Monday, February 18, 2008

မကြွေသော ကြယ်တပွင့်


အာဇာနည်မျိုး သေရိုးမရှိ။ အတီး ကောင်းရာ သုဂတိ လားပါစေ။

၁၄၊၂၊ ၂၀၀၈
ညနေဖက် အစည်းအဝေးပြီးလို့ အားလုံးထပြီး အညောင်းဖြေ စကားပြော လုပ်နေချိန်မှာ ခွန်မားရ်ကိုဘန်းက ဖုန်းပြောပြီး ခန်းမထဲကို ပြန်ဝင်လာတယ်။ အားလုံးကို ၀မ်းနည်းစရာ သတင်းတခု ပြောပြမယ်တဲ့။ အသံတိတ်လိုက်ကြပြီး စကားသံကို နားထောင်နေကြတယ်။
ပဒိုမန်းရှာကို ခုလေးတင် သေနတ်နဲ့ လုပ်ကြံသွားပြီတဲ့။ ကားထွက်သွားတာ ခုလေးတင်ပဲတဲ့။
နားထောင်နေသူတွေ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြတာပဲ။ နာရီကို ကြည့်လိုက်တော့

ညနေ ၄ နာရီ၂၀ မိနစ်

ကျမကတော့ မတ်တပ်တောင် ရပ်မရတော့အောင် ပျော့ခွေသွားခဲ့တယ်။ မဟုတ်ပါစေနဲ့။ သေနတ်နဲ့ ပစ်တယ် ဆိုလဲ မသေပါစေနဲ့။ ဒဏ်ရာရတာပဲ ဖြစ်ပါစေ ဆုတောင်းမိပေမယ့် တကယ့်ကို ကျဆုံးခဲ့ပြီဆိုတာကို လက်ခံလိုက်ရပါပြီ။
ဒီမနက်ကပဲ အစည်းအဝေးကို လာတုန်းက စကားပြောနေတာကို သေချာ ဗွီဒီယို ရိုက်မိပါသေးတယ်။ အဲဒီတုန်းက မျက်နှာ ညှိုးနေလို့ နေများမကောင်းဘူးလားလို့ ထင်ပြီး အရင်လို စကားတွေ ဖောင်ဖွဲ့အောင် သွားမပြောဖြစ်ပဲ ရယ်ပြနှုတ်ဆက်ယုံပဲ နှုတ်ဆက်ဖြစ်ခဲ့တယ်။ အခုလို သာ ကျဆုံးခဲ့မယ် သိခဲ့ရင် သေချာ နှုတ်ဆက်လို့ မပြန်ပဲ ဒီထဲမှာ နေပါဦးလို့ ဆွဲထားမိမှာပါ။
ကျမတို့ကို စိတ်ဓါတ်မကျအောင် အမြဲပဲ လမ်းညွှန်ပေးခဲ့တဲ့…
အတွေးအခေါ်အမှားတွေ မ၀င်အောင် တည့်မတ် ညွှန်ပြခဲ့တဲ့ ….
အရာရာမှာ ပြတ်သားတဲ့…
ခေါင်းဆောင်ကောင်းတယောက်ကို ခဏတာပဲ ဆုံခဲ့ရတာ မကျေနပ်နိုင်ပါဘူး ကံကြမ္မာရယ်..

အတီးရေ….
ဘယ်လောက် ခံစားရတယ် ဆိုတာကို ရေးပြနိုင်စွမ်းမရှိပေမယ့် …
အတီးလျှောက်ခဲ့တဲ့လမ်း ၊ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို ရောက်ရှိသည်ထိ မဆုတ်တမ်း ဆက်လက် လျှောက်လှမ်းမယ်လို့ ကတိပေးပါတယ်။
အကြမ်းဖက်သမားများ ကျဆုံးပါစေ။

လေးစားစွာဖြင့်
ခင်မင်းဇော်

No comments: