Saturday, September 6, 2008

ဘ၀ဒိုင်ယာရီ အမှတ် နှစ် အခန်း(၄)

အခန်း(၄)

တကယ်ကျတော့ အဲဒီနေ့က တိုက်ထဲမှာပဲ နေရတယ်။ နောက်နေ့တွေလဲ တိုက်ထဲမှာ ပဲ ဆက်နေရပြန်တယ်။ ဒါနဲ့ ဒါဟာ ဘာ့ကြောင့်လဲ ဆိုတာကို တွေးမိတော့မှ ကျမ ထောင်ထဲ ရောက်တဲ့ ၂ လအတွင်းမှာ ထောင်ပိုင်ကြီးနဲ့ တခါပြဿနာ တက်တာကို သွားသတိရမိတယ်။
ဖြစ်ပုံက ဒီလိုပါ…..

ကျမထောင်ထဲရောက်ပြီး တလလောက်ကြာတော့ ထောင်ဝါဒါမတွေတင်မကတော့ဘူး ထောင်ရဲ့ ရေပေါ်ဆီလူတန်းစားတွေက ကျမရဲ့ အဆောင်ရှေ့မှာ စတည်းချနေတော့တယ်။ သူတို့ပြောတဲ့ သတင်းပလင်းတွေ နားထောင်၊ နောက် သူတို့ထဲက တယောက်က တချောင်းထိုး ထိုးနေတာတွေ့တယ်။ ကျမက တချောင်းထိုး၊ နှစ်ချောင်းထိုး မှာ ဆရာ တဆူဆိုတော့ ( ကြုံကြွားလေးပါ) ကဲ ဘာထိုးချင်သလဲ လာပေါ့။ အိမ်ကို နမူနာတွေ လှမ်းမှာ၊ တချို့အလွတ်ရသေးတာတွေ ထိုးပြပေါ့။ သူတို့က အပွင့်လှလှတွေကို သိပ်စိတ်မ၀င်စားဘူး။ စာတန်းထည့်တာ နာမည်ထည့်တာလေးတွေပဲ စိတ်ဝင်စားတော့ လွယ်မှလွယ်ကိုး။ အဓိက တန်းစီးနဲ့ ပေးထားကမ်းထားတဲ့ လူတွေပဲ တချောင်းထိုးအပ် ကိုင်ခွင့်ရတာ ဆိုတော့ ကျမနားမှာ ဒီလူတွေ ပဲ ၀ိုင်းလာတာပေါ့။ ကိုယ်ကလဲ အပျင်းပြေတယ်ဆိုပြီး အာရိုက် လေပေါ ဆရာလုပ်ပေါ့။ ကြားထဲ နိုင်ငံရေးတရားကလဲဟောသေး။ ဒီအဆောင်ထဲက သီးသန့်တွေကို ကူညီချင်လာအောင် စည်းရုံးပေါ့။ အထဲက သူငယ်ချင်းတွေနဲ့လဲ ဆက်သွယ်လို့ရပေါ့လေ။

တနေ့တော့ ထောင်ထဲမှာ ကလေးမွေးတယ် ကြားလိုက်တယ်။ ကျမက အဆောင်ပေါ်က လူတွေနဲ့ မသိပေမယ့် နာမည်တွေ နဲ့ ဘာဆိုတာ ဒီမှာ နေ့တိုင်းကြားနေရတော့ တော်တော်ရင်းနှီးနေပြီ။ ထောင်ထုံးစံကတော့ ကလေးမွေးရင် မီးနေသည်အတွက် သပ်သပ်ပေးတယ်။ မီးနေသည် ဟာ နေ့တိုင်း နွားနို့ တခွက်၊ အမဲသား တတုံးရတယ်။ သူ့အတွက် ထမင်းကလည်း ဆေးရုံထမင်းဆိုတော့ နည်းနည်း ကောင်းတာပေါ့။ သာမန်ထောင်ပုံစံထမင်းလာချိန်ပြီးမှ သူ့အတွက်ဆေးရုံက ထမင်းဟင်းနွားနို့လာပို့တယ်။ လာပို့တိုင်း ကျမအခန်းရှေ့က ခုံမှာပဲ လှယ်ယူကြတယ်။ လက်ခံတယ်။ ဒီတော့ နေ့တိုင်း နွားနို့နဲ့ အမဲသားကို တန်းစီးက ယူနေတာ တွေ့နေရတယ်။ မီးနေသည်ကို မပေးပဲ တန်းစီးက ဖြတ်ယူနေတာကို ၀ါဒါမတွေကလည်း ဘာမှမပြောဘူး။ သိသမျှ လူတွေကလည်း တန်းစီးကို မပြောရဲသူတွေ။ ဒီတော့ ထုံးစံအတိုင်း မတရားတာကို လုံးဝ မခံတတ်တဲ့ ဥာဉ်က ဒီနေရာမှာ ထိပ်တိုက်လာတွေ့တာပဲ။

တန်းစီးဆိုတာ ကျမအခန်းကို ညဖက် အဖော်ရအောင် သူ့ကိုငွေပေးထားတဲ့ ချဲမှုနဲ့ကျတဲ့ကောင်မလေးနဲ့ သူ ၂ ယောက် လာအိပ်မယ် ဆိုပြီး မိန်းမထောင်က ထောင်မှုးကို ခွင့်တောင်းပြီး လာအိပ်ပေးနေသူ။ တကယ်က ကျမ ခေါ်တာမဟုတ်ပါဘူး။ သူတို့က ကျမအနေနဲ့ အခန်းထဲမှာ ဘာမှ လုပ်လို့မရအောာင် လာနေတာ ပဲ ဖြစ်မှာပါ။ ဒါမှ မဟုတ်လဲ ထောင်မှုးတယောက်က ကျမ ကို စေတနာ ထားလိုက်တာလဲ ဖြစ်မယ်။

ဒီတော့ နေ့တိုင်း အနီးကပ်တွေ့နေတဲ့ တယောက်ကို ကျမ ဘယ်လိုပြောရမလဲ။ ဒီလိုပြောလိုက်ရင် သိရက်နဲ့ မပြောတဲ့လူတွေ အကုန်ထိမယ်။ မပြောပဲ နေရင်လဲ ကျမပါ သိရက်နဲ့ အလိုတူအလိုပါ ဖြစ်မယ်။ ဒီအကြောင်းပြောဖို့ ဘယ်သူ့ကို တိုင်ပင်ရမယ်မသိဘူးကလဲ ဖြစ်နေသေးတယ်။ နောက်ပိုင်း စဉ်းစားမိတာက ဘာပဲဖြစ်ဖြစ်ပြောလိုက်မယ်လို့ ၊ မီးနေသည် တယောက်အနေနဲ့ သူရသင့်တဲ့ ကိုယ်တာကို သူစားကို စားခွင့်ရရမယ်။ ဒီ့အတွက် ငါဘာပဲ ဖြစ်ဖြစ်ပြောမယ် လို့ ပြင်ဆင်လိုက်တယ်။ ဒီကြားထဲမှာ တန်းစီးက သူယူစားတာကို ကျမ မပြောရဲအောင် ထောင်ပိုင်နဲ့ ဘယ်လိုပိုင်ကြောင်း၊ ထောင်မှုးနဲ့ဘယ်လိုပိုင်ကြောင်း ကျမကို နေ့တိုင်း ပြောနေတယ်။

ဒီလိုနေ့ တနင်္လာ နေ့ တမနက်ကို ရောက်လာတယ်။ တန်းစီးလဲ ကျမအခန်းက ပြင်ဆင်ထွက်သွားပြီး တန်းစီနေပြီပေါ့။ ကျမကလဲ ဘယ်သူလာမလဲ ဆိုတာ မသိပဲ စောင့်နေတာပေါ့။ ဘယ်သူလာလာ ပြောမယ်လို့ စိတ်ကို ဆုံးဖြတ်ပြီး စောင့်နေလိုက်တယ်။

ကံဆိုးချင်သလား ကံကောင်းချင်သလား မသိဘူး။ အဲဒီနေ့က ညွှန်မှုးပါလာတယ်။ ကျမ အခန်းရှေ့မှာ ရောက်တော့ အဆင်ပြေရဲ့လားလို့ မေးနေတဲ့ ညွှန်မှုးကို ကျမကတော့ အဆင်ပြေပါတယ် ဘဘရယ် ။ ဒါပေမယ့် ဆိုလိုက်တာနဲ့ မိန်းမ ထောင်မှုးက မျက်နှာပျက်သွားတယ်။ ကျမကလဲ မသိချင်ယောင်ဆောင်ပြီး ကလေးမွေးတဲ့ မီးနေသည်တယောက် သူ့ရဲ ကိုယ်တာကို မစားရပဲ အဲဒီကိုတာကို တန်းစီးဒေါ်ကြည်အောင်က နေ့တိုင်းယူပြီး စားလိုက်ကြောင်းနဲ့ သူယူချိန်တွေမှာ ၀ါဒမ ဘယ်သူ ဘယ်သူတွေ သိပါတယ် ရှိနေပါတယ် ဆိုတာ အမြန်ဆုံးနည်းနဲ့ မရပ်မနားပြောချလိုက်တယ်။ ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တခုခု လုပ်ပေးပါလို့ ပြောလိုက်တယ်။

ကျမ ပြောနေချိန်မှာ ထောင်ပိုင်ကြီးမျက်နှာက ဒေါသထွက်နေပုံရပြီး တချို့ ထောင်မှုးတွေမျက်နှာက ပြောရဲလိုက်တာ ဆိုတဲ့ မျက်နှာပေးမျိုး ရှိနေတာကို တွေ့ရတယ်။ ထုံးစံအတိုင်း ကျမကတော့ ဘာမှမသိတဲ့ ဗလာ မျက်နှာပေး သုံးပေးထားလိုက်တယ်လေ။ စိတ်ထဲမှာတော့ မှတ်ပြီလားပေါ့။

ညွှန်မှုးက ကျမစကားဆုံးတော့ ဒါ့ကြောင့်လဲ နင် ထောင်ထဲ ရောက်လာတာတဲ့။ ဒီစကားမှတ်ချက်ထားပြီး ထွက်သွားပါလေရော။
သူတို့တွေလဲ လေးတံခါးရဲ့ ဟိုဘက်ခြမ်းရောက်သွားရော ကျမလဲ ပြင်ဆင်ထားလိုက်တာပေါ့ ၊ တန်းစီးနဲ့ ထိပ်တိုက်တွေ့ရတော့မယ်လေ။ မိန်းမထောင်မှုးက တန်းစီးမှ တန်းစီးဆိုတော့ ပြန်ပြောမှာ စိတ်ချပြီးသား။ ဒါပေမယ့် တော်တော်ကြာထိ ရောက်မလာဘူး။ ကျမလဲ အခန်းထဲမှာ လှဲနေတာပဲပေါ့။ သိပ်မကြာခင်မှာ ထမင်းပုံး လာပို့သံကြားတယ်။ လူတွေ ထမင်းတန်းစီနေချိန်မှာ ခါတိုင်းလိုပဲ ကျမအတွက် ထမင်းကို တန်းစီက ခံပေးဖို့ ဇလုံလာယူတယ်။ ထမင်းဇလုံလာပေးပြီး ကျမအခန်းဝကနေ ငါ မီးနေသည်ရဲ့ နွားနို့ ယူသောက်တယ်လို့ တိုင်တယ် ကြားတယ် တဲ့။ ကျမကလည်း ဟုတ်တယ် ကျမတိုင်လိုက်တာလေ လို့ ခပ်တည်တည်ပဲ သူ့ကိုစေ့စေ့ကြည့်ပြီး ပြောလိုက်တယ်။ သူ မျှော်လင့်ထားပုံက ကျမကငြင်းလိမ့်မယ်။ အဲဒီအခါကျ သူက ပြောတဲ့သူ ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ကျမကို ရှေ့တည့်တည့်ထားပြီး ဗျင်းမယ်ပေါ့။ ဒါပေမယ့် ကျမက တည့်တည့် ပြောလိုက်တဲ့အခါ သူ့မျက်နှာပျက်သွားပုံများကတော့ မျက်စေ့ထဲ ခုထိမြင်ယောင်နေပါတယ်။ ဘာမှကို စကားမပြောနိုင်တော့ပဲ ထွက်သွားလိုက်တာ အဲဒီညက စပြီးသူလဲ ကျမအခန်း လာမအိပ်တော့ဘူး။ ကောင်းတာပေါ့။ ကျမလဲ သူတို့ လာအိပ်နေတာ စိတ်ကျဉ်းကျပ် နေတယ်လေ။

သူတို့ မရှိတဲ့နေ့က စပြီး ညဖက်တွေမှာ အဆောင်ထဲကို စာတွေရေးလို့ရတယ်။ ကျမ အဖြစ်အပျက်ကို တောင် စာရေးပြီး နောက်နေ့ အမှိုက်ကောက်ထွက်တဲ့ အထဲက ခါလာကြီးလို့ ကျမတို့ခေါ်တဲ့ အဖွားကြီးနဲ့ ပေးလိုက်သေးတယ်။ ကျမအတွက်တော့ အဆိုးထဲက အကောင်းပဲခေါ်မလား မသိပါဘူး။ ပြီးတော့ ကျမက သရဲတို့ ဘာညာဆိုတာ လုံးဝ မယုံကြည်သူ။ ဘုရားရှိခိုး ပြီး သမ္ဗုဒ္ဓေ ရွတ်အိပ်လိုက်ရင်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီးသား ဖြစ်သွားသူ ဆိုတော့ ဘာပဲ ဖြစ်လာလာ ကောင်းတာပဲပေါ့။ ထောင်ဝါဒါမတွေလဲ ကျမရှေ့မှာ ထောင်ဝင်စာ ရှာဖွေရင်း နှိုက်တဲ့အခါ အရင်လို အတင်းအကျပ် နှိုက်တာ မတွေ့ရတော့ဘူး။ ဟဲ့ ဒါ လေး ငါ့ကို နည်းနည်းကျွေး ဆိုတဲ့ လေသံမျိုးတွေ ပြောလာတယ်။ အဆောင်ပေါ်က ဘော်ဒါတွေကလည်း တန်းစီးက သူတို့ကိုပါ တင်းနေတယ်။ စကားမပြောဘူးလို့ စာပြန်တယ်။ ကျမကိုလည်း အဲဒီနေ့ကစပြီး မခေါ်ဘူးလေ။

ထောင်ထဲမှာတော့ အဲဒီလိုပါပဲ။ ထောင်ကျအချင်းချင်း ပြန်နှိပ်စက်ခိုင်းထားတာ များပါတယ်။ ၀ါဒါမတွေက ထမင်းစားခါနီးရင် သူတို့ပန်းကန်ထဲကို ဟင်းထည့်ပေးဖို့ အခန်းတွေက တန်းစီး ဒါမှမဟုတ် သူတို့ စိတ်ကြိုက်သူတို့ကို ပြုစုဖို့ ရွေးထားတဲ့ အကျဉ်းသူတယောက်ကို ထမင်းစားဝိုင်းတွေ လှည့်ခိုင်းတာပဲ။ ကောင်းတဲ့ ၀ိုင်းက ဟင်း သူ့ထမင်း ပန်းကန်ထဲ ထည့်ပေးရတယ်။ သူတို့လဲ ထောင်ကျနေသူတွေလိုပဲ ထောင်ထမင်း စားတယ်။ နောက် အကျဉ်းသူတွေရဲ့ ထောင်ဝင်စာ စားတယ်။ ထောင်ကျနေသူတွေနဲ့ ခြားနားတာက အပြင်ကို အချိန်ပိုင်းအလိုက် ထွက်လို့ရတယ်။ ဒီလောက်ပါပဲ။

သူတို့ကို သူတို့ရဲ့ ဘ၀အဲဒီလိုပဲ လို့ ကျမက စကားပြောရင်း စီစစ်ပြလိုက်တော့ ငိုင်သွားကြတယ်။ ထောင်အုတ်ရိုးထဲမှာ နေရင်း သူတို့ အသားအရေတွေက ခပ်ခြောက်ခြောက်ဖြစ်နေတာ၊ နောက် သူများပစ္စည်းအလကား လိုချင်နေတာ။ သူတို့ စကားပြောရိုင်းနေတာတွေကို သေချာ ထောက်ပြလိုက်တဲ့အခါ အပြင်က လူတွေနဲ့ သူတို့ ကွာခြားချက်ကို သတိပြုမိသွားတော့တယ်။

ကျမတို့ ရှိနေစဉ်မှာ ထောင်တွင်းကို ထမင်းဖြူခိုးသွင်းမှုတွေ တခြားသူ တိုင်လို့ ပြဿနာ တွေဖြစ်သေးတယ်။ တကယ်လဲ ထမင်းအဖြူ ခိုးရောင်းတာ လူတိုင်းသိနေတာပဲ။ စစ်ဆေးရေး လုပ်မယ်ဆိုတော့ ဟိုဘက်ဒီဘက်သက်သေတွေ ထည့်ကြတော့ ကျမတို့ သီးသန့်တွေကို ထည့်ခွင့်မပေးဘူး လုပ်သေးတယ်။ ကျမတို့က ကျမတို့လဲ ဖြေမယ် အတင်းပြောတော့ ကျမကို မထည့်ဘူး သိလား။ နောက် သဘောထားပျော့ပြောင်းတဲ့ အမ တယောက်ကို ဖြေခွင့်ပေးတယ်။ ဒါပေမယ့် အဲဒီအမကလည်း သူဘယ်လိုမြင်တယ် ဆိုတာ ခပ်တည်တည်ပဲ ဖြေခဲ့လို့ တဖွဲ့လုံးကို စကားမပြောတဲ့ အထိလဲဖြစ်ဖူးတယ်။ ဒါကလည်း မဆန်းပါဘူး။ ဒီလူနဲ့ဒီလူ မိန်းမထောင်ကျဉ်းကျဉ်းလေးထဲ နေ့တိုင်းတွေ့နေတော့ ကျမတို့က မခေါ်လဲ နေနိုင်ပေမယ့် သူတို့ကတော့ တလ ဆိုတာ အရမ်းကြာတယ်ထင်နေပြီး လာစ ခေါ်ကြတာပဲ။ သူတို့လာခေါ်တော့လဲ စကားပြောလိုက်တာပါပဲ။ ကျမတို့က သူတို့ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းရွက်ချိန်မှာ မတရား ဖိနှိပ်တာ တာဝန်ထက်မကတဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ် နှိပ်စက်တာမျိုးတွေကို မလုပ်သင့်တာ လို့ နားလည်စေချင်တာမို့ ထောက်ပြရတာပဲမဟုတ်လား။
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, September 4, 2008

လက်ရှိကိုယ့်ရဲ့ ဆန္ဒများ

ဘလော့လောကထဲမှာ ကောက်ရတဲ့မောင်တွေ ညီမတွေနဲ့ ပျော်ရွှင်ရတဲ့ အထဲမှာ ဒီလို တက်ဂိမ်း ယဉ်ကျေးမှုကလဲ ရင်းနှီးချစ်ခင်ဖွယ် မဟုတ်လား။ ဒီတော့လဲ ကိုယ့်ကို ပြန်လည် တာဝန်ပေးတော့လဲ တာဝန်ကျေရမှာပေါ့လေ။ ကိုဂျူလိုင်ရေ... ရေးလိုက်ပြီနော်...

ကိုယ့်ရဲ့နာမည် - ခင်မင်းဇော်
ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - ကေကျု့၊ သည်းလေး၊ တရုပ်မ
ကိုယ်ဒီမှာနေတယ် - Home Sweet Home
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - မေးလ်ပို့ဆက်သွယ်လိုက် ၊ ပို့ပေးမယ်

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အဖြူရောင်။
အ၀တ်အစားဆိုရင် - ချည်သားစစ်စစ်
အစားအစာဆိုရင် - အသုပ်စုံ၊ ဘာပဲ သုပ်သုပ် ကြိုက်တယ်။
ပစ္စည်းဆိုရင် - အကောင်းဆုံး တံဆိပ်နဲ့သာ
သီချင်းဆိုရင် - ချိုပြုံးသီချင်းတွေ
စာရေးစာဆရာ - အများကြီးပဲ။
စာအုပ် - ဖတ်လို့ကောင်းတာ အကုန်ဖတ်တာပဲ။
Life style – တက်ကြွလှုပ်ရှား။

ကိုယ့်ရဲ့ဝါသနာ - ရှော့ပင်ထွက်ခြင်း(စိတ်ညစ်နေရင်တောင် စိတ်ပျော်သွားစေတယ်)
အလိုချင်ဆုံးလက်ဆောင် - ဆန်းပြားတဲ့ အီလက်ထရောနစ် ပစ္စည်းလေးတွေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ရဲ့ တဦးတည်းသော သား
ကိုယ့်ရဲ့ အလေးစားဆုံးသူက - မရှိသေး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - ကိုယ့်ခင်ပွန်း
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကိုယ်ကိုယ်တိုင်
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကပ်ဖားရပ်ဖားများ
ရင်အခုန်ဆုံးအချိန် - ဟိဟိ
အကြောက်ဆုံးအချိန် - ကိုယ်ယုံကြည်သူက သစ္စာဖောက်မှာ
အပျော်ဆုံးအချိန် - မရှိသေး
အမှတ်တရနေ့ - သားကိုမွေးတဲ့နေ့
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - လိုတရ ရပါလို၏

အချစ်ဆိုတာ - ချစ်တာတခုတည်း
အမုန်းဆိုတာ - ပြန်ကို မကြည့်ချင်တော့တာ
အလွမ်းဆိုတာ - သတိရတာထက် ပိုတဲ့အရာ
သံယောဇဉ်ဆိုတာ - အချစ်မဖြစ်သေးခင်
ဘ၀ဆိုတာ - လှုပ်ရှား ရုန်းကန်ရာ
သူငယ်ချင်းဆိုတာ- ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်၊ အားပေးဖော်အားပေးဖက်
ချစ်သူဆိုတာ - အေးအတူပူအမျှ

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - နောက်ကျောကို ဒါးနဲ့မထိုးတတ်သူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

အပြောချင်ဆုံးစကားတစ်ခွန်း - ကိုယ်မလုပ်နိုင်တာ မပြောနဲ့။

ထုံးစံအတိုင်း ကိုယ်ကလဲ ဆက် tag ဖို့ ရှိနေပါတယ်ကွယ်။
ကိုယ်ဆက်တက်ချင်တဲ့ ဘလော်ဂါများကတော့...
ကိုဂျူလိုင်လိုပဲ ဘလော့လောကထဲက ကောက်ရထားတဲ့ ချစ်ညီမများတူမလေးများ ဖြစ်တဲ့

ချစ်တဲ့ ...
ကေသွယ်
ဂျစ်တူး
ပန်ဒိုရာ
စိုးဝှက်
ခွန်မြလှိုင် ...
တို့နဲ့တကွ ဘလော်ဂါ လက်သစ်ပေမယ့် အားပေးသူ များနေသော ချစ်တဲ့
ညီမချိုသင်း တို့ကို လက်ဆင့်ကမ်း ပေးလိုက်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်..........။
(ရေးပေးကြနော်။ခြောက်ယောက်ကြီးများတောင် တက် ထားတာ ...)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, September 2, 2008

Myanmar Blogger Society ဆိုတာ..


ဘလော်ဂါ ဆိုဆိုက်တီး ဆိုတာ ဒီလိုလူတွေ က ဦးဆောင်နေတာလား

ကျမအနေနဲ့ ဘလော့ရေးနေပြီး ဘလော့မိတ်ဆွေတွေနဲ့ ခင်ခင်မင်မင် ဆက်ဆံတတ်တဲ့အတွက် MBS ကိုဝင်ဖို့ သူတို့ဖိတ်တဲ့ ဖိတ်စာ အစောင် တော်တော်များများဝင်လာတယ်။ နောက် ဘလော်ဂါ ကိုအောင်သာငယ်က ပို့စ်တင်လိုက်တယ် ။ သူလဲ ၀င်လိုက်တယ် ဘာညာပေါ့။ ဒါနဲ့ငါလဲ ၀င်လိုက်ပါဦးမယ်။ ဘလော်ဂါချည်းပဲ ဆိုတော့ စုစုစည်းစည်းရှိတာပေါ့ ဆိုတဲ့ အတွေးနဲ့ပေါ့။ ၀င်ပြီး သိပ်မကြာဘူး။ MBS ဆိုတာမှာ ဘလော့ရေးသူပဲ ရှိရမယ်တို့ ဘလော့ဖတ်သူလဲ ပါရမယ်တို့နဲ့ စကားတွေ များကြ။ ဘန်းတာတွေ ဘာတွေ ဖြစ်လာကြ။ ဒီမှာ တော်တော်စိတ်ကုန်လာတယ်။ တချို့ကိုဘာလို့ဘန်းပါလိမ့်ပေါ့။ အဲလိုခံစားလာရတယ်။ ဖတ်နေရင်းနဲ့ တချို့ နေရာတွေမှာ ကိုယ်ပါ ငြင်းခုန်ချင်လာတယ်။ ဒါပေမယ့် ကိုယ်က ပွဲဆူအောင် လုပ်တာမျိုး၊ ကိုယ့်အချင်းချင်း စကားများတာမျိုးဖြစ်မှာ စိုးလို့ ဆင်ခြင်ခဲ့တယ်။ ဒါနဲ့ ထွက်တော့မယ် လုပ်တော့ ထွက်တဲ့ leave button မတွေ့တော့ဘူး။ မယ်လိုဒီမောင်ကိုလဲ မေးတယ်။ မရှိတော့ ဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲပေါ့။ ပင့်ဂိုလ်းကိုလဲမေးတယ်။ သူတို့က အန်တီ မထွက်ပါနဲ့ပေါ့။ ဘာလို့ထွက်ရတာလဲပေါ့။ အင်း အစကတော့ ဘလော်ဂါချည်းပဲ ဆိုလို့ဝင်လိုက်တာ။ နောက်ပိုင်း စိတ်ရှုပ်လာလို့ လို့ ဖြေလိုက်တယ်။

ဒီကြားထဲ ဘလော်ဂါတယောက်က သူထွက်လိုက်ပြီလို့ မေးလ်ပို့လာတယ်။ ထွက်တဲ့ဘော်တွန်လေး ရှိနေတုန်း သွားထွက်ထာလိုက်ပါလား ဆိုတဲ့ မေးလ်ကို သူပို့ပြီး နာရီပိုင်းအတွင်း ၀င်ကြည့်ပေမယ့် ထွက်တာက ကိုယ့်စာမျက်နှာမှာကို မရှိဘူး ဖြစ်နေတယ်။ ကိုယ်ကလဲ မအားတာနဲ့ နေဦးပေါ့။


ဒီလိုနဲ့… ဒီနေ့ပေါ့…
အလုပ်လဲမအား၊ ကိုယ့်ဘလော့လဲ ပို့စ်မတင်နိုင်၊ ဘလော့လဲ မလည်နိုင်တဲ့ ရက်ကလေးကို လွန်လိုက်တာနဲ့ ချက်တင်မှာ ပင့်ဂိုလ်းနဲ့ တွေ့တယ်။ အန်တီ ထွက်ချင်တယ် ထွက်တဲ့ ဟာလေး ရှိနေပြီလားလို့မေးတယ်။ သူက ဘန်းပေးလို့ရတယ် တဲ့။ အန်တီ ဘန်းတာ မလိုချင်ဘူးလို့၊ ဘန်းတယ် ဆိုတာ အပြစ်တခုခု လုပ်လို့ ဘန်းတာ၊ အန်တီက ကိုယ့်ဖာသာ ထွက်ချင်တာမို့ အဲဒီဘော်တွန်လေးတော့ ပြန်တပ်ပေးပါလို့ ပြောပေးပါ ဆိုပြီး ပြောလိုက်တယ်။ သူကလဲ အိုကေပါရှင်လို့ ပြန်ပြောသွားတယ်။ အဲဒီအချိန်က ထိုင်းစံတော်ချိန် ညနေ ၅နာရီ ၃၃ မိနစ်။

ဒါနဲ့ နေလိုက်ရင်း နောက်တယောက်နဲ့ချက်ဖြစ်တော့ သူ့သူငယ်ချင်း က ခုပဲထွက်လိုက်တာတဲ့ ။ ရှိပါတယ်တဲ့ သေချာရှာပါဆိုပြီး သူ့သူငယ်ချင်းက ပြောတာ လာပြောလို့လော့အင်လုပ်ပြီးဝင်လိုက်တော့ ဘန်းထားတာကိုတွေ့တယ်။ ပင့်ဂိုးလ်ကို ကြည့်လိုက်တော့ ရှိနေသေးတာနဲ့ အန်တီ့ကိုဘန်းထားပါလား။ အန်တီ က ကိုယ့်ဖာသာထွက်ချင်တာ ဘန်းတာ မကြိုက်ဘူးလို့ ပြောထားတယ်လေ ဆိုတော့ ကိုစိုးမင်း ဘန်းလိုက်တာတဲ့။ ကိုစိုးမင်းဆိုတာ ဘလော်ဂါလားဆိုတာ့ ဟုတ်တယ်တဲ့။ ဒါဆို သူ့ဘလော့လင့်ပေးပါ ဆိုတော့ လိပ်စာ မေ့နေတယ်တဲ့။ အန်တီ့ကို ဘန်းတာတော့ မတရားဘူးလို့တောင် ပြောဖြစ်လိုက်တယ်။ ချက်တင်က အချိန်ကိုကြည့်လိုက်တော့ ၆ နာရီ ၁၈ မိနစ်။

ကဲ ဒါနဲ့ ခုန ဘန်းခံထားရတဲ့နေရာမှာ မက်ဆေ့ခ်ျ ပေးလို့ရတယ်ဆိုတာနဲ့ ဘာလို့ဘန်းတာလဲ။ ကျမက ကိုယ့်ဖာသာပဲထွက်ချင်တာ လို့ ရေးပြီး ပို့လိုက်တယ်။
နောက် ကျမအီးမေလ်ထဲကို စိုးမင်းဆိုသူပို့လိုက်တဲ့ မေးလ်တစောင် ၀င်လာတာက
ခင်ဗျား ဝင်မှာလား ထွက်မှာလား။ တစ်ခွန်းပဲပြော။ ထွက်မယ်ဆိုရင် လော့ခ် အင်လုပ်မကြည့်နဲ့တော့။

တော်တော်အံ့သြသွားတယ်။ အဖွဲ့အစည်းတခုကို ဒီလိုလူမျိုးက ဦးဆောင်မတဲ့လား။ ဘယ်လိုမှ စဉ်းစားမရတော့ဘူး။ ဒါနဲ့ ဒီမေးလ်ကို ထွက်ချင်တယ်လို့ ပြောခဲ့ဘူးတဲ့ ဘလော်ဂါတွေကို ပို့ပေးလိုက်တယ်။ ဒီလို ဆက်ဆံတယ်ဆိုတာ ပြောမယုံ ကြုံဖူးမှ သိမယ်လို့။

ဒီလို နက်ဝပ်တခုကို ဒီလိုလူတွေက ဦးဆောင်တည်ဆောက်မှာလား၊ ခုလိုဆက်ဆံတတ်သူတွေကို ဘယ်လောက် ယုံကြည်ရမလဲ။ အဲဒီ Leave Button ဆိုတာ ပြန်ထည့် မရဘူးဆိုတာ ဟုတ်သလား။ သိပ်သိချင်တဲ့ မေးခွန်းပါပဲ။
ဖြေနိုင်သူတွေ ဖြေပေးကြပါရှင်။

(ချစ်ခင်စွာဖြင့်)
ခင်မင်းဇော်

ဘ၀ဒိုင်ယာရီ အမှတ် နှစ် အခန်း(၃)

အခန်း(၃)

ပုံစံ )))))))………
တော်တော်ကျယ်တဲ့ အော်သံကြောင့် လန့်တောင်သွားတယ်။
အဆောင်တခုလုံးလဲ တိတ်ဆိတ်သွားတာပဲ။
ဘာတင်ပြစရာ ရှိသေးလဲ .. မရှိပါဘူး ဆိုတဲ့ အသံ တွေ ကြားရပြီး ကျမအဆောင်ဖက်ကို လမ်းလျှောက်လာသံတွေ ကြားရတယ်။
ကျမလဲ ထိုင်နေရင်း အပေါက်ဝကို ကြည့်လိုက်တော့ အပွင့်တွေ အများကြီးပါတဲ့ ထောင်အရာရှိတွေ အများကြီး အုံနေတာပဲ။ ကျမ အခန်းတံခါးဝမှာ ရပ်ပြီး ဘာလိုလဲ အဆင်ပြေလား မေးနေတဲ့ တယောက်ကို ညွှန်မှုးလို့ ခေါ်သံကြားတယ်။ ကိုယ်ကလဲ ဘာမှ မသိသေးတော့ ခုတော့ ဘာမှ မလိုသေးဘူးလို့ ပြောလိုက်တယ်။

ခုလို တန်းစီပြီး လာစစ်တာ တနင်္လာနေ့တိုင်း ဖြစ်တယ်။ နောက် လာစစ်တဲ့ အထဲမှာ ပါတဲ့ ထောင်ဆရာဝန်က ကျမတို့ အိမ်ရှေ့အိမ်က ၊ ကျမကလေးဘ၀ကတည်းက ကျမကို ချီပိုး ထိန်းလာသူ။ ကျမနာမည်ကို နောက်က လေးတလုံး ထည့်ပြီးခေါ်နေကျ ဆိုတော့ ထောင်ထဲက တိုက်ခန်းထဲမှာ သူ ကျမကိုတွေ့လိုက်ရတော့ မျက်နှာ မကောင်းဘူး။ ညွှန်မှုးကို မိတ်ဆက်ပေးနေသေးတယ် ကျမအကြောင်း ... ငယ်ကတည်းက ဘယ်လိုစွာတယ် ဆိုတာကို။ ညွှန်မှုးကလည်း ရယ်လို့ မောလို့ ။ ထောင်ပိုင်ကလည်း သေချာကြည့်နေလို့။ တကယ်က ထောင်ပိုင်ကြီးရဲ့ သားနဲ့ သမီးက ကျမနဲ့သိတယ်။ သူတို့ ကျမဆိုင်မှာ လာဝယ်နေကျ။ သူ့အဖေဖြစ်တဲ့ ထောင်ပိုင်ကတော့ မသိဘူးပေါ့လေ။ ဒီလို လူတွေအများကြီးက ကိုယ့်ကို ပွဲတော်လို လာကြည့်တော့ ခပ်ရွတ်ရွတ် စိတ်က မပျောက်ချင်ဘူး။ ပုံစံလုံးဝ မထိုင်ပဲနေလိုက်တာ။ တကယ်လဲ ဘယ်လိုထိုင်ရမယ် မသိပါဘူး။ မေးလဲ မမေးဘူး။ သူတို့ကလည်း မသင်ရဲဘူးထင်တယ်။

သူများတွေ ထောင်ထဲ ၀င်လာရင် ထောင်ပုံစံတင်ရတယ်။ နာမည် နေရပ်၊သူတို့ မေးတဲ့ မေးခွန်းကို အတိုဆုံးဖြေရတာမျိုးပေါ့။ လက်ပိုက် ခေါင်းငုံဖြေရတယ်။ သူများတွေ ပုံစံတင်တာကို နောက်ပိုင်းမှ မြင်ဖူးတာပါ။ တချို့တွေများ ဒီလောက်လွယ်တဲ့ မေးခွန်းကို မဖြေတတ်လို့ တအုန်းအုန်း အရိုက်ခံနေရတယ်။ ကိုယ့်ကိုဖမ်းတဲ့ပုဒ်မ ကိုလဲ မသိ ။ တချို့တွေ အဲလောက် နုံတယ် ဆိုတာ အဲဒီတော့မှ သိလိုက်ရတယ်။ ရိုက်လိုက်တာများ ကျောကုန်းကို အဆုတ်ကွာမှာတောင် စိုးရတယ်။ ကျမကတော့ အဲဒီတုန်းက တိုက်ထဲ တန်းဝင်လိုက်ရတော့ ဘာမှ မတင်ရပါဘူး။

လက်လဲ မပိုက် ၊ ကျုံ့ကျုံ့လဲ မထိုင်တဲ့ ကျမကို ထောင်ပိုင်တွေ ပြန်သွားတော့ တန်းစီးက လာပြောတယ်။ ဘာလို့ ထောင်ပုံစံ မထိုင်တာလဲ တဲ့။ ဘယ်လိုထိုင်ရမယ် သိတောင် မသိဘူး လို့ ပြောလိုက်တယ်။ တကယ်က ထိုင်ကို မထိုင်ချင်ပါဘူး။ နောက်ပိုင်းလဲ ကျမတို့ တန်းစီချိန် တနင်္လာ နေ့ကလွဲလို့ ကြားချိန်တွေ ထောင်ပိုင်လာရင် လုံးဝ ပုံစံမထိုင်ဘူး။ တန်းစီးကလည်း ကျမ ဘယ်လိုလူလဲ ဆိုတာ သွေးတိုးစမ်းချင်သလိုလို။ တခါတလေ စကားလာပြောရင် ခပ်ကြောကြော ခြိမ်းခြောက်ချင်သလိုလို။ လူသတ်လာတဲ့ မိန်းမဆိုတော့ နည်းနည်းတော့ သတိထားရတယ်။ မတော် ကိုယ့်ကိုလည်ပင်းလာညှစ်သွားလို့ ဆိုပြီး ခဏခဏတွေးမိတယ်။

သူကတော့ မိန်းမထောင်တန်းစီးဆိုတော့ ဘာမှမလုပ်ရတဲ့ အကောင်ပေါ့။ သူအော်လိုက်ရင် အားလုံး ငြိမ်ပဲ။ ရေချိုးဖို့ ဆင်းတဲ့အခါ သူငယ်ချင်းတွေကို ကြည့်ချင်ရင် ၀ါဒါမတွေ ကျမအခန်းမှာ လာသိမ်းထားတဲ့ မှန်ကို ထောင်ကြည့်တယ်။ ကျမလက်ကလေးနဲ့ မှန်ထွက်လာတာကို မြင်ရင် သူတို့တွေက လက်ပြကြတယ်။ အင်း ကျမကလဲ မှန်ကလေးကို ယမ်းပြတာပေါ့။ ကျမကို ရေချိုးထုတ်ရင် သူတို့က အဆောင်ထဲက တခါ ချောင်းကြပြန်တယ်။ ဒီရက်ပိုင်းကတော့ ဒီလိုပဲ တွေ့ကြရတာပဲ။

ထောင်ဝင်စာလဲ တွေ့လို့မရသေးတော့ အိမ်က ပါဆယ် ရောက်လာတယ်။ အ၀တ်အစားတွေလဲ ပါလာတယ်။ ရုံးမထုတ်သေးဘူး။ အမှုစီရင်ချက်မချသေးဘူး။ ထောင်ဝင်စာလဲ တွေ့ခွင့်မရသေးဘူး။ ဒါလိုစည်းကမ်းကလဲ ထောင်နဲ့ မဆိုင်ပြန်ဘူး။ ထောက်လှမ်းရေးက တွေ့ခွင့်ပေးမှ တွေ့ရတာတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေကို ထောင်က လက်ခံထားရုံပဲတဲ့။ သူတို့ တွေ့ဆိုတွေ့၊ ထုတ်ဆို ထုတ်ပေါ့။ ထောက်လှမ်းရေးရဲ့ သြဇာကလဲ မသေးဘူး။

ကျမကို တိုက်ခန်းမှာပဲ ထားပြီး ရေချိုးဆင်းချိန်တခုပဲ ထုတ်တော့ ကြားဖူးနားဝနဲ့ လမ်းလျှောက် ထုတ်ပေးဖို့ ထောင်ပိုင်ကြီး လာချိန်တောင်းလိုက်တယ်။ တနေ့ ၁ နာရီပေးလိုက်တဲ့။ တနေ့တနာရီ တံခါးဖွင့်ပေးပြီး အဲဒီအချိန် ရေချိုး လမ်းလျှောက်ပေါ့။
ကိုယ် လမ်းလျှောက်ရတဲ့အချိန်ကို အပေါ်ဆောင်ကလူတွေ အောက်ကို ဆင်းခွင့်မပေးပြန်ဘူး။ ကျမ တနာရီ တံခါးဖွင့်ပေးချိန် သူတို့ကို တနာရီ တံခါးပိတ်ထားချိန်ပေါ့။ အော် ငါ တနာရီလောက်လေး အပြင်မှာ နေဖို့ သူတို့ အားလုံးက အဆောင်ပေါ်မှာပဲ နေရပါလားပေါ့။ စိတ်မကောင်းဘူး။ ဒါကလဲ မိန်းမဆောင်က ၀ါဒါတွေက ကျမနဲ့ ကျမလူတွေ တွေ့မှာ စကားပြောမှာ စိုးလို့ပေါ့။ ဒါပေမယ့် ထောင်ဆိုတာ လူတန်းစားပေါင်းစုံတယ်လေ။ ထောင်ထဲမှာ ပိုက်ဆံပေးနေတဲ့ စီးပွားရေး သမားတွေ၊ ချဲဒိုင်တွေ လဲ ရှိနေတာပဲ။ သူတို့တွေက ၀ါဒါတွေ တန်းစီးတွေနဲ့ ပိုင်တော့ ကျမတံခါးပိတ်ထားချိန်မှာ ကျမအခန်းရှေ့မှာ ထိုင်နေတဲ့ ၀ါဒါမဆီ လာသလိုလို ၊ တခါတလေ တန်းစီးကို ပဲ လာရှာသလိုလိုနဲ့ ကျမကို စကားလာပြောကြတယ်။

ထောင်ထဲရောက်ပြီး ၂ ပတ်ကျော်ကြာမှာ ရုံးစထုတ်တယ်။ ရုံးထုတ် တော့ အိမ်က မိဘတွေ မိသားစုကို တွေ့ရတော့မယ်ဆိုပြီး တော်တော် ပျော်တယ်။ ကိုယ်က ဘာမှ မဖြစ်ပေမယ့် သူတို့တွေ့ စိတ်ပူနေမှာပဲ လို့ တွေးမိလို့ပါ။

ရုံးထုတ်တော့ ထောက်လှမ်းရေးမှာ တူတူအဖမ်းခံခဲ့ရတဲ့ သူငယ်ချင်းကိုလဲ ရုံးထုတ်တာ တွေ့တယ်။ ဒါဆို ကျမတို့ ရုံးထုတ်ရက်တူတော့မယ် ပေါ့။ သူနဲ့ အမှုတွဲချင်း မတူပေမယ့် အပြင်မှာ တုန်းက တော်တော်လေး ပူးတွဲလှုပ်ရှားခဲ့ဘူးတဲ့ လူတွေ ဆိုတော့ ရုံးထုတ်တဲ့ အခါ မပျင်းတော့ဘူး။ တရားသူကြီးတွေ မရောက်သေးခင်၊ ဒါမှ မဟုတ် စကားပြောခွင့် ပြုထားချိန်တွေမှာ ထောက်လှမ်းရေးတုန်းက အကြောင်းတွေ ပြောပြီး ရယ်ဖြစ်ကြတယ်။ ကျမတို့ မိသားစုတွေကလည်း အရင်ကတည်းက ခင်နေသူတွေဆိုတော့ ဟင်းတွေကို သူ့အိမ်က ကျမအတွက် ပိုလုပ်လာပေးတတ်သလို ကျမအိမ်ကလည်း သူ့ဖို ပိုလုပ်လာ ဆိုတော့ ပေါမှပေါ များမှများပဲ။ သူတို့က ကျမတို့အိမ်ထက် ပိုချမ်းသာ သူတွေ ဆိုတော့ မုန့်တွေလဲ အလျှံပယ် ။ ကျမ ရုံးထုတ်ပြန်သွားရင် လက်နှစ်ဖက်နဲ့ မနိုင်ဘူး ဆွဲရတာ။ ကျမကို လာကြိုတဲ့ ၀ါဒါမက အမြဲ ကူဆွဲပေးရတယ်။

အဲလို ထောင်ဝင်စာ များရင်လဲ ထောင်ထဲမှာ မျက်နှာပွင့်တယ်။ သူတို့ကို ကျွေးစေချင်မှာပေါ့။ သာမန် အကျဉ်းသူတွေကိုတော့ သူတို့က နှိုက်ယူထားတတ်တယ်။ ကျမတို့လို သီးသန့် အကျဉ်းသူ( ထောင်ထဲမှာ နိုင်ငံရေးသမားတွေကို သီးသန့်လို့ ခေါ်တယ်) တွေဆီကတော့ နှိုက်မယူရဲဘူး။ သိပ်စားချင်ရင် တောင်းစားတယ်။ ကိုယ်ကလည်း သူတို့ဆို မပေးချင်ဘူး။ အဆောင်ပေါ်က ကိုယ့်သူငယ်ချင်းတွေကို ခုန စီးပွားရေးသမားတွေနဲ့ ခိုးပို့ပေးလိုက်တယ်။

ထောင်ထဲ ၀င်ခါစဆိုတော့ အိမ်တွေကလည်း ဟင်းကို ခံအောင် မချက်တတ်သေးဘူး။ နည်းနည်း အစိုတွေ ပါလာတယ်။ ဒီတော့အဆောင်ပေါ်က သူငယ်ချင်းတွေဆီကို အရောက်ပို့ပေးလိုက်တယ်။ သူတို့တွေဆီကလည်း နေ့လည် ဇီးသီးနဲ့ငံပြာရည် ငရုတ်သီး လုပ်စားတာကိုတောင် ရောက်အောင်ပို့ပေးသေးတယ်။ သူတို့ အုပ်ထဲမှာ တခါမှ မဆုံဘူးတဲ့ တခြားမြို့က လူတွေလဲ ပါတယ်ဆိုတာ သိရတော့ လူတွေကို မြင်ဖူးချင်နေပြီ။

ရုံးထုတ်စစ်တဲ့အခါ တရားသူကြီးက ထောက်လှမ်းရေးက စစ်ချက်တွေကို ဖတ်တယ်။ ကျမတို့ကလည်း ဒီစစ်ချက်တွေ တရားမ၀င်ဘူး။ ကျမတို့ကို အမှောင်ခန်းထဲ ဒီလောက်ရက်အကြာကြီးထားစစ်တယ်။ နောက် လက်မှတ်မထိုးရင် ဒီမှာပဲ နေရမယ် ဆိုလို့ ထိုးတယ် ။ ကိုယ့်စစ်ချက်ကို ကိုယ်မဖတ်ရဘူး စသဖြင့် ငြင်းချက်ပေါင်းစုံနဲ့ ငြင်းတယ်။ ကျမတို့ဖက်က အလကားလိုက်ပေးတဲ့ ရှေ့နေကလည်း အကျိုးအကြောင်းနဲ့ ငြင်းတယ်။ သက်သေတွေ ခေါ်မယ်ဆိုတော့ ထောင်ထဲ ရောက်နှင့်ပြီးသားတွေကို ပြန်ခေါ်ပြန်ရော။ ထောင်ကျပြီးသား အုပ်စုကတော့ ရုံးထုတ်ဆိုတော့ပျော်တာပေါ့။ ထောင်ဝင်စာလို မဟုတ်ပဲ ကိုယ့်မိသားစုနဲ့ နီးနီးကပ်ကပ် တွေ့ရမယ်။ အလယ်က နားထောင်သူ မရှိပဲ စကားပြောရမယ်။ ကဲ ဒီတော့လဲ ကိုယ့်ဘော်ဒါတွေကို အကုန်သက်သေထည့်လို့ ရုံးထွက်စေတာပေါ့။

တရားရုံးဆိုတာလဲ ထောင်ဝင်းထဲက အဆောက်အဦတခုပဲ။ ခန်းမ သဘောမျိုးထားတဲ့ နေရာပေါ့။ ကျမတို့ ရုံးအတူထွက်တဲ့ ၂ ယောက်စလုံးက ခပ်ပျော်ပျော်သမားဆိုတော့ ရုံးထုတ်ရက်မှာ တရုန်းရုန်းပဲ။ ငိုတာလဲ မရှိဘူးလေ။

ဒီလိုနဲ့ တပတ်ခြားတခါ ထုတ်နေရင်းကနေ ၂ ရက်ခြားတခါ ဖြစ်သွားလိုက်သေးတယ် နောက် ထောင်ထဲ ရောက်ပြီး ၂ လအတွင်းမှာပဲ စီရင်ချက် အမိန့်ချမှတ်တယ်။ အမိန့်ချတဲ့ နေ့ကလည်း တကယ့်ကို ဇာတ်ထဲကအတိုင်းပဲ။ တရားသူကြီးရော တရားခံဖြစ်တဲ့ ကျမတို့ရော ရှေ့နေတွေရော ရောက်နေတာ ကြာပြီ။ ထောင်ဒဏ်ချမှတ်တာ ဖတ်ဖို့ စာအိတ်က ရောက်မလာသေးလို့ စောင့်လိုက်ရတာ။ ကျမတို့လည်း စောင့်နေသမျှ စကားပြောကြပေါ့။ နောက်မှ စာအိတ်ကလေး ၂ အိတ်ကို တရားသူကြီးလက်ကို လာရောက် အပ်နှံတယ်။ ဒီတော့မှ တရားသူကြီးလဲ သူ့ရဲ့  တရားရုံးကို ဖွင့်၊ စာအိတ်ကို ဖောက် အထဲမှာ ရေးထားတဲ့အတိုင်း ဖတ်တော်မူတော့တယ်။ အော် … တရားခွင်ထဲက တရားသူကြီးတောင် သူစစ်တဲ့ လူကို ထောင်ဘယ်လောက်ချရမယ် မသိဘူးတဲ့နော်။

ကျမကို ထောင်ဒဏ် ၂ နှစ် ၊ ကျမသူငယ်ချင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။
အိမ်ကလူတွေက ဒီလောက်ပဲ ဆိုတော့ တော်တော်ပျော်သွားပုံပဲ။ ဘယ်သူမှ မငိုကြပါဘူး။ ကျမတို့ အဖမ်းခံရတာကလဲ ရွေးကောက်ပွဲ အောင်မြင်ပြီးခါစ ဖြစ်တော့ ထောင်ဒဏ်တွေက ခုလို ဆယ်ဂဏန်းတွေ မချသေးဘူး။ တချို့ အမှုတွေဆို ၆ လလောက်ပဲ ချတယ်။ ကိုအောင်ဝေးတို့ တမှုက ၆ လပဲ အချခံရတယ်။ ဖြစ်ပုံကလည်း ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းကို လာတော့ ကြိုဆိုတဲ့ လူက ကမ်းတခုလုံး ညွှတ်နေအောင် များပြားသွားတာကိုး။ အဲဒီအတွက် ပုဒ်မ ၅၀၅ (ခ) တဲ့။ လူစုလူဝေးဖြစ်အောင် လှုံ့ဆော်မှုလို့ အလွယ်ပြောရမယ်။ အော်.. ဒါလဲ အပြစ်ဖြစ်တယ် တဲ့။ သူတို့ကို ကြိုဆိုမယ့်လူမရှိတိုင်း မနာလိုဖြစ်တဲ့ ပုဒ်မလို့လဲ ပြောလို့ရမယ်။

အိမ်က လူတွေ ပြန်သွားပြီး ကျမတို့ ထောင်ထဲ မ၀င်ခင် ထောင်ကျ ရုံးခန်းမှာ ထောင်ကျ မှတ်ပုံတင်ရသေးတယ်။ အဲဒါ လုပ်ဖို့ စောင့်နေရင်း ကျမက
နင်က ပြေးနေရင်း လိုက်ဖမ်းရတာဆိုတော့ စရိတ်စက များလို့ ဖြစ်မယ် တနှစ်ပိုပေးလိုက်တာ ဆိုတော့ ကျမသူငယ်ချင်းက နင်သာ ငိုမနေပါနဲ့ တဲ့။
ဟဲ့ ငါက ၂ နှစ်ကလေးပဲ နင်သာ ၁ နှစ်ပိုနေရလို့ မိန်းမကို လွမ်းလို့ ငိုနေမှာ လို့ ကျမတို့ ၂ ယောက်က ထောင်ဒဏ် ချမှတ်ပြီးချိန် အချင်းချင်း နောက်ပြောင်နေလိုက်သေးတယ်။ ထောင်ဝါဒါတွေ ထောင်မှုးတွေ ကတော့ နင်တို့သီးသန့်တွေက ထောင်ကျလဲ ပျော်ပျော်ပဲနောတဲ့။ မြောင်းမြအမှုတွဲတွေ တုန်းကလဲ ၃ နှစ်တို့ ၅ နှစ်တို့ ကျတော့ ကပြီးတောင် ၀င်လာသေးတယ်။ ဘာဖြစ်လို့ ကလဲ ဆိုတော့ စီပီ အမှုတွဲ ( ကွန်မြူနစ်ပါတီ အမှုတွဲ) ကို ဒီလောက်ပဲ ချတော့ ပျော်တာပေါ့တဲ့ အဲလိုပြန်ပြောကြတယ်။

ဒါနဲ့ပဲ ထောင်ဝင်စာ အထုပ်တွေဆွဲလို့ ပြန်လာတဲ့ လမ်းမှာ အဆောင်ပေါ်ရောက်တော့မယ် ဆိုပြီးပျော်လို့ပေါ့။ ကိုယ့်သူငယ်ချင်းတွေနဲ့ တွေ့ရတော့မှာ မဟုတ်လား……..
(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, August 29, 2008

စိတ်ရှုပ်ထွေးခြင်းရဲ့ နောက်ဆက်တွဲ

ခုတလော ဘလော့မလည်နိုင်၊ ဘာစာမှ မရေးနိုင် မဖတ်နိုင်နဲ့ စိတ်ညစ်ညူးစရာ စိတ်ရှုပ်ထွေးစရာတွေ ပြည့်နှက်နေတယ်။ စကားလဲ မပြောချင် သူများပြောတာတွေလဲ စိတ်ရှည်ရှည် နားမထောင်ချင် ဖြစ်ချင်တိုင်း ဖြစ်နေတာပါပဲ။ အရှုပ်တွေကိုလဲ မြင်နေ တွေ့နေ ရသလို ခံစားနေရသေးတယ်။

ကျမအနေနဲ့ … ဘလော့ရေးတဲ့ အချိန်တနှစ်ကျော်အတွင်း သူများဆီက မေးလ်နဲ့ပို့လာတာတွေကို တင်ခဲတယ်။ ကျမသေချာဖတ်ပြီး တော်တော်ကြိုက်မှ တင်သင့်တယ် ထင်မှ တင်တာ များတယ်။ (ဥပမာ အခုရက်ပိုင်းတင်တဲ့ ဂမ်ဘာရီ အကြောင်းလိုမျိုး)။ ကိုယ်ပိုင်ဘလော့မှာ ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်လမ်းကြောင်းနဲ့ ကိုယ် လုပ်ထားရက်သားနဲ့ ဘာလို့ ဟိုဟာ မတင်လဲ။ ဒီဟာ မတင်လဲ ဆိုလာတဲ့ အီးမေးလ် တွေကိုလည်း စိတ်ကုန်တယ်။ နောက်.. ဘလော့သိပ်မလည်ဖြစ်တော့တဲ့ အတွက် အသစ်ဘလော့တွေကိုလဲ မရောက်ဖြစ်တော့ဘူး။ ကိုယ့်ဘလော့လာလည်ပြီး လင့်ချန်ထားတဲ့ ဘလော့တွေကိုတော့ ပြန်လည်ဖြစ်အောင် လည်ပေးခဲ့ပေမယ့် နောက်ပိုင်း မရောက်တော့တာတွေလဲ ရှိနေသေးတယ်။ ကျမကို ဘလော့ရေးပြီး ထင်ရာလုပ်နေတယ် ဆိုသူတွေအတွက်တော့ ထင်ရာလုပ်ချင်လို့ ကိုယ်ပိုင် ဘလော့တခု လုပ်ထားတာပါလို့ပဲ ပြောကြားချင်ပါတယ်။

ကိုယ်တိုင် သတင်းလုပ်နေရလို့ သတင်းတော်တော်များများ ကျမတို့ အဦးဆုံးရတတ်ပေမယ့် ကျမဘလော့ကို သတင်းတင်ခဲတာလဲ သတိထားမိကြမှာပါ။ ဒါ ကျမရဲ့ လွတ်လပ်ခွင့်ပဲ လို့ ယူဆတဲ့အတွက် ကိုယ်ယုံကြည်ရာ ကိုပဲ ရေးမယ်။ ကိုယ် တင်ချင်တာကိုပဲ တင်မယ်။ ပေါ်ပင်ဖြစ်ချင်လဲ ဖြစ်မယ်၊ မဖြစ်ချင်လဲ မဖြစ်ဘူး။ ကျမကို ကန့်သတ်ဖို့ ကြိုးစားလာသူတွေကိုတော့ ပေါ်တင်ပဲ စိန်ခေါ်နိုင်ပါတယ်။

နောက်တခု…

ခု နောက်ပိုင်း တွေ့နေရတဲ့ အဖြစ်အပျက်တွေမှာ ချဲဂဏန်း ထွက်ပြီးမှ အတိတ်ကို ပြန်ကောက်ပြတတ်တဲ့ လူတွေလို ပေါက်ဖော်တွေ တော်တော်များများတွေ့နေရတာပဲ။ ဖတ်ရတာ တော်တော် စိတ်ညစ်စရာ ပြောချင်စရာတွေပြည့်လို့။ ကိုယ်တိုင်ဘာမှ ၀င်လဲ မလုပ်ခဲ့ ၊ ခုချိန်ထိလဲ ပြည်သူနဲ့ တသားတည်းမရှိ။ ပြောလိုက်ရင်တော့ နအဖကို ဘယ်လို ဆန့်ကျင်တယ် က ပါးစပ်ကမချဘူး။ ဘလော့ပေါ် ရေးလိုက်တာကျတော့ ဒီမိုကရေစီ အင်အားစုရဲ့ အားနည်းချက်တွေ ၊ တကယ် လက်တွေ့လုပ်နေသူတွေရဲ့ အခက်အခဲတွေကို မစာနာ၊ ပတ်စပို့စ်ကိုင် ပြီး ထင်ရာ ကြားရာတွေ ရေး၊ နောက် အဆိုင်လမ်လျှောက် ကမ့်မ၀င်ရပဲ ရသွားတာတွေနဲ့….. အော်…. တရားကျစရာ ပါပဲလေ။ ဘယ်လောက် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သွားသလဲ၊ စွန့်ခဲ့ဘူးလဲ။ ပြည်တွင်းမှာရော နအဖကို ဘယ်လောက် အတိုင်းအတာထိ ဆန့်ကျင်ခဲ့ဘူးလဲ၊ သိချင်စမ်းပါဘိ၊ ဒီနေ့ ဒီကိုလာ ၊ ဒီအတွက် ပိုက်ဆံ ဒီလောက်ထည့် ဒါမျိုး အသေးအဖွဲလေး တောင်မှ မဆန့်ကျင်ခဲ့ဖူးပဲနဲ့ အတိုက်အခံ တော်လှန်ရေးသမား နာမည်ခံချင်သူတွေကလည်း ရှိသေးရဲ့။

နိုင်ငံအရေးကျွမ်းကျင်သူတို့ နိုင်ငံရေးအကဲဖြတ်တို့ ဆိုတဲ့ နာမည်ပေးခံရသူ တချို့ကို ထောက်ပြပြီး တော်လှန်ရေး အင်အားစုထဲက လူတွေကို တန်းညှိစော်ကားလိုက်တာမျိုး ကျတော့လည်း မခံချင်ဘူး။ ဒီနေ့ မီဒီယာမှာ နာမည်ကြီးတိုင်းလဲ တော်လှန်ရေးစိတ်အပြည့်ရှိတယ် ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒီလိုပဲ မီဒီယာပေါ်ကို အခြေအနေအရ မတက်ပဲ နေတဲ့လူတွေ၊ တက်ချင်စိတ် မရှိလို့ နေတဲ့လူတွေ လဲ တော်လှန်ရေးထဲမှာ ရှိတာပဲ။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးမှာ သူတို့ အုပ်စုတွေ ထောက်ပြနေတဲ့ ဖောက်ပြန်သူ ညံ့ဖျင်းသူ လူနည်းစုပဲ ရှိနေတာမှ မဟုတ်ပဲ။ ဒီလိုလူမျိုးတွေ ဆိုတာ ဘယ်နေရာ ဘယ်အစုအဖွဲ့မှာ မဆို ရှိနေတာချည်း ဆိုတာ သဘာဝ၊ တကယ့် လက်တွေ့ ကိုယ်တိုင်ကောင်းတဲ့ ၀န်းကျင်၊ ကောင်းတဲ့ လူကို တွေ့ချင်ရင် ကိုယ်တိုင်လဲ ကောင်းတဲ့ စိတ်ကလေး မွေး၊ ကောင်းတဲ့ လုပ်ရပ်ကလေးတွေနဲ့ ဆိုရင် အမြုတေ ရှိရာ အမြုတေ လာစုမှာပါပဲ။ ဒီတော့ သူများကို ထိုးနေတဲ့ လက်ညှိုးတွေနဲ့ ကိုယ့်ကိုယ်ကို ပြန်ထိုးပြီး သူများကို ပြောတဲ့အပြစ်မျိုး ကိုယ်ဆီမှာရော ရှိနေမလား၊ ကိုယ်လဲ သူ့လိုအခြေအနေဆို သူ့လို လုပ်မိမလား၊ အခုငါရော သူတို့လောက် တကယ်စွန့်နိုင်ပြီလား သေချာစဉ်းစား ကြည့်ကြပါဦး။

တကယ်တော့ ဒီဖက်မှာ အမာခံရပ်တည်နေတဲ့ လက်ရှိတော်လှန်ရေး နယ်ထဲမှာ ဆက်လက်ရှိနေတဲ့ လူအတော်များများဟာ သူတို့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ဘ၀တခုကို ဗမာပြည်ထဲမှာ ထူထောင်ရင်တောင် အခုပြောနေတဲ့ လူတွေထက် သာလွန်မြင့်မားတဲ့ သူတွေ ဖြစ်မှာပါ။ နလပိန်တုံး ပညာမဲ့ တွေ မဟုတ်ဘူး။ တချို့တွေဟာ ပညာဆက်သင်ယူခွင့်တွေကိုတောင် စွန့်လွှတ်ပြီး ရပ်ခံနေကြတာပါ။ အဖွဲ့အစည်း ကိုယ်စားပြု ပညာတော်သင်ထွက်သွားပြီး ရောက်တဲ့နိုင်ငံမှာ အဆိုင်လမ်ခံ၊ ပြီးတော့မှ ဘယ်လိုတော်လှန်ရေး လုပ်ခဲ့တယ်။ နိုင်ငံကိုဘယ်လိုချစ်တယ် ဘာတွေ စွန့်ခဲ့တယ် အော်နေသူတွေနဲ့ လားလားမှ မတူတဲ့ လူတွေလဲ ရှိနေပါသေးတယ်၊

အင်း နည်းနည်းဒေါသတွေ များနေသေးတယ် ။ ရေးတာလဲ ရပ်ဦးမှ…
သေချာတာကတော့ ဝေဖန်ရေးတွေ ရေးမယ်ဆိုရင် ကိုယ်ဝေဖန်မယ့် လူတွေလောက် ကိုယ် လုပ်ခဲ့ပြီးပြီလား လို့တော့ မေးကြည့်ချင်ပါသေးတယ်။ မုန့်ဟင်းခါးကောင်းမကောင်း ၊စာတပုဒ် ကောင်းမကောင်း ဝေဖန်နေတာမှ မဟုတ်တာပဲလေ၊ ဘ၀တွေ အသက်တွေ အခွင့်အရေးအားလုံး ရင်းထားတဲ့ လူတွေကို ဝေဖန်နေတာမို့ ဒီလောက်တော့ ပြန်မေးသင့်တယ် ထင်လို့ပါ။

တိုက်ဆိုင်သူ ကိုသာ ရည်ရွယ်ပါသည်။
(ဒီစာစုကို ဆက်ရေးဖြစ်လဲ ရေးဖြစ်ပါဦးမယ်၊ မရေးဖြစ်ခဲ့ရင်လဲ မရေးဖြစ်ဘူးပေါ့)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Tuesday, August 26, 2008

ဂမ္ဘာရီ ဆိုတာ...

ဂမ္ဘာရီ ဆိုတဲ့ ဂန္ဘလား

မြန်မာနိုင်ငံပြဿနာကို ဝင်ရောက်ကူညီ ဖြေရှင်းပေးနိုင်ဖို့ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယား နိုင်ငံသား အီဘရာဟင် ဂမ်ဘာရီကို ၂ဝဝ၅ ခုနှစ်ကစလို့ ကုလအထူးတမန်အဖြစ် ခန့်ထားခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ သမိုင်းမှာ အကြမ်းကြုတ် အရက်စက်ဆုံးနဲ့ ခြအစားဆုံး စစ်အာဏာရှင် ဆံနီအဘာချာ အစိုးရလက်ထက် (၁၉၉၃-၉၈) မှာ ဂမ္ဘာရီ ဘာလုပ္ခဲ့သလဲ။

အဲဒီကာလတေလွ်ာက္လံုးမွာ ဂမ္ဘာရီဟာ အဘာချာစစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စား လှယ် ဖြစ်ခဲ့ပါတယ်။ အဘာချာစစ်အုပ်စုရဲ့ လူသတ်ဝါဒတွေကို နိုင်ငံတကာမျက်နှာစာမှာ ပညာသားပါပါနဲ့ ကျွမ်းကျင်ပါးနပ်စွာ ကာကွယ်ပေးခဲ့တယ်။ အင်မတန့်ကို တက်တက်ကြွကြွ စိတ်အားထက်ထက်သန်သန်နဲ့ စိတ်ပါ လက်ပါ ကိုယ်စားပြုပေးခဲ့တာဖြစ်တယ်။ အထက်ကခိုင်းလို့ တာဝန်အရ ဝတ်ကျေတန်းကျေ လုပ်ရတာ မဟုတ်ခဲ့ပါဘူး။ “နိုင်ဂျီးရီးယားလူမျိုးတွေ လိုအပ်နေတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ စားလို့မှ မရတာ။ အခုအချိန်မှာ ဒီမိုကရေစီက ဦးစားပေး မဟုတ်ဘူး” လို့ ဂမ်ဘာရီ အဲဒီတုံးက ပြောခဲ့ပါသေးတယ်။

အဘာချာအစိုးရအပေါ် တကမ္ဘာလုံးကနေ ဖိအားတွေတိုးလာတဲ့အခါ ဂမ်ဘာရီဟာ အဘာချာအာဏာရှင် စနစ်ကို ကာကွယ်ပေးရာမှာနဲ့ ဖိအားကိုလမ်းလွှဲပေးရာမှာ ပိုနာမည်ဆိုး၊ ပိုပြင်းထန်လာခဲ့တယ်။ ၁၉၉၅ ခု နိုဝင်ဘာလ မှာ နာမည်ကျော်စာရေးဆရာလည်းဖြစ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလည်းဖြစ်တဲ့ အိုဂိုနီတိုင်းရင်းသား လူထုခေါင်းဆောင် ကင်ဆာရိုဝီဝါ ကို မတရားအမှုဆင်ဖမ်းပြီး သေဒဏ်ပေးလိုက်လို့ တကမ္ဘာလုံးက ကန့်ကွက် ရှုတ်ချတဲ့အခါ ဂမ်ဘာရီက ကင်ဆာရိုဟာ “သာမန်ရာဇဝတ်သား” တယောက်သာဖြစ်တယ်၊ လူသတ်သမားဖြစ် တယ်လို့ စီအဲန်အဲန်ရုပ်သံအစီအစဉ်တခုမှာ သမုတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ ဒီလို မပြောခဲ့ရပါဘူးလို့ ဖြေရှင်းခဲ့တယ်။) ကင်ဆာရိုတို့ (၉)ယောက်ကို ဥပဒေနည်းလမ်းတကျ တရားရုံးတင်စစ်ဆေးခဲ့တာ ဖြစ်ကြောင်း၊ ရှေ့နေကောင်းကောင်းနဲ့ ခုခံကာကွယ် လျှောက်လဲခွင့် ရခဲ့ကြောင်း ဂမ်ဘာရီက ပြောပါတယ်။ ဒါပေမဲ့ အပြင်တရားရုံး မှာ အမှုမစစ်ဘဲ အထူးခုံရုံးမှာစစ်တာ၊ အမှုစစ်ပုံကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေအားလုံးနီးနီး နုတ်ထွက်သွားတာ၊ တရားလိုပြသက်သေတွေကို စစ်အစိုးရကငွေပေးပြီး သက်သေထွက်ခိုင်းတာ၊ အယူခံခွင့် မရတာတွေကိုတော့ ထည့်မပြောပါဘူး။

ကင်ဆာရိုနဲ့ အိုဂိုနီတိုင်းရင်းသားခေါင်းဆောင် (၈)ဦး သေဒဏ်ပေးမှုကို ဆန့်ကျင်တဲ့ ကမ္ဘာ့နိုင်ငံတွေကို သွားပြီး သေဒဏ်ကိစ္စလက်ခံဖို့ စည်းရုံးနားချတာရော ရေနံလက်နက်အားကိုးနဲ့ အကြပ်ကိုင်တာရော လုပ်ခဲ့တဲ့ အဓိက နိုင်ဂျီးရီးယားသံတမန် (၂)ယောက်က နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဂမ်ဘာရီနဲ့ နိုင်ငံခြားရေး ဝန်ကြီး တွမ်အစ်ကီမီ တို့ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နိုင်ငံတချို့ကို နားချလို့မရခဲ့ပေမဲ့ တချို့နိုင်ငံတွေကိုတော့ ပါးစပ်ပိတ်သွားအောင် အောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂမ်ဘာရီဟာ နိုင်ဂျီးရီးယားဘဏ္ဍာရေးဌာနကိုပိုင်တယ်၊ သူ့မှာ အဘာချာစစ်အုပ်စုကို ကာကွယ်ပေးရာမှာ ဘာမဆိုလုပ်နိုင်ဖို့ အကန့်အသတ်မဲ့ ရင်းမြစ်တွေရှိတယ်လို့ သတင်း တွေ ထွက်ခဲ့ပါတယ်။

၁၉၉၈ ခုမှာ အာဏာရှင်အဘာချာတယောက် ပြည့်တန်ဆာ (၂)ယောက်နဲ့ ပျော်ပါးနေရင်း ဗိုင်ယာဂရာ (ကာမအားဆေး) ဆေးလွန်လို့ သေသွားပြီးနောက် ဒီမိုကရေစီ တစုံတရာပေါ်လာပြီး၊ အဘာချာရဲ့ မိုက်ဖော်ဆိုးဖက် တွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ ဂမ်ဘာရီ လွတ်နေခဲ့ပါတယ်။ ရှင်းလင်း ဖြေကြားတာတွေ မလုပ်ခဲ့ရပါဘူး။ အရှက်ခွဲ ရှုတ်ချခံရမယ့်အစား ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန်က ခေါ်ယူ သူကောင်းပြုပေးပြီး လက်ထောက် အတွင်းရေးမှူးချုပ်တောင် ဖြစ်လာပါတယ်။

တကယ်တော့ ကိုဖီအာနန့်သား ကိုဂျိုအာနန် ဟာ အဘာချာစစ်အစိုးရနဲ့ပေါင်းပြီး နိုင်ဂျီးရီးယားရေနံလုပ်ငန်း ထဲ ပတ်သက်နေလို့ ကိုဖီအာနန်ကိုယ်တိုင်က နိုင်ဂျီးရီးယားမှာ ဒီမိုကရေစီ ရှိမရှိကို စိတ်မဝင်စားခဲ့ပါဘူး။ နိုင်ဂျီးရီးယား နိုင်ငံမြို့တော် လေးဂို့စ်မှာ ကိုဂျိုအာနန်ရဲ့ ဧရာမဇိမ်ခံတိုက်အိမ်ကြီး အထင်အရှားရှိပါတယ်။ ကိုဂျိုအာနန်နဲ့ အဘာချာ နဲ့ ရေနံလုပ်ငန်းတွေကြားမှာ အဓိကဂျိတ်ဆက်က ဂမ်ဘာရီဖြစ်တယ်လို့လည်း သတင်းတွေထွက်ခဲ့ပါတယ်။ (ကိုဖီ အာနန့်သားဟာ နောက်ပိုင်းမှာလည်း ဆဒ္ဒမ်ဟူစိန် လက်ထက် အီရတ်ကိုပိတ်ဆို့ အရေးယူထားချိန်မှာ ကုလရဲ့ ပိတ်ဆို့ရေးဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး အကြံအဖန်နည်းနဲ့ အောက်လမ်းကဝင် စီးပွားရေးသောင်းကျန်းခဲ့ပါ သေးတယ်။)

အဘာချာသေပြီးနောက်မှာ ကိုဖီအာနန်က နိုင်ဂျီးရီးယားကိုသွားပြီး ၁၉၉၃ သမတရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ (အဘာချာ အာဏာသိမ်းလို့ သမ္မတ မဖြစ်လိုက်ရတဲ့) အာဘီယိုလာကို ၉၃ ရွေးကောက်ပွဲမန်းဒိတ် စွန့်လွှတ်ဖို့ ဖြောင်းဖြခဲ့ရာမှာလည်း ဂမ်ဘာရီက ကိုဖီအာနန်ကို အရင်မိတ်ဆက် သဘောထား ချပေးခဲ့တာ ဖြစ်ပါတယ်။ အာဘီယိုလာခမျာ အဘာချာသေပေမဲ့ သမ္မတမဖြစ်လိုက်ဘဲ ထောင်ထဲမှာဘဲ သေသွားခဲ့ပါတယ်။

ဒါတွေကြောင့်လည်း ၂ဝဝ၈ ခုထဲမှာ ဂမ်ဘာရီကို နိုင်ဂျာမြစ်ဝကျွန်းပေါ် ထိပ်သီးအစည်းအဝေးရဲ့ ပဲ့ကိုင် ကော်မတီဥက္ကဌအဖြစ် ခန့်ဖို့ကို နိုင်ဂျီးရီးယားပြည်သူတွေက အပြင်းအထန် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၅ တုံးက လည်း အမေရိကန်နိုင်ငံ နယူးယောက်တက္ကသိုလ် မက်ဒ်ဂါအဲဗားစ်ကောလိပ် အာဏာပိုင်တွေက ဂမ်ဘာရီကို လာဟောပြော ပို့ချပေးဖို့ ဖိတ်ခဲ့တဲ့အခါ နယူးယောက်မှာရှိတဲ့ ပြည်ပရောက် နိုင်ဂျီးရီးယား အသိုင်းအဝိုင်းက ကန့်ကွက်ခဲ့ ပါသေးတယ်။ အထူးသဖြင့် ဂမ်ဘာရီလို စစ်အာဏာရှင်ဒေါက်တိုင်က လူမှုအခွင့်အရေး အကြောင်း ပို့ချမှာဟာ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဘာချာလက်ထက်မှာ ဂမ်ဘာရီဟာ သတင်းစာ တိုက်တွေ၊ စာအုပ်တိုက်တွေ ပိတ်ပစ်တာကို ဆင်ခြေပေး ကာကွယ်ပေးခဲ့ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေးတို့ကို ပိတ်ပင်တဲ့အမိန့်တွေ၊ ဥပဒေတွေ ထုတ်ပြန်တာကိုလည်း ရပ်ခံကာကွယ် လျှောက်လဲပေးခဲ့သူ ဖြစ်ပါတယ်။

ပုဆိန်က မေ့နိုင်ပေမဲ့ သစ်ပင်က ဘယ်တော့မှမမေ့ဘူး လို့ နိုင်ဂျီးရီးယားပြည်သူတွေက ဆိုပါတယ်။ ကင်ဆာရိုဝီဝါ ဆိုတဲ့နာမည်ဟာ ဂမ်ဘာရီရဲ့ တသက်တာကို ထာဝစဉ်ခြောက်လှန့်နေလိမ့်မယ်၊ ဂမ်ဘာရီရဲ့ သွေးစွန်း ထားတဲ့သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ နိုင်ဂျီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

အဲဒီဂမ်ဘာရီဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ၂ဝဝ၈ သြဂုတ်လ (၂ဝ)ရက်တုံးက ရန်ကုန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုခေါင်းဆောင်တွေနဲ့တွေ့တော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတအောင် လုပ်မယ်ဆိုပြီး နအဖ အခြေခံဥပဒေ၊ နအဖဆန္ဒခံယူပွဲ၊ နအဖလမ်းပြမြေပုံတွေကို အသိအမှတ်ပြုတဲ့ ဘက်ကနေ ရူးကြောင်မူးကြောင်နဲ့ပြောခဲ့တာ ဘာများဆန်းပါသလဲ။ သူ့ဆရာ ဘန်ကီမူးကိုယ်တိုင်က နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စသက်သက်အတွက် ဗမာပြည်ကို လာတယ်ဆိုပြီး သန်းရွှေနဲ့တွေ့တဲ့အခါ မျက်နှာချိုသွေးလေးနဲ့ လမ်းပြမြေပုံကို အမြန်ဆုံးပြီးမြောက် အောင်မြင်သွားအောင် လုပ်ဖို့ ခယဝယ လုပ်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစာနဲ့ တီဗွီမှာပါဖို့ ဓာတ်ပုံအရိုက်ခံရရုံ၊ ဝါဒဖြန့်ခံရရုံသက်သက် အတွက် ဂမ်ဘာရီနဲ့ တွေ့ဆုံရတာကို သပိတ်မှောက်တာဟာ လုံးဝမှန်ကန်ပါတယ်။ ဒေါ်စုကိုယ်တိုင်က ဒီလို ရှင်းရှင်း ပြတ်ပြတ် သဘောထားပေးနေမှတော့ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း အခုလိုကွဲလွယ် မှောက်လွယ်တဲ့ ဂမ်ဘလားတွေ၊ လင်ဘန်းတွေကို အားကိုးမနေဘဲ ကိုယ့်လူထု၊ ကိုယ့်တပ်မတော် အောက်ခြေတပ်မှူးတပ်သားတွေ စွမ်းအားနဲ့သာ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေကနေ အပြီးအပိုင် တိုက်ထုတ်ရမှာ ဖြစ်ပါကြောင်း။

ဂါမဏိ

Monday, August 25, 2008

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်သံ

အန်တီကတော့ ပြတ်ပြတ်သားသား
အန်တီစုက ဂမ်ဘာရီကို ဒီတခေါက်(၂၀၀၈ ရဲ့ သြဂုတ်လ) မတွေ့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျမ သဘောကျလိုက်တာ။ ကုလအနေနဲ့ ကြားဝင်ဖြန်ဖြေချက်တွေက ၉၀ ရွေးကောက်ပွဲ အကောင်အထည်ဖော်ပေးပါ ဆုံးဖြတ်ပြီး ဖော်မပေးတော့ ဘာမှ မလုပ်။ တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင် ကြားဝင် ဆွေးနွေးပေးတယ် ပြောပြီး နအဖရဲ့ လမ်းစဉ်အတိုင်း လျှောက်ခိုင်း။ တကယ်ဆို နအဖ လမ်းစဉ်အတိုင်း လျှောက်မယ်ဆို ဘယ်သူမှတောင် ကြားဝင်စရာ မလိုပါဘူး။ နာမည်ကောင်းယူပြီး ဗမာပြည်က သယံဇာတတွေ အလကားပေးရတာလဲ သက်သာဦးမယ်။ ခုက တကယ့်ကို လိုအပ်နေတဲ့ ကြားဝင်ဖြေရှင်းမှုကို မလုပ်ခဲ့ကြဘူး။

ဒီ့အတွက် အန်တီ့အနေဲ့ ဒီလို ဆုံးဖြတ်ချက် ပြတ်သားပြလိုက်တာကို ကျေနပ်စွာဖြင့် ဂုဏ်ယူမိပါတယ်။ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင် ချင်တဲ့ စိတ်နဲ့ ဒီပို့စ်ကို ရေးသားခဲ့တာပါ။

နောက် ဒီညနေ အယ်ဂျာဇီးယား ရုပ်သံရဲ့ အောက်ဖက်စာတန်းထိုးနေရာမှာ ဒီလို စာတမ်းလေး ကို ထုတ်လွှင့်တာလဲ ကြည့်လိုက်ရပါတယ်။

Aung San Su Kyi reported to be on hunger strike. တဲ့

အန်တီစုကတော့ တိုက်ပွဲကို ဆက်လက်အရှိန်မြှင့် ပြီထင်ပါရဲ့။ ခုလို ဇာတ်မျောကြီးမှာ ကုလလဲ မကယ်နိုင်ပါဘူး။ ကျမတို့ ပြည်သူ ပြည်သားတွေ အားလုံး အန်တီစုကို နမူနာ ယူလို့ ဆက်လက် အရှိန်မြှင့် တိုက်ကြရအောင်။ ဒီ စစ်အာဏာရှင် အုပ်စု တနေ့ပြုတ်ကျရမှာပဲ။ ဒါ ကျမတို့ရဲ့ ခံနိုင်ရည် နဲ့ တုန့်ပြန်နိုင်စွမ်းတွေ အပေါ် မူတည်နေတယ် မဟုတ်လား။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Saturday, August 16, 2008

ဘ၀ဒိုင်ယာရီ အမှတ်(နှစ်) အခန်း(၂)


အခန်း(၂)

မနက်တော်တော်စောစောမှာပဲ နိုးနေတယ်။ ကျမအခန်းဘက်ကို လမ်းလျှောက်လာတဲ့ အသံတချို့ကြားရလို့ ခေါင်းထောင်ကြည့်လိုက်တော့ အဖြူအပြာဝတ် ထောင်ဝါဒါမ ၂ ယောက်နဲ့ ညနေအ၀င်တွေ့လိုက်တဲ့ ခပ်၀၀ အသက်ကြီးကြီး ၂ ရစ်နဲ့ တယောက်ကို တွေ့လိုက်တယ်။အိပ်ယာက နိုးပြီလား လို့ခပ်ရွှင်ရွှင် နှုတ်ဆက်သံနဲ့ ၀င်လာတဲ့ သူတို့က တိုက်ခန်းဘက်ကို ကျော်ပြီး အဆောင်ဖက်ကို သွားတာဖြစ်ပါတယ်။ သိပ်မကြာဘူး ထောင်က သံချောင်းခေါက်သံ ကြားလိုက်ပြီး လူတွေရဲ့ စီစီညံနေတဲ့ အသံတွေ စကြားရတယ်။ မိလ္လာအိုးကို ဘယ်လိုသွန်ရပါ့မလဲ လို့ တွေးနေတုန်း ၀ါဒါတယောက်နဲ့ ကောင်မလေးတယောက် အခန်းသော့ဖွင့်ပြီး မိလ္လာအိုး လာချပေးတယ်။ မျက်နှာသစ် သွားတိုက်အတွက်ကတော့ အပြင်မှာ လူများနေလို့ သူတို့ ပြီးမှ ဆင်းရမတဲ့။ ဒါနဲ့ ခပ်ငူငူပဲ ထိုင်နေလိုက်တယ်။ ထောင်ဆိုတာ ခုမှ ရောက်ဖူးတော့ ဘာလုပ်ရမယ်ဆိုတာ ဘာမှကို မသိသေးတာ။ သူတို့ လုပ်ခိုင်းတာ ကြည့်လုပ်ရမှာပဲ လို့ စဉ်းစားထားတယ်။ နာရီဝက်လောက်ကြာတော့ မျက်နှာသစ်ဖို့ လာဆိုပြီး တိုက်ခန်းလေးက လှမ်းမြင်ရတဲ့ ရေကန်ရှည်မျောမျော ဖက်ဆီကို ခေါ်သွားတယ်။ ကျမ အဲဒီရေကန်ဖက်ကို သွားနေတော့ ရေကန်မျက်နှာချင်းဆိုင်က သစ်သားတိုင်တွေ နဲ့ ဆောက်ထားတဲ့ သစ်သားဆောင်ကြီးကြီး အထဲက လူတွေတန်းစီကြည့်နေတာ တွေ့ရတယ်။ ကိုယ့်သူငယ်ချင်းတွေဖြစ်မယ် တွေးပြီး သူတို့ဖက်ကို အပြတ်မျက်နှာလှည့်ပြီး ကြည့်လိုက်တော့ ရယ်ပြီး လက်ပြနှုတ်ဆက်နေတဲ့ သူငယ်ချင်းတွေကို မြင်လိုက်ရတယ်။ ဘယ်သူမှ မလာကြနဲ့ စကားမပြောကြနဲ့ ဆိုတဲ့ အမိန့်ပေးသံကြားရပေမယ့် သူတို့က အထဲက စကားတွေ အော်ပြောနေသေးတယ်။

နေကောင်းတယ် မဟုတ်လား ဘာလိုသေးလဲ ဆိုတဲ့ အသံတွေကို ခေါင်းညိတ်ပြရင်း မျက်နှာသစ်လိုက်တယ်။ မျက်နှာသစ်နေတုန်းခုန မိလ္လာအိုးချပေးတဲ့ ကောင်မလေးက အိုးကို အထဲပြန်ထည့်ပေးနေတယ်။ အင်း ဒီတိုက်ထဲမှာ ဘယ်လောက်နေရဦးမယ်မသိဘူးလို့ တွေးနေမိပေမယ့် ထောက်လှမ်းရေးတုန်းကလို အလုံပိတ် အမှောင်မဟုတ်တဲ့အပြင် ကိုယ့်သူငယ်ချင်းတွေရဲ့ အားပေးသံတွေ လူချင်းမြင်နေရတာတွေကြောင့်တော့ အားတက်ပြီး နေပျော်ပါတယ်လို့ ကိုယ့်ကိုယ်ကို အားပေးလိုက်တယ်။ အားလုံးပြီးတော့ သူတို့ကို လက်ပြနှုတ်ဆက်ပြီး ကိုယ့်အခန်းဆီ ပြန်လာလိုက်တယ်။

ရေကန်မှာ စောင့်ပေးနေတဲ့ အကျဉ်းသူက တိုက်ရှေ့ထိ လိုက်ပို့ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။ အန်တီ့ နာမည် မကြည်အောင်ပါတဲ့။ ဒီမိန်းမထောင်မှာ တန်းစီးတဲ့။ အော .. ထောင်တန်းစီး ဆိုတာမျိုးက သိပ်ဆိုးတယ်။ အမှုကြီးတွေမှ တန်းစီးလုပ်ရတယ်လို့ စာအုပ်တွေထဲ ဖတ်ဖူးတာမို့ အန်တီက ဘာမှုနဲ့ ကျတာလဲ လို့ မေးမိသေးတယ်။ သူက လူသတ်မှုတဲ့။ ဟိ .. စိတ်ထဲမှာ ကျောချမ်းသွားသေးတယ်။

လိုတာရှိရင် အန်တီ့ကိုမှာပါ။ အဆောင်ပေါ်က သူငယ်ချင်းတွေကို ပြောစရာရှိရင်လဲ ပြောခိုင်းပါ တဲ့။ ဒီဖက်ကို သူနဲ့ ၀ါဒါမတွေက လွဲရင် ဘယ်သူမှ လာခွင့်မရှိဘူးတဲ့။
အော် ..ဘာဖြစ်လို့လဲ အန်တီ ဆိုတော့ နင်က သီးသန့်အကျဉ်းသူ နောက် တိုက်ပိတ်လေတဲ့။ ဒါ့ကြောင့် ဘယ်သူနဲ့မှ တွေ့ခွင့်မရှိဘူး။ အမှုအတွက် ရုံးထွက်ရဦးမယ် မဟုတ်လား။ အမှုပြီးမှ အဆောင်ပေါ်ပြောင်းရမှာ တဲ့။ အင်းပေါ့လေ ။ ဒါဆို အန်တီတော့ လာစကားပြောပါဦး ပျင်းတာနဲ့ သေမယ်လို့ ပြောလိုက်တော့ အေးအေးတဲ့။

အဲဒီနေ့က မနက်မုန့်ကို ပေါင်မုန့်ကျွတ်စားပြီး ထောင်က ဝေတဲ့ ဆန်ပြုတ်ကို သောက်လိုက်တယ်။ တော်ပါသေးရဲ့ ။ဆန်ပြုတ်က သိပ်မကောင်းပေမယ့် ပူပူ ငန်ငန်လေး ဖြစ်နေတော့ အတော်ပဲ ဖြစ်သွားတယ်။ ဒါပေမယ့် မနက်မုန့်စားပြီးတာ သိပ်မကြာသေးခင် တိုက်တန်းထိပ်နားက တံခါးခေါက်သံ ကြားရပြီး ထမင်းလာပြီ ဆိုတဲ့ လူသံတွေ ကြားရတယ်။ မနက်စာ ထမင်းကို တန်းစီယူနေတာ ဖြစ်မယ်။ ကျမအတွက် ခုနတန်းစီးက ဇလုံလာတောင်းပြီး ထမင်းယူလာပေးတယ်။ ထမင်းက အရောင်တော်တော်ဆိုးတယ်။ ပြီးတော့ ပြဲနေပေမယ့် မနပ်ဘူး။ ဟင်းကတော့ ပဲဟင်းရည်ပဲ။ ကုလားပဲ ဟင်းအချို။ အရည်ကတော့ ကျဲတယ်။ အဲဒီအချိန်တုန်းကသာ ကုလားပဲ။ အခုအချိန်မတော့ အမည်းရောင်ပဲ တဲ့။ အများအားဖြင့် ပဲတောင် မပါတော့ဘူးတဲ့။

ထမင်းဇလုံကို အပေါ်က ပုဂံပြားတခု ယူလာ ပိတ်ပြီး သံတိုင်ကြားက စောင်းသွင်းတယ်။ ပဲ ဟင်းထည့်ထားတဲ့ ဇလုံလေးကို သံတိုင်အပြင်မှာ ချပေးတယ်။ ထမင်းစားတာ သံတိုင်ခြားပြီး ဟင်းခပ်စားရတာ ရယ်စရာကောင်းသား။ သူတို့ ထမင်းထဲမှာ ပုံပေးတဲ့ ငါးပိက အစိမ်းကြီးလား မသိ။ ငါးပိစိမ်းပေါ် ငရုတ်သီး ဆီသတ်ထားတဲ့ ဆီနည်းနည်း ဆမ်းပေးထားတယ်။ အင်း ငါးပိတော့ အစကတည်းက မကြိုက်တော့ မစားဖြစ်ဘူး။ ပဲဟင်းရည်က ဘာအရသာမှ မရှိ။ ပြုတ်ထားတာ ဆားတောင်မထည့်ဘူးထင်တယ်။ အဆောင်ပေါ်က သူငယ်ချင်းတွေက ဟင်းပေးလိုက်တယ်ဆိုပြီး တန်းစီးက ကျွတ်ကျွတ်အိတ်လေး တခု ယူလာပေးတယ်။ နောက် သူလဲ အပြင်က လှေခါးထစ်ကလေးမှာ ထိုင်ပြီး အတွင်းနဲ့ အပြင် သံတိုင်ခြားလို့ ကျမနဲ့ထမင်းတူတူ လာစားတယ်။

နေ့လည်လောက်ကျတော့ မနေ့က ကျမအိမ်ကို သွားပြောခိုင်းတဲ့ ထောင်ဝါဒါမ နေ့လည်ဂျူတီချိန်းပြီး ၀င်လာတော့တယ်။ သူ့ဆွဲခြင်းထဲမှာ ကျမအတွက် ကျမအိမ်က ထည့်ပေးလိုက်တဲ့ကော်ဇလုံ နဲ့ ကော်ဇွန်းလေးရယ် ခေါက်ဆွဲကြော်တထုတ်ရယ် ၀ှက်ယူလာပေးတယ်။ မနပ်တဲ့ ထမင်းကို ၀င်သလောက် စားထားတာမို့ ခေါက်ဆွဲကြော်ကို ညနေမှ စားမယ် ဆိုပြီး ကော်ဇလုံထဲ ထည့်သိမ်းထားလိုက်တယ်။ အဲဒီခေါက်ဆွဲကြော်စားရင် ကလေးကို နည်းနည်းကျွေးပါနောတဲ့။ အဲဒီထောင်ဝါဒါမက သူခါးထစ်ခွင်ချီထားတဲ့ ၉ လသား ကလေးလေးကို ပြပြီး တောင်းနေတယ်။ (အင်း … ထောင်ထဲမှာ ဒီလိုပဲ တောင်းစားနေကျ ထင်တယ်။) လာခဲ့လေ.. ညနေထမင်းစားချိန်ကျရင် ပြန်မထွက်သေးဘူး မဟုတ်လား။ ကျမက အဲလိုပြောပေမယ့် သူက ခုံတန်းလေးနေရာမှာ နောက်ထပ် ခုံတန်းတခု ထပ်ချပြီး နေရာ ယူထားလိုက်ပြီ။ အော်… သူ ဒီနေရာမှာ စောင့်နေတော့မှာကိုး ။ သူ ကလေးကို ချသိပ်ပြီး တချောင်းထိုးအပ်ကလေး ကိုင်လို့ ပုဝါ ထိုးနေတယ်။ တန်းစီးနဲ့အတူ အခြား ထောင်ကျတွေ သူ့အနားကို လာသလိုလိုနဲ့ ကျမကို လာကြည့်ကြတယ်။ ကိုယ့်လူတွေတော့ လာတာ မတွေ့ရဘူး။ လာလို့မရကြဘူးဖြစ်မယ်။ ခုန ၀ါဒါမကို စကားထိုင်ပြောပြီးနေ့လည် အချိန်ကို ကုန်လွန်လိုက်တယ်။ ညက ကြမ်းပိုးထိုးတဲ့ဖျာကိုလည်း အပြင်ထုတ်မယ် ပြောပြီး ထုတ်ထားလိုက် တယ်။

တန်းစီးမကတော့ အဆောင်ပေါ်က လူတွေ နင့်ဆီလာချင်လို့ အဆောင်မှုးအလစ် ချောင်းနေတယ်လို့ လာပြောတယ်။ ကျမ မှတ်မိသလောက်တော့ ထောင်ကို စရောက်တဲ့ အချိန်မှာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်လား မသိဘူး။ အဲဒါပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ ဒါပေမယ့် ထောင်ဝင်စာ တွေ့လို့မရသေးဘူး ဆိုတာကို မှတ်မိနေတယ်။ ကျမ အိမ်ကတော့ သတင်းရသွားတာ သေချာနေပြီ ဆိုတော့ နောက်ပိုင်းရက်တွေ အတွက် နည်းနည်း စိတ်အေးရပြီပေါ့။

ညနေ ထောင်ပိတ်ခါနီးမှာ တန်းစီး ကျမဆီကို အထုတ်တခု ပိုက်ပြီးရောက်လာတယ်။ အထဲမှာ စောင်နဲ့ အ၀တ်အစားတချို့ဖြစ်နေတယ်။ အဆောင်မှုးဆီကို ကျမ သူငယ်ချင်းက သွားပို့ ပေးထားတာတဲ့။ သူသယ်လာတာကို လူမသိစေချင်ဘူး တဲ့။ တန်းစီးကတော့ မိန်းမထောင်က အဆောင်မှုးကို အကြောင်း အပေါင်း သင့်တယ်ထင်တယ် ။ သူ ကိုယ်တိုင်တက်တက်ကြွကြွ ယူလာပေးတယ်။ တကယ်တော့ ထောင်ဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ နေတတ်ရင် အကျယ်ကြီးလို့ အားပေးတတ်တဲ့ ကျမသူငယ်ချင်းတယောက်ကို သတိရလိုက်မိတယ်။ သူလဲ ခုချိန် အင်းစိန်ထောင်ထဲမှာ ဘယ်လိုနေမယ် မသိဘူး။ သူက ကျမထက် နည်းနည်းစောပြီး ၀င်သွားရတာပဲ။ ကျမကလည်း ခုချိန်ထိတော့ ဒုက္ခမတွေ့သေးဘူး။ အင်း.. ထောင်ထဲကနေ ဒုက္ခမတွေ့သေးဘူး ပြောလို့ တမျိုးဖြစ်နေမလားမသိဘူး။ နောက်ပိုင်း ကျမပြောပြမယ့် ထောင်ထဲက ဒုက္ခတွေကို သိရရင်တော့ ခု ပြောတာကို နားလည်လာလိမ့်မယ်။( နောက်မှသိရတာက စောင်ထည့်ပေးတဲ့ သူငယ်ချင်းက ကျမတို့မြို့မှာ နာမည်ကြီး အကျီ င်္ချုပ်တဲ့ဆိုင်။ အဲဒီအန်တီကြီးရဲ့ သမီးက သူတို့ဆိုင်မှာ အလုပ် လုပ်တာတဲ့။ ဒီတော့ ကျမသတင်းကို ကြားတာနဲ့ အဲဒီသူငယ်ချင်းက သူ့သမီးကတဆင့် ပေးခိုင်းလိုက်တာ။ နောက်ပိုင်းလဲ အဲဒီသူငယ်ချင်းပို့ပေးတဲ့ ငါးခူကြော်တွေ ။ ကြက်သားကြော်တွေလည်း စားရသေးတယ်။)

ဒီလိုနဲ့ နေလာလိုက်တာ တနင်္လာနေ့ ထောင်ပိုင်စစ်မယ့်နေ့ ရောက်လာတယ်။ မနက်စောစော ကျမကိုလည်း ထောင်ပိုင်လာရင် သူမေးတာ ကောင်းကောင်း ဖြေပေးနော်လို့ တန်းစီးကလာပြောတယ်။ သူတို့ကလည်း အပေါ်အောက်အဖြူတွေ ၀တ်လို့။ အမှိုက်ကောက်နေတဲ့ အဖွားကြီးတွေလည်း အဖြူဝတ်စုံတွေနဲ့ ကျမရဲ့တိုက်ခန်းရှေ့မှာတောင် လာကောက် နေသေးတော့တယ်။ အမှိုက်ကောက်နေတဲ့ အဖွားကြီး တယောက်က ကျမအခန်းရှေ့ရောက်တော့ ဟိုကြည့်ဒီကြည့် ကြည့်ပြီးကျမဆီကို အထုပ်သေးသေးလေးတခု လာပေးတယ်။ ကျမလဲ အမြန် ယူပြီး အခန်းချောင်လေးထဲ သွားဖွင့်ကြည့်တော့ ဘောပင်မင်ချောင်းလေးရယ် စာရွက်လွတ်လေးတရွက်ရယ်နဲ့ စာရေးထားတဲ့ စာရွက်ပိုင်းလေး တခုတွေ့တယ်။

အမရေ…
ရေးချင်တာ ရေးမှာလို့ ရအောင် ပို့ပေးထားတာ။ ဘယ်သူမှ မမြင်နိုင်တဲ့ နေရာမှာ သိမ်းထားနော်။ ဟင်းတွေ လိုရင် တန်းစီးဒေါ်ကြည်အောင်နဲ့ မှာလိုက်ပါ။ သူ့ကိုတော့ အကုန်မယုံပါနဲ့။ စကားအကုန်မပြောပါနဲ့။ မသန်းသန်းမြင့်ကို တချို့အကူအညီ တောင်းလို့ရမယ်။ ကျမတို့ အိမ်ကိုလည်း အကြောင်းကြားထားတယ်။ အမအိမ်ကို သွားပြောပေးဖို့။ သိပ်မကြာခင် တွေ့ရမယ်။
ဒါပဲနော်
သစ္စာဖြင့်
…….

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Monday, August 11, 2008

ဘ၀ဒိုင်ယာရီ အမှတ် (နှစ်)

မိတ်ဆက် နိဒါန်း
ဘ၀ဒိုင်ယာရီ အမှတ် ၂ ကို ဆက်ရေးပါလို့တောင်းဆိုလာသူတွေများတာကြောင့်(ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် မြှင့်လိုက်တယ်) အလုပ်များနေတဲ့ ကြားကပဲ ကြိုးစားရေးလိုက်တယ်။ ကိုယ့်အတွက်လဲ အမှတ်တရ သိမ်းထားစရာ ဖြစ်တာပဲ မဟုတ်လား။ တကယ်က ကိုယ့်အကြောင်းကို ရေးနေတာထက် အတွေ့အကြုံတခုကို ဝေမျှပေးချင်တာပါ။ စာလာဖတ်တဲ့သူထဲက တဦးဦးလဲ ဒီလိုအဖြစ်အပျက်မျိုးကို တွေ့ကြုံတဲ့အခါ နည်းနည်းတောင့်ခံနိုင်လိမ့်မယ် လို့ ယူဆလို့ပါ။ တချို့အခြေအနေက နည်းနည်းလေး တောင့်ခံထားလိုက်တာနဲ့ အများကြီး ပြောင်းလဲ နိုင်တယ်ဆိုတာကို ကျမက လက်တွေ့ သိခဲ့ ရတာမို့ ခုချိန်မှာ တွေ့ကြုံလာသမျှကို ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ စိတ်ဓါတ် အမြစ်တွယ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုတဲ့ စကားလေးကို မသိချင်ယောင်ဆောင်လို့ ဘ၀ ဒိုင်ယာရီ အမှတ်(၂) ထောင်တွင်း အတွေ့အကြုံကို ဖောက်သည်ချခွင့် ပြုပါတော့။

အပိုင်း(၁)

အကျဉ်းထောင်ကိုအသွား…….

ခေါင်းကိုစွပ်ပြီး ကျမကို တင်ခေါ်လာတဲ့ ကားက မြို့အ၀င်နားကိုရောက်တော့ ခေါင်းစွပ်ချွတ်လိုက်ပါပြီ။ နေ၀င်ဆည်းဆာမှ လှပနေတဲ့ ကျမတို့မြို့လေးရဲ့ညနေကို လယ်ကွင်းတွေဖြတ် ၊ ဈေးတွေကို ဖြတ်လို့ မြို့လည်က အကျဉ်းထောင် တည်ရှိရာကို ဦးတည်လာနေပါတယ်။ လမ်းတလျှောက်မှာ ကိုယ့်အသိများ တွေ့မလား လို့ သေချာ ကြည့်နေပေမယ့် ကံဆိုးစွာ မတွေ့ခဲ့ရပါဘူး။ တွေ့ရင်တော့ ထောင်ကို သွားပဟဲ့လို့ အကြောင်းကြားချင်လို့ပါ။ ဒါနဲ့ပဲ ထောင်ရှေ့လမ်းကို ချိုးကွေ့ ကားကို ထောင်ရှေ့မှာ ရပ်ပြီး ကားရှေ့ခန်းက ထောက်လှမ်းရေး အရာရှိတယောက် ဆင်းသွားတာ တွေ့ရပါတယ်။ ကျမကတော့ အီးတူးသောင်ဇင် ကားနောက်ခန်းမှာ အစောင့် စစ်သား ၂ယောက်နဲ့ ထိုင်ကျန်နေခဲ့ပါတယ်။ ကျမရဲ့ရှေ့မှာ အကျဉ်းထောင်ထဲကို ရုံးထုတ်က ပြန်လာတဲ့ အချုပ်သားတွေ တန်းစီဝင်နေတာလဲတွေ့နေရတယ်။ သူတို့ ၀င်ပြီးတဲ့ထိ ထောက်လှမ်းရေး အရာရှိက ပြန်မလာသေးဘူး။ ကျမလဲ အသိတွေ့မလား မျက်လုံးကို ပြူးကျယ်နေအောင် လိုက်ကြည့်နေတာပဲ။ ဘာဖြစ်တယ်မသိ ။ ကျမတို့ မြို့မှာ အင်မတန်လူသိများတဲ့ ကျမက ဒီနေ့မှာမှ ဘယ်သူမှကို မတွေ့ဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ နေက ကျလာနေပြီ။ ဘယ်ကိုများ ထပ်သွားရဦးမလဲ လို့တောင် စိတ်ထဲက တွေးမိလာနေပြီ။

ထောက်လှမ်းရေးအရာရှိနဲ့အတူ အကျဉ်းထောင် အရာရှိတယောက်ပါလာတာ တွေ့တယ်။ ကျမက ထောင်ဝင်စာ လာတွေ့သူတွေနဲ့ ပါလာဖူးတော့ ဒီအရာရှိကို မြင်ဖူးသလိုလိုပဲ လို့ သေချာကြည့်လိုက်မိတယ်။ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ဘိုရုပ်ပေါက်နေတဲ့ ထောင်ဝန်ထမ်းအရာရှိ တယောက်ပဲ ။ အဲဒီအချိန်က သူ့နာမည်ကို မသိသေးဘူး။ အနားကပ်လာတော့ ရင်ဘတ်က နာမည်ကို သေချာ ဖတ်လိုက်တယ်။ ဦးထွန်းဦး၊ ထောင်မှုးကြီး တဲ့။ ကျမကို ကားအောက်ဆင်းဖို့ခေါ်ပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ ဒါနဲ့ ခပ်မြန်မြန်ဆင်းပြီး ကားပေါ်က စစ်သားတွေကိုတောင် ကျမက နှုတ်ဆက် လိုက်သေးတယ်။ ထောက်လှမ်းရေးအရာရှိက ကျမကို ခပ်ငေးငေးကြည့်နေတယ်။ သူက ကျမထက်ကြီးလှ ၅ နှစ်လောက်ပဲ ထင်တယ်။ ထောင်မှုးကြီးနောက်ကနေ ထောင်ထဲဝင်တဲ့ တံခါးကြီးအတိုင်း ၀င်လိုက်တယ်။ တကယ်ဆို အကျဉ်းသားဆိုရင် တံခါးပေါက်သေးသေးလေးကနေ ခါးကုန်းခေါင်းငုံ့ဝင်ရအောင် လုပ်ထားတဲ့ ထောင်ထုံးစံအရ ကျမက တံခါးပေါက်သေးက ၀င်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ကျမက ထောင်မှုးကြီးကို ဖွင့်ပေးတဲ့ တံခါးပေါက်အကြီးကနေပဲ ခပ်တည်တည်ဝင်လိုက်တယ်။ ထောင်ဝါဒါတွေကလည်း ဘာမှမပြောပါဘူး။ ထောင်ရုံးခန်းမှာ ခဏထိုင်စောင့်ခိုင်းတယ်။ နောက် ထောင်မှုးကြီးနောက်မှာ အရစ်သုံးရစ်ပါတဲ့ ထောင်ဝါဒါတယောက် နဲ့ ကျမ တို့ လမ်းလျှောက်ရင်း မိန်းမဆောင်ဖက်ကို ထွက်လာခဲ့တယ်။ မိန်းမဆောင်သွားတဲ့လမ်းမှာ ယောက်ျားလေး အဆောင်တချို့ဘေးက ဖြတ်သွားရတယ်။ အဲဒီယောက်ျားလေး အဆောင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ ထားတာတဲ့။ သူတို့ကလည်း ကျမ ရောက်လာမယ် ဘယ်လို သတင်းကြားတယ်မသိ ။ ထောင်မပိတ်ခင် လမ်းလျှောက် လွှတ်တဲ့ အချိန်လဲ ဖြစ်နေတော့ တပျော်တပါးကြီး မတ်တပ်ရပ် နှုတ်ဆက်ကြတယ်။ အဲဒီထဲမှာ ကဗျာဆရာ ကိုအောင်ဝေးပါတယ်။ ဒေါက်တာသက်မင်း ပါတယ်။ ကျမရဲ့ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေ တော်တော်များများပါတယ်လေ။ သူတို့တွေက ကျမကိုဖမ်းမိတယ်ကြားပြီး တလလောက်သတင်းအစအန ပျောက်နေတော့ စိုးရိမ်နေဆဲ ခုလို ကျန်းကျန်းမာမာ မြင်ရတော့ ၀မ်းသာ သွားတယ်လို့ ထောင်ကလွတ်လာတော့ ပြန်ဆုံချိန်မှာ ပြောပြကြတယ်။

ကျမကလဲ ၀မ်းသာအားရ ပြန်ပြီး နှုတ်ဆက်တာပေါ့။ လက်တဖက်က ရေဘူးကို ပိုက်။ တဖက်က ကျွပ်ကျွပ်အိတ်ကို ဆွဲလို့ ပါးစပ်က အသံအော်ကျယ်ကျယ်နဲ့ ရယ်လို့ နှုတ်ဆက်နေတဲ့ ကျမကို ထောင်မှုးကြီးက တအံ့တသြကြည့်ရင်း နင်တို့ နိုင်ငံရေးမှုတွေက လာလိုက်ရင် ဒီလိုချည်းပါလားတဲ့။ ထောင်ထဲကို ပြုံးရယ်ပြီးဝင်လာတာ နိုင်ငံရေးမှု တွေပဲနော်တဲ့။ ကျမကို အားရပါးရ ချီးကျူးလိုက်တယ်။ ကျမကလည်း ဘာဝမ်းနည်းစရာ ရှိလို့လဲ ဒါလုပ်ရင် ဒီလိုဖြစ်နိုင်တယ် တွက်ပြီးသားပါလို့ ပြန်ပြောပစ်လိုက်တယ်။

ကျမ မိန်းမဆောင်ထဲ ၀င်လိုက်တော့ အဆောင်အကြီးတခုနဲ့ အသစ်ဆောက်ပြီးစ တိုက်သစ် တန်းလျားလေးတခု တွေ့လိုက်တယ်။ ကျမကို စောင့်နေပုံပေါက်တဲ့ ထမိန်နက်ပြာ အကျီ င်္ အဖြူဝတ် မိန်းမတွေကိုတော့ တန်းစီရပ်နေလျက်သား တွေ့လိုက်ရတယ်။ လူတွေ သွားလာနေတာတော့ မတွေ့ရဘူး။ ကျမကို ထားဖို့ လုပ်ထားတဲ့ နေရာနဲ့ ပတ်သက်လို့ မိန်းမထောင်က အကြီးအကဲနဲ့ ကျမကို လိုက်ပို့တဲ့ ထောင်မှုးကြီးနဲ့ စကား အခြေအတင် ပြောနေတယ်။ ကျမကလည်း ခပ်ဝေးဝေးမှာ မတ်တပ်ရပ်လို့ ကိုယ့်သူငယ်ချင်းတွေကို မျက်လုံးတောင်းမှောက် လိုက်ရှာနေပေမယ့် တယောက်မှ မတွေ့ရဘူး။ သူတို့တွေ စကားပြောနေတုန်း နောက်ထပ် ယောက်ျားထောင်မှုးတယောက် ၀င်လာတာ တွေ့ရတယ်။ နောက် သူကပဲ အသစ်တိုက်တန်းက ဒုတိယမြောက်အခန်းကို နေစေဖို့ အမိန့်ပေးနေတာ တွေ့တယ်။ ဒါ သူတို့လို သီးသန့်တွေအတွက် ဆောက်လိုက်တာ မဟုတ်လားလို့ ခပ်မာမာပြန်ပြောနေသံလည်း ကြားတယ်။

ဒီနောက်တော့ ခပ်ငယ်ငယ်နဲ့ ပျော့ပြောင်းတဲ့ မျက်နှာရိပ်ရှိတဲ့ ၀ါဒါမကလေးတယောက်က တံခါးသော့ကိုဖွင့်ပြီး ကျမကို အထဲ သွင်းလိုက်တယ်။ လှေခါးတထစ်တက်ရတဲ့ ၈ပေ ပတ်လည်လောက်ရှိပြီး အလယ်တံခါးပေါက်မှာ သံတိုင်တွေတပ်ထားတဲ့ တိုက်ခန်းထဲမှာတော့ ပျဉ်ခင်းထားတာကိုတွေ့ရတယ်။ ကိုယ့်မှာလည်း အခင်းပါမလာတော့ ကျွတ်ကျွတ်အိပ်ထဲမှာ ပါလာတဲ့ လုံချည်အပိုတထည်နဲ့ ဖုန်တွေခါပြီး ခင်းထာလိုက်တယ်။ နောက် ရေဘူးကိုဘေးချ မီးသီးလေး လင်းနေတဲ့ မျက်နှာကျက်ကို ကြည့်ပြီး လှဲချနေလိုက်တော့တယ်။ ဟူး … ညနေစာ လဲ မစားရသေးဘူး ။ ဗိုက်ဆာလိုက်တာ။ လှဲနေတုန်း တံခါးသော့ဖွင့်ပြီး မိလ္လာအိုးတလုံးကို ကောင်မလေး တယောက်က လာသွင်းပေးသေးတယ်။ အဆောင်ဘက်က တံခါး သော့ခတ်သံတွေ တစ်ခန်း လူဘယ်နှစ်ယောက် ။ နှစ်ခန်း လူဘယ်နှစ်ယောက်။ သုံးခန်း လူဘယ်နှစ်ယောက်ဆိုတဲ့ အော်သံတွေ ကြားရပြီး တံခါးသော့ကို ဆွဲလှုပ်ပြီးစစ်ဆေးသံကို ကြားနေရတယ်။ အော် … အဆောင်တွေ ပိတ်တာပဲလို့ သိလိုက်တယ်။ တကယ်က ထောင်အခေါ်အဝေါ်အရ တန်းပိတ်တယ်လို့ ခေါ်တယ် ဆိုတာ နောက်ပိုင်းသိလာတယ်။

ခဏကြာတော့ အခန်းဝက သံတိုင်နားမှာ ၀ါဒါတယောက်လာရပ်တယ်။ ကိုယ်နဲ့ ရွယ်တူလောက် ရှိမယ်ထင်တာမို့ ဟဲ့ ထမင်းမစားရသေးဘူး လို့ ပြောလိုက်တော့ ဟုတ်လား ဆိုပြီး ခဏလေး သွားရှာပေးမယ် နင်တို့လူတွေ လာကြည့်ခိုင်းလို့ ဆိုပြီး ခပ်သုတ်သုတ်ထွက်သွားတယ်။ အော် .. ငါရောက်နေတာ သိပြီပေါ့.. လို့ အားတက်သွားတယ်။ ဒီမှာတော့ အပြင်လူနဲ့ စကားပြောရတော့မယ် လေ။ သိပ်မကြာဘူး ။ ကော်ဇလုံလေး တခုကိုင်ပြီး ထမင်းနဲ့ ဟင်းကို ကျွတ်ကျွတ်အိပ်ထဲ ထည့်ထားတာတွေ သယ်လာပေးတယ်။ ဒါက မြင့်မြင့်အေး ပေးလိုက်တာ။ ဒါက တင်မာဦး နာမည်တွေ တခုပြီးတခု ပြောနေတယ်။ ဒါနဲ့ နင်အခင်းမရှိဘူးလားတဲ့။ အင်းဆိုတော့ အေး ပြီးရင်သွားယူပေးမယ် လို့ ထပ်ပြောတယ်။ သူတို့တွေက ဘာပါလာလဲ ကြည့်ခိုင်းတာတဲ့။ ဘာမှ ပါမလာဘူးလို့ နောက် ငါ့အိမ်ကိုလည်း အကြောင်းကြားပေးဦးလို့ ပြောတော့ အင်းတဲ့ ခပ်အေးအေးပဲ ပြောတယ်။ အဲဒီနေ့က သူတို့ဆီက ငံပြာရည်ကြော်နဲ့ ငါးခြောက်ကြော်နဲ့ ထမင်းစားလိုက်တယ်။ ထမင်းစားနေတုန်း အဲဒီတယောက်သယ်လာတဲ့ အောက်ခံ ဖျာကြမ်းရယ် စောင်ပါးတထည်ရယ် ကို အားရပါးရ ယူခင်းလိုက်ပြီး အိပ်ဖို့လုပ်တော့ သူက စကားပြောချင်ပုံပဲ။ အခန်းရှေ့နားမှာ ခုံတန်းလေးတခု လာချပြီးထိုင်တယ်။ ကိုယ်ကလည်း စကားမပြောဖြစ်တာ ကြာနေတဲ့ လူဆိုတော့ နာမည် ဘယ်သူလဲ လို့ စမေးလိုက်တယ်။ သန်းသန်းမြင့်တဲ့ သူ့မှာ ကိုးလအရွယ်သားလေး လဲ ရှိတယ်တဲ့။ ကလေးသွားခေါ်ပြမယ်ဆိုပြီး ခဏပြန်ထွက်သွားတယ်။ သူ ပြန်လာတော့ ရွှေကျီးပေါင်မုန့် ခြောက်တထုပ်ပါလာပြန်ရော။ အဆောင်ပေါ်က နင့်သူငယ်ချင်းတွေ ပေးလိုက်တာတဲ့။ မနက်မုန့်စားဖို့တဲ့။ အော် တယ်ဟုတ်ပါလားပေါ့။ ထောင်ဆိုတာ အေးဆေးပါပဲလား လို့တောင် တွေးမိသေး။

သူနဲ့ စကားစမြည်ပြောပြီး သူက ကျမရဲ့ ဆိုင်ကို သိနေတော့ သွားအကြောင်းကြားပေးမယ် ဆိုတာ သေချာပြောပြနေတယ်။ အင်း ကောင်းတာပေါ့ ။ နို့မို့ အိမ်က စိတ်ပူနေမယ်လို့ ပြောလိုက်ပြီး မိတ်ဆွေဖွဲ့လိုက်တယ်။ သူကလဲ လိုတာရှိရင် သူ့ကို မှာနိုင်ကြောင်း ပြောပြီး မိတ်ဆက်ပေါ့။ အဆောင်ပေါ်က ဘုရားရှိခိုးသံထွက်လာမှ သူ ပြန်သွားတော့ အိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်မရဘူး။ ဘယ်ရမလဲ သယ်လာပေးတဲ့ ဖျာကြမ်းက ကြမ်းပိုးတွေ အများကြီးပဲ ။ ခြေထောက်မှာကိုက်ထားလိုက်တာ ရဲနေတဲ့ အဖုအပိန့်တွေ နဲ့။ ဒါနဲ့ ဖျာကြမ်းကို ဖယ်ပြီးခြေရင်းဖက်မှာ သွားထောင်ထားလိုက် တယ်။ ပြီးတော့ ဖျာကြမ်းပေါ်ခင်းထားတဲ့ လုံချည်ကို ပြန်ခင်းပြီး စောင်ကို ခေါင်းမြီးခြုံထားလိုက်တယ်။ ရောက်ခါစဆိုတော့ နည်းနည်းကြောက်တာနဲ့ ခေါင်းကိုပါ ခြုံထားလိုက်တာလေ။

ညတော်တော်နက်တဲ့အချိန်မှာ အားလုံးကောင်း ဆိုတဲ့ အော်သံတွေလဲကြားရတယ်။ အော် .. ငါထောင်ကို ရောက်ပါပေါ့လား လို့ သတိတရ ဖြစ်မိလိုက်တဲ့အချိန်ပဲ။

(ဆက်ရန်)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်