Friday, December 21, 2007

ကိုယ်တွေးမိရာပါ

တွေးမိသမျှ (၁)
ရွှေဝါရောင်တော်လှန်ရေး ၃ လပြည့်တော့မယ် ဆိုတော့ သူများတွေ ရေးတဲ့ ခံစားချက်တွေ ဝေဖန်ချက်တွေ လိုက်ဖတ်ပြီး ကိုယ်လဲ ကိုယ့်အယူအဆလေးတွေကို ရေးချင်လာပါတယ်။တကယ်တော့ နအဖ စွပ်စွဲသလို အပြင်က လူတွေ လုပ်လို့ ဒီရွှေဝါရောင်တော်လှန်ရေး ဖြစ်လာတယ် ဆိုတာကိုတော့ မထောက်ခံနိုင်ပါဘူး။သူတို့ ပြောသလို ဒီလို လူထုအုံကြွမှုဖြစ်အောင် လုပ်နိုင်ရင် ခုလို အခြေအနေနဲ့ ဘယ်အရပ်ခံမလဲ။ လူထုအုံကြွပြီးရင် ဘာလုပ်ရမယ် ဆိုတာ စီမံကိန်းတွေ ဆွဲပြီးသားရှိနေမှာမို့ တဆင့်ပြီး တဆင့် တက်သွားဖို့သာ ရှိတော့မပေါ့။ ခုတော့ ဒီဖက်က ပြည်ပကလူတွေလဲ အရှိန်မြန်လွန်းတဲ့ လူထုတိုက်ပွဲမှာ ဘယ်လို ပေါင်းစပ်ရမယ် ဆိုတာကို စီမံကိန်းမဆွဲရသေးခင်၊ (ဆွဲပြီးသားလဲ မရှိဘူး ထင်ပါ့။) မပေါင်းစပ်နိုင်ပဲ ဒါ့ထက်အဆင့်မြင့်ဖို့လဲ ပံ့ပိုးမှုမလုပ်နိုင်ခဲ့ပဲ ကြည့်နေလိုက်ရတယ် ဆိုတဲ့ အခြေအနေဖြစ်သွားခဲ့တယ်။ပြည်သူတွေကတော့ သူတို့ကိုယ်တိုင်ခံစားနေရတဲ့ ဆင်းရဲကျပ်တည်းမှုကနေ လွတ်မြောက်ဖို့ သူတို့ကိုယ်တိုင် ရုန်းကန်တိုက်ပွဲ ၀င်လိုက်တာပါပဲ။

၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ရှေ့တန်းက အနစ်နာခံ လမ်းပြနိုင်မှုတွေက နည်းလို့လား။ အဲဒီ ၈၈ မျိုးဆက်တွေကိုလည်း ပြည်ပကလူတွေနဲ့ ချိတ်ဆက်ပေးလိုက်တာ ကုန်ရောပဲ ။ဒီလူနဲ့ ဒီလူတွေဆိုတာကလည်း ၈၈ ကတည်းက အတူတူလုပ်လာခဲ့တယ်။ စစ်အာဏာရှင်တွေကို တိုက်ချင်စိတ်က တထပ်တည်း။ ဒီတော့ ဘာတွေ ဘယ်လိုပဲ တားဆီးထားထား အာဏာရှင်ကို တိုက်ရမဲ့ တိုက်ပွဲနည်းနာတွေကို စဉ်းစားတဲ့နေရာမှာ ဆင်တူုတာတွေ ထပ်တူညီတာတွေ ရှိနေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူစားတွေကို ဒီလိုနည်းတွေနဲ့ တိုက်ရတယ်ဆိုတာ နိုင်ငံရေး စိတ်မ၀င်စားတဲ့လူတွေတောင် သိနေတာပဲ။

ဒီ(၃) လအတွင်းမှာ ဖမ်းဆီးထားတာတွေကို ပြင်ပအဖွဲ့အစည်းတွေနဲ့ အတင်းချိတ်ဆက် ဇာတ်လမ်းဆင်၊ နောက် ဘာဆိုဘာမှ အကြမ်းမဖက်ပဲ မေတ္တာပို့လမ်းလျှောက်နေတာ သိရက်နဲ့ အကြမ်းဖက် ဆူပူရန်ကြံစည်မှုနဲ့ ထောင်ဒဏ် နှစ်ရှည်ကြီးတွေ ချပြီး တရားစီရင်သတဲ့။ တရားဥပဒေရဲ့ အထက်မှာ မည်သူမှမရှိစေရတဲ့။ သူတို့ပဲ ရှိနေရမှာပေါ့။ ပြီးတော့ ဥပဒေနဲ့အကြုံးမ၀င်လဲ အတင်းအမိန့်ချခိုင်း တရားသူကြီးက သူတို့ ပေးလိုက်တဲ့ စာအိတ်ကို တရားခွင်မှာ ဖွင့်ဖတ်ပြရသူပဲ၊ (ဒါကလည်း ကိုယ်တွေ့)သေနတ်တွေနဲ့ ပစ်ခတ်နေတဲ့လူတွေက သူတို့ကို ပြန်လှန် အကြမ်းဖက်ရန်ကြံစည်မှု၊ ကြိုးပမ်းမှုတွေနဲ့ ဖမ်းဆီး ထားတဲ့ သက်သေခံ လက်နက်တွေကလည်း အံ့သြလောက်ဖွယ် လောက်လေးဂွတွေ ။ ကမ္ဘာ့မီဒီယာတွေ မမြင်ဖူးလို့ တချို့ နိုင်ငံခြားသတင်းထောက်တွေဆို မျက်လုံးအပြူးသားလေးနဲ့ သေချာ ကြည့်နေတာကိုလည်း MRTV က သေချာ ရိုက်ပြလိုက်သေး။ အော် သနားစရာလေးတွေ။ လောက်လေးဂွဆိုတာ နောက်ဆုံးပေါ် ၊လူကို မထိခင်ကတည်းက သေစေနိုင်တဲ့ လက်နက် ။ မမြင်ဖူးရင်သေချာ ကြည့်ထားဆိုတဲ့ အထာနဲ့။

မီဒီယာကို မီဒီယာနဲ့ တိုက်နေတဲ့ ဦးကျော်ဆန်းတို့ တစုလည်း မေ့တတ်တာလွန်ပါလေရော။ လေလှိုင်းထဲက လူသတ်သမားဆိုပြီး စွပ်စွဲတဲ့အထဲမှာ DVB ဘာ့ကြောင့်မပါခဲ့သလဲ ဆိုတဲ့ မေးခွန်းကို မေ့ကျန်ခဲ့လို့တဲ့။ အမှန်တကယ်က နိုင်ငံခြားသားတွေ ဦးစီး ဦးဆောင် လုပ်နေတဲ့ နိုင်ငံခြား မီဒီယာတွေကိုသာ သတိပြုစရာ၊ ဂရုစိုက်စရာ လို့ သူတို့က သဘောထားတယ်ဆိုတဲ့ စတိုင်နဲ့ မြန်မာအတိုက်အခံတွေ ဦးစီးလုပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို ရှိတယ်လို့ စာရင်းထဲတောင် မထည့်ပဲ ထားပြခဲ့တာပါ။ သူတို့စိတ်ထဲမှာ မေ့ဖို့နေနေသာသာ ၊ အမှုန့်ကြိတ်ပစ်ချင်လွန်းလို့ DVB လွှင့်သမျှ လှိုင်းတွေကို အဆမတန်ဈေးပိုပေးပြီး လိုက်ဝယ်နေတာ မသိတာမှတ်လို့။

နိုင်ငံပိုင်သတင်းဌာနကြီးတဲ့၊ ပြန်ကြားရေးဌာနက ၂၀၀၇ စက်တင်ဘာလအတွင်း သေဆုံးသူဦးရေမှာ ဂမ်ဘာရီကိုပြောတော့ တမျိုး၊ ပီညဲရိုးကို ပြောတော့တမျိုး။ အဲဒါကို သတင်းထောက်က ထောက်မေးလိုက်တော့ ဟဲဟဲ… ဟိုဟာက ဒီလို ဒီဟာက ဟိုလို တဲ့…။မထင်မှတ်တဲ့ သာမန်ပြည်သူတွေ ရိုက်ယူထားတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေက ပလူပျံလို့ စစ်အုပ်စု ရဲ့ ရက်စက်အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်ခဲ့တာမို့ နိုင်ငံတကာမှာ အံ့သြမင်သက်ခဲ့ရတယ်။ တကယ်တော့ နအဖဟာ ယုတ်မာတဲ့ နေရာမှာ တော်တယ်။ အာဏာလက်ဆုပ် မဖြည်တဲ့နေရာမှာတော်တယ်။ လိမ်လည် သတင်းထုတ်ပြန်တဲ့နေရာမှာ တော်တယ်။ နောက်ဆုံး ငရဲမကြောက် နိုင်လောက်အောင် တော်ပါပေတယ်။
ကျမတို့ဘက်ကတော့ ကဗျာဆရာကိုအောင်ဝေး ပြောခဲ့သလိုပါပဲ။
ရန်_ငါ မပြတ်လို့
သံဃာအသတ်ခံရတာ… တဲ့။

သေချာ ပြန်စဉ်းစားတိုင်း မြန်မာပြည်မှာ စစ်သားလေးသိန်းဆိုတာမှာတောင် အောက်ခြေ စစ်သားတွေက အငတ်ငတ်အပြတ်ပြတ်။ ကျမတို့ ပြည်သူတွေထဲမှာ ပြည်တွင်းက စစ်အုပ်စုတွေရဲ့ စောင့်ကြည့် အကျဉ်းချ ခံထားရသူတွေမပါပဲ၊ ကလေးသူငယ် သက်ကြီးရွယ်အိုတွေမပါပဲ။ နောက်ဆုံးစကားကုန်ပြောရရင် အခု ထိုင်းမှာ လာအလုပ်လုပ်နေတဲ့ မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားတောင် နှစ်သန်းကျော်ရှိနေတာပဲ။ ဒီလူတွေနဲ့ ခုနစစ်သားလေးသိန်းကို ဖိသတ်ရင်တောင် သေနိုင်တဲ့ အခြေအနေ ရှိနေတာပဲ။ ကျမတို့ လူ့အခွင့်အရေးကို နားမလည်။ လူ့စကားနားမလည်။ ငါ့ဖို့ ငါ့အာဏာ ငါ့စည်းစိမ် ဆိုတဲ့ စိတ်မျိုးနဲ့ တိုင်းပြည်ကြီးက သယံဇာတတွေကို ကိုယ်ပိုင်ပစ္စည်းလို လက်ညှိုးထိုးရောင်းစားနေတဲ့ ဒီလို စစ်အုပ်စုတွေကို လက်ဝါးဖြန့်တောင်း ၊ မေတ္တာပို့တောင်း၊ စကားထိုင်ပြောဖို့ တောင်းနေလို့ မရတော့ဘူးထင်ပါတယ်။

ကျမတို့ သိခဲ့တဲ့ ကတ္တီပါတော်လှန်ရေးတို့ နှင်းဆီတော်လှန်ရေးတို့ နဲ့ နှိုင်းယှဉ်ပြီး ဒီစစ်အာဏာရှင်ကို အကြမ်းမဖက် လူထုနည်းနဲ့ မတောင်းပါနဲ့တော့ ။ ဒီနည်းတွေနဲ့ သေသူသေ။ ဘ၀ပျက်သူတွေပျက် ၊ မျိုးဆက်တွေ စတေးခံထားရတာလဲ ထည့်တွက်ကြပါဦး။ ပြည်သူတွေ အထိနာမှာ စိုးရိမ်လို့ သွေးထွက်သံယိုမှုတွေကို စိုးရိမ်လို့ ဆိုပေမဲ့ နောက်ဆုံးတော့ ဒီသွေးထွက်သံယို ကျဆုံးမှုတွေနဲ့ပဲ အဆုံးသတ်နေရတာပဲ မဟုတ်လား။

ခုနောက်ဆုံးဖြစ်ခဲ့တဲ့ ကျမတို့နိုင်ငံက ရွှေဝါရောင်တော်လှန်ရေးတို့ ဆိုတာက တကယ့် ဘာသာသာသနာရဲ့ ၀န်ထမ်း။ အလေးအမြတ်ပြုရာ ဘုရားသားတော်တွေက ဘာလက်နက်မှမပါ လမ်းလျှောက် မေတ္တာပို့ခဲ့တယ်။ အဲဒီလို ဘုရားသားတော်တွေ ရဲ့ မေတ္တာလက်နက်ကို ပြည်သူလူထုက လက်တွဲ အားဖြည့်ခဲ့တယ်။ ဘယ်မှာလဲ အကြမ်းဖက်မှု အရိပ်အယောင်။ ပြည်သူတွေပါခဲ့တယ် ဆိုရာမှာလဲ တကယ့်ကို ဘယ်သူတဦးတယောက်မှ တိုက်တွန်းချက်၊ မြှုဆွယ်ချက်တွေ မပါဘုး၊ ခြိမ်းခြောက်မှုတွေမပါဘူး။ ငြိမ်းချမ်းစွာ ဆိုတာကို အပြည့်အ၀ကို ငြိမ်းချမ်းစွာ လူထု ဆန္ဒပြခဲ့တာစစ်စစ်။ ကမ္ဘာပေါ်မှာ ဒီလို သာသနာ့ဝန်ထမ်း ဘာသာရေး သီးသန့် ဆန္ဒဖော်ထုတ်တာ ကျမတသက်တော့ မတွေ့ခဲ့ဘူး မကြားခဲ့ဘူးပါ။

(အကြမ်းမဖက် လူထုလှုပ်ရှားမှု) ရွှေဝါရောင်တော်လှန်ရေးကြီးမှာ ကျမတို့ အလေးအမြတ်ပြုရာ ဘုရား သားတော်တွေ အသတ်ခံရ၊ ထောင်ချခံရ၊ အနိမ့်ဆုံး ၀ါတ၀ါ ပျက်ခဲ့ရ။ ကျောင်းသားလူငယ် ထောက်ခံ အားပေးသူ ပြည်သူတွေ ဖမ်းဆီးထောင်ချ ခြိမ်းခြောက်။ တင်းကျပ် ။ နောက်ဆုံးတော့ ကျမတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုက သွေးချောင်းစီးခဲ့ရတယ်။ အသက်ပေးခဲ့ရတယ်။ အနှစ်ပြန်ချုပ်ရရင် အာဏာရှင်တွေနဲ့ တိုက်တဲ့ပွဲမှာတော့ တိုက်ပွဲ နည်းနာကို ကိုယ်ကရွေးချယ်လို့ မရတော့ဘူး။ သူရွေးချယ်ထားတဲ့ လမ်းပေါ်မှာ ကျမတို့က ပြန်လှန်တော်လှန်ရမှာပဲ။
(ဆက်ရန်)

No comments: