ဓါတ်ပုံ (ထက်မြတ်လှိုင်)
အခုချိန်ထိ ကျောင်းသားတွေက အစိုးရကို ဘေးကျပ်နံကျပ် ဖြစ်စေတယ် ဆိုပြီး အမြင်စောင်းနေတဲ့ လူတွေကလဲ ရှိသေး။ ပညာတတ်တဲ့။ ဘာပညာတွေ တတ်ခဲ့လဲ မသိပါဘူး။ သဘောတူတယ်ဆိုပြီး ကတိကဝတ်တွေ ဖေါက်ဖျက်နေတဲ့ အာဏာပိုင်ဘက်ကိုတော့ တလုံးမှ မဝေဖန်ရဲပဲနဲ့ လူပေါ်လူဇော် လုပ်ချင်နေကြတယ်။ ကျောင်းသားတွေ မှားတယ်လဲ တိုက်ရိုက်မပြောရဲတော့ တောင်းဆိုတာတွေ မှန်တယ်။ အစက ထောက်ခံပြီး ကျောင်းသားတွေက ဘေးကျပ်နံကျပ်လုပ်နေလို့ မထောက်ခံတော့သလိုလို ။ လူလည်လုပ်နေကြတာ။ အဓိကကတော့ အာဏာရှင်ကို ကြောက်နေရဆဲ။ ရုန်းမထွက်နိုင်သေးတဲ့ သူတို့ရဲ့ မူလ အငုံ့စိတ်ကြောင့် အမှန်ကို မဖွေရှာရဲတာ။ ရန် ငါ မပြတ်ကြတာ။ တဖက်က အခွင့်အရေးလေး မျှော်လင့်နေကြတာ။ သူတို့ မလုပ်နိုင်တာတွေ လုပ်နေတဲ့ ကျောင်းသားတွေကို မနာလို တိုရှည်နဲ့ ကဲ့ရဲ့ကြတာ၊ ရှုံးနိမ့်စေချင်ကြတာ။
ကျောင်းသားသမိုင်းတလျှောက် နိုင်မယ် ထင်မှ တိုက်တဲ့လူစားတွေ မဟုတ်ဘူး ဆိုတာတော့ သိစေချင်ပါတယ်။ မတရားမှု မှန်သမျှကို တော်လှန်သွားမှာ ကျောင်းသားစိတ်ဓါတ်စစ်စစ်တွေပါ။
(လက်ပံတန်းမြို့မှာ မတ်လ ၃ ရက်နေ့ကစတင်ပြီး ထိုင်သပိတ်ဆင်နွဲနေတဲ့ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို ဂုဏ်ပြုလျှက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Showing posts with label သမိုင်းမှတ်တိုင်များ. Show all posts
Showing posts with label သမိုင်းမှတ်တိုင်များ. Show all posts
Sunday, March 8, 2015
ကျောင်းသားတွေကို နားလည်ပါ။
(အုတ်ဖိုမှ မင်းလှသို့ ပင်မ စစ်ကြောင်းချီတက်စဉ်) (၁၆၊ဖေဖေါ်ဝါရီ၊၂၀၁၅)
ကျောင်းသားလေးတွေရဲ့ လှုပ်ရှားမှုကို စောနေသေးတယ် အချိန်မကျသေးဘူး ဆိုတဲ့အတွေးနဲ့ ၂၀၁၅မှာ အမေစု နိုင်ရင် ဒါတွေက လွယ်သွားမှာ ။ ဒါကြောင့် သပိတ်ကို ရပ်ဖို့ ပြောနေတဲ့ အပြောတွေအတွက် တခုလေးပဲ မေးချင်ပါတယ်။
အခု အကြမ်းဖက်မှုတွေကို ဘယ်သူက စလုပ်တာပါလဲ။ အဲဒီလူတွေကိုလဲ ကန့်ကွက်ရှုတ်ချပေးပါ။
လွှတ်တော်ထဲမှာ အဲဒီဥပဒေကို ရတဲ့နေရာက ကန့်ကွက်ဖို့ လွှတ်တော်ထဲ ရောက်နေတဲ့ ဘယ်အမတ်က ဦးဆောင် ခဲ့ပါသလဲ။
လွှတ်တော်ထဲမှာ ကန့်ကွက်မရလို့ ဆိုပြီး ၄၃၆ လိုပဲ ကန့်ကွတ်တဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေကို ဘယ်ပါတီ ဘယ်အမတ်က ကလေးတွေအတွက် ဆိုပြီး ဦးဆောင် လုပ်ခဲ့ပါသလဲ။
ဒီတော့ ဒီကျောင်းသားလေးတွေဟာ သူတို့ရှေ့မှာ ဘယ်သူမှမရှိဘူး သိခဲ့တဲ့အတွက်၊ ဥပဒေကြမ်း အတည်ပြုတာနဲ့ ဒီလှုပ်ရှားမှုကို ဆန့်ကျင်ရဖို့ တာဝန် သူတို့ဆီကျရောက်သွားတာပါ။
ဘယ်သူကမှ ဒီလောက် ပင်ပန်းဆင်းရဲ အခန့်မသင့်ရင်ထောင်ကျ အသက်ပါသေနိုင်တဲ့ အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ဘယ်ပါတီ ဘယ်အဖွဲ့ကမှ ဒါတွေ ဦးဆောင်မလုပ်ခဲ့လို့ ကိုယ့်အသိနဲ့ ကိုယ် လုပ်နေကြတာပါ။
ဒီတော့ စောနေသေးတယ် အချိန်မကျသေးဘူး ဆိုတဲ့ လူတွေ အာမခံချက် ပေးနိုင်မလား ဆိုတာ တခုမေးချင်ပါတယ်။ ၂၀၁၅မှာ ဒေါ်စု ပါတီ တကယ်ပဲ ရာနှုန်းပြည့် နေရာပြည့် မဲနိုင် မလား၊ မူကြမ်းတင်တုန်းက ဘယ်သူတွေ အဲဒီမူကြမ်းကို ကန့်ကွက်ခဲ့ကြသလဲ ဆိုတဲ့အချက်ကိုပါ ပြန်လေ့လာလိုက်ပါ။ ပြီးမှ ရာနှုန်းပြည့်မယ်နိုင်မယ်ဆိုရင်တောင် သူတို့ မကန့်ကွက်ခဲ့တဲ့ ဥပဒေကို ပြင်ချင်ပါ့ဦးမလား ဆိုတဲ့ သံသယအတွက် ကလေးတွေကို နားလည်ပေးလိုက်ကြပါ။
(၂၀ရက်နေ့ ဇန်န၀ါရီလ ၂၀၁၅ ကနေ စတင်လမ်းလျှောက်နေကြတဲ့ မန္တလေး ရန်ကုန် ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းအား ဂုဏ်ပြုလျှက်)

Saturday, February 7, 2015
၂၀၁၅ မျိုးဆက်သစ်တို့ရဲ့ နိဒါန်း ခေတ်ဝန်ကို ထမ်း
လမ်းလျှောက်နေတဲ့ ကျောင်းသားတွေကို လမ်းလျှောက်တာ မှားတယ်။ အကြမ်းဖက် ခံရလိမ့်မယ် စသဖြင့် သနားကြင်နာတတ်ကြသူတွေ ကို တခုပဲ ပြောပြချင်ပါတယ်။ အကြမ်းဖက်မယ်ဆိုရင် အစိုးရက ဖက်မှာပါ။ လမ်းလျှောက်နေသူတွေမှာ အပ်တိုတချောင်းမပါ ပါဘူး။ ဒီတော့ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို သူများအကွက်ထဲ ၀င်တယ်တို့၊ သေကြေကြမှာ စိုးရိမ်တယ်တို့ဆိုရင် အကြမ်းဖက်မဖြေရှင်းဖို့ အစိုးရကို ကန့်ကွက်ပါ။ ရှုတ်ချပါ။ သူများအကွက်ထဲ ၀င်တယ်ဆိုရင် မ၀င်အောင် ဝန်းရံကြပါ။ များများ စာနာသနားလေ များများ ၀န်းရံဖို့ လိုလေပါပဲ။
သူတို့တွေဟာ ရက်ပေါင်း ၆၀ပေးပြီး ထိုင်စောင့်ခဲ့ပြီးပါပြီ။ ခုလို လမ်းလျှောက်နေတဲ့ ခြေလှမ်းတိုင်းမှာ ယုံကြည်ချက်တွေ ဆုံးဖြတ်ချက်တွေနဲ့ ပိုင်းဖြတ်ပြီးပါပြီ။ သူတို့ခြေလှမ်းတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိပါတယ်။ သူတို့ကို အထင်မသေးကြစေချင်ပါဘူး။ ကျမတို့ လဲ ၈၈ တုန်းက ဒီအရွယ်ပဲ လမ်းပေါ်ထွက်ခဲ့ကြတာမှာ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်ခဲ့လို့လဲ၊ ဘယ်သူတွေက အကွက်တွေ ဖန်ခဲ့လို့လဲ။ သူတို့ခေတ်တာဝန်ကို သူတို့ ထမ်းနေကြတာလို့ပဲ ကျမတော့ မြင်ပါတယ်။ သူတို့ကို လမ်းလျှောက်တာကနေ ရပ်နားခိုင်းတာဟာ လည်စင်းခံခိုင်းတာနဲ့ တူတူပါပဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကမို့ အမျိုးသားပညာရေး ဥပဒေကို မကန့်ကွက်ရဘူးဆိုတာကိုလဲ လက်မခံပါဘူး။ အခုကလေးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကန့်ကွက်ဖို့ လက်မှတ်ကောက်ခံခဲ့တုန်းကလဲ ရှေ့ဆုံးက ပါဝင်ခဲ့သူတွေပါ။ သူတို့နဲ့ သက်ဆိုင်တဲ့ ပညာရေးဥပဒေကျမှ နေပါဦးဆိုတာက မတရားပါဘူး။ သူတို့အလုပ် သူတို့လုပ်နေတာကို မကူညီချင်ရင်တောင် သေးသိမ်စေမယ့် စကားမျိုးတွေ မပြောစေချင်ပါဘူး။ သူတို့ မသေစေချင်ရင် သူတို့ အလှည့်မခံစေချင်ရင် သူတို့ကို ပိုမို ဝန်းရံ ကြပါ။ မျိုးဆက်သစ်တွေရဲ့ နိဒါန်းကို မျိုးဆက်ဟောင်းတွေက အားကြိုးမာန်တက် အားဖြည့်စေချင်ပါတယ်
ခုဆိုရင် ၂၀၁၅ မျိုးဆက်သစ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခေတ်ဝန်ကို ထမ်းနေမှု ကို ထင်ထင်ရှားရှားမြင်နေရပါပြီ။ ဆွေးနွေးပွဲတွေဆီကို ခေါ်ဆောင်သွားမယ့် ခြေလှမ်းတွေမို့ ဆက်လျှောက်ကြပါ ကလေးတို့။ ဆက်လျှောက်ကြပါ ကျောင်းသားတို့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
(ဧရာဝတီတိုင်း ဗကသ၊ ၁၉၈၈)
Tuesday, September 27, 2011
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် လှုပ်ရှားမှုအပေါ် ဦးဝင်းတင် သဘောထား
ကျနော့်သဘောထားကျနော် ရှင်းရှင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ်ဆိုတာ မဟုတ်ဘူးလို့  ကျနော်ယူဆတယ်။ ဘာမှ ငြိမ်စရာမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။ လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူးဆိုတာတော့ ..အဲဒါတော့ မမှန်ဘူးလို့ ကျနော်ထင်တယ်။
(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)Monday, September 26, 2011
ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့် အမှတ်တရ
ဒီနေ့ ငြိမ်းချမ်းစွာ မေတ္တာပို့စီတန်းလမ်းလျှောက်ခဲ့ကြတဲ့ သံဃာတော်တွေကို နအဖ လက်ကိုင်တုတ်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ နေ့။ ၂၀၀၇ စက်တင်ဘာကဆိုတော့ ခု ၄ နှစ်ပြည့်ခဲ့ပြီပေါ့။ ပြည်ပမှာလဲ အမှတ်တရအထိမ်းအမှတ်ပွဲတွေ ပြုလုပ်သလို ပြည်တွင်းမှာလဲ ကျင်းပကြတယ်ဆိုတာ သတင်းရတယ်။ နေ့လည် ၁၂ နာရီခွဲလောက် ဒီက အခမ်းအနားတခုက အပြန်အိမ်မှာ ချက်တင်ဘောက်ထဲ လာရိုက်တင်ထားတာ တွေ့လိုက်ရပြီ။ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြုလုပ်တဲ့ မြောက်ဥက္ကလာပ မကွေးကျောင်းတိုက် က ဆွမ်းကပ်အပြီး ဆူးလေကို သွားဖို့ ကား ၃စီးနဲ့ အသွားမှာ တားဆီးခံရရာက လမ်းလျှောက်ပွဲ ဖြစ်သွားခဲ့တာတဲ့။
လမ်းလျှောက်တာနဲ့ ဆူဆူပူပူဖြစ်မယ်လို့ ထင်တဲ့လူတွေက စစ်အုပ်စု ဘက်က တင်မဟုတ်ပဲ ကိုယ့်လူတွေလို့ ထင်ထားတဲ့ လူတွေကပါ ပြောလာတော့ တော်တော်အံ့သြတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို နှောင့်ယှက်နိုင်တယ်။ တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ ကျမက လုံးဝ လက်မခံပါဘူး။ ဆန္ဒမစောပါနဲ့ တဲ့ ။ နောက်တောင်ကျနေသလားလို့ ကျမက ထင်တယ်။
ဘယ်သူကိုမှ ဘာမှ မပြောချင်ပါ။ ဒါပေမဲ့ ခုတွေ့နေတဲ့ တွေ့ဆုံမှုမှာ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ၀ပ်ရှော့တခုတက်ဖို့ အသွား ဦးသိန်းစိန်နဲ့ တွေ့တယ်။ နအဖရဲ့ အကြီးမားဆုံးဒေါက်တိုင် ခေတ်ပျက်သူဌေးဇော်ဇော်နဲ့ ဘောပွဲ ကြည့်တယ်။ ဒါတွေဟာတွေ့ဆုံဆွေးနွေးရေးလား။ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေးလား၊ ကျမကတော့ မယုံကြည်ပါဘူး။ အစကတည်းက မမှန်တဲ့ တွေ့ဆုံမှု ဟာ ပျက်မှာပါပဲ။ ဦးသိန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့်တို့အားလုံးနဲ့ ထမင်းလက်ဆုံစားနေတဲ့ ပုံတွေ ထွက်လာသလို ဆည်တည်ဆောက်ရေး ကိုတောင် နိုင်ငံတော်ဧည့်သည်တော်အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ရတဲ့ ၊အဲဒီသွားရောက်လေ့လာခဲ့ရတဲ့ အချိန်တုန်းကထက် အခုက ပိုနေသလား။
ကျမတော့ လုံးဝမထင်ဘူး။ အဲဒီတုန်းက တွေ့ဆုံတဲ့ အဆင့်က ပိုမြင့်ပါသေးတယ်။ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတခုရဲ့ ခေါင်းဆောင်အနေနဲ့ တွေ့ဆုံခဲ့တာပ့ါ။ အခုတွေ့ဆုံမှုတွေကို သူတို့ဘက်က ပြောနေတာ အားလုံး ပြန်ဆန်းစစ်ရင် ဗိုလ်ချုပ်အောင်ဆန်း သမီးတယောက်အနေနဲ့ လို့ ချည်း ပြောတာကို မြင်နေကြားနေရတာပါပဲ။ ကမ္ဘောဒီးယားမှာလဲ ဦးခင်အောင်မြင့် ပြောခဲ့တယ်။ သမတအကြံပေး ဦးကိုကိုလှိုင်လဲ တသံတည်းပဲ။ ဒီတော့ ဘာကို မျှော်လင့်ကြသလဲ၊ တခါလိမ်ရင် လိမ်သူအမှာ ၂ခါအလိမ်ခံရရင်တော့ ခံရသူတွေ အများသာ ဖြစ်တော့မှာပါ။ ကျမတို့ ဥာဏ်မမှီတာလဲ ဖြစ်နိုင်ပါတယ်။ မမှီလက်စနဲ့ လိုက်မနေတော့ပါဘူး။ ကိုယ်မြင်တာလေးပဲ ရေးရတော့မှာပေါ့။ ကိုယ်ပိုင်တဲ့ဘလော့ ကိုယ့်စာမျက်နှာကိုး။
ဒီပုံကိုတော့ မြင်တာနဲ့ ရင်ထဲ ထိလွန်းလို့ ဘလော့ပေါ်တင်ပြီး သိမ်းထားလိုက်ပါပြီ။
ဒီတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်ပြည့်မှာ အဲဒီတုန်းက ကျဆုံးခဲ့သူတွေ ၊ ဖမ်းဆီးခံ နှိပ်စက်ခံ ထောင်ဒဏ်ကျခံခဲ့ရသူတွေအတွက် ဒီနေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတဲ့ နော်အုန်းလှနဲ့ အတူ နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင်ကွန်ရက်က မိတ်ဆွေများကို ထောက်ခံပါတယ်။ ကျေးဇူးအထူး တင်ရှိသလို လေးစားစွာ အလေးပြုလိုက်ပါတယ်။ ဒီလှုပ်ရှားမှုကို ဒီမိုကရေစီရေးမှာ အသက်စွန့် သွားခဲ့သူများက ကောင်းချီးပေးမှာပါ။
စာကြွင်း .. ဒီနေ့ အဲဒီသတင်းကို တင်တဲ့ Eleven Media Group ကိုတော့ တော်တော်အထင်သေးသွားတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Friday, September 23, 2011
ဆက်လက်စီးဆင်းနိုင်ပါစေ မိခင် ဧရာဝတီ
ဒီဇိုင်နာ သီဟမောင်မောင် ရဲ့ ပုံကို ယူသုံးပါသည်၊
မြစ်တစင်းက သူ့ရဲ့
မှီခိုရာ ပင်လယ်ကြီးဆီကို စီးဆင်းအလာ ခိုဝင်ခါနီးလေ တလျှောက်လုံး သယ်ဆောင်လာခဲ့တဲ့
သဘာဝတရားရဲ့ အနှစ်သာရတွေကို မြေကမ္ဘာအတွက် သွန်ချပေးခဲ့လေပေါ့။ အဲဒီလိုနဲ့ သူက
သူ့ကို ဖြတ်သန်းစီးဆင်းခွင့်ပြုတဲ့ နိုင်ငံတခုအတွက် သူ့ကို အားကိုးချစ်ခင်ကြတဲ့ လူသားမျိုးနွယ်တွေအတွက်
ပုံဖေါ်ပေးထားတဲ့ မြစ်ဝကျွန်းပေါ်ဆိုတဲ့ မြေဆီမြေနှစ်တွေနဲ့ စိုက်ပျိုးရေးထွန်းကားရာ
ဒေသကို ဖန်တီးပေးခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အဲဒီအဆီအနှစ်များ သွန်အန်ချပေးခဲ့ရာ
မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းဟာ ကျမရဲ့ ချက်မြှပ်ဇာတိလေးပါ။
မြစ်ကမ်းနဘေးနားမှာ
မွေးခဲ့ပေမဲ့ ကျမသိခဲ့ မြစ်ကလေးနာမည်က င၀န်မြစ်တဲ့။ ဧရာဝတီမြစ်ကြီးက
ပင်လယ်ကြီးဆီခိုဝင်ခါနီး ကိုယ်ပွားချန်ထားခဲ့တဲ့ မြစ်မွှာလေးထဲက နာမည်အကြီးဆုံး
မြစ်ပေါ့။ အဲဒီ မြစ်ကမ်းပါးမှာ ငယ်ဘ၀တွေ ဖြတ်သန်းခဲ့ရတာမို့
ပင်လယ်ကြီးနဲ့မြစ်တွေရဲ့ ချစ်တင်းနှောရာ ဒီရေတက်ချိန်တွေမှာ ရေငန်တွေဝင်လာတတ်တာ၊ အဲဒီလို
ရေငန်ဝင်ချိန်မှာ စားရတဲ့ ပင်လယ်ငါးဆိုတာ လူတွေရဲ့ကျန်းမာရေးကို ဘယ်လို အထောက်အကူအပြုတာ….
မြစ်ဝကျွန်းပေါ် ဆိုတာ မြန်မာနိုင်ငံရဲ့ စပါးကျီဆိုပြီး တင်စားပြောခဲ့လို ဒီဒေသထွက်
ပေါ်ဆန်းမွှေးဆိုတာ ချက်နေရင်းရတဲ့ မွှေးရနံ့မှာတင် ဘယ်ဆန်နဲ့မှ မတူနိုင်တာ စသော
အစရှိသော ထူးခြားချက်တွေ ပြန်ပြောရင် မြစ်ကြီးဧရာဝတီရဲ့ ကျေးဇူးတွေကို
ဘယ်လိုမေ့လို့ ရမှာလဲ ၊ ဘယ်မှာ ကင်းလွတ်နိုင်ပါ့မလဲ။
ခုတော့ မြစ်ရဲ့
ထိပ်ပိုင်း မြစ်ဆုံမှာ ဆည်ကြီးတခုတည်ဆောက်တော့မယ်ဆိုတော့ သဘာဝ ပညာရှင်တွေက
ကြုံတွေ့လာနိုင်တဲ့ အဆိုးအကောင်းအကျိုးအပြစ်တွေ စာတမ်းပြုစုတင်ပြကြသတဲ့၊ အဲဒီထဲမှာ
ပင်လယ်ထဲကို စီးဝင်ခိုတွယ်မဲ့ ဧရာဝတီက ဆည်တည်ဆောက်လိုက်လို့ ရေစီးနှေးသွားရင်
ပင်လယ်ကြီးထဲက ရေငန်တွေက လိုက်ပါ ၀င်ရောက်လာတော့မှာတဲ့။ ဒါဆိုရင် ရေစီးနှေးသွားမယ့် မြစ်ကြီးဆီက သယ်ဆောင်လာ မယ့် မြေဆီမြေနှစ်တွေ မြစ်ဝကျွန်းပေါ်ထိမရောက်လာနိုင်တော့သလို
ပင်လယ်ရေငန်တွေ မထွက်တော့ပဲ ခိုတွယ်နေတော့မယ့် မြစ်ဝကျွန်းပေါ်က စပါးကျီတွေပျက်မယ်၊
ရေချိုငါး၊ ရေငန်းငါးတွေရဲ့
ခိုလှုံနေထိုင်ရာတွေ ပျက်ယွင်းတော့မယ် ၊မြစ်ဖျားက အကျိုးဆက်ကို မြစ်အောက်ပိုင်းက
ခံစားရမှာတွေကလဲ မြစ်ဆုံဒေသနဲ့အကျိုးတူဆက်နွယ်နေတာပါပဲ။ ပင်လယ်ကြီးကရော
ဒီတိုင်းခွင့်လွှတ်နေမယ်လို့ ထင်ပါသလား၊ မြစ်ဧရာကို ဖျက်ဆီးတဲ့အတွက် သူကလဲ
ကလဲ့စားချေဦးမှာပါ။ ဒီတော့ကျမတို့ ဘာလုပ်ကြမှာလဲ။
မြစ်ဆုံမှာ
ရေကာတာတည်ဆောက်မယ့် ဒီ စီမံကိန်းကို၊
မြစ်ဧရာရဲ့ လွတ်လပ်စွာ
စီးဆင်းမှုကို နှောင့်ယှက်ဖျက်ဆီးမယ့် ဒီစီမံကိန်းကို၊
မြန်မာနိုင်ငံရဲ့
တည်ရှိနေမှုကို ချေဖျက်မယ့် ဒီစီမံကိန်းကို၊
မြန်မာလူမျိုးရဲ့
ရပ်တည်မှုကို ပျက်သုန်းသွားစေမယ့် ဒီစီမံကိန်းကို၊
အားလုံးသော
မြန်မာပြည်သူပြည်သားများနဲ့ အတူ ကန့်ကွက်ပါကြောင်း သိစေအပ်ပါသည်။
ဆက်လက်စီးဆင်းနိုင်ပါစေ
မိခင် ဧရာဝတီ၊
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Sunday, August 8, 2010
၂၂ နှစ် ပြည့်ခဲ့ပြီ။
၈လေးလုံး လူထုအရေးတော်ပုံကြီးကို ပြန်စဉ်းစားမိတိုင်း ကိုယ့်ပုခုံးပေါ်က တာဝန်တွေကို သတိရနေတုန်း။
ကျမတို့ပုသိမ်မှာ မတ် ၁၃ အကြောင်း၊ မတ် ၁၆ အကြောင်းကို ပုသိမ်ကောလိပ်ကျောင်းသားတွေနဲ့ အတူ ရှေ့နေတွေ ဆရာဝန်တွေ၊ ၇၄ ကျောင်းသားဟောင်းတွေ၊ စာအုပ်ဟောင်းရောင်းနေတဲ့ နိုင်ငံရေးသမားဟောင်း ကျောင်းသားဟောင်းကြီးတွေ၊ ကျူရှင်ဆရာတွေကို လိုက်ပြီး ပြောကြတယ်။ သူတို့ဆီက အကြံဥာဏ်တွေနဲ့ ဒီတခါကျောင်းပြန်ဖွင့်ရင် ဘယ်လိုတွေက စလုပ်သင့်တယ်ဆိုတာမျိုးတွေ တိုင်ပင်ကြတယ်။ အရင်တုန်းက ဒီလူတွေနဲ့ ခုလိုစကားအကြာကြီး မပြောဖူးဘူး။ သူတို့တွေက ၀မ်းသာအားရကြိုဆိုတယ်။ ကိုယ်သိပ်မသိတဲ့ ၆၂ ခုနှစ်က အဖြစ်အပျက်တွေ ၊ ၇၄ က အဖြစ်အပျက်တွေကို အသေးစိတ် ပြောပြကြတယ်။ နိုင်ငံရေးကို လုံးဝမသိခဲ့ပဲ ကိုယ့်ကျောင်းသားတွေကို ဖိနှိပ်အသေသတ်တဲ့ဖြစ်ရပ်ကြောင့် မခံချင်စိတ်နဲ့ ဒီလိုအစိုးရကို ဆန့်ကျင်ခဲ့တဲ့ ကျမအတွက်တော့ တာဝန်ဆိုတာကို ပိုနားလည်လာသထက် နားလည်လာပြီး ဘယ်သူကမှမပေးတဲ့ တာဝန်ကို ကိုယ့်ပုခုံးပေါ်ပစ်တင်ရင်း ဒီအစိုးရကို ပြုတ်ကျအောင် လုပ်ကိုလုပ်မယ်။ ငါတို့ခေတ်မှာ ငါတို့တာဝန်ကျေရမယ်ဆိုတာ အခိုင်အမာဆုံးဖြတ်ဖြစ်ခဲ့တဲ့ ကာလတွေပါပဲ။
(အပြည့်အစုံဖတ်ချင်ရင် ခေါင်းစဉ်ကို ကလစ်ပါ)

Sunday, May 9, 2010
စစ်တပ်အားကိုး ပုဆိန်ရိုးများကို ကန့်ကွက်ကြ
လူထုမယုံကြည်တဲ့ စစ်အာဏာရှင်ကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်အရွေးချယ်ခံဖို့ ပါတီအဖြစ် မှတ်ပုံတင်တဲ့ ပါတီထဲမှာ အေးလွင်ရဲ့ညီ ရဲထွန်းတို့ရဲ့ ပါတီက ဗကသလို့ ကျောင်းသားလူငယ်တွေသိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလံကို သူတို့ ပါတီအလံအဖြစ် မှတ်ပုံတင်တယ်။ ဒါ့အပြင်ဗကသ အဖွဲ့ချုပ်ရဲ့ အလံကို ပါတီအလံအဖြစ် မှတ်ပုံတင်တဲ့ ပါတီနာမည်ကိုကတည်းက ခိုးချကုးယူထားတဲ့နာမည်ဖြစ်နေသေးတယ်။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) တဲ့။ ( အာဏာကလဲ လိုချင်ပြန်သေးတယ်၊ နအဖကိုလဲ ဒူးထောက်ဖို့ ၀န်မလေးဘူး။ သူတို့တွေကတပြန်ကြီး ကိုမင်းကိုနိုင်တို့လို ကိုယ်ကျိုးစွန့်တဲ့ ပြည်သူချစ်တဲ့ ၈၈မျိုးဆက်ဆိုတာလဲ ဖြစ်ချင်သေးတယ်။)
အဲဒီဗကသအလံဟာ သမိုင်းတန်ဖိုးတွေ အပြည့်ရှိတဲ့အလံဖြစ်တယ်။ ကိုလိုနီခေတ်မှသည် စစ်အာဏာရှင်တော်လှန်ရေးမှာပါ သုံးတဲ့အလံဖြစ်တယ် ဆိုတဲ့ အင်တာဗျူးတွေကို အဲဒီအလံသူခိုး နာမည်သူခိုး ရဲထွန်းက ဒီအလံကတဲ့ ၁၉၈၈ ကမှ ဆွဲတာတဲ့… နားထောင်နေရင်းး ဘုရားတမိတော့တယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဖို့ ၀န်မလေးတဲ့ စိတ်ဓါတ်တွေနဲ့ သမိုင်းကိုလဲ ဒါးမြတိုက်ယူဝံ့ကြတယ်။

Saturday, April 24, 2010
ပြည်သူ့အစိုးရ ပေါ်ပေါက်ရေးးးး တို့အရေးး

ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်တဲ့။
ဆိုင်းဘုတ်ကို ကိုယ့်ဘာသာကိုယ် ဖြုတ်ချစရာမလို၊
အန်ဂျီအိုပါလို့လဲ ပြောင်းဖို့မလိုတဲ့....
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး မှာလဲ အင်အားမရှိတဲ့ ငြိမ်းအဖွဲ့ငယ်လေးတွေပဲ ရလိုက်တယ်။
ကိုယ့်ရဲ့ လက်နက်နဲ့လူတွေကိုပါ အပြီးအပ်လိုက်ပြီး တဖြည်းဖြည်း ၀ါးမြိုသွားမယ့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ဘယ်တိုင်းရင်းသားကမှ လက်မခံဘူး။
နအဖ အကွက်တွေကို မြင်ကြဖို့လိုပြီ။
နအဖနဲ့ ပူးပေါင်းမှုအားလုံး မလုပ်ကြဖို့ ဘူးလှုပ်ရှားမှုကို တိုးမြှင့်ကြစို့။
တော်လှန်ရေး သစ္စာဖြင့်
ခင်မင်းဇော်
Rest of your post

Saturday, July 18, 2009
တွေးမိလေတိုင်းးးးး
၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့ ရောက်တော့မယ်ဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အင်တာဗျူး တခုကို သတိရမိပါတယ်။ မေးမိတာက ကလေးအရွယ်ပါ ။ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးးးး၊ သူ့ကို အာဇာနည်နေ့နဲ့ ပတ်သက်တဲ့အကြောင်း ဟောပြောတာတွေ နားထောင်ပြီးတော့ ဘာတွေ သိလိုက်သလဲ။ ဘယ်လို ခံစားရလဲ လို့မေးခွန်းမေးလိုက်ပါတယ် ။ သူပြန်ဖြေတာတွေထဲမှာ သူအရင်တုန်းက တွေးမိထားတာလေးတွေကိုလဲ ပြောပြတယ်။ အဲဒီထဲမှ အမှတ်အရဆုံးတခုကတော့ ….
သူများနိုင်ငံတွေမှာ ပိုက်ဆံတွေကို သူတို့ ဘုရင်ပုံနဲ့ ထုတ်တယ်တဲ့။(သူရောက်နေတဲ့ ထိုင်းနိုင်ငံက ပိုက်ဆံကိုပဲ မြင်ဖူးတာပါ) ကျနော်တို့ကို မင်းတို့ ဘုရင်ပုံပြဆိုရင် ခြင်္သေ့ပုံဖြစ်နေတာ ကျနော်ရှက်မိပါတယ်တဲ့။ ဒီနေ့မှ အာဇာနည်တွေကို လူတွေမသိအောင် လုပ်ချင်လို့ ဗိုလ်ချုပ်ပုံကို ခုလို မထည့်တော့တာလို့ သူသိရတာပါတဲ့။ သူကြီးလာရင် လူတိုင်းသိအောင် သူပြောပြချင်တယ်တဲ့။ ခြင်္သေ့ပုံကြီး မထည့်စေချင်တဲ့အကြောင်းပေါ့လေ။
ကျမစိတ်ထဲမှာ လှိုက်ကနဲ ခံစားလိုက်ရတယ်။ မျိုးဆက်သစ်ကလေးတယောက်ရဲ့အမြင် စူးရှမှုက ကျမရင်ကို ထိုးဖောက်သွားတာပဲ။ တို့တာဝန်တွေ ကျေဖို့ အများကြီးလိုပါသေးလား။ အဲဒီနောက်တော့ အတွေးတွေက ထုံးစံအတိုင်း ဆက်တွေးမိတော့တာပါပဲ။
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို ဒီနေ့ ခေတ်လူငယ်တွေ မသိတော့တာ.........။
အာဇာနည်နေ့မှာ ကျမတို့ငယ်ငယ်ကလို ကျောင်းတွင်းဟောပြောပွဲတွေ၊ မြို့နယ်အလိုက် တိုင်းအလိုက် စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ ဆောင်းပါးပြိုင်ပွဲတွေ မရှိတော့တာ..........။
အာဇာနည်နေ့မှာ ကျောင်းအလိုက် ပန်းခွေတွေနဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ သွားပြီး ပန်းခွေချကြတာမျိုးတွေကို မတွေ့ရတော့တာ...............။
ရေဒီယိုက ၊နောက်... ကျမတို့မြို့မှာဆို ဆန်စက်တွေနဲ့ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ သင်္ဘောတွေက ဥသြဆွဲသံမကြားရတော့တာ...........။
ရေဒီယိုက မေလှမြိုင်သီချင်း၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မလွှင့်ပေးတော့တာ.............။
ဒါတွေအားလုံးဟာ အာဏာရှင်တွေက စနစ်တကျ အစီအစဉ်ရှိရှိနဲ့ ဖန်တီးထားတာတွေ ပါပဲ။ ဒါဟာ သူတို့မှာ မရှိတဲ့ စွမ်းရည်တွေ၊ သူတို့ လိုက်မလုပ်နိုင်တဲ့ စွန့်လွှတ်မှုတွေကို မျိုးဆက်သစ်တွေက သိသွားမှာ အတုယူပြီး သူတို့ကို ထောက်ပြဝေဖန်မှာ အဆုံးစွန်ဆုံး သူတို့ကို ခုနေရာက ဖြုတ်ချပစ်မှာကို ကြောက်လို့ပဲ မဟုတ်လား။
ကျမတို့မျိုးဆက်တွေက အာဇာနည်တွေရဲ့ ဂုဏ်ရည်တွေ သတ္တိတွေကို လက်ဆင့်ကမ်းဖော်ထုတ်ပေးရမှာဖြစ်သလို လက်ရှိတိုင်းပြည်တွင်းက သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေ ကိုလဲ ဖော်ထုတ်ပေးကြရမှာပဲ။ ဒါ့ထက်ပိုလိုအပ်တာက ကိုယ်တိုင် ဘယ်လောက်တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်မလဲ လက်တွေ့လုပ်ပြရမှာပါ။
ကျမတို့အရွယ် မျိုးဆက်ဘ၀တွေအားလုံးက အမိမြန်မာနိုင်ငံတော်ကြီးက ဘာတွေကို ရနိုင်မလဲ ဆိုတာထက် အမိနိုင်ငံတော်ကြီးကို ဘာတွေပေးဆပ်မလဲ ဆိုတာကို ပိုမိုပြသပေးရမယ့် မျိုးဆက်၊ ရင်းနှီးပေးဆပ်ပြရမယ့် မျိုးဆက်ပဲ မဟုတ်ပါလား။ ကျမကတော့ ဒီလိုပဲ ခံယူထားပါတယ်။ (ခုလက်ရှိတော့ အိမ်က သားတော်မောင်ကို ရှင်းပြနေဆဲ အချိန်ပါ။)

Wednesday, May 27, 2009
လွန်ခဲ့တဲ့ ၁၉ နှစ်၊ ဒီနေ့ ဒီအချိန်
ဒီနေ့ မေ ၂၇ တဲ့။ လွန်ခဲ့တဲ့ ၁၉ နှစ်ကို သတိရမိတယ်။
လွန်ခဲ့တဲ့ ၁၉ နှစ် ဒီအချိန်က တညလုံး မအိပ်နိုင်အောင် ပျော်ရွှင်ခဲ့ရတယ်။ အဲလို အပျော်တွေ ရဖို့ ၈၈ က ရင်းနှီးထားခဲ့ရတာ မဟုတ်လား။ အဲဒီတုန်းကတော့ ခုလောက် ကြာအောင် ဂတိမတည် လိမ်လည်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ကြုံလဲ မကြုံဖူးဘူးလေ။ နောက်တသက်လုံး ကြားလာခဲ့တဲ့ ၆၂ တို့ ၇၄ ၊ ၇၅၊ ၇၆ တို့တုန်းက ခုလောက်ထိ မအောင်မြင်ခဲ့ဘူးမဟုတ်လား။ ငါတို့တွေ တိုက်တော့ တယ်ဟုတ်ပါလားလို့တောင် အဲဒီအချိန်က ဂုဏ်ယူခဲ့သေးတယ်။
သိပ်မကြာခင်ပဲ ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော် ခေါ်ပေးတော့မလိုလို ၊ ကိုယ့်ဖာသာပဲ ခေါ်နိုင်တော့မလိုလို နဲ့ ဒင်းတို့ စစ်တန်းလျားအပြန်ကို စောင့်နေခဲ့ရတာလေ။
အစပိုင်းမှာလဲ စစ်တပ်က ဘာလုပ်ရမယ်တောင် မသိခဲ့ဘူးထင်ပါတယ်။ စစ်တပ်နယ်တွေဖြစ်တဲ့ မင်္ဂလာဒုံတို့ မှော်ဘီတို့မှာလဲ ခမောက်က နိုင်ခဲ့တာ ဆိုတော့ သူတို့လဲ ပျာနေတာ ဖြစ်မယ်။
အဲဒီအချိန်တုန်းက ကျမက လူထုရဲ့ ပါဝါကို ယုံကြည်ခဲ့တဲ့ အတွက် ၊ ရွေးကောက်ပွဲ ဂတိတွေကို ယုံကြည်ခဲ့တဲ့အတွက် တကယ့်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပေမယ့် ကိုယ့်နိုင်ငံကို မင်းလုပ်အုပ်ချုပ်ချင်သူတွေက အာဏာရူးတွေ၊ လူလိမ်တွေ ၊ဂတိဆိုတာ မသိတဲ့ တိရိစ္ဆာန်တွေ၊ တိုင်းပြည်ကို ဖျက်ဆီးချင်သူတွေ ဖြစ်နေတာကို နောက်ကျမှသိတော့တယ်။
အဲဒီတုန်းက ဂျင်းကျောပိုးအိတ်ထဲ ပေါင်မုန့် တထုပ်ထည့်ပြီး နေ့မအား ညမအား( မာရှယ်လော ၁၀ နာရီထိ) တရွာဝင် တရွာထွက်၊ တလမ်းဝင် တလမ်းထွက် ဟောပြောစည်းရုံးမဲဆွယ်ပေါ့၊ မဲကို ဘယ်လိုထည့်ရတယ်၊ ကြက်ခြေခတ်တံဆိပ်တုန်းကို ဘယ်လိုနှိပ်ရမယ်၊ မဲထည့်တဲ့ အခွင့်အရေး ရဖို့ ဘယ်လို ကြိုးစားရင်းနှီးခဲ့ရတယ် ဆိုတာတွေကို ပြောပြကြရတာလေ၊
ကျမက ပုသိမ်အနောက်မြို့နယ် မဲဆန္ဒနယ်မြေ (၂) ကိုယ်စားလှယ်လောင်း ဦးတင်ချော ရဲ့ နယ်မြေက စည်းရုံးရေးမှုး၊ နောက် ပုသိမ်အနောက်မြို့နယ် မဲအောင်နိုင်ရေးကော်မတီရဲ့ ဘဏ္ဍာရေးမှုး၊ (ဧရာဝတီတိုင်း ကျောင်းသားသမဂ္ဂ မှာလည်း ဘဏ္ဍာရေးမှုးပဲလေ၊ ဗကသ မှာကတော့ ကျောင်းသားချည်းပဲ ဆိုတော့ ၀င်ငွေမရှိတော့ ဘဏ္ဍာရေးမှုးကပဲ အားလုံး စိုက်ထုတ်အကုန်ကျခံရတဲ့ အဖြစ်ပါ၊ ဗကသ ဗဟိုက ခု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ စည်းရုံးရေး ဆင်းလာရင်လဲ အိမ်မှာပဲ စားသောက်ခဲ့ရတယ်၊ ၀ယ်မကျွေးနိုင်ဘူးလေ၊ မိဘအိမ်ကတော့ ခေါ်ကျွေးလိုက်လို့ ရတဲ့နေရာကိုး)
စည်းရုံးရေးခရီးစဉ်တွေက တလစာ ကြိုတင်ပြီး ရက်စွဲ၊ လိုက်ပါမယ့် လူအတိအကျနဲ့ တိုင်းငြိမ်ဝပ် ပိပြားရေးအဖွဲ့ကို တင်ရတာမို့ ခမောက်အဖွဲ့သွားမယ့် ခရီးစဉ်တိုင်းကို တစည ပါတီ စပါးနှံကလဲ လိုက်လံနှောင့်ယှက် အပြိုင်မဲဆွယ်ပေါ့။ သူတို့က သင်္ဘောစင်းလုံးနဲ့ သွားချိန်မှာ ကိုယ်တို့က လှေစီး၊ လမ်းလျှောက်၊ သူတို့က ကားနဲ့ သွားချိန်မှာ ကိုယ်တို့က စက်ဘီးစီးလမ်းလျှောက်၊ တခါတလေ စက်ဘီးက ကိုယ့်ကို ပြန်စီး၊ သူတို့က ရွာတွေမှာ အလှုပေးပြီး လူစု စည်းရုံးချိန်မှာ ကိုယ်တို့က ရွာခံတွေ ကျွေးတဲ့ ထမင်းစားပြီး စည်းရုံးဟောပြော၊ ဒါပေမယ့်လဲ ထောက်ခံမှုကတော့ အပြတ်အသတ်ပါ။(အဲဒီအကြောင်း ဆောင်းပါးလေး တပုဒ်ရေးဖူးတယ်၊ ပြန်ရှာပြီး တင်ပေးပါဦးမယ်)
ဒါပေမယ့် ဘ၀မှာတော့ အဲလိုမဲနိုင်အောင် မဲဆွယ်တာဝန်ယူစည်းရုံးခဲ့ရတဲ့ အချိန်လေးတွေနဲ့ အတူ ကိုယ်ပါဝင်ထမ်းဆောင်ခဲ့ရတဲ့ အတွက် ပြန်တွေးတိုင်းတော့ ၀မ်းသာ ပီတိဖြစ်ရပါတယ်။ လူတယောက်ဟာ သူ့ခေတ်ကြီးက ပေးအပ်တဲ့ တာဝန်ကို နိုင်သလောက် ထမ်းခဲ့တဲ့အပေါ်မှာတော့ ပီတိဖြစ်ရတာ ဂုဏ်ယူရတာဟာ ဘာနဲ့မှ နှိုင်းလို့မရဘူး ထင်ပါတယ်နော်။ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တချို့တွေလဲ ဒီလမ်းပေါ်က လွင့်စင်ကျကြ၊ တချို့လဲ ဖိတ်စင်ခဲ့ရ၊ သူတို့ကိုလဲ သတိတရ ဖြစ်မိတယ်၊
ဒါပေမယ့် ခု လို၁၉ နှစ်ကြာတဲ့ အချိန်မှာတော့ …..သူတို့လိမ်ဆင်ကြီးတွေက ဆက်ရှိနေတုန်း။ အတင်းအဓမ္မ ယူထားတဲ့ အာဏာနဲ့ လုပ်ချင်ရာ လုပ်နေတုန်း။ ခုလဲ ဘာမှ အပြစ်မရှိသူကို လုပ်ကြံ အမှုဆင်၊ တကယ့်တာဝန်ရှိတဲ့ လုံခြုံရေးတွေ ၊ ပြည်ဝင်ခွင့် ပေးလိုက်တဲ့ လူတွေကတော့ ဘာမှတရားစွဲမခံရ။
အော်…. တသက်လုံး ဒီလိုနေရမယ်တော့ မထင်ကြပါနဲ့။ ၀ဋ်ဆိုတာ လည်ကိုလည်ဦးမှာပါ။ အမှန်တရားကလဲ နိုင်ရဦးမှာပါ။ ကိုယ့်အလှည့်ကျရင်သာ……….

Thursday, March 12, 2009
ဘုန်းမော်မသေ ရှင်သန်နေ

၁၉၈၈ ရဲ့ မတ် ၁၃ မှာ ဘုန်းမော် ကျဆုံးခဲ့တဲ့ အချိန်က မူလတန်းတောင်မတက်ရသေးတဲ့
ကလေးငယ်ဘ၀ပဲ ရှိနေခဲ့ကြတဲ့ ကျောင်းသားငယ်တစုက
၂၀၀၀ ခုနှစ်မှာ သူတို့ချစ်တဲ့ စက်မှုတက္ကသိုလ်ကို ၀င်ခွင့်ရပြီး ရောက်လာခဲ့ကြတယ်။
ဘုန်းမော်ဆိုတာ သူတို့မသိဘူး၊မမြင်ဖူးဘူး၊
ဒါပေမယ့် ဒီစက်မှုတက္ကသိုလ်ရဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကြောင်းနဲ့
၈၈ လူထုလှုပ်ရှားမှုကြီးကို ရင်ထဲမှာ စွဲနစ်နေအောင် ကြားဖူးခဲ့ကြတယ်၊ တချို့ပုံရိပ်တွေကို သူတို့ မြင်ဖူးခဲ့ကြတယ်။
ဗမာပြည် တနံတလျား အနယ်နယ်အရပ်ရပ်က ဒီစက်မှုတက္ကသိုလ်ကြီးကို ရောက်ခဲ့ကြတဲ့ ကျောင်းသားလူငယ်လေး တစုက ဒီလိုစာတမ်းလေးကို မျက်နှာဖုံးမှာ ရေးလို့ ကဗျာစာအုပ်လေး တအုပ် ထုတ်ဝေခဲ့ကြတယ်။
မျက်ရည်ကျခွင့် စကားပြောခွင့်တွေ မရှိပေမယ့်
ကျနော်တို့ ကတော့
အပူရုပ်ကို ဟန်လုပ်ပြီး
မနေတတ်ခဲ့ကြဘူး။
အလွမ်းပြေ
ပန်းခွေပို့ ခွင့်တောင် မရနိုင်ကြပေမယ့်
မတ် ဆယ့်သုံးကို ဒီကဗျာတွေနဲ့ 
ဂါရ၀ပြုလိုက်ပါရဲ့ ။
အဲဒီနောက်တော့ ဒီကဗျာစာအုပ် ထုတ်ဝေမှုနဲ့ စက်မှုတက္ကသိုလ်ရဲ့
၂၀၀၀ ခုနှစ်စာသင်နှစ်မှာ....
စက်မှုတက္ကသိုလ်ကျောင်းသား ဆယ့်နှစ်ယောက်တိတိ ထောင်ခုနှစ်နှစ်စီ ကျခဲ့ကြတယ်။
လက်ရေးကဗျာစာအုပ် ထုတ်ဝေမှုနဲ့ ထောင်ခုနှစ်နှစ်ကျခဲ့ကြတယ်။
ကျောင်းသားလေးတွေ ကလောင်တံကြောင့် ထောင် ခုနှစ်နှစ်ကျခဲ့ကြတယ်။
ဒါဟာ ပုံပြင်မဟုတ်ဘူး။ တကယ့်ဖြစ်ရပ်မှန်ဖြစ်ပါတယ်။
၁၉၉၆ ကျောင်းသားလှုပ်ရှားမှုအပြီး ကျောင်းသားတွေ ငြိမ်သွားတာပဲ လို့ ပြောခဲ့တဲ့ လူတွေသိဖို့ သက်သက်ပါ။
ကျောင်းသားတိုက်ပွဲတွေထဲမှာ လူမသိခဲ့တဲ့ တိုက်ပွဲတွေလဲ အများကြီး ရှိခဲ့ပါတယ်။
စောဇော်မင်းထိုက်ကျော်ရဲ့ ခံစားချက်ကို ထုံကူး ရေးသားပါသည်။
(ကိုဘုန်းမော်နဲ့တကွ ကျဆုံးသွားသော အညတရ ကျောင်းသားရဲဘော်အားလုံးကို ဦးညွှတ်ဂုဏ်ပြုပါသည်။)

Friday, August 1, 2008
၈၈၈၈

မေ့နိုင်ပါရိုးလား... ဒီနေ့ရက်တွေ
အနှစ် နှစ်ဆယ်ဆိုတာ သမိုင်းစာမျက်နှာအရ ဆိုရင် စာတကြောင်းနဲ့လဲ ပြီးသွားနိုင်တာပဲ။ အဖြစ်အပျက်နည်းနည်းများနေရင် တမျက်နှာပေါ့။ အဲ…… အပြောင်းအလဲ အကြီးကြီး ဖြစ်သွားခဲ့ရင်တော့ စာမျက်နှာ များများနဲ့ ဖွင့်လှစ်ကြပြန်လေရောပေါ့လေ။
တကယ်တော့ အနှစ် နှစ်ဆယ်အတွင်းမှာတင်မကပါဘူး။ အခက်အခဲတွေ အန္တရာယ်တွေ နဲ့ တွေ့တိုင်း စည်းလုံးရမယ် ညီညွတ်ရမယ်ဆိုတာ ဟိုး ရှေးရှေး ပုံပြင်တွေထဲမှာကတည်းက သင်ကြားပေးပြီးသားပဲ မဟုတ်လား။ လူတိုင်း သိထားပြီးသား သဘောတရား ။ ဒါပေမယ့် လက်တွေ့ ကျင့်သုံးနိုင်ဖို့အတွက်ရာမှာတော့ အဲဒီညီညွတ်ခြင်းတရားမှာ စွန့်လွှတ်မှုတွေ ပါလာပြီ မို့ အောင်မြင်ဖို့ရာ ခဲယဉ်းလှပါတယ်။
တကယ့် စစ်မှန်တဲ့ ညီညွတ်ရေးဆိုတာ ကိုယ့်အကျိုး သူ့အကျိုးမကြည့်ပဲ တဘက် တစု ကျမတို့ အနေနဲ့ ပြောရရင် ဒီမိုကရေစီအင်အားတစုလုံးရဲ့ အကျိုး၊ နိုင်ငံ တခုလုံးရဲ့ အကျိုးကိုပဲ ကြည့်ရလိမ့်မယ်။
အဲဒီအခါ ကိုယ်နာမည်ကြီးချင်မှုတွေ…။ တခါတရံ ကိုယ့် အစွမ်းအစတွေ….။
ကိုယ့်မာနတွေ…။ ကိုယ့်ပညာတွေ….။
နောက်ဆုံး ကိုယ့်ရရှိနေတဲ့ နေရာ ဆိုတာ ကိုတောင် စွန့်လွှတ်သင့်ရင် စွန့်လွှတ်တတ်ရလိမ့်မယ်။
တိုင်းပြည်ကောင်းဖို့ရာအတွက် ကျရာတာဝန် ထမ်းဆောင်မယ်ဆိုရင် အတ္တတွေ ကင်းစင်နိုင်မှ စစ်မှန်တဲ့ ညီညွတ်မှုကို ရရှိနိုင်ပါလိမ့်မယ်။
ခုချိန်ထိ မရရှိနိုင်သေးတဲ့ ညီညွတ်ခြင်းမှာ ဘာတွေ လိုအပ်နေသလဲ ဆိုတာ ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင်က ဗဟိုပြုလို့ သုံးသပ်ကြရလိမ့်မယ်။
ဘက်တဘက်တည်း ရှိနေတဲ့ အချိန်အခါမှာ တောင်မှ…
ငါ နဲ့သူနဲ့ သူတို့နဲ့ ငါတို့နဲ့ စစ်အုပ်စုကို ပြုတ်ကျစေချင်တဲ့ ဆန္ဒတွေ ထပ်တူညီနေကြပြီ။
ဒီအခါမှာ ငါတို့ ရွေးချယ်တဲ့လမ်းနဲ့ သူတို့ရွေးချယ်တဲ့လမ်း မတူတဲ့အတွက် ငါတို့မှန်နေတယ် သူတို့မှားနေတယ် ငါတို့ ကိုထောက်ခံသူများတယ် ဒါ့ကြောင့် ငါတို့နဲ့လာပေါင်း ငါတို့ လမ်းစဉ်လိုက် နင်တို့ကို ငါတို့ တာဝန်ယူတယ် ဒီလို ညီညွတ်စေခဲ့သလား….။
ငါတို့နဲ့မတူတဲ့ သူတို့ဆီ ထောက်ခံကူညီနေသူတွေကို ငါတို့ဆီလာအောင် စည်းရုံးရမယ်။ ငါတို့ မှန်တယ် ဆိုတာ သက်သေပြဖို့ ငါတို့ ကြိုးစားရမယ်။ ငါတို့ ခုလိုဖြစ်နေအောင် နှောင့်ယှက်နေတဲ့ သူတို့ကို အရင်ရှင်းပြီး ငါတို့လမ်းဆက်မှ ခရီးပေါက်မယ် ဒီလိုစည်းရုံးရေး ဆင်းနေမိသလား…။
ငါတို့တွေးတာတွေ အကုန်မှန်နေတယ်… သူတို့လုပ်နေတာတွေ ဟိုဟာလဲ မှား ဒီဟာလဲမှား.. ငါတို့ပြောသလို လုပ်သင့်တယ် … ဒီလိုလုပ်မှကို မှန်မယ်…..
ငါတို့ကမှ .... ငါတို့ကမှ…… ငါတို့ကမှ…… ဒီလိုနည်းနဲ့ ညီညွတ်အောင် စည်းရုံးမိနေသလား..။
ငါတို့က တကယ်လုပ်နေတာလေ။ သူတို့တကယ်လာလုပ်ကြည့်ပါလား… ခဏနဲ့ အော်သွားမယ်… လက်တွေ့မရှိပဲ အာကျယ်နေကြတယ်…. ဒီလိုနည်းနဲ့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
ဝေဖန်တာ လက်မခံဘူးလား လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိတယ်……
ဆိုပြီး အပြစ်တွေချည်း ရှာကြံပြောလို့ ညီညွတ်ဖို့ ကြိုးစားမိနေသလား…။
ဒါက စဉ်းစားရမိသလောက်လေးတွေပါ။
တကယ့်စည်းလုံးညီညွတ်မှုဆိုတာ နအဖတွေလို သူခိုးတွေ ဓါးမြတွေလို အထက်အမိန့်ကို ဘာမှ ပြန်မပြောပဲ နာခံရတဲ့ စည်းလုံးမှုမျိုး ဖြစ်နေရမှာလည်း မဟုတ်ဘူး မဟုတ်လား။
အပြန်အလှန်နားလည်မှု ၊ လေးစားမှု ဟာ ရင်ထဲမှာ သေချာ ကိန်းဝပ် နေမှ ဖြစ်မယ် ဆိုရင် ကျမတို့ အတ္တတွေကို တကယ်စွန့်လွှတ်နိုင်တဲ့ နေ့ကျမှ တကယ့်ညီညွတ်မှု အစစ်ကို ရရှိပါလိမ့်မယ်။
ကျမ ကိုယ်တိုင်လဲ တိုင်းပြည်အတွက် ဖြစ်ရမယ်လို့ ခံယူထားပေမယ့် တကယ့် အခက်အခဲတွေတွေ့တဲ့အခါ ငါဆိုတဲ့ အတ္တကို ပျောက်ပျက်အောင် မဖျောက်နိုင်သေးပါဘူး။
ငါ့ကို လာကျောတယ် ထင်တယ်။ ငါ့ကို ပညာပြနေပါလား။ ငါထင်တာမမှားဘူး ဒီလို ငါ … ငါ.. တွေနဲ့ လုံးခြာ လိုက်နေဆဲ …..။
ဒါပေမယ့်လဲ သမိုင်းထဲက အောင်ပွဲတွေမှာတော့ စည်းလုံးညီညွတ်မှုကို တည်ဆောက် ရရှိနိုင်ခဲ့တာချည်းပဲမို့…..
ခဲယဉ်းတယ် ဆိုပေမယ့် ....။
လူတိုင်းလက်တွေ့ မကျင့်သုံးသေးနိုင်သေးဘူး ဆိုပေမယ့် … ။
စစ်မှန်တဲ့အမှန်တရား ဆိုတာ အောင်ပွဲခံရမယ်ဆိုတဲ့ လောကပါလ တရားကလဲ ရှိနေပြန်သေးတော့....
တနေ့ ညီညွတ်စည်းလုံးမှုတွေ နဲ့ အောင်ပွဲခံရမယ် မလွဲမသွေ ....ဆိုတဲ့ ကောက်ချက်ကိုသာ စစ်တမ်းဖွဲ့ယူရတော့မယ်ပေါ့။
မိမိကိုယ်ထက် တိုင်းပြည်ကို ချစ်သူတွေ ပေါများနိုင်ပါစေ….။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Sunday, July 20, 2008
အာဇာနည်တွေ နေတဲ့ တိုင်းပြည်

.jpg)
ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ ၆၁ နှစ်မြောက်အာဇာနည်နေ့ မြင်ကွင်းများ
ဓါတ်ပုံတွေကို ဒီဘလော့က ယူပါတယ်။
အာဇာနည်နေ့ မတိုင်မီရက်တွေမှာလည်း ဒီချုပ်က တက်ကြွ လှုပ်ရှားသူအချို့ကို နအဖက ကြိုတင်ဖမ်းဆီး ထားသေးတယ်။ ဒါပေမယ့်လည်း အာဇာနည်နေ့မှာ လူငယ်တွေက ဒီလို တက်ရောက်လာတာကို တွေ့ရတဲ့ အတွက် ပြည်တွင်း အင်အားစုကို အလွန်လေးစားမိပါတယ်။ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
Wednesday, June 18, 2008
ဂုဏ်ပြုခြင်း
တာဝန်ကျေသူကို ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
နာဂစ် မုန်တိုင်းဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး အားလုံး နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ နအဖကို တရားစွဲဆိုဖို့နဲ့ လိုအပ်နေတဲ့အကူအညီတွေ အမြန်ဆုံးပေးနိုင်စေရေးအတွက် နအဖ ခွင့်ပြုချက် မစောင့်ပဲ နိုင်ငံတကာ တပ်တွေ ၀င်ရောက်ဖို့ တောင်းဆိုချက်ကို ထောက်ခံဂုဏ်ပြုလိုက်ပါတယ်။
ပြည်တွင်းက အမတ်တွေ ဒီလိုထုတ်ပြန်ရင် အဖမ်းခံလိုက်ရမှာ အသေအချာ မို့ သူတို့အားလုံးရဲ့ ၀န်ကို ထမ်းပြလိုက်တဲ့ ပြည်ပရောက်လွှတ်တော် ကိုယ်စားလှယ်များဖြစ်တဲ့ ဦးခွန်မြင့်ထွန်း ၊ ဦးလှဦး၊နိုင်သောင်းရှိန်တို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ခြင်း အနေနဲ့ ဒီပို့စ်ကို တင်တာဖြစ်ပါတယ်။
Rest of your post
Wednesday, May 28, 2008
Saturday, May 24, 2008
ယုံချင်ယုံ မယုံချင်နေ
ဗြောင်လိမ်နည်း
ဒီလို အပြီး ထည့်ပြီးသားနဲ့ လွတ်လပ်စွာ မဲပေးရမယ်တဲ့။ နိုင်ငံတော်အတွက် မရေးတတ် မခြစ်တတ် မထည့်တတ်မှာ စိုးလို့ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတာ....
ဓါတ်ပုံကို ဒီက ယူပါတယ်။
Rest of your post
Monday, April 7, 2008
အမေလူထုဒေါ်အမာ
မကြွေတဲ့ ကြယ်တွေထဲမှာ အတောက်ပဆုံး ကြယ်တပွင့်ပဲပေါ့အမေ။
အမေကတော့ အမေဖြတ်သန်းခဲ့တဲ့ ခေတ်ကြီးက အမေ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်ထက် မကတဲ့ ၀န်တွေကို ထမ်းပိုး ပြသွားခဲ့ပါပြီ။
အမေလျှောက်ခဲ့တဲ့ လမ်း၊ ဖောက်ခဲ့တဲ့ လမ်းတွေကနေ အမေမျှော်မှန်းတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ကျမတို့ မလျှော့သော ဇွဲ ၊၀ီရိယ ၊ သတ္တိ တွေနဲ့ ဆက်လက် ချီတက်ပါ့မယ် အမေ..
ကောင်းရာသုဂတိလားပါစေ...
Rest of your post
Subscribe to:
Posts (Atom)