Tuesday, May 12, 2009

ပါလီမန်တွင်းအလည်တခေါက်

နော်ဝေး ခရီးစဉ်ထဲမှာ ပါလီမန်ထဲကို ရောက်ခဲ့တဲ့အကြောင်းလဲ ပြောပြချင်သေးတယ်။
အမျိုးသမီးအခွင့်အရေး နဲ့ ပတ်သက်တဲ့ ရုပ်သံမှတ်တမ်း လုပ်ဖို့ နော်ဝေးအမျိုးသမီး တဦးကို ရှာတော့ နော်ဝေးအမျိုးသမီးလှုပ်ရှားမှု တွေမှာ ခေါင်းဆောင်တဦးဖြစ်ပြီး ပါလီမန်အမတ်တဦး ဖြစ်ခဲ့တဲ့ အသက် ၇၀ကျော် အမျိုးသမီးကြီးတယောက်နဲ့ ဆက်သွယ်မိတယ်။ သူကပဲ ပါလီမန်ထဲကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်တယ်။ အထဲကို သူ့ဧည့်သည်အဖြစ် ၀င်ခွင့်ကဒ်ပြား လုပ်ပေးပြီး အဲဒီမှာပဲ အင်တာဗျူးတာပေါ့။
ပါလီမန်အဆောက်အဦး ရှေ့က ရုပ်တုတွေကလဲ စိတ်ဝင်စားစရာပဲ။
ပြီးတော့ သူက ပါလီမန်အထဲကို လိုက်ပြတယ်။ ပါလီမန်အစည်းအဝေးခန်းမ၊ မဲပေးပုံစနစ်၊ သတင်းသမားတွေကို ပါလီမန်အမတ်တွေနဲ့ မျက်နှာချင်းဆိုင်က စင်မြင့်မှာ ထားပုံ။ သတင်းလွတ်လပ်ခွင့် ဘယ်လို ဆိုတာတွေပါ လက်တွေ့ လိုက်ပြတယ်။ အဲဒီလို လိုက်ပြတော့ ကျမတို့ကို ကင်မရာတွေနဲ့ဆိုတော့ ပါလီမန်အစည်းအဝေးခန်းမကို ရိုက်ခွင့်မပြုဘူး လို့ ပြောထားတယ်။ ဒါပေမယ့် ခန်းမထဲရောက်တော့ အဲဒီအမျိုးသမီးကြီးက ငါသာနင်တို့နေရာမှာဆို ဓါတ်ပုံ ရိုက်မိမှာပဲတဲ့။ ကျမတို့ကလဲ စကားနားထောင်ပြီး ရိုက်သလားမမေးနဲ့။

ပါလီမန် အစည်းအဝေးခန်းမ၊ လျို့ဝှက်မဲပေးစနစ်ကို ကိုယ့်ထိုင်တဲ့ ခုံမှာပဲ တပ်ထားတာ တွေ့ရမယ်။

ပါလီမန်အမတ်တဦးဖြစ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေး ခေါင်းဆောင်လှုပ်ရှားခဲ့သူ
သူနဲ့ အတူ ပါလီမန်အပေါ်ကို တက်တဲ့ လှေခါးမှာ ကျမတို့ကို လူတယောက်နဲ့ သူက မိတ်ဆက်ပေးသေးတယ်။ အသက်ခပ်ငယ်ငယ်နဲ့ နော်ဝေးတရားရေးဝန်ကြီးတဲ့။ ဖော်ရွေလိုက်သမှ လက်ဆွဲနှုတ်ဆက်၊ စကားတွေပြောလို့ ခပ်ပြုံးပြုံးနဲ့။ ပြီးတော့ ဒီအဆောက်အဦထဲမှာ ရောက်တုန်း ရောက်ခိုက် နှံ့စပ်အောင် ကြည့်သွားပါလို့ ပြောသေး။ သူနဲ့ ဓါတ်ပုံတော့ မရိုက်ဖြစ်လိုက်ဘူး။

အကုန်လိုက်ကြည့်ပြီးတော့ အဲဒီအဆောက်အဦးထဲက စားသောက်ဆိုင်မှာ နော်ဝေးအစားအစာနဲ့ ကျွေးမွေးဧည့်ခံလိုက်သေးတယ်။

အာလူးကိုအဓိကထားတယ်၊ နောက် မြင်ရတဲ့အထဲမှာ ကြိတ်သားတွေကို ဂေါ်ဖီနဲ့ ထုပ်ထားတာလဲ ပါတယ်။ စားတော့ စားတာပဲ။ ဒါပေမယ့် မကြိုက်ဘူး။ ရေသောက်မယ် ဆိုပြီး ရေဘူးယူလိုက်တုန်း ဆော်ဒါရေချည်းပဲ ။ သိပ်ခက်တယ်။ ဆော်ဒါကိုလဲ ရေအဖြစ်သောက်ရတာ မကြိုက်မိပါဘူး။

ခုလိုပဲ နော်ဝေးနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်းဆီကိုလဲ အင်တာဗျူးသွားရိုက်ဖြစ်သေးတယ်။ သူက ခုတော့ လူ့အခွင့်အရေးကို ဇောက်ချလုပ်နေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူပေါ့။ အန်တီစုနဲ့ တွေ့ဆုံဖူးတယ်။ မနှစ် နှစ်ကုန်ခါနီးက အန်တီစု လွတ်မြောက်ရေးအတွက် နိုင်ငံခေါင်းဆောင်ဟောင်းတွေ လက်မှတ်ထိုးပြီး ယူအန်ကို တင်တဲ့ လှုပ်ရှားမှုကို သူဦးဆောင်တယ်။

ဘာပဲဖြစ်ဖြစ် နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ အားပေးတဲ့ နိုင်ငံတွေထဲမှာ ထိပ်ဆုံးကပါတယ်။ ဒါကြောင့်လဲ ဒီဗွီဘီကို နော်ဝေးနိုင်ငံမှာ အခြေစိုက်ခွင့်ပေးခဲ့တာပေါ့။
သူတို့နိုင်ငံရဲ့ လူ့အခွင့်အရေးကို အလေးထားမှုတွေ ကို အားကျလေ့လာခဲ့ရင်း၊ ကိုယ့်ပြည်သူတွေကို ရင်ဝယ်သားလို သဘောထားခြင်း စတာတွေကို ကြည့်မြင်ခံစားရင်း လူကိုလူလို မဆက်ဆံတဲ့၊ လူတန်ဖိုးကို နားမလည်တဲ့ လူဆိုးဗိုလ်တွေ လက်အောက်က ကျမတို့ရဲ့ ရွှေပြည်ကြီးကို အမြန်ဆုံး လွတ်မြောက်ချင်တော့တာပါပဲ။

ချစ်ခင်စွာဖြင့်
ခင်မင်းဇော်

3 comments:

Nanda said...

နော်ေ၀၀န်ကြီးချုပ်ဟောင်း Kjell Magne Bondevik နဲ့ ဒေါ်စုပုံက သူတို့ပါလီမန်ထဲမှာ တွေ့ခဲ့တာကိုရိုက်ထားတာလား အမ

ခင်မင်းဇော် said...

မဟုတ်ဘူး နန္ဒရေ။ အန်တီစု ဆီကို သွားတွေ့တုန်းက ရိုက်ခဲ့တာ။ ဗမာပြည်မှာပဲ။

Nge Naing said...

ကျွန်မလည်း ဥရောပကလူတွေကို သိပ်စိတ်ဝင်စားတယ်။ အင်္ဂလိပ်တွေကလွဲရင် ကျန်တဲ့ ဥရောပတိုက်သားတွေဟာ သိပ်ကို ဖေါ်ရွေပြူငှါကြတာ တာတွေ့ရတယ်။ အော်စီတွေ၊ အမေရိကန်တွေနဲ့ ဘာမှမဆိုင်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် Welcome to Europe ပဲ နှုတ်ဆက်တာ တွေ့ရလို့ နိုင်ငံစွဲ မြို့စွဲလည်း သိရှိပုံမရဘူး။