Showing posts with label သားသား. Show all posts
Showing posts with label သားသား. Show all posts

Sunday, February 7, 2010

သားသား( ၄)

စာမရေးတာကြာပြီး ပြန်ရေးဖို့ ပြင်တော့ သားသားအကြောင်းပဲ ရေးချင်လာတယ်။
ဒီတခါတော့ သားသားရဲ့ ၀ါသနာတချို့ မှတ်တမ်းတင်ထားချင်လို့ပါ။

သူက စွန့်ဦးတီထွင်တော့ဖြစ်မယ်မထင်ဘူး။ ဘာ့ကြောင့်ဆို ငယ်ငယ်က ကစားစရာအသစ်တခု ၀ယ်ပေးရင်တောင် ချက်ချင်းကိုင်မဆော့ဘူး။ သူ့ကိုတယောက်ယောက်က ဆော့ပြရသေးတယ်။ ဘာမှမဖြစ်ဘူး လို့ သူစိတ်ချမှ ကိုင်တတ်တဲ့အမျိုး။ ဒါ့ကြောင့်လဲ သူငယ်ငယ်က အပူလောင်တာ ချော်လဲတာ ဘာညာ သိပ်မရှိဘူး။ ဘယ်အလုပ်မဆို ချက်ချင်း ဇိုးကနဲ ဇတ်ကနဲ မလုပ်ဘူး။

သူ စိတ်ဝင်စားတာက discorvery လိုမျိုး မှတ်တမ်းကားတွေ ၊ နောက် ကမ္ဘာလုံး တွေပဲ။ ငယ်ငယ်တုန်းက ကမ္ဘာလုံးခပ်သေးသေးတွေပဲ ရလို့ အကြီးကြီး ရရင် ၀ယ်ပေးမယ်လို့ ပြောထားခဲ့ဘူးတော့ ထိုင်းကိုရောက်တဲ့အခါ ကမ္ဘာလုံးအကြီးကြီးတွေ တွေ့ရင် ၀ယ်ခိုင်းတတ်တယ်။

ဒါပေမယ့် ခုနည်းနည်းကြီးပြီး ကွန်ပျူတာ ကိုင်တတ်တဲ့အခါမှာတော့ google earth ကိုဒေါင်းလုပ်ဆွဲပေးခိုင်းနေပြီ။ အိမ်ကို နိုင်ငံတကာက ရဲဘော်ဟောင်းတွေ တယောက်ယောက်လာလည်ရင် ဘယ်နိုင်ငံကလဲမေးပြီး သွားရှာတာပဲ။ တခါတလေကျ သူနေခဲ့တဲ့ မြို့ ကို ပြန်သွားရှာကြည့်တတ်သလို ခုနေတဲ့ မြို့ကိုလဲ အသေအချာ လိုက်ကြည့်နေတတ်ပြီ။ သူတက်တဲ့ကျောင်း ၊ မြို့အ၀င်လမ်း ၊ ဆေးရုံ စသဖြင့် တွေ့တဲ့အခါ မိဘတွေကို ခေါ် ခေါ် ပြတာပဲ။ သူကမ္ဘာကြီးက နိုင်ငံတွေ မြို့တွေကို စိတ်ဝင်စားတာကတော့ ခုကတည်းက သားသားဘယ်တော့ အဲဒီနိုင်ငံတွေကို သွားလို့ ရတော့မလဲ လို့ ခဏခဏမေးတာပါပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အခါ သားသွားချင်တဲ့ နိုင်ငံတွေကို သွားလို့ရလိမ့်မယ်လို့ ဖြေပေးထားရတယ်။

Wednesday, July 15, 2009

မေတ္တာဆုံမှတ်

သူ့ကို မျှော်လင့်တကြီးနဲ့စောင့်ကြိုခဲ့ရတယ်။
(သားဦးတုန်းက ဖိတ်စင်ခဲ့တာကိုး)
သူရောက်လာတဲ့နောက် ဘ၀ဟာတဆစ်ချိုးပြောင်းလဲ ခဲ့ပြန်တယ်။
သူ့အတွက်ပဲ ဘ၀ဖြစ်လာသလို ထင်ရလောက်အောင် ချစ်ခြင်းမေတ္တာကို ယုံကြည်လာခဲ့တယ်။
သူဟာ ခပ်ငယ်ငယ်လေးကတည်းက သူ့ဘ၀ကို သူ ဖန်တီးတတ်ခဲ့တယ်။
မိခင်နို့နဲ့ ကြီးပြင်းလာရာက တနှစ်သားအလွန်မှာ လုံးဝ နို့မစို့တော့ပဲ ငြင်းဆန်ခဲ့တယ်။
နွားနို့ပူပူထဲ ပေါင်မုန့်စိမ်ထားတာကို သူ့အစားအစာအဖြစ် သူ့ဖာသာသူရွေးချယ်ခဲ့ပြန်တယ်။
လေးဘက်ထောက်မသွားပဲ ထိုင်ရာကနေ ဖင်ရွှေ့သွားတဲ့အဆင့်၊ အဲဒီကနေ လမ်းတန်းလျှောက်ခဲ့တယ်။
သွားပေါက်နောက်ကျတယ်။ ဒါပေမယ့် သူ့သွားတွေကို သူ့ဖာသာ တိုက်တတ်ခဲ့တာ တော်တော်ငယ်ငယ်ကပဲ။ ဘေစင်ကို မမှီလို့ ခုံခုပြီး သွားတိုက်တတ်တဲ့အရွယ်ကတည်းက အိပ်ယာဝင် သွားတိုက်တဲ့အကျင့်ကို သူက နားလည်လိုက်နာတယ်။
ထမင်းကို လက်နဲ့ မစားတတ်ဘူး။ သူများလက်နဲ့ခွံ့ကျွေးရင်လဲ မစားဘူး။ သူ့ဇွန်းနဲ့ ယူစားရင်လဲ မကြိုက်ဘူး။ (အဖေအမေ လဲမရဘူးနော်) ရေခွက်ကိုလဲ သူ့အတွက်သီးသန့်ထားရတယ်။ သူ့ရေခွက်ကို ဘယ်သူမှယူသောက်လို့မရဘူး။
ပန်းရောင် က မိန်းမအရောင်ဆိုပြီး ပန်းရောင်နဲ့ ပတ်သက်တဲ့အသုံးအဆောင် အ၀တ်အစားလုံးဝ မကြိုက်ဘူး။
နောက် ကျောင်းတက်ရမယ့်အရွယ်မှာ သူတက်မယ့် ကျောင်း…… သူ့ဖာသာ သူရွေးချယ်တယ်။
၆ နှစ်သားမှာ သူ့ဖာသာသူ စက်ဘီးအသေးလေးကို ခွစီးရင်းနဲ့ စီးတတ်သွားတယ်။
၇ နှစ်သားမှာ သူ့ကို ကုတင်တလုံး လုပ်ပေးဖို့ တောင်းဆိုတယ်။
၁၀ နှစ်သားမှာ အခန်းတခုပေးဖို့တောင်းဆိုတယ်။ သူနေမယ့်အခန်းကို သူ့ဖာသာရွေးချယ်တယ်။
တဖြည်းဖြည်းသူလုပ်ရမယ့် အရာတွေကို သူ့ဖာသာ ဖန်တီးတာကို သတိထားမိလာတယ်။


သားသား ပိုင်ထူးအံ့
သူများတွေ မွေးနေ့ပွဲလုပ်လို့ လုပ်ချင်သလားမေးရင် အလုပ်ရှုပ်တယ် မလုပ်ချင်ဘူးလို့ ဖြေတတ်တယ်။
သူ့တနှစ်ပြည့်မွေးနေ့ တခါပဲ လုပ်ဖူးတယ်။
သူ့အတွက် သေသေချာချာ ပူဆာဖူးတာက ကွန်ပျူတာတလုံးပဲ။ အဲဒီမှာ VGA ကဒ်ဆိုလား တပ်ပေးဖို့ တောင်းဆိုထားတယ်။
ဝါဆိုလမှာမွေးတာမို့ ၀ါဆိုသင်္ကန်းကို သူ့နာမည်နဲ့ နှစ်တိုင်းကပ်ပေမယ့် ကိုရင်ဝတ်ခိုင်းတာ မရသေးဘူး။ ကိုရင်ဝတ်ရင်ဘာဖြစ်မလဲတဲ့။ ကုသိုလ်ရတာပေါ့ ဆိုတော့ ခုလဲ ကုသိုလ်ရတာတွေ လုပ်နေတာပဲတဲ့။ မ၀တ်ချင်ဘူးတဲ့။
ပန်းချီပြိုင်ပွဲတွေမှာ ဆုရခဲ့ဘူးပေမယ့် ခုတော့ ပန်းချီကို လုံးဝ မဆွဲချင်တော့ဘူးတဲ့။
ကြွားတာကိုလဲ သူက မုန်းတယ်တဲ့။ သားတို့ အခန်းမှာ ကြွားတတ်တဲ့တယောက်ရှိတယ်။ ဘယ်လိုတွေကြွားလဲ ပြောပါဦးဆိုရင် သူက အိမ်ကနေ ကစားစရာတွေ ယူ ယူလာတယ်။ အခွေတွေ ယူယူလာတယ် တဲ့ အဲဒါမကောင်းဘူးတဲ့။ သူ့တို့အရွယ်ချင်း ဒါက ကြွားနေတယ်လို့ သူက ယူဆပြီး ပြန်လာပြောတာလေ။
သူကြိုက်တတ်တဲ့ အစားအစာဆိုရင် ဒါမျိုး ခဏခဏလုပ်ပေးပါလို့ ပြောတတ်သေးတယ်
သူကြိုက်တာတွေက ခ၀ဲသီးကြော်ချက်၊ ၀က်သားလုံးကြော်၊ ကြက်သားကြော်၊ ၀က်သားကြံမဆိုင်၊ ငါးခူကြော်၊ ငါးမြင်းနဲ့ချဉ်ပေါင်ရွက်ဟင်း၊ ပုဇွန်ငါးဆုပ်၊ ငါးပေါင်း၊ ၀က်သားပေါင်း၊ ကင်းမွန်အချိုကြော်ချက်၊ ၁၂ မျိုးဟင်းချို၊ ကန်ပွန်းချဉ်ရွက် ဟင်းချို။ အာလူးကြော်၊ ကန်စွန်းရွက်ကြော်၊ ထမင်းကြော်၊နံပြားပဲပြုတ်၊ ဟမ်ဘာဂါ၊ ပေါက်စီ၊ နွားနို့၊
သူကြီးလာရင် ဘာလုပ်ချင်လဲလို့ မေးတော့ ခဏခဏပြောင်းလဲတဲ့အဖြေတွေက သူလက်ရှိစိတ်ဝင်စားမှုအပေါ် မူတည်နေတတ်တယ်။ ဒါပေမယ့် ဆရာဝန်လုပ်မယ်လို့ တခါမှမပြောဖူးဘူး။ ဗိုက်တွေဘာတွေခွဲရမှာ ကြောက်စရာကြီးတဲ့။
(သူက အသက် ၅နှစ်အရွယ် ငယ်ငယ်ကတည်းက အူအတက်ခွဲစိတ်ထားပြီးသား)
သူ့အဖေကတော့ သူသားကသူလုပ်ရမယ့်အရာကို သူ့ဖာသာရွေးချယ်တတ်တယ်တဲ့။
အချိန်ကျလာရင် သူရွေးချယ်ပါလိမ့်မယ်တဲ့။
ကိုယ့်ကိုမလောဖို့ ပြောတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ က သူ့ရဲ့ မွေးနေ့ပေါ့ ။ အသက် ၁၁ နှစ်ပြည့်ခဲ့ပါပြီ။
သူက တခါတလေတော့ ဘာလုပ်ရမယ် တွေဝေတတ်သလိုပဲ။ ကရကဋ် ရာသီဖွားတွေမို့ ထင်ပါရဲ့။ (အဲဒီရာသီဖွားတွေက ဘယ်တော့မဆို လမ်း ၂ လမ်းနဲ့ ရွေးချယ်နေရတတ်တယ်ဆိုလားပဲ။) အဲဒီအခါတော့ သူ ဘာလုပ်သင့်တယ် ဆိုတာ ရွေးချယ်ဖို့ မိဘကို အကူအညီတောင်းတတ်ပါတယ်။
ခုချိန်မှာတော့…. သူလမ်းလွဲမသွားဖို့၊ အချိန်မှီ စောင့်ကြည့်တည့်မတ်ပေးနိုင်ဖို့ ကိုယ်တို့မိဘတွေက အရိပ်တကြည့်ကြည့် ကြည့်နေရတုန်းပဲပေါ့။
(သူ့အကြောင်းတွေ ရေးပါဦးမယ်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, February 17, 2009

သားသား (၂)

အိမ်နားက ကလေးတွေ ၁ နှစ်ကျော်ကျော်လေးတွေရဲ့ လူလည်ကျတာတွေ တွေ့လာရတော့ သားငယ်ဘ၀ အကြောင်းလေး သတိတရ ရေးချင်လာပြန်တယ်။

သားသားအသက် ၃..၄ နှစ်လောက်က စကားအရမ်းပြောပါတယ်။ သူ့ကို ကိုကိုကြီးလို့ ခေါ်မှ ကြိုက်တယ်။ သူက သူ့ထက်ငယ်သူတွေက သူ့နာမည်ခေါ်ပြီး ပြောရင် ကိုကိုကြီးလို့ခေါ်လေ ငရဲကြီးလိမ့်မယ် ဆိုပြီး ပြောတတ်တယ်။ တနေ့ သူ့အဖေဘက်က အဖွားအိမ်ကို သွားလည်တော့ အဲဒီအိမ်ကို အရင်လာလည်နေတဲ့ သားသားနဲ့ နှစ်ဝမ်းကွဲညီအကို တော်တဲ့ ကလေးလေးကလဲ ရောက်နေတယ်။ ကလေးက သားသားထက် ၁ နှစ်လောက်ကြီးပြီး ခပ်အေးအေးလေးပဲ။ သူတို့ ၂ယောက် ကလေးချင်း ညီအကိုတော်တယ် မိတ်ဆက်ပေးပြီး အတူဆော့ကြလို့ ပြောပြီး လူကြီးတွေက စကားပြောနေကြတာပေါ့။ တအောင့်လောက်ကြာတော့ ကိုကိုကြီးကလေ ကိုကိုကြီးကလေနဲ့ သားက ပြောနေလို့ ဟဲ့ သားက ငယ်တယ် ။ သူ့ကို ကိုကိုကြီးလို့ ခေါ်ရမယ်ဆိုလဲမရဘူး။ သူက ကိုကိုကြီးပဲ ဆိုလို့ ဟိုကအမေက ရပါတယ် ကလေးပဲ ထားလိုက်ပါ ဆိုတော့ ရတယ်တဲ့ တွေ့လား သားက ကိုကိုကြီးပဲနော်လို့ ပြန်ပြောလို့ ရယ်လိုက်ကြရတာလေ အဲဒီတုန်းက။

သူ့ကို ဓါတ်ပုံရိုက်လို့ စိတ်ဆိုးနေတဲ့ သားသား
နောက် သူငယ်ငယ်က ရက်သားလေးတုန်းက ကလေးလေးတွေ ၀တ်တဲ့ ဇီးကွက်အကျီ င်္လေး ၀တ်ပေးထားတော့ သူ့အဖေက မချီတတ်ချီတတ်နဲ့ ချီပြီး ယောက်ျားလေးလား မိန်းမလေးလား အဲလိုပြောတဲ့အကြောင်းကို ကျမအမေသူ့အဖွားက ပြန်ပြောတာကြားထားပြီး သူ့အဖေဘက်က အဖွားကို တခါတလေ စိတ်လိုလက်ရ သားသားငယ်ငယ်တုန်းကလေ ပါပါးက ယောက်ျားလေးလား မိန်းမလေးလား ဆိုပြီး ဒီလိုလုပ်တယ် လို့လဲ ကလေးလေး ချီသလို လုပ်ပြပြီး ပြန်ပြောတတ်တယ်။

သူ့အသက် ၅ နှစ်လောက်ကဆို ဘာပြန်ပြောပြော သားသားငယ်ငယ်တုန်းကလေ နဲ့ အစချီလို့ ဈေးထဲက လူတွေက ဟေ့ကောင်မင်းက ခုလူကြီးဖြစ်နေလို့လား ငယ်ငယ်တုန်းကလို့ ပြောရအောင်လို့ ပြန်မေးကြရတယ်။

နောက်သူ့ဦးလေးတယောက် ငွေလွှဲမယ်ဆို ငွေတွေကို ပီနန်အိတ်ထဲထည့်ပြီး သယ်တာ မြင်မြင်နေတော့ တနေ့သူက ထူးထူးခြားခြားပြောလာတယ်။ မာမားတဲ့ ပါပါး နိုင်ငံခြားက ပြန်လာရင် ပိုက်ဆံတွေကိုလေ ဒီလိုအများကြီး သယ်လာမှာနော်တဲ့။ ပီနန်အိတ်ကို ထမ်းထားတဲ့ ပုံစံနဲ့ ခါးလေးကုန်းပြီး သယ်လာပုံ လုပ်ပြတယ်။ နောက် ဆယ်ထပ်တိုက်ဆောက်ပြီး တည်းခိုခန်း လုပ်စားမယ်တဲ့။ သားစီးဖို့ ဓါတ်လှေကား တပ်ဦးမယ်တဲ့။ အဲဒီအချိန်က ပုသိမ်မှာ တည်းခိုခန်းတွေကို အထပ်အမြင့်တွေနဲ့ အပြိုင်အဆိုင်ဆောက်နေချိန်ပေါ့။ သူ့အဖေကို နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်ပဲ ပြောထားတော့ သူကလဲ အဲလိုပဲ စိတ်ကူးယဉ်တယ် ထင်ပါရဲ့။ ကျမမှာ အဲဒီတုန်းက ရယ်ရခက် ငိုရခက်ပါပဲ။

နောက် သူ့အဖေဖက်က အဒေါ်တွေက ကျောင်းဆရာမတွေ လုပ်ကြတော့ ကျောင်းပိတ်ရက် ဆို သွားလည်ဖြစ်တယ်။ သူတို့ကလဲ လျှော်ဖွတ် ချက်ပြုတ်ပြီး နေ့ခင်းဘက် တရေးတမော အိပ်ရင် သူက မအိပ်ရဘူးလေ အလုပ် လုပ်တဲ့။ လုပ်စရာမရှိဘူးလေ သားသားရဲ့ ဆိုတော့ လုပ်စရာမရှိရင် ဆိုင်ထွက်တဲ့။ မြန်မာထမင်းဟင်းရောင်းတဲ့။ အိမ်မှာ ဧည့်သည်တချို့လာလို့ ဆိုင်မှာ လိုက်ကျွေးရင် ကျမက အစားအသောက်ရောင်းတာ အရမ်းမြတ်တယ်။ ဘာညာ အမြဲပြောတတ်တာကို သူမှတ်ထားတာဖြစ်မယ်။ သူ့အဒေါ်တွေဆိုတာ ရယ်လိုက်ကြတာ။ အံမယ် ငါတို့ တူလေးက စီးပွားရေးကို ငယ်ငယ်လေးနဲ့ နားလည်နေပါလားပေါ့။

သူအဒေါ်သူငယ်ချင်းတွေကလဲ ကျောင်းပိတ်ရက် တခါတလေ လာလည်လို့ အကြော်တွေ လဘက်ရည်တွေ ၀ယ်ကျွေးတယ်ဆိုရင်လဲ သူနဲ့ တိုးရင် ဘာလို့ သူများတွေကို ၀ယ်ကျွေးတာလဲ ပိုက်ဆံကုန်တာပေါ့ လုပ်နေလို့ ဟိုက ဧည့်သည်က ဆက်ပဲ စားရမလို မစား ရမလိုနဲ့ဟဲ့ နင်တူက လူလည်ပဲ သားရယ် အန်တီတို့ဝယ်ကျွေးတာပါ ဘာညာ လုပ်ရတယ်။ အဲဒါ အသက် ၅ နှစ်လောက်က ဖြစ်နေတာလေ။

ခု အသက် ၁၀ နှစ်မှာတော့ သူက အွန်လိုင်းဂိမ်းကစားတာမြန်ဖို့ ထပ်ထည့်ရမယ့် ဘာကဒ်ဆိုလဲ အဲဒီကဒ်ကိုလဲ ပူဆာတတ်နေပြီ။ ဟိုတလောက ဘတ်တထောင်တန် အတုပေါ်နေတယ် အစစ်အတုဘယ်လိုခွဲရမလဲ မသိဘူးလို့ သူ့အဖေနဲ့အမေ အချီအချပြောနေတော့ သားသိတာ ကြာပြီ။ သားခွဲတတ်တယ်တဲ့။ ဘယ်လိုခွဲရလဲ သားဘယ်လိုသိလဲ ဆိုတော့ အင်တာနက်ထဲမှာ ပါတယ်လေတဲ့ သူကပဲ လင့်တခုကနေ ရှာပြီး ဘယ်နေရာက ဘာ ရှင်းပြနေတော့တယ်။

ခုတလောတော့ ဘာပဲ ပြောပြော သားသိတာ ကြာပြီ ဆိုတဲ့ လက်သုံးစကားနဲ့ ပြောနေပြန်ပါတယ်။
(သားသားပို့စ်တွေကတော့ ရေးမကုန်နိုင်ပေါ့ လာဦးမယ်နော်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, December 12, 2008

သားကိုလွမ်းလို့ ရေးတဲ့စာ

ဓါတ်ပုံရိုက်မခံဘူးလေ သူက အဲလိုလူနောက်

အိမ်ကထွက်လာတာ ကြာပြီဆိုတော့ ၁၀နှစ်ကျော်နေပြီဖြစ်တဲ့ တဦးတည်းသော သားကို တော်တော် သတိရမိတယ်။ သူက ဖုန်းပြောရင်လဲ မပြောချင်ဘူး တဲ့။ သူ့အသံကိုတောင် မကြားရဖြစ်နေတယ်။

တကယ်တော့ ကျမဘ၀ရဲ့ ပြောင်းလဲမှု တော်တော်များများက သူ့ကြောင့်ဖြစ်ခဲ့ရတာချည်းပဲ။ သူ့ကြောင့်ပဲ ကျမက မိဘတွေအိမ်ပြန်နေခဲ့ရတာ။ သားမွေးပြီးတလခွဲလေးနဲ့ ဘ၀တိုက်ပွဲတွေ ကြုံရတာကိုး။ ထောက်လှမ်းရေး ဆိုတာကလည်း မာရ်နတ်။ အခြေတကျ သာယာမယ်ကြံရင် သူလာနှောက်ယှက်ပြီ။ သားပေါက်စလေးကို အချုပ်ခန်းထဲ ခေါ်သွားလို့ မိဘတွေက အတင်းပြန်ခေါ်။ မျက်ရည်တွေကျကြ။ နောက် ထောင်ထဲကို ခေါ်သွားမယ်လုပ်တော့ အတင်းပြန်ခေါ်ထားကြ။ သူ့ကို အမေနို့မစို့ရလို့ နို့မှုန့်ဖျော်တိုက်တော့ မသောက်ပဲ နို့ဗူးမြင်တာနဲ့ ငိုနေတာ။ အနားဝန်းကျင် ဆွေမျိုး မိတ်ဆွေအားလုံး မျက်ရည် မဆည်နိုင်အောင် သူ့ကို ၀ိုင်းပြီး သနားခဲ့ကြရတဲ့ သားပေါ့။

ထောင်ထဲ ၀င်ခါနီး ထောင်ဗူးဝမှာ သူ့ကို ပွေ့ထားပြီး ထိုင်နေတာ မြင်ရတဲ့ ကျမကို တွေ့တော့ ကလေးလေးနဲ့ ထောင်ထဲ ပြန်ဝင်ရပြန်ပြီလား ဆိုပြီး ရုံးထုတ်လာသူ သူငယ်ချင်းတွေလဲ ငိုခဲ့ကြရ။ အမ ဘာမှ မပူနဲ့ သားလေးကို ကျနော်တို့ ၀ိုင်းစောင့်ရှောက်ထားမှာပါလို့ လာအားပေးကြသူတွေနဲ့ဝိုင်းဝိုင်းလည်ခဲ့ရတဲ့ သူ့ဘ၀က သူ့ကုသိုလ်ကံကြောင့် ကျမမှာ ဒုတိယအကြိမ် ထောင်ကနေ ရက်ပိုင်းလေးနဲ့ ပြန်လွတ်လာခဲ့ရ။ သူ့မှာ အဖေနဲ့ဝေးနေတော့ အားငယ်နေရှာမယ်ဆိုပြီး အားလုံးနဲ့ ဆန့်ကျင်လို့ အဖေနောက်ကို ကလေးတယောက်နဲ့ လိုက်လာခဲ့ရတာလဲ သူ့ကြောင့်ပဲ။

သားနာမည်ကို ကဗျာဆရာ နာမည်ကြီးတယောက်က မှည့်ပေးတယ်။ အီဖေကိုယ်ထူးပေအံ့။ ဖေထူးအံ့ တဲ့။ ကျမက နာမည်ကလဲ ရင့်လိုက်တာ ဆိုပြီး ပိုင်ဆိုင်မှုတွေ ထူးပေအံ့။ ပိုင်ထူးအံ့ လို့ မှည့်တယ်။ အဲဒီကဗျာဆရာကြီးက ရယ်လိုက်တာ။ ကောင်းပါတယ် ပဲ ပြောနိုင်တော့တယ်။ နောက် ကဗျာဆရာ နာမည်မကြီးတကြီးက သူ့အဖေက တောင်တန်းတွေ ပေါ်မှာ ရောက်နေချိန် သူ့အမေကတော့ ကလေးပိုက်လို့ မြစ်ဝကျွန်းပေါ်ကို စုန်ဆင်းလာခဲ့သူမို့ တောင်တန်းတ၀က် ပင်လယ်တ၀က် ကောင်ကလေးလို့ တင်စားပြီး ကဗျာဖွဲ့ပေးခဲ့သေးတယ်။ ခု တောင်တန်းတ၀က် ပင်လယ်တ၀က်ကလေးက သူပုန်လက်သစ်လေး ဖြစ်လို့။

ဖြစ်ပုံက သူ့ကို မူကြိုထားတော့ သူတို့မူကြိုကလဲ မြို့မှာ နာမည်ကြီးသားသမီးတွေ ထားတာကိုး။ ဒီတော့ လူကြီးတယောက်ရဲ့ သားက သူကြီးလာရင် ဥက္ကဌ လုပ်မယ် ပြောရော။ ဒီတော့ တဈေးလုံး တရပ်ကွက်လုံးက သူပုန်လေး လို့ ခေါ်တဲ့ ကျမသားက ငါကတော့ ကြီးလာရင် သူပုန်ပဲ လုပ်မယ်တဲ့။ သူတို့ ဆရာမက ပြန်ပြောပြတာလေ။ ကျမမှာ ရယ်ရအခက် ငိုရအခက်။ အသက်ကဖြင့် ၃ နှစ်ခွဲ။ နည်းနည်းကြီးတော့ အတန်းထဲမှာ ကလေးအချင်းချင်း သူ့အဖေက ဘာ ငါ့အဖေက ဘာနဲ့ အဖေချင်း ပြိုင်ကြတော့ အဖေတွေအကြောင်း မပြောကြေးလို့ ပိတ်ပင်ခဲ့တဲ့ သား။ ကြားနေတဲ့ သူ့ဆရာမက သူ့အဖေရဲ့သူငယ်ချင်း ။ မျက်ရည်တွေကျလို့။

၉ လသားလောက်ကတည်းက သူက လမ်းသာမလျှောက်သေးတာ။ ကားတို့ မားတို့ခေါ်တတ်နေပြီ။ သိပ်မကြာဘူး အပေါက် တို့ ကြိုးတို့ကို ပီပီသသ ပြောနေပြီ။ လမ်းလျှောက်တာကတော့ နောက်ကျတယ် ၇ လပိုင်းမွေးတဲ့သားက နောက်တနှစ်ကျော် မှတ်မှတ်ရရ ၈ ရက် ၈ လမှာ လမ်းစလျှောက်တာပဲ။

လမ်းမလျှောက်ခင်ကလဲ ကလေးလှည်းထဲ ထည့်ထားရင် ကားမ၀င်တဲ့ ဈေးထဲက လမ်းပေါ် လျှောက်သွားနေတာပဲ။ လမ်းလျှောက်တတ်ခါစက ပြေးချည်းနေတာ။ လိုက်ထိန်းဖို့ လူတယောက်က ကုန်နေတယ်။ သူ့လက်ကို ကိုင်ရင်လဲ မကြိုက်ဘူး။ သူ့ဖာသာသူပဲ အကုန်လုပ်ချင်နေတာ။ ဒီတော့ နာမည်က လမ်းဗိုလ်လို့ အမည်တွင်ပြန်ရော။ တချိန်လုံး လမ်းပေါ်မှာ ။ သူ့ကို တယောက်ယောက် ဖက်နမ်းရင် မကြိုက်ဘူး။ပါးကို လက်နဲ့ ပွတ်ပစ်တာ ငယ်ကတည်းက။ သူတို့ခေတ်က ကြော်ငြာတွေ အကုန်အလွတ်ရတယ်။ အဲဒီခေတ်က ပြည်တွင်းမှာက ကလေးတွေအတွက် ကြော်ငြာချည်း စုသွင်းထားတဲ့ ဗွီစီဒီတွေ တောင် ထုတ်ရတဲ့ထိ ခေတ်စားတာကလား။

မောင်ဝမ်းကွဲ သင်္ဘောသားက ကြောင်နဲ့ကြွက်ဇာတ်လမ်းတွဲတွေ ၀ယ်ပြီး လက်ဆောင်ပေးထားရင် သားသားတို့အကြိုက်ပဲ။ တယောက်တည်း ရယ်နေတာ တခစ်ခစ်။ သူက မူကြိုမတက်ခင်ကတည်းက Discovery လိုမျိုးကို နားလည်ပြီး ကြည့်တတ်နေပြီ။ တခါက ရေခဲတွေထဲနေတဲ့ ၀က်ဝံလေးတွေအကြောင်း ပြနေတာ တယောက်တည်းကြည့်ရင်းက ငိုမဲ့မဲ့နဲ့ မားမား ဟိုမှာ တကောင်တည်း ကျန်တော့တယ်တဲ့။ အံ့သြသွားတယ်။ သူက သိနေလို့။ ပြနေတာက ဆောင်းတွင်းတတွင်းလုံး ရေခဲတွေထဲ အားလုံးအိပ်နေကြပြီး ဆောင်းကုန်ပြန်ထွက်လာတော့ အမေရယ် သားလေး တကောင်ရယ်ပဲ ထွက်လာနိုင်ပြီး ကျန်တဲ့ဝက်ဝံလေးတွေက သေကျန်ခဲ့တာကို ပြနေတာ။ တကယ့်ဝက်ဝံတွေရဲ့ ဘ၀ကို ပြနေတာကို သူက ခံစားနားလည်နေတာလေ။

သူက ဗိုလ်ချုပ်လိုပဲ မိုးတွင်းဆောင်းတွင်းရှိပြီး ဘာလို့နွေတွင်းမရှိလဲ ဆိုတဲ့စကားကိုလဲ မေးခဲ့ဘူးတယ်။ နောက် သူအလီစသင်ရတော့ အရမ်းစိတ်ဝင်စားခဲ့တယ်။ အလီတွေ ဆိုနေရင်း တရက်တော့ သူက မားမားရေတဲ့။ ကိုးအလီမှာလေ နောက်က ရတာတွေကို ပေါင်းရင်လဲ ကိုးပဲတဲ့ သိလားတဲ့ လာပြောတယ်။ အဲဒီအချိန် ပုသိမ်မှာ ရေတွေ အရမ်းကြီးတဲ့ ၂၀၀၄ ခုနှစ် မို့ အိမ်မှာ လာနေတဲ့ မိတ်ဆွေမိသားစုထဲက ဘီအီးဒီဆင်း အထက်တန်းပြဆရာမကြီးက သားလေးရယ် ဖွားဖွားတောင် သတိမထားမိခဲ့ဘူးတဲ့။ သူ့အသက်က ၆ နှစ်လေ အဲဒီတုန်းက။ ဒါ့ကြောင့်ထင်တယ် ခုချိန်ထိတော့ သူက သချာင်္တော်နေသေးတယ်။( ကြွားရရင်တော့ အဖေရော အမေရော ဆယ်တန်းအောင်တော့ သချာင်္ဂုဏ်ထူးပါတယ်လေ၊)

သတိရမိတဲ့ ထဲက ထူးခြားတာ တခုပြောရဦးမယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်တော့ အိမ်ပြန်ရတော့မယ် ထင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကလဲ ရှင်သန်လာလေတော့ သားရေ တို့တွေတော့ အိမ်ပြန်ရတော့မယ် ဟေ့ ပျော်လိုက်တာ ဆိုတော့ သူက သူ့အဖေနဲ့အမေကို ငိုမဲ့မဲ့နဲ့ သားမပြန်ချင်ဘူးတဲ့။ ဟာ ဘာဖြစ်လို့လဲ ။ ကိုယ့်ပြည်မှာ ကိုယ်ပြန်နေရမယ်လေ။ ဒီလိုအိမ်ကျဉ်းကျဉ်းနဲ့ မနေရတော့ဘူးလေ လို့ ပြန်ပြောတော့ ဒီမှာ မီးမပျက်ဘူး ဟိုမှာကမီးပျက်တယ် သားမနေချင်ဘူးတဲ့။ ကျမတို့မှာ ရယ်လိုက်ရတာလေ။ အဲဒီတုန်းက။

သူက ရောက်ရာနေရာမှာ ပျော်အောင်နေတတ်တယ်။ ကျမတို့မိဘတွေ မအားလို့ တအိမ်အိမ်မှာ ထားခဲ့ရရင် အဲဒီအိမ်မှာ ဘယ်သူ့ကို ပေါင်းရမယ်ဆိုတာ သူ့ဖာသာ သိတယ်။ သူများမျက်နှာရိပ် မျက်နှာကဲကို သိပ်သိတယ်။ အမေကို တခါတလေ လာလာစပြီး မျက်နှာကိုသေချာကြည့်တယ်။ စိတ်ဆိုးလားမဆိုးလားပေါ့။ ခပ်တည်တည်ကြည့်လိုက်ရင် အလကားပြောတာပါ တကယ်မဟုတ်ဘူးလို့ ပြန်ပြောတတ်တယ်။ အဲလိုကလေးမျိုး။ သူစကားမပြောချင်ရင် မေးတခွန်း ခေါ်တခွန်း ပဲ ပြောတဲ့ သားက သူစိတ်ဝင်စားတာများ ဖြစ်လို့ကတော့ ရေချိုးခန်းဝထိ လိုက်ရပ်ပြီး အထဲကို ပြောတတ်တဲ့သူ။

အင်း ခုသားကိုခွဲနေရတာ သတိရလိုက်တာလေ။ သားအကြောင်း ပြောပြရရင်တော့ တထောင့်တညထက် ရှည်သွားမယ်။ နောက်ကြုံရင်တော့ သားအကြောင်း ပြောပြချင်ပါသေးတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်