Saturday, May 3, 2008

နာဂစ် မုန်တိုင်း



နာဂစ် မုန်တိုင်း သွားရာလမ်း
ဒီက ရယူပါတယ်။

ကျမတို့မြို့ပုသိမ်မှာ ၁၉၇၅ ခုနှစ်က လဲ မုန်တိုင်းတခု ၀င်ရောက်သွားခဲ့ပြီး အဲဒီတုန်းက လေတိုက်နှုန်း တနာရီ မိုင် ၁၀၀ ကျော်လောက် ရှိပါတယ်။ အခု နာဂစ်ကတော့ တနာရီ မိုင် ၁၂၀ နဲ့ ၁၅၀ ၀န်းကျင်လို့ မှန်းထားပါတယ်. တကယ်တော့ မုန်တိုင်း ဖြစ်ခါနီးဆိုရင် မိုးတွေ ဆက်တိုက်ရွာ တတ်တာကြောင့် ပင်လယ်ကမ်းစပ်နားနီးသူတွေအနေနဲ့ ကြိုတင်ခန့်မှန်းလို့ ရတတ်တဲ့ အခြေအနေရှိပါတယ်။ လေတိုက်နှုန်းကိုသာ မခန့်မှန်းတတ်ကြတာပါ။ နောက်ပြီး မုန်တိုင်းက မဖြစ်ခင် ကြိုတင်ကာကွယ်မှု လုပ်ဖို့က သိပ်များများစားစား မရှိပါဘူး။ ကမ်းနားနေသူတွေ အတွင်းပိုင်း ပြောင်းရွှေ့နေမယ်။ သစ်ပင်ကြီးကြီးနား က အိမ်တွေ လွတ်ရာရွှေ့နေမယ် ဒီလောက်ပဲ လုပ်လို့ရပါတယ်၊ ကျန်တာကတော့ အိမ်တိုင်း ပစ္စည်းတွေကို သိမ်းထုတ်ပြီးရေမစိုအောင် ကျစ်ကျစ်လစ်လစ် မိုးကာ တွေနဲ့ အုပ်ကာ ထားကြရတာပါပဲ။ လေတိုက်လို့ အမိုးတွေ လန်ကုန်ရင် မစိုသင့်တာ မစိုရအောင် ပြင်ဆင်တာနဲ့ ထမင်းကို များများချက်ထား၊ ကြိုစားထား ဒီလောက်ပဲ လုပ်လို့ရပါတယ်။ ဒီအချိန်ဆို မီးကိုလဲ ဖြတ်ထားလိုက်ပါပြီ။

အခုအချိန်အခါလို ကြိုတင် သတင်းထုတ်ပြန်မှုတွေ မလျှင်မြန်တဲ့ ၁၉၇၅ ခုနှစ် မုန်တိုင်းတုန်းက ပုသိမ်မှာ တော်တော် ခံလိုက်ရပါတယ်။ အိမ်တွေ က သွပ်မိုးတွေ လန်ပြီး လေထဲမှာ လွင့်မျောနေတာကို လိုက်ပြီးကောက်တဲ့လူတွေ ရှိသလို အဲလိုလိုက်ကောက်ရင်း သွပ်ပြားပျံက နီးစပ်ရာကို တိုက်ဖြတ်သွားတာကိုလဲ ကြားဖူးလိုက်ပါတယ်။ ဒါ့အပြင် သစ်ပင်တွေအကုန်လဲနေတော့ နောက်တနေ့ ကားလမ်းတွေ အကုန်သွားမရဖြစ်နေတာ။ ကောင်းကင်တခုလုံးလဲ လင်းချင်းနေတာ( ခါတိုင်းက သစ်ပင်တွေ ကွယ်နေလို့ မမြင်ရတဲ့နေရာတွေ မြင်နေရတာကိုး)။ ဘယ်သူ့အိမ် အမိုးတွေ အကုန် ကုန်တာပဲ။ ဘယ်သူ့အိမ်ကတော့ ယိုင်သွားတယ်၊ ဘယ်သူတွေ ထမင်း ငတ်သွားတယ်နဲ့ နောက်နေ့တွေမှာ ပြောမဆုံးကြပါဘူး။ လေတိုက်တာ အိမ်ရှေ့ အိမ်နောက်တံခါးတွေ အကုန်ဖွင့်ထားရင် လမ်းတောင်လျှောက်လို့မရပဲ အလယ်က တိုင်ကို ဖက်ထားရတယ်။ နောက် ကျောင်းတွေမှာ အမိုးတွေ အကုန်မရှိတော့ ကျောင်းဖွင့်ရက်တွေ နောက်ဆုတ်လိုက်တာကို မှတ်မိနေပါတယ်။ ကလေးတွေဆိုတော့ လမ်းတွေမှာ လျှောက်သွားကြည့်ပြီး ပျော်နေကြတာပါပဲ။ အဲဒီအချိန်တုန်းက လူကြီးတွေကတော့ အမိုးပြန်မိုးဖို့၊ ပြိုကျတဲ့ အိမ်တွေ ပြန်ဆောက်နိုင်ဖို့ ၊ နောက် ရေစိုပျက်စီးသွားတာတွေကို အစားထိုးဖို့ တော်တော် စိတ်ညစ်နေမယ်ဆိုတာ ခုချိန်မှ ကိုယ်ချင်းစာတတ်တာပါ။

ခု နာဂစ် မုန်တိုင်း ကို ပြည်ပက လူတွေကသိတော့ သတိပေးဖို့ ဆိုပြီး ဂျီတော့က လာပြောကြပါတယ်။ ဖုန်းတွေလဲ ခေါ်မရ ဖြစ်နေတော့ စိတ်မပူဖို့နဲ့ မုန်တိုင်းဟာ အိမ်ထဲကပဲ ထမင်း စောစော စားပြီး စောင့်နေရတဲ့ အမျိုးလို့ အားပေးလိုက်ရပါတယ်။ မုန်တိုင်းက အိမ်ကောင်းကောင်းနဲ့ မနေနိုင်တဲ့အခြေခံလူတန်းစားတွေ ပိုပြီး အထိနာစေပါတယ်။ ကျမတို့ တိုင်းပြည်မှာကလည်း အခြေခံလူတန်းစား ဆင်းရဲတဲ့လူ များတော့ လူများစု အိုးမဲ့အိမ်မဲ့ ဖြစ်ရတော့မှာပါ။ အင်း သတင်း တွေ ရလာရင်တော့ ပိုတိတိကျကျ သိရမှာပါ။ ခုကတော့ ခန့်မှန်းလို့ပဲ ရနိုင်ဦးမယ်။

နအဖကတော့ ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး အမျိုးသားအဆင့်ပြုလုပ်ရန်ဆိုပြီး ၄/၂၀၀၈ ထုတ်ပြန်နေတယ်။ သဘာဝဘေးအန္တရယ်ကျရောက်သော ဇုံအဖြစ် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တွေကို သတ်မှတ်လိုက်ကြောင်းနဲ့ ရန်ကုန်ရဲ့ အရှေ့ေ့မြာက်ဖက်မှာ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ်ဆက်လက် တည်ရှိနေတယ်လို့ သတင်းထုတ်ပြန်နေတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ရှင်.......
သတင်းတွေ သိချင်ရင် ဒီမှာ သွားဖတ်ကြည့်ပါဦး။

1 comment:

Anonymous said...

buy tramadol online no prescription tramadol 50 mg medicine - tramadol hcl + kidney