Monday, November 5, 2012

ပြည်သူပြည်သား သတင်းသမားများ(အခန်း - တစ်)


      ပြည်သူပြည်သား သတင်းသမားများ (အခန်း-တစ်)

ကျမတို့ လူမှုဘ၀ကြီးမှာ နေ့တိုင်း သတင်းတွေနဲ့ မိုးလင်း သတင်းတွေနဲ့ မျက်နှာသစ် သတင်းတွေနဲ့ အစားစား သတင်းတွေနဲ့ အပန်းဖြေ သတင်းတွေနဲ့ စကားပြော သတင်းတွေနဲ့ ရန်ဖြစ် သတင်းတွေနဲ့ ပြန်ချစ် တနေ့တာရဲ့နောက်ဆုံးလဲ သတင်းတွေနဲ့သာ အိပ်ယာ ၀င်ခဲ့ကြရတယ်မဟုတ်လား။
ကျမပြောချင်တဲ့ သတင်းက အချက်အလက်တွေ နဲ့ ပေါင်းစုပေးထားတဲ့ သိသင့်သိထိုက် စဉ်းစားသင့် စဉ်းစားထိုက်တဲ့ အကြောင်းအရာပေါင်းစုံကို ရည်ညွှန်းတာပါ။ မနက်မိုးလင်း ဘာစားရမလဲ စဉ်းစားတာကနေ ညအိပ်ခါနီးနက်ဖြန် နေပူမလားမိုးရွာမလား။ ကလေးအတွက် နို့မှုန့်ဘိုးကနေ အဘိုးအဘွားအတွက် အအေးပုလင်းဈေးသိဖို့လဲ သတင်းပါပဲ။
ပြည်သူတွေအနေနဲ့ သိထားတဲ့ အချက်အလက်ကနေ တဆင့် တွက်ချက်စဉ်းစားပြီး ဘာဖြစ်နိုင်တယ် ဘာလုပ်သင့်တယ် ဘာကိုဆောင်မယ် ဘာကိုရှောင်မယ်ဆိုတာမျိုးတွေ အဆင်သင့် ရှိနေအောင် သတင်းသမားတွေ တနည်းပြောရရင် သတင်းထောက်တွေက အချိန်တိုင်း သတင်းတွေကို ရှာဖွေတင်ပြပေးနေရတာပေါ့။
ဒီကနေ့ခေတ်လို စက်မှုတိုးတက်မှု အိုင်တီနည်းပညာတိုးတက်မှုတွေထဲမှာတော့ သာမန်ပြည်သူတယောက် ဟာလဲ သတင်းသမားကောင်းတယောက်ဖြစ်နေနိုင်တာပါပဲ။ ကိုယ်သိတဲ့ အချက်ကလေးတခုကို လူအများသိအောင် တင်ပြနိုင်တဲ့ နေရာတွေကလဲ အရင်တုန်းကထက်စာရင် အများကြီး ရှိလာခဲ့ပြီမဟုတ်လား။ အရင်တုန်းကလို နေ့စဉ်ထုတ် သတင်းစာထဲ ပါဝင်နိုင်ဖို့ ကြိုးစားစရာမလိုတော့ပဲ နေ့စဉ်ထုတ် ဂျာနယ်တွေကို အားကိုလာနိုင်သလို အင်တာနက်ခေတ်ကြီးမှာ လူတိုင်းအခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ လူမှုကွန်ရက်တွေကတဆင့် ထုတ်ဖေါ်ရေးသားလို့လဲ ရနေခဲ့ပါပြီ။
ကျမဆီကိုလဲ သတင်းဘယ်လိုပို့ရမလဲ။ ကျနော်ကျမတို့ မြို့မှာလဲ ဒီလို ဒီလို သတင်းတွေ ရှိတယ်။ တခါမှမပါဘူး ဖြစ်နေလို့ ရိုက်ပေးချင်ပါတယ်၊ ဘယ်လိုရိုက်ရမလဲ။ တခါမှလဲ မရိုက်ဖူးဘူးဆိုလာသူတွေ တနေ့တခြား များလာတော့ ကိုယ်သိထားတာလေးတွေ မျှဝေပေးချင်လာပါတယ်၊ ကိုယ့်မြို့က သတင်းလေးတွေ တခြားမြို့က သတင်းလေးတွေနဲ့ အပြိုင် တက်လာနိုင်အောင် ဘယ်လိုရိုက်ကြမလဲ။ ဘယ်လိုစိတ်ဝင်စားအောင် လုပ်ရမလဲ။ ဘယ်လိုသတင်းမျိုးတွေကို ရှာကြမလဲ။ သတင်းဆိုတာကို စိတ်ဝင်စားကြတဲ့ မျိုးဆက်သစ်တွေအတွက် ရည်ရွယ်ရေးသားမျှဝေလိုက်ပါတယ်။
ဒီတော့ ကျမတို့မှာ ဘာလိုအချက်အလက်တွေ စုဆောင်းမလဲ ဘယ်လိုသတင်းမျိုးတွေကို ပြန့်နှံ့အောင်လုပ်မလဲ ဆိုတာနဲ့ ကိုယ်တင်တဲ့ သတင်းကို လူတွေ ဘယ်လိုဂရုစိုက်အောင် လုပ်နိုင်မလဲ ဆိုတာမျိုးတွေကို စိတ်ပါဝင်စားသူ မည်သူမဆို ကြီးငယ်အလတ်မရွေး လေ့လာသင့်သလောက် လေ့လာထားမယ်ဆိုရင်တော့ အကျိုးမယုတ်လေတန်ပါဘူးလေ။


စကားလုံးတရာ ထက် စာတလုံးက ပိုပြီး ထိရောက်သလို စာလုံးတရာထက် ဓါတ်ပုံတပုံကလဲ ပိုအင်အားရှိထိရောက်စေပါတယ်၊ အခုခေတ် ဗီဒီယို လှုပ်ရှားအရုပ်ခေတ်မှာတော့ ရုပ်သေ ဓါတ်ပုံတွေထက် လှုပ်ရှားမှု ပုံရိပ်က လူတွေကို ပိုလို့ ဖမ်းစားနိုင်ပါတယ်။ ဒီအခမ်းအနားကို မိုးရွာနေတဲ့ ကြားက လူတထောင်လောက် စိတ်ပါဝင်စားစွာနဲ့ ပျော်ပျော်ရွှင်ရွှင် တက်ရောက်ပါတယ်လို့ ရေးသလို ရေဒီယိုမှာလဲ မျက်စိထဲ မြင်အောင် ဖွဲ့နွဲ့ပြရပေမယ့် ဗီဒီယိုနဲ့သတင်းတင်ပြတဲ့အခါမှာတော့ မိုးရွာထဲ လူတွေ ပျော်ပျော်ရွှင်ရွှင် တက်လာနေတဲ့ ပုံကို အကောင်းဆုံးကတ် အဖြစ် ၅ စက္ကန့် တကတ်လာက်ပြလိုက်တာနဲ့ ဘာမှပြောစရာမလိုတော့အေင် ပြည့်စုံသွားပါတယ်၊ ဒီခြားနားချက်အတိုင်း တင်ပြနိုင်အားကောင်းတဲ့ လှုပ်ရှားအရုပ်တွေကနေ တိုတိုနဲ့ ထိထိမိမိ တင်ပြလာနိုင်အောင် ကျမတို့ သတင်းခေတ်ကြီးမှာ ကြိုးစားကြည့်ကြရအောင်ပါ။
ဒါကြောင့် ကျမ လှုပ်ရှားခဲ့သလောက် ကျမသိသလောက် အသိလေးထဲကနေ ဗီဒီယိုလှုပ်ရှားမှု အရုပ်တွေနဲ့ ပြည်သူလူထုတွေ သတင်းကို ဘယ်လိုစိတ်ဝင်စားအောင် ရိုက်ကူးမလဲ ဘယ်လိုမြင်အောင် တင်ပြမလဲ ဆိုတာလေး မျှဝေပေးချင်ပါတယ်။ အခု ကျမပြောပြမယ့် အကြောင်းအရာတွေက တခါမှ သင်တန်းမတက်ဖူးပဲ ခလုပ်နှိပ်တတ်ရုံသာ တတ်တဲ့ သာမန်ပြည်သူတယောက် သတင်းအဖြစ် ရိုက်ကူးချင်တဲ့အခါ သိထားသင့်တဲ့ အခြေခံအချက်တွေ ဖြစ်တာမို့ လွယ်ကူးရိုးရှင်းပါတယ်။ ကဲ .. စကြရအောင်နော်။
++++++++++++++++++++
သတင်းအတွက် ရိုက်ချက်တွေဟာ ရုပ်သံမှတ်တမ်း၊ အလှုမင်္ဂဆောင် မှတ်တမ်း၊ ကာရာအိုကေ စတာတွေနဲ့တော့ မတူနိုင်ပါဘူး။ သတင်းဟာ မိနစ်အနည်းငယ်နဲ့ ကိုယ်ပေးချင်တဲ့အချက်တွေကို ထင်ထင်ရှားရှားသတိပြုမိအောင် ရိုက်ကူး တင်ပြရတာဖြစ်သလို ရိုက်ချက်တွေကလဲ ရိုးရှင်းတည်ငြိမ်ဖို့ အရေးကြီးပါတယ်၊ ကျမအနေနဲ့ အများဆုံးတွေ့ရတဲ့ ဥပမာတွေနဲ့ရှင်းပြရင် နားလည်မယ် ထင်ပါတယ်။

အများဆုံး တွေ့ရတဲ့ ဖြစ်စဉ်(၁)

အခမ်းအနား ကျင်းပခြင်း။

ပြည်သူပြည်သားသတင်းသမားတွေအနေနဲ့ အခမ်းအနားတွေကို သတင်းပေးပို့ကြတာ အများဆုံး တွေ့ရပါတယ်။ အဲဒီအခါမှာ လိုအပ်တဲ့ ရိုက်ချက်တွေကို ရှင်းပြချင်ပါတယ်။ အခမ်းအနားတွေကို ဘယ်နေရာမှာ ကျင်းပသလဲ။ ကျင်းပတဲ့ အဆောက်အဦး၊ ထင်ရှားတဲ့ အဆောက်အဦးဆိုင်းဘုတ်။ အခမ်းအနား ခေါင်းစီး ။ ဒါတွေက မဖြစ်မနေ ရိုက်ပြရမယ့် အရာတွေပါ။ အဲဒီအရာတွေကို ဘယ်လိုရိုက်မလဲ။ သာမန်ဗီဒီယိုရိုက်ကူးသူတွေဟာ အဆောက်အဦးကို အဝေးက ရိုက်နေရင်း လူဝင်လာတာတွေ ရိုက်မယ် ။ လူတွေ အများကြီး လာတာ မြင်ရင် ကင်မရာကို လက်နဲ့ လှည့်ပတ်ပြီး အစကအဆုံး တချက်လှည့်ဆွဲရိုက်မယ် စသဖြင့် သူစိတ်ထဲ ပေါ်လာသလို ရိုက်ပါတယ်။ ကိုယ့်ဘာသာ ပြန်ကြည့်ဖို့ ရိုက်တယ်ဆိုရင်တောင်မှာ အင်မတန်ပျင်းရိဖို့ကောင်းတယ်ဆိုတာ။ မူးနောက်နေမယ်ဆိုတာ ပြန်ကြည့်ရင် သိသာပါလိမ့်မယ်။ တကယ်က သတင်းအတွက်ရိုက်တဲ့အခါမှာ ဓါတ်ပုံရိုက်သလိုပဲ ကိုယ်ပြချင်တာတွေကို အငြိမ် ကဒ်ဖြတ်ရိုက်တာ အကောင်းဆုံး ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။

ဒီနေရာမှာ ကင်မရာကိုင်ပြီး ရိုက်ကူးမယ့်လူရဲ့ စိတ်ထဲမှာ ကင်မရာဟာ ဇာတ်ခုံဖြစ်တယ်ဆိုတာ မှတ်ထားဖို့ လိုပါတယ်၊ ဇာတ်ခုံက အငြိမ်ဖြစ်ပြီး ဇာတ်ခုံပေါ်ကပြတဲ့ သရုပ်ဆောင်တွေကသာ လှုပ်ရှားသရုပ်ဆောင်နေတာပါ။ ဒါ့ကြောင့် ကိုယ်ရိုက်မယ့် သတင်းဖြစ်စဉ်ထဲမှာ သက်ရှိသက်မဲ့ အားလုံးဟာ ဇာတ်စင်ဖြစ်တဲ့ ကင်မရာ အငြိမ်ထဲက လှုပ်ရားနေမယ့် သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကလဲ လှုပ် ဇာတ်စင်ကလဲ လှုပ်နေတဲ့ ပွဲ ဘယ်မှာမှ မရှိပါဘူးနော်။ (ငလျင်လှုပ်နေချိန်ကလွဲလို့ပေါ့နော်) ကဲ .. ဘယ်လိုရိုက်မလဲ..

ရိုက်ချက်(၁)
ကျင်းပတဲ့အဆောက်အဦးကို အဝေးက အားလုံးပေါ်အောင် ဒါမှမဟုတ် တစောင်းပေါ်အောင် ကင်မရာကို အငြိမ်ထားပြီး ရိုက်တဲ့ခလုတ်ကိုကလစ်လို့ စရိုက်ပြီးတာနဲ့ တစ်ကနေ ၁၀ထိ ရေလိုက်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ အကယ်၍ အဆောက်အဦးကို ရိုက်တဲ့အခါ ကိုယ်နဲ့ အဆောက်အဦးကြားမှာ ကားလမ်းခံနေပြီဆိုရင် ကိုယ်ရိုက်တဲ့ကဒ်မှာ ကားသွားတာတွေပါနေလို့ဆိုရင်လဲ ကားသွားအပြီး တစ်ကနေ တစ်ဆယ်ထိ ရေတွက်ပြီး ပြန်ရိုက်ထားပါ။ ကားတွေက မရပ်မနားသွားနေတယ် အဆောက်အဦးက ကွယ်နေတယ်ဆိုရင် အဆောက်အဦးဘက်ခြမ်းကိုသွားပါ တစောင်းအနေအထားနဲ့ အဆောက်အဦးကို ပေါ်လွင်အောင် ချိန်ပြီးရိုက်ပါ။ ၁ကနေ ၁၀ထိ အတွင်းဟာ တကယ့်ကို ခဏလေးပါ။ အဲဒီအကွက်ကလေးတကတ်နဲ့ သတင်းမှာ ဘယ်နေရာမှာ လုပ်တယ်ဆိုတာကို ပြည့်စုံစေပါတယ်။ 

ရိုက်ချက်(၂)
အဲဒီနောက် ခန်းမတွေလား ဘုန်းကြီးကျောင်းလား ရုံးခန်းလား သာမန်အိမ်လားစသဖြင့် နာမည်ဆိုင်းဘုတ်ကို ရိုက်ပါ။ ဒါကတော့ အင်မတန်လွယ်ကူပေမယ့် မေ့တတ်ကြပါတယ်။ မဖြစ်မနေရိုက်ရမယ့် ကတ်ဖြစ်ပါတယ်။

ရိုက်ချက်(၃)
ခန်းမထဲ ၀င်ပြီး ဒီနေ့ လုပ်မယ့် အခမ်းအနားကဘာလဲ။ အခမ်းအနားရဲ့ ခေါင်းစီးကို အားလုံးပေါ်အောင် ကဒ်တကဒ်ရိုက်ပါ။ စာတန်းရှည်နေလို့ဆိုပြီး ဒီဘက်ထိပ်ကနေ ဟိုဘက်ထိပ်ထိ ကင်မရာကို ဆွဲ မရိုက်ပါနဲ့။ အားလုံးပါဝင်နိုင်တဲ့နေရာထိအောင်နောက်ဆုတ်ရိုက်ယူပါ။ အားလုံးဟာ ဓါတ်ပုံရိုက်သလို အငြိမ်ချိန်ရိုက်ရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ အမှတ်တံဆိပ်လိုဂို ပါနေရင် အဲဒါကို တကတ်ရိုက်ပါ။

ရိုက်ချက် (၄)
အခမ်းအနားဆီဝင်လာတဲ့လူတွေကိုရိုက်ဖို့ ၀င်ပေါက်ကို သွားပါမယ်။ အဲဒီအခါ ၀င်ပေါက်အနားမှာ လာနေတဲ့လူတွေကို ချိန်ရိုက်တဲ့အခါ ကိုယ့်ကင်မရာကို အငြိမ်ပဲ ကိုင်ပြီး သူတို့ ကျော်သွားတဲ့ထိ အငြိမ်ပဲ ရိုက်ရပါမယ်။ သာမန်ရိုက်ခါစ လူတွေဟာ ၀င်လာတဲ့လူနောက်ကို ကင်မရာ လိုက်သွားတတ်ပါတယ်။ လိုက်သွားစရာမလိုပါ ။ သူတို့ လာတယ်၊ ခန်းမထဲကို ၀င်သွားတယ်ဆိုတာ ကြည့်တဲ့လူက သဘောပေါက်ပါတယ်။

ရိုက်ချက်(၅)
အဲဒီမှာ ကျေညာစာ ဝေတာ။ လက်မှတ်ထိုးတာ၊ ဈေးရောင်းတာတွေ ရှိရင် ရိုက်ရပါမယ်။ လက်မှတ်ထိုးနေတာကို အနီးကပ်ရိုက်ချက် လက်နဲ့ ဘောပင်န် ကိုင်ပြီး ရေးနေတာ ကင်မရာအငြိမ်နဲ့ တကတ်၊ နောက် လူပါအပါ အလယ်အလတ် ရိုက်ချက် တကတ်၊ တန်းစီနေတဲ့ လူုတွေ တခြား လက်မှတ်ထိုးနေသူတွေ ပါတဲ့ အဝေးကတ် တကတ်။ ဒီလို အနီး အလတ် အဝေး ကတ် ၃ ကတ် ကိုတကတ်ချင်းမှာ ၁ကနေ ၁၀ထိရေတွက် ရိုက်လိုက်ရင် ပြည့်စုံပါတယ်၊ အဲဒီမှာ ဈေးရောင်းတာ ပါရင် ရောင်းနေတဲ့ပစ္စည်းအနီးကပ် တကတ်၊ ၀ယ်သူတွေက ကြည့်နေရင် သူတို့ မျက်နှာမှာ ကြည့်နေတာ ဒါမှမဟုတ် ကိုင်ကြည့်နေတာ စသဖြင့် လှုပ်ရှားမှုပုံပေါ်တဲ့ ကတ် တကတ်၊ ၀ယ်သူနောက်ကနေ ဈေးခင်းထားတာနဲ့ ရပ်ကြည့် ကိုင်ကြည့်နေသူတွေကို တကတ်၊

ရိုက်ချက်(၆)
အခမ်းအနားစပြီဆိုရင် တက်ရောက်လာတဲ့ ပရိတ်သတ်နဲ့ အခမ်းအနားကို ဆက်စပ်ပြတဲ့ ပြကွက်အဖြစ် ပရိတ်သတ်နောက်ဆုံးကနေ အခမ်းအနားတခုလုံးကို ခြုံငုံပြတဲ့ ကတ်တကတ်။

ရိုက်ချက်(၇)
ပရိတ်သတ်ထဲမှာ ထူးခြား လူသိများသူတွေရှိရင် သူတို့ကို အနီးကပ် ရိုက်ပါ။ ပရိတ်သတ်ဘယ်လောက်များလဲ သိအောင် အရှေ့ဘက်ကနေ အားလုံးကို ရိုက်ပြရသလို ၅ယောက် ၆ယောက် စသဖြင့် အကျပ်ကတ်ကို ရိုက်ပေးရပါတယ်။
အဲဒီမှာ အနီးကပ်ရိုက်ချက် ဆိုတာကို နည်းနည်းရှင်းပြချင်ပါတယ်။ အနီးကပ်ရိုက်ဖို့အတွက် ကင်မရာအရိုက်သင်စတွေ စပြီးရိုက်တဲ့လူတွေဟာ ကင်မရာက မှန်ဘီလူးကို အသုံးပြုပြီး ကိုယ်ရိုက်ချင်သူကို Zoomဆွဲ ရိုက်တတ်ပါတယ်။ အဲဒါမှားတဲ့ အချက်ပါ။ အဲလို ဆွဲရိုက်တဲ့အခါ တုန်ခါနေတတ်ပါတယ်။ ဒါ့ကြောင့် အနီးကပ်ရိုက်ချင်ရင် ကိုယ်ရိုက်ချင်သူနား ၄ပေလောက်အကွာလောက်မှန်းပြီး ကပ်သွားပါ။ ပြီးမှ သေချာ ချိန်ရိုက်ပါ။ တကယ်လို့ အခမ်းအနားက လူနည်းတယ်ဆိုရင် ၃ယောက် ၄ယောက် မတူတဲ့လူတွေကို မြင်ကွင်းထဲမှာ ကျပ်နေအောင် ရိုက်ပါ။ ဒါဆို လူနည်းနေတယ်၊ ချောင်နေတယ်လို့ မခံစားရတဲ့ အရုပ်ကဒ်တွေ ရပါမယ်။

ရိုက်ချက်(၇)
အခမ်းအနားပြုလုပ်နေစဉ် ရိုက်ချက်ပါ။ ၃ ကတ် လောက်ဆိုရပါပြီ။ နားထောင်နေသူေ တွ ပြောနေသူတွေ ပေါ့။

ရိုက်ချက်(၈)
ဆုပေးတာ၊ သီချင်းဆိုတာ၊ ကတာတွေ ပါရင် ၃ကတ်လောက်ပါပဲ။

ရိုက်ချက်(၉)
သတင်းအတွက်မှတ်ချက်ရအောင် အတိုဆုံးအင်တာဗျူးမယ်။(စက္ကန့် ၄၀ ထက်မပိုပါစေနဲ့)

ဒါကတော့ သတင်းရဲ့ အရေးအကြီးဆုံးအပိုင်းပါပဲ။ အခမ်းအနားမှာ တက်ရောက်နားထောင်နေတုန်း စကားပြောကောင်းသူ ပါရင်မှတ်ထားပါ၊ တက်ရောက်လာသူထဲက နာမည်ထင်ရှားသူ၊ ထူးခြားသူ( အသက်ကြီးသူ သို့မဟုတ် ငယ်သူ)ကို ရှာထားပါ။ ဒီအခမ်းအနားကို ဘယ်သူတွေက ဦးဆောင်လုပ်သလဲ စုံစမ်းထားပါ။ ကျေညာချက်ထုတ်ထားရင်လဲ ဖတ်ထားပါ။
>အခမ်းအနားဦးဆောင်ကျင်းပသူကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားကျင်းပပါသလဲ။ (ဘာ့ကြောင့် ဒီပွဲ လု ပ်သလဲ)
>တက်ရောက်လာသူထဲက ရွေးချယ်ထားသူ ၂ယောက်လောက်ကို ဒီအခမ်းအနားကို ဘာကြောင့်တက်လာသလဲ။ အခမ်းအနားပြီးသွားတော့ ဘယ်လိုခံစားရလဲ ။ (အခမ်းအနားပေါ်မှာ ဘယ်လိုမြင်လဲ)
>စကားပြောကောင်းသူကိုတော့သူပြောတဲ့အထဲက ကောင်းတဲ့စာသားကို ပြောနိုင်အောင်မေးခွန်းမေးပေးမယ်။ တကယ်လို့ မမေးတတ်ရင်လဲ ကိုယ်မှတ်ထားတာလေးနဲ့ ခုန ပြောသွားတာ ဘယ်လိုလေးပေါ့နော် အဲဒါလေး ပြန်ပြောပေးပါလား စသဖြင့်ပေါ့။ 

အဲလိုရိုက်တဲ့အခါ ဖြေသူနဲ့ ၂ ပေလောက်ထိမနီးကပ်ပါစေနဲ့။သုံးပေ လောက်အကွာကနေ မျက်နှာနဲ့ ပုခုံးအပေါ်ပိုင်း ပါအောင် ယူပါမယ်။ အရမ်းနီးကပ်ရင် ကင်မရာရဲ့မှန်ဘီလူးကြောင့် လူပုံတွေ ရုပ်ဆိုးသွားပါမယ်။ အရမ်းဆူနေရင် နည်းနည်းဝေးဝေးနဲ့ အခမ်းအနားကို နောက်ခံမြင်ရတဲ့နေရာမျိုးရှာပါ။ သီချင်းဖွင့်နေရင် ခဏပိတ်ပေးဖို့ ပြောရမှာအားမနာပါနဲ့။ သတင်းအတွက်ဆို ပိတ်ပေးချင်ကြပါတယ်။ အဲလိုမရရင်လဲ အခမ်းအနားနေရာ ၀န်းကျင်ဆိုတာ သိနိုင်တဲ့နေရာ ဖြစ်ပါစေ။
ဒီလို ရိုက်ချက်တွေ နဲ့ဆိုရင် ၁မိနစ်ခွဲစာ အခမ်းအနားသတင်းလေး တပုဒ်စာ အဆင်ပြေပြေနဲ့ ရပြီပေါ့။ နောက်တပတ်မှာ နောက်ထပ်သတင်းတပုဒ် ရိုက်ကြတာပေါ့နော်။ 

(အောက်တိုဘာလ ၉ ရက် အင်္ဂါနေ့ ထုတ်ပေါ်ပြူလာဂျာနယ်တွင် ဖေါ်ပြပြီးဆောင်းပါး)
ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

No comments: