Showing posts with label ရသစာစု. Show all posts
Showing posts with label ရသစာစု. Show all posts

Wednesday, March 25, 2015

ပြဇာတ်မဟုတ်တဲ့ ခေတ်ဇာတ်တပုဒ်

အချုပ်ကား သံတိုင်တွေကြားက
ထောင်ပြတဲ့ လက်မလေးတွေ
လက်သုံးချောင်း သင်္ကေတတွေ
လက်သီးဆုပ်တွေ နဲ့ နှုတ်ဆက် လက်ဝါးလေးတွေ
မျက်လုံးတောက်တောက်ကလေးတွေ
လက်ညှိုးချွန်ချွန်လေးတွေ။
သွားဖွေးဖွေးလေးတွေ
မြင်ရတဲ့ တခဏ
အံကြိတ် တက်ခေါက်ရင်း ... ခေတ်ကြီးထဲ ကိုယ်က လဲပြို။

ငါတို့ ဘာလုပ်နိုင်မလဲ
ငါတို့ ဘာလုပ်သင့်လဲ
ငါတို့ ဘာလုပ်ပေးရမလဲ ။
လွန်ခဲ့တဲ့ ၂၅နှစ်
၁၉၉၀ ခုနှစ်တွေကို တရိပ်ရိပ်ပြန်ရောက်သွား။
သူတို့မိဘတွေ နေရာမှာ ကိုယ်တို့မိဘတွေ မြင်ယောင်လို့။
သူတို့စိတ်တွေကို ကိုယ်တို့ ဆက်သွယ်ပေါင်းစည်းနိုင်ခဲ့တာ
အဲဒီလို ထပ်တူပြုမှုတွေကြောင့်ပေါ့။

ဘယ်သူတွေ နားလည်လည် မလည်လည်
နာကျင်ခဲ့ရသူချင်း
ပြိုလဲခဲ့ရသူချင်း
အံကြိတ်ခဲ့ရသူချင်း
လက်မ ထောင်ပြ ကြရသူချင်း
နှလုံးသွေးချင်း ဆက်စပ်ပတ်သက်
ငါတို့ နားလည်ပါတယ် ။
ငါတို့နားလည်နိုင်တယ်။

Sunday, October 26, 2014

ချစ်ခြင်းဖွဲ့သီ

                    (ချင်းမိုင်တောင်ပေါ် ဘုရင်မပန်းခြံမှာ ရိုက်ကူးခဲ့သည်)

ဒီနေ့ ကော်ဖီဆိုင်က မထင်မှတ်ပဲ လူများနေတာ တွေ့ရတယ်။ ခါတိုင်းထိုင်နေကျ ညာထောင့် စားပွဲမှာလဲ လူရှိနေတယ်။ ဆိုင်ထဲ ဝေ့၀ဲကြည့်လိုက်တော့ တယောက်တည်းထိုင်နေတဲ့ စားပွဲ တခုပဲရှိနေပြီး အဲဒီစားပွဲကလဲ လေးယောက်ထိုင်ခုံနဲ့ စားပွဲဖြစ်နေတာ တွေ့တာနဲ့ ခွင့်တောင်းပြီး ၀င်ထိုင်လိုက်တယ်။

" ဟလို .. ပါပါးလား တို့အခု ကော်ဖီဆိုင်ထဲရောက်နေပြီ။ ထူးထူးဆန်းဆန်း လူများနေလို့။ ဒါပေမယ့် ထိုင်စရာနေရာတော့ ရပြီ။ကော်ဖီသောက်ရင်း ထိုင်စောင့်နေမယ်။ ခုထွက်လာတော့..။  မြန်မြန်လာနော်"
++++++++++++++++
ကော်ဖီဆိုင်မှာ ထိုင်ရင်း ဒီနေရာမှာ ယိုင်နဲ့နဲ့အကြော်ဆိုင်ရှိခဲ့တာ သတိရမိတယ်။ ကောလိပ်ကျောင်းနားဆိုတော့ လူမပြတ်တဲ့ အကြော်ဆိုင်ပေါ့။ ဒီနားက ဘုရားလေးကလဲ အရင်အတိုင်းပါပဲ။ ဒါပေမယ့် ခုတော့ ပိုပြီးတောက်ပြောင်နေတာပေါ့။ လမ်းတဖက်မှာ အရင်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင်တွေ၊ ယောက်ျားလေး မိန်းကလေး အဆောင်တွေ နေရာမှာလဲ တိုက်အိမ်တွေဖြစ်လို့။ အဲ့ဒီဟိုဘက်က လယ်ကွင်းတွေက ခုတော့ အဆင့်မြင့်အိမ်ယာ ဖြစ်နေပြီ။ ကောလိပ်ကျောင်းကလဲ ခုတော့တက္ကသိုလ်အဖြစ် အဆင့်မြှင့်လို့ ဆိုတော့ အရာရာ အသစ်ဖြစ်နေပြီ။ ကိုယ့်ကိုလဲလူတွေ မမှတ်မိ ကိုယ်သိတဲ့လူတွေလဲ တယောက်မှ မရှိတော့တဲ့ အခြေအနေပါလား။

ကိုယ်ဒီမြို့လေးကို မိဘတွေ တာဝန်ရွှေ့ပြောင်းလို့ လိုက်လာခဲ့ရပေမယ့် အဲဒီအချိန်က ဆေးကျောင်းတက်နေချိန်ဆိုတော့ ကျောင်းပိတ်ရက်လောက်ပဲ လာဖြစ်ခဲ့တာကိုး။ ရင်းရင်းနှီးနှီးပေါင်းသင်း ခဲ့သူတောင် သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီမြို့လေးကို ဘယ်တော့မှမမေ့ခဲ့ဘူး။ ဘာလို့လဲ ဆို ဒီမြို့မှာပဲ ကိုယ့်နှလုံးသားက ထားခဲ့ရတာကိုး။ ခုတော့လဲ သူ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။ စိတ်ကူးထဲမှာတော့ သူ့မျက်နှာ သူ့စကားသံက ထုံ့ပိုင်းထုံ့ပိုင်း ၀င်လာတတ်သေးတယ်။
++++++++++++++++++++++++++++++++

Sunday, November 13, 2011

အချစ်နှင်းဆီဖြူ (ဖြစ်တည်ခြင်း အခန်း နှစ်)

                                                          ဒီပုံလေးကို ဒီက ယူပါတယ်။
ဖြစ်တည်ခြင်း (၂)

ရင်ထဲမှာ..
သူ့ကိုချစ်ခြင်းတွေ ဖွဲ့တည်နေခဲ့တာ ဘယ်အချိန်တုန်းကလဲ ဆိုတာကို သတိမပြုမိပါဘူး။

အဲဒီနေ့ကတော့…
စာအုပ်တအုပ်အကြောင်း ငြင်းခုန်နေခဲ့တာပဲ။ ဂျူးရဲ့ အမှတ်တရ ဆိုတာ တော့ မှတ်မိတယ်။ ကော်ရည်ခေါက်ဆွဲဆိုင်မှာ ထိုင်ရင်း ကော်ရည်ခေါက်ဆွဲသောက်ရင်း စကားက အဲဒီစာအုပ်အကြောင်း ရောက်သွားတာ။ အဲဒီထဲ လက်ထပ်ခြင်းသဘောတရားကို ငြင်းခုန်ပြောဆိုနေရင်းက ငါ့ကိုလက်ထပ်ပါလားလို့ ဗြုန်းစားကြီးပြောချလိုက်တော့ တော်တော်အံ့အားသင့်သွားတယ်။ နေရာဒေသ ရွေးချယ်ပုံကြီးကလဲ ဘာသီချင်းမှလဲ မရှိ၊ ဘာနမိတ်ပုံမှလဲ မရှိ၊ ပြန်စဉ်းစားရင်တောင် ရင်ခုန်စရာ တကွက်မှမရှိတဲ့ ပူလောင်လောင် ကော်ရည်ဆိုင်ထဲ ။ ဘယ်လိုဖြစ်လို့ အဆင့်တွေက ကျော်သွားလဲ လို့ ကိုယ်မေးလိုက်ချိန်တုန်းက ရင်လဲ မခုန်မိပါဘူး။ အံ့သြသွားတာ တခုပဲ ရှိတယ်။ ပြီးတော့ အဲလိုပြောလိုက်တဲ့ အချိန်ကာလက တို့တွေ စသိကြပြီး ၇ နှစ် ကြာခဲ့တဲ့အချိန်လေ။
အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို(သို့မဟုတ်) links to this post ကို ကလစ်ပါ။

Tuesday, November 8, 2011

အချစ်နှင်းဆီဖြူ


                                              နှင်းဆီဖြူပုံလေးကို ဒီက ယူပါတယ်။
 ဖြစ်တည်ခြင်း(၁)
 
ကျနော် အခု အရမ်းလွမ်းနေပါတယ်ဗျာ။ ကျနော့်ရဲ နှင်းဆီဖြူက မနက်တိုင်း လဘက်ရည်ကို ခုံခုံမင်မင်သောက်တတ်တဲ့၊ အသုပ်စုံကို မက်မက်စက်စက် စားတတ်တဲ့၊ ဘယ်တော့မှ အကြံမပေးတတ်တဲ့ ကျနော့်ကို ဘာဟင်းချက်ရင်ကောင်းမလဲ လို့ နေ့တိုင်းမပျက်မကွက် မေးတတ်တဲ့၊ ကျနော်ကိုယ်တိုင် မမျှော်လင့်ခဲ့တဲ့ တာဝန်ကျေမှု ၊ဂရုစိုက်မှုတွေနဲ့ ချစ်ခင်မြတ်နိုးမှုတွေကို ပြည့်ပြည့်၀၀ပေးအပ်နိုင်လွန်းတဲ့။ နင်က အေးအတူ ပူအပြေးလို့ ခဏခဏပြောတတ်တဲ့ (သူမ တခါတလေ အလုပ်ထဲ အဆင်မပြေတာ ၊ တချို့ ဆက်ဆံရေး အဆင်မပြေတာာတွေ ကျနော့်ကို တိုင်တည်ပြောပြတိုင်း ကျနော်က သူ့ကို မခံစားစေချင်စိတ်နဲ့ ဘာမှ မှတ်ချက်မပေးပဲ ရေငုံနှုတ်ပိတ်နေတတ်တာကို သူက မျှဝေမခံစားဘူးလို့ ဆိုချင်တာ)၊ သူမကို အရမ်းလွမ်းနေတယ် ၊ သတိရနေတယ်ဗျာ။
သူမလား။ ကျနော်နဲ့ ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ မြို့ကို အလုပ်ကိစ္စနဲ့ သွားနေတာ ရက်ပေါင်း ၃၀လောက် ကြာမယ်တဲ့ဗျား။
ဒီနေ့တော့ ကျနော် သူမကို အရမ်းလွမ်းတယ်ဗျာ။
ဆက်ဖတ်ချင်ရင် ခေါင်းစဉ် သို့မဟုတ် links to this post ကို ကလစ်ပါ။

Sunday, August 16, 2009

ရင်ထဲမှာ…..


ရင်ထဲမှာ…..

ကိုယ်က တိတ်တဆိတ်လေးပဲ လွမ်းနေချင်တော့တဲ့သူပါ။
တကယ့်ကို အတွင်းစိတ်နဲ့အပြင်စိတ်ဆိုတာ ပါးပါးလျားလျားလေးပါလားးးးတဲ့။
သူတခါက ပြောခဲ့ဖူးတယ်….။
လွမ်းတယ်…

(တစ်)

နင်ငါ့သူငယ်ချင်းကို ပြန်မကြိုက်ဖူးလားးးးး
ခပ်မာထန်ထန်အပြောကို ခေါင်းခါရင်း ကြိုက်စရာလား။ ဒီလူနဲ့ဒီလူ ဆိုတော့ အံ့သြတဲ့ မျက်ဝန်းကို သရုပ်ဆောင်ပြခဲ့သေးတာပဲ။

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)

(နှစ်)
နင်တော့ သိပ်ရိုင်းတယ်ဟာ။ အရက်သောက်တယ် လူလည်ခေါင်မှာလဲ ငါ့ကို လာရမ်းသေးတယ်…. နင်က ဘာဖြစ်နေတာလဲ… အဲဒီနင့်သူငယ်ချင်းကို ငါကမကြိုက်တာနဲ့ နင်က အရက်သောက်ရသလား……
(ဘာကြောင့်များလဲ နားမလည်စိတ်နဲ့ သံသယ မဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ…. ကိုယ့်မှာ နှလုံးသား….. မရှိတော့လို့ပါ……)
ညဘက်တွေမှာ အိမ်ရှေ့မှာ လာဆိုတဲ့ သီချင်းက အဲဒီတပုဒ်ကလွဲပြီး ဘာမှမရှိတော့ဘူး ထင်ပါရဲ့….

(သုံး)
နင်တို့ အုပ်စု ကြွက်နီတို့နဲ့ မခေါ်ဘူးဆို….
စကားမပြောတာပါ….
ဘာဖြစ်လို့လဲ ..
ပြောစရာမရှိလို့….
ငါသွားတာ နှုတ်မဆက်ခဲ့လို့လား…
ဘာမှမဆိုင်ဘူး….
ငါပြန်လာတာပဲလေ.. ဒီနှစ်လဲ သီချင်းမဆိုဘူးဆို… သီချင်းတိုက်ပေးဖို့ အမှီပြန်လာတာ…
…..
….
(..ပျော်ပျော်နေတာ အကောင်းဆုံးပဲ …..လာတခါလောက် ကလိုက်စို့
ဝမ်းတူးသရီး ဟောဒီလိုရှိတ် ရော့အန်ရိုးးးးးးး)
….
ဒီညနင်ဆိုတာ အကောင်းဆုံးပဲဟ …..
အလေ့အကျင့်ပဲ သိလား သေချာပြင်ဆင်….သေချာကျင့်ရင် ဘာမှမခက်ဘူး…
ဒါပေမယ့် စင်ပေါ်မှာ ငါ့ကို ပြန်မကြည့်ပါနဲ့….
ဟမ်….
ငါတို့အကုန်မြောက်ပြီး တီးကြတာလေ
တင်မျိုးလွင်…..ရစ်သမ်သမား ဂစ်တာကြိုးပြတ်သွားတယ် သိလိုက်လားးးးး ဟားဟား

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ..)

(လေး)
အားလုံးအခြေအနေက ပုံမှန်ပဲလား…
အဲဒါ ဘယ်သူက ဘယ်သူ့ကို မေးတာလဲ….
အော်.. ကိုအောင်နဲ့ မိုးသီတာ ယူလိုက်တော့ လူတွေက ငါတို့ အုပ်ကို တမျိုးထင်မလားလို့…
ဘာဆိုင်လဲ …
အလကားပါ… ပြောစရာရှိလို့… အားလုံးကိုပါ… ဒီနှစ်တော့ မိဘတွေဆီ လိုက်နေတော့မလို့
အင်းးးး ကောင်းပါတယ်…..
စုစု … နင်တို့အိမ်မှာ ထမင်းလာစားတုန်းကလေ နင့်အဖေက ငါ့ကို ဗေဒင်တွက်ပေးသေးတယ်..
ဟမ် ငါတောင်မသိပါလား..
ဟုတ်တယ် … သူက မင်းတနေ့ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တယောက်ဖြစ်မယ်တဲ့…
နင်က ယုံလို့လား… ငါ့အဖေပြောတာ..
ဟားဟား… မပြောဘူး…ဒါပေမယ့် နင်ကြိုက်လား အဲလိုဆို......

(ငါး)
ရန်ကုန်တက္ကသိုလ်ကို တက်ချင်လို့မဟုတ်ဘူး နင်ငါ့နောက် လိုက်လာတာ မဟုတ်လား စု…
ဘာပြောတယ် ….
မျက်စောင်းမထိုးနဲ့ … ခုနင်ထိုင်နေတာ ဦးချစ်ဆိုင် တဲ့ မှတ်ထား… ခု ဒီစားပွဲမှာ နင်ရယ် ငါရယ် ၂ယောက်ထဲနော်… သမီးရည်းစားရန်ဖြစ်တယ် ထင်ဦးမယ်..
တော်တော်အူမြူးနေပါလား…..
မထင်ဘူး ဒီလိုဆုံရမယ်လို့ … ပျော်တယ်….
အဲဒီအသံကတော့ တီးတိုးညံ့သက်နေလေတယ်...

(ခြောက်)
နင်ကော်ဖီမသောက်တော့ဘူးလားးးး
ဟုတ်တယ် ရင်တွေတုန်လွန်းလို့ ဆရာဝန်နဲ့ ပြတော့ ကော်ဖီဖြတ်ခိုင်းတယ်။
ဒါဆို လဘက်ရည် ကျစိမ့် မှာလိုက်ပြီ….. ဒီနေရာက တောင်ငူကန်တင်းပေါ့။
နင်က သိပ္ပံသမား ဆိုတော့ ဒီဘက်မှာ လာထိုင်ဖြစ်မယ် မထင်ဘူး။
နင်နဲ့တွေ့တဲ့အချိန်တွေမှာတော့ ထိုင်မှာပေါ့… ဒီနေရာလေး ကောင်းသားပဲ…။
အေး… ခဏနေရင် ငါ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဦးမယ်။
အဲဒါ အောင်ဒူးတဲ့။
အဲဒါ ညီညီသွင်….။
အဲဒါ…. ပန်းချီဆရာ မောင်ဒီ…။
အော် … ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်… ပြန်တော့မယ်…
နေဦး ငါလိုက်ပို့မယ်…. လှည်းတန်းထိပ်ထိ ပို့ဖို့ အချိန်ရပါတယ်ဟ…။
အင်းးး
အောင်ဒူးဆိုတာ အော်ဂင်တီးတာလား… အင်း
ညီညီသွင် ဆိုတာ သီချင်းရေးတဲ့ တယောက်လား… အေး
မောင်ဒီဆိုတဲ့ လူကြီးက ပန်းချီရေးတယ် ပေါ့… အေးလေ…
အော်… ငါ့အဖေပြောတဲ့ လူ ဖြစ်ဖို့ နီးစပ်လာနေသလိုပဲနော်…
ဟားဟား….
နင်အရက်သောက်ထားလား အခု။
မသောက်ပါဘူး ဘာဖြစ်လို့လဲ…။
လမ်းလျှောက်တာ ငါ့အနားအရမ်းကပ်လာလို့…
ငါသီချင်းဆိုဖို့ အသံသွင်းနေပြီလေ…. အဲဒါဖြန့်တောင်ဖြန့်တော့မယ် …
ဟုတ်လားးး ပျော်နေမှာပဲနော်…..
တနှစ်ကျော်ကျော်လေးမှာ တော်တော်ပြောင်းလဲသွားကြတယ်နော်… အခြေအနေကလေ..
နင်လဲ တိတ်ဆိတ်လှချည်လား စကားများက....

(ခုနှစ်)
ဟဲ့ အဆောင်က အမကြီးကပြောတယ်..
ဘာတဲ့လဲ…။
ဖျာပုံသွားတုန်းက ယူသွားတဲ့ ပိုစတာတွေလေ သူ့ကို တခုပေးခဲ့တယ်မဟုတ်လား…
အင်းး
အဲဒါသူက နင့်သူငယ်ချင်းသီချင်းခွေ ပေါက်တယ်တဲ့ သိလား။ ပြီးတော့ ညရောက်တော့ ကပ်ရပ်ခြံက အဲဒီသီချင်းခွေဖွင့်နေတာ ကြားတယ်
အင်းးးး အဲဒါ နင်ကြိုက်လားးးး အဲဒီအခြေအနေလေ..
ငါ့အဆောင်ကို မလာတော့နဲ့နော်…
ဘာဖြစ်လို့လဲ…
နင် အဆိုတော်ဖြစ်လာတော့ လူသိများလာရင် ရှက်စရာကြီးဟာ….။

(ဘာကြောင့်များလည်း နားမလည်စိတ်နဲ့
သံသယမဖြစ်ပါနဲ့ အချစ်နှင်းဆီဖြူ……
ကိုယ့်မှာ နှလုံးသားမရှိတော့ လို့ပါ
သြော် ဘယ်သူ့ကံလဲ စဉ်းစားမိတယ်)

(ရှစ်)
စကော့ဈေးထဲကို ပတ်သလားးးးးး
ဟမ်…. အေး ဈေးခဏလာတာ.. နင်ရော…
ငါနဲ့ ကြွက်နီနဲ့ နင်တို့ဈေးထဲဝင်လာတာတွေ့လို့ လိုက်လာတာ..
အော်… ကြွက်နီက ဘာလာလုပ်တာလဲ…နင်တို့ တော်တော်မျက်စေ့ကောင်းတယ်..
ငါနဲ့ ခဏလာနေတာလေ… နင်တယောက်လုံးတော့ မြင်ရမယ်လေ...
ဘာဝယ်မလို့လဲ…
ဘာမှမ၀ယ်ပါဘူး ဈေးပတ်တာ…
ဒါဆို လဘက်ရည်ဆိုင်ထိုင်မယ်လေ..
မထိုင်ချင်ပါဘူး…
ဘာလို့လဲ လာပါဟ…
ဟင့်အင်း ခုတောင်ဈေးထဲက လူတွေ ကြည့်နေပြီ သွားတော့လေ ..
နင်က တော်တော်စိမ်းသွားပါလားးး တရုပ်မရဲ့….

(ကြည့်ချင်ခဲ့လည်း မကြည့်နိုင်ရဲရဲ…..
အကွယ်အဖုံးရှိမှ စောင့်မျှော်ကြည့်နေသူ
ဘ၀အထုံအဆက်က နိမ့်ကျလွန်းခဲ့တယ်
သြော် … နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက်ပါ)

(ကိုး)
သင်္ဘောလက်မှတ်လာဝယ်တာလားးးး
အမ်မလေးးး လန့်တောင်သွားတယ် .. ဟုတ်တယ် အိမ်ခဏပြန်မလို့ ..
နေဦး ဒါ ကျနော့်သူငယ်ချင်းမပေါ့ ဒါကတော့…
သိပါတယ် အဆိုတော် အောင်ရင် မဟုတ်လားးးး
ဘာလာလုပ်တာလဲ သင်္ဘောဆိပ်ကို..
ချောင်းသာသွားမလို့… အဲဒါသင်္ဘောစင်းလုံးလိုက်ငှားလို့ ရလား လာစုံစမ်းတာ…
နင့်ကို မြင်လို့ ဒီဂိုဒေါင်ထဲ ၀င်လိုက်လာတာ ဟဟ..
အင်းးးး ဘာသွားလုပ်မလို့လဲ… အာ မမေးတော့ပါဘူးးးး

(နောက်ကျိတဲ့ရေဟာ ရေကြည်တွေလို မပြတ်သားနိုင်
ပြုံးနိုင်ရယ်နိုင်သော်လည်း မချစ်နိုင်တဲ့လူ
သြော် မဝေးရဲ မနီးရဲ)

(တစ်ဆယ်)
နင် မြင့်မိုးရဲ့ ဂစ်တာသင်တန်းက ကောင်လေးတယောက်နဲ့ ဆို
ဘာဖြစ်လဲအဲဒါ..သတင်းကလဲ မြန်ပါ့...
ကိုယ့်ထက်ငယ်တဲ့လူနဲ့ မကြိုက်နဲ့…
ဘာဖြစ်လဲ ကြိုက်တော့..ဆရာလာမလုပ်နဲ့...
စိတ်ဆင်းရဲရမယ် … မျက်စောင်းမထိုးနဲ့ အကောင်းပြောတာ…

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်)


(တဆယ့်တစ်)
နင့်ဆိုင်ကလဲ မိန်းကလေးဖို့ချည်းပါလားးး
အင်း နင့်ကောင်မလေးကို ခေါ်လာလေ.. ဟားဟား
ခေါ်ဖို့ ကောင်မလေးလား မလွယ်သေးဘူးလေ..
တကယ်က လူထင်ကြီးခံနေရတာ ဘယ်သူမှကြိုက်သူမရှိ…
နင်တောင်မကြိုက်ဘူး မဟုတ်လားး
ဟေ့ကောင် ရဲသွင်.. ဒီမှာ ကြည့်ထား ငါ့သူငယ်ချင်းက ထောင်ထွက်ကွ..
ဟဲ့ တိုးတိုးပြော .. နင့်မြင်တာနဲ့ ငါ့ဆိုင်ရှေ့မှာ လူတွေအုံလာပြီ..
ဒီမှာ လက်မှတ်ထိုးပေးပါဦးတဲ့ ကဲ … ကိုယ့်အလုပ် ကိုယ်လုပ်ဦးးး

(တဆယ့်နှစ်)
သူကောင်မလေးတယောက်ရဲ့ အကြိုအပို့ လုပ်နေရပြီ ..
အော်… တော်တော်ငယ်လားးး
အင်းးးးး

(တဆယ့်သုံး)
၃၃ လမ်းထဲ ဘာလာလုပ်တာလဲ..
စာအုပ်တအုပ်ထုတ်မလို့ လုပ်နေတာ ….
အော်… လာလေ လိမ္မော်ရေ သောက်ပါဦးးး
အာ… အရက်တွေ ရောထားတယ် မဟုတ်လားးးး
တွေ့လား တရုပ်မကို ညာလို့ မရဘူးးးးး ဒါတွေကို ကြောက်တာ….
ဘာာာာ….
ငါမိန်းမကို နင်မမြင်ဖူးသေးဘူး … အိမ်လိုက်လည်ပါလားးးး
ဟင့်အင်းးး မသိချင်ပါဘူးးးး ရှင်းရှင်းပြောရင် မခင်ချင်ဘူးးးး နားလည်မလားးး
အင်းးးး

(အချစ်မျက်လုံးများ မကြည့်နိုင်စွမ်းတော့
အနံ့အဆင်းမဲ့တဲ့ အလေ့ကျပန်းလို
မျက်လွှာချပြီး တစ်ဖက်ကို လှည့်မိတယ်
သြော် ပုန်းရှောင်ခြင်းနဲ့ ရင်ဆိုင်ခြင်းရဲ့အလယ်…)

(တဆယ့်လေး)
ကျွီ…. ဘယ်သွားမလို့လဲ….
အော်… ကလေးကျောင်းပို့ပြန်လာတာ…လာလေ အိမ်ထဲဝင် …
အင်းးး နင်တို့မင်္ဂလာဆောင် ဖိတ်စာရတယ်…
မလာခဲ့ဘူးလေ…
ဟုတ်တယ်… နင်မှတ်မိလားးး နင်၃၃ လမ်းမှာ ပြောခဲ့တာလေ… ငါ့မိန်းမကို မကြည့်ချင်ဘူး ဆိုတာလေ…
အင်းးးးး အဲဒီတုန်းကလေ လျှောက်ပြောတာပါ..
ထားပါ….
ပြီးတော့ နင် ငါ့သီချင်းတွေကို တခါမှ မဝေဖန်ဖူးဘူး.. နားရော ထောင်ရဲ့လားးး
အင်းးးးးး
နင်ခု အဆင်ပြေလားးး နင့်ယောက်ျားကိုတော့ ချီးကျူးပါတယ်ဟာ..
နင်လိုတာ ရှိလဲ ပြောလေ ငါ့ဖုန်းနံပါတ် အိမ်နံပါတ် နင့်ဆီမှာ အကုန်ရှိနေတာ တခါမှ ဖုန်းမဆက်ဖူးးးး
အင်းးး တခါဆက်ဖူးတယ်…
ဟုတ်လား ဘယ်တုန်းကလဲ ငါမသိပါလားး
နင့်မိန်းမနဲ့ ဆုံတယ် အပြင်သွားတယ်တဲ့.. ငါ့လဲ နာမည်မပြောခဲ့လိုက်ဖူး..
အင်းးး

(တဆယ့်ငါး)
ကလင် ကလင်….
ဟလို စုပါ….
စု … သူဆုံးပြီ…
ဟင်…
ဟိုတလောကပဲ ဖုန်းဆက်တယ် ဒီတခါ သီချင်းသွင်းတာ ပြီးရင် ပုသိမ်မှာ ကြာကြာလာနေမယ်တဲ့ သိလားး ပြောခဲ့တယ်….
သူ ပြောခဲ့တယ်….
….
…..
မပျော်ပါဘူး နှင်းဆီဖြူ
အချစ်မဲ့တဲ့ဘဝ
မပျော်ပါဘူး နှင်းဆီဖြူ
နှလုံးသားမဲ့ဘဝ

ပတ်သက်ခဲ့ဖူးတဲ့ အချိန်တွေ……..

(ပန်ဒိုရာ့ ကဗျာလေးတပုဒ်က ခေါင်းစဉ်နဲ့တင် ကျမကို ဖမ်းစားသွားခဲ့တယ်)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, June 28, 2008

တောက်ပသော သွေးစက်နီနီ


အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။
………………………………………..
စတွေ့ချိန်မှာ ဖေဖေဟု ခေါ်ရမှာ တွန့်ဆုတ်ခဲ့သည်။
ဖေဖေ့ကို သမီးအိပ်ယာ ဘေးက စာကြည့်စားပွဲ အထက်နားမှာ ချိတ်ထားသော ဓါတ်ပုံမှ တဆင့်သာ ရင်းနှီးခဲ့ရသည်။ ဖေဖေက ကျောင်းဆက်တက်ဖို့ ခေါ်လာတော့ သမီးကို သွားချင်သလားလို့ မေးခဲ့တဲ့ မေမေ့စကားသံမှာ မခွဲခွာရက်သလို အသံမျိုးဖြစ်နေတာမို့ သမီးမသွားချင်ဘူးလို့ ဖြေခဲ့မိသေးသည်။ နောက်ပိုင်းတော့ မေမေကပဲ ဆုံးဖြတ်ခဲ့လေသည်။ ဖခင်တယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ချင်နေဦးမည့် ဖေဖေ့ကို သမီးရဲ့ ပညာရေးမှာ ပါဝင်ပတ်သက်ခွင့် ထောက်ပံ့ကူညီခွင့် ပေးလိုက်ပါဦးမယ် လို့ ရယ်ဟဟနဲ့ပြောလာသည်။ ဒီလိုနဲ့ သမီး တနှစ်သမီးမှာ ခွဲခွာ ထားခဲ့သော ဖေဖေ့ဆီသို့ အသက် ၁၈ နှစ် အရွယ်သမီးက ရောက်ရှိလာခဲ့သည်။ မေမေကိုပါ လာခဲ့ဖို့ ခေါ်ခဲ့ပေမယ့် ကိုယ့်တိုင်းပြည်က မထွက်ခွာနိုင်ဆိုသော မေမေက သမီးကိုတော့ ပညာဆည်းပူးစေချင်သလို နိုင်ငံခြားဆိုတာ ဘယ်လိုဆိုတဲ့ အသိကိုလဲ သိစေချင်ပုံရသည်။

သူငယ်ချင်း မှသည် လက်တွဲဖော်ထိ ချစ်ခင်မြတ်နိုးရသော ဖေဖေ့ ဓါတ်ပုံအောက်မှ သမီးနားမလည်သော စာသားများကို ချိတ်ဆွဲထားလေ့ရှိသော မေမေသည် စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့သမား တယောက်လည်း ဖြစ်ပါသည်။


ဖေဖေ့အိမ်စရောက်ခါစက ဖေဖေ ဆိုတာ ဓါတ်ပုံထဲကလို သဘောကောင်းမယ့် မျက်နှာနှင့် ပေမယ့် သမီးတို့ စိမ်းနေသေးသည်။ မေမေပြောပြတဲ့ ဖေဖေ့အမူအကျင့်များမှာ အေးစက်စက် ရှိနေတာမျိုး သိထားပြီးသားမို့ ဖေဖေ့ဆီက နွေးထွေးမှုမျိုးကို တော့ မမျှော်လင့် ခဲ့ပါ။
.........................
သမီးဒီညတော့ စကားတွေ ပြောပါရစေ ဖေဖေရယ်။ တကယ်က သမီး ဘ၀မှာ ဖေဖေ့ကို မြင်ဘူးခဲ့တာ သမီး ၂ နှစ်ခွဲလောက်က လို့ ပြောဖူးပေမယ့် သမီး မမှတ်မိဘူး။ မေမေပြန်ပြောပြရင် ၀ိုးတ၀ါးပဲ သိသလို မသိသလို၊ ဖေဖေ ရောက်နေတဲ့ နယ်စပ်ရွာလေး တရွာကို သတင်းရလို့ မေမေက သမီး ကို ခေါ်ပြီး သွားခဲ့တာတဲ့။ ဖေဖေတို့ ရှိနေတယ်ဆိုတဲ့ ရွာမှာ မေးကြည့်တော့ ဖေဖေ့ကို သိတဲ့လူက အခု သူ ဘုန်းကြီးကျောင်းက အလှုမှာ ရှိနေတယ်ဆိုပြီး လိုက်ပို့တယ်တဲ့။ ဘုန်းကြီးကျောင်းက တောင်ကုန်းလေး ပေါ်မှာ ဆိုတော့ မေမေနဲ့ သမီးက လမ်းဖြေးဖြေး လျှောက်တက်နေတုန်း အဲဒီလူက ဖေဖေ့ဆီ ပြေးလို့ သတင်းပို့လိုက်တော့ ဘုန်းကြီးကျောင်း လှေခါးထိပ်က ဆင်းလာတဲ့ ဖေဖေနဲ့ သမီးတို့ တွေ့တာတဲ့။ဖေဖေက တွေ့တွေ့ချင်း သမီးလာ လို့ လက်ကမ်းပေးတော့ သမီးက အေးအေးဆေးဆေးပဲ လိုက်သွားတာပဲတဲ့။ မေမေပြန်ပြောပြတာလေ။ ၂နှစ်ခွဲ သမီးလေးကိုချီပြီး အနားရောက်လာတဲ့ မေမေ့ကိုလှမ်းကြည့်လိုက်တဲ့ အချိန်မှာ ဖေဖေတို့ရဲဘော်က ရိုက်ထားလိုက်တဲ့ ဓါတ်ပုံလေး ဖေဖေ့အိပ်ခန်းမှာ တွေ့ရတဲ့ အကြောင်း သမီးမေမေ့ဆီဖုန်းဆက်တော့ ပြောပြဖြစ်သေးသည်။ အဲဒီတုန်းက ဖေဖေတို့မွေးထားတဲ့ ကြက်သန်းတွေ ကိုက်လို့ သမီးနဲ့ မေမေ့တကိုယ်လုံး အနာတွေ ချည်းပဲ ဖြစ်နေတော့ ဖေဖေက ဘာလို့လိုက်လာလဲ ပြန်တော့လို့ ပြောခဲ့တယ်ဆို။

အဲဒီက ပြန်လာတော့ မေမေက ဓါတ်ပုံတွေ တပုံမှ မယူခဲ့ဘူးလေ။ ဒါ့ကြောင့် သမီးက မေမေပြန်ပြောပြတာပဲ မှတ်မိတယ်။ ဒါပေမယ့် ဖေဖေ့ကိုတော့ သမီးက စိမ်းမနေတာ ခုမှမဟုတ်ပဲနော်။ အဲဒီတုန်းကလဲ မစိမ်းဘူးတဲ့။ အဲဒါမေမေ့ကြောင့်ပေါ့ ဖေဖေရဲ့။ မေမေက ဖေဖေ့ဓါတ်ပုံတွေ ပြပြီး ဒါသမီးဖေဖေပေါ့လို့ ပြောပြတတ်တာ သမီးရဲ့ အိပ်ယာ ၀င်ချိန်တိုင်းပဲဖြစ်လေသည်။ တကယ်က မေမေက သမီးရဲ့ စံပြပဲ ပေါ့ ။

မေမေပြောတော့ ဖေဖေက စိတ်ခံစားမှုနောက်ကို သိပ်ပြီး လိုက်တတ်သတဲ့။ သမီးကိုတော့ ကျန်တာတွေ ဖေဖေနဲ့ တူတဲ့ သမီးအဖြစ် မေမေသဘောကျပေမယ့် ဖေဖေ့လို ခံစားမှုကို ဦးစားမပေးဖို့ အမြဲပဲ ပြောခဲ့သည်။ သမီးနဲ့ မေမေ့ကို ထားပြီး ဖေဖေထွက်သွားမယ်ဆိုတုန်းက မေမေက ဖေဖေ့ကို ဘယ်တော့မှ လက်နက်ချပြီး ပြန်မလာနဲ့လို့ မှာလိုက်တယ်ဆို။
..........................
သမီးမှတ်မိတာ တခုရှိသေးသည်။ ဖေဖေတို့သတင်းတွေကို စုံစမ်းတိုင်းမေမေက တော်လှန်ရေးနယ်ထဲမှာ ရှိနေသေးလားကိုပဲ စုံစမ်းတာ။ ဖေဖေ နိုင်ငံခြားကို ထွက်သွားပြီလို့ သိလိုက်ရတဲ့အချိန်တုန်းက ဖေဖေ့ ဓါတ်ပုံအောက်မှာ မေမေက စာတန်းတခု ရေးပြီး ကပ်လိုက်တာ။ စိန်ခေါ်ပွဲကို ကျောခိုင်းသူ တဲ့။ မေမေ့ကို အဲဒီစာသားအဓိပ္ပါယ် သမီးငယ်ငယ်တုန်းက မမေးဖူးဘူး။ သမီး နည်းနည်းကြီးလာပြီး ၈ တန်းလောက်ရောက်တော့ မေးကြည့်တယ် သိလားဖေဖေ။ မေမေဘာပြောမလဲ ဖေဖေသိလား။

သမီးအဖေ ယုံကြည်လို့ တိုက်တဲ့တိုက်ပွဲကနေ ၃ နှစ်လောက်နဲ့ ထွက်သွားတယ်ဆိုတော့ ဘယ်လိုမှ အထင်ကြီးလို့ မရတော့ဘူး သမီးရေ .. တော်သေးတာတခုက လက်နက်ချပြီး ပြန်မ၀င်လာတာ တခုပဲ။ မေမေက အဲဒီအကြောင်းကို နောက်ထပ် တခါမှ ထပ်မပြောတော့ဘူး ဖေဖေရဲ့။ ဒါပေမယ့် အဲဒီအချိန်ကစလို့ မေမေဟာ နိုင်ငံရေးမှာ နောက်ကွယ်က ထောက်ပံ့မှု တွေကနေ ရှေ့တန်းကိုထွက်လို့ အရင်ကထက် ပိုလုပ်လာတယ်။
.....................
“အကြာကြီးထားခဲ့လို့ သမီးက ဖေဖေ့ကို စိတ်ဆိုးနေလား” မေးလိုက်သောအခါ “ဟင်.. လူများတွေ အတွက် အရေးကြီးတာတွေကို လုပ်နေတာပဲ ဘာလို့စိတ်ဆိုးရမှာလဲ “ သမီးက ဒီလိုဖြေလိုက်တော့ ဖေဖေက သမီးမျက်နှာကို စေ့စေ့ကြည့်နေခဲ့တယ်။ အဲဒီတုန်းက သမီးရင်ထဲက စကားတွေ ပြောမိရင် သမီးတို့ သားအဖ ခုလိုနွေးထွေးမှု ရချင်မှ ရတော့မှာ နော်ဖေဖေ။ ခုကျတော့ ဖေဖေက သမီးကို ပိုနားလည်လာသလို သမီးကလည်း ဖေဖေ့ကို ပိုနားလည်လာပါသည်။ (အဲဒီတုန်းက ဖေဖေ့ကို သမီးက သတ္တိနည်းသူ ဆင်းရဲဒဏ်မခံနိုင်သူ အတ္တကြီးသူ၊ တိုင်းပြည်ထက် ကိုယ့်ကိုယ်ကို ပိုချစ်သူ လို့ မြင်ထားတာ။) တကယ့် လက်တွေ့မှာကျတော့ ဖေဖေက အဲဒီအတွက် နောင်တတွေနဲ့ လေးလံဖိစီးနေသူပဲ ဖြစ်နေပြန်သည်။

ဖေဖေပြောပြခဲ့တဲ့ သွေးထွက်သံယို ချီတက်ပွဲများ၊ နံရံလေးဘက်မှ အိမ်မက်ဆိုးများ၊ ငှက်ဖျားတက် ခရီးကြမ်းများ၊ ဗုံသံလွှမ်းသော ပွဲတော်ညများ နှင့် တက်ခဲ့ရသော ကျောင်းတော်မှ စာအုပ်ထူထူများ အကြောင်းတွေဟာ သမီးအတွက် အသစ်အဆန်းတွေ ချည်းပါပဲ။ တချိန်တည်းမှာပဲ သမီးဖေဖေက ယုံကြည်ချက်အတွက် စွန့်စားနိုင်မှု ၊ စွန့်လွှတ်နိုင်မှု တွေကို ဒါ့ထက် ခံနိုင်ရည် ရှိသင့်တယ် လို့သမီးတွေးမိတယ်ဆိုရင် မေမေ့ စဉ်းစားချက်တွေ အောက်က ကြီးပြင်းလာတဲ့ သမီးမို့လို့ ဒီလိုတွေးတာလို့ ဖေဖေက ထင်ဦးမည်။

မေမေနဲ့ဖေဖေရဲ့ အဓိက ကွဲလွဲချက်က အဲဒီအချက်ပဲ။ မေမေကတော့ ဖေဖေဟာ နောက်ဆုတ် ထွက်ခွာပြီး ကိုယ့်အတ္တကို တည်ဆောက်သွားသူလို့ ကောက်ချက်ဆွဲခဲ့တယ်။ နောက် အဲဒီအတွက် လိပ်ပြာလုံရအောင်လို့ သမီးဖြစ်သူကို ခေါ်ပြီး ကျောင်းထားပေးမယ် ပြင်ဆင်တယ်လို့ နားလည်သည်။

သမီးတို့ဆီမှာ မီးတွေပြတ်နေလို့ မှောင်ထဲမှာ သမီးစာကျက်နေတဲအခါ ခြင်ဆေးခွေ ထွန်းထားရက်နဲ့ ယပ်တောင်တချောင်းကိုင်ပြီး စောင့်တတ်တဲ့ မေမေ့ဆီမှာကျတော့ ပြည်သူတွေအတွက် သူနိုင်တဲ့ဖက်က လုပ်ဦးမယ်လို့ တွေးတတ်သည်။ ဖေဖေ့သတင်း စုံစမ်းရင်းက ရလာတဲ့ အဆက်အသွယ်တွေနဲ့ မေမေ့လှုပ်ရှားမှုတွေဟာ ထောင်နှုတ်ခမ်းဝမှာ လို့ သမီးသိပါတယ် ဖေဖေ။ မေမေရှာဖွေတဲ့ ငွေကြေးအချို့တ၀က်ဟာ တိုင်းပြည်အတွင်းမှာ လူမသိ သူမသိ ရင်းနှီးမြှုပ်နှံနေသူတွေ အတွက် ဖြစ်တယ် ။ မေမေဟာ နိုင်ငံရေး လောကမှာ နာမည်ကြီး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မေမေ့အလုပ်တွေကို မြင်နေရတဲ့ သမီးကတော့ သိပ်ကိုလေးစား တန်ဖိုးထားရပါတယ်ဖေဖေ။

ဖေဖေကျတော့ ဥရောပ နိုင်ငံရဲ့ တကယ့် တက္ကသိုလ်ကြီးက ဘွဲ့တခုရ၊ လစာ အသင့်အတင့် ကောင်းတဲ့ အလုပ်တခုလုပ်၊ ကားကောင်းကောင်းစီး ခု သမီးလာတော့မယ်ဆိုတော့ လုံးချင်းအိမ်ယာ တလုံးဝယ်လို့ ဘ၀ကို သက်တောင့် သက်သာ ဖြတ်သန်းချိန် ဖြစ်နေပေမယ့် ဖေဖေ့မသိစိတ်ထဲမှာ ဒါဟာ တရားရဲ့လား၊ ကိုယ်ချစ်တဲ့ နိုင်ငံအတွက် တာဝန်ကျေရဲ့လားလို့ အမြဲပဲ မလုံမလဲ ခံစားနေရတယ် မဟုတ်လား။ ဒါတွေကို ဖေဖေတို့ ဒီနိုင်ငံရောက် သူငယ်ချင်းတွေ စကားဝိုင်းကနေ သမီးက ကြားမြင်ပြီး ခံစားသိလိုက်ရတာပါ။ ဖေဖေတို့ကတော့ သမီး ဒီလိုပြောရင် ၀န်ခံမှာ မဟုတ်ပါဘူး။ နယ်စပ်က ရဲဘော်ရဲဘက်တွေကို ဖုန်းဆက်ဖို့ ခဏခဏ ကြိုးစားရင်း မဆက်ဖြစ်ခဲ့တာတွေ ၊ ရတဲ့ လစာလေးထဲက နယ်စပ်ပြန်ပို့မယ်လို့ ဖယ်ထားဖို့ ကြိုးစားရင် ကုန်သွားခဲ့တာတွေ၊ သမီးရောက်ခါစ တခေါက် နယ်စပ်ပြန်ဆင်းဦးမယ်လို့ ဖေဖေတို့ သူငယ်ချင်းတွေ တိုင်ပင်ကြပြီး တကယ့်လက်တွေ့မှာ မပြန်နိုင်သေးတာတွေ… ဖေဖေရေ ရုပ်ဝတ္ထု လိုအပ်ချက်တွေ ပြည့်နေပေမယ့် ဖေဖေတို့ စိတ်အတွင်းက မလုံမလဲ စိတ်ကလေးတွေ ရှိနေသရွေ့တော့ ဖေဖေ့ဆီမှာ ခံစားတတ်တဲ့ စိတ်နှလုံးသားကောင်းတွေ ရှိနေသေးတယ်လို့ သမီးထင်ပါသည်။

ဘာ့ကြောင့် ဒီနိုင်ငံကို ရောက်လာရတယ်ဆိုတာ မေ့ချင်ယောင်ဆောင်ထားတဲ့ လူတွေကို တွေ့တိုင်း ငါ့အဖေက တော်သေးတာပေါ့လို့ သမီးတွေးမိပါသေးတယ်။
ဒါပေမယ့် ဖေဖေရယ်။ ဖေဖေ့သူငယ်ချင်းတချို့ နယ်စပ်မှာ ခုထိ ကျန်နေရစ်သေးတယ်၊ အရင်လိုပဲ နေထိုင်မှု ၀န်းကျင်ထဲမှာ ရုန်းကန်နေကြတုန်းပဲ ဆိုတာ ဖေဖေတို့ ပြောနေကျ မဟုတ်လား။ ဖေဖေကိုယ်တိုင် ပြောခဲ့တဲ့ စကားတခွန်းရှိသေးတယ်။ ဒီကောင်တွေ ဇွဲရှိလိုက်တာ ဆိုတာလေ။ ဒါဆို ဖေဖေတို့ ကိုယ်တိုင်ကရော…
ဖေဖေရေ.. မေမေကလေ အလုပ်တခု လုပ်မယ်ဆိုရင် အဆုံးထိ လုပ်နိုင်မလား ဆုံးဖြတ်ပါတဲ့။ ကိုယ်တိုင် လုပ်ကြည့်ပြီးမှ နောက်ပြန်ဆုတ်လိုက်တာက ယောက်ျားကောင်း မဟုတ်ဘူးတဲ့။ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓါတ်ကို ကျင့်သုံးပါ တဲ့။
……………….
တကယ်တော့ သမီးက အိမ်ပြန်ချင်တာ ဖေဖေရဲ့.. သမီးတို့အိမ်မှာ သီတင်းကျွတ်ချိန် ဖယောင်းတိုင်ထွန်းတာ သိပ်ပျော်ဖို့ကောင်းတယ် သိလား။ သင်္ကြန်ဆိုရင်လေ မေမေနဲ့ အတူတူ သမီးက ဥပုသ်စောင့်သေးတယ်။ မေမေက သူငယ်ချင်းတွေနဲ့ တရက်ရေပက်ခံ ထွက်ခွင့်ပေးပေမယ့် နှစ်တိုင်း မလည်ဖြစ်ပါဘူး။ မေမေတယောက်တည်း ပျင်းနေမှာ စိုးတာနဲ့ မေမေ့နောက်ကို အဖော်လိုက်လုပ်ပေးတာ။ ဖေဖေရော ဒီမှာ ဥပုသ် စောင့်ဖြစ်သေးလား။ မေမေကတော့လေ သမီးကိုလွမ်းနေမှာ.. သမီးသိတယ်။ သမီးလဲ ပညာတွေ သင်ပြီးရင် အိမ်ကို ပြန်မှာပဲ ။
…………………
ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ဖေဖေတို့ အုပ်စုတွေ နေမထိ ထိုင်မသာ ဖြစ်နေကြပြန်ပေါ့။ အဝေးရောက်တော်လှန်ရေးသမားတွေလို့ ခံယူပြီး သံရုံးရှေ့က ဆန္ဒပြပွဲတွေ ဘုန်းကြီးကျောင်းက ဆုတောင်းပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပလို့။ ဒီအာဏာရှင်ကို တိုက်မှ ရတော့မယ်လို့ တကျော့ပြန် ကြွေးကြော်နေကြပြန်လေသည်။

အလှုငွေတွေ ကောက်ပြီး အထဲက သပိတ်အဖွဲ့ပဲ ပို့ရတော့မလိုလို နယ်စပ်က တော်လှန်ရေး အဖွဲ့တွေပဲ ပို့ရတော့မလိုလို ဖေဖေတို့ အုပ်စုတွေ အလုပ်များနေကြတာ နေ့စဉ်ရက်ဆက်။
သမီးသူငယ်ချင်း အဖြူမလေးတွေက အဖြစ်အပျက်တွေကို သိချင်သမျှ ဖြေကြားပေးရင်း။ သမီးတို့အဖွဲ့ကတော့ မေမေနဲ့ အဆက်အသွယ်ပြန်လုပ်ရင်း သမီးတို့ အကောင်အထည် ဖော်ချင်သမျှကို မေမေက သေချာလုပ်ပေးနေတာပဲ ဖေဖေရေ… ။ ဖေဖေ့ကို အခုကျမှ ဖွင့်ပြောပြတာကိုလဲ စိတ်မဆိုးဘူး ထင်ပါတယ်နော်..။ မေမေ့ရဲ့ တိကျ ပြတ်သားမှုတွေ ၊ ခိုင်မာမှုတွေကို သမီးက စိတ်ချခဲ့သလို သမီးသူငယ်ချင်းတွေကလည်း မေမေ့ရဲ့ အတွေ့အကြုံတွေကို နှစ်ခြိုက်လေးစားခဲ့တယ်ဆိုတာ ဖေဖေ့ကို အသိမပေးဖြစ်ခဲ့ဘူး။ စက်တင်ဘာကာလမှာ မေမေဟာ သမီးနဲ့အနီးကပ်နေနေတဲ့ ဖေဖေ့ထက် သမီးကို ဘာလုပ်ရမယ်ဆိုတာကို လမ်းပြနိုင်ခဲ့ပါလေသည်။
……………………
သမီးသူငယ်ချင်းတွေက မြန်မာ့အရေးစိတ်ဝင်စားသူတွေဖြစ်လာ။ သမီးက ကျောင်းမှာလဲ မြန်မာ့အရေး ဟောပြောသူ ဖြစ်လာနဲ့ မေမေ့သမီး ဖေဖေ့သမီး ဖြစ်လာခဲ့သမျှ ဒီတခါမှာတော့ တာဝန်ကျနေပြီ တာဝန်ထမ်းဆောင်ရတော့မယ် ဆိုတာမျိုးကို သမီးတော့ ခံစားရရှိလာတယ်။ ဒီလောက်နဲ့ တာဝန်မကျေသေးဘူးတဲ့ မေမေက ပြောတယ် ဖေဖေရဲ့။ စနစ်တခု ပြောင်းဖို့ဆိုတာ ခုရေတွင်းတူး ခုရေကြည်သောက်ဆိုသလို မရဘူးတဲ့။ သမီး စိတ်ရှည်ရမယ်နော်။ ငါလုပ်တာ ဘာမှလဲ မဖြစ်ဘူးလို့လဲ စိတ်ဓါတ်မကျရဘူး။ သမီးတို့ အရွယ်တွေဟာ ကောက်ရိုးမီးလို စိတ်ဓါတ်မျိုး ဖြစ်တတ်ကြတယ်၊ နာမည်ကြီးချင်တယ်၊ စိတ်ခံစားမှုနောက်ကို လိုက်ချင်တယ်၊ ရေရှည် လုပ်ရမယ့် အလုပ်မျိုးကို စိတ်မရှည် တတ်ကြဘူး။ ကိုယ်လုပ်နိုင်သလောက်ဟာ ဘယ်လောက်သေးပါစေ။ ရေရှည်လုပ်နိုင်မှ အသီးအပွင့်ကို မြင်ရလိမ့်မယ် သမီးရေ။ မေမေတို့ လုပ်လာခဲ့တာ ခုဆို နှစ်ပေါင်း ၂၀ ရှိခဲ့ပြီမဟုတ်လား။ ဒါတောင်မှ အောင်မြင်မှုဆိုတာ ရောင်ခြည်တောင် မသန်းသေးပါဘူး သမီးရယ်။ ဒါပေမယ့် မေမေတို့ ဒီအာဏာရှင်တိုက်ပွဲထဲက ဘယ်တော့မှ မထွက်ဘူး ။ အဓိက က စိတ်ဓါတ်ခိုင်မာရမယ်၊ ယုံကြည်ချက် ပြင်းထန်ရမယ်။ နို့မို့ဆိုရင်တော့ သွေးအေး သွားတာနဲ့ မေ့မေ့ပျောက်ပျောက်တွေ ဖြစ်လို့ အားလုံး ရေစုန်မျောသွားလိမ့်မယ်တဲ့။
ဒီလိုကြေကွဲစရာတွေ ခံပြင်းစရာတွေ သမီးတို့ ခံစားနေကြရတာ ၊သမီးတို့ကိုယ်တိုင် ဒီတိုက်ပွဲကို ၀င်နွဲတော့မယ် ဆိုတဲ့အခါမှာတော့ မေမေတို့ တာဝန်မကျေသလိုခံစားရတယ် သမီးရယ်.. တဲ့

မေမေက အဲလိုပြောတယ်ဖေဖေ။ ဖေဖေကရောဟင်…။ သမီးကို နိုင်ငံရေး မလုပ်ပါနဲ့လို့ တားမြစ်ဦးမှာလား။ ဒါမှ မဟုတ်ဖေဖေ့သွေးတွေ သတ္တိပြနေတာလို့ ဂုဏ်ယူပေးမှာလားဟင်..။

တကယ်တော့ ဒါဟာ ဂုဏ်ယူသင့်တဲ့အရာပဲ မဟုတ်လား ဖေဖေ၊ မေမေကတော့ သမီးကို ဂုဏ်ယူနေမယ်လို့ ပြောခဲ့တယ်။ သမီးတို့မျိုးဆက်အထိ ဒီတိုက်ပွဲကို သယ်ဆောင် လာခဲ့တာကတော့ အပြစ်ပြောလို့မရပါဘူး ဖေဖေရယ်။ သမီးတို့ လုပ်နိုင်တာကို လုပ်ရမှာပဲ မဟုတ်လား။ အောင်မြင်မှုတွေကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ်လုပ်ရမယ့် တာဝန်ကိုတော့ ကျေပွန်အောင် ထမ်းဆောင်ရမှာက တကယ့်သမိုင်းပေးတာဝန်ပဲ မဟုတ်လား။
……………….
စက်တင်ဘာအပြီးမှာ မေမေနဲ့ ဖေဖေရဲ့ တယ်လီဖုန်းပြောသံတွေဟာ ပိုလို့ ဆူညံ ငြင်းခုန်လာသလိုပဲ။ သမီးတယောက်အနေနဲ့ ဘာမှ ၀င်မပြောနိုင်ပေမယ့် မေမေနဲ့စကားပြောပြီးတိုင်း ဖေဖေ ငိုင်သွားတာကို သတိထားမိလာတယ်။ မေမေက ဖေဖေ့ကို သွေးအေးသွားတတ်တဲ့ စရိုက်မျိုး မကြိုက်ဖူးလို့ အတိအလင်း ဝေဖန်လိုက်ပုံရတယ်။ ဖေဖေတို့ သူငယ်ချင်းတွေရဲ့ အစည်းအဝေးတွေ ပိုစိတ်လာတယ်။ ဖေဖေ ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့တွေ လုပ်လာသည်။ ပြီးတော့ သက်ပြင်းတွေ ချ ချနေတတ်သည်။

ဖေဖေက သူလျှောက်ခဲ့တဲ့ အတွေ့အကြုံအရ တော်လှန်ရေး ခရီးခက်ခဲကြမ်းတမ်း ပုံတွေကို သိနေပါလိမ့်မယ်။ တချိန်တည်းမှာပဲ ခုလက်ရှိ ပိုင်ဆိုင်နေရတဲ့ အဆင်ပြေမှုတွေကိုလည်း စွန့်လွှတ်ခဲ့ရမှာ ချင့်ချိန်နေပါလိမ့်မယ်။ အသက် ၂၀ ကျော်စ လူငယ်လေးဘ၀တုန်းက ခံစားချက်တွေနဲ့ တော်လှန်ရေး လုပ်နိုင်ခဲ့ပေမယ့် အသက် ၄၀ ကျော်ပိုင်းက ကိုယ့်ကိုယ်ကိုယ် ပြည့်စုံနေတယ် ထင်နေတဲ့ လူလတ်တယောက်အနေနဲ့ကျတော့ တော်လှန်ရေး နှစ်ကြာရှည်မှုအပေါ် ယုံကြည်လိုက်ဖို့လဲ တွန့်ဆုတ်နေပါလိမ့်မယ်။ မေမေ့လို သတ်ကွင်းတွင်းက လူတယောက်နဲ့ခံစားချက်က တော့ မတူနိုင်တော့ဘူး မဟုတ်လား ဖေဖေရယ်။
……………………..
ဒီနေ့ သမီးမွေးနေ့ မှာ ညနေစာကို သမီးကိုယ်တိုင်ချက်တဲ့ သီးစုံပဲကုလားဟင်း နဲ့ ဘာလချောင်ကြော်ကို သားအဖနှစ်ယောက် မြိန်မြိန်ယှက်ယှက်စားဖို့ ပြင်ဆင်နေတုန်းမှာပဲ မုန်တိုင်းသတင်းက ၀င်လာတယ်။ လေတိုက်နှုန်းကို ကြားလိုက်ရတဲ့ သားအဖနှစ်ယောက်ရဲ့ ညစာစားပွဲဟာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဆိုတာ ဖေဖေရော မေမေရော ရဲ့ ဇာတိရပ်ရွာတွေပဲ။ ဒီလိုနဲ့ တနေ့ထက်တနေ့ ပိုတိုးတိုးလာတဲ့ သတင်းဆိုးတွေကို နာခံရင်း ဘာတွေလုပ်ပေးရမလဲ ဘာလုပ်ပေးသင့်သလဲ ဆိုတဲ့ အတွေးတွေနဲ့ အိပ်မရ စားမရ ဖြစ်ခဲ့ကြရတယ်။ မေမေနဲ့ ဖုန်းအဆက်အသွယ်မရမချင်း အိပ်မရဖြစ်နေတဲ့ သမီးကို ကော်ဖီခွက်တွေ တခွက်ပြီးတခွက် သောက်လိုက်၊ နိုင်ငံတကာ သတင်းတွေ ထိုင်ကြည့်လိုက်နဲ့ အဖော်လုပ်ပေးနေတဲ့ ဖေဖေ ကိုယ်တိုင်ကရော ရင်ထဲမှာ ဘယ်လို ဖြစ်နေမလဲ။ သိပ်ခံစားတတ်တဲ့ ဖေဖေရဲ့ မျက်လုံးတွေဟာ တီဗွီဖန်သားပြင်ပေါ်မှာ အရောင်ပြေးနေတယ်။ ဖေဖေ့စကားသံတွေက အဲဒီအချိန်မှာ ခြောက်ကပ် အက်ကွဲ နေသေးတော့သည်။
.......................
တပတ်ပြည့်မြောက်မှာ မေမေနဲ့ အဆက်အသွယ်ရခဲ့သည်။ ရန်ကုန်က သမီးတို့ရဲ့ တထပ်အိမ်လေးမှာ အိမ်ခေါင်မိုး တချို့ လန်ထွက်သွားတာကလွဲလို့ ဘာမှမဖြစ်ခဲ့ဘူးလို့ သိရသလို သမီးတို့အိမ်က ရေစုပ်စက်ကို မီးစက်နဲ့ဖွင့်ပြီး ရေလှုပေးနေတယ်တဲ့။ သမီးကို သာဓုခေါ်ဖို့ မေမေက လှမ်းပြောပြနေသေးသည်။ မေမေ့ရဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို သမီးကို ပြောပြနေတဲ့ မေမေ့အသံက တည်ငြိမ်လွန်းလှစွာ။ အဲဒါ သမီးရဲ့ မေမေပဲပေါ့။ မေမေ့ရဲ့ ထူးခြားချက်ကတော့ အခက်အခဲနဲ့တွေ့လေ တည်ငြိမ်လေ ဆိုတာပါပဲ။ သမီးလဲ တတ်နိုင်သလောက် ၀ိုင်းကူမယ်ဆိုတော့ သမီးတို့ စက်တင်ဘာပြီးကတည်းက စုမိထားတဲ့ အဖွဲ့လေးရဲ့ လှုပ်ရှားမှုတွေ နဲ့ ကူညီပေါ့ လို့ မေမေက ခွင့်ပြုလိုက်ပါတယ်။ တချို့ သမီးသူငယ်ချင်းတွေလဲ မေမေနဲ့ ဆက်သွယ်ပြီး ကယ်ဆယ်ရေးထဲ ကိုယ်ထိလက်ရောက် ပါလို့ သမီးဒီက သူငယ်ချင်းတချို့ကလည်း ငွေကြေးကောက်ခံသူတွေ ဖြစ်လို့။ သမီးရဲ့ ဘဏ်စာရင်းမှာလည်း ငွေကြေးပမာဏတွေ သောင်းဂဏန်းထိ တိုးတက်လာလို့။ မေမေကတော့ သူလုပ်နိုင်တဲ့ အတိုင်းအတာထဲက အတက်ကြွဆုံးလှုပ်ရှားလို့ပေါ့လေ။
……………
မုန်တိုင်းကယ်ဆယ်ရေး လုပ်နေတဲ့ လူအချို့ကို ဖမ်းဆီးတယ် သတင်းကြားတော့ ကိုယ့်အမေကို စိတ်ပူမိလို့ ဖုန်းဆက်မေးရသေးတယ်။ ဖေဖေကတော့ သမီး လုပ်နေတာတွေကို အစက သိပ်မကြိုက်ချင်သလို စစ်ဆေးတာတွေ လုပ်ခဲ့ပေမယ့် သမီးသေချာ ရှင်းပြလိုက်တော့လဲ ဂုဏ်ယူကျေနပ်နေလို့။

မေမေက ဒီလိုပြောခဲ့တယ် ဖေဖေရဲ့လို့ သမီးက စကားအစချီလိုက်တော့ မျက်ခုံးပင့်သွားတဲ့ ဖေဖေ့ကို မေမေပြောတာတွေ အကုန်ပြန်ပြောလို့ ကောင်းပါ့မလားလို့ တွေဝေသွားမိသေးတယ်။ ဒါပေမယ့် ဒီအမေရဲ့ ယုံကြည်ချက် ခံယူချက်တွေကို လေးစားကျေနပ်မိနေတဲ့ သမီးတယောက်အနေနဲ့ ကိုယ့်အမေကို သိပ်ပြီးချစ်ခင် စေတနာထားတဲ့ ဖေဖေ့ကိုတော့ တလုံးမကျန်ပြန်ပြောပြဖို့ စိတ်ကူးလိုက်ပါတယ်။
...........................
သမီးရေ.. ခုကယ်ဆယ်ရေး လုပ်ငန်းတွေ စလုပ်ခါစက လူတွေအများစုကြီးက နိုင်ငံရေးတွေဘေးချိတ်၊ ခုက လူမှုရေး ပဲ ဒုက္ခရောက်သူကို ကယ်ဆယ်ရမယ် ဆိုပြီး တက်တက် ကြွကြွပါဝင်လှုပ်ရှားခဲ့ကြတယ်။ ဒါပေမယ့် ရက်တွေ ကြာလာတဲ့အခါ အာဏာရှင်စနစ်ရဲ့ ထုံးစံအတိုင်း ပြည်သူ့အကျိုးသယ်ပိုးသူ မှန်သမျှကို ရန်သူလို ဆက်ဆံလာတယ်။ ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေတင်မကပဲ ပြည်သူ့ရဲလို့ ခေါ်တဲ့ ရဲတွေကပါ အဖမ်းခံချင်နေလား၊ ဒီပိုက်ဆံတွေ ဘယ်ကရလည်း ဒါမျိုးတွေ စစ်ဆေးလာတော့သည်။ တချို့လူတွေကို စဖမ်းနေတဲ့အချိန်မှာတော့ လူမှုရေးလုပ်ငန်းကို တကယ်ကိုယ်ကျိုးစွန့် လုပ်ချင်သူတွေပဲ ကျန်နေတော့တယ်။
မေမေပြောချင်တဲ့ ရည်ရွယ်ရင်းက ဒါကိုမဟုတ်ပါဘူး။ အာဏာရှင်လက်အောက်မှာ ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှ လုပ်ခွင့်မရပါဘူး သမီးရယ်။ ဒါကို အဓိက ပြောချင်တာပါ။ ဒါ့ကြောင့် မေမေတို့က အာဏာရှင်စနစ်ကို အရင် တိုက်ဖျက်ပစ်ရမယ် ဆိုတာ ပိုသေချာတာပေါ့၊ လူမှုရေး လုပ်ငန်းလုပ်ချင်သူတွေ အနှောင့်အယှက်ကင်းကင်း လုပ်နိုင်ဖို့၊ သဘာဝ ၀န်းကျင် ထိန်းသိမ်းချင်သူတွေ စနစ်တကျ အန္တရာယ်ကင်းကင်း လုပ်နိုင်ဖို့ ၊ ကျန်းမာရေး ပညာရေး ဘာလုပ်ငန်းမဆို ပြည်သူတွေ အကျိုးအတွက် အန္တရာယ် ကင်းကင်းလုပ်နိုင်ဖို့ ဆိုတာကတော့ စစ်အာဏာရှင်စနစ် ဒီတိုင်းပြည်ကနေ ဖြုတ်ပစ်လိုက်နိုင်မှ ရပါလိမ့်မယ် သမီးရေ။ ဒါ့ကြောင့် နိုင်ငံရေး လုပ်စရာမလိုဘူးဆိုတဲ့ လူတွေကို ပြောပြချင်တာ မေမေ့ရင်ထဲမှာ အပြည့်ရှိနေတယ် ၊ ပြည်သူအားလုံး အေးချမ်းသာယာစေချင်လို့ လုပ်နေတာ အကုန်လုံးဟာ ပြည်သူတွေအရေး ၊ အဲဒီပြည်သူတွေ နေထိုင်တဲ့ နိုင်ငံရဲ့ အရေးအကြီးဆုံး အရေးပါပဲ။ ဒါဟာ နိုင်ငံရေးပါ၊ နိုင်ငံရေး လုပ်နေသူ အားလုံးဟာလဲ တို့နိုင်ငံကြီးက ဆင်းရဲချမ်းသာ ရန်သူမိတ်ဆွေမရွေး မည်သူမဆို တကယ့်ကို လွတ်လပ်ငြိမ်းချမ်းခြင်းတွေနဲ့ ဘ၀ကို ရှင်သန်စေချင်သူတွေပါ။
ခေါင်းကိုက်နေသူကို ၊ ချောင်းဆိုးနေသူကို ခေါင်းကိုက်ဆေး ချောင်းဆိုးပျောက်ဆး ပေးလိုက်ရုံနဲ့ ရောဂါ မပျောက်နိုင်သေးပါဘူး။ ဒီလို ခေါင်းကိုက် ချောင်းဆိုးနေတာ ဘာအခြေခံရောဂါလဲ ဆိုတာ စုံစမ်းပြီး အဲဒီပင်မရောဂါကို ပျောက်အောင် ကုသမှ ဒီခေါင်းကိုက် ချောင်းဆိုးတွေက ပျောက်မှာ နော်။ သမီးလဲ တကယ့် ပင်မရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်သူဖြစ်ပါစေ။
...............
မေမေ ပြောတဲ့ စကားတွေကို နားထောင်နေတဲ့ ဖေဖေ့မျက်နှာမှာ ကျေနပ် ဂုဏ်ယူခြင်းတွေ ရှိနေတယ်။ ဖေဖေ ပြောခဲ့သလို ဖေဖေနားလည်အောင် ဖတ်ရမယ့် စာတအုပ်အဖြစ် သမီးတယောက်ဖြစ်လာအောင် အသွေးအရောင်စုံချယ်ပေးနေတဲ့ ဖေဖေ့ရဲ့ ချစ်ဇနီးကို ဖေဖေက အားပေးမှုတွေ လက်တွဲဆောင်ရွက်မှုတွေနဲ့ ဖြည့်ဆည်းပေးသင့်သည်လို့ သမီးက ထင်မိပြန်သည်။

အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။ သမီးတို့၏ သူငယ်ချင်း လူငယ်ကလေးများ၊ သတင်းများ၊ ဘလော့ဂ်များ၊ ၀က်ဘ်ဆိုဒ်များ၊ ကူညီမှုများ၊ လှုပ်ရှားမှုများ။ မည်သို့ပင်ဖြစ်စေ သမီး၏ စကားများ အဆုံးတွင် “ဒါမှဖေ့ဖေ့သမီးကွ..” ဟု ဖေဖေက သမီးခေါင်းကလေးကို ပုတ်ရင်း ရယ်မောကာ ပြောလိုက်ပါသည်။

“သမီးက ဖေ့ဖေ့ရဲ့ သမီးပါပဲ။ ဒါပေမယ့် သမီးက သမီးပဲလေ..။”
.............
ဒါပဲလေ ဖေဖေ သမီးတို့ကတော့ အဆုံးမသတ်သေးတဲ့ တိုက်ပွဲတွေထဲကို ရဲရဲဝံ့ဝံ့ ခြေလှမ်းလို့ဝင်လာခဲ့ပါပြီ။ ဖေဖေပြောသလိုပါပဲ အဆုံးမသတ်တဲ့ တိုက်ပွဲတွေကို မျိုးဆက်တွေကပဲ အဆုံးသတ်ရမယ်ဆိုတာ။ နို့မို့ဆို အဆုံးမသတ်နိုင်သေးတဲ့ အဲဒီတိုက်ပွဲတွေကပဲ မျိုးဆက်သစ်တွေကို အဆုံးသတ်နေလို့ သမီးတို့ တိုင်းပြည်က အနာဂါတ်သားကောင်းတွေ ဘ၀က မျှော်လင့်ချက်မဲ့၊ အဓိပ္ပါယ်မဲ့ ….. အရာရာ အားလုံးမဲ့နေခဲ့တာပဲလေ…….
………………………


တကယ်တော့ သမီးသည် ကျွန်တော့်နောက်မှ တချိန်လုံး ထပ်ကြပ်မခွာ လိုက်ပါခဲ့သည်ပဲ။ သို့သော် ကျွန်တော့်လောင်းရိပ်တွင် မခိုခဲ့။ ကျွန်တော်ရှိခဲ့၍ သမီးရှိခဲ့သည်။ ကျွန်တော်တို့ရှိခဲ့၍ သမီးတို့ရှိခဲ့သည်။ ထိုတည်ရှိခဲ့မှု ကိုလည်း သမီးက သိသည်။ အသိအမှတ်လည်း ပြုသည်။ သို့သော် သမီးသည် သီးသန့် ဖြစ်တည်ခဲ့ပြီ။ ကျွန်တော်တို့က အတိတ်တို့ဖြင့် ဖိစီးလေးလံနေချိန်တွင် သမီးတို့က လျှင်မြန်စွာ လိုက်လျောညီထွေ ရွေ့လျားနေကြသည်။ ဒီတခါ ကျွန်တော်နားလည်အောင် ဖတ်ရမည့် စာအုပ်တအုပ်သည်…..။
…………………..
အဲသည်ညက သမီးက ဖေဖေ့ကို စကားတွေ အကြာကြီး ပြောခဲ့သည်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

( ပန်ဒိုရာ၏ မြေအုတ်များ ကျောက်အုတ်များနှင့် သွေးစက်နီနီ ၀တ္ထုအားပြန်လည် ခံစားရေးဖွဲ့ပါသည်)

Sunday, September 9, 2007

ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ

နေ့စဉ် နိုင်ငံခြား အသံလွှင့် ဌာနလေးခုက သတင်းတွေ နားထောင်ရင်း ဘီဘီစီကနေ မြန်မာပြည်ထဲမှာ ဒီနေ့ ပြည်သူတွေ စွဲငြိနေတဲ့ ၂ လုံးထီ ၊ ၃ လုံးထီအကြောင်းနဲ့ ပတ်သက်တဲ့ အပတ်စဉ်ကဏ္ဍကို ထုတ်လွှင့်မယ် လို့ ကြိုတင်ကြေညာတာကို ကြားလိုက်ပါတယ်၊ အရက်အကြောင်းကို အပတ်စဉ် ထုတ်လွှင့်ခဲ့စဉ်က အရက်သောက်ခြင်းကြောင့် ခံစားရတဲ့ဒုက္ခတွေ၊ အရက်စွဲခဲ့ရတဲ့ အကြောင်းတွေနဲ့ နားထောင်ရတာ ဗဟုသုတ တွေ ဆင်ခြင်စရာတွေ အများကြီး မှတ်သားခဲ့ရသလို ဒီလောင်းကစားကိစ္စနဲ့ ပတ်သက်လို့လည်း မှတ်သားစရာ တွေ သိရဦးတော့မယ်လို့ တွေးမိပါတယ်။

ဒါနဲ့ တချိန်တည်းမှာပဲ ကျမလွတ်မြောက်နယ်မြေကို ရောက်စက ပြည်တွင်းက ၁လုံး၊ ၂ လုံး၊ ၃ လုံးဆိုတဲ့ လောင်းကစားအကြောင်းတွေကို ပြောပြတိုင်း တအံ့တသြ နားထောင်ကြတဲ့ ကျမမိတ်ဆွေ သူငယ်ချင်းတွေက အဲဒီအကြောင်းစာရေးပါလား လို့ ကျမကို တိုက်တွန်းတာနဲ့ ဒီဖက်ရောက်မှ ပထမဆုံး ရေးသားတဲ့ ရသစာစုလေးကို သတိရမိပါတယ်။ ပြည်တွင်းမှာ ၁၉၉၄ ခုနှစ် ရုပ်ရှင်တေးကဗျာ အောင်မြင်နေချိန်တုန်းက (နိုဝင်ဘာ၊ ဒီဇင်ဘာ ထင်ပါရဲ့ ) ၂ လဆက်တိုက် ကျမရဲ့ ကဗျာတွေ ပါခဲ့ဘူးတာကလွဲလို့ တခါမှ စာမရေးတော့တဲ့ ကျမ ဒီဘက်မှာ ပြောပြချင်တာတွေ များလွန်းလို့ စာစရေးတော့ ဒီစာစုလေးနဲ့ပါ။

ကျမရဲ့ ဘလော့မိတ်ဆွေတွေ ဖတ်ရှုနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ရုပ်ဖျက်ထားသော ကိန်းဂဏန်းများ

၁။

နေ့ကရသေးလား”

ဒါ ဗမာပြည်မှာ မနက်မိုးလင်းလို့ တယောက်နဲ့ တယောက်တွေ့ ရင် နှုတ်ဆက်တဲ့စကားပါ။

မတွေ့ရတာ (၇) နှစ်နီးပါးရှိနေတဲ့ ကိုမင်းကြည်ကို ကျမပြောပြတော့ သူက အံ့သြလို့၊ သူ ပြည်ပကို ရောက်နေတာ နှစ်ပေါင်း (၃၀) နီးပါး ရှိနေပြီလေ။ မဆလအစိုးရကို အံတုရင်း တောထဲ ရောက်ခဲ့ကြရတဲ့ (၇၅) ခုနှစ် ဆေးတက္ကသိုလ် ကျောင်းသားဟောင်းတယောက်။

ဘာတွေလဲ၊ ရှင်းပြစမ်းပါဦးလို့ တောင်းဆိုကြတာက ကိုမင်းကြည်တယောက်ထဲ မဟုတ်ဘူး။ (၈၈) နောက်ပိုင်း တော်လှန်ရေးနယ်ထဲ ရောက်လာကြတဲ့ ကျောင်းသားအုပ်စု၊ သူတို့တွေလည်း ကိုယ်ချစ်တဲ့တိုင်းပြည်နဲ့ ခွဲခွာခဲ့ရတာ (၁၆) နှစ်ကျော်။ တကယ်တော့ ကျမတို့ချစ်တဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ပြားပြားဝပ်အောင် ဖိနှိပ်ခံနေကြရင်း စစ်အစိုးရ ရိုက်သွင်းနေတဲ့ ကျုံးထဲကို ၀င်မှန်းမသိဝင်၊ ရောက်မှန်းမသိ ရောက်နေခဲ့ကြတဲ့အကြောင်း ကျမမြင်ခဲ့သလောက် ရင်နာနာနဲ့ ပြောပြရဦးမှာပေါ့။

၂။

မနက်မိုးလင်း ဟင်းစားဝယ်ဖို့ ဈေးသွားတဲ့ ဒေါ်မြပေါ့။ ဈေးထဲဝင်ခါနီး နောက်က လှမ်းခေါ်သံကြားလိုက်လို့ ရပ်စောင့်နေတယ်။ မျက်စောင်းထိုးအိမ်က ထားထားပါလား။


န်တီ မနေ့ကရသေးလား”
“မရပါဘူးဟယ်၊ လူသေတွေချည်းပဲ အိပ်မက်မက်လို့ ၄၆၊ ၆၄ ထိုးတာဟယ် ၆၈ ထွက်သွား တယ်”
“အာ၊ အန်တီကလည်း မနေ့ကတော့မပြောဘူး။ ‘လ’ ဆိုရင် ၄ လည်းကောက်လို့ရတယ်။ ၈ လည်းကောက်လို့ ရတယ်လေ”

“အိပ်မက်ကိုပြောရင် မှားတယ်ဆိုလို့ ငါမပြောတာပါဟယ်။ ပြောမိရင် ပေါက်ဦးမှာ၊ နှမြော လိုက်တာ၊ ဒါမျိုးရဖို့ မလွယ်ဘူး”
“ဒီနေ့ ဗုဒ္ဓဟူးနေ့မို့ လား၊ အလယ်နေ့ လင်ဗန်း ၂ ချပ်ပူးထားလို့ ဆရာတော်ကြီးက ပြောထား တယ်”
“ဘယ်သူပြောလဲ”
“စိုးပြောတာ၊ သူ့ဆီမှာ စာအုပ်ဝယ်ထားတယ်။ သူ ဒီနေ့ သုညပတ်မယ်လို့ မနေ့ထဲက ပြောထားတာ။ အန်တီ ပတ်မလား”
“တရက်မှ မပေါက်သေးဘူး။ ငါမပေါက်တာ ၃ ပတ်ရှိုပီ။ နေဦးဟယ်။ ဈေးတပတ် ပတ်ပြီး ဂဏန်း ရှာလိုက်ဦး မယ်”
“နေ့လည် လာမယ်မဟုတ်လား။ နင် မနေ့က ၅၀၀ ဖိုး ရတယ်ဆို”
“ပေါက်ရှုံးအန်တီရဲ့။ ကာကွက်က လာပေါက်တာ။ ဒီတပတ် အပူးကြိမ်းသေဆိုလို့ တနင်္လာ နေ့ထဲက အပူး ၁၀၀၀ ဖိုး စဆွဲထားတာ။ ဒီနေ့ ထပ်တင်ရမလား၊ ဒီအတိုင်းပဲထားရင်ကောင်းမ လား၊ စဉ်းစားနေတာ”
“အပူးမထွက်တာ ၁ လရှိပြီမဟုတ်လား။ ဆက်ဆွဲထား။ ကိုယ်ဖြတ်တော့မှ ထွက်သွားမယ်။ နေ့လည် ၃ နာရီမတီးခင်လာခဲ့နော်။ ကဲ သွားမယ်”


ဒေါ်မြ ဈေးထဲဝင်သွားတယ်။ မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ရပ်လိုက်တယ်။ ဒီမုန့်ဟင်းခါး ဆိုင်က ဟိုးအရင် တုန်းကဆို တန်းစီပြီးစောင့်ရတယ်။ တနေ့ မုန့်ဆယ်ပိဿာ အစောကြီးကုန် တယ်။ အခု ဒီနှစ်လုံးထီဆိုတာ ပေါ်လာပြီးထဲက မုန့်ငါးပိဿာကို နေမြင့်အောင် စောင့်ရောင်းနေရတယ်။ ဒေါ်မြ ဆိုင်ရှေ့ရပ်တော့ ဈေးသည် ထုံးစံ ခေါ်ရတာပေါ့။


“ဒေါ်မြ လာ၊ မုန့်ဟင်းခါးလား၊ ခေါက်ဆွဲလား၊ ဘာကြော်နဲ့လဲ”
“မစားတော့ပါဘူးအေ။ မုန့်ဖိုးကို ငါးဆယ်ဖိုးနှစ်ကွက်ရင်းလိုက်ရင် လေးထောင်ရမှာ။ ဘာကောင်းတယ် ပြောသံကြားလဲ”
“ခုန မုန့်စားရင်း ပြောနေကြတာ ရှမ်းကုန်းဖက်က အဘက ဘုရားကို အောင်သပြေကပ်တဲ့”
“ဟဲ့ ဒါဆို ၉၁၊ ၉၆၊ ၉၅ သုံးကွက်ထဲပေါ့”
“ဒေါ်မြကလည်း၊ လှန်ရဦးမယ်လေ။ မမှတ်သေးဘူး။ ဟိုတခါ သောကြာဆံချကို ၃၂ ပဲ ထိုးတာလေ။ တကွက်စာ နှမြောပြီး မလှန်တာ ၂၃ လဲထွက်ရော အသံတောင် မထွက်နိုင်တော့ ဘူး မဟုတ်လား”

“အင်း အဲဒါနဲ့ပဲ အကွက်သုံးဆယ်ကျော်တော့မယ်။ ဟိုးတပတ်ကတည်းက ဆရာတော်ကြီး ပေးထားတဲ့ အလယ် မှာ အစေ့ဆိုတာလည်း ထည့်ထိုးအုံးမှ။ ဒီတပတ် တစ် မထွက်သေးဘူး။ မစားတော့ဘူးဟယ်။ ထမင်းချက်ပြီးမှပဲ စောစောစားလိုက်တော့မယ်။ ရင်းလိုက်နှီးလိုက် ဦးမယ်”

ဒါနဲ့ပဲ ဒေါ်မြ မနက်မုန့်မစားဖြစ်ခဲ့တာ နှစ်လုံးထီစထိုးကထဲက ဆိုပါတော့။ ဈေးထဲ ဆက်လျှောက်ပြီး အသား တန်းဘက် ရောက်ခဲ့တယ်။ မေမေ ကြက်သားမစားရတာကြာပြီဆိုတဲ့ သားအသံက ကြက်သားတန်းဘက်ကို ခြေဦးလှည့်စေခဲ့တယ်။ မွေးမြူရေးကြက်က ၂၀၀၀၊ အိမ်ကြက်က ၃၀၀၀ ဆိုတော့ ကြက်တုပ်ကွေးက ကြောက်စရာကောင်းတယ် သားရေလို့ပဲ အိမ်ရောက်ရင် ပြောရတော့မှာပဲ။ ငါးတန်းဘက်မှာတော့ လူတွေ စည်သား။ ဘာတွေပေါပါလိမ့်။ ငါးသေးသေးလေးတွေ၊ တဆယ်သား တရာ့နှစ်ဆယ်တဲ့၊ ခေါင်းတရာသားကို စားရမည်လို့ သင်ခဲ့ ရတာပဲ။ အရိုးလည်း အားကောင်းစေတာပဲ။ ကန်စွန်းရွက်ချဉ်ရည်ဟင်းနဲ့ ငါးလေးအိုးကပ် နဲ့ဆို အသားပါတဲ့ဟင်း ဖြစ်သွားတာပေါ့။ ပြီးခဲ့တဲ့အပတ်က နှစ်လုံးကြွေးကျန် နည်းနည်းဖဲ့ဆပ်လို့ ရသွား တာပေါ့။

ဒေါ်မြ ငါးဝယ်ပြီး ၀ယ်နေကျ ကန်စွန်းရွက်ဆိုင်ရှေ့ရောက်တော့ အသီးအရွက်တွေကို ရေစို ပုဆိုးဟောင်းနဲ့ အုပ်ထားပြီး ဈေးသည်ပျောက်နေတယ်။
“ဟဲ့ ဈေးရောင်းမယ့်သူ မရှိဘူးလား။ ကန်စွန်းရွက်ဝယ်မလို့”
“ယူလေ အမရဲ့။ တစည်း ငါးကျပ်၊ ငါးစည်း နှစ်ဆယ်လေ။ ဒေါ်တိုးက ယောဆရာတော်ဆီ သွားတယ်။ မနေ့က ဆရာတော်ပေးတာ ဒဲ့ပဲ။ အဲဒါ သူ နှစ်ရာဖိုးပဲရလိုက်လို့ ဒီနေ့ထပ်သွားတာ။ မနေ့က တကွက်ထဲပဲပေးတာ အမရယ်။ ကျမကိုလည်း ဒေါ်တိုးပြောသား၊ မရချင်တော့ ဒီ့ပြင့်ဟာ တွေထိုးပြီး အဲဒါ မေ့သွားတယ်”

ဘေးဆိုင်က ဒေါ်မြကို ဈေးရောင်းရင်းပြောပြနေတာကြားတော့ ဒေါ်မြ ငိုင်သွားတယ်။ နေ့တိုင်းနီးပါး ဒေါ်တိုးနဲ့ ဂဏန်းမေးနေ ပြောနေကျ။ မနေ့က ဈေးမလာဘဲ အိမ်မှာရှိတဲ့အာလူးကို ချက်စားလိုက်မိတာ ငွေဝင်ဖို့ လွဲသွားတာပဲ။

“ကန်စွန်းရွက်စည်းလေးတွေကလည်း လေးငါးပင်ပဲ ပါတော့တယ်ဟယ်။ ဆယ်စည်းယူ လိုက်ပြီနော်။ ရော့ လေးဆယ်။ ဆရာတော်ဆီက ဘယ်အချိန်ပြန်လာမလဲ။ ငါလာခဲ့ဦးမယ်”
“ခုနကမှသွားတာ။ ဆယ့်တနာရီလောက် ပြန်လာမယ်ထင်တယ် အမရဲ့”
“သူ့ကို ပြောထားလိုက်နော်။ ပြန်လာခဲ့မယ်လို့”

ဒေါ်မြစိတ်ထဲမှာ တွေးလာတယ်။ အိမ်မှာ ထမင်းဟင်းချက်ပြီးရင် ဆွမ်းခံကြွတဲ့ ကိုရင်လေးကို ဂဏန်းမေးကြည့် ဦးမယ်။ တလုံးထဲပေးရင်တော့ စွန့်စားပြီး ပတ်ကြည့်ဦးမယ်။ တကွက်ထဲဆိုရင်တော့ ဖြစ်ချင်ရာဖြစ် အောပစ် လိုက်ဦးမယ်။

မင်းအမြန်ချက်ပြီး ဟာနေတဲ့ဝမ်းကို အမြန်ဖြည့်နေတုန်း ထားထားနဲ့ မစိုး ရောက်လာတယ်။ မနေ့က ယောဆရာတော် တကွက်ထဲပေးတာ ရတဲ့သူ တော်တော်များတဲ့ အကြောင်းနဲ့ ဒီနေ့ မစိုးယောက်ျားသွားတာ အခုလေးမှ ပြန်ရောက်တဲ့အကြောင်း၊ ဒီနေ့လူများပြီး အကွက်လည်း များတဲ့အကြောင်း၊ ဒီနေ့ သုည ကောင်းတယ်ဆိုတော့ သုညပါတဲ့အကွက်တွေ အောထိုးမယ့် အကြောင်း ပြောနေတုန်း ဒေါ်မြတို့အိမ်ကို ဆွမ်းခံကြွနေကျ ကိုရင်လေး ကြွလာပါတယ်။

ဒေါ်မြက ကိုရင်အထိုင်ကိုတောင် မစောင့်နိုင်တော့ဘဲ “ဒီနေ့ ဘာကောင်းလဲဘုရား” လို့ မေးလိုက်တယ်။
ကိုရင်လေးကလည်း ဆယ့်နှစ်နှစ်သာသာဆိုတော့ ဘာမေးမှန်းကိုမသိဘဲ ခေါင်းခါပြလိုက် တယ်။ အဲဒါကို မစိုးက………

“ကိုရင်က မပြောချင်လို့ ဖြစ်မယ်။ နိမိတ်ပဲပြပါဘုရား” လို့ ပြောရော ကိုရင်ကလည်း ဘာမှ နားမလည်နိုင်ဘဲ ထုံးစံအတိုင်း ဆွမ်းလောင်းဖို့ သပိတ်ဖွင့်ပေးတာပေါ့။

ဒေါ်မြ၊ ထားထား၊ မစိုးတို့ ခေါင်းသုံးလုံးပူးပြီး သပိတ်ထဲကို ကြည့်လိုက်တယ်။ သပိတ်ထဲမှာ ဆွမ်းဟင်းခွက်က ရှစ်ခွက်တိတိ။ ထားထား အသံထွက်လာတယ်။

ရှစ်တလုံးတော့ ကြိမ်းသေပြီ”

အဲဒီအချိန်မှာ ဒေါ်မြက ဆွမ်းလောင်းပြီး ဆွမ်းဟင်းခွက်လှမ်းယူ၊ ဆွမ်းဟင်းထည့ှ်ုပီး သပိတ် ထဲပြန်အထည့် အမြန်ပြန်ချင်နေတဲ့ ကိုရင်ကလည်း သပိတ်ဖုံးပြီး အမြန်ထ၊ ဆွမ်းဟင်းခွက်က အဖုံးနဲ့တိုက်မိပြီး မှောက်သွား တယ်။ အဲဒါကို ဒေါ်မြက မှောက်ကျဆိုတော့ ငါးနှစ်၊ နှစ်ငါး ဆိုပြီး အတိတ်ကောက်နေတော့တယ်။

၃။
တကယ် အဲဒီနေ့ကထွက်သွားတာက သူတို့ပြောနေတဲ့ သုညလဲမပါ၊ ရှစ်လဲမပါ၊ တစ်လဲမပါ၊ အပူးလဲ မဟုတ်တဲ့ ဂဏန်းပါ။

ပြီးတော့ အဲဒီနေ့ညနေမှာပဲ ရပ်ကွက်ထဲမှာ ဆူဆူညံညံ ရုတ်ရုတ်သဲသဲတွေ အသံတွေ ထွက်လာတယ်။ ပေါက်ရဲ့သားနဲ့ ဒိုင်ကမလျော်လို့ ပွဲစားဆီမှာများ လာရန်တွေ့နေလားဆိုပြီး ဒေါ်မြ အပြေးအလွှား သွားကြည့် တယ်။

ဒါ ကော်မရှင်စားရောင်းပြီး စီးပွားဖြစ်နေတဲ့ မောင်ထူးတို့အိမ်ပဲ။ ဘာဖြစ်လို့များလဲ”

ဒေါ်မြ အတွေးကိုဖြတ်လိုက်တာက မယောင်မလည် ရပ်ကြည့်နေတဲ့ အထဲက ထွက်လာတဲ့ ဟင်းရွက်သည် ဒေါ်တိုး။ ဒေါ်မြလက်ကိုဆွဲပြီး နောက်ကြောင်းပြန်ခေါ်ခဲ့တယ်။

သွားနဲ့၊ ရဲတွေလာဖမ်းနေတာ။ ဘောက်ချာစာအုပ်တွေပါ သိမ်းနေတယ်။ နာမည်တွေနဲ့.... အမှုပတ်နေဦးမယ် တော်”
“ဟဲ့ မောင်ထူးတို့ လိုင်းဝင်ထားတာပဲ၊ ရဲတွေတောင် သူ့ဆီထိုးနေသေးတာ”
“သြော် ဒေါ်မြကလည်း၊ ဒီနေ့ စီမံချက်နေ့တဲ့။ သုံးယောက်မိအောင် ဖမ်းပေးရမယ်ဆိုလို့ မောင်ထူးတို့လို အသေးလေးတွေကို အဖမ်းပြတာလေ”
“ဟုတ်ပြီ ဟုတ်ပြီ၊ ဟိုတခါ ထောက်လှမ်းရေးဆင်းဖမ်းတုန်းက ရ၀တလူကြီး မောင်မောင်ခင် ရဲ့သားမက် ပါသွားတာလည်း စီမံချက်ပဲမဟုတ်လား။ ဒါပေမယ့် အဲဒီတုန်းက ပြန်လွတ်သလား လို့”

“စီမံချက်ပါဆို၊ ပြန်ကိုလွတ်မှာ။ မောင်မောင်ခင့် သားမက်တုန်းက ဆယ်ပုံးလောက်နဲ့ လိုင်းဝင် လိုက်တာ ထောက်လှမ်းရေးလည်း ဘာခံနိုင်လဲ။ အခုလည်း သုံးမှုပြည့်ရင် ပြီးပြီလေ။ နောက်ပိုင်း ပြန်ပြီးလိုက် လိုက်၊ ရတာပဲဟာ”

“အေး ဟုတ်မယ်။ ဟိုတလောက ထိုးသားဆိုပြီး အဖမ်းခံရတဲ့တယောက်၊ အဲဒါ သူက အဖမ်း ခံတာ ပိုက်ဆံရလို့တဲ့။ ၆ လလောက်ကို တသိန်းစုမိဖို့ မလွယ်ဘူးတဲ့။ သူပြန်လွတ်လာတော့ ပြောပြတာ၊ လူစားလဲပေးလိုက်တာပေါ့၊ အံ့ကိုသြရောဟယ်”

“ဒေါ်မြရေ၊ အခု မောင်ထူးက သူပိုင်တယ်ဆိုပြီး လိုင်းကြေးကို အရာရှိပဲပေးထားလို့ လမ်းအပိုင်ရဲကဖမ်းတာတဲ့၊ ဆားပုလင်းဆိုလား၊ ခုန ပြောသံကြားတယ်။ အဲဒါ ၆ ပုံးလောက် ကုန်မှ လွတ်မှာတဲ့”

“ပွဲစားတွေက ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒိုင်အကြီးကြီးတွေတော့မဖမ်းဘဲ... မောင်ထူးတို့ သနားပါတယ်”
“ငါ့တူမပြောပြတာ ရန်ကုန်မှာ တနေ့ သိန်းထောင်ချီ အလျော်အစားလုပ်တာ ကိုးကန့်ဒိုင်တွေ၊ ၀ ဒိုင်တွေတဲ့၊ သူတို့ကျ မဖမ်းဘူးနော်”
“ဒါကတော့ သူတို့တွေက များများပေးလို့ပေါ့။ ဦးအောင်မြင့်တို့ ဘယ်နှစ်ခါ အဖမ်းခံရဘူး လို့လဲ။ ကျမတို့မြို့မှာ အကြီးဆုံးပဲ မဟုတ်လား။ သူ့ဆီမှာ ပွဲစားတွေ ဂုတ်စည်းတွေဆိုတာ လေး ငါးဆယ်ပဲ။ သူ့လူတွေဖြစ်ရင် သူလိုက်ရှင်းလိုက် ပြီးတာပဲ။ ကဲ သူများ အကြောင်းပြောနေရတာနဲ့ နောက်ကျနေပြီ။ မနက်စောစော ဆိပ်ဖူးနီ ဆရာတော်ဆီ သွားဖို့ သွားပြောလိုက်ဦးမယ်၊ လိုက်ဦးမလား”

“မလိုက်တော့ပါဘူး၊ တပတ်လုံး တရက်မှမရလိုက်တော့ အားမရှိဘူး၊ ဂဏန်းရရင်တော့ ပြောဦးနော်”

ဒေါ်မြရဲ့ အတွေးထဲမှာတော့.......

နင်္လာနေ့ကျရင် ဘာဂဏန်းပတ်ရမယ်ဆိုတာ စဉ်းစားရင်းနဲ့……။

(ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းမှ ဒီစာစုကို ၁၊၆၊၂၀၀၅ မှာ ဖော်ပြပေးခဲ့ပါတယ်)

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Monday, August 27, 2007

သမီးဖတ်ဖို့စာ

သမီးလေးရေ…………

မေမေ့နို့တွေ တင်းလို့ …..

ဒီအချိန်ဆို သမီးလေး နို့ဆာနေလောက်ပြီ….

သမီးရေ… စကားပြောတတ်မယ် ဆိုရင် မေမေ့ဘာကြောင့်သမီးလေးနဲ့ဝေးရာကို ပြေးပုန်းနေရတယ် ဆိုတာ မေးလာမယ်ထင်ပါရဲ့…

တကယ်တော့ သမီးလေးရေ ၄ လကျော်ကျော်သာ ရှိသေးတဲ့ ကိုယ့်ရင်သွေးလေးကို

မေမေ ဘယ်ခွဲရက်မှာလဲကွယ်… သမီးကို ၄ လခွဲ ပြည့်တာနဲ့ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပေးရဦးမယ် ဆိုတာလဲ မေမေ သတိရနေမိတယ်…

သမီးမှာ မေမေ့ကိုယ်စား စောင့်ရှောက်ပေးနေမယ့် အဖိုးအဖွားတွေ ဦးကြီး ဒေါ်လေးတွေ ရှိနေပေမယ့်လို့ သမီးလေးကို မေမေ့နို့ချို ကိုယ်တိုင်ချီပွေ့လို့ လာရောက် တိုက်ချင်ပါသေးတယ်…

သမီးလေးရေ…

မေမေ့ကို အပြစ်တင်နေလေမလား….

သမီးကြီးလာတဲ့ တနေ့မှာ သမီးရဲ့ ဖေဖေနဲ့ မေမေက ဘာ့ကြောင့်သမီးလေးကို တယောက်တည်း ခွဲထားရစ်ခဲ့ရတယ် ဆိုတာကို နားလည်အောင် ရှင်းပြပေးပါ့မယ်… သမီးလေးရယ်…

ခုတော့ သမီးအတွက် ပြည့်စုံခြင်း၊ လုံခြုံခြင်းတွေ ပူပန်စရာမလိုတဲ့ အသိုင်းအ၀ိုင်းမှာမို့ မေမေနဲ့ သမီးဖေဖေက နောက်ဆံမတင်းပဲ ထားရက်ခဲ့ရတာပါကွယ်…

တကယ်တော့သမီးလေးရေ…

ဖေဖေနဲ့ မေမေတို့ မွေးဖွားကြီးပြင်းခဲ့ရာ..

မေမေတို့ ချစ်ခင်မြတ်နိုးလှတဲ့ ကိုယ့်တိုင်းပြည်ကြီးမှာ မေမေတို့လို သမီးတို့လို ပြည့်စုံမှုမရှိတဲ့ ဆင်းရဲမွဲတေနေတဲ့၊ နွေးထွေးလုံခြုံမှုမရှိတဲ့ ပြည်သူပြည်သား ညီအကို မောင်နှမတွေ အများကြီးရှိနေသေးတယ် ဆိုတာကို ဖေဖေနဲ့ မေမေတို့ သိရှိပြီးတဲ့ နောက်မှာတော့ …

မေမေတို့ ဘ၀တွေအတွက် သာမက အဲဒီအဖိနှိပ်ခံ၊ အခြေခံလူတန်းစား……တွေ

မနက်စာပြီးရင် ညနေစာကို ပူပင်နေရတဲ့ မေမေတို့ ချစ်တဲ့မိခင်နိုင်ငံကြီးထဲက ချစ်လှစွာသော ညီအကို မောင်နှမ တမြေထဲနေ တရေထဲသောက်တွေ……..အတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးရဦးမယ်လို့ စဉ်းစားမိခဲ့ကြတယ်လေ…

သမီးလေးတယောက်အတွက်…ထည့်မစဉ်းစားတော့ဘူး..လား လို့… သမီးကမေးချင်နေမလား..

သမီးအတွက်လည်း ပါတာပေါ့သမီးလေးရေ..

မေမေတို့အခုလုပ်နေတာတွေအားလုံးက သမီးအပါအ၀င် နောက်မျိုးဆက်တွေအတွက်....

မေမေတို့လို ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းနေတဲ့…

မတည်ငြိမ်တဲ့ ပညာရေး စနစ်ရဲ့အောက်မှာ….

ကိုယ်ပိုင်ဦးနှောက်ထဲက ထွက်ပေါ်လာတဲ့ ဖန်တီးမှုတွေ…..

ဘယ်သူ့ကိုမှ မထိခိုက်တဲ့အတွေးအခေါ်တွေကိုတောင် လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ဖန်တီးခွင့် မရှိတဲ့….

ဘာဆိုဘာမှ စဉ်းစားတွေးခေါ်မှုမလုပ်နိုင်အောင် အကြောက်တရားတွေ ဖန်တီးလို့ … ကိုယ့်ကိုယ်ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်းမဲ့အောင် စီမံအုပ်ချုပ်ထားတဲ့…….

ခုလို စစ်အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ သမီးတို့မျိုးဆက်ကို ဆက်လက် မရှင်သန်စေချင်ဘူးလေ…

သမီးလေးရေ…

လွတ်လပ်ပွင့်လင်းတဲ့ အတွေးအခေါ်တွေနဲ့…

ကမ္ဘာကြီးကို ရွာကြီးတရွာလို သဘောထားလို့ …

ပညာအတတ်တွေကို လိုသလောက်..အတားအဆီးမဲ့ ရှာဖွေ ဖြည့်ဆည်းနိုင်မယ့်…

လူကို လူလို တန်ဖိုးထား ဆက်ဆံမယ့်…

ကိုယ့်တိုင်းပြည်ကို တိုးတက်ဖို့ နဲ့ ကိုယ့်ကို အုပ်ချုပ်မဲ့သူတွေကို ကိုယ်ကိုယ်တိုင်ကသာ ရွေးချယ်နိုင်ခွင့်ရှိတဲ့….

ငြိမ်းချမ်းပြီး…သာယာဝပြောတဲ့ တိုင်းပြည်ကြီးမှာပဲ…

သမီးတို့ မျိုးဆက်တွေကို.. မေမေချစ်တဲ့သမီးလေးကို…. ကြီးပြင်းစေချင်တယ်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ သယံဇာတတွေ ပေါများကြွယ်လှတဲ့ မေမေတို့ တိုင်းပြည်မှာ…

ဘာကြောင့် ဆင်းရဲမွဲတေနေရတာလဲ ဆိုတာကို မေမေတို့ သိတဲ့နေ့က စလို့ …

ဒီလိုဘ၀တွေက လွတ်မြောက်အောင် တတ်နိုင်သလောက် တာဝန်ထမ်းချင်တဲ့စိတ်တွေ ဖြစ်ခဲ့တာပေါ့ သမီးရေ…

သမီးကိုထားခဲ့တာကလည်း မေမေ့အတ္တလို့ သမီးလေးက ဆိုဦးမလားကွယ်….

မေမေ့အတ္တတွေ အားလုံး .. မေမေ့မျှော်လင့်ချက်တွေ အားလုံး….

သမီးရဲ့ ..အနာဂတ်ပေါ်မှာ စုပုံထားခဲ့ လို့ပါ…လို့.. မေမေက သမီးလေးကို ရှင်းပြချင်ပါတယ်….

သမီးရေ…

တကယ်လို့များ မေမေ့ကို ဖမ်းမိသွားလို့ သမီးကို ခွဲထားရစ်ခဲ့ရမယ်ဆိုရင်…

နှစ်တွေ အများကြီး သမီးလေးကို လွမ်းရင်း မေမေ ငိုနေရဦးမှာပါ…

မေမေ့ကို စိတ်မနာပါနဲ့သမီးရေ….

မေမေရွေးချယ်ခဲ့တဲ့ လမ်းမှာ …

နစ်နာမှုတွေ အများဆုံးက သမီးလေးဖြစ်နေတာ….

နွေးထွေးတဲ့ မေမေ့ရင်ခွင်နဲ့ သမီးအတွက် ခုချိန်မှာ အာဟာရအဖြစ်ဆုံး နို့ချိုသောက်သုံးခွင့်ကိုပါ စွန့်လွှတ်ခဲ့ရတာက သမီးလေးဖြစ်နေတာ........

သမီးကို မေမေတောင်းပန်ပါတယ်… ကြိုတင်ပြီးတောင်းပန်ပါတယ်….သမီးရေ………

၎ လစွန်းစွန်းသာ ရှိသေးတဲ့ သမီးကို စွန့်ထားခဲ့တဲ့အတွက်…

အင်မတန်ခေါင်းမာတဲ့ အမေလို့များ သမီးထင်မလားဟင်….

တကယ်တော့ မေမေက သိပ်..ခံစားလွယ်သူပါသမီးရယ်….

အခုဆို သမီးနို့စို့ချိန်…. သမီးလေးကို သိပ်ချိန်… သမီးလေးကို ရှုးတည်ချိန် …

ဒီလိုနဲ့ ရှောင်ပုန်းနေရတဲ့ မေမေ့ဘ၀မှာ အချိန်တိုင်း.. သမီး….ရေ ….လို့…

တမ်းတနေပါတယ်….

သမီးလေးရေ….


(၂၂.၈.၀၇ နေ့က ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ အတွက် စစ်အုပ်စုရဲ့ ဖမ်းဆီးမှုအောက်မှ ရှောင်တိမ်းနေရသူ နီလာနှင့်တကွ သူရဲကောင်းများကို ချစ်ခင်စွာဖြင့် ဂုဏ်ပြုရေးဖွဲ့လိုက်ပါတယ်)

Thursday, August 2, 2007

တိမ်ရောင်စုံချိန်မှာ (ဇာတ်သိမ်းပိုင်း )


အပိုင်း(၄)

အမေ ဆုံးပြီးတော့ အဖေ့အတွက် အမေရေးခဲ့တဲ့ စာလေးကိုသိမ်းထားရင်း အဖေရှိနိုင်မယ့် တော်လှန်ရေးနယ်က သတင်းတွေကို ရသလောက် စုံစမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းတယောက် အဆက်အသွယ်နဲ့ ငြိမ်းချမ်းရေးအဖွဲ့ တခုနဲ့ ဆက်သွယ်မိ ပါတယ်။ သူတို့အဖွဲ့ထဲမှာ ပါဝင်လာတဲ့ ကျောင်းသားတွေက ကျမအဖေကို သိတဲ့သူတွေ ဖြစ်တာကြောင့် အဖေ့ကို ရှာဖို့ နယ်စပ်ဒေသကို ရောက်ရှိခဲ့ပါတော့တယ်။

ကျမနယ်စပ် စခန်းတခုရောက်တဲ့အခါမှာ ကျမအဖေ သတင်းကစုံစမ်းလို့ မရတော့ပြန်ပါဘူး။ အဲဒီစခန်းတခုမှာ ကျောင်းသား ရဲဘော်တွေနဲ့ ကျမအတူနေခဲ့ရတာ ၂ နှစ်ကျော် ကြာခဲ့ပါတယ်။ စခန်းထဲက ကျောင်းကလေးမှာ စာသင်တဲ့ ဆရာမလုပ်ရင်းနဲ့ အဲဒီစခန်းမှာပဲ ကျမက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် ရဲဘော်တဦးနဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။ စခန်းတွေတခုပြီးတခု အခြေအနေတွေအရ ပြောင်းရွှေ့ ကြရင်းနဲ့ ထိုင်း မြန်မာနယ်စပ်ကို ရောက်ရှိ လာပါတယ်။ ရောက်တဲ့ နေရာတိုင်းမှာ အဖေ့သတင်း ကို ကြားလိုက် ဆက်စုံစမ်းလိုက် ပျောက်သွားလိုက်နဲ့ တော်တော် ကြာသွားပါတယ်။ သိတဲ့လူတွေများပေမဲ့ မာနယ်ပလောကျပြီး ကွဲသွားတာမို့ ဘယ်ရောက်သွားတယ် ဆိုတာ မပြောနိုင်ကြပါဘူး။


တနေ့ ကျမစုံစမ်းနေတဲ့ ကျမအဖေ နေခဲ့တယ်ဆိုတဲ့ နယ်စပ်ရွာလေးတရွာက လူတယောက် ရောက်လာပါတယ်။ သူက ကျမကို မြင်တာနဲ့ ဦးညိုမောင် သမီးမဟုတ်လားလို့ မေးလာပါတယ်။ ကျမက အဖေနဲ့ အတော်တူတဲ့သမီးဖြစ်ပါတယ်။ ကျမက ဟုတ်ပါတယ် လို့ ၀မ်းသာအားရ ဆိုတော့ သူက အားတုန့်အားနာ မျက်နှာပေးနဲ့ တုန့်ဆိုင်းဆိုင်းစကား ပြောလာ ပါတယ်။ ဦးညိုမောင် ဆုံးသွားပြီ အမရယ်တဲ့။

ကျမက အံ့အားတသင့် သူ့ကိုကြည့်နေတော့ သူကဆက်ပြောပြပါတယ်။ ဦးလေးဆုံးချိန်က မဲဆောက်မှာ မြန်မာအလုပ်သမားတွေကို ထိုင်းရဲတွေ အရမ်းဖမ်းနေတဲ့ အချိန်ပေါ့အမရယ်။ ကျနော်တို့အားလုံး တောတွေထဲမှာ သွားပုန်းနေရတယ်။ ဦးလေးလဲ ကျနော်တို့နဲ့ အတူ ပါလာတယ်လေ။ ဦးလေးကို မြို့ပေါ်မှာပဲ နေခဲ့ဖို့ပြောပေမယ့် သူက အလုပ်သမားတွေနဲ့ပဲ အတူနေမယ်တဲ့။ တောထဲမှာ ငှက်ဖျားဖြစ်တော့ ဆေးလဲမ၀ယ်နိုင် ထမင်းလဲငတ်နဲ့ အမရယ်။ နောက်ကျနော်တို့တွေ မဖြစ်ဘူး ဆေးခန်းတော့ မဖြစ်ဖြစ်အောင် ပို့ရမယ်လို့ တိုင်ပင်ပြီး ဒေါက်တာစင်သီယာမောင်ရဲ့ ကျောင်းသားဆေးခန်းကို သွားအပို့ လမ်းမှာပဲ ဆုံးသွားတယ် အမရယ်တဲ့။ သေတဲ့ရက်ကို ကျနော် အသေအချာ မမှတ်မိတော့ဘူး အမရယ် စိတ်မဆိုးပါနဲ့ နော်။ ဦလေးက လူကောင်းပါအမရယ်။ ကျနော်တို့ သူ့အသက်ရှင်အောင် မလုပ်ပေးနိုင်ခဲ့တာ ခုထိစိတ်ထဲမှာ မကောင်းဘူး။ ဦးလေးသမီး စုံစမ်းနေတယ်လို့ သတင်းရလို့ ကျနော် အမကို မတွေ့တွေ့အောင် ရှာပြီး လာပြောပြတာပါ။ ဦးလေးအတွက် ဆွမ်းသွတ် အမျှဝေပေးလိုက်ပါ အမရယ်။

စကားတွေ မနားတမ်းပြောရင်း သူက ကျမကိုတောင်းပန်နေပါတယ်။ အော် အဖေ သူတို့လို လူကောင်းတွေ လက်ထဲမှာ ဆုံးပါးခဲ့ရတာမို့ ကျမ ကျေနပ်ပါတယ်အဖေ။ အဖေက ရန်သူ့ လက်အောက်မှာ အနှိပ်စက်ခံ ၊ အဖိနှိပ်ခံ နေရတဲ့ ဘ၀မှာ ကွယ်လွန်ခဲ့တာ မဟုတ်သလို ကိုယ့်လူမျိုးတွေကို ရောက်ရာဒေသက ကူညီဖို့ ကြိုးစားနေရင်း အဖေကိုချစ်တဲ့ လေးစားတဲ့ အဖေ့အလုပ်သမား ရဲဘော်တွေနဲ့ သေအတူ ရှင်မကွာနေရင်း ကွယ်လွန်ခဲ့တာမို့ သမီးဖြေသာ ပါတယ်နော် အဖေ။

အဲဒီ အလုပ်သမားလေးက ဟောင်းနွမ်းနေတဲ့ စာတစောင်ကို ကျမလက်ထဲ ထိုးထည့်ပေးရင်း အဲဒါဦးလေး လွယ်အိတ်ထဲမှာ ကျန်ခဲ့တဲ့ စာအိတ်ကလေးပါအမတဲ့။ ကျမတို့ အိမ်လိပ်စာလေး နဲ့ အဖေ့ရဲ့လက်ရေးကို မြင်လိုက်ရပါတယ်။ အဲဒီမောင်လေးက ဆက်ပြောပါသေးတယ်။ စာကို စာတိုက်က မထည့်ရဲလို့ သိမ်းထားတာ အမရဲ့ ။ အတော်ပဲ ဖြစ်သွားတယ်။

စာအိတ်နွမ်းနွမ်းလေးကို ကျမဖွင့်လိုက်တော့………

မခင်သစ်နဲ့ သမီးသို့
ဘ၀မှာ တွေ့ကြုံတော်စပ်ခဲ့ရတဲ့ ကိုယ့်ပါရမီဖြည့်ဖက်တွေအတွက်
ကိုယ်မကျေပွန်ခဲ့တဲ့ တာဝန်တွေ အတွက် တောင်းပန်ခဲ့ပါတယ်။
ညိုမောင်

ရက်စွဲမဲ့ စာလေးက ကျမကို တုန်လှုပ်စေခဲ့ပါတယ်။ အဖေက ကျမတို့ကို အမြဲသတိရနေခဲ့တာ လား။ ကျမတို့ကို ထားခဲ့ရတဲ့အတွက် နောင်တရနေခဲ့သလား။ အမေသေတာကို အဖေ သိသွားခဲ့ပါသလား။ အဖေ လိုချင်တဲ့ အဖေမြင်ချင် တဲ့ တိုင်းပြည်အတွက် အဖေ ပေးဆပ်ခဲ့မှု တွေ အတွက် သမီးက ဂုဏ်ယူနေတာပါ အဖေ။ ဘယ်သူတွေ အသိအမှတ်ပြုပြု မပြုပြု ။ ရန်သူကို ဘယ်တော့မှ ဘယ်လို အခြေအနေမှာမှ ဒူးမထောက် အညံ့မခံခဲ့တဲ့ အဖေဦးညိုမောင် အတွက် သမီးက အမြဲ ဂုဏ်ယူနေတယ် ဆိုတာကို အဖေ တမလွန်က သိပါစေနော်။

အခန်း(၅)

ကျမဆီမှာ အမေနဲ့ အဖေတို့ ရဲ့ နောက်ဆုံးအချိန် တယောက်နဲ့တယောက်ရေးထားတဲ့ စာလေး နှစ်စောင် ခုထိရှိပါသေးတယ်။ ဘ၀မှာ ကိုယ့်အတွက် ဘာအခွင့်အရေးကိုမှ ရယူမသွားပဲ တတ်နိုင်သလောက် စွန့်လွှတ်သွားနိုင် တဲ့ ကျမရဲ့ မိဘတွေက ကျမအတွက် စံပြလူသားတွေ ပါပဲ။
…………………………….
………………………………………..
အခြေအနေတွေ အမျိုးမျိုးကြားမှာ……….
နိုင်ငံရေး ရာသီတွေ အမျိုးမျိုးကြားမှာ………….
သားနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ နောက် ကျမတို့ တမိသားစုလုံး နိုင်ငံရေးဒုက္ခသည်အဖြစ် လျှောက်ခဲ့ပြီး အခုလို အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေပါပြီ။

ဒါပေမဲ့……………..
ကျမတို့… ဒီကိုရောက်လာတဲ့ လမ်းတလျှောက်မှာ…
ကျမချစ်ရတဲ့ အမေ့အသက်…၊ အဖေ့အသက်…၊
နောက် ကျောင်းသားတွေအသက်၊ ဘ၀၊ အနာဂါတ်၊ မျှော်လင့်ချက်တွေ….
ကျမမသိတဲ့ ရဲဘော်တွေအသက်၊ ဘ၀၊ အနာဂါတ်၊ မျှော်လင့်ချက်တွေ……
အညတရ အမည်မသိသူတွေ အသက်၊ ဘ၀၊ အနာဂါတ်၊မျှော်လင့်ချက်တွေ…………
အားလုံး အားလုံးကို ရင်းခဲ့ရတယ်………….
အားလုံးကို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာကို
ကျမသိနေတဲ့နောက်မှာတော့………
ကျမပျော်ရွှင် နိုင်ပါ့မလား။
အခုရရှိနေတဲ့ လုံခြုံပြည့်စုံခြင်းကို….. ကျမတပ်မက်နေလို့ ရပါတော့မလား။
ကျမက ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သူများလား………….
ကျမ ခုလိုပဲ အိပ်မပျော်တဲ့ညတွေ၊ အိပ်မရတဲ့ ညတွေထဲများ.. များ...လာ……..
ကျမနဲ့ အတူထောင်ကျဖက်တွေ……..
ကျမနဲ့ အတူ ပြည်တွင်းကလုပ်ဖော်ကိုင်ဖက်တွေ…….
ဆုံခဲ့ဘူးတဲ့ နယ်စပ်က ညှင်းပန်းနှိပ်စက် ဖိနှိပ်ခံ စစ်ပြေးဒုက္ခသည်တွေ ………..
ကိုယ့်ပြည်တွင်းမှာ ကျပ်တည်းလွန်းလို့ မနေနိုင်တော့ပဲ ရေကြည်ရာ မြက်နုရာရှာဖွေ ရောက်ရှိလာတဲ့ နယ်စပ်တလျောက်က ကိုယ့်နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ …
သူတို့…သူတို့ကို သတိမရတဲ့နေ့ မရှိခဲ့သလို …..
ကျမနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ ညတွေလည်း မရှိနိုင်တော့ပါဘူး။
ကျမ နောင်တရနေသလား။ ကိုယ့်ကိုယ်ကို မကျေနပ်ဖြစ်နေလား။
ကိုယ်ပိုင်မေးခွန်းတွေနဲ့ ကိုယ်တိုင်မဖြေရဲတော့တဲ့ ဘ၀ပါ။
၁၉ နှစ်ဆိုတာ သမိုင်းထဲမှာ လျှက်တပြက် ၊ စာကြောင်းတကြောင်းတည်းနဲ့ ဖော်ပြလို့ ရပါတယ်။ ကျမတို့ ပြည်သူတွေ ဘ၀တွေမှာတော့ ၁၉ နှစ်အတွင်းမှာ………..


အခန်း(၆)

နိုင်ငံရေးဆိုတာ တိမ်တောင်သဖွယ် ၊ မင်းရေးကျယ်တဲ့။
အချိန်အခါအလိုက် အရောင်အမျိုးမျိုး၊ အဆင်အမျိုးမျိုး၊ ပန်းအမျိုးမျိုးပြောင်းလဲတတ်တယ်ဆိုရင်………..
တိမ်ရောင်စုံချိန်တွေ မြင်ရတဲ့အချိန်………
တနေ့နေ့…………..
အဲဒီတနေ့နေ့မှာ………………….
ကျမတို့ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်ပျော်ရွှင်ဖွယ်
အနာဂါတ်ရွှေပြည်ကြီးကို ရောက်ကို ရောက်လာမှာပါလို့ …………..
(ခုချိန်မှာ) ဘာမှ မလုပ်နိုင်တော့တဲ့ ကျမက
မျှော်လင့် တမ်းတနေတယ်ဆိုရင်လည်း………..
လွန်လွန်းနေမလား။ ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
(ထောင်ကျဖော်၊ နယ်စပ်ခရီးတထောက်မှ ရဲဘော်ရဲဖက်၊ ချစ်သူငယ်ချင်းမ တယောက်ရဲ့ ဘ၀တစိတ်တပိုင်းကို ခံစားရေးဖွဲ့ ကြောင်း ၀န်ခံအပ်ပါသည်)



Tuesday, July 31, 2007

တိမ်ရောင်စုံချိန်မှာ(၃)


ကျမတို့အတွက် ရ နှစ်ကျော် ကာလကို အားတင်းဖြတ်ကျော်ရင်း ကျမထောင်က လွတ်မြောက် လာခဲ့ပါတယ်။ လွတ်မဲ့ရက်ကို ကြိုမသိပဲ လွတ်ခဲ့တဲ့ ကျမက အမေ့ဆီကို ကြိုအကြောင်း မကြားနိုင်ခဲ့ပါဘူး။ နေ့လည်လွတ်တာမို့ ကျမထက် အရင်စောလွတ်သွားတဲ့ မြို့ခံထောင်ကျဖက် သူငယ်ချင်းအိမ်တွေ ခဏသွားရင်း နောက်တနေ့မှာ ကျမတို့ မြို့လေးဆီကို ရထားစီးလို့ ပြန်ခဲ့ပါတယ်။

ဘူတာကနေ ကျမတို့အိမ်ကို အပြန်လမ်းတလျှောက်မှာ သိတဲ့လူတွေလဲ သိသလို နှုတ်ဆက်၊ မသိတဲ့ လူတွေကိုလဲ မသိသလိုကြည့်ပြီး ပျော်ရွှင်စွာ ပြန်ခဲ့တာပေါ့။ ဒါပေမဲ့ ကျမတို့ ရပ်ကွက်ထဲ ရောက်တော့ အိမ်ပုံစံတွေက အရင်နဲ့ မတူ၊ ဟာလာဟင်းလင်း ဖြစ်နေသလို ခံစားရတဲ့ အပြင် ကျမတို့ အိမ်ဝင်းနား ရောက်ခါနီးမှာတော့ ထူးခြားချက်ကို ကျမ သိလိုက်ရ ပါပြီ။ ကျမတို့ ရပ်ကွက် မီးလောင်ခံထားရပြီလို့ ။ စိတ်ထဲကပူပူပင်ပင်နဲ့ အိမ်ဖက်ဆီ အမြန် လျှောက်လာတော့ ကျမတို့ ခြံဝန်းထဲမှာ အိမ်မည်ကာရှိတဲ့ အိမ်လေးတလုံးကို တွေ့လိုက်ရပါ တယ်။ အိမ်ရှေ့မှာ အမေက ခြံဝန်းလေးကို အမှိုက်လှဲနေတယ်ထင် ရပါတယ်။ ကုန်းကုန်း ကုန်းကုန်းနဲ့ လုပ်နေတာ တွေ့လိုက်ရတယ်။


အမေလို့ ကျမခေါ်သံကြားလိုက်တော့ လှည့်ကြည့်လိုက်တဲ့ အမေ့မျက်လုံးတွေ ကတော့ တောက်ပ ရွှန်းစိုသွားတာကို တွေ့ရပါတယ်။ မီးလောင်လိုက်တာ တရပ်ကွက်လုံး ပြာဖြစ်သွား တာပဲ သမီးရေ။ လွန်ခဲ့တဲ့ ၃ လလောက်ကပေါ့။ သမီးကို ပြောရင် စိတ်မကောင်း ဖြစ်မှာစိုးလို့ မပြောဖြစ်ခဲ့တာလေ… တဲ့။ ကျမတို့ခြံနဲ့ ဆက်နေတဲ့ ခြံက အမ၀မ်းကွဲတွေလဲ မီးလောင်တဲ့ အထဲ ပါသွားတဲ့ အပြင် အတွင်းပစ္စည်းတောင် မရလိုက်ဘူးတဲ့။ အမေကတော့ အတွင်းပစ္စည်း လေးတွေရအောင် ယူလိုက်နိုင်လို့ အခုလို ဒီနေရာလေးမှာပဲ ဆက်နေနိုင်တာပေါ့ သမီးရယ်လို့ ပြုံးပြုံးရွှင်ရွှင် ပြောပြနေပါသေးတယ်။

အမေ ခုနက ဘာလုပ်နေတာလဲ ကြည့်လိုက်တော့ အုန်းလက်ကြွေတွေကို လိုက်ကောက် နေတာ မြင်လိုက်ရပါတယ်။ ဘာလုပ်ဖို့လဲ အမေဆိုတော့ အုန်းတံမြက်စည်း လုပ်မလို့လေတဲ့။ အော်….. ဆိုပြီး ကျမဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ အိမ်ထဲကို ၀င်လိုက်တော့ အုန်းတံမြက်စည်း လေးငါးခုကို တွေ့လိုက်ရပါတယ်။ ဈေးထဲမှာ သွားသွင်းရောင်းတယ် သမီးရဲ့။ အမှိုက်ကလည်း ပိုက်ဆံရှာလို့ ရတယ်လေ လို့ အမေက ကျမကို ခပ်အေးအေး ပြောပြနေပါ တယ်။ ကျမတို့ ခြံနောက်ပိုင်းက အုန်းပင်တွေကတော့ မီးလောင်တာကို မသိသလို စိမ်းလန်း နေတာ တွေ့ရလို့ နည်းနည်း ၀မ်းသာမိပါသေးတယ်။ အဖေက သူ့အုန်းပင်တွေကို သိပ်နှစ်သက်တာ မဟုတ်လား။

အမေ အဖေ့သတင်းဘာကြားသေးလဲလို့ ထောင်ထဲမှာ မေးခွင့်မရတဲ့ မေးခွင့်မသာခဲ့တဲ့ မေးခွန်းကို ကျမမေးဖြစ်ခဲ့ပါတယ်။ သမီးအဖေတော့ တောထဲမှာ အသက်ရှင်လျှက်ပဲလို့ ၉၄ ၊ ၉၅ လောက်က သတင်းရတယ်လေ။ သူလုပ်ချင်ရာကို လုပ်နေနိုင်တယ် ဆိုပဲ အမေ ကျေနပ်ပါတယ်။ ဒီခေတ်ကြီးထဲမှာ လူဖြစ်ခဲ့ရတဲ့ အမေတို့ ကုသိုလ်ကံပဲပေါ့ သမီးရယ်။ အခု သမီး ပြန်ရောက်လာတော့ အမေ ပိုတောင်ပျော်သေးတယ်။ အခုဆို မနက်ပိုင်းမှာ အမေ မုန့်ဟင်းခါးရောင်းတယ် သမီးရဲ့။ ရောင်းကောင်းသား ၊ အမေနဲ့ သမီး စားဖို့တော့ လောက်ပါ တယ်။ အခုဒီခြံကိုတောင် သူများတွေ လာတောင်းဝယ်ကြတယ်။ ဘာလို့ ရောင်းရမှာလဲနော်။ ဒီမြေ ဒီခြံကို အမေတို့ချွေးနည်းစာနဲ့ သမီးအဖေ လုပ်အားတွေနဲ့ ပိုင်ဆိုင်ထားတာပဲဟာ။ အခုသမီး ပြန်လာသလိုပဲ သမီးအဖေပြန်လာရင်လဲ ဒီနေရာကိုပဲ သူပြန်လာမှာလေ ။ ဟုတ်တယ်မလား သမီးနဲ့ အမေ ဒီက စောင့်နေတာပေါ့နော်။

စကားအရှည်ကြီးကို မနားတမ်းပြောရင်း အမေက အဖေ့ကိုမျှော်နေကြောင်း သိစေလိုက်တယ် ထင်ပါရဲ့။ ကျမတို့ အဲဒီနေ့က စကားတွေ ပြောလို့ မကုန်သလိုပဲ။ တခါမှ မသိဘူးတဲ့ တစိမ်းတွေရဲ့ စောင့်ရှောက်မှုတွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ စောင့်ရှောက်မှုတွေ အကြောင်းအမေက စီကာပတ်ကုံး ပြောနေလေရဲ့။ ကျမလွတ်လာမှန်းသိလို့ လာတွေ့တဲ့ သူငယ်ချင်းတွေ ရှိသလို လာမတွေ့ရဲတဲ့ သူငယ်ချင်းတွေ အိမ်နီးချင်းတချို့တွေကိုလည်း အမေက စိတ်မနာဖို့ စိတ်မကောင်းမဖြစ်ဖို့ ကျမကို တရားချနေသေးတယ်။

အမေက ကျမထင်ထားတာထက် လောကဓံကို ပိုပြီးခံနိုင်တယ် ဆိုတာကို ကျမ သိလိုက်ရ ပါတယ်။ အခက်အခဲတွေကြားမှာ အမေဟာ ရုန်းကန်နိုင်တယ်။ နောက် စိတ်ဓါတ်ခိုင်မာတယ် ဆိုတာကို အဖေသိရင် ကျေနပ်နေမှာပါပဲ။

ကျမပြန်ရောက်ပြီး အမေနဲ့ မုန့်ဟင်းခါးဆိုင်လေးမှာ အတူ ရောင်းချခဲ့ပါတယ်။ ကျမပါ ကူညီလိုက်တော့ အမေ့ဆိုင်လေးဟာ အင်မတန် လူကြိုက်များတဲ့ ရောင်းအားကောင်းတဲ့ ဆိုင်လေး ဖြစ်ခဲ့ပါတယ်။ ကျမပြန်ရောက်လာပြီးတဲ့နောက် စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်လို့ ထင်ရတဲ့ အမေ့ဘ၀လေးမှာ မထင်မှတ်ပဲ ကံကြမ္မာက အလစ်ဝင် တိုက်ခိုက်ပြန်ပါတယ်။ အမေမှာ ရှိနေတဲ့ မကြာခဏ ဗိုက်အောင့် ရောဂါဟာ အစာအိမ်ကင်ဆာတဲ့။ အမေကတော့ အပြုံးမပျက်ပါဘူး။ အမျိုးထဲက အမ၀မ်းကွဲတယောက်ကိုခေါ်လို့ ကျမဘ၀ကို (သူမရှိတဲ့ အချိန်မှာ) တယောက်တည်း အားမငယ်စေဖို့ စီမံပေးနေပြန်ပါတယ်။ မုန့်ဟင်းခါးဆိုင်လေးကို အမ၀မ်းကွဲ အပျိုကြီးနဲ့ ကျမ ဆက်ထွက်ခဲ့ပြီး အမေ့ဆေးဖိုးကို ကြိုးစားရှာဖွေရပါတယ်။ အမေ့ရဲ့ နောက်ဆုံးအချိန်ကို ဆရာဝန်တွေက ၆ လလောက်လို့ ပြောပေမယ့် ကျမတို့ကတော့ တတ်နိုင်သလောက် ပြုစုကုသ ပေးချင်ဇောနဲ့ ကြိုးစားခဲ့ပါတယ်။

အမေက အင်မတန် ခံရခက်တဲ့ ပူလောင်မှုတွေနဲ့ ကင်ဆာရောဂါကို တချက်မှ မငြီးငြူပဲ တရားနဲ့ရှုမှတ်ရင်း၊ သက်သာဖွယ်အဖြစ် ကျမတို့ တိုက်တဲ့ဆေးဝါးတွေကို သောက်သုံးရင်း သူ့ရဲ့ နောက်ဆုံး အချိန်တွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်။ ကျမကတော့ ထောင်ကထွက်လာမှာ အမေ့ကို အရင်ထက်ပိုတွယ်တာလာသလို ပိုလို့နားလည်လာပါတယ်။ အမေဟာ စကားထဲမှာ အဖေ့အကြောင်းပြောခဲပေမယ့် နေ့တိုင်းမျှော်နေတယ် ဆိုတာကို သိသာစေတဲ့အချက်က အမြဲ ထမင်းပိုချက်တတ်တာ၊ အဖေကြိုက်တတ်တဲ့ ဟင်းတွေကို မကြာခဏချက်တာတွေက သိသာစေပါတယ်။ အမေနေမကောင်းတော့ ကျမထမင်းချက်ရင်လဲ အမေ့လို အမြဲပဲ ထမင်းပိုချက် ပေးတတ်ခဲ့ပါပြီ။

ကျမထောင်က လွတ်လာပြီး နှစ်နှစ်ကျော်ကျော်မှာပဲ အမေ ဆုံးပါးသွားခဲ့ပါတယ်။ နိုင်ငံရေးကို ဘာမှနားမလည်တဲ့ အမေက နိုင်ငံအတွက် အလုပ်လုပ်ပေးချင်တဲ့၊ စွန့်လွှတ်အနစ်နာခံချင်တဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးဖြစ်သူအတွက် သူတတ်နိုင်သလောက် စိတ်ဓါတ်ခွန်အားအပြင် သူ့မျှော်လင့်ချက်၊ သူ့ဘ၀တွေကို စွန့်လွှတ်ပေးဆပ်ရင်း ၊ သူခံစားချက်တွေကို မြိုသိပ် ထိန်းသိမ်းရင်းနဲ့ ဖြည့်ဆည်းပေးသွားခဲ့ပါတယ်။ အမေ့ စွန့်လွှတ်မှုတွေ အတွက် ဘယ်သူတွေ သိသိမသိသိ သမီးကတော့ ထာဝရ လေးစားနေဦးမှာပါအမေရယ်။ အမေ့လို အမေတွေ သမီးတို့ တိုင်းပြည်မှာ အများကြီးရှိနေဦးမယ့် ခေတ်ကြီးမဟုတ်လား အမေရယ်။ အမေ ကွယ်လွန်တော့ အမေ့ရဲ့ ခေါင်းအုံးအောက်က စာလေးတစောင်ကို ဖတ်ရပါတယ်။

ကိုညိုမောင်ရေ…
နိုင်ငံရေးကို ဘာမှနားမလည်ပေမဲ့ တိုင်းပြည်အတွက် ကောင်းအောင်လုပ်မဲ့ ယောက်ျား တယောက်ကို ပေးလှုခဲ့တယ်လို့ ကျမ သဘောထားပါတယ်။ ကျမတို့ ဒီဘ၀ ပြန်မဆုံ နိုင် တော့ဘူး ဆိုတာကို သိလိုက်ရတော့ ကျမ နှုတ်ဆက်ခဲ့ပါတယ်။ ဘယ်တော့မှ ပြန်မလာ နိုင်တော့မဲ့ သူကို နှုတ်ဆက်ခဲ့ပါတယ်။
နှုတ်ဆက်ခဲ့ပါတယ်။
…………………
မခင်သစ်

ရိုးရိုးလေးနဲ့ ကျမအဖေကို နှုတ်ဆက်သွားကြောင်း ထပ်ခါထပ်ခါ ရေးထားခဲ့တဲ့ စာတစောင် ပါပဲ။ အဲဒီစာထဲမှာ မဆုံးနိုင်တဲ့ အသံမဲ့စကားတွေ၊ မပျောက်ပြယ်မဲ့ ချစ်ခြင်းမေတ္တာတွေ ပျော်ဝင်နေတယ်ဆိုတာ ကျမခံစားသိနေပါတယ် အမေ။


Monday, July 30, 2007

တိမ်ရောင်စုံချိန်မှာ

အပိုင်း(၂)

ဖေဖေပြောခဲ့တဲ့ ကိုယ့်တာဝန်ကို ကျေအောင်ထမ်းတဲ့ အနေနဲ့ ကျမကလည်း ကျောင်းသား လူငယ် နိုင်ငံရေးပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ အဖွဲ့ဝင်အဖြစ် ၀င်လိုက်ပါတယ်။ အမေကတော့ အဖေကလည်း တောခိုသွား သမီးကလည်း ပါတီဝင်အဖြစ် စည်းရုံးရေးတွေ ဆင်းနဲ့ တော်တော် စိတ်ဆင်းရဲ ဖြစ်လို့ပါပဲ။ အမေက ကျမကိုလည်း နိုင်ငံရေး မလုပ်စေချင်ပါဘူး။ အဖေ့ကို တားမရသလို ကျမကို တားမရတဲ့အခါ အမေ့စကားသံတွေဟာ တဖြည်းဖြည်း တိုးတိတ်လာသလို အမေ့တရားမှတ်ချိန် တွေလည်း တိုးတိုးလာနေပါတယ်။


ဒီလိုနဲ့ ၁၉၉၀ ရွေးကောက်ပွဲ မစခင်အချိန်မှာပဲ ကျမကို ဖမ်းဆီးပါတော့တယ်။ ကျမတို့ကို တရားမ၀င် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု ဆိုပြီး တရားစွဲခံရပါတယ်။ တကယ်တော့ အဲဒီပုဒ်မနဲ့ မတရားဖမ်းဆီးခဲ့တာပါ။ တရားမ၀င်အဖွဲ့ ဆိုတာကို ဘယ်မှာလဲလို့တောင် ကျမတို့က ပြန်မေးခဲ့ရတဲ့ မေးခွန်းကို မသိချင်ယောင်ဆောင်ပြီး ထောင်ချခဲ့တာပေါ့။

ကျမကို အမိန့်ချတဲ့နေ့ က အမေ့မျက်နှာကို ခုထိမျက်စိထဲမှာ မြင်ယောင်နေတုန်း။ သူ့ရဲ့ မျှော်လင့်ချက်တွေ အနာဂါတ်တွေကို ပုံအောထားရတဲ့ တဦးတည်းသော သမီးကျမကို ထောင်ဒဏ်ရှစ်နှစ်လို့ တရားသူကြီးက ချမှတ်လိုက်သံအပြီးမှာ ဖျတ်ကနဲ လှမ်းကြည့်လိုက်တဲ့ ကျမကို ပြန်ကြည့်လိုက်တဲ့ အမေ့ရဲ့ အကြည့်။ သနားခြင်းနဲ့အတူ ဖြစ်ရလေဆိုတဲ့ အကြည့်ပါ။ ကျမတို့ အမှုတွဲက အယောက် ၂၀ လောက်ဆိုတော့ လာတဲ့မိဘ ညီအကို မောင်နှမကတင် အများကြီးပေါ့၊ အဲဒီအများကြီးထဲက ကျမအတွက် အားကိုးရာ နောက်ဆံတင်းစရာ အမေ ကတော့ တယောက်တည်း ထီးတည်းရပ်လို့ တိတ်ဆိတ်ငြိမ်သက်နေတာကို တွေ့ရတော့ ကျမရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်စွာ မျက်ရည်ကျမိပါတော့တယ်။ ကျမကို ချမှတ်ခံလိုက်ရ တဲ့ ထောင်ဒဏ် ရှစ်နှစ်ကြောင့် မဟုတ်ပဲ ကျမအတွက် အမေ စိတ်ဆင်းရဲခဲ့ရပြီ ဆိုတာကို အဲဒီအချိန်က ခံစားလိုက်ရလို့ပါ။

အဖေ့သတင်းလဲ မကြားရတဲ့အချိန်၊ သမီးဖြစ်သူကလည်း ထောင်နှစ်ရှည်ကျရပြီ ဆိုတော့ အမေ ဘယ်လိုတောင့်ခံမလဲလို့ ကျမ မတွေးတတ်ခဲ့ပါဘူး။ အမေက အင်မတန် ရိုးသား အေးဆေးပြီး ကြောက်တတ်သူလဲ ဖြစ်ပါသေးတယ်။

ကျမတို့ မြို့လေးကနေ ကျမဆီကို ထောင်ဝင်စာလာတွေ့ရတဲ့ အမေဟာ မနက်အစောကြီး ရထားစီး လာရပါတယ်။ ကျမကို နေ့လည် ၂ နာရီလောက်မှ တွေ့ခွင့်ရပြီး ညနေဖက် ဘူတာရုံမှာ ရထားစောင့်အိပ် ၊ မနက် ၄ နာရီ ရထားနဲ့ ပြန်တဲ့ အမေ့ကို ထောင်ထဲက မြို့ခံ ထောင်ကျဖက်တွေက ပင်ပန်းရင် မလာပါနဲ့ အမေ၊ ကျမတို့ ရိက္ခာထုပ်တွေနဲ့ မျှစားလို့ ရပါတယ် လို့ တောင်းပန်ပြောရင်း ၂ လ ၃ လမှ တခါလာတွေ့ဖို့ နားချကြပါတယ်။ တနှစ် အတွင်းမှာ အရမ်းအိုစာသွားတဲ့ အမေ့ကို ကြည့်ရင်း ကျမကတော့ ဘာမှ မပြောနိုင်ခဲ့ပါဘူး။ အမေ ဘာတွေ ဘယ်လို ရုန်းကန်နေမလဲလို့ တွေးကြည့်ရင်တောင် ရင်နာရပါတယ်။ အမေက စီးပွားရေးလည်း မလုပ်တတ်ဘူးလေ။

အဖေ့ကို ဒီအချိန်မှာ တမ်းတနေမလားလို့လည်း တွေးမိတဲ့ အချိန်တွေ ရှိပါသေးတယ်။ အဖေရဲ့ သတင်းကလည်း လုံးဝကို မြုပ်နေပါတယ်။ အမေက ထောင်ဝင်စာ လာတွေ့ရင် စကား သိပ်မပြောပါဘူး။ ကျမမေးတဲ့ အဆင်ပြေလားအမေဆိုရင် အင်းတခွန်းထဲ ပြန်ဖြေတာမျိုးပဲ ရှိပါတယ်။ ကျမက ရပ်ကွက်ထဲက အကြောင်း ဆွေမျိုးတွေ အကြောင်း မေးရင်း စကားပြော နေရပါတယ်။ ဒါပေမဲ့ အမေနဲ့ ကျမတိုင်ပင်မထားပဲ စောင့်စည်းမိတာကတော့ အဖေ့အကြောင်း မပြောမိအောင်ပါ၊ တကယ်လဲ ကျမတို့ သားအမိ ထောင်ဝင်စာ တလျှောက်လုံး အဖေ့ အကြောင်း တခါမှ မပြောဖြစ်ခဲ့ပါဘူး။

တကယ်တော့ အဖေ့ကို မုန်းသွားလို့ မေ့သွားလို့ မဟုတ်ဘူးဆိုတာ အမေရော၊ ကျမရော ရင်ထဲက သိပါတယ်။ ကျမတို့ သားအမိ အပြောချင်ဆုံး စကားတွေကလည်း အဖေနဲ့ ပတ်သက်ရာတွေပဲ ဆိုတာကို မပြောပဲနေလိုက်ခြင်းဖြင့် ပြောနေကြတာပါပဲလေ။


Sunday, July 29, 2007

တိမ်ရောင်စုံချိန်မှာ


ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ရက်ကို နီးလာပြန်ပြီ။ အဲဒီနေ့က စလို့ ဘ၀တွေ တဆစ်ချိုးသွားခဲ့ကြတဲ့ မိသားစုတွေ ကျမတို့ တိုင်းပြည်မှာ ဒုနဲ့ဒေးပါပဲ။ ဘာလိုလိုနဲ့ ၁၉ နှစ်ပြည့်တော့မယ်နော်။ ကျမ ကိုယ်တိုင်လည်း အဲဒီကစလို့ ရည်မှန်းချက်တွေ ပြောင်း၊ မျှော်လင့်ချက်တွေပြောင်း၊ ဘ၀တွေ ပြောင်းလဲသွား လိုက်တာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ၀န်းကျင်တွေမှာ ကျင်လည် ရှင်သန်နေရတာ ခုထိ ဆိုပါတော့။ အဲဒီလိုပဲ ကျမသူငယ်ချင်း တယောက်ရဲ့ ဘ၀လေးကို သတိတရနဲ့ ရေးမိတဲ့ ရသစာစုလေး တပုဒ်ကို တင်ပေးလိုက်ပါတယ်။ မျှဝေခံစား ကြည့်ပေးပါဦး။ နည်းနည်းရှည်သွားလို့ အပိုင်းခွဲ တင်ပေးလိုက်ပါတယ်။


အပိုင်း (၁)

လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပြီး နေ့နဲ့ည မကွဲပြားတဲ့၊ ကမ္ဘာမှာ ထိပ်တန်းနာမည်ကြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ သမီးရောက်နေတယ် အမေ။ သမီးတို့ နေတဲ့ အထပ်မြင့် အိမ်ယာတခုရဲ့ အပေါ်ထပ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့် လိုက်ရင် ရောင်စုံမီး တွေနဲ့ လှလိုက်တာ။ ဒီနေ့ ဘယ်လိုမှ အိပ်မရပဲ ကောင်းကင်က ကြယ်တွေ စုံညီနေတဲ့ ညကို ကြည့်ရင်း အဖေနဲ့အမေ့ကို သမီး သတိရနေပါတယ်။ အခုချိန်မှာ အမေသာ သမီးအနားမှာ ရှိနေရင် သိပ်ကောင်းမှာပဲ။ သမီး လုပ်နေရတဲ့ အလုပ်တွေကို မြင်ရင်အမေက ဘာပြောနေမလဲ ဟင်၊ အမေ့တသက်တာမှာ၊ အဖေ့ တသက်တာမှာ ဘယ်လိုမှ တွေးထင်မထားတဲ့ အလုပ်အမေရဲ့ ။ သမီးကြီးလာရင် တက္ကသိုလ်က ဆရာမ လုပ်မယ်နော် အမေလို့ ငယ်တုန်းက ပြောခဲ့ဘူးတာလဲ မေ့ထားလိုက်ပါပြီ အမေရယ်။ အခု သမီး လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်မှာ အရောင်း စာရေးမပေါ့။ ဒါတောင်မှ သမီးက အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်လို့ အမေရဲ့။ သမီးတယောက် ဒီမှာ အဆင်ပြေနေ တယ်လို့ ပြောလို့ ရပေမယ့် အနာဂါတ် မျှော်လင့်ချက် ဆိုတာကတော့ သမီးရဲ့ မွေးဖွားရာ ဇာတိတိုင်းပြည်ရဲ့ အနာဂါတ် ပေါ်မှာပဲ ပုံအောထားဆဲပါ အမေရယ်။

တကယ်တော့……

အမေ့ကို ဆံပင်တွေ တခေါင်းလုံးဖြူနေတဲ့ မိန်းမကြီးတယောက်အဖြစ် ပြောင်းလဲသွား စေတဲ့ အချိန်တွေနဲ့ အတူ အဖြစ်အပျက်တွေ ကလည်း များသားနော်။ တောမကျ မြို့မကျ ကျမတို့ရဲ့ မြို့လေးမှာ ကျမတို့အိမ်က နှစ်ဆောင်ပြိုင် ဆင်ဝင်အိမ်ကြီးနဲ့ တော်တော့်ကို ခမ်းနားထည်ဝါ တယ်လို့ သုံးလို့ရပါတယ်။ ဒီအိမ်ကြီးမှာပဲ ကျမကို အဖေနဲ့ အမေက လူလားမြောက်စေခဲ့ ပါတယ်။ အဖေကတော့ ရိုးသားတဲ့ ကြိုးစားတဲ့ ပရိဘောဂ ပစ္စည်းတွေကို ထုတ်လုပ် ရောင်းချ သူအဖြစ် ကျမတို့မြို့မှာ လူသိများပါတယ်။ ဒါတွေက အခုပြန် ပြောပြရင် ရွှေထီးဆောင်းချိန်လို့ သုံးရမယ် ထင်ပါတယ်လေ။ ရိုးသားဖြောင့်မတ်သလို မဟုတ်မခံ စိတ်ဓါတ်ရှိတဲ့ အဖေဟာ သူတို့ ကျောင်းတက်ခဲ့တဲ့ ကာလ ၁၉၆၂ ၀န်းကျင် လောက်က အဖြစ်အပျက်တွေကို ဘယ်တော့မှ မမေ့ခဲ့ဘူးဆိုတာကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့မှပဲ ကျမ သိရတော့တယ်လေ။ အဖေက ကျမကို မွေးဖွားချိန်က စလို့ အလုပ်ကြိုးစားခဲ့တာ သမီးကို ပညာတတ် တယောက်ဖြစ်အောင် ဆိုဆုံးမခဲ့တာတွေရဲ့ နောက်က တွန်းအားတွေဟာ ဘာတွေလဲလို့ အဲဒီရှစ်လေးလုံးလူထု လှုပ်ရှားမှု ဖြစ်တော့မှ သိခဲ့ရတာလဲ အမှန်ပါ။

အဖေက ၁၉၆၂ ခုနှစ်က ပထမနှစ်ကျောင်းသားဘ၀ ပဲရှိသေးတယ်တဲ့။ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အတူ ကျောင်းဝင်းထဲမှာ လှည့်လည်ဆန္ဒပြနေခဲ့ပြီးမှ သေနတ်နဲ့ မပစ်ခင် အချိန်လေးမှာပဲ ရန်ကုန်မြို့ထဲကို ခဏဆင်းသွားခဲ့တာတဲ့။ အဖေက သူကံကောင်း ခဲ့လား။ ကံဆိုးခဲ့လား ဆိုတာ ဒီနေ့ထိဝေခွဲလို့ မရသေးဘူးလို့ ပြောပြခဲ့ပါတယ်။ သူ့သူငယ်ချင်း ကျောင်းသားခေါင်းဆောင်တွေ အဖမ်းခံရတာ၊ သူနဲ့ ဆန္ဒပြဖော်ပြဖက်တွေ သေနတ်ပစ်ခံပြီး ကျဆုံးခဲ့တာတွေအပေါ်မှာ သူကဘာမှ မလုပ်ပေးနိုင်ခဲ့ပဲ တာဝန် ပျက်ကွက်ခဲ့သလို တာဝန်မဲ့ သလို ဖြစ်ခဲ့တာတွေအတွက် သူကျောင်းပြီးအောင် မတက်တော့ပဲ စာသင်ခန်းကို ကျောခိုင်းထွက်ခွာခဲ့ တယ်။ နောက် အစိုးရအလုပ် ဘယ်တော့မှ မလုပ်ဘူးဆိုပြီး ပရိဘောဂ လက်သမား အလုပ်ကို ကြိုးစား လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျမဒုတိယနှစ် တက်နေတဲ့အချိန် ၁၉၈၈ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုဖုန်းမော် ကျဆုံးတဲ့ အဖြစ်ကစလို့ ကျောင်းပိတ် လိုက်ဖွင့်လိုက် နဲ့ မတည်မငြိမ် ဖြစ်လာတော့ အဖေက ကျမကို အရေးကြီးတဲ့ အချိန်ရောက်ပြီ သမီးတဲ့။ ကျမကို ငယ်စဉ်ကနေ ခုချိန်ထိ တခါမှ မပြောဖူးတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ၊ မတရားသတ်ဖြတ်ခံရမှုတွေကို အဖေက စိတ်ပါ လက်ပါနဲ့ ပြောပြပါတော့ တယ်။ အဲဒီအချိန်က အဖေ့မျက်နှာဟာ နာကျည်းနေတဲ့ လူတယောက်က ၀မ်းနည်းကြေကွဲစွာ ပြောပြနေသလိုပဲလို့ ကျမခံစားမိ ပါ တယ်။

ကျောင်းပိတ်လို့ ကိုယ့်မြို့လေးကို ကျမပြန်ရောက်တိုင်း မတ် ၁၄တုန်းကဘယ်လို၊ မတ် ၁၅ တုန်းကဘယ်လို ၊ ၁၆ ရက်နေ့တုန်းက သမီးဘယ်လိုပြေးခဲ့တာ သိလားအဖေလို့ ပြောပြတဲ့ အခါ အဖေက သေသေချာချာ နားထောင်ပြီး အသေအချာ ပြန်မေးတတ်ပေမဲ့ အရမ်းအေး ဆေးတဲ့ အမေကတော့ ၀င်မလုပ်ပါနဲ့ သမီးရယ်။ တော်ကြာ ကျောင်းထုတ်ခံ နေရမယ်တဲ့။ ဒါ့ထက်ဆိုးရင် ထောင်ကျ နေပါဦးမယ်လို့ ၀င်ပြောတတ်ပါတယ်။

အဲဒီတုန်းက အဖေက ကျောင်းသားတွေအရေးကို ကျောင်းသားတယောက်က ၀င်လှုပ်ရှား တာကို မကန့်ကွက်ပါနဲ့ ကွာ။ ဒါသူလုပ်ကို လုပ်ရမဲ့ တာဝန်တဲ့။ ကျမကို မတားပဲနဲ့ တခုခု ဖြစ်လာခဲ့ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင်၊ အလွတ်ပြေးနိုင်အောင် စသည်ဖြင့် သင်ပေးပါ တော့တယ်။ စစ်ထောက်လှမ်းရေးတွေက ကျောင်းဝင်းထဲမှာလည်း ရှိနေနိုင်တယ် ဆိုတာကို သူ့ခေတ်အခြေအနေနဲ့ နှိုင်းယှဉ် သတိပေးပါတယ်။ သမီးတို့မျိုးဆက် အလှည့်မှာ သမီး နိုင်သလောက်ဝန်ကို သမီးထမ်းနိုင်ရမယ်တဲ့။

ဒုတိယအကြိမ် ကျောင်းပြန်ဖွင့်တော့ အဖေ့ သတိပေးချက်တွေနဲ့ အတူ ကျမတို့ သူငယ်ချင်း တသိုက် လှုပ်ရှားကြပါတယ်။ ဇွန်လ ၂၁ ရက်နေ့က မြေနီကုန်း အဖြစ်အပျက်နဲ့ လှည်းတန်း လမ်းထိပ် အဖြစ်အပျက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ကျမကတော့ စစ်သား ဆိုတာနဲ့ လုံထိန်း ဆိုတာကို မုန်းတီး သွားပါတော့တယ်။

ထုံးစံအတိုင်း မြို့လေးကို ပြန်ရောက်လို့ အဖေ့ကို ပြန်ပြောပြတဲ့အခါ အဖေကတော့ တောက် တခေါက်ခေါက်နဲ့ပေါ့။

ဒီလိုနဲ့ ………ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် လူထုလှုပ်ရှားမှု ဖြစ်ပွားတော့ ကျမတို့ မြို့လေးက ရှစ်ရက်နေ့မှာ ဆန္ဒပြပွဲ မဖြစ်ခဲ့ပါဘူး။ နောက်တနေ့ ကိုးရက်နေ့ ရောက်တဲ့အခါမှာတော့ကျမတို့ မြို့လေးရဲ့ ဆန္ဒပြပွဲမှာ လက်သီးလက်မောင်းတန်းရင်း ကြွေးကြော်သံတွေ တိုင်နေတဲ့ ဖေဖေ့ကို တွေ့ရပါတော့တယ်။ အမေက ကြောက်တတ်တော့ အဖေ့ကို တားပါသေးတယ်။

မခင်သစ်ရေ..
ဒီသမိုင်းတကွေ့က ပြည်သူ့လှုပ်ရှားမှုမှာ ငါမပါခဲ့ရဘူးဆိုရင် တာဝန်မကျေ ဖြစ်ရတော့မယ်ကွ၊
လို့ အဖေကပြောရင်း ကျမတို့မြို့လေးရဲ့ သပိတ်ကော်မတီမှာ တက်ကြွစွာ တာဝန်ထမ်းဆောင် ပါ တော့တယ်။ အဖေဟောတဲ့ တရားတွေမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ အတူ ၆၂ လူသတ်ပွဲအကြောင်း၊ ၇၄ အလုပ်သမားသပိတ်နဲ့ လူသတ်ပွဲ၊ လူဖမ်းပွဲတွေ အကြောင်း စုံနေတာပါပဲ။ မြို့ကလူတွေနဲ့ ကျမသူငယ်ချင်းတွေကတော့ သဘောတွေကျ လက်ခုပ်တွေ တီးလို့၊ ကျမ ကိုယ်တိုင်လည်း အဖေ့ကို အရင်ထက် ပိုလေးစားမိလာပါတယ်။

အရာရာ သတိရှိရမယ် ဆိုတဲ့ ဖေဖေက စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းချိန်မှာ အဝေးကို ထွက်ခွာဖို့ ပြင်ဆင်ပြီးနေပါပြီ။ အမေနဲ့ ကျမကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ အဲဒီနေ့က အဖေ့ ကျောပြင်ကို ငေးကြည့်ရင်း အမေက မျက်ရည်တွေတွေ ကျလို့။ အံကို တင်းတင်းကြိတ်လို့။

အပိုင်း(၂) ဆက်ရန်..........

Sunday, July 22, 2007

သမီးရဲ့ဖေဖေ



(ခါကာဘိုရာဇီ)မိုးကြိုး အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့ဖူးတဲ့ ၊ နောက် ကျမရဲ့ ဘလော့ မိတ်ဆွေကြီး ကိုမောင်ရင် တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသူတဦး နဲ့ သူမရဲ့ ဖခင်တို့ရဲ့ မေတ္တာဖွဲ့ ဖြစ်ရပ်မှန် ရသစာစုလေးကို တင်ပေးလိုက်ပါတယ်။
အောက်ပါပုံလေးကတော့ ကျမတို့ ပုသိမ် အကျဉ်းထောင်ထဲက မိန်းမအကျဉ်းဆောင် ပုံပါ၊ ပုံထဲမှာ မြင်နေရတဲ့ မိန်းကလေး တွေကတော့ နိုင်ငံရေးအကျဉ်းသူတွေထဲက တချို့ဖြစ်ပါတယ်။ ဒီပုံက (၁၉၉၀) ခုနှစ်က ခိုးရိုက်ထားတဲ့ ရှားပါးပုံလေးပါ။
မူပိုင် ခင်မင်းဇော် ဖြစ်ပါတယ်။



သမီးရဲ့ဖေဖေ


သမီး အငယ်ဆုံးလေး ၁၉၉၀ ခုနှစ်က အင်းစိန်ထောင်ထဲမှာ အချုပ် ၃ လ ရှိနေစဉ်တုန်းကတည်းက ကျုပ် သိပ်စိတ်ပူ နေခဲ့မိတယ်။ ဒီကလေးမက မခံချင်စိတ်သိပ်ကြီးတယ်။ မဟုတ်တာကို ဘယ်တော့မှ ငုံ့မခံတတ်ဘူး။ သူ့ကို ဘယ်လိုမှ ပြောရတော့မှာ မဟုတ်ဘူး ဆိုတာ သိနေတော့ သူလုပ်ချင်တာကို အန္တရာယ်ကင်းကင်း လုပ်နေနိုင်အောင်ပဲ အစွမ်းကုန် ကူညီနေမိတော့တယ်။ သူ့ သူငယ်ချင်း လေးတွေ အိမ်မှာလာတည်းရင် ကိုယ်က လက်ခံထားပြီး တတ်နိုင်သလောက် ကူညီပေးနေရတယ်။ ကလေးတွေဆိုတော့ ဒီအစိုးရ ဘယ်လောက်ထိ ယုတ်မာမယ်။ ရက်စက်မယ် ဆိုတာကို မခန့်မှန်းတတ် သေးဘူး။ ကျုပ်ကတော့ ရေတပ်ထွက် စစ်သားတယောက် ဆိုတော့ သိနေတယ်။ စစ်တပ်ချင်း အတူတူ၊ စစ်သားချင်း အတူတူ။ တိုင်းပြည်တာဝန် ထမ်းတာချင်း အတူတူ ကြည်းတပ်ကမှ ပိုမြင့်မြတ်တယ်လို့ ခံယူထားတဲ့ သူတွေနဲ့ ဆက်မနေချင် တော့တာနဲ့ ကျုပ်တပ်ထဲက ထွက်ခဲ့တယ်။ တပ်ထွက် ဆိုတော့ ဘာလုပ်ရမယ် ဘာကိုင်ရမယ်လည်း သိပ်စဉ်းစားမရတာနဲ့ ကိုယ်ကျွမ်းကျင်တဲ့ ကားပစ္စည်း အဟောင်းလေးတွေကို မဂိုလမ်းရဲ့ လမ်းဘေး ပလက်ဖောင်းမှာ ချရောင်း နေလိုက်တော့တယ်။ အဲဒီဝင် ငွေနဲ့ပဲ ကျုပ်သားသမီး သုံးယောက်ကို ကျွေးမွေးလာခဲ့တာပါ။

ကျုပ်မိန်းမအကြောင်း လာမမေးပါနဲ့ဗျာ။ အငယ်မ သုံးနှစ်သမီးကတည်းက အိမ်ထောင်ကွဲသွား ခဲ့တာ။ သူနဲ့ ကလေးတွေကို ထည့်လိုက်ရမှာ စိတ်မချတာနဲ့ ကလေးသုံးယောက်လုံး တာဝန်ယူခဲ့တာ ဒီနေ့ထိပါပဲ။ ကျုပ်လား နောက်မိန်းမ ထပ်ယူဖြစ်မှာ။ ကျူပ်ကလေးတွေ ကို မိထွေးဆိုတာ မတွေ့စေချင်ဘူး။ ကိုယ်တိုင်ပြုစုပေးမယ်။ ကိုယ်တိုင်ကလွဲလို့ ဘယ်သူနဲ့မှ စိတ်မချတာ ကျုပ်ကလေး တွေကို သိပ်ချစ်လို့ပေါ့ဗျာ။

အခုတော့ ရွေးကောက်ပွဲ အနိုင်ရရင် ရတဲ့ ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က စစ်တန်းလျားကို ပြန်မှာပါဆိုပြီး မပြန်တဲ့ အခါမှာတော့ ကျောင်းသား လူငယ် လေးတွေက ဘယ်ကျေနပ်ပါ့မလဲဗျာ။ ဂတိမတည်တဲ့သူ ဘယ်သူ့ကို မဆို မကျေနပ်ဘူးဆိုတာ ဖြစ်သင့်တာပါ။ စစ်တပ်က မျက်စိစပါးမွှေးစူးတဲ့ သူတော်တော်များများကို ရွေးကောက်ပွဲ ပြီးကတည်းက ဖမ်းလိုက်တာ သောက်သောက်လဲ။ ကျုပ်သမီးလေးလဲ ပါသွားပါရောလား။

ပထမတခါက ၃ လပဲဖြစ်ပေမဲ့ နောက်တခါက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတဲ့အခါ မှာ ကျောင်းသားတွေ ဆန္ဒပြတယ်။ အဲဒီအခါမှာ တော့ သမီးသူငယ်ချင်းတွေရော သမီးရော ကျောင်းသားကလေး တွေ အများကြီးအဖမ်းခံရတာပေါ့။ စစ်ခုံရုံးနဲ့ အမြန်ဆုံး စစ်ပြီး ချလိုက်တဲ့ ထောင်ဒဏ်က ကလေးတွေနဲ့ မမျှပါဘူး ဗျာ။ အနည်းဆုံးတောင်မှ ထောင်ဒဏ် ဆယ်နှစ်တဲ့။ ကျုပ်သမီး ထောင်ဒဏ် ဆယ်နှစ် အချခံလိုက်ရတာ ကြားရတော့ အဖေတယောက် အနေနဲ့ ထောင်ထဲမှာ နေရမဲ့ သမီးဘ၀လေးကို သနားလိုက်တာ။ သမီးတို့ ကလေးတွေ ကတော့ မျက်နှာတချက်မပျက်ဘူး၊ ခပ်တည်တည် ခပ်မာမာတွေနဲ့၊ ကျုပ်သမီးကဆို အဖေ ဘာမှမပူနဲ့နော်။ အထဲမှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ သမီးနေနိုင် တယ် တဲ့ ။ သူတို့ကငယ်သေးတော့ မိဘတွေရင်ထဲကို ဘယ်မြင်နိုင်ပါ့မလဲနော်။

ကျုပ်သမီးနဲ့ အတူတူ ထောင်ချခံရတဲ့ သမီးတယောက်ဆို အဖေမရှိဘူး။ သူ့အမေ ကလည်း နယ်မှာတဲ့။ သူ့ဦးလေးကပဲ သူ့ကို လာကြည့်တာ တွေ့ရတယ်။ အဲဒီသမီးလေးကို ကြည့်တဲ့အခါမှာလည်း ၀မ်း နည်းတာ အားငယ်တာ မတွေ့ရဘူး။ ထောင်ဒဏ်ချပြီး ထောင်ထဲကို ပြန်ဝင်သွားတဲ့ ကလေးတွေကို ကြည့်ပြီး အပြင်မှာ မိဘတွေက မျက်ရည်ကျရတယ်။ ကျုပ်သမီးလေး ထောင်ကျတုန်းက အသက် ၁၈ နှစ်ပဲ ရှိသေးတာ ကလား။ စဉ်းစားကြည့်ပါဦးဗျာ။ ကျုပ်ဖြင့် အဲဒီဆယ်နှစ် ဆိုတာကြီးကို ပြန်ပြီး ကြားယောင်ရင်း အိပ်မရခဲ့တာ အတော်ကြာတယ်။ ကျုပ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ ကျုပ်ကိုယ်ကျုပ် စိတ်မချဖူးဗျာ။ သားကြီးနဲ့ သမီးလတ်ကလည်း အိမ်ထောင်ကျသွားတော့ ကျုပ်ကို သိပ်မကူနိုင်တော့ဘူး။ သူတို့လည်း သူတို့မိသားစုနဲ့သူတို့ မနည်း ရုန်းကန်နေရတာ မဟုတ်လား။ သားကြီးဆို နေဖို့အဆင်မပြေလို့ ကျုပ်အိမ်ပဲ ခေါ်တင်ထားတာ။

သမီးကို နှစ်ပတ်တခါ ထောင်ဝင်စာတွေ့နိုင်ဖို့ ကျုပ်ကြိုးစားရတယ်။ သူ့အတွက် ပြည့်ပြည့်စုံစုံလေး ယူသွားချင်တယ်။ အထဲမှာ သူမျက်နှာမငယ် ရအောင်လေ။ အိမ်က သားက ထောင်ဝင်စာသွားဖို့ ၂၀၀၀ ထုတ်ပေးပေမဲ့ ဘယ်လောက်မှာလဲ။ သူကလည်း ဒါ့ထက်ပိုမပေးနိုင်ဘူး။ ကျုပ်ကလည်း တနေ့လုပ် တနေ့စားဖြစ်နေတော့ ခက်ခဲတယ်။ ဒါပေမဲ့ ဖြစ်အောင် ကြိုးစားရတာပေါ့ဗျာ။ တနေ့ရောင်းရတဲ့ ငွေလေးထဲက ထန်းလျက်ထုပ်လေးဝယ် လိုက်၊ မြေပဲလေး ၀ယ်လိုက်နဲ့ တပတ် ထောင်ဝင်စာပြီး နောက်တပတ်အတွက် ထပ်ပြီးစုနဲ့ လုံးချာလိုက်နေတာပဲ။ သမီးထောင်ထဲမှာ ခြောက်နှစ်လောက် ရလာတော့ ဈေးရောင်းကလည်း ပါးလာတယ်။ ဈေးနှုန်းတွေကလည်း တက်လာလိုက်တာ ပြောမပြချင် လောက်အောင်ပါပဲ။

သမီးကိုတော့ ပြောပြမိသေးတယ်။ ဈေးရောင်း မကောင်းတော့ ထောင်ဝင်စာထုပ်က သေးသေးလာတယ် သမီးရယ်လို့၊ အဖေ စိတ်မကောင်းဘူး။ ဒါပေမဲ့ အဖေရှိနေ သ၍တော့ ထောင်ဝင်စာထုပ် မပို့နိုင်ရင်တောင် လူကိုယ်တိုင်တော့ ရောက်အောင် လာမယ် သမီးရေလို့ပေါ့။ သမီးက စိတ်ဓါတ်ကြံ့ခိုင်တယ် ပြောရမယ်။ ထောင်ဝင်စာ သိပ်မပေး နိုင်လည်း ရပါတယ် အဖေရယ်တဲ့ ၊၊ အထဲမှာ အားလုံး စုစားကြတာပဲ။ သမီးပုံစံထမင်းလည်း စားနိုင်ပါတယ်တဲ့ ၊၊ အဖေ လူပဲလာလည်း ရပါတယ်လို့ ရယ်ရယ်ပြုံးပြုံးပဲ ပြောပြသွားသေးသဗျာ။

သမီးထောင်ထဲမှာနေတာ (၇)နှစ်ပြည့်တော့မယ်။ နောက်တခေါက် ထောင်ဝင်စာသွားဖို့ လေးရက်ပဲ လိုတော့တယ်ဗျာ။ သမီးလေးကို စိတ်ဓါတ် ခွန်အား သွားပေးနေတာပေါ့ဗျာ။ ဒီနေ့ ဈေးရောင်းကောင်း တယ်။ ကျုပ်ဆီက ကားပစ္စည်းဟောင်း တခုကို ဈေးသိပ်မဆစ်ပဲ ၀ယ်သွားတယ်။ ဒါနဲ့ သမီးဖို့ ၀က်အူချောင်းဝယ်ထားလိုက်တယ်။ သွားမယ့်နေ့မှ ကြော်ယူသွားမယ်။

နောက်သူငယ်ချင်း တယောက်ကို ပစ္စည်းတခု ၀ယ်ရောင်း လုပ်ဖို့ အကြံပေးထားတာ သူလုပ်လိုက်တာ မြတ်တယ်တဲ့။ ကျုပ်ကို ဂုဏ်ပြုဦးမယ်တဲ့ဗျာ။ ကျုပ်ကလည်း ငွေရင်းမရှိလို့ ကိုယ်တိုင် မလုပ်နိုင်လို့ ပိုက်ဆံရှိတဲ့ သူငယ်ချင်းကို အကြံပေး ကြည့်တာပါ၊၊ သူမြတ်တယ် ဆိုတော့လည်း ကိုယ်လည်း ပြောပြရကျိုးနပ်တယ်ပေါ့။ ပျော်တာပေါ့ဗျာ။ ဒါနဲ့ သူလိုက်ကျွေးတဲ့ဆိုင်မှာ စားလည်းစား သောက်လည်း သောက်လိုက်မိတယ်။ သောက်တာကတော့ တော်တော် များသွားတယ်။ အိမ်ရောက်တော့ ခေါင်းတောင်မထူနိုင်ဘူး။ အိပ်ရာထဲကို တွဲပို့ခံလိုက်ရတယ်။

----------------------------------------------------------------------

ဒီအပါတ်ထောင်ဝင်စာကို အဖေမလာဘူး။ တခါမှ မလာဘူးတဲ့ အမက လာတွေ့တယ်။ အဖေဘာလို့ မလာတာလည်း မေးတော့ ဘုန်းကြီးဝတ်သွားတယ်တဲ့။ သမီးကိုလည်း ဘာမှ မပြောခဲ့ဘူးအဖေရယ်။ အမကတော့ အဖေ မလာနိုင်လည်း အကိုနဲ့ အမ တယောက်တလှည့် လာမှာပေါ့လို့ ပြောသွားတယ်။ အဖေက သမီးကို သံယောဇဉ် ဖြတ်နိုင်သွားပြီပေါ့။ အဲဒီနေ့က ထောင်ဝင်စာ ထုပ် ထဲမှာ ၀က်အူချောင်းတွေပါတယ်။

သူများတွေကို အမေတွေက ထောင်ဝင်စာ လာတွေ့ရင် ကျမလည်း အမေ့ကို လာတွေ့စေချင်တယ်။ ဒါပေမဲ့ အမေက ကျမတို့ အိမ်ထောင်စု စာရင်းထဲမှာ နာမည်မပါဘူးလေ။ ဒါ့ကြောင့် အမေက ထောင်ဝင်စာ လာတွေ့လို့ မရတော့ဘူး။ အမေ့ကို သိပ်မခင်တွယ်မိပေမဲ့ အဖေမလာတဲ့ အခါတော့ အမေ လာစေချင်တာ အမှန်ပဲ။ အမနဲ့ အကိုကိုတော့ မပြောရဲဘူး။ သူတို့က စိတ်ဆိုး နေဦးမယ်။ အဖေကလည်း ဘာဖြစ်လို့ ဘုန်းကြီးဝတ်သွား တာလဲ မသိပါဘူး။ တကယ်ဆိုရင် ကျမ ထောင်ထဲမှာ ဇာထိုးပန်းထိုး လုပ်ရတော့ ထောင်ပိုင်ကြီးက ဆုမှတ်ရက်တွေ ပေးမှာတဲ့။ ထောင်အခေါ်ကတော့ အေကွာ၊ ဘီကွာ ပေါ့။ ကျမတို့ကို အေကွာပေးမယ်လို့ ထောာင်ပိုင်ကြီး ဦးတင်ဖေက ပြောထားတယ်။ အေကွာ သာရရင် ကျမ ဆယ်နှစ်က လျော့ရက် ၃ နှစ် နီးပါးရမှာ။ ကဲ ကျမထောင်က လွတ်မှ ဘုန်းကြီးဝတ်လိုက် ပြီးရော။

ထောင်ထဲမှာနေသားကျသွားတော့လည်း သိပ်မခက်ခဲ တော့ပါဘူး။ နိုင်ငံရေးသမားတွေက စုစုစည်းစည်း ရှိပြီး လူညီနေတော့ နေရတာ အဆင်ပြေပါ တယ်။ ကိုယ်နဲ့ ယုံကြည်ချက် တူသူတွေနဲ့ နေရတာမို့ အားငယ်စရာလည်း မရှိဘူးလေ။ တခါတရံ စိတ်အခန့်မသင့် တာလေးတွေ ရှိကြပေမဲ့ ထောင်အာဏာပိုင်နဲ့ တိုက်စရာ ရှိနေရင်တော့ အားလုံးက စိတ်ဓါတ်ညီပြီး တသံတည်း ထွက်တတ်တာမို့ စိတ်ညစ်စရာလည်း လုံးဝမရှိ။ ကိုယ့်ထက် အသက်ကြီးသူတွေ၊ အတွေ့အကြုံစုံသူတွေ ဆီက ဗဟုသုတတွေ လေ့လာ ဆည်းပူးရင်းနဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားလိုက်တာ ၊ ကျမ ထောင်သက် (၇) နှစ်ကျော် လာတာကို ပြန်စဉ်းစားကြည့်ရင် ဘာမှ မဟုတ်တော့ သလိုပါပဲ။ တယောက်နဲ့ တယောက် အားပေးရင်း၊ အပြင်က သိလာတဲ့ သတင်းလေးတွေ ဖလှယ်ရင်း မျှော်လိုက်ရတဲ့ လွှတ်တော် ဆိုတာလည်း ခဏခဏပါပဲ။ ရိုးရိုး အကျဥ်းသူတယောက်ဆိုရင် ရုံးချိန်းထွက်ပြီး ပြန်လာတိုင်း လွှတ်တော်အကြောင်း ပြောလွန်းလို့ ဒေါ်လွှတ်တော်လို့တောင် နာမည်တွင် သွားတော့တယ်။

ထောင်ထဲကို ရောက်ခါစက ကိုယ်မကောင်းတဲ့ မိန်းမထောင်ကျတွေနဲ့ ထားမယ်ဆိုတော့ လန့်သွားခဲ့တာ ကိုလည်း အခုပြန်ပြောပြကြရင်း ရယ်မောနေနိုင်ပြီ။ ကျမတို့ မိန်းမဆောင်နဲ့ ကပ်လျက်ရှိနေတဲ့ ဟိုဖက်ကအဆောင်က နိုင်ငံရေးမှု ယောက်ျားတွေ ထားတာတဲ့။ အဲဒီဖက်က ရိုက်တဲ့ အသံတွေကြားရင်တော့ ကျမတို့ဖက်ကလည်း ဘယ်လိုမှ မနေနိုင်တော့ဘူး။ တခုခုတော့ လိုက်လုပ်ရမှ။ နိုင်ငံရေးမှုချင်းမို့ သိသိ မသိသိ တအုပ်စုတည်းလို့ ကျမတို့တွေက ခံယူထားကြတာ မဟုတ်လား။ စစ်အစိုးရကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင်ဆန့်ကျင် ကျမတို့နဲ့ ရန်သူတူနေတဲ့ ဘက်တဘက်တည်းလို့ ကျမတို့က ယုံကြည်ထားတယ်။ အမှုတွဲတွေကလည်း စုံမှစုံပဲ။ ကွန်မြူနစ်ပါတီ၊ဒီချုပ်၊ ဗကသ၊ မကသ၊ ၁၇(၁)ဆိုတဲ့ တရားမ၀င် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု၊ ကျောင်းသား လူငယ်အများစုကတော့ ၅(ည)ဆိုတဲ့ နိုင်ငံရေးမှု၊ ပုဒ်မ ၆၊ ၇ ဆိုတဲ့ တရားမ၀င်အသင်းဖွဲ့စည်းမှု၊ တရားမ၀င်စာစောင် ထုတ်ဝေမှု၊ ဘယ်လိုပုဒ်မတွေနဲ့ပဲ ၀င်လာလာ သီးသန့် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသူတွေက တရောင်တည်း တသွေးတည်း၊ ဒါဟာ သိပ်ကောင်းတဲ့ အားသာချက် တွေပေါ့။

ကျမထောင်ထဲရောက်တော့ အခန်ကျဉ်းလေး ထဲမှာ ၈ ယောက်၊ ကျောင်းသူတွေချည်းပဲ။ ကျောင်းချင်း မတူလို့ မသိခဲ့ကြပေမဲ့ တခန်းထဲမှာ နေကြရတဲ့အခါ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြရင်းနဲ့ အပြင် ပြန်ရောက်ရင် ဘာတွေ ဘယ်လိုဆက်လုပ်ကြမယ်။ ဘယ်သူနဲ့ ဘယ်လို ဆက်သွယ်ကြမယ်နဲ့ ပိုပြီးတော့တောင် ချစ်ခင်ရင်းနှီး သွားကြသေးတယ်။ ကျမအတွက်တော့ တဘ၀စာ မိတ်ဆွေကောင်းတွေကို ထောင်ထဲကနေ ရရှိခဲ့တယ်။ ဆယ်နှစ် ကျတာကို မေ့သွားလောက်အောင် ကျမတို့တွေက စိတ်တူကိုယ်တူတွေ ဖြစ်သွားခဲ့ကြတယ်။

နောက်လေးလ လောက်ကြာတော့ ကျောင်းသူကျောင်းသား တော်တော်များများ ကို နှစ်အများကြီးကျထားတာကနေ ပုဒ်မ(၄၀၁)နဲ့ ပြန်လွှတ်လိုက် ပြန်ရော။ ကျမတယောက်ပဲ အခန်းထဲမှာ ကျန်ခဲ့တော့ လွတ်တော့မဲ့ သူတွေက သူတို့လွတ်တာကို မပျော်နိုင်ဖြစ်လို့၊၊ ထောင်ဗူးဝကို နောက်ပြန် လှည့်ကြည့်ရင် နောက်တခေါက် ထပ်လာရမယ် ဆိုတော့ မယုံဘူး။ လှည့်ကြည့်မှာပဲ ဆိုတဲ့ ကျမသူငယ်ချင်း တယောက်ကို ထောင်ထဲကနေ လှည့်ကြည့်ဖြစ်ရဲ့လားလို့ ကျမအဖေ ထောင်ဝင်စာ လာတုန်းကမေးတော့ လှည့်ကြည့်ရုံတင်ဘယ်ကမလဲ ထောင်ဝင်စာလာရတဲ့ နေ့တွေတိုင်း သူ ထောင်ဗူးဝမှာ ရှိနေတာတဲ့။ ထောင်ထဲက သူတွေသိချင်မယ့် သတင်းတွေကို သူက လာပေးနေမြဲပေါ့။

အဲလိုနဲ့ ကျမတို့စိတ်ဓါတ်ကြံ့ခိုင်စွာ ဖြတ်ကျော်ခဲ့တာ ၈ နှစ်ကျော်တော့ လျှော့ရက်နဲ့ ထောင်က လွတ်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ အဖေ ဘုန်းကြီးဝတ်တဲ့ ဆီသွားမယ်ဆိုတော့ အမက ငိုပြီးပြောပြတယ်။ အဖေဆုံးတာ တနှစ်ကျော် သွားခဲ့ပြီတဲ့။ အဖေ မလာနိုင်တာ လူ့လောကကြီးမှာ မရှိတော့ တာပါလားလို့ သိရတဲ့ အခိုက်မှာ ကျမမျက်ရည်မကျနိုင်ပဲ ဆို့သွားခဲ့တယ်။ အမရော အကိုရော အဖေဆုံးရတာ ကျမကြောင့်တဲ့။ အပြစ်တင် စကားတင်း ဆိုကြတာ သူတို့တင်မကဘူး။ အမျိုးတွေ အားလုံးပါပဲ။ ကျမကို သိပ်ချစ်ပြီး သိပ်မျှော်လင့်တဲ့ အဖေက ကျမအတွက် အမြဲပဲ စိတ်မကောင်း ဖြစ်နေရတာတဲ့။ ဘာ့ကြောင့်လဲ ပြောပြကြပါဦး လို့ မေးတော့ ကျမအတွက် ထောင်ဝင်စာ ထုတ် သေးမှာကို အဖေက စိတ်အမြဲ ပူနေရတာတဲ့။ ကျမထောင်က လွတ်လာခဲ့ရင် အနာဂတ် ပျောက်နေမှာ လည်း စိုးရိမ်နေသေးသတဲ့။ ကျမဘာမှ ပြန်မပြောနိုင်ခဲ့ ပါဘူး။

အဖေနေခဲ့တဲ့ အခန်းလေးမှာလည်း အကိုတို့ လင်မယားက ၀င်နေကြပြီ။ အဖေ့ သံသေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ အဖေရေးလက်စ ဒိုင်ယာရီလေးကို တွေ့ရတယ် ။ အဖေဒိုင်ယာရီရေးတဲ့ အကျင့်မရှိတာ သိထားတော့ ဘာတွေများ ရေးခဲ့ပါလိမ့်လို့ ဖတ်ကြည့်မိတဲ့ အခါမှာတော့ ဖခင်တယောက်ရဲ့ မေတ္တာကို ကျမ သေသေချာချာ ခံစားမိလိုက် ရပါတော့တယ်။

အဖေ့ဒိုင်ယာရီထဲမှာ အဖေက ကျမကို ဖမ်းသွားတဲ့ နေ့ကစပြီး သူ့ခံစားချက်တွေကို အသေးစိတ် ရေးထားခဲ့တာပါလား။ ကျမအတွက် ထောင်ဝင်စာ နည်းမှာ အမြဲစိုးရိမ်တဲ့ အတွက် သူတနေ့ရတဲ့ ငွေထဲက နည်းနည်းချင်း ၀ယ်စုထားတဲ့ အစားအစာ တွေကို သူ့ရဲ့သား ကျမအကို ယူစားတာကို မကျေနပ်တဲ့အကြောင်း စိတ်ဆိုးခဲ့ရတဲ့ အကြောင်းနဲ့ ထောင်ထဲမှာရှိနေတဲ့ ကျမက အမေ့ကို တွေ့ချင်ရှာမှာပဲလို့ တွေးပြီးရေးထားတဲ့ သူ့ခံစားမှုတွေ အများကြီးပါပဲ။ စာကြောင်းတိုင်းဟာ ကျမကို စိတ်ထိခိုက် စေခဲ့ပါတယ်။ အဖေ့မေတ္တာကို ယုံကြည်ခဲ့ပေမဲ့ အဲဒီလောက်အဖေ ခံစားရလိမ့်မယ်လို့ တွေးထင် မထားခဲ့လို့ပါပဲ။ ဒါပေမဲ့ အဖေက ကျမရဲ့ လုပ်ဆောင်ချက်တွေ၊ နိုင်ငံရေး ရပ်တည်ချက်တွေ အတွက် သူအမြဲ ဂုဏ်ယူနေကြောင်းလဲ ရေးထားပါသေးတယ်။ အဖေ့ရဲ့ တချို့သော ဈေးဝယ်ဖောက်သည် ကားဝပ်ရှော့ တွေက အဖေ့သမီး နိုင်ငံရေးမှုနဲ့ ထောင်ကျနေတာ သိလို့ ပိုပြီး အားပေး ၀ယ်ယူခဲ့တယ် ဆိုတာလည်း အဖေက ထည့်ရေးထား ပါသေးတယ်။ အဲဒီအခါမျိုးမှာ အဖေက သမီးအတွက် ဂုဏ်ယူကျေနပ် နေမှာပဲလို့ ကျမက မြင်ယောင်တွေးမိရင်း အဖေကြောက်ခဲ့တဲ့ အနာဂတ်ပျောက်တဲ့ သမီး ဘယ်တော့မှ မဖြစ်စေရဘူးလို့ ရင်ထဲက လေးလေးနက်နက် ဂတိပေးနေမိပါတော့တယ်။

(နိုင်ငံရေး အကျဉ်းသူဟောင်းတဦးရဲ့ ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ့ထားပါသည်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်