Thursday, November 20, 2008

ဝမ်းနည်းခြင်းမှတ်တမ်း

တကယ်ဆိုရင် ဒီလိုစာမျိုးမရေးချင်ခဲ့ပါဘူး။ ရေးရလိမ့်မယ်လို့လဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ မတွေးမိခဲ့ပါဘူး။
ခုတော့ ရေးဖြစ်နေပြန်တယ်။ တကယ်တော့........

ကျောင်းသားတပ်မတော် တပ်ရင်း(၈) ရဲ့ အမာခံ ရဲဘော်တဦး၊ စာလဲ အရေးကောင်းတဲ့ ဘလော်ဂါတဦး၊ နောက်ပိုင်း ဒီမိုကရက်တစ်အင်အားစု(မြန်မာနိုင်ငံ) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် လုပ်တော့ ဘလော့ဖက် ခြေဦး မလှည့်နိုင်လောက်အောင် အလုပ်ပိ ၊ ဒီကြားထဲ ၀င်ငွေလေး ရအောင် ဘာသာပြန်အလုပ်ကလဲ လုပ်ရသေး ၊ ဒီလိုအလုပ်တွေ ရှုပ်နေတဲ့ ကြားကပဲ သေရည်သေရက်ကို ပေါင်းခံရည်လို့ ပြောပြီး ကြိုက်ခဲ့ကြ။ သိပ်မကြာသေးခင်ကပဲ ချစ်တဲ့ ကရင်မလေးနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့သေးတာ။

ခုတော့ နေလလို့ အမေက မှည့်ပေးထားတဲ့ မြင့်အောင်တဖြစ်လဲ၊ မြင့်ဇေ ဖြစ်ခဲ့ဘူးပြီး ကဗျာရေးတော့ ပွင့်သစ်(ကရိန်ကန်) ။အပေါင်းအသင်းတွေ ခေါ်တော့ ဂုရု ဆိုတဲ့ ရဲဘော်တယောက် တော်လှန်ရေးခရီး မဆုံးခင် ကွယ်လွန်ခဲ့လေပြီ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မနက် ၁ နာရီ ၂၀ ကတဲ့။
မာယာအွန်လိုင်းမဂ္ဂဇင်းကနေ ဒီပုံကို ယူထားတာပါ။
သူရှော်တာတွေ ရှိသလို တော်တာတွေလဲ များပါပေ့။ စာအုပ်တအုပ်ကိုဘာသာပြန်ရင် ပေါင်ပေါ်မှာ ဘာသာပြန်ရမယ့် အင်္ဂလိပ်စာအုပ်ကိုတင် ပြီးဖတ်ရင်း လက်က ကွန်ပျူတာ ကီးဘုတ်ပေါ်မှာ ဗမာလို ရိုက်နေတာများ စာသားတွေကချောမွေ့လို့ ။ ပြီးတော့ ဗမာစာကို ဘာသာပြန်တာ ဗမာတွေ ဖတ်လို့နားမလည်တတ်တဲ့ ဘာသာပြန်သူမဟုတ်ခဲ့ဘူး။ သူဘာသာပြန်ရင် ဖတ်နေတဲ့သူ သိပ်ကို နားလည်လွယ်အောင် ပြန်တတ်တယ်။

တကယ်က ၈၈ ဖြစ်တော့ သူက ၁၀ တန်းကျောင်းသားဘ၀ပဲ ရှိသေးတာတဲ့။ သူဆယ်တန်းကို မဖြေလိုက်ရရှာဘူး။ ဒါပေမယ့်တောထဲက ကျောင်းသားတပ်မတော်ကို ခပ်ငယ်ငယ်လေး နဲ့ ရောက်လာပြီး တော်ရုံလူတွေတောင် မဖြတ်သန်းနိုင်တဲ့ ဘ၀ကို ဖြတ်သန်းခဲ့တယ်။ မညည်းမညူ ဖြတ်သန်းခဲ့တာကို သူရေးခဲ့တဲ့ ဘလော့ပေါ်က စာတွေက သက်သေတည်နေပါတယ်။
တောတွင်းက ကျောင်းသားတပ်မတော်ရဲ့ စခန်းတနေရာမှာ

သူ့မွေ့နေ့တခုမှာ ကြာဇံဟင်းခါးကို သူကိုယ်တိုင်ချက်ပြီး အိုးလိုက် မလာပြီး ကျွေးခဲ့တာတွေလဲ သတိရသေးတယ်။ ယောက်ျားလေးပေမယ့် မုန့်ဟင်းခါးချက် ကောင်းတာ စံတင်လောက်ရဲ့။ အိမ်ကို ရောက်လာရင် အမဘာချက်လဲ ဆိုပြီး ဟင်းကြိုက်ရင် ၀င်စားတတ်တာ။ သူ အရက်သောက်လို့ဆူရင် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ လို့ ခေါင်းညိတ်နေတတ်တာ။ သူ့ရဲ့ ဘ၀အကောင်းအဆိုးတွေကို လာလာ တိုင်ပင်တတ်တာတွေ ရည်းစားထားရင်တောင် လာတိုင်ပင်တတ်ပေမယ့် မိန်းမယူတော့ ဗြုန်းစားကြီး ယူချလာခဲ့တာ။ မင်္ဂလာဆောင်တော့ သူကို လက်ဖွဲ့မယ့်လူတွေက သူလိုချင်တာကိုပဲ တောင်းခိုင်းကြတော့ သူ့မှာ ဘာတောင်းရမယ်မသိ။ အိမ်ထောင်တခုမှာ လိုအပ်တာ ဘာဆိုတာ မသိလို့ လက်ဖွဲ့ရမယ့်လူတွေက အားလုံးတိုင်ပင်ပြီး နင်ကဘာ ငါက ဘာနဲ့ သူ့တို့ အိမ်ပြောင်းတော့ ပစ္စည်းစုံစုံလင်လင်နဲ့ ချမ်းမြေ့တဲ့ မိသားစု ဘ၀ကို တည်ဆောက်မယ်ကြံခါမှ ဘယ်တုန်းက ရှိနေလဲ မသိတဲ့ သွေးတိုးကြောင့် ဦးနှောက်သွေးကြောပြတ်သွား သတဲ့။ တကယ်က အဲဒီညနေက သူအရက်တောင် မသောက်ရသေးဘူးတဲ့။ ညနေ ၅ နာရီမှာ မူးလဲပြီး မနက် ၁ နာရီ ၂၀ မှာ ကွယ်လွန်သွားပြီတဲ့။ မမြန်လွန်းဘူးလား ။

သူ့ကျမှ ဘာလို့ စောစော သေရတာလဲ .. မတရားလိုက်တာနော်။

တကယ်ဆိုရင် … ထောင်က လွတ်လာတာ မကြာသေးတဲ့ အဖေ့အတွက် သူ့သားကြီး အသက်ရှင်ခွင့်လေး ပေးစေချင်သေးတယ်။
တကယ်ဆိုရင်… လက်ထပ်ပေါင်းသင်းခဲ့တာ မကြာသေးတဲ့သူ့ဇနီး ရိုးသားတဲ့ ကရင်မလေးအတွက် ပျော်ရွှင်ခွင့် ပေးစေချင်သေးတယ်။
တကယ်ဆိုရင်… မိစ္ဆာ စစ်အုပ်စုကိုပြုတ်ကျတဲ့ ထိ သူ့ကို ရှိနေစေချင်သေးတယ်။
တကယ်ဆိုရင်.. သူယုံကြည်တဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ သူလုပ်နိုင်တာတွေ အများကြီး လုပ်ပေးဖို့ အသက်ရှင်စေချင်သေးတယ်။
တကယ်ဆိုရင်… အညတရ ရဲဘော်တယောက်ပေမယ့် သူ ခေတ်ကြီးကို သူနိုင်သလောက် ကူထမ်း ပေးခဲ့ပါတယ်။ ဒီ့အတွက် အသက်ရှည် ခွင့်လေး ပေးစေချင်သေးတယ်။
ရဲဘော်ဂုရုရေ.. အမဖြင့် သတင်းကြားရတော့ ၀မ်းနည်းလိုက်တာ။ တကယ်ဆို မသေစေချင်သေးပါဘူး။ အမတို့ ရွှေပြည်ကြီးကို ပျော်ပျော်ပါးပါးပြန်ကြမယ်လို့ ပြောခဲ့ကြသေးတာပဲ။
အင်းလေ.. သွားရမယ့်လူချည်းပါပဲ.. ရှေ့နောက် ကွာတာပဲ ရှိတဲ့ လမ်းမဟုတ်လား…
ဒါပေမယ့်လဲ … စိတ်မကောင်းခြင်းများစွာနဲ့ နှမြောနေမိသေးတယ်။
သူ့ဘလော့လေးက ဒီမှာလေ…
သူ့ဘ၀လေးကို သူချယ်မှုန်းသွားခဲ့သေးတယ်။ ဖတ်ကြည့် လေ့လာကြည့်ပါဦး ၊ သူဘယ်လိုလူဆိုတာကို။
ဂုရုတယောက်ကောင်းရာသုဂတိ လားပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

16 comments:

pandora said...

ဟာ.. ဖြစ်မှ ဖြစ်ရလေ မခင်မင်းဇော်ရယ်

ကိုယ်သိနေတဲ့ ဘလော့ဂါတွေထဲက ပထမဆုံး ဖြစ်ရပ်ပါပဲ။ စိတ်မကောင်းလိုက်တာ။

လျှာက်နေတဲ့ ခရီး လမ်းခုလတ်ကနေ ထွက်သွားရတဲ့ ကိုဖိုးဇေ နိုင်ငံချစ်စိတ်နဲ့ စေတနာလုပ်ရပ်တွေကြောင့် ကောင်းမွန်ရာ ဘုံဘ၀ကို ရောက်မှာပါ။

နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ဘ၀အမောတွေကင်းစင် လွတ်လပ် ပျော်ရွှင်အေးချမ်းတဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ဆုံတွေ့ကြချင်ပါသေးတယ်။

Nyein Chan Aung said...

ဂုရုသေသွားပြီ.... စိတ်မကောင်းလိုက်တာအစ်မရယ်..။ မကြာသေးခင်ကမှ အိမ်ထောင်ကျပြီး ဘ၀သစ်တခုစမယ်ကြံကာရှိသေး.. ကောင်မလေးအတွက်လည်း လုံးဝစိတ်မကောင်းစရာပဲ..။ ကျနော်လည်း အဝေးမှာရောက်နေတဲ့အချိန် ဂုရုနောက်ဆုံးခရီးကိုတောင် လိုက်မပို့နိုင်တော့ဘူး..။ တပ်ရင်း (၈) ကုန်းမှာ မြူုပ်နှံသဂြိုလ်နိုင်ရင်တော့ သူ့အတွက်သိပ်ကောင်းမှာပဲ..။ ၀မ်းနည်းခြင်းများစွာဖြင့် ညီအစ်ကိုလိုချစ်ရတဲ့ ဂုရုတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်..

ကိုထွတ်

ဂျစ်တူး - gyit_tu said...

ဒီသတင်းကို မနက်ခင်းက သိရတော့ တကယ်ပဲ စိတ်ထဲ အရမ်းဝမ်းနည်းမိတယ် ။ ရင်ထဲ ဆို့သွားတယ် ...

ဘာပဲဖြစ်ဖြစ် ဝေဒနာကို ကြာရှည်မခံသွားရတဲ့ ကိုဂုရုကြီး ကောင်းရာသုဂတိလားပါစေ ။

Tesla said...

မျက်လှည့်ပြသွားသလို.. တရားပြသွားသလိုပါပဲဗျာ..
ကိုဖိုးဇေ.. ကောင်းရာသုဂတိလားပါစေ...။

ကိုပေါ said...

အစ်မရေ….လူကိုယ်တိုင်မတွေ့ဘူးပေမယ့် ကိုဖိုးဇေနဲ့တကွ မခင်မင်းဇော်၊ မမေငြိမ်းတို့ကို စိတ်ထဲမှာ နှစ်နှစ်လိုလို ခင်နေမိခဲ့တာ။

ကဖိုးဇေဆိုရင် မြန်မာ တီးရှော့ပ်မှာ စသိတာ။ လူချင်းမတွေ့ဘူးပေမယ့် သူ့စာတွေဖတ်ပြီး သူ့ကို အကိုတယောက်လို၊ သူငယ်ချင်းတယောက်လို ရင်းနှီးနေတာ။ ကိုအောင်မိုးဝင်း ရေးတဲ့ တချို့ကျောင်းသားလှုပ်ရှားမှုဖြစ်စဉ်တွေကို ကျနော်နားမလည်တဲ့အခါ ကိုဖိုးဇေကို အီးမေးလ်နဲ့ လှမ်းမေးဘူးတာ၊ သူက စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတာကို သတိရမိတယ်။

ကျနော်နဲ့ မဒမ်ပေါ ထိုင်းဘက်ကို လာဖြစ်ရင် ကဖိုးဇေနဲ့ ဗျစ်ရည်အတူသောက်ကြမယ်လို့ အားခဲထားခဲ့မိသေးတယ် မခင်မင်းဇော်ရေ….

အခုတော့ လူမမြင်ဘူးလိုက်ခင်မှာဘဲ စောစောစီးစီး ခွဲခွာသွားရတယ်နော်။ သွေးရင်းသားရင်းတယောက်ကို ဆုံးရှုံးလိုက်ရသလိုပါဘဲဗျာ။

ကိုဖိုးဇေတယောက် ရောက်လေရာဘ၀မှာ ငြိမ်းချမ်းပါစေ……

ATN said...

ကျနော် ဘယ်သူနဲ့မှ မတွေ့ချင်တော့ဘူး မခင်မင်းဇော်ရေ့..

http://aungthange.blogspot.com/2008/11/blog-post_19.html

ဒူကဘာ said...

ခေတ်ကြီးကိုမှ မတရားတာပါ လူကောင်းတွေ ဇီဝိန်ချုပ် စောရတာ များနေ သလားပေါ့၊ ဘာမှ မလုပ်တတ်တော့ ထပ်တူ ကြေကွဲတာကလွဲလို့ ညံ့တယ်ဘဲပြောပြော အညတရ သူရဲကောင်းတွေ အတွက် အလေးတော့ တခုတ်တရ ပြုမိလိုက်တယ် ... ဒူကဘာ

ယောနသံစင်ရော် said...

ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ
ချွန်မြနေတဲ့ ကလောင်တချောင်းက
မြင့်ဇေဘလော့ထဲက ထွက်လာတယ်
အဲဒါ ဂုရုဖြစ်တယ်
အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်
အဲဒါ ရဲဘော်မြင့်အောင်ဖြစ်တယ်
အဲဒါ ကိုနေလဖြစ်တယ်
အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်
အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။

လင်းနွေးအိမ်

Kaung Kin Ko said...

ကိုးဖိုးဇေ ကောင်းရာ သုဂတိလားပါစေဗျာ။

မဆုမွန် said...

ညနေက အလုပ်ပြီးပြီးချင်း ချက်တင်း တတ်တော့ ကို ယမုန်နာက ပြောတယ် ဂုရုကြီး ရေချိုးခန်းထဲဝင်တာ ခေါင်းမူးလို့ဆိုပြီး ဖြစ်သွားတာ ဦးနှောက် သွေးကြော ပေါက်သွားတယ် ထင်တယ်တဲ့ ရုတ်တရက် ဘယ်သူ ဆိုတာ မမှတ်မိဘူးဖြစ်နေတယ် အစ်မခင်မင်းဇော်အိမ် လာလည်တော့ မျက်မှန်နဲ့တစ်ယောက်ကိုလေ မမှတ်မိဘူး လားတဲ့ စိတ်ထဲ ရေးတေးတေး ဖြစ်နေ တုန်းပဲ အခု မဲဆောက်ဆေးရုံမှာ ခေါင်းကို စက်တွေတပ်ပြီး ကုနေတယ်တဲ့ စိတ်ထဲမှာ တစ်ခုခုကို ထင့်သွားတယ် ဘုရားဘုရား ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိတယ်..သူ့ ဘလော့ကို သွားပြီးလဲ ဆုတောင်း ပေးမိတယ် အကြာကြီး ချက်မှာ စကားမပြောကြတေ့ပဲ (............)ကလေးတွေနဲ့ပဲ ပြောနေမိကြတယ်..နောက် မနက် အိပ်ယာနိုးတော့ သူငယ်ချင်းတစ်ယောက်က ဂျီမေးလ်မတ်ဆေ့မှာ ဆုံးသွားပြီဆိုတာ တွေ့ရလို့ ရင်ထဲ အတော် မကောင်းဖြစ် မိတယ်..အခုတလော ကြယ်တွေ ကြွေလိုက်တာ အန်တီရယ်..ခနလေးထဲမှာကို ဖြုတ်ခနဲ ဖြုတ်ခနဲ ပဲ...မရှိစေချင် မမြင်ချင်တဲ့လူတွေ ကျတော့ လည်း သက်ဆိုးတွေ ရှည်လိုက်တာ..
ဦးဂုရုကြီး ကောင်းရာသုဂတိလားပါစေ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းမိပါတယ်...

တောင်ပေါ်သား said...

အမရေ ကိုဖိုးဇေ မိသားစုနဲ့ အတူ ထပ်တူ ၀မ်းနည်းရပါတယ်ဗျာ ကောင်းရာရောက်မှာပါ

Nanda said...

ရဲဘော် ကိုဖိုးဇေကို ၀မ်းနည်းစွာဖြင့် ဦးညွှတ်အလေးပြုပါသည်။ ယုံကြည်ရာ တစ်ခုအတွက် အစစစွန့်လွှတ် တိုက်ပွဲဝင်ခဲ့တော့ ကိုဖိုးဇေအတွက် သူမြင်ချင်တဲ့ နေ့တွေ ယုံကြည်ချက်တွေ အကောင်အထည်မပေါ်ခင် ကြွေလွင့်သွားတဲ့အတွက် အထူးဝမ်းနည်းမိသည်။
မင်းနန္ဒ

M.Y. said...

အမရေ..

ဘာပြောရမှန်းတောင်မသိအောင် အံ့သြ၀မ်းနည်းသွားမိတယ်။
လူချင်းတစ်ခါမှမတွေ့ ဘူးပေမယ့် ၊ ဘလော့ဂ်လောကလေးထဲမှာခင်ခဲ့တဲ့လူတစ်ဦးမို့ ကြေကွဲမိပါတယ်။
ဟိုတလောကတင် လူတွေကို အသိပညာဖြန့် ဝေပေးတဲ့ အခမဲ့ ဂျာနယ်လေး တစ်စောင် ထုတ်ဖို့ သူကြိုးစားကူညီနေတဲ့ စိတ်ကူးလေး အော်လိုင်းမှာ ပြောပြခဲ့သေးတာ။နှမျောတယ်ဗျာ..

s0wha1 said...

အန်တီရေ... အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ယုံတောင် မယုံနိုင်ဘူး။

ronny said...

ကိုဖိုးဇေ ကောင်းရာသုဂတိလားပါစေ။ စိတ်မကောင်းဖြစ်မိပါတယ်

ခွန်မြလှိုင် said...

blog မှာ ဒန်တန့်တန် တော့မည် ငွေရောင် ပိတ်ကားတွင် ဆက်လက် စောင့်မျှော်ပါ ဆိုတဲ့ စာသားလေးအပြီး ဒီလို ဇာတ်သိမ်း သွားမယ်လို့ မထင်မှတ် ခဲ့ဘူး။ စိတ်ကောင်းရှိပြီး သဘောကောင်းတဲ့ ကိုဖိုးဇေကြီး ကောင်းရာ သုဂတိ လားမှာပါ။