Sunday, June 24, 2007

ခံစားစေချင်လို့ 

ကိုနစ်နေမန်းရဲ့ ဇူလိုင် ဆဲဗင်းအမှတ်တရ လေးကိုဖတ်မိပြီး
ဒီသီချင်းလေးကို သတိရသွားပါတယ်၊
ဖတ်ပြီး ခံစားစေချင်လို့ပါ၊
အခုတင်ပေးမယ့် သီချင်းလေးကို ရေးသားသူက
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခွန်ဆိုင်းဖြစ်ပါတယ်။
သူက ၁၉၇၄(ဦးသန့်အရေးအခင်း) ကျောင်းသားခေါင်းဆောင်တဦးဖြစ်သလို
မဆလလက်ထက်မှာ ထောင် ၁ ကြိမ်ကျခဲ့ပါတယ်၊
၁၉၈၈နောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေနဲ့
နအဖအကျဉ်းထောင်မှာ နှစ်ကြိမ်ထောင်ကျခဲ့သူပါ။
ဒုတိယအကြိမ် ထောင်ကျတာက ကျောင်းသားသမိုင်းစာအုပ်ပြုစုသူ ကိုအောင်ထွန်း
(ယခု အကျဉ်းထောင်ကျခံဆဲ) ကို ကူညီအားပေးမှုနဲ့ပါ။
သူက ကျောင်းသားသမဂ္ဂ ကို အမေနဲ့ တင်စားပြီးဖွဲ့ဆိုထားတဲ့သီချင်းဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေရဲ့ အကြားမှာတော့ အင်မတန်ခေတ်စားတဲ့ သီချင်းလေးပါ။ အခုစာသားတင်ပေးပါ့မယ်။
သီချင်းတင်ဖို့ ကတော့ ကြိုးစားနေပါတယ်၊

သမဂ္ဂအမေ

နယ်ချဲ့ဆန့်ကျင်ရေးအစ စတင်သန္ဓေတည်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ ဆန့်ကျင်တော်လှန်ကြစေ
ပုန်ကန်တာ သားတို့တရားလို့ အမေ ဟိုစဉ်မှာ လမ်းပြခဲ့တဲ့အမေ။

နယ်ချဲ့ဆန့်ကျင်ရေးအစ စတင်သန္ဓေတည်ခဲ့ရာ နန်းတက္ကသိုလ်ရင်ခွင်ဦးမှာ ကိန်းဝပ်ခဲ့သူအမေ
သူ့ကျွန်မခံလိုဘူးဟေ့ ဆန့်ကျင်တော်လှန်ကြစေ
ဟိုစဉ်မှာ သားကောင်းသမီးကောင်းတွေ
ဂုဏ်ယူစရာမွေးထုတ်ခဲ့တဲ့အမေ။

ဒေါင်းမိခင်ဂုဏ်ဒြပ်ကျေးဇူးကြီးမားလှပုံတွေ
သားတို့တတွေရင်မှာအောက်မေ့ ဦးညွှတ်မိတယ်လေ
သမီးတို့တတွေရင်မှာ အောက်မေ့ ဦးညွှတ်မိတယ်လေ
အများအကျိုးဆောင်ဘို့လေ တိုင်းကျိုးဆောင်ဘို့လေ
တိုင်းအကျိုးဆောင်ဘို့လေ အများကျိုးဆောင်ဘို့လေ
အရာရာမှာ စွန့်လွှတ်ဝံ့ကြစေ မြန်ဌာနေမလွတ်မြောက်သရွေ့တော့လေ။

CHO:( အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ)၂
(မြန်ဌာနေမလွတ်လပ်သရွေ့တော့ လွတ်လပ်ဖို့ကို တပ်လှန့်လို့နေ
မြန်ဌာနေလွတ်လပ်တဲ့အခါ အမျိုးသားရေးတွေ ကြိုးစားခဲ့ပေ) ၂
အမေ အမေ အစဉ်အလာတွေကြီးမားခဲ့တဲ့အမေ။

သမိုင်းတခေတ်မှာလေ
အသည်းနင့်စရာအဖြစ်ဆိုး တို့ကြုံပြီဟေ
အာဏာလွှမ်းမိုးလက်နက်အားကိုးလေ
ပုလ္လင်ခြေဆီမှာလေ သမဂ္ဂအမေ လဲကျကြေမွ
ဇူလိုင်မြေ သွေးစွန်းခဲ့ရပေ
အမေ ကျဆုံးသူများဝိဥာဉ်တွေ အမေ့အားအစဉ် စောင့်ရှောက်ကာနေ
ကမ္ဘာတည်အောင်လေ ရာဇ၀င်မှာသေနိုင်ရိုးလားအမေ။

(သမိုင်းသစ်လာ ရှစ်ဂဏန်းအခြေ
အရိုင်းတခေတ်ဟာ ညစ်နွမ်းနေ) ၂
(ဘယ်လိုဖြိုဖျောက်လဲလေ သမဂ္ဂမြေ မပျောက်ပျက်ခဲ့ပေ
ဒီမိုရွှေ အုတ်ချပ်အသစ်တွေ အစားထိုးလို့ဖြင့် ကျေးဇူးတရားတွေ) ၂
အမေအမေ ကျေပွန်အောင် သားတို့ဆပ်ပါရစေ။
အမေ အမေ ကျေပွန်အောင် သမီးတို့ဆပ်ပါရစေ။

CHO: (အောင်ဆန်းတို့အမေ ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ
ချွန်မြကြစေ တွန်ကကြစေ ဇာနည်အိုးဝေ) ၂
မြေသီလာ နန်းတက္ကနေ ခေါင်းလောင်းထိုးချေ ဒေါင်းလည်းအိုးဝေ
ကြိုနေမယ် သမဂ္ဂအမေ ရင့်ကျက်လဲလေ အပြုံးနုသစ်ဝေ
အမေ အမေ အမေဟာ ဘယ်တော့မှ မသေ။

No comments: