ရောက်တဲ့ အခါမှာလည်း အချစ်ကို အယုံအကြည်မရှိလို့ ကြွေးကြော်ခဲ့သေးတာပါပဲ။ အချစ်ဆိုတာ အလကားပါပဲ ၊ ငွေရှိမှ ပညာတတ်မှ အဲဒီလူမျိုးကို လက်တွဲဖော်အဖြစ် တွဲမယ်။ အဲဒါမျိုးမတွေ့ရင်လဲ အပျိုကြီးပဲ လုပ်မယ်လို့ စဉ်းစားထားတဲ့ ကျမဟာ တကယ့်ကို ဂုဏ်ဒြပ်ရှိတဲ့ ပညာတတ်မိသားစုက ဆေးတက္ကသိုလ်ကျောင်းသားတယောက်ကို ဘ၀လက်တွဲဖော်အဖြစ် စဉ်းစားခဲ့မိသေးတယ်။ အားပါးပါး ပညာတတ်ပေမယ့် စိတ်ဓါတ်တွေ အောက်တန်းကျတာလဲ ရှိနေပါသေးလားလို့ သိလိုက်ရတဲ့အချိန်မှာတော့ စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့ ဆိုတဲ့ သီချင်းကို အားရပါးရ ဆိုနေနိုင်ပြီပေါ့။

ခုအချိန်မှာတော့ ကျမ ပြောတဲ့ စကားတွေကို ချက်ချင်းအဓိပ္ပါယ် မပေါက်တတ်တဲ့ ၊ ကျမထက်စာတော်ပေမယ့် ကျမလောက် မသွက်လက်တဲ့၊ အင်မတန်စွာသလောက် ဒေါသကြီးတတ်တဲ့ ကျမနဲ့ ဆန့်ကျင်စွာ စိတ်ရှည်သည်းခံတတ်ပြီး ကျမလို လူမုန်းမများတဲ့ ၊ အေးပေမယ့် ခေါင်းမာမာနဲ့ သူ့လမ်းသူ ဆက်လှမ်းနေတဲ့ လက်တွဲဖော်ကို ကံကြမ္မာက ပေးအပ်ခဲ့ပါတယ်။ အချစ်ဆိုတာ မယုံကြည်တဲ့ ကျမက ခုရရှိတဲ့ လက်တွဲဖော်ကို မြင်မြင်ချင်း ရင်ခုန်ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အားမလို အားမရ အမူအကျင့်တွေ ကြားထဲကပဲ သူ့ဆီမှာ ရှိနေပြီး ကျမဆီမှာ လုံးဝမရှိတဲ့ အရည်အချင်းတွေ၊ စွန့်လွှတ်နိုင်မှုတွေကို တစတစ လေးစားအထင်ကြီး လာခဲ့ပြီး ဘယ်လိုမှ ချန်ထားခဲ့လို့မရအောင် ချစ်မြတ်နိုးမှုတွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။
(ကျမလက်တွဲဖော်မှာ ကျမသတ်မှတ်ခဲ့သလို ဘွဲ့တခု မရရှိခဲ့ပါဘူး။ ပိုက်ဆံမချမ်းသာပါဘူး။ ဒါပေမယ့် တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့တက္ကသိုလ်လို့ ကြွေးကြော်ရင်း တော်လှန်ရေး ဆိုတဲ့ လောကတက္ကသိုလ်ကို ခိုင်မာတဲ့ ယုံကြည်ချက်၊ မလျှော့သောဇွဲ ၊ ၀ီရိယ၊ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓါတ်စတာတွေ နဲ့ ခုချိန်ထိ တက်ရောက်နေဆဲပါ)

ဒါ့ကြောင့် ကျမခုအချိန်မှာ လက်တွဲဖော်ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် တယောက်လိုအပ်ချက်ကို တယောက်က ဖြည့်ဆည်းပေးနိုင်မယ့် ၊ ၂ယောက်ပေါင်းမှ ဘ၀တခုကို တည်ဆောက်နိုင်မယ့်၊ ချစ်ခင်မြတ်နိုးခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ ဆန့်ကျင်ဖက် လူ ၂ ယောက်လည်း ဘ၀လက်တွဲဖော် ဖြစ်နိုင်ပါတယ်လို့ ပြောပြချင်ပါတယ်။

ဒီပို့စ်ကို ဆက်လက် tag ချင်တဲ့ ဘလော်ဂါတွေကတော့..
ချစ်ခင်ရပါသော ကောင်းတူဆိုးဘက် ဘလော်ဂါ ကိုဖိုးဇေ ၊ ကိုဇန် နဲ့ ချစ်လှစွာသော တူလေး ထူးမြတ် တို့ပဲ ဖြစ်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, March 26, 2008

ဇာတိမြေ (သို့မဟုတ်) သတိတရရှိလှတဲ့ အိမ်

ဒီခေါင်းစဉ်နဲ့ သမီး စိုးဝှက်လေးက tag တာခံထားရလေတော့ ရေးပေးပါ့မယ်ပေါ့၊ ဒီအကြောင်းအရာက ဘယ်တော့မှ မရိုးနိုင်အောင် ပြောပြနိုင်တဲ့ အကြောင်းအရာလေး မဟုတ်လား။(ဒီခေါင်းစဉ်ကို အမြန်ရေးမှ ကိုယ်ရေးချင်တဲ့ ခေါင်းစဉ်က ရေးရမှာကိုး)

တကယ်တော့ ကျမရဲ့ ဇာတိမြေဆိုတာ ကျမဘ၀ရဲ့ အနှစ်သက်ဆုံးနဲ့ ဂုဏ်အယူဆုံး နေရာလေး တခုပဲလေ။ ဧရာဝတီတိုင်း ဆိုတာ ကျမတို့ နိုင်ငံရဲ့ စပါးကျီ။ အဲဒီစပါးကျီရဲ့ မြို့တော်၊ နောက် ဂုဏ်ယူစရာ မြို့နာမည်နဲ့ ကျော်ကြားတဲ့ မုန့် ၊ ထီး ၊ ကမ်းခြေအပန်းဖြေ စခန်းတွေ နဲ့ အလှပဆုံး ဆိပ်ကမ်းမြို့လေးလည်း ဖြစ်နေသေးတယ်။
ပစောက်ပုံဆန်းဆန်းလေးနဲ့ လှပတဲ့ပုသိမ်ဆိပ်ကမ်း
ပုသိမ်ထီး အရွယ်စုံကို ဒီလိုတွေ့ရမယ်
ဓါတ်ပုံတွေကို ဒီက ယူပါတယ်

ကျမဟာ ဘ၀မှာ ပုသိမ်သူပါလို့ ဂုဏ်ယူစွာ အမြဲပြောဖြစ်တဲ့အထိ ပုသိမ်သူစစ်စစ် ဖြစ်ပါတယ်။ ကျမတို့ မြို့လေးဟာ အင်မတန်အေးချမ်း ပြီး စားဖွယ်ပေါတဲ့ မြို့ကလေး ဖြစ်လို့ ပုသိမ်ကို အစိုးရ၀န်ထမ်းအဖြစ် တာဝန်ကျပြီး သူတိုင်းဟာ သူတို့ရဲ့ အလုပ်က အနားယူချိန်မှာ ဒီမြို့ကလေးမှာပဲ အခြေချကျဖို့ စဉ်းစားကြတော့တယ်။ သူများမြို့တွေမှာ ပိုက်ဆံရှိရင်တောင် ၀ယ်ဖို့မလွယ်တဲ့ ပုဇွန်ထုပ်ကြီးတွေကို ပေါပေါများများ တွေ့ရှိရတဲ့အခါ၊ မီးဖုတ်ပြီး သုတ်စားရတဲ့ အခါမှာ ဒီမြို့မှာ လူဖြစ်ရတာ တယ်ကောင်းပါလား လို့လဲ အခါခါတွေးမိပါတယ်။ ကျမတို့ မြို့က ပုဇွန်ချဉ် မျိုး ဘယ်မြို့မှာမှ မတွေ့နိုင်ပါဘူး။ ထမင်းနဲ့ ပုဇွန်ကို ရောနယ်ထား တာမျိုး မဟုတ်ပဲ တကယ့်ကို ပုဇွန်ချဉ်တုံးလေးမှာ ထမင်း ကိုမနည်းရှာရအောင် အသားများ သလို အရသာလဲ သိပ်ကောင်းပေါ့။ ကျမတို့ မြို့ရဲ့ ဟာလ၀ါ၊ ပုသိမ်ထီး တွေဟာလဲ မြို့အမှတ်တံဆိပ် မဟုတ်ပါလား။ ဘယ်နေရာရောက်ရောက် ပုသိမ်ကဆိုတာနဲ့ ပုသိမ်ဟာလ၀ါအကြောင်း ချီးမွမ်းကြတာပဲ ကြားရပါတယ်။

ကျမတို့ အိမ်ကိုလာလည်တဲ့ တောင်ပေါ်ဒေသက သူငယ်ချင်းတွေဆိုရင် ကျောက်ပုဇွန်ကို မီးဖုတ်ကျွေးတော့ ဒါ အပြင်မှာ တကယ်ရှိတာကိုးတဲ့။ သူတို့က အရုပ်ပဲ ရှိမယ် ထင်တာတဲ့။ အော် ချိုလိုက်တာ ဆိုပြီး သူ့အမေကို သတိတရနဲ့ ကျွေးချင်လိုက်တာတဲ့။
အင်း ကျမက အစားအသောက်မက်သူဆိုတော့ အစားအသောက်ချည်း ပြောတယ် ဖြစ်ဦးတော့မယ်။ တကယ်တော့ စားဝတ်နေရေး လို့တောင် ဆိုထားသကိုး။ အစားကို အရင်ပြောရတော့မပေါ့။ ကျန်တာကတော့ အခြားမြို့တွေလိုပါပဲ။

ကျမရဲ့ ဇာတိမြို့ကလေးမှာ ကျမတို့ငယ်စဉ်က နေခဲ့ရတဲ့ အိမ်ကတော့ ၂ထပ်ဆိုပေမယ့် အင်မတန်ကျဉ်းတဲ့ တိုက်ခန်းကျဉ်းကျဉ်းလေး ၊ အဲဒီကျဉ်းကျဉ်းလေးမှာပဲ ကျမတို့ မောင်နှမ ၃ ယောက်စလုံး ၁၀ တန်းအောင်ခဲ့ကြတယ်။ ကျမ တို့အိမ်မှာ စည်းကမ်းကောင်းလွန်းလို့ဆိုပြီး (တကယ်က စည်းကမ်းကြီးလွန်းတာ) လာပြီး ကျောင်းတက်ခိုင်းတဲ့ မောင်နှမ ၀မ်းကွဲတွေကလည်း နှစ်စဉ် အနည်းဆုံး ၁ ယောက်ကနေ ၃ ယောက်ထိရှိနေတယ်။ နောက် မိဘတွေ ဆုံးမမရတဲ့ (ဆေးသုံးတဲ့ မောင်ဝမ်းကွဲ၊ အရက်သောက်တဲ့ အကိုဝမ်းကွဲ၊ ရည်းစားများတဲ့ အမ၀မ်းကွဲ) စသဖြင့် အမျိုးဝမ်းကွဲတွေကိုလည်း ပို့ထားတတ်သေးတယ်။ ကျမတို့ရဲ့ အကျင့်ကောင်းတွေ ကူးသွားစေဖို့ ဖြစ်မယ် ၊ (ဟဟ) ဆွေမျိုးစုများရဲ့ စည်းကမ်းထိန်းသိမ်းရေး အိမ်ပေါ့လေ။ အဲဒီလိုပဲ လူခပ်များများနဲ့ အိမ်မှာ နေခဲ့ရတာမို့ အိမ်မှာ လူနည်းနေရင်တောင် သိပ်မနေတတ်တော့ဘူး။ ပြီးတော့ ကျမတို့အမျိုးတွေက တအိမ်နဲ့တအိမ်လဲ ကူးလူးဆက်ဆံမှု အရမ်းရှိတဲ့ အမျိုးဆိုတော့ အမြဲပဲ ကျောင်းပိတ်ရက် ဈေးပိတ်ရက်တွေမှာ ပျော်ပွဲစားထွက်လိုက် ၊ ဟိုမြို့သွားလည် ဒီမြို့သွားလည်တွေလဲ လုပ်ကြသေးတယ်။ အဲဒီအကျင့်က ခုထိပါတုန်း။ အိမ်ကို ဧည့်သည်လာရင် သူသွားချင်လား မသွားချင်လားမသိ ကိုယ်သွားချင်တဲ့ နေရာတွေချည်း လိုက်ပို့ပစ်တတ်တယ် (ဟိ)

နောက်ကျမတို့ အိမ်အသစ်ဆောက်တော့ ၂ထပ်အိမ် အကျယ်ပေ၂၀ အရှည် ၄၆ ပေပေါ့။ အရင်အိမ်နဲ့ သိပ်မဝေးတော့ အရင်အိမ်မှာလည်း နေ၊ အိမ်အသစ်မှာလဲနေ ဆိုတော့ ဘာပြောကောင်းမလဲ ၊ အိမ်မှာ ဧည့်သည်ပြတ်တယ်ကို မရှိတောဘူ့း၊ အမျိုးတွေတင် မကတော့ဘူး။ အသိမိတ်ဆွေတွေ လာလဲ တည်းအိမ်ကို ဖြစ်လို့။ ကျမအမေက လာသမျှဧည့်သည် ထမင်းမစားပဲ မပြန်ရဘူး။ ကျမတော့ အဲဒီအိမ်ကိုလည်း ခဏခဏ လွမ်းတယ်။ အခု သူများတိုင်းပြည်မှာ သူများအိမ်ကို ငှားနေလို့ အဆင်မပြေဖြစ်တိုင်း လူတွေများများနဲ့ ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတဲ့ ကျမတို့ရဲ့ ဇာတိအိမ်လေးကို အရမ်း ပြန်ချင်စိတ် ဖြစ်မိတယ်။ အခုအိမ်ရှင်က ဂဂျီဂကြောင် ကျတဲ့အခါတိုင်း နင်တို့အိမ်လဲ နေချင်လို့ နေတာ မဟုတ်ဘူးလို့ စိတ်ထဲက အခါခါပြန်ပြောမိသေးတယ်။
ခုချိန်မှာတော့ အတောင်အလက်တွေ စုံလို့ တနေရာစီခွဲသွားကြတာမို့ ကျမတို့ အိမ်ကြီးမှာ လူနည်းနည်းလေးပဲ ကျန်နေတော့တယ်။ တချိန်ချိန်တော့ ပြန်ခွင့်ရဦးမှာပါ။

နောက် ကျမအိမ်ထောင်ကျအပြီး အိမ်ထောင်ရှင်ဘ၀ရဲ့ ပထမဆုံး အိမ်ကတော့ လွိုင်ကော်မြို့လေးမှာပေါ့။ အဲဒီမှာလည်း ခင်ပွန်းသည်ရဲ့ ရုံးမှာပဲ ပေါင်းနေရပြန်တော့ လူများများနဲ့ နေရပြန်ရော။ အီးပုံစံ ဆောက်ထားတဲ့ တထပ်အိမ်ကလေးရဲ့ ထောင့်ဆုံးအခန်းတခုက ကျမတို့ ဇနီးမောင်နှံရဲ့ ကိုယ်ပိုင် အခန်းလေးပေါ့။ တရုံးလုံးကို မြင်နေရတဲ့ အဲဒီထောင့်ဆုံးခန်းလေးကိုလည်း ကျမ နှစ်သက်မိတာပဲ။ အဲဒီကနေတဆင့် ရုံးခန်းပြောင်းတော့ ကျမတို့ နေဖို့ ဆောက်ပေးတဲ့ အိမ်ကလေးကတော့ သေးသေးလေးနဲ့ ခြေတံရှည်လေး မို့ တကယ့်ကို ချစ်စရာ ဖြစ်နေပြန်ပါရော။ နှစ်ယောက်တည်းနေရမယ့် အိမ်ကလေးမှာ ပျင်းခွင့်မရအောင် ရောက်လာတာကတော့ ခင်ပွန်းသည်ရဲ့ ရဲဘော်တသိုက်ပေါ့။ အိမ်ကျဉ်းကျဉ်းလေးရဲ့ အိပ်ခန်းကျဉ်းကျဉ်းလေး ၂ခန်းမှာ တခန်းက ကျမတို့အတွက်ဖြစ်ပြီး နောက်တခန်းမှာက အမြဲဧည့်မပြတ်၊ အဲဒီအိပ်ခန်းတင်မဟုတ်ပဲ အိမ်ရဲ့ နေရာလွတ်မှန်သမျှ ရဲဘော်တွေ ပြည့်နေတော့ အိမ်လေးကို နောက်ထပ် ၁၀ ပေထပ်ချဲ့ ၊ မီးဖိုခန်းကို ထပ်ထုတ်။ အော် … ပြန်ပြောရင်း ပြန်လွမ်းမိတယ်။ အဲဒီကနေမှ အခြေအနေ အကြောင်းကြောင်းတွေအရ တနေရာပြီး တနေရာ တဆင့်ပြီး တဆင့် နောက်ဆုံး……..ခုနေတဲ့ အိမ်ကလေး .. အင်းဒီအိမ်မှာနေရင်းလဲ လွိုင်ကော်က အိမ်လေးကို လွမ်းပြန်ရော။ ဒီမှာကတော့ တပါးနိုင်ငံဆိုတော့ ဆွေမျိုးမိဘဝေး၊ အိမ်ကိုလာလည်တဲ့ ဧည့်သည်ဆိုတာ နည်း၊ တော်တော်လေး တော့ အေးချမ်းငြိမ်သက်၊ ကိုယ်လုပ်ချင်ရာတွေ လုပ်နေနိုင်တဲ့ အခြေအနေလေးပါပဲ။ ဒါပေမယ့် စားစရာတွေ ပေါများသလို ကိုယ့်မိဘဆွေမျိုး သိုက်သိုက်ဝန်းဝန်းနဲ့ ဇာတိချက်ကြွေ မွေးရပ်မြေ ပုသိမ်မြို့လေးကိုရော.. တောရိပ်တောင်ရိပ်တွေနဲ့ အေးချမ်းလှတဲ့ လွိုင်ကော်ဆိုတဲ့ တောင်ပေါ်ဒေသက မြေပြန့်လေးကိုရော.. သတိတရရှိနေဆဲ……..။

ကျမ ဆက် Tag ချင်သေးတဲ့ လူတွေကတော့
ဘလော်ဂါဘော်ဒ်ါကြီးများ ဖြစ်သော
၁)ပိတောက်ရိပ်က ကိုပေါ
၂)ကိုဂျူလိုင် အိပ်မက်
၃) လုံးဝ အလုပ်ရှုပ်နေပါသော ကိုဇီးရိုး တို့ ဖြစ်ပါကြောင်း…

Tuesday, November 20, 2007

ယုံတမ်းစကား

အင်း ဂျပန်က တူမလေး နှင်းသဇင်ရေ..
ရေးလိုက်ပြီနော်... ယုံတမ်းစကား..

ခင်မင်းဇော်ရဲ့ ယုံတမ်းစကား

အင်း မနက်မိုးလင်းတာနဲ့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ။

ခြံထဲမှာ လမ်းလျှောက်ဦးမှ။ အသက်က ကြီးလာတော့........

မာလီလုပ်နေတဲ့ ရွှေမန်းကိုတော့ ခြံဝန်းထဲက သိပ်မလှတော့တဲ့ ပန်းပင်တွေကို ရွှေ့ဖို့ အသစ်တွေ စိုက်ဖို့ ပြောထားတာ အဆင်ပြေရဲ့လား မသိပါဘူး။

ကိုယ်က အာဏာရှိထားပေမယ့် မတရားခိုင်းတာကို မကြိုက်တော့ မနေ့က အလုပ်ချိန်ကုန်ခါနီး ပြောပြလိုက်ပေမယ့် ဒီနေ့မှာ လုပ်လို့ ပြောထားခဲ့တာ ။ အင်း

မနေ့ကလာပြတဲ့ စိန်တွေ ၀ယ်ချင်ပေမဲ့ သန္တာရွှေ ၀တ်ထားတာထက်သေးနေလို့ မ၀ယ်ဖြစ်လိုက်ဖူး။

မနက်ဖြန်တော့ ထပ်လာပြမယ် ပြောထားတာပဲ စောင့်လိုက်ဦးမယ်။

အော် ..

ဂူဂယ်ကလည်း ကျမအကြံပေးတဲ့အတိုင်း လုပ်လို့ အောင်မြင်နေတဲ့ ဖိုးဝပေါ်တယ်ကို ၀ယ်ချင်လို့တဲ့ ။ ဒါမှမဟုတ်လဲ ရှယ်ယာဝင်ခွင့်ပြုပါတဲ့။ အင်းလေ ဖိုးဝမှာ အကြံပေးရုံပေးတာတောင် ဒီလောက်အောင်မြင်နေရင် စဉ်းစားသာ ကြည့်တော့။

ဘီလ်ဂိတ်တို့ လာဆွေးနွေးထားတဲ့ သူတို့ ဖောင်ဒေးရှင်းတွေမှာ ၀င်ရောက်ပေးဖို့ကိုတော့ စဉ်းစားပေးထားပါ့မယ်လို့ ပြောပြီး အကြောင်းပြန်ဖို့ ဘယ်နေ့ချိန်းမိပါလိမ့်။

နေဦး အတွင်းရေးမှူး လာမှမေးရဦးမယ်။

ဘလော်ဂါများ အစည်းအဝေးတက်ဖို့လည်း သွားရဦးမှာပဲ။ ဘလော်ဂါ ဂုဏ်ထူးဆောင် နာယက ဖြစ်ကတည်းက တခါမှမအားရသေးဘူး။

သူတို့ တွေနဲ့အတူ ဟောပြောပွဲတွေသွားရတာ နည်းမှမနည်းပဲ။ တနာရီ မြန်မာဒေါ်လာ ၅ သန်းလောက်ပဲ ယူပေးလိုက်ပါတယ်။ နို့မို့ ပေါက်ဈေး အတိုင်းယူရင် တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ပေးနိုင်ဖို့မလွယ်ဘူး။ ခုဆို အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ သူတို့ ကို ကိုယ်က တတ်နိုင်သလောက် ပြန်ကြည့်ပါတယ်။

ဟိုဘက်က ဇိနတိုင်းဆို ကျမတို့ နိုင်ငံကို လာလာ ဆက်သရတာ နည်းလို့လား။ သူတို့ ၂၀၀၇ တုန်းက နအဖ ဘက်လိုက်ခဲ့တာ မှားမှန်းသိလို့ တဲ့။ ခုဆို ကျမတို့ဆီက တက္ကသိုလ်တွေက အဆင့်မြင့် ပညာတွေ သင်ချင်လွန်းလို့ လာလိုက်ကြတဲ့ နိုင်ငံခြားသားတွေ ။

အင်း .. ကျမရဲ့ ဘော်ဒါ ဘလော်ဂါတွေလည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေတဲ့ နည်းပညာတွေ မတိုးတက်သေးတဲ့ ပြင်သစ် ဂျာမဏီ အီတလီ ဆိုတဲ့ ဥရောပတွေဖက် သွားပြီး နည်းပညာမျှဝေမှုတွေ လုပ်နေရတာ ကိုယ့်နိုင်ငံတောင် မနေနိုင်ဖူး။ မိုးထက်နေတို့ဆို ဆိုက်ပရပ်တောထဲမှာ သနားပါတယ်။ အင်္ဂလန်က ကိုထိုက်ခမျာများ ကိုယ့်ပြည်က တိုးတက်နေပေမဲ့ မနေရပဲ ခုထိ နိုင်ငံသေးလေးမှာ ဒုက္ခခံနေရတုန်း ။

အော် သနားပေမဲ့လည်း တကမ္ဘာလုံးကို တညီတည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ဆိုတော့ ကိုယ့်အကျိုးစီးပွားကို မကြည့်နိုင်အားသေးဘူး။

အင်း .. လုပ်ပေးရမှာပါပဲလေ..

ကိုယ်တို့ ရွှေပြည်ကြီးက ကမ္ဘာထိပ်သီးနိုင်ငံကြီး ဖြစ်နေပြီဆိုတော့…

( ရေးရတာ တော်တော်အရသာရှိတယ်..ယုံတယ်မဟုတ်လား..ခင်မင်းဇော်ရဲ့ ယုံတမ်းစကား)

ရေးစရာ အကြွေးတက်များ...(ချစ်ခင်စရာ ဘလော်ဂါများရဲ့ ဓလေ့ထုံးစံများ)

ဂျစ်တူး ရေ ညီမလေး အလှည့်ရောက်တော့မယ်။

နှင်းမိုးဝေ ...အနှင်းရေ.. စိတ်ချနေပါ.. ဒီခေါင်းစဉ်က ရေးချင်လှပေါ့။

Saturday, November 17, 2007

ကျမဘယ်သူလဲ?

ဘလော်ဂါအချင်းချင်း ရင်းနှီးစွာ ရေးသားစေချင်တဲ့ အကြောင်းလေးတွေကို လက်ဆင့်ကမ်းလေ့ရှိတာကို တက်(Tag) တယ်လို့ ခေါ်ကြပါတယ်။ ညီမလေး ဂျစ်တူး၊ တူမလေး နှင်းသဇင်၊ မောင်လေး Zero Trash တို့ရဲ့ တက်ထားခြင်းအပေါ် နောက်ဆုံးကနေ ပြန်ရေးလိုက်ပါတယ်။ ဂျစ်ရေ... လာမယ်နော် နောက်တလှည့်၊ နှင်းသဇင်လေးလည်း မကြာမီ လာမည်လို့....

ကျမဘယ်သူလဲ?

ပုံပန်းသဏ္ဍာန်ကို အရင်မိတ်ဆက်ရရင်…….. (ဓါတ်ပုံမြင်ဖူးသူလဲ ရှိမှာပါ၊ ဓါတ်ပုံတင်ပေးသင့်တယ် ဆိုလဲ ပြောကြပါ ၊ အင်း တင်ပေးဖို့ အဆင်သင့်ပါ။ ကြီ....)

ကိုယ့်ကိုယ်ကို မညှာမတာ ပြောပြမှာပါ….

၁) မျက်နှာကျပုံကတော့ လုံးလုံး(၀ လာလို့ဖြစ်မှာပါ)

၂) မျက်ခုံးမွှေးနည်းပါတယ်။ ဒါမဲ့ မျက်ခုံးပေါက်ပုံက လှတော့ အဲဒီပေါ်မှာ ခဲတံနဲ့ထပ်ဆွဲ လိုက်ရုံပါပဲ။(ဟဟ)

၃) နှာတံပေါ်ပေမယ့် နှာတံမချွန်ပါ။

၎) မျက်လုံးမျက်ရစ်လှပေမယ့် မျက်တောင်တိုပြီး ပါးတော့ မပေါ်လွင်တော့ပါ။ ( မျက်တောင် စိုက်ရင် လှမယ် ဆိုတာသိပေမယ့် ဘဏ္ဍာရေး အခြေအနေနဲ့ အသက်အရွယ်အရ အလျှော့ပေးလိုက်ပါတယ်)

၅)နှုတ်ခမ်းလှပေမယ့် ပါးစပ်ပြဲပါတယ်။(ဒါပေမဲ့ သွားတွေကတော့ လှမှလှလို့ လူတကာပြောပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်တဲ့အခါ အမြဲပဲ ရယ်နေပါတယ်)

၆) အရပ် ၅ ပေ ၂ လက်မပဲ ရှိပေမဲ့ ပေါင်ချိန်ကတော့ ၅၄ မှာ မနည်း ရပ်အောင် ထိန်းရင်း ကျော်သွားခဲ့ရင်လဲ မသိမသာမေ့ထားလိုက်ပါတယ်။( အသက်က ၄၀ ကျော်နေပြီကိုး)

၇)အဓိက အသားရောင်ကတော့ ဖြူဝင်းလှပစိုပြေပါပေတယ် ဟဲဟဲ ဒါလေးကယ်ပေလို့။

၈) ဆံပင်အရောင်ကတော့ ဖြောင့်စင်း မဲနက်နေဆဲ ၊အဖြူရောင်တွေ မလာသေးပေမဲ့ (ခုတလော နီညိုရောင်ဆိုးထားပါတယ်) ဒါကတော့ ပျင်းတာနဲ့ ကလိကြည့်လိုက်တာ။

စိတ်ဓါတ်ကတော့……(သိသွားရင် ပေါင်းချင်ကြပါဦးမလား..)

၁) ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပြောတတ်ပါတယ်။(ကြည့်မိရင် မပြောနဲ့လို့ တားမှာစိုးလို့) အမှန်တွေပြောတတ်လွန်းလို့ နောက်ကွယ်ရန်သူ ပေါများပါတယ်။

၂) သူတပါးကို မတရားလုပ်နေတယ်လို့ မြင်မိ ခံစားမိရင် ကိုယ်နဲ့ မဆိုင်ပဲလဲ ပြသနာထဲကို သေသေချာချာ ၀င်ပါတတ်ပါတယ်။

၃) တယောက်နဲ့တယောက် အမြင်မှားပြီး တည့်တည့်မရှင်း ကွယ်ရာက ပြောနေသူတွေ တွေ့ရင် မျက်နှာချင်းဆိုင် ပြောနိုင်အောင် တည်ပေးတတ်ပါတယ်။ ( တယောက်စကား ဟိုတယောက်ကို သွားပြောတာမျိုး မဟုတ်ဘူးနော်။ သူတို့ ၂ ယောက်ကို ဆုံရှင်း ခိုင်းတာ)

၎) ကိုယ် ဂတိပေးပြီးရင် ဘယ်လိုအကြောင်းနဲ့မှ မဖောက်ဖျက်တတ်သလို ဖောက်ဖျက်သူ တွေ့ရင်လဲ မဆက်ဆံတော့ဘူး။

၅) အချိန်နဲ့ ငွေရေးကြေးရေး ကိစ္စတွေ၊ ဂတိသစ္စာတွေကို အသက်လိုတန်ဖိုးထားတယ်။ တခါမှ ဘယ်ချိန်းဆိုမှုမျိုးကိုမှ နာရီနောက်ကျပြီး မရောက်ခဲ့ဖူးဘူး။ ဘယ်ငွေကိုမှ အလွဲသုံးစား မလုပ်ခဲ့ဘူး။ (မိဘပိုက်ဆံကိုတောင် စာရင်းနဲ့တကွ ပြန်အပ်တတ်တယ်)

၆) အလုပ်မရှိရင် မနေတတ်သလို အမြဲပဲ တက်ကြွနေတတ်တယ်။

၇) ကိုယ်လုပ်သလို သူများတွေကိုလဲ အလုပ်ကို စိတ်ပါလက်ပါ တက်ကြွစွာ လုပ်ကိုင်စေချင်တယ်။(ဒါ့ကြောင့် တပည့်မွေးလို့ မရခဲ့ဘူး)

၈) ဆရာလုပ်ရတာ ၀ါသနာပါသလို ကိုယ်တပည့်လုပ်ရချိန်မှာလည်း ရိုကျိုးစွာ ခံယူဖို့ အဆင်သင့်ပဲ။ (ကိုယ်လိုချင်တဲ့ပညာတော့ ဆရာလုပ်သူမှာ ရှိရမှာပေါ့လေ။ ဘာမှမဟုတ်ပဲနဲ့ ဆရာလာလုပ်ရင်တော့ မခံဖူးပေါ့)

၉)စကားများများပြောပေမဲ့ တကယ်က စကားမပြောချင်ဆုံးပါ။ (စာအုပ်တွေဖတ် စာတွေရေး အဲလို နေချင်သူပါ)

၁၀)ငွေကြေး၊ အာဏာကို မမက်မောပေမဲ့ အဲဒါတွေရဲ့ တန်ဖိုးကို သိနေတော့ ငွေကိုတန်ဖိုးထား ရှာတယ်။(ဒါ့ကြောင့် တချို့တွေက ငွေစကားပြောတယ် စွပ်စွဲကြတယ်။ တကယ်က မက်မောလို့ မဟုတ်ပါဘူး။ အဲဒီငွေနဲ့ တချို့တွေကို အနိုင်ယူလို့ ရတယ်။ တချို့ကို ဖြေရှင်းလို့ရနေတယ်။ ကောင်းအောင်လုပ်မယ့် လူတွေလက်ထဲမှာ အဲဒီ ၂ ခုရှိဖို့လိုတယ်လို့ ခံယူတယ်။)

၁၁)ဘယ်တော့မှ မတရားတာ မဟုတ်တာ ဘယ်သူ့အပေါ်မှ မလုပ်ဘူး။ ကိုယ့်အပေါ်လုပ်ရင်လဲ သည်းခံစိတ် မထားတတ်သေးဘူး။

၁၂) လူတယောက်ကို ခဏတွေ့ဆုံ စကားပြောပြီးတာနဲ့ ဒီလူနဲ့ ဆက်ပြီးလက်တွဲလို့ရမရ စိတ်ထဲက အမြဲ အဖြေရှိနေတယ်။ အဲဒီအဖြေကလည်း အမြဲပဲ မှန်ခဲ့တယ်။

၁၃) ကိုယ့်ကြောင့်ဖြစ်လာတဲ့ အပြစ်ကိုလဲ ကျေကျေနပ်နပ် ခေါင်းခံတတ်ပါတယ်။ သူများက မပြောရဲတာမျိုးကိုလဲ ခေါင်းအငှားခံပြီး ပြောပြတတ်ပါသေးတယ်။

၁၄) အားလပ်ရက်တွေမှာ တခုခုလုပ်စားပြီး မိတ်ဆွေအပေါင်းအသင်းတွေ အားရပါးရ နှစ်သက်စွာ စားနေတာကို ကြည့်ပြီးကျေနပ် နေတတ်သေးတယ်။

၁၅)လုပ်မယ်လို့ စစဉ်းစားတဲ့အချိန်မှာ နည်းနည်းတွေဝေတတ်ပေမယ့် ဆုံးဖြတ်ပြီးရင်တော့ နောက်မဆုတ်တတ်တော့ပါဘူး။

ကဲ.. စဉ်းစားလို့ရသလောက် အချက်တွေ ချရေးလိုက်တာပါ။ အစီအစဉ်ကျ မကျတော့ မသိတော့ဘူး။ ပါးစပ်ဆိုးသူလို့ နာမည်ကြီးတဲ့ ခင်မင်းဇော် ဖြစ်ပါတယ်။

ကဲ … ကျမဘယ်လိုလူလဲ… ဒီလောက်ဆို သိရောပေါ့…

ဘယ်သူတွေ အားမအားမသိပေမယ့် ကျမက ဆက်တက်ချင်သူတွေ ရှိနေပါသေးတယ်။

ရေးပေးနိုင်မယ်ဆိုရင်တော့ စလုံးက ဘော်ဒါဘလော်ဂါများဖြစ်တဲ့…

ကဒေါင်းညင်သာ၊ ကလူသစ် ၊ ၀ါဆိုအိမ်မက်(July Dream) ၊ avril-lover တို့ကို ဆက်တက်ပါတယ်။ ( ယောက်ျားလေး ဘလော်ဂါတွေကို ဦးစားပေး အစီအစဉ်နော်)

Friday, August 31, 2007

အကြိုက်ဆုံးပို့စ်(၅) ပုဒ်

မောင်ရန်နဲ့ လင်းလက်တို့က Tag လိုက်ပြန်တယ်၊ ကိုယ်တင်ထားတဲ့ ပို့စ်တွေထဲက အကြိုက်ဆုံး ၅ ခုရွေးပေးရမယ်တဲ့၊ ကိုယ်ရေးချင်လို့ ရေးတင်တယ် ဆိုကတည်းက ကြိုက်လို့ပေါ့နော်၊ အဲဒါကို ရွေးခိုင်းတာကတော့ ဘယ်သားသမီးကို အချစ်ဆုံးလဲ မေးသလိုဖြစ်နေပြီ၊ ခက်ပါလေ့၊ ပြီးတော့ ကျမဘလော့မှာကလည်း ကောမန့်များတဲ့ ပို့စ် တခုမှ မရှိ ဟိဟိ။ ကိုယ်တိုင်ကတော့ အကုန်လုံး ကြိုက်၊ ရေးပြီးသား မတင်ရသေး တာတွေလဲ ကြိုက်မှကြိုက်၊အင်း ဒါမဲ့ပေါ့လေ….ပေါ့လေ….

အရွေးခက်ခက်ထဲက လက်တွဲဖော်ကို ရွေးထားလိုက်ရသလို ရွေးလိုက်ရပေပြီပေါ့၊

ကိုင်းလာလေ့…….

၁။ ချစ်သူ့ဒိုင်ယာရီ

ဒီဝတ္ထုတိုလေးကတော့ အဖြစ်အပျက် အစစ်အမှန် ၂ ခုကို ရောယှက်ထားတဲ့ ကိုယ်ပိုင်တဲ့ ကိုယ်ပိုင်အချစ်ကလေးတွေ အကြောင်းပေါ့၊ မဖတ်ရသေးသူတွေ ဖတ်ပေးစေချင်ပါတယ်၊

၂။အကယ်စင်စစ်များနဲ့အချစ်

ကဗျာက ရေးခဲတဲ့ ဘာသာစကားတခုပါ။ အဲဒီကဗျာရေးချိန်က ချစ်သူ့ဒိုင်ယာရီထဲကလို လက်တွဲဖော် နောက်ကို လိုက်လာရင်း အဆင်မပြေမှုတွေ အများကြီးကို မျှော်လင့်ထားတာ ထက် ပိုလို့ ကြုံလာတဲ့ အချိန်က ကိုယ့်ကိုယ်ကို အားပေးရင်း ရေးခဲ့တဲ့ ကဗျာလေးမို့ တန်ဖိုးထားမိတာပါ၊

အထက်ပါ ၂ ပုဒ်ကတော့ ကြိုက်လွန်းလို့ ဘလော့စလုပ်ကတည်းက ဒီနှစ်ပုဒ်ကို ပထမ ဦးစားပေး တင်ထားလိုက်တာပါ၊

၃။ သူမတို့မှတ်တမ်း

အဲ…ဒီတပုဒ်လည်း ကဗျာကိုပဲ ရွေးပါတယ်၊ဇာတ်ခုံတခုနောက်ကွယ်က ပါရမီဖြည့်ဖက်တွေကို အလေးအမြတ်ပြုဖို့ မေ့လျော့နေကြတဲ့ တချို့သော သူတွေကို တွေ့ရတိုင်း ခံစားရတဲ့အတွက် ဒီကဗျာလေးကို ရေးမိတာပါ၊ တကယ်အမှန်တကယ် ရှိနေတဲ့ သူမတွေအတွက် မှတ်တမ်းတခု အဖြစ် ထင်ကျန်ရစ်စေချင်လို့ပါ။

၎။ တိမ်ရောင်စုံချိန်

အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့တဲ့ ၁၉ နှစ်တာ အတွင်းက မိသားစုလေးတခုကို ကိုယ်စားပြု ရေးဖွဲ့ထားပေမဲ့ တကယ့်အပြင်မှာ မိသားစုများစွာဟာ ဒီ့ထက်မကတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေရဆဲ ဆိုတာ… ကျမက မမေ့စေချင်လို့ ရေးဖွဲ့ လိုက်ပါတယ်၊( ဒီရသစာစုကို ကျမရေးစဉ်က မျက်ရည်တွေနဲ့ ရေးခဲ့ရတာပါ။)

၅။ သမီးဖတ်ဖို့စာ

ကျမသားလေး ၂လခွဲကို ခွဲခွာလို့ ထောက်လှမ်းရေး ဖမ်းဆီးခံရချိန် ကိုယ်တွေ့အဖြစ်လေးကို သတိရ…….၊

နီလာသိန်း ဆိုတာ ကျမနဲ့ အင်မတန်ခင်တဲ့ သူငယ်ချင်းအဖြစ် ၉၅၊၉၆ အတူလှုပ်ရှားခဲ့ပုံတွေကို သတိရ……

သူနဲ့ သူ့သမီးလေးပုံတွေပါတဲ့ ဗွီဒီယိုဖိုင်ကို ပြန်ကြည့်ရင်း…..
ကိုယ်စား ခံစားလို့ ရေးဖွဲ့လိုက်တာပါ၊

အချိန်အခါအရ နှစ်သက်သူများတဲ့ ရသစာစုလေးလဲ ဖြစ်တာမို့ ဒီစာရင်းထဲ ထည့်လိုက်တာပါ၊

တကယ်တော့ ကျမစာတိုင်းကို ရင်ထဲက ခံစားရမှ ရေးခဲ့တာမို့ တမျိုးစီမှာ နောက်ကြောင်း ရာဇ၀င်၊ အဲဒီအချိန်က ခံစားချက်၊ မျှဝေပေးချင်တာတွေ ရှိတဲ့အပြင် ဒီစနစ်ကြီးရဲ့ မှားယွင်းမှုတွေနောက်ကနေ ရင်းနှီးပေးဆပ်လိုက်ရတဲ့ အညတရဘ၀ အဖြစ်သနစ်တွေကို စာဖတ်သူများ ရချင်တာပါပဲ၊

ကျန်တဲ့ ပို့စ်တွေဖြစ်တဲ့ သောင်ရင်းမြစ်ရဲ့ တဖက်ကမ်းမှာ၊ မဟူရာညထဲက လိုမျိုး ရသစာစုတွေ ကိုလည်း သံယောဇဉ် မပြတ်သလို မတင်ရသေးတဲ့ ပို့စ်တွေမှာလည်း အကြိုက်ဆုံးတွေ ရှိသေးတယ် လို့ ကြိုတင်ကြော်ငြာ ထားလိုက်ပါတယ်။
(မသိမသာနဲ့ ၇ ခုပြောထားလိုက်မိပြီ)

ကိုယ်ကနေ ဘယ်သူ့ကို ပြန်တက်ရမယ် စဉ်းစားတဲ့အခါ တော်တော်များများက ရေးပြီးနေပြီ၊ မရေးရသေးသူများထဲက ကိုမောင်ရင်၊ ကိုထိုက်၊ ကိုဖိုးဇေ၊ မသဒ္ဒါ နောက်ဆုံး ဘလော့မှာပို့စ်အသစ် အမြဲတင်နေပေမဲ့ အခုတလော ရေခြားမြေခြား ခရီးသွားက ဒီနေ့ပြန်ရောက်မဲ့ ဘာဖြစ်လဲ ဆိုတဲ့ စိုးဝှက်တို့ကို ဆက်လက် တက်လိုက်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်