Tuesday, September 17, 2013

မောင်ခေါ်ရာ

မောင်ခေါ်ရာ
ကဲလာ... အတူလျှောက်စို့တဲ့
ကမ်းလာတဲ့လက်
ကြင်နာခြင်းတွေ အပြည့်ရှိနေမယ်။
တွဲလျှောက်မယ့်လမ်း
မေတ္တာတရားတွေ ချခင်းထားမယ်။
သဘာဝတရား ဖောက်ပြန်လို့များ 
နေပူမိုးရွာကြုံလာရင်လဲ
စာနာခြင်းရိုးဂုဏ်နဲ့ ထီးလုပ်လို့ မိုးမယ်။
ဘ၀တကွေ့ ကြမ္မာ ကြည်စယ်လို့
ခလုတ်တိုက်မယ် ချော်လဲမယ်ဆို
တည်ကြည်ခိုင်မာခြင်းနဲ့တွဲလို့ထူမယ်။
သိပ်ကိုများ မောပန်းလို့နွမ်းလာရင်
သံယောဇဉ်ရေစင်အေး ချွေးသိပ်လို့ပေးမယ်။
လျှို့ဝှက်သောလမ်း ဇွဲမာန်လျှော့မယ်များ ကြံချင်လား။
ဟိုး.  ဟို...ရှေ့မှာ ကြည့်.
တွဲလက်များ ခိုင်မြဲခြင်းအတွက်
ချစ်ခြင်းတရားနဲ့ လှပတဲ့ စံအိမ်လေး ရှိနေတယ်။
ချစ်ကြသူချင်း
မနာလိုခြင်းကင်းရှင်း
ဝန်တိုခြင်းကင်းရှင်း
သံသယတွေ ကင်းရှင်း
အမုန်းတရားတွေ ကင်းရှင်း
မာန်မာနတွေ ကင်းရှင်း
သမုဒယ အတွယ်အတာနဲ့ မွှန်းထုံလို့ ထားမယ်။
ချစ်သူရေ..
လိုက်ခဲ့တော့ ..ရွှေနွယ်ရိုး မညှိုးနဲ့ သခင်။   ။


(တခုသော ဧပြီလတွင်ရေးသားခဲ့ပြီး ပြန်လည်ရှာဖွေ တွေ့ရှိသဖြင့် အမှတ်တရ မှတ်တမ်းတင်ပါသည်။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, May 13, 2013

(၁၉၉၀) မှတ်မှတ်ရရ ဘ၀စာမျက်နှာ

မေလရောက်တိုင်း ခံစားရတဲ့ ဝေဒနာ တခု ရှိပါတယ်။ အဲဒီဝေဒနာကို မှတ်မှတ်ရရ ဘဝ စာမျက်နှာအဖြစ် ချရေးခဲ့ဖူးတာလေးကို ဘလော့မှာ မှတ်တမ်းတင်ချင်စိတ် ပေါ်လာတာနဲ့ ဘလော့ပို့စ်အဖြစ် မှတ်တမ်းတင်ပါရစေ။ တချိန်တုံးက ယုံကြည်မျှော်လင့်ချက်တွေ လေးစားချစ်ခင်ခြင်းတွေကို မြင်နိုင်ကြမယ် ထင်ပါတယ်။

မှတ်မှတ်ရရ ဘ၀စာမျက်နှာစာ

ဗမာပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ဖို့ အစပျိုးတဲ့ ငွေစက္ကူတွေတရားမဝင်ကြောင်း ကျေညာတာ ၁၉၈၇ ခုနှစ်မှာပါ။အဲဒီအချိန်က ကျမ ရန်ကုန်တ္ကသိုလ်မှာ မဟာသိပ္ပံသင်တန်း သွားတက်ခဲ့တဲ့နှစ် ဖြစ်ပြီး အာဏာပိုင်အစိုးရနဲ့ကျောင်းသားတွေရဲ့ ရင်ဆိုင်တွေ့ဆုံပွဲတွေ အကြိမ်ကြိမ်ကို မျက်ဝါးထင်ထင်မြင်တွေ့၊ မတရားမှုတွေကို ကိုယ်တွေ့ ခံစား ဒီလိုနဲ့ တက္ကသိုလ်မှာ ဆရာမလုပ်ရင်း စာရေးမယ်ဆိုတဲ့ ကျမရဲ့ အနာဂါတ် ပန်းတိုင်တွေလည်း မေ့ပစ်ခဲ့မိတော့တယ်။ ပြည်သူတွေရဲ့ ရင်သွေး၊ တိုင်းပြည်တပြည်အတွက် အနာဂါတ် သားကောင်းတွေ၊ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ကျောင်းသားတွေကို ရန်သူလို သဘောထားပြီး အသေပစ်ခတ်တဲ့ အစိုးရကို တော်လှန်ဖို့ အာခံဖို့ ၊ကျမတို့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေကို တိုက်ပွဲဝင်ဖို့ ကျမတို့ သူငယ်ချင်းတစု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဘယ်သူမှ မတိုက်တွန်းရပဲ ဝင်ရောက်ခဲ့ကြတယ်။
၁၉၈၈ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့တော့ အဖွဲ့ချုပ်ကို ဝိုင်းရံဖို့ ဗကသ တချို့က ဒီချုပ်ကိုဝင်၊ တချို့က လူ့ဘောင်သစ်ပါတီကိုဝင် ၊ ဗကသ ဆက်လုပ်တဲ့သူက လုပ်နဲ့ ညီညွတ်စွာ ရုန်းကန်ခဲ့ကြတယ်။
ကျမကတော့ ဗကသ ကိုဆက်လုပ်ဖြစ်ပြီး ဒီချုပ်ရုံးဟာ ကျမတို့ရဲ့ တရားမဝင် ရုံးခန်းဖြစ်ခဲ့တယ်။ ဒီချုပ်ရုံးက အခမ်းအနားတိုင်းမှာ ကျမတို့တွေက မရောက်မဖြစ်တွေ၊ မပါပဲ မနေသူတွေ ဖြစ်ခဲ့ကြတယ်။
ဒီလိုနဲ့ ရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်ကြတဲ့ အချိန်ကို ရောက်လာတော့တယ်။ ကျမတို့ ဗကသက ဒီချုပ်ကို ဝိုင်းရံရမယ်။ မဲဆွယ်ပွဲတွေမှာ လိုက်ပါ အားဖြည့်ဖို့ ပြင်ဆင်ကြပါတော့ တယ်။
ဖြစ်ချင်တော့ ကျမအဖေရဲ့ ဆရာဦးတင်ချော(မြို့နယ်ပညာရေးမှုး)က ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂)က လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ရွေးချယ်ခံပါတယ်။ ကျမကို တိုင်းရုံးမှာ ၊ မြို့နယ်ရုံးမှာ အမြဲတမ်းတွေ့နေရတော့ သူတို့အဖွဲ့ မဲဆွယ်ခရီးတွေမှာ လူငယ်ကဏ္ဍ ပြောပေးဖို့ တောင်းဆိုလာပါတယ်။ အင်မတန်ရေဆာနေတဲ့ ကျမကလည်းရေတွင်းထဲကျတာဆိုတော့ မငြင်းပါဘူး။ ကျမတို့အဖွဲ့ ခရီးတွေထွက်ခဲ့ကြပါတော့တယ်။
ကြိမ်ချောင်းလေးကျေးရွာ (ပုသိမ်အနောက်မြို့နယ်)မဲဆွယ်စည်းရုံးရေးခရီးထွက်ခဲ့စဉ်က

Sunday, May 5, 2013

နိဂုံး

 နိဂုံး

လုပ်ချင်ရာတွေ မလုပ်နိုင်တဲ့ အခါမှာ
ဝါသနာတွေကို မေ့ပစ်လိုက်ရတဲ့ အခါမှာ
မြင်မြင်သမျှ ကြေကွဲနာ ခံစားရတဲ့အခါမှာ
အပြောင်းအလဲကြား တသားတည်း မဖြစ်နိုင်တော့တဲ့ အခါမှာ
တန်ဘိုး ရှိတဲ့ အချိန်တွေ အကြွင်းမဲ့ ကုန်ဆုံးခဲ့ရတဲ့ အခါမှာ
လေးစားမြတ်နိုးမှုများ ပျောက်ဆုံးခဲ့ရတဲ့ အခါမှာ
ရိုးသားရင့်ကျက်ခြင်းများ အရာမထင်တော့တဲ့ အခါမှာ
လုံလ ၀ီရိယများ ခြစားခံရတဲ့ အခါမှာ
ဇွဲနပဲနဲ့ အားမာန်များ လှောင်ရယ်ခံရတဲ့အခါမှာ 
မြင့်မြတ်တဲ့ သည်းခံခြင်းတရား နင်းခြေခံရတဲ့အခါမှာ 
.
.
 .

(ဒီခေတ်ကြီးမှာပဲ လူလာဖြစ်ရတဲ့ ငါတို့ဘ၀)
အစကတည်းက ဆုံးခဲ့လေသလား ယုံစားရတော့မယ်။
ခင်မင်းဇော်

Friday, February 8, 2013

နိုင်ငံရေးအကျဉ်းသား ဆိုတဲ့အသုံးအနှုံးနဲ့ ပတ်သက်လို့ ..

ဒီနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာကနေ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေး ကော်မတီဖွဲ့စည်းဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ပါလာတယ်။ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ တောက်လျောက်ငြင်းလာတဲ့ အုပ်စုက နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုခြင်း ဘာညာနဲ့ ပထမဆုံးအကြိမ် သုံးနှုန်းလိုက်တာဆိုတော့ တအံ့တသြနဲ့ သေချာ သတိထားမိတယ်။

Monday, January 21, 2013

ဘ၀ဆိုတဲ့ ရှင်သန်ရာ


ကိုးလ သမီးမှာ အဖိုးအဖွားဆီအပို့ခံရပြီး အသက် ၃ နှစ်ကျော်မှ မိဘနဲ့ ပြန်နေရတဲ့ ကလေးဘ၀ကို ဖြတ်သန်းခဲ့ရသူ ကျမအတွက်တော့ မိဘဆိုတာ သူစိမ်းဆန်ဆန်ပါပဲ။ ပြန်ရောက်ပြီး သိပ်မကြာခင်ပဲ လိုက်ပို့တဲ့ အဒေါ်ပြန်တော့မှာမို့ မူကြိုကျောင်းကို ပို့ခံရတဲ့ ငယ်ဘ၀ အသက် ၃နှစ်ကျော်က အဖြစ်အပျက်ကို ကျမက ခုချိန်ထိ မှတ်မိနေသေးတာကလဲ မကောင်းဘူး ထင်ပါတယ်။
ကျောင်းကြီးကအကြီးကြီး ကိုယ့်အရွယ်ကလေးတွေ အိပ်သူအိပ် ဆော့သူဆော့နေတဲ့ အချိန်မှာ ကိုယ်က အဲဒီကျောင်းကို ရောက်သွားတော့ မနေခဲ့ချင်ဘူး။ လိုက်ပို့တဲ့အဒေါ်ရဲ့ လက်ကို အတင်းဆွဲပြီး အာပြဲနဲ့ အော်ငိုခဲ့တယ်။ အမေ့သူငယ်ချင်းဆိုတဲ့ ဆရာမက အတင်းပွေ့ချီခေါ်တဲ့အခါ အင်မတန်အကိုက်သန်တဲ့ ကိုယ်က မလွှတ်တမ်း ကိုက်ခဲခဲ့တာကိုလဲ ခုချိန်ထိ မှတ်မိနေသေးတယ်။ ကျမ နှာခေါင်းကို ပိတ်လိုက်ချိန် ပါးစပ်ဟအော်ဟစ်ငိုနေတဲ့ ကျမရဲ့ အဲဒီအချိန်လေးဟာ ဘ၀မှာ တယောက်တည်း ကျန်ခဲ့ရမှာ အားအငယ်ဆုံး အချိန်လဲ ဖြစ်သလို နောက်ပိုင်း ကြုံတွေ့ရတဲ့ ၀မ်းနည်းအားငယ်ခြင်းတွေကို ကြုံရတိုင်း ပြန်လည်သတိရ စိတ်တင်းရတဲ့ အဖြစ်အပျက်လဲ ဖြစ်ခဲ့ပါတယ်။