Monday, March 17, 2014

သူနဲ့ကျမ


မနက် အိပ်ယာထချိန်...

သားကိုကျောင်းလိုက်ပို့ရတာ သူ့တာဝန်ဆိုတော့ ကျမက မနက်စားဖို့စီစဉ်ပေးပြီးရင် သူတို့သားအဖ ၂ယောက်ကို တက်နှိုးရတယ်။ သားက နှိုးပြီးလို့ အောက်ထပ်ဆင်းသူလုပ်စရာ ရှိတာ လုပ်ပြီး စားသောက်ပြီးလို့ အပေါ်ထပ်ပြန်တက် ကျောင်းဝတ်စုံလဲခါနီး တခါ ထပ်မနှိုးမိရင် သူ့ဘာသာ ဘယ်တော့မှမထပဲ နှပ်နေတတ်သေးတာ။  ဟာ ခုန နှိုးထားတာ ခုထိမထသေးဘူးလား !@#$%^&*

တခါတလေကျပြန်တော့ မနက်စောစော ထပြီး ရေဒီယိုကို ကွိစိကွစတွေ ကလိနေတတ်သလို တီဗီက သတင်းတွေ ကြည့်နေပြန်ရော။ ဘဲလ်ပေးထားတာ မမြည်ခင်သူ့ အသံတွေကြောင့် ကိုယ်က နိုးရတော့ စိတ်က သိပ်မကြည်ပဲ ပွစိပွစိ မနက်ခင်း  !@#$%^&*

ကျောင်းပို့ပြီး နံနက်ခင်းစာ စားချိန်...
ကျမ... ဘာစားမလဲဟေ.
သူ...... မင်းစားချင်တာစားပေါ့.
ကျမ.... ဘယ်ဆိုင်သွားမလဲဟေ..
သူ... မင်းသွားချင်တဲ့ဆိုင်သွားလေ...
ကျမ... မုန့်ဟင်းခါးဆိုင်သွားမလား လဘက်ရည်ဆိုင်သွားရမလား ကူစဉ်းစားပေးဦး။
သူ... မင်းဘာစားချင်တာလဲ အဲဒီဆိုင်သွားမယ်။
ကျမ... ဟာ စဉ်းစားပေးပါဆိုတာ ငါ့ကိုပဲ စဉ်းစားခိုင်းတယ်။ ငါချည်းပဲ စဉ်းစားနေရတာ။ သူကတော့ တခါမှ ကူမစဉ်းစားဘူး..!@#$%^&*

ဟင်းချက်ဖို့ ဈေးဝယ်ချိန်..
ကျမ....ဘာချက်ရင်ကောင်းမလဲ ။
သူ... မင်းစားချင်တာ ချက်လေ...
ကျမ... နင်ဘာစားချင်လဲ...
သူ.... မင်းချက်တာပဲ စားမယ်..
ကျမ... အေးလေ ဘာချက်ရမလဲ စဉ်းစားပေးဦး။
သူ.. လွယ်တာပဲ ချက်ဟာ..
ကျမ.. အေးလေ ဘာလွယ်တာ ချက်ရမယ် မသိလို့ပေါ့။
သူ.... အေးလေ ဒါဆိုလဲ ချက်မနေနဲ့..
ကျမ.. မချက် ဘာနဲ့ စားမလဲ။
သူ.. ၀ယ်စားလိုက်တာပေါ့။
ကျမ... ဘာဝယ်စားမလဲ။
သူ... မင်းစားချင်တာ ၀ယ်ပေးမယ်။။
ကျမ...... ဘာစားရမလဲ မသိဘူး။
သူ.. စဉ်းစားကြည့်ပေါ့။ စားချင်တာ ၀ယ်ပေးမယ်။
ကျမ...ကိုယ့်ဘာသာပဲ ချက်တော့မယ်။
သူ... ပြော သွားဝယ်ပေးမယ်။ ဘာဝယ်ပေးရမလဲ။
ကျမ...ဟာ ငါချည်းပဲ စဉ်းစားရတယ်။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

ညနေစားပြီးချိန်..
ကျမ ... ကဲ အလုပ်တော့ ပြီးပြီ။ ဘာလုပ်ရပါ့။
သူ...... လမ်းလျှောက်မလား..ဘယ်သွားမလဲ။
ကျမ... အေး ဘယ်သွားရပါ့။
သူ... မင်းသွားချင်တဲ့နေရာသွားပေါ့။
ကျမ..... အေးလေ အဲဒါ ဘယ်သွားရမလဲ စဉ်းစားပေးဦး။
သူ.. ... စားစရာ သွားဝယ်မလား။
ကျမ... မနက်က ၀ယ်ထားပြီးပြီလေ။
သူ.. ဒါဆို မုန့်သွားစားကြမလား။
ကျမ ... ညဘက်ကြီး မစားချင်တော့ပါဘူး။
သူ .. ဒါဆို ဘာလုပ်မလဲ။ ဘယ်သွားမလဲ ပြော။။
ကျမ... ဟင် ငါချည်း စဉ်းစားရတယ် ။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

(ကျမပီအေ ရဲ့ ၄၈နှစ်ပြည့် မွေးနေ့ အမှတ်တရ )
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, March 10, 2014

ရောက်တတ်ရာရာ

                                              အတွေးတွေက မိုးတိမ်ပမာ
                                         လေနှင်ရာ ဝေ့၀ဲ ရောက်တတ်ရာရာ
မနက်က ကုလားဆိုင်ကနေ အမဲသား ကီလိုဝက် ၀ယ်တယ်။ အမဲသားကို ကိုယ်တိုင်က မကြိုက်ပေမယ့် သားက ကြိုက်တော့ သူစားဖို့ ချက်ဦးမယ်ဆိုပြီး ၀ယ်တာပါ။ အသားကို မရွေးတတ်တော့ ကောင်းတာလေးပဲ ထည့်ပေးပါဆိုပြီး ပြောလိုက်တာ အိမ်မှာ ချက်တော့ ခဏလေးနဲ့ နူးသလို အသားက အတော်ကောင်းတယ်။ သန့်နေတာပဲ။
တချိန်တည်းပဲ ငါးဖယ် ငါးဆုပ် ၀ယ်တယ် ဗမာဆိုင်ကပါ။ ခါတိုင်း ၀ယ်နေကျ ဆိုင်ကို မသွားဖြစ်တော့ပဲ လမ်းဘေးမှာ ဗန်းလေးချ ငါးဖယ်တွေကို လှီး နေတဲ့ ကိုယ့် မြန်မာနိုင်ငံသားကိုပဲ အားပေးပါတော့မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ အိမ်ရောက်တော့ ငါးဖယ်ကို ထောင်းဖို့ ဆုံထဲ ထည့် တချက်ထောင်းလိုက်ကတည်းက ငါးဖယ်ခြစ် မဟုတ်ဘူးလို့ သိလိုက်တယ်။ ဘယ်လိုမှ မစေးဘူး။ ဘာငါးနဲ့ အင်ရိုက်လိုက်သလဲတောင် မသိတော့ပါဘူး။ စိတ်ထဲ အတော်ဒေါသထွက်လိုက်သေးတယ်။ ဒါပေမယ့် ဒီတခါပဲ ရမှာပေါ့။ ဘာလို့ တနပ်စားပဲ လုပ်ချင်ရလဲ လို့ တွေးရင်း ကြီးပွားရေး စီးပွားရေးတွေမှာ မသမာတဲ့နည်းသုံးတာ။ စေတနာ မသန့်တာတွေဟာ အင်မတန် အရေးကြီးတယ်လို့ တွေးမိတယ်။ ငါးဖယ်ငါးဆုပ်ကီလိုဝက်ဘိုးဟာ ကျမအတွက် ဘာမှ မဖြစ်ပေမယ့် သူ့အတွက် အသုံဝင်ချင်လဲ ၀င်သွားနိုင်မှာပါလို့ စိတ်လျှော့ပေးလိုက်တယ်။ ဘာသာ လူမျိုးက အရေးမကြီးဘူး စိတ် ထားကသာ အရေးအကြီးဆုံးပါပဲ။ (ငယ်တုန်းကဆို နင်ဘာလို့ အတုလုပ်ရောင်းလဲ လို့ ချက်ချင်းပြန်သွားပြောပစ်မှာ)

အဲလို တွေးမိတော့ တချိန်က မှတ်ထားတာလေးတွေ အစီအရီ သတိရလာတယ်။

ဖြစ်စဉ် (တစ်)