Sunday, May 17, 2009

အာဏာရူးတွေ ရူးစေဖို့

တမင်အကွက်ချ ဖန်တီးထားတဲ့ဒီအကွက်မှာ ခုလိုပဲ မတရားဘူးလို့ ပြောနေယုံနဲ့ ပြီးသွားမလား။ သူခိုးက လူလိုဟစ်နေတာ မို့ ဘယ်လိုပြောရမယ်ဆိုတဲ့ စကားလုံးတောင် ရွေးချင်စိတ်မရှိတော့။

ဒီပဲယင်းမှာလဲ တကယ့်ကို လုပ်ကြံခဲ့ပေမယ့် ကံကြီးလို့ သေကံမရောက်ခဲ့ရ။ ဒါပေမယ့် မကျေနပ်တဲ့ အာဏာရူးတွေက ရိုက်နှက်သူတွေကိုတော့ တရားမစွဲ အမှုမလုပ်ပဲ သေကံမရောက်ခဲ့တဲ့ ရိုက်နှက်သတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့ လူတွေကိုတော့ ဖမ်းဆီးထောင်ချ အကျယ်ချုပ်။ အခုလဲ အကျယ်ချုပ်ထားတဲ့ အကျဉ်းသားရဲ့ အိမ်ထဲကို ခိုးဝင်တဲ့ အမှုမှာ လုံခြုံရေး ယူထားတဲ့ တာဝန်ရှိသူ တွေကိုတော့ အမှုထဲမပါ၊ သတ်မယ့်သူသာ ၀င်ပြီး သတ်သွားခဲ့ရင် ဘယ်လို ပြောမယ် အရေးယူမယ် စဉ်းစားကြည့်ပါဦး၊
ကလေးကစားကွက်တွေနဲ့ ကစားနေပုံ ပြောပါတယ်။

ဒီလိုနဲ့ ခု အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့ နီးကပ်လာပြန်တော့ ယုတ်မာကောက်ကျစ်တဲ့ နအဖက မဖြစ်ဖြစ်အောင် ထောင်ချဖို့ အကွက်ချပြန်တယ်။ ကျမတို့ခေါင်းဆောင်ကို ဒီအတိုင်း ကြည့်နေကြရတော့မှာလား။ မျိုးဆက်တွေကို ဖျက်ဆီးခံထားရတဲ့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၊ ဦးတင်ဦးဆိုတာ၊ ခွန်ထွန်းဦး ဆိုတာ၊ မင်းကိုနိုင်ဆိုတာ ၊ ကိုကိုကြီးဆိုတာ….ဆိုတာ… ဆိုတာ….။
မျိုးဆက်တွေ ကို ဘာမှမသိအောင် နိုင်ငံရေးဆိုတာလူတိုင်းနဲ့ မသက်ဆိုင်ဘူး ထင်လာအောင်၊ ကြောက်လန့်အောင် ၀ါဒဖြန့်ချီနေရင်းကနေပဲ စီးပွားရေး ကျပ်တည်းမှုကြောင့် ကိုယ့်တကိုယ်ရည် အဆင်ပြေနိုင်မယ့် ကြံဖွတ်တွေ စွမ်းအားရှင်တွေ များလာနေခဲ့ပြီ။

တချိန်တည်းမှာပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကနေ စစ်တပ်ဆိုတာ ဒီလိုကမ်းကုန်အောင် မိုက်တယ်လို့ ပြလိုက်တဲ့ အခါ….
၂၀၀၈ နာဂစ်မှာ ဒုက္ခရောက်နေတဲ့ ကိုယ့်ပြည်သူလူထုကို မကြည့်ပဲ ကိုယ့်အာဏာတည်မြဲဖို့ ဆန္ဒခံယူပွဲကို အတင်းပြုလုပ်၊ လိမ်ချင်တိုင်း လိမ်လို့ရအောင် မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီမယ့် နိုင်ငံခြားအဖွဲ့တွေ၊ သတင်းထောက်တွေ ကို ၀င်ခွင့်မပေးပဲ ထားလိုက်တဲ့အခါ…
အလောင်းကောက် သဂြိုလ်တဲ့ အမှုကို လုပ်ပေးနေတဲ့ သူတွေကို ဖမ်းဆီးထောင်ချ… လိုက်တဲ့အခါ….
လူမှုကယ်ဆယ်ရေးလုပ်နေသူတွေကို ဖမ်းဆီးထောင်ချ…လိုက်တဲ့အခါ…
တို့နိုင်ငံက စစ်တပ်ဆိုတာ ဒါပဲလို့ ခု မျိုးဆက်တွေက သိသွားခဲ့ပါပြီ။

၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ့် အာဏာရူးများနဲ့ ၂၀၁၀ ကို ၀င်ချင်နေတဲ့ အာဏာရူးများကို သတိလေးတော့ ပေးချင်ပါတယ်။ ၁၉၆၂ ကနေ ဒီကနေ့ ၂၀၀၉ ထိ ကျဆုံးခဲ့ရတဲ့ ရင်းနှီးပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေရဲ့ သွေးကျိန်စာကို သင်တို့မမေ့ပါနဲ့၊

အိုးးးး စစ်အာဏာရူးများးးးး၊ အကယ်ဒမစ် အာဏာရူးများ
ဝဋ်ဆိုတာ ဘယ်လိုလည်တယ်။ အမှန်တရားဟာ ဘယ်တော့မှ မရှုံးနိမ့်ဘူးဆိုတာ သင်တို့ သိလာရပါတော့မယ်။ ပြည်သူလူထုက ဒဏ်ခတ်တတ်ပါတယ်။ သမိုင်းမှာ ဘယ်သူတွေ ဘယ်လို တင်ကျန်ခဲ့မယ် ဆိုတာ အချိန်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။

ဒီမိုကရေစီလိုလားသူ မိတ်ဆွေ ရောင်းရင်းတို့…
ဒီနေ့ ဒီအချိန်က စတင်ပြီး ကိုယ်ရောက်ရာ နေရာကနေ ကိုယ့်နိုင်ငံနဲ့ ပတ်သက်ဆက်နွယ်နေသမျှ အရာအားလုံးမှာ…
မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ… ဖို့ လိုအပ်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်ဆိုရင် သူ့ကို ထောက်ခံချင်တယ် ဆိုရင်တော့ သူ့ပြောစကားကို နားထောင်ဖို့ လိုပြီ ထင်ပါတယ်။ အားငယ်စရာမလိုဘူး။ ဆုတောင်းနေစရာမလိုဘူး။ လက်တွေ့ကျင့်သုံးပေးဖို့သာ လိုပါတယ်။

မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရဖီဆန်ကြ

10 comments:

မေငြိမ်း said...

ဆုတောင်းနေစရာ မလိုဘူးလို့တော့ မပြောပါနဲ့အေ..
အပြင်မှာ တကယ် ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်လေတော့ ငါ့လို ပျော့စိပျော့ညံ့လေးခမျာမှာ ဆုတောင်းတာလေးပဲ ယုံယုံကြည်ကြည် လုပ်နေရတာ မို့ပါ..။ လောလောဆယ်..ဒါပဲ တတ်နိုင်တာကိုးး

ဂျူနို said...

ဟုတ်တယ်အစ်မ။
ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလာဘူး။
ဟို ဂွမ်းပုံကြီးက ရုပ်ရှင်တစ်ကားမှာပြောတယ်။
ဒီလိုပဲနေချင်ရင် ဒီလိုပဲနေတဲ့
ဒီလိုမနေချင်ရင် ဒီလိုမနေနဲ့ တဲ့။
မှတ်သားလောက်တယ် အစ်မရဲ့ ။
ပြတ်ပြတ်သားသားရှိဖို့ လိုပြီ။
ညီညီညွတ်ညွတ်ရှိဖို့ လည်းတန်ပီ။
ဘလာ ဘလာ လုပ်နေလို့ ကတော့ .ဘလာဘလာပဲ ဖြစ်နေမှာပဲ။

ပြည်ပက အဖွဲ့ အစည်းတွေလည်း ဘာလုပ်နေတယ် ဆိုတာ ပိုပြီး ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ပြဖို့ လိုနေတယ်။
ခုဟာက အမေ့အိမ်မီးဝိုင်းပြီး အမေ့ကို စော်ကားနေတာ။
ကိုယ်နဲ့ မဆိုင်ဘူးလို့ ဘယ်သားသမီးမှ ပြောလို့ မရဘူးရယ်။
အစိုးရ အဖွဲ့ ဝင်တွေကစ စစ်သားတွေရော ၀န်ထမ်းတွေရော စီးပွားရေး သမားတွေကို ၀ိုင်းလုပ်ရမှာ။
ခုဟာက ခေါင်ကို တက်ကိုင်ပြီး မိုက်ရိုင်းပြနေတာ။ လွတ်ထားရင် ကိုယ့်အလှည့်လာတော့မှာပဲ။
ကျမ ဘလာဘလာ လုပ်သွားတယ်။
ခွင့်လွတ်ပါ အစ်မ

Anonymous said...

ထိုင်းမှာနေပြီး ရဲရဲတောက် စာတွေရေးပြပြီး ဒေါ်လာတွေ ညစား မနေပါနဲ့ဗျာ၊ တစ်ကယ်ကို သတ္တိရှိရင် ရန်ကုန်ကို တစ်ရက်လောက် ပြန်လာခဲ့ပါဦး. ဟဲဟဲ

Anonymous said...

I think, you are also member of Moe Thee Zune Group, NATO ( No Action Talk Only).

Hteink Min said...

ွှTalk တာလည်း အလုပ်ပဲဗျ.. Talk တဲ့လူတွေက မတော့ပဲ ငုတ်တုတ်ထိုင်ကြည့်နေတဲ့ လူတွေထက်စာရင်တော့ သာသေးတာပဲ။ ဟုတ်ဘူးလား။။ ခင်ဗျားသာ ကွန်ပျူတာရှေ့ အရက်သောက်ပြီး၊ ဘီယာသောက်ပြီး၊ သူများ အဖျင်းတွေပြောမနေနဲ့။

Anonymous said...

ဒီလိုတင်ပြပုံကလည်း ကောင်းပါတယ်။ ဒါပေမဲ့ နည်းနည်းဒေါသသင့်နေတယ်လို့ ထင်ပါတယ်။ အမရဲ့ ရေးဟန်အများစုမှာ အလိုမကျမှုတွေ နေရာအတော်များများမှာ တွေ့ရလို့ပါ။
ရန်သူကနည်းနိုင်သမျှနည်းပြီး ကိုယ့်လူကိုများအောင်လုပ်ရမဲ့ကာလမှာ မလိုအပ်ဘဲ စိတ်ဝမ်းကွဲမဲ့ရေးသားပုံမျိုးဟာ အဆိုးပဲထွက်နိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ သိနိုင်ပါတယ်။
ဆရာကြီးလုပ်တာမဟုတ်ပါ။ Comment မှာ ရေးချင်စိတ်ပေါ်လာလို့ရေးမိတာပါ။ မှားရင် ခွင့်လွှတ်စေချင်ပါတယ်။
(လုံးဝ အပြုသဘောပါ)

Anonymous said...

ဟုတ်တယ် ၀င်သတ်သွားရင်ဘယ်လိုလုပ်မလဲ ဒါပေမဲ့ အဲဒါကို ဘာလို့ တခါးဖွင့်ပြီး ထမင်းကျွေးလိုက်တာလဲ၊ ဒီလိုမျိုး အပြင်လူတယောက်က ဘယ်လိုနည်းနဲ့မှ ၀င်လာဖို့မလွယ်တာကို သတိမေ့သွားတာလား? အဲဒီ့ကိစ္စကို စိတ်ထဲမှာ တကယ်ဘဲမတင်မကျဖြစ်မိတယ်။ ထောင်ချောက်ကို မတွေ့မိတာတော့ဆိုးတယ်ဗျာ..

ကိုပေါ said...

နအဖက ကမ္ဘာတည်သရွေ့ အာဏာတည်မြဲနေမှာမဟုတ်ပါဘူး။

နအဖရဲ့ ဘီလူးရုပ်သွင်သဏ္ဍာန်ကို ပြည်သူကလည်း အတိုင်းသားသိနေကြပြီ။ လက်ရှိနိုင်ငံရေးအနေအထားကို ပြည်သူတိုင်းက ပြောင်းလဲလိုနေကြပြီ။ ဒါဟာ အကောင်းဆုံး မောင်းနှင်အားပဲ။ မကြာသေးတဲ့ ကာလမှာ ဒီမိုကရေစီဘက်တော်သားတွေရဲ့ အောင်ပွဲဟာ မလွဲမသွေ ရောက်လာတော့မှာ မုချပဲ။

အခုအချိန်မှာ သွေးကြောင်ပြီး၊ သွေးပျက်ပြီး ရန်သူကို အထင်ကြီးစိတ်နဲ့ ဘယ်နည်းမှ မဖြစ်နိုင်တော့ဘူးလို့ တောပြောတောင်ပြော ပြောနေသူတွေ...

ရန်သူဖြန့်ရမယ့် ၀ါဒဖြန့်ချီရေးတွေကို ဘလော့ဂ်ထက်မှာ အခမဲ့ရေးသားနေသူတွေ....

ပန်းတိုင်မရောက်ခင် ဒူးထောက်ချင်နေတဲ့သူတွေ....

သူတို့အားလုံးဟာ သူတို့ သမိုင်းကို သူတို့ ရေးနေကြတာပဲ။

ကိုပေါ said...

အစ်မရေ....

ပြောဖို့ကျန်ခဲ့လို့။

အပေါ်က အမည်မသိ အကြံပေးချက်ကို မလိုက်နာပါနဲ့။
အမည်တောင်မဖော်ဝံ့ဘဲ ကြီးကြီးကျယ်ကျယ် ၀င်ဆရာလုပ်ချင်သေးတယ်။ အဲလိုလူမျိုးတွေဟာ ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးတွေပဲ။

အမှန်ကိုပြောတာ ပြောသာပြော။ ဒီလောက်ကလေးမှ မခံနိုင်တဲ့လူတွေ၊ ဒီလောက်လေးပြောရုံနဲ့ စိတ်ဝမ်းကွဲမယ်ဆိုတဲ့ လူတွေကို ချော့ပြောနေလည်း အလကားပဲ... အစ်မရေ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြည်သူတွေကို ဘယ်တုန်းကမှ ချော့ပြောခဲ့တာမဟုတ်ဘူး။

ချော့ပြောတာ ကြိုက်တဲ့လူတွေဟာ အချော့ကြိုက် လူပျော့တွေ။ ရေထဲမိုးထဲမှာ အားမကိုးရဘူး။ အရေးအကြောင်းဆိုရင် ပြေးမယ့်လူတွေ။ ဂရုစိုက်မနေနဲ့ အစ်မရေ။

နိုင်ငံတနိုင်ငံ မလွတ်လပ်သေးရင် နိုင်ငံရေးလုပ်ဖို့ လူတိုင်းမှာ တန်းတူရည်တူ တာဝန်ရှိတယ်။ ကျနော်ကျမ ကတော့ သာမန်ပြည်သူပါ ဆိုပြီး တာဝန်မရှိဘူး မထင်နဲ့။ အားလုံးမှာ တာဝန်ရှိတယ်။ ဘယ်သူ့ဘယ်သူမှ ချော့ခေါ်နေစရာမလိုဘူးလို့ ယူဆပါတယ်။

Anonymous said...

သနားတယ် ကိုပေါရယ်။ ခင်ဗျား ဘယ်သူလဲမသိပေမဲ့ ဝေဘန်ရေးပေးတယ်ဆိုတာ ဒါမျိုးမဟုတ်ဘူးဗျ။ နအဖကိုဘယ်လောက်တိုက်ခဲ့သလဲ ကိုယ့်ကိုကိုယ်သိသင့်တယ်။ ဘယ်လိုစဉ်းစားချက်နဲ့ ဒီနေရာမှာ အချင်းများမှာလဲ။ အမရဲ့ဒီဘလော့မှာ သူ့ခံစားချက်ကို သူ့ဘာသာတင်ပြတာ ကျနော်ဘာမှမပြောပါ။ ဒါပေမဲ့ ဒေါသသင့်နေတဲ့ရေးဟန်ကို အပြုသဘောထောက်ပြတာပါလို့ ပြောပြီးသား။ ရှင်းရှင်းပြောရရင် ကျနော်တို့က ရန်သူကိုတိုက်နေတာပါ။ အမြင်မတူရင်တော့ ရန်သူလည်းမတူဘူးပေါ့ဗျာ။ တိုက်ရဲရင် တိုက်နေတဲ့အတွေးအခေါ်ထူထောင်စေချင်ပါတယ်။ အမည်ဖော်တာမဆန်းပါဘူး။ အမည်ဖော်တာလည်း သတ္တိရှိတယ်လို့ မယူဆပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မကိုးကားပါနဲ့ မတန်ပါဘူးဗျာ။ တန်ရာတန်ရာလုပ်ပါ။ ကျေးဇူးတင်ပါတယ်။