Sunday, May 9, 2010

စစ်တပ်အားကိုး ပုဆိန်ရိုးများကို ကန့်ကွက်ကြ

လူထုမယုံကြည်တဲ့ စစ်အာဏာရှင်ကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်အရွေးချယ်ခံဖို့ ပါတီအဖြစ် မှတ်ပုံတင်တဲ့ ပါတီထဲမှာ အေးလွင်ရဲ့ညီ ရဲထွန်းတို့ရဲ့ ပါတီက ဗကသလို့ ကျောင်းသားလူငယ်တွေသိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလံကို သူတို့ ပါတီအလံအဖြစ် မှတ်ပုံတင်တယ်။ ဒါ့အပြင်ဗကသ အဖွဲ့ချုပ်ရဲ့ အလံကို ပါတီအလံအဖြစ် မှတ်ပုံတင်တဲ့ ပါတီနာမည်ကိုကတည်းက ခိုးချကုးယူထားတဲ့နာမည်ဖြစ်နေသေးတယ်။ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) တဲ့။ ( အာဏာကလဲ လိုချင်ပြန်သေးတယ်၊ နအဖကိုလဲ ဒူးထောက်ဖို့ ၀န်မလေးဘူး။ သူတို့တွေကတပြန်ကြီး ကိုမင်းကိုနိုင်တို့လို ကိုယ်ကျိုးစွန့်တဲ့ ပြည်သူချစ်တဲ့ ၈၈မျိုးဆက်ဆိုတာလဲ ဖြစ်ချင်သေးတယ်။)

အဲဒီဗကသအလံဟာ သမိုင်းတန်ဖိုးတွေ အပြည့်ရှိတဲ့အလံဖြစ်တယ်။ ကိုလိုနီခေတ်မှသည် စစ်အာဏာရှင်တော်လှန်ရေးမှာပါ သုံးတဲ့အလံဖြစ်တယ် ဆိုတဲ့ အင်တာဗျူးတွေကို အဲဒီအလံသူခိုး နာမည်သူခိုး ရဲထွန်းက ဒီအလံကတဲ့ ၁၉၈၈ ကမှ ဆွဲတာတဲ့… နားထောင်နေရင်းး ဘုရားတမိတော့တယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဖို့ ၀န်မလေးတဲ့ စိတ်ဓါတ်တွေနဲ့ သမိုင်းကိုလဲ ဒါးမြတိုက်ယူဝံ့ကြတယ်။

ဒါက တရားဝင် ဗကသ အလံ



ဒါက ခိုးယူပြီး ပါတီအလံလုပ်ဖို့ ကန့်ကွက်နိုင်ကြောင်းတင်ထားတဲ့ သတင်းနဲ့ ပုံ
အဲဒီအကြောင်းကို သတင်းလုပ်မယ်ဆိုတော့ အင်တာဗျူးတွေ သေချာမေးတဲ့အချိန်မှာ ။ ရုပ်ပုံတွေ ရှာဖွေ စုဆောင်းနေတဲ့အချိန်မှာ ကန့်ကွက်ရမယ်ဆိုရင် ခုခေတ်မှာ ဗကသ ဆိုတာနဲ့ ဖမ်းနေတဲ့အချိန်ဆိုတော့ ဘယ်လိုတရားစွဲနိုင်ပါ့မလဲ ဆိုတဲ့မေးခွန်းလေးတောင် ထည့်မေးဖြစ်ခဲ့သေးတယ်။

ကျမတို့ ၁၉၈၈ ဗိုလ်ချုပ်စောမောင် လက်ထက်တုန်းက ဗကသ လုပ်နေတဲ့လူတွေကို ဖမ်းဆီးထောင်ချရင် ဗကသ အဖွဲ့ချုပ်လုပ်တဲ့ ပုဒ်မနဲ့ မချရဲဘူး။ တခြား ပုဒ်မတွေဖြစ်တဲ့ ပုံနှိပ်အက် နဲ့ဖြစ်စေ ။ နိုင်ငံရေးပုဒ်မ ၅ (ည) နဲ့ဖြစ်စေ ချခဲ့တယ်။ ဒါပေမယ့် ခု ဦးသန်းရွှေလက်ထက်မှာတော့ အဲလိုမရဘူး။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဆိုတဲ့နာမည်တောင် မကြားချင်ဘူး ။ ဒီအလံကို မမြင်ချင်ဘူး ဆိုတဲ့ထိ သူက ကျောင်းသားတွေကို မုန်းခဲ့တာမို့ ဒီငြိမ်းလင်း စည်သူမောင်ကစလို့ ကျော်ကိုကိုအဆုံး အားလုံးကို ဗကသ ဖွဲ့စည်းမှုနဲ့ ဖမ်းဆီးထောင်ချခဲ့တာမဟုတ်လား။

ဒါ့ကြောင့် ဒီအလံဟာ ဗကသ ရဲ့ အလံဖြစ်ပါတယ် ဆိုပြီး ဘယ်သူက ကန့်ကွက်ရဲမလဲ။ ဘယ်လိုကန့်ကွက်ရမလဲ ဆိုတဲ့မေးခွန်းတွေနဲ့အတူ စစ်တပ်နောက်ခံအားကိုးနဲ့ ခုလို သမိုင်းတန်ဖိုးရှိတဲ့ အလံကို ဒီလူအုပ်က ခိုးယူသုံးစွဲပစ်မှာကို နှမြောစိုးရိမ်နေမိတယ်။ ကိုယ်ကလဲ ပြည်ပရောက်နေပြီ။ ပြည်ပကနေ ကိုယ်ချစ်တဲ့ ဗကသ အတွက် အတတ်နိုင်ဆုံး ကာကွယ်ဖို့ဒီသတင်းကို စိတ်ပါလက်ပါ သေချာ အက်ဒစ်လုပ်တင်ခဲ့တယ်။

အဲဒီနောက်တော့ တချိန်လုံး ဘာလုပ်ရမလဲ ဘာလုပ်သင့်သလဲ ဘယ်လိုဖြစ်မလဲ ၊ ပြည်တွင်းကဆိုရင် ဘယ်လိုလူတွေ လုပ်ရင်ကောင်းမယ် စတာတွေနဲ့ပဲ ယောက်ယက်ခတ်နေခဲ့တယ်။

တပတ်အတွင်း ကန့်ကွက်ရမယ် ဆိုတဲ့ နောက်ဆုံးရက် ဖြစ်တဲ့ ၇ ရက်နေ့မှာတော့ လေးစားခြင်းတွေနဲ့ ၀မ်းသာကြည်နူးရတဲ့ ဒီသတင်းတခုကို စတင်ကြားခဲ့ရတယ်။ ပြည်တွင်းက စာပေအနုပညာရှင်တွေက ဦးဆောင်ပြီး လုပ်သားပြည်သူကျောင်းသားလူငယ်တွေက အချိန် ၂ ရက်အတွင်းမှာ ၉၃ ယောက်ရဲ့ ကန့်ကွက်မှုကို စုစည်းနိုင်ခဲ့တယ်။ အချိန် ၂ ရက်ဆိုတာ သွားပို့တဲ့နေ့အပါအ၀င်ဆိုတော့ သူတို့ စုစည်းနိုင်မှုက တရက်မရှိတရှိပဲ ရှိမှာပါ။
ကန့်ကွက်ကြောင်း တင်တဲ့စာ

ကိုယ့်ပုခုံးပေါ်က သမိုင်းပေးတာဝန်ကို ကျေပြွန်စွာထမ်းဆောင်ကြသူတွေ
တချို့လူတွေ ပြောသလိုဆို ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ်တိုင်အထုပ်ဖြည်သူတွေပေါ့
အဲဒီသတင်းကို ဒါရိုက်တာ ချိုတူးဇော်နဲ့ အင်တာဗျူး နားထောင်ရင်း ကြက်သီးထတဲ့အထိ ၀မ်းနည်း ၀မ်းသာ ခံစားခဲ့ရတယ်။ ပါဝင်လက်မှတ်ထိုးတဲ့လူတွေကြည့်ရင်း ကျမမှာ မျက်ရည်ဝဲခဲ့ရတယ်။ တကယ့်လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ဆောင်ရွက်နိုင်တဲ့ အဲဒီသူရဲကောင်းတွေကို အကြိမ်ကြိမ်ဦးညွှတ်နေမိတယ်။ ကျမတို့ မြန်မာပြည်ကြီးမှာ အဲလိုလူတွေ ရှိပါသေးတယ်လို့လဲ ကြွေးကြော်နေမိသေးတယ်။



လက်မှတ်စုဖို့အချိန်မရတော့လို့တဲ့ ၆၀ကျော်ရဲ့ လက်မှတ်ပဲ စုဆောင်းနိုင်လိုက်တယ်
အချိန်သာ ရမယ်ဆိုရင် လက်မှတ်သိန်းချီရနိုင်တယ်လို့ ကျမက ယုံကြည်တယ်။ ဒီကန့်ကွက်စာ တင်တဲ့ လူတွေကို သိပ်ကိုကျေးဇူးတင်ပါတယ်လို့ အထပ်ထပ်ပြောနေချင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

11 comments:

ကိုပေါ said...

ဒီလို (ကန့်ကွက်တဲ့)လုပ်ရပ်မျိုးကို စွမ်းစွမ်းတမံ သတ္တိအပြည့်နဲ့ လုပ်ကြသူတွေကို ချီးကျူးမိပါတယ်။

Unknown said...

အဟေးဟေး ဟုတ်တော့ဟုတ်နေပြီ

Anonymous said...

တစ်ခုခုဖြစ်တိုင်းမင်းအဖေတပ်မတော်ကိုပဲသတိရမနေနဲ့။ အဲဒီနိုင်ငံရေးအဖွဲ့အစည်းနဲ့ တပ်မတော်ကဘာဆိုင်လို့လဲ။ သူဘာသာပါတီထောင်ပြီး နိုင်ငံရေးလုပ်နေတာပဲ

ကျော်ထင် said...

ဒီလို မသင့်လျော်တဲ့လုပ်ရပ်တစ်ခုကို ၀ိုင်းဝန်းတားမြစ်ပေးကြတဲ့ တာဝန်သိ၊လေးစားဖွယ်ကောင်းတဲု့ပုဂ္ဂိုလ်အပေါင်းကို အရမ်းကျေးဇူးတင်ပါတယ်။
အရေးကြုံလာရင် လူထုဖက်က ထွက်ပြီးရပ်တည်ပေးကြမယ့် လေးစားဖွယ် စာပေ၊အနုပညာရှင်၊ အတတ်ပညာရှင်အပေါင်းရှိနေတာ အရမ်းအားတက်ဖွယ်ပါပဲ။

ယောနက်သန် said...

ဝိုင်းဝန်း ကန့်ကွက် တဲ့ အနုပညာရှင် များ နဲ့ ပြည်သူများ ကို လေးစား ဂုဏ်ယူပါတယ်။

Anonymous said...

ကန့်ကွက်စာရေးပုံ ရေးနည်းက မယုတ်မလွန်နဲ့ ပညာသားသိပ်ပါတယ်လို့ ထင်မိတယ်။

Nanda said...

ငါဟာ အမိမဲ့သား ရေနည်းငါးမဟုတ်သေးဘူးဆိုတဲ့ ခံစားမှုမျိုးကိုခံစားလိုက်ရပါတယ်။

Nge Naing said...

ဒီပို့စ်ကို ကျွန်မ အခုမှဖတ်မိတယ်။ မိမိတို့ဆန္ဒကို ရဲရဲဝံ့ဝံ့ ဖေါ်ပြတဲ့အနေနဲ့ ကန့်ကွက် လက်မှတ်ရေးထိုးကြရာမှာ ပါဝင်သူများအားလုံးကို အထူးပဲ ကျေးဇူးတင်ပြီး လေးစားဂုဏ်ယူ ချီးကျူးပါတယ်။ ပို့စ်တင်ပေးတဲ့ မခင်မင်းဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။

Anonymous said...

ဒီ ပို့ စ် အတွက် ကျေးဇူးပါ ဗျာ။

ခွန်စိုး

Devid said...

ရေးချင်လွန်းလို့ ကို ကျွန်တော် ပြောချင်တာကတော့ ဘယ်သူအုပ်ချုပ်ချုပ် ဒီထမင်းစားရမှာ အဲ့ ဓီတော့ ဘာမှမလုပ်တာဘဲကောင်းပါတယ်ဗျာ... အေးအေးဆေးဆေးနေကြ ပါဗျာ ကို့ ထမင်းကိုစားပြီးဘာလုပ်ကြမလို့ လဲ ဟုတ်တာလဲ မဟုတ်ဘူး မင်းတို့ တွေကန့် ကွတ်တော့ ရော ရမှာမို့ လို့ လား မင်းတို့ တကယ်လုပ်ချင်ရင် ရပါတယ် ပါးစပ်သေနပ်ပြစ်နေမယ့် အစား လက်တွေ့ လုပ်ကြပါလား ဘာမှမဟုတ်တဲ့ လက်တစုပ်စာ လေးကို တွေးပြီးကြောက်နေကြတာလား မင်းတို့ စဉ်းစားကြည့် လေ ဗိုလ်ချုပ်လုပ်ယူပေးခဲ့ တာ ဒီဘာမဟုတ်တဲ့ လက်တဆုပ်စာ လေးကောင်းစားဖို့ မဟုတ်ဘူး တို့ တိုင်းသူပြည်သားတွေကောင်းစားဖို့ ဘဲ အဲ့ တာကို ဘာလို့ ရအောင်မယူရဲ့ ကြတာလဲ ဒီလက်တစုပ်စာ အဖွဲ့ ကို နိုင်ငံတကာကလဲ မကြိုက်ဘူး သူတို့ တွေလုပ်နေတာ မတရားဥပဒေပါကွာ မင်းတို့ သတ္တိရှိရင် အန်တီဆုကို သွားထုပ်ကြ ကာကွယ်ကြ သူတို့ တွေအနုနီနဲ့ လုပ်မနေကြနဲ့  အကြမ်းနီနဲ့ ကိုင်တွယ်ကြ အဲ့ တာဆိုမင်းတို့ လိုချင်တဲ့ ဒီမိုကရေစီဆိုတာရမှာဘဲ မင်းတို့ တကယ်သာလုပ်မယ်ဆိုရင် မင်းတို့ တွေကို ကာကွယ်ပေးမယ် သူရှိလာမှာဘဲ ပြောနေလို့ ဘာမှမထူးဘူး လက်တွေ့ လုပ်ကြ အတုရောင် ရွေးကောက်ပွဲကဖြစ်နီနေပြီ ဘာလုပ်နေကြတာလဲ လုပ်ကြပါကွာ လူတွေတော်တော်ကြီးကို ဒုတ္ခရောက်နေကြပြီ...........အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

မန်းကိုကို said...

မဆီမဆိုင် ဘလော့ဒီဇိုင်းကြိုက်ကြောင်း ၀င်လာပြောတာပါဗျာ။