Monday, December 31, 2007

Benazir Bhutto သေဆုံးခြင်းနှင့် ပတ်သက်၍


ဘင်နာဇာဘူတို လုပ်ကြံခံရလို့ သေပြီတဲ့။
ဒီသတင်းကြားခါစက မင်သက်မိသွားတယ်။ အသက် ၃၅ နှစ်မှာ ပါကစ္စတန်ရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ။ သူက ဟားဗတ်တို့ အောက်စဖို့တို့မှာ ပညာသင်ကြားခဲ့ရသူ။ ဒါပေမယ့် သူ့ရဲ့ ထက်မြက်မှုကို သူ့အဖေ ကြိုးပေး ခံရပြီးနောက် ၁၁ နှစ်အကြာ ၁၉၈၈ မှာ ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။
၁၉၉၀မှာ သူမရဲ့ အောင်မြင်မှုများကို လာဘ်စားမှုဆိုတဲ့ ပြစ်ဒဏ်နှင့် အစိုးရဖျက်သိမ်းခဲ့ပြန်…
ဒါမဲ့ ၁၉၉၃ ခုနှစ်ရွေးကောက်ပွဲမှာ သူမ ဦးဆောင်တဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်…
ဝန်ကြီးချုပ် နောက်တခါ ထပ်ဖြစ်ပြန်….
ဒီတခါမှာတော့ သမ္မတက လက်မခံချင်တော့ပဲ လာဘ်စားမှုနဲ့ တရားစွဲ အစိုးရကို ဖျက်သိမ်း တပည့်ကို ၀န်ကြီးချုပ်ခန့်ပစ်လိုက်တော့တယ်။
ယူအေအီးလို့ ခေါ်တဲ့ ယူနိုက်တက်စော်ဘွားနိုင်ငံမှာ ၇ နှစ်ကျော် နေထိုင်ရင်း …
စေ့စပ်ညှိနှိုင်းမှုတွေအများကြီး အဆင့်ဆင့် ကြားကနေ သူမရဲ့ ပြည်တော်ပြန် ခရီးစ စချင်းမှာ လူပေါင်း ၁၄၁ ဦးသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုကို ကြုံတွေ့ခဲ့ရပါသေးတယ်။

ခုတော့ ၁၉၈၈ က ကမ္ဘာ့အလှဆုံး အမျိုးသမီး ၅၀ ထဲမှာ ပါခဲ့ဖူးတဲ့..
နိုင်ငံတခုရဲ့ ၀န်ကြီးချုပ် တာဝန် ၂ ကြိမ်တိုင်ရရှိထမ်းဆောင်ဖူးတဲ့…
ကလေး ၃ ယောက်ရဲ့ မိခင် …
ခုလာမယ့်ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိဖို့ အလားအလာ အကောင်းဆုံး …
ပါကစ္စတန်က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပေးမယ့် မျှော်လင့်ခြင်းရောင်ခြည်….
သူမကတော့ သူမဖခင်ဘေးက မြေကွက်လပ်မှာ ဆိတ်ငြိမ်စွာ လဲလျောင်းသွားခဲ့ပြီ..

ကျမ မျက်စိထဲမှာတော့ ..
သူမ အဖေ ကြိုးပေးကွပ်မျက်ခံရတာ…
သူမ သေနတ်နဲ့ ဗုံးနဲ့ အကြမ်းဖက် သတ်ဖြတ်လုပ်ကြံခံရတာ……..
အဲဒါနဲ့အတူ ….
ခု သူ့ရဲ့ ၁၉ နှစ်အရွယ်သားလေးက သူမပါတီရဲ့ ဥက္ကဌ လုပ်မယ်တဲ့…

တဆက်တည်း မြင်နေရပြန်တယ်…
အိန္ဒိယ က အင်ဒရာဂန္ဓီ…
သူမရဲ့သားငယ် ဆန်ဂျေး ဂန္ဓီ..
နောက်သားကြီး ရာဂျစ်ဂန္ဓီ… သူတို့တွေ ရဲ့ သေဆုံးခဲ့ရခြင်းတွေ…
အပြောကျယ်လှတဲ့ ဒီလောကကြီးထဲက…
သေဆုံးခြင်းတွေမှာ အဓိပါယ် ရှိမှာပါ….
နိုင်ငံကို တိုးတက်စေချင်သူတွေ နဲ့ အာဏာကို မက်မောသူတွေကြားထဲက ကွာဟချက်တွေ..
အစွန်းရောက်မှုတွေ…..
အားလုံးထဲမှာ… ခိုင်မာတဲ့ ယုံကြည်ချက်… ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက …
နောက်မတွန့်တဲ့ ခြေလှမ်းတွေကို ဖြစ်ပေါ်စေတယ် ထင်ပါရဲ့….
ခုတော့…. သူမ က အေးချမ်းသွားခဲ့လေပြီ…
ဒါပေမဲ့ ပါကစ္စတန်ပြည်သူတွေကတော့……

ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီရအောင် လုပ်ဆောင်ခြင်းဟာ အာဏာရှင်စံနစ်ကို အကောင်းဆုံး လက်စားချေခြင်းပဲ တဲ့။

ပါကစ္စတန်ပြည်သူ့ပါတီ ခေါင်းဆောင်သစ်ဖြစ်တဲ့ သားဖြစ်သူရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ သွားလေသူသူ့မိခင် အမြဲပြောနေကျ စကားလေးကို ပြန်ပြောပြခဲ့တာပါ။ သူ့မိခင် ရည်မှန်းခဲ့တဲ့အတိုင်း ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း အောက်စဖို့ဒ်ကျောင်းတော်သား ၁၉နှစ်အရွယ် လူငယ်လေးက ပြောသွားပါသေးတယ်။

ပါကစ္စတန် နိုင်ငံရေးလောကရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ဘူတိုမျိုးဆက်ဟာ အဘိုး အမေကနေမှတဆင့် မြေးအထိ လက်ဆင့်ကမ်းခဲ့ပါပြီ။

ဘာကြောင့်မှန်းတော့ သေသေချာချာ မဝေခွဲတတ်ပေမယ့် ဘင်နာဇာဘူတို သေဆုံးမှုဟာ ကျမရင်ကို တော်တော် မသက်မသာ ဖြစ်စေခဲ့ပါတယ်။ ဖြစ်နေခဲ့ပါတယ်။

ကျမဘာတွေကို ဆက်စပ်စဉ်းစား ပူပန်မိနေတာပါလိမ့်.. ဘုရား ဘုရား မဖြစ်ပါစေနဲ့။ မဖြစ်လာပါစေနဲ့ လို့ (ဒီတခါတော့ မိန်းမဆန်ဆန်) ဆုတောင်းမိယုံမှတပါး ကျမကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ ။

Thursday, December 27, 2007

တွေးမိသမျှ (၂)

The form of the struggle is not chosen by the ruled but by the ruler.

ကိုမိုးသီးဘလော့မှာ တင်ထားတဲ့ inside of september movement 2007 ဗွီဒီယိုမှာ ကြည့်လိုက်ရတော့ တုတ်နဲ့ ကိုင်ရိုက်နေတဲ့ စစ်သား ၁၀ ယောက်လောက်ကို ထွက်ပြေးတဲ့ ယောက်ျား မိန်းမ ၁၀၀ လောက်က ပြန်သာချလိုက်ရင် ခုလို တယောက်သေတာကို မြင်ရမှာ မဟုတ်ဘူး။ လဲနေတဲ့ လူတယောက်ကို အတင်းထပ်ရိုက်နေတာကို ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့ ထိုင်ကြည့်နေနိုင်သလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားမရဘူး။ အဲဒီမှာ ပြေးနေတဲ့လူတွေဟာ ငါတို့ ပြန်ချမယ်။ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ ဆိုတဲ့ စိတ်ဓါတ်မ၀င်အောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆိုတဲ့ ခေါင်းစဉ်ကပဲ ထိန်းချုပ်ထားသလား။ စဉ်းစားလေ ကျမစိတ်ထဲမှာ ပြေးသာ ချချင်လေပဲ။ မတရားတာကို ဘယ်လိုမှ ခေါင်းငုံ့ မခံချင်တဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ တဖွားဖွားပေါ်လာခဲ့တယ်။ ၈၈ တုန်းက အဲလိုစိတ်ဓါတ်နဲ့ပဲ မဆလ တပါတီကို ခံတိုက်ဖို့ ဆုံးဖြတ် တိုက်ပွဲ ၀င်ခဲ့တာ။ နောက်လူထု တိုက်ပွဲကို ယုံလို့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းပေးခဲ့တာ။ အဲဒီတုန်းက စစ်အာဏာရှင်ဆိုတာ ကတိတည်မယ်လို့ ထင်တာကိုး။ သူတို့တွေကလည်း လူထု ကို လေးစားလိမ့်မယ် ထင်ခဲ့တာကိုး။
ခုတော့ ကျမက စစ်အုပ်စု ရွေးပေးလိုက်တဲ့ တိုက်ပွဲ လမ်းကြောင်းပေါ်မှာ ၈၈စိတ်ဓါတ်၊ ရွှေဝါရောင်စိတ်ဓါတ်တွေနဲ့ ပြည့်ဝ တက်ကြွလို့ ...

ကျမတို့ ရွေးချယ်မဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုဆိုတဲ့(Terrorism) နဲ့ လားလားမှု မတူဘူးဆိုတာကိုလည်း နားလည်ထားမှ ဖြစ်မယ်။ ကျမပြောတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်။ ဒီအာဏာရှင်ပြုတ်ကျ ပြီးရင် ငြိမ်းချမ်းရေး ရှိအောင် လုပ်ရမယ်လို့ ယုံကြည်ချက် ထားတယ်။ ဒါဟာ အနိမ့်ဆုံး လူတိုင်းသုံးတဲ့စကားနဲ့ ပြောပြတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ လူတိုင်းပါဝင်နိုင်ဖို့ဆိုတာ မလွယ်တာလက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းထောက်ခံ နေဖို့တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က စစ်ကြီး ၂ ခုစလုံးကို ရပ်တန့်စေဖို့အတွက် စစ်ပွဲတွေကပဲ အဆုံးသတ်ပေးခဲ့တာပါ။ ဒါကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီလိုပါပဲ ဂန္ဓီရဲ့ အကြမ်းမဖက် လမ်းစဉ်အတွက် နေရူးက ဘယ်လိုပေးဆပ်ပေးခဲ့ပါသလဲ။ မင်ဒဲလား တို့ စကားဝိုင်းထိုင်နိုင်ဖို့ သူ့ရဲ့ ANC လက်နက်ကိုင် တပ်ဖွဲ့က ဘယ်လိုပံ့ပိုးပေးခဲ့ပါသလဲ ။ သမိုင်းကြောင်းတွေကို သေချာလေ့လာပြီး နောက်ကွယ်က ပံ့ပိုးမှုတွေရဲ့ အားကို သိဖို့လဲလိုပါလိမ့်မယ်။တကယ်တော့ ကျမက နအဖကို တိုက်မှ ရမယ်လို့ ယုံကြည်သူတဦးပါ။ ဘယ်လို တိုက်မလဲ ဆိုတာကိုတော့ ကျမနားမလည်ပါဘူး။ တိုက်သင့်တယ် တိုက်နေတဲ့လူတွေ တိုက်မယ့် လူတွေကို ထောက်ခံမယ်။ ထောက်ပံ့မယ်။ အကြံကောင်းတွေ ၊ နည်းနာသစ်တွေ လိုချင်တယ်။ အားလုံးဝိုင်းဝန်းရမယ်လို့ ခံယူထားသူပါ။နောက်ထပ်ပြောမယ်ဆိုရင် အများကြီး ထိခိုက်စရာတွေ ရှိလာတော့မှာမို့ ဒီအကြောင်းတော့ ရပ်လိုက်ဦးမယ်။
......
ကျမတို့ အင်အားတွေ မသာခဲ့လို့ သူတို့နိုင်နေတာလို့ ယူဆမယ်ဆိုရင် သူတို့ ကို မောင်းထုတ်နိုင်ဖို့ ၊ ကိုယ့်ကျွန် ကိုယ်ပြန်ခံနေရတဲ့ မြန်မာ ပြည်သူတွေကို စစ်ကျွန်ဘ၀က ဆွဲထုတ်ကယ်တင်နိုင်ဖို့၊ အတိုင်းအတာတခုထိတော့ ကျမတို့ စုစည်းညီညွတ်ကြရမယ်။ ဘယ်လိုနည်းလမ်းကို မဆို ကျမတို့ အားပေးကြရမယ်။ဒီတခေတ်မှာ ကျမတို့မျိုးဆက် မလုပ်နိုင်ခဲ့ရင် နောက်မျိုးဆက်တွေက အပြစ်တင်တာ ခံရမယ့်အပြင် ကျမတို့ ရင်သွေးမျိုးဆက်တွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာအောက်ချလို့ လူဖြစ်တယ် ဆိုရုံဘ၀မျိုးနဲ့ အသက်ရှင် သွားရတော့မယ်။

ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်နေသူတွေ အသုံးမကျလို့ နိုင်ငံသူနိုင်ငံသားတွေ မျက်နှာငယ်ရတာတွေကို မြင်ရတိုင်း ရင်ထဲမှာ တကယ်မချိပါဘူး။ တကယ်ဆို မြန်မာနိုင်ငံသားတွေဟာ အင်မတန်တော်တဲ့ထက်တဲ့ လူမျိုးတွေပါ။ အုပ်ချုပ်သူညံ့ဖျင်းမှုက နိုင်ငံကို ဆင်းရဲစေတဲ့အပြင် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုတွေကိုပါ အောက်ဆုံးအဆင့်ကို ဆွဲချလိုက်တာပါပဲ။ တိုင်းပြည်တပြည် တိုးတက်ခေတ်မှီနေဖို့က အုပ်ချုပ်သူတွေရဲ့ ထက်မြက်မှုပေါ်မှာ မူတည်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူးနော်။ ကျမဆက်ဆံဖူးတဲ့  နိုင်ငံခြားသား ပညာတတ်ဆိုတဲ့ လူတချို့ဟာ ကျမလောက်တောင် စည်းကမ်းမရှိ ၊ မသပ်ရပ် ၊ မထက်မြက်ဘူးဆိုတာ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ ကျမက အဲလိုပဲ မြင်တယ်။ သူတို့အစိုးရကောင်းနေလို့ သူတို့အခြေအနေက ငါတို့ထက်သာနေတာပါလား လို့.....။

နိုင်တဲ့လူက သမိုင်းကိုရေးစတမ်းလို့ ကျမစီဘောက်မှာ နအဖ အောက်ဆွဲတယောက်က ရေးသွားခဲ့ပါတယ်။ အဲဒီသမိုင်းဟာ တကယ်တည်တန့်တဲ့ သမိုင်းဖြစ်မလား။ နောက် မျိုးဆက်သစ်တွေက ဒီသမိုင်းကို အပြစ်တင်တာ ခံမလား။ ဒီလိုပါပဲ သမိုင်းမှာ လူဆိုးဖြစ်မလား၊ လူကောင်းဖြစ်မလားဆိုတာကို နောက်မျိုးဆက်တွေက ဆုံးဖြတ်မှာပါ။ ကိုယ်ရေးတဲ့သမိုင်းကို ဖတ်မှာက နောက်မျိုးဆက်တွေဆိုတာကို မစဉ်းစားနိုင်အောင် အသိဥာဏ် နုံနဲတဲ့သူတွေကိုသာ နအဖလို လူမိုက်တွေက စည်းရုံးနိုင်တယ်ဆိုတာ လက်တွေ့ သိလိုက်ရတာလဲ ကျေနပ်စရာပါပဲ။ ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို တကယ်ချစ်သတဲ့။ အော် .. တော်တော် ရှော်တဲ့အတွေးတွေပါလား.. လို့ ကျမ တွေးမိသေးတယ်။

တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေက ကိုယ့်တိုင်းပြည် တဖြည်းဖြည်းဆင်းရဲလာနေတာကို ကြည့်ရက်သတဲ့။ နိုင်ငံတွင်းက အခြေခံလူတန်းစားတွေ တပါးနိုင်ငံမှာ ကျွန်လို ရုန်းနေရတာကို ကြည့်ရက်သတဲ့။ ကိုယ့်နိုင်ငံမှာ သုံးရင် နှစ်ပေါင်း ၆၀ လောက် လင်းထိန်နေမဲ့အပြင် စက်မှုလုပ်ငန်းတွေလဲ တိုးတက်လာမဲ့ အခြေအနေရှိတဲ့ နိုင်ငံပိုင် ဂတ်စ်တွေကို အောက်ဈေးနဲ့ ရောင်းပြီး သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲ။ တိုင်းပြည်ကိုတော့ မှောင်ချထား။ အော် ချစ်တတ်ပုံများကတော့.. အောချလောက်ရဲ့။

စစ်တပ်ကလွဲများ ကျန်တဲ့ လူများက နိုင်ငံမချစ်တတ်ဘူးတဲ့ ။ ယူဆနေပုံများ။ ကဲ .. ဒါဆိုလဲ
ဆေးရုံက ဆရာဝန်တွေ မောင်းထုတ်.. စစ်သားတွေပဲ လုပ်တော့.
ကျောင်းတွေက ဆရာတွေကို အလုပ်ဖြုတ်…. စစ်သားတွေပဲ လုပ်တော့..
အင်ဂျင်နီယာတွေ အကုန်ဖယ်….. စစ်သားတွေပဲ လုပ်တော့…
ဈေးသည်တွေ ကုန်သည်တွေလဲ အကုန်ပိတ်ခိုင်း… စစ်သားတွေပဲ လုပ်တော့..
ဆိုက်ကားဆရာ ကားဆရာတွေလဲ အကုန်နားတော့… စစ်သားတွေပဲ လုပ်တော့..
လဖက်ရည်ကော်ဖီ အသုတ်စုံ အကုန်နား…. စစ်သားတွေပဲ လုပ်တော့… ရုံးစောင့် ညစောင့် ဂိုဒေါင်စောင့်…. အကုန်နား …… စစ်သားတွေပဲ လုပ်တော့..
ဘုန်းကြီးတွေ လဲ မရှိစေနဲ့ ….. စစ်သားချင်းပဲ ရှိခိုးတော့ ( ကျမတို့ကတော့ ရှိမခိုးနိုင်ဘူးကိုး) ဟိဟိ…. စစ်သား ၄ သိန်းကို အကုန်လုပ်ဖို့ လွှဲပေးလိုက်တော့.. သူတို့တွေမှ တိုင်းပြည်ချစ်သတဲ့ .. နိုင်ငံအတွက် အလုပ်လုပ်သတဲ့…
အော် … သနားပြီးရင်း သနားရပါလား… သန်းရွှေတို့ရဲ့ တပ်မတော်ကြီးရယ်…
နောက်ဆိုရင် မိန်းမတွေ ကလေးမမွေးနဲ့ လို့ … စစ်သားတွေပဲ မွေးခိုင်းတော့မယ်….

အော်…. ကျမတို့ရဲ့တိုင်းပြည်မှာ

Friday, December 21, 2007

ကိုယ်တွေးမိရာပါ

တွေးမိသမျှ (၁)
ရွှေဝါရောင်တော်လှန်ရေး ၃ လပြည့်တော့မယ် ဆိုတော့ သူများတွေ ရေးတဲ့ ခံစားချက်တွေ ဝေဖန်ချက်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ကိုယ့်အယူအဆလေးတွေကို ရေးချင်လာပါတယ်။တကယ်တော့ နအဖ စွပ်စွဲသလို အပြင်က လူတွေ လုပ်လို့ ဒီရွှေဝါရောင်တော်လှန်ရေး ဖြစ်လာတယ် ဆိုတာကိုတော့ မထောက်ခံနိုင်ပါဘူး။သူတို့ ပြောသလို ဒီလို လူထုအုံကြွမှုဖြစ်အောင် လုပ်နိုင်ရင် ခုလို အခြေအနေနဲ့ ဘယ်အရပ်ခံမလဲ။ လူထုအုံကြွပြီးရင် ဘာလုပ်ရမယ် ဆိုတာ စီမံကိန်းတွေ ဆွဲပြီးသားရှိနေမှာမို့ တဆင့်ပြီး တဆင့် တက်သွားဖို့သာ ရှိတော့မပေါ့။ ခုတော့ ဒီဖက်က ပြည်ပကလူတွေလဲ အရှိန်မြန်လွန်းတဲ့ လူထုတိုက်ပွဲမှာ ဘယ်လို ပေါင်းစပ်ရမယ် ဆိုတာကို စီမံကိန်းမဆွဲရသေးခင်၊ (ဆွဲပြီးသားလဲ မရှိဘူး ထင်ပါ့။) မပေါင်းစပ်နိုင်ပဲ ဒါ့ထက်အဆင့်မြင့်ဖို့လဲ ပံ့ပိုးမှုမလုပ်နိုင်ခဲ့ပဲ ကြည့်နေလိုက်ရတယ် ဆိုတဲ့ အခြေအနေဖြစ်သွားခဲ့တယ်။ပြည်သူတွေကတော့ သူတို့ကိုယ်တိုင်ခံစားနေရတဲ့ ဆင်းရဲကျပ်တည်းမှုကနေ လွတ်မြောက်ဖို့ သူတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲ ၀င်လိုက်တာပါပဲ။

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရှေ့တန်းက အနစ်နာခံ လမ်းပြနိုင်မှုတွေက နည်းလို့လား။ အဲဒီ ၈၈ မျိုးဆက်တွေကိုလည်း ပြည်ပကလူတွေနဲ့ ချိတ်ဆက်ပေးလိုက်တာ ကုန်ရောပဲ ။ဒီလူနဲ့ ဒီလူတွေဆိုတာကလည်း ၈၈ ကတည်းက အတူတူလုပ်လာခဲ့တယ်။ စစ်အာဏာရှင်တွေကို တိုက်ချင်စိတ်က တထပ်တည်း။ ဒီတော့ ဘာတွေ ဘယ်လိုပဲ တားဆီးထားထား အာဏာရှင်ကို တိုက်ရမဲ့ တိုက်ပွဲနည်းနာတွေကို စဉ်းစားတဲ့နေရာမှာ ဆင်တူုတာတွေ ထပ်တူညီတာတွေ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူစားတွေကို ဒီလိုနည်းတွေနဲ့ တိုက်ရတယ်ဆိုတာ နိုင်ငံရေး စိတ်မ၀င်စားတဲ့လူတွေတောင် သိနေတာပဲ။

ဒီ(၃) လအတွင်းမှာ ဖမ်းဆီးထားတာတွေကို ပြင်ပအဖွဲ့အစည်းတွေနဲ့ အတင်းချိတ်ဆက် ဇာတ်လမ်းဆင်၊ နောက် ဘာဆိုဘာမှ အကြမ်းမဖက်ပဲ မေတ္တာပို့လမ်းလျှောက်နေတာ သိရက်နဲ့ အကြမ်းဖက် ဆူပူရန်ကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်ရှည်ကြီးတွေ ချပြီး တရားစီရင်သတဲ့။ တရားဥပဒေရဲ့ အထက်မှာ မည်သူမှမရှိစေရတဲ့။ သူတို့ပဲ ရှိနေရမှာပေါ့။ ပြီးတော့ ဥပဒေနဲ့အကြုံးမ၀င်လဲ အတင်းအမိန့်ချခိုင်း တရားသူကြီးက သူတို့ ပေးလိုက်တဲ့ စာအိတ်ကို တရားခွင်မှာ ဖွင့်ဖတ်ပြရသူပဲ၊ (ဒါကလည်း ကိုယ်တွေ့)သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့လူတွေက သူတို့ကို ပြန်လှန် အကြမ်းဖက်ရန်ကြံစည်မှု၊ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီး ထားတဲ့ သက်သေခံ လက်နက်တွေကလည်း အံ့သြလောက်ဖွယ် လောက်လေးဂွတွေ ။ ကမ္ဘာ့မီဒီယာတွေ မမြင်ဖူးလို့ တချို့ နိုင်ငံခြားသတင်းထောက်တွေဆို မျက်လုံးအပြူးသားလေးနဲ့ သေချာ ကြည့်နေတာကိုလည်း MRTV က သေချာ ရိုက်ပြလိုက်သေး။ အော် သနားစရာလေးတွေ။ လောက်လေးဂွဆိုတာ နောက်ဆုံးပေါ် ၊လူကို မထိခင်ကတည်းက သေစေနိုင်တဲ့ လက်နက် ။ မမြင်ဖူးရင်သေချာ ကြည့်ထားဆိုတဲ့ အထာနဲ့။

မီဒီယာကို မီဒီယာနဲ့ တိုက်နေတဲ့ ဦးကျော်ဆန်းတို့ တစုလည်း မေ့တတ်တာလွန်ပါလေရော။ လေလှိုင်းထဲက လူသတ်သမားဆိုပြီး စွပ်စွဲတဲ့အထဲမှာ DVB ဘာ့ကြောင့်မပါခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေ့ကျန်ခဲ့လို့တဲ့။ အမှန်တကယ်က နိုင်ငံခြားသားတွေ ဦးစီး ဦးဆောင် လုပ်နေတဲ့ နိုင်ငံခြား မီဒီယာတွေကိုသာ သတိပြုစရာ၊ ဂရုစိုက်စရာ လို့ သူတို့က သဘောထားတယ်ဆိုတဲ့ စတိုင်နဲ့ မြန်မာအတိုက်အခံတွေ ဦးစီးလုပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို ရှိတယ်လို့ စာရင်းထဲတောင် မထည့်ပဲ ထားပြခဲ့တာပါ။ သူတို့စိတ်ထဲမှာ မေ့ဖို့နေနေသာသာ ၊ အမှုန့်ကြိတ်ပစ်ချင်လွန်းလို့ DVB လွှင့်သမျှ လှိုင်းတွေကို အဆမတန်ဈေးပိုပေးပြီး လိုက်ဝယ်နေတာ မသိတာမှတ်လို့။

နိုင်ငံပိုင်သတင်းဌာနကြီးတဲ့၊ ပြန်ကြားရေးဌာနက ၂၀၀၇ စက်တင်ဘာလအတွင်း သေဆုံးသူဦးရေမှာ ဂမ်ဘာရီကိုပြောတော့ တမျိုး၊ ပီညဲရိုးကို ပြောတော့တမျိုး။ အဲဒါကို သတင်းထောက်က ထောက်မေးလိုက်တော့ ဟဲဟဲ… ဟိုဟာက ဒီလို ဒီဟာက ဟိုလို တဲ့…။မထင်မှတ်တဲ့ သာမန်ပြည်သူတွေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ပလူပျံလို့ စစ်အုပ်စု ရဲ့ ရက်စက်အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာမို့ နိုင်ငံတကာမှာ အံ့သြမင်သက်ခဲ့ရတယ်။ တကယ်တော့ နအဖဟာ ယုတ်မာတဲ့ နေရာမှာ တော်တယ်။ အာဏာလက်ဆုပ် မဖြည်တဲ့နေရာမှာတော်တယ်။ လိမ်လည် သတင်းထုတ်ပြန်တဲ့နေရာမှာ တော်တယ်။ နောက်ဆုံး ငရဲမကြောက် နိုင်လောက်အောင် တော်ပါပေတယ်။
ကျမတို့ဘက်ကတော့ ကဗျာဆရာကိုအောင်ဝေး ပြောခဲ့သလိုပါပဲ။
ရန်_ငါ မပြတ်လို့
သံဃာအသတ်ခံရတာ… တဲ့။

သေချာ ပြန်စဉ်းစားတိုင်း မြန်မာပြည်မှာ စစ်သားလေးသိန်းဆိုတာမှာတောင် အောက်ခြေ စစ်သားတွေက အငတ်ငတ်အပြတ်ပြတ်။ ကျမတို့ ပြည်သူတွေထဲမှာ ပြည်တွင်းက စစ်အုပ်စုတွေရဲ့ စောင့်ကြည့် အကျဉ်းချ ခံထားရသူတွေမပါပဲ၊ ကလေးသူငယ် သက်ကြီးရွယ်အိုတွေမပါပဲ။ နောက်ဆုံးစကားကုန်ပြောရရင် အခု ထိုင်းမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားတောင် နှစ်သန်းကျော်ရှိနေတာပဲ။ ဒီလူတွေနဲ့ ခုနစစ်သားလေးသိန်းကို ဖိသတ်ရင်တောင် သေနိုင်တဲ့ အခြေအနေ ရှိနေတာပဲ။ ကျမတို့ လူ့အခွင့်အရေးကို နားမလည်။ လူ့စကားနားမလည်။ ငါ့ဖို့ ငါ့အာဏာ ငါ့စည်းစိမ် ဆိုတဲ့ စိတ်မျိုးနဲ့ တိုင်းပြည်ကြီးက သယံဇာတတွေကို ကိုယ်ပိုင်ပစ္စည်းလို လက်ညှိုးထိုးရောင်းစားနေတဲ့ ဒီလို စစ်အုပ်စုတွေကို လက်ဝါးဖြန့်တောင်း ၊ မေတ္တာပို့တောင်း၊ စကားထိုင်ပြောဖို့ တောင်းနေလို့ မရတော့ဘူးထင်ပါတယ်။

ကျမတို့ သိခဲ့တဲ့ ကတ္တီပါတော်လှန်ရေးတို့ နှင်းဆီတော်လှန်ရေးတို့ နဲ့ နှိုင်းယှဉ်ပြီး ဒီစစ်အာဏာရှင်ကို အကြမ်းမဖက် လူထုနည်းနဲ့ မတောင်းပါနဲ့တော့ ။ ဒီနည်းတွေနဲ့ သေသူသေ။ ဘ၀ပျက်သူတွေပျက် ၊ မျိုးဆက်တွေ စတေးခံထားရတာလဲ ထည့်တွက်ကြပါဦး။ ပြည်သူတွေ အထိနာမှာ စိုးရိမ်လို့ သွေးထွက်သံယိုမှုတွေကို စိုးရိမ်လို့ ဆိုပေမဲ့ နောက်ဆုံးတော့ ဒီသွေးထွက်သံယို ကျဆုံးမှုတွေနဲ့ပဲ အဆုံးသတ်နေရတာပဲ မဟုတ်လား။

ခုနောက်ဆုံးဖြစ်ခဲ့တဲ့ ကျမတို့နိုင်ငံက ရွှေဝါရောင်တော်လှန်ရေးတို့ ဆိုတာက တကယ့် ဘာသာသာသနာရဲ့ ၀န်ထမ်း။ အလေးအမြတ်ပြုရာ ဘုရားသားတော်တွေက ဘာလက်နက်မှမပါ လမ်းလျှောက် မေတ္တာပို့ခဲ့တယ်။ အဲဒီလို ဘုရားသားတော်တွေ ရဲ့ မေတ္တာလက်နက်ကို ပြည်သူလူထုက လက်တွဲ အားဖြည့်ခဲ့တယ်။ ဘယ်မှာလဲ အကြမ်းဖက်မှု အရိပ်အယောင်။ ပြည်သူတွေပါခဲ့တယ် ဆိုရာမှာလဲ တကယ့်ကို ဘယ်သူတဦးတယောက်မှ တိုက်တွန်းချက်၊ မြှုဆွယ်ချက်တွေ မပါဘုး၊ ခြိမ်းခြောက်မှုတွေမပါဘူး။ ငြိမ်းချမ်းစွာ ဆိုတာကို အပြည့်အ၀ကို ငြိမ်းချမ်းစွာ လူထု ဆန္ဒပြခဲ့တာစစ်စစ်။ ကမ္ဘာပေါ်မှာ ဒီလို သာသနာ့ဝန်ထမ်း ဘာသာရေး သီးသန့် ဆန္ဒဖော်ထုတ်တာ ကျမတသက်တော့ မတွေ့ခဲ့ဘူး မကြားခဲ့ဘူးပါ။

(အကြမ်းမဖက် လူထုလှုပ်ရှားမှု) ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ကျမတို့ အလေးအမြတ်ပြုရာ ဘုရား သားတော်တွေ အသတ်ခံရ၊ ထောင်ချခံရ၊ အနိမ့်ဆုံး ၀ါတ၀ါ ပျက်ခဲ့ရ။ ကျောင်းသားလူငယ် ထောက်ခံ အားပေးသူ ပြည်သူတွေ ဖမ်းဆီးထောင်ချ ခြိမ်းခြောက်။ တင်းကျပ် ။ နောက်ဆုံးတော့ ကျမတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုက သွေးချောင်းစီးခဲ့ရတယ်။ အသက်ပေးခဲ့ရတယ်။ အနှစ်ပြန်ချုပ်ရရင် အာဏာရှင်တွေနဲ့ တိုက်တဲ့ပွဲမှာတော့ တိုက်ပွဲ နည်းနာကို ကိုယ်ကရွေးချယ်လို့ မရတော့ဘူး။ သူရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ကျမတို့က ပြန်လှန်တော်လှန်ရမှာပဲ။
(ဆက်ရန်)

Saturday, December 15, 2007

စကားမစပ် ပြောပြချင်တာ....

စကားမစပ် ပြောပြချင်တာက..
အလုပ်တွေ ပိနေပြီး စာမရေးနိုင် ဖြစ်နေချိန်မှာ အချိန်ကလေးရတိုင်းးကိုယ့်ဘလော့ကို ၀င်ကြည့်ဖြစ်တယ်။ ပို့စ်အသစ်မတင်နိုင်တာ ၂ ပတ်ကျော်တော့ မနေနိုင်တော့ဘူး။ တကယ်တော့ ကိုယ့်လိုပဲ လူတိုင်း စားဝတ်နေရေး ရုန်းကန်ရင်းကပဲ ပို့စ်အသစ်တွေ တင်နေတာပဲ ။ မတူတာဆိုလို့ ကိုယ်က ဒီကွန်ပျုတာ ကို ဗွီဒီယို ဖိုင်တွေ အက်ဒစ်လုပ်ရင်း၊ ဖိုင်ဖွဲ့ရင်း စာရေးတဲ့အခါ အရမ်းအခက်အခဲ ဖြစ်တာ တခုပဲ ကွာမယ်ထင်ပါရဲ့။
ခုရက်တွေမှာတော့ .. ရေးချင်တဲ့ အကြောင်းအရာတွေ အများကြီး ရှိနေပြီး ရေးဖို့ အချိန်မလောက်တာက အဓိက ဖြစ်နေတတ်တယ်။ ဒီရက်ပိုင်းမှာ ဒေါက်တာစင်သီယာမောင်မွေးနေ့ ၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့၊ ကလေးကူးသန်းရောင်းဝယ်ရေး ပပျောက်ရေးနေ့စတဲ့ အခမ်းအနားတွေ ဆက်တိုက်ကို ကိုယ်နဲ့ တိုက်ရိုက်မပတ်သက်ပဲနဲ့ နောက်ကွယ်တာဝန်တွေက ကိုယ့်ကို ဖိစီးသွားခဲ့ပါတယ်။

ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်နဲ့ ကိုယ်က ကူညီရတဲ့ အလုပ်တွေကို မျှတအောင် ပြီးမြောက်အောင် လုပ်နေရတဲ့အခါ အချိန်မရှိဘူး လို့ ညည်းတဲ့လူတွေကို သတိရသွားမိတယ်။ အချိန်ဆိုတာ ယူရင်ရပါတယ်လို့ ပြောခဲ့ဖူးတဲ့ ကျမတော့ အိပ်ချိန်တွေက မနက် ၂ နာရီ ၊ အိပ်ရာထချိန် မနက် ၆ နာရီတွေမှာ မူးချာလည်ခဲ့ရတော့တယ်။ ဒီနေ့ နောက်ဆုံး ။ ခု မနက် နောက်ဆုံးဆိုတဲ့ လောဆော်သံတွေ ကြားမှာ ကွန်ပျုတာကို ခိုင်းနေရတာ စိတ်မရှည်ချင်စရာ.. ကွန်ပျုတာကတော့ သူ့အလုပ်ကို သူ့သတ်မှတ်ချိန်နဲ့ လုပ်ပေးနေတာပဲ.. ကိုယ်ကသာ စိတ်လောနေမိတာကိုး..
ထူးခြားတာလေးတွေ ပြောပြချင်သေးတယ်။
ဒေါက်တာစင်သီယာမောင် အသက် ၄၈ နှစ်ပြည့် မွေးနေ့ပွဲ မှာ gay တွေ မယ်ပြိုင်ပွဲလုပ်တာ…
(အဲဒါကတော့ တကယ်ကြည့်လို့ ကောင်းခဲ့တယ်)
နောက် လူ့အခွင့်အရေးနေ့ စာစီစာကုံးပြိုင်ပွဲကို ကျောင်းသားတပ်မတော် (သြစတေးလျ ဌာနခွဲ) က ကျင်းပတာမှာ ကလေးတွေက ကိုယ့်ထက်တောင် လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ သိနေတာ..
ထူးခြားဆုံးက ပထမ ရတဲ့ ကလေးရဲ့ စာစီစာကုံး ကို ဒိုင်လုပ်သူတွေအားလုံးက တညီတညာတည်း အမှတ်အမြင့်ဆုံးပေးခဲ့တဲ့ထိ ကောင်းခဲ့တာ..
စာစီစာကုံး ပိုင်ရှင်ကလေးက (၆) တန်းကျောင်းသား ငယ်ငယ်လေး ဖြစ်နေတာ..
(ဒုတိယက ၁၁ တန်း၊ တတိယက ၉ တန်း)
နောက် အဲဒီ ပထမရတဲ့ စာစီစာကုံးတအုပ်ထဲ ရွေးပျောက်သွားခဲ့တာ… (အဲဒါအရမ်းထူးဆန်းနေတယ်)
ကလေး ကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့မှာ ကိုယ်တိုင် ၅ နှစ်သားလေးနဲ့ ဘန်ကောက်မှာအရောင်းခံခဲ့ရတဲ့ (ခု အသက် ၁၂ နှစ်လောက်ရှိတဲ့) ကလေးနဲ့ အင်တာဗျုးရင်း မျက်ရည်စို့ခဲ့ရတာ..
အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေက ထွက်တဲ့ (Saffron Revolution) အခွေမှာ အမိန့်ပေးနေတဲ့ ဒုဗိုလ်မှူးကြီးကို သေချာ ရိုက်ပြထားနိုင်တာ…
လူတွေက ဘာ့ကြောင့် လူ့ကျင့်ဝတ်တွေကို သိပ်ဂရုမစိုက်တော့တာလဲ..
ဘ၀တွေက ဘာတွေများ ထူးခြားဦးမှာလဲ…
ကိုယ်တိုင်ရော ကိုယ့်ဘ၀မှာ ဘာတွေများ ပြောင်းလဲအောင် ပဲ့ကိုင် နိုင်မှာလဲ..
အတွေးတွေက မရပ်မနား..
ရေးချင်တဲ့စိတ်ကို မထိန်းနိုင်ပဲ ရေးလိုက်ပါတယ်။
မနက်ဖြန်တော့ အလုပ်တွေ တကြော ရှင်းတော့မယ် ထင်ပါရဲ့…….
ချစ်ခင်စွာဖြင်
ခင်မင်းဇော်

Thursday, November 29, 2007

အမေ လူထုဒေါ်အမာမွေးနေ့


အမေလူထုဒေါ်အမာရဲ့ အသက် ၉၂ ပြည့်မွေးနေ့ အထိမ်းအမှတ်စကားဝိုင်း

အမေမာရဲ့ မွေးနေ့ကို စာရေးဆရာ ၊ ကဗျာဆရာများနဲ့ အတူ စာပေ၀ါသနာရှင်များနဲ့ လေးစားစွာ ကျင်းပဖြစ်ပါတယ်။
ဒါကတော့ မွေးနေ့ပွဲကျင်းပရေးကော်မတီမှ ကဗျာဆရာ မောင်လွမ်းဏီ (ကျောင်းသားတပ်မတော်)မှ နှုတ်ခွန်းဆက်စကားပြောကြားနေတာပါ..
(ငါးရောင်ခြယ် ဆိုတဲ့ သုံးကြောင်းကဗျာရေးစပ်ခဲ့သူလေ)
ဆောင်းရာသီရဲ့ အေးမြမှုအောက်မှာ ဗမာဆန်ဆန် ကောက်ညှင်းဆီထမင်း၊ ပဲပြုတ်၊ ငါးခြောက်ကြော်၊ ရေနွေးကြမ်း၊ ကော်ဖီတို့နဲ့ ဧည့်ခံပြီး အမေ့မာအတွက် ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာတွေကို အnter;">မှတ်တရ ရွတ်ဆိုကြပါတယ်။
အခမ်းအနားမှူးအဖြစ် ကဗျာဆရာပွင့်သစ်(ကရိန်ကန်)က ခုလို ပိုင်နိုင်စွာ ပွဲထိန်းသွားပါတယ်။
(ဘလော်ဂါ ကိုဖိုးဇေ ဆိုတာလဲသူပဲပေါ့..)

ကျမကို မတွေ့ဘူးမဟုတ်လား။ ကျမက ဗွီဒီယို မှတ်တမ်းတင်သူလေ။ ဘယ်တွေ့မှာတုန်း......
ဒီပုံတွေကို ဗွီဒီယိုဖိုင်ထဲက ဓါတ်ပုံပြန်ရိုက်ပြီး တင်ပေးထားတာလေ၊ ဓါတ်ပုံကင်မရာမရှိလို့..(သနားစရာ....)
(အမေမာ မြင်ချင်သလို တိုင်းပြည်ပြောင်းလဲအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်လို့ ဒီနေရာက ဂတိပေးပါတယ်။အစဉ်အမြဲ ပြည်သူ့ဘက်က ရပ်တည်သလို ပြည်သူကချစ်တဲ့ အမေမာ ကျန်းမာပါစေ။ အသက်ရာကျော် ရှည်ပါစေ .....)

Wednesday, November 28, 2007

ပန်းတောင်မှာ

လွမ်းခဲ့တယ်မောင် ဒီပန်းတောင်

နိုဝင်ဘာလ လယ်က ချင်းမိုင်အသွား လမ်းမှာ ၀င်လည်ခဲ့ရတဲ့ ပန်းတောင်လို့ ခေါ်တဲ့ တောင်လေး အကြောင်းကို ဓါတ်ပုံနဲ့ တကွ ကြွားပါရစေ..
အဲဒီတောင်ကို လှမ်းမြင်ရတော့ ပန်းသိပ်မကြိုက်တဲ့ ကျမ ရင်ထဲမှာ လွမ်းသလို.. ပျော်သလို ဖြစ်သွားမိတယ်.. အဟုတ်… လူက နေမကောင်းဖြစ်နေချိန်…
မနက် အစောကြီးထပြီး ကားစီး…… လမ်းကလည်း အကွေ့အကောက်များတဲ့ တောင်ပတ်လမ်း..
စဉ်းစားသာ ကြည့်ပါတော့..အစားလည်း မစားနိုင် … ကားမူးတတ်တော့ မအန်အောင် ဆေးသောက်ရတာရယ်.. နေမကောင်းလို့ သောက်ရတဲ့ဆေးရယ်..အမလေး .. လူဆိုတာ ကားပေါ်က ခေါင်းတောင် မထူနိုင်ဖြစ်နေချိန်..
ဟဲ့ ဟဲ့ ပန်းတောင်ကို ကြည့်ပါဦး မြင်နေရပြီ… ရောက်တော့မယ်..
အိပ်မနေနဲ့တော့ ထပါတော့တဲ့..
အတူသွားတဲ့ ခရီးဖော်က အတင်းနှိုးလို့ ထရပေမယ့် စိတ်က သိပ်ကြည်တာမဟုတ်ဘူး..
ဘာလုပ်ရမှာလဲ ပန်းတောင် ဆို တာ ဘာညာ ဘာညာ..စိတ်ထဲက ပွစိပွစိ..
တကယ်မျက်လုံးဖွင့်ကြည့်လိုက်တော့…
အားပါးပါး….တယ်လှပါလား…ကိုယ့်မျက်လုံးတောင် ကိုယ်မယုံလို့ ပွတ်သတ်ကြည့်ရသေးတယ်… အိပ်မက်များလားပေါ့.. ကိုယ်တယောက်တည်း ရောက်ရတော့ အိမ်က သံယောဇဉ်ကိုလဲ သတိရမိသေးတော့တယ်.. အော် ... မိသားစုလေးနဲ့သာဆိုရင်.....( အဲလို....လဲ....ပြောထားဦးမှ)
အဲဒီခရီးက မနက် ၆ နာရီက စီးလိုက်ရတဲ့ကား…ည ၆ နာရီကျော်မှ တည်းရမယ့် ဟိုတယ်ရောက်တော့တယ်…ဒါပေမဲ့ ပင်ပန်းတာတွေက ပန်းတောင်ကို မြင်လိုက်ရတာနဲ့ တန်ပါတယ်လို့ ခရီးလမ်းကြောင်း စီစဉ်သူများကို ကျေးဇူးတင်လိုက်ရသေးတယ်..
(တကယ်ဆို ၄ နာရီပဲ ဝေးတဲ့ခရီးကို လုံခြုံရေး အစီအစဉ်အရ ကွေ့ပတ်မောင်းနေရလို့လေ..ကျမတို့ ဆူညံဆူညံ မပြောအောင် စီစဉ်ပေးထားတာ)
ကဲ .. ကျမ မြင်ခဲ့ရတဲ့ ပန်းတောင်ကိုလည်း မိတ်ဆက်ပြလိုက်ပါဦးမယ်.. လာလေရော့..
ဒီမှာ…

ကြည့်ပါဦး ပန်းပင်လယ်ကြီးဖြစ်နေတာ ကင်မရာထဲ ၀င်သလောက်ပဲ မြင်ရလို့


ဒီလို နေကြာရိုင်းတွေချည်းပေါ့(ပန်းခူးမိရင် တပွင့် ဘတ် ၅၀၀ ဒဏ်တပ်မတဲ့)
လူကိုသေးနိုင်သမျှသေး ပန်းများများပါအောင် ရိုက်ပါဆိုတာတောင်မှ ...

အဲဒီမှာ မျှော့ လူမျိုးဝတ်စုံကလေးတွေနဲ့ ကလေးလေးတွေလေ.. အဲဒီဝတ်စုံတခါဝတ် ဘတ် ၃၀ ကို ၀တ်ထားတာ ချစ်စရာလေးတွေ မို့ ဓါတ်ပုံတွဲရိုက်ခဲ့တာ.. ကျမ ၀တ်ထားတာလဲ မျှော့လူမျိုးတွေရဲ့ ရိုးရာ ဘောင်းဘီလေး ဆိုတော့ ကွတ်တိပေါ့...

တကယ်ဆို ကျမတို့ တိုင်းပြည်ထဲမှာလဲ အဲလိုနေရာတွေ ရှိမယ်ထင်တယ်။ ပြည်တွင်းမှာတုန်းက ကျမက မြစ်ဝကျွန်းပေါ်သူဆိုတော့ ပင်လယ်ဖက်ကိုပဲ ကျွမ်းကျင်ခဲ့သူ။ နောက် ကယားပြည်နယ်ဖက်မှာ နေခဲ့တော့လဲ တောင်ပေါ်ဒေသ ရွာတွေ ပေါ်မှာပဲ နှံ့စပ်အောင် သွားလာနေခဲ့ရသူ ဆိုတော့ ပန်းမြို့တော်ဆိုတဲ့ မေမြို့ကို မရောက်ဖူးခဲ့ဘူး။

ဒါမဲ့ ဒီလိုနေရာမျိုးကို နိုင်ငံခြားသားတွေပါ လာနိုင်အောင် စီစဉ်ပေးထားတဲ့ ထိုင်းအစိုးရကိုတော့ ချီးကျူးရမှာ အမှန်ပဲ.. တောင်ကြောတလျှောက်လုံး ဒီလို ပန်းတွေ အလေ့ကျ ပေါက်လေ့ရှိတာကို ထိန်းသိမ်းပြီး ၀င်ငွေရှာတာကတော့ အစီအစဉ် ကောင်းလွန်းပါတယ်။ ဒီမိုကရေစီရပြီး နိုင်ငံသစ်တည်ချိန်မှာ ဒါမျိုးနေရာလေးတွေ ရှာပြီး ကမ္ဘာလှည့်တွေကို ဆွဲဆောင်ရဦးမယ်။ ကျမတို့ တိုင်းပြည်မှာဆို အားလုံး ရှိနေတာပဲဟာနော်။
(အားတင်းထားဟ..ရေခဲပြင်တွေလဲရှိ.. ပင်လယ်ကမ်းစပ်လဲရှိ.. လယ်ကွင်းကျယ်တွေ... တောင်တန်းတွေ ... အာပါးပါး .. တွေးကြည့်ရတာ တောင် အများကြီး)
ကဲ နေမကောင်းရက်နဲ့ သွားခဲ့ရတဲ့ ခရီးစဉ်က အမှတ်တရလေး ကို မျှဝေပေးလိုက်တာပါ။

Friday, November 23, 2007

ကျမတို့ဘာလုပ်ကြမလဲ

ကျမတို့ဘာလုပ်ကြမလဲ
မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းမှာ စက်တင်ဘာဆန္ဒပြပွဲတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကို ပြစ်တင်ရှုတ်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း ထပ်တိုးမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေအပေါ် စိတ်ပိုင်း ရုပ်ပိုင်း ညှင်းပန်း နှိပ်စက်မှုတွေကို ကုလသမဂ္ဂက အထူးပင် စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီမူကြမ်းကို မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူ ၈၈ ဦး ကန့်ကွက် ၂၄ ဦးနဲ့ ကြားနေ ၆၆ ဦး ရှိခဲ့ပါတယ်။

ကန့်ကွတ်သူများက တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ကျူးဘား၊ ဗင်နီဇွဲလား ၊ (အာစီယံမှ) မလေးရှား၊ လာအို၊ ဗီယက်နမ်တို့ ပါဝင်ပါတယ်။ကြားနေမဲ ပေးခဲ့တဲ့ နိုင်ငံတွေကတော့ အာစီယံထဲက အင်ဒိုနီးရှား၊ စင်္ကာပူ၊ထိုင်း ၊ ဖိလစ်ပိုင် နဲ့ဘရူးနိုင်း တို့ဖြစ်ပြီး ကမ္ဘောဒီးယားကတော့ ညီလာခံကို အစကတည်းက မတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ အာစီယံနိုင်ငံ ၁၀ နိုင်ငံစလုံးက မထောက်ခံတာကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ (သတင်း ..ဒီဗွီဘီ၊ အင်တာနက်ထဲမှာတော့ အင်ဒိုနီးရှား တနိုင်ငံ က ထောက်ခံမဲ ထည့်တယ်လို့ တွေ့လိုက်ရတယ်)ကျမတို့ ဘာတွေစဉ်းစားရတော့မလဲ။ ဒီဖြစ်စဉ်ပေါ်က ဘာတွေသုံးသပ်ကြည့်ရမလဲ။ပထမဦးဆုံး စဉ်းစားမိတာက ကျမတို့ နိုင်ငံအတွက်၊ ကျမတို့ ပြည်သူတွေအတွက် ဘယ်အိမ်နီးချင်း နိုင်ငံကိုမှ အားကိုးလို့ မရတော့ဘူး ဆိုတာ ပါပဲ။

ကျမတို့နဲ့ အနီးကပ်ဆုံး တရုပ် ၊ အိန္ဒိယ ၊ ထိုင်းလို နိုင်ငံမျိုးတွေဟာ သူတို့ နိုင်ငံစီးပွားရေး ၊ သူတို့ ပြည်သားတွေရဲ့ အကျိုးစီးပွားကို သာ ကြည့်ကြလိမ့်မယ်။ နောက် ကျမတို့ နိုင်ငံက ခုလို မတိုးတက်လေ သူတို့ ခေါင်းပုံဖြတ်လို့ ရလေလို့ တွေးထားပြီး ဖြစ်တယ် ဆိုတာ အထင်အရှားတွေ့နေရပြီ။ ဒီတော့ သူတို့လို အိမ်နီးချင်း နိုင်ငံတွေက မြန်မာနိုင်ငံ မတိုးတက်လေ ကြိုက်လေ ၊ ကျမတို့ ပြည်သူတွေ အသိပညာမရှိလေ သူတို့ တိုင်းပြည် အကျိုးအမြတ်ရလေ ဒီလိုပဲ သဘောထားနေတာကို ပြတ်ပြတ်သားသား မြင်နေရပါပြီ။ ကျမတို့ ဘာလုပ်ကြမလဲ။ သူတို့အိမ်နီးချင်းနိုင်ငံတွေကို ဒေါသထွက်နေယုံနဲ့ ပြီးမလား။ ကန့်ကွက် နေယုံနဲ့ ပြီးမလား။တကယ်တော့ သူတို့နိုင်ငံသားတွေအနေနဲ့က သူတို့ အစိုးရတွေဟာ သူတို့တိုင်းပြည်နဲ့တကွ ပြည်သူ ပြည်သားတွေအတွက် တကယ့်ကို အကျိုးဆောင်ပေးနေတဲ့ အာဏာရ အစိုးရတွေပါပဲ။ ကျမတို့ နိုင်ငံက အာဏာရူးတွေသာ တိုင်းပြည်အကျိုးတို့ ပြည်သူအကျိုးတို့ကို နားမလည်တာပါ။ အိမ်နီးချင်းအစိုးရတွေက သူတို့ နိုင်ငံအကျိုးအတွက် တခြားတိုင်းပြည်က ပြည်သူတွေ ဘယ်လောက်နစ်နာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ် ၊ ဘယ်လို သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့နေရတယ် ဆိုတာကို လျစ်လျှူရှုထား နိုင်ကြပါတယ်။

ကျမတို့ ဘာလုပ်ကြမလဲ၊
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ကိုယ်တိုင် ပါဝင် လှုပ်ရှားမှ ဖြစ်မယ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ အားကိုးလို့မရဘူး ဆိုတာကို ကျမတို့ ရင်ထဲ အသည်းထဲက စွဲစွဲမြဲမြဲ မှတ်ထားဖို့လိုတယ်။
ကျမတို့ ရောက်နေတဲ့ နိုင်ငံကနေ သူတို့ ဥပဒေအတွင်းကနေ ကိုယ့်နိုင်ငံအတွက် လုပ်နိုင်သမျှ လုပ်ပေးကြရမယ်။
ကျမတို့ ဘာလုပ်ကြမလဲ။ ကျမတို့ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံသား အားလုံးဟာ ဘယ်နေရာ ရောက်ရောက် တစိတ်တည်း တ၀မ်းတည်း ၊ ကိုယ့်တိုင်းပြည်အတွက် ဘယ်လောက် လုပ်ပြနိုင်တယ်၊ ဘယ်လို ရင်ဆိုင်နိုင်တယ် ဆိုတာကို သက်သေပြကြရမယ်။ မျိုးဆက် တဆက်မကတော့ဘူး ဒီတိုင်း စတေးနေကြရတာ။ ဒါတွေအားလုံးဟာ စစ်အုပ်စုကြောင့်ဖြစ်တယ်။ နောက် စစ်အုပ်စုအားပေး အာစီယံ နိုင်ငံတွေကြောင့်ဖြစ်တယ်။
ကျမတို့ဘာလုပ်ကြမလဲ။ ကျမတို့ ပြည်သူတွေကို အာစီယံနိုင်ငံတွေက ပြည်သူတွေကပါ စာနာ နားလည်နိုင်အောင် လုပ်ရမယ်။ သူတို့ အစိုးရကို သူတို့ပြည်သူတွေကိုယ်တိုင်က ပြောနိုင်အောင် ကျမတို့ လှုံ့ဆော်ရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်တဲ့နည်းကို သုံးရမယ်။အဲဒါတွေ လုပ်ဖို့ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးရမယ်။ တတ်နိုင်တဲ့နည်းနဲ့ ရနိုင်သလောက် ကိုယ်လုပ်နိုင်သမျှ လုပ်ကြရမယ်။ နောက်ဆုံး ဗမာပြည်က ဘယ်လူမျိုးမဆို သိပ်စည်းလုံးတယ် ကျမတို့ တိုင်းပြည်ကို ကျမတို့တကယ်ချစ်တယ် ဆိုတာကို သူတို့ခံစားသွားရအောင် တိုင်းပြည်ရဲ့ ပြင်ပရောက်နေတဲ့ နိုင်ငံသားတိုင်းက ကြိုးစားကြရမယ်။

ခု တလော စင်္ကာပူက လှုပ်ရှားမှုတွေကို ကျမက သိပ်သဘောကျ ထောက်ခံမိတယ်။ စင်္ကာပူဆိုတာ စစ်အုပ်စု အားကိုးရာ အာစီယံနိုင်ငံတခု ဖြစ်တဲ့အပြင် သူ့ရဲ့ ငွေစာရင်းတွေ ၊ သူတို့ အုပ်စုတွေရဲ့ တထောက်နားရာစခန်းတွေ ၊ ဆေးကု စာသင် ဈေးဝယ်ထွက်ရာမြေ၊ ဒီလိုမြေမှာတောင် သူတို့ မလုံခြုံတော့ဘူး ၊ သူတို့ကို မထောက်ခံသူတွေ ရှိနေတယ် ဆိုတာကို ခံစားသိနေစေရအောင် သေသေသပ်သပ် လုပ်ပြတတ်တဲ့ လှုပ်ရှားမှုတွေကို ကျမက လေးစားဂုဏ်ယူနေမိတယ်။ အာစီယံနိုင်ငံတိုင်း၊ နောက်တဆင့်တက်လို့ ကမ္ဘာတ၀ှမ်းနိုင်ငံပေါင်းစုံရောက် မြန်မာနိုင်ငံသားအားလုံး ကိုယ်ရောက်နေတဲ့ နိုင်ငံကနေ စင်္ကာပူလို မျိုး တက်ကြွလှုပ်ရှားမှုတွေနဲ့ စစ်အုပ်စုကို စိန်ခေါ်မှုတွေ ရက်ဆက် ပြနေရမယ်လို့ ကျမက ခံယူမိတယ်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ဟာ နအဖလို စစ်အုပ်စုအတွက် အဆုံးမသတ်တဲ့ စိန်ခေါ် တိုက်ပွဲရက်တွေပါပဲ။ပြည်တွင်းက လူတွေက အသက်တွေ ဘ၀တွေ ရင်းနှီးနေချိန်မှာ တိုင်းပြည်ပြင်ပက သွေးချင်းတွေက အဲဒီလူတွေ အတွက် ကိုယ့် အချိန်တွေကို ပေးဆပ်ပြကြစေချင်ပါတယ်။ လုပ်အားတွေကို ပေးဆပ်ပြရမယ်။ တတ်နိုင်သမျှငွေကြေးတွေနဲ့ ပေးဆပ်ပြရမယ်။ကိုယ်သန်ရာ နည်းလမ်းပေါင်းစုံနဲ့ ပေးဆပ်ပြရမယ်။

ကဲ … ဘလော်ဂါသွေးချင်းတို့ရေ…
ကိုယ်တတ်နိုင်သလို နည်းလမ်းတွေနဲ့ စတင်လိုက်ကြရအောင်။

Thursday, November 22, 2007

စင်္ကာပူက လှုပ်ရှားမှု

ဂုဏ်ယူလျှက်ပါ စင်္ကာပူမှ သွေးချင်းများ




လမ်းပြကြယ်မှာ တင်ထားတဲ့ သတင်းနဲ့အတူ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ အင်္ဂလန်နိုင်ငံခြားရေးဆိုင်ရာ အတွင်းဝန်နဲ့ စင်္ကာပူရောက် မြန်မာများ November 20 ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပုံတွေပါ။

"Concern for Burma" အဖွဲ့ကနေ ဦးဆောင်စီစဉ်ခဲ့ပြီး OBP, Oway, LPK library, DTASG နဲ့ intellectual, religious people အဖွဲ့တွေအားလုံး ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တင်ပြပြောဆိုခဲ့ကြပါတယ်။
အာစီယံအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ မြန်မာပြည်သူတွေအပေါ် တကယ့်စာနာမှုတွေ နဲ့ ဆက်ဆံမယ့် အိမ်နီးချင်းနိုင်ငံဖြစ်မဖြစ် သုံးသပ်ချက်တွေကို ဆောင်းပါး ဆက်တင်ပေးပါဦးမယ်။

(ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် ကိုယ်သာလျှင် ကြိုးစားရပေမည်)

Tuesday, November 20, 2007

ယုံတမ်းစကား

အင်း ဂျပန်က တူမလေး နှင်းသဇင်ရေ..
ရေးလိုက်ပြီနော်... ယုံတမ်းစကား..

ခင်မင်းဇော်ရဲ့ ယုံတမ်းစကား

အင်း မနက်မိုးလင်းတာနဲ့ ဟုတ်သော်ရှိမဟုတ်သော်ရှိ ။

ခြံထဲမှာ လမ်းလျှောက်ဦးမှ။ အသက်က ကြီးလာတော့........

မာလီလုပ်နေတဲ့ ရွှေမန်းကိုတော့ ခြံဝန်းထဲက သိပ်မလှတော့တဲ့ ပန်းပင်တွေကို ရွှေ့ဖို့ အသစ်တွေ စိုက်ဖို့ ပြောထားတာ အဆင်ပြေရဲ့လား မသိပါဘူး။

ကိုယ်က အာဏာရှိထားပေမယ့် မတရားခိုင်းတာကို မကြိုက်တော့ မနေ့က အလုပ်ချိန်ကုန်ခါနီး ပြောပြလိုက်ပေမယ့် ဒီနေ့မှာ လုပ်လို့ ပြောထားခဲ့တာ ။ အင်း

မနေ့ကလာပြတဲ့ စိန်တွေ ၀ယ်ချင်ပေမဲ့ သန္တာရွှေ ၀တ်ထားတာထက်သေးနေလို့ မ၀ယ်ဖြစ်လိုက်ဖူး။

မနက်ဖြန်တော့ ထပ်လာပြမယ် ပြောထားတာပဲ စောင့်လိုက်ဦးမယ်။

အော် ..

ဂူဂယ်ကလည်း ကျမအကြံပေးတဲ့အတိုင်း လုပ်လို့ အောင်မြင်နေတဲ့ ဖိုးဝပေါ်တယ်ကို ၀ယ်ချင်လို့တဲ့ ။ ဒါမှမဟုတ်လဲ ရှယ်ယာဝင်ခွင့်ပြုပါတဲ့။ အင်းလေ ဖိုးဝမှာ အကြံပေးရုံပေးတာတောင် ဒီလောက်အောင်မြင်နေရင် စဉ်းစားသာ ကြည့်တော့။

ဘီလ်ဂိတ်တို့ လာဆွေးနွေးထားတဲ့ သူတို့ ဖောင်ဒေးရှင်းတွေမှာ ၀င်ရောက်ပေးဖို့ကိုတော့ စဉ်းစားပေးထားပါ့မယ်လို့ ပြောပြီး အကြောင်းပြန်ဖို့ ဘယ်နေ့ချိန်းမိပါလိမ့်။

နေဦး အတွင်းရေးမှူး လာမှမေးရဦးမယ်။

ဘလော်ဂါများ အစည်းအဝေးတက်ဖို့လည်း သွားရဦးမှာပဲ။ ဘလော်ဂါ ဂုဏ်ထူးဆောင် နာယက ဖြစ်ကတည်းက တခါမှမအားရသေးဘူး။

သူတို့ တွေနဲ့အတူ ဟောပြောပွဲတွေသွားရတာ နည်းမှမနည်းပဲ။ တနာရီ မြန်မာဒေါ်လာ ၅ သန်းလောက်ပဲ ယူပေးလိုက်ပါတယ်။ နို့မို့ ပေါက်ဈေး အတိုင်းယူရင် တချို့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေ ပေးနိုင်ဖို့မလွယ်ဘူး။ ခုဆို အမေရိကန်က လူတွေတောင် အဆိုင်လမ်လာပြီး လျှောက်နေကြတဲ့ ရွှေမြန်မာပြည်ကြီး မဟုတ်လား။ သူတို့ ကို ကိုယ်က တတ်နိုင်သလောက် ပြန်ကြည့်ပါတယ်။

ဟိုဘက်က ဇိနတိုင်းဆို ကျမတို့ နိုင်ငံကို လာလာ ဆက်သရတာ နည်းလို့လား။ သူတို့ ၂၀၀၇ တုန်းက နအဖ ဘက်လိုက်ခဲ့တာ မှားမှန်းသိလို့ တဲ့။ ခုဆို ကျမတို့ဆီက တက္ကသိုလ်တွေက အဆင့်မြင့် ပညာတွေ သင်ချင်လွန်းလို့ လာလိုက်ကြတဲ့ နိုင်ငံခြားသားတွေ ။

အင်း .. ကျမရဲ့ ဘော်ဒါ ဘလော်ဂါတွေလည်း ဖွံ့ဖြိုးမှုနောက်ကျကျန်နေတဲ့ နည်းပညာတွေ မတိုးတက်သေးတဲ့ ပြင်သစ် ဂျာမဏီ အီတလီ ဆိုတဲ့ ဥရောပတွေဖက် သွားပြီး နည်းပညာမျှဝေမှုတွေ လုပ်နေရတာ ကိုယ့်နိုင်ငံတောင် မနေနိုင်ဖူး။ မိုးထက်နေတို့ဆို ဆိုက်ပရပ်တောထဲမှာ သနားပါတယ်။ အင်္ဂလန်က ကိုထိုက်ခမျာများ ကိုယ့်ပြည်က တိုးတက်နေပေမဲ့ မနေရပဲ ခုထိ နိုင်ငံသေးလေးမှာ ဒုက္ခခံနေရတုန်း ။

အော် သနားပေမဲ့လည်း တကမ္ဘာလုံးကို တညီတည်း ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကိုယ်စီနဲ့ဆိုတော့ ကိုယ့်အကျိုးစီးပွားကို မကြည့်နိုင်အားသေးဘူး။

အင်း .. လုပ်ပေးရမှာပါပဲလေ..

ကိုယ်တို့ ရွှေပြည်ကြီးက ကမ္ဘာထိပ်သီးနိုင်ငံကြီး ဖြစ်နေပြီဆိုတော့…

( ရေးရတာ တော်တော်အရသာရှိတယ်..ယုံတယ်မဟုတ်လား..ခင်မင်းဇော်ရဲ့ ယုံတမ်းစကား)

ရေးစရာ အကြွေးတက်များ...(ချစ်ခင်စရာ ဘလော်ဂါများရဲ့ ဓလေ့ထုံးစံများ)

ဂျစ်တူး ရေ ညီမလေး အလှည့်ရောက်တော့မယ်။

နှင်းမိုးဝေ ...အနှင်းရေ.. စိတ်ချနေပါ.. ဒီခေါင်းစဉ်က ရေးချင်လှပေါ့။

Saturday, November 17, 2007

ကျမဘယ်သူလဲ?

ဘလော်ဂါအချင်းချင်း ရင်းနှီးစွာ ရေးသားစေချင်တဲ့ အကြောင်းလေးတွေကို လက်ဆင့်ကမ်းလေ့ရှိတာကို တက်(Tag) တယ်လို့ ခေါ်ကြပါတယ်။ ညီမလေး ဂျစ်တူး၊ တူမလေး နှင်းသဇင်၊ မောင်လေး Zero Trash တို့ရဲ့ တက်ထားခြင်းအပေါ် နောက်ဆုံးကနေ ပြန်ရေးလိုက်ပါတယ်။ ဂျစ်ရေ... လာမယ်နော် နောက်တလှည့်၊ နှင်းသဇင်လေးလည်း မကြာမီ လာမည်လို့....

ကျမဘယ်သူလဲ?

ပုံပန်းသဏ္ဍာန်ကို အရင်မိတ်ဆက်ရရင်…….. (ဓါတ်ပုံမြင်ဖူးသူလဲ ရှိမှာပါ၊ ဓါတ်ပုံတင်ပေးသင့်တယ် ဆိုလဲ ပြောကြပါ ၊ အင်း တင်ပေးဖို့ အဆင်သင့်ပါ။ ကြီ....)

ကိုယ့်ကိုယ်ကို မညှာမတာ ပြောပြမှာပါ….

၁) မျက်နှာကျပုံကတော့ လုံးလုံး(၀ လာလို့ဖြစ်မှာပါ)

၂) မျက်ခုံးမွှေးနည်းပါတယ်။ ဒါမဲ့ မျက်ခုံးပေါက်ပုံက လှတော့ အဲဒီပေါ်မှာ ခဲတံနဲ့ထပ်ဆွဲ လိုက်ရုံပါပဲ။(ဟဟ)

၃) နှာတံပေါ်ပေမယ့် နှာတံမချွန်ပါ။

၎) မျက်လုံးမျက်ရစ်လှပေမယ့် မျက်တောင်တိုပြီး ပါးတော့ မပေါ်လွင်တော့ပါ။ ( မျက်တောင် စိုက်ရင် လှမယ် ဆိုတာသိပေမယ့် ဘဏ္ဍာရေး အခြေအနေနဲ့ အသက်အရွယ်အရ အလျှော့ပေးလိုက်ပါတယ်)

၅)နှုတ်ခမ်းလှပေမယ့် ပါးစပ်ပြဲပါတယ်။(ဒါပေမဲ့ သွားတွေကတော့ လှမှလှလို့ လူတကာပြောပါတယ်။ ဒါ့ကြောင့် ဓါတ်ပုံရိုက်တဲ့အခါ အမြဲပဲ ရယ်နေပါတယ်)

၆) အရပ် ၅ ပေ ၂ လက်မပဲ ရှိပေမဲ့ ပေါင်ချိန်ကတော့ ၅၄ မှာ မနည်း ရပ်အောင် ထိန်းရင်း ကျော်သွားခဲ့ရင်လဲ မသိမသာမေ့ထားလိုက်ပါတယ်။( အသက်က ၄၀ ကျော်နေပြီကိုး)

၇)အဓိက အသားရောင်ကတော့ ဖြူဝင်းလှပစိုပြေပါပေတယ် ဟဲဟဲ ဒါလေးကယ်ပေလို့။

၈) ဆံပင်အရောင်ကတော့ ဖြောင့်စင်း မဲနက်နေဆဲ ၊အဖြူရောင်တွေ မလာသေးပေမဲ့ (ခုတလော နီညိုရောင်ဆိုးထားပါတယ်) ဒါကတော့ ပျင်းတာနဲ့ ကလိကြည့်လိုက်တာ။

စိတ်ဓါတ်ကတော့……(သိသွားရင် ပေါင်းချင်ကြပါဦးမလား..)

၁) ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပြောတတ်ပါတယ်။(ကြည့်မိရင် မပြောနဲ့လို့ တားမှာစိုးလို့) အမှန်တွေပြောတတ်လွန်းလို့ နောက်ကွယ်ရန်သူ ပေါများပါတယ်။

၂) သူတပါးကို မတရားလုပ်နေတယ်လို့ မြင်မိ ခံစားမိရင် ကိုယ်နဲ့ မဆိုင်ပဲလဲ ပြသနာထဲကို သေသေချာချာ ၀င်ပါတတ်ပါတယ်။

၃) တယောက်နဲ့တယောက် အမြင်မှားပြီး တည့်တည့်မရှင်း ကွယ်ရာက ပြောနေသူတွေ တွေ့ရင် မျက်နှာချင်းဆိုင် ပြောနိုင်အောင် တည်ပေးတတ်ပါတယ်။ ( တယောက်စကား ဟိုတယောက်ကို သွားပြောတာမျိုး မဟုတ်ဘူးနော်။ သူတို့ ၂ ယောက်ကို ဆုံရှင်း ခိုင်းတာ)

၎) ကိုယ် ဂတိပေးပြီးရင် ဘယ်လိုအကြောင်းနဲ့မှ မဖောက်ဖျက်တတ်သလို ဖောက်ဖျက်သူ တွေ့ရင်လဲ မဆက်ဆံတော့ဘူး။

၅) အချိန်နဲ့ ငွေရေးကြေးရေး ကိစ္စတွေ၊ ဂတိသစ္စာတွေကို အသက်လိုတန်ဖိုးထားတယ်။ တခါမှ ဘယ်ချိန်းဆိုမှုမျိုးကိုမှ နာရီနောက်ကျပြီး မရောက်ခဲ့ဖူးဘူး။ ဘယ်ငွေကိုမှ အလွဲသုံးစား မလုပ်ခဲ့ဘူး။ (မိဘပိုက်ဆံကိုတောင် စာရင်းနဲ့တကွ ပြန်အပ်တတ်တယ်)

၆) အလုပ်မရှိရင် မနေတတ်သလို အမြဲပဲ တက်ကြွနေတတ်တယ်။

၇) ကိုယ်လုပ်သလို သူများတွေကိုလဲ အလုပ်ကို စိတ်ပါလက်ပါ တက်ကြွစွာ လုပ်ကိုင်စေချင်တယ်။(ဒါ့ကြောင့် တပည့်မွေးလို့ မရခဲ့ဘူး)

၈) ဆရာလုပ်ရတာ ၀ါသနာပါသလို ကိုယ်တပည့်လုပ်ရချိန်မှာလည်း ရိုကျိုးစွာ ခံယူဖို့ အဆင်သင့်ပဲ။ (ကိုယ်လိုချင်တဲ့ပညာတော့ ဆရာလုပ်သူမှာ ရှိရမှာပေါ့လေ။ ဘာမှမဟုတ်ပဲနဲ့ ဆရာလာလုပ်ရင်တော့ မခံဖူးပေါ့)

၉)စကားများများပြောပေမဲ့ တကယ်က စကားမပြောချင်ဆုံးပါ။ (စာအုပ်တွေဖတ် စာတွေရေး အဲလို နေချင်သူပါ)

၁၀)ငွေကြေး၊ အာဏာကို မမက်မောပေမဲ့ အဲဒါတွေရဲ့ တန်ဖိုးကို သိနေတော့ ငွေကိုတန်ဖိုးထား ရှာတယ်။(ဒါ့ကြောင့် တချို့တွေက ငွေစကားပြောတယ် စွပ်စွဲကြတယ်။ တကယ်က မက်မောလို့ မဟုတ်ပါဘူး။ အဲဒီငွေနဲ့ တချို့တွေကို အနိုင်ယူလို့ ရတယ်။ တချို့ကို ဖြေရှင်းလို့ရနေတယ်။ ကောင်းအောင်လုပ်မယ့် လူတွေလက်ထဲမှာ အဲဒီ ၂ ခုရှိဖို့လိုတယ်လို့ ခံယူတယ်။)

၁၁)ဘယ်တော့မှ မတရားတာ မဟုတ်တာ ဘယ်သူ့အပေါ်မှ မလုပ်ဘူး။ ကိုယ့်အပေါ်လုပ်ရင်လဲ သည်းခံစိတ် မထားတတ်သေးဘူး။

၁၂) လူတယောက်ကို ခဏတွေ့ဆုံ စကားပြောပြီးတာနဲ့ ဒီလူနဲ့ ဆက်ပြီးလက်တွဲလို့ရမရ စိတ်ထဲက အမြဲ အဖြေရှိနေတယ်။ အဲဒီအဖြေကလည်း အမြဲပဲ မှန်ခဲ့တယ်။

၁၃) ကိုယ့်ကြောင့်ဖြစ်လာတဲ့ အပြစ်ကိုလဲ ကျေကျေနပ်နပ် ခေါင်းခံတတ်ပါတယ်။ သူများက မပြောရဲတာမျိုးကိုလဲ ခေါင်းအငှားခံပြီး ပြောပြတတ်ပါသေးတယ်။

၁၄) အားလပ်ရက်တွေမှာ တခုခုလုပ်စားပြီး မိတ်ဆွေအပေါင်းအသင်းတွေ အားရပါးရ နှစ်သက်စွာ စားနေတာကို ကြည့်ပြီးကျေနပ် နေတတ်သေးတယ်။

၁၅)လုပ်မယ်လို့ စစဉ်းစားတဲ့အချိန်မှာ နည်းနည်းတွေဝေတတ်ပေမယ့် ဆုံးဖြတ်ပြီးရင်တော့ နောက်မဆုတ်တတ်တော့ပါဘူး။

ကဲ.. စဉ်းစားလို့ရသလောက် အချက်တွေ ချရေးလိုက်တာပါ။ အစီအစဉ်ကျ မကျတော့ မသိတော့ဘူး။ ပါးစပ်ဆိုးသူလို့ နာမည်ကြီးတဲ့ ခင်မင်းဇော် ဖြစ်ပါတယ်။

ကဲ … ကျမဘယ်လိုလူလဲ… ဒီလောက်ဆို သိရောပေါ့…

ဘယ်သူတွေ အားမအားမသိပေမယ့် ကျမက ဆက်တက်ချင်သူတွေ ရှိနေပါသေးတယ်။

ရေးပေးနိုင်မယ်ဆိုရင်တော့ စလုံးက ဘော်ဒါဘလော်ဂါများဖြစ်တဲ့…

ကဒေါင်းညင်သာ၊ ကလူသစ် ၊ ၀ါဆိုအိမ်မက်(July Dream) ၊ avril-lover တို့ကို ဆက်တက်ပါတယ်။ ( ယောက်ျားလေး ဘလော်ဂါတွေကို ဦးစားပေး အစီအစဉ်နော်)

Saturday, November 10, 2007

တီဗွီဖန်သားပြင်က အန်တီစု


၂၀၀၇ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာ အထက်ပါပုံထဲကလို နအဖက ခွင့်ပြုလို့ တွေ့ဆုံခဲ့ကြရတယ်။ ဘာတွေများ ပြောခဲ့ကြမှာပါလိမ့်။ အစိုးရဧည့်ဂေဟာမှာ ဖြစ်တော့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တော့ ရမယ်မထင်ဘူး။ အန်တီစုကို ကျန်းမာစွာတွေ့ရလို့ ၀မ်းသာပါတယ်။ ဒါပေမဲ့ အန်တီ့အပြုံးက လျော့ရဲနေသလားလို့...။

မြန်မာပြည်ရဲ့ အနာဂါတ်ကို အန်တီစုလို ခေါင်းဆောင်မျိုးမှသာ သယ်ဆောင် နိုင်မှာပါ။ အောင်မြင်အောင် တည်ထောင်နိုင်မှာပါ။ ဒါ့ကြောင့် ကျမတို့ချစ်တဲ့ အန်တီ့ကို ကျန်းမာနေစေချင်သေးတယ်။ အန်တီ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းဆိုးတွေကိုတော့ ကောလဟာလသာ ဖြစ်ပါတယ်လို့ပဲ မှတ်ယူထားပါရစေတော့။

ထက်မြက်တဲ့ ရိုးသားတဲ့ ဦးဆောင်နိုင်သော အရည်အချင်းများနှင့် ပြည့်စုံသော။ ခိုင်မာသော မတွန့်ဆုတ်သော ဇွဲလုံ့လသတ္တိနှင့် ပြည့်စုံသော ကျမတို့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလူထုခေါင်းဆောင် ကျန်းမာချမ်းသာလို့ အသက်ရာကျော်ရှည်ပါစေ။

အဲဒီတွေ့ဆုံမှုကို ဗွီဒီယိုဖိုင်အဖြစ် ဒီမှာ ကြည့်နိုင်ပါတယ်။

Friday, November 9, 2007

အန်တီစုနဲ့ ဂမ်ဘာရီတွေ့ရပြီ

photo-UNIC- Rgn
ကုလမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီသည် ၎င်း၏ ခရီးစဉ်ပြီးဆုံးသည့် ယနေ့ မပြန်ခင် နာရီပိုင်းအလိုတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခွင့် ရသွားကြောင်း သိရသည်။

ဒီနေ့သတင်းများအရ အန်တီစုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်လည်း တွေ့ဆုံခွင့်ကို နအဖမှ ခွင့်ပြုလိုက်သည်ဟုထပ်မံ ကြားသိရပါသည်။ မည်သည့်နေ့တွင် တွေ့ဆုံမည် မသိရသေးချေ။

အန်တီစု ကျန်းမာစွာဖြင့် တိုင်းပြည်အကျိုး ထမ်းရွက်နိုင်ပါစေ။

၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ မသေ

၈၈ မျိုးဆက် မြေအောက်ကျောင်းသားခေါင်းဆောင် မမီးမီးရဲ့ သဘောထားလေးကို နှစ်သက်စွာ မျှဝေပေးတာပါ။
ကျမတို့ တိမ်းရှောင်နေရပေမယ့် ကျမတို့နဲ့ ဆက်သွယ်နိုင် တဲ့ နေရာတွေမှာ ကျောင်းသားတွေဟာ လူကိုယ်တိုင်၏ သော်လည်းကောင်း၊ သူတို့ရဲ့ ဆက်သွယ်ရေး လမ်းကြောင်း တွေသော် လည်းကောင်း ကျမတို့ကို သူတို့ အမြဲတမ်း ဆက်သွယ်ပါတယ်။ သူတို့ လုပ်မယ့်ဟာ တွေကိုလည်း ကျမတို့ကို သူတို့ ပြောပြပါတယ်။ ကျမတို့က သူတို့ကို ဦးဆောင်မှု မပေးပါဘူး။ သူတို့ရင်တွင်းက ဆန္ဒနဲ့သူတို့ဘာသာ သူတို့ဖေါ်ထုတ်နေကြတာပါ။

ကျမတို့က ၈၈ မျိုးဆက်ကျောင်းသားများဆိုပြီး ဖွဲ့ထားတာကိုက ကျမတိုချည်းမဟုတ်ဘူး။ ၁၉၈၈ ခုနှစ်ကနေစပြီးတော့ ယနေ့အထိ ကျမတို့မြန်မာပြည်ကို အလင်းရောင်ပွင့်လန်းလာအောင်လုပ်နိုင်တဲ့ မျိုးဆက်သစ် လူငယ်အားလုံးကို ဆိုလိုပါတယ်။ ကျမတို့အကိုတွေမရှိတော့လည်း ကျမတို့ဆက်လုပ်တယ်။ အဲဒီလိုပါပဲ ကျမတို့တိမ်းရှောင်နေရပေမယ့်လည်း ၈၈ မျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ နေရာအနှံ့မှာ ရှိပါတယ်။ သူတို့ဘယ်လောက် ဖြိုခွင်းဖြိုခွင်း ကျမတို့ ၈၈ ကျောင်းသားမျိုးဆက်ဆိုတာ ဘယ်တော့မှ သေမသွားပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ အခုလို ကျောင်းသားတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ကျမအနေနဲ့ကတော့ ၁၉၈၈ လိုမျိုး သွေးထွက်သံယိုဖြစ်မှုပေါ့၊ အဲဒီလိုဖြစ်မှုမျိုးကြီးကို ကျမတို့ မြန်မာပြည်သူလူထုတွေ အနေနဲ့ နောက်တကြိမ် ထပ်ပြီးတော့ မခံစားစေချင်ပါဘူး။

ဒါပေမယ့် အခုလိုမျိုးသာ အာဏာကိုသုံးပြီးတော့ လိုက်လုပ်နေမယ်ဆိုရင်တော့ ၁၉၈၈ ထက်ဆိုးတဲ့ အာဏာရှင်မှန်သမျှ လုံးဝချုပ်ငြိမ်းသွားစေမယ့် လူထုအုံကြွမှုကြီးတော့ ဖြစ်ပေါ်လာနိုင်လိမ့်မယ်လို့ ကျမမျှော်လင့်ပါတယ်။

မမီးမီး
၈၈ မျိုးဆက်ကျောင်းသား အဖွဲ့

Monday, November 5, 2007

ပြန်လည်မျှဝေခြင်း

စာတွေမရေးဖြစ်အောင် စိတ်တွေကျနေချိန်မှာ အဟောင်းလေးတွေကို ဇော်ဂျီဖောင့်ပြောင်းရင်း ပြန်ဖတ်နေချိန် ဒီထဲက စာလေးတွေကို တင်ပေးဦးမယ်ဆိုတဲ့ စိတ်ကူးပေါ်လာပါတယ်။ ဒါနဲ့ ဒုက္ခသည်စခန်းတခုကို ၂၀၀၅ ခုနှစ်က ရောက်ရှိခဲ့ပြီး သူတို့ဆီကကျောင်းတွေကို လိုက်လည်ရင်း၊ အဲဒီအချိန်က စိတ်ခံစားချက်ကို ခုလို စာတပုဒ်ရေးဖြစ်ခဲ့တာလေး မျှဝေတင်ပေးလိုက်ပါတယ်။

“ပညာ ရေကြည်တစ်ပေါက် သောက်ခွင့် ကြုံစေချင်”

မဲဆောက်မြို့ကနေ ကားနဲ့သွားရင်း သိပ်မဝေးတဲ့ ခရီးလေး တခုပါ။ ဒါပေမဲ့ အလုပ်သမား လက်မှတ်၊ နေထိုင်ခွင့် လက်မှတ်၊ ထောက်လှမ်းရေးလက်မှတ် ဘာမှ မရှိခဲ့ရင်တော့ ရောက်ဖို့မလွယ်တဲ့ ခရီးဝေး ဒေသလေးပါပဲ။ ဒါပေမဲ့ အဲဒီလက်မှတ်တွေ ဘာမှ မရှိပဲ အဲဒီဒေသလေးကို မထင်မှတ်စွာ ရောက်ရှိခဲ့တာကတော့ ကရင့် လက်နက်ကိုင်တော်လှန်ရေး အခမ်းအနား ကို တက်ရောက်ခွင့် ရရှိခဲ့တာကြောင့်ပါပဲ။ အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံဆိုပေမဲ့ ဗမာပြည်ဖွား တိုင်းရင်းသားတွေ လာရောက်နေထိုင်နေတဲ့ ကရင်လို ဘဲကလော့ ၊ ထိုင်းလို မယ်လ လို့ခေါ်တဲ့ ဒုက္ခသည်စခန်းတခုပါပဲ ။ ဒီဒုက္ခသည်စခန်း ဒီနေရာလေးမှာ တည်ရှိနေတာ နှစ်ပေါင်း သုံးဆယ် ကျော်နေပြီတဲ့။ ဗမာပြည်ရဲ့ ပြည်တွင်းစစ်တွေက ပေါက်ဖွားလာခဲ့တဲ့ ဒုက္ခသည်တွေနေတဲ့ စခန်းလေးမှာ နိုင်ငံပျောက်နေတဲ့ ပြည်သူတွေ၊ ဘယ်နိုင်ငံမှ မသွားချင်ဘူး၊ ကိုယ့်နိုင်ငံ ကိုယ့်မြေ ကိုယ့်ချက်မြှုပ်ရာပဲ ပြန်ချင်ပါတယ်ဆို တဲ့ ကရင်အဖွားအို တယောက်ရဲ့ စကားသံ ကိုတော့ နားနဲ့မဟုတ်ပဲ နှလုံးသားနဲ့ နားထောင်ခဲ့ရပါတယ်။

ရောက်လက်စနဲ့တော့ ခပ်ကြာကြာလေး နေပါရစေလို့ တာဝန်ခံ ခေါ်တဲ့သူတွေကို တောင်းပန်ပြီး သူများတွေ ပြန်ပေမဲ့ မပြန်သေးပဲ စခန်းထဲမှာ နေရစ်ခဲ့ဖြစ်တယ်။ တောင်ခြေလေးမှာ တည်ထားတဲ့ ရှည်မျောမျော စခန်းလေးဟာ ဆေးရုံ ၊ စာသင်ကျောင်း ၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း ၊ ဈေး၊ စခန်းရုံး တို့နဲ့ နေမယ်ဆိုရင် နေပျော်စရာလေးပါပဲ။ ဒုက္ခသည် ဆိုတော့ ဆန် ၊ ဆီ၊ ဆား၊ မီးသွေး၊ ပဲ စတဲ့ အခြေခံ စားသောက်ကုန်တွေကလည်း အချိန်တန် ရလာတာပါပဲ။ ရောက်နေတဲ့နေ့က ဆန်ထုတ်တဲ့နေ့နဲ့ ကြုံတော့ တပုံးစာ၊ နှစ်ပုံးစာ ဆန်အိတ်တွေကို ရွက်သွားကြတဲ့ မိန်းမတွေကို တွေ့ရပါတယ်။

အဲဒီအခါ ဗမာပြည်က လူထုအများစုကြီး ဆန်ကို အဲဒီလို ၀ယ်မစားနိုင်တော့တာကို ပြေးပြီး သတိရလိုက်မိတယ်။မိုးမလင်းခင် ဒါမှမဟုတ် မိုးလင်းတာနဲ့ မနေ့က ပိုချက်ထားတဲ့ ထမင်းကြမ်းကို ငါးပိရည်အကျန်နဲ့ နယ်ဖတ်စားပြီး တနေ့တာ ခရီးကို ရုန်းကန်ဖို့ အစပျိုးကြရတာပါပဲ။ တနေ့လုံး ပင်ပင်ပန်းပန်း လုပ်ကြရပြီး ညနေ အိမ်ပြန်ချိန်ကျမှ လက်ထဲက ပိုက်ဆံနဲ့ ဆန်အပါအ၀င် ဟင်းစား ငါးပိ တို့စရာ ၀ယ်ခဲ့ရတယ်။ သူတို့ တနေ့ရတဲ့ ပိုက်ဆံဟာ တနေ့ စားစရိတ်နဲ့ လောက်ငှရုံသာပါပဲ။ ကျောင်းတက်တဲ့ ကလေးရှိလို့ကတော့ ကြွေးတင်ပြီသာ မှတ်ပေတော့။ ကိုယ့် ကလေးကို စာမတော်စေချင်တဲ့ မိဘတွေ ရှိတယ်ဆိုရင် ယုံကြပါ့မလားတောင် မသိပါဘူး။ တကယ်တော့ ဒါအမှန်ပါ။ စာမတော်လို့ ကျောင်းထုတ်ပြီး အလုပ်လုပ် ခိုင်းရင် သူ့တ၀မ်းတော့ ၀အောင်ကျောင်းနိုင်မှာပေါ့။ လဖက်ရည်ဆိုင်တို့ ၊ ကုန်စုံဆိုင်တို့မှာ ဈေးကူရောင်းတဲ့ ကလေးတွေဟာ အဲလိုမျိုး ကလေးတွေပါ။ မနက်စာ ထမင်းကျေး တနေ့ ၁၀၀ ကျပ်၊ တချို့ ၁၅၀ ကျပ်နဲ့ လုပ်နေကြရတဲ့ ကလေးလုပ်သားလေးတွေ ပေါ့။ စာတော်တဲ့ ကလေးကျတော့ ကျောင်းထုတ်ဖို့ ခက်ပြီလေ။ ပတ်ဝန်းကျင်က ၀ိုင်းပြောမှာ၊ ဆရာမတွေ ၀ိုင်းပြောမှာထက် စာကို စိတ်ဝင်စားတဲ့ စာတော်တဲ့ ကိုယ့်ကလေးအတွက် ယူကြုံးမရတွေ ဖြစ်ပြီး မိဘတွေ ဆုံးဖြတ်ရ ခက်စေတယ်။

အဲဒီလိုနဲ့ ကျောင်းတက်တဲ့ကလေးတွေထဲက ၃၅ ရာခိုင်နှုန်းဟာ မူလတန်းကျောင်းကနေ အလယ်တန်းကို ပြောင်ရွှေ့ ပညာသင်ကြားဖို့ မပြောင်းနိုင်ပဲ ကျန်ခဲ့ရတယ်။ အလယ်တန်းကျောင်းကနေပြီးတော့ ၇၅ ရာခိုင်နှုန်းဟာ အထက်တန်း ပညာကို ပြောင်းရွှေ့ပညာသင်ကြားဖို့ မတတ်နိုင်ကြလို့ ပညာရေးကို ကျောခိုင်းကြရတော့တယ်။ စားဝတ်နေရေး ၀ဲဂယက်ထဲမှာ အရွယ်မတိုင်မီ မိဘတွေနဲ့ အတူရုန်းကန်နေရတဲ့ ကလေးအလုပ်သမားလေးတွေ တွေ့တိုင်း ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကထုတ်ပြန်ပြဌာန်းတဲ့ ကလေးအခွင့် အရေးဆိုင်ရာ သဘောတူညီချက်တွေကို အမှတ်ရလာစေပါတယ်။

အဓိက အခွင့်အရေး လေးချက်ဖြစ်တဲ့ အသက်ရှင်ရပ်တည်ခွင့်အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး တွေဖြစ်ပြီး အဲဒီထဲက ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေး ခေါင်းစဉ်အောက်မှာ ပညာသင်ကြားခွင့် ၊ အားကစားနှင့် အပန်းဖြေအနားယူခွင့်တွေ ပါဝင်ပါတယ်။

ဗမာပြည်ထဲက ကလေးများအနေနဲ့ ဒီကလေးအခွင့် အရေးတွေကို ဘယ်နှစ်ရာနှုန်းလောက် ရကြပါသလဲ။ ပညာသင်ကြားခွင့် မရကြတဲ့ ကလေးတွေရဲ့ အနာဂါတ်နဲ့ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ ဗမာပြည်ကြီးရဲ့ အနာဂါတ်ကရော၊ အဲဒါတွေ စဉ်းစားရင်းနဲ့ တဆက်တည်း ဒုက္ခသည်စခန်းထဲက ပညာရေးကို လေ့လာကြည့်မိပြန်ပါတယ်။

မယ်လစခန်းထဲမှာ ၃ နှစ်ကနေ ၅ နှစ်ထိ တက်ရတဲ့ မူကြိုကျောင်းပေါင်း ၂၁ကျောင်း ရှိပါတယ်။ အခြေခံမူလတန်းကျောင်း အဖြစ် (၁၄) ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အထက်တန်းကျောင်း (၅)ကျောင်းနဲ့ ကျမ်းစာသင်ကျောင်း (၁)ကျောင်း၊ စက်မှုအတတ်ပညာသင်တန်းကျောင်း E.S.P (Engineering study Program) (၁)ကျောင်း၊ ဆရာဖြစ်သင်တန်းကျောင်းT.P.C (Teacher Preparation Couse) (၁)ကျောင်း ရှိပြီး FSP(Funter Study Program)၊ LMC(:Leadership and Managent couse) စတဲ့ သင်တန်းကျောင်းတွေလည်း တစ်ကျောင်းစီ ရှိပါသေးတယ်။

အဲဒီကျောင်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ကရင်စာတွေကို အများအားဖြင့် သင်ကြရပြီး တချို့ကျောင်းတွေကတော့ ထိုင်းစာကိုပါ ထည့်သွင်း သင်ကြားပေးပါတယ်။ တကယ်လို့ ကိုယ့်ကလေးက အင်္ဂလိပ်စာ တော်နေပြီဆိုရင် အင်္ဂလိပ်ကို အဓိက ထားသင်တဲ့ မစ်ရှင် ဘော်ဒါကျောင်းတွေကို ၀င်ခွင့် ဖြေပြီး ပြောင်းရွှေ့ထားမယ်ဆိုရင် နိုင်ငံခြားထိ ပညာတော်သင်သွားခွင့် ရှိပါတယ်။ အထက်က ကျောင်းတွေ အကုန်လုံးဟာ မယ်လ ဒုက္ခသည်စခန်းထဲမှာပဲ ရှိနေတာပါ။

စခန်းမှာ ရပ်ကွက် အေ၊ ဘီ၊ စီ ဆိုပြီး သုံးခုရှိပါတယ်။ စုစုပေါင်းကျောင်းသား ဦးရေ (၁၃၅၆၉)ဦးရှိပြီး ဆရာ ဆရာမပေါင်းက (၅၂၈)ဦး ရှိပါတယ်။ သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေ၊ ကျောင်းသုံး စာအုပ်၊ ခဲတံအားလုံးက နိုင်ငံခြား အထောက်အပံ့တွေ ချည်းပါပဲ။ စက်မှုသင်တဲ့ကျောင်းမှာဆိုရင် ကွန်ပျူတာတွေကို ဖြုတ်လိုက်၊ တပ်လိုက် နဲ့ အထဲက အစိတ်အပိုင်းတွေကို လက်တွေ့ကျကျ သင်ပေးနေတာတွေလည်း တွေ့ခဲ့ရပါသေးတယ်။ ကလေးတွေ အကုန်လုံးဟာ ဘယ်နေရာမှာရောက်နေနေ ပညာသင်ကြားခွင့် ရှိနေရမယ်ဆိုတဲ့ ကလေးအခွင့်အရေး ၊လူသားအခွင့်အရေးကို အပြည့်အ၀ ရနေကြပါတယ်။

ကျမတို့ရဲ့ မိခင် ဗမာပြည်ထဲမှာ ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးနေရတဲ့ ကလေးတွေအတွက် ၊သူတို့တွေရဲ့ အနာဂါတ်တွေ အတွက် အခုလက်ရှိ စစ်အာဏာရှင်တွေမှာ အကြွေးတွေ အများကြီးရှိနေပါတယ်။ ကမ္ဘာကို လိမ်လို့ရပေမယ့်လို့ ကိုယ့် တိုင်းပြည်ထဲက အခြေအနေကိုတော့ ပြည်သူတွေ မသိအောင် လိမ်ထားလို့ မရနိုင်ပါဘူး။

မယ်လစခန်းထဲထိ သွားပြီး အင်္ဂလိပ်စာနဲ့ စကားပြောသင်ပေးနေတဲ့ နိုင်ငံခြားသား စေတနာရှင်တွေလည်း တွေ့ခဲ့ရတဲ့အခါ ကိုယ်သာ တကယ်ပညာလိုချင်ရင် ဒုက္ခသည်စခန်းလို နေရာမှာတောင် အနာဂါတ်တွေ မျော်လင့်ချက်တွေက ရှငိသန်နေနိုင်ပါသေးလား လို့လည်း မြင်တွေ့ခံစားမိပါတယ်။

မယ်လစခန်းထဲက ပြန်လာခဲ့ပြီး တလျောက်လုံး စိတ်ထဲမှာ တော်တော်လေး ခံစားနေရပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုလည်း အမျိုးမျိုးနှိုင်းယှဉ် ကြည့်မိပြီး နိုင်ငံအတွက် ဘယ်လိုလုပ်မှ ဒီလိုအာဏာရှင်နွံထဲက ရုန်းထွက်နိုင်မှာလဲ။ ဗမာနိုင်ငံပညာရေးဟာ အခွံသက်သက်သာ ရှိပါတော့တယ် ဆိုတာကမ္ဘာကသိအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ဆေးတက္ကသိုလ်ကို တောင်မှ စစ်တပ်ကဆေးတက္ကသိုလ်နဲ့ အရပ်သားရိုးရိုးတွေအတွက် ဆေးတက္ကသိုလ်ဆိုပြီး ခွဲခြားထားပြီး ပညာကိုလည်း ခွဲခြားပေးတတ် တယ်။ ပြည်သူတွေကို ကျောသား ရင်သား မခွဲခြားပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ လောကပါလတရားကို မတရားအာဏာ ရယူထားတဲ့ စစ်အုပ်စုအနေနဲ့ မသိတာပဲလား။ မသိချင်ယောင်ဆောင်တာပဲလား၊ အတွေးပေါင်းစုံနဲ့ ပြန်လာခဲ့မိပါတယ်။

ဗမာနိုင်ငံထဲက ပြည်သူတွေဟာ စစ်အာဏာရူးတွေရဲ့ လက်အောက်မှာ စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး အာမခံချက် ဘာမှ မရှိဘဲ ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေရင်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီ အလင်းရောင်မဲ့နေတဲ့ ဘ၀တွေမှာ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေကြရပါတယ်။ မိဘတွေအနေနဲ့ စီးပွားရေးက ကျဆင်းနေကြပြီး စားဝတ်နေရေးကိုပဲ အဓိကထား ရုန်းကန်နေရတဲ့ အတွက် သူတို့သားသမီးတွေရဲ့ အနာဂါတ်ကို ဒီလိုပဲ ပစ်ထားလိုက်ရတဲ့အခါ သူတို့ရင်ထဲက ခံစားချက်ကရော ဘယ်လိုရှိနေနိုင်မလဲ။

ကိုယ့်မြေ ကိုယ့်ပြည် မဟုတ်တဲ့ ၊ လူသားချင်း စာနာထောက်ထားမှုအရ အခြားနိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည် နေရတဲ့၊ နိုင်ငံပျောက်နေတဲ့ ဒုက္ခသည် စခန်းထဲမှာတောင် ကလေးတွေရဲ့ ပညာရေးကို အလေးအနက် ထားတာ၊ ပံ့ပိုးကူညီ နေတာတွေ တွေ့ရတဲ့အခါ ကိုယ့်တိုင်းပြည်အတွက်၊ ကိုယ့်တိုင်းပြည်ရဲ့ အနာဂါတ် မျိုးဆက်သစ်တွှေရဲ့ ဘ၀မျော်လင့်ချက်တွေ အတွက် ယူကြုံးမရ ဖြစ်မိတယ်။ ကျမတို့ တိုင်းပြည်မှာ တကယ်တော်တဲ့ ကလေးတွေ အများကြီး ရှိပေမဲ့ ပညာရေး ဌာနရဲ့ ခြစားမှုတွေကြားမှာ နစ်မြုပ် ပျောက်ကွယ် ခဲ့ရတယ်။ “ကိုယ် တော်ဖို့ အရေးအကြီးဆုံးပါ။ ကိုယ် တော်နေရင် ဘယ်လိုမှ ချန်ထားလို့မရဘူး” ဆိုတာ စကားအရာမှာပဲ ရှိနေပါတော့တယ်။ ဒီနေ့ခေတ် ဗမာပြည် ပညာရေးဟာ အတူတူချင်း တော်နေရင်တောင်မှ ငွေမလိုက်နိုင်တဲ့ မိဘရဲ့ သားသမီးဟာ ချန်ထားခံခဲ့ ကြပါတယ်။ ပီတိကိုစား အားရှိပါ၏ ဆိုတဲ့ ဆရာမျိုးဟာ လက်ချိုးရေတွက်ရင်တောင် လက်နှစ်ဖက် ရှိပါတော့ မလား။

E- education ဆိုပြီး ဦးခင်ညွန့် လက်ထက်က အထက်တန်း၊ အလယ်တန်းတင်မကပဲ မူလတန်းကျောင်းတွေပါ ကွန်ပျူတာ သင်ကြားရေး ခန်းမတွေနဲ့ အဆင့်မြင့် ပညာရေးအဖြစ် ဗမာပြည် တနံတလျား မြို့ကြီးက ကျောင်းတွေမှာ ကွန်ပျူတာ ခန်းမဖွင့်ပွဲတွေ ကျင်းပခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ သုံးဖို့ ကွန်ပျူတာ တွေကို နိုင်ငံတော်က မထောက်ပံ့နိုင်ပဲနဲ့ ဘယ်လိုရသလဲ ဆိုတာကို တာဝန်ရှိလူကြီးတွေက မသိဟန် ဆောင်ခဲ့ကြတယ်။ ကျောင်းသားမိဘတွေရဲ့ လှူဒါန်းငွေ ဆိုပြီး နာမည်တပ်ပေမဲ့ တကယ်တော့ ကျောင်းသားတယောက်ကို ကွန်ပျူတာကြေး ကျပ် သုံးထောင်ဆိုပြီး ကောက်ခံတာပါ။ လုံးဝ မထည့်နိုင်တဲ့ သူကိုသာ ငါးရာလောက် မနည်းပြောဆိုပြီး အလှူငွေထည့် ရပါတယ်။ ကျောင်းစအပ်ကတည်းက ထည့်ရတဲ့ အလှူငွေ စာရင်းမှာ အဲဒီလို ကွန်ပျူတာကြေး ထည့်ကောက်တာပါ။ ကွန်ပျူတာဝယ်ဖို့ ကောက်ခံငွေ ဘယ်လောက်ရရ ငွေကြေးတတ်နိုင်တဲ့ မိဘတွေကို တလုံးချင်းလှူဖို့ ထပ်ပြီး အလှူခံပါသေးတယ်။ အဲဒီလို ကောက်ခံပြီး ၀ယ်ထားတဲ့ ကွန်ပျူတာဟာ ကျောင်းသားဘယ်လောက် များများ ငါးလုံးထက် မပိုပါဘူး။ တချို့ကျောင်းတွေဆို နှစ်လုံးပဲ ၀ယ်ပါတယ်။ ပိုတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ လို့ ဘယ်မှာမှ မေးမရပါဘူး။ တကယ်လို့ ပညာရေးမှုးထံ တိုင်စာပို့မယ်ဆိုရင် တိုင်ကြားသူ နာမည် အပြည့်အစုံ ထည့်ရတာမို့ ကိုယ့်ကလေးဟာ ကျောင်းမှာ အမျိုးမျိုး အပြစ်ရှာခံရပြီသာ မှတ်ပေတော့။

အဲဒီကွန်ပျူတာတွေကို ကျောင်းမှာ ရှိတဲ့ ကလေးတိုင်းရော သင်ရမယ်၊ ကိုင်ရမယ်ထင် ထင်ပါသလား။ ဖွင့်ပွဲနေ့မှာသာ ကွန်ပျူတာရှေ့ ထိုင်ပြကြရပြီး ကျောင်းချိန်တွေမှာ ဆိုရင် ပျက်မှာစိုးလို့ သွားကြည့်လို့တောင် မရပါဘူး။ ကွန်ပျူတာသင်တဲ့ ဆရာမကို လိုင်းဝင်ထားပါမှ မှန်လုံခန်းထဲက ကွန်ပျူတာကို ကိုင်ကြည့်ခွင့် ရပါမယ်။ ကျောင်းပိတ်ရက်တွေမှာ သင်ရဖို့ ကွန်ပျူတာ ကျူရှင်ခက သပ်သပ် ပေးရပါသေးတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အဲဒီအခွင့်အရေးတွေ ဘာမှ မရကြပါဘူး။

ဒီလို မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မပြောပါနဲ့၊ ကွန်ပျူတာ တက္ကသိုလ်မှာတောင် ကျောင်းသားတယောက် ကွန်ပျူတာ တလုံးမကိုင်ရပါဘူး။ နယ်တွေက ကွန်ပျူတာ တက္ကသိုလ်တွေမှာဆိုရင် ဆယ်ယောက် တလုံးနှုန်းပဲ ရှိပါတယ်။ မီးပြတ်တဲ့ ရက်တွေက များတော့ ထိထိရောက်ရောက် မသင်နိုင်ပါဘူး။ တကယ်တတ်ချင်တဲ့ ကျောင်းသားတွေက ကျောင်းပိတ်ရက်တွေမှာ ရန်ကုန်မှာဖွင့်တဲ့ ပုဂ္ဂလိက သင်တန်းတွေကို သွားတက်ကြပါတယ်။

အရည်အချင်းရှိဖို့ထက် အရေအတွက်ကို ဦးစားပေးတဲ့ ဗမာနိုင်ငံရဲ့ ပညာခေတ်ကြီးမှာ ပိုက်ဆံနဲ့ကြိုးစားသွားနိုင်ရင် ပြည်တွင်းမှာ အခုပေးနေတဲ့ မဟာဘွဲ့ကိုတောင် လွယ်လွယ်နဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ စစ်မှန်တဲ့ ပညာရေးတိုးတက်မှု ဟုတ်ပါရဲ့လား။ နိုင်ငံတွင်းမှာ ပိုက်ဆံပေါတဲ့ လူနည်းစု အထက်တန်းစား မိဘတွေက သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင်စေတယ်။ လူလတ်တန်းစား အပေါ်ပိုင်းက ကိုယ့်သားသမီးတွေ အတွက် နိုင်ငံတွင်းမှာ ပညာကို ငွေနဲ့ပေါက်ပြီး ယူတယ်။ အများစု လူလတ်တန်းစား အောက်ပိုင်းနဲ့ အခြေခံလူတန်းစား ကတော့ သေစာရှင်စာ တတ်ရင် တော်ပါပြီ လို့ပဲ ပြောနိုင်ပါတော့တယ်။

တနေ့ တရာယူပြီး အလုပ် လုပ်မလား ၊ တနေ့ တရာပေးပြီိး စာသင်မလားဆိုတဲ့ ပညာရေးခေတ်ကြီိး ဖြစ်နေတာလေ။ ကျူရှင်မယူနိုင်တဲ့ ကလေးဟာ အတန်းထဲမှာ အမြဲအပြစ်ရှာ ကြိမ်းမောင်းနေမှာ မလွဲပါဘူး၊၊ အတန်းပိုင်ဆရာမကဝေးလို့ အနီးအနားမှာ ရှိတဲ့ ဆရာမဆီမှာ ကျုရှင်တက်နေမှန်း သိသွားပြန်ရင်လည်း အကြိမ်းခံရတာပါပဲ၊၊ ပညာတတ်တဲ့ မိဘက ကိုယ့်ဖာသာ သင်ပေးပြန်ရင် လည်း လက်မခံပြန်ပါဘူး၊၊ တခါတလေ မြန်မာစာကို စာလုံးပေါင်း မှားနေတာမျိုးတွေ၊ အင်္ဂလိပ်စာမှာ ဘာသာပြန် မှားနေတာမျိုးတွေကို မိဘအနေနဲ့ ထောက်ပြတဲ့အခါ လွယ်လွယ်နဲ့ လက်မခံပဲ ဒါမဟုတ် လက်ခံလိုက်ရရင်လည်း မိဘကွယ်ရာမှာ အဲဒီကလေးကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး ဆက်ဆံတတ်ကြပါတယ်၊၊ နုနယ်တဲ့ မူလတန်းကလေးငယ်တွေ ရင်ထဲမှာတောင် ဆရာမကို ဖားထားရမယ်လို့ စွဲထင်သွား စေအောင်ကို ဖျက်ဆီးထားခံနေကြရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ လူတန်းစား မခွဲခြားပဲ အားလုံးသော ကလေးတွေကို တန်းတူညီမျ အခွင့်အရေး ရစေချင်တယ်။ အဲဒီလို အခွင့်အရေးမျိုးကို မျော်လင့်နေကြတဲ့ မျိုးဆက်သစ်ကလေးတွေ အမိဗမာပြည်ကြီးမှာ အများကြီး အများကြီး ရှိနေကြပါတယ်။ ထက်မြက်တဲ့ ဉာဏ်ရည်တွေနဲ့ သူတို့ဝါသနာပါရာကို အပူအပင်မဲ့စွာ ဆည်းပူးခွင့် ရကြမယ်ဆိုရင် အနာဂါတ် ဗမာပြည်ကြီးဟာ ရွှေရောင်တောက်ပနေမှာ မလွဲပါဘူး။

သူ့ကျွန်ဘ၀မှာ လူတိုင်းမသင်ယူနိုင်တဲ့ ကျွန်ပညာရေးကို သပိတ်မှောက်ပြီိး အမျိုးသားကျောင်းတွေ ထူထောင်ပြခဲ့တဲ့ မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေနဲ့ ပညာဝန် ဦိးဖိုးကျားတို့လို ပုဂ္ဂိုလ်ကြီးတွေ၊ နောက်ပြီး ဗမာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ ပညာရေး ပြယုဂ် သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီိးတွေသာ ရှိနေဦး မယ်ဆိုရင် ဒီနေ့ခေတ်ဗမာနိုင်ငံကို ဘယ်လို ပြုပြင် ပြောင်းလဲပြမလဲလို့ စဉ်းစား သတိရလိုက်မိပါတယ်။
(ခင်မင်းဇော်)

Wednesday, October 31, 2007

ကျောင်းသားတပ်မတော် ဖွဲ့စည်းခြင်း(၁၉)နှစ်ပြည့်


(တကယ်က နိုင်ငံတခုမှာ ကျောင်းသားတွေ လက်နက်ကိုင်တဲ့အဆင့်ရောက်တယ် ဆိုတာဟာ ဒီမိုကရေစီ အဆုံးစွန် ဆိတ်သုဉ်းနေတာကို ပြတာပဲ)
(ဒေါင်းအိုးဝေစာစဉ်မှ)
၁၉၈၈ ခုနှစ် မတ်လ(၁၃) ရက်နေ့ကစလို့ လက်နက်မပါပဲ ငြိမ်းချမ်းစွာနဲ့ ကိုယ့်မကျေနပ်ချက်တွေကို ဖော်ထုတ်ပြသခဲ့ကြတဲ့ ကျောင်းသားတွေကို သေနတ်နဲ့ပစ် ဖြိုခွင်းခဲ့တယ်။ နောက်ပြန်လှည့်ပြေးနေတဲ့ ကျောင်းသားတွေကို ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခဲ့လို့ ကိုဖုန်းမော် ကျဆုံးခဲ့တယ် ။ နောက် ကိုစိုးနိုင်က တလအကြာမှာ ထပ်မံ ကျဆုံးခဲ့ပြန်တယ်။
အဲဒီကစလို့ ကျမတို့နိုင်ငံရဲ့ သမိုင်းမှာ ဖျောက်ဖျက်မရနိုင်တဲ့ ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီကစလို့ ကျမတို့နိုင်ငံရဲ့ သမိုင်းမှာ သာမက တကမ္ဘာလုံးရဲ့ သမိုင်းမှာတောင် မပေါ်ပေါက်ခဲ့ဘူးသေးတဲ့ ကျောင်းသားတပ်မတော် ပေါ်ပေါက်လာခဲ့တယ်။
အဲဒီကစလို့ ဘော့ပင်ကိုင်ပြီး စာအုပ်ဖတ်နေချင်တဲ့ ကျောင်းသားတွေက စာသင်ခန်းကိုစွန့်လွှတ်လို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တယ်။
အဲဒီကစလို့ တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့တက္ကသိုလ် လို့ကြွေးကြော်ခဲ့တယ်။
အဲဒီကစလို့ ကျောင်းသားတပ်မတော် ဆက်လက်ရှင်သန်နေခဲ့တယ်။ ဘယ်လိုအခက်အခဲတွေ တွေ့တွေ့ မလျှော့သောဇွဲနဲ့ ဆက်လက် ချီတက်နေဦးမယ်။
ို
ငါတို့သည် ငါတို့၏ ခန္ဓာအား မေးကြည့်၏။
ငါတို့၏ခန္ဓာကဖြေ၏
ငါသည်တော်လှန်ရေး..။
(စစ်အာဏာရှင်စနစ် ကျဆုံးသည်ထိ ဆက်လက်တိုက်ပွဲဝင်နေမည့် ကျောင်းသားတပ်မတော်၏ ဖွဲ့စည်းတည်ထောင်ခြင်း ၁၉ နှစ်မြောက်အမှတ်တရအဖြစ်
ကျဆုံးသွားခဲ့သော အာဇာနည်ရဲဘော်များ၊
ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြသော ရဲဘော်များ၊
ရန်သူ့အကျဉ်းစခန်းများတွင် အကျဉ်းကျခံနေရသောရဲဘော်များနှင့်
ယခုချိန်ထိဆက်လက်တော်လှန်တိုက်ပွဲဝင်နေသော ရဲဘော်များအားလုံးကိုလေးစားဂုဏ်ပြုပါသည်။)

Sunday, October 28, 2007

ငါသည်တော်လှန်ရေး

ရွှေဝါရောင်တော်လှန်ရေးကြီး သွေးမြေကျရတဲ့ တလပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်းကဗျာဆရာတစုနဲ့ ကျောင်းသားတစုက ကဗျာရွတ်ပွဲတခုကို တိတ်ဆိတ်စွာ ကျင်းပခဲ့ကြပါတယ်။ ထောက်လှမ်းရေးတွေ သတင်းပေးတွေရဲ့ မျက်လုံးတွေ အောက်မှာပဲ ကျင်းပရတဲ့ ဒီပွဲလေးမှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရတဲ့ ရဟန်းတော်တွေ ကျောင်းသားပြည်သူတွေအတွက် သူတို့ရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို ဆက်လက်သယ်ပိုး ထမ်းဆောင်သွားပါ့မယ်လို့ နာကျင်စွာနဲ့ သံဓိဌာန်ချခဲ့ကြပါတယ်။
တယ်လီဖုန်းထဲက ကဗျာရွတ်သံကို နားဆင်ရင်း မျှဝေပေးချင်စိတ်နဲ့ ဒီကဗျာလေးကို တင်ပေးလိုက်ပါတယ်။ အသံကိုတော့ အခြေအနေ အကြောင်းကြောင်းကြောင့် တင်မပေးနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်။

ငါသည်တော်လှန်ရေး

ငါတို့သည် ငါတို့၏ နှလုံးသားများအား မေးကြည့်၏..

ငါတို့၏နှလုံးသားများက ဖြေ၏..

ငါသည်တော်လှန်ရေး။

ငါတို့သည် ငါတို့၏အသွေးအသားများအား မေးကြည့်၏..

ငါတို့၏အသွေးအသားများက ဖြေ၏..

ငါသည်တော်လှန်ရေး။

ငါတို့သည် ငါတို့၏ခန္ဓာအားမေးကြည့်၏..

ငါတို့၏ခန္ဓာက ဖြေ၏..

ငါသည်တော်လှန်ရေး။ ။

(ပြည်တွင်းကဗျာဆရာတဦး)

Friday, October 26, 2007

ရွှေဝါရောင်တော်လှန်ရေး တလပြည့်


တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ပို့ဖို့ လက်မှတ် ၁သန်း ပြည့်အောင် ဒီနေရာမှာ မြန်မြန် ထိုးကြစို့

အန်တီစုနဲ့ စကားစမြည်

(၂၅၊၁၀၊၂၀၀၇) နေ့လည် ၁နာရီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နအဖဆက်သွယ်ရေး အရာရှိ ဦးအောင်ကြည်တို့ တွေ့ဆုံကြစဉ်

ဒီတွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက အသံမထုတ်ပဲ သတင်းကြေညာ ထုတ်လွှင့်သွားတာကို ကြည့်ရပါတယ်။ အန်တီစုပြောတဲ့ စကားတွေကို ဦးအောင်ကြည်က ခေါင်းတခါခါနဲ့ နားထောင်နေတာကို စိတ်မောစွာ မြင်ရပါကြောင်းလဲ ဖောက်သည်ချလိုက်ပါတယ်။ သူ့ကို ခေါင်းမညိတ်တတ်အောင် သင်တန်းအရင် ပေးလိုက်ပုံပါပဲ........
အော်..... ဆက်သွယ်ရေး အရာရှိလို့ နာမည်ပေးထားတာပဲလေ .....

A Monk’s Tale of Protest and Escape From Myanmar


By THOMAS FULLER (The New York Times)
October 26, 2007
MAE SOT, Thailand, Oct. 25 — A 24-year-old Buddhist monk who says he was one of the leaders of the recent protests in Myanmar and escaped last week painted a picture on Thursday of a bare-bones group of young monks planning and organizing what became a nationwide uprising.

During a six-hour interview in this border town, the monk, Ashin Kovida, said he had been elected the leader of a group of 15 of his fellows and led daily protests in Yangon from Sept. 18 through Sept. 27, the day after the authorities began raiding monasteries.

He said he was inspired by the popular uprisings in Yugoslavia against the government of Slobodan Milosevic, videos of which were circulated by dissident groups in Myanmar.

Eight members of his organizing committee are “missing” and six others are hiding in Yangon, he said. He described escaping to Thailand by using a false identification card, dyeing his hair blond and wearing a crucifix.

Many details of Mr. Kovida’s account could not be independently confirmed, but his role as an organizer was well known among nongovernmental organizations in Myanmar, formerly Burma, and Western human rights groups.

Hlaing Moe Than, 37, a leading organizer of students in the September demonstrations who also fled to Thailand, was shown a picture of Mr. Kovida on Thursday and confirmed his identity.

“He is one of the famous leaders among the Buddhist monks during the protests,” Hlaing Moe Than said.

Mr. Kovida’s group received financial help from three well-known Burmese dissidents — an actor, a comedian and a poet — but it did not receive foreign aid during the protests, he said.

One of his main preoccupations, he said, was providing food for the thousands of monks who came to Yangon, Myanmar’s main city, to join the protests. He said he also worried about what he called “fake monks,” whom he suspected the military government had planted.

The spark for the demonstrations came on Sept. 5, when the police fired warning shots at protesting monks in Pakokku, in central Myanmar, Mr. Kovida said.

“The first time I heard the information, I was speechless,” he said. “It was an unbelievable thing.”

Older monks and abbots urged the monks to protest in the monasteries, but the younger monks thought protesting in their cloistered world would do no good, he said.

He reached out to students he had met during alms collections and began to plan marches in Yangon.

“We realized that there was no leadership — a train must have a locomotive,” he said.

He said he helped supervise the printing of hundreds of pamphlets, titled, “The Monks Will Come Out Onto the Streets.”

“We delivered to all the monasteries.” in Yangon, he said. “We tried to distribute to other regions as much as possible.”

On Sept. 18, he led the first column of monks through the streets in Yangon, he said.

On Sept. 19, about 2,000 protesters, including 500 monks, sat on the tiled floor in Sule Pagoda, a focal point of the protests. “To continue demonstrations in a peaceful way we must have leadership,” Mr. Kovida said he told them. “I call on 10 monks to come join me in the front.”

Fifteen monks came forward, he said, to form what they called the Sangga Kosahlal Apahwe, the Monks Representative Group.

“In this country at present we are facing hardships,” he said he told the crowd, after he was elected chairman of the group. “People are starving; prices are rising. Under this military government there are so many human rights abuses. I call on people to come to join together with us. We will continue these protests peacefully every day until we win. If there are no human rights, there is no value of a human.”

He said that, for a week, he met with his group of organizers in the morning and led marches at noon. He said he heard reports on the Burmese-language service of the BBC about other monks who had organized themselves but he had never met them.

Then, on Sept. 26, the government began a violent crackdown. Security forces clubbed and tear-gassed protesters, blocked their path and arrested hundreds.

“The police pulled the monks’ robes and beat them,” Mr. Kovida said. “Nuns were stripped of their sarongs.”

He said he escaped by climbing over a brick wall.

The next day, as the crackdown intensified, he said he changed out of his robes and fled to a village about 40 miles away where, with the help of relatives and friends, he hid in an abandoned wooden hut.

He was so afraid of attracting the attention of neighbors that he suppressed his coughs and never left the dark hut for two weeks, he said. He relieved himself using a plastic bucket, he said, and friends occasionally dropped off food.

On Oct. 12, his adoptive mother, whom he called Daw Thin Thin Khaing, was detained, news that was immediately relayed to him. He fled into the night, barefoot.

“I ran down a large road,” he said. “Whenever a car came I hid in the bushes.”

He headed back to Yangon, he said, where he dyed his hair blond. He bought a crucifix in a local market and, several days later, boarded a bus heading toward the Thai border.

Using a false identity card, he passed about eight checkpoints and reached Myawadi, a border town, on Oct. 17. The next morning, he said, he crossed the Moei River to Thailand in a boat, bypassing the official border post.

An Oct. 18 article in The New Light of Myanmar, the state-run newspaper, accused him of hiding “48 yellowish high-explosive TNT cartridges” in his monastery.

Now, facing almost certain detention in Myanmar, Mr. Kovida said he would request refugee status in Thailand.

“I have been in the monkhood since I was so young,” he said. “My whole life, I have been studying only Buddhism and peaceful things.”


(တကယ့်ကို လေးစားဖွယ် သတ္တိရှိစွာ ပြည်သူ့ဖက်က ရပ်တည်ခဲ့သူ ဦးဇင်းဦးကောဝိဒအား ဂုဏ်ပြုခြင်းအားဖြင့် အမှတ်တရပို့စ်အဖြစ် တင်ပြထားပါသည်)

Friday, October 19, 2007

ဘေဘီနီလာသိန်း ဧချင်း

ဖေဖေကိုဂျင်မီ မေမေမနီလာသိန်း တို့နဲ့ သမီးလေးဖြူနေခြည်မင်းယု
(၁၉၊၆၊၂၀၀၇)

ဘေဘီနီလာသိန်း ဧချင်း

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့နှင့် ဝေးရသနည်း။

သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

နို့မ၀၍
ညညထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တမိုးသောက်လျှင်
နောက်ထပ်တဖန် ငိုဦးမည်။

ဖ မတွေ့၍
ညညနေ့နေ့၊ ဘွားရင်ငွေ့မှာ
မေမေ့သမီး၊ ငိုရှာမည်။

မိ မလာ၍
နို့ဆာနို့ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ၊ ငိုတော့မည်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …


နို့မရ၍
တညထငို၊ ကျီးအုပ်ပြိုသည်
ခွေးညိုထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင် ထပ်တော့၏။

အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း
တရံမလပ်၊ စက်သေနတ်တို့
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

ဖက်ဆစ်ခေတ်သို့
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ၀င်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီးလန့်၍ ငိုပြန်သည်။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
“စစ်အစိုးရ ကျဆုံးပါစေ”။

သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
“လူထုအစိုးရ ပေါ်ထွန်းပါစေ”။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး …

သမီး နို့မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။

အမေ့ နို့သက်၍လည်း
သမီးတိုက်ပွဲ မပျက်။

ဟိံ သစ္စံ၊ အမှန်ဖက်၍
“အစိုးရပျက်”
“အာဏာစက်”ကို
ဓမ္မစက်နှင့် “ဖျက်”စေသတည်း။ ။

အောင်ဝေး
(၂၉-၉-၀၇)

(၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ ကိုဂျင်မီနှင့် မနီလာသိန်းတို့၏ သမီးငယ်သို့ …)

Thursday, October 18, 2007

မင်းကိုနိုင်မွေးနေ့





ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျမတို့ရဲ့ ကျောင်းသားခေါင်းဆောင်မှတဆင့် ပြည်သူတွေက အသိအမှတ်ပြုတဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် တချိန်မှာ တက်လှမ်းသွားတော့မယ့် ကိုမင်းကိုနိုင်ရဲ့ (၄၅) နှစ်ပြည့်မွေးနေ့ပွဲကို မွေးနေ့ရှင်မရှိပဲ ကျင်းပခဲ့ရပြန်ပါပြီ။

မင်းကိုနိုင်ဆိုတာနဲ့ ခွပ်ဒေါင်းအလံကို မြင်တယ်...
လူထုတိုက်ပွဲတွေကို မြင်တယ်....
စစ်ကြောရေးစခန်းတွေကို မြင်တယ်...
အကျဉ်းထောင်တွေကို မြင်တယ်...
သူ့နာမည်ကြားလိုက်တာနဲ့ အဲဒီအရာ ၄ ခုကို မြင်ယောင်မိတယ်တဲ့...
ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အကိုကြီးတဦးက အဲဒီလို ပြောပြခဲ့တယ်။

သူဟာ ... လူထုနဲ့အတူ ရှိနေတယ်...
လူထုကို အသိပေးတယ်...
လူထုတွေရဲ့ ရဲဝံ့တဲ့စိတ်ကို ဖော်ထုတ်ပေးတယ်...
လူထုကို လက်တွဲ.. လူထုရှေ့က တပ်ဦးက ရဲရဲဝံ့ဝံ့ ချီတက်တယ်...
အဲဒါမင်းကိုနိုင်ပါပဲ..
(ကိုမင်းကိုနိုင် စစ်ကျွန်ဘ၀က အမြန်ဆုံးလွတ်မြောက်လို့ တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ...)

အသံ ဆန်းစစ်ပွဲ

ဝန်ကြီးတွေ ရန်သူကို အပြတ်ရှင်းဖို့ အမိန့်ပေးနေတဲ့ အသံနဲ့ အခုအသံ ဆန်းစစ်ကြည့်ကြရအောင်။
ကျမတို့ တခုခု သိလိုက်ရမယ် ထင်ပါတယ်။ အခု ဗွီဒီယို ဖိုင်ထဲက ဘုန်းကြီးက ကြခတ်ဝိုင်းဆရာတော် ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် အသက် (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုဂျင်မီတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပဲခူးကြခတ်ဝိုင်းဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။ အဲဒီမှာ ဆရာတော်ကြီး ရေစက်ချပေးနေပါတယ်။

ကျမကတော့ ကြခတ်ဝိုင်းဘုန်းကြီးအသံလို့ ပြောနေကြတော့ အဖြေဟုတ်မဟုတ် သိချင်လို့ တင်ပေးလိုက်ပါတယ်။
တူမတူကို နားထောင်ဆန်းစစ်ပြီးရင် ကွန်မန့်ပေးခဲ့ကြပါဦး။
အလုပ်မရှိ အလုပ်ရှာသူ ခင်မင်းဇော် ဖြစ်ပါတယ်။

Monday, October 15, 2007

နအဖ သတင်းစာ......တခါတလေတော့ မှန်သား


ဒီပုံကို မှားယွင်း ထည့်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...
ကိုယ့်လူတွေ ဌာနတိုင်းမှာ ရှိတယ်ဆိုတာကို နအဖ ငြင်းဦးမှာလား....
ပြည်သူတွေ...ဆိုတာ ပြည်သူအချင်းချင်းဘက်မှာပဲ ရပ်တည်မယ်ဆိုတာကို ဦးသန်းရွှေတို့ သဘောပေါက်....

အာဏာရှင်ကို အမြစ်ဖြုတ်ရန်

ဒီအတိုင်းလုပ်။ အာဏာရှင် အမြစ်ပြုတ်မည်။

၁။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များကို အားပေးသော အလုပ်မှန်သမျှကို ရှောင်ရှားမည်။

၂။ ငါတို့သည် နအဖ အတွက် အလုပ်ကို ဆိုးဆိုးရွားရွားလုပ်ပေးမည်။ ဖြည်းလေးစွာ လုပ်ပေးမည်။

၃။ ငါတို့သည် နအဖ ၏ အရေးပါသော စက်ကိရိယာများ၊ စက်ယန္တရားများ၊ ကို ဖျက်ဆီးပစ်ရမည်။

၎။ ငါတို့သည် နအဖအတွက် အကျိုးရှိနိုင်မည့် အရာမှန်သမျှကို ဖျက်ဆီးပစ်ရမည်။

၅။ ငါတို့သည် နအဖ ထုတ်ဝေသော ရုပ်မြင်သံကြားသတင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ စာစောင်များကို သပိတ်မှောက်ရမည်။

၆။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များပိုင် ဆိုင်များတွင်ဈေးမ၀ယ်တော့ပါ။ နအဖ နှင့် အဆက်အနွယ်များ ပိုင် ကုန်ပစ္စည်း အမျိုးမျိုးကို မစားသုံးတော့ပါ။

၇။ ငါတို့သည် နအဖ တို့၏ ဆက်သွယ်ရေး၊ နအဖ၏ အင်ထရာနက် ကွန်ယက်များ၊ သယ်ယူပို့ဆောင်ရေးများ အားလုံးကို နှောင့်နှေး ပိတ်ဆို့ အောင်ပြုလုပ်မည်။

၈။ ငါတို့သည် နအဖ နှင့် အဆက်အနွယ်များအား သူတို့နှင့် ထိုက်တန်သည့်အတိုင်း ဆက်ဆံရမည်။ အရေးတယူ မဆက်ဆံတော့ပါ။ ရှောင်ကျဉ်ရေးမူကို လုပ်ဆောင်မည်။

၉။ ငါတို့သည် ရဟန်းတော်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ပြည်သူများ ကို နအဖ တို့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း မခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ကြမည်။ လွတ်မြောက်အောင် ကြံဆောင်ပေးကြမည်။ ကျန်ရစ်သော ဘုန်းတော်ကြီးကျောင်းများ၊ ကျန်ရစ်သူမိသားစုများ ၏ စားဝတ်နေရေး၊ ပညာရေးများကို လူအားငွေအားစသည့် နည်းလမ်းပေါင်းစုံဖြင့် ထောက်ပံ့ ကူညီစောင့်ရှောက်ကြမည်။

Thursday, October 11, 2007

ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များ

ကျမတို့ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသော ရွှေဝါရောင်တော်လှန်ရေး ကို အရုပ် အသံ များနှင့် တွေ့မြင် သိရှိခဲ့ရပါသည်။ အသက်စွန့်လွှတ်သွားခဲ့သူ ရဟန်းသံဃာ ကျောင်းသားပြည်သူအပေါင်းကို လေးစားစွာ ဦးညွှတ်ရင်း၊ မိမိအတ္တတွေကို တော်လှန်ရင်း အနိုင်ယူကာ၊ စိတ်ဓါတ်စစ်ဆင်ခြင်းဖြင့် ရန်သူ နအဖကို တုန်လှုပ်စေသည့် သူရဲကောင်းများအဖြစ် သတ်မှတ်ဂုဏ်ယူမိပါသည်။ ကျောင်းသားတပ်မတော် ရဲဘော်တဦးရဲ့ ပရင့်ထုတ်ထားသော ဒီဆောင်းပါးကို ဖတ်ရှုမိပြီး ရရှိခံစားလိုက်ရမှုကို မျှဝေပေးချင်စိတ်ဖြင့် ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပြီး စကားလုံးတိုင်း စာကြောင်းတိုင်းကို သေချာခံစား နားလည်ပေးနိုင်ခဲ့လျှင် ဝေမျှရကျိုးနပ်ပါသည် ဟု ဆိုချင်ပါသည်။
ဖုန်မှုန့်များ တိုက်ပွဲများ စိန်မှုန်ပွင့်များ

မကြာမီက အပစ်အခတ်ရပ်စဲရေး အဖွဲ့တခုအတွင်းမှ တိုက်ဖော်တိုက်ဖက်ဟောင်း တဦးနှင့် ကျနော် စကားလက်ဆုံကျ ဖြစ်ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် အတူပါလာသော ခေတ်ပျက်ဇောတိကများက အာဇာနည်တို့၏ အရိုးပုံပေါ်တွင် အတ္တနိဗ္ဗာန်ဘုံ တည်ဆောက်နေကြကြောင်း သူက ကြေကွဲဝမ်းနည်းစွာ ညည်းတွား ပြောဆိုခဲ့ပါသည်။

ကျနော်သည် သူ၏နာကျင်မှုဝေဒနာကို နားလည်မျှဝေ ခံစားခဲ့ပါသည်။ တချိန်တည်းမှာပင် အာဇာနည်များထဲမှ ကျနော်လေ့လာ သင်ယူခဲ့ဖူးသော လောကသစ္စာ စိန်မှုန်ပွင့်များကိုလည်း ဆင်ခြင် အောက်မေ့မိပါသည်။
အထက်တန်းကျောင်းသား အရွယ်လောက်မှစ၍ ‘ဘ၀အနက်အဓိပ္ပာယ်’ အမှန်တရားကို သိနားလည်လိုသော အာသာဆန္ဒ ကျနော့်ရင်မှာ ကိန်းအောင်နေခဲ့ပါသည်။ အဖြေတွေ့နိုးနိုးနှင့် လက်လှမ်းမီသမျှစာအုပ်များ၊ လူပုဂ္ဂိုလ် ဆရာသမားများထံ ကျနော်ဆည်းကပ်ခဲ့ပါသည်။ ရိုးသား စွာဝန်ခံရလျင် ရလာသမျှအဖြေများက ကျနော်၏ဆာလောင်မှုကို မပြေပျောက်စေခဲ့ပါ။ ရင်သည် အလိုမပြည့်မှုဖြင့် လစ်ဟာနေခဲ့ပါသည်။

နောင်အခါကျမှသာ ‘ဘ၀ဆိုသည် တရားမျှတမှုကို ထိန်းသိမ်းခြင်းနှင့် မတရားဖိနှိပ်စော်ကားမှုကို ပုန်ကန် တော်လှန်ခြင်း’ ဖြစ်ကြောင်း ကျေနပ်စွာ လက်ခံယုံကြည်နိုင်ခဲ့ပါသည်။ ထိုယုံကြည်မှုကပင် ကျနော့်အား သူပုန် တပ်သား ဘ၀သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသည်။

လက်တွေ့ တိုက်ပွဲစစ်မြေပြင်တွင် အဖိနှိပ်ခံပြည်သူအပေါင်း၏ မျက်ရည်များ၊ သွေး၊ ချွေး၊ အသက်များ အဆမတန် စတေးခဲ့ရသည်ကို မြင်တွေ့ လိုက်ရသောအခါ အမှန်တရားအတွက် ပေးဆပ်ရသည့်တန်ဖိုးကား ကြီးမားလွန်းလေစွဟူသော အသိတခု ဖြစ်ပေါ်လာပါသည်။ ထိုအသိက ကျနော့်အား ပုစ္ဆာသစ်တခု ပေးလာ ပါသည်။

‘အမှန်တရားအတွက် အသက်စွန့်ဖို့ အသင့်ဖြစ်ရဲ့လား။’ ထိုမေးခွန်းသည် ကျနော့်အတွက် ထိုစဉ်က တုန်လှုပ် ချောက်ချားဖွယ် အမှန်တရားတခု ဖြစ်ခဲ့ပါသည်။ သေခြင်းတရား၏ ရက်စက်မှုဖြင့် စိုထိုင်းအေးစက်နေသော လက်ချောင်းများက ကျနော်၏လည်ပင်းကို ပွတ်သပ်ကျီစယ် လိုက်သလို ခံစားခဲ့ရပါသည်။

‘အသင့်ရှိသူ အသက်စွန့်၍ အသင့်မရှိသူ ကြောက်ဒူးတုန်၏။’
‘ကိုယ်ကျိုးစွန့်သူအနိုင်ရ၍ ကိုယ်ကျိုးကြည့်သူ အညံ့ခံ၏။’
ဤသည်မှာ လက်တွေ့တိုက်ပွဲအတွင်းမှ အငြင်းမထွက်သော အမှန်တရားဖြစ်ပါသည်။
ကျနော်သည် ဖိနှိပ်မှုကို ကြောက်ဒူးတုန်အရှုံးပေးသူ မဖြစ်ချင်ခဲ့ပါ။ အသက်စွန့်ရန် အသင့်ရှိပြီး အနိုင်ရသူသာ ဖြစ်ချင်ခဲ့ပါသည်။ ဤတွင် ကျနော့်ကိုယ်တွင်း၌ ပဋိပက္ခတိုက်ပွဲပေါ်ပါသည်။ ကျနော့် အသိဉာဏ်က ကိုယ်ကျိုးစွန့်ဖို့ တောင်းဆိုပြီး ကျနော့်အတ္တက ငြင်းဆန်ပါသည်။

မတရားမှုမှန်သမျှကို တိုက်ရသောတိုက်ပွဲသည် မိမိကိုယ်တွင်းမှ အတ္တစိတ်ကို တိုက်ရသော တိုက်ပွဲနှင့် ခွဲမရကြောင်း ထင်ရှားလာပါသည်။ အတ္တစိတ်ကို အနိုင်မတိုက်နိုင်လျှင် မတရားမှု ဆန့်ကျင်ရေးတိုက်ပွဲကိုလည်း ဆုံးခန်းတိုင်ပါဝင်ရေးမှာ မဖြစ်နိုင်ပါ။ မတရားမှု ဆန့်ကျင်ရေး တိုက်ပွဲတွင် မပါဝင်ဘဲ မိမိအတ္တစိတ်ကိုလည်း အနိုင်တိုက်နိုင်မည် မဟုတ်ပါ။ ထိုနှစ်ခုသည် အသက်နှင့် ခန္ဓာလို နှစ်ခုပေါင်းမှ တခုဖြစ်ပါသည်။

ကျနော်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဆင်ရင်း မိမိကိုယ်တွင်းမှ အတ္တစိတ်ကို ချေမှုန်းရန် ပြင်ဆင်ရပါတော့သည်။
အတ္တချေမှုန်းရေးတိုက်ပွဲသည် ပုပ္ပါးတောင်ကို ဖြိုရသလို ဖြစ်လေမလား။

ကျနော့်အာရုံတွင် အာဇာနည်များ၏ပုံရိပ် ဖျတ်ခနဲ လင်းလက်လာပါသည်။ ကျနော်တို့တိုင်းပြည်သည် အာဇာနည်များ မွေ့လျော်ရာ တိုင်းပြည်ဖြစ်ပါသည်။ ပြာလဲ့ကြည်လင်သော တိမ်စင်နွေည မိုးကောင်းကင်တွင် သူတို့ကို အစဉ်မြင်တွေ့နိုင်ပါသည်။ သူတို့သည် သမိုင်းခေတ်အဆက်ဆက် မတရားဖိနှိပ်စော်ကားမှု မှန်သမျှကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသော သူရဲကောင်းများ ဖြစ်ကြပါသည်။ ကျနော်တို့ကသာ အမှန်တရားအပေါ် သစ္စာစောင့်သိပါက ကျနော်တို့ရင်ထဲမှ သူတို့၏ သစ္စာစကားသံကို အမြဲတစေကြားနေနိုင်သည်သာ ဖြစ်ပါသည်။ သူတို့အကူအညီကို ရယူနိုင်သည်သာ ဖြစ်ပါသည်။

သူပုန်တယောက်ဖြစ်သော ကျနော်သည် ဓမ္မတာပင် တကျွန်းနှင့် အကျဉ်းထောင်အုတ်ရိုး အတွင်း နှစ်ကာလအတန်ကြာ နေခဲ့ရပါသည်။ တောပန်းတောင်ပန်းတို့ ဝေနေအောင်ပန်ထားလေ့ ရှိသည့် ရှမ်းရိုးမ တောင်တန်းပေါ်တွင် ပြောက်ကျားစစ်သည်တဦးအဖြစ် ဆယ်စုနှစ်တခုကျော်ကြာ လှည့်ပတ်လှုပ်ရှား တိုက်ခိုက်ခဲ့ဖူးပါသည်။

အကျဉ်းထောင်၌ဖြစ်စေ ပြောက်ကျားစစ်မြေ၌ဖြစ်စေ သေအံ့မူးမူး တိုက်ဖော်တိုက်ဖက်များကို ကျနော်ကြိမ်ဖန် များစွာ တွေ့ခဲ့ဖူးပါသည်။ အချို့ ကျနော့်ရင်ခွင်ထက်မှာပင် နောက်ဆုံးထွက်သက်ကို ရှူထုတ်သွားခဲ့ကြပါသည်။ ထိုအတွေ့အကြုံများက ကျနော့်အား သင်ကြားပေးခဲ့သည်မှာ သေခြင်း တရားသည် ကျနော်တို့ ထင်ထားသည်ထက် ပိုမိုရိုးစင်းသည် ဆိုသောအချက်နှင့် အတ္တကင်းစင် ကြည်လင်နေသော သူတို့၏ စိတ်ဓာတ်က ကျနော်တို့ကို အစဉ်နိုးကြား နေနိုင်စေစွမ်းရှိသည်ဆိုသော အချက်ဖြစ်ပါသည်။

ကျနော်တို့ကိုချန်ထားရစ်ကာ အမည်မသိ ဝေးလံရာတနေရာသို့ ထွက်ခွာသွားကြသယောင် ထင်ရသော်လည်း ကျနော်တို့ နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေသူများ ဖြစ်သည်ဆိုသော အချက်ဖြစ်ပါသည်။

သူတို့သည် အဖိနှိပ်ခံလူထုကြီး၏ တရားသောတိုက်ပွဲတွင် ပါဝင်ရင်း သူတို့ကိုယ်သူတို့ မှန်ကန်စွာ ရှာဖွေ တွေ့ရှိသွားသူများ ဖြစ်ပါသည်။ သူတို့ကိုယ်သူတို့ အသိရှိစွာ အသစ်တဖန် ပြန် လည် တည်ဆောက် ခဲ့ကြပါသည်။ သူတို့၏ ခန္ဓာကလာပ်စည်းများ၊ သွေးကြောခက်မြွှာများအတွင်း လှည့်ပတ်ပုန်းခိုနေသော အတ္တစိတ်ကို နောက်ဆုံးထွက်သက်အထိ သတိရှိရှိ တိုက်ပွဲဆင်ခဲ့ကြပါသည်။တိုက်လိုက်ရှုံးလိုက်၊ ထပ်တိုက်လိုက်ထပ်ရှုံးလိုက်နှင့် နောက်ဆုံးတွင်သူတို့ အောင်ပွဲရသွားခဲ့ကြပါသည်။ သူတို့သည် လူ့အဖွဲ့အစည်း ဟောင်းကို ပုန်ကန်ပြောင်းလဲရင်း သူတို့ကိုယ်သူတို့ ပြောင်းလဲပစ်နိုင်စွမ်းရှိသူများ ဖြစ်ပါသည်။ သူတို့သည် အဖိနှိပ်ခံလူသားထုကြီး ချစ်သောအရာကို ချစ်ပြီး မုန်းသောအရာကို မုန်းတတ်ခဲ့ကြပါသည်။ လူထုကြီး ငိုကြွေးသောအခါ သူတို့ ငိုကြွေးကြပီး ရယ်မောပျော်ရွှင်သော အခါသူတို့လည်း ပျော်ရွှင်ရယ်မော ခဲ့ကြပါသည်။သူတို့နှင့်လူထုကြီးအကြား ခြားနားထားသော ဟင်းလင်းပြင်သည် တစတစ ပါးလျား ပျောက်ကွယ် သွားကာ အဆုံး၌ သူတို့သည် လူထုကြီးအဖြစ် လူထုကြီးသည် သူတို့အဖြစ် အပြန်အလှန် ပျော်ဝင်ပေါင်းစည်း သွားကြပါသည်။ လူထုကြီး၏ တန်ခိုးအင်အားမှန်သမျှ သူတို့တဦးချင်းစီ၏ အင်အားအဖြစ် ခုန်ကူးပြောင်း လဲကာ ထိုတန်ခိုးအင်အားမှန်သမျှကို လူထုကြီး၏ တရားသောတိုက်ပွဲအတွက် ပေးဆပ်ခဲ့ကြပါ သည်။

အဖိနှိပ်ခံလူထုကြီး၏ တရားသောတိုက်ပွဲနှင့်ကင်း၍ ကျနော်တို့ ကိုယ့်ကိုယ်ကို မှန်ကန်စွာ ရှာဖွေတွေ့ရှိရန်၊ အသစ်တဖန် ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ကျနော်တို့အား သိမြင်လာစေပါသည်။

သူတို့သည် အခြားသူများနည်းတူ ဘ၀ကို ချစ်ခင်တွယ်တာတတ်သော မွေးရာပါဗီဇစိတ် ရှိကြသည်သာ ဖြစ်ပါသည်။ အတ္တမြူမှုန်တို့ဖြင့် ဖုံးအုပ်ညစ်ထေးနေသော ထိုဗီဇစိတ်ကို ကိုယ်ပိုင် နိုးကြားမှုအသိစိတ်ဖြင့် တိုက်ပွဲဆင်ဆေးကြောရန် လိုအပ်ကြောင်းကိုလည်း သူတို့ သိမြင်ခဲ့ကြပါ သည်။ ဤသည်မှာ တိုက်ပွဲအတွင်းမှ ရရှိထားသော သူတို့၏ ကိုယ်ပိုင်အသိပညာ ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တဦးချင်း၏ အသိဆိုင်ရာ အတိမ်အနက်ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အတ္တဗီဇစိတ် ကို တိုက်ချွတ်သန့်စင်နိုင်သည်နှင့်အမျှ ဘ၀အပေါ် သစ္စာရှိစွာ ခင်တွယ်တတ်သလို သစ္စာရှိစွာပင် စွန့်ခွာနိုင်စွမ်းရှိကြောင်း ကျနော်တို့အား နားလည်လာစေပါသည်။

မိမိဘ၀ကို ချစ်ခင်တွယ်တာခြင်းသည် လူ့အဖွဲ့အစည်းကြီးအပေါ် ချစ်ခင်တွယ်တာခြင်းနှင့် ခွဲခြားမရကြောင်း၊ လူ့အဖွဲ့အစည်းသည် ပန်းတရုံဖြစ်လျှင် လူသားသည် ပန်းတပွင့်ဖြစ်ပြီး၊ ပန်းရုံ မရှိဘဲ ပန်းမပွင့်နိုင်သလို ပန်းများ မပွင့်သော ပန်းရုံသည် မတင့်တယ်နိုင်ကြောင်း သူတို့၏ လက်တွေ့ လုပ်ဟန်များဖြင့် ကျနော်တို့၏ အသိတရားကို လေးနက်စေပါသည်။ သူတို့သည် လူ့အဖွဲ့အစည်းကြီး၏ ကောင်းကျိုးချမ်းသာအတွက် အသက်ရှင်နေထိုင်ခဲ့ကြပြီး ထိုအတွက်ပင် အသိရှိစွာ သေဆုံး ခဲ့ကြပါသည်။ သူတို့၏ ချစ်သူဇနီးမယားများ၊ မိဘမောင်ဖွား အဆွေခင်ပွန်းများ၊ ရဲဘော် ရဲဘက်များ စသည့် ချိုမြစွာနှောင်ဖွဲ့ထားသော ရွှေရောင် သံယောဇဉ်ပိုးကြိုးများကို ညင်သာစွာ ဖြေလျော့သိမ်းဆည်းကာ တရားမျှတမှုအတွက် သေခြင်းတရားနှင့် စီးချင်းထိုးခဲ့ ကြပါသည်။ သူတို့သည် အသက်ရှင်နေစဉ်မှာပင် ရိုးစင်းသော သေခြင်းတရား၏ လျို့ဝှက်ချက်ကို သိမြင်ကာ ကြောက်ရွံ့ခြင်း ကင်းခဲ့ ကြပါသည်။ အတ္တအညစ်အကြေး စင်ကြယ်သောစိတ်သည် သေခြင်းတရား၏ ရိုးစင်းမှုနှင့် လျို့ဝှက်ချက်ကို နားလည်စေနိုင်ကြောင်း၊ အတ္တနှင့်ကင်းလေ အမှန်တရားနှင့် ပိုနီးလေဖြစ်ကြောင်း သူတို့ ၏ စွန့်လွှတ်မှု အတိုင်းအတာ အမျိုးမျိုးဖြင့် ပြသခဲ့ကြပါသည်။

လူအတော်များများအတွက် အနာဂတ်သည် ရောက်မလာသေးသော မရေမရာ အာရုံရိပ်တခု ဖြစ်နေတတ်ပါသည်။ သို့မဟုတ် ဝေးလံသီခေါင်သော မိုးကုပ်စက်ဝိုင်းတံစက်မြိတ်မှေ၀၀ါးဝါး အလင်းတစ ဖြစ်နေတတ်ပါသည်။ သူတို့အဖို့မူ အနာဂတ်သည် သူတို့နှလုံးသားထဲမှ ရှိနေနှင့်ပြီး ထွန်းသစ်စနေတစင်း ဖြစ်ပါသည်။ သူတို့၏ ထက်သန်သော အနာဂတ်အပေါ် ယုံကြည်မှုက အနာဂတ်ကာလတွင်မှ ရရှိမည့် ဆုလာဘ်ကို ပစ္စုပ္ပန်မှာပင် သူတို့အား ချီးမြှင့်အပ်နှင်းလိုက်ပါသည်။ ထိုဆုလာဘ်မှာ တော်လှန်သော သူရဲကောင်းတို့၏ အောင်ပွဲခံစိတ်ဓာတ် ဖြစ်ပါသည်။ အနာဂတ် အောင်ပွဲအပေါ် သံသယရှိသူများ နားမလည်နိုင်သော အရာပင်ဖြစ်ပါသည်။

သူတို့သည် ‘အမှောင်တွင်း၌ ကျိန်စာသင့်ပြီး အသက်ရှင်ရခြင်းထက် အလင်းရောင်ကို ရှာဖွေရင်း သေရသည် ကမှ မြတ်သေးသည်’ ဟူသော အမှန်တရားကို သစ္စာရှိစွာ ယုံကြည်နိုင်စွမ်းရှိသူများ ဖြစ်ပါသည်။ သူတို့သည် အလင်းရောင်ကို ရှာဖွေရင်း သူတို့ကိုယ်တိုင်ပင် အလင်းအဖြစ် အဆန်း တကြယ် ပြောင်းလဲသွားခဲ့ကြပါသည်။ အမှန်တရားကို ရှာဖွေရင်း သူတို့ကိုယ်တိုင်ပင် အမှန်တရား ဖြစ်သွားကြပါသည်။

အလင်းသည် သူကိုယ်တိုင်က အလင်းဖြစ်မှသာ အခြားအရာများအတွက် အလင်းရောင်ဖြန့် ဝေပေးနိုင်ပါသည်။ အမှန်တရားသည် သူကိုယ်တိုင်က မှန်နေမှသာ အခြားအရာများကို အမှန်မြင် လာအောင် သင်ကြား ပေးနိုင်ပါသည်။ အာဇာနည်များသည် သူတို့၏ကိုယ်ပိုင်အလင်း၊ ကိုယ်ပိုင် အမှန်တရားများဖြင့် လူသားတို့၏ အနာဂတ်ခရီးကို လမ်းပြနိုင်ကြပါသည်။

အဓိပ္ပာယ်တခုအရ အာဇာနည်ဆိုသည်မှာ ပုဂ္ဂိုလ်မဟုတ်ပါ၊ အစုအပေါင်းဖြစ်ပါသည်။ မပြည့်စုံမှု မဟုတ်ပါ၊ ပြည့်စုံမှုဖြစ်ပါသည်။ မှားယွင်းမှုမဟုတ်ပါ၊ မှန်ကန်မှုဖြစ်ပါသည်။ အမှောင်ထဲက မမြင်ရသောအရာ မဟုတ်ပါ၊ ကိုယ်ပိုင်အလင်းဆောင် ကြယ်တာရာဖြစ်ပါသည်။ နှိုင်းယှဉ်ချက် မဟုတ်ပါ၊ အကြွင်းမဲ့ဖြစ်ပါသည်။ သေဆုံးမှု မဟုတ်ပါ၊ ထာဝရရှင်သန်ခြင်း ဖြစ်ပါသည်။

အခြားအဓိပ္ပာယ်တခုအရဆိုလျှင် သက်ရှိထင်ရှား တိုက်ပွဲကာလ၌ သူတို့သည် လူပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ အမည်နာမကိုယ်စီ ရှိကြပါသည်။ လူမျိုးအသားအရောင် ခြားနားကြပါသည်။ ကျား၊ မလိင်ကွဲပြားပါသည်။ စရိုက်သဘာဝကိုယ်စီ ထွေပြားပါသည်။ အမှန်အမှား ဒွန်တွဲပါသည်။ မွေးဖွားခြင်း သေဆုံးခြင်းမကင်းပါ။ အကြွင်းမဲ့မဟုတ်၊ နှိုင်းယှဉ်ချက်ဖြစ်ပါသည်။ သို့ရာတွင် အဖိနှိပ်ခံလူသားအပေါင်း၏ တရားသောတိုက်ပွဲ ‘လုံ’ အတွင်းထည့်ကာ ဖိုကျင်ထိုး မီးပြင်းပေးလိုက်ပြီးနောက် အပေါ်ယံအကာ ချေးညှော်မှန်သမျှ ကွာကျ သန့်စင်သွားပါသည်။ ငရဲမီးအတင်ခံသော ဇမ္ဗူရာဇ်ရွှေစင်အဖြစ် ဘ၀ကူးသွားပါသည်။ ထိုအရာသည် ကြီးမြတ် သော မဟာအာဇာနည် ဖြစ်ပါသည်။

အာဇာနည်ကို ပုဂ္ဂိုလ်နှင့် ယှဉ်တွဲရှုမြင်ခြင်းဖြင့် အမည်နာမရှိသူ သူရဲကောင်းကို တွေ့နိုင်ပါသည်။ ကျနော်တို့ အတွက် အတုယူစရာ စံပြနမူနာပုဂ္ဂိုလ်များ ရရှိစေပါသည်။ သူတို့ကိုယ်သူတို့ ဘယ်လိုပြုပြင် တည်ဆောက်ခဲကြသည်၊ အမှားကိုဘယ်လိုမြင်ပြီး ဘယ်လိုပြင်ခဲ့ကြသည်၊ အခက်အခဲကို ဘယ်လို ကျော်နင်းခဲ့ကြသည် ဆိုသည့် ရပ်တည်မှု၊ အမြင်၊ နည်းနာများကို လေ့လာနားလည် လာစေနိုင်ပါသည်။

အာဇာနည်ကို လူပုဂ္ဂိုလ်နှင့် ခွဲခြားရှုမြင်ခြင်းဖြင့် အကောင်အထည်မဲ့သဘော ဖြစ်တည်လာပါသည်။ ကျနော်တို့၏ အခိုင်အမာ လက်တွေ့တိုက်ပွဲတွင်းမှ စုဆောင်းရရှိခဲ့သော တလောကလုံးဆိုင်ရာ အကောင်အထည်မဲ့ အမှန်တရားကို ပိုမိုကြည်လင် ပြတ်သားစွာ နားလည်လာစေနိုင်ပါသည်။ ရေရှည်သဘော၊ တခုလုံးသဘော၊ မုချသဘောတို့၏ ရှေ့နောက်ကြောင်းကျိုးဆီလျော်မှု တသီတတန်းကြီးအပေါ် ယုံကြည်စိတ်ချ နိုင်စွမ်း အားကောင်းလာစေပါသည်။

သူတို့သည် လက်တွေ့တိုက်ပွဲတွင်းမှ စုဆောင်းရရှိထားသော အမှန်တရားတို့ကို စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ အာဝဇန်းရွှင်စွာ ပြန်လည်သင်ကြား ပြသနိုင်သူများ ဟုတ်ကောင်းမှ ဟုတ်မည်ဖြစ် သော်လည်း သူတို့၏ လက်တွေ့လုပ်ငန်းများဖြင့် အကောင်းဆုံး သင်ကြားပေးနိုင်သည့် ဆရာမြတ် များဖြစ်ပါသည်။ ကျနော်တို့ကသာ ကျိုးနွံစွာ သင်ယူလေ့လာဖို့ လိုပါသည်။

သူတို့သည် သူတို့ကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့သော တိုက်ပွဲရလဒ်များ ခံစားခွင့်မရမီ ကျဆုံးသွားနိုင်သည့်အဖြစ်ကို ကြိုတင်သိမြင်ထားကြသူများ ဖြစ်ပါသည်။ တိုက်ပွဲလမ်းခုလတ်၌ သူတို့၏ အရိုးပုံပေါ်တွင် အတ္တ၀ါဒီများ၊ သစ္စာဖောက် အချောင်သမားများက ခေါင်းပေါင်းစတလူလူဖြင့် အတ္တ နိဗ္ဗာန်ဘုံ တည်ဆောက်နိုင်စရာ ရှိမှုကိုလည်း သိမြင်နားလည်ခဲ့ကြသည်သာ ဖြစ်ပါသည်။ ထိုအဖြစ်မျိုးသည် ကြေကွဲဖွယ်ရာ အထောင်၊ အသောင်းအနက် ကြေကွဲဖွယ်အကောင်းဆုံး၊ နာကြည်း ဖွယ်ရာ အထောင်၊ အသောင်းအနက် နာကြဉ်းဖွယ် အကောင်းဆုံးဖြစ်သည့်တိုင် အောင်ပွဲအတွက် အသက်စွန့်ပေးလှူရန် နောက်ဆုံးပိတ် အာဇာနည်တဦး လိုအပ်နေသည် ဆိုလျှင် ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိနေသူများ ဖြစ်ပါသည်။

ရုရှားစာရေးဆရာကြီး မက်ဇင်းဂေါ်ကီ၏ အမေကြီး အိုအီဇာဂျယ်ပုံပြင်ထဲမှ အာဇာနည် ဒန်ကို ၏ တိုက်ပွဲဝင် အောင်ပွဲခံ စိတ်ဓာတ်ဖြင့် သက်ဝင်လှုပ်ရှားနေသော ပုံရိပ်ကို အာရုံပိတ်ကားပေါ်မှာ ထင်မြင်ကြည့် လိုက်ကြစမ်းပါ ဒုက္ခနွံအိုင်ထဲက ဘ၀တူလူသားတို့ အပေါ်ထားရှိသည့် ဟင်းလင်းပြင်လို ကျယ်ပြောနက်ရှိုင်းသော မေတ္တာစိတ်ကြောင့် ကြယ်တစင်းလို လင်းနေသော နှလုံးသားရှိသူ၊ ရင်ကိုခွဲ၍ နှလုံးသား မီးအိမ်နီကို ဆွဲထုတ်ကိုင်မြှောက်ကာ ပူပန်ငိုကြွေးနေသော လူသားအပေါင်းအား လမ်းပြရှေ့ဆောင် ခဲ့သူ၊ ဘေးဒုက္ခအပေါင်းမှ လွတ်မြောက်ပြီးနောက် ပန်းတိုင်အရောက် လဲကျသေဆုံးချိန်၌ သူ့နှလုံးသား မီးအိမ်ကို ငြိမ်းသတ်ရန် ခြေဖြင့်နင်းချေခဲ့သော စက်ဆုပ်ရွံရှာဖွယ် အမည်မသိလူတယောက်။ သို့တိုင် နှလုံးသားအလင်းသည် ငြိမ်းသေမသွားရုံမက စတက်မြက်ခင်းပြင်ကြီးအနှံ့ ပြန့်သွားခဲ့သည့် အဖြစ်။ ပုံပြင်နိဂုံးသည် နိဂုံးနှင့်မတူဘဲ ဂုဏ်ယူလေးနက်ဖွယ်ရာ၊ တက်ကြွဖွယ်ရာ၊ စက်ဆုပ်နာ ကြည်းဖွယ်ရာတို့ဖြင့် ကမ္ဘာကုန်ကျယ်သရွေ့ ကဆုန်စိုင်းပြေးလွှား စီးဆင်းနေတော့မည့် တောင်ကျ ရေတံခွန်တခု၏ နိဒါန်းအစလို။
အောင်ပွဲဥယျာဉ်မုခ်ဦးသို့ ရောက်သည်နှင့် အရေးတော်ပုံအတွက် ရက်ရောစွာ အသက်ပေး လှူခဲ့ကြသူ အာဇာနည် အပေါင်းအား မေ့လျော့ပစ်လိုက်ကြသူများ၊ မေ့လျော့ပစ်လိုသူများ၊ အာဇာနည်တို့၏ အရိုးပုံပေါ်တွင် အတ္တနိဗ္ဗန်ဘုံတည်ဆောက်ကြသူ ကိုယ်ကျိုးရှာသမားများ၊ သစ္စာဖောက် အချောင်သမားများ ဤကမ္ဘာ မြေပြင်ပေါ်တွင် အမှန်တကယ်ပင် ရှိကြပါသည်။

ထိခိုက်နာကျင်ဖွယ်ရာ ထိုဖြစ်ရပ်မျိုးအတွက် လေးနက်ပြည့်စုံ၍ ထိုက်တန်တည်ကြည်သော စကားလုံးတလုံး၊ ၀ါကျတကြောင်း ရေးပြရန်မှာ လွန်စွာခက်ခဲလှပါသည်။

သို့သော်..ကိစ္စမရှိပါ။

ကိုယ်ကျိုးရှာသမားတို့သည် သူတို့၏ ပစ္စုပ္ပန်ခဏအတွက် မအောင်မြင်သော ခိုးယူခြင်းဖြင့် အနာဂတ်ကို ခိုးယူရန် ကြံစည်ကြရင်း အတိတ်၏ အညစ်အကြေးနွံအိုင်ထဲ၌ လဲကျသေဆုံး ရမြဲဖြစ်ပါသည်။

ကိုယ်ကျိုးစွန့်သူများကမူ သူတို့၏ကိုယ်ပေါ်မှာ အတိတ်၏ဖုံမှုန့်များကို ပုတ်ခါသန့်စင်လျက် တောက်ပသော အနာဂတ်အတွက် ပစ္စုပ္ပန်၌ မွေ့လျှော်ရှင်သန် တော်လှန်နိုင်စွမ်း ရှိကြသူများ ဖြစ်ပါသည်။

မြတ်နိုး
(၁၄၊ ၁၂ ၊၂၀၀၅ ခေတ်ပြိုင် အွန်လိုင်းမဂ္ဂဇင်းမှ)