Sunday, April 18, 2010

ဝမ်းနည်းကြောင်းလေး ရေးပေးပါ....





ဗုံးပေါက်ကွဲမှုတွေကနေ သင်ခန်းစာတွေ ယူတတ်ကြဖို့ လိုလိမ့်မယ်လို့ ဖေ့ဘွတ်တွေ လည်ဖတ်ရင်း ဘလော့တွေ လည်ဖတ်ရင်းကနေ တွေးမိသွားတယ်။

တကယ်က ခုသေတဲ့လူတွေကိုကြည့်ပြီး ကျမသနားမိတာက ကျန်တဲ့လူတွေ သနားတာနဲ့ နည်းနည်းကွာခြားမယ်။ ဘယ်လိုကွာခြားလဲ ဆိုတော့ စစ်တပ်ဆိုတာနဲ့ ပေါင်းနေရင်၊ သူတို့ စိတ်ကျေနပ်အောင် မျက်နှာချိုသွေးနေနိုင်ရင်၊ နိုင်ငံရေး ဆိုတာကြီးနဲ့ ဝေးဝေးနေနိုင်ရင် ငါတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် စိတ်ချရပြီလို့ စဉ်းစားထားတဲ့လူတွေ လက်တွေ့ ကျင့်သုံးနေတဲ့လူတွေ အတွက် သူတို့အားထားလေးစားကိုးကွယ် မျက်နှာချိုသွေးနေတဲ့ အဲဒီ ဗွီအိုင်ပီ လူတန်းစားကြီးရဲ့ ဗွီအိုင်ပီ ရေကစားမဏ္ဍပ်မှာ ခုလိုလဲ သေနိုင်တယ် ဆိုတာကို အသက်နဲ့ ရင်းပြီးမှ သိလိုက်ရလို့ပဲ။

ဒီစနစ်ကြီးအောက်မှာ နိုင်ငံရေးမလုပ်ဘူး။ လက်ရှိအာဏာရှိသူနဲ့ ပေါင်းရင် အဆင်ပြေတန်ကောင်းပါရဲ့၊ အသတ်မခံရဘူး၊ အဖမ်းမခံရဘူး၊ ပစ္စည်းတွေအလုမခံရဘူး၊ အခွင့်အရေးတွေတောင်ရမယ်လို့ တွေးပြီး ဘ၀ကို လဲခဲ့ရတဲ့လူတွေပါပဲ။ ဘယ်လောက်မျက်နှာချိုသွေးသွေး မကြည်တဲ့အခါ ဖနောင့်နဲ့ အပေါက်ခံရတတ်တာတွေက ရှေ့မှာ သင်ခန်းစာတွေ ပေးသွားတဲ့ လူတွေ လဲ မနည်းပါဘူး။

Tuesday, April 6, 2010

ရင်ထဲ ရှိရာ ….ယုံကြည်ရာ

ဧရာဝတီက ဦးခင်မောင်ဆွေ ဆောင်းပါး ကို ဖတ်ပြီး အော် ခေတ်တိုင်းခေတ်တိုင်းမှာ ဒီလို ခွေးကတက်က နေရနေရ ဆိုတဲ့ လူမျိုးတွေ ရှိပါလားလို့ တရားကျသွားရတယ်။( အဲဒီကောမန့်ကို ဧရာဝတိက တည်းဖြတ်တာ ခံရသေးတယ်)သူက ပါတီကိုတော်တော်ချစ်ပုံပဲ။ ဘာလို့ဆို ဒီနာမည်နဲ့ပါတီမှတ်ပုံတင်မှ၊ ရွေးကောက်ပွဲဝင်မှ သူ့ကို လက်ခံမယ် လို့ တစုံတယောက် အဖွဲ့အစည်းတခုကများ ပြောထားသလားမသိ။ မှတ်ပုံမတင်တော့ ၀မ်းနည်းလွန်းလို့တဲ့။ လွှတ်တော်ထဲက တိုက်ချင်လို့တဲ့။ အမျိုးသားညီလာခံမှာ ခံထားရတာကို သူမသိလို့ ဖြစ်မှာပါလို့ လျော့ပေါ့တွေးပေးနေရတယ်။ လူကြီးဆိုတော့လဲ တွေးမိတွေးရာ ရေးမိရေးရာ ရေးတယ်ထင်ပါတယ်လေ။

အံမယ် သူက ဆိုသေးတယ်လေ။ ခေါင်းအေးအေး ထားစဉ်းစားတာ ရေရှည်အကျိုးမျှော်တတ်တာ သူတို့ ၃ ယောက် ၄ ယောက်ပဲ ဆိုလား။ အော် ငါးဖယ်က ပြောင်းပြန်လို့။ ကိုယ့်ထက် အသက်ကြီးပေမယ့် သူ့အတွေးအခေါ်က ဘာလို့ လွဲနေပါလိမ့်လို့ စဉ်းစားရတာ ခေါင်းတောင်စားသွားသေးတယ်။
သူထောင်ထဲမှာ နေခဲ့တဲ့ နှစ်တွေကို နှမြောမိသေးတယ်။ စောစောစီးစီးသာ ခုလိုတွေးမိရင် စောစော ထွက်နေရမှာပဲဟာနော်။

ခုဆို နိုင်ငံခြားသူ(ထိုင်းမ)ကို ယူထားတဲ့ ဦးသုဝေ ဘယ်လောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲ ကို ၀င်ကြပါ မဲဆွယ်ပေးသော်လည်း ၀င်ခွင့်မရနိုင်၊
ဒေါ်သန်းသန်းနု လဲ ထိုနည်းလည်းကောင်း မြန်မာနိုင်ငံမှာ တဆက်တည်း ၁၀ နှစ် မနေထားမိလို့တဲ့ (ငယ်တုန်းက နေထားတာ မရဘူးလားမသိ) ၀င်ရဘူးတဲ့။ အင်တာဗျူးမှာ နားထောင်လိုက်ရတာ….
ဒေါက်တာခင်ဇော်ဝင်းလဲ နိုင်ငံခြားက လခစားဖြစ်နေတော့ ၀င်လို့ရပါ့မလား သူ့မှာ ပါတီလဲ မရှိ….
နိုင်ငံခြားနဲ့ ဖုန်းလဲ တကော၊ စာလေးတစောင် ၊ အင်တာဗျူးလေးတခု လုပ်မိရင်တောင် ပါတီဖျက်သိမ်းခံရမယ့် ဥပဒေအောက်မှာ…….

လွတ်မြောက်နယ်မြေက ၀င်ချင်နေတဲ့ လူတွေလဲ အခြေခံဥပဒေကို သေချာ မဖတ်မိဘူးလား။ အိမ်ကိုပဲ အရမ်းပြန်ချင်နေတာလား မိဘတွေအတွက် ခုမှပဲ ပြန်စဉ်းစားမိနေတာလား။
……..
အင်းလေ..သူတို့လဲ သူတို့သမိုင်း သူတို့ရေးနေတာပဲမဟုတ်လား။
...........
.................
ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလဲ ပြည်သူသို့ ပန်ကြားလွှာထွက်သတဲ့။
တကယ်က တိုက်ပွဲမဆုံးသေးဘူး။ တကယ့် အာဏာဖီဆန်ရေးတိုက်ပွဲတွေက ခုမှ စမှာမို့ အရင် ဦးအောင်ရွှေလက်ထက်က မအောင်မြင်ခဲ့တာကို တောင်းပန်တာလားမသိ လို့ တွေးမိတယ်။

အန်အန်လ်ဒီမှာ လုပ်ရမယ့် လမ်းတွေ ။ တိုက်ရမယ့် တိုက်ပွဲလက်နက်တွေ ၊ နည်းနာတွေ ရှိနေပါသေးတယ်။ အဲဒါကို မှတ်ပုံမတင်ဘူးလို့ ဆုံးဖြတ်ကြတဲ့ အဖွဲ့ဝင်တွေ အမတ်တွေအားလုံး မှာ တာဝန်ရှိသလို အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံတဲ့ အဖွဲ့တိုင်း ပြည်သူတိုင်းမှာလဲ တာဝန်ရှိတယ်။

အဲဒါကတော့..
၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေက ကျွန်ုပ်တို့ ရှေ့ကခေါင်းဆောင်ပေးပါ ဆိုတဲ့ မန်းဒိတ်ကို ရယူထားပြီးနောက် တခါမှ အသုံးမပြုရသေးတဲ့ အတွက် အဲဒီမန်းဒိတ်ရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်ရထားတဲ့ မန်းဒိတ်တွေကို အသုံးချပေးဖို့ တာဝန်။

ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ပြောပြီး သူကိုယ်တိုင်ရှေ့ဆောင်လုပ်ပြတဲ့ မတရားတဲ့အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတာကို အန်အန်လ်ဒီအဖွဲ့ဝင်တွေ ခေါင်းဆောင်တွေက ရှေ့ဆောင်လမ်းပြ တဆင့်ပြီးတဆင့် လုပ်ဆောင်ပြကြဖို့။

ဘဘဦးဝင်းတင်ပြောတဲ့ သူသေ ကိုယ်ရှင် နည်းလမ်းတွေကို ကြံဆ တိုက်ပွဲဝင်ဖို့။

ဒီသုံးခုကို တညီတညာတည်း အဖွဲ့ချုပ်က လုပ်ကြည့်ပါ။ ပြည်သူနဲ့ တသားတည်းနေပါဆိုတာ ပြည်သူတွေလမ်းပေါ်ထွက်ရင် လိုက်ထွက်ပေးနိုင်ဖို့ နဲ့ ပြည်သူတွေ လိုက်ပါနိုင်အောင်လဲ ကိုယ်က အရင်ရှေ့ထွက်ဦးဆောင်ပြနိုင်ဖို့ပဲ မဟုတ်ပါလား။

…….
...........
လူထုတိုက်ပွဲကော်မတီ ၂၀၁၀ ရဲ့ ပြည်သူ့အစိုးရပေါ်ထွန်းရေးနဲ့ ဘူး လှုပ်ရှားမှုကို အပြည့်အ၀ ထောက်ခံပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Friday, April 2, 2010

ခြေရာကောက် စစ်တမ်း

အခုလက်ရှိ နအဖရဲ့ အကျဉ်းထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၁၈၅ ယောက် ရှိနေပါတယ်…
……………
တိတ်ဆိတ်နေတဲ့ ခန်းမထဲမှာ အကျဉ်းသား ၀တ်စုံတွေ ၀တ်ဆင်ထားပြီး ခြေထောက်မှာ သံဒေါက်တွေနဲ့ အကျဉ်းသား ၁၀ ယောက်က တန်းစီမတ်တပ်ရပ်နေတယ်။ အခမ်းအနားမှူးက ခုနစကားကို မိုက်ခရိုဖုန်းကနေ တဆင့်ပြောပြတယ်။ ရင်ထဲကို ဆောင့်တက်သွားပြီး မျက်လုံးမှာ မျက်ရည်ချက်ချင်းဝဲတက်လာတယ်။ ဒီလိုအခင်းအကျင်း ဒီလို ၀တ်စုံတွေနဲ့ …….. ဘယ်လိုမှမခံစားနိုင်ဘူး။ နောက်ကို မျက်လုံးဝေ့ကြည့်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးကို မြင်တွေ့လိုက်တယ်။ ဘယ်ကိုမှ ဆက်မကြည့်ရဲတော့ဘူး။ မျက်ခွံကို မှိတ်ထားပြီး ခပ်တောင့်တောင့်ရပ်နေမိတုန်းမှာ နားထဲမှာ ဆက်ကြားရတာက ပုံစံအော်သံ၊ နောက် ပုံစံကြီးအော်သံ….

Sunday, March 21, 2010

ကျောခိုင်းလှည့်ထွက်သူများသို့

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျမသဘောထားတွေ တင်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ ဥပဒေတွေ ထွက်လာပါတယ်။ အဲဒီမှာ ပိုပြီး ကောက်ကျစ်ယုတ်မာမှုတွေ အထင်းသားတွေ့ရပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ တစည နဲ့ တိုင်းရင်းသားပါတီ ၁၀ ဖွဲ့ လက်ရှိတရားဝင် တည်ရှိနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အကောင်အထည်ဖေါ်ဆောင်မှု ဘာမှမရှိပဲ သူတို့ဖာသာ ရေးတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ အသစ်ထပ်လုပ်မှာမို့ ခုန ပါတီ ၁၀ဖွဲ့က ပြန်ပြီးမှတ်ပုံတင်ရမတဲ့။ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံမတင်ရင် ပျက်ပြယ်မတဲ့။

အံမယ် သူတို့က တိုင်းပြည်အတွက် သိပ်ပြီး အစိုးရိမ်ကြီးသေးတယ်။ ပါတီက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းကိုတင် အရည်အချင်းကန့်သတ်တာ မဟုတ်ဘူး။ ကိုယ့်ဖာသာ ထောင်မယ့် ပါတီက ပါတီဝင်တွေကိုတောင် လိုက်ပြီး အရည်အချင်း သတ်မှတ်ပေးသေးတယ်။ သိပ်ပြီး စေတနာကြီးတာကိုး။ ထောင်ကျနေတဲ့ လူတွေပါတီထဲပါရင် ပါတီသိက္ခာကျမှာမို့ ပါဝင်ခွင့် မပြုဘူးတဲ့။ ထူးထွေတည့် အံ့ရာသော် ပါပဲလေ။

Sunday, March 7, 2010

2010 ရွေးကောက်ပွဲနှင့် ပတ်သတ်၍

မြန်မာ့သတင်းသမဂ္ဂ ရဲ့ ညီလာခံကို သွားတက်ရင်း အဲဒီက ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် စကားဝိုင်း ရဲ့ အငြင်းအခုံကို ၀င်ပြောဖြစ်ခဲ့သေးတယ်။
ဦးသုဝေရော ဒေါက်တာ ခင်ဇော်ဝင်းကပါ ရွေးကောက်ပွဲ ၀င်ပြီး ပါလီမန်ထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်တဲ့။

ရွေးကောက်ပွဲဝင်ဖို့လာပြောနေတဲ့ ၂ ယောက်မှာ ဦးသုဝေ ဆို သူပြင်ဆင်နေတဲ့ပါတီက ခုထိတောင် မှတ်ပုံမတင်ရသေးဘူး။ ဒေါက်တာခင်ဇော်ဝင်းဆို ဘယ်ပါတီဝင်မှ မဟုတ်တဲ့ အန်ဂျီအို ၀န်ထမ်း။ သူတို့ ကိုယ်တိုင်တောင် ခုထိ ဘယ်လိုရွေးကောက်ပွဲ ၀င်ရမယ်။ ဘယ်လိုစည်းရုံးရေးဆင်းမယ် ၊ ကိုယ့်ပါတီကို ဘယ်လိုတိုးချဲ့ဖွဲ့စည်းမယ် ဆိုတာတွေ အတည်တကျ မလုပ်ရသေးပဲ သူတို့ဝင်ပြီးနိုင်ရင် ပါလီမန်ထဲက ဖွဲ့စည်းပုံကို ပြင်မတဲ့။

ဖွဲ့စည်းပုံရဲ့ အပြစ်အနာအဆာတွေထဲကမှ စစ်တပ်ရဲ့ ပါဝင်မှု ၂၅ ရာနှုန်းတင်မကပဲ ကာကွယ်ရေး စစ်ဦးစီးချုပ်က နိုင်ငံတော် ချောက်ထဲကျမယ့်အခြေအနေ၊ အချုပ်အချာအာဏာ ထိပါးလာနိုင်မယ့် အခြေအနေမှာ အာဏာသိမ်းခွင့်ရှိတယ်လို့ အပြီးသတ်အာဏာကို ချုပ်ကိုင်ထားတဲ့ အချက်ကိုတောင် မမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်တာလားးး။။

Saturday, February 13, 2010

စပ်မိစပ်ရာ ... အတင်းတိုထွာ


ဒီနေ့ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိရင် မွေးနေ့ မွေးရက် တထပ်တည်း ကျတဲ့ အသက် ၉၅နှစ်ပြည့် မွေးနေ့ကို ကျင်းပကြရမှာပါ။ ဒီနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ် ဗိုလ်တေဇလေးတွေ ဗိုလ်အောင်ဆန်း လေးတွေ အားကျအတုယူနိုင်ဖို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လဲ စစ်အစိုးရလက်ထက်မှာတော့ အောင်ဆန်းဆိုတဲ့ နာမည်တောင် တတ်နိုင်သလောက် ရှောင်ကျဉ်နေကြလေတော့ မြန်မာနိုင်ငံကလေးများနေ့လုပ်ပေးဖို့ ဆိုတာကတော့ ဝေး ဝေး ပေါ့။

ပြည်ထောင်စုနေ့ မိန့်ခွန်းရှည်ကြီးထဲမှာများ ပင်လုံစာချုပ်တို့ တောင်တန်းဒေသ ခေါင်းဆောင်များတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆိုတာတွေ ပါမှာစိုးလို့များလားမသိ။ စကားတလုံးနဲ့တလုံး ပါဆယ်နဲ့ ပို့ယူရတဲ့အထိ လေးတွဲ့စွာ သတိထားဖတ်ကြားသွားပါလေရဲ့။

ပြည်ထောင်စုနေ့ ကျင်းပရတဲ့ ရည်ရွယ်ချက်တွေ တောင် ပြောင်းလို့ရသလောက် ပြောင်းထားပြီးမှတော့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကတော့ မသိလေ ပိုကောင်းလေလို့ သဘောထားလိုက်ရောပေါ့။

Sunday, February 7, 2010

သားသား( ၄)

စာမရေးတာကြာပြီး ပြန်ရေးဖို့ ပြင်တော့ သားသားအကြောင်းပဲ ရေးချင်လာတယ်။
ဒီတခါတော့ သားသားရဲ့ ၀ါသနာတချို့ မှတ်တမ်းတင်ထားချင်လို့ပါ။

သူက စွန့်ဦးတီထွင်တော့ဖြစ်မယ်မထင်ဘူး။ ဘာ့ကြောင့်ဆို ငယ်ငယ်က ကစားစရာအသစ်တခု ၀ယ်ပေးရင်တောင် ချက်ချင်းကိုင်မဆော့ဘူး။ သူ့ကိုတယောက်ယောက်က ဆော့ပြရသေးတယ်။ ဘာမှမဖြစ်ဘူး လို့ သူစိတ်ချမှ ကိုင်တတ်တဲ့အမျိုး။ ဒါ့ကြောင့်လဲ သူငယ်ငယ်က အပူလောင်တာ ချော်လဲတာ ဘာညာ သိပ်မရှိဘူး။ ဘယ်အလုပ်မဆို ချက်ချင်း ဇိုးကနဲ ဇတ်ကနဲ မလုပ်ဘူး။

သူ စိတ်ဝင်စားတာက discorvery လိုမျိုး မှတ်တမ်းကားတွေ ၊ နောက် ကမ္ဘာလုံး တွေပဲ။ ငယ်ငယ်တုန်းက ကမ္ဘာလုံးခပ်သေးသေးတွေပဲ ရလို့ အကြီးကြီး ရရင် ၀ယ်ပေးမယ်လို့ ပြောထားခဲ့ဘူးတော့ ထိုင်းကိုရောက်တဲ့အခါ ကမ္ဘာလုံးအကြီးကြီးတွေ တွေ့ရင် ၀ယ်ခိုင်းတတ်တယ်။

ဒါပေမယ့် ခုနည်းနည်းကြီးပြီး ကွန်ပျူတာ ကိုင်တတ်တဲ့အခါမှာတော့ google earth ကိုဒေါင်းလုပ်ဆွဲပေးခိုင်းနေပြီ။ အိမ်ကို နိုင်ငံတကာက ရဲဘော်ဟောင်းတွေ တယောက်ယောက်လာလည်ရင် ဘယ်နိုင်ငံကလဲမေးပြီး သွားရှာတာပဲ။ တခါတလေကျ သူနေခဲ့တဲ့ မြို့ ကို ပြန်သွားရှာကြည့်တတ်သလို ခုနေတဲ့ မြို့ကိုလဲ အသေအချာ လိုက်ကြည့်နေတတ်ပြီ။ သူတက်တဲ့ကျောင်း ၊ မြို့အ၀င်လမ်း ၊ ဆေးရုံ စသဖြင့် တွေ့တဲ့အခါ မိဘတွေကို ခေါ် ခေါ် ပြတာပဲ။ သူကမ္ဘာကြီးက နိုင်ငံတွေ မြို့တွေကို စိတ်ဝင်စားတာကတော့ ခုကတည်းက သားသားဘယ်တော့ အဲဒီနိုင်ငံတွေကို သွားလို့ ရတော့မလဲ လို့ ခဏခဏမေးတာပါပဲ။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့အခါ သားသွားချင်တဲ့ နိုင်ငံတွေကို သွားလို့ရလိမ့်မယ်လို့ ဖြေပေးထားရတယ်။

ကိုယ့်အကြိုက်

ဘလော့လေးကို ဖုန်သုတ်သန့်စင်ရင်း ဘလော်ဂါညီမလေး ပေါက်ရဲ့ ကိုယ့်အကြိုက် tag ကိုရေးလိုက်ပါပြီ။

ရေးလက်စပြတ်သွားတော့ ရေးရမှာ ပျင်း။ ရေးရမှာ ပျင်းတော့ ခေါင်းထဲက ရေးချင်တဲ့အကြောင်းလေးတွေ ပေါ်လာတာတောင် ကီးဘုတ်ကို မနှိပ်ချင် ဖြစ်ရတာမို့ ခေါင်းနဲ့ မော်နီတာ ကြိုးနဲ့ ဆက်ထားပြီး တွေးသမျှ စာလုံးပေါ်နိုင်အောင်လုပ်တဲ့ စက်ကလေးများ တီထွင်ကြရင်ကောင်းမယ်လို့ စဉ်းစားမိသေးတယ်။
ငယ်ငယ်တုန်းက ဖတ်တဲ့ကာတွန်းထဲက ဖိုးဆိတ်ဖြူသာ ရှိသေးရင် သိပ်ကောင်းမယ်။ တီထွင်ပါရဂူ ဖိုးဆိတ်ဖြူဆိုရင်တော့ ပူဆာတာ အကုန်လုပ်ပေးနိုင်မှာပဲနော်။

ဘလော့မဖတ်မလည် မရေး လုပ်နေရင်း ညီမသက်ဝေက အမကိုလဲ တဂ် တဲ့အထဲပါတယ် ပြောလာတယ်။ ဘာအကြောင်းတဂ်ထားသလဲ မေးတော့ ကိုယ်အကြိုက် လုံချည်(ထဘီ) လေးအကြောင်းတဲ့။ ဗုဒ္ဓေါလို့ တမိပါတယ်။ ဘာလို့ဆို ဒီမှာ နေတာ ဘောင်းဘီချည်းဝတ်ဖြစ်တာ များတယ် ဆိုတော့ ဘယ်လိုရေးရပါ့မလဲ ခက်လိုက်တာ လို့ ညည်းမိတယ်။ ပြီးတော့ ပြန်စဉ်းစားရင် အိမ်မှာတော့ လုံချည်ဝတ်ဖြစ်ပေမယ့် အပြင်သွားရင် ဘောင်းဘီပဲ ၀တ်ဖြစ်နေတာမို့ ဘာအကြိုက်ဆုံးလဲတောင် စဉ်းစားမရဖြစ်နေတယ်။


သေချာပြန်စဉ်းစားရင်တော့ ငယ်ငယ်က လုံချည်(ထဘီ)၀တ်ချင်လွန်းလို့ မေမေတို့ ဈေးဝယ်ထွက်တဲ့ ကျောင်းပိတ်ရက်မျိုးမှာ သူတို့ လုံချည်တွေ ယူပြီးဝတ်ရင်း ရေသီနားခတ်တမ်းဆော့ခဲ့တာကို သတိရတယ်။ တကယ်လုံချည်(ထဘီ)၀တ်ဖြစ်တာက ၉ တန်းမှပါ။ ကျမတို့ကျောင်းက ၈တန်းထိ စကဒ်ဝတ်ခွင့်ပေးပါတယ်။ ၉ တန်းရောက်ရင်တော့ မဖြစ်မနေ ထဘီဝတ်ရမယ်ဆိုတော့ ထဘီမမြဲတဲ့ ကျမအဖို့ ခါးပတ်ပတ်ဝတ်ခဲ့ရပါတယ်။ ခါးတိုအကျီ င်္နဲ့ ထဘီခါးပတ် ပတ်ဝတ်ခဲ့ရတဲ့ ငယ်ဘ၀မှာတော့ တော်တော်ခါးသက်ဖွယ်ရာပါပဲ။ နောက် ထဘီဝတ်ကျင့်ဖြစ်တယ်။ သူများတွေလို ဒီတိုင်းဝတ်ချင်လွန်းလို့ ကျောင်းပိတ်ရက်မှာ အိမ်နေရင်း စကဒ်မ၀တ်ပဲ ထဘီဝတ်နေတယ်။ လူရှေ့သူရှေ့ဆို ထဘီပြင်ဝတ်တတ်လွန်းလို့ ခဏခဏ အဆူခံခဲ့ရတဲ့ ငယ်ဘ၀ပါပဲ။

ဒါပေမယ့် အဲဒီတုန်းက ကျင့်ခဲ့တဲ့ အကျိုးကြောင့် နောက်ပိုင်းမှာ ကျမ ထဘီတခါဝတ်ထားရင် အကြာကြီးခံတယ်။ ပြန်ပြင်မ၀တ်ရတော့ဘူး။ ဒေါက်ထည့်ဝတ်တတ်တာကလဲ ကောလိပ်တတ်တော့မှပါ။ ဒေါက်လေးဒေါက် တဒေါက်ချင်းထည့်တဲ့ ပတ်လည်ဒေါက်ကို ချည်သားထည်တွေမှာ ထည့်ဖြစ်ပြီး ပွဲနေပွဲထိုင်အ၀တ်တွေမှာတော့ ၂ ဒေါက်ပြိုင် လေးဒေါက် ထည့်ပြီး ပုံကျပန်းကျဝတ်တတ်လာတယ်။

ကျမက ပတ်ထဘီတွေ လုံချည်စကဒ်တွေကို မကြိုက်ဘူး။ ကိုယ့်စိတ်ကြိုက် ချပ်ချပ်ရပ်ရပ်ပြင်ဝတ်လို့ရတဲ့ ကွင်းလိုက်လုံချည်ထဘီလေးတွေပဲ ကြိုက်ခဲ့တယ်။

ကိုယ်ဝတ်တတ်စားတတ်တဲ့ အရွယ်ရောက်တော့ တရုပ်ချည်ထည်တွေ ခေတ်စားလာတာကလဲ ကျေးဇူးးတင်စရာပဲ။ တရုပ်ချည်ထည်က အဆင်ဆန်းဆန်းလေးတွေကို ကြိုက်တတ်သလို အပွင့်နုတ်နုတ်လေးတွေကိုလဲ ကြိုက်နှစ်သက်ခဲ့တယ်။ အဲဒီတုန်းကတော့ ၀မ်းဆက်တွေ ချုပ်ဝတ်ဖြစ်ခဲ့တယ်။ အဖြူခံပေါ်မှာ ပန်းရောင် အ၀ါရောင် အစိမ်းရောင်နဲ့ ငယ်ကကြည့်ဖူးတဲ့ ဖန်စင်္ကြာထဲက ပန်းပွင့်ပုံလေးတွေ ဖော်ထားတဲ့ တရုပ်ပိတ်ဝမ်းဆက်ကလေးဟာ ကျမရဲ့ အစွဲလမ်းဆုံး ၀တ်စုံလေး ဖြစ်ခဲ့ဘူးတယ်။

အလုံးတွေပေါ်တဲ့အချိန်မှာတော့ အလုံးအကြီးကနေ အသေးဆုံးထိ အရောင်စုံ အလုံး ဆိုဒ်စုံ ၀ယ်ဝတ်ခဲ့တယ်။ အဖြူလုံးတွေချည်းပဲမို့ အပေါ်က အကျီ င်္ကို အဖြူနဲ့ပဲ တွဲဝတ်တတ်လွန်းလို့ ကျမရဲ့ အဆောင်သေတ္တာထဲမှာ ရှိသမျှအကျီ င်္ အဖြူရောင်တွေချည်းပါပဲ။ မီးခိုးရောင်ဖျော့ဖျော့ပေါ်မှာ ဖန်ခွက်အ၀ိုင်းလောက်ရှိတဲ့ အဖြူလုံးထဘီလေးတထည်ဟာလဲ ကျမရဲ့ ဖေးဘရိတ်ဖြစ်ခဲ့ဘူးတယ်။

အဲဒီခေတ်ပြီးတော့ ဒါးကြီးပါတိတ်ခေတ်၊ ဘူးပါတိတ်ခေတ်တွေရောက်လာတော့ ကျမက နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါနေပြီဖြစ်တော့ အ၀တ်အစားမှာ ယောလုံချည်အညို၊ အနက် ၊ အစိမ်းရင့်တွေ ချည်း ၀တ်ဖြစ်ပြန်ပါရော။ ၂ နံစပ် အညိုယောလုံချည်မှာ ရောင်စုံ စင်္ကြာပုံလေးတွေ ပါတဲ့ ထဘီလေးတထည်ကို ကျမဖြင့် ဘယ်လိုမှ မေ့မရနိုင်တာ ဒီနေ့ထိပဲ။

ထိုင်းရောက်တော့ ပတ်ထဘီလေးတွေ ၀တ်ဖြစ်ခဲ့ပေမယ့် လုံချည်ကွင်းလိုက် ၀တ်ရတာလောက် မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့်လဲ ချည်ထည်ကိုသာ ကြိုက်နှစ်သက်တဲ့ စိတ်အခံကြောင့်ရယ် ပတ်ထဘီပေါ်က လက်နဲ့ရေးတဲ့ ပန်းပွင့်လေးတွေကို နှစ်သက်မှုရယ်ကြောင့် ၀ယ်ထားတဲ့ ပတ်ထဘီအနက်ရောင်လေးတထည်ကိုတော့ ဒီနေ့ထိ ကြိုက်မိတုန်းပါပဲ။

ကိုယ်ကြိုက်မိတဲ့ ပတ်ထဘီလေး ၀တ်ထားတယ်။
ထောင်က ထွက်မယ့်နေ့ဝတ်ခဲ့ဘူးတဲ့ အစိမ်းရင့်ပေါ်မှာ အဖြူ ၂ ဆင့်ချိတ် အချွန်လေး၊ ဘွဲ့ယူတုန်းက ၀တ်တဲ့ အဖြူပေါ် အောက်နားရောင်စုံအချွန်းနဲ့ ဟေမာနေ၀င်းချိတ်ဆင်လေး ။
မင်္ဂလာဆောင်တုန်းက ၀တ်ခဲ့တဲ့ ကျောက်ပွင့်ကပ် ပုဇွန်ဆီရောင် ဇာဝတ်စုံလေး။

ကိုယ့်အကြိုက်တွေကလဲ များလွန်းလှပါတယ် ပေါက်ရေ… ဒီလောက်ရေးဖြစ်တာပဲ ကျေနပ်ပါတော့နော်။

စာပြန်ရေးဖြစ်အောင် သတိတရ တဂ်ပေးတဲ့ ညီမပေါက်ကို အထူးကျေးဇူးတင်ပါတယ်။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

Thursday, December 31, 2009

၂၀၀၉ ကို နှုတ်ဆက်ခြင်း

၂၀၀၉ ခုနှစ်မှာ မှာ ပို့စ် ၆၀ အတိဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။
၂၀၀၈ ခုနှစ်တုန်းက ထက် ရေးနိုင်အားပိုနည်းသွားပါတယ်။ ၂၀၀၇ မှာ ပို့စ် ၉၉ ၊ ၂၀၀၈ မှာ ပို့စ် ၇၉ ၊ ၂၀၀၉ မှာ ပို့စ် ၅၉ ဆိုရင် တနှစ်ကို ပို့စ်ပေါင်း ၂၀ တိတိ လျော့နည်းလာတာမို့ ဒီနှစ် အဲလို မဖြစ်ရလေအောင် ဒီပို့စ်တခုကို အမြန်ဆုံး နှစ်မကူးမီ တင်တာလေ။

တကယ်က ကျမ ဘလော့စလုပ်တုန်းက ၀တ္ထုလေးတွေ ရေးတင်ထားမယ် စိတ်ကူးဖူးပါတယ်။ ဒါပေမယ့်လဲ တကယ်တမ်းရေးဖြစ်တော့ ဘလော့မဖွင့်ခင်ကလောက်တောင် မရေးဖြစ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့လဲ ညွှန်းဆိုလောက်ဖွယ် လူတွေ နှစ်သက်တဲ့ ပို့စ်မျိုး မရေးနိုင်တာကို အသေအချာ မြင်မိလိုက်ပြန်ပါတယ်။ အိုးးး ဘာပဲ ဖြစ်ဖြစ်......... စကတည်းက ကိုယ်လုပ်ချင်တာ ကိုယ်ရေးချင်တာ ကိုယ်ပြောချင်တာတွေ ရေးချင်လို့ ဘလော့လုပ်တာပဲလေ လို့ တွေးပြီး ဆက်လက်ချီတက်နေဦးမှာပါပဲ။ ဘလော့လောကကို နှုတ်ဆက်ဖို့ ဆိုတာ တခါမှကို စိတ်မကူးမိပေါင်။ ခုနောက်ပိုင်း ဘလော့အသစ်တွေထဲမှာ ဖတ်လို့ကောင်းတဲ့ ဘလော့တွေဆိုတာ များလွန်းလို့ ဖတ်ရသူတောင် လက်မလည်နိုင် မျက်စိမနိုင် ဖြစ်နေရတာပဲ ။ ကိုယ်မရေးဖြစ်လဲ ဘယ်သူမှတော့ ပြောမယ် မထင်လေ ။

မီဒီယာမှာ လုပ်တဲ့လူဖြစ်တာမို့လဲ သတင်းတွေ ဘယ်လောက်ကြိုသိသိ၊ အချက်အလက်တွေ ဘယ်လောက် ရရ ဘလော့မှာ သတင်းမတင်ပါဘူး။ နို့မို့ ကိုယ့်အလုပ်နဲ့ ဘလော့ရေးတာကြီး ငြိနေမှာ စိုးလွန်းလို့ပါ။ ဒီတော့ ဟိုသတင်းတင်ပါလား ဒီသတင်းတင်ပါလား လာပြောလဲ ကိုယ်ကတော့ မတင်ပေါင်။

ဘလော့တခုတည်း ရှိနေတုန်းက စာတွေ လည်ဖတ် ကိုယ်လဲ စာတွေရေးနဲ့ ညနက်ထိ ကွန်ပျူတာရှေ့ ရှိနေတတ်တဲ့ ကျမက ဖေ့ဘွတ်လဲ အကောင့်ဖွင့်ပြီးရော ဂိမ်းမျိုးစုံနဲ့ အလုပ်ရှုပ်ရပြန်တာမို့ ည ၁ နာရီဆိုတာ အစောဆုံး အိပ်ချိန်ပါ။ အော်.. ဟစ်တလာ တို့ တောင် တည ၄ နာရီပဲ အိပ်တာ ။ ကိုယ်က ၆ နာရီလောက် အိပ်နိုင်တာပဲ အေးဆေးလို့ အားပေးရင်း လယ်စိုက်၊ ကော်ဖီဆိုင်ဖွင့် ၊ ငါးမွေး၊ ရိုလာကိုစတာကွင်းဖွင့်၊ ဆေးခန်းဖွင့် ၊ ချစ်စရာ အကောင်လေးမွေးနဲ့ လက်မလည်နိုင်အောင် ကွန်ပျူတာ နဲ့ မျက်နှာချင်းဆိုင်နေမိပါတယ်။ (ဖေ့ဘွတ်ထဲမှာ နာမည်အတုနဲ့ ဓါတ်ပုံလဲ မတင် ၊ ဘယ်သူပါလို့လဲ မပြောလာပဲ အတ်တဲ့ အတွက် လက်မခံလို့ စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်း ပြောခဲ့သူ တချို့က လွဲရင် ပျော်စရာအတော်ကောင်းတာပဲနော်)

အဲဒီဂိမ်းတွေ ဆော့ရင်း ဘ၀ဆိုတာ ဂိမ်းကစားသလိုပါပဲလို့ ဘလော်ဂါ ကိုဖြိုးက ပြောလာတာကိုလဲ စိတ်ပါလက်ပါ ထောက်ခံထားပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ဇွဲသန်သန် ချီတက်နေတဲ့ သူတွေ အတွက် ပန်းတိုင်ဆိုတာ ရောက်ကို ရောက်လာတယ် ဆိုတာ ဂိမ်းက ပေးတဲ့ သင်ခန်းစာပါ။

ဒါ့ကြောင့်လဲ ကိုယ်ယုံကြည်ရာကို စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ သံဓိဌာန်ကို ၂၀၁၀ အတွက်လဲ မပြောင်းမလဲ ချမှတ်ထားဆဲပါ။ ၂၀၀၉အတွင်းမှာ ၂၀၀၈ ထက်စာရင် ပိုစိတ်ရှည်လာတာ၊ ပိုပြီး ယဉ်ကျေးလာတာ၊ နည်းနည်းဝိတ်ကျသွားတာတွေကို တိုးတက်မှုမှတ်တမ်းအဖြစ် သိမ်းဆည်း ထားလိုက်ပါတော့မယ်။ တော်ရုံတိုက်ခိုက်မှုမျိုးကို ဘယ်လိုမှ မခံစားတတ်တဲ့ ကျမကို ခေါင်းမာသူလို့ သတ်မှတ်တာမျိုးကိုလဲ ကျေကျေနပ်နပ် လက်ခံတတ်နေပြီ။ ၂၀၀၉ ခုနှစ်မှာ လုပ်မယ်လို့ ရည်မှန်းထားချက် အများစုကို အကော်အထည်ဖော်နိုင်ခဲ့သလို ရည်မှန်းထားပြီး အခြေအနေ အချိန်အခါအရ သည်းခံစောင့်ဆိုင်းထားရတဲ့ အလုပ်တွေကိုလဲ ၂၀၁၀ မှာ အလျှော့မပေးပဲ ဆက်လုပ်ဦးမှာပဲ ဆိုတာ ၂၀၁၀ ကို ကြိုတင် အသိပေးထားလိုက်ပါတယ်။

ဘယ်တော့မှ နောက်မဆုတ်ဘူး နှစ်ထောင့်တဆယ်…
ဖွင့်လာမယ့် နှစ်သစ်တံခါးဝမှာ တို့စောင့်နေတယ်…
အားမာန်ပြင်းပြင်း ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ဖို့ အသင့် …
.

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

ပြောချင်တာလေး ရေးပြမယ် (၂)


ဘလော့ထဲက ချစ်ညီမလေး ၂ယောက်က နှစ်သစ်ကူးလက်ဆောင်လေးတွေ ပေးပို့လာတာကို ၀မ်းမြောက်စွာ လက်ခံရရှိကြောင်း မှတ်တမ်းတင်ထားချင်ပါတယ်။
တယောက်က အော်စီကဖြစ်ပြီး တယောက်က စလုံးက ဖြစ်ပါတယ်။ သူတို့ပေးတဲ့ အလှပြင်ပစ္စည်းလေးတွေက အင်မတန် အသုံးဝင်တာမို့ နှစ်သက်မိသလို ခုလို အလေးထားသတိရတဲ့အတွက်လဲ အရမ်းကို ၀မ်းသာပျော်ရွှင်မိပါတယ်။
ချောကလက် ဗူးသေးလေးကို ရောက်ရောက်ချင်း သားတော်မောင်က ဖွင့်ပြီး မောင်ပိုင်စီးလိုက်ပါတယ်။ ကျမကတော့ မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီဗူး၊ လိုးရှင်းဗူးတွေနဲ့ အတူပါလာတဲ့ ပုဝါဖြူဖြူလေးပေါ်က အပြာရောင် ချည်ထိုးပန်းပွင့်လေး ကို တသသ ကိုင်ကြည့်မိသလို ဓါတ်ပုံဘောင်လေး ၂ ခုပါတဲ့ နာရီသေးသေးလေး ကိုလဲ တရရ ပွေ့ထားမိပါသေးတယ်။

လက်ဆောင်ပစ္စည်းဆိုတာထက် သူတို့ ငါ့ကို သတိရနေပါလား ဆိုတဲ့ စိတ်ကလေးကတင် အရမ်းပျော်ဖို့ ကောင်းနေခဲ့တာပါလားး။ သူတို့ ဒါကို ၀ယ်နေတဲ့အခါတုန်းက၊ သူတို့ဒါတွေကို ထုတ်ပိုးတဲ့အခါတုန်းက၊ သူတို့ ဒါတွေကို စာတိုက်ကနေ ထည့်တဲ့အခါ တုန်းက ငါ့ကို သတိတရနဲ့ ပြုလုပ်နေကြပါလာ လို့ တွေးမိနေတိုင်း လောကကြီးမှာ ခင်မင်ကြင်နာခြင်းတွေ၊ ချစ်ခင်အလေးထားခြင်းတွေကို ရရှိပိုင်ဆိုင်ရတဲ့အခါမှာ ဘယ်လိုနှစ်လိုဖွယ်ကောင်းတယ် ဆိုတာ စာဖွဲ့လို့ မမှီနိုင်တော့ဘူး၊ ရင်ဘတ်တူသူတွေ ၊ ရည်ရွယ်ရာ တူသူတွေ၊ မျှော်လင့်ချက်တူသူတွေ ကြားထဲမှာ လူချင်းမတွေ့ခဲ့ကြဘူးပေမယ့် ဒီလိုသံယောဇဉ်လေးတွေ ချည်နှောင်မိခဲ့ကြပါတယ်။ အိပ်မက်မဟုတ်ဘူးနော်။ အတုအယောင် ကမ္ဘာမဟုတ်ဘူး၊ တကယ့်ကို အပြင်ကမ္ဘာလေးထဲမှာ ဆက်နွယ်မိခဲ့ကြပါပြီ။

သတိတရနဲ့ ဘလော့ပေါ်တင်မိပါတယ် ညီမတို့ရေ။ ပစ္စည်းလေးတွေကိုတော့ ဓါတ်ပုံနဲ့ တင်မပေးတော့ပါဘူးကွယ်။ မြင်မိသွားရင်လေ သူများတွေ လိုချင်သွားမှာ စိုးလို့ ပါ ဟားဟား။

(ပြောချင်တာလေး ရေးပြမယ်…နောက်ဆက်တွဲ)

တခါတုန်းကပေါ့…
ဘိုးဘွားရိပ်သာတခုကို သွားလှုဖို့စီစဉ်ရင်းသွားရောက်စုံစမ်းတော့ အသားဟင်းတခွက် အသီးအရွက်ကြော်တပွဲ ၊ ဟင်းချို တပွဲ။ အချိုပွဲ ငှက်ပျောသီး ၊ ကွေကာအုပ် နဲ့ တယောက်ဘယ်လောက် ဘယ်လောက်ဆိုပြီး တွက်ချက်ပြ တော့ သဘောတကျနဲ့ ဘိုးဘွားဘယ်နှစ်ယောက် လာရောက်မယ့် ဧည့်သည် ဘယ်နှစ်ယောက် စသဖြင့်အယောက်ရေအတိုင်း ငွေချေပေးခဲ့လိုက်တယ်။ အလှုနေ့မှာ သွားရောက်တဲ့အခါမှာ ကြက်သားဟင်းက အရိုးတုံး ခပ်သေးသေး နှစ်တုံး အရည် နည်းနည်းနဲ့ ဆွမ်းဟင်းခွက်လောက် ပန်ကန်လေးတွေနဲ့ ထည့်ထားတယ်။ ဟင်းသီး ဟင်းရွက်ကြော်ဖက်ကြည့်တော့ ဖလံတောင်ဝှေးကြော်ကိုလဲ ခုနလိုပဲ ဆွမ်းဟင်းခွက်ဖင်ကပ် လောက်ဆီထည့်ထားတယ် ။ စတီးဇွန်းနဲ့ ခပ်ရင် တဇွန်းလောက်ပဲ ပါမယ် ထင်ရတယ်။ ဟင်းချို ဆိုတာ ကြည့်တော့ ချဉ်ပေါင်ရွက် အရည်ကျဲ။ ကဲ ...အချိုပွဲ့ ငှက်ပျောသီးက ပိန်ရှုံ့ ရှုံ့ ။ ကွေကာအုပ်ဘယ်လို ဖျော်ထားပေးတယ် ဆိုတာတော့မသိ ။ လဘက်ရည်ခွက်ထဲမှာ ခပ်နည်းနည်း … မြင်ရတဲ့ခဏ ရင်ကို ဆို့သွားစေတယ်။ အလှုရှင်ရဲ့ စေတနာဟာ ဝေဒနာတွေဖြစ်သွားတော့တယ်။

ထပ်ပြီး အမြင်ရဆိုးစေတဲ့ မြင်ကွင်းက စတီးချိုင့်အကြီး ငါးဆင့်ချိုင့်ထဲကို ဟင်းထမင်းအပြည့်ထည့်ပြီး ဘိုးဘွားဂေဟာမှုးက ဘယ်ကို သယ်သွားတယ် မသိတာပါပဲ။ အဲဒါ ဘယ်ကို ပို့ဖို့လဲ လို့ သွားမေးတော့လဲ မဖြေဘူး။ တော်တော့ကိုအံ့သြဖို့ ကောင်းတဲ့ အဖြစ်အပျက်ပါ။ ဒါတကယ်ဖြစ်ခဲ့တာပါ။ ဆုတောင်းပေးနေတဲ့ ဘိုးဘွားတွေကို ကြည့်ရင်း ၀မ်းသာရမယ့်အစား ၀မ်းနည်းမိတယ်။ အဲဒီလို အလှုပေးသူတွေကို ဆုတောင်းမပေးစေချင်တော့ဘူး။ ပြီးတော့ ကြိုတင်စာရင်းပေးထားတဲ့ ဧည့်သည်ဦးရေအားလုံး ဘာမှမစားပဲ ပြန်လာခဲ့ကြတော့တယ်။ ကုသိုလ်အစား အကုသိုလ်တွေ အတုံးလိုက်ရစေလိုက်တဲ့ အလှုပေါ့။ ဒါပေမယ့် အဲဒီလို လူတွေကြောင့် ဒီဘိုးဘွားရိပ်သာလေးကို မလှုပဲ ထားခဲ့လို့ ဖြစ်ပါမတဲ့လား။

ကျမတို့ ကြိုးစားခဲ့တယ်။ သိသမျှလူတွေကို ဘိုးဘွားရိပ်သာမှာ လှုမယ်ဆိုရင် ကိုယ်တိုင်ချက်လှုကြဖို့ တိုက်တွန်းခဲ့တယ်။ ကျမတို့ အဖွဲ့တွေထဲကလဲ ကိုယ်တိုင်ချက်ပြီး မကြာခဏ သွားလှုခဲ့တယ်။ ကျမတို့ နိုင်သလောက် လုပ်ပေးခဲ့တယ်။ ဂေဟာမှုး ဆိုတဲ့ မိန်းမဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ချင်စိတ်ရှိမှ အနစ်နာခံနိုင်မှ ဒီလို ဂေဟာမျိုးမှာ လုပ်နိုင်မယ်လို့ အသံကောင်းဟစ်ရင်း ဘိုးဘွားတွေရဲ့ ထမင်းလုပ်တွေကို ခိုးယူနေခဲ့တယ်။
ဒီလိုလူတွေကြောင့် ကိုယ်လုပ်သင့်တဲ့ အလုပ်တွေကို ကျမတို့ ကျောခိုင်းပစ်ခဲ့လို့ ရနိုင်ပါ့မလား… စဉ်းစား … စဉ်းစားစေချင်ပါတယ်။

ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် မကောင်းတဲ့လူတွေကတော့ ရှိမှာပါပဲ ။ ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာက တာဝန်ယူမှု ရှိသူ၊ အသိစိတ်ဓါတ်ရှိသူတွေ ပဲ မဟုတ်လား။ သူတို့ဟာ သူရဲကောင်းလဲ မဟုတ်သေးပါဘူး။ အမှန်ကို မြင်နိုင်သူတွေလောက်ပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်