Saturday, March 7, 2009

နော်ဝေးရဲ့အတိတ်

ပြီးခဲ့တဲ့ ပို့စ်အရ သူတို့အရှုံးပေးလိုက်တာမျိုးကို ပရိသတ်က မကြိုက်ကြလေဘူး။ ဒါ့ထက်ဆိုးတာ ရှိပါသေးတယ်။ သူတို့နိုင်ငံကို မအုပ်ချုပ်တတ်လို့ လာအုပ်ချူပ်ပါဆိုပြီး ဒိန်းမတ်ကနေ ဘုရင်ကို ကန်ထရိုက်စနစ်နဲ့ ငှားသေးသတဲ့။ တနှစ်လောက် အုပ်ချုပ်ပေးပြီး ပြန်သွားတယ် ကြားပါတယ်။ တကယ်တော့ နော်ဝေးနိုင်ငံဟာ ၁၉၇၀ ခုလွန်ရေနံတွေ့ရှိချိန်မှ ချမ်းသာလာတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီခေတ်မတိုင်ခင်ကတော့ ပင်လယ်ဓါးပြ လုပ်စားတယ်လို့နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ကျောက်တောင်ချည်းသာ ရှိတဲ့ နိုင်ငံ၊ ပင်လယ်ထဲ ရောက်နေတဲ့ နိုင်ငံမို့ ဘာမှစိုက်ပျိုးမရပဲ တံငါလုပ်စားကြရတာပါ။ အဲဒါကြောင့်လဲ ရေနံတွေ့ပြီး ချမ်းသာလာမှ ငှက်ပျောသီးကို စားဖူးသတဲ့။ ခုချိန်ထိ ငှက်ပျောသီးဆိုတာ သူတို့အတွက် တကယ့်တော်ဝင်သီး။ ဒါတောင် ခွံစိမ်းတမျိုးပဲ တွေ့ဖူးကြတယ်။ ရေသီ၊ ဖီးကြမ်း၊ ထောပတ် ၊ ငှက်ပျောချဉ် ဒီလို ငှက်ပျောအမျိုးပေါင်းများစွာ ရှိတယ် ဆိုတာ သူတို့မသိကြတာလဲ အမှန်ပါ။

နော်ဝေးနိုင်ငံမှာ ရောဂါတမျိုးကျရောက်တုန်းကဆို (ကပ်ဆိုးကြီးဖြစ်တယ်ခေါ်မှာပေါ့) နော်ဝေနိုင်ငံသားတွေ လှေတွေ သဘောင်္တွေနဲ့ အမေရိကတိုက်ဘက်ကို ပြေးကြသတဲ့။ သမုဒ္ဒရာထဲမှာ သေသူသေ။ ကံကောင်းထောက်မစွာ ရောက်သူရောက်ပေါ့။ အင်မတန် ရိုးသားတဲ့ လူမျိုးဖြစ်ပါတယ်။ ခုချိန်ထိလဲ နော်ဝေးနိုင်ငံသားတွေထဲမှာ နိုင်ငံခြားမရောက်ဖူးသူက ၈၀ ရာနှုန်းရှိပါတယ်။ အဲဒီလောက်ဆင်းရဲခဲ့တဲ့ ကျောက်တောင်တွေနဲ့နိုင်ငံကို ဟိုခေတ်က ဘယ်သူမှ မျက်စိကျခဲ့ပုံမပေါ်ပါဘူး။ ဒါ့ကြောင့် သူတို့ကို လာနယ်ချဲ့တဲ့ ဂျာမန်တွေ သူတို့က အုပ်ချုပ်ခိုင်းလို့ အုပ်ချုပ်ရတဲ့ ဒိန်းမတ်တွေက နော်ဝေနိုင်ငံကို မလိုလား မနှစ်သက်ဘူးဖြစ်မှာပါ။ ဘာမှမမက်မောဘူး ဖြစ်မှာပါ။ ပြီးခဲ့တဲ့ ပို့စ်တင်ပြီး ကျမ ကောမန့်တွေစောင့်နေရင်း ဒီပို့စ်ကို ဆက်ရေးပါတယ်။ အားလုံးက အရှုံးပေးလိုက်တာ အပေါ်မှာ သိပ်သဘောမတွေ့တာ တွေ့ရပါတယ်။ ရေးနေရင်းကောမန့်ထဲမှာ အောင် က လဲ ၀င်ပြောသွားပါတယ်။ သူပြောတဲ့ အချက်တွေကလဲ ဟုတ်ပါတယ်။

နော်ဝေးတနိုင်ငံလုံးရဲ့ လူဦးရေဟာ လေးသန်းခွဲပဲ ရှိပါတယ်။အခုခေတ်မှာတော့ သူတို့ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရောင်းချငွေဟာ နှစ်စဉ်ပိုလွန်းလို့ သူ့နိုင်ငံသားတွေကို ဘယ်လို သုံးခိုင်းရမလဲ ဖြစ်နေရတဲ့ နိုင်ငံပါ။ လူတဦးရဲ့ အလုပ်က၀င်ငွေ ၂၅ ရာနှုန်းကို အခွန်အဖြစ်ကောက်ပါတယ်။ နောက်အလုပ်တခုရှိရင် ဒုတိယအလုပ်က ၀င်ငွေကို ၃၅ ရာနှုန်းကောက်ခံပါတယ်။ ဒီငွေတွေအကုန် ပလုံသွားတယ် ထင်သလား။ နှစ်ကုန်တိုင်း အခွန်ကောက်ထားတဲ့ ငွေတွေကို ဘောနပ်အဖြစ် နိုင်ငံတော်က ပြန်ထုတ်ပေးပါသေးတယ်။ ကလေးမွေးဖို့ ကိုယ်ဝန်ဆောင်ချိန်က စလို့ နောက်ဆုံးသေဆုံးချိန်ထိ ကိုယ့်နိုင်ငံသားကို လုံးဝ တာဝန်ယူပေးနိုင်တဲ့ ၀န်ဆောင်မှုအပြည့်ရှိတဲ့ ကမ္ဘာ့ထိပ်ဆုံးက နိုင်ငံတခုပါ။

ဒီလို အစိုးရမျိုး ဒီလိုပြည်သူမျိုးဖြစ်ဖို့ အဓိက လိုအပ်တာကတော့ စနစ်ဖြစ်ပါတယ်။ အဲဒီစနစ်ကို ပြုလုပ်တဲ့ လူတွေရဲ့ ဥာဏ်ပညာကြီးမားမှုကတော့ ပြောမကုန်နိုင်ပါပဲ။ ဒ့ါကြောင့် မူနဲ့ လူက ဆက်စပ်နေတယ်လို့ ပြောရမှာပါပဲ။ ကျမတို့ နိုင်ငံက ပြည်သူတွေကို သူတို့လို လူမှုထောက်ပံ့မှုတွေ ပြည့်စုံအောင် ထားပေးနိုင်ခဲ့ရင် လာဘ်ပေးလာဘ်ယူတွေ ခိုးဆိုး လုယက်မှုတွေ က အတန်အသင့်လျော့ပါးသွားမယ် ထင်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး ဆိုတာ မဟုတ်ပါဘူး။ နှစ်ပေါင်း များစွာ ဖျက်ဆီးခံထားလိုက်ရတဲ့အတွက် စိတ်ဓါတ်တွေ ပျက်စီးသွားတာပါ။ ဒီလူတွေကို ပြုပြင်ယူနိုင်ဖို့ဆိုတာမှာ ပြည်ပရောက်မျိုးချစ်မြန်မာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာမှာပါ။ ဒါက နော်ဝေးကိုလေ့လာရင်း မြန်မာနိုင်ငံအတွက် စဉ်းစားမိတာပါ။

ကိုယ့်ခရီးကို ပြန်ဆက်ရမယ်ဆိုရင်တော့ နောက်ထပ်သွားမိတဲ့နေရာလေးတခုက ဆောက်လုပ်ပြီးစီးစ အော်ပရာကဇာတ်ရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့က ပြဇာတ်ရုံပိတ်တဲ့ နေ့ဖြစ်နေပါတယ်။ ဒီတော့ ပြဇာတ်ပြတဲ့ အထဲထိ ၀င်မရပဲ အောက်ထပ်မှာ ပဲ လှည့်ပတ် ဓါတ်ပုံရိုက်ပြန်လာခဲ့ရတယ်။
ဒီဇာတ်ရုံကို ၂၀၀၈ နှစ်ကုန်ခါနီးမှ ဖွင့်တာ


အဲဒါ အိမ်သာကို အပြင်က ရိုက်လာတာ။ ကဇာတ်ရုံအထဲက အိမ်သာကလဲ မိုက်သလား မမေးနဲ့နော်။
ကဲ နောက်တပတ်တော့ နောက်တနေရာ သွားတာလေး တင်ပေးမယ်နော်။
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

10 comments:

Thet Oo said...

နော်ဝေးမှာပဲ ရှိသေးတယ်နော်..

ATN said...

ဘုရင်တောင် ကန်ထရိုက်စနစ်နဲ့ ငှားပြီး အုပ်ချုပ်ခိုင်းသတဲ့လား...
အံ့သြ ကုန်နိုင်ဖွယ်ပဲ...

Sonata Cantata said...

နော်ဝေးကို ကိုယ်ဖာသာ ရောက်သွားရင်တောင် ဒီလောက် စိတ်ဝင်စားဖွယ် ဖြစ်မှာ မဟုတ်ဘူး။ အမခင်မင်းဇော်နဲ့ လိုက်ရတာ တွေးတွေးငေးငေးလေးနဲ့ ...ကျေးဇူးနော် အမ

Moe Cho Thinn said...

ဟုတ်တယ်နော်။ နော်ဝေကို အရင်က သိပ်စိတ်မ၀င်စားမိဘူး။ အခုတော့ အတော်ထူးဆန်းတဲ့လူမျိုးပါလား လို့ အမစာ ဖတ်ပြီး ဖြစ်ရတယ်။ ရိုးသားပြီးအေးချမ်းတာကတော့ ပေါ်လွင်လွန်းပါတယ်လေ။ ဆက်ရေးနော် အမ။

ကိုပေါ said...

ဟုတ်တယ်ဗျိုး။ စင်္ကာပူ ကဇာတ်ရုံက အိမ်သာလည်း အရမ်းမိုက်တယ်။ ကျနော့်အိပ်ခန်းထက်တောင် မွှေးသေးတယ်။း-)

မမသီရိ said...

တကယ်တော့ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူး ဆိုတာ မဟုတ်ပါဘူး။ နှစ်ပေါင်း များစွာ ဖျက်ဆီးခံထားလိုက်ရတဲ့အတွက် စိတ်ဓါတ်တွေ ပျက်စီးသွားတာပါ။ ဒီလူတွေကို ပြုပြင်ယူနိုင်ဖို့ဆိုတာမှာ ပြည်ပရောက်မျိုးချစ်မြန်မာတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာမှာပါ။
........................
အစ်မ ..အဲဒီမှတ်ချက်လေး အရမ်းသဘောကျတယ်
ကျမတို့ တကယ်ပြောင်းလဲနိုင်ဘို့ အတွက်.. အခြေခံ လူမှုအဆောက်အဦ ကို ပြောင်းလဲ နိုင်မှ.. အားလုံး မျှော်မှန်းတဲ့ နေ့တစ်နေ့ ကို အောင်မြင်စွာ ရောက်နိုင်မယ်လို့ ယုံကြည့်မိတယ်.. အဲဒီ အတွက် လောလောဆယ် လွတ်လွတ်လပ်လပ် လုပ်နိုင်သူတွေ ရဲ့ အခန်း ကဏ္ဍ က အလွန်အရေး ကြီးပါတယ်

မီယာ said...

အမရေ.. လာလည်တာ ၀မ်းသာပါတယ်.. အမ ပရိသတ်တွေက များတော့ အားလုံးကို ဘယ်သိနိုင်မှာလဲ.. နော်ဝေးကို သွားလည်ဖူးချင်တယ်.. ဆက်ရေးပါနော် အမ

MANORHARY said...

ဟုတ်ပါရဲ့အမရယ်..နော်ဝေးဆိုတာကိုအမနဲ့သာမသွားရ
ရင်စိတ်ဝင်စားမှာမဟုတ်ဘူး..အမက စာရေးကောင်း
တော့ဆွဲခေါ်သွားတာကို..မြန်မြန်ဆက်ရေးနော်..း)

kay said...

သူတို့စိတ်နေ စိတ်ထားကို တော့..တကယ် စိတ်ဝင်စားတယ်.. ဒီလောက် ရှည်လျားတဲ့ ကမ်းရိုးတန်းတလျှောက်..( ငယ်ငယ်က..ပထ၀ီမှာ မြေပုံဆွဲရင်..ကုက္ကိုပင်ကြီးလို့ မှတ်ထားတာ) ကမ်းလွန် စွမ်းအင်တွေ ထွက်နေတာတောင်.. အစားထိုးလောင်စာ ကိုလည်း ထောက်ခံ အားပေးသေးတယ်။ သူတို့ မရောင်းရမှာ မပူဘူး။ ကမ္ဘာပေါ်မှာ..အဲလို စိတ်ထားကောင်းတဲ့ လူမျိုး ခပ်ရှားရှားပါပဲ။

ThuHninSee said...

နော်ဝေးမှာ ကိုမွန်းအောင်ရှိတယ်ဆို..
အဲဒါကို ပိုစိတ်ဝင်စားတယ်..
:D