Friday, February 8, 2013

နိုင်ငံရေးအကျဉ်းသား ဆိုတဲ့အသုံးအနှုံးနဲ့ ပတ်သက်လို့ ..

ဒီနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံပိုင်သတင်းစာကနေ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စီစစ်ရေး ကော်မတီဖွဲ့စည်းဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ပါလာတယ်။ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ တောက်လျောက်ငြင်းလာတဲ့ အုပ်စုက နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုခြင်း ဘာညာနဲ့ ပထမဆုံးအကြိမ် သုံးနှုန်းလိုက်တာဆိုတော့ တအံ့တသြနဲ့ သေချာ သတိထားမိတယ်။

စစ်အုပ်စုဘက်က နိုင်ငံရေးအကျဉ်းသားမရှိဘူး။ဥပဒေချိုးဖောက်လို့ ပြစ်ဒဏ်ကျခံနေသူတွေသာ ဖြစ်တယ်လို့ ပြောခဲ့တဲ့တလျောက်လုံးမှာ မြန်မာနိုင်ငံက လူထုထောက်ခံမှုအများဆုံးနဲ့  အကြီးဆုံးပါတီကြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကလဲ ယုံကြည်ချက်အကျဉ်းသားလို့ပဲ သုံးနှုန်းခဲ့တယ်။ ထို့အတူပဲ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကလဲ ယုံကြည်ချက်အကျဉ်းသား အဖြစ်ပဲ သုံးနှုန်းခဲ့ပါတယ်။

အဲဒီအချိန်တွေမှာ ထိုင်းမြန်မာနယ်စပ်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) သူ့ကို လူသိများတဲ့နာမည်က အေအေပီပီ (AAPP) ။ အဲဒီအဖွဲ့က နိုင်ငံရေးအကျဉ်းသားလို့ သုံးနှုံးပြီး စာတမ်းတွေ အစီရင်ခံစာတွေ တောက်လျောက်ထုတ်ခဲ့ပါတယ်။ 

အဲဒီအတွက် ထူးခြားချက်တွေ ခြားနားချက်တွေ အကျိုးဆက်ရှိခဲ့ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံတွင်းက ယုံကြည်ချက်အကျဉ်းသား သတ်မှတ်ချက်နဲ့ ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးအကျဉ်းသားသတ်မှတ်ချက် ကြားထဲမှာ ခြားနားချက်အရ အကျဉ်းသားဦးရေ ကွာခြားခဲ့တာပါပဲ။ အကျဉ်းသားတွေ လွှတ်တဲ့အခါတိုင်း အာဏာရအစိုးရက အန်အန်လ်ဒီအရေအတွက်အတိုင်း လွှတ်တယ်လို့ ပြောဆို တုန့်ပြန်နိုင်ခဲ့ပါတယ်။
အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက်က ရှင်းပါတယ်။အောက်မှာ ဖတ်ကြည့်ပါ။


ယုံကြည်ချက်အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားကြားမှာ ကွာခြားချက် ရလဒ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အကျဉ်းသားတွေ ဖြစ်လာပါတယ်။ ကျမတို့ ဒီလူတွေကို မေ့ထားခဲ့လို့ ရပါ့မလား။ 

အကျဉ်းထောင်တွင်းမှာ နှစ်ပေါင်း ၂၈နှစ် ကျော် အကျဉ်းကျ ခံရပြီး  ပြန်လည်လွတ်မြောက်လာတဲ့ ကေအန်ယူ ရဲဘော် စောတူးကီကို မြင်ပြီးကျမတော့ ခံစားခဲ့ရတယ်။ (သူ့ပုံကို ယူထားတဲ့လင့်က ပျက်သွားတော့ သူ့ဓါတ်ပုံလေး ကျမ တင်မပေးနိုင်တော့ပါဘူး)  သူ့ကို နာမည်တပ်ပြီး ဘယ်သူမှတောင်းဆိုမခံခဲ့ရဘူး။ သူလို့ လူမသိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့က  လူတွေအများကြီးကျန်သေးသလို သူပုန်ဆက်သွယ်မှု သူပုန်ထောက်ပံ့မှုနဲ့ ရွာလုံးကျွတ် အဖမ်းခံထားရတဲ့ ဖြစ်ရပ်တွေလဲ အကျဉ်းထောင်တွေထဲမှာ ရှိခဲ့ပါတယ်။ ဒီလိုလူတွေဟာ အေအေပီပီရဲ့ ဖွင့်ဆိုသတ်မှတ်ချက်အရ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ပါဝင်တယ်ဆိုတာ ကျမယုံကြည်ပါတယ်။

ဒီနေ့ သတင်းနဲ့ ပတ်သက်ပြီး  ပြန်ပြောရရင် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကို လက်ရှိအာဏာရှိသူတွေ သုံးရဲလာပြီ။ လက်ခံလာပြီဆိုတာကို မြင်ရမှာပါ။ ဒါ့အပြင် ဒီသတင်းစာက သတင်းအပေါ် မေးမြန်းတဲ့ သတင်းထုတ်ပြန်ချက်တချို့မှာလဲ NLD အန်အန်လ်ဒီပါတီရဲ့ နာယကကြီးဦးတင်ဦးကလဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အတွက် လှုပ်ရှားသူအားလုံးသည်
နိုင်ငံရေးသမားများဖြစ်သည် လို့ဒီမှာ ပြောလာပါတယ်။

ဒီတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းနဲ့ ဖွင့်ဆိုချက်ကို အစကတည်းက အန်အန်လ်ဒီပါတီက ဘာလို့ မသုံးရဲခဲ့တာလဲ။ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ဘာလို့ မသုံးရဲခဲ့တာလဲ ဆိုတာကို ကျမစိတ်ထဲ အတွေးဝင်လာပါတယ်။ မတရားတာကို မတရားဘူးပြောဖို့၊ အကြောက်တရားတွေ ပယ်ဖျက်ဖို့ ။ အကြောက်တရားတွေကို စွန့်လွှတ်ဖို့။ မကြောက်တရား ကို နိုင်ငံတ၀ှမ်း လိုက်လံဟောပြောနေတဲ့ ဒီလိုအဖွဲ့အစည်းနဲ့ ပါတီတွေက စပြီး ဘာ့ကြောင့် နှုတ်ပိတ်ပြီး အာဏာရအုပ်စု မကြိုက်တဲ့စကားလုံး မသုံးပြရဲခဲ့တာလဲ။
ဘာပဲ ဖြစ်ဖြစ် ခုတော့ အေအေပီပီရဲ့ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့စကားလုံးနဲ့ဖွင့်ဆိုချက်ကို သူတို့လက်ခံသုံးနှုန်းရလေပြီ။ ဒါဟာ အောင်ပွဲတခုပါ။ လေးစားပါတယ် အေအေပီပီ(AAPP)။

မှတ်ချက် ။
(ကျမဟာ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ဖြစ်ပေမယ့် အေအေပီပီအဖွဲ့ဝင်မဟုတ်ပါ)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
 

No comments: