Sunday, March 11, 2012

လူပင်လယ်ကြီးရယ်.. ငါ့မှာတော့ ကြေကွဲ

လူတွေ လူတွေ
လူပင်လယ် လူသမုဒ္ဒရာကြီး
လှိုင်းလိုပဲ လှုပ်လွန်းလို့
စင်ပေါ်က ကြည့်ရင် မူးမူးသွားသတဲ့။

အလံငယ် အလံလတ်
အလံကြီးတွေ
တလူလူ တလူလူ။


ကြယ်တွေ ခွပ်ဒေါင်းတွေ
ဈေးသည်လေးတွေ ကားသမားတွေ
ဆိုက္ကားသမား အထမ်းသည်မကျန်
စစ်သားအချို့လဲ ကိုင်လို့
လူတိုင်း လက်ထဲ ပျံဝဲ၊

လေးစားခြင်း အကြည့်များ
အားကိုးခြင်း အကြည့်များ
မျှော်လင့်ခြင်း အကြည့်များ
အားလုံးရဲ့ မျက်လုံးမှာ တောက်ပ။

ငါ့မှာတော့... ငါတယောက်တည်းမှာတော့
လွန်ခဲ့တဲ့ ၂၂ နှစ်
မျက်ဝန်းထဲက
ရင်ထဲက
နှလုံးသားထဲက စွဲနစ်ပုံရိပ်များ
ငါပြန်သတိရ။


ထပ်တူပြုမျက်လုံးများ
ထပ်တူပြု အကြည့်များ
ထပ်တူပြုမျှော်လင့်ခြင်းများ
ထပ်တူပြုယုံကြည်ခြင်းများ။
အဲဒီအရာတွေအားကိုးနဲ့
ဂတိစကားအထပ်ထပ်ဆို
စကားလုံးများအထပ်ထပ်ဆို
ဖြည့်ဆည်းပေးနိုင်မယ်
ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့
အခိုင်အမာယုံကြည်ခဲ့လို့ပါ၊


၉၀ရဲ့အောင်ပွဲမှာ ငါတို့နစ်မြောမနေခဲ့ရပါဘူးလေ။
အောင်ပွဲနောက်က စိန်ခေါ်ပွဲတွေကိုလဲ
ငါတို့ ရှောင်မထွက်ခဲ့ပါဘူး။
မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ခဲ့ကြပါတယ်၊

ဒါပေမယ့်..
ဒါပေမယ့်...
ဒါပေမယ့်...


၂၀၁၂ ခုနှစ်


ဒီပြည်သူတွေက ဘာကိုဆန့်ကျင်ပြနေတာလဲလို့
မြင်အောင်ကြည့်ဖို့ လိုလိမ့်မယ်၊
သမိုင်းတလျောက်
ပြည်သူတွေ ဆန့်ကျင်ပြတတ်တဲ့
ပြည်သူတွေ ဆန့်ကျင်ခဲ့ကြတဲ့
ပြည်သူတွေ မျှော်လင့်ခဲ့ကြတဲ့
ပြည်သူတွေ ယုံကြည်ခဲ့ကြတဲ့
ပြည်သူတွေ လေးစားခဲ့ကြတဲ့
ပြည်သူတွေ ကိုးစားခဲ့ကြတဲ့
ပြည်သူ့ဆန္ဒအစစ်အမှန်ကို
အကြိမ်ကြိမ် လိမ်မယူဖို့ပဲ လိုပါတယ်၊


လူပင်လယ်ကြီးကို ကြည့်ပြီး
လူထုသမုဒ္ဒရာကြီးကို ကြည့်ပြီး
ငါတော့ ရင်ကွဲနေရတယ်၊
ငါကြေကွဲနေရတယ်၊

ငါပေးခဲ့တဲ့ ကတိ
ငါဆိုခဲ့တဲ့ သစ္စာတွေ
ခုထိ မဖြည့်ဆည်းနိုင်သေးလို့ပါ၊


ခင်မင်းဇော်
၁၂။၃၊၂၀၁၂)

Saturday, March 10, 2012

အမှန်တရား ဆိုတာ...

အမှန်တရား ဆိုတာ တခါတရံမှာ အမှားတရံလဲ ဖြစ်တတ်ကြတယ်တဲ့။
အမှန်တရား ဆိုတာ ဘယ်ဘက်မှာ ရပ်တည်နေလဲ ဆိုတာထက် ပိုပြီး ကျယ်ပြန့်ပါသေးတယ်၊
အမှန်တရား ဆိုတာ လက်ဖမိုးနဲ့ လက်ဖ၀ါးလိုပဲ မှောက်ချည်လှန်ချည်လဲ ဖြစ်တတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ခေါင်းနဲ့ပန်းလိုပဲ ကျောချင်းကပ်နေပေမယ့် ဆန့်ကျင်ဘက်လဲ ဖြစ်တတ်သေးတယ်၊
အမှန်တရား ဆိုတာ ရောက်ရှိနေချိန်နဲ့လဲ တိုက်ရိုက်အချိုးကျတတ်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘက်၂ဘက်ရဲ့ ကြားထဲမှာလဲ ရှိမနေတတ်ပါဘူး။
အမှန်တရား ဆိုတာ ဂိုဏ်းဂဏစွဲတွေ ဘယ်လောက်ကင်းရှင်းနေရမလဲ ဆိုတာပေါ်လဲ မူတည်ပါသေးတယ်၊
အမှန်တရား ဆိုတာ ဘယ်လောက်ကြာကြာ ဘယ်ချိန်ရောက်ရောက် မပြောင်းလဲဘူးဆိုတာဟုတ်သလားလဲ သိချင်ပါသေးတယ်၊
အမှန်တရား ဆိုတာ စကားလုံးတွေပေါ်မှာ မူတည်တာ ဟုတ်မဟုတ် ရှာဖွေကြည့်ချင်တတ်ကြသေးတယ်။
အမှန်တရား ဆိုတာ အခြေအနေ အချိန်အခါပေါ် ပြောင်းလဲတတ်သေးလား လေ့လာချင်သေးတယ်၊
အမှန်တရား ဆိုတာ အုတ်အရောရော ကျောက်အရောရောထဲက ဘယ်အချိန်မှာ ကွဲပြားသွားတတ်သလဲ သိခွင့်ရချင်သေးတယ်၊
အမှန်တရာ ဆိုတာ လျို့ဝှက်ချက်တွေထဲ နစ်မြုပ်နေတတ်တယ်လို့လဲ ထင်မြင်နေတတ်ပါသေးတယ်။
အမှန်တရား ဆိုတာ........
အမှန်တရား ဆိုတာ..........
အမှန်တရား ဆိုတာ............
အမှန်တရား ဆိုတာ...................
အမှန်တရား ဆိုတာ.... စကားလုံးကိုသုံးပြီး နာမည်ကြီးချင်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ....ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်သူတွေ အတွက် မဟုတ်ဘူး။
အမှန်တရား ဆိုတာ... အသေးအဖွဲလေးပင်ဖြစ်ပါစေ အာဏာသုံးတတ်သူတွေ အတွက်မဟုတ်ဘူး။
အမှန်တရား ဆိုတာ ...ပုဂ္ဂိုလ်စွဲတွေနဲ့ ဖွေရှာလို့ မရဘူး။
အမှန်တရား ဆိုတာ...ကိုယ့်ကိုယ့်ကို ကာကွယ်ဖို့ဒိုင်းမဟုတ်ဘူး။
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ....
အမှန်တရား ဆိုတာ...............
ကျမအတွက်တော့ ... ရှာဖွေနေဆဲ ရှာနေဆဲ။
( အမှန်တရားကို မြတ်နိုးသူများအဖြစ် စကားလုံးလှလှ သုံးနှုန်းနေသူများသို့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်