Saturday, December 16, 2023

ဘလော့ပေါ်အလည်တခေါက်


ဘလော့လဲ သတိတရဝင်ကြည့်ရင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အရာတွေကို လွမ်းမိတယ်။
အချိန်တွေ ကုန်ဆုံးသွားချိန်မှာ မှတ်ဉာဏ်ထဲတောင် မသိမ်းနိုင်ခဲ့တဲ့ အမှတ်ရစရာတွေ ပြန်ဖတ်ရင်း
စာတွေလာသိမ်းဉီးမယ်လို့ စိတ်ကူးပြန်ရတယ်။ လွမ်းလိုက်တာ ဘလော့လေးရယ်။

Thursday, April 14, 2016

ခေတ်တခေတ်ရဲ့ ဖယောင်းတိုင်တွေ


အရာရာက မှောင်မိုက်လို့။
အဲ့အချိန်က ဘာအလင်းတန်းမှ မရှိ ။
ဘာအလင်းမှုန်မှ မရှိ ။
ပကတိမှောင်မိုက်နေကြတယ်။
အဲ့မှောင်မိုက်မှုထဲ
တယောက်လက်ကို တယောက်ဆွဲ
ကြိုးစားကြ ရုန်းကန်ကြ ထကြွဝီရိယ ရှိကြ။
တို့လက်တွေ ခိုင်မြဲကြ၊
တို့အသိတွေ ဆက်တွဲကြ
အမှောင်ထုကို တော်လှန်ကြ တော်လှန်ကြ၊
အသံတွေကနေ အသံတွေကို ဆက်
အတွေးတွေကနေ အတွေးတွေကိုဆက်
အသက်တွေကနေ အသက်တွေကိုဆက်
တို့အားလုံး ရုန်းကန်ခဲ့ကြတယ်။
တို့အားလုံး ဆွဲထူခုဲ့ကြတယ်။
တို့အားလုံး ကမ်းလင့်ခဲ့ကြတယ်။
အဲ့အချိန်က ပကတိ မှောင်မိုက်နေတုန်းပေါ့။
ဒီလိုနဲ့ တယောက်ပေါ် တယောက်ဆင့်
တယောက်ပုခုံးတယောက်နင်း
အဆင့်ဆင့် ဆင့်ကြရင်း
ဆင့်ကြရင်း
ဆင့်ကြရင်း
တွန်းထိုးဖြိုချသူတွေ
နှောက်ယှက်ဟန့်တားသူတွေကို
ရင်ဆိုင်ရင်း
မေ့ပြစ်လိုက်ရင်း
ငါတို့ ရှေ့ဆက်လက်တွဲ
တယောက်ကိုတယောက် အသက်ပေးရင်း
ဘဝတွေ ရင်းခဲ့ကြတယ်။
ခုတော့ မျှော်လင့်ချက် ရောင်ခြည်လား၊
နေ့သစ် အလင်းတန်းလား၊
ဝိုးတဝါး ။
ရဲဘော်တို့ ...
ချစ်စွာသော မိတ်ဆွေတို့
နောက်ကျောက ဓါးတွေ ပျံဝဲလို့၊
ခြေရင်းက ဆူးညောင့်တွေ ချွန်မြလို့၊
ရှေ့ဘက်က တံတိုင်းက မပြိုပျက်သေးဘူး။
တသက်လုံး တွဲလာတဲ့ တို့လက်တွေ အံသေ ကုန်ပြီလား။
ချစ်သူငယ်ချင်း မိတ်ဆွေ ရဲဘော် ရဲဘက်တို့။
မတရားမှုတွေကိုသာ ရှာဖွေ ဖေါ်ထုတ်ရင်း၊
တရားမျှတမှုကိုသာ ဆောင်ကျဉ်းကြပါစို့၊
မာရ်နတ်တွေ
မိစ္ဆာတွေကို မသိကျိုးကျင်ပြုကြပါစို့။
သူတို့ဟာ
တဦးပေါ်တဦးထားရမယ့် မေတ္တာတရားကို မသိဘူး။
သူတို့ဟာ
တဦးပေါ်တဦး ထားရမယ့် သစ္စာတရားကိုမသိဘူး။
သူတို့ဟာ
တဦးပေါ်တဦးထားရမယ့် မုဒိတာတရားကို မသိဘူး၊
ဒါပေမယ့်
ငါတို့က
တဦးပေါ်တဦး ထားရမယ့် ဥပေက္ခာတရားကိုလဲ သိခဲ့ပြီ။
ချစ်လှစွာသော
မိတ်ဆွေရဲဘော်တို့
အကယ်၍
မင်းအသိုင်းအဝိုင်းကတုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်
အကယ်၍
မင်းရဲ့အကြောင်း မဟုတ်တမ်းတရား မုသားစကားတွေကြားတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်။
အကယ်၍
.
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, March 8, 2016

ပန်းတပွင့်ရဲ့ ရှိုက်သံကို ကြားခဲ့ဖူးတယ်



ဒီနေ့ International Women's day ဆိုတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ လွတ်မြောက်နယ်မြေမှာတောင် တကယ်တမ်းမှာ အမျိုးသမီးတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်ခဲ့ကြတာတွေထဲက အဖြစ်အပျက်တခုကို သတိရမိတယ်။

အမျိုးသမီးလေးတယောက်ကို ယုံကြည်လောက်အောင် ပြောဆိုပြီး ကာမရယူခဲ့တဲ့ လူတယောက်ဟာ အခုတော့ အမေရိကန်နိုင်ငံမှာ မင်္ဂလာအကြီးအကျယ်ဆောင်ပြီး အခြေချနေပြီ။ ဒါပေမယ့် သူစော်ကား သွားတဲ့ မိန်းကလေးကတော့ အားနည်းသူတို့ ထုံးစံ ငြိမ်သက် ဇာတ်မြှပ်ခဲ့ရပြီပေါ့။

အဲဒီဇာတ်လမ်းဖြစ်တော့ အမျိုးသမီးအခွင့်အရေး ကြိုးစားပေးပါတယ် ကာကွယ်ပေးပါမယ် ဆိုတဲ့သူတွေကတောင် ကာမလိမ်လည်မှု မဟုတ်ဘူး အဲဒါ နှစ်ဦးသဘောတူလို့ ပြောထွက်ခဲ့တယ်။ ပြီးတော့ ကောင်မလေးက ဘယ်လိုဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဟောင်းတွေထဲက အစုတ်တွေ ထုတ်ပြောကြပြန်တယ်။

လွတ်မြောက်နယ်မြေဆိုတာ ဥပဒေကလဲ စိုးမိုးမှုလွတ်မြောက်နေတယ်ဆိုတော့ ဇာတ်လမ်းက တခန်းရပ်သွားတယ်။ အဲဒီကောင်လဲ ဘာမှအရေးပေါ် မဟုတ်ပဲ နိုင်ငံခြား ထွက်ချင်လို့ လာပြီး လေကြီးမိုးကြီးပြော ယူအန်လျှောက်ပြီး တတိယနိုင်ငံခြေချသွားလေတယ်။

ဒီလောက် အမျိုးသမီးတယောက်ကို စော်ကား သွားသူကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ၊ အမျိုးသမီးဘက်က ရပ်တည်မယ်ဆိုတဲ့လူတွေ က တက်ညီလက်ညီကာကွယ်ပေးကြတယ်။

အဲဒီအတွေ့အကြုံအရ ဘာအခွင့်အရေး ညာအခွင့်အရေး ဆိုတာတွေကို ကျမက မယုံကြည်ဘူး။ အမျိုးသမီးတွေ အမြဲ မှန်တဲ့ဆိုတဲ့ လက်သုံးစကား ဆိုရိုးတွေကလဲ ဆိုင်းဘုတ်တွေမှာပဲ ရှိတယ်။ လက်တွေ့  ဖြစ်ရပ်တွေမှာ အားနည်းသူဘက်က တကယ်ရပ်သလား မရပ်ဖူးလား ဆိုတာနဲ့ပဲ တိုင်းတာတယ်။
ဒါကြောင့် ဒီနေ့ကို ကျမက ရင်မခုန်ဘူး ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, June 26, 2015

မြင်သလို ပြောမယ်

                                            ဓါတ်ပုံ (ဒီဗွီဘီ)
တချို့တွေက ကြံဖန် ဖာထေးတတ်ကြသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လွှတ်တော်ထဲမှာ ဝင်ပြီး အဲဒီအခြေခံဥပဒေကို ပြင်မလို့တဲ့။ မဖြစ်နိုင်ပါဘူးလို့ ပြောတဲ့လူတွေကိုတော့ ဂဏန်းသွားတွေတဲ့။ ခု လက်တွေ့မှ သိရပြီဆိုတော့ အချိန်က ၃ နှစ် ကုန်ဆုံးခဲ့ရပြီ။

လွှတ်တော်ထဲက မဲကို ကြည့်ပါဦး ။ အားရစရာကြီးပါတဲ့။ အဲဒါလဲ ခွေးဝမ်းသာအောင် လေလည်ပြတဲ့ အကွက်ဆိုတာ မြင်ကြစေချင်ပါတယ်။ လွှတ်တော်ထဲက တမတ်သား တွေနဲ့ ကြံ့ဖွတ်တွေဟာ အင်မတန် အမိန့်နာခံတတ်ကြတဲ့ စစ်အုပ်စု ဆိုတာ သိထားပြီး စစ်တပ်ရဲ့ သဘောသဘောဝကို သေချာ နားလည်မယ်။ ၂၀၀၈ အခြေခံဥပဒေကို သေချာနားလည်မယ်ဆိုရင် ဒီအကွက်က အင်မတန်ရိုးစင်းပါတယ်။ မထိတထိလေးနဲ့ကြိတ်မနိုင်ခဲမရ ဖြစ်စေပြီး အနိုင်ယူပြလိုက်တာပါ။ ဒီတော့ ဘာများ အားတက်ဖွယ် ဖြစ်ပါလိမ့်။

ရန်သူက အင်မတန်ပြတ်သားပါတယ်။ ချော့လိုက် မြှောက်လိုက်နဲ့ သူတို့လမ်းကို သူတို့ ဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း တချက်မလွဲသွားနေတာပါ။

ဒီလိုပါပဲ။ ပြည်သူက ပြည်သူ့တာဝန်ကျေပါတယ်။ မဲထည့်ဆို ထည့်ပေးကြ။ လက်မှတ်ထိုးဆို ထိုးပေးကြ။ တချို့များဆို လွှတ်တော်ပြင်ပက တိုက်ပွဲတွေနဲ့ပါ အားဖြည့်ပေးခဲ့ကြတာပါ။ သို့သော်လည်း ကိုယ့်လုပ်ရပ်သာ အမှန်။ ငါတို့လျှောက်တဲ့ လွှတ်တော်တွင်းက ဥပဒေပြင်ဆင်ရေးသာ အမှန် ဆိုတဲ့ ငါတကော ကောနေကြတဲ့ နိုင်ငံရေးသမား လို့ ကိုယ့်ဘာသာ ဟန်ဆောင်နေတဲ့ လူတွေကတော့ လွှတ်တော်ထဲမှာတောင် ဒေါက်တာညိုညို သင်းလို ရပ်တည်မပြခဲ့ကြပါဘူး။ လွှတ်တော်ထဲမှာ စကားစစ်ထိုးပွဲတွေ မလုပ်နိုင်ခဲ့ကြပါဘူး။

ဒီသုံးနှစ်အတွင်းမှာ ဒီချုပ်အနေနဲ့ လွှတ်တော်ထဲ ဝင်ပြီး ပြုလုပ်မယ်လို့ ပြောခဲ့တဲ့ အချက် ၃ ချက်စလုံး (အခြေခံဥပဒေပြင်ရေး။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး) ခုချိန်ထိတော့ ဘာမှမရခဲ့ပါဘူး။ ၂၀၀၈ကို လက်မခံတဲ့ ကျမအနေနဲ့ ဆိုရင်တော့ ဒီအချက်တွေ မရနိုင်ဖူးဆိုတာ အဲဒီကတည်းက ပြောခဲ့ယုံခဲ့ပါတယ်။

Sunday, June 21, 2015

ရွှေရတုမှတ်တမ်း

အသက်ငါးဆယ် ရွှေရတု ကိုရောက်ခဲ့ပြီ။ ဘဝမှာ လုပ်ခဲ့တာတွေ အတွက်လဲ ဘယ်တော့မှ နောင်တမရသလို ရောက်နေတဲ့ဘဝမှာလဲ ရောင့်ရဲတတ်ခဲ့ပြီ။
အဖိနှိပ်ခံဘက်ကနေ ရပ်တည်နေမယ့် စိတ်ဓါတ်ကလဲ ဘယ်တော့မှ မပြောင်းလဲမယ့် ယုံကြည်ချက်။
ကိုယ်ကျင့်တရား ကို အသက်နဲ့ထပ်တူ ထိန်းသိမ်းခဲ့တာကြောင့်လဲ ဘာခြိမ်းခြောက်မှုကိုမှ ဂရုမစိုက်။
ဘာပိုင်ဆိုင်မှုမှမရှိတော့လဲ ဆုံးရှုံးဖို့ တွေးပူစရာ ဘာမှမရှိ ။ ကျမသည်ကျမသာ ဖြစ်ခဲ့ရသည့်အတွက်လဲ ကျေနပ်နေမိဆဲ။


ဒါပေမယ့်လဲ လန်းဆန်းတဲ့ နှင်းဆီဝါပေါ်က ပိုးကောင်လေးလို အိုခြင်းနာခြင်းအနိစ္စတရားတွေကတော့ ရောက်ရှိလာခဲ့လေပြီ။ သေခြင်းတရားသည် မနေ့ကထက် တရက်နီးခဲ့ပြီ။ အသက်ရှင်နေချိန် လူသားတာဝန်ကျေပွန်ခဲ့ရဲ့လား။ နိုင်ငံသားတာဝန်ကျေပွန်ခဲ့ရဲ့လား။ သမိုင်းပေးတာဝန်ကျေပွန်ခဲ့ရဲ့လား။ ဆန်းစစ်မှုတွေက တော့ ရှိနေပေဦးမည်။

သမီးတယောက်တာဝန် ၊ ဇနီးတယောက်တာဝန်၊ မိခင်တယောက်တာဝန် နိုင်သလောက်ကို ထမ်းနိုင်သမျှ ထမ်းပိုးခဲ့ရပေဦးမည်။ ဒါသည်ပင် လူဖြစ်ရခြင်း၏ သဘောသဘာဝ မဟုတ်တုံလော။
မိတ်ဆွေ.... အသင့်ထံ ကျမ ချစ်ခြင်းတွေ ပေးဝေပါသည်။ ပျော်ရွှင်ခြင်းတွေ ဝေမျှပါသည်။
ရိုးသားစွာ လက်ခံပေးပါလော့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, May 30, 2015

လွယ်အိတ်တလုံးရဲ့ ဒိုင်ယာရီ

ဒီနေ့ နယူးဇီလန်က ယူ ၂၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ နဲ့ ပတ်သက်ပြီး ပြောကြဆိုကြရာက နယူးဇီလန်ရောက် ကဗျာဆရာ စာရေးဆရာ ကိုခင်လွန်းနဲ့ စကားစမြည်ပြောဖြစ်ရာကနေ မြန်မာ နိုင်ငံအလံတွေ အကြောင်းရောက်သွားတယ်။ အဲဒီတော့မှ ကျမ ထောင်ထဲ ရောက်နေချိန် ၁၉၉၁ ခုနှစ်လောက်က ထောင်ထဲမှာ တချောင်းထိုးအပ်နဲ့ ထိုးဖြစ်ခဲ့တဲ့ လွယ်အိတ်ကလေးဆီ စိတ်က ရောက်သွားတယ်။

အဲဒီလွယ်အိတ်ကလေးကို ထိုးခဲ့ချိန်တုန်းက အရောင်စပ်တာ ဒီဇိုင်းဖေါ်တာလေးကို မျှော်လင့် စိတ်ကူးမိတဲ့အတိုင်း လွတ်လွတ်လပ်လပ် စိတ်နဲ့ လုပ်နိုင်ခဲ့တယ်။

ထောင်ဆိုတာ လူကိုသာ ဘယ်မှမသွားနိုင်အောင် ချုပ်ထားနိုင်ပေမယ့် စိတ်ကူးတွေကိုတော့ ချုပ်ထိန်းထားလို့မရတဲ့ နေရာပေါ့။ ဆိုတော့ ကွန့်မြူးချင်ရာ ကွန့်မြူးနိုင်သလို ဖြစ်ချင်ရာတွေကိုလဲ အကန့်အသတ်တွေကြားထဲက လုပ်နိုင်သလောက် လုပ်နိုင်ခဲ့တာပဲ။
အဲဒီလွယ်အိတ်ကလေးကို ဒီတခေါက် ကိုအံ့ကျော် ပုသိမ်ပြန်တော့ ကျမရဲ့ ဘီဒိုထဲကနေ ရှာဖွေတွေ့ရှိပြီး တအံ့တသြနဲ့ သယ်ချလာခဲ့တယ်။

သူ့ကို ပြောလဲ မပြဖြစ်ခဲ့တဲ့ အဲဒီလွယ်အိတ်ကလေး အကြောင်းကို သူအိမ်ကို ပြန်ရောက်လာတော့ မေးမြန်းပြီး အဓိပ္ပါယ် ဖေါ်ခိုင်းနေသေးတယ်။
ကျမ ထိုးထားတဲ့ သင်္ကေတတွေကို သူမမြင်မိလိုက်ဖူးတဲ့။

                               ကျမရဲ့ မျှော်လင့်ချက် လွယ်အိတ်ကလေး

Sunday, April 26, 2015

သံသာလေ ကမ်းတိုင်...

တကယ်တော့ ကျမတို့ ၂ယောက်က နှစ်ကာလများစွာ တယောက်နဲ့တယောက် အဆက်အသွယ် မရှိလဲ နေခဲ့ကြဖူးတယ်။ နှစ်ကာလများစွာ ဆိုတာ ဘယ်လောက်လဲလို့ မေးလာရင်တော့ ဖြေပေးပါ့မယ်။ ခြောက်နှစ်ခွဲကျော် ခုနှစ်နှစ်နီးပါးဆိုတာ ၃၆၅ ရက်နဲ့ မြှောက်လိုက်ရင်။ အဲဒါကို ၂၄ နာရီနဲ့ မြှောက်လိုက်ရင် ... အိုးးး ကိန်းဂဏန်းတွေ တော့ မြင်ရမှာ ပေါ့နော်။

တကယ်တော့ အဲဒီကိန်းဂဏန်းတွေထက် ကျမတို့ ၂ယောက်ရဲ့ ရင်ထဲက သတိရစိတ်တွေ တမ်းတစိတ်တွေကို က အဆပေါင်းများစွာ သာပါတယ်။ လုံးဝ ပြင်ပအဆက်အသွယ် မရှိခဲ့တဲ့ ကျမတို့၂ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုက ဘယ်လောက်ထိ တာသွားခဲ့တယ်။ ဘယ်လောက်ထိ ယုံကြည်စိတ်ချရတယ်။ ဘယ်လောက်ထိ အာမခံနိုင်ခဲ့တယ်ဆိုတာကတော့ အတိတ်ရဲ့ ဖြစ်ရပ်တောင်မဟုတ်ပါဘူးလေ။ နှလုံးသွေးရဲ့ သက်သေ သမိုင်းများသာ လို့ပဲ နာမည်တပ်ချင်တော့တာပါ။

Wednesday, March 25, 2015

ပြဇာတ်မဟုတ်တဲ့ ခေတ်ဇာတ်တပုဒ်

အချုပ်ကား သံတိုင်တွေကြားက
ထောင်ပြတဲ့ လက်မလေးတွေ
လက်သုံးချောင်း သင်္ကေတတွေ
လက်သီးဆုပ်တွေ နဲ့ နှုတ်ဆက် လက်ဝါးလေးတွေ
မျက်လုံးတောက်တောက်ကလေးတွေ
လက်ညှိုးချွန်ချွန်လေးတွေ။
သွားဖွေးဖွေးလေးတွေ
မြင်ရတဲ့ တခဏ
အံကြိတ် တက်ခေါက်ရင်း ... ခေတ်ကြီးထဲ ကိုယ်က လဲပြို။

ငါတို့ ဘာလုပ်နိုင်မလဲ
ငါတို့ ဘာလုပ်သင့်လဲ
ငါတို့ ဘာလုပ်ပေးရမလဲ ။
လွန်ခဲ့တဲ့ ၂၅နှစ်
၁၉၉၀ ခုနှစ်တွေကို တရိပ်ရိပ်ပြန်ရောက်သွား။
သူတို့မိဘတွေ နေရာမှာ ကိုယ်တို့မိဘတွေ မြင်ယောင်လို့။
သူတို့စိတ်တွေကို ကိုယ်တို့ ဆက်သွယ်ပေါင်းစည်းနိုင်ခဲ့တာ
အဲဒီလို ထပ်တူပြုမှုတွေကြောင့်ပေါ့။

ဘယ်သူတွေ နားလည်လည် မလည်လည်
နာကျင်ခဲ့ရသူချင်း
ပြိုလဲခဲ့ရသူချင်း
အံကြိတ်ခဲ့ရသူချင်း
လက်မ ထောင်ပြ ကြရသူချင်း
နှလုံးသွေးချင်း ဆက်စပ်ပတ်သက်
ငါတို့ နားလည်ပါတယ် ။
ငါတို့နားလည်နိုင်တယ်။

Sunday, March 8, 2015

ကျောင်းသားစိတ်ဓါတ် စစ်စစ် ဆိုတာ

                                          ဓါတ်ပုံ (ထက်မြတ်လှိုင်)
အခုချိန်ထိ ကျောင်းသားတွေက အစိုးရကို ဘေးကျပ်နံကျပ် ဖြစ်စေတယ် ဆိုပြီး အမြင်စောင်းနေတဲ့ လူတွေကလဲ ရှိသေး။ ပညာတတ်တဲ့။ ဘာပညာတွေ တတ်ခဲ့လဲ မသိပါဘူး။ သဘောတူတယ်ဆိုပြီး ကတိကဝတ်တွေ ဖေါက်ဖျက်နေတဲ့ အာဏာပိုင်ဘက်ကိုတော့ တလုံးမှ မဝေဖန်ရဲပဲနဲ့ လူပေါ်လူဇော် လုပ်ချင်နေကြတယ်။ ကျောင်းသားတွေ မှားတယ်လဲ တိုက်ရိုက်မပြောရဲတော့ တောင်းဆိုတာတွေ မှန်တယ်။ အစက ထောက်ခံပြီး ကျောင်းသားတွေက ဘေးကျပ်နံကျပ်လုပ်နေလို့ မထောက်ခံတော့သလိုလို ။ လူလည်လုပ်နေကြတာ။ အဓိကကတော့ အာဏာရှင်ကို ကြောက်နေရဆဲ။ ရုန်းမထွက်နိုင်သေးတဲ့ သူတို့ရဲ့ မူလ အငုံ့စိတ်ကြောင့် အမှန်ကို မဖွေရှာရဲတာ။ ရန် ငါ မပြတ်ကြတာ။ တဖက်က အခွင့်အရေးလေး မျှော်လင့်နေကြတာ။ သူတို့ မလုပ်နိုင်တာတွေ လုပ်နေတဲ့ ကျောင်းသားတွေကို မနာလို တိုရှည်နဲ့ ကဲ့ရဲ့ကြတာ၊ ရှုံးနိမ့်စေချင်ကြတာ။

ကျောင်းသားသမိုင်းတလျှောက် နိုင်မယ် ထင်မှ တိုက်တဲ့လူစားတွေ မဟုတ်ဘူး ဆိုတာတော့ သိစေချင်ပါတယ်။ မတရားမှု မှန်သမျှကို တော်လှန်သွားမှာ ကျောင်းသားစိတ်ဓါတ်စစ်စစ်တွေပါ။
 (လက်ပံတန်းမြို့မှာ မတ်လ ၃ ရက်နေ့ကစတင်ပြီး ထိုင်သပိတ်ဆင်နွဲနေတဲ့ ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို ဂုဏ်ပြုလျှက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ကျောင်းသားတွေကို နားလည်ပါ။

          (အုတ်ဖိုမှ မင်းလှသို့ ပင်မ စစ်ကြောင်းချီတက်စဉ်) (၁၆၊ဖေဖေါ်ဝါရီ၊၂၀၁၅)

ကျောင်းသားလေးတွေရဲ့ လှုပ်ရှားမှုကို စောနေသေးတယ် အချိန်မကျသေးဘူး ဆိုတဲ့အတွေးနဲ့ ၂၀၁၅မှာ အမေစု နိုင်ရင် ဒါတွေက လွယ်သွားမှာ ။ ဒါကြောင့် သပိတ်ကို ရပ်ဖို့ ပြောနေတဲ့ အပြောတွေအတွက် တခုလေးပဲ မေးချင်ပါတယ်။

အခု အကြမ်းဖက်မှုတွေကို ဘယ်သူက စလုပ်တာပါလဲ။ အဲဒီလူတွေကိုလဲ ကန့်ကွက်ရှုတ်ချပေးပါ။

လွှတ်တော်ထဲမှာ အဲဒီဥပဒေကို ရတဲ့နေရာက ကန့်ကွက်ဖို့ လွှတ်တော်ထဲ ရောက်နေတဲ့ ဘယ်အမတ်က ဦးဆောင် ခဲ့ပါသလဲ။

လွှတ်တော်ထဲမှာ ကန့်ကွက်မရလို့ ဆိုပြီး ၄၃၆ လိုပဲ ကန့်ကွတ်တဲ့ လွှတ်တော်ပြင်ပ လှုပ်ရှားမှုတွေကို ဘယ်ပါတီ ဘယ်အမတ်က ကလေးတွေအတွက် ဆိုပြီး ဦးဆောင် လုပ်ခဲ့ပါသလဲ။

 ဒီတော့ ဒီကျောင်းသားလေးတွေဟာ သူတို့ရှေ့မှာ ဘယ်သူမှမရှိဘူး သိခဲ့တဲ့အတွက်၊ ဥပဒေကြမ်း အတည်ပြုတာနဲ့ ဒီလှုပ်ရှားမှုကို ဆန့်ကျင်ရဖို့ တာဝန် သူတို့ဆီကျရောက်သွားတာပါ။

ဘယ်သူကမှ ဒီလောက် ပင်ပန်းဆင်းရဲ အခန့်မသင့်ရင်ထောင်ကျ အသက်ပါသေနိုင်တဲ့ အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ဘယ်ပါတီ ဘယ်အဖွဲ့ကမှ ဒါတွေ ဦးဆောင်မလုပ်ခဲ့လို့ ကိုယ့်အသိနဲ့ ကိုယ် လုပ်နေကြတာပါ။

 ဒီတော့ စောနေသေးတယ် အချိန်မကျသေးဘူး ဆိုတဲ့ လူတွေ အာမခံချက် ပေးနိုင်မလား ဆိုတာ တခုမေးချင်ပါတယ်။ ၂၀၁၅မှာ ဒေါ်စု ပါတီ တကယ်ပဲ ရာနှုန်းပြည့် နေရာပြည့် မဲနိုင် မလား၊ မူကြမ်းတင်တုန်းက ဘယ်သူတွေ အဲဒီမူကြမ်းကို ကန့်ကွက်ခဲ့ကြသလဲ ဆိုတဲ့အချက်ကိုပါ ပြန်လေ့လာလိုက်ပါ။ ပြီးမှ ရာနှုန်းပြည့်မယ်နိုင်မယ်ဆိုရင်တောင် သူတို့ မကန့်ကွက်ခဲ့တဲ့ ဥပဒေကို ပြင်ချင်ပါ့ဦးမလား ဆိုတဲ့ သံသယအတွက် ကလေးတွေကို နားလည်ပေးလိုက်ကြပါ။

(၂၀ရက်နေ့ ဇန်န၀ါရီလ ၂၀၁၅ ကနေ စတင်လမ်းလျှောက်နေကြတဲ့ မန္တလေး ရန်ကုန် ဒီမိုကရေစီပညာရေးသပိတ် ပင်မစစ်ကြောင်းအား ဂုဏ်ပြုလျှက်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, February 7, 2015

၂၀၁၅ မျိုးဆက်သစ်တို့ရဲ့ နိဒါန်း ခေတ်ဝန်ကို ထမ်း


လမ်းလျှောက်နေတဲ့ ကျောင်းသားတွေကို လမ်းလျှောက်တာ မှားတယ်။ အကြမ်းဖက် ခံရလိမ့်မယ် စသဖြင့် သနားကြင်နာတတ်ကြသူတွေ ကို တခုပဲ ပြောပြချင်ပါတယ်။ အကြမ်းဖက်မယ်ဆိုရင် အစိုးရက ဖက်မှာပါ။ လမ်းလျှောက်နေသူတွေမှာ အပ်တိုတချောင်းမပါ ပါဘူး။ ဒီတော့ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေကို သူများအကွက်ထဲ ၀င်တယ်တို့၊ သေကြေကြမှာ စိုးရိမ်တယ်တို့ဆိုရင် အကြမ်းဖက်မဖြေရှင်းဖို့ အစိုးရကို ကန့်ကွက်ပါ။ ရှုတ်ချပါ။ သူများအကွက်ထဲ ၀င်တယ်ဆိုရင် မ၀င်အောင် ဝန်းရံကြပါ။ များများ စာနာသနားလေ များများ ၀န်းရံဖို့ လိုလေပါပဲ။

သူတို့တွေဟာ ရက်ပေါင်း ၆၀ပေးပြီး ထိုင်စောင့်ခဲ့ပြီးပါပြီ။ ခုလို လမ်းလျှောက်နေတဲ့ ခြေလှမ်းတိုင်းမှာ ယုံကြည်ချက်တွေ ဆုံးဖြတ်ချက်တွေနဲ့ ပိုင်းဖြတ်ပြီးပါပြီ။ သူတို့ခြေလှမ်းတိုင်းမှာ ဂုဏ်သိက္ခာတွေ ရှိပါတယ်။ သူတို့ကို အထင်မသေးကြစေချင်ပါဘူး။ ကျမတို့ လဲ ၈၈ တုန်းက ဒီအရွယ်ပဲ လမ်းပေါ်ထွက်ခဲ့ကြတာမှာ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်ခဲ့လို့လဲ၊ ဘယ်သူတွေက အကွက်တွေ ဖန်ခဲ့လို့လဲ။ သူတို့ခေတ်တာဝန်ကို သူတို့ ထမ်းနေကြတာလို့ပဲ ကျမတော့ မြင်ပါတယ်။ သူတို့ကို လမ်းလျှောက်တာကနေ ရပ်နားခိုင်းတာဟာ လည်စင်းခံခိုင်းတာနဲ့ တူတူပါပဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက အဓိကမို့ အမျိုးသားပညာရေး ဥပဒေကို မကန့်ကွက်ရဘူးဆိုတာကိုလဲ လက်မခံပါဘူး။ အခုကလေးတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကန့်ကွက်ဖို့ လက်မှတ်ကောက်ခံခဲ့တုန်းကလဲ ရှေ့ဆုံးက ပါဝင်ခဲ့သူတွေပါ။ သူတို့နဲ့ သက်ဆိုင်တဲ့ ပညာရေးဥပဒေကျမှ နေပါဦးဆိုတာက မတရားပါဘူး။ သူတို့အလုပ် သူတို့လုပ်နေတာကို မကူညီချင်ရင်တောင် သေးသိမ်စေမယ့် စကားမျိုးတွေ မပြောစေချင်ပါဘူး။ သူတို့ မသေစေချင်ရင် သူတို့ အလှည့်မခံစေချင်ရင် သူတို့ကို ပိုမို ဝန်းရံ ကြပါ။ မျိုးဆက်သစ်တွေရဲ့ နိဒါန်းကို မျိုးဆက်ဟောင်းတွေက အားကြိုးမာန်တက် အားဖြည့်စေချင်ပါတယ်

ခုဆိုရင် ၂၀၁၅ မျိုးဆက်သစ်တွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခေတ်ဝန်ကို ထမ်းနေမှု ကို ထင်ထင်ရှားရှားမြင်နေရပါပြီ။ ဆွေးနွေးပွဲတွေဆီကို ခေါ်ဆောင်သွားမယ့် ခြေလှမ်းတွေမို့ ဆက်လျှောက်ကြပါ ကလေးတို့။ ဆက်လျှောက်ကြပါ ကျောင်းသားတို့။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်
(ဧရာဝတီတိုင်း ဗကသ၊ ၁၉၈၈)

Wednesday, December 31, 2014

နှုတ်ဆက်ရင်းနဲ့ ကြိုဆိုမည်

လက်တွဲခဲ့ရတဲ့ ၂၀၁၄ ရေ...

ချစ်ခင်ကြင်နာခြင်းများစွာနဲ့ နှုတ်ဆက်လိုက်ပါတယ်။

မင်းရင်ခွင်ထဲက ချစ်ခြင်းမေတ္တာတရားနဲ့ ကိုယ်တိုင်ခံစားနားလည်ခဲ့ရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကိုလဲ

တန်ဖိုးထား မြတ်နိုးနေပါမယ်။ဒါပေမယ့် တို့တွေ ခွဲခွာရတော့မယ်။ခွဲခွာရမယ့် အချိန်ရောက်တော့မယ်။

နှုတ်ဆက်လိုက်ပါတယ် ။

ရွှင်လန်းနှစ်သက်ဖွယ် နှစ်သစ် ၂၀၁၅ ရေ...

ပျော်ရွှင်ကြည်နူးစွာ ကြိုဆိုပါရစေ။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ မိတ်ဆွေအပေါင်းအသင်း ဖြစ်လိုပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ တွေဆုံရလိုပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ တခရီးတည်းသွားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ စကားလက်ဆုံကျချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ ဘဝကို ငြင်းခုန်စောကြော ချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ ထမင်းလက်ဆုံစားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သူတို့နဲ့သာ သံသရာအဆက်ဆက် လက်တွဲသွားချင်ပါတယ်။

ချစ်ခြင်းမေတ္တာတရားကို နားလည်ခံစားနိုင်သော နှလုံးသားကိုသာ လူသားတို့ကို ပေးသနားတော်မူပါအရှင်။

၂၀၁၄ ကို အတူကြိုဆိုစဉ်

၂၀၁၄ ကနေ ၂၀၁၅ နှစ်သစ် ကူးမယ့် အချိန်မှာတော့ ကျမနဲ့ ကျမရဲ့ပီအေ တယောက်တနေရာစီ ရှိနေမှာပါ။

နှစ်သစ်ကူးချိန်တိုင်းမှာ တူတူရှိနေကျလား လို့ မေးရင်တော့ မဟုတ်ပါဘူးလို့ပဲ ဖြေရပါမယ်။

ရှိတဲ့နှစ် ရှိလိုက် မရှိတဲ့နှစ် မရှိလိုက် ဆိုသလိုပဲ ရန်ဖြစ်ရတဲ့ နှစ်တွေတောင် ရှိခဲ့ပါတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါ ဒေါသတွေ ထိန်းသိမ်းလို့ နားလည်မှုတွေ တည်ဆောက်ကြရတဲ့အခါ

အိမ်ထောင်သက်နှစ်ကြာရှည်လာသလို တယောက်နဲ့တယောက် ခံစားနိုင်မှုချင်းက တသားတည်း ရှိလာပါတယ်။

ရှေ့ဆက်ရမယ့် ခရီးတွေမှာလဲ ပျော်ရွှင်သော နှစ်သစ်ကို ပိုင်ဆိုင်ရသလို

တဦးကိုတဦး နားလည်မှုတွေနဲ့ ချမ်းမြေ့သာယာသော ဘဝခရီးကိုလဲ ပိုင်ဆိုင်ခွင့် ပေးစေချင်ပါတယ်။

လာခဲ့ပါတော့ နှစ်သစ် ၂၀၁၅ ရှင့်။

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

Sunday, October 26, 2014

ချစ်ခြင်းဖွဲ့သီ

                    (ချင်းမိုင်တောင်ပေါ် ဘုရင်မပန်းခြံမှာ ရိုက်ကူးခဲ့သည်)

ဒီနေ့ ကော်ဖီဆိုင်က မထင်မှတ်ပဲ လူများနေတာ တွေ့ရတယ်။ ခါတိုင်းထိုင်နေကျ ညာထောင့် စားပွဲမှာလဲ လူရှိနေတယ်။ ဆိုင်ထဲ ဝေ့၀ဲကြည့်လိုက်တော့ တယောက်တည်းထိုင်နေတဲ့ စားပွဲ တခုပဲရှိနေပြီး အဲဒီစားပွဲကလဲ လေးယောက်ထိုင်ခုံနဲ့ စားပွဲဖြစ်နေတာ တွေ့တာနဲ့ ခွင့်တောင်းပြီး ၀င်ထိုင်လိုက်တယ်။

" ဟလို .. ပါပါးလား တို့အခု ကော်ဖီဆိုင်ထဲရောက်နေပြီ။ ထူးထူးဆန်းဆန်း လူများနေလို့။ ဒါပေမယ့် ထိုင်စရာနေရာတော့ ရပြီ။ကော်ဖီသောက်ရင်း ထိုင်စောင့်နေမယ်။ ခုထွက်လာတော့..။  မြန်မြန်လာနော်"
++++++++++++++++
ကော်ဖီဆိုင်မှာ ထိုင်ရင်း ဒီနေရာမှာ ယိုင်နဲ့နဲ့အကြော်ဆိုင်ရှိခဲ့တာ သတိရမိတယ်။ ကောလိပ်ကျောင်းနားဆိုတော့ လူမပြတ်တဲ့ အကြော်ဆိုင်ပေါ့။ ဒီနားက ဘုရားလေးကလဲ အရင်အတိုင်းပါပဲ။ ဒါပေမယ့် ခုတော့ ပိုပြီးတောက်ပြောင်နေတာပေါ့။ လမ်းတဖက်မှာ အရင်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင်တွေ၊ ယောက်ျားလေး မိန်းကလေး အဆောင်တွေ နေရာမှာလဲ တိုက်အိမ်တွေဖြစ်လို့။ အဲ့ဒီဟိုဘက်က လယ်ကွင်းတွေက ခုတော့ အဆင့်မြင့်အိမ်ယာ ဖြစ်နေပြီ။ ကောလိပ်ကျောင်းကလဲ ခုတော့တက္ကသိုလ်အဖြစ် အဆင့်မြှင့်လို့ ဆိုတော့ အရာရာ အသစ်ဖြစ်နေပြီ။ ကိုယ့်ကိုလဲလူတွေ မမှတ်မိ ကိုယ်သိတဲ့လူတွေလဲ တယောက်မှ မရှိတော့တဲ့ အခြေအနေပါလား။

ကိုယ်ဒီမြို့လေးကို မိဘတွေ တာဝန်ရွှေ့ပြောင်းလို့ လိုက်လာခဲ့ရပေမယ့် အဲဒီအချိန်က ဆေးကျောင်းတက်နေချိန်ဆိုတော့ ကျောင်းပိတ်ရက်လောက်ပဲ လာဖြစ်ခဲ့တာကိုး။ ရင်းရင်းနှီးနှီးပေါင်းသင်း ခဲ့သူတောင် သိပ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီမြို့လေးကို ဘယ်တော့မှမမေ့ခဲ့ဘူး။ ဘာလို့လဲ ဆို ဒီမြို့မှာပဲ ကိုယ့်နှလုံးသားက ထားခဲ့ရတာကိုး။ ခုတော့လဲ သူ ဘယ်ရောက်နေတယ် မသိတော့ပါဘူး။ စိတ်ကူးထဲမှာတော့ သူ့မျက်နှာ သူ့စကားသံက ထုံ့ပိုင်းထုံ့ပိုင်း ၀င်လာတတ်သေးတယ်။
++++++++++++++++++++++++++++++++

Tuesday, August 26, 2014

ညှို့နိုင်လွန်းတဲ့ သိင်္ဂါရရွာ

                                (ပုံကို Photo:Ak20(PatheinCity.com) ကယူပါတယ်)
အင်တာနက်အသုံးပြုပြီး ဘလော့တွေ ဖေ့ဘွတ်တွေကို တွင်တွင်ကျယ်ကျယ် သုံးဖြစ်လိမ့်မယ်လို့တခါမှ မတွေးခဲ့မိ မမျှော်လင့်ခဲ့ပဲ အသက် ၄၀ လောက်မှ စသုံးတတ်ခဲ့။ ကျင်လည်ခဲ့ရတယ်။ ကိုယ့်လိုပဲ မြန်မာပြည်ထဲက သူငယ်ချင်းတွေ လဲ အင်တာနက်ကို ကောင်းကောင်းကြီး သုံးတတ်လာတော့ အွန်လိုင်းပေါ်မှာ ပြန်တွေ့ ပြန်ဆုံ ပြန်ပွားနဲ့ အတော့်ကို အသုံးဝင်ခဲ့ပါတယ်။ တယောက်နဲ့ တယောက် ဟိုတုန်းက အကြောင်းတွေ ပြော ဖြစ်သလို မဆုံခဲ့ရတဲ့နှစ်တွေက အခက်အခဲတွေ ရင်မောစရာတွေကိုလဲ မေးဖြစ် ပြောဖြစ်ကြပေါ့။ တချို့အကြောင်းအရာ ကိုယ်မေ့တာ သူတို့ ပြော သူတို့ မေ့တာ ကိုယ်ပြောနဲ့ ငယ်ဘ၀ ပြန်ရောက်ရသလိုပဲ ။ တလောက ပြန်ပြောဖြစ်ကြတဲ့အထဲမှာ ကြွက်နီအကြောင်း ဟာသတခုကိုသတိတရ ပြောဖြစ်တယ်။ သူ့အကြောင်းဆိုတော့ သူနဲ့ တွဲဘက် ကိုသျှပ် အကြောင်းလဲ ဆက်စပ်နေတာပေါ့လေ။ ဒါပေမယ့် ခေါင်းစဉ်တပ်လို့လဲကောင်း ဖတ်ရတာလဲ ရှင်းအောင် ငှက်လို့ ဒီထဲမှာ သတ်မှတ်လိုက်ကြစို့။
ခေါင်းစဉ်တပ်ရရင် ကြွက်နဲ့ ငှက် အလွဲလို့ တပ်ပေးရမယ် ထင်ပါရဲ့။

Tuesday, July 15, 2014

Happy Birthday Thar Pai


သူ့အတွက်ကတော့ မွေးနေ့ဆိုတာ ဘာပွဲမှ ကျင်းပစရာ မလိုဘူးလို့ ခံယူထားတဲ့ ဆယ်ကျော်သက်လေးပါ။
သူမသိတတ်သေးတဲ့ တနှစ်သားမှာပဲ နာမည်ပေး ကင်ပွန်းတပ်မွေးနေ့ကို လုပ်ခဲ့ပြီးနောက်ပိုင်း တခါမှ မလုပ်ဖြစ်ခဲ့ဘူး။
အခုနှစ်လဲ ဇူလိုင် ၁၆ရက် မွေးနေ့မှာ ဘာလုပ်ချင်လဲ ဆိုတော့ စာမေးပွဲ ရှိနေတယ်။ ဘာမှလဲ မလုပ်ချင်ပါတဲ့။
တကယ်တော့ သားရေ..
မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ မွေးဖွားလာရသလို မိဘတွေရဲ့ ခေါင်းမာမှုတွေကြောင့်ပဲ သားဘ၀ မပြည့်စုံခဲ့ရတာကို တော့ အားနာမိပါတယ်လေ။
တခြားမိဘတွေလိုပဲ အကောင်းဆုံးတွေ ပေးချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့် မဖြည့်ဆည်းပေးနိုင်တဲ့ အချက်တွေအတွက်လဲ တောင်းပန်ချင်ပါတယ်။
သာမန် မိဘအနေနဲ့ ပေးနိုင်တဲ့အမွေကတော့ ပညာရေးပါပဲ။ နိုင်သလောက် တတ်သလောက် မှတ်သလောက် ယူနိုင်သလောက် ယူပေးပါဦး။
ကိုယ့်ရင်သွေးကို ပင်ပင်ပန်းပန်း ရုန်းကန်ရတာလဲ မိဘအနေနဲ့ မကြည့်ချင်ပါဘူး။ ဒါပေမယ့် ကံတွေက သတ်မှတ်လို့ မရခဲ့ဖူး မဟုတ်လား။ ကိုယ်ရောက်တဲ့ဘ၀မှာ အကောင်းဆုံးမဟုတ်တောင် သက်တောင့်သက်သာလေးတော့ ရှိစေချင်တာပေါ့ သားရေ။
ဒီမိဘရဲ့ သားအနေနဲ့ လောကကြီးကို အဆိုးမမြင်တတ်ဖို့ နဲ့ လောကကြီးအတွက် အဆိုးလူ မဖြစ်ဖို့သာ လိုအပ်ပါတယ်သားရေ။
သားကို အရမ်းကြီးတော်နေ ထက်နေသူ မဟုတ်တောင် အရမ်းဆိုးနေသူ မဖြစ်ဖို့။
အရမ်းကြီးသိတတ်သူ မဟုတ်တောင် အရမ်းကြီး မမိုက်ဖို့၊
 မိဘအနေနဲ့ တတ်နိုင်သလောက် ရှေ့ဆောင်လမ်းပြပေးဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားသွားပါ့မယ်လို့ ဂတိပေးပါတယ်။
သားပိုင်ထူးအံ့ ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့မှစလို့ ဘ၀တလျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ချစ်ခင်စွာဖြင့်
ဖေဖေ+မေမေ


Thursday, July 10, 2014

အင်တာနက်နှင့်ဖုန်းကို အသုံးပြု၍အိမ်ခြံမြေရောင်းဝယ်ခြင်း

မိတ်ဆွေ တဦးရဲ့ ကြော်ငြာလေးတခု တင်ချင်ပါတယ်။  စိတ်ဝင်စားရင် တိုက်ရိုက် ဆက်သွယ်ကြည့်ကြပါနော်။

မြန်မာပြည်အိမ်ခြံမြေဈေးကွက်ဟာယခုဆိုရင်စိတ်ဝင်စားသူအများအပြားရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၊ အိမ်အရောင်းအဝယ်ပုံမှန်ပြုလုပ်သူများအစရှိသဖြင့် ဈေးကွက်ဟာတစ်နေ့တစ်ခြားကြီးထွားလာခဲ့ပါပြီ။ 

ဆီဒိုးနားဘေးမှာရှိတဲ့ HAGL project ဟာဆိုရင်ရန်ကုန်မြို့အပေါ်အမြင်လုံးဝပြောင်းသွားစေမဲ့ hotel,condo, shopping center ပေါင်းချုပ်အဆင့်မြင့် project ဖြစ်ပါတယ်။ 
ဈေးကွက်ကြီးထွားလာတာနှင့်အမျှ  အိမ်ခြံမြေ ဈေးနှုန်းများဟာလည်း အလွန်မြင့်မားလာပါပြီ။ အထူးသဖြင့် ရန်ကုန်မြို့မှာဆိုရင် မြို့နယ်ဒေသအလိုက်ဈေးနှုန်းများအလွန်ကွာခြားပြီးအချို့နေရာများဆိုလျှင် မြန်မာငွေကျပ်
သိန်းသောင်းနှင့်ချီရှိပါတယ်။ များပြားရှုပ်ထွေးသော ဈေးနှုန်းအပြောင်းအလဲများနှင့် နေရာဒေသ ကွဲပြားမှုများကို အပြည့်အဝသိရှိနိုင်ရန် complete databaseရှိပြီးနှင့်သော ဝက်ဆိုက်နှင့်ဖုန်းapp ကို မှီငြမ်းရှာဖွေမယ်ဆိုလျှင် လွန်စွာ အထောက်အကူ ဖြစ်နိုင်ပါတယ်။

 House ဟာဆိုရင် ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအများဆုံးတင်ထားသောဝက်ဆိုက်ဖြစ်ပါတယ်။ ၎င်းဝက်ဆိုက်ဟာဆိုလို့ရှိရင် မိမိလိုချင်သော အိမ်အရွယ်အစား၊ နေရာ၊ ဈေးနှုန်း အစရှိသော  အချက်အလက်များကို ရိုက်ထည့်ရုံဖြင့် ကိုက်ညီသော အိမ်ခြံမြေများကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဖုန်းappပေါ်မှာလည်း၎င်းနည်းတူရှာဖွေနိုင်မှာဖြစ်ပါတယ်။   

(ဖတ်ရှုပေးခြင်းကို အထူးကျေးဇူးတင်ပါတယ်။ သိလိုတာတွေကို  လင့်လေးတွေ ကလစ်ပြီး လေ့လာနိုင်ပါတယ်။)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, May 29, 2014

မနေ့ကလို


မနေ့ကလို

ဟောဒီမှာ
 ကိုးပေပတ်လည်လား
ဆယ်ပေပတ်လည်လား
ငါမမှန်းတတ်တဲ့ အလုံပိတ်ခန်းထဲ
ရှေ့တံခါးပေါက်ကြီးသော့ပိတ်ခတ်ထား
နောက်က တပေပတ်လည် ပြတင်းပေါက်သေး
အပြင်က သော့ခတ်လို့။
မှောင်လိုက်တာ ပိန်းလို့
ကိုယ့်လက်တောင် ကိုယ်မမြင်ရ
ကိုယ့်ထမင်းကို ကိုယ့်ပါးစပ်ဆီသယ်မရ။
နေ့လား ညလား
မှန်းဆလို့လဲမရ
တိတ်ဆိတ် ငြိမ်သက်
တဒိတ်ဒိတ်
တဒိတ်ဒိတ်
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြား
ဒီလောက်ကျယ်သလား
လူတယောက်ရဲ့ နှလုံးခုန်သံ
ဒီလောက်ကျယ်သလား။

Saturday, April 26, 2014

တဆယ့်ရှစ်ခုမြောက် ပြက္ခဒိန်


တကယ်တော့..... ကိုယ်တို့၂ယောက် ဆိုတာ ဘ၀တခုကို တူတူ တည်ဆောက်ဖို့ ခြေလှမ်းတွေ စုံညီလှမ်းခဲ့ကြပြီး တွဲလက်တွေ မြဲခဲ့ကြသူတွေ....။

တကယ်တော့..... လူချင်းဘယ်လောက်ဝေးဝေး စိတ်ချင်းဆက်သွယ်နေကြမယ်လို့ ကတိပေးမထားကြပေမယ့် အဲလိုပဲ နေထိုင်ပြုမူခဲ့ကြတယ်ဆိုတာ ၁၈ နှစ်တာ ကာလအတွင်း ယုံကြည်ထားခဲ့ကြသူတွေ....။

တကယ်တော့.... မင်းရဲ့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေ၊ ကိုယ့်ရဲ့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေက ၂ယောက်စလုံးရဲ့ နှောင်ဖွဲ့မှုကို ပိုမိုခိုင်မြဲစေခဲ့ကြသူတွေ...။

တကယ်တော့ ..... သေတပန် သက်တဆုံးတို့ ရိုးမြေကျတို့ ဆိုတဲ့ စကားလုံးတွေထက် ပိုပြီးသက်ရောက်မှု ရှိတဲ့ စကားလုံးတွေကို ၁၈ နှစ်ပြည့်တဲ့အထိ ရှာဖွေနေကြဆဲသူတွေ....။

တကယ်တော့.. မင်းနဲ့ ကိုယ်ဟာ( ၂ယောက်တွဲ ပြက္ခဒိန်သစ် ၁၈ ခုမြောက်ခဲ့တဲ့) ၁၈ နှစ် ပတ်လည်ထိ ပိုချစ်ရသူ ကိုယ်ပဲဖြစ်ချင်နေကြသူတွေ....။

(၂၇ ဧပြီလ ၁၉၉၆ ခုနှစ်မှသည်  ၂၇ ဧပြီ ၂၀၁၄ ခုနှစ် ထိ အမှတ်တရ )
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, March 17, 2014

သူနဲ့ကျမ


မနက် အိပ်ယာထချိန်...

သားကိုကျောင်းလိုက်ပို့ရတာ သူ့တာဝန်ဆိုတော့ ကျမက မနက်စားဖို့စီစဉ်ပေးပြီးရင် သူတို့သားအဖ ၂ယောက်ကို တက်နှိုးရတယ်။ သားက နှိုးပြီးလို့ အောက်ထပ်ဆင်းသူလုပ်စရာ ရှိတာ လုပ်ပြီး စားသောက်ပြီးလို့ အပေါ်ထပ်ပြန်တက် ကျောင်းဝတ်စုံလဲခါနီး တခါ ထပ်မနှိုးမိရင် သူ့ဘာသာ ဘယ်တော့မှမထပဲ နှပ်နေတတ်သေးတာ။  ဟာ ခုန နှိုးထားတာ ခုထိမထသေးဘူးလား !@#$%^&*

တခါတလေကျပြန်တော့ မနက်စောစော ထပြီး ရေဒီယိုကို ကွိစိကွစတွေ ကလိနေတတ်သလို တီဗီက သတင်းတွေ ကြည့်နေပြန်ရော။ ဘဲလ်ပေးထားတာ မမြည်ခင်သူ့ အသံတွေကြောင့် ကိုယ်က နိုးရတော့ စိတ်က သိပ်မကြည်ပဲ ပွစိပွစိ မနက်ခင်း  !@#$%^&*

ကျောင်းပို့ပြီး နံနက်ခင်းစာ စားချိန်...
ကျမ... ဘာစားမလဲဟေ.
သူ...... မင်းစားချင်တာစားပေါ့.
ကျမ.... ဘယ်ဆိုင်သွားမလဲဟေ..
သူ... မင်းသွားချင်တဲ့ဆိုင်သွားလေ...
ကျမ... မုန့်ဟင်းခါးဆိုင်သွားမလား လဘက်ရည်ဆိုင်သွားရမလား ကူစဉ်းစားပေးဦး။
သူ... မင်းဘာစားချင်တာလဲ အဲဒီဆိုင်သွားမယ်။
ကျမ... ဟာ စဉ်းစားပေးပါဆိုတာ ငါ့ကိုပဲ စဉ်းစားခိုင်းတယ်။ ငါချည်းပဲ စဉ်းစားနေရတာ။ သူကတော့ တခါမှ ကူမစဉ်းစားဘူး..!@#$%^&*

ဟင်းချက်ဖို့ ဈေးဝယ်ချိန်..
ကျမ....ဘာချက်ရင်ကောင်းမလဲ ။
သူ... မင်းစားချင်တာ ချက်လေ...
ကျမ... နင်ဘာစားချင်လဲ...
သူ.... မင်းချက်တာပဲ စားမယ်..
ကျမ... အေးလေ ဘာချက်ရမလဲ စဉ်းစားပေးဦး။
သူ.. လွယ်တာပဲ ချက်ဟာ..
ကျမ.. အေးလေ ဘာလွယ်တာ ချက်ရမယ် မသိလို့ပေါ့။
သူ.... အေးလေ ဒါဆိုလဲ ချက်မနေနဲ့..
ကျမ.. မချက် ဘာနဲ့ စားမလဲ။
သူ.. ၀ယ်စားလိုက်တာပေါ့။
ကျမ... ဘာဝယ်စားမလဲ။
သူ... မင်းစားချင်တာ ၀ယ်ပေးမယ်။။
ကျမ...... ဘာစားရမလဲ မသိဘူး။
သူ.. စဉ်းစားကြည့်ပေါ့။ စားချင်တာ ၀ယ်ပေးမယ်။
ကျမ...ကိုယ့်ဘာသာပဲ ချက်တော့မယ်။
သူ... ပြော သွားဝယ်ပေးမယ်။ ဘာဝယ်ပေးရမလဲ။
ကျမ...ဟာ ငါချည်းပဲ စဉ်းစားရတယ်။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

ညနေစားပြီးချိန်..
ကျမ ... ကဲ အလုပ်တော့ ပြီးပြီ။ ဘာလုပ်ရပါ့။
သူ...... လမ်းလျှောက်မလား..ဘယ်သွားမလဲ။
ကျမ... အေး ဘယ်သွားရပါ့။
သူ... မင်းသွားချင်တဲ့နေရာသွားပေါ့။
ကျမ..... အေးလေ အဲဒါ ဘယ်သွားရမလဲ စဉ်းစားပေးဦး။
သူ.. ... စားစရာ သွားဝယ်မလား။
ကျမ... မနက်က ၀ယ်ထားပြီးပြီလေ။
သူ.. ဒါဆို မုန့်သွားစားကြမလား။
ကျမ ... ညဘက်ကြီး မစားချင်တော့ပါဘူး။
သူ .. ဒါဆို ဘာလုပ်မလဲ။ ဘယ်သွားမလဲ ပြော။။
ကျမ... ဟင် ငါချည်း စဉ်းစားရတယ် ။ နင်တော့ တခါမှမစဉ်းစားဘူး !@#$%^&*

(ကျမပီအေ ရဲ့ ၄၈နှစ်ပြည့် မွေးနေ့ အမှတ်တရ )
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, March 10, 2014

ရောက်တတ်ရာရာ

                                              အတွေးတွေက မိုးတိမ်ပမာ
                                         လေနှင်ရာ ဝေ့၀ဲ ရောက်တတ်ရာရာ
မနက်က ကုလားဆိုင်ကနေ အမဲသား ကီလိုဝက် ၀ယ်တယ်။ အမဲသားကို ကိုယ်တိုင်က မကြိုက်ပေမယ့် သားက ကြိုက်တော့ သူစားဖို့ ချက်ဦးမယ်ဆိုပြီး ၀ယ်တာပါ။ အသားကို မရွေးတတ်တော့ ကောင်းတာလေးပဲ ထည့်ပေးပါဆိုပြီး ပြောလိုက်တာ အိမ်မှာ ချက်တော့ ခဏလေးနဲ့ နူးသလို အသားက အတော်ကောင်းတယ်။ သန့်နေတာပဲ။
တချိန်တည်းပဲ ငါးဖယ် ငါးဆုပ် ၀ယ်တယ် ဗမာဆိုင်ကပါ။ ခါတိုင်း ၀ယ်နေကျ ဆိုင်ကို မသွားဖြစ်တော့ပဲ လမ်းဘေးမှာ ဗန်းလေးချ ငါးဖယ်တွေကို လှီး နေတဲ့ ကိုယ့် မြန်မာနိုင်ငံသားကိုပဲ အားပေးပါတော့မယ်ဆိုပြီး ၀ယ်လာခဲ့တာ။ အိမ်ရောက်တော့ ငါးဖယ်ကို ထောင်းဖို့ ဆုံထဲ ထည့် တချက်ထောင်းလိုက်ကတည်းက ငါးဖယ်ခြစ် မဟုတ်ဘူးလို့ သိလိုက်တယ်။ ဘယ်လိုမှ မစေးဘူး။ ဘာငါးနဲ့ အင်ရိုက်လိုက်သလဲတောင် မသိတော့ပါဘူး။ စိတ်ထဲ အတော်ဒေါသထွက်လိုက်သေးတယ်။ ဒါပေမယ့် ဒီတခါပဲ ရမှာပေါ့။ ဘာလို့ တနပ်စားပဲ လုပ်ချင်ရလဲ လို့ တွေးရင်း ကြီးပွားရေး စီးပွားရေးတွေမှာ မသမာတဲ့နည်းသုံးတာ။ စေတနာ မသန့်တာတွေဟာ အင်မတန် အရေးကြီးတယ်လို့ တွေးမိတယ်။ ငါးဖယ်ငါးဆုပ်ကီလိုဝက်ဘိုးဟာ ကျမအတွက် ဘာမှ မဖြစ်ပေမယ့် သူ့အတွက် အသုံဝင်ချင်လဲ ၀င်သွားနိုင်မှာပါလို့ စိတ်လျှော့ပေးလိုက်တယ်။ ဘာသာ လူမျိုးက အရေးမကြီးဘူး စိတ် ထားကသာ အရေးအကြီးဆုံးပါပဲ။ (ငယ်တုန်းကဆို နင်ဘာလို့ အတုလုပ်ရောင်းလဲ လို့ ချက်ချင်းပြန်သွားပြောပစ်မှာ)

အဲလို တွေးမိတော့ တချိန်က မှတ်ထားတာလေးတွေ အစီအရီ သတိရလာတယ်။

ဖြစ်စဉ် (တစ်)