Sunday, March 11, 2012

လူပင်လယ်ကြီးရယ်.. ငါ့မှာတော့ ကြေကွဲ

လူတွေ လူတွေ
လူပင်လယ် လူသမုဒ္ဒရာကြီး
လှိုင်းလိုပဲ လှုပ်လွန်းလို့
စင်ပေါ်က ကြည့်ရင် မူးမူးသွားသတဲ့။

အလံငယ် အလံလတ်
အလံကြီးတွေ
တလူလူ တလူလူ။


ကြယ်တွေ ခွပ်ဒေါင်းတွေ
ဈေးသည်လေးတွေ ကားသမားတွေ
ဆိုက္ကားသမား အထမ်းသည်မကျန်
စစ်သားအချို့လဲ ကိုင်လို့
လူတိုင်း လက်ထဲ ပျံဝဲ၊

လေးစားခြင်း အကြည့်များ
အားကိုးခြင်း အကြည့်များ
မျှော်လင့်ခြင်း အကြည့်များ
အားလုံးရဲ့ မျက်လုံးမှာ တောက်ပ။

ငါ့မှာတော့... ငါတယောက်တည်းမှာတော့
လွန်ခဲ့တဲ့ ၂၂ နှစ်
မျက်ဝန်းထဲက
ရင်ထဲက
နှလုံးသားထဲက စွဲနစ်ပုံရိပ်များ
ငါပြန်သတိရ။


ထပ်တူပြုမျက်လုံးများ
ထပ်တူပြု အကြည့်များ
ထပ်တူပြုမျှော်လင့်ခြင်းများ
ထပ်တူပြုယုံကြည်ခြင်းများ။
အဲဒီအရာတွေအားကိုးနဲ့
ဂတိစကားအထပ်ထပ်ဆို
စကားလုံးများအထပ်ထပ်ဆို
ဖြည့်ဆည်းပေးနိုင်မယ်
ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့
အခိုင်အမာယုံကြည်ခဲ့လို့ပါ၊


၉၀ရဲ့အောင်ပွဲမှာ ငါတို့နစ်မြောမနေခဲ့ရပါဘူးလေ။
အောင်ပွဲနောက်က စိန်ခေါ်ပွဲတွေကိုလဲ
ငါတို့ ရှောင်မထွက်ခဲ့ပါဘူး။
မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ခဲ့ကြပါတယ်၊

ဒါပေမယ့်..
ဒါပေမယ့်...
ဒါပေမယ့်...


၂၀၁၂ ခုနှစ်


ဒီပြည်သူတွေက ဘာကိုဆန့်ကျင်ပြနေတာလဲလို့
မြင်အောင်ကြည့်ဖို့ လိုလိမ့်မယ်၊
သမိုင်းတလျောက်
ပြည်သူတွေ ဆန့်ကျင်ပြတတ်တဲ့
ပြည်သူတွေ ဆန့်ကျင်ခဲ့ကြတဲ့
ပြည်သူတွေ မျှော်လင့်ခဲ့ကြတဲ့
ပြည်သူတွေ ယုံကြည်ခဲ့ကြတဲ့
ပြည်သူတွေ လေးစားခဲ့ကြတဲ့
ပြည်သူတွေ ကိုးစားခဲ့ကြတဲ့
ပြည်သူ့ဆန္ဒအစစ်အမှန်ကို
အကြိမ်ကြိမ် လိမ်မယူဖို့ပဲ လိုပါတယ်၊


လူပင်လယ်ကြီးကို ကြည့်ပြီး
လူထုသမုဒ္ဒရာကြီးကို ကြည့်ပြီး
ငါတော့ ရင်ကွဲနေရတယ်၊
ငါကြေကွဲနေရတယ်၊

ငါပေးခဲ့တဲ့ ကတိ
ငါဆိုခဲ့တဲ့ သစ္စာတွေ
ခုထိ မဖြည့်ဆည်းနိုင်သေးလို့ပါ၊


ခင်မင်းဇော်
၁၂။၃၊၂၀၁၂)

6 comments:

HM U :) said...

မပါရလို့ပိုခံစားရရင်ကောင်းဘူးနော်..

ခင်မင်းဇော် said...

စာကို နားမလည်လို့လဲ ဖြစ်မှာပါ။

Anonymous said...

အခုတလော ဖေ့စ်ဘွတ်တောင် မကြည့်ရဲတော့ဘူး။ ကလိမ်ကကျစ်တွေအမျိုးမျိုး၊ သတင်းတွေဖတ်ပြီးရင် မျှော်လင့်ချက်တွေနဲ့ လူတွေရဲ့ မျက်လုံးတွေကို မြင်ယောင်ပြီး စိတ်မကောင်းဖြစ်ရတယ်။ အစ်မရဲ့ ကဗျာကို တကယ်ခံစားလို့ရသွားတယ်။

Anonymous said...

I do not understand what you mean. Are you blaming Daw Aung San Suu Kyi for the past 20++ years that she was under house arrest and enjoyed her life and did nothing for the ppl? How about you?

Moe Ye said...

ကျောင်းနံရံ တစ်ဝိုက်မှာ ဒေါင်းအလံ ပြန်စိုက်လာပြီ ။ကျွန်တော်တို့ရဲ့ ရောင်နီ ပြန်သန်း လာပြီ ။ မတ်လ ၁၃ရက်နေ့ ကျောင်းသားတွေ လှုပ်ရှားမှုကို ဖတ်ချင်ရင် ကျွန်တော့် ဘလော့ လာခဲ့ပါ ။

မအိ said...

မကြေကွဲနဲ့တော့ ညီမရေ...
အန်တီစု နိုင်သွားပြီ....