Wednesday, March 18, 2009

Bergen ဘာဂမ် ခရီးစဉ်

အော်စလိုမြို့ထဲမှာပဲ ဖြစ်နေတော့ ဖတ်တဲ့လူတွေ ပျင်းနေပါဦးမယ်။ ဒီတော့.....
ကျမ သွားခဲ့တဲ့ မြို့ထဲက နော်ဝေးနိုင်ငံရဲ့ ဒုတိယမြို့တော်လဲဖြစ်၊ နိုင်ငံခြားသားဧည့်သည် အလာဆုံးမြို့လဲ ဖြစ်တဲ့ ဘာဂမ် ဆိုတဲ့မြို့ ဓါတ်ပုံလေးတွေ ကြည့်ပါဦး။
ဒီနေရာက ငါးသဘောင်္တွေ ကပ်တဲ့ ဆိပ်ကမ်းတဲ့။ အဲဒီမှာ ငါးရောင်းတဲ့ ဆိုင်တွေ ညနေဖက်ဆို ဖွင့်တယ်။
ဒါက မြို့ထဲမှာ ညနေဖက် လေညှင်းခံတတ်တဲ့လူတွေ လေ့ကျင့်ခန်းလုပ်တဲ့လူတွေ အလာများတဲ့ တောင်ကုန်းလေး
သူတို့မြို့ခံတွေထဲမှာ ဘလော့ဖတ်နေကျကဗျာချစ်သူတွေ သိကြမယ့် ကဗျာဆရာနှင်းခါးမိုးရှိနေပါတယ်။ မသွားခင်မှာ သူတို့မြို့က ကျမသူငယ်ချင်း ကေသီအေးက အွန်လိုင်းကနေ လက်မှတ်ဝယ်ပေးပြီး ဘယ်လိုစီးလာပါ သူ ကိုဝေလင်းကို လာကြိုခိုင်းမယ်လို့ သင်ပြပါတယ်။ အဲဒီနေ့က နှင်းတွေကျနေတဲ့ အော်စလိုမြို့ထဲက ညနေစာ ထမင်းကျွေးတဲ့ ကိုခင်မောင်ဝင်းတို့အိမ်မှာ သိုးသားဟင်းနဲ့ ထမင်းစားပြီး ည၁၀နာရီလောက်မှာ ဘူတာကြီးကို ရောက်ခဲ့ပါတယ်။ ည၁၁နာရီ မှာ ထွက်တဲ့ ရထားစီးပြီး မနက် ၇နာရီလောက် ဘာဂမ်ကိုရောက်ပါတယ်။ ရထားပေါ်မှာ စောင်ရယ် မျက်လုံးကာရယ် ပေးတော့ ကောင်းကောင်းအိပ်ရမယ် ထင်ပေးမယ့်တကယ်တမ်းကျ အိပ်မပျော်ပါဘူး။ လင်းထိန်နေတဲ့ လမ်းဘေးဝဲယာကို ကြည့်ရင်း အိပ်ဖို့တောင် သတိမရတော့ပါဘူး။ တဖက်ဘေးက ကမ်းနားစပ် နောက်တဖက်ဘေးက နှင်းတွေဖွေးနေတဲ့ ကျောက်တောင် အဲလိုနေရာမျိုးတွေ ဖြတ်သန်းနေရတော့ ဘယ်လိုအိပ်ချင်ပါ့မလဲ၊ ကျမ ရထားပေါ်ကဆင်းပြီး ဘူတာထဲကို သွားဖို့ လျှောက်လာတော့ ဘာဂမ်မြို့ရဲ့ သမိုင်းကို ရေးထားတဲ့ ဆိုင်းဘုတ်နားမှာ ကိုဝေလင်းခေါ် ကဗျာဆရာ နှင်းခါးမိုးက ရပ်စောင့်နေတာ တွေ့ရတော့ ၀မ်းသာသွားတယ်။ သူကလဲ အချိန်မှားပြီး တော်တော်စောစောရောက်နေတာလို့ ပြောပါတယ်။ အားလဲနာတယ် ခင်လဲ ခင်ပါတယ်ပေါ့လေ။

ကျနော့်အိမ်ကို လမ်းလျှောက်သွားမယ် လျှောက်နိုင်မလား ဆိုတော့ ရပါတယ်ပေါ့။ ဒါနဲ့ ရထားဘူတာကနေ ထွက်လာပြီး လမ်းတလျှောက်မှာ ဘယ်သူတွေ နေကောင်းလား၊ ဘယ်သူက ဘယ်နိုင်ငံထွက်သွားပြီလဲ၊ မဲဆောက်မှာ ဘယ်သူတွေ ကျန်နေသေးလဲ စသဖြင့် အလာပ သလာပ ပြောသလို ဒီနေရာကတော့ တက္ကသိုလ်ပေါ့၊ ဒီကျောင်းဝင်းက ဘယ်လောက်ထိကျယ်တယ်။ ကျနော်တို့ အိမ်ကို ရောက်တော့မယ်။ ကျနော်တို့က တက္ကသိုလ်ဝင်းနဲ့ နီးနီးပေါ့လေ … ဒီလို စကားတပြောပြောနဲ့ ကိုဝေလင်းတို့ အိမ်ကို ရောက်ခဲ့ပါတယ်။ ကိုဝေလင်းမဟေသီရဲ့ ကြက်သားပလာတာနဲ့ ဆီးကြိုဧည့်ခံမှုကို လှိုက်လှဲဝမ်းသာစွာ စားသုံးရင်းနဲ့ ဧည့်သည်အခွင့်အရေး ယူရတာပေါ့လေ။
ဒီ့နောက်တော့ အမနဲ့ စကားစမြည်နည်းနည်းပါးပါး ပြောပြီး ကေသီအေးကို ဖုန်းဆက် သူ့အိမ်ကို သွားပြီး ဘာဂမ်ရဲ့ နာမည်ကျော် ရှုခင်းသာ တောင်ပေါ်ကို တက်ဖို့ အိမ်က ထွက်ပါတော့တယ်။ အဲဒီနေ့က မိုးလေ၀သ သတင်းက နေ့လည် ၁ နာရီကျော်ရင် သုံည ဒီဂရီ ဖြစ်မယ်လို့ ကျေညာထားပါတယ်။
အပေါ်က တောင်ကုန်းရဲ့ အခြားတဖက်မြင်ကွင်း

ဘာဂမ်မြို့က တောင် ၇ လုံး က မြို့ထဲမှာကို ပါနေပါတယ်။ တခြားမြို့တွေလို တောင်တွေက ၀ိုင်းရံထားတာ မဟုတ်ပဲ တောင်၇ လုံးက မြို့ရဲ့ ဟိုနေရာ ဒီနေရာမှာ ရှိနေတာပါ။ သွားနေရင်းကပဲ ဘွားကနဲ တောင်ကို တွေ့ရတာမျိုး ဖြစ်ပါတယ်။ လမ်းတွေကလဲ တောင်ကို ကွေ့ပတ်ဖောက်ထားတာမို့ တောင်ကြီးနဲ့လဲ ဆင်သလိုလိုပါပဲ။
တောင်ပေါ်မရောက်ခင် တ၀က်လောက်အမြင့်က ရိုက်တဲ့ မြို့မြင်ကွင်း
တောင်ပေါ်ကို စကားတပြောပြောနဲ့ လမ်းလျှောက်တက်ကြပါတယ်။ နော်ဝေးရောက်နေချိန်မှာ နေရောင်ကို ကောင်းကောင်းခံစားရတာ အဲဒီတမြို့ပဲ ရှိပါတယ်။ ကျန်တဲ့မြို့တွေက လင်းတာပဲ ရှိပြီးတောက်ပတဲ့ နေရောင်ကို မခံစားရပါဘူး။ ဒါ့ကြောင့်နေရောင် ကောင်းကောင်းရတဲ့ နွေရာသီလိုမျိုးမှာ သူတို့တွေ ရဲ့ အရေပြားတွေကို နေရောင်ထိအောင် ဘစ်ကနီလေးတွေပဲ ၀တ်ပြီးနေပူဆာလှုံတာပဲ ဖြစ်မယ် ထင်ပါတယ်။
နေရောင်တွေအောက်က မြို့အ၀င်ကို ရိုက်ထားတာ
နေရောင်ရတဲ့ တောင်ပေါ်ခရီးစဉ်တ၀က်မှာ ပါလာတဲ့ လိမ္မော်သီးစား ရေသောက်ပြီး နည်းနည်း အမောဖြေရပါသေးတယ်။ တော်တော်တော့ တက်ရတယ်။ ဒါပေမယ့် တောင်ပေါ်ရောက်လို့ ဓါတ်ပုံရိုက်တဲ့ နေရာလဲ ရောက်ရော လှလိုက်တာလို့ ပါးစပ်က မအော်ပဲ မနေနိုင်လောက်အောင် လှပါပေတယ် ဘာဂမ်ရယ်၊ ( ဘာဂမ်သားတွေ စိတ်ကြိုက်ပို့စ် ရေးပေးတာ မဟုတ်ပါ။ တကယ့်ကို လှလို့ လှတယ် ရေးပါတယ်)။ နှင်းကျရင်လဲ ခဏပဲ ကျပြီး အစဉ်မိုးရွာတဲ့ ရာသီနဲ့ ဒီမြို့ကတော့ အမှတ်တရပါပဲ။ ကျမရောက်တော့လဲ မိုးရွာသေးတယ်။
တောင်တက်ခရီးအလယ်မှာ အနားယူနေတုန်း နေရောင်တွေ ကျနေတာကို သဘောကျလို့ ရိုက်ထားတဲ့ပုံ
တောင်ပေါ်က ဓါတ်ပုံရိုက်တဲ့ နေရာမှာ ဓါတ်ပုံရိုက် နောက် အမောဖြေ စကားစမြည်ပြော ကိုယ်လိုပဲ လာလည်တဲ့ လူတွေကို ကြည့် ပြီးတော့ တောင်အောက်ကို ရထားနဲ့ ပြန်ဆင်းလာခဲ့တယ်။ ဒီလိုတော့လဲ မြန်သား။ တောင်အောက်ရောက်တော့ နေ့လည် ၁ နာရီကျော်နေပြီ၊ အပူချိန်ကလဲ သုံညဒီဂရီ စင်တီဂရိတ်အောက်ကို ရောက်သွားပါပြီ။ သိသိသာသာကို အေးလာတာ လက်တွေ ထုံလာတဲ့အထိပါပဲ။ ဒါနဲ့ပဲ အိမ်ကို ပြန်လာခဲ့ကြတယ်။

ဘာဂမ်ဟာ အရင်က နော်ဝေရဲ့ မြို့တော်ပါ။ နောက်မှ အော်စလိုကို မြို့တော်အဖြစ် သတ်မှတ်လိုက်တော့ သူက ဒုတိယမြို့တော်အဖြစ်တည်ရှိနေတာပေါ့။ သူတို့မြို့က နော်ဝေးစကားက အော်စလိုက စကားနဲ့ နည်းနည်းလွဲသလို သင်တဲ့စာနဲ့လဲ နည်းနည်းလွဲတယ်လို့ ပြောပါတယ်။ ဒီတော့ ဒီကို ရောက်တဲ့ လူတွေအနေနဲ့ အလုပ်ရှာတဲ့အခါ ဘာသာစကားအခက်အခဲ နည်းနည်းရှိတာကို တွေ့ရပါတယ်။ ကျမရဲ့ သူငယ်ချင်းနောက်တယောက်ကိုလဲ ဒီမြို့မှာ တွေ့ရပါတယ်။ ကျမရောက်သွားတော့ ပျော်လို့တဲ့ သောက်လိုက်တာ နောက်နေ့ သူအလုပ်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ပြခန်းလေးကိုတောင် လိုက်ပို့ဧည့်ခံဖို့ ရောက်မလာနိုင်တော့ပါဘူး။ အဲဒီပြခန်းကိုလဲ ကျမမရောက်ခဲ့ရတာအတွက်တော့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဘာဂမ်က ကဗျာဆရာဘလော်ဂါ နဲ့အမှတ်တရ
အဆင်းရထားပေါ်က မြင်ရတဲ့ မြင်ကွင်း
ပြန်မယ့်နေ့ကို ကေသီအေးရဲ့အိမ်မှာ စကားပြောရင်း အချိန်ကုန်ခဲ့တယ်။ မိုးရွာနေတဲ့ ဘာဂမ်ကို တွေ့နေရတာပေါ့။ အလာတုန်းက ရထားပေါ်မှာ ပေးတဲ့ စောင်နဲ့ မျက်လုံးကာ လေးက ယူလာလို့ရတယ်လေတဲ့ ၊ မသိဘူးလေ ။ ထားခဲ့တာပေါ့ ဆိုတော့ အမရေ ရထားအသွားအပြန်ကို ခရိုနာ ၇၀၀ လေ ။ အဲဒါ နော်ဝေးတွေလဲ ယူတာပဲ အမအပြန်မှာ ထည့်ယူသွားနော်တဲ့။ အဲဒီ က ပေးတဲ့ စောင်လေးကို ထိုင်းထိယူလာပြီး မွေးကာစ ကလေးလေး တယောက်ကို လက်ဆောင်ပေးလိုက်တယ်( ပိုင်တယ်နော်)။ ည ၁၀နာရီခွဲ ထွက်မယ့် ရထားကို လိုက်ပို့တော့လဲ မိုးတစိမ့်စိမ့်ပဲ။ နှုတ်ဆက်ခဲ့ပါတယ် ဘာဂမ်ရေ…..

(စာကြွင်း)မိုးရွာနေတာနဲ့ အပြန်ကျရင် ရိုက်မယ်လို့ စိတ်ကူးထားတဲ့ ဘူတာက ဓါတ်ပုံတွေလဲ မရိုက်ဖြစ်လိုက်ဘူး။ ဘာဂမ်ကို ပြန်သွားလည်ခွင့်ရဖို့ ဆုတောင်းထားပါတယ်။ လည်စရာတွေ ကျန်သေးတယ်တဲ့။ ဒါပေမယ့် အဲဒီမြို့က ဘလော်ဂါ ကဗျာဆရာကတော့ အခု ထိုင်းကို အလည်တခေါက် ရောက်လာနေလေရဲ့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, March 17, 2009

ကျမရဲ့ ပီအေ




ဒီနေ့…
သီရိဂေဟာလို့ လူတွေကတင်စားတတ်တဲ့ မိဘရင်ခွင်
ဇာတိမြေက အိမ်ကလေးကို မပြန်ဖြစ်တာ ၂၁ နှစ်ရှိပြီဖြစ်တဲ့….နင့်အတွက်….
အိမ်မပြန်ဖြစ်တဲ့…… နင့်အတွက် …..
ချစ်သူရေ…
အိမ်ပီသတဲ့ အိမ်တလုံးဖြစ်အောင်
တတ်နိုင်တဲ့အင်အားနဲ့
ငါဖန်တီးပေးချင်တယ်။
ဒါဟာ သက်သေပြစရာမလိုတဲ့ ငါ့ရဲ့အချစ်ပဲ ဖြစ်ရဲ့။
ဒီအိမ်မှာ နွေးထွေးခြင်းရှိမယ်။
လုံခြုံခြင်းရှိမယ်။
တီတီတာတာ ပီယာဝါစ စကားလှတွေချွေမနေပေမယ့်
လိုအပ်ရင် အသက်ပါပေးမယ့် လက်တွဲဖော်မဟေသီက
အဆင်သင့်ရှိနေတယ်။
နင့်ဆီက ပေးနိုင်တဲ့ အရာအားလုံးထဲက
အေးမြတဲ့ချစ်ခြင်းမေတ္တာနဲ့ မှန်ကန်ခိုင်မာတဲ့ ယုံကြည်ချက်ကလွဲလို့
ဘာဆိုဘာမှ မတောင်းဆိုချင်ပါဘူး။
မတောင်းဆိုခဲ့ဘူး။
ဘ၀မှာ လိုအပ်တာနဲ့ လိုချင်တာကို
ခွဲခြားသိတတ်ဖို့ သင်စရာမလိုပဲ နေတတ်ခဲ့ပါပြီ။
နေတတ်ခဲ့လေပြီ။
ကောင်းကင်တခုတည်းအောက်မှာ ရှိနေပေမယ့်
တန်ဖိုးထားတာချင်းမတူညီတတ်တဲ့ လူတွေရဲ့ စိတ်ထားတွေ
ကမ္ဘာမြေကြီးပေါ်မှာ ခြေစုံရပ်နေတာချင်းတူပေမယ့်
လျှောက်ရတဲ့ လမ်းတွေ မတူညီတတ်တဲ့ ဘ၀တွေ..
ဒါတွေအားလုံးကို… အတွေ့အကြုံတွေဆီက ကျက်မှတ်ခဲ့ရတာပဲ မဟုတ်လား။
ဘာပဲ ဖြစ်ဖြစ်လေ…
၄၃ နှစ်ပြည့် ဒီနေ့မှာတော့..
နင့်ကိုအလေးထားမြတ်နိုးတဲ့
ချစ်ဇနီးနဲ့ သားလေးတယောက်က
ထမင်းဝိုင်းပြင်ပြီး စောင့်နေမယ်။
ကဲ.. ဘာလိုသေးလဲကွယ်..
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

Thursday, March 12, 2009

ဘုန်းမော်မသေ ရှင်သန်နေ


၁၉၈၈ ရဲ့ မတ် ၁၃ မှာ ဘုန်းမော် ကျဆုံးခဲ့တဲ့ အချိန်က မူလတန်းတောင်မတက်ရသေးတဲ့
ကလေးငယ်ဘ၀ပဲ ရှိနေခဲ့ကြတဲ့ ကျောင်းသားငယ်တစုက
၂၀၀၀ ခုနှစ်မှာ သူတို့ချစ်တဲ့ စက်မှုတက္ကသိုလ်ကို ၀င်ခွင့်ရပြီး ရောက်လာခဲ့ကြတယ်။
ဘုန်းမော်ဆိုတာ သူတို့မသိဘူး၊မမြင်ဖူးဘူး၊
ဒါပေမယ့် ဒီစက်မှုတက္ကသိုလ်ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့
၈၈ လူထုလှုပ်ရှားမှုကြီးကို ရင်ထဲမှာ စွဲနစ်နေအောင် ကြားဖူးခဲ့ကြတယ်၊ တချို့ပုံရိပ်တွေကို သူတို့ မြင်ဖူးခဲ့ကြတယ်။
ဗမာပြည် တနံတလျား အနယ်နယ်အရပ်ရပ်က ဒီစက်မှုတက္ကသိုလ်ကြီးကို ရောက်ခဲ့ကြတဲ့ ကျောင်းသားလူငယ်လေး တစုက ဒီလိုစာတမ်းလေးကို မျက်နှာဖုံးမှာ ရေးလို့ ကဗျာစာအုပ်လေး တအုပ် ထုတ်ဝေခဲ့ကြတယ်။

မျက်ရည်ကျခွင့် စကားပြောခွင့်တွေ မရှိပေမယ့်
ကျနော်တို့ ကတော့
အပူရုပ်ကို ဟန်လုပ်ပြီး
မနေတတ်ခဲ့ကြဘူး။

အလွမ်းပြေ
ပန်းခွေပို့ ခွင့်တောင် မရနိုင်ကြပေမယ့်
မတ် ဆယ့်သုံးကို ဒီကဗျာတွေနဲ့ 
ဂါရ၀ပြုလိုက်ပါရဲ့ 

အဲဒီနောက်တော့ ဒီကဗျာစာအုပ် ထုတ်ဝေမှုနဲ့ စက်မှုတက္ကသိုလ်ရဲ့
၂၀၀၀ ခုနှစ်စာသင်နှစ်မှာ....
စက်မှုတက္ကသိုလ်ကျောင်းသား ဆယ့်နှစ်ယောက်တိတိ ထောင်ခုနှစ်နှစ်စီ ကျခဲ့ကြတယ်။
လက်ရေးကဗျာစာအုပ် ထုတ်ဝေမှုနဲ့ ထောင်ခုနှစ်နှစ်ကျခဲ့ကြတယ်။
ကျောင်းသားလေးတွေ ကလောင်တံကြောင့် ထောင် ခုနှစ်နှစ်ကျခဲ့ကြတယ်။
ဒါဟာ ပုံပြင်မဟုတ်ဘူး။ တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီး ကျောင်းသားတွေ ငြိမ်သွားတာပဲ လို့ ပြောခဲ့တဲ့ လူတွေသိဖို့ သက်သက်ပါ။
ကျောင်းသားတိုက်ပွဲတွေထဲမှာ လူမသိခဲ့တဲ့ တိုက်ပွဲတွေလဲ အများကြီး ရှိခဲ့ပါတယ်။
စောဇော်မင်းထိုက်ကျော်ရဲ့ ခံစားချက်ကို ထုံကူး ရေးသားပါသည်။
(ကိုဘုန်းမော်နဲ့တကွ ကျဆုံးသွားသော အညတရ ကျောင်းသားရဲဘော်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါသည်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Sunday, March 8, 2009

နိုင်ငံတကာအမျိုးသမီးများနေ့

အမျိုးသမီးတွေရဲ့ ကြီးမြတ်မှုကို ဒီလိုသရုပ်ဖော်ထားပါတယ်။
ဒီရုပ်တုကို နော်ဝေးက ရုံးတရုံးရှေ့မှာ ရိုက်ယူလာခဲ့တာပါ။ ဘာရုံးလဲ ဆိုတာ မေ့နေပြီ သိတဲ့လူ ကောမန့်ပေးခဲ့ပါနော်။
ဘယ်သူက ငြင်းနိုင်လို့လဲ၊ ဒီအမှန်တရားကို။ ဒါ့ကြောင့်လဲ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ မြင့်မြတ်မှုတွေကို ဘယ်လိုအကြောင်းကြောင့်မှ ချေဖျက်ပြစ်တာ မခံရစေချင်ဘူး။ ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားပြီး ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်ပြသရမယ်။ အမျိုးသမီးဖြစ်လို့ ဆိုတဲ့ အချက်တခုနဲ့တော့ နေရာယူချင်စိတ် မရှိဖို့လိုတယ်။ ကိုယ်ပိုင်အရည်အချင်းသည်သာ အဓိကပါပဲ။ အဲဒီအခါကျရင် အားလုံးထက် သာလွန်တဲ့လေးစားဖွယ်ရာတွေကို အမျိုးသမီးဆိုတဲ့ပညတ်ချက်ကနေ သယ်ဆောင်လာလိမ့်မယ် မဟုတ်ပါလား။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

Saturday, March 7, 2009

နော်ဝေးရဲ့အတိတ်

ပြီးခဲ့တဲ့ ပို့စ်အရ သူတို့အရှုံးပေးလိုက်တာမျိုးကို ပရိသတ်က မကြိုက်ကြလေဘူး။ ဒါ့ထက်ဆိုးတာ ရှိပါသေးတယ်။ သူတို့နိုင်ငံကို မအုပ်ချုပ်တတ်လို့ လာအုပ်ချူပ်ပါဆိုပြီး ဒိန်းမတ်ကနေ ဘုရင်ကို ကန်ထရိုက်စနစ်နဲ့ ငှားသေးသတဲ့။ တနှစ်လောက် အုပ်ချုပ်ပေးပြီး ပြန်သွားတယ် ကြားပါတယ်။ တကယ်တော့ နော်ဝေးနိုင်ငံဟာ ၁၉၇၀ ခုလွန်ရေနံတွေ့ရှိချိန်မှ ချမ်းသာလာတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီခေတ်မတိုင်ခင်ကတော့ ပင်လယ်ဓါးပြ လုပ်စားတယ်လို့နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ကျောက်တောင်ချည်းသာ ရှိတဲ့ နိုင်ငံ၊ ပင်လယ်ထဲ ရောက်နေတဲ့ နိုင်ငံမို့ ဘာမှစိုက်ပျိုးမရပဲ တံငါလုပ်စားကြရတာပါ။ အဲဒါကြောင့်လဲ ရေနံတွေ့ပြီး ချမ်းသာလာမှ ငှက်ပျောသီးကို စားဖူးသတဲ့။ ခုချိန်ထိ ငှက်ပျောသီးဆိုတာ သူတို့အတွက် တကယ့်တော်ဝင်သီး။ ဒါတောင် ခွံစိမ်းတမျိုးပဲ တွေ့ဖူးကြတယ်။ ရေသီ၊ ဖီးကြမ်း၊ ထောပတ် ၊ ငှက်ပျောချဉ် ဒီလို ငှက်ပျောအမျိုးပေါင်းများစွာ ရှိတယ် ဆိုတာ သူတို့မသိကြတာလဲ အမှန်ပါ။

နော်ဝေးနိုင်ငံမှာ ရောဂါတမျိုးကျရောက်တုန်းကဆို (ကပ်ဆိုးကြီးဖြစ်တယ်ခေါ်မှာပေါ့) နော်ဝေနိုင်ငံသားတွေ လှေတွေ သဘောင်္တွေနဲ့ အမေရိကတိုက်ဘက်ကို ပြေးကြသတဲ့။ သမုဒ္ဒရာထဲမှာ သေသူသေ။ ကံကောင်းထောက်မစွာ ရောက်သူရောက်ပေါ့။ အင်မတန် ရိုးသားတဲ့ လူမျိုးဖြစ်ပါတယ်။ ခုချိန်ထိလဲ နော်ဝေးနိုင်ငံသားတွေထဲမှာ နိုင်ငံခြားမရောက်ဖူးသူက ၈၀ ရာနှုန်းရှိပါတယ်။ အဲဒီလောက်ဆင်းရဲခဲ့တဲ့ ကျောက်တောင်တွေနဲ့နိုင်ငံကို ဟိုခေတ်က ဘယ်သူမှ မျက်စိကျခဲ့ပုံမပေါ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို လာနယ်ချဲ့တဲ့ ဂျာမန်တွေ သူတို့က အုပ်ချုပ်ခိုင်းလို့ အုပ်ချုပ်ရတဲ့ ဒိန်းမတ်တွေက နော်ဝေနိုင်ငံကို မလိုလား မနှစ်သက်ဘူးဖြစ်မှာပါ။ ဘာမှမမက်မောဘူး ဖြစ်မှာပါ။ ပြီးခဲ့တဲ့ ပို့စ်တင်ပြီး ကျမ ကောမန့်တွေစောင့်နေရင်း ဒီပို့စ်ကို ဆက်ရေးပါတယ်။ အားလုံးက အရှုံးပေးလိုက်တာ အပေါ်မှာ သိပ်သဘောမတွေ့တာ တွေ့ရပါတယ်။ ရေးနေရင်းကောမန့်ထဲမှာ အောင် က လဲ ၀င်ပြောသွားပါတယ်။ သူပြောတဲ့ အချက်တွေကလဲ ဟုတ်ပါတယ်။

နော်ဝေးတနိုင်ငံလုံးရဲ့ လူဦးရေဟာ လေးသန်းခွဲပဲ ရှိပါတယ်။အခုခေတ်မှာတော့ သူတို့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရောင်းချငွေဟာ နှစ်စဉ်ပိုလွန်းလို့ သူ့နိုင်ငံသားတွေကို ဘယ်လို သုံးခိုင်းရမလဲ ဖြစ်နေရတဲ့ နိုင်ငံပါ။ လူတဦးရဲ့ အလုပ်က၀င်ငွေ ၂၅ ရာနှုန်းကို အခွန်အဖြစ်ကောက်ပါတယ်။ နောက်အလုပ်တခုရှိရင် ဒုတိယအလုပ်က ၀င်ငွေကို ၃၅ ရာနှုန်းကောက်ခံပါတယ်။ ဒီငွေတွေအကုန် ပလုံသွားတယ် ထင်သလား။ နှစ်ကုန်တိုင်း အခွန်ကောက်ထားတဲ့ ငွေတွေကို ဘောနပ်အဖြစ် နိုင်ငံတော်က ပြန်ထုတ်ပေးပါသေးတယ်။ ကလေးမွေးဖို့ ကိုယ်ဝန်ဆောင်ချိန်က စလို့ နောက်ဆုံးသေဆုံးချိန်ထိ ကိုယ့်နိုင်ငံသားကို လုံးဝ တာဝန်ယူပေးနိုင်တဲ့ ၀န်ဆောင်မှုအပြည့်ရှိတဲ့ ကမ္ဘာ့ထိပ်ဆုံးက နိုင်ငံတခုပါ။

ဒီလို အစိုးရမျိုး ဒီလိုပြည်သူမျိုးဖြစ်ဖို့ အဓိက လိုအပ်တာကတော့ စနစ်ဖြစ်ပါတယ်။ အဲဒီစနစ်ကို ပြုလုပ်တဲ့ လူတွေရဲ့ ဥာဏ်ပညာကြီးမားမှုကတော့ ပြောမကုန်နိုင်ပါပဲ။ ဒ့ါကြောင့် မူနဲ့ လူက ဆက်စပ်နေတယ်လို့ ပြောရမှာပါပဲ။ ကျမတို့ နိုင်ငံက ပြည်သူတွေကို သူတို့လို လူမှုထောက်ပံ့မှုတွေ ပြည့်စုံအောင် ထားပေးနိုင်ခဲ့ရင် လာဘ်ပေးလာဘ်ယူတွေ ခိုးဆိုး လုယက်မှုတွေ က အတန်အသင့်လျော့ပါးသွားမယ် ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး ဆိုတာ မဟုတ်ပါဘူး။ နှစ်ပေါင်း များစွာ ဖျက်ဆီးခံထားလိုက်ရတဲ့အတွက် စိတ်ဓါတ်တွေ ပျက်စီးသွားတာပါ။ ဒီလူတွေကို ပြုပြင်ယူနိုင်ဖို့ဆိုတာမှာ ပြည်ပရောက်မျိုးချစ်မြန်မာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာမှာပါ။ ဒါက နော်ဝေးကိုလေ့လာရင်း မြန်မာနိုင်ငံအတွက် စဉ်းစားမိတာပါ။

ကိုယ့်ခရီးကို ပြန်ဆက်ရမယ်ဆိုရင်တော့ နောက်ထပ်သွားမိတဲ့နေရာလေးတခုက ဆောက်လုပ်ပြီးစီးစ အော်ပရာကဇာတ်ရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က ပြဇာတ်ရုံပိတ်တဲ့ နေ့ဖြစ်နေပါတယ်။ ဒီတော့ ပြဇာတ်ပြတဲ့ အထဲထိ ၀င်မရပဲ အောက်ထပ်မှာ ပဲ လှည့်ပတ် ဓါတ်ပုံရိုက်ပြန်လာခဲ့ရတယ်။
ဒီဇာတ်ရုံကို ၂၀၀၈ နှစ်ကုန်ခါနီးမှ ဖွင့်တာ


အဲဒါ အိမ်သာကို အပြင်က ရိုက်လာတာ။ ကဇာတ်ရုံအထဲက အိမ်သာကလဲ မိုက်သလား မမေးနဲ့နော်။
ကဲ နောက်တပတ်တော့ နောက်တနေရာ သွားတာလေး တင်ပေးမယ်နော်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်