Saturday, August 8, 2009

၂၁နှစ် ပြည့်ခဲ့ပြီ.....

8888
နစ်နေမန်းထံမှ ရယူထားပါသည်၊

၈လေးလုံးလူထုအရေးတော်ပုံကြီး ၂၁ နှစ်ပြည့်ခဲ့လေပြီပေါ့။
၈လေးလုံးစိတ်ဓါတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ ဆိုတဲ့ စကားလုံးလေးက ဆောင်ပုဒ်အဖြစ် တင်ကျန်ရစ်နေတာလဲ အားလုံးအသိ။

ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောင်ကျရင် ကျမတို့ဟာ မကြောက်ကြရတဲ့ ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောင်မှာ ဆက်ပြီးတော့ ကြောက်နေရတဲ့ စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတယောက်အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ အဲဒီတော့ အားလုံးက မှန်တာလုပ်မယ်ဆိုလို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်(၁၄၊၁၊၁၉၈၉)

လုပ်သင့်တဲ့အလုပ်ကို မကြောက်ပဲ လုပ်ဖို့ ပြောသလို ရင်းသင့်တဲ့အချိန်မှာ ရင်းပြီး လုပ်ရဲဖို့ တိုက်တွန်းထားတယ်လို့ ကျမက ယူပါတယ်။ ၁၉၆၂ မှသည် အာဏာရှင်ကို ရင်းရဲတဲ့လူတွေက ရင်းပြီးတော်လှန်စွန့်လွှတ်ပြခဲ့တယ်။

သူတို့တွေဟာ မိုက်မဲတဲ့လူတွေလား။
မပါးနပ်တဲ့လူတွေလား၊
ကိုယ်ကျိုးစွန့်တာမို့ အားလုံးအတုယူသင့်တဲ့လူတွေလား။
သူတို့ကိုယ်တိုင်က ဘာမှမပြောခဲ့ပေမယ့် သမိုင်းကတော့ သူတို့ကို မှတ်တမ်းတင်ထားခဲ့ပါပြီ။
အဲဒီလိုပဲ …
အာဏာရှင်စနစ်ထဲက တိုက်ပွဲတွေဖြစ်တဲ့ ၇၄၊ ၇၅၊ ၇၆တိုက်ပွဲတွင်းကလူတွေ……။
၈၈ တိုက်ပွဲတွင်းကလူတွေ…..
၉၀ တိုက်ပွဲတွင်းကလူတွေ….
၁၉၉၁ တိုက်ပွဲတွင်းက လူတွေ…
၁၉၉၆ တိုက်ပွဲတွင်းက လူတွေ…
၉လေးလုံး တိုက်ပွဲတွင်းက လူတွေ…
၂၀၀၇ တိုက်ပွဲတွင်းက လူတွေ….
ခုချိန်ထိ နှစ်ရှည်ထောင်ဒဏ်ကျခံနေတဲ့ လူတွေ။
……… လူတွေ။
………လူတွေ။
သူတို့မှာ မိဘတွေမရှိကြဘူးလား၊ သားသမီးတွေ မရှိကြဘူးလား၊ မိသားစုတွေကို မချစ်ကြဘူးလား၊ တွယ်တာစရာ တပ်မက်စရာတွေ မရှိကြဘူးလား။ သူများတွေက မပါးနပ်ကြဖူးလို့ လက်ညှိုးထိုးမှာကို မသိကြဘူးလား၊

ဒါတွေအားလုံးကို ထားခဲ့နိုင်ဖို့ ဘာတွေက သူတို့ကို တွန်းအားပေးခဲ့ကြပါသလဲ။
အားလုံးကို လူတိုင်းမသိနိုင်ပေမယ့် သူတို့ဝန်းကျင်က လူတွေကတော့ သူတို့ရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုလေးစားနေကြဆဲပါ။

အဲဒီမှာ ကြည့်လိုက်ရင် ဒီလူတွေအားလုံးဟာ ငါတို့ပေးဆပ်ခဲ့ကြတယ် ငါတို့ပေးဆပ်နေတယ်လို့ ဘယ်သူမှ မဆိုခဲ့ကြပါဘူး။ သူတို့ကိုယ်တိုင် ပြည်သူတွေအတွက် တိုင်းပြည်အတွက် ပေးဆပ်ခွင့်ကို ကျေကျေနပ်နပ်ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့် သမိုင်းကတော့ သူတို့ ပေးဆပ်ခဲ့တာကို အချိန်နဲ့အမျှ မှတ်တမ်းတင်သွားမှာပါပဲ။ ဒါ့ကြောင့်လဲ ဘယ်သူမှန်တယ် မှားတယ်ဆိုတာကို အချိန်က အဆုံးအဖြတ်ပေးလိမ့်မယ်ဆိုတဲ့ စကားရှိလာတာမဟုတ်ပါလား။

၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားတိုက်ပွဲကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၁၉၇၄ ၊ ၇၅၊ ၇၆ ကျောင်းသား အလုပ်သမားတိုက်ပွဲတွေကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၈လေးလုံးလူထု တိုက်ပွဲတွေ ရှုံးခဲ့တယ်လို့ ယူဆပါသလား….
ခုနောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ရှုံးနိမ့်သွားခဲ့တယ်လို့ ယူဆပါသလား။

ဒါတွေအားလုံးဟာ တဆင့်ချင်းတက်နေတဲ့ တော်လှန်ရေး လှေခါးထစ်တွေလို့ ကျမကတော့ ဆိုချင်ပါတယ်။ အဲဒီတိုက်ပွဲတွေ အားလုံးဟာလဲ နှစ်တွေဘယ်လိုခြားခြား တဆက်တည်း ဖြစ်နေတယ် လို့ ကျမက ယူဆပါတယ်။၆၂ မျိုးဆက်တွေရဲ့ ရှေ့ဆောင်လမ်းပြမှုတွေက ၇၄ ၊ ၇၅၊ ၇၆ ကျောင်းသားတွေအတွက် စံနမူနာ ဖြစ်ခဲ့သလို ၇၄၊ ရ၅၊ ရ၆ ကျောင်းသား၊ အလုပ်သမားတွေရဲ့ စွန့်စားပြမှုက ၈၈ ကျောင်းသားတွေရဲ့ ရှေ့ဆောင်လမ်းပြလဲ ဖြစ်ခဲ့ပါတယ်။ ၈၈ ကျောင်းသားပြည်သူတွေရဲ့ သတ္တိတွေကို ၉၆ ကျောင်းသားတွေက အမွေဆက်ခံသလို ၂၀၀၇ တုန်းက သံဃာတော်တွေ ကျောင်းသားတွေက ဒီတာဝန်ကို ဆက်လက်ထမ်းခဲ့တာပဲ မဟုတ်ပါလား။ မျိုးဆက်တွေ အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ ၊ လက်ဆင့်ကမ်းယူခဲ့တဲ့ အာဏာရှင်ကို အမြစ်ဖြုတ်တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

ကျမတို့ကတော့ ကိုယ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းပေးတာဝန်ကို ကျေကျေနပ်နပ် လက်ဆင့်ကမ်းထမ်းဆောင်ဖို့ ယူခဲ့တာပါ။ ဒါ့အပြင် မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့လဲ ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျမတို့ မျိုးဆက်သစ်တွေ အတုယူနိုင်ဖို့ ကိုယ်တိုင် ဖြစ်စေချင်တဲ့ ဆန္ဒတွေ ကို ကိုယ်တိုင် ကျင့်ကြံပြခြင်းနဲ့ လက်ဆင့်ကမ်းဖို့ ပြင်ဆင်နေဆဲပါ။ ( ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်လုပ်ပြရမယ် ဆိုတဲ့ ဆုံးမစကားလေးကို ငယ်ငယ်က သမီးကြီးကျမကို ပြောပြခဲ့တဲ့ ကျမရဲ့ မိဘတွေကို ကျေးဇူးအထူးတင်ပါတယ်၊) ဒါဟာ ကျမ ရယူထားတဲ့ ၈လေးလုံးစိတ်ဓါတ် စွဲကိုင်မှု တခုပဲ ဖြစ်ပါတယ်။ ကျမတို့ အောင်မြင်ရမှာပါ။


မျိုးဆက်လက်ဆင့်ကမ်းဖို့အတွက် ကျမတို့ရှေ့က လမ်းပြခဲ့တဲ့ တော်လှန်ရေး ကြယ်ပွင့်တွေကို လေးစားအတုယူရင်း......

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

Nge Naing said...

အစ်မရေ အားမာန်အပြည့်နဲ့ တပ်လှန့်ထားတဲ့ စာကို လာဖတ်သွားပါတယ်။ ရှုံးတယ်ဆိုတာ ကိုယ်ကိုယ်တိုင်က အရှုံးပေးမှ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ဘယ်တုန်းကမှ မရှုံးခဲ့ပါဘူး။

မဆုမွန် said...

၁၉၆၂ ဆဲဗင်းဂျူလိုင် ကျောင်းသားတိုက်ပွဲကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၁၉၇၄ ၊ ၇၅၊ ၇၆ ကျောင်းသား အလုပ်သမားတိုက်ပွဲတွေကို ရှုံးခဲ့တယ်လို့ ယူဆပါသလား။
၈လေးလုံးလူထု တိုက်ပွဲတွေ ရှုံးခဲ့တယ်လို့ ယူဆပါသလား….
ခုနောက်ဆုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ရှုံးနိမ့်သွားခဲ့တယ်လို့ ယူဆပါသလား။................

မေးခွန်းတွေကို အဖြေရှာသွားတယ်..

ဘယ်တော့မှ မရူံးဘူး...ဆိုတဲ့ အဖြေတစ်ခုပဲ ထွက်တယ်

တော်လှန်ရေးကြီးဟာ အဆုံးမသတ်သေးတာပဲ အရူံးနဲ့ပေးဆပ်ခဲ့ရတာမဟုတ်ဘူး....

အောင်ပွဲနဲ့ အဆုံးသတ်နိုင်ဖို့ မျိုးဆက်လက်ဆင့်ကမ်းဖို့အရေးကြီးတယ်

ဆရာ ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာရမယ်ဆိုတဲ့ စကားကို ကိုယ့်ကိုကိုယ် ပြန်တွေးနေမိတယ်..

Steve Evergreen said...

KOM:အပြစ်ကင်းတဲ့ ချစ်ခြင်းဖြစ်ပါစေ။