Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Tuesday, March 8, 2016

ပန်းတပွင့်ရဲ့ ရှိုက်သံကို ကြားခဲ့ဖူးတယ်



ဒီနေ့ International Women's day ဆိုတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ လွတ်မြောက်နယ်မြေမှာတောင် တကယ်တမ်းမှာ အမျိုးသမီးတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့ကြတာတွေထဲက အဖြစ်အပျက်တခုကို သတိရမိတယ်။

အမျိုးသမီးလေးတယောက်ကို ယုံကြည်လောက်အောင် ပြောဆိုပြီး ကာမရယူခဲ့တဲ့ လူတယောက်ဟာ အခုတော့ အမေရိကန်နိုင်ငံမှာ မင်္ဂလာအကြီးအကျယ်ဆောင်ပြီး အခြေချနေပြီ။ ဒါပေမယ့် သူစော်ကား သွားတဲ့ မိန်းကလေးကတော့ အားနည်းသူတို့ ထုံးစံ ငြိမ်သက် ဇာတ်မြှပ်ခဲ့ရပြီပေါ့။

အဲဒီဇာတ်လမ်းဖြစ်တော့ အမျိုးသမီးအခွင့်အရေး ကြိုးစားပေးပါတယ် ကာကွယ်ပေးပါမယ် ဆိုတဲ့သူတွေကတောင် ကာမလိမ်လည်မှု မဟုတ်ဘူး အဲဒါ နှစ်ဦးသဘောတူလို့ ပြောထွက်ခဲ့တယ်။ ပြီးတော့ ကောင်မလေးက ဘယ်လိုဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဟောင်းတွေထဲက အစုတ်တွေ ထုတ်ပြောကြပြန်တယ်။

လွတ်မြောက်နယ်မြေဆိုတာ ဥပဒေကလဲ စိုးမိုးမှုလွတ်မြောက်နေတယ်ဆိုတော့ ဇာတ်လမ်းက တခန်းရပ်သွားတယ်။ အဲဒီကောင်လဲ ဘာမှအရေးပေါ် မဟုတ်ပဲ နိုင်ငံခြား ထွက်ချင်လို့ လာပြီး လေကြီးမိုးကြီးပြော ယူအန်လျှောက်ပြီး တတိယနိုင်ငံခြေချသွားလေတယ်။

ဒီလောက် အမျိုးသမီးတယောက်ကို စော်ကား သွားသူကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ၊ အမျိုးသမီးဘက်က ရပ်တည်မယ်ဆိုတဲ့လူတွေ က တက်ညီလက်ညီကာကွယ်ပေးကြတယ်။

အဲဒီအတွေ့အကြုံအရ ဘာအခွင့်အရေး ညာအခွင့်အရေး ဆိုတာတွေကို ကျမက မယုံကြည်ဘူး။ အမျိုးသမီးတွေ အမြဲ မှန်တဲ့ဆိုတဲ့ လက်သုံးစကား ဆိုရိုးတွေကလဲ ဆိုင်းဘုတ်တွေမှာပဲ ရှိတယ်။ လက်တွေ့  ဖြစ်ရပ်တွေမှာ အားနည်းသူဘက်က တကယ်ရပ်သလား မရပ်ဖူးလား ဆိုတာနဲ့ပဲ တိုင်းတာတယ်။
ဒါကြောင့် ဒီနေ့ကို ကျမက ရင်မခုန်ဘူး ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, March 10, 2014

ရောက်တတ်ရာရာ

                                              အတွေးတွေက မိုးတိမ်ပမာ
                                         လေနှင်ရာ ဝေ့၀ဲ ရောက်တတ်ရာရာ
မနက်က ကုလားဆိုင်ကနေ အမဲသား ကီလိုဝက် ၀ယ်တယ်။ အမဲသားကို ကိုယ်တိုင်က မကြိုက်ပေမယ့် သားက ကြိုက်တော့ သူစားဖို့ ချက်ဦးမယ်ဆိုပြီး ၀ယ်တာပါ။ အသားကို မရွေးတတ်တော့ ကောင်းတာလေးပဲ ထည့်ပေးပါဆိုပြီး ပြောလိုက်တာ အိမ်မှာ ချက်တော့ ခဏလေးနဲ့ နူးသလို အသားက အတော်ကောင်းတယ်။ သန့်နေတာပဲ။
တချိန်တည်းပဲ ငါးဖယ် ငါးဆုပ် ၀ယ်တယ် ဗမာဆိုင်ကပါ။ ခါတိုင်း ၀ယ်နေကျ ဆိုင်ကို မသွားဖြစ်တော့ပဲ လမ်းဘေးမှာ ဗန်းလေးချ ငါးဖယ်တွေကို လှီး နေတဲ့ ကိုယ့် မြန်မာနိုင်ငံသားကိုပဲ အားပေးပါတော့မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ အိမ်ရောက်တော့ ငါးဖယ်ကို ထောင်းဖို့ ဆုံထဲ ထည့် တချက်ထောင်းလိုက်ကတည်းက ငါးဖယ်ခြစ် မဟုတ်ဘူးလို့ သိလိုက်တယ်။ ဘယ်လိုမှ မစေးဘူး။ ဘာငါးနဲ့ အင်ရိုက်လိုက်သလဲတောင် မသိတော့ပါဘူး။ စိတ်ထဲ အတော်ဒေါသထွက်လိုက်သေးတယ်။ ဒါပေမယ့် ဒီတခါပဲ ရမှာပေါ့။ ဘာလို့ တနပ်စားပဲ လုပ်ချင်ရလဲ လို့ တွေးရင်း ကြီးပွားရေး စီးပွားရေးတွေမှာ မသမာတဲ့နည်းသုံးတာ။ စေတနာ မသန့်တာတွေဟာ အင်မတန် အရေးကြီးတယ်လို့ တွေးမိတယ်။ ငါးဖယ်ငါးဆုပ်ကီလိုဝက်ဘိုးဟာ ကျမအတွက် ဘာမှ မဖြစ်ပေမယ့် သူ့အတွက် အသုံဝင်ချင်လဲ ၀င်သွားနိုင်မှာပါလို့ စိတ်လျှော့ပေးလိုက်တယ်။ ဘာသာ လူမျိုးက အရေးမကြီးဘူး စိတ် ထားကသာ အရေးအကြီးဆုံးပါပဲ။ (ငယ်တုန်းကဆို နင်ဘာလို့ အတုလုပ်ရောင်းလဲ လို့ ချက်ချင်းပြန်သွားပြောပစ်မှာ)

အဲလို တွေးမိတော့ တချိန်က မှတ်ထားတာလေးတွေ အစီအရီ သတိရလာတယ်။

ဖြစ်စဉ် (တစ်)

Monday, December 31, 2012

ချစ်သော နှစ်သုံညတစ်သုံး...

 ၂၀၁၂ ကတော့ အကောင်းအဆိုးတွေ ရောမွှေလို့ ကျမတို့ကို နှုတ်ဆက်နေပါပြီ။

သူ့ကိုလက်ပြန်ပြနေတဲ့ ကျမကရော သူနဲ့ တွေ့ဆုံနေစဉ်က ဘာတွေများ တိုးတက်ဖြစ်ထွန်းခဲ့ ပါသလဲ ပြန်လည်သုံးသပ်ကြည့်မိပါတယ်။

ဟုတ်ကဲ့။ ဒီနှစ်ကာလတွင်းမှာ ကျမတယောက်တည်း အတွက်တော့ မိတ်ဆွေကောင်းတွေ ရရှိလာသလို မိတ်ဆွေစစ်လို့ ထင်ခဲ့ဖူးတဲ့ လူတွေကိုလဲ စိတ်အေးသက်သာစွာ ချန်ထာဖို့ လက်ပြနှုတ်ဆက်နိုင်ခဲ့ပါတယ်။
ဘ၀ဆိုတာ ဒီလိုပါပဲ။ တွေ့ကြဆုံကြ ပြီးတော့ ခွဲခွာကြပေါ့။ ၀မ်းနည်းမှုတွေ ကြုံလာတိုင်း ပျော်ရွှင်စရာတွေလဲ စောင့်ကြိုနေသေးတယ်ဆိုတာ မမေ့တတ်ရင်တော့ ဖြစ်သမျှအားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မှာပေါ့။

လူသားဘ၀ ရောက်ရှိလာပြီးတဲ့နောက် ကလေးဘ၀က စပြီး ရုန်းကန်လှုပ်ရှားခဲ့ရတာ သေဆုံးချိန်ထိ တရံမလပ် အားစိုက်ခဲ့ရတာ မဟုတ်လား။ ကျောင်းသားဘ၀မှာ လုပ်ငန်းခွင်မှာ အားလျှော့မိတာနဲ့ ကျော်တက်သွားမယ့်လူ။ နောက်ကျော ဓါးနဲ့ထိုးမယ့်လူ။ တံတောင်နဲ့ တွတ်မယ့်လူ နည်းတာမှမဟုတ်တာ။ ရှားရှားပါးပါး လက်ကမ်းကာဖေးမမယ့် လူလဲ ကြုံခဲ့ရဖူးပါရဲ့။ အဲဒီအတွက်လဲ ကမ်းလင့်ခဲ့ဖူးသူတွေ ဆွဲခေါ်ခဲ့ဖူးသူတွေကို ကျေးဇူးတင် လေးစားခဲ့ရတာပေါ့။ 

ဒါနဲ့ ပြီးမလား။ ဘယ်ဟုတ်ပါ့မလဲနော်။ ကိုယ့်အလှည့်မှာလဲ ကိုယ်မကြိုက်တဲ့ စရိုက်မျိုး မလုပ်မိအောင် ကြိုးစားအားထုတ်ခဲ့ရတာပဲမဟုတ်လား။ တတ်နိုင်သမျှ နောက်ကျောဓါးနဲ့ ထိုးတဲ့လူမျိုး။ ကမ်းတဲ့လက်ကို ပုတ်ထုတ်မယ့်လူမျိုး မဖြစ်အောင်။ အားနည်းကို ကူနိုင်အောင် အားငယ်သူကို တွဲနိုင်အောင် စိတ်ဓါတ်ခွန်အားကို အမြဲ အသင့်ပြင်ထားခဲ့ပါတယ်။

Friday, September 23, 2011

ခေါင်းစဉ်အောက်က အပြောင်းအလဲများ

အပိုင်း တစ်..
ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သတင်းတွေ ဖတ်မိတဲ့ သတင်းတွေထဲမှာ မိုးမခက ဘဘဦးဝင်းတင်ရဲ့ အပြောင်းအလဲဖြစ်ဖို့ အပြင်အဆင်တွေရှိပြီလား ဆိုတဲ့ စကား ကြိုက်တယ်၊ နောက် ဗွီအိုအေကနေ ရွှေပြည်ကြီးမှာ သတင်းသွားယူခွင့်ရခဲ့တဲ့ ဒေါ်ခင်စိုးဝင်းကို ဦးကျော်ဇံသာက ပြန်ဗျူးထားတဲ့ အင်တာဗျူးလေး တော်တော်ကြိုက်မိတယ်။ သူမြင်ခဲ့ ကြားခဲ့တွေ့ခဲ့တာလေးတွေ ပြန်ပြောထားတာ တကယ့်ကို သတင်းသမားပီသတယ်။

နေပြည်တော်ကြီးက လူမရှိသူမရှိ တဲ့ နေရာကြီး ၊ အဲဒီမှာ ၈လမ်းသွား လမ်းမကြီးနဲ့ကောင်းမွန်လှတဲ့ ပလက်ဖောင်းတွေကို ရန်ကုန်ကို ရွှေ့ပေးလို့ ရရင် ရွှေ့ပေးလိုက်ချင်တယ် ဆိုတာ ဖတ်ရတာ မျက်စိထဲ တန်းမြင်တာပဲ။ နောက် မြစ်ဆုံရေကာတာ ကိစ္စ တွေ့ခဲ့မိသမျှ ဦးဌေးဦး တယောက်ပဲ ထောက်ခံတယ် ဆိုတာ၊ လွှတ်တော် ၂ ရပ်ရဲ့ မီဒီယာပေါ် သဘောထား၊ ပြည်သူလူထုတွေရဲ့ အကြောက်တရား၊ စီးပွားရေး ပိတ်ဆို့တဲ့ ဆန်ရှင်အပေါ် လူထုရဲ့ သဘောထားတွေ သေချာပုံဖေါ်ပြောပြနိုင်တာလေးကို အရမ်းသဘောကျတယ်။ 

 အပိုင်း နှစ်
အဲဒီနောက် ဆက်ပြီး စဉ်းစားမိတာက(စဉ်းစားတိုင်းလဲ အကုသိုလ်တော့
များပါတယ်) မြန်မာပြည်ကြီးထဲမှာ ပြည်သူ့အသံနားထောင်ချင်ပါတယ်၊ ပြည်သူ့ဆန္ဒတွေ ဖြည့်ဆည်းပေးချင်ပါတယ်၊ တရားဝင် လွှတ်တော်ကြီးထဲက တိုက်ပါမယ်ဆိုပြီး ရွေးကောက်ပွဲ ဆန့်ကျင်မှုတွေကို မျက်စိမှိတ် မကြားချင်ယောင်ဆောင်ပြီး အသက်ပေးပြီး တိုက်ပွဲ ၀င်ကြမဲ့ သဏ္ဍာန်တွေနဲ့ ကြံ့ဖွတ်မဟုတ်သော ဒီမိုကရက်များး ။ ကဲ .. ခုတော့ ဘာများ ပြောနိုင်ကြလို့လဲ။ အဆိုတောင် မတင်သွင်းတဲ့ လူတွေ မြင်နေရတယ်။ ဘာမှ မသိလို့ ဟိုမေးဒီမေး တွေကလဲ ရှိသေး။ ဟိုဟာလေး လုပ်ပေးပါဦး ဒီဟာလေး ကဘယ်လိုလုပ်ထားလဲ ထမေးတာကိုပဲ အလုပ်ကြီး ထင်နေကြတာ ကိုး ။ သူတို့ကိုယ် သူတို့ သတင်းထောက်လိုလို ထင်နေသလားမသိ၊ ဘာအကြံပေးတာ ဘယ်လို လုပ်ချင်တယ်ဒါမျိုး မရှိဘူး။ မေးခွန်းလေး ထုတ်လိုက် ဟိုက ဘာပြောပြော ကွန့်မေးဖို့ ကြောက်ပြီး ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့  ဟုတ်နေကြတာပဲ။
ဆက်ဖတ်မယ်ဆိုရင် ခေါင်းစဉ် (သို့မဟုတ်) links to this post ကို ကလစ်ပါ

Sunday, September 18, 2011

ပျင်းတဲ့ ဒီနေ့

ဒီတနင်္ဂနွေမနက် အိပ်ယာထ နောက်ကျသွားတယ်။
၈နာရီခွဲမှ နိုးတော့ ဈေးသွားရမှာလဲ ပျင်းတယ်။ ဒါနဲ့ အိမ်နားက မုန့်ဟင်းခါးဆိုင်မှာ အသုပ်စုံဝယ်စားလိုက်တယ်။ ပြီးတော့ ဒီနေ့ ဘုန်းကြီးကျောင်းဆွမ်းပို့ရမယ့်နေ့ ဆိုတော့ ညကတည်းက ကုလားပဲ ရေစိမ်ထားတာ ရှိတယ်။ ဒါနဲ့ ဈေးမသွားတော့ပဲ ရှိတာနဲ့ ချက်မယ် ။ ပဲဟင်းချိုကို ပဲကြာဇံခတ်လိုက်တယ်။ မနေ့ညနေကတည်းက ရေစိမ်ပြီး နွင်ထားတဲ့ ငါးကျည်းကျပ်တင်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်တယ်။ ဟင်းသီးဟင်းရွက်ဘာကျန်လဲ ကြည့်တော့ ဂေါ်ရခါးသီး သုံးလုံး ရှိတာနဲ့ အဲဒါကို ကြော်လိုက်တယ်။ ဘုန်းကြီးဆွမ်းကပ်ဖို့ရယ် အိမ်အတွက် မနက်စာရယ် ရပြီဆိုပြီး ထားလိုက်တယ်။ ပြီးတော့ မီးဖိုချောင်ရေဆေးတယ်။ (တပတ်တခါ ကြမ်းပြင်တွေကိုပါဆေးရတယ်။ ခုငှားနေတဲ့အိမ်က နောက်ဖေးခန်း ကြွေပြားကပ်မထားလို့ မမိုက်ဘူး။)။ ထိုင်ခုံအခင်းတွေ မှီအုံးအစွပ်တွေ အကုန်လျှော်တယ်။ ရေချိုးဖို့ လုပ်နေတုန်း အမေရိကားက ဖုန်းလာတယ်။ ထုံးစံအတိုင်း သူတို့က ဖုန်းကဒ်မကုန်မချင်း ပြောတာ ။ နောက် ပီအေကို ဆက်ပြောဖို့ လက်လွှဲပြီး ရေချိုး ခေါင်းလျှော်။ မနက်စာ စားတော့ နေ့လည် ၁ နာရီ။ ဟင်းတွေ ကုန်သွားတယ်။ ညစာကတော့ ဖြစ်သလိုလေးပေါ့ လို့ အားပေးထားလိုက်တယ်။။

ကွန်ပျုတာရှေ့ထိုင်ပြီး သတင်းလေးဘာလေး ကြည့်မယ်ဆိုပြီး ဒေါက်တာလွဏ်းဆွေဘလော့ဝင်လိုက်တော့ တရုပ် ပြည်မှာ ဆရာဝန်မကြီး အသက် ၇၇ နှစ်က ၀တ်လစ်စလစ်နဲ့ ဆန္ဒပြနေတဲ့ ဒီ ဗွီဒီယို ဖိုင်ကို တွေ့တော့ ကြည့်လိုက်တယ်။ အောက်က ရေးထားတဲ့ သတင်းမှာ ကွန်မြူနစ်ကြောင့် ဘာသာမဲ့နေလို့ အရှက်မရှိဘူး ဘာညာရေးထားတာကို သဘောမတွေ့ဘူး။ အသက် ၇၇ နှစ်အရွယ်မှာ ကိုယ်နေတဲ့ နေအိမ်ကို ဘာမှမဖြစ်စလောက်လျော်ကြေးနဲ့ ဖျက်ဆီးခံရတော့ သူဘယ်လို ပြန်လည်ရပ်တည်မလဲ ဆိုတာ ကိုယ်ချင်းစာမိတယ်။ တော်ရုံခံစားမှုနဲ့ဒီလို လုပ်မလား။ သူတို့အသံကို နားထောင်လိုက်တော့ နားမလည်ပဲနဲ့တောင် ရင်ထဲတော်တော်ဆို့သွားတယ်။
ခုရက်မှာ တရုပ်တွေကို အမြင်ကပ်နေတဲ့ ခံစားချက်က ဒီဗွီဒီယိုဖိုင်ကြည့်တော့ ကွဲပြားသွားတယ်။ အစိုးရအသုံးမကျမှုကိုလဲပိုမြင်တယ်။ ဒီလိုပဲ အုပ်ချုပ်တဲ့လူအသုံးမကျရင် ပြည်သူတွေ ဒုက္ခရောက်ကြရတာပဲ။

ဆက်ဖတ်ချင်ရင် ခေါင်းစဉ်(သို့မဟုတ်) links to this post ကိုကလစ်ပါ။

Tuesday, August 30, 2011

မြန်မာ့ရုပ်မြင်သံကြား ကြည့်နေတယ်။

ခုတလော မြန်မာ့ရုပ်မြင်သံကြား MRTV နဲ့ မြ၀တီ MWD ကိုနေ့တိုင်း စောင့်ကြည့်ဖြစ်တယ်။ ရွှေပြည်ကြီးမှာ လွှတ်တော်အစည်းအဝေး လုပ်နေတာကိုး။ အဲဒီမှာ မြင်ရတာက တက်နေကြတဲ့ အမတ်မင်းများ စာအုပ်တွေရှေ့ချ လိုက်မှတ်နေတာတွေ၊ အလိုလိုပါနေတဲ့ ၂၅ ရာခိုင်နှုန်းသမားများ ဆိုတာလဲ မှတ်လိုက်ရတဲ့ မှတ်စု။ ၂၁ ရာစု သူများနိုင်ငံ လွှတ်တော်တွေမှာ ကွန်ပျူတာတွေ အစီအရီနဲ့ ငြင်းကြခုန်ကြ သံတွေကို တိုက်ရိုက် လွှင့်ထုတ်ပေးနေတာနဲ့များ ကွာခြားလိုက်တာမှ ....သနားဖို့တောင် ကောင်းတယ်။ ဂျပန်ကို ရောက်နေတုန်းက သူတို့ လွှတ်တော်အစည်းအဝေးကို တီဗွီကနေ ပြထားလိုက်တာများ ဟိုအမတ်မင်းက ဘာပြောတာကို ဒီအမတ်မင်းက ဘယ်လိုချေပတယ် နဲ့ နားမလည်ပဲနဲ့တောင် သဘောကျခဲ့မိသေး။

နောက်တခုက ခု တက်နေတဲ့ အမတ်မင်းတွေထဲမှာ လွှတ်တော်ထဲကနေတိုက်မယ်၊ အပြင်က ပြောနေတာထက်စာရင် အတွင်းစည်းထဲ ၀င်ပြီး ပြောင်းမယ်ဆိုတဲ့ အမတ်တွေ၊ ခုများကျတော့ ဦးသိန်းညွှန့် တယောက်ပဲ နေ့တိုင်း ခေါင်းစဉ်တွေနဲ့ တင်နေတာ တွေ့တာပဲ။ နွားကို ပလာတာကျွေးနေတယ် ဆိုပေမယ့် သူပြောသလို သူ လုပ်ပြနေသေးတယ်။ ရတာ မရတာ ကတော့ အသိသာကြီးလေ။ ဘာပဲ ပြောပြော ကြံ့နဲ့ ဖွတ်တွေက ထကန့်ကွက်နေတာပဲ၊ အဲလိုကန့်ကွက်မယ် ဆိုတာလဲ သိသိကြီးပါ။ ဒါပေမဲ့ သူကတော့ အပြောနဲ့ အလုပ်ညီနေတာ တွေ့တာပဲ။ ခုန သူ့လိုပဲ အထဲက တိုက်မယ့်အမတ်တွေ မတ်တပ်ရပ် မဲထည့်ရမယ် ဆိုတုန်းက ဦးသိန်းညွန့်နောက်က ရပ်တာ ၂ယောက်တည်းတဲ့။ ကျန်တဲ့ လူတွေ ဘာဖြစ်သွားကြတာလဲ ။ ကုလားထိုင်ရတာနဲ့ ပိတ်သွားတဲ့ ပါးစပ်တွေ၊ ကိုယ်ပြောခဲ့တဲ့ နှုတ်ထွက်စကားတွေတောင် မေ့သွားစေတာပဲလား။ သူတို့ကို မဲထည့်ပေးတဲ့ ပြည်သူတွေတော့ ဘယ်လိုနေမယ်မသိဘူး။ မဲမထည့်ပဲ သူတို့ ပြောတာ ကြားထားတဲ့ ကျမဖြင့် လက်လှမ်းမှီရာနဲ့ ကောက်ပေါက် လိုက်ချင်စိတ်ဖြစ်မိတယ်။ (ဒင်းတို့ဟာ ကြံ့ဖွတ်အစိုးရဖြစ်ဖို့ အားပေးအားမြှောက်ပြုသူတွေ)

ဘာပဲ ပြောပြော ကန့်ကွက်ဖို့ အဆင်သင့်က ကြံ့နဲ့ ဖွတ် တိရိစ္ဆာန်တွေ။္ဆ အမယ် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ အဆိုတင်တုန်းက အလိုလို ၂၅ ရာနှုန်းပါတဲ့ ထဲက ၂ယောက်က ထပြီးထောက်ခံသတဲ့၊ သူတို့ကတော့ သူတို့လူတွေ တာဝန်ထမ်းဆောင်ရင်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ လူတွေ အတွက်ပါတဲ့။ အော် လာလာ ချည်သေး။

ဘာပဲ ပြောပြော လူနည်းနည်းပဲ တက်တဲ့ အမျိုးသားလွှတ်တော်။ လူများများတက်တဲ့ ပြည်သူ့လွှတ်တော် ။ အဲဒီ ၂ ခုလုံးကြည့်ပြီး သနားလိုက်တာမှ ပြောစရာ စကားရှာမတွေ့ဘူး။ ဘာကိုယ်စားလှယ်တွေလဲ။ ငြိမ်သက်တိတ်ဆိတ်နေပြီး ပြောသမျှ နာခံရမဲ့ ဘ၀နဲ့ ထိုင်နေကြရတဲ့ လူတွေ။ သူတို့ ရတဲ့လစာတွေ၊ ကားတွေ အိမ်တွေကို ဘယ်သူတွေက ပေးထားတာလဲ သေချာမစဉ်းစားကြဘူး။ အဓိပ္ပါယ်မဲ့တဲ့ ဒီလို လွှတ်တော်ကြီးကို ကြည့်ပြီး ဒီမိုကရေစီအစိုးရဖြစ်မယ်ဆိုတာ ဘယ်လိုမှ မယုံကြည်မိဘူး။

မီဒီယာသမားတွေကို စဖွင့်တဲ့နေ့က အနီးကပ် ၃ မိနစ်ရိုက်ခိုင်းပြီးတာနဲ့ အကုန်အပြင်ထွက်။ အပြင်က မှန်ခန်းလေးကနေ ဘာသံမှမကြားရပဲ လူတွေကို ဟိုဘက်က ရိုက် ဒီဘက်က ရိုက်။ အဲဒါတွေကို ပြပြီး သတင်းဖတ်သူက ရေးပေးထားတာတွေ ဖတ်ပြ။ လွတ်လပ်သော မီဒီယာဆိုတာ ဒါကိုးးး။

ကြည့်မိတဲ့ ကိုယ့်အမှားပါ...ရှန်..

ချစ်ခင်စွာဖြင့် ခင်မင်းဇော်

Tuesday, August 23, 2011

ရောက်တတ်ရာရာ (ပြန်လာတာ) ....

လစ်ဗျားနိုင်ငံမှာ ကဒါဖီအာဏာရှင်ကို တော်လှန်ပုန်ကန်သူတွေက မြို့တော်ထရိုပိုလီထိ တိုက်ခိုက်သိမ်းပိုက်နေပြီ ဆိုတဲ့သတင်းကြောင့် ၀မ်းသာ။ ပြီးတော့ ဒီမြို့သိမ်းတိုက်ပွဲမှာ သူပုန်တွေဘက်ကလဲ ကျဆုံးသူတွေ မနည်းဘူးဆိုတော့ စိတ်မကောင်းဖြစ် ၀မ်းနည်း။ ဒီနေ့ထိ အပြီးသတ်အောင်ပွဲမရသေးပေမဲ့ မဝေးတော့ဘူးဆိုတဲ့ မျှော်လင့်ချက်၊ ကြိမ်းသေ အောင်ပွဲ ရမယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ လစ်ဗျားပြည်သူတွေနဲ့ ထပ်တူ ရှိပါတယ်။ ဒီနေ့ ကမ္ဘာကြီးရဲ့ အခင်းအကျင်းအရတော့ အာဏာရှင်တွေ ကို ဘယ်ပြည်သူကမှ လက်မခံချင်ဘူး ဆိုတာနဲ့ အာဏာရှင်တွေ တယောက်ပြီးတယောက် ကျဆုံးရမှာ၊ ကျဆုံးကြတာ မြင်နေရတာ အားရစရာကြီးပါ။သူများနိုင်ငံကြည့်ပြီး ပွားများဖြစ်တဲ့ တရားပေါ့။ (ဒီပို့စ်တင်ပြီးတဲ့အချိန် အယ်လ်ဂျာဇီးယားမှာတော့ ကဒါ့ဖီအိမ်ကို သိမ်းမိသွားပြီ။ သေနတ်သံတွေ ယမ်းခိုးဝေေ၀နဲ့ ခြံထဲမှာ သူ့ရုပ်တုခေါင်းကြီးက ပြုတ်ကျလို့)

ဒီအဖြစ်အပျက်တွေနဲ့အတူ ကျမတို့ ရွှေပြည်ကြီးကို ပြန်စောင့်ငဲ့ကြည့်လိုက်ပြန်တော့ ဘောင်းဘီချွတ်သမတဦးသိန်းစိန်က လေပြည်ထိုးရင်း ၂၀၀၈ အခြေခံဥပဒေကို ဆုပ်ကိုင်ထားဆဲ ဆိုတာ မြင်နေရပါတယ်။ ဘာတွေက ဘယ်လိုတွေ့တာလဲ ဆိုတော့ …..

ဒုတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်ကနေ သူပြောနေတာက ၂၀၀၈ အခြေခံဥပဒေ ကို လက်မခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးတံခါးဖွင့်ထားသတဲ့။ စိတ်ရင်းစေတနာကောင်းနဲ့ ခုလို ဖိတ်ခေါ်တာတဲ့။ တိုင်းရင်းသားတွေရဲ့ စကား စာပေ အနုပညာ ယဉ်ကျေးမှုတွေကို ၂၀၀၈ ဥပဒေအောက်က ပြဌာန်းချက်တွေနဲ့အညီ အကောင်အထည်ဖေါ်ပေးမယ်တဲ့။ အဲဒီလို ပြောသွားတာပဲ။ အပြောကတော့ ရွှေမန်းဆိုတဲ့ ဗမာစကား၊ နောက်ဆို ပြောင်းလဲ သတ်မှတ်ရမယ်။ အပြောမှာ သိန်းစိန် ဆိုပြီး ပြောင်းကို ပြောင်းရဦးမယ်၊ အဟုတ်။

စစ်တပ်က ချုပ်ကိုင်ထားတဲ့ အခြေခံဥပဒေကို မကြိုက်ပါဘူးဆိုမှာ အဲဒီ ထဲက ပြဌာန်းချက်တွေနဲ့ အညီ အကောင်အထည်ဖေါ်ပေးပါ့မယ်တဲ့။ စည်းကမ်းကျနသော ဒီမိုကရေစီ တို့၊ ဥပဒေနဲ့အညီ ဆန္ဒပြခွင့်တို့ နဲ့ အကောင်အထည်ဖေါ်ပေးမဲ့ ရပိုင်ခွင့်တွေက ဘာတွေဖြစ်လာမလဲ။ နယ်ခြားစောင့်တပ်လက်ခံပြီး လက်နက်နဲ့ ကိုယ့်ရဲဘော်တွေ အပြီးအပိုင်အပ်လိုက်ရမဲ့ ငြိမ်းချမ်းရေးမျိုး အပစ်အခတ်ရပ်စဲမှုမျိုးကို ဘယ်တိုင်းရင်းသားက လက်ခံပါ့မလဲ။ ဒါဟာ စိတ်ရင်းစေတနာကောင်းလို့ သတ်မှတ်လို့ ရမလား။

အဲဒီပြည်ထောင်စုလွှတ်တော်မကျင်းပမှီလေးတင်ပဲ စီးပွားရေးလုပ်ငန်းရှင်များ နဲ့ လူမှုရေးအဖွဲ့အစည်းများက ကိုယ်စားလှယ်တော်ကြီးများကို ဖိတ်ခေါ်ပြီး ပြောတာနားထောင် ပြန်မမေးရ ဆိုတဲ့ တဖက်သတ် ပြောချင်ရာ ပြောပွဲကြီးမှာ ပြောသွားခဲ့တာလဲ ရှိသေးတာပဲလေ။

ပြည်တွင်းမှာ အကျဉ်းထောင်တွေထဲက ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ လုံးဝ လွှတ်မပေးသေးပဲ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာလို့ ရတယ်တဲ့။ ပြစ်မှုတစုံတရာ ကျူးလွန်ရင်တော့ ပြစ်ဒဏ်အရင်ကျခံရမယ်ဆိုပဲ။ အကြောင်းအမျိုးမျိုးကြောင့်ဆိုတာ ဘာတွေလဲ မသိဘူးနော်၊ အဲဒီပြစ်မှုတစုံတရာ ဆိုတာ အီလက်ထရောနစ်ပြစ်မှုလား။ တရားမ၀င်နိုင်ငံကူးသန်းမှုလား၊ ဆန္ဒပြမှုလား၊ အကြည်ညိုပျက်စေမှုတွေလား.. လားပေါင်းများစွာနဲ့ လိုရာဆွဲ ဥပဒေအောက်မှာ ယူချင်သလို အရေးယူဦးမဲ့ စေတနာကောင်းတွေနဲ့ ..ပြောခဲ့တဲ့စကား။ ပြီးတော့ တရားဝင် လွှတ်တော်က နေ ပြောတာလဲ မဟုတ်၊ တရားဝင် ကျေညာချက်ထုတ်ပြန်ခဲ့တာလဲ မဟုတ်၊ ဘာကိုယုံလို့ ဘာကို ပုံရမှာလဲ ဦးသိန်းစိန်ရှင့်။

အင်း ဂွင်ဆင်တဲ့လူက ဆင်ပြီး ဂွင်ဖန်ချင်တဲ့လူတွေကလဲ ယုံချင်ယောင် ဆောင်ကြဦးမှာပေါ့လေ။

ဘာပဲပြောပြော ဒီခေတ်ကြီးမှာ လူလာဖြစ်ရတဲ့အတွက်တော့ ကြုံရ ဆုံရ မြင်ရသမျှတွေကို see and wait လုပ်ဦးမယ်၊ ပြီးတော့ ထင်ရာ မြင်ရာ ပြောကြည့်ပါဦးမယ်လေ။

ဖဘထဲ ပျင်းလာတော့ ဘလော့လောကထဲ ပြန်လာပါပြီ၊ တွေ့ကြဦးမယ်လေ ပျော်ပျော်ပါးပါးပေါ့။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Thursday, September 30, 2010

တို့နိုင်ငံ ပြည်အရေး

ကျမတို့ ရွှေပြည်ကြီးမှာ ပါကင်ထုပ်ပိုးပြီးသား အစိုးရသစ်ကို စင်မြင့်ပေါ်တင်ဖို့ နအဖက အကွက်ချစီစဉ်နေတယ်။ သူတို့ကိုယ်တိုင်ဆောက်တဲ့စင်မှာ သူတို့ တင်ပေးမယ့် အရပ်သား အစိုးရဖြစ်ဖို့ အဖြည့်ခံကွက်လပ်ဖြည့်ပေးမဲ့ လူတွေကလဲ ရှိနေတော့ နအဖ အကြိုက်ပေါ့လေ။ ခွေးကတက်ပဲ ရရ ဆိုတာထက် ဆိုးနေတဲ့ လူတွေ က ဒီလောက် သိသာထင်ရှားနေတဲ့ ဖြစ်စဉ်ကြီးမှာ ပါတီစုံဆိုတာ ပေါ်လွင်အောင် ဖြည့်ပေးကြ ပုခုံးနဲ့ ထမ်းတင်ပေးကြဦးမယ်။ ပါလီမန်ထဲကနေ လွှတ်တော်ထဲကနေ ဘယ်လောက်မှ မရှိတဲ့ ရာနှုန်းလေးနဲ့ ကျွန်ဇာတ်သွင်းမဲ့ ၂၀၀၈ ဥပဒေကို ဘယ်လိုပြင်ဆင်မလဲ ဆိုတာကိုရော ပြန်စဉ်းစားမိသေးရဲ့လား မသိဘူး။

ခုချိန်ဆို ပိုသိသာလာတဲ့ အချက်တွေ တချက်ပြီးတချက်ပေါ်နေတာတောင်နောက်မဆုတ်ချင်ကြတာက သမိုင်းမှာ နာမည်ပျက်စာရင်းထဲ မပါမှာ စိုးရိမ်လို့ထင်ပါရဲ့။ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက ကိုယ်မဲဆွယ်မယ့်စကားတွေကိုတောင် သူတို့ခွင့်မပြုရင် မရဘူး ဆိုမှတော့ ဘယ်လိုများ မဲဆွယ်ကြပါ့ဦးမလဲ။ ကိုယ်တိုင်မ၀င်ရဘူးဆိုပြီး အပယ်ခံထားရသူတွေကလဲ နောက်မဆုတ်သေးဘူး။ မဲစာရင်းမပါလို့ ဆိုပြီး မဲထည့်ချင်နေတဲ့ လူတွေကလဲ ရှိသေးတယ်။

တကယ်က ခုချိန်မှာ လုံးဝတရားမျှတမှုမရှိတဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပြည်သူအတွက် လုပ်ပေးချင်တဲ့ ၊ ဒီမိုကရေစီကို ဒီလမ်းက သွားမှ ရမယ်ထင်နေတဲ့လူတွေ အသိစိတ်ပြန်ဝင်ပြီး နှုတ်ထွက်လိုက်ကြရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်။

၂၀၀၈ ဥပေဒေမှာ ဘယ်လိုမှ ထွက်ပေါက်မရှိအောင် ပိတ်ထားပြီး အာဏာဟာ ငါတို့က ဆင်းသက်တယ် ဆိုတာမျိုး လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ သေချာဖတ်လေ သဘောပေါက်လေ ဖြစ်ပါတယ်။ ခု သိပ်မလိုတော့တဲ့ တလကျော်အချိန်လေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်ကြည့်ကြပါဦး။ ဘယ်နေရာက ဖောက်ထွက်နိုင်မလဲ၊ အာဏာရှင်စနစ်ကို ဘယ်လိုအပြည့်အ၀ ကာကွယ်ပေးထားတာလဲ ဆိုတာ မြင်စေချင်ပါတယ်။

နောက်ပြီးတော့ ခုချိန်မှာ ဆန့်ကျင်သလိုလို မတူသယောင်ယောင်ဝါဒဖြန့်နေတဲ့ တစညဆိုတဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနဲ့ ကြံ့ဖွတ်ဟာ လွှတ်တော်ထဲမှာတော့ ပေါင်းစည်းပြီး အာဏာရှင်တည်မြဲရေးအတွက် အားသွန်ခွန်စိုက် ထောက်ပံ့ဝန်းရံကြလိမ့်မယ်။

ဒီတော့ ဘယ်လိုမှ တရားမျှတမှုမရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်ဝင်စေတော့မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သပိတ်မှောက်ကြဖို့ ပါတီအသေးလေးတွေကို တိုက်တွန်းချင်တယ်။ ခု ၀င်ပြိုင်မဲ့အရေအတွက်မှာတင် ထောင်ကျော်နဲ့ နှစ်ရာ မပြည့်တဲ့ ဂဏန်း ဟာ ကြည့်မကောင်း ရှုမကောင်းဖြစ်နေပါပြီ။ ဘာပဲ ပြင်ပြင် ၇၅ ရာနှုန်း ထောက်ခံမှ ဆိုတဲ့အချက် အရ ၇၅ ရာနှုန်းကိုဘယ်မှာ ရှာကြမယ် စိတ်ကူးထားပါသလဲ။

သူတို့ရဲ့ ပါတီစုံဆိုတဲ့ စကားလုံး အသက်မ၀င်အောင် ဆန့်ကျင်ကန့်ကွတ်သပိတ်မှောက်လိုက်မယ်ဆိုရင်ဖြင့် သမိုင်းတရားခံ မှတ်တမ်းထဲမှာ နအဖတကိုယ်တည်း မှတ်တမ်းဝင်သွားမှာပါ။

ရွေးကောက်ပွဲ ၀င်ဖို့စာရင်းပေးသွင်းထားတဲ့ တသီးပုဂ္ဂလအမတ်လောင်းများနဲ့ ပါတီသေးလေးများ ကို ရည်ရွယ်ရေးသားထားပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, April 29, 2010

ပညာ နဲ့ သညာ

ခေတ်စနစ်တိုင်းမှာ အုပ်ချုပ်သူ လူတန်းစားတွေက သူတို့တွေကို ထိခိုက်မယ့် အရာမျိုးတွေကို ဘယ်တော့မှ သင်ကြားခွင့် မပြုခဲ့ကြဘူး။
သူတို့သင်ခွင့်ပြုတဲ့အရာတိုင်းကလဲ မမှန်ကန်ခဲ့လို့ စနစ်တွေ တခုပြီးတခု၊ ခေတ်တွေတခုပြီးတခုကို တော်လှန်ရေးတွေနဲ့ ဖောက်ထွက်စဉ်းစား လုပ်ကိုင်နိုင်သူတွေက ပြောင်းလဲ စေခဲ့တယ်။
ဒါဟာ သမိုင်းသက်သေပဲ။

ဒါ့ကြောင့် ခု လူတွေ လက်ခံနေတဲ့ သင်ကြားနေတဲ့ အရာတွေထဲမှာလဲ မှားယွင်းမှုတွေ ရှိနိုင်မယ်။
ကိုယ်တိုင်လုပ်နေတဲ့အလုပ်မှာ ဘယ်အလုပ်ဟာ ဘယ်အတိုင်းအတာထိ လုပ်ဖို့ လိုအပ်တယ်ဆိုတာ အခြေအနေ အချိန်အခါအရ ဆုံးဖြတ်နိုင်ကြတဲ့ လူတွေမှသာ ခေတ်ကိုခေါင်းဆောင်နိုင်မယ။် စနစ်ကိုခေါင်းဆောင်နိုင်မယ်။

စာအုပ်ထဲက သီအိုရီတွေကိုသာ အမြဲကျင့်သုံးနေမယ် အဲဒါတွေနဲ့သာ ချိန်ထိုးနေမယ်ဆိုရင်တော့ တော်လှန်ရေးဆိုတာ ပေါ်လာစရာမရှိဘူး။ ခေတ်စနစ်တွေလဲ ပြောင်းလဲလာစရာမရှိဘူး။
အဲဒီသဘောတရားကို နားလည်နိုင်သူတွေ များပြားလာပါစေ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Rest of your post

Saturday, February 13, 2010

စပ်မိစပ်ရာ ... အတင်းတိုထွာ


ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိရင် မွေးနေ့ မွေးရက် တထပ်တည်း ကျတဲ့ အသက် ၉၅နှစ်ပြည့် မွေးနေ့ကို ကျင်းပကြရမှာပါ။ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် ဗိုလ်တေဇလေးတွေ ဗိုလ်အောင်ဆန်း လေးတွေ အားကျအတုယူနိုင်ဖို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ စစ်အစိုးရလက်ထက်မှာတော့ အောင်ဆန်းဆိုတဲ့ နာမည်တောင် တတ်နိုင်သလောက် ရှောင်ကျဉ်နေကြလေတော့ မြန်မာနိုင်ငံကလေးများနေ့လုပ်ပေးဖို့ ဆိုတာကတော့ ဝေး ဝေး ပေါ့။

ပြည်ထောင်စုနေ့ မိန့်ခွန်းရှည်ကြီးထဲမှာများ ပင်လုံစာချုပ်တို့ တောင်တန်းဒေသ ခေါင်းဆောင်များတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာတွေ ပါမှာစိုးလို့များလားမသိ။ စကားတလုံးနဲ့တလုံး ပါဆယ်နဲ့ ပို့ယူရတဲ့အထိ လေးတွဲ့စွာ သတိထားဖတ်ကြားသွားပါလေရဲ့။

ပြည်ထောင်စုနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်တွေ တောင် ပြောင်းလို့ရသလောက် ပြောင်းထားပြီးမှတော့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကတော့ မသိလေ ပိုကောင်းလေလို့ သဘောထားလိုက်ရောပေါ့။

Thursday, December 31, 2009

ပြောချင်တာလေး ရေးပြမယ် (၂)


ဘလော့ထဲက ချစ်ညီမလေး ၂ယောက်က နှစ်သစ်ကူးလက်ဆောင်လေးတွေ ပေးပို့လာတာကို ၀မ်းမြောက်စွာ လက်ခံရရှိကြောင်း မှတ်တမ်းတင်ထားချင်ပါတယ်။
တယောက်က အော်စီကဖြစ်ပြီး တယောက်က စလုံးက ဖြစ်ပါတယ်။ သူတို့ပေးတဲ့ အလှပြင်ပစ္စည်းလေးတွေက အင်မတန် အသုံးဝင်တာမို့ နှစ်သက်မိသလို ခုလို အလေးထားသတိရတဲ့အတွက်လဲ အရမ်းကို ၀မ်းသာပျော်ရွှင်မိပါတယ်။
ချောကလက် ဗူးသေးလေးကို ရောက်ရောက်ချင်း သားတော်မောင်က ဖွင့်ပြီး မောင်ပိုင်စီးလိုက်ပါတယ်။ ကျမကတော့ မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီဗူး၊ လိုးရှင်းဗူးတွေနဲ့ အတူပါလာတဲ့ ပုဝါဖြူဖြူလေးပေါ်က အပြာရောင် ချည်ထိုးပန်းပွင့်လေး ကို တသသ ကိုင်ကြည့်မိသလို ဓါတ်ပုံဘောင်လေး ၂ ခုပါတဲ့ နာရီသေးသေးလေး ကိုလဲ တရရ ပွေ့ထားမိပါသေးတယ်။

လက်ဆောင်ပစ္စည်းဆိုတာထက် သူတို့ ငါ့ကို သတိရနေပါလား ဆိုတဲ့ စိတ်ကလေးကတင် အရမ်းပျော်ဖို့ ကောင်းနေခဲ့တာပါလားး။ သူတို့ ဒါကို ၀ယ်နေတဲ့အခါတုန်းက၊ သူတို့ဒါတွေကို ထုတ်ပိုးတဲ့အခါတုန်းက၊ သူတို့ ဒါတွေကို စာတိုက်ကနေ ထည့်တဲ့အခါ တုန်းက ငါ့ကို သတိတရနဲ့ ပြုလုပ်နေကြပါလာ လို့ တွေးမိနေတိုင်း လောကကြီးမှာ ခင်မင်ကြင်နာခြင်းတွေ၊ ချစ်ခင်အလေးထားခြင်းတွေကို ရရှိပိုင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုနှစ်လိုဖွယ်ကောင်းတယ် ဆိုတာ စာဖွဲ့လို့ မမှီနိုင်တော့ဘူး၊ ရင်ဘတ်တူသူတွေ ၊ ရည်ရွယ်ရာ တူသူတွေ၊ မျှော်လင့်ချက်တူသူတွေ ကြားထဲမှာ လူချင်းမတွေ့ခဲ့ကြဘူးပေမယ့် ဒီလိုသံယောဇဉ်လေးတွေ ချည်နှောင်မိခဲ့ကြပါတယ်။ အိပ်မက်မဟုတ်ဘူးနော်။ အတုအယောင် ကမ္ဘာမဟုတ်ဘူး၊ တကယ့်ကို အပြင်ကမ္ဘာလေးထဲမှာ ဆက်နွယ်မိခဲ့ကြပါပြီ။

သတိတရနဲ့ ဘလော့ပေါ်တင်မိပါတယ် ညီမတို့ရေ။ ပစ္စည်းလေးတွေကိုတော့ ဓါတ်ပုံနဲ့ တင်မပေးတော့ပါဘူးကွယ်။ မြင်မိသွားရင်လေ သူများတွေ လိုချင်သွားမှာ စိုးလို့ ပါ ဟားဟား။

(ပြောချင်တာလေး ရေးပြမယ်…နောက်ဆက်တွဲ)

တခါတုန်းကပေါ့…
ဘိုးဘွားရိပ်သာတခုကို သွားလှုဖို့စီစဉ်ရင်းသွားရောက်စုံစမ်းတော့ အသားဟင်းတခွက် အသီးအရွက်ကြော်တပွဲ ၊ ဟင်းချို တပွဲ။ အချိုပွဲ ငှက်ပျောသီး ၊ ကွေကာအုပ် နဲ့ တယောက်ဘယ်လောက် ဘယ်လောက်ဆိုပြီး တွက်ချက်ပြ တော့ သဘောတကျနဲ့ ဘိုးဘွားဘယ်နှစ်ယောက် လာရောက်မယ့် ဧည့်သည် ဘယ်နှစ်ယောက် စသဖြင့်အယောက်ရေအတိုင်း ငွေချေပေးခဲ့လိုက်တယ်။ အလှုနေ့မှာ သွားရောက်တဲ့အခါမှာ ကြက်သားဟင်းက အရိုးတုံး ခပ်သေးသေး နှစ်တုံး အရည် နည်းနည်းနဲ့ ဆွမ်းဟင်းခွက်လောက် ပန်ကန်လေးတွေနဲ့ ထည့်ထားတယ်။ ဟင်းသီး ဟင်းရွက်ကြော်ဖက်ကြည့်တော့ ဖလံတောင်ဝှေးကြော်ကိုလဲ ခုနလိုပဲ ဆွမ်းဟင်းခွက်ဖင်ကပ် လောက်ဆီထည့်ထားတယ် ။ စတီးဇွန်းနဲ့ ခပ်ရင် တဇွန်းလောက်ပဲ ပါမယ် ထင်ရတယ်။ ဟင်းချို ဆိုတာ ကြည့်တော့ ချဉ်ပေါင်ရွက် အရည်ကျဲ။ ကဲ ...အချိုပွဲ့ ငှက်ပျောသီးက ပိန်ရှုံ့ ရှုံ့ ။ ကွေကာအုပ်ဘယ်လို ဖျော်ထားပေးတယ် ဆိုတာတော့မသိ ။ လဘက်ရည်ခွက်ထဲမှာ ခပ်နည်းနည်း … မြင်ရတဲ့ခဏ ရင်ကို ဆို့သွားစေတယ်။ အလှုရှင်ရဲ့ စေတနာဟာ ဝေဒနာတွေဖြစ်သွားတော့တယ်။

ထပ်ပြီး အမြင်ရဆိုးစေတဲ့ မြင်ကွင်းက စတီးချိုင့်အကြီး ငါးဆင့်ချိုင့်ထဲကို ဟင်းထမင်းအပြည့်ထည့်ပြီး ဘိုးဘွားဂေဟာမှုးက ဘယ်ကို သယ်သွားတယ် မသိတာပါပဲ။ အဲဒါ ဘယ်ကို ပို့ဖို့လဲ လို့ သွားမေးတော့လဲ မဖြေဘူး။ တော်တော့ကိုအံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက်ပါ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ ဆုတောင်းပေးနေတဲ့ ဘိုးဘွားတွေကို ကြည့်ရင်း ၀မ်းသာရမယ့်အစား ၀မ်းနည်းမိတယ်။ အဲဒီလို အလှုပေးသူတွေကို ဆုတောင်းမပေးစေချင်တော့ဘူး။ ပြီးတော့ ကြိုတင်စာရင်းပေးထားတဲ့ ဧည့်သည်ဦးရေအားလုံး ဘာမှမစားပဲ ပြန်လာခဲ့ကြတော့တယ်။ ကုသိုလ်အစား အကုသိုလ်တွေ အတုံးလိုက်ရစေလိုက်တဲ့ အလှုပေါ့။ ဒါပေမယ့် အဲဒီလို လူတွေကြောင့် ဒီဘိုးဘွားရိပ်သာလေးကို မလှုပဲ ထားခဲ့လို့ ဖြစ်ပါမတဲ့လား။

ကျမတို့ ကြိုးစားခဲ့တယ်။ သိသမျှလူတွေကို ဘိုးဘွားရိပ်သာမှာ လှုမယ်ဆိုရင် ကိုယ်တိုင်ချက်လှုကြဖို့ တိုက်တွန်းခဲ့တယ်။ ကျမတို့ အဖွဲ့တွေထဲကလဲ ကိုယ်တိုင်ချက်ပြီး မကြာခဏ သွားလှုခဲ့တယ်။ ကျမတို့ နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဂေဟာမှုး ဆိုတဲ့ မိန်းမဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ချင်စိတ်ရှိမှ အနစ်နာခံနိုင်မှ ဒီလို ဂေဟာမျိုးမှာ လုပ်နိုင်မယ်လို့ အသံကောင်းဟစ်ရင်း ဘိုးဘွားတွေရဲ့ ထမင်းလုပ်တွေကို ခိုးယူနေခဲ့တယ်။
ဒီလိုလူတွေကြောင့် ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို ကျမတို့ ကျောခိုင်းပစ်ခဲ့လို့ ရနိုင်ပါ့မလား… စဉ်းစား … စဉ်းစားစေချင်ပါတယ်။

ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် မကောင်းတဲ့လူတွေကတော့ ရှိမှာပါပဲ ။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာက တာဝန်ယူမှု ရှိသူ၊ အသိစိတ်ဓါတ်ရှိသူတွေ ပဲ မဟုတ်လား။ သူတို့ဟာ သူရဲကောင်းလဲ မဟုတ်သေးပါဘူး။ အမှန်ကို မြင်နိုင်သူတွေလောက်ပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, December 28, 2009

ပြောချင်တာလေး ရေးပြမယ်

ခုတလော ရေးသင့်တဲ့အကြောင်းအရာတွေ အများကြီးတွေ့နေပေမယ့် ရေးဖို့ ဘယ်လိုမှ စိတ်တည် မရဘူးဖြစ်နေတာ ဆိုးတယ်။

ဘလော့ဖတ်ပြီး ရေးချင်တာတွေအပြင် ဖေ့ဘွတ်မှာလဲ တော်တော်ဆိုးဝါးတဲ့ အရေးအသား အတွေးအခေါ်တွေ တွေ့နေရတယ် ။ သူ့သဘောနဲ့ သူတို့ ရေးတာပါပဲလေ ထားလိုက်ပါလို့ စိတ်ထဲမှာ တွေးရပေမယ့် တကယ်ကျ ဦးနှောက်က လက်မခံချင်ဘူး။ ဘာဖြစ်လို့ သူတို့ သူတို့တွေက ဒီလိုတွေ ဖြစ်နေတာလဲ ဆိုတာပဲ စဉ်းစားနေမိတယ်။

ဒါပေမယ့် သေချာထပ်စဉ်းစားရင် လူတွေဟာ ဘယ်လိုမှ တူညီတဲ့ အတွေးအခေါ်တွေ တူညီတဲ့ စိတ်ထားတွေ ရနိုင်မှာမှ မဟုတ်တာပဲ ဆိုတဲ့ သဘောကို လက်ခံနိုင်လာတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားလုံးက နေရင်းထိုင်ရင်း ပေါ်လာတာမှမဟုတ်တာပဲ။ သူများတွေလို မမြင်တာ၊ မခံစားနိုင်တာ တွေကြောင့်ပဲ လူ့တန်ဖိုးဆိုတာတွေ ရှိလာတာပဲ မဟုတ်လား။ လူသားဘ၀မှာ ကိုယ့်ဘ၀ တန်ဖိုး ၊ လူ့ဘ၀ တန်ဖိုးတွေ နဲ့ ပိုင်းဖြတ်တဲ့အခါမှာ တယောက်နဲ့ တယောက် မတူညီနိုင်တာတွေဟာ ဒီလိုအဖြစ်အပျက်တွေ တွေးခေါ်မှုတွေကြောင့်ပဲ ဖြစ်တည်လာတာ မဟုတ်လား။၊ ပတ်ဝန်းကျင်က သော်လည်းကောင်း၊ လူအသိုင်းအ၀ိုင်း ကသော်လည်းကောင်း၊ သမိုင်းက သော်လည်းကောင်း အဲဒီတန်ဖိုးတွေအပေါ်မှာပဲ အသိအမှတ်ပြုသွားကြတယ် ဆိုတာ အချိန်က ပြောပြခဲ့မှာပါ။

တကယ့် သူရဲကောင်းတွေ ဆိုတာ သူတို့ သူရဲကောင်း လုပ်ချင်လို့ပါ ဆိုပြီး လုပ်ပြခဲ့တာ မဟုတ်သလို ကျုပ်တို့ကို သူရဲကောင်းလို့ သတ်မှတ်ကြပါလို့လဲ မတောင်းဆိုခဲ့ကြပါဘူး။ ဒါပေမယ့် လေးစားထိုက်သူကို လေးစားတယ်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတယ် ဆိုတဲ့ လူသားဆန်တဲ့ စိတ်ထားတွေနဲ့ သူရဲကောင်းဆိုတာတွေ ခေါင်းဆောင်ဆိုတာတွေ လူ့သမိုင်းမှာ ဖြစ်တည်လာတာပါပဲ။

တကယ်က ဒုက္ခထုပ်ကို ဖြည်ကြည့်ဖို့ ငါတို့ ရွေးချယ်ခဲ့ကြတာလို့ ဘယ်သူကမှ မပြောပါဘူး။ တကယ့်သူရဲကောင်းတွေ ခေါင်းဆောင်တွေက သူ့တို့ဖာသာ ဖြည်ကြည့်သွားတာကို သမိုင်းက မှတ်ကျောက်တင် ပေးခဲ့တာပါ။ တချို့တွေဆို သူတို့ဖာသာ ဖြည်ကြည့်နေတာကိုတောင် လူတွေက သိခဲ့တာမဟုတ်ပါဘူး။ သူတို့ မရှိချိန်ကျမှ သိခဲ့ တန်ဖိုးထားခဲ့ရတာတွေ အများကြီးပါပဲ။ အဲဒီအချိန်တုန်းက သူတို့ကို ကိုယ့်ဒုက္ခ ကိုယ်ရှာနေသူတွေပါလို့ လက်ညှိုးထိုးနေသူတွေ ဝေဖန်ပြစ်တင်နေသူတွေကိုတော့ အချိန်ကာလကြီးက တိုက်စားပြီး မေ့သွားကြတာပါပဲ။

သူများတွေ စားစရာမရှိလို့ အစာတောင်းနေချိန်မှာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလားလို့ ပြောခဲ့သူမိဖုရားလို၊ ရောမမြို့ကြီး မီးလောင်တော့ တယောထိုးနေနိုင်တဲ့ နီရိုးဘုရင်ကြီးလို ကိုယ်နဲ့ မဆိုင်သလို နေနိုင်တဲ့ တကိုယ်ကောင်းဆန်စိတ်တွေ ၊ မသိနားမလည်မှုတွေကို သိမြင်အောင် ကြိုးစားဖို့ဆိုတာကလဲ သူတပါးကို အားကိုးလို့ မရနိုင်ဘူး။ ဘာလို့ဆို ဒါတွေက သီအိုရီတွေ၊ ကျောင်းစာသင်ခန်းထဲက သင်ခန်းစာတွေ လိုမှ မဟုတ်တာပဲလေ။

သိချင်စိတ်နဲ့ သိလိုမှု ရှိမှဖြစ်မယ်။ အဲလို သိချင်စိတ် သိလိုမှု ရှိဖို့ဆိုပြန်တော့လဲ လိုအပ်နေတာက လူသားဆန်မှုနဲ့ ကိုယ်ခံအား( ကိုယ်ချင်းစာစိတ်)၊ နောက်တချက် ကိုယ်တိုင်အရင်သိမှ ဖြစ်မယ်ဆိုတဲ့နေရာမှာ ဘာကို သိချင်တာလဲ ဆိုတဲ့အရာကလဲ အရမ်းအရေးကြီးနေပြန်ရော။ အဲဒီနောက်မှာတော့ ကိုယ်တကယ်သိချင်တဲ့ အရာကို သေချာနားလည်ဖို့ အတွက် မျက်စေ့ဖွင့်ကြည့်မှ၊ စိတ်ကိုဖွင့်ကြည့်မှ မြင်ရမယ့်အရာပါ။ ကိုယ်တိုင်က တစုံတရာအစွဲ ရှိနေသမျှတော့ ဘယ်တော့မှ အမှန်ကို မြင်ရမယ် မဟုတ်ပါဘူး။

လူရယ်လို့ ဖြစ်လာရင် လူ့သမိုင်းတခုလုံးကို မသိတောင် ကိုယ့်သမိုင်းကိုတော့ သိနေဖို့ လိုအပ်လှပါတယ်။ လူတိုင်းမှာအတ္တကိုယ်စီ ရှိကြသလို အကြောက်တရားလဲ ရှိကြပါတယ်။ ဒါပေမယ့် အဲဒီအတ္တတွေကိုယ်စီနဲ့ကြောက်နေလျက်ကပဲ ကြောက်ကြောက်နဲ့ အများအကျိုး လုပ်ပေးနေသူတွေကိုတော့ လေးစားရမယ်ဆိုတဲ့ စိတ်ထားလေးရှိနေရင် သိပ်ကိုကောင်းတဲ့ လောကကြီးဖြစ်မှာပါပဲ။

အင်းလေ.. ၂၀၀၉ ကတော့ ကုန်တော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် အချိန်ရေစီးကြောင်းက သူ့ထုံးစံအတိုင်း စီးဆင်းသွားနေမှာပါပဲ။ အဲဒီရေစီးကြောင်းထဲမှာ မျောပါရင်း ကိုယ်ဟာ ကိုယ့်ဘ၀အတွက် ၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ နောက်ဆုံး လောကကြီးအတွက် အမှိုက်သရိုက် ဖြစ်မသွားဖို့ကြိုးစားရမှာကတော့ အသိတရားနဲ့ စဉ်းစာဉာဏ်ကို တာဝန်ပေးထားရမှာပဲ မဟုတ်ပါလား။

(မဆီမဆိုင် နောက်ဆက်တွဲ)
ခုတလော ကြားလာရတဲ့ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေ အကြောင်း လေ့လာရင်း၊ ကိုယ်တိုင်လဲ အင်တာဗျူးတွေ လုပ်နေရင်းနဲ့ မှတ်သားကြားသိလာရတာကတော့ တကယ့်လူမှုရေး လုပ်ငန်းတွေ လုပ်နေတဲ့ လူတွေဟာတဲ့ လိုအပ်နေတဲ့ လူတွေ( ပြည်သူတွေ) ကို ထောက်ပံ့ကယ်တင်နေယုံမကပဲ အဲဒီလူတွေ(ပြည်သူတွေ)ကို ထောက်ပံ့ကူညီဖို့ တာဝန်အရှိဆုံး နိုင်ငံအုပ်ချုပ်သူတွေရဲ့ ပျက်ကွက်မှုတွေကိုလဲ ဖော်ထုတ်ပေးနိုင်ရမယ်တဲ့။ ဒါမှသာ စစ်မှန်တဲ့ လူမှုရေး လုပ်ငန်း လုပ်ဆောင်တာပါတဲ့။

( ဒီပို့စ်နောက်ဆုံး အဆုံးသတ်လေး )
အောင်ဆန်းဦး ….အလိုမရှိ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, July 18, 2009

တွေးမိလေတိုင်းးးးး

ဒီပုံကို ကိုမိုးသီးဇွန်ဘလော့က ယူထားတာပါ။
၆၂ နှစ်ပြည့်မြောက် အာဇာနည်နေ့ ရောက်တော့မယ်ဆိုတော့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အင်တာဗျူး တခုကို သတိရမိပါတယ်။ မေးမိတာက ကလေးအရွယ်ပါ ။ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားလေးးးး၊ သူ့ကို အာဇာနည်နေ့နဲ့ ပတ်သက်တဲ့အကြောင်း ဟောပြောတာတွေ နားထောင်ပြီးတော့ ဘာတွေ သိလိုက်သလဲ။ ဘယ်လို ခံစားရလဲ လို့မေးခွန်းမေးလိုက်ပါတယ် ။ သူပြန်ဖြေတာတွေထဲမှာ သူအရင်တုန်းက တွေးမိထားတာလေးတွေကိုလဲ ပြောပြတယ်။ အဲဒီထဲမှ အမှတ်အရဆုံးတခုကတော့ ….

သူများနိုင်ငံတွေမှာ ပိုက်ဆံတွေကို သူတို့ ဘုရင်ပုံနဲ့ ထုတ်တယ်တဲ့။(သူရောက်နေတဲ့ ထိုင်းနိုင်ငံက ပိုက်ဆံကိုပဲ မြင်ဖူးတာပါ) ကျနော်တို့ကို မင်းတို့ ဘုရင်ပုံပြဆိုရင် ခြင်္သေ့ပုံဖြစ်နေတာ ကျနော်ရှက်မိပါတယ်တဲ့။ ဒီနေ့မှ အာဇာနည်တွေကို လူတွေမသိအောင် လုပ်ချင်လို့ ဗိုလ်ချုပ်ပုံကို ခုလို မထည့်တော့တာလို့ သူသိရတာပါတဲ့။ သူကြီးလာရင် လူတိုင်းသိအောင် သူပြောပြချင်တယ်တဲ့။ ခြင်္သေ့ပုံကြီး မထည့်စေချင်တဲ့အကြောင်းပေါ့လေ။

ကျမစိတ်ထဲမှာ လှိုက်ကနဲ ခံစားလိုက်ရတယ်။ မျိုးဆက်သစ်ကလေးတယောက်ရဲ့အမြင် စူးရှမှုက ကျမရင်ကို ထိုးဖောက်သွားတာပဲ။ တို့တာဝန်တွေ ကျေဖို့ အများကြီးလိုပါသေးလား။ အဲဒီနောက်တော့ အတွေးတွေက ထုံးစံအတိုင်း ဆက်တွေးမိတော့တာပါပဲ။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိတွေကို ဒီနေ့ ခေတ်လူငယ်တွေ မသိတော့တာ.........။
အာဇာနည်နေ့မှာ ကျမတို့ငယ်ငယ်ကလို ကျောင်းတွင်းဟောပြောပွဲတွေ၊ မြို့နယ်အလိုက် တိုင်းအလိုက် စာစီစာကုံးပြိုင်ပွဲတွေ၊ ကဗျာပြိုင်ပွဲတွေ၊ ဆောင်းပါးပြိုင်ပွဲတွေ မရှိတော့တာ..........။
အာဇာနည်နေ့မှာ ကျောင်းအလိုက် ပန်းခွေတွေနဲ့ လွတ်လပ်ရေး ကျောက်တိုင်မှာ သွားပြီး ပန်းခွေချကြတာမျိုးတွေကို မတွေ့ရတော့တာ...............။
ရေဒီယိုက ၊နောက်... ကျမတို့မြို့မှာဆို ဆန်စက်တွေနဲ့ ဆိပ်ကမ်းမှာ ကပ်ထားတဲ့ သင်္ဘောတွေက ဥသြဆွဲသံမကြားရတော့တာ...........။
ရေဒီယိုက မေလှမြိုင်သီချင်း၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ မလွှင့်ပေးတော့တာ.............။
ဒါတွေအားလုံးဟာ အာဏာရှင်တွေက စနစ်တကျ အစီအစဉ်ရှိရှိနဲ့ ဖန်တီးထားတာတွေ ပါပဲ။ ဒါဟာ သူတို့မှာ မရှိတဲ့ စွမ်းရည်တွေ၊ သူတို့ လိုက်မလုပ်နိုင်တဲ့ စွန့်လွှတ်မှုတွေကို မျိုးဆက်သစ်တွေက သိသွားမှာ အတုယူပြီး သူတို့ကို ထောက်ပြဝေဖန်မှာ အဆုံးစွန်ဆုံး သူတို့ကို ခုနေရာက ဖြုတ်ချပစ်မှာကို ကြောက်လို့ပဲ မဟုတ်လား။

ကျမတို့မျိုးဆက်တွေက အာဇာနည်တွေရဲ့ ဂုဏ်ရည်တွေ သတ္တိတွေကို လက်ဆင့်ကမ်းဖော်ထုတ်ပေးရမှာဖြစ်သလို လက်ရှိတိုင်းပြည်တွင်းက သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေ ကိုလဲ ဖော်ထုတ်ပေးကြရမှာပဲ။ ဒါ့ထက်ပိုလိုအပ်တာက ကိုယ်တိုင် ဘယ်လောက်တိုင်းပြည်အတွက် စွန့်လွှတ်ပေးဆပ်မလဲ လက်တွေ့လုပ်ပြရမှာပါ။

ကျမတို့အရွယ် မျိုးဆက်ဘ၀တွေအားလုံးက အမိမြန်မာနိုင်ငံတော်ကြီးက ဘာတွေကို ရနိုင်မလဲ ဆိုတာထက် အမိနိုင်ငံတော်ကြီးကို ဘာတွေပေးဆပ်မလဲ ဆိုတာကို ပိုမိုပြသပေးရမယ့် မျိုးဆက်၊ ရင်းနှီးပေးဆပ်ပြရမယ့် မျိုးဆက်ပဲ မဟုတ်ပါလား။ ကျမကတော့ ဒီလိုပဲ ခံယူထားပါတယ်။ (ခုလက်ရှိတော့ အိမ်က သားတော်မောင်ကို ရှင်းပြနေဆဲ အချိန်ပါ။)

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, September 2, 2008

Myanmar Blogger Society ဆိုတာ..


ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား

ကျမအနေနဲ့ ဘလော့ရေးနေပြီး ဘလော့မိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့အတွက် MBS ကိုဝင်ဖို့ သူတို့ဖိတ်တဲ့ ဖိတ်စာ အစောင် တော်တော်များများဝင်လာတယ်။ နောက် ဘလော်ဂါ ကိုအောင်သာငယ်က ပို့စ်တင်လိုက်တယ် ။ သူလဲ ၀င်လိုက်တယ် ဘာညာပေါ့။ ဒါနဲ့ငါလဲ ၀င်လိုက်ပါဦးမယ်။ ဘလော်ဂါချည်းပဲ ဆိုတော့ စုစုစည်းစည်းရှိတာပေါ့ ဆိုတဲ့ အတွေးနဲ့ပေါ့။ ၀င်ပြီး သိပ်မကြာဘူး။ MBS ဆိုတာမှာ ဘလော့ရေးသူပဲ ရှိရမယ်တို့ ဘလော့ဖတ်သူလဲ ပါရမယ်တို့နဲ့ စကားတွေ များကြ။ ဘန်းတာတွေ ဘာတွေ ဖြစ်လာကြ။ ဒီမှာ တော်တော်စိတ်ကုန်လာတယ်။ တချို့ကိုဘာလို့ဘန်းပါလိမ့်ပေါ့။ အဲလိုခံစားလာရတယ်။ ဖတ်နေရင်းနဲ့ တချို့ နေရာတွေမှာ ကိုယ်ပါ ငြင်းခုန်ချင်လာတယ်။ ဒါပေမယ့် ကိုယ်က ပွဲဆူအောင် လုပ်တာမျိုး၊ ကိုယ့်အချင်းချင်း စကားများတာမျိုးဖြစ်မှာ စိုးလို့ ဆင်ခြင်ခဲ့တယ်။ ဒါနဲ့ ထွက်တော့မယ် လုပ်တော့ ထွက်တဲ့ leave button မတွေ့တော့ဘူး။ မယ်လိုဒီမောင်ကိုလဲ မေးတယ်။ မရှိတော့ ဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲပေါ့။ ပင့်ဂိုလ်းကိုလဲမေးတယ်။ သူတို့က အန်တီ မထွက်ပါနဲ့ပေါ့။ ဘာလို့ထွက်ရတာလဲပေါ့။ အင်း အစကတော့ ဘလော်ဂါချည်းပဲ ဆိုလို့ဝင်လိုက်တာ။ နောက်ပိုင်း စိတ်ရှုပ်လာလို့ လို့ ဖြေလိုက်တယ်။

ဒီကြားထဲ ဘလော်ဂါတယောက်က သူထွက်လိုက်ပြီလို့ မေးလ်ပို့လာတယ်။ ထွက်တဲ့ဘော်တွန်လေး ရှိနေတုန်း သွားထွက်ထာလိုက်ပါလား ဆိုတဲ့ မေးလ်ကို သူပို့ပြီး နာရီပိုင်းအတွင်း ၀င်ကြည့်ပေမယ့် ထွက်တာက ကိုယ့်စာမျက်နှာမှာကို မရှိဘူး ဖြစ်နေတယ်။ ကိုယ်ကလဲ မအားတာနဲ့ နေဦးပေါ့။


ဒီလိုနဲ့… ဒီနေ့ပေါ့…
အလုပ်လဲမအား၊ ကိုယ့်ဘလော့လဲ ပို့စ်မတင်နိုင်၊ ဘလော့လဲ မလည်နိုင်တဲ့ ရက်ကလေးကို လွန်လိုက်တာနဲ့ ချက်တင်မှာ ပင့်ဂိုလ်းနဲ့ တွေ့တယ်။ အန်တီ ထွက်ချင်တယ် ထွက်တဲ့ ဟာလေး ရှိနေပြီလားလို့မေးတယ်။ သူက ဘန်းပေးလို့ရတယ် တဲ့။ အန်တီ ဘန်းတာ မလိုချင်ဘူးလို့၊ ဘန်းတယ် ဆိုတာ အပြစ်တခုခု လုပ်လို့ ဘန်းတာ၊ အန်တီက ကိုယ့်ဖာသာ ထွက်ချင်တာမို့ အဲဒီဘော်တွန်လေးတော့ ပြန်တပ်ပေးပါလို့ ပြောပေးပါ ဆိုပြီး ပြောလိုက်တယ်။ သူကလဲ အိုကေပါရှင်လို့ ပြန်ပြောသွားတယ်။ အဲဒီအချိန်က ထိုင်းစံတော်ချိန် ညနေ ၅နာရီ ၃၃ မိနစ်။

ဒါနဲ့ နေလိုက်ရင်း နောက်တယောက်နဲ့ချက်ဖြစ်တော့ သူ့သူငယ်ချင်း က ခုပဲထွက်လိုက်တာတဲ့ ။ ရှိပါတယ်တဲ့ သေချာရှာပါဆိုပြီး သူ့သူငယ်ချင်းက ပြောတာ လာပြောလို့လော့အင်လုပ်ပြီးဝင်လိုက်တော့ ဘန်းထားတာကိုတွေ့တယ်။ ပင့်ဂိုးလ်ကို ကြည့်လိုက်တော့ ရှိနေသေးတာနဲ့ အန်တီ့ကိုဘန်းထားပါလား။ အန်တီ က ကိုယ့်ဖာသာထွက်ချင်တာ ဘန်းတာ မကြိုက်ဘူးလို့ ပြောထားတယ်လေ ဆိုတော့ ကိုစိုးမင်း ဘန်းလိုက်တာတဲ့။ ကိုစိုးမင်းဆိုတာ ဘလော်ဂါလားဆိုတာ့ ဟုတ်တယ်တဲ့။ ဒါဆို သူ့ဘလော့လင့်ပေးပါ ဆိုတော့ လိပ်စာ မေ့နေတယ်တဲ့။ အန်တီ့ကို ဘန်းတာတော့ မတရားဘူးလို့တောင် ပြောဖြစ်လိုက်တယ်။ ချက်တင်က အချိန်ကိုကြည့်လိုက်တော့ ၆ နာရီ ၁၈ မိနစ်။

ကဲ ဒါနဲ့ ခုန ဘန်းခံထားရတဲ့နေရာမှာ မက်ဆေ့ခ်ျ ပေးလို့ရတယ်ဆိုတာနဲ့ ဘာလို့ဘန်းတာလဲ။ ကျမက ကိုယ့်ဖာသာပဲထွက်ချင်တာ လို့ ရေးပြီး ပို့လိုက်တယ်။
နောက် ကျမအီးမေလ်ထဲကို စိုးမင်းဆိုသူပို့လိုက်တဲ့ မေးလ်တစောင် ၀င်လာတာက
ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။

တော်တော်အံ့သြသွားတယ်။ အဖွဲ့အစည်းတခုကို ဒီလိုလူမျိုးက ဦးဆောင်မတဲ့လား။ ဘယ်လိုမှ စဉ်းစားမရတော့ဘူး။ ဒါနဲ့ ဒီမေးလ်ကို ထွက်ချင်တယ်လို့ ပြောခဲ့ဘူးတဲ့ ဘလော်ဂါတွေကို ပို့ပေးလိုက်တယ်။ ဒီလို ဆက်ဆံတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိမယ်လို့။

ဒီလို နက်ဝပ်တခုကို ဒီလိုလူတွေက ဦးဆောင်တည်ဆောက်မှာလား၊ ခုလိုဆက်ဆံတတ်သူတွေကို ဘယ်လောက် ယုံကြည်ရမလဲ။ အဲဒီ Leave Button ဆိုတာ ပြန်ထည့် မရဘူးဆိုတာ ဟုတ်သလား။ သိပ်သိချင်တဲ့ မေးခွန်းပါပဲ။
ဖြေနိုင်သူတွေ ဖြေပေးကြပါရှင်။

(ချစ်ခင်စွာဖြင့်)
ခင်မင်းဇော်

Friday, August 29, 2008

စိတ်ရှုပ်ထွေးခြင်းရဲ့ နောက်ဆက်တွဲ

ခုတလော ဘလော့မလည်နိုင်၊ ဘာစာမှ မရေးနိုင် မဖတ်နိုင်နဲ့ စိတ်ညစ်ညူးစရာ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နှက်နေတယ်။ စကားလဲ မပြောချင် သူများပြောတာတွေလဲ စိတ်ရှည်ရှည် နားမထောင်ချင် ဖြစ်ချင်တိုင်း ဖြစ်နေတာပါပဲ။ အရှုပ်တွေကိုလဲ မြင်နေ တွေ့နေ ရသလို ခံစားနေရသေးတယ်။

ကျမအနေနဲ့ … ဘလော့ရေးတဲ့ အချိန်တနှစ်ကျော်အတွင်း သူများဆီက မေးလ်နဲ့ပို့လာတာတွေကို တင်ခဲတယ်။ ကျမသေချာဖတ်ပြီး တော်တော်ကြိုက်မှ တင်သင့်တယ် ထင်မှ တင်တာ များတယ်။ (ဥပမာ အခုရက်ပိုင်းတင်တဲ့ ဂမ်ဘာရီ အကြောင်းလိုမျိုး)။ ကိုယ်ပိုင်ဘလော့မှာ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်လမ်းကြောင်းနဲ့ ကိုယ် လုပ်ထားရက်သားနဲ့ ဘာလို့ ဟိုဟာ မတင်လဲ။ ဒီဟာ မတင်လဲ ဆိုလာတဲ့ အီးမေးလ် တွေကိုလည်း စိတ်ကုန်တယ်။ နောက်.. ဘလော့သိပ်မလည်ဖြစ်တော့တဲ့ အတွက် အသစ်ဘလော့တွေကိုလဲ မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘလော့လာလည်ပြီး လင့်ချန်ထားတဲ့ ဘလော့တွေကိုတော့ ပြန်လည်ဖြစ်အောင် လည်ပေးခဲ့ပေမယ့် နောက်ပိုင်း မရောက်တော့တာတွေလဲ ရှိနေသေးတယ်။ ကျမကို ဘလော့ရေးပြီး ထင်ရာလုပ်နေတယ် ဆိုသူတွေအတွက်တော့ ထင်ရာလုပ်ချင်လို့ ကိုယ်ပိုင် ဘလော့တခု လုပ်ထားတာပါလို့ပဲ ပြောကြားချင်ပါတယ်။

ကိုယ်တိုင် သတင်းလုပ်နေရလို့ သတင်းတော်တော်များများ ကျမတို့ အဦးဆုံးရတတ်ပေမယ့် ကျမဘလော့ကို သတင်းတင်ခဲတာလဲ သတိထားမိကြမှာပါ။ ဒါ ကျမရဲ့ လွတ်လပ်ခွင့်ပဲ လို့ ယူဆတဲ့အတွက် ကိုယ်ယုံကြည်ရာ ကိုပဲ ရေးမယ်။ ကိုယ် တင်ချင်တာကိုပဲ တင်မယ်။ ပေါ်ပင်ဖြစ်ချင်လဲ ဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ကျမကို ကန့်သတ်ဖို့ ကြိုးစားလာသူတွေကိုတော့ ပေါ်တင်ပဲ စိန်ခေါ်နိုင်ပါတယ်။

နောက်တခု…

ခု နောက်ပိုင်း တွေ့နေရတဲ့ အဖြစ်အပျက်တွေမှာ ချဲဂဏန်း ထွက်ပြီးမှ အတိတ်ကို ပြန်ကောက်ပြတတ်တဲ့ လူတွေလို ပေါက်ဖော်တွေ တော်တော်များများတွေ့နေရတာပဲ။ ဖတ်ရတာ တော်တော် စိတ်ညစ်စရာ ပြောချင်စရာတွေပြည့်လို့။ ကိုယ်တိုင်ဘာမှ ၀င်လဲ မလုပ်ခဲ့ ၊ ခုချိန်ထိလဲ ပြည်သူနဲ့ တသားတည်းမရှိ။ ပြောလိုက်ရင်တော့ နအဖကို ဘယ်လို ဆန့်ကျင်တယ် က ပါးစပ်ကမချဘူး။ ဘလော့ပေါ် ရေးလိုက်တာကျတော့ ဒီမိုကရေစီ အင်အားစုရဲ့ အားနည်းချက်တွေ ၊ တကယ် လက်တွေ့လုပ်နေသူတွေရဲ့ အခက်အခဲတွေကို မစာနာ၊ ပတ်စပို့စ်ကိုင် ပြီး ထင်ရာ ကြားရာတွေ ရေး၊ နောက် အဆိုင်လမ်လျှောက် ကမ့်မ၀င်ရပဲ ရသွားတာတွေနဲ့….. အော်…. တရားကျစရာ ပါပဲလေ။ ဘယ်လောက် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သွားသလဲ၊ စွန့်ခဲ့ဘူးလဲ။ ပြည်တွင်းမှာရော နအဖကို ဘယ်လောက် အတိုင်းအတာထိ ဆန့်ကျင်ခဲ့ဘူးလဲ၊ သိချင်စမ်းပါဘိ၊ ဒီနေ့ ဒီကိုလာ ၊ ဒီအတွက် ပိုက်ဆံ ဒီလောက်ထည့် ဒါမျိုး အသေးအဖွဲလေး တောင်မှ မဆန့်ကျင်ခဲ့ဖူးပဲနဲ့ အတိုက်အခံ တော်လှန်ရေးသမား နာမည်ခံချင်သူတွေကလည်း ရှိသေးရဲ့။

နိုင်ငံအရေးကျွမ်းကျင်သူတို့ နိုင်ငံရေးအကဲဖြတ်တို့ ဆိုတဲ့ နာမည်ပေးခံရသူ တချို့ကို ထောက်ပြပြီး တော်လှန်ရေး အင်အားစုထဲက လူတွေကို တန်းညှိစော်ကားလိုက်တာမျိုး ကျတော့လည်း မခံချင်ဘူး။ ဒီနေ့ မီဒီယာမှာ နာမည်ကြီးတိုင်းလဲ တော်လှန်ရေးစိတ်အပြည့်ရှိတယ် ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒီလိုပဲ မီဒီယာပေါ်ကို အခြေအနေအရ မတက်ပဲ နေတဲ့လူတွေ၊ တက်ချင်စိတ် မရှိလို့ နေတဲ့လူတွေ လဲ တော်လှန်ရေးထဲမှာ ရှိတာပဲ။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးမှာ သူတို့ အုပ်စုတွေ ထောက်ပြနေတဲ့ ဖောက်ပြန်သူ ညံ့ဖျင်းသူ လူနည်းစုပဲ ရှိနေတာမှ မဟုတ်ပဲ။ ဒီလိုလူမျိုးတွေ ဆိုတာ ဘယ်နေရာ ဘယ်အစုအဖွဲ့မှာ မဆို ရှိနေတာချည်း ဆိုတာ သဘာဝ၊ တကယ့် လက်တွေ့ ကိုယ်တိုင်ကောင်းတဲ့ ၀န်းကျင်၊ ကောင်းတဲ့ လူကို တွေ့ချင်ရင် ကိုယ်တိုင်လဲ ကောင်းတဲ့ စိတ်ကလေး မွေး၊ ကောင်းတဲ့ လုပ်ရပ်ကလေးတွေနဲ့ ဆိုရင် အမြုတေ ရှိရာ အမြုတေ လာစုမှာပါပဲ။ ဒီတော့ သူများကို ထိုးနေတဲ့ လက်ညှိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိုးပြီး သူများကို ပြောတဲ့အပြစ်မျိုး ကိုယ်ဆီမှာရော ရှိနေမလား၊ ကိုယ်လဲ သူ့လိုအခြေအနေဆို သူ့လို လုပ်မိမလား၊ အခုငါရော သူတို့လောက် တကယ်စွန့်နိုင်ပြီလား သေချာစဉ်းစား ကြည့်ကြပါဦး။

တကယ်တော့ ဒီဖက်မှာ အမာခံရပ်တည်နေတဲ့ လက်ရှိတော်လှန်ရေး နယ်ထဲမှာ ဆက်လက်ရှိနေတဲ့ လူအတော်များများဟာ သူတို့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘ၀တခုကို ဗမာပြည်ထဲမှာ ထူထောင်ရင်တောင် အခုပြောနေတဲ့ လူတွေထက် သာလွန်မြင့်မားတဲ့ သူတွေ ဖြစ်မှာပါ။ နလပိန်တုံး ပညာမဲ့ တွေ မဟုတ်ဘူး။ တချို့တွေဟာ ပညာဆက်သင်ယူခွင့်တွေကိုတောင် စွန့်လွှတ်ပြီး ရပ်ခံနေကြတာပါ။ အဖွဲ့အစည်း ကိုယ်စားပြု ပညာတော်သင်ထွက်သွားပြီး ရောက်တဲ့နိုင်ငံမှာ အဆိုင်လမ်ခံ၊ ပြီးတော့မှ ဘယ်လိုတော်လှန်ရေး လုပ်ခဲ့တယ်။ နိုင်ငံကိုဘယ်လိုချစ်တယ် ဘာတွေ စွန့်ခဲ့တယ် အော်နေသူတွေနဲ့ လားလားမှ မတူတဲ့ လူတွေလဲ ရှိနေပါသေးတယ်၊

အင်း နည်းနည်းဒေါသတွေ များနေသေးတယ် ။ ရေးတာလဲ ရပ်ဦးမှ…
သေချာတာကတော့ ဝေဖန်ရေးတွေ ရေးမယ်ဆိုရင် ကိုယ်ဝေဖန်မယ့် လူတွေလောက် ကိုယ် လုပ်ခဲ့ပြီးပြီလား လို့တော့ မေးကြည့်ချင်ပါသေးတယ်။ မုန့်ဟင်းခါးကောင်းမကောင်း ၊စာတပုဒ် ကောင်းမကောင်း ဝေဖန်နေတာမှ မဟုတ်တာပဲလေ၊ ဘ၀တွေ အသက်တွေ အခွင့်အရေးအားလုံး ရင်းထားတဲ့ လူတွေကို ဝေဖန်နေတာမို့ ဒီလောက်တော့ ပြန်မေးသင့်တယ် ထင်လို့ပါ။

တိုက်ဆိုင်သူ ကိုသာ ရည်ရွယ်ပါသည်။
(ဒီစာစုကို ဆက်ရေးဖြစ်လဲ ရေးဖြစ်ပါဦးမယ်၊ မရေးဖြစ်ခဲ့ရင်လဲ မရေးဖြစ်ဘူးပေါ့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, April 8, 2008

စိတ်ထဲရှိရာ…


ဘာရယ်မဟုတ်ပေမယ့် တခါတခါ ကြားရမြင်ရတာတွေ အမြင်မတော်သလို ဖြစ်တာတွေတော့ စိတ်ထဲ ရှိတာ အဖြစ် ချရေးကြည့်ချင်သေးတယ်..

တနေ့က မြ၀တီကို ဖွင့်ကြည့်မိတော့ ဗိုလ်ချုပ်မောင်အေးရဲ့ အိန္ဒိယ ခရီးစဉ်ကို ပြနေတာနဲ့ ကြုံတော့ ကြည့်မိသေးတယ်။ ဦးသန်းရွှေက တော်တော်ပိန်သွားသလို ဒေါ်ကြိုင်ကြိုင်ကိုလဲ တွေ့လိုက်တယ်။ ဦးမောင်အေးလဲ ပိန်နေတာပဲ။ သူတို့ စည်းစိမ်တွေ ဘယ်လောက်ရှိရှိ အာဏာတွေ ဘယ်လောက်ရှိရှိ စိတ်ချမ်းသာမှု မရှိဘူး ဆိုတာ သူတို့ရဲ့ မျက်နှာမှာ ပေါ်နေတာပဲ။ အနား ၀န်ကြီးတွေ ဗိုလ်ချုပ်တွေလဲ သူတို့ကို ဘာများ ပြောမလဲလို့ မျက်နှာပိုးလေးတွေ သေနေလိုက်တာများ ။ တကယ့်ကို သနားစရာ၊ ဟိန်းတာ ဟောက်တာ နာမည်ကြီးတဲ့ ၀န်ကြီးတွေလေ။ ခုတော့ ကျားရှေ့က သမင်လေးလို ….။ ၀န်ကြီးတွေရဲ့ မိန်းမတွေဆိုလဲ ကော်ဇောနီပေါ်မတက်ရပဲ ဘေးနားက ရပ်လို့ မျက်နှာသေလေးတွေနဲ့ ရယ်ပြနေကြတာ အသက်ကမပါ။ အော် .. ကြည့်တတ်ရင် တရားရစရာပါပဲ…


နောက်တလိုင်း ပြောင်းကြည့်လိုက်တော့ အိုလံပစ် မီးရှုးတိုင်ကို အင်္ဂလန်က ဖြတ်သယ်နေတာကို ပြနေရင်းပဲ ၀င်လုတာ ခံလိုက်ရတာ သတင်းထဲမှာ ပြနေပြန်တယ်…။
ကျမဖြင့် ကြည့်နေရင်း အားကျလိုက်တာ ..။ လှုပ်ရှားတက်ကြွစွာနဲ့ တရုပ်အိုလံပစ်ကို ဆန့်ကျင် ဆန္ဒပြနေတာတွေကို မြင်လိုက်တာနဲ့ ကျမရဲ့  သွေးတွေလဲ ဆူပွက်လာခဲ့တယ်။ ကျမတို့ တိုင်းပြည်က သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်တော့ သွေးဆူခဲ့သလိုပါပဲ။ မြန်မာပြည်က သံဃာတော်တွေ လျှောက်ခဲ့သလို တိဗက်ဘုန်းတော်ကြီးတွေ လမ်းလျှောက်ခဲ့တာလဲ တီဗွီသတင်းတွေမှာ မြင်နေရတာပဲ။ မိုးထဲရေထဲ နေပူထဲ လျှောက်လှမ်းနေတဲ့ မြန်မာပြည်က သံဃာတော်တွေရဲ့ သတ္တိ ဇွဲ ခံနိုင်ရည်တွေကိုလဲ ကမ္ဘာက အသိအမှတ်ပြုခဲ့ပါတယ်။ တိဗက်ဘုန်းတော်ကြီးတွေရဲ့ လွတ်မြောက်လိုမှုကို ကျမက ထပ်တူထပ်မျှ ခံစားနားလည်ပြီး အားပေးချင်စိတ်ဖြစ်မိတယ်။ ဒီဖက်က ဒီမိုအင်အားစုတွေက တိဗက်ဘုန်းဘုန်းတွေကို ထောက်ခံကြောင်း တစုံတရာ သတင်းထုတ်ပေးစေချင်သေးတယ်။ ဒါဆိုရင် တိဗက်ဘုန်းဘုန်းနဲ့ တိဗက်ပြည်သူတွေက ၀မ်းသာပြီး အင်အားတက် လာမယ်ထင်ပါရဲ့။ ခုတော့ ကျမကပဲ မသိတာလားမသိ.. ထောက်ခံသံ ဘာမှမကြားရသလိုပဲ…

နောက် .. မေလ ဆန္ဒခံယူပွဲမှာ မဲထည့်ဖို့ ပြည်သူတွေကို လမ်းပြပေးမယ်ဆိုတဲ့ လူတွေက အခြေခံဥပဒေအကြမ်းကို သေချာ ဖတ်မထားရသေးဘူး ဆိုတာ သိလိုက်ရတော့ အံ့လဲ အံ့သြမိတယ်။ ဘာ့ကြောင့် ကန့်ကွတ်ရတယ်ဆိုတာကို ခြုံပြီး ပြောသလို ပြောလို့မရဘူးလို့ ကျမက ထင်တယ်လေ။ နအဖ ဆွဲလို့၊ ရွေးကောက်ခံအမတ် တွေမပါလို့ ဆိုတာတွေဟာ လုပ်ငန်းစဉ်အမှားတွေပါ။ တကယ့်အနှစ်သာရအမှားကို ရှာပြရမယ်။ ဒီပုဒ်မက ဘယ်လိုအခွင့်အရေးကို ဆုံးရှုံးစေတယ်။ ဒီပုဒ်မမှာတော့ ဘာအခွင့်အရေးမှ မရရှိစေဘူး အဲလိုမျိုး ကိုယ်က တအုပ်လုံးကို ဒိုးလိုမွှေ ရေလိုနှောက် သိမှတ်ထားသင့်တယ်။ အဲဒါတွေအတွက် ကျမက ဂျူလိုင်အိပ်မက် (မတ်လအတွင်းပို့စ်)နဲ့ ကိုလူသစ် ဘလော့က ပို့စ်တွေကို ဖတ်ရင်းနဲ့ သိလာရလို့ သူများတွေကိုလည်း ဆရာကြီးလုပ်ခွင့် နည်းနည်းရခဲ့တယ်။ ပြီးတော့ သူတို့ဘလော့ကို ကျမဘလော့က တဆင့်သွားတတ်အောင်လဲ သင်ပေးလိုက်သေးတယ်။( ကိုယ့်ဘလော့ကိုပါ ကြော်ငြာဝင်တာလဲ တကြောင်းပေါ့)။

နောက်ဆုံး ချစ်တဲ့ မနောမြေမှာ ဖတ်ရတဲ့ ပို့စ်တခုအရ ဂိုးဒင်းဂိတ် တံတားပေါ်မှာ တိဗက်လွတ်မြောက်ရေး ကျေညာစာတမ်း ချိတ်ဆွဲတာကို သိရတော့ ကျမတို့ တိုင်းပြည်အတွက်ကိုလဲ အဲလိုပဲ လုပ်ချင်လာပြန်ရော…

ကဲ.. စိတ်ထဲရှိရာတွေ ချရေးရရင် ကုန်နိုင်ဖွယ်မမြင်ဘူး .. ဒီနေ့တော့ ဒီလောက်ပါပဲ..နောက်နေ့ … ဆက်ရေးဖြစ်ရင် ရေးဦးမယ်နော်… မပျော်မပါးနဲ့ပေါ့…
ချစ်ခင်စွာနဲ့
ခင်မင်းဇော်

Tuesday, January 1, 2008

အမှတ်တရ အတွေးများ

ရွှေဝါရောင်လူထုလှုပ်ရှားမှု ရက် ၁၀၀ ပြည့် အမှတ်တရ အတွေးများ

ရွှေဝါရောင် တော်လှန်ရေးအတွင်းက လူထုလှုပ်ရှားမှု စတင်ခဲ့တာ ရက် ၁၀၀ ပြည့်ခဲ့ပါပြီ။
ဒီတော်လှန်ရေးကြီးမှ ..
တွေ့ဆုံဆွေးနွေးရေး လုံးဝမလုပ်ချင်သော စစ်အုပ်စုနှင့်
တွေ့ဆုံဆွေးနွေးရေး လုပ်ချင်သော်လည်း( တွေ့ဆုံဆွေးနွေးရေး လုပ်လျှင် ကြားဖြတ်အစိုးရအဖြစ် အာဏာသိမ်းစစ်အုပ်စုကို အသိအမှတ်ပြုမည်အထိ အလျှော့ပေးထားသော) တွေ့ဆုံဆွေးနွေးခွင့်ရအောင် ဘယ်လိုမှ ဆောင်ရွက်ခွင့် မရခဲ့သော NLD အတွက် …
တွေ့ဆုံဆွေးနွေးပါ့မယ်… ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးခန့်ပါ့မယ် အထိ စကားပြောသံ ကြားရအောင် တွန်းပို့နိုင်ခဲ့ပါတယ်…

ဒီ စကားသံ ရရှိဖို့အတွက် ရွှေဝါရောင်လှုပ်ရှားမှုနှင့် သံဃာကျောင်းသား ပြည်သူတို့ရဲ့ အသက်သွေးချွေးဘ၀ များပေးဆပ်လိုက်ရသည်ကိုတော့ မမေ့မလျှော့ မှတ်တမ်းတင်ရပေမည်။
တကယ့် ဆွေးနွေးပွဲ အစစ်အဖြစ် ဆက်လက် လျှောက်လှမ်းရန်အတွက် ဖိအားများကိုရော..
ဘယ်လို ပံ့ပိုး လုပ်ဆောင်သွားသင့်ပါသလဲ….
ခုလို အဆင့်မမှီသော တွေ့ဆုံဆွေးနွေး စကားဝိုင်းမှသည်၎င်း..
လုပ်ကြံကတိပေးသော စကားဝိုင်းမှ သည်၎င်း ….
အဆင့်တခုသို့ တက်ရောက်ရန် ထပ်မံ ရင်းနှီးမှုများ စိုက်ထုတ်ရပေဦးမည်။
စတေးခဲ့ကြပြီးသော ၀ိဥာဉ်များနှင့် ဘ၀များကတော့ တွေ့ဆုံဆွေးနွေးရေး ရရှိရန် ..
ပံ့ပိုးရမည့် အချက်များ လုပ်ငန်းများသည် အကြမ်းမဖက် လူထုလှုပ်ရှားမှု တခုတည်းသာ ရှိမည်ဟု ယုံကြည်မှု ရှိကြပါဦးမည်လော…..

တကယ်တော့ ပြည်တွင်းလှုပ်ရှားမှုသည်သာ အပြောင်းအလဲကို ဖန်တီးနိုင်မည် သေချာသော်လည်း ထိုပြည်တွင်းလှုပ်ရှားမှု စတင်ရန် (သို့မဟုတ်) အရှိန်မတန့်ရန် (သို့မဟုတ်) ဖြိုခွင်းမှု မခံရရန် (သို့မဟုတ်) စစ်အုပ်စုအား ဖိအားတစုံတရာပေးရန် အခြားသော လှုပ်ရှားမှုများလည်း လိုအပ်သေးသည် မဟုတ်ပါလား။

Monday, December 31, 2007

Benazir Bhutto သေဆုံးခြင်းနှင့် ပတ်သက်၍


ဘင်နာဇာဘူတို လုပ်ကြံခံရလို့ သေပြီတဲ့။
ဒီသတင်းကြားခါစက မင်သက်မိသွားတယ်။ အသက် ၃၅ နှစ်မှာ ပါကစ္စတန်ရဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့သူ။ သူက ဟားဗတ်တို့ အောက်စဖို့တို့မှာ ပညာသင်ကြားခဲ့ရသူ။ ဒါပေမယ့် သူ့ရဲ့ ထက်မြက်မှုကို သူ့အဖေ ကြိုးပေး ခံရပြီးနောက် ၁၁ နှစ်အကြာ ၁၉၈၈ မှာ ကမ္ဘာက မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီ။
၁၉၉၀မှာ သူမရဲ့ အောင်မြင်မှုများကို လာဘ်စားမှုဆိုတဲ့ ပြစ်ဒဏ်နှင့် အစိုးရဖျက်သိမ်းခဲ့ပြန်…
ဒါမဲ့ ၁၉၉၃ ခုနှစ်ရွေးကောက်ပွဲမှာ သူမ ဦးဆောင်တဲ့ပါတီကပဲ အနိုင်ရခဲ့ပြန်…
ဝန်ကြီးချုပ် နောက်တခါ ထပ်ဖြစ်ပြန်….
ဒီတခါမှာတော့ သမ္မတက လက်မခံချင်တော့ပဲ လာဘ်စားမှုနဲ့ တရားစွဲ အစိုးရကို ဖျက်သိမ်း တပည့်ကို ၀န်ကြီးချုပ်ခန့်ပစ်လိုက်တော့တယ်။
ယူအေအီးလို့ ခေါ်တဲ့ ယူနိုက်တက်စော်ဘွားနိုင်ငံမှာ ၇ နှစ်ကျော် နေထိုင်ရင်း …
စေ့စပ်ညှိနှိုင်းမှုတွေအများကြီး အဆင့်ဆင့် ကြားကနေ သူမရဲ့ ပြည်တော်ပြန် ခရီးစ စချင်းမှာ လူပေါင်း ၁၄၁ ဦးသေဆုံးခဲ့တဲ့ ဗုံးဖောက်ခွဲမှုကို ကြုံတွေ့ခဲ့ရပါသေးတယ်။

ခုတော့ ၁၉၈၈ က ကမ္ဘာ့အလှဆုံး အမျိုးသမီး ၅၀ ထဲမှာ ပါခဲ့ဖူးတဲ့..
နိုင်ငံတခုရဲ့ ၀န်ကြီးချုပ် တာဝန် ၂ ကြိမ်တိုင်ရရှိထမ်းဆောင်ဖူးတဲ့…
ကလေး ၃ ယောက်ရဲ့ မိခင် …
ခုလာမယ့်ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိဖို့ အလားအလာ အကောင်းဆုံး …
ပါကစ္စတန်က စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ပေးမယ့် မျှော်လင့်ခြင်းရောင်ခြည်….
သူမကတော့ သူမဖခင်ဘေးက မြေကွက်လပ်မှာ ဆိတ်ငြိမ်စွာ လဲလျောင်းသွားခဲ့ပြီ..

ကျမ မျက်စိထဲမှာတော့ ..
သူမ အဖေ ကြိုးပေးကွပ်မျက်ခံရတာ…
သူမ သေနတ်နဲ့ ဗုံးနဲ့ အကြမ်းဖက် သတ်ဖြတ်လုပ်ကြံခံရတာ……..
အဲဒါနဲ့အတူ ….
ခု သူ့ရဲ့ ၁၉ နှစ်အရွယ်သားလေးက သူမပါတီရဲ့ ဥက္ကဌ လုပ်မယ်တဲ့…

တဆက်တည်း မြင်နေရပြန်တယ်…
အိန္ဒိယ က အင်ဒရာဂန္ဓီ…
သူမရဲ့သားငယ် ဆန်ဂျေး ဂန္ဓီ..
နောက်သားကြီး ရာဂျစ်ဂန္ဓီ… သူတို့တွေ ရဲ့ သေဆုံးခဲ့ရခြင်းတွေ…
အပြောကျယ်လှတဲ့ ဒီလောကကြီးထဲက…
သေဆုံးခြင်းတွေမှာ အဓိပါယ် ရှိမှာပါ….
နိုင်ငံကို တိုးတက်စေချင်သူတွေ နဲ့ အာဏာကို မက်မောသူတွေကြားထဲက ကွာဟချက်တွေ..
အစွန်းရောက်မှုတွေ…..
အားလုံးထဲမှာ… ခိုင်မာတဲ့ ယုံကြည်ချက်… ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေက …
နောက်မတွန့်တဲ့ ခြေလှမ်းတွေကို ဖြစ်ပေါ်စေတယ် ထင်ပါရဲ့….
ခုတော့…. သူမ က အေးချမ်းသွားခဲ့လေပြီ…
ဒါပေမဲ့ ပါကစ္စတန်ပြည်သူတွေကတော့……

ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီရအောင် လုပ်ဆောင်ခြင်းဟာ အာဏာရှင်စံနစ်ကို အကောင်းဆုံး လက်စားချေခြင်းပဲ တဲ့။

ပါကစ္စတန်ပြည်သူ့ပါတီ ခေါင်းဆောင်သစ်ဖြစ်တဲ့ သားဖြစ်သူရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ သွားလေသူသူ့မိခင် အမြဲပြောနေကျ စကားလေးကို ပြန်ပြောပြခဲ့တာပါ။ သူ့မိခင် ရည်မှန်းခဲ့တဲ့အတိုင်း ပါကစ္စတန်နိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း အောက်စဖို့ဒ်ကျောင်းတော်သား ၁၉နှစ်အရွယ် လူငယ်လေးက ပြောသွားပါသေးတယ်။

ပါကစ္စတန် နိုင်ငံရေးလောကရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ဘူတိုမျိုးဆက်ဟာ အဘိုး အမေကနေမှတဆင့် မြေးအထိ လက်ဆင့်ကမ်းခဲ့ပါပြီ။

ဘာကြောင့်မှန်းတော့ သေသေချာချာ မဝေခွဲတတ်ပေမယ့် ဘင်နာဇာဘူတို သေဆုံးမှုဟာ ကျမရင်ကို တော်တော် မသက်မသာ ဖြစ်စေခဲ့ပါတယ်။ ဖြစ်နေခဲ့ပါတယ်။

ကျမဘာတွေကို ဆက်စပ်စဉ်းစား ပူပန်မိနေတာပါလိမ့်.. ဘုရား ဘုရား မဖြစ်ပါစေနဲ့။ မဖြစ်လာပါစေနဲ့ လို့ (ဒီတခါတော့ မိန်းမဆန်ဆန်) ဆုတောင်းမိယုံမှတပါး ကျမကကော ဘာများတတ်နိုင်ပါဦးမည်နည်း။ ။

Thursday, December 27, 2007

တွေးမိသမျှ (၂)

The form of the struggle is not chosen by the ruled but by the ruler.

ကိုမိုးသီးဘလော့မှာ တင်ထားတဲ့ inside of september movement 2007 ဗွီဒီယိုမှာ ကြည့်လိုက်ရတော့ တုတ်နဲ့ ကိုင်ရိုက်နေတဲ့ စစ်သား ၁၀ ယောက်လောက်ကို ထွက်ပြေးတဲ့ ယောက်ျား မိန်းမ ၁၀၀ လောက်က ပြန်သာချလိုက်ရင် ခုလို တယောက်သေတာကို မြင်ရမှာ မဟုတ်ဘူး။ လဲနေတဲ့ လူတယောက်ကို အတင်းထပ်ရိုက်နေတာကို ဘယ်လိုစိတ်ဓါတ်မျိုးတွေနဲ့ ထိုင်ကြည့်နေနိုင်သလဲ ဆိုတာကို ဘယ်လိုမှ စဉ်းစားမရဘူး။ အဲဒီမှာ ပြေးနေတဲ့လူတွေဟာ ငါတို့ ပြန်ချမယ်။ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ ဆိုတဲ့ စိတ်ဓါတ်မ၀င်အောင် အကြမ်းမဖက် လူထုလှုပ်ရှားမှု ဆိုတဲ့ ခေါင်းစဉ်ကပဲ ထိန်းချုပ်ထားသလား။ စဉ်းစားလေ ကျမစိတ်ထဲမှာ ပြေးသာ ချချင်လေပဲ။ မတရားတာကို ဘယ်လိုမှ ခေါင်းငုံ့ မခံချင်တဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်တွေ တဖွားဖွားပေါ်လာခဲ့တယ်။ ၈၈ တုန်းက အဲလိုစိတ်ဓါတ်နဲ့ပဲ မဆလ တပါတီကို ခံတိုက်ဖို့ ဆုံးဖြတ် တိုက်ပွဲ ၀င်ခဲ့တာ။ နောက်လူထု တိုက်ပွဲကို ယုံလို့ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေ ဆင်းပေးခဲ့တာ။ အဲဒီတုန်းက စစ်အာဏာရှင်ဆိုတာ ကတိတည်မယ်လို့ ထင်တာကိုး။ သူတို့တွေကလည်း လူထု ကို လေးစားလိမ့်မယ် ထင်ခဲ့တာကိုး။
ခုတော့ ကျမက စစ်အုပ်စု ရွေးပေးလိုက်တဲ့ တိုက်ပွဲ လမ်းကြောင်းပေါ်မှာ ၈၈စိတ်ဓါတ်၊ ရွှေဝါရောင်စိတ်ဓါတ်တွေနဲ့ ပြည့်ဝ တက်ကြွလို့ ...

ကျမတို့ ရွေးချယ်မဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အကြမ်းဖက်မှုဆိုတဲ့(Terrorism) နဲ့ လားလားမှု မတူဘူးဆိုတာကိုလည်း နားလည်ထားမှ ဖြစ်မယ်။ ကျမပြောတဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲ ဖြစ်တယ်။ ဒီအာဏာရှင်ပြုတ်ကျ ပြီးရင် ငြိမ်းချမ်းရေး ရှိအောင် လုပ်ရမယ်လို့ ယုံကြည်ချက် ထားတယ်။ ဒါဟာ အနိမ့်ဆုံး လူတိုင်းသုံးတဲ့စကားနဲ့ ပြောပြတာပါ။

လက်နက်ကိုင်တော်လှန်ရေးမှာ လူတိုင်းပါဝင်နိုင်ဖို့ဆိုတာ မလွယ်တာလက်ခံပါတယ်။ ဒါပေမယ့် လူတိုင်းထောက်ခံ နေဖို့တော့ လိုပါလိမ့်မယ်။ ကမ္ဘာပေါ်က စစ်ကြီး ၂ ခုစလုံးကို ရပ်တန့်စေဖို့အတွက် စစ်ပွဲတွေကပဲ အဆုံးသတ်ပေးခဲ့တာပါ။ ဒါကိုတော့ ငြင်းနိုင်မယ် မထင်ပါဘူး။ ဒီလိုပါပဲ ဂန္ဓီရဲ့ အကြမ်းမဖက် လမ်းစဉ်အတွက် နေရူးက ဘယ်လိုပေးဆပ်ပေးခဲ့ပါသလဲ။ မင်ဒဲလား တို့ စကားဝိုင်းထိုင်နိုင်ဖို့ သူ့ရဲ့ ANC လက်နက်ကိုင် တပ်ဖွဲ့က ဘယ်လိုပံ့ပိုးပေးခဲ့ပါသလဲ ။ သမိုင်းကြောင်းတွေကို သေချာလေ့လာပြီး နောက်ကွယ်က ပံ့ပိုးမှုတွေရဲ့ အားကို သိဖို့လဲလိုပါလိမ့်မယ်။တကယ်တော့ ကျမက နအဖကို တိုက်မှ ရမယ်လို့ ယုံကြည်သူတဦးပါ။ ဘယ်လို တိုက်မလဲ ဆိုတာကိုတော့ ကျမနားမလည်ပါဘူး။ တိုက်သင့်တယ် တိုက်နေတဲ့လူတွေ တိုက်မယ့် လူတွေကို ထောက်ခံမယ်။ ထောက်ပံ့မယ်။ အကြံကောင်းတွေ ၊ နည်းနာသစ်တွေ လိုချင်တယ်။ အားလုံးဝိုင်းဝန်းရမယ်လို့ ခံယူထားသူပါ။နောက်ထပ်ပြောမယ်ဆိုရင် အများကြီး ထိခိုက်စရာတွေ ရှိလာတော့မှာမို့ ဒီအကြောင်းတော့ ရပ်လိုက်ဦးမယ်။
......
ကျမတို့ အင်အားတွေ မသာခဲ့လို့ သူတို့နိုင်နေတာလို့ ယူဆမယ်ဆိုရင် သူတို့ ကို မောင်းထုတ်နိုင်ဖို့ ၊ ကိုယ့်ကျွန် ကိုယ်ပြန်ခံနေရတဲ့ မြန်မာ ပြည်သူတွေကို စစ်ကျွန်ဘ၀က ဆွဲထုတ်ကယ်တင်နိုင်ဖို့၊ အတိုင်းအတာတခုထိတော့ ကျမတို့ စုစည်းညီညွတ်ကြရမယ်။ ဘယ်လိုနည်းလမ်းကို မဆို ကျမတို့ အားပေးကြရမယ်။ဒီတခေတ်မှာ ကျမတို့မျိုးဆက် မလုပ်နိုင်ခဲ့ရင် နောက်မျိုးဆက်တွေက အပြစ်တင်တာ ခံရမယ့်အပြင် ကျမတို့ ရင်သွေးမျိုးဆက်တွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာအောက်ချလို့ လူဖြစ်တယ် ဆိုရုံဘ၀မျိုးနဲ့ အသက်ရှင် သွားရတော့မယ်။

ကျမတို့နိုင်ငံရဲ့ အုပ်ချုပ်နေသူတွေ အသုံးမကျလို့ နိုင်ငံသူနိုင်ငံသားတွေ မျက်နှာငယ်ရတာတွေကို မြင်ရတိုင်း ရင်ထဲမှာ တကယ်မချိပါဘူး။ တကယ်ဆို မြန်မာနိုင်ငံသားတွေဟာ အင်မတန်တော်တဲ့ထက်တဲ့ လူမျိုးတွေပါ။ အုပ်ချုပ်သူညံ့ဖျင်းမှုက နိုင်ငံကို ဆင်းရဲစေတဲ့အပြင် နိုင်ငံသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုတွေကိုပါ အောက်ဆုံးအဆင့်ကို ဆွဲချလိုက်တာပါပဲ။ တိုင်းပြည်တပြည် တိုးတက်ခေတ်မှီနေဖို့က အုပ်ချုပ်သူတွေရဲ့ ထက်မြက်မှုပေါ်မှာ မူတည်တယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူးနော်။ ကျမဆက်ဆံဖူးတဲ့  နိုင်ငံခြားသား ပညာတတ်ဆိုတဲ့ လူတချို့ဟာ ကျမလောက်တောင် စည်းကမ်းမရှိ ၊ မသပ်ရပ် ၊ မထက်မြက်ဘူးဆိုတာ ကိုယ်တိုင်ကြုံခဲ့ဖူးတော့ ကျမက အဲလိုပဲ မြင်တယ်။ သူတို့အစိုးရကောင်းနေလို့ သူတို့အခြေအနေက ငါတို့ထက်သာနေတာပါလား လို့.....။

နိုင်တဲ့လူက သမိုင်းကိုရေးစတမ်းလို့ ကျမစီဘောက်မှာ နအဖ အောက်ဆွဲတယောက်က ရေးသွားခဲ့ပါတယ်။ အဲဒီသမိုင်းဟာ တကယ်တည်တန့်တဲ့ သမိုင်းဖြစ်မလား။ နောက် မျိုးဆက်သစ်တွေက ဒီသမိုင်းကို အပြစ်တင်တာ ခံမလား။ ဒီလိုပါပဲ သမိုင်းမှာ လူဆိုးဖြစ်မလား၊ လူကောင်းဖြစ်မလားဆိုတာကို နောက်မျိုးဆက်တွေက ဆုံးဖြတ်မှာပါ။ ကိုယ်ရေးတဲ့သမိုင်းကို ဖတ်မှာက နောက်မျိုးဆက်တွေဆိုတာကို မစဉ်းစားနိုင်အောင် အသိဥာဏ် နုံနဲတဲ့သူတွေကိုသာ နအဖလို လူမိုက်တွေက စည်းရုံးနိုင်တယ်ဆိုတာ လက်တွေ့ သိလိုက်ရတာလဲ ကျေနပ်စရာပါပဲ။ ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို တကယ်ချစ်သတဲ့။ အော် .. တော်တော် ရှော်တဲ့အတွေးတွေပါလား.. လို့ ကျမ တွေးမိသေးတယ်။

တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေက ကိုယ့်တိုင်းပြည် တဖြည်းဖြည်းဆင်းရဲလာနေတာကို ကြည့်ရက်သတဲ့။ နိုင်ငံတွင်းက အခြေခံလူတန်းစားတွေ တပါးနိုင်ငံမှာ ကျွန်လို ရုန်းနေရတာကို ကြည့်ရက်သတဲ့။ ကိုယ့်နိုင်ငံမှာ သုံးရင် နှစ်ပေါင်း ၆၀ လောက် လင်းထိန်နေမဲ့အပြင် စက်မှုလုပ်ငန်းတွေလဲ တိုးတက်လာမဲ့ အခြေအနေရှိတဲ့ နိုင်ငံပိုင် ဂတ်စ်တွေကို အောက်ဈေးနဲ့ ရောင်းပြီး သူတို့ ကိုယ်ကျိုးအတွက် သုံးစွဲ။ တိုင်းပြည်ကိုတော့ မှောင်ချထား။ အော် ချစ်တတ်ပုံများကတော့.. အောချလောက်ရဲ့။

စစ်တပ်ကလွဲများ ကျန်တဲ့ လူများက နိုင်ငံမချစ်တတ်ဘူးတဲ့ ။ ယူဆနေပုံများ။ ကဲ .. ဒါဆိုလဲ
ဆေးရုံက ဆရာဝန်တွေ မောင်းထုတ်.. စစ်သားတွေပဲ လုပ်တော့.
ကျောင်းတွေက ဆရာတွေကို အလုပ်ဖြုတ်…. စစ်သားတွေပဲ လုပ်တော့..
အင်ဂျင်နီယာတွေ အကုန်ဖယ်….. စစ်သားတွေပဲ လုပ်တော့…
ဈေးသည်တွေ ကုန်သည်တွေလဲ အကုန်ပိတ်ခိုင်း… စစ်သားတွေပဲ လုပ်တော့..
ဆိုက်ကားဆရာ ကားဆရာတွေလဲ အကုန်နားတော့… စစ်သားတွေပဲ လုပ်တော့..
လဖက်ရည်ကော်ဖီ အသုတ်စုံ အကုန်နား…. စစ်သားတွေပဲ လုပ်တော့… ရုံးစောင့် ညစောင့် ဂိုဒေါင်စောင့်…. အကုန်နား …… စစ်သားတွေပဲ လုပ်တော့..
ဘုန်းကြီးတွေ လဲ မရှိစေနဲ့ ….. စစ်သားချင်းပဲ ရှိခိုးတော့ ( ကျမတို့ကတော့ ရှိမခိုးနိုင်ဘူးကိုး) ဟိဟိ…. စစ်သား ၄ သိန်းကို အကုန်လုပ်ဖို့ လွှဲပေးလိုက်တော့.. သူတို့တွေမှ တိုင်းပြည်ချစ်သတဲ့ .. နိုင်ငံအတွက် အလုပ်လုပ်သတဲ့…
အော် … သနားပြီးရင်း သနားရပါလား… သန်းရွှေတို့ရဲ့ တပ်မတော်ကြီးရယ်…
နောက်ဆိုရင် မိန်းမတွေ ကလေးမမွေးနဲ့ လို့ … စစ်သားတွေပဲ မွေးခိုင်းတော့မယ်….

အော်…. ကျမတို့ရဲ့တိုင်းပြည်မှာ

Friday, December 21, 2007

ကိုယ်တွေးမိရာပါ

တွေးမိသမျှ (၁)
ရွှေဝါရောင်တော်လှန်ရေး ၃ လပြည့်တော့မယ် ဆိုတော့ သူများတွေ ရေးတဲ့ ခံစားချက်တွေ ဝေဖန်ချက်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ကိုယ့်အယူအဆလေးတွေကို ရေးချင်လာပါတယ်။တကယ်တော့ နအဖ စွပ်စွဲသလို အပြင်က လူတွေ လုပ်လို့ ဒီရွှေဝါရောင်တော်လှန်ရေး ဖြစ်လာတယ် ဆိုတာကိုတော့ မထောက်ခံနိုင်ပါဘူး။သူတို့ ပြောသလို ဒီလို လူထုအုံကြွမှုဖြစ်အောင် လုပ်နိုင်ရင် ခုလို အခြေအနေနဲ့ ဘယ်အရပ်ခံမလဲ။ လူထုအုံကြွပြီးရင် ဘာလုပ်ရမယ် ဆိုတာ စီမံကိန်းတွေ ဆွဲပြီးသားရှိနေမှာမို့ တဆင့်ပြီး တဆင့် တက်သွားဖို့သာ ရှိတော့မပေါ့။ ခုတော့ ဒီဖက်က ပြည်ပကလူတွေလဲ အရှိန်မြန်လွန်းတဲ့ လူထုတိုက်ပွဲမှာ ဘယ်လို ပေါင်းစပ်ရမယ် ဆိုတာကို စီမံကိန်းမဆွဲရသေးခင်၊ (ဆွဲပြီးသားလဲ မရှိဘူး ထင်ပါ့။) မပေါင်းစပ်နိုင်ပဲ ဒါ့ထက်အဆင့်မြင့်ဖို့လဲ ပံ့ပိုးမှုမလုပ်နိုင်ခဲ့ပဲ ကြည့်နေလိုက်ရတယ် ဆိုတဲ့ အခြေအနေဖြစ်သွားခဲ့တယ်။ပြည်သူတွေကတော့ သူတို့ကိုယ်တိုင်ခံစားနေရတဲ့ ဆင်းရဲကျပ်တည်းမှုကနေ လွတ်မြောက်ဖို့ သူတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲ ၀င်လိုက်တာပါပဲ။

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရှေ့တန်းက အနစ်နာခံ လမ်းပြနိုင်မှုတွေက နည်းလို့လား။ အဲဒီ ၈၈ မျိုးဆက်တွေကိုလည်း ပြည်ပကလူတွေနဲ့ ချိတ်ဆက်ပေးလိုက်တာ ကုန်ရောပဲ ။ဒီလူနဲ့ ဒီလူတွေဆိုတာကလည်း ၈၈ ကတည်းက အတူတူလုပ်လာခဲ့တယ်။ စစ်အာဏာရှင်တွေကို တိုက်ချင်စိတ်က တထပ်တည်း။ ဒီတော့ ဘာတွေ ဘယ်လိုပဲ တားဆီးထားထား အာဏာရှင်ကို တိုက်ရမဲ့ တိုက်ပွဲနည်းနာတွေကို စဉ်းစားတဲ့နေရာမှာ ဆင်တူုတာတွေ ထပ်တူညီတာတွေ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူစားတွေကို ဒီလိုနည်းတွေနဲ့ တိုက်ရတယ်ဆိုတာ နိုင်ငံရေး စိတ်မ၀င်စားတဲ့လူတွေတောင် သိနေတာပဲ။

ဒီ(၃) လအတွင်းမှာ ဖမ်းဆီးထားတာတွေကို ပြင်ပအဖွဲ့အစည်းတွေနဲ့ အတင်းချိတ်ဆက် ဇာတ်လမ်းဆင်၊ နောက် ဘာဆိုဘာမှ အကြမ်းမဖက်ပဲ မေတ္တာပို့လမ်းလျှောက်နေတာ သိရက်နဲ့ အကြမ်းဖက် ဆူပူရန်ကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်ရှည်ကြီးတွေ ချပြီး တရားစီရင်သတဲ့။ တရားဥပဒေရဲ့ အထက်မှာ မည်သူမှမရှိစေရတဲ့။ သူတို့ပဲ ရှိနေရမှာပေါ့။ ပြီးတော့ ဥပဒေနဲ့အကြုံးမ၀င်လဲ အတင်းအမိန့်ချခိုင်း တရားသူကြီးက သူတို့ ပေးလိုက်တဲ့ စာအိတ်ကို တရားခွင်မှာ ဖွင့်ဖတ်ပြရသူပဲ၊ (ဒါကလည်း ကိုယ်တွေ့)သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့လူတွေက သူတို့ကို ပြန်လှန် အကြမ်းဖက်ရန်ကြံစည်မှု၊ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီး ထားတဲ့ သက်သေခံ လက်နက်တွေကလည်း အံ့သြလောက်ဖွယ် လောက်လေးဂွတွေ ။ ကမ္ဘာ့မီဒီယာတွေ မမြင်ဖူးလို့ တချို့ နိုင်ငံခြားသတင်းထောက်တွေဆို မျက်လုံးအပြူးသားလေးနဲ့ သေချာ ကြည့်နေတာကိုလည်း MRTV က သေချာ ရိုက်ပြလိုက်သေး။ အော် သနားစရာလေးတွေ။ လောက်လေးဂွဆိုတာ နောက်ဆုံးပေါ် ၊လူကို မထိခင်ကတည်းက သေစေနိုင်တဲ့ လက်နက် ။ မမြင်ဖူးရင်သေချာ ကြည့်ထားဆိုတဲ့ အထာနဲ့။

မီဒီယာကို မီဒီယာနဲ့ တိုက်နေတဲ့ ဦးကျော်ဆန်းတို့ တစုလည်း မေ့တတ်တာလွန်ပါလေရော။ လေလှိုင်းထဲက လူသတ်သမားဆိုပြီး စွပ်စွဲတဲ့အထဲမှာ DVB ဘာ့ကြောင့်မပါခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေ့ကျန်ခဲ့လို့တဲ့။ အမှန်တကယ်က နိုင်ငံခြားသားတွေ ဦးစီး ဦးဆောင် လုပ်နေတဲ့ နိုင်ငံခြား မီဒီယာတွေကိုသာ သတိပြုစရာ၊ ဂရုစိုက်စရာ လို့ သူတို့က သဘောထားတယ်ဆိုတဲ့ စတိုင်နဲ့ မြန်မာအတိုက်အခံတွေ ဦးစီးလုပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို ရှိတယ်လို့ စာရင်းထဲတောင် မထည့်ပဲ ထားပြခဲ့တာပါ။ သူတို့စိတ်ထဲမှာ မေ့ဖို့နေနေသာသာ ၊ အမှုန့်ကြိတ်ပစ်ချင်လွန်းလို့ DVB လွှင့်သမျှ လှိုင်းတွေကို အဆမတန်ဈေးပိုပေးပြီး လိုက်ဝယ်နေတာ မသိတာမှတ်လို့။

နိုင်ငံပိုင်သတင်းဌာနကြီးတဲ့၊ ပြန်ကြားရေးဌာနက ၂၀၀၇ စက်တင်ဘာလအတွင်း သေဆုံးသူဦးရေမှာ ဂမ်ဘာရီကိုပြောတော့ တမျိုး၊ ပီညဲရိုးကို ပြောတော့တမျိုး။ အဲဒါကို သတင်းထောက်က ထောက်မေးလိုက်တော့ ဟဲဟဲ… ဟိုဟာက ဒီလို ဒီဟာက ဟိုလို တဲ့…။မထင်မှတ်တဲ့ သာမန်ပြည်သူတွေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ပလူပျံလို့ စစ်အုပ်စု ရဲ့ ရက်စက်အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာမို့ နိုင်ငံတကာမှာ အံ့သြမင်သက်ခဲ့ရတယ်။ တကယ်တော့ နအဖဟာ ယုတ်မာတဲ့ နေရာမှာ တော်တယ်။ အာဏာလက်ဆုပ် မဖြည်တဲ့နေရာမှာတော်တယ်။ လိမ်လည် သတင်းထုတ်ပြန်တဲ့နေရာမှာ တော်တယ်။ နောက်ဆုံး ငရဲမကြောက် နိုင်လောက်အောင် တော်ပါပေတယ်။
ကျမတို့ဘက်ကတော့ ကဗျာဆရာကိုအောင်ဝေး ပြောခဲ့သလိုပါပဲ။
ရန်_ငါ မပြတ်လို့
သံဃာအသတ်ခံရတာ… တဲ့။

သေချာ ပြန်စဉ်းစားတိုင်း မြန်မာပြည်မှာ စစ်သားလေးသိန်းဆိုတာမှာတောင် အောက်ခြေ စစ်သားတွေက အငတ်ငတ်အပြတ်ပြတ်။ ကျမတို့ ပြည်သူတွေထဲမှာ ပြည်တွင်းက စစ်အုပ်စုတွေရဲ့ စောင့်ကြည့် အကျဉ်းချ ခံထားရသူတွေမပါပဲ၊ ကလေးသူငယ် သက်ကြီးရွယ်အိုတွေမပါပဲ။ နောက်ဆုံးစကားကုန်ပြောရရင် အခု ထိုင်းမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားတောင် နှစ်သန်းကျော်ရှိနေတာပဲ။ ဒီလူတွေနဲ့ ခုနစစ်သားလေးသိန်းကို ဖိသတ်ရင်တောင် သေနိုင်တဲ့ အခြေအနေ ရှိနေတာပဲ။ ကျမတို့ လူ့အခွင့်အရေးကို နားမလည်။ လူ့စကားနားမလည်။ ငါ့ဖို့ ငါ့အာဏာ ငါ့စည်းစိမ် ဆိုတဲ့ စိတ်မျိုးနဲ့ တိုင်းပြည်ကြီးက သယံဇာတတွေကို ကိုယ်ပိုင်ပစ္စည်းလို လက်ညှိုးထိုးရောင်းစားနေတဲ့ ဒီလို စစ်အုပ်စုတွေကို လက်ဝါးဖြန့်တောင်း ၊ မေတ္တာပို့တောင်း၊ စကားထိုင်ပြောဖို့ တောင်းနေလို့ မရတော့ဘူးထင်ပါတယ်။

ကျမတို့ သိခဲ့တဲ့ ကတ္တီပါတော်လှန်ရေးတို့ နှင်းဆီတော်လှန်ရေးတို့ နဲ့ နှိုင်းယှဉ်ပြီး ဒီစစ်အာဏာရှင်ကို အကြမ်းမဖက် လူထုနည်းနဲ့ မတောင်းပါနဲ့တော့ ။ ဒီနည်းတွေနဲ့ သေသူသေ။ ဘ၀ပျက်သူတွေပျက် ၊ မျိုးဆက်တွေ စတေးခံထားရတာလဲ ထည့်တွက်ကြပါဦး။ ပြည်သူတွေ အထိနာမှာ စိုးရိမ်လို့ သွေးထွက်သံယိုမှုတွေကို စိုးရိမ်လို့ ဆိုပေမဲ့ နောက်ဆုံးတော့ ဒီသွေးထွက်သံယို ကျဆုံးမှုတွေနဲ့ပဲ အဆုံးသတ်နေရတာပဲ မဟုတ်လား။

ခုနောက်ဆုံးဖြစ်ခဲ့တဲ့ ကျမတို့နိုင်ငံက ရွှေဝါရောင်တော်လှန်ရေးတို့ ဆိုတာက တကယ့် ဘာသာသာသနာရဲ့ ၀န်ထမ်း။ အလေးအမြတ်ပြုရာ ဘုရားသားတော်တွေက ဘာလက်နက်မှမပါ လမ်းလျှောက် မေတ္တာပို့ခဲ့တယ်။ အဲဒီလို ဘုရားသားတော်တွေ ရဲ့ မေတ္တာလက်နက်ကို ပြည်သူလူထုက လက်တွဲ အားဖြည့်ခဲ့တယ်။ ဘယ်မှာလဲ အကြမ်းဖက်မှု အရိပ်အယောင်။ ပြည်သူတွေပါခဲ့တယ် ဆိုရာမှာလဲ တကယ့်ကို ဘယ်သူတဦးတယောက်မှ တိုက်တွန်းချက်၊ မြှုဆွယ်ချက်တွေ မပါဘုး၊ ခြိမ်းခြောက်မှုတွေမပါဘူး။ ငြိမ်းချမ်းစွာ ဆိုတာကို အပြည့်အ၀ကို ငြိမ်းချမ်းစွာ လူထု ဆန္ဒပြခဲ့တာစစ်စစ်။ ကမ္ဘာပေါ်မှာ ဒီလို သာသနာ့ဝန်ထမ်း ဘာသာရေး သီးသန့် ဆန္ဒဖော်ထုတ်တာ ကျမတသက်တော့ မတွေ့ခဲ့ဘူး မကြားခဲ့ဘူးပါ။

(အကြမ်းမဖက် လူထုလှုပ်ရှားမှု) ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ကျမတို့ အလေးအမြတ်ပြုရာ ဘုရား သားတော်တွေ အသတ်ခံရ၊ ထောင်ချခံရ၊ အနိမ့်ဆုံး ၀ါတ၀ါ ပျက်ခဲ့ရ။ ကျောင်းသားလူငယ် ထောက်ခံ အားပေးသူ ပြည်သူတွေ ဖမ်းဆီးထောင်ချ ခြိမ်းခြောက်။ တင်းကျပ် ။ နောက်ဆုံးတော့ ကျမတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုက သွေးချောင်းစီးခဲ့ရတယ်။ အသက်ပေးခဲ့ရတယ်။ အနှစ်ပြန်ချုပ်ရရင် အာဏာရှင်တွေနဲ့ တိုက်တဲ့ပွဲမှာတော့ တိုက်ပွဲ နည်းနာကို ကိုယ်ကရွေးချယ်လို့ မရတော့ဘူး။ သူရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ကျမတို့က ပြန်လှန်တော်လှန်ရမှာပဲ။
(ဆက်ရန်)