Thursday, December 25, 2008

၂၀၀၈ ကို ဖြတ်သန်းခြင်း

ကျမရဲ့ကိုယ်ပိုင်ဘလော့လေးမှာ

ဒီနှစ် ၂၀၀၈ အတွက် နှစ်ချုပ်စာရင်းလေး လုပ်ကြည့်ရရင်...
ဒီနှစ်ထဲမှာပဲ ဒီဘလော့လေးက ရတဲ့ ဘလော့မိတ်ဆွေတွေနဲ့ ၂၀၀၈ ခုနှစ်ဟာ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ၊ ပျော်ရွှင်ဖွယ် စကားဝိုင်းတွေ၊ ပျော်ရွှင်ဖွယ် ခရီးစဉ်လေးတွေ ရရှိခံစားခဲ့ရပါတယ်။
ဒီနှစ်ထဲမှာပဲ ကိုယ်မမှားပါပဲ ကိုယ့်ကိုပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုလဲ ခံစားရပါသေးတယ်။ အဲဒီအချိန်က ကျမဘေးမှာ ၀ိုင်းရံပေးခဲ့တဲ့ ဘလော့မိတ်ဆွေတွေ နဲ့အတူ ကျမရဲ့ဘ၀လက်တွဲဖော် ၊ ကျမရဲ့ အရင်းနှီးဆုံး ရဲဘော်တွေ ၊ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးလဲတင်ပါတယ်။ ဒီလိုမိတ်ဆွေစစ်တွေ ရရှိတာကြောင့် ဘ၀မှာ ခုလိုကြံ့ကြံ့ခံနေနိုင်တာပဲလို့လဲ တန်ဖိုးထားတတ်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ကိုယ့်ခင်မင်ရတဲ့ ရဲဘော်ဂူရု ၊ကိုယ်လေးစားရတဲ့ ဒေါက်တာမျိုးဝင်း တို့ကွယ်လွန်ဆုံးပါးခဲ့ရတယ်။ ၂ ယောက်စလုံးရဲ့ ဈာပနမှာ ကျမ မရောက်ရှိခဲ့ရဘူး။
ဒီနှစ်ထဲမှာပဲ မမျှော်လင့်တဲ့ ခရီးတွေ ဆက်တိုက်ထွက်နေရတယ်။ အတွေ့အကြုံသစ်တွေ ရရှိတယ်။
ဒီနှစ်ထဲမှာပဲ အလုပ်အကိုင်မှာ ပျော်ရွှင်တတ်စေတဲ့ စိတ်ခံစားမှုကို သိရှိခဲ့ရတယ်။
ဒီနှစ်ထဲမှာပဲ တခါမှမကြားဖူးတဲ့ သတင်းဆိုးတွေကို ကိုယ်တိုင် ဖတ်ပေးနေရတယ်။
ဒီနှစ်ထဲမှာပဲ ဒေါသကို ဘယ်လိုထိန်းချုပ်ရတယ်ဆိုတာ ကိုယ့်ထက်ငယ်တဲ့ သူတွေက ရှေ့ဆောင်ပြတာ လက်ခံလိုက်ရပြီ။
ဒီနှစ်ထဲမှာပဲ ဘ၀လက်တွဲဖော်နဲ့ တခါမှ မရဘူးတဲ့နားလည်မှုတွေကို ဝေးကွာနေရမှုကနေတဆင့် လက်ခံရရှိ လိုက်ရတယ်။
ဒီနှစ်ထဲမှာပဲ ဘလော့ထဲကတဆင့် ၁၀နှစ်ကျော် အဆက်အသွယ်ပြတ်ခဲ့တဲ့ သူငယ်ချင်းရဲဘော်တချို့နဲ့ ဆက်သွယ်မှုတွေ ပြန်ရခဲ့တယ်။
ဒီနှစ်ထဲမှာပဲ ခင်မင်းဇော်ဆိုတဲ့ ဘ၀မှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ မှတ်တိုင်တချို့လဲ စိုက်ထူနိုင်ခဲ့ပြီ။
ဒီနှစ်ထဲမှာပဲ ဘယ်လိုအခက်အခဲမဆို ရင်ဆိုင်နိုင်တယ် ဆိုတဲ့ ယုံကြည်မှုတွေကိုလဲ ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ဒီနှစ် ၂၀၀၈ ကိုတော့ အမြတ်ရာနှုန်းများများနဲ့ ကျော်ဖြတ်အောင်မြင်ခဲ့တယ်လို့ စာရင်းချုပ်ရလိမ့်မယ်။
အားလုံးကို ကျေနပ်ပါတယ်။ ဒါ့ကြောင့်လဲ....
ရှေ့လာမယ့် ၂၀၀၉ မှာလဲ ကြုံလာမယ့် လောကဓံအားလုံးကို ခိုင်မာတဲ့ စိတ်ဓါတ်တွေ ယုံကြည်ချက်တွေနဲ့ ကျော်ဖြတ်မယ်လို့ စိတ်ကူးထားလိုက်ပါပြီ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

17 comments:

Anonymous said...

သေချာပါတယ် အစ်မအတွက် ၂၀၀၉က လာခြင်းကောင်းသောနှစ်ဖြစ်မှာပါ။ အောင်မြင်ပါစေအစ်မရေ

Moe Cho Thinn said...

ပိုပြီး ပျော်ရွှင်ရပြီး ပိုပြီး အဓိပ္ပါယ်ရှိတဲ့ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ အမရေ..
ချစ်သော ညီမ ချိုသင်း

ThuHninSee said...

ပျော်ရွှင်သော ၂၀၀၉ကို ပိုင်ဆိုင်နိုင်ပါစေ။
mm

ATN said...

ပိုကောင်းတဲ့ ၂၀၀၉ ဖြစ်ပါစေဗျား

ကိုပေါ said...

ဒီနှစ်ထဲမှာပဲ အခြေခံဥပဒေကြီးကို တခဲနက် အတည်ပြုလိုက်ကြတယ်... ဟိ။

၂၀၀၉ ခုနှစ်မှာ မခင်မင်းဇော်နဲ့တကွသော မြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားနေသူအပေါင်း ပျော်ရွှင်ချမ်းမြေ့စေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

ကလူသစ် said...

၂၀၀၉ မှာ အိမ်အစစ်ကို ပြန်နိုင်ပါစေဗျာ။

pandora said...

အစ်မ စာလေးက တွေးစရာတွေ ပေးတယ်

ကိုယ့်ဘာသာလည်း ပြန်စဉ်းစားလိုက်ဦးမယ်။

၂၀၀၉ မှာ ပျော်ရွှင် အောင်မြင်ပါစေ။

လင်း said...

2009 မှာ အိမ်မက်တွေ အားလုံး အစစ်ဖြစ်လာပါစေ

kay said...

New Year Resolution လား- အမ
ပိုမိုကောင်းမွန်သော အနာဂါတ်ဆီသို့..ဦးတည်နိုင်ပါစေလို့.. ခရစ်စမတ် ဆုချွေ နှစ်ကူး ဆန္ဒပြု သွားပါတယ်

Anonymous said...

- ဒီနှစ်ထဲမှာပဲ သားသားကိုသိတာလေ။းP

တီတီ့လေသံဖမ်းကြည့်တာ။ အရာရာ အဆင်ပြေချောမွေ့ပါစေ တီတီရေ။း)

ယောနသံစင်ရော် said...

အမခင်မင်းဇော်... မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ။

ကိုပေါ said...

ပန်းတောင်မမနဲ့ တမိသားစုလုံး ပျော်ရွှင်ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေသတည်း။

Myo Win Zaw said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

JulyDream said...

နှစ်ချုပ်၂၀၀၈ မှတ်တမ်းကို ၂၀၀၉ မှာ ကွန့်မန့် လာပေးကြည့်တာ။

ဒါနဲ့ ဒေါသကို ဘယ်လို ထိန်းချုပ်ရလဲဟင်။ ကျွန်တော်လည်း မာနမင်းသား ဒေါသအိုးကြီးပဲ ခင်ဗျ။

ရွှေဂျမ်း said...

Happy New Year ပါ အမ။ မိသားစုနဲ့အတူ ပျော်ရွှင်စရာတွေပြည့်တဲ့ နှစ်သစ်ဖြစ်ပါစေနော်။

ဒူကဘာ said...

အမရေ...နှစ်သစ်မှာ မိသားစုနှင့် ထပ်တူ လိုအင်ဆန္ဒ ပြည့်ဝနိုင်စေသားလား ...ဗျာ၊

TZA said...

မထင်မှတ်ပဲ ရင်းနှီးခဲ့ပြီး ဖုန်းတွေဘာတွေ ပြောဖြစ်ခဲ့တယ်၊ သိကျွမ်းခွင့်ရတာ ဝမ်းသာတယ်အစ်မ၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။