Showing posts with label ရင်ထဲကစကား. Show all posts
Showing posts with label ရင်ထဲကစကား. Show all posts

Wednesday, December 31, 2014

နှုတ်ဆက်ရင်းနဲ့ ကြိုဆိုမည်

လက်တွဲခဲ့ရတဲ့ ၂၀၁၄ ရေ...

ချစ်ခင်ကြင်နာခြင်းများစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်။

မင်းရင်ခွင်ထဲက ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်တိုင်ခံစားနားလည်ခဲ့ရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလဲ

တန်ဖိုးထား မြတ်နိုးနေပါမယ်။ဒါပေမယ့် တို့တွေ ခွဲခွာရတော့မယ်။ခွဲခွာရမယ့် အချိန်ရောက်တော့မယ်။

နှုတ်ဆက်လိုက်ပါတယ် ။

ရွှင်လန်းနှစ်သက်ဖွယ် နှစ်သစ် ၂၀၁၅ ရေ...

ပျော်ရွှင်ကြည်နူးစွာ ကြိုဆိုပါရစေ။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ မိတ်ဆွေအပေါင်းအသင်း ဖြစ်လိုပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ တွေဆုံရလိုပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ တခရီးတည်းသွားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ စကားလက်ဆုံကျချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ ဘဝကို ငြင်းခုန်စောကြော ချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ သံသရာအဆက်ဆက် လက်တွဲသွားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သော နှလုံးသားကိုသာ လူသားတို့ကို ပေးသနားတော်မူပါအရှင်။

၂၀၁၄ ကို အတူကြိုဆိုစဉ်

၂၀၁၄ ကနေ ၂၀၁၅ နှစ်သစ် ကူးမယ့် အချိန်မှာတော့ ကျမနဲ့ ကျမရဲ့ပီအေ တယောက်တနေရာစီ ရှိနေမှာပါ။

နှစ်သစ်ကူးချိန်တိုင်းမှာ တူတူရှိနေကျလား လို့ မေးရင်တော့ မဟုတ်ပါဘူးလို့ပဲ ဖြေရပါမယ်။

ရှိတဲ့နှစ် ရှိလိုက် မရှိတဲ့နှစ် မရှိလိုက် ဆိုသလိုပဲ ရန်ဖြစ်ရတဲ့ နှစ်တွေတောင် ရှိခဲ့ပါတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ဒေါသတွေ ထိန်းသိမ်းလို့ နားလည်မှုတွေ တည်ဆောက်ကြရတဲ့အခါ

အိမ်ထောင်သက်နှစ်ကြာရှည်လာသလို တယောက်နဲ့တယောက် ခံစားနိုင်မှုချင်းက တသားတည်း ရှိလာပါတယ်။

ရှေ့ဆက်ရမယ့် ခရီးတွေမှာလဲ ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်ရသလို

တဦးကိုတဦး နားလည်မှုတွေနဲ့ ချမ်းမြေ့သာယာသော ဘဝခရီးကိုလဲ ပိုင်ဆိုင်ခွင့် ပေးစေချင်ပါတယ်။

လာခဲ့ပါတော့ နှစ်သစ် ၂၀၁၅ ရှင့်။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Saturday, March 10, 2012

အမှန်တရား ဆိုတာ...

အမှန်တရား ဆိုတာ တခါတရံမှာ အမှားတရံလဲ ဖြစ်တတ်ကြတယ်တဲ့။
အမှန်တရား ဆိုတာ ဘယ်ဘက်မှာ ရပ်တည်နေလဲ ဆိုတာထက် ပိုပြီး ကျယ်ပြန့်ပါသေးတယ်၊
အမှန်တရား ဆိုတာ လက်ဖမိုးနဲ့ လက်ဖ၀ါးလိုပဲ မှောက်ချည်လှန်ချည်လဲ ဖြစ်တတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် ဆန့်ကျင်ဘက်လဲ ဖြစ်တတ်သေးတယ်၊
အမှန်တရား ဆိုတာ ရောက်ရှိနေချိန်နဲ့လဲ တိုက်ရိုက်အချိုးကျတတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘက်၂ဘက်ရဲ့ ကြားထဲမှာလဲ ရှိမနေတတ်ပါဘူး။
အမှန်တရား ဆိုတာ ဂိုဏ်းဂဏစွဲတွေ ဘယ်လောက်ကင်းရှင်းနေရမလဲ ဆိုတာပေါ်လဲ မူတည်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘယ်လောက်ကြာကြာ ဘယ်ချိန်ရောက်ရောက် မပြောင်းလဲဘူးဆိုတာဟုတ်သလားလဲ သိချင်ပါသေးတယ်၊
အမှန်တရား ဆိုတာ စကားလုံးတွေပေါ်မှာ မူတည်တာ ဟုတ်မဟုတ် ရှာဖွေကြည့်ချင်တတ်ကြသေးတယ်။
အမှန်တရား ဆိုတာ အခြေအနေ အချိန်အခါပေါ် ပြောင်းလဲတတ်သေးလား လေ့လာချင်သေးတယ်၊
အမှန်တရား ဆိုတာ အုတ်အရောရော ကျောက်အရောရောထဲက ဘယ်အချိန်မှာ ကွဲပြားသွားတတ်သလဲ သိခွင့်ရချင်သေးတယ်၊
အမှန်တရာ ဆိုတာ လျို့ဝှက်ချက်တွေထဲ နစ်မြုပ်နေတတ်တယ်လို့လဲ ထင်မြင်နေတတ်ပါသေးတယ်။
အမှန်တရား ဆိုတာ........
အမှန်တရား ဆိုတာ..........
အမှန်တရား ဆိုတာ............
အမှန်တရား ဆိုတာ...................
အမှန်တရား ဆိုတာ.... စကားလုံးကိုသုံးပြီး နာမည်ကြီးချင်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ....ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ... အသေးအဖွဲလေးပင်ဖြစ်ပါစေ အာဏာသုံးတတ်သူတွေ အတွက်မဟုတ်ဘူး။
အမှန်တရား ဆိုတာ ...ပုဂ္ဂိုလ်စွဲတွေနဲ့ ဖွေရှာလို့ မရဘူး။
အမှန်တရား ဆိုတာ...ကိုယ့်ကိုယ့်ကို ကာကွယ်ဖို့ဒိုင်းမဟုတ်ဘူး။
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ...............
ကျမအတွက်တော့ ... ရှာဖွေနေဆဲ ရှာနေဆဲ။
( အမှန်တရားကို မြတ်နိုးသူများအဖြစ် စကားလုံးလှလှ သုံးနှုန်းနေသူများသို့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, October 9, 2011

သစ်တပင်ချင်းကို မကြည့်မိပဲ တောအုပ်ကြီးကို မြင်ကြပါစေ

အပိုင်း(၁)
ဘုန်း...
ခွပ် ....
အင့်...
နင်တို့လို မလောက်လေး မလောက်စားလေးတွေက ငါတို့လို စစ်တပ်ကြီးကို ဘယ်လိုတော်လှန်မလဲ။
အေးအေးဆေးဆေးမနေဘူး။ သိပ်တတ်နေတယ် ထင်နေသလား။
ပြောစမ်း။ ဒီစာစောင်တွေ ထုတ်ဖို့ ဘယ်သူက ငွေပေးလဲ။ ဘယ်သူက သင်ပေးလဲ။

...........
............
အံမယ် အံတောင်ကြိတ်ထားသေး။ နင့်နာမည်ကို နင့်ရှေ့က လူတွေပြောထားခဲ့ပြီ။ နောက်ဘယ်သူတွေ ပါသေးလဲ။ ခုနေပြောထားနော်။ ငါတို့ လက်သီးစာ ကောင်းကောင်းကျွေးထားတာတောင် ခေါင်းမာတုန်း။ နောက်ထပ် ဒါ့ထက်ဆိုးတာတွေလာမယ်။

........................
...........................
ဒူးထောက်ထား။ လက်ကို ခေါင်းပေါ်တင်ထား။ ခေါင်းစွပ်ကို ဖွင့်မကြည့်နဲ့။ ဘယ်သူတွေလဲ စဉ်းစားထား ။ ငါပြန်လာရင် ပြောနိုင်အောင် လုပ် ။

အပိုင်း(၂)
ဟာ...... ဒူးထောက်ခိုင်းထားသလားး။
ထ.....ထ.. ဒီထိုင်ခုံမှာ ထိုင်ပါဦး။ ကော်ဖီသောက်မလား လဘက်ရည်သောက်မလား။
သမီးတို့လို ကျောင်းသူလေးတွေကို ခုလိုနှိပ်စက်တာတော့ ဒီကောင်တွေတရားလွန်တယ်။
ဘဘတို့က ဒါမျိုး မလုပ်ချင်ဘူး။
ပညာတတ်ကလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ် ဆိုတာဒီကောင်တွေ ပြောထားရက်နဲ့
သူ့ကိုအရေးယူခိုင်းရမှာပဲ။ သမီးလဲ ခဏနားပါဦး။
.................
ကဲ .. သမီးကလဲ ပြောပြပါဦး။ ဘယ်သူတွေနဲ့ ဒီစာစောင်တွေကို ထုတ်ဖို့ ပြောဖြစ်ကြလဲ။
စာစောင်က ထုတ်မယ်ဆို  ပိုက်ဆံလဲ လိုတယ်မဟုတ်လား။ သမီးတို့ အကုန်စုခံလိုက်တာလား။
ဘဘတို့က လူငယ်တွေ ကျောင်းသားတွေကို ဘာမှမလုပ်ဖူး စိတ်ချ။
ခု သမီးရှေ့က ခေါ်မေးတဲ့ သူငယ်ချင်းတွေကိုလဲ အကုန်လွှတ်ပေးမှာ စိတ်ချ။
သမီးလဲ ဘာမှမကြောက်နဲ့။ သမီးတို့ ကျောင်းတက်နေတုန်းအရွယ်တွေက ဒီလိုပဲလေ။
သူငယ်ချင်းတွေနဲ့ဆို တက်ညီလက်ညီလုပ်တတ်ကြတာ ဘဘတို့ နားလည်တယ်။ ဘဘတို့တုန်းကလဲ ဒီလိုပဲ ။ ဒီအရွယ်ကို ဖြတ်သန်းခဲ့တာပဲ။ ကဲ သမီးသိသလောက်ပြောပါဦး။
.....................
.........................

အပိုင်း (၃)
အပျော့ပဲ လာလာ၊ အမာပဲလာလာ။ ဘာကိုမှ အဖြေမပေးဖို့ ကျမတို့ ဦးနှောက်တွေက အသိပေးထားတာမို့ ပါးစပ်တွေက ပိတ်ရက်ပါပဲ။ ဒီလိုပဲ ချော့တခါ ခြောက်တလှည့်နဲ့
စစ်ကြောရေးတွေကို ဖြတ်သန်းခဲ့ကြရတယ်။

စစ်ကြောရေးကို ခိုင်ခိုင်မာမာနဲ့ ဖြတ်သန်းနိုင်သူတွေဟာ လူတွေဘယ်လိုပြောင်းပြောင်း အဲဒီလူတွေအားလုံးဟာ စစ်အာဏာရှင်အတွက် စစ်အုပ်စုအတွက် သူတို့ လိုသလို ပုံပြောင်းလုပ်ဆောင်နေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်။ ဒီလူဟာ ကိုယ့်သူငယ်ချင်းနဲ့ ဆုံတုန်းက ပတ်ကြမ်းတိုက်ပြီးလက်သီးတွေ ကောင်းကောင်းသုံးခဲ့ပေမယ့်
နောက်သူငယ်ချင်းတယောက်ဆီမှာတော့ ပျော့ပြောင်းနူးညံ့သူပေါ့။
လူတွေဘယ်လိုပြောင်းပြောင်း မူကတော့ တခုတည်း။ စစ်ချက်မှာ နောက်ထပ် နာမည်အသစ်တွေ ရရှိလာရေးပဲလေ။

.............
အခုလက်ရှိအချိန်မှာရော.. ယူနီဖောင်းဝတ်ကို ချွတ်ထားပေမဲ့ သူတို့က စစ်အုပ်တွေပဲ မဟုတ်လား။
တယောက်ချင်းက ပျော့ပြောင်းချင်ယောင်ဆောင်ထားပေမဲ့ စစ်အုပ်စု နက်ဝပ်ကြီးက တည်ရှိနေဆဲပါ။
ဒီတော့ တယောက်ချင်းကို မြင်ပြီးပြောင်းလဲနေပြီလို့ ယူဆကြည့်မယ်ဆို စစ်အုပ်စု နက်ဝပ်ကြီးက ဟားတိုက်ရယ်မောနေပါလိမ့်မယ်။ ပုံသဏ္ဍာန်တွေနဲ့ အယောင်ဆောင်ပြနေပေမယ့် အတွင်းသဏ္ဍာန်အနှစ်သာရကို မြင်နေရင် ဘာမှလိမ်လို့ရမှာ မဟုတ်ဘူး။ ဒါကို မာကျောတယ်ဆိုလဲ ပြောကြပါစေ။ ကျမကတော့ပြတ်သားတယ်လို့ပဲ ခံယူထားလို့ပါ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, September 12, 2011

ဧရာဝတီကို ကျမလဲ ပိုင်တယ် ..

ဒီနေ့တော့ မှတ်မှတ်ရရ သတင်းတပုဒ်ဖတ်မိတယ်။ အလဲဗင်းနယူး မှာ တင်ထားတဲ့ လျှပ်စစ်ဌာန၀န်ကြီးဦးဇော်မင်း ပြောတဲ့ စကားတွေကို ရေးထားတဲ့ဆောင်းပါး။ ဖတ်နေရင်း အံ့သြမိသွားတယ်။ ၀န်ကြီးတယောက်အဖြစ် ဒီလိုစကားတွေ ဘာလို့ သူပြောသလဲ၊ ကျမလို သာမန်လူကတောင် မပြောရဲတဲ့ စကားတွေ၊ ငါ့လောက်ဘယ်သူမှ မသိဘူး မတတ်ဘူးဆိုတာမျိုးတွေရော လွန်လွန်ကျွံကျွံတွေ သူပြောခဲ့တယ်၊ တဖြည်းဖြည်းစဉ်းစားရင်း သူတို့ အုပ်စုတွေ တရုပ်ဆီက အကျိုးအမြတ်ငွေကြေးတွေ ယူထားမိပြီးကိုး။ ဒီတော့ဘယ်သူတွေ ဘယ်လိုတားတား၊ တားနေ ကန့်ကွက်နေသူတွေက ခါတော်မှီပေါ်ပင်လုပ်နေသူတွေ ဖြစ်ပြီး သူတို့ အာဏာရ အုပ်စုကတော့ လျှပ်စစ်တွေပိုနေလို့ တိုင်းပြည်အကျိုးအတွက် ထုတ်ရောင်းပေးနေရတဲ့ ၊ တကယ့်ကို တိုင်းပြည်ချစ်သူကြီးတွေပေါ့လေ။ သူတို့က နောက်ဆုတ်မှာ မဟုတ်တော့ဘူးဆိုတာ ကြိမ်းသေသွားပြီမို့ ကျမတို့ ဧရာဝတီကို ချစ်သူများ၊ ဧရာဝတီကို ရှင်သန်စေလိုသူများ၊ ဧရာဝတီကို ကယ်တင်ချင်သူများကလဲ ရှေ့ကို ဆက်တက်ရတော့မယ်။ ဧရာဝတီကို ကျမလဲ ပိုင်တယ် ဦးဇော်မင်း။

ဧရာဝတီကို ပြည်သူအားလုံးပိုင်ပါတယ်၊ မီးမမှန်တဲ့ လျှပ်စစ်မီးကို လာရက်မလာရက် အလှည့်ကျစောင့်နေရတဲ့ တိုင်းပြည်ထဲမှာ၊ လျှပ်စစ်စွမ်းအားသုံး ဘာစက်ရုံမှ စိတ်ချလက်ချ အင်ပြည့်အားပြည့် မတည်ဆောက်နိုင်တဲ့ တိုင်းပြည်ထဲမှာ။ အိမ်တိုင်း လျှပ်စစ်မီတာမရှိ တဲ့ တိုင်းပြည်ထဲမှာ ၊ လျှပ်စစ်ပစ္စည်းတွေ ဘာမှ စိတ်ချလက်ချမသုံးစွဲနိုင်တဲ့ တိုင်းပြည်ထဲမှာ။ ၀ပ်အားမပြည့်တဲ့ မီးလာရက်ကို စောင့်ပြီး မီးအားမြှင့်စက်နဲ့ စိတ်ရှည်လက်ရှည် စောင့်စားနေတဲ့ တိုင်းပြည်ထဲမှာ၊ မီးစက်သံတညံညံနဲ့ တတ်နိုင်သူက ဖြည့်တင်း နေရတဲ့ တိုင်းပြည်ထဲမှာ .....ပိုထွက်နေတဲ့ လျှပ်စစ်မီဂါဝပ်တွေ ရှိသတဲ့၊ ပြည်သူတွေ ပိုင်တဲ့ မီဂါဝပ်တွေ၊ ပြည်သူတွေ ပိုင်တဲ့ ကျွန်းသစ်တွေ၊ ပြည်သူတွေပိုင်တဲ့ သဘာဝ ဓါတ်ငွေ့တွေကို ဈေးပေါပေါနဲ့ ရောင်းချပြီး ကိုယ်ကျိုး ရှာနေကြတဲ့ မတရားအာဏာ ရယူထားတဲ့ စစ်ယူနီဖောင်းချွတ် စစ်သားလူထွက် အေးဓါးမြတွေ ၊ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မကြာခင်ခံရပါစေလို့ပဲ မေတ္တာမပို့နိုင်သေးတော့ ကျိန်ဆိုလိုက်ပါတယ်။

ခုချိန်မြင်နေရတဲ့ ကြားနေရတဲ့ သတင်းတွေ အရ ပြည်တွင်းမှာလဲ လှုပ်ရှားမှုတွေ ဆက်တိုက် တွေ့လာရသလို အရှိန်မြှင့်နေတာကိုလဲ နေရာဒေသမရွေးလူထုကြားမှာပါ မြင်တွေ့ကြားသိလာရပြီ။ ပြည်တွင်းလှုပ်ရှားမှုတွေ အရှိန်ကျမသွားအောင် ဆက်လက်မြှင့်တင်ထားနိုင်ဖို့နဲ့ ဆန္ဒဖေါ်ထုတ်မှုကို နည်းလမ်းပေါင်းစုံ စိတ်ကူးပြီး ကြိုးစားထားစေချင်ပါတယ်။ ပြည်တွင်းကလဲ သူတို့လုပ်နိုင်သမျှ လုပ်ကြသလို ပြည်ပက ဧရာဝတီကို ရှင်သန်စေလိုသူများကရော ဘာတွေ အားဖြည့် လုပ်ကိုင်နိုင်မလဲ ။ ကျမက ပြည်ပရောက်နေသူဆိုတော့ ပြည်ပကနေ စဉ်းစားကြည့်ချင်ပါတယ်။

အပြည့်အစုံဖတ်မယ်ဆို ခေါင်းစဉ်ကို (သို့မဟုတ်) links to this post ကို ကလစ်ပါ။

Wednesday, August 24, 2011

မြန်မာကျပ်ငွေတန်ဘိုးတက်တဲ့ ဂယက်

ဒီနေ့တော့ မြန်မာကျပ်ငွေတန်ဘိုးတက်တဲ့အတွက် မြန်မာပြည်ထဲက မိဘဆွေမျိုးတွေဆီကို လစဉ်ငွေပို့ရတဲ့ အလုပ်သမားတွေ ကြုံတွေ့နေရတာလေးတွေ သတင်းတင်ဖို့ ငွေလွှဲတဲ့နေရာတွေ သွားပြီး စပ်စုဖြစ်တယ်။ လတိုင်း တလငါးသောင်းအိမ်ကို ပို့နေတဲ့ ကောင်မလေးငယ်ငယ်လေးက သူရတဲ့လစာမှာ သူ့အတွက်နည်းနည်းပဲ ချန်ပြီး ပို့ခဲ့တာတဲ့။ နေဖို့ နဲ့ ထမင်းပေးတဲ့အတွက် တနေ့ ဟင်းဖိုးနဲ့ အသေးသုံးနည်းနည်းပါးပါးလောက်ပဲ ထားပြီး ရတဲ့လစာ ထဲက ပို့တာတောင် ခါတိုင်း တလ ငါးသောင်းပဲ ပို့နိုင်ပါတယ်တဲ့။ ဒါပေမဲ့ မနေ့က ၂၃ ရက်နေ့က ဈေးတွေ တအားဆောင့်တက်သွားတယ်ဆိုလို့ လာမေးတာပါတဲ့။ ဒီနေ့တော့ အဲဒီဆိုင်က ပြောလိုက်တယ် နည်းနည်းပြန်ကျပါတယ်၊ ကျပ်တသိန်းကို ဘတ် ၄၄၄၀ ပါတဲ့၊ ပို့ခ တသိန်းဘတ် ၇၀ ထည့်ပေါင်းရင် ၄၅၁၀ ကျမှာပေါ့တဲ့။ ကောင်မလေးလုပ်တဲ့စက်ရုံက အိမ်ရုံသေးသေးလေးပါတဲ့။ တလ ငါးသောင်းပို့နိုင်ဖို့ဆိုရင် ဒီငွေဈေးနဲ့ သူမပို့နိုင်တော့ဘူးတဲ့။ ဘယ်လိုလုပ်ရမလဲ မသိဘူးတဲ့။

သူ နဲ့ ငွေလွဲပေးတဲ့ ဆိုင်ရှင်နဲ့ ပြောတာတွေ နားထောင်ရင်း သက်ပြင်းသာ ကြိတ်ချမိတော့တယ်။ ငွေပိုရမလားလို့ မိသားစုနဲ့ ခွဲခွာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ တပြည်တရွာမှာ အလုပ်လာလုပ်တဲ့ ကောင်မလေး၊ အသက်တောင် ၁၈ နှစ်ပြည့်သေးရဲ့လား မသိ။ ကျောင်းတက်နေရဦးမယ့် အရွယ်လေးမှာ ငွေရေးကြေးရေး အိမ်ထောင်စုအရေး မိဘတွေအတွက် မောင်ငယ်ညီမငယ်လေးတွေအတွက် သူစိတ်ပူနေပုံကို မြင်တော့ ဘာမှလဲ မကူနိုင်တဲ့ အတွက် စိတ်တော်တော်မကောင်းဖြစ်ခဲ့ရတယ်။

ဒီလိုလူတွေ အများကြီး ရှိနေမှာပါပဲ။ နောက်တနေရာ ထပ်ရောက်သွားတော့ အလုပ်ပြုတ်နေတဲ့လူတွေနဲ့ ဆုံပြန်ရော။ ဒေါ်လာဈေးကျတော့ ထိုင်းက အထည်ချုပ်စက်ရုံ တချို့လဲ အလုပ်ပါးတယ်။ ဒီတော့ အလုပ်ချိန်လျှော့တာပေါ့။ တချို့ အိမ်ရုံတွေက ပိတ်လိုက်ရတယ်တဲ့။ ဒီတော့ အလုပ်ပြုတ်ပြီး အလုပ်သမားအရေး ကူညီနေတဲ့ အဖွဲ့တွေ ဆီ ရောက်လာကြတယ်။ အဲဒီမှာ ခဏတဖြုတ်ခိုလှုံ ၊ နောက်အလုပ်သစ်ရှာပေါ့။ တလ တလ ပို့နေကျ ငွေလဲ ဘယ်လိုပို့ရမယ် မသိဖြစ်ကုန်ကြတယ်တဲ့။ တချို့က ကလေးငယ်တွေ မိဘနဲ့ ထားခဲ့ပြီး လင်မယား ၂ယောက်လုံး အလုပ်လာလုပ်တာဆိုတော့ အလုပ်ပြုတ်ပြီး ဒီလ လစာမပို့နိုင်ရင် ဆိုတဲ့ အပူနဲ့ မျက်နှာတွေ မြင်နေရတာ ဘယ်လိုမှ မချမ်းမြေ့နိုင်ပါဘူး။

ညဘက်ရောက်တော့ သတင်းတွေ တက်ဖတ် ၊ တက်ကြည့်တော့ မြန်မာနိုင်ငံကြီးမှာလဲ ၂၀၁၁ -၂၀၁၂ အတွက် ၀င်ငွေ ထွက်ငွေစာရင်း တရားဝင် ထုတ်ပြန်တော့ လိုငွေတာ ကျပ်ဘီလျံ နှစ်ထောင်တဲ့။ ခုတော့ တရားဝင်ကျေညာ ၀န်ခံနေပြန်ပေါ့။ သဘာဝ ဓါတ်ငွေ့ရောင်းတဲ့ငွေတွေ၊ ရတနာ တုံးကြီးတွေ ရောင်းတဲ့ ငွေတွေကတော့ စာရင်းပျောက်နေတာပေါ့။ မလိုအပ်တဲ့ နေပြည်တော်ကြီးကို တည်ဆောက်၊ မလိုအပ်တဲ့ဥမင်လှိုဏ်ခေါင်းတွေ တူး၊ မလိုအပ်တဲ့ အနုမြူစမ်းသပ်မှုတွေ လုပ်နဲ့ ဖြုန်းတီးထားတဲ့ ငွေတွေအပြင် နာဂစ်တုန်းက သူများနိုင်ငံတွေက လှုတဲ့ဒေါ်လာတွေကို ၆ ကျပ်နဲ့ ဖြတ်တဲ့ အစိုးရအနေနဲ့ သူတို့ ဘယ်လောက် အသုံးမကျခဲ့သလဲ ဘယ်လောက် ဘုန်းခဲ့ပါသလဲ ဆိုတာတွေတော့ ခုမပြောခဲ့တောင် တချိန်ကျရင် သမိုင်းထဲက ပြန်ပေါ်လာဦးမှာပါ။

ရာသီဥတုကလဲ ကောင်း၊ ရတနာမြေလို့ ခေါ်ရနိုင်အောင် အကောင်းဆုံး ပတ္တမြား၊ ကျောက်စိမ်းတွေ ထွက်ရှိရာမြေတွေပိုင်ဆိုင်ထား၊ တနိုင်ငံလုံး ဘယ်တော့မှ မီးမပျက်ပဲ မီးထိန်ထိန်လင်းနေတဲ့ မြို့တော်တွေ ကျေးလက်တောရွာထိ လျှပ်စစ်ပေးနိုင်ပြီး စက်မှုလုပ်ငန်းတွေ တည်ထောင်နိုင်တဲ့ထိ ပေါကြွယ်ဝတဲ့ သဘာဝဓါတ်ငွေ့တွင်းကြီး ၄ တွင်း ရှိတဲ့ နိုင်ငံ၊ (တတွင်းကို တနိုင်ငံလုံးအသားကုန် သုံးတောင်မှ နှစ်ပေါင်း ၄၀ကျော် မကုန်နိုင်သေးဘူးတဲ့)၊ ဘာ့ကြောင့်များ ဒီလောက် ဆင်းရဲတွင်းနက်နေရလဲ၊ ဘာ့ကြောင့်များ နိုင်ငံတကာမှာ အောက်ကျနောက်ကျ ဖြစ်နေရလဲ .. ဘယ်လိုတွေးတွေး သိသာမြင်သာတဲ့ အချက်တွေနဲ့ ...


ဒါပေမဲ့ ဒီတိုင်းပြည်လေးကိုပဲ ချစ်ခင်နှစ်သက်စွာ တိုးတက်ဖြစ်ထွန်းစေချင်တယ်။
အဲလိုတိုးတက်ဖြစ်ထွန်းလာမဲ့ တိုင်းပြည်ကို မြင်နိုင်ဖို့... ကိုယ်အားဥာဏ်အားရှိသမျှတော့ တာဝန်ယူထမ်းဆောင်ချင်ပါသေးတယ်။ ဒါဟာလဲ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ရွေးချယ်လျှောက်လှမ်းမယ့် ဘ၀လမ်းပါပဲလေ။


ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, December 19, 2010

သူငယ်ချင်းရေ...မစောလွန်းဘူးလားးးးးး

ပါပုရေ..
နင်ထွက်သွားတာ စောလိုက်တာ။ တို့ဧရာဝတီတိုင်း ဗကသ မှာ ပထမဆုံးအဖမ်းခံခဲ့ရတဲ့အုပ်စုထဲက တယောက်၊ နင်တို့တင်းခံနိုင်လို့ နောက်လူတွေ ထပ်အဖမ်းမခံရတဲ့အပြင် တချို့အချုပ်နဲ့ ပြန်လွတ်ခဲ့ရတာ မမေ့ဘူး။ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ လူထုနဲ့ တူတူ အာဇာနည်ကုန်းကို သွားမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ပွဲခေါ်သံကြောင့် နယ်မြို့တွေကတို့ လူငယ်တွေ တက်ကြွလှုပ်ရှား ပြင်ဆင်ခဲ့ကြရတဲ့နေ့တွေကို သတိရတယ်။ နောက်နေ့မနက်စောစော အန်တီက ရုပ်သိမ်းလိုက်တယ်ဆိုတဲ့ စကားက နယ်မြို့လေးကို အဲဒီတုန်းက အချိန်မှီမရောက်ခဲ့ပါဘူး။ တက်ကြွတဲ့ လူငယ်လေးတွေက အာဇာနည်ကျောက်တိုင်ရှေ့မှာ ဗကသ ပန်းခွေကို အရောက်ပို့ခဲ့ကြတယ်။ အဲဒီအတွက် အဖမ်းခံရတဲ့လူငယ်တွေ နည်းမှမနည်းပဲ။ အယောက် ၂၀ကျော်တယ်။ ဗကသရော လူ့ဘောင်ရော ဒီချုပ်လူငယ်တွေရော အကုန်ဖမ်းလိုက်တာ။
စစ်ကြောရေးမှာ.. ကိုယ့်ရဲဘော်တွေ အတွက် ရပ်တည်ခေါင်းခံပေးခဲ့တဲ့ နင်တို့တွေရဲ့ သတ္တိကို လေးစားခဲ့ရတာ။
အာခံမှုကို အားကျခဲ့ရတာ။
...........
ခုတော့ ကျော်ကျော်ဝင်းမရှိတော့ဘူး။
ကျောင်းဆရာ မရှိတော့ဘူး။
ဂတီးမရှိတော့ဘူး။
ပါပုမရှိတော့ဘူး။
တို့တွေ အဲဒီအချိန် စစ်အစိုးရကို အံတုတုန်းက ခုခေတ်နဲ့ မတူသလိုပဲနော်။ အဖမ်းခံရလဲ မီဒီယာတွေက မသိခဲ့။ စာစောင် ထုတ်လဲ ဘယ်ဒိုနာမှ မရှိပေါင်။ ကိုယ့်မုန့်ဖိုးတွေ စုပြီး ဖယောင်းလက်ရေးဖောက် မီးချောင်းအပျက်နဲ့ လှိမ့်ထုတ်ခဲ့ကြရတာပဲ။
ပါပုရေ…
ဂတီးရေ…
ကျောင်းဆရာရေ…
ကျော်ကျော်ဝင်းရေ….
မစွန့်ပဲစားနေသူတွေကို မြင်ရင် နင်တို့ကို သတိရတယ်။
လေကြီးလေကျယ် တိုက်ပွဲဆင်နေရင် နင်တို့ကို သတိရတယ်။
ပုသိမ်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှု သမိုင်းမှာ နင်တို့ကို ဖယ်လို့မရဘူးဆိုတာတွေ သတိရတယ်။
နင်ထောင်ထဲမှာ ရှိနေတုန်း နင့်အမေဆုံးတော့ ထောင်ထဲကရေးတဲ့ ကဗျာလေးတပုဒ် အပြင်ထွက်လာတာလဲ သတိရတယ်။
အဲဒီ အိမ်သာသုံးစက္ကူပေါ်က ကဗျာလေးက ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ အသံလှိုင်းက နင့်နာမည်ရင်းနဲ့ ရွတ်ဆိုသွားခဲ့တာလဲ သတိရတယ်။
အညွန့်တလူလူနဲ့နင်တို့ အနာဂတ်တွေကို ရိုက်ချိုးခံခဲ့ရတာတွေကို သတိရတယ်။
ထောက်လှမ်းရေးရဲ့ ကြိမ်းဝါးသံတွေ ၊ နှောက်ယှက်မှုတွေက ထောင်ပြင်ရောက်နေတဲ့ ဘ၀တွေထိ ထိခိုက်ခဲ့တာတွေ သတိရတယ်။
ဒါတွေကို နင်တို့က ဘာလို့ မတွန်းလှန်နိုင်ခဲ့သလဲ ဆိုတာလဲ ငါဒေါသထွက်ရတဲ့အကြောင်းတခုပဲ။ ဒါလဲ သတိရတယ်။
ကိုယ့်ကိုယ်ကိုယ်မီးလောင်တိုက်သွင်းနေတာလို့ ငါခဏခဏပြောနေရတာလဲ နင်တို့ အပြုံးမပျက်။ဒါလဲ သတိရတယ်။
ငါဒုတိယအကြိမ်ထောင်ထဲ ၀င်တော့ ကလေးလေးကို စိတ်ချ ကျနော်တို့ စောင့်ရှောက်မယ်ဆိုတာတွေ သတိရတယ်။
ခုတော့ တယောက်ပြီးတယောက် အချိန်မတိုင်ခင် ထွက်သွားနှင့်ကြရပြီ။
နင်တို့တွေ ကောင်းရာသုဂတိရောက်ပါစေ။
ငါတို့နောက်လူတွေလဲ တလှမ်းချင်း လိုက်လာနေရတာပဲ ပါပုရယ်…။
(၁၇ ရက်နေ့ ဒီဇင်ဘာ ၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ပါပုအတွက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, December 14, 2010

ချစ်သော ဒီဇင်ဘာ



ဒီလို အေးချမ်းတဲ့ ဒီဇင်ဘာလတွေကို
ငယ်ငယ်တုန်းကတော့ ကျောင်းပေါင်းစုံလမ်းလျှောက်ထွက်တဲ့အခါမှာ ပျော်ရွှင်ခဲ့ဖူးတယ်။
တမြို့လုံးပတ်ပြီး ကာယလေ့ကျင့်ခန်းသရုပ်ပြ ခဲ့ရတုန်းကလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
အသက် ၁၆နှစ်ကျော်ခါစ...
ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်တက်တော့ ကားနဲ့ မသွားပဲ မနက်စောစော ကန်သုံးဆင့်လမ်းကို စက်ဘီးစီးရတာလဲ ပျော်ရွှင်ခဲ့ဖူးတယ်။
မြူတွေဆိုင်းနေတဲ့ နှစ်တနှစ်မှာတုန်းက စက်ဘီးစီးရင်း ရှေ့ တလံလောက်ကို မမြင်ရတော့တာ။ စက်ဘီးတူတူစီးဘက်တွေနဲ့ တယောက်မျက်နှာ တယောက်ကြည့်ကြရင်း မျက်တော်တွေပေါ်က နှင်းတွေကို သဘောတကျ ရယ်မောခဲ့ရတာ ဘယ်လိုမှမမေ့နိုင်တဲ့ ပျော်ရွှင်မှုတွေပေါ့။
အသက် ၂၀ ၀န်းကျင်
ရန်ကုန်တက္ကသိုလ်တက်တော့ ဒီဇင်ဘာချမ်းချမ်းအေးအေးထဲ မနက်စောစော အဆောင်ရှေ့က ခြံတံခါးဝမှာ လာထားတတ်တဲ့ ကိုယ့်နာမည်တပ်သစ်ခွဖြူဖြူတွေကို ဘယ်သူပေးလဲ မသိတတ်ပဲ နေ့တိုင်းဆင်းယူပြီး ဘုရားပန်းကပ်ခဲ့တာ။(အဲဒါ ဘယ်သူလဲ ခုထိမသိခဲ့ရဘူး)
အသက် ၃၀ မှာ...
ချစ်တဲ့သူ ရှိရာ လွိုင်ကော်ကို လိုက်သွားတော့လဲ ခုလိုဒီဇင်ဘာအေးအေးတွေ ကြုံရပြန်ရော။ အနွေးထည်တွေ တထပ်ကြီး ၀တ်ပြီး မနက်စောစော လမ်းထလျှောက်ကြရတာ၊ တဖြည်းဖြည်းတထည်ပြီး တထည်ချွတ်ကိုင်တော့ လက်ထဲမှာ အနွေးထည်ချည်းပုံနေတာ။ မီးပုံတွေ ဖိုပြီး ရဲဘော်တွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ခေါင်ရည် ရယ် အသားကင်ရယ်နဲ့ နှစ်သစ်ကြိုဆိုခဲ့ရတဲ့ နှစ်တွေ ပြန်မဆုံနိုင်သေးတဲ့ အဲဒီရဲဘော်တွေကိုလဲ အမှတ်ရမိနေသေးတယ်၊ တောင်တွေ ကြားထဲက လွိုင်ကော်ဒီဇင်ဘာရဲ့ အေးမြမှု လန်းဆန်းမှုတွေကြောင့် ဒီနေ့ထိမမေ့နိုင်ပဲ မြန်မာပြည်ပြန်ဖြစ်ရင် လွိုင်ကော်မှာ သွားနေချင်တယ်လို့ ခဏခဏပြောဖြစ်ခဲ့ရတာပါ။
အသက် ၄၀ ကျော်...
နော်ဝေးအော်စလိုဆောင်းရဲ့ အနှုတ် ၇ ချမ်းအေးမှုမှာ တိုက်ရိုက်တင်ဆက်တခုအဖြစ် ၂၀၀၈ နိုဘယ်ဆုရှင် ပိုလန်သမတဟောင်းကို နှုတ်ဆက်တဲ့ သတင်းသွားရိုက်တုန်းက ကင်မရာမန်းကလဲ လက်တွေအေးခဲ၊ တင်ဆက်သူကျမကလဲ တုန်တုန်ခိုက်ခိုက်.. အဲဒါကလဲ အမှတ်တရတခု။

ခုရောက်နေတဲ့ မဲဆောက်ကတော့ ဆောင်းဆိုတာ သိသာယုံလေးအေးနေတာပဲ ရှိပါတယ်။ ဒါပေမဲ့လဲ ဒီဇင်ဘာအငွေ့အသက် ခရစ်စမတ်သီချင်းဆိုသံတွေကတော့ ကြားနေရပြီလေ။ ခြံတံခါးဝကနေ ဟက်ပီးခရစ်စမတ် တူးယူ ဆိုတဲ့အသံသာသာလေးနဲ့ လှုပ်နှိုးလာရင်တော့ ကြိုတင်ပြင်ဆင်ထားတဲ့ လိမ္မော်သီးတွေ သကြားလုံးတွေနဲ့ ကြိုဆိုရဦးမှာပေါ့။

ဒီလိုနဲ့ပဲ တနှစ်ပြီး တနှစ်ဖြတ်သန်းခဲ့ရ..
ပျော်ရွှင်မှုတွေကို အမှတ်တရပွေ့ဖက်လို့..
နာကျင်မှုတွေကို မေ့ပစ်နိုင်အောင်ကြိုးစားလို့..
ကျရှုံးခဲ့ရမှုတွေကို သင်ခန်းစာယူလို့...
အောင်မြင်မှုတွေက လှေခါးထစ်အသွင်ပြောင်းလို့...
ဘ၀ကြီး မဆုံးသရွေ့... ဆက်လျှောက်နေကြရဦးမှာပဲ မဟုတ်လားးးး

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်


Monday, June 21, 2010

အန်တီစုပြီးရင် ကိုယ်

ခေါင်းစဉ်ကြည့်ပြီး တလွဲတော့ မတွေးလိုက်ကြပါနဲ့။
အန်တီစုမွေးနေ့ပြီး တရက်ကျော်မှာ ကျမရဲ့ မွေးနေ့ပါလို့ ပြောချင်တာပါ။(အနှစ် နှစ်ဆယ်တိတိ ကွာခြားပါတယ်)
ဒီနေ့တော့ ဘလော့လာ ရွှေပရိတ်သတ်များကို ကျမ်းခန့်သာလို့ မာပါစေလို့ ဒီစာမျက်နှာပေါ်ကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဘလော့လေး စတင်ရေးသားခဲ့တဲ့ ၃ နှစ်ပြည့်လဲ ဖြစ်တာမို့ ကျမ သိစေချင်တာ ခံစားစေချင်တာ ဝေမျှချင်တာတွေကို လာရောက်ဖတ်ရှုအားပေးခဲ့ကြတဲ့ စာဖတ်သူ ဘလော့ဖတ်သူများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းဘလော့ရေးဖော်ရေးဖက်အနေနဲ့ လှည့်လည်ဖတ်ရှုဖို့ရောက်လာသည်ဖြစ်စေ။ မျက်စိလည်လမ်းမှားလို့ ဖြစ်စေ တမင်လာရောက်အားပေးကြသည်ဖြစ်စေ၊ ကောမန့်တွေနဲ့ အားပေးသည်ဖြစ်စေ၊ ကောမန့်မချပဲ တိတ်တဆိတ် ပြန်လှည့်သွားသူဖြစ်စေ အားလုံးကို ကျေးဇူးတင်နေမှာပါ။ ကျမရဲ့ ဘလော့မှာ တင်ထားသမျှအားလုံး စာဖတ်သူ တစုံတရာ(အချစ်၊ အမုန်း စသဖြင့် ရသ၉ပါး တပါးပါး) ခံစားရရှိသွားစေဖို့ ရည်ရွယ်ပါတယ်လို့လဲ ပွင့်ပွင့်လင်းလင်းဝန်ခံပါရစေ။

မအားတာနဲ့ ရေးဖို့ပျင်းနေတာကြောင့် အရင်ကလို ၀တ္တုတို ရှည်လေးတွေ မရေးဖြစ်နေတာကိုလဲ စိတ်ထဲမှာ ၀မ်းနည်းနေမိတယ်။
ကျမ စာရေးဆရာမ မဟုတ်ပေမယ့် ပရိတ်သတ်ကို ဆွဲငင်ဖမ်းစားနိုင်တဲ့အရေးအသား ဇာတ်အိမ်ကြီးတွေနဲ့ စာရေးဆရာမတဦးဖြစ်ချင်ပါတယ်။ အဲဒီအတွက် ဇွဲ ရှိဖို့ လုံ့လစိုက်ဖို့ ကိုယ့်ကိုယ်ကို အသိပေးနေဆဲပါ။

ဒါနဲ့ပဲ အသက်တနှစ်ကြီးလာပြန်တယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်းကို ဆက်လက်လျှောက်လှမ်းနေဦးမယ်။
ကိုယ့်ရွေးချယ်မှုကို ယုံကြည်ချက်က တွန်းအားပေးပါတယ်။
ကျမကို ကျေးဇူးမတင်ကြပါနဲ့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, April 18, 2010

ဝမ်းနည်းကြောင်းလေး ရေးပေးပါ....





ဗုံးပေါက်ကွဲမှုတွေကနေ သင်ခန်းစာတွေ ယူတတ်ကြဖို့ လိုလိမ့်မယ်လို့ ဖေ့ဘွတ်တွေ လည်ဖတ်ရင်း ဘလော့တွေ လည်ဖတ်ရင်းကနေ တွေးမိသွားတယ်။

တကယ်က ခုသေတဲ့လူတွေကိုကြည့်ပြီး ကျမသနားမိတာက ကျန်တဲ့လူတွေ သနားတာနဲ့ နည်းနည်းကွာခြားမယ်။ ဘယ်လိုကွာခြားလဲ ဆိုတော့ စစ်တပ်ဆိုတာနဲ့ ပေါင်းနေရင်၊ သူတို့ စိတ်ကျေနပ်အောင် မျက်နှာချိုသွေးနေနိုင်ရင်၊ နိုင်ငံရေး ဆိုတာကြီးနဲ့ ဝေးဝေးနေနိုင်ရင် ငါတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စိတ်ချရပြီလို့ စဉ်းစားထားတဲ့လူတွေ လက်တွေ့ ကျင့်သုံးနေတဲ့လူတွေ အတွက် သူတို့အားထားလေးစားကိုးကွယ် မျက်နှာချိုသွေးနေတဲ့ အဲဒီ ဗွီအိုင်ပီ လူတန်းစားကြီးရဲ့ ဗွီအိုင်ပီ ရေကစားမဏ္ဍပ်မှာ ခုလိုလဲ သေနိုင်တယ် ဆိုတာကို အသက်နဲ့ ရင်းပြီးမှ သိလိုက်ရလို့ပဲ။

ဒီစနစ်ကြီးအောက်မှာ နိုင်ငံရေးမလုပ်ဘူး။ လက်ရှိအာဏာရှိသူနဲ့ ပေါင်းရင် အဆင်ပြေတန်ကောင်းပါရဲ့၊ အသတ်မခံရဘူး၊ အဖမ်းမခံရဘူး၊ ပစ္စည်းတွေအလုမခံရဘူး၊ အခွင့်အရေးတွေတောင်ရမယ်လို့ တွေးပြီး ဘ၀ကို လဲခဲ့ရတဲ့လူတွေပါပဲ။ ဘယ်လောက်မျက်နှာချိုသွေးသွေး မကြည်တဲ့အခါ ဖနောင့်နဲ့ အပေါက်ခံရတတ်တာတွေက ရှေ့မှာ သင်ခန်းစာတွေ ပေးသွားတဲ့ လူတွေ လဲ မနည်းပါဘူး။

Tuesday, April 6, 2010

ရင်ထဲ ရှိရာ ….ယုံကြည်ရာ

ဧရာဝတီက ဦးခင်မောင်ဆွေ ဆောင်းပါး ကို ဖတ်ပြီး အော် ခေတ်တိုင်းခေတ်တိုင်းမှာ ဒီလို ခွေးကတက်က နေရနေရ ဆိုတဲ့ လူမျိုးတွေ ရှိပါလားလို့ တရားကျသွားရတယ်။( အဲဒီကောမန့်ကို ဧရာဝတိက တည်းဖြတ်တာ ခံရသေးတယ်)သူက ပါတီကိုတော်တော်ချစ်ပုံပဲ။ ဘာလို့ဆို ဒီနာမည်နဲ့ပါတီမှတ်ပုံတင်မှ၊ ရွေးကောက်ပွဲဝင်မှ သူ့ကို လက်ခံမယ် လို့ တစုံတယောက် အဖွဲ့အစည်းတခုကများ ပြောထားသလားမသိ။ မှတ်ပုံမတင်တော့ ၀မ်းနည်းလွန်းလို့တဲ့။ လွှတ်တော်ထဲက တိုက်ချင်လို့တဲ့။ အမျိုးသားညီလာခံမှာ ခံထားရတာကို သူမသိလို့ ဖြစ်မှာပါလို့ လျော့ပေါ့တွေးပေးနေရတယ်။ လူကြီးဆိုတော့လဲ တွေးမိတွေးရာ ရေးမိရေးရာ ရေးတယ်ထင်ပါတယ်လေ။

အံမယ် သူက ဆိုသေးတယ်လေ။ ခေါင်းအေးအေး ထားစဉ်းစားတာ ရေရှည်အကျိုးမျှော်တတ်တာ သူတို့ ၃ ယောက် ၄ ယောက်ပဲ ဆိုလား။ အော် ငါးဖယ်က ပြောင်းပြန်လို့။ ကိုယ့်ထက် အသက်ကြီးပေမယ့် သူ့အတွေးအခေါ်က ဘာလို့ လွဲနေပါလိမ့်လို့ စဉ်းစားရတာ ခေါင်းတောင်စားသွားသေးတယ်။
သူထောင်ထဲမှာ နေခဲ့တဲ့ နှစ်တွေကို နှမြောမိသေးတယ်။ စောစောစီးစီးသာ ခုလိုတွေးမိရင် စောစော ထွက်နေရမှာပဲဟာနော်။

ခုဆို နိုင်ငံခြားသူ(ထိုင်းမ)ကို ယူထားတဲ့ ဦးသုဝေ ဘယ်လောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲ ကို ၀င်ကြပါ မဲဆွယ်ပေးသော်လည်း ၀င်ခွင့်မရနိုင်၊
ဒေါ်သန်းသန်းနု လဲ ထိုနည်းလည်းကောင်း မြန်မာနိုင်ငံမှာ တဆက်တည်း ၁၀ နှစ် မနေထားမိလို့တဲ့ (ငယ်တုန်းက နေထားတာ မရဘူးလားမသိ) ၀င်ရဘူးတဲ့။ အင်တာဗျူးမှာ နားထောင်လိုက်ရတာ….
ဒေါက်တာခင်ဇော်ဝင်းလဲ နိုင်ငံခြားက လခစားဖြစ်နေတော့ ၀င်လို့ရပါ့မလား သူ့မှာ ပါတီလဲ မရှိ….
နိုင်ငံခြားနဲ့ ဖုန်းလဲ တကော၊ စာလေးတစောင် ၊ အင်တာဗျူးလေးတခု လုပ်မိရင်တောင် ပါတီဖျက်သိမ်းခံရမယ့် ဥပဒေအောက်မှာ…….

လွတ်မြောက်နယ်မြေက ၀င်ချင်နေတဲ့ လူတွေလဲ အခြေခံဥပဒေကို သေချာ မဖတ်မိဘူးလား။ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာလား မိဘတွေအတွက် ခုမှပဲ ပြန်စဉ်းစားမိနေတာလား။
……..
အင်းလေ..သူတို့လဲ သူတို့သမိုင်း သူတို့ရေးနေတာပဲမဟုတ်လား။
...........
.................
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပြည်သူသို့ ပန်ကြားလွှာထွက်သတဲ့။
တကယ်က တိုက်ပွဲမဆုံးသေးဘူး။ တကယ့် အာဏာဖီဆန်ရေးတိုက်ပွဲတွေက ခုမှ စမှာမို့ အရင် ဦးအောင်ရွှေလက်ထက်က မအောင်မြင်ခဲ့တာကို တောင်းပန်တာလားမသိ လို့ တွေးမိတယ်။

အန်အန်လ်ဒီမှာ လုပ်ရမယ့် လမ်းတွေ ။ တိုက်ရမယ့် တိုက်ပွဲလက်နက်တွေ ၊ နည်းနာတွေ ရှိနေပါသေးတယ်။ အဲဒါကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ကြတဲ့ အဖွဲ့ဝင်တွေ အမတ်တွေအားလုံး မှာ တာဝန်ရှိသလို အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အဖွဲ့တိုင်း ပြည်သူတိုင်းမှာလဲ တာဝန်ရှိတယ်။

အဲဒါကတော့..
၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေက ကျွန်ုပ်တို့ ရှေ့ကခေါင်းဆောင်ပေးပါ ဆိုတဲ့ မန်းဒိတ်ကို ရယူထားပြီးနောက် တခါမှ အသုံးမပြုရသေးတဲ့ အတွက် အဲဒီမန်းဒိတ်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်ရထားတဲ့ မန်းဒိတ်တွေကို အသုံးချပေးဖို့ တာဝန်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ပြောပြီး သူကိုယ်တိုင်ရှေ့ဆောင်လုပ်ပြတဲ့ မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတာကို အန်အန်လ်ဒီအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ တဆင့်ပြီးတဆင့် လုပ်ဆောင်ပြကြဖို့။

ဘဘဦးဝင်းတင်ပြောတဲ့ သူသေ ကိုယ်ရှင် နည်းလမ်းတွေကို ကြံဆ တိုက်ပွဲဝင်ဖို့။

ဒီသုံးခုကို တညီတညာတည်း အဖွဲ့ချုပ်က လုပ်ကြည့်ပါ။ ပြည်သူနဲ့ တသားတည်းနေပါဆိုတာ ပြည်သူတွေလမ်းပေါ်ထွက်ရင် လိုက်ထွက်ပေးနိုင်ဖို့ နဲ့ ပြည်သူတွေ လိုက်ပါနိုင်အောင်လဲ ကိုယ်က အရင်ရှေ့ထွက်ဦးဆောင်ပြနိုင်ဖို့ပဲ မဟုတ်ပါလား။

…….
...........
လူထုတိုက်ပွဲကော်မတီ ၂၀၁၀ ရဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးနဲ့ ဘူး လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, March 21, 2010

ကျောခိုင်းလှည့်ထွက်သူများသို့

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျမသဘောထားတွေ တင်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ ဥပဒေတွေ ထွက်လာပါတယ်။ အဲဒီမှာ ပိုပြီး ကောက်ကျစ်ယုတ်မာမှုတွေ အထင်းသားတွေ့ရပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ တစည နဲ့ တိုင်းရင်းသားပါတီ ၁၀ ဖွဲ့ လက်ရှိတရားဝင် တည်ရှိနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အကောင်အထည်ဖေါ်ဆောင်မှု ဘာမှမရှိပဲ သူတို့ဖာသာ ရေးတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ အသစ်ထပ်လုပ်မှာမို့ ခုန ပါတီ ၁၀ဖွဲ့က ပြန်ပြီးမှတ်ပုံတင်ရမတဲ့။ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံမတင်ရင် ပျက်ပြယ်မတဲ့။

အံမယ် သူတို့က တိုင်းပြည်အတွက် သိပ်ပြီး အစိုးရိမ်ကြီးသေးတယ်။ ပါတီက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းကိုတင် အရည်အချင်းကန့်သတ်တာ မဟုတ်ဘူး။ ကိုယ့်ဖာသာ ထောင်မယ့် ပါတီက ပါတီဝင်တွေကိုတောင် လိုက်ပြီး အရည်အချင်း သတ်မှတ်ပေးသေးတယ်။ သိပ်ပြီး စေတနာကြီးတာကိုး။ ထောင်ကျနေတဲ့ လူတွေပါတီထဲပါရင် ပါတီသိက္ခာကျမှာမို့ ပါဝင်ခွင့် မပြုဘူးတဲ့။ ထူးထွေတည့် အံ့ရာသော် ပါပဲလေ။

Thursday, December 31, 2009

၂၀၀၉ ကို နှုတ်ဆက်ခြင်း

၂၀၀၉ ခုနှစ်မှာ မှာ ပို့စ် ၆၀ အတိဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ထက် ရေးနိုင်အားပိုနည်းသွားပါတယ်။ ၂၀၀၇ မှာ ပို့စ် ၉၉ ၊ ၂၀၀၈ မှာ ပို့စ် ၇၉ ၊ ၂၀၀၉ မှာ ပို့စ် ၅၉ ဆိုရင် တနှစ်ကို ပို့စ်ပေါင်း ၂၀ တိတိ လျော့နည်းလာတာမို့ ဒီနှစ် အဲလို မဖြစ်ရလေအောင် ဒီပို့စ်တခုကို အမြန်ဆုံး နှစ်မကူးမီ တင်တာလေ။

တကယ်က ကျမ ဘလော့စလုပ်တုန်းက ၀တ္ထုလေးတွေ ရေးတင်ထားမယ် စိတ်ကူးဖူးပါတယ်။ ဒါပေမယ့်လဲ တကယ်တမ်းရေးဖြစ်တော့ ဘလော့မဖွင့်ခင်ကလောက်တောင် မရေးဖြစ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ ညွှန်းဆိုလောက်ဖွယ် လူတွေ နှစ်သက်တဲ့ ပို့စ်မျိုး မရေးနိုင်တာကို အသေအချာ မြင်မိလိုက်ပြန်ပါတယ်။ အိုးးး ဘာပဲ ဖြစ်ဖြစ်......... စကတည်းက ကိုယ်လုပ်ချင်တာ ကိုယ်ရေးချင်တာ ကိုယ်ပြောချင်တာတွေ ရေးချင်လို့ ဘလော့လုပ်တာပဲလေ လို့ တွေးပြီး ဆက်လက်ချီတက်နေဦးမှာပါပဲ။ ဘလော့လောကကို နှုတ်ဆက်ဖို့ ဆိုတာ တခါမှကို စိတ်မကူးမိပေါင်။ ခုနောက်ပိုင်း ဘလော့အသစ်တွေထဲမှာ ဖတ်လို့ကောင်းတဲ့ ဘလော့တွေဆိုတာ များလွန်းလို့ ဖတ်ရသူတောင် လက်မလည်နိုင် မျက်စိမနိုင် ဖြစ်နေရတာပဲ ။ ကိုယ်မရေးဖြစ်လဲ ဘယ်သူမှတော့ ပြောမယ် မထင်လေ ။

မီဒီယာမှာ လုပ်တဲ့လူဖြစ်တာမို့လဲ သတင်းတွေ ဘယ်လောက်ကြိုသိသိ၊ အချက်အလက်တွေ ဘယ်လောက် ရရ ဘလော့မှာ သတင်းမတင်ပါဘူး။ နို့မို့ ကိုယ့်အလုပ်နဲ့ ဘလော့ရေးတာကြီး ငြိနေမှာ စိုးလွန်းလို့ပါ။ ဒီတော့ ဟိုသတင်းတင်ပါလား ဒီသတင်းတင်ပါလား လာပြောလဲ ကိုယ်ကတော့ မတင်ပေါင်။

ဘလော့တခုတည်း ရှိနေတုန်းက စာတွေ လည်ဖတ် ကိုယ်လဲ စာတွေရေးနဲ့ ညနက်ထိ ကွန်ပျူတာရှေ့ ရှိနေတတ်တဲ့ ကျမက ဖေ့ဘွတ်လဲ အကောင့်ဖွင့်ပြီးရော ဂိမ်းမျိုးစုံနဲ့ အလုပ်ရှုပ်ရပြန်တာမို့ ည ၁ နာရီဆိုတာ အစောဆုံး အိပ်ချိန်ပါ။ အော်.. ဟစ်တလာ တို့ တောင် တည ၄ နာရီပဲ အိပ်တာ ။ ကိုယ်က ၆ နာရီလောက် အိပ်နိုင်တာပဲ အေးဆေးလို့ အားပေးရင်း လယ်စိုက်၊ ကော်ဖီဆိုင်ဖွင့် ၊ ငါးမွေး၊ ရိုလာကိုစတာကွင်းဖွင့်၊ ဆေးခန်းဖွင့် ၊ ချစ်စရာ အကောင်လေးမွေးနဲ့ လက်မလည်နိုင်အောင် ကွန်ပျူတာ နဲ့ မျက်နှာချင်းဆိုင်နေမိပါတယ်။ (ဖေ့ဘွတ်ထဲမှာ နာမည်အတုနဲ့ ဓါတ်ပုံလဲ မတင် ၊ ဘယ်သူပါလို့လဲ မပြောလာပဲ အတ်တဲ့ အတွက် လက်မခံလို့ စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့သူ တချို့က လွဲရင် ပျော်စရာအတော်ကောင်းတာပဲနော်)

အဲဒီဂိမ်းတွေ ဆော့ရင်း ဘ၀ဆိုတာ ဂိမ်းကစားသလိုပါပဲလို့ ဘလော်ဂါ ကိုဖြိုးက ပြောလာတာကိုလဲ စိတ်ပါလက်ပါ ထောက်ခံထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲသန်သန် ချီတက်နေတဲ့ သူတွေ အတွက် ပန်းတိုင်ဆိုတာ ရောက်ကို ရောက်လာတယ် ဆိုတာ ဂိမ်းက ပေးတဲ့ သင်ခန်းစာပါ။

ဒါ့ကြောင့်လဲ ကိုယ်ယုံကြည်ရာကို စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ သံဓိဌာန်ကို ၂၀၁၀ အတွက်လဲ မပြောင်းမလဲ ချမှတ်ထားဆဲပါ။ ၂၀၀၉အတွင်းမှာ ၂၀၀၈ ထက်စာရင် ပိုစိတ်ရှည်လာတာ၊ ပိုပြီး ယဉ်ကျေးလာတာ၊ နည်းနည်းဝိတ်ကျသွားတာတွေကို တိုးတက်မှုမှတ်တမ်းအဖြစ် သိမ်းဆည်း ထားလိုက်ပါတော့မယ်။ တော်ရုံတိုက်ခိုက်မှုမျိုးကို ဘယ်လိုမှ မခံစားတတ်တဲ့ ကျမကို ခေါင်းမာသူလို့ သတ်မှတ်တာမျိုးကိုလဲ ကျေကျေနပ်နပ် လက်ခံတတ်နေပြီ။ ၂၀၀၉ ခုနှစ်မှာ လုပ်မယ်လို့ ရည်မှန်းထားချက် အများစုကို အကော်အထည်ဖော်နိုင်ခဲ့သလို ရည်မှန်းထားပြီး အခြေအနေ အချိန်အခါအရ သည်းခံစောင့်ဆိုင်းထားရတဲ့ အလုပ်တွေကိုလဲ ၂၀၁၀ မှာ အလျှော့မပေးပဲ ဆက်လုပ်ဦးမှာပဲ ဆိုတာ ၂၀၁၀ ကို ကြိုတင် အသိပေးထားလိုက်ပါတယ်။

ဘယ်တော့မှ နောက်မဆုတ်ဘူး နှစ်ထောင့်တဆယ်…
ဖွင့်လာမယ့် နှစ်သစ်တံခါးဝမှာ တို့စောင့်နေတယ်…
အားမာန်ပြင်းပြင်း ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ဖို့ အသင့် …
.

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, August 31, 2009

တို့တူတူ လက်ချင်းတွဲလို့လေ....

ကျမတို့ စုံတွဲ မနက်စောစော မုန့်စားထွက်ဖြစ်ရင် အမြဲ လမ်းလျှောက်ဖြစ်တယ်။ အဲဒီအခါကျ စကားက အဆက်မပြတ်ပြောဖြစ်ကြတာ ပုံမှန်ပဲ။ နေ့စဉ် ညဘယ်လောက်နက်နက် မနက် သားကိုကျောင်းပို့ဖို့ စောစောထရမြဲ။ ကျမက စားဖို့သောက်ဖို့ ပြင်ဆင်ပေးတာကို သားက စားပြီး မနက် ၇ နာရီခွဲတာနဲ့ သူ့အဖေက ကျောင်းလိုက်ပို့ရတာကိုး။

ကျောင်းပို့ပြီး ပြန်လာရင် မုန့်ဟင်းခါးစားမယ်ဆို မုန့်ဟင်းခါးဆိုင်၊ နန်းကြီးသုတ်စားမယ်ဆို နန်းကြီးသုတ်ဆိုင်၊ တို့ဟူးနွေးဆို တို့ဟူးနွေး၊ လက်ဘက်ရည်ဆိုင် ကိုတော့ ထိုင်ဖြစ်တာ များတာပေါ့။ ကျမတို့ ၂ယောက်လုံးက မုန့်ဟင်းခါးကို လဘက်ရည် နဲ့ ပဲပြုတ်နံပြား၊ အီကြာကွေး လောက် မနှစ်သက်တာချင်းတူတာကိုး။ အဲဒီလို သွားတဲ့အခေါက်တိုင်း စကားတပြောပြောနဲ့ ဟိုလူက ဘယ်လို ဒီသတင်းဖတ်ပြီးပလား၊ ကြားပြီးပလား စသဖြင့် ရယ်စရာ မောစရာတွေရော သတင်းစကားတွေရော ပြောဖြစ်နေတာပဲ။ လမ်းလျှောက်ရင်း စကားမပြောပဲ ဒီတိုင်းသွားနေရတာလဲ အလုပ်မှမဟုတ်တာနော်။ အဲဒီအခါတိုင်း လမ်းတလျှောက်တွေ့တဲ့ လူတိုင်းက ဒီလင်မယား အိမ်မှာ စကားမပြောဖြစ်ကြလို့ လမ်းထွက်စကားပြောတာလားတဲ့။ ပြောစရာ မကုန်နိုင်ဘူးလားတဲ့။ အဲဒီလို ပြောတိုင်း ကျမတို့ ၂ယောက်က ရယ်မိကြတယ်။

တကယ်က ကျမတို့ အိမ်မှာဆိုရင် ကိုယ့်ကွန်ပျူတာရှေ့ ကိုယ်ထိုင်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာများတာပါပဲ။ ကျမက အပြင်များများထွက်ရသလို ကျမ အိမ်မှာ ရှိနေပြန်တော့လဲ သူကလဲ သူ့အလုပ်နဲ့ အပြင်ထွက်ရတာတွေ ရှိနေပြန်ရော။ တအိမ်ထဲမှာ မနက်စာ ထမင်းတူတူ မစားဖြစ်ကြသလို ညစာကိုလဲ ကြုံရာစားတာများလာလို့ ညစာတော့ တူတူစားရအောင်လို့ မနည်းစုစည်းထားရတာလေ။

တရက်တော့ အိမ်ကိုလာတဲ့ မိတ်ဆွေတယောက်က ကျမရော သူရော ကွန်ပျူတာရှေ့ထိုင်နေကြတော့ သူ့နားတခါရပ် ကျမနားတခါရပ်ပြီး အော်ရယ်လိုက်တာ တဟားဟားပဲ။
ဘာလို့လဲ သိလား။

သူ ကျမပီအေနားသွားရပ်တုန်းက တုန်ကနဲ ဆိုပြီး တက်လာတဲ့ ချက်ဘောက်မှာ လဘက်ရည်သွားသောက်ဦးမလား လို့ မေးတဲ့စာတန်း ထွက်လာတာတွေ့လို့ ကြည့်လိုက်တော့ ကျမရဲ့ ခင်မင်းဇော် နာမည်နဲ့။
နောက် ကျမနောက်နား လာရပ်ပြီး ကြည့်တော့ ဗွီဒီယို အက်ဒစ် လုပ်နေတာကိုးလို့ တွေးမိတုန်း တုန်ကနဲ တက်လာတဲ့ ချက်ဘောက်က ကိုမင်းဇော်တဲ့။ နောက်နာရီဝက်လောက်ကျ သွားမယ်လေ ဆိုတဲ့ စာတန်းကို ဖတ်ပြီး သူမအောင့်နိုင်ပဲ တဟားဟား ရယ်တော့တာပဲ။ ဒီတော့မှ ကျမက သူ ကျမနောက်နားလာရပ်တာကို သိတော့တာ။
ဘာရယ်တာလဲ ပေါ့ မေးတော့မှ
ခင်ဗျားတို့ ၂ယောက်ကလဲ ပါးစပ်ကပြောတောင် ကြားနေတာကို စာရိုက်ပြောနေတာ ကျနော်ဖြင့် တကယ်ရယ်ချင်တာတဲ့။
ပါးစပ်က အသံထွက်ပြောရမှာ ပျင်းသွားလို့ ... စာပဲ ရိုက်လိုက်တော့တာ လို့ ကျမက ပြန်ဖြေတော့
ဒါ ခေတ်မှီ အိမ်ထောင်သည်တွေရဲ့ ဆက်ဆံရေး ဖြစ်သွားပြီထင်ပါတယ်တဲ့။
ကိုယ်စီကိုယ်ငှ ကိုယ့်ကွန်ပျူတာရှေ့မှာထိုင်ပြီး တကမ္ဘာလုံးက မိတ်ဆွေတွေနဲ့ စကားပြောနေရင်းက တအိမ်တည်းအတူနေသူချင်းက တဖြည်းဖြည်း ဝေးသွားဦးမယ်တဲ့။

သူက တွေးတွေးဆဆ ပြောပြတာမို့ ကျမတို့လဲ သေချာစဉ်းစားမိပြီး ဟုတ်တယ်။ အဲလိုဖြစ်နေပြီဆိုပြီး နေမှုပုံစံသစ်ပြောင်းဖို့ ပြင်ဆင်ကြတာပေါ့။
အဲဒါနဲ့ အစပိုင်းမှာ ရေးထားသလို ကျမတို့ အလုပ်မရှိတဲ့ နေ့တွေမှာ မနက်ပိုင်းတွေကို တူတူလမ်းလျှောက်အပြင်ထွက်ကြတယ်။ စကားတွေပြောကြတယ်။
ပတ်ဝန်းကျင်အကြောင်း ....
အိမ်နီးချင်းတွေအကြောင်း.....
သူ့ဆွေမျိုး ကိုယ့်ဆွေမျိုးအကြောင်း ......
သူ့မိတ်ဆွေ ကိုယ့်မိတ်ဆွေအကြောင်း ...
သားနဲ့ ပတ်သက်တဲ့အကြောင်း.....
အလုပ်ထဲက မပြေလည်မှုတွေ ပြေလည်မှုတွေအကြောင်း......
တခါတလေ အတိတ်အကြောင်း...
တခါတလေ အနာဂတ်အကြောင်း.....
ပြီးတော့ တယောက်လက်ကို တယောက်ဆွဲပြီး ရယ်စရာတွေကို တူတူရယ်မောခဲ့ကြတော့တယ်။
မိုးတွင်းကုန်ရင်တော့ ညနေပိုင်းတွေမှာပါ အချိန်ယူလမ်းလျှောက်ဦးမယ်လို့လဲ စိတ်ကူးထဲမှာ စီစဉ်ထားပါပြီ။
ကျမတို့နဲ့ တူတူလမ်းလျှောက်ကြမယ်လေ.... လိုက်မယ်မဟုတ်လားးး။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, June 11, 2009

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့)

လာမည့် ဇွန်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ခြင်းအလင်းတန်း။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ အဲဒီနေ့ကိုပဲ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ၁၉၉၆ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပခဲ့ပါတယ်။ ဘာ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ် ကျင်းပခဲ့ပါသလဲ ဆိုရရင်တော့ အံ့ချီးမကုန်နိုင်ဖွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှုတွေကို တန်းစီချရေးပြရမှာပါပဲ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပတဲ့အခါမှာ နအဖအနေနဲ့ တော်တော်လေး အထိနာခဲ့ပါတယ်။ အဲဒီနေ့ အတည်ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် သူတို့ကလဲ အားကျမခံ ရက်တရက်ကို သတ်မှတ်လိုက်ပါတယ်၊ ( အဲဒီရက်ကို သိပေမယ့် ပေထက်အက္ခရာ မတင်ချင်လို့ ထည့်မရေးပါဘူး) ဘယ်သူ့မွေးနေ့ ဘာရည်ရွယ်ချက် ရှိတယ်လို့တော့ သတင်းစာထဲ ရေးထားတာ မတွေ့မိပါဘူး။ ဒီလိုပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အမျိုးသမီးလုပ်ငန်းအဖွဲ့) ရှိတော့ သူတို့ကလဲ အားကျမခံ အမျိုးသမီးရေးရာတဲ့။ သူတို့ကမှ နောက်လိုက်အစစ်၊ သူများလုပ်မှ လိုက်လိုက်လုပ်၊ ပြီးတော့ အစိုးရတဲ့။ သူတို့မို့မရှက်။(ဒါတွေက ကြုံလို့ ထည့်ရေးလိုက်တာပါ။ )

ကျမပြောချင်တဲ့ အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ပြည်ပမှာ တခမ်းတနား ကျင်းပပေးနေသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လေးစားချစ်ခင်လို့ သူမရှိပဲ သူ့အတွက် မွေးနေ့ကျင်းပတာမို့ ဒီ့ထက် ပိုပြီးအဆင့်မြှင့်လို့ သူ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ်လဲ အသိအမှတ်ပြုပေးစေချင်တာပါ။ ကြီးမြတ်တဲ့ လူပုဂ္ဂိုလ်တွေကို အစွဲပြုပြီး သူတို့လိုစိတ်ဓါတ်၊ သူတို့လို စွမ်းဆောင်ရည်တွေ ဖြစ်ပေါ်လာစေဖို့၊ သူတို့ရဲ့ ၀ိဉာဉ်တွေ ပူးကပ်စေလိုမှုတွေနဲ့ နေ့ထူးနေ့မြတ် သတ်မှတ်ကြတာပဲ မဟုတ်လား။

ကျမတို့ငယ်ငယ်တုန်းက စာကျက်ခဲ့ကြသလိုပေါ့။ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်အကျိုးသယ်ပိုးမယ့် နိုင်ငံသားကောင်းမျိုးဆက်သစ်တွေ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါသည်။ ……ဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ဥာဏ်ပညာ ထက်မြက်သော၊ စိတ်ဓါတ်ခိုင်မာတည်ကြည်သော၊ စွန့်လွှတ်စွန့်စားဝံ့သော၊ ရဲရင့်သော မြန်မာအမျိုးသမီးကောင်းများပေါ်ထွက်လာစေရန် ရည်သန်၍သော်၎င်း။ လူကို မတရား ဖမ်းဆီးချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ဓါတ်လွတ်လပ်ရှင်သန်နေသော ဒေါ်အောင်ဆန်းစုကြည်ကို အားကျအတုယူပြီး ဒေါ်အောင်ဆန်းစုကြည်လေးများ ပေါ်ထွက်လာစေရန် ရည်သန်၍ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပသည်မှာ ပထမအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ချိန် ၁၉၉၆ ခုနှစ်မှ စတင်ခဲ့ပါသည်၊ … လို့ တချိန်ကျရင် ကျမတို့နိုင်ငံတော်သစ်ရဲ့ စာသင်ခန်းတွေထဲမှာ မလွဲမသွေစာအံသံတွေ ပေါ်လာစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ
ဒီမိုကရေစီခေါင်းဆောင်…..
လူထုခေါင်းဆောင်….
အမျိုးသားခေါင်းဆောင်….
ဒီလိုဝိသေသတွေက လုပ်ယူလို့မရ။ ကိုယ်တိုင်လုပ်မှ ရရှိပါသည်။
စစ်အာဏာရှင်စနစ်ကတော့ သူတို့ရဲ့ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်းပြသနေခဲ့သည်မှာ အကြိမ်ပေါင်းများခဲ့ပြီ။သူတို့မှာ ဆွေးနွေးရန် စကားလုံးမရှိ၊ ဖိနှိပ်ရန် လက်နက်သာ ရှိသည်။ ဒုတိယ လွတ်မြောက်ရေး တိုက်ပွဲကား ပြည်သူတဦးချင်းစီရဲ့ ရှေ့ကိုရောက်ရှိနေလေပြီ။ လူတဦးချင်းစီအား စမ်းသပ်နေလေပြီ။ အာဇာနည်အစစ်တွေကို မွေးဖွားပေးရန် အမိမြန်မာပြည်ကြီးက တောင်းဆိုနေပြီ။ မည်သို့ဖြတ်သန်းကြမည်နည်း။ ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုများတွင် လူတိုင်း ပါဝင်ရန်မသေချာ၊ သို့သော် ဒီမိုကရေစီ ရရှိခဲ့လျှင်ဖြင့် လူတိုင်းခံစားနိုင်မှာ အသေအချာပင် မဟုတ်ပါလော……။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 30, 2009

ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များရဲ့ ပိုင်ရှင်

တနေ့က မဲဆောက်နဲ့ နေ့ချင်းပြန်ခရီးတခု နယ်စပ်မျဉ်းကြောင်းတနေရာကို သွားခဲ့တယ်။ အဲဒီမှာ လူပုဂ္ဂိုလ်တယောက်ကို တွေ့ခဲ့ရတယ်။ အသက်ခပ်ကြီးကြီးလို့ ပြောလို့ရမယ်။ လူစိမ်းမို့ ပြုံးပြ နှုတ်ဆက်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ပြန်လာခဲ့တယ်။ ဒါပေမယ့် အဲဒီလူရဲ့ ဥပဓိရုပ်က ကြည်လင်ပြီး လေးစားဖွယ် ရှိတာမို့ အိမ်ပြန်ရောက်တော့ ပြောပြဖြစ်တယ်။ ဘယ်လိုပုံသဏ္ဍာန်နဲ့ ဦးလေး တယောက်ကို တွေ့ခဲ့တယ်။ သူနဲ့တွဲတွေ့တာ ဘယ်သူပေါ့။ စသဖြင့်ပေါ့။ နောက်နေ့မှာ သူနဲ့တွဲတွေ့သူရဲ့ အိမ်ကို ရောက်သွားတယ်။ စကားတွေ ဆက်ပြောကြရင်း အဲဒါ ဘယ်သူလေ ဆိုတော့ အံ့သြမိသွားတယ်။ ဘာလို့ဆို သူက ကျမနှစ်သက်လွန်းလို့ ကျမဘလော့မှာ သူ့ရဲ့ ဆောင်းပါးတပုဒ်ကို ယူပြီး ခပ်စောစောပိုင်းက တင်ခဲ့ဖူးတာကိုး။ အဲဒီဆောင်းပါးကလဲ ခေတ်ပြိုင်မှာ တင်တဲ့ ဆောင်းပါး။

ဒီဆောင်းပါးကို ဖတ်လိုက်ရကတည်းက သူရေးထားတဲ့ စိန်မှုန်ပွင့်လေးတွေကို ကျမက ရှာဖွေနေခဲ့ဘူးတယ်။
ဖုန်မှုန့်လိုလူမဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့အတူ ဆောင်းပါးထဲက အတိုင်း အတ္တကိုအောင်နိုင်သူဖြစ်ဖို့ ကျမက အတတ်နိုင်ဆုံး ကြိုးစားချင်မိတယ်။ သူဟာ သူရေးတဲ့ဆောင်းပါးထဲက လူမျိုးပါပဲ။ အဲလိုမှန်းသိရင် သူ့ကို သေချာ နှုတ်ဆက်လိုက်ပါတယ်လို့။ ခုတော့ နောက်ဘယ်အချိန်မှာ ပြန်တွေ့တော့မယ် မသိတဲ့ ဆောင်းပါးရှင်ကို စိတ်ထဲကပဲ နှုတ်ဆက်လိုက်ပါတယ်။ ကျမတို့ အောင်ပွဲတွေနဲ့ ပြန်တွေ့ခွင့်ရပါစေလို့လေ။

အဲဒီဆောင်းပါးရှင် မြတ်နိုးရဲ့ ခေတ်ပြိုင်မှာ ဖော်ပြခဲ့ဘူးတဲ့ ဆောင်းပါးလေးကို ကျမဘလော့ ဒီနေရာလေးမှာ တင်ပေးခဲ့ဘူးပါတယ်။ ဖတ်ရှုကြည့်ပါဦးရှင်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Wednesday, April 22, 2009

ကျွန်းပြန်တယောက်နဲ့ စကားလက်ဆုံ…

မနေ့ညနေက မိတ်ဆွေတဦးက အမ မုန့်ဟင်းခါးချက်တယ် လာစားပါ ဆိုလို့ သွားရင်း ကျွန်းပြန်တဦးနဲ့ အမှတ်မထင်တွေ့တယ်။ အဲဒါ ဆရာဦးတင့်ဇော်လေ ဆိုပြီး ကဗျာဆရာ မောင်လွမ်းဏီက ပြောတော့ စားလက်စ မုန့်ပန်းကန်ကို ဘေးနားချရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်လို့ သိချင်တာတွေ တရစပ်မေးမိတယ်။ သူကလဲ စကားကို ရေပက်မ၀င်ကို ပြောတာပဲ။ ကျမဖြင့် အားရလိုက်တာ စိတ်ထဲမှာ သိချင်တာတွေကို သေချာမေးလိုက်ရတော့ တော်တော် ကျေနပ်မိတယ်။

ဆရာဦးတင့်ဇော်နဲ့ တွေ့တော့ သူ့လက်ရေးစာမူ စာအုပ်ကို ၁၉၉၇ လောက်က ဖတ်ရတာ မှတ်မိနေတယ်။ အဲဒီစာအုပ်ဖတ်မိပြီး သိချင်တာတချို့ကို မေးမိတာပါ။

မေးမိတဲ့အထဲမှာ ကျွန်းက ထွက်ပြေးမယ့်လူတွေကို သံလိုက်အိမ်မြှောင် လုပ်ပေးခဲ့တဲ့အကြောင်း၊ လှေကို တွန်းထုတ်ပေးမယ့် လူအဖြစ် လိုက်ပေးတော့ လိုက်သွားချင်စိတ် မဖြစ်မိဘူးလား ဆိုတာရော မေးတာအစုံ။ သူ ပြန်ဖြေတာတွေကတော့ အများကြီးပေါ့။

အဲလိုပြောကြရင်းနဲ့ ကျွန်းဖျက်သိမ်းတဲ့ စာမထွက်ခင် ကျဆုံးခဲ့တဲ့ အစာငတ်ခံဆန္ဒပြတဲ့ လူတွေအကြောင်း ရောက်သွားရော။ ဘယ်လိုအစာငတ်ခံကြတာလဲ ဆရာရော အဲဒီအစာငတ်ခံတဲ့အထဲ ပါသေးလား ဆိုတော့ သူက ပထမ တခါ ရက် ၄၀ တိုက်ပွဲမှာ ပထမသုတ်ကတည်းက ပါထားလို့ ခုအပတ်မှာ မပါရပဲ ဘေးက ကူညီတဲ့အဖွဲ့မှာ ပါတယ်တဲ့။
သူတို့ အရက်၄၀ တိုက်ပွဲတုန်းက အသေအပျောက်မရှိပဲ သူတို့လိုချင်တဲ့ အချက်တွေ ရခဲ့တယ်တဲ့။ ခု သမီးမေးတဲ့်တိုက်ပွဲမှာတော့ ကျွန်းစနစ်ကို ဖျက်သိမ်းလိုက်တဲ့ ထိ အောင်မြင်ခဲ့တယ်တဲ့။ ဒါပေမယ့် တို့ဖက်က ၈ ယောက် ကျဆုံးခဲ့တာတဲ့။

ဦးတင့်ဇော်(ခ) ဦးလှဖေ(တကသ ကျောင်းသားခေါင်းဆောင်ဟောင်း)
တခါတိုက်ပွဲမှာ ပထမသုတ် ဒုတိယ သုတ် ဘယ်လိုခွဲလဲ ဆိုတော့ ပထမ တသုတ် အစာငတ်ခံပြီး တပတ်အကြာမှာ ဒုတိယသုတ်၊ ဒုတိယသုတ် ၀င်ပြီးနောက်တပတ်အကြာ တတိယသုတ် ၊ ပထမသုတ်နဲ့ ဆိုရင် ၂ ပတ်အကွာပေါ့။ အဲလိုဝင်တာတဲ့
ကျဆုံးတဲ့ ၈ ယောက်လုံးက ပထမသုတ်ကချည်းပဲလား ဆိုတော့ မဟုတ်ဘူးတဲ့ ပထမသုတ်ကလဲ ပါတယ် ဒုတိယသုတ်ကလဲ ပါတယ် တတိယ သုတ်ကလဲ ပါတယ်တဲ့။ နောက်ဆုံး တိုက်ပွဲ ဘယ်နှစ်ရက်ကြာခဲ့လဲ ဆိုတော့ ၅၃ ရက်တဲ့။

ဆရာရေ အဲဒီမှာ အစာငတ်ခံတိုက်ပွဲဝင်နေရင်း နှုတ်ထွက်တာရော ရှိသလားပေါ့။ သေတဲ့လူရှိလာတဲ့အခါမှာ နှုတ်ထွက်မယ့်လူရော မရှိဘူးလားပေါ့။ ဒီတော့ ဆရာဦးတင့်ဇော်က ဒီတိုက်ပွဲကို စတိုက်မယ် ဆိုကတည်းက အသက်သေတဲ့အထိ အဆုံးတိုင် တိုက်မယ်လို့ ဆုံးဖြတ်ထားတာပဲတဲ့ ။ ဒီတော့ လူတွေက ကြံ့ခိုင်ပြီးသားတဲ့။ သေတော့မယ်ဆိုရင် လူက ခြေဖျားတွေက စပြီးအေးလာတာတဲ့။ အေးလာတဲ့ လူကို ကျန်တဲ့လူတွေက ပြုစု ခြေဖျားလက်ဖျားလေးတွေကို ဆုပ်ကိုင်ပြီး စကားလေး ပြောပေးနေရင်း ကျဆုံးကြတာပဲတဲ့။ တချို့ကျ သတိလစ်သွားတာကနေ ကျဆုံးတာတဲ့။ တယောက်ဆိုရင် လက်မြှောက်တော့ တခုခု လိုချင်တယ်မှတ်လို့ ဘာလိုချင်လဲလို့ မေးနေရင်း က အလေးပြုလိုက်ရင်း ကျဆုံးသွားတာတဲ့။ ၅၃ ရက်တိုက်ပွဲမှာတော့ တယောက် နှုတ်ထွက်တာ ရှိခဲ့တယ်တဲ့။ ကျန်တဲ့လူတွေကတော့ တိုက်ပွဲ ပြီးတဲ့ထိ တိုက်မယ်ဆိုပြီး ကြံ့ကြံ့ခံနေခဲ့တာတဲ့။(အဲဒီနှုတ်ထွက်တဲ့ လူနဲ့ နှစ်အတန်ကြာ ထောင်ကလွတ်တော့ သူနဲ့ ဆုံခဲ့သေးတယ်တဲ့။ နှစ်တွေ အဲလောက်ကြာတဲ့အချိန်မှာတောင် အဲဒီလူက အဲဒီတုန်းက သူနှုတ်ထွက်ခဲ့တာ မှားပါတယ်လို့ တောင်းပန်တယ်တဲ့ ဆရာကပြောသွားသေးတယ်။)

သူတို့လက်ထက်က စာရေးဆရာ မြသန်းတင့်တို့ ၊လေထီးဦးအုန်းမောင်တို့တွေက ဒီတိုက်ပွဲတွေကို ဦးဆောင်ပါဝင်ခဲ့ကြတယ်။ အသက်သေချင် သေပါစေ အာဏာရှင်ကို တိုက်မယ်။ မတရားတဲ့ အမိန့်ကို တိုက်မယ်ဆိုပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ တိုက်ပွဲကြောင့် ဒီနေ့ထိ အဲဒီကျွန်းစနစ်က မရှိတော့တာပေါ့။ သူတို့သာ ခုလိုအသေခံမတိုက်ခဲ့ကြရင် ခုချိန်ဆို ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ အဲဒီကိုကိုးကျွန်းကို ရောက်နေလောက်ပြီ။

သူပြောတာကို နားထောင်ရင်း ကျမက ဒီနေ့အခြေအနေနဲ့ ဆက်စပ်တွေးမိနေတာပါ။
အဲဒီကျွန်းလို နေရာမဟုတ်ပဲနဲ့ ဒီနေ့ နယ်စပ်ဒေသက လူတွေ အနေနဲ့ သူတို့လို ဆက်သွယ်မှုဘယ်လိုမှ လုပ်မရတဲ့နေရာလဲ မဟုတ်၊ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်လုပ်ချင်တာ လုပ်နေနိုင်တဲ့ ဘ၀မှာ ဘာလို့ တိုက်ပွဲတွေကို စွန့်ခွာပြေးကြသလဲ။ လူ့ဘ၀မှာ လူတိုင်းတွေ့နိုင်တဲ့ အခက်အခဲ အချို့ကြောင့် ဘ၀ရော အသက်ရော ပေးပြီးလုပ်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးနဲ့ ဝေးရာကို ဘာလို့ ပြေးကြသလဲ။ အဲဒီခေတ်က နိုင်ငံရေးသမားတွေ ၊ မျိုးချစ်ပုဂ္ဂိုလ်တွေလောက် အနစ်နာခံ အသေခံ ပြီး တိုင်းပြည်အတွက် လုပ်ပေးဖို့ စိတ်ဓါတ်တွေကို မရှိတော့တာလား။ လုပ်ဖို့ အလုပ်မရှိတာလား။

သားသမီးတွေ ရှေ့ရေးကြောင့်ဆိုတဲ့ လူတွေ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဒီနယ်က ထွက်ရတာလို့ သူများအပြစ်လွှဲချပြီး ထွက်သွားကြသူတွေ။ အကြောင်းကြောင်းကြောင့် နအဖ ထံမှာ လက်နက်မချခဲ့ကြပေမယ့် တတိယနိုင်ငံမှာ လက်နက်ချသွားသူတွေ။ အော် …. တိုက်ပွဲကို သူတို့ ဘယ်လိုနားလည်သလဲ။ အနှစ် ၂၀ ရှိပြီ ဘာမှမဖြစ်သေးဘူး လို့ ပြောနေသူတွေ။ သူတို့ရော အာဏာရှင်ကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်ခဲ့ဘူးသလဲ …

ခုနောက်ပိုင်းတွေ့ရတဲ့ အာဏာရှင်တိုက်နေတဲ့ ဘက်က လူတွေ မကောင်းကြောင်းတွေချည်း လိုက်ပြောပြီး ကိုယ်တိုင်က နာမည်တောင်မဖော်ရဲတဲ့ လူတွေ။ ဒါတွေကို မြင်ရ ဖတ်ရတဲ့အခါ ဆရာဦးတင့်ဇော်တို့ရဲ့ အသက်ပေးတိုက်တဲ့ ကျွန်းတိုက်ပွဲကိုပဲ မြင်ယောင်နေမိတော့တယ်။

အဲဒီမှာလဲ အဖွဲ့တွေပါတီတွေ အစုံရှိတာပါပဲ။ မြေပေါ် မြေအောက် ကျောင်းသား ပါတီ အစုံရှိနေခဲ့တာပဲ။ သူတို့တွေ သိခဲ့ကြတယ်။ အဓိကရန်သူက ဘာလဲ။ ဒီတိုက်ပွဲကို ဘယ်လိုတိုက်မလဲ။ ဘယ်သူတွေက ပံ့ပိုးကူညီမလဲ။ ဘယ်လောက်ထိ စွန့်ရမယ် …။ သိရက်နဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေ… အဲဒီခေတ်က နိုင်ငံချစ်စိတ်က ဒီနေ့ခေတ်ထက်များ ပိုနေကြသလား။

ဆရာနဲ့ စကားပြောခန်းက ဆုံးသွားပေမယ့် ကျမအတွေးတွေက မဆုံးနိုင်သေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောဖူးပါတယ်။ တော်လှန်ရေး လုပ်မယ်ဆိုရင် အဆုံးထိ လုပ်ရမယ်တဲ့။ ဒါ့ကြောင့်လဲ အကျဉ်းကျနေတဲ့ ကာလထဲမှာပဲ အာဇာနည်တို့၏ လုပ်ငန်းသည် ဆုံးခန်းတိုင်အောင် လုပ်ရမည်လို့ သူ့အိမ်မှာတောင် စာတန်းချိတ်ခဲ့ဘူးတာပဲ။ သူက ခိုင်မာပြတ်သားစွာ ရပ်တည်နေဆဲ။ တော်လှန်ရေးအပေါ် ယုံကြည်စိတ်က ခုလို ခိုင်မာပြတ်သားမှုကို ဖြစ်စေတာထင်ပါရဲ့။

တော်လှန်ရေးဆိုတာ ဘယ်နေ့ပြီးမယ်တော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ယုံကြည်စိတ်ကပဲ အနားသတ်ပေးတယ် ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ သူရဲကောင်းတွေ ရှိနေဆဲပါ။
(ကိုယ်တွေးမိရာကို တွေးတဲ့အတိုင်း ရေးထားတာပါ။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, March 8, 2009

နိုင်ငံတကာအမျိုးသမီးများနေ့

အမျိုးသမီးတွေရဲ့ ကြီးမြတ်မှုကို ဒီလိုသရုပ်ဖော်ထားပါတယ်။
ဒီရုပ်တုကို နော်ဝေးက ရုံးတရုံးရှေ့မှာ ရိုက်ယူလာခဲ့တာပါ။ ဘာရုံးလဲ ဆိုတာ မေ့နေပြီ သိတဲ့လူ ကောမန့်ပေးခဲ့ပါနော်။
ဘယ်သူက ငြင်းနိုင်လို့လဲ၊ ဒီအမှန်တရားကို။ ဒါ့ကြောင့်လဲ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ မြင့်မြတ်မှုတွေကို ဘယ်လိုအကြောင်းကြောင့်မှ ချေဖျက်ပြစ်တာ မခံရစေချင်ဘူး။ ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားပြီး ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ပြသရမယ်။ အမျိုးသမီးဖြစ်လို့ ဆိုတဲ့ အချက်တခုနဲ့တော့ နေရာယူချင်စိတ် မရှိဖို့လိုတယ်။ ကိုယ်ပိုင်အရည်အချင်းသည်သာ အဓိကပါပဲ။ အဲဒီအခါကျရင် အားလုံးထက် သာလွန်တဲ့လေးစားဖွယ်ရာတွေကို အမျိုးသမီးဆိုတဲ့ပညတ်ချက်ကနေ သယ်ဆောင်လာလိမ့်မယ် မဟုတ်ပါလား။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

Friday, January 16, 2009

အိမ်ကို ပြန်ရောက်ပြီ။

အော်စလိုကနေ ဘန်ကောက်။
ဘန်ကောက်ကနေ ချင်းမိုင်။
ချင်းမိုင်ကနေ ကိုယ့်နေအိမ် ပြန်ရောက်တော့ ညနေ ၆ နာရီ။
ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက် ရောက်ချင်း ပထမဆုံး ဘာမှမလုပ်နိုင်သေးခင်
သားသား မားမားကို သတိမရဘူးလား မေးလိုက်တော့ ရတော့ ရတယ် ဒါပေမယ့် သားပျော်တယ်ဟ တဲ့။
ဒင်းက အမေမရှိတော့ အမေ့ကွန်ပျူတာကို ဂိမ်းဆော့ရင်း ကောင်းကောင်းသမထားတာကိုး။ လွမ်းရကျိုးနပ်ပါရဲ့။ ၀တုတ်ပါးဖောင်း နေတာပဲ သားက အမေကို လွမ်းနေပုံ။

ဒါနဲ့ ကိုယ့်ပီအေကို မေးရတယ် အိမ်မှာ ဘာဟင်းချက်ထားသလဲ လို့။ မေးလ်ထဲမှာ ပြန်လာရင် သီးစုံပဲကုလားဟင်း စားချင်လိုက်တာ လို့ ပြောထားဘူးတာကိုး။ ချက်များထားမလား မျှော်လင့်ချက်နဲ့ မေးလိုက်တော့ ဘာမှမချက်ထားဘူးတဲ့။ ညဈေးမှာ သွားစားမယ်လေ ကြိုက်တာစား ၊ ဖတ်ထိုင်း( ထိုင်းကွတ်တီယိုခေါက်ဆွဲကြော်) စားမယ်ဆို သွားမယ်လေတဲ့။ (ကဗျာမဆန်လိုက်ပုံများ) ။ ဒါပေမယ့် သီးစုံပဲကုလားဟင်းချက်ဖို့ ဒန့်သလွန်သီး၊ ပဲသီး၊ ခရမ်းသီး၊ ရုံးပတီသီး အစုံအလင်ဝယ်ပေးထားတယ် တဲ့။( အော် အလိုက်သိတယ်ပေါ့လေ…)

ဒါနဲ့ အဲဒီညကို မဲဆောက်ညဈေးမှာ စားသောက်ရင်း ပြီးလိုက်ရတယ်။
နောက်နေ့မနက် အိမ်ကို သေချာ ကြည့်လိုက်တော့ ကြောင်မရှိ ကြွက်ထ ဆိုသလို ကြွက်တွေ တွေ့နေရတယ်။ အိမ်ကလဲ ရှုပ်နေတာပဲ။ ဒါတောင် ပြန်လာတော့မယ် ဆိုလို့ အိမ်ကို ခေါ်ရှင်းထားသေးသတဲ့။ အိမ်ရှင်းဖို့ မလုပ်သေးခင် ကိုယ့်အလုပ်က ဖုန်းဝင်လာတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီက အလုပ်အမှုဆောင်အစည်းအဝေးလေး အင်တာဗျူး ရိုက်ပေးပါဦးတဲ့။ အင်း သူ့ဆန်စားရဲရမှာကိုး။ သွားရိုက်ပေးဖို့ ဖုန်းချိန်းတော့ မေးခွန်းတွေ ပေးထားဦးဟ ၊ အဖွဲ့အစည်းနဲ့ ဆိုတော့ သူတို့နဲ့ ဘယ်လိုဖြေရမယ် တိုင်ပင်ရဦးမယ်တဲ့။ ဟုတ်ပြီ ဒါဆို ဒီလိုဒီလိုတွေမေးမယ် ၊ ဘယ်အချိန်လာရမလဲ နောက်တနာရီမှာ လာတဲ့။

အိုကေ.. ကြားချိန်လေးမှာ အမျိုးသမီးများလူမှုစောင့်ရှောက်ရေးအဖွဲ့(SAW) ရဲ့ လူကုန်ကူးခြင်းခံရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဂေဟာအသစ်ဖွင့်ပွဲသတင်း သွားရိုက်၊ နောက် အဲဒီကနေ တဆက်တည်း NCUB ရုံးကို သွားရိုက် ပြီး အက်ဒစ်လုပ် အော်စလို တိုက်ရိုက်မေးပုံစံ မေးခွန်းတွေ ရေးပေး၊ ဆာဗာပေါ်တင်ပေး၊ SAW သတင်း တပုဒ်အပြီးလုပ် ဆာဗာပေါ်တင်ပေး။ ညနေဖြစ်သွားရော။ အိမ်ကို ပြန်လာပြီး အိမ်ရှင်း။ အခု ကြွက်တွေမလာတော့ ပီအေက ကျမကို နင်က ကြောင်ဓါတ်ရှိတယ် ထင်တယ် နင်လဲ ပြန်လာရော ကြွက်လဲ မလာတော့ဘူးတဲ့ ပြောပုံက။ အိမ်မှာ ရှုပ်နေလို့ ကြွက်လာတာကို ၀န်မခံချင်ဘူး။

အမ်မလေး အိမ်ရှင်းနေရတာနဲ့ ၊ လူကြုံတွေကို ပစ္စည်းလာယူဖို့ စာရင်းစာရွက်တရွက်နဲ့ ဖုန်းခေါ်လိုက် ပေးလိုက် လုပ်နေရတာနဲ့။ တနေ့က ဘယ်လိုကုန်သွားတယ်မသိ။ သီးစုံပဲကုလားဟင်းလဲ ဘယ်လိုမှ မစားရသေး။ ရေခဲသေတ္တာထဲ ရှိနေတဲ့ ပုဇွန်ချဉ်ထုပ်ကို သုတ်ပြီး ပန်းဂေါ်ဖီကြော်နဲ့ နှစ်ပါးသွားလိုက်ရပြန်တယ် ။

နောက်တရက်..
စားချင်တာတွေ စားရမယ် မထင်နဲ့ဦး။ ရုံးချုပ်က အမိန့်တော်လာတယ်။
ဂျာမဏီမှာ ရိုက်ခဲ့တဲ့ အင်တာဗျူးတွေ အပြီးလုပ်ပို့ပါတဲ့။
အက်ဒစ်လုပ်ရပါတော့တယ်။ ဟူးးးးးးးး

ဒါပေမယ့် သီးစုံပဲကုလားဟင်းနဲ့ ငါးခူကြော် တရက်။
ဝက်သား ၊မျှစ်၊ချဉ်ပေါင် အရည်သောက် နဲ့ဝက်သားကို အကြော်မှုန့်လူးပြီးကြော်တာလေးနဲ့ တရက်…. ကိုအသေအချာ ချက်စားပြီးပါကြောင်း သတင်းကောင်းပါးရင်းးးးး
ခရီးသွားအတွေ့အကြုံလေးတွေကို ဝေမျှပါဦးမယ်လို့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, December 25, 2008

၂၀၀၈ ကို ဖြတ်သန်းခြင်း

ကျမရဲ့ကိုယ်ပိုင်ဘလော့လေးမှာ

ဒီနှစ် ၂၀၀၈ အတွက် နှစ်ချုပ်စာရင်းလေး လုပ်ကြည့်ရရင်...
ဒီနှစ်ထဲမှာပဲ ဒီဘလော့လေးက ရတဲ့ ဘလော့မိတ်ဆွေတွေနဲ့ ၂၀၀၈ ခုနှစ်ဟာ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ၊ ပျော်ရွှင်ဖွယ် စကားဝိုင်းတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်လေးတွေ ရရှိခံစားခဲ့ရပါတယ်။
ဒီနှစ်ထဲမှာပဲ ကိုယ်မမှားပါပဲ ကိုယ့်ကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုလဲ ခံစားရပါသေးတယ်။ အဲဒီအချိန်က ကျမဘေးမှာ ၀ိုင်းရံပေးခဲ့တဲ့ ဘလော့မိတ်ဆွေတွေ နဲ့အတူ ကျမရဲ့ဘ၀လက်တွဲဖော် ၊ ကျမရဲ့ အရင်းနှီးဆုံး ရဲဘော်တွေ ၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးလဲတင်ပါတယ်။ ဒီလိုမိတ်ဆွေစစ်တွေ ရရှိတာကြောင့် ဘ၀မှာ ခုလိုကြံ့ကြံ့ခံနေနိုင်တာပဲလို့လဲ တန်ဖိုးထားတတ်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ကိုယ့်ခင်မင်ရတဲ့ ရဲဘော်ဂူရု ၊ကိုယ်လေးစားရတဲ့ ဒေါက်တာမျိုးဝင်း တို့ကွယ်လွန်ဆုံးပါးခဲ့ရတယ်။ ၂ ယောက်စလုံးရဲ့ ဈာပနမှာ ကျမ မရောက်ရှိခဲ့ရဘူး။
ဒီနှစ်ထဲမှာပဲ မမျှော်လင့်တဲ့ ခရီးတွေ ဆက်တိုက်ထွက်နေရတယ်။ အတွေ့အကြုံသစ်တွေ ရရှိတယ်။
ဒီနှစ်ထဲမှာပဲ အလုပ်အကိုင်မှာ ပျော်ရွှင်တတ်စေတဲ့ စိတ်ခံစားမှုကို သိရှိခဲ့ရတယ်။
ဒီနှစ်ထဲမှာပဲ တခါမှမကြားဖူးတဲ့ သတင်းဆိုးတွေကို ကိုယ်တိုင် ဖတ်ပေးနေရတယ်။
ဒီနှစ်ထဲမှာပဲ ဒေါသကို ဘယ်လိုထိန်းချုပ်ရတယ်ဆိုတာ ကိုယ့်ထက်ငယ်တဲ့ သူတွေက ရှေ့ဆောင်ပြတာ လက်ခံလိုက်ရပြီ။
ဒီနှစ်ထဲမှာပဲ ဘ၀လက်တွဲဖော်နဲ့ တခါမှ မရဘူးတဲ့နားလည်မှုတွေကို ဝေးကွာနေရမှုကနေတဆင့် လက်ခံရရှိ လိုက်ရတယ်။
ဒီနှစ်ထဲမှာပဲ ဘလော့ထဲကတဆင့် ၁၀နှစ်ကျော် အဆက်အသွယ်ပြတ်ခဲ့တဲ့ သူငယ်ချင်းရဲဘော်တချို့နဲ့ ဆက်သွယ်မှုတွေ ပြန်ရခဲ့တယ်။
ဒီနှစ်ထဲမှာပဲ ခင်မင်းဇော်ဆိုတဲ့ ဘ၀မှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ မှတ်တိုင်တချို့လဲ စိုက်ထူနိုင်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကိုလဲ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ဒီနှစ် ၂၀၀၈ ကိုတော့ အမြတ်ရာနှုန်းများများနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့တယ်လို့ စာရင်းချုပ်ရလိမ့်မယ်။
အားလုံးကို ကျေနပ်ပါတယ်။ ဒါ့ကြောင့်လဲ....
ရှေ့လာမယ့် ၂၀၀၉ မှာလဲ ကြုံလာမယ့် လောကဓံအားလုံးကို ခိုင်မာတဲ့ စိတ်ဓါတ်တွေ ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်မယ်လို့ စိတ်ကူးထားလိုက်ပါပြီ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 19, 2008

အလွမ်း ဒီဇင်ဘာ နောက်ဆက်တွဲ

တနေ့က အလုပ်ထဲမှာ ရှိနေချိန်
ကျမပီအေက ဂျီတော့ကနေ လှမ်းမေးတယ်။
တကယ်လားတဲ့။ ဘာလဲ ဆိုတော့ လွမ်းတယ် ဆိုတာလေတဲ့....
အချင်းချင်းစကားကို မယုံတာလား...
ရင်ဘတ်ထဲထိ နားလည်တယ်ဆို... ဘာညာကွိကွပေါ့လေ... ပြန်ပြောရတာပေါ့...
သူက ဘလော့ကို ၀င်လည်တာ အလွမ်းဒီဇင်ဘာပို့စ်ကို ဖတ်ရလို့မေးတာတဲ့... ကြည့် မေးပုံက...
အင်းးးးး သူမေးလဲ မေးလောက်ရဲ့...
ကျမက ပို့ပေးလိုက်တဲ့ ဓါတ်ပုံလေးလဲ ကြည့်ပါဦးးးးး။




တကယ့်ကို နှင်းတွေမမြင်ဖူးလို့ တွေ့စလေးပဲ အဲလိုနေတာပါ။
ခုတော့ အချိန်တိုင်း စက္ကန့်တိုင်း ချမ်းချမ်းအေးအေးထဲ လွမ်းလို့သာ နေပါတော့တယ် လို့....
တကမ္ဘာလုံးးးးးးးးးးးးးကြားအောင် အော်ပြောလို့ရရင် အော်ပြောပြချင်ပါတယ်..... လို့
အဲလိုပြောလိုက်တော့.......
အင်းးးးးးးးတဲ့.....
(အချစ်ဆိုတာ အသက်အရွယ်နဲ့ ဆိုင်ပါသလား)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်