Friday, January 16, 2009

အိမ်ကို ပြန်ရောက်ပြီ။

အော်စလိုကနေ ဘန်ကောက်။
ဘန်ကောက်ကနေ ချင်းမိုင်။
ချင်းမိုင်ကနေ ကိုယ့်နေအိမ် ပြန်ရောက်တော့ ညနေ ၆ နာရီ။
ကိုယ့်အိမ်ကိုယ့်ယာပြန်ရောက် ရောက်ချင်း ပထမဆုံး ဘာမှမလုပ်နိုင်သေးခင်
သားသား မားမားကို သတိမရဘူးလား မေးလိုက်တော့ ရတော့ ရတယ် ဒါပေမယ့် သားပျော်တယ်ဟ တဲ့။
ဒင်းက အမေမရှိတော့ အမေ့ကွန်ပျူတာကို ဂိမ်းဆော့ရင်း ကောင်းကောင်းသမထားတာကိုး။ လွမ်းရကျိုးနပ်ပါရဲ့။ ၀တုတ်ပါးဖောင်း နေတာပဲ သားက အမေကို လွမ်းနေပုံ။

ဒါနဲ့ ကိုယ့်ပီအေကို မေးရတယ် အိမ်မှာ ဘာဟင်းချက်ထားသလဲ လို့။ မေးလ်ထဲမှာ ပြန်လာရင် သီးစုံပဲကုလားဟင်း စားချင်လိုက်တာ လို့ ပြောထားဘူးတာကိုး။ ချက်များထားမလား မျှော်လင့်ချက်နဲ့ မေးလိုက်တော့ ဘာမှမချက်ထားဘူးတဲ့။ ညဈေးမှာ သွားစားမယ်လေ ကြိုက်တာစား ၊ ဖတ်ထိုင်း( ထိုင်းကွတ်တီယိုခေါက်ဆွဲကြော်) စားမယ်ဆို သွားမယ်လေတဲ့။ (ကဗျာမဆန်လိုက်ပုံများ) ။ ဒါပေမယ့် သီးစုံပဲကုလားဟင်းချက်ဖို့ ဒန့်သလွန်သီး၊ ပဲသီး၊ ခရမ်းသီး၊ ရုံးပတီသီး အစုံအလင်ဝယ်ပေးထားတယ် တဲ့။( အော် အလိုက်သိတယ်ပေါ့လေ…)

ဒါနဲ့ အဲဒီညကို မဲဆောက်ညဈေးမှာ စားသောက်ရင်း ပြီးလိုက်ရတယ်။
နောက်နေ့မနက် အိမ်ကို သေချာ ကြည့်လိုက်တော့ ကြောင်မရှိ ကြွက်ထ ဆိုသလို ကြွက်တွေ တွေ့နေရတယ်။ အိမ်ကလဲ ရှုပ်နေတာပဲ။ ဒါတောင် ပြန်လာတော့မယ် ဆိုလို့ အိမ်ကို ခေါ်ရှင်းထားသေးသတဲ့။ အိမ်ရှင်းဖို့ မလုပ်သေးခင် ကိုယ့်အလုပ်က ဖုန်းဝင်လာတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီက အလုပ်အမှုဆောင်အစည်းအဝေးလေး အင်တာဗျူး ရိုက်ပေးပါဦးတဲ့။ အင်း သူ့ဆန်စားရဲရမှာကိုး။ သွားရိုက်ပေးဖို့ ဖုန်းချိန်းတော့ မေးခွန်းတွေ ပေးထားဦးဟ ၊ အဖွဲ့အစည်းနဲ့ ဆိုတော့ သူတို့နဲ့ ဘယ်လိုဖြေရမယ် တိုင်ပင်ရဦးမယ်တဲ့။ ဟုတ်ပြီ ဒါဆို ဒီလိုဒီလိုတွေမေးမယ် ၊ ဘယ်အချိန်လာရမလဲ နောက်တနာရီမှာ လာတဲ့။

အိုကေ.. ကြားချိန်လေးမှာ အမျိုးသမီးများလူမှုစောင့်ရှောက်ရေးအဖွဲ့(SAW) ရဲ့ လူကုန်ကူးခြင်းခံရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် ဂေဟာအသစ်ဖွင့်ပွဲသတင်း သွားရိုက်၊ နောက် အဲဒီကနေ တဆက်တည်း NCUB ရုံးကို သွားရိုက် ပြီး အက်ဒစ်လုပ် အော်စလို တိုက်ရိုက်မေးပုံစံ မေးခွန်းတွေ ရေးပေး၊ ဆာဗာပေါ်တင်ပေး၊ SAW သတင်း တပုဒ်အပြီးလုပ် ဆာဗာပေါ်တင်ပေး။ ညနေဖြစ်သွားရော။ အိမ်ကို ပြန်လာပြီး အိမ်ရှင်း။ အခု ကြွက်တွေမလာတော့ ပီအေက ကျမကို နင်က ကြောင်ဓါတ်ရှိတယ် ထင်တယ် နင်လဲ ပြန်လာရော ကြွက်လဲ မလာတော့ဘူးတဲ့ ပြောပုံက။ အိမ်မှာ ရှုပ်နေလို့ ကြွက်လာတာကို ၀န်မခံချင်ဘူး။

အမ်မလေး အိမ်ရှင်းနေရတာနဲ့ ၊ လူကြုံတွေကို ပစ္စည်းလာယူဖို့ စာရင်းစာရွက်တရွက်နဲ့ ဖုန်းခေါ်လိုက် ပေးလိုက် လုပ်နေရတာနဲ့။ တနေ့က ဘယ်လိုကုန်သွားတယ်မသိ။ သီးစုံပဲကုလားဟင်းလဲ ဘယ်လိုမှ မစားရသေး။ ရေခဲသေတ္တာထဲ ရှိနေတဲ့ ပုဇွန်ချဉ်ထုပ်ကို သုတ်ပြီး ပန်းဂေါ်ဖီကြော်နဲ့ နှစ်ပါးသွားလိုက်ရပြန်တယ် ။

နောက်တရက်..
စားချင်တာတွေ စားရမယ် မထင်နဲ့ဦး။ ရုံးချုပ်က အမိန့်တော်လာတယ်။
ဂျာမဏီမှာ ရိုက်ခဲ့တဲ့ အင်တာဗျူးတွေ အပြီးလုပ်ပို့ပါတဲ့။
အက်ဒစ်လုပ်ရပါတော့တယ်။ ဟူးးးးးးးး

ဒါပေမယ့် သီးစုံပဲကုလားဟင်းနဲ့ ငါးခူကြော် တရက်။
ဝက်သား ၊မျှစ်၊ချဉ်ပေါင် အရည်သောက် နဲ့ဝက်သားကို အကြော်မှုန့်လူးပြီးကြော်တာလေးနဲ့ တရက်…. ကိုအသေအချာ ချက်စားပြီးပါကြောင်း သတင်းကောင်းပါးရင်းးးးး
ခရီးသွားအတွေ့အကြုံလေးတွေကို ဝေမျှပါဦးမယ်လို့။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

8 comments:

kay said...

သီးစုံကုလားဟင်းပုံလေးပါ တင်ပေးမှပေါ့။

ကြွက်သားကြော်ရော မပါဘူးလား။း)

Moe Cho Thinn said...

အမ
Welcome back!
သီးစုံကုလားဟင်းနဲ့ ငါးခူကြော် စားချင်တယ်။
ငါးသလောက်ရော မပေါင်းဘူးလား အမ။ အမပို့လိုက်တဲ့ ငါးသလောက်တွေ ဆရာမ ချက်ပေးလို့စားခဲ့ရတာ သတိရတယ်။
ကြောင် အမေကြီး မရှိလို့ ကြွက်သေးသေးလေးနဲ့ ပီအေကြွက်တို့ သောင်းကျန်းတာရော မပါဘူးလား :)

ATN said...

ကြွက်တွေဖမ်းပြီး ငရုတ်သီးနဲ့ စပ်ခြောက် ကျော်တုတ်ပစ်လိုက် ပြီးတာပဲဗျာ...း)

Anonymous said...

အိစ်.. ဦးငယ်ရာ.. အဲ့ကြွက်ကြီးတွေများရွံစရာကိုး(
ကြက်သီးတောင်ထ(စ်)

အန်တီရေ.. အားကျလိုက်တာ။
အိမ်ပြန်ရောက်တော့ ကောင်းကောင်းအမောဖြေရမလားမှတ်တယ် အလုပ်တွေတန်းစီနေတာပဲလား ဟီဟီး.. ဒီလိုပါပဲ။
ရတဲ့ရက်လေးမှာအေးဆေးအပန်းဖြေပစ် သိလား။

ငါးခူကြော်တဲ့၊ ကုလားဟင်း၊ မျှစ်တဲ့..။ အစားချင်ဆုံးကပုစွန်ချဉ်သုပ်ပဲ.. ရှလွတ်
ငတ်နေတာကြာပါပေါ့လား..။

MANORHARY said...

အိမ်ပြန်ရောက်ပြီ..ဆိုလို့ မနာလိုဖြစ်နေတယ်..း(
ကြွက်ကိုတော့အားရင်ကြော်ထားလိုက်ပြီး
ပြောတဲ့သူဆီပဲပို့လိုက်ပါအမရယ်...း)

JulyDream said...

ဒါဆို မခင်မင်းကြောင် ပေါ့နော်...
အမည်သစ်လေးက ဂွတ်ရှယ်ပဲ။ အမည်ပေး ကင်ပွန်းတပ်ပွဲလေး လုပ်ပါအုံးဗျာ။ အဟီး...

Thet Oo said...

မျှဝေမယ့် ခရီးသွားအတွေ့အကြုံလေးတွေကို စောင့်မျှော်နေပါကြောင်း...

လင်း said...

ပီအေကို ဘယ်လောက်လွမ်းလဲ မေးတာကြတော့ ဆင်ဆာဖြတ်တယ်ပေါ့လေ