Friday, June 26, 2015
မြင်သလို ပြောမယ်
တချို့တွေက ကြံဖန် ဖာထေးတတ်ကြသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်ထဲမှာ ဝင်ပြီး အဲဒီအခြေခံဥပဒေကို ပြင်မလို့တဲ့။ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့လူတွေကိုတော့ ဂဏန်းသွားတွေတဲ့။ ခု လက်တွေ့မှ သိရပြီဆိုတော့ အချိန်က ၃ နှစ် ကုန်ဆုံးခဲ့ရပြီ။
လွှတ်တော်ထဲက မဲကို ကြည့်ပါဦး ။ အားရစရာကြီးပါတဲ့။ အဲဒါလဲ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ အကွက်ဆိုတာ မြင်ကြစေချင်ပါတယ်။ လွှတ်တော်ထဲက တမတ်သား တွေနဲ့ ကြံ့ဖွတ်တွေဟာ အင်မတန် အမိန့်နာခံတတ်ကြတဲ့ စစ်အုပ်စု ဆိုတာ သိထားပြီး စစ်တပ်ရဲ့ သဘောသဘောဝကို သေချာ နားလည်မယ်။ ၂၀၀၈ အခြေခံဥပဒေကို သေချာနားလည်မယ်ဆိုရင် ဒီအကွက်က အင်မတန်ရိုးစင်းပါတယ်။ မထိတထိလေးနဲ့ကြိတ်မနိုင်ခဲမရ ဖြစ်စေပြီး အနိုင်ယူပြလိုက်တာပါ။ ဒီတော့ ဘာများ အားတက်ဖွယ် ဖြစ်ပါလိမ့်။
ရန်သူက အင်မတန်ပြတ်သားပါတယ်။ ချော့လိုက် မြှောက်လိုက်နဲ့ သူတို့လမ်းကို သူတို့ ဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း တချက်မလွဲသွားနေတာပါ။
ဒီလိုပါပဲ။ ပြည်သူက ပြည်သူ့တာဝန်ကျေပါတယ်။ မဲထည့်ဆို ထည့်ပေးကြ။ လက်မှတ်ထိုးဆို ထိုးပေးကြ။ တချို့များဆို လွှတ်တော်ပြင်ပက တိုက်ပွဲတွေနဲ့ပါ အားဖြည့်ပေးခဲ့ကြတာပါ။ သို့သော်လည်း ကိုယ့်လုပ်ရပ်သာ အမှန်။ ငါတို့လျှောက်တဲ့ လွှတ်တော်တွင်းက ဥပဒေပြင်ဆင်ရေးသာ အမှန် ဆိုတဲ့ ငါတကော ကောနေကြတဲ့ နိုင်ငံရေးသမား လို့ ကိုယ့်ဘာသာ ဟန်ဆောင်နေတဲ့ လူတွေကတော့ လွှတ်တော်ထဲမှာတောင် ဒေါက်တာညိုညို သင်းလို ရပ်တည်မပြခဲ့ကြပါဘူး။ လွှတ်တော်ထဲမှာ စကားစစ်ထိုးပွဲတွေ မလုပ်နိုင်ခဲ့ကြပါဘူး။
ဒီသုံးနှစ်အတွင်းမှာ ဒီချုပ်အနေနဲ့ လွှတ်တော်ထဲ ဝင်ပြီး ပြုလုပ်မယ်လို့ ပြောခဲ့တဲ့ အချက် ၃ ချက်စလုံး (အခြေခံဥပဒေပြင်ရေး။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး) ခုချိန်ထိတော့ ဘာမှမရခဲ့ပါဘူး။ ၂၀၀၈ကို လက်မခံတဲ့ ကျမအနေနဲ့ ဆိုရင်တော့ ဒီအချက်တွေ မရနိုင်ဖူးဆိုတာ အဲဒီကတည်းက ပြောခဲ့ယုံခဲ့ပါတယ်။
Friday, February 8, 2013
နိုင်ငံရေးအကျဉ်းသား ဆိုတဲ့အသုံးအနှုံးနဲ့ ပတ်သက်လို့ ..
Tuesday, October 18, 2011
၄၉နှစ်ပြည့်မှ အစပြု အတွေးမှတ်စု
အသက် ၄၉ နှစ်ဆိုတာ လူ့လောကကြီးကို ထက်ဝက်ထက် မက အများကြီးကျော်ခဲ့တာပေါ့။
Monday, September 26, 2011
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရ
စာကြွင်း .. ဒီနေ့ အဲဒီသတင်းကို တင်တဲ့ Eleven Media Group ကိုတော့ တော်တော်အထင်သေးသွားတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Thursday, November 4, 2010
မဲရုံကို မသွားနဲ့၊ မဲမပေးကြပါနဲ့
မဲမထည့်ရင်ဘာဖြစ်မလဲ..
နိုင်ငံတကာ စံနှုန်းအရ မဲထည့်မယ့် လူတွေရဲ့ ရာနှုန်း၅၀ ထက်မကျော်ခဲ့ရင် ဒီရွေးကောက်ပွဲ မအောင်မြင်ဘူးဖြစ်မယ်။
ရွေးကောက်ပွဲမအောင်မြင်တော့ ဘာဖြစ်မလဲ။ စစ်တပ်ကပဲ ဆက်အုပ်ချုပ်သွားမှာပဲ မဟုတ်လား။
ရွေးကောက်ပွဲမအောင်မြင်ဘူးဆိုရင် ပြည်သူလူထုက ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပပေးမဲ့ အဖွဲ့အစည်း၊ ရွေးကောက်ပွဲဝင်တဲ့လူတွေကို မယုံကြည်ဘူးဆိုတာ ကမ္ဘာသိ ပြပြီး ဖြစ်တယ်။ အဲဒီကရလဒ်အရ ပြည်သူက ဒီအဖွဲ့အစည်း အာဏာရှင်ကို အယုံအကြည်မရှိကြောင်း လက်မခံကြောင်း ပြပြီးဖြစ်တယ်။ အဲဒီအင်အားနဲ့ ၉၀ ရွေးကောက်ပွဲအနိုင်ရအင်အားစုနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ဖိအားပေး တောင်းဆိုလို့ရမယ်။ သူမပေးလဲ ဒုတိယပင်လုံကို ခေါ်ပြီး တရားဝင်ပြသထားတဲ့ ပြည်သူလူထုမထောက်ခံတဲ့ စစ်အစိုးရ ကို ဖြုတ်ချနိုင်မယ်။
မဲထည့်ပြီး ဒီမိုကရက်အင်အားစုကိုမဲပေးတော့ရော မဖြစ်ဘူးလား။
နအဖက နိုင်ငံတကာအမြင်ကောင်းအောင် တချို့ နာမည်ရှိလူတွေနဲ့ တိုင်းရင်းသား တချို့ဒေသတွေမှာ အနိုင်ပေးမှာပဲ။ ဒါပေမဲ့စစ်တပ်က ၂၅ ရာနှုန်းကြိမ်းသေယူထားပြီး ကြံ့ဖွတ်ကို အများစုနိုင်အောင် လုပ်ထားမယ့် ဒီလွှတ်တော်ထဲမှာ မပြောပလောက်တဲ့ လူအရေအတွက်နဲ့ ဘာကို ပြင်လို့ ရနိုင်မလဲ။ ငွေမက်တဲ့လူဆိုရင် ငွေနဲ့ ၀ယ်သွားတာခံမဲ့ အမတ်ဖြစ်သွားလိမ့်မယ်။ ဒီတော့ မဲရုံကို မသွားပါနဲ့၊ ဒီမိုကရက်ဘက်က ဆိုပြီးလဲ မဲမထည့်ကြပါနဲ့၊ ပြည်သူ့သစ္စာဖောက်တွေ ၊ ပွဲလန့်တုန်းဖျာခင်းတွေ ၊ နအဖအောက်ဆွဲတွေက ပုံဖျက်နာမည်ယူထားတဲ့ ဒီမိုကရက်တွေ ဖြစ်လို့ပါပဲ။
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားအမတ်တွေ ရမှာပဲ မဟုတ်လား။
အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ ကိုယ့်တိုင်းရင်းသားအရေးကို လုပ်နိုင်မယ်ထင်လို့ အပစ်ရပ်စဲခဲ့ကြတယ်။ ဒါပေမဲ့ ငွေနဲ့တွေ့တဲ့အခါ၊ အာဏာနဲ့ တွေ့တဲ့အခါ ပျော့ပြောင်းသွားကြတယ်။ ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေပိုင်းတွေကို ကွာဟသွားအောင် စနစ်တကျဖျက်ဆီးပေးလိုက်တဲ့အခါ သေနတ်ပါထိုးအပ်ရတဲ့ ၊ တိုက်နိုင်ခိုက်နိုင် ကိုယ့်ရဲဘော်တွေကိုပါ ထိုးအပ်ရတဲ့ နယ်ခြားစောင့်တပ် ဆိုတာမျိုး လက်ခံလိုက်ကြတယ်။ ဒါကို သင်ခန်းစာယူပြီး တိုင်းရင်းသား အမတ်ဖြစ်တဲ့အခါ ကိုယ့်နယ်ကို ဘယ်လောက်ထိတိုးတက်အောင် လုပ်မယ်လို့ ပြင်ဆင်ထားတဲ့ အမတ်စစ်စစ် ဘယ်နှစ်ယောက်တွေ့ထားပါသလဲ။
ရွေးကောက်ပွဲကို အောင်မြင်အောင်သပိတ်မှောက်နိုင်ရင် ဘယ်လိုထူးမလဲ။
ဒုတိယမေးခွန်းအတိုင်းဖြေမယ် ။ ထပ်ဖြည့်ရမယ်ဆိုရင် စစ်အစိုးရကို မထောက်ခံဘူး၊ သူ့ကိုမယုံကြည်ဘူး၊ ၁၉၆၂ ကစလို့ ၂၀၀၇ ရွှေဝါရောင်ထိ သူသတ်ခဲ့တဲ့လူတွေကိုယ်စား၊ နာဂစ် ၊ ဂီရိမှာလို ကိုယ့်နိုင်ငံသားတွေကို တာဝန်မယူလို့ သေဆုံးခဲ့ရတဲ့ ကိုယ့်နိုင်ငံသားတွေကိုယ်စား ဆန့်ကျင်ပြမဲ့ ဆန္ဒတွေကို လူအသေအပျောက်မရှိပဲ တကမ္ဘာလုံးက သိအောင်ပြနိုင်မဲ့ နောက်ထပ် လှုပ်ရှားမှုတခုလို့ ပြည်သူအားလုံးက မြင်ပြီး မဲရုံတွေ မသွားခဲ့ကြရင် မြန်မာပြည်သူတွေ နိုင်ပြီ လို့ ပြောချင်တယ်။
မဲထည့်ဖို့ နိုင်ငံပြည်ပကပြောနေသူတွေကို ဘာပြောချင်လဲ။
သူတို့ကိုယ်တိုင် စစ်အစိုးရရဲ့ ဖိနှိပ်မှုကို မခံစားခဲ့ရဖူးလို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ပြည်တွင်းပြန် နေရာဝင်ယူချင်ကြလို့။ နောက် ကိုယ့်ရဲဘော်ရဲဘက်နဲ့ တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ ပြည်သူတွေနဲ့ အခုချိန်ထိ အကျဉ်းထောင်ထဲ အကျဉ်းကျနေဆဲ နိုင်ငံရေးလှုပ်ရှားခဲ့သူတွေကို သစ္စာဖောက်ချင်လို့ ဆိုတဲ့ လူမျိုးတွေပဲလို့ မြင်မိတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Tuesday, August 31, 2010
၆၇ ရက်ပဲ လိုတော့တယ်..
လူတယောက်ဟာ မွေးလာပြီးတော့ ကိုယ့်အတွက် ကိုယ်လုပ်ပြီးတော့ ကိုယ်ပဲစားပြီးတော့ သေသွားပြီဆိုရင် ဘာလုပ်တော့မှာလဲ။ လူဖြစ်ရကျိုးမနပ်ဘူး။ အဲဒီတော့ တကိုယ်ကောင်း မကြံကြပါနဲ့။ အများအတွက် လုပ်ကြပါ။ အများအကျိုးဆောင်တဲ့လူများဟာ လူသာသေသွားမယ်။ ဘယ်တော့မှ နာမည်မသေဘူး။
ဒေါ်အောင်ဆန်းစုကြည် ကမာဝက်(၁၆၊၁၂၊၁၉၈၈)
ကျမတို့ နာမည်မသေချင်လို့ လုပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူဖြစ်ကျိုးနပ်ချင်လွန်းလို့ မသေခင်မှာ လုပ်သင့်တာတွေ လုပ်ဖို့ ကြိုးစားနေတယ်။ လုပ်နိုင်သလောက် လုပ်ဖို့လဲ ကြိုးစားတယ်။ ကျမတို့ကြိုးစားမှု အရာရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ လုပ်နေဖို့ကတော့ ကျမတို့ တာဝန်လို့ခံယူထားပါတယ်။ အခုလဲ ရက်ပေါင်း ၇၀တောင် မလိုတော့တဲ့ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်တဲ့အပြင် အဲဒီသပိတ်နဲ့အတူ ဘယ်လိုလူထုတိုက်ပွဲတွေ ဆင်နွဲကြမယ် ဆိုတာမျိုးကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြင်ဆင်ထားစေချင်ပါတယ်။
သြဂတ်စ်လ ၂၈ ရက်နေ့ည စနေနေ့ ဗွီအိုအေရဲ့ တိုက်ရိုက်လေလှိုင်းကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရ ပုဂ္ဂိုလ်ဦးဥာဏ်ဝင်းကပြောသွားခဲ့တယ်။
ဒီမေးခွန်းတွေအားလုံးကို ခြုံကြည့်ရရင် အန်န်အယ်လ်ဒီက ဒီရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင် မလဲ ဘယ်လိုလုပ်မလဲဆိုတာ မေးနေကြတာ။ အန်န်အယ်လ်ဒီကတော့ ဒီရွေးကောက်ပွဲနဲ့  ပါတ်သက်ပြီးတော့ အခုလုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ ဟာမျိုး တခြားဘယ်သူမှ မပြောဘူး။ သို့ သော်ပေါ့ ကျနော်တို့ ဒီထဲမှာ အကောင်းဆုံးတွက်ပြီးတော့ ကျနော်တို့ လုပ်တယ်။
အဲတော့… ထွက်ပေါက်က ဘယ်မှာရှိသလဲဆိုတာနဲ့  ပါတ်သက်ရင် ကျနော်တို့  ဟလား နည်းလမ်းတွေ တော့မျိုးစုံ ရှိကောင်းရှိလိမ့်မယ် ပေါ့နော်။ ဥပဒေမဲ့နည်းလမ်းတွေရော ဘာညာပေါ့။ ဒါပေမယ့် အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကို ပြောရရင် အန်န်အယ်လ်ဒီက ပြည်သူလူထုအတွက် အကောင်းဆုံး နည်းလမ်းကိုပဲ ကျနော်တို့ လက်ခံတယ်။
အဲဒီအကောင်းဆုံးနည်းလမ်းက တွေ့ ဆုံဆွေးနွေးရေးပဲ။ ဒီလိုတွေ့ ဆုံ ဆွေးနွေးရေး သည်သာလျှင် ပြည်သူလူထုရော တိုင်းပြည်ရော အကျိုးရှိမယ်။ ကျန်တဲ့နည်းလမ်းတွေက အထိအခိုက် အကျအဆုံးတွေ အများကြီး ဖြစ်လိမ့်မယ်။ တိုင်းပြည်အတွက်လည်း နစ်နာမယ်။ ဒါကြောင့်ထွက်ပေါက်အနေနဲ့  အန်န်အယ်လ်ဒီ ဒီနေ့ အထိ ယုံကြည်နေတာက အမျိုးသားရင်ကြားစေ့ရေးကို တွေ့ ဆုံ ဆွေးနွေးရေးနည်းလမ်းနဲ့  သွားဖို့ ဘဲလို့  ကျနော်အဲဒီလို ပြောကြားလိုပါတယ်။
အပေါ်က ဦးဥာဏ်ဝင်းပြောသွားတာ ကြားလိုက်တော့ အံ့သြမင်သက်မိတယ်။ အဲဒီလိုတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုစောင့်ဆိုင်းနေတဲ့အတွက် နအဖက ခုလို သူလုပ်ချင်တာတွေ ဆက်တိုက်လုပ်လို့ ရနေတာပဲ မဟုတ်လား။
ကျမအမြင်ကတော့ တွေ့ဆုံဆွေးနွေးရေး ရအောင်လို့ တိုက်ပွဲတွေ ဖော်ဆောင်ရလိမ့်မယ်။ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ ဘက်စုံထောင့်စုံက ဆင်နွဲရလိမ့်မယ်၊ ဘယ်အာဏာရှင်ကမှ သူတို့ ရှုံးမယ့်အရိပ်အယောင်မရှိပဲ၊ သူတို့ အထက်စီးကနေပြီး သူတို့ဘေးဖယ်ပေးရဖို့ အခြေအနေရောက်လာမယ့် တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းလိမ့်မယ် မဟုတ်ပါဘူး။အာဏာလက်ရှိအထက်စီးကနေ အကွက်ကျကျဆက်လက်တည်မြဲနေဖို့ သူတို့ လုပ်နေတာကို မြင်နေတွေ့နေရက်နဲ့ အမျိုးသားရင်ကြားစေ့ရေးကိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကပဲ သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမအနေနဲ့ လုံးဝသဘောမတွေ့ပါဘူး၊ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ လမ်းကြောင်းအဖြေပေါ်ရောက်ဖို့ လိုအပ်တဲ့တွန်းအားတွေ မဆင်နွဲပဲ မလုပ်ဆောင်ပဲ တောင်းဆိုနေယုံနဲ့တော့ ဘယ်တော့မှ ရောက်ရှိလာမှာ မဟုတ်ဘူးလို့ ကျမက ယုံကြည်တယ်။ ဒီလမ်းဟာ ပြည်သူလူထုအတွက် တိုင်းပြည်အတွက် အကြာဆုံး နှိပ်စက်သွေးစုတ်ခံရမယ့်နည်းလမ်းလို့ပဲ မြင်ပါတယ်။
နိုင်ငံတကာက အားပေးထောက်ခံတာတွေနဲ့အတူ နိုင်ငံတကာခုံရုံးလဲ အားမကိုးပါနဲ့ ၊ ဒါတွေက နအဖကို ဂုဏ်သိက္ခာအရကျဆင်းအောင် လုပ်ဆောင်တဲ့အဆင့်လောက်ပဲ ရမှာပါ။ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဆိုတာကို တန်ဖိုးထားရမှန်းမသိတဲ့ နအဖစစ်အုပ်စုအတွက်ကတော့ လေပဲလို့ ထင်နေဦးမှာပါ။
အသက်တွေသွေးတွေ ဘ၀တွေ ထပ်ပြီး မဆုံးရှုံးချင်ဘူးဆိုတဲ့စကားတွေရဲ့အောက်မှာ မျိုးဆက် ဘယ်နှစ်ဆက် ရင်းနှီးပေးဆပ်ရဦးမယ်ဆိုတာကတော့ မတွက်ချင်တော့ဘူး။ ဒါပေမယ့် ကျမတို့ မျိုးဆက်တွေအထိ တွေ့ဆုံဆွေးနွေးပေးဖို့ တောင်းခံရင်း စောင့်စားနေတဲ့ဘ၀ကနေ လွတ်မြောက်အောင် ပြည်သူ့ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်သင့်နေပြီလို့ အန်အန်လ်ဒီကို တိုက်တွန်းလိုက်ချင်ပါတယ်၊
ရွေးကောက်ပွဲကို သပိတ်မှောက်ယုံနဲ့မပြီးသေးပါဘူး။ မဲမထည့်ယုံနဲ့ ဒီမိုကရေစီမရနိုင်သေးပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်အချိန်တွေမှာ ဘယ်လိုတိုက်ပွဲတွေ နည်းနာတွေနဲ့ နအဖကို ဆန့်ကျင်ရဦးမယ်ဆိုတာကို ဒီမိုကရေစီလိုလားသူတိုင်း စဉ်းစားလုပ်ဆောင်သင့်ပါပြီ။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်က ပြည်သူတွေအတွက် ပြည်သူ့အကျိုးနိုင်ငံအကျိုးသယ်ပိုးချင်လို့ပါဆိုပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံကြရင်း လူထုရဲ့တာဝန်ပေးမှုတွေကို ပိုင်နိုင်ရယူထားတဲ့ ပြည့်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေအနေနဲ့ ပိုပြီး တာဝန်ရှိနေတယ်ဆိုတာကို အသိပေးရင်း ထပ်မံတိုက်တွန်းနှိုးဆော်လိုက်ပါတယ်၊
အောင်ပွဲ ဆိုတာ တိုက်ရဲသူ အတွက်ပဲ ဖြစ်ပါတယ်။ စောင့်စားနေယုံနဲ့တော့ အောင်ပွဲက ကိုယ်ဆီကို ဆိုက်ရောက်လာမယ် မထင်ကြပါနဲ့ရှင်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Friday, April 2, 2010
ခြေရာကောက် စစ်တမ်း
……………
တိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ အကျဉ်းသား ၀တ်စုံတွေ ၀တ်ဆင်ထားပြီး ခြေထောက်မှာ သံဒေါက်တွေနဲ့ အကျဉ်းသား ၁၀ ယောက်က တန်းစီမတ်တပ်ရပ်နေတယ်။ အခမ်းအနားမှူးက ခုနစကားကို မိုက်ခရိုဖုန်းကနေ တဆင့်ပြောပြတယ်။ ရင်ထဲကို ဆောင့်တက်သွားပြီး မျက်လုံးမှာ မျက်ရည်ချက်ချင်းဝဲတက်လာတယ်။ ဒီလိုအခင်းအကျင်း ဒီလို ၀တ်စုံတွေနဲ့ …….. ဘယ်လိုမှမခံစားနိုင်ဘူး။ နောက်ကို မျက်လုံးဝေ့ကြည့်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးကို မြင်တွေ့လိုက်တယ်။ ဘယ်ကိုမှ ဆက်မကြည့်ရဲတော့ဘူး။ မျက်ခွံကို မှိတ်ထားပြီး ခပ်တောင့်တောင့်ရပ်နေမိတုန်းမှာ နားထဲမှာ ဆက်ကြားရတာက ပုံစံအော်သံ၊ နောက် ပုံစံကြီးအော်သံ….
Sunday, March 7, 2010
2010 ရွေးကောက်ပွဲနှင့် ပတ်သတ်၍
ဦးသုဝေရော ဒေါက်တာ ခင်ဇော်ဝင်းကပါ ရွေးကောက်ပွဲ ၀င်ပြီး ပါလီမန်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်တဲ့။
ရွေးကောက်ပွဲဝင်ဖို့လာပြောနေတဲ့ ၂ ယောက်မှာ ဦးသုဝေ ဆို သူပြင်ဆင်နေတဲ့ပါတီက ခုထိတောင် မှတ်ပုံမတင်ရသေးဘူး။ ဒေါက်တာခင်ဇော်ဝင်းဆို ဘယ်ပါတီဝင်မှ မဟုတ်တဲ့ အန်ဂျီအို ၀န်ထမ်း။ သူတို့ ကိုယ်တိုင်တောင် ခုထိ ဘယ်လိုရွေးကောက်ပွဲ ၀င်ရမယ်။ ဘယ်လိုစည်းရုံးရေးဆင်းမယ် ၊ ကိုယ့်ပါတီကို ဘယ်လိုတိုးချဲ့ဖွဲ့စည်းမယ် ဆိုတာတွေ အတည်တကျ မလုပ်ရသေးပဲ သူတို့ဝင်ပြီးနိုင်ရင် ပါလီမန်ထဲက ဖွဲ့စည်းပုံကို ပြင်မတဲ့။
ဖွဲ့စည်းပုံရဲ့ အပြစ်အနာအဆာတွေထဲကမှ စစ်တပ်ရဲ့ ပါဝင်မှု ၂၅ ရာနှုန်းတင်မကပဲ ကာကွယ်ရေး စစ်ဦးစီးချုပ်က နိုင်ငံတော် ချောက်ထဲကျမယ့်အခြေအနေ၊ အချုပ်အချာအာဏာ ထိပါးလာနိုင်မယ့် အခြေအနေမှာ အာဏာသိမ်းခွင့်ရှိတယ်လို့ အပြီးသတ်အာဏာကို ချုပ်ကိုင်ထားတဲ့ အချက်ကိုတောင် မမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်တာလားးး။။
Sunday, July 13, 2008
ကိုယ်ပိုင်အမြင်
သူတို့နှစ်ယောက်ဟာ မတူညီတဲ့အင်တာဗျူးခေါင်းစဉ်တွေကို ပြောဆိုဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။ သီးခြားအချိန်တွေမှာ သီးခြားခေါင်းစဉ်တွေနဲ့ ပါတ်သက်ပြီး ပြောဆိုခဲ့ကြတာပါ။ ဒီနေရာမှာ ထူးခြားတာက ဒီလူငယ်နှစ်ယောက်ရဲ့အမြင်တွေဟာ နအဖကို ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းအပေါ်မှာ ထူးထူးခြားခြားသွားပြီး တူညီနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီတော့ ဒီလူငယ်နှစ်ယောက်ရဲ့ အမြင်ဟာ သူတို့နှစ်ဦးရဲ့ သီးခြားအမြင်သက်သက်ပဲလား။ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်လား။ ဒီကနေ့မြန်မာလူငယ်အများစုကြီးရဲ့  အမြင်ပဲလားဆိုတာကို စဉ်းစားစရာဖြစ်လာပါတယ်။ တွေးတောစရာ ဖြစ်လာပါတော့တယ်။
ကျမအနေနဲ့ ဆန်းစစ်ခြင်းလို့ နာမည်ပေးထားတဲ့ ပို့စ်တခုနဲ့ သူတို့ရဲ့ အတွေးအခေါ်နဲ့ ဘလော့ဖတ်သူ တချို့ရဲ့ အတွေးအခေါ်တွေကို လေ့လာဆွေးနွေး ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီအခါမှာ ကျမမျှော်မှန်းသလောက် ကောမန့် မ၀င်ပေမယ့် ၀င်သမျှ ကောမန့်တိုင်းက သေသေချာချာ ကျကျနန ဆွေးနွေးထားတာကို တွေ့ရလို့ ကျေးဇူးတင်ကြောင်း အရင်ဆုံး ပြောပြချင်ပါတယ်။
အများစုရဲ့ ကောမန့်ကနေ တဆင့်ရရှိလိုက်တဲ့ သဘောထားတွေကတော့ အာဏာရှင်ကို ဘယ်လိုနည်းလမ်း သုံးသုံး သုံးသင့်တယ်လို့ အမြင်ရှိကြောင်း ရရှိလိုက်ပါတယ်။
ပထမဆုံး ဗကသ(၂၀၀၇)၊ ကိုလင်းထက်နိုင်(ပြောခွင့်ရသူ)တို့ကို ဆန်းစစ်ကြည့်ုချင်ပါတယ်။
ဗကသ(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်)ဆိုတာ ၂၀၀၇ သြဂုတ်လ ၂၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်တဲ့ နောက်ဆုံးမျိုးဆက် ဗကသဖြစ်ပါတယ်။ အဓိကခေါင်းဆောင်ကတော့ စက်တင်ဘာသံဃာ့တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး ၂၀၀၈ မတ်လထဲမှာ အဖမ်းခံလိုက်ရတဲ့ ဥက္ကဌကိုကျော်ကိုကိုနဲ့ ကိုညဏ်လင်းအောင်တို့ဖြစ်ပါတယ်။ သိရသလောက် ဗကသအဆက်ဆက်မှာ ပြောရေးဆိုခွင့် ရသူဆိုတဲ့ အသုံးအနူန်းမျိုး မကြားမိပါဘူး။ ဘီဘီစီက လုပ်လိုက်တာလား။ ဗကသကိုယ်တိုင်က အဲဒီလို တကယ်ပဲ ဖွဲ့စည်း တာဝန်ပေးထားသလားမသိပါ။ သတင်းဌာနတွေက မြန်မာ့အရေးကျွမ်းကျင်သူ၊ မြန်မာ့အရေးလေ့လာသူ၊ စစ်ရေးအကဲခတ် စသဖြင့် ကိုယ်ထင်ရာမြင်ရာ နာမ၀ိသေသနတွေ ပေးတတ်တာ တွေ့နေရလို့ပါ။ သတိပြုသင့်တာက နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေမှာ ပြောခွင့်ရသူဆိုတာ တကယ်ကို အရေးပါတဲ့နေရာ(တာဝန်)ဖြစ်တယ်။ မီဒီယာနဲ့ ထိတွေ့ဆက်ဆံတဲ့ အလုပ်မျိုးကို အင်မတန် ကျွမ်းကျင်လိမ္မာ ပါးနပ်သူများကိုသာ တာဝန်ပေးတတ်ကြပါတယ်။ ကိုယ့်ပါတီ အစိုးရ အဖွဲ့အစည်းရဲ့မူ ပေါ်လစီတွေကို အာမခံရတဲ့ အစွန်းမထွက်ရတဲ့စကား၊ အင်တာဗျူး၊ သတင်းစာရှင်းလင်းပွဲ ပေးရတဲ့သူမျိုး ဖြစ်လို့ပါ။
ကိုလင်းထက်နိုင်အနေနဲ့ ၂၀၀၇ မျိုးဆက် ဗကသရဲ့ တကယ့်ပြောခွင့်ရသူဖြစ်ခဲ့ရင် မီဒီယာနဲ့ ပြောဆိုတဲ့ အကြောင်းအရာတိုင်းသည် ကျောင်းသားမြေအောက်အဖွဲ့အစည်း ဗကသရဲ့မူတွေကို အာမခံနိုင်ပါစေလို့ပဲ အကြံပြုချင်ပါတယ်။
ကျောင်းသား(လူငယ်)တွေရဲ့ အခြေခံစိတ်ဓါတ်ကတော့ မဟုတ်မခံစိတ်ပါ။ ထိရင်ချမယ် ဆိုတဲ့စိတ်မျိုးပါ။ ဒီလိုစိတ်ဓါတ်မျိုးကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ငြိမ်းချမ်းရေး သမားကြီး ဆရာဒဂုန်တာရာတို့ ငယ်နုစဉ်ဘ၀တွေတုန်းက ရှိခဲ့ကြတာသမိုင်းမှာ အထင်အရှားပါ။
ခုခေတ်လူငယ်တွေဖြစ်တဲ့ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ တကယ်ပဲ မှန်ကန်တဲ့အမြင်ရှိကြပြီလား။ ရင့်ကျက်ကြပြီလား။ စဉ်းစားစရာပါ။ ခေတ်အဆက်ဆက် သမိုင်းတာဝန်တွေကို လူငယ်တွေဟာ အရင်းပိုင်းက ထမ်းခဲ့ကြတာချည်းပါ။
ရေဒီယိုအင်တာဗျူးတွေဆိုတာဟာ သတင်းဌာနတွေမေးတာကို ဖြေတယ်ဆိုတာထက် ကိုယ့်ပြည်သူတွေကို သတင်းဌာနတွေကတဆင့် ကိုယ်ပြောချင်တဲ့ သတင်းစကားပေးရတယ် ဆိုတာ အားလုံးသိကြပါတယ်။ အဖက်ဖက်က ပိတ်လှောင်နေတဲ့အခြေအနေအောက်မှာ ရတဲ့အပေါက်ကလေးကနေ ကိုယ့်ပြည်သူကို ကိုယ့်မူတွေ အလုပ်တွေကို ချပြရတာပါ။ ရှင်းလင်းတိကျပြီး ကိုယ့်အဖွဲ့အစည်းရဲ့ အလုပ်၊ သွားနေတဲ့လမ်းကြောင်းကို ရတဲ့အချိန်လေး အတွင်း တင်ပြရတာပါ။
သာရေး နာရေး ဘာလူမှုရေးအသင်းဖွဲ့စည်းတာ လှုပ်ရှားတာကိုမဆို ဒေါက်ထောက်ကြည့် နေတဲ့နအဖလို အစိုးရမျိုးအောက်မှာ ဗကသတို့ ဂျန်နရေးရှင်းဝေဗ့်တို့လို နိုင်ငံရေးအဖွဲ့အစည်း မျိုး စံနစ်တကျ စုစုစည်းစည်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ဖို့ အင်မတန် ခက်ခဲမယ်လို့ ခန့်မှန်း မိပါတယ်။
ဒီလို ခက်ခဲမှုကြားထဲက အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး လှုပ်ရှားနေတဲ့ လူငယ်တွေ အနေနဲ့ စစ်မှန်တဲ့ ကိုယ့်အဖွဲ့ ပေါ်လစီ မူဝါဒတွေကို ပြည်သူတွေ သိစေရအောင် သတင်းဌာနတွေကိုပဲ အားကိုးရသလို အဲဒီသတင်းဌာနက တဆင့်ကိုယ်ပေးတဲ့ ကိုယ့်မူဝါဒတွေဟာ ပြည်သူတွေ အတွက် အားဖြစ်စေမလား၊ တကယ်လိုက်လုပ်နိုင်မလား၊ ပြည်သူတွေအရှေ့က ဘယ်အတိုင်းအတာထိ ကိုယ်က လုပ်ပြနိုင်မလဲ သေချာ စဉ်းစားတွက်ချက်ဖြေကြားပေးဖို့ လိုပါတယ်။ နာမည်ကြီးချင်ယုံ ထင်ပေါ်ချင်ယုံနဲ့တော့ နိုင်ငံရေး လုပ်လို့ မရပါဘူး။ တိုက်ပွဲခေါ်လို့ မရပါဘူး။ ကိုယ့်အပေါ် ပြည်သူတွေ ယုံကြည်အောင် အားကိုး လေးစားလာနိုင်အောင် ကိုယ်ထုတ်တဲ့ စတိတ်မန့်တွေ ကိုယ်ပြောတဲ့ စကားတွေကို ကိုယ်တိုင် လိုက်နာ လုပ်ကိုင်နိုင်ရမှာလဲ ဖြစ်ပါတယ်။
ဟုတ်ပြီ။ သူတို့ ၂ ဦးစလုံး အဓိက ထားဖြေဆိုသွားတဲ့ သွေးထွက်သံယိုမရှိတဲ့ အကြမ်းမဖက်နည်းလမ်းတဲ့။ ဒီမှာ ကျမတွေးမိတာ တခု ၀င်လာပါပြီ။ လက်နက်ကိုင်တော်လှန်ရေး နဲ့ အကြမ်းဖက်မှုတွေဟာ တူညီပါသလား။ တူညီတယ်လို့ ခုခေတ်လူငယ်တွေက နားလည်ထားလိုက်ပြီလား။ နောက် မဟတ္တမ ဂန္ဓီတို့ လုပ်ခဲ့တဲ့ အကြမ်းမဖက် လူထု လှုပ်ရှားမှုဟာ ဘယ်အဆင့်ထိ အာဏာပိုင်တွေကို ဆန့်ကျင်ခဲ့တယ် ဆိုတာကိုရော သေချာ လေ့လာခဲ့မိပါရဲ့လား။ မဟတ္တမဂန္ဓီတို့ရဲ့  အာဏာဖီဆန်မှုတွေကို နှိမ်နင်းတဲ့အခါတွေမှာ လူထုက ဘယ်လိုတုန့်ပြန်ပါသလဲ။ ဆူဘတ်ချန်ဒရာဘို့ရဲ့ တပ်တွေအနေနဲ့ ဘယ်လို ချိတ်ဆက်မိမိ ပံ့ပိုးခဲ့တယ်ဆိုတာကိုလဲ လေ့လာရပါဦးမယ်။
နောက်တကြောင်းကတော့ လူတွေဟာ သူတို့ဖြတ်သန်းမှုအရ အတွေ့အကြုံအရ သူဘယ်လို တော်လှန်မယ်ဆိုတာကို ရွေးချယ်မိတာပဲ ဖြစ်မယ်ထင်ပါတယ်။ သွေးထွက်သံယိုမရှိလေ ကောင်းလေ ဆိုတာ လူတိုင်းနားလည်ပေမယ့် ဘာလက်နက်မှ မပါပဲ ကြွေးကြော်သံတွေနဲ့ ဟစ်အော်နေတဲ့ ကျောင်းသား လူငယ်လေးတွေကို၊ ဘာလက်နက်မှ မကိုင်ဆောင်ပဲ ဆုတောင်းမေတ္တာပို့နေတဲ့ ဘုန်းတော်ကြီးတွေကို ၊ ကိုယ့်ကို ပစ်လာမယ့် ရိုက်လာမယ့် အရာတွေကို ကြောက်လို့နောက်လှည့်ပြေးနေသူတွေကို အသေသတ်တာ ရိုက်တာကိုရော ဒီလိုပဲ ငုံခံနေရမှာပဲလား။
(ဒီစာရေးနေဆဲမှာပဲ ဗကသ မှ ကိုလင်းထက်နိုင်အဖမ်းခံရတယ်။ နောက်ထပ် ပြောရေး ဆိုခွင့်ရှိသူ ၂ ယောက်လောက် ထပ်ပြောလာတယ်။ ဒါဟာ ကျေနပ်ဝမ်းသာစရာပါပဲ။ တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ နအဖကို ဆန့်ကျင်တော်လှန်နေတာ အကောင်းတကာ့ အကောင်းဆုံးပေါ့။ ဒီတော့ ရှည်ရှည်ဝေးဝေး ကွေ့ကာ ၀ိုက်ကာ ရေးဖို့အတွက် ကျမအနေနဲ့ တော်တော် စိတ်ထဲမှာ မရှိတော့ပါဘူး။ အစတုန်းက သေချာ ဆွေးနွေးဖို့ အားတင်းထားခဲ့တာပါ။)
ဒါ့ကြောင့် ဒီဆွေးနွေးချက်ကို အဆုံးသတ်လိုက်ပါတော့မယ်။
ကောမန့်လာရေးသူတွေအားလုံးရဲ့ အမြင်တွေကို သိပ်လေးစားပါတယ်။ ကျမအယူအဆအရလည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် တိုက်စေချင်တယ်။ နည်းကို ကန့်သတ်ထားလို့ မရသလို ကိုယ်သုံးတဲ့ နည်းပဲ ကောင်းတယ်။ ကျန်တဲ့နည်း အသုံးမ၀င်လို့လဲ အားလုံးကို မယူဆစေချင်ဘူး။
နည်းနည်းလေး ရှည်ပေးရရင် လွတ်လပ်ရေးရယူပေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ထဲမှာ ကျောင်းသားသမဂ္ဂက ရဲဘော်တွေ ပါပါတယ်။ ဗကသဟာ လက်နက်ကိုင်လမ်းစဉ်ကို လုံးဝမဆန့်ကျင်ခဲ့ပါဘူး။ နေ၀င်းအစိုးရတက်ပြီး ၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ ဖြစ်ပြီး လက်နက်ကိုင်ဖို့ တောခိုခဲ့တာအများစုဟာ ဗကသ အဖွဲ့ဝင်တွေပါပဲ။မြန်မာ့ တပ်မတော်ရဲ့ သန္ဓေအစမှာတကည်းက ကျောင်းသားဆိုတာ ပါလာပြီးသားပါ။ ဒါ့ကြောင့် ဗကသ အနေနဲ့လဲ လက်နက်ကိုင်တော်လှန်ရေးကို အကြမ်းဖက်ခြင်းနဲ့ ရောထွေး မသတ်မှတ်စေချင်သလို ၊ ခုထိ မအောင်မြင်သေးတဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ဘယ်နည်းက မအောင်မြင်နိုင်ဘူး၊ ဘယ်နည်းမှ အောင်မြင်မယ်လို့ ကြိုတင် မကန့်သတ်သင့်သေးပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဟာ ကမ္ဘာမှာ ခေတ်မစားတော့လို့၊ ခုထိမအောင်နိုင်သေးလို့ မသုံးဖူးလို့လဲ မကြွေးကြော်သင့် သေးဘူး။
တကယ်လို့များ ဒီနေ့ခေတ် လူငယ်အများစုဟာ လက်နက်ကိုင်တော်လှန်ရေးကို ကျောခိုင်းလို့ အကြမ်းမဖက် လူထုတိုက်ပွဲ တခုတည်းကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်…..။
သူတောင်းစားလို တောင်းဆိုမှုတခုတည်းနဲ့ နအဖလို ရန်သူမျိုးကို ဆက်လက် တိုက်ဦးမယ်ဆိုရင်……..
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးဟာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ ရေမြေသဘာဝ၊ အိမ်နီးချင်းနိုင်ငံ တွေရဲ့ ပါဝင်ပတ်သက်အမြတ်ထုတ်မှုတွေရှိနေတာကြောင့် ……..
မျိုးဆက်သစ်တွေရဲ့ အနာဂတ်မဲ့နေမှုတွေ……
နောက်ထပ် ဘယ်နှစ်နှစ် ကြာဦးမယ်ဆိုတာ…....? ။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Friday, June 6, 2008
ဆန်းစစ်ခြင်း
ဗုဒ္ဓဟူးနေ့ည ဘီဘီစီမြန်မာပိုင်းက တင်ဆက်သွားတဲ့ လွတ်လပ်အတွေးဆွေးနွေးဖလှယ် အစီအစဉ်မှာ ဂျင်နရေးရှင်း ဝေဖ့် မျိုးဆက်သစ်လူငယ်များအစည်းအရုံးက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသွေးနဲ့ ကြာသပတေးနေ့မနက် ဘီဘီစီကပဲ ထုတ်လွှင့်သွားတဲ့ ပြည်တွင်းက သံဃာ ကျောင်းသားတပ်ပေါင်းစုကြေငြာချက်အပေါ်မှာ ဗကသပြောခွင့်ရသူ ကျောင်းသား ကိုလင်းထက်နိုင်တို့ရဲ့ ပြောကြားချက်တွေနဲ့ပါတ်သက်ပြီး ရေးချင်ပြောချင် တင်ပြချင်ပါတယ်။
လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့ နအဖကို ဘယ်လိုတိုက်ပွဲနည်းလမ်းမျိုးနဲ့ ရင်ဆိုင်မယ်ဆိုတာကို လူငယ်မျိုးဆက်နှစ်ဦးပြောခဲ့တဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သွားနေလုပ်နေတဲ့ လမ်ကြောင်း(နည်းလမ်း)အပေါ်မှာ အများပါဝင် ဆွေးနွေးသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ ကိုယ့်တဦးချင်း အမြင်လေးတွေ ပါဝင်ဆွေးနွေးကြပါဦး။ ဖိတ်ခေါ်ပါတယ်။
တဖက်သတ်ဖွဲ့စည်းပုံ အတည်ပြုခြင်း အပါအ၀င် စစ်အစိုးရ ထင်သလိုလုပ်နေတာကို အများပြည်သူ စိတ်ရှည်သည်းခံကြမှာလား။ ဘယ်အတိုင်းအတာအထိ သည်းခံနိုင်မလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဘီဘီစီကလုပ်တဲ့ ဆွေးနွေးပွဲစကားဝိုင်းမှာ လူအများ ပါဝင် ဆွေးနွေးခဲ့ကြပါတယ် ။ အဲဒီအထဲက ပြည်တွင်းမှာလှုပ်ရှားနေတဲ့ GW အဖွဲ့က ကိုမိုးသွေးအမြင်ကို အရင်တင်ပြပါမယ်။ နအဖကို သူတို့အဖွဲ့ ဆန့်ကျင်မယ့် တိုက်ပွဲနည်းလမ်းကို ဒီလို ပြောသွားခဲ့ပါတယ်။
ကိုမိုးသွေး -- …..အကြမ်းမဖက်တဲ့နည်းလမ်းကို ကျနော်တို့ ယုံကြည်မှုရှိပါတယ်။ အကြမ်းမဖက်တဲ့နည်းလမ်းဆိုတာ ကျနော်တို့လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တာမျိုး မဟုတ်ဘဲနဲ့ အဲ.ကျနော်တို့ မဟတ္တမဂန္ဒီတို့ နောက်ပြီးတော့ ဆာဗီးယားက အော်ပေါ်လှုပ်ရှားမှုတို့ အဲလိုလှုပ်ရှားမှုမျိုးပေါ့နော်။ confrontation ကို ကျနော်တို့ အကြမ်းမဖက်ဘဲနဲ့ ဖေါ်ဆောင်ပြီးတော့မှ တိုက်ပွဲဝင်သွားတာမျိုးကို ဖြစ်နို်င်မယ်လို့ ကျနော်တို့က ယူဆပါတယ်။
…. အကြမ်းမဖက်တဲ့နည်းလမ်းနဲ့လုပ်တာ နှစ်ပေါင်းများစွာကြာပြီလို့ ပြောခဲ့သလိုပဲ အဲ. ကျနော်တို့ဒီ လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ခဲ့ကြတဲ့ အဲ အရှေ့ကခေါင်းဆောင်များ လည်း ရှိခဲ့ကြတယ်လေ။ အဲဒီတော့ ဒါဟာလည်း တကယ်တမ်းးအလုပ်ဖြစ်လား မဖြစ်လား ဆိုတာက လက်ရှိအချိန်မှာကျနော်တို့ အားလုံးသိနေကြပြီလို့လည်း ထင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ .နောက်တခုကလည်း ကမ္ဘာပေါ်မှာ လက်နက်နဲ့ အကြမ်းဖက်တဲ့စံနစ်ကို ဘယ်သူကမှ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ငြိမ်းချမ်းတဲ့ အဖွဲ့အစည်းတွေ ဘယ်သူကမှ မထောက်ခံတော့ပါဘူး။ ကျနော်တို့က နိုင်ငံတကာရဲ့ အင်အားနဲ့ နောက်ပြည်သူတရပ်လုံးပါနိုင်မယ့်အင်အားကို လိုတဲ့အတွက်ကြောင့်မို့လို့ လက်နက်ကိုင်တော်လှန်ရေးနဲ့ဆိုရင် သွေးထွက်သံယိုဖြစ်မယ့်ကိစ္စတွေ ကျနော်တို့ လုပ်လို့ မရနိုင်ပါဘူးခင်ဗျ။ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ပဲ ရင်ဆိုင်သွားမှ ရမယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းဆိုတာ မေတ္တာထိုင်ပို့ရုံနဲ့တော့ မရပါဘူး။ လမ်းပေါ်မှာ တကယ်ထွက်ပြီးတော့မှ သူတို့ရဲ့ အကြမ်းဖက်မှုကို ကိုယ့်ဖက်က အကြမ်းမဖက်ဘဲ တုံ့ပြန်ပြရမယ်. အဲလိုမျိုးတော့ လိုပါတယ်။
------------
တခါ နအဖ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်တဲ့ကြေငြာချက်ထုတ်ထားတဲ့ အပေါ်မှာ ဘီဘီစီက ကိုသင်းမြတ်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြောခွင့်ရသူ ကိုလင်းထက်နိုင်ကို အင်တာဗျူးမေးမြန်းခဲ့ပါတယ်။ အဲဒီမေးမြန်းဖြေကြားချက် တွေထဲက နအဖကို ဆန့်ကျင်မယ့် ဗကသရဲ့တိုက်ပွဲနည်းလမ်းနဲ့ ပါတ်သက်တဲ့ ပြောဆိုချက်တွေကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။
ကိုလင်းထက်နိုင်… နည်းလမ်းတွေ အများကြီးရှိတယ်။ အဓိကဦးတည်ရည်ရွယ်တာက ပြည်သူပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ရည်ရွယ်ထားတယ်။ အဲ. ဘာတွေကို အတိအကျလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော်တို့ ဒီအချိန်မှာ တိတိကျကျ မပြောနိုင်သေးဘူး။ သေချာတာတခုကတော့ ကျနော်တို့ဟာ အကြမ်းမဖက်တဲ့လှုပ်ရှားမှုနဲ့ပဲ လုပ်သွားမှာပေါ့။
… ကျနော်တို့က ဒီအချိန်မှာ နအဖကို အပြုတ်တိုက်တာ အပြုတ်မတိုက်တာထက် ကျနော်တို့လိုချင်တဲ့ ရလာဒ်ကို သွေးထွက်သံယိုမှုမဖြစ်ဘဲ လိုချင်တာပဲ အဓိကကတော့။
အဲဒီအတွက်တွေ့ဆုံဆွေးနွေးရေးကို နအဖကို သွားပါလို့ ကျနော်တို့တိုက်တွန်းတယ်။ ဒါပေမဲ့ နအဖက ခေါင်းမာတယ်။ ငြင်းဆန်တယ်။ အဲဒီတော့ကျနော်တို့ လိုချင်တဲ့ရလာဒ် ရဖို့အတွက် ကတော့ ပြည်သူလူထုအနေနဲ့ ရင်းနှီးပေးဆပ်သင့်တာတွေလည်း ရင်းနှီးမှာပဲ။ ကျနော်တို့လည်း ပြည်သူ့ရှေ့ကနေပြီးတော့ သေရင်သေပစေ ကျနော်တို့တိုက်သင့်ရင် တိုက်ရမှာပဲ။
… နအဖဟာ သူတို့အတွက် အကျပ်အတည်းရောက်လာတဲ့အခါမှာ အသက်ရှူပေါက် ရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးပဲ ရှိတယ်ဆိုတာ ကောင်းကောင်းသိတယ်။
… အခုချက်ခြင်း ၀ုန်းဒိုင်းကြီး နအဖကို ရင်ဆိုင်တိုက်ပွဲဝင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါတိုင်းမှာ လုပ်သင့်လုပ်ထိုက်တာကို ကျနော်တို့လုပ်သွားမယ်လို့ ကြေငြာချက်မှာလည်း ပါပြီးဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထုတရပ်လုံး ၀မ်းနည်းပူဆွေး ဒုက္ခရောက်နေတယ်ဆိုတာကို ကျနော်တို့နားလည် လက်ခံပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ တပူပေါ်နှစ်ပူဆင့်မဖြစ်ရလေအောင် ကျနော်တို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်လာရင် အခြေအနေကို တွက်ချက်ပါသေးတယ်။
----------
ဒါတွေကတော့ ဒီကနေ့အသက်နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိကြမယ့် ပြည်တွင်းထဲမှာ နေထိုင်ပြီး နအဖကိုဆန့်ကျင်နေတဲ့ မြန်မာလူငယ် မျိုးဆက်သစ်တွေနဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်တွေပါ။
သူတို့တွေ ဒီလိုပြောဆိုချိန်ဟာ မြန်မာပြည်မှာ ၂၀၀၇ သံဃာတော်တွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးလည်း ဖြစ်ခဲ့ပြီးပါပြီ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးလည်း တိုက်ခတ်ပြီးခဲ့ပါပြီ။ နအဖက သူတို့ရေးဆွဲခဲ့တဲ့ သူတို့အတွက် အခြေခံဥပဒေဆိုတာကြီးကိုလည်း ၉၂.၄၈ ရာခိုင်နူန်းနဲ့ အတည်ပြုပြီးခဲ့ပါပြီ။
ခေတ်တခု စံနစ်တခုပြောင်းဖို့ဆိုတာ အဲဒီနိုင်ငံက ရင်းနှီးပေးဆပ်ရဲတဲ့ လူငယ်တွေရဲ့အမြင်တွေ အလုပ်တွေက အဓိကကျပါတယ်။ လူငယ်တွေ မလိုက်ပါနိုင်တဲ့ လူငယ်တွေနဲ့ အမြင်မတူညီတဲ့ နည်းလမ်းမျိုးတွေ ကျင့်သုံးမိရင် အောင်ပွဲနဲ့ဝေးကွာတတ်ပြီး လူငယ်တွေနဲ့ အမြင်တူ အလုပ်တူ ထပ်တူကျပြီဆိုရင် အောင်ပွဲဟာ မဝေးတော့ဘူးလို့ ယုံကြည်မိပါတယ်။
ကိုမိုးသွေးတို့ ကိုလင်းထက်နိုင်တို့ဟာ ၂၀၀၇ မြန်မာ့လူငယ်မျိုးဆက်သစ်တွေပါ။ ပြည်တွင်းထဲမှာ ရန်သူ့ဓါးအောက်မှာ နေနေပြီး တော်လှန်နေသူတွေပါ။ သူတို့ပြောခဲ့ကြတဲ့ သူတို့ပါဝင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ နအဖဆန့်ကျင်ရေး တိုက်ပွဲနည်းလမ်းကျင့်သုံးမှုဟာ မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး အတွက် အဓိကကျမယ် ထင်ပါသလား။
ကဲ.. စာဖတ်သူတွေအနေနဲ့ ဘယ်လိုထင်မြင်ချက်တွေ ပေးချင်လဲ။ ကွန်မန့်ဝင်ပေးကြပါဦး။
ကျမရဲ့ ယူဆချက် အမြင်ကိုတော့ နောက်ပို့စ်မှာ တင်ပါ့မယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်



