Monday, September 12, 2011

ဧရာဝတီကို ကျမလဲ ပိုင်တယ် ..

ဒီနေ့တော့ မှတ်မှတ်ရရ သတင်းတပုဒ်ဖတ်မိတယ်။ အလဲဗင်းနယူး မှာ တင်ထားတဲ့ လျှပ်စစ်ဌာန၀န်ကြီးဦးဇော်မင်း ပြောတဲ့ စကားတွေကို ရေးထားတဲ့ဆောင်းပါး။ ဖတ်နေရင်း အံ့သြမိသွားတယ်။ ၀န်ကြီးတယောက်အဖြစ် ဒီလိုစကားတွေ ဘာလို့ သူပြောသလဲ၊ ကျမလို သာမန်လူကတောင် မပြောရဲတဲ့ စကားတွေ၊ ငါ့လောက်ဘယ်သူမှ မသိဘူး မတတ်ဘူးဆိုတာမျိုးတွေရော လွန်လွန်ကျွံကျွံတွေ သူပြောခဲ့တယ်၊ တဖြည်းဖြည်းစဉ်းစားရင်း သူတို့ အုပ်စုတွေ တရုပ်ဆီက အကျိုးအမြတ်ငွေကြေးတွေ ယူထားမိပြီးကိုး။ ဒီတော့ဘယ်သူတွေ ဘယ်လိုတားတား၊ တားနေ ကန့်ကွက်နေသူတွေက ခါတော်မှီပေါ်ပင်လုပ်နေသူတွေ ဖြစ်ပြီး သူတို့ အာဏာရ အုပ်စုကတော့ လျှပ်စစ်တွေပိုနေလို့ တိုင်းပြည်အကျိုးအတွက် ထုတ်ရောင်းပေးနေရတဲ့ ၊ တကယ့်ကို တိုင်းပြည်ချစ်သူကြီးတွေပေါ့လေ။ သူတို့က နောက်ဆုတ်မှာ မဟုတ်တော့ဘူးဆိုတာ ကြိမ်းသေသွားပြီမို့ ကျမတို့ ဧရာဝတီကို ချစ်သူများ၊ ဧရာဝတီကို ရှင်သန်စေလိုသူများ၊ ဧရာဝတီကို ကယ်တင်ချင်သူများကလဲ ရှေ့ကို ဆက်တက်ရတော့မယ်။ ဧရာဝတီကို ကျမလဲ ပိုင်တယ် ဦးဇော်မင်း။

ဧရာဝတီကို ပြည်သူအားလုံးပိုင်ပါတယ်၊ မီးမမှန်တဲ့ လျှပ်စစ်မီးကို လာရက်မလာရက် အလှည့်ကျစောင့်နေရတဲ့ တိုင်းပြည်ထဲမှာ၊ လျှပ်စစ်စွမ်းအားသုံး ဘာစက်ရုံမှ စိတ်ချလက်ချ အင်ပြည့်အားပြည့် မတည်ဆောက်နိုင်တဲ့ တိုင်းပြည်ထဲမှာ။ အိမ်တိုင်း လျှပ်စစ်မီတာမရှိ တဲ့ တိုင်းပြည်ထဲမှာ ၊ လျှပ်စစ်ပစ္စည်းတွေ ဘာမှ စိတ်ချလက်ချမသုံးစွဲနိုင်တဲ့ တိုင်းပြည်ထဲမှာ။ ၀ပ်အားမပြည့်တဲ့ မီးလာရက်ကို စောင့်ပြီး မီးအားမြှင့်စက်နဲ့ စိတ်ရှည်လက်ရှည် စောင့်စားနေတဲ့ တိုင်းပြည်ထဲမှာ၊ မီးစက်သံတညံညံနဲ့ တတ်နိုင်သူက ဖြည့်တင်း နေရတဲ့ တိုင်းပြည်ထဲမှာ .....ပိုထွက်နေတဲ့ လျှပ်စစ်မီဂါဝပ်တွေ ရှိသတဲ့၊ ပြည်သူတွေ ပိုင်တဲ့ မီဂါဝပ်တွေ၊ ပြည်သူတွေ ပိုင်တဲ့ ကျွန်းသစ်တွေ၊ ပြည်သူတွေပိုင်တဲ့ သဘာဝ ဓါတ်ငွေ့တွေကို ဈေးပေါပေါနဲ့ ရောင်းချပြီး ကိုယ်ကျိုး ရှာနေကြတဲ့ မတရားအာဏာ ရယူထားတဲ့ စစ်ယူနီဖောင်းချွတ် စစ်သားလူထွက် အေးဓါးမြတွေ ၊ ပြည်သူတွေရဲ့ ဒဏ်ခတ်မှုကို မကြာခင်ခံရပါစေလို့ပဲ မေတ္တာမပို့နိုင်သေးတော့ ကျိန်ဆိုလိုက်ပါတယ်။

ခုချိန်မြင်နေရတဲ့ ကြားနေရတဲ့ သတင်းတွေ အရ ပြည်တွင်းမှာလဲ လှုပ်ရှားမှုတွေ ဆက်တိုက် တွေ့လာရသလို အရှိန်မြှင့်နေတာကိုလဲ နေရာဒေသမရွေးလူထုကြားမှာပါ မြင်တွေ့ကြားသိလာရပြီ။ ပြည်တွင်းလှုပ်ရှားမှုတွေ အရှိန်ကျမသွားအောင် ဆက်လက်မြှင့်တင်ထားနိုင်ဖို့နဲ့ ဆန္ဒဖေါ်ထုတ်မှုကို နည်းလမ်းပေါင်းစုံ စိတ်ကူးပြီး ကြိုးစားထားစေချင်ပါတယ်။ ပြည်တွင်းကလဲ သူတို့လုပ်နိုင်သမျှ လုပ်ကြသလို ပြည်ပက ဧရာဝတီကို ရှင်သန်စေလိုသူများကရော ဘာတွေ အားဖြည့် လုပ်ကိုင်နိုင်မလဲ ။ ကျမက ပြည်ပရောက်နေသူဆိုတော့ ပြည်ပကနေ စဉ်းစားကြည့်ချင်ပါတယ်။

အပြည့်အစုံဖတ်မယ်ဆို ခေါင်းစဉ်ကို (သို့မဟုတ်) links to this post ကို ကလစ်ပါ။

၁၊ ကျမတို့ ရောက်ရှိနေတဲ့ တိုင်းပြည်ကနေ ဧရာဝတီအတွက် မြစ်ဆုံဆည်တည်ဆောက်တာ ရပ်တန့်ပေးဖို့ လက်မှတ်ထိုး လှုပ်ရှားမှုတွေ လုပ်ကြမယ်။(တချို့ တိုင်းပြည်က လုပ်နေကြပါပြီ)
၂။ တရုပ်သံရုံးရှိတဲ့ တိုင်းပြည်တွေမှာ သံရုံးရှေ့မှာ စုနိုင်သမျှ လူနဲ့ မြစ်ဆုံဆည်တည်ဆောက်တာ ကန့်ကွက်ကြောင်းဆန္ဒပြသင့်တယ်၊ အလှည့်ကျပဲ ဖြစ်ဖြစ်၊ အမေရိကန်လို နိုင်ငံမှာ တရုပ်သံရုံး ရှိတဲ့ မြို့ကြီးတွေနဲ့ နီးတဲ့ မြို့တွေက အလှည့်ကျလူစုပြီး သွားရောက် ဆန္ဒပြသင့်တယ်။
၃။ပြည်ပရောက် နာမည်ကြီးအနုပညာရှင်များက ဧရာဝတီနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုမျိုးကို သီးသန့် လုပ်ဆောင်ပေးသင့်တယ်၊ (သီချင်း၊ ကဗျာ ၊ ပန်းချီ၊ စသဖြင့်)
၎။ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ သံရုံးနဲ့ ဝေးနေတဲ့လူတွေကလဲ တရုပ်သံရုံးကို စာပို့တဲ့ လှုပ်ရှားမှု၊ ကုလသမဂ္ဂကို စာပို့တဲ့လှုပ်ရှားမှု၊ အာစီယံ အဖွဲ့ဝင်နိုင်ငံတွေကို စာပို့တဲ့ လှုပ်ရှားမှု စသဖြင့် စိတ်ကူးရှိရာ လုပ်ဆောင်ကြမယ် ဆိုရင်...။

ပြည်တွင်းလှုပ်ရှားမှုကို ထိရောက်အောင် ပံ့ပိုးနိုင်မယ်လို့ မြင်မိပါတယ်။ ကျမ စဉ်းစားရသလောက်ပဲ ရေးထားတာပါ။ ဒီပို့စ်ကို လာရောက်ဖတ်ရှုသူတွေထဲက ဧရာဝတီကို ရှင်သန်စေလိုသူများအနေနဲ့ ပူးပေါင်းအကြံတွေဖြည့်စွက်ပေးစေချင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

အင်ကြင်းသန့် said...

"သူတို့က နောက်ဆုတ်မှာ မဟုတ်တော့ဘူးဆိုတာ ကြိမ်းသေသွားပြီမို့ ကျမတို့ ဧရာဝတီကို ချစ်သူများ၊ ဧရာဝတီကို ရှင်သန်စေလိုသူများ၊ ဧရာဝတီကို ကယ်တင်ချင်သူများကလဲ ရှေ့ကို ဆက်တက်ရတော့မယ်။ ဧရာဝတီကို ကျမလဲ ပိုင်တယ် ဦးဇော်မင်း။"

မမနဲ့ခံစားချက်ထပ်တူထပ်မျှပါ....

ဂျင်း

youX said...

I will continue to protest to the China embassy in Washington D C possibly every week and please tell and share anyone who want to join us.



Dr`MG MG Lwin

kiki said...

ဧရာဝတီ ဟာ မြန်မာပြည်ဘွားအားလုံး နဲ့ ဆိုင်ပါတယ် ။
ခုလို ပြည်တွင်း ပြည်ပ ကနေ အော်သံတွေ များလာကြတော့လည်း သူတို့တွေ နဲနဲတော့ အရှိန်လျှော့သွားကြမလား ။ ထိုးမဲ့ဆင် နောက်တလှမ်း ဆုတ်တာလား တော့ မသိပါ ။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ တိုးတက်မှု တခု ဖြစ်လာပါစေ လို့ မျှော်လင့်ပါတယ်။